Friday, March 19, 2010

၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးလမ်းသုံးသွယ်


မင်းဆွေသစ် | သောကြာနေ့၊ မတ်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(၁)

၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖ မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများအား ထုတ်ပြန်လိုက်၏။ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နေ့ရက်အား သတ်မှတ်ဖော်ပြခြင်း မရှိသေးသော်လည်း… ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ရက်မှာမူ… နီးကပ်လာပြီဟု ယူဆရ၏။

ဤတွင်…. ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမြင်သဘောထားအမျိုးမျိုး ထွက်ပေါ်လာပြီး… ရွေးလမ်းများ ကွဲလာကြ၏။

ပထမရွေးလမ်းက … ခြွင်းချက်မရှိ ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်မည်။ ဤသည်တို့ကား…. စစ်အုပ်စုမှ ဖွဲ့စည်းပေးမည့် နိုင်ငံရေးအဖွဲ့အစည်းများ ဖြစ်၏။ စစ်အုပ်စုနှင့် အရောင်တူ၊ အသွေးတူ၊ အတောင်တူ….တို့ ဖြစ်သည်။ စစ်အာဏာရှင်စနစ်အား သက်ဆိုးရှည်ရေးအတွက် စွမ်းဆောင်ကြမည့် စွမ်းအားရှင်များဖြစ်၏။

ဒုတိယရွေးလမ်းက …. ကျင်းပမည့် ရွေးကောက်ပွဲသို့ ခြွင်းချက်နှင့် ဝင်မည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပါလီမန်အတွင်းမှ တရွေ့ရွေ့နှင့် ပြုပြင်ပြောင်းလဲသွားမည်၊ ယနေ့အခြေအနေ၌ အခြားရွေးလမ်းမရှိ၊ စစ်အုပ်စုမှ ဖွင့်ပေးသည့် ဒီမိုကရေစီဝန်းကျင်သည်… ကျဉ်း၍ ငယ်ကောင်းငယ်မည်… သို့သော် …ကျဉ်းသော… ငယ်သော ဒီမိုကရေစီဝန်းကျင်ကိုပင် တဖြည်းဖြည်း ချဲ့၍သွားရမည်၊ စစ်အုပ်စုမှ ‘ဟ’ ပေးသည့် space အား တစတစနှင့် ချဲ့ယူရမည်။ ဤသို့… ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသို့ သွားရာလမ်းက …. ကျင်းပမည့် ရွေးကောက်ပွဲနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ပါလီမန်တွင်သာ ရှိ၏။ ဤအတွက် …ရွေးကောက်ပွဲသို့ ဝင်ရမည်ဟူ၍ ခြွင်းချက်ပေး၍ စိတ်ကူးယဉ်ကြ၏။ အီဗော်လူးရှင်း (evaluation) သမားများ….။

တတိယရွေးလမ်းက …. ကျင်းပမည့် ရွေးကောက်ပွဲဟူသည်ကား… ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအရ ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံဟူသည်က …ပြည်သူအား ကိုယ်စားမပြု… ပြည်သူ့ဆန္ဒမပါ။ စစ်အုပ်စုမှ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ရေးဆွဲထားသည့် ဖွဲ့စည်းပုံဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရမရှိ….။ ဤအတွက် …ရွေးကောက်ပွဲအား ဆန့်ကျင်၏။ သပိတ်မှောက်၏။ စစ်မှန်သော ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဆက်၍ တိုက်ပွဲဝင်ရမည်… ဟူ၍ ဖြစ်၏။

(၂)

ပထမရွေးလမ်းဟူသည်က…. စစ်အာဏာရှင်စနစ်သို့ ဦးတည်ရာဖြစ်၍ လူထုလျှောက်မည့် လမ်းမဟုတ်…။

“ငွေငါးထောင် အစာဒုလ္လဘရယ်ကြောင့်
ပြည်အားတောင် မဖြုန်းသပရယ်လို့
မဟာသူပုန်ထခဲ့တဲ့ အရေးတတ်တွေ
အမွှေးခပ်ရှည်ရှည်ရယ်နှင့် အမိုက်ဝါသနာကိုး
(အရီးစိမ်းကြီးရယ်) ခွေးအငတ် မပြေတပြေတွေမှာဖြင့် ကိုက်စရာအရိုး”

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခွေးဋီကာနှင့်ပင် ပထမရွေးလမ်းသမားတို့အတွက်က ပြည့်စုံ၍နေပြီ၊ ဤအတွက် ပြောရန်မလို…။ ထားတော့…။

ဒုတိယရွေးလမ်း…။
ဒုတိယရွေးလမ်းက ….ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်မည်။ ပါလီမန်အတွင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲမည်။ စစ်အာဏာရှင်၏ ပုဒ်ထီး၊ ပုဒ်မတို့အား ဖြုတ်၍ ပြင်၍၊ ဖြည့်စွက်၍… ဒီမိုကရေစီပုဒ်ထီး၊ ပုဒ်မများနှင့် အစားထိုးသွားကြမည်ဟု ဆို၏။

ဤတွင် …၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အပိုင်းဆီသို့ မသွားမီ … ရွေးကောက်ပွဲဝင်နိုင်ရန် နိုင်ငံရေးပါတီ အဖွဲ့အစည်းတခု ဖွဲ့စည်းရေးဟူသည့် …ပထမခြေလှမ်းမှ စပါမည်။

၂ဝ၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့၊ ရက်စွဲနှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လက်မှတ်ရေးထိုး၍ နိုင်ငံရေးပါတီများမှ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအား၊ ဥပဒေအမှတ် ၂/၂ဝ၁ဝ အဖြစ်နှင့် ထုတ်ပြန်၏။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၏ အခန်း ၂ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (ဂ) တွင်က ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဟူ၍ ပြဋ္ဌာန်းထား၏။ ပြီးလျှင် အခန်း ၂ ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (ဈ) တွင်လည်း ပုဒ်မ ၆ ပါ အချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ထပ်မံ၍ ဝန်ခံကတိပြုထားခိုင်းပြန်သည်။

ဖော်ပြပါ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (ဈ) တို့၏ ဥပဒေအနှစ်သာရက …. ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲပြင်ဆင်ခွင့်မရှိ…. ယခုအတိုင်း ထိန်းသိမ်းဆောင်ရွက်ရမည်ဟူ၍ ….သက်ရောက်ပါက …. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မိသည့် နိုင်ငံရေးအဖွဲ့အစည်း ဟူသမျှသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အဘိဓမ္မာသုံးပုံကဲ့သို့ ပြုပြင်ရန် မဖြစ်နိုင်တော့….။ လေးသင်္ချေနှင့် ကမ္ဘာတသိန်း စောင့်ရမည့်ဟန်….။ ထားတော့…။

ဒုတိယရွေးလမ်းအား အတွေးနှင့် ဆက်ကြည့်ပါမည်။

ပါလီမန်အတွင်းသို့ ရောက်ရှိပြီ။
ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ၇၅ % ရှိပြီး စစ်သားကိုယ်စားလှယ်များက ၂၅ % ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် တပ်မတော်၏ အခန်းကဏ္ဍများအား ဖယ်ရှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်မည်ဆိုပါက ၂ဝဝ၈ ဖွဲ့စည်းပုံတွင် ပါရှိသည့် အခန်း ၁၁ အရ ပြုပြင်ရမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ပြင်ဆင်လိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် မူကြမ်းအား လွှတ်တော်ကိုယ်စားလှယ် ၂ဝ % မှ ထောက်ခံ၍ အဆိုပြုတင်ပြရမည်ဖြစ်သည်။ အဆိုပြုတင်ပြချက်မူကြမ်းအား ပြည်သူ့လွှတ်တော်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၅ % အထက် ထောက်ခံမှသာလျှင် အဆိုပြုတင်ပျြချက်မူကြမ်းအား ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးမည်။ ဤတွင် ၂၅ % ပါရှိသည့် စစ်သားကိုယ်စားလှယ်များက မထောက်ခံသ၍ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟူသည်မှာ…. မည်သို့မျှ ဖြစ်လာမည်မဟုတ်။ ထားတော့…..။ မဆိုစကောင်း၊ ဆိုစကောင်း ….တရွေ့ရွေ့နှင့် ပါလီမန်အတွင်း လူထုကိုယ်စားလှယ်များ၏ စည်းရုံးမှုကြောင့် တိုးတက်သော လူထုလမ်းသို့ လျှောက်လိုသည့်… စစ်သားကိုယ်စားလှယ်များ ဖြစ်ထွန်းလာခဲ့သည်ဆိုပါစို့။ ဤအတွက် …ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းအဆိုအား တိုးတက်သော စစ်သားကိုယ်စားလှယ်အချို့၏ ထောက်ခံမှုဖြင့် ၇၅ % အထက် ထောက်ခံဆန္ဒပြုမှုအား ပါလီမန်တွင် ရခဲ့ပြီ….။ ဤတွင်လည်း ဒုတိယအဆင့် အကျပ်အတည်းက ရှိနေပြန်သည်။ ပြင်ဆင်မည့် ဥပဒေမူကြမ်း၏ ပြင်ဆင်ချက်များသည် ….ဖွဲ့စည်းပုံတွင် ပါရှိသည့် …..

အခန်း (၁) နိုင်ငံတော်အခြေခံမူများ
အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
အခန်း (၃) နိုင်ငံတော် အကြီးအကဲ
အခန်း (၄) ဥပဒေပြုရေး
အခန်း (၅) အုပ်ချုပ်ရေး
အခန်း (၆) တရားစီရင်ရေး
အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်
အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဟူသည့် အခန်းများအား ပြင်ဆင်ခြင်းဖြစ်ပါက …. ပြည်ထောင်စု လွှတ်တော်၏ ၇၅ % အထက်၏ ထောက်ခံမှုဖြင့် ပြင်၍မရသေး…။ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရဦးမည်ဖြစ်၏။ မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် လူထု၏ ၅ဝ % အထက်မှ ထောက်ခံဆန္ဒပြုမှသာလျှင် …. ထိုပြင်ဆင်မှု ဥပဒေမူကြမ်းသည် အတည်ဖြစ်မည်။

ထိုအခြေအနေတွင် …. တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဖွဲ့စည်းပုံပြင်ဆင်ချက်အား သဘောမတူပါက …. အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၁၈ ၊ ပုဒ်မ ခွဲ (က)၊ (ခ) တို့နှင့်အညီ … နိုင်ငံတော် အာဏာအား သိမ်းယူပိုင်ခွင့် ရှိ၏။ ဤတွင် ….ပါလီမန်ဟူသည်လည်း ဖျက်သိမ်းပြီးဖြစ်၏။

အဆုံး၌မူ ….ပါလီမန်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အိမ်မက်သည်လည်း ပျက်လေ၏။ အိမ်မက်က အိမ်မက်အဖြစ်နှင့်ပင်..။ ဒုတိယရွေးလမ်းဟူသည်ကား…. စိတ်ကူးနှင့် ခင်းကြည့်သော လမ်းသာ…။ လက်တွေ့လျှောက်လှမ်း၍မရ…။

(၃)

ဒုတိယရွေးလမ်းဖြင့် စစ်အာဏာရှင်စံနစ်အား လျှော်ဖွတ်၍မရ…။ ထားတော့…။

တတိယရွေးလမ်း…။
တတိယရွေးလမ်းက …. ရွေးကောက်ပွဲအား ဆန့်ကျင်၏။ ပါလီမန်အတွင်း တိုက်ပွဲနှင့် ပြုပြင်ပြောင်းလဲ၍ မရနိုင်ဟု ယုံကြည်၏။

ဤတွင်…. တတိယရွေးလမ်း၌ ပထမဦးစွာ စိန်ခေါ်မှုက … ပါလီမန်ပြင်ပမှ လူထုနှင့်အတူ နိုင်ငံရေးတိုက်ပွဲများအား မည်သို့ ဆင်နွှဲမည်နည်း…။ ဒီမိုကရေစီလူဘောင်ဆီသို့ လူထုနှင့်အတူ အရှေ့မှ ဦးဆောင်၍ မည်သို့ ချီတက်ကြမည်နည်း…။

စစ်အုပ်စုမှ ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ… နိုင်ငံရေးအသင်းအဖွဲ့… ဖွဲ့စည်း၍ လူထုအား ဦးဆောင်ပြီး ဒီမိုကရေစီလူ့ဘောင်ဆီသို့ လျှောက်လှမ်းမည်လား….။ သို့တည်းမဟုတ်… မြေအောက်အသင်းအဖွဲ့အသွင်နှင့် လူထုအား ဦးဆောင်၍ ချီမည်လား…။ ဤအခြေအနေ ၂ ရပ်၌ နိုင်ငံရေးပါတီတရပ်အနေနှင့် နိုင်ငံရေးပါတီများဆိုင်ရာ ဖွဲ့စည်းခြင်း ဥပဒေအရ …. ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကော်မရှင်သစ်တွင် တင်လျှောက်၍ ဖွဲ့စည်းမည်ဆိုပါလျှင်….

ပထမဦးစွာ ရင်ဆိုင်ရမည်က …. ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည့်အကြောင်း ဝန်ခံကတိပြုရမည်။

ဒုတိယရင်ဆိုင်ရမည်က ….. ကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်…. စသည့် လွှတ်တော်ရွေးကောက်ပွဲများ၌ အနည်းဆုံး ၃ နေရာတွင် ဝင်ရောက်၍ အရွေးချယ်ခံရမည်။

တတိယရင်ဆိုင်ရမည်က …. ၁၉၈၈ အရေးတော်ပုံကြီးမှစ၍ လက်တွဲဆောင်ရွက်ခဲ့ကြသည့် သေဖော်သေဘက်၊ ရဲဘော်ရဲဘက် .. စွန့်လွှတ်ဖော်၊ စွန့်လွှတ်ဘက်… ရဲဘော်များမှ အကျဉ်းထောင်အတွင်း ကျခံနေကြရသည့် သူများအား လက်တွဲဖြုတ်ရမည်။ စွန့်ပယ်ထားရမည်။ မလွယ်….။ မည်သည့်နှလုံးသားနှင့် ဤရဲဘော်များအား ဖယ်ခွာသွားနိုင်မည်နည်း….။ လုံးဝ မလွယ်…။

ဤတွင် … နိုင်ငံရေးပါတီ အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်ပြီး… ဒီမိုကရေစီလူ့ဘောင်ဆီသို့ လျှောက်လှမ်းရေးက စိန်ခေါ်မှု ၃ ရပ်နှင့် ရင်ဆိုင်ရမည်မှာ … မွန်းကြပ်စရာပင်…။

နိုင်ငံရေးဖြတ်သန်းမှု ကြီးမားခဲ့သည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးရွှေအုန်းက … နအဖ ၏ နိုင်ငံရေး ပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများအား ကြည့်ပြီး… ဥပဒေများ မထွက်မီက ရှိခဲ့သည့် ရွေးကောက်ပွဲဝင်လိုသည့် ဆန္ဒများပင် ပျက်ယွင်းရသည်ဟု ဆို၏။

ပြီးလျှင် … ဦးရွှေအုန်းက …
''၂ဝဝ၈ ခုနှစ် ဥပဒေက မကောင်းတဲ့ ဥပဒေဆိုရင် နောင်မှာလည်း ကောင်းလာနိုင်မယ့် အနေအထား မရှိဘူး။ မကောင်းလားဆိုပြီးတော့ မလုပ်ဘဲ နေလို့ရှိရင် ဘာမှမလုပ်ဘဲ နေရတော့မှာပဲ။ ဒါကို မကြိုက်ဘူးဆိုပြီးတော့ ပြည်တွင်းမှာ နေပြီးတော့… လက်နက်ကိုင်လမ်းစဉ် လုပ်ဖို့ဆိုတာလည်း အဲဒီလောက် သတ္တိမရှိဘူး” ဤအတွက် ရွေးကောက်ပွဲကိုပင်လျှင် ဝင်ရပေမည်ဟု ဆို၏။

စဉ်းစားဖွယ်ရာပင်…။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က … အင်တာဗျူးတခု၌…. “နိုင်ငံရေးပါတီတခုဟာ နိုင်ငံရေးရှိဖို့ လိုတယ်၊ နိုင်ငံရေးမရှိတဲ့ ပါတီဆိုရင် ဘာနဲ့တူလဲဆိုတော့ ဦးနှောက်မရှိတဲ့၊ ခေါင်းမပါတဲ့ သတ္တဝါလို ဖြစ်မှာပဲ။ လူတွေမှာ၊ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ရှိနေမယ်ဆိုရင် ပါတီမရှိလည်း အရေးမကြီးဘူး။ ကွန်မြူနစ်တို့၊ ဖဆပလတို့ဆိုရင် ဂျပန်ခေတ်တခေတ်လုံး ကျော်ဖြတ်ခဲ့တယ်။ ပါတီရယ်လို့ မရှိဘူး။ နောက်မှ ဖဆပလဆိုတာ ပေါ်ပေါက်လာခဲ့တယ်'' ဤသို့ ပြောဆို၏။

ဆရာဦးဝင်းတင် ဥပမာပြုညွှန်းဆိုသည့် ကွန်မြူနစ်ပါတီနှင့် ဖဆပလ ဟူသည်ကား…. ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲရန် လူထုစည်းရုံးရေးအား မြေအောက်ဆင်း၍ လုပ်ဆောင်နေသည့် သခင်စိုး ဦးဆောင်သည့် ကွန်မြူနစ်ပါတီနှင့် ဖဆပလ တပ်ပေါင်းစုအား ညွှန်းဆိုခြင်း ဖြစ်သည်။

မတ်လ ၂၇ ရက်၊ ဖက်ဆစ်တော်လှန်ရေးကြီးဖြင့် … ဖက်ဆစ်ဝါဒအား လက်နက်ကိုင် တိုက်ထုတ်ခဲ့သည့် သမိုင်းအား ဥပမာပြုညွှန်ပြခြင်းဟု နားလည်ရ၏။

ဤတွင် ….တတိယရွေးလမ်း ဟူသည်ကား…. လက်နက်ကိုင် တော်လှန်ရေးသို့ ချီရာလမ်း….။

လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ

မိုးမခ

မတ် ၁၉၊ ၂၀၁၀

“ရွေးကောက်ပွဲဥပဒေ ကိုကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ပဲ ရွေးကောက်ပွဲလဲ မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေငြာ စာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယေက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တစ်ခုတည်းသော အဖြေကိုပဲ ကျွန်တော်ပေးခဲ့တယ်။

အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ ရွေးကောက်ပွဲလဲ ၀င်မှာပဲဆိုတဲ့ အဖြေပဲ။
ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီ ဌါနချုပ် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲ ဆိုရင်အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် ၂၀လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ။

အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ …

ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက် လောက်တောင်မှ တိုင်းပြည်အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုး တွေ့ရတယ်။ တခါ လယ်ယာအသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့်ဆောင်ရွက်လို့ပဲ ထောင်ကပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ဘာမှ မဆိုင်သလိုပဲနေတယ်။ သူတို့ရဲ့ တခွန်းထည်းသော အပြောကတော့ ပါတီရေရှည် တည်တံ့ရေး အတွက်သူတို့ဟာ ဒီလိုလုပ်ရတာလို့ပြောတယ်။

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ …

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး။ အစိုးရခိုင်းတာပဲ လုပ်မယ်။ အစိုးရမကြိုက်တာ မလုပ်ဘူး။ ဒါဆိုရင်တော့ တစညနဲ့လဲ တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။

ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး …

တခါတုန်းက ဆရာပြောခဲ့ဘူးတယ်။ အန်အယ်လ်ဒီပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ကျော်တွေ ဖြစ်ကုန်ကြပြီ မျက်စေ့မမြင်တဲ့ သူလည်းမမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ်ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ်တွေနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေး ပါတီတခု ဌါနချုပ်တစ်ခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကိုဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက်မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေ လည်း ကြားရတယ်။

နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ …

အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာ ကတော့ ဌါနချုပ်ကို အမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါတီ အပေါ်မှာ တဘက်က ပရက်ရှာ (ဖိအား) တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့်နေလိုက်ဦးမယ် ဆိုပြီးစောင့်နေလိုက်တာ။

စောင့်နေလိုက်တဲ့အတွက် ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ်။ ဘာကြောင့် ဌါနချုပ်ကို အမြောက်နဲ့ ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ အနှစ် ၂၀ အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် လုပ်တာမရှိခဲ့ဘူး။ ပါတီဌါနချုပ်ဟာလည်း ဒီမိုကရေစီ ပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူးတော့ဘူး။ တယောက်ထဲက နေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီအမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလားဆိုလား ငြင်းလား ခုံလားလည်း ဘာမှ မရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ တတိုင်းပြည်လုံးမှာ ရှိတဲ့ အန်အယ်လ်ဒီအောက်ခြေ ပါတီဝင်တွေနဲ့ လုံးဝ ကင်းကွာပြီးတော့ တခြားစီ ဖြစ်နေပြီ။

ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ် …

အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ ၈၀ ကျော် ၉၀ကျော် စီအီးစီတွေ အစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုး လိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒိထက် အဆတစ်ရာ လောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ်။

အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ် …

လူတွေကို မသိပေမယ့်လို့ နံမည်တွေကို ကြားဘူးနေပြီး ခေါင်းထဲမှာ စွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်းမြမြတို့ မိတ္ထိလာက ဒေါ်မြင့်မြင့်အေးတို့ ရန်ကုန်က နော်အုန်းလှတို့ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့ ဒေါ်အုန်းမြတို့ ခင်စန္ဒာဝင်းတို့ ဆိုတဲ့ နာမည်တွေ အဲဒီအမျိုးသမီးတွေဟာ တကယ်တန်း ပြည်သူလူထုအတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သားကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စလည်း ၀င်ပါကြတာပဲ။ နာဂစ်ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ် ဆိုပြီးနောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။

အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရလောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲ ဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရအကြိုက် လိုက်လုပ်မှာပဲ လို့ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲ လို့ပြောလိုက်တယ်။

ရွေးကောက်ပွဲ ၀င်တာကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာမဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဘန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့်သူတွေကိုလည်း ဆရာဘာမှ ပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီ အနေနဲ့ကတော့ မူမရှိတဲ့ အဖြစ်ကို ထောက်ပြတာပါ။

သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ …

ဘယ်လိုမူမရှိလဲ ဆိုတော့ အမျိုးသားညီလာခံကနေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက်လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျွန်တော်တို့မှားပါတယ် ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ကြေငြာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေငြာစာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေငြာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် ၂၀ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲလည်း ၀င်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။

အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ် …

သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါပဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက တစညက ၇ နေရာ အနိုင်ရတယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ ၇ နေရာမပြောနဲ့ ၃ နေရာ ၄ နေရာတောင် အနိုင်ရမယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ်။ သူတို့ဘယ်လိုနည်းနဲ့ ရွေးကောက်ပွဲမှာ နိုင်မှာ မဟုတ်ဘူး။ နိုင်တာရှုံးတာထား၊ ရွေးကောက်ပွဲ ၀င်တာမ၀င်တာ လည်းသူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မကောင်းဘူးလည်း မပြောဘူး မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလား လို့လာလာမေးကြတဲ့သူတွေကို အဲလိုဖြေလိုက်တာ။ အဲလို ဖြေရတဲ့အကြောင်းရင်းကို ဆရာရှင်းပြတာ။

အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ …

ဒါက တလျောက်လုံးပေါ့လေ မောင်စူးစမ်းတို့ ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှ တပါးအခြားနည်း လမ်းမရှိပြီ။ ရွေးကောက်ပွဲ ဆိုတာဟာ ထွက်ရပ်လမ်းမဟုတ်ဘူး။ အခြားနည်းလမ်းတွေလည်း အကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရအောင် ရှိနိုင်တယ် ၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေး ပါတီတွေရဲ့ တာဝန်ဖြစ်တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ကြောင့် အန်အယ်လ်ဒီပါတီ ဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ကြောင့်မို့ သူတို့ဟာ စင်ပေါ်ရောက်လာတဲ့သူတွေပါ။ အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီမရှိလဲပဲ တိုင်းပြည်က ဘာမှ မဖြစ်ပါဘူး။ အန်အယ်လ်ဒီရှိနေလဲ ဘာမှ မဖြစ်ပါဘူး။

လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က အင်တာနေရှင်နယ် ဟယ်ရယ် ထရီဗြွန်းမှာ ဆရာဆောင်းပါးရေးခဲ့တယ်။ အခြေအနေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့ အဆုံး အုံကြွမှုတွေ ပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့မြင်နေလို့ပဲ။

သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ် …

၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိတာနဲ့စာရင် ရှိတာကကောင်းတာပေါ့ လို့ဆိုပြီးတော့ တခဲနက်ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈နဲ့ အဆုံးသတ်သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေးကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး ။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာ မဟုတ်ဘူး။ ဒီလို ၈၈တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက် အဲဒါကြောင့် လည်း စကားပြောကြပါ။ ဆွေးနွေးကြပါ လို့ပြောနေရခြင်းဖြစ်တယ်။ ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”

ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ … (လူထုစိန်ဝင်း)

Thursday, March 18, 2010

စိတ်ကူးမယဉ်ကြဖို့

အောင်ဒင်
မတ် ၁၈၊ ၂၀၁၀

နအဖ စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်၊ ရွေးကောက်ပွဲကော်မရှင် ကိုဖွဲ့စည်းပြီး၊ အဲဒီ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ ထုတ်ပြန်နေပါပြီ။
နအဖ က ရွေးကောက်ပွဲ ဥပဒေများ နဲ့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်လိုက်တဲ့ အပြင် သူတို့ အားလုံးကို ပါတီထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်တွေပါ ပိတ်ပင်လိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲရလာဒ် ကိုလည်း ဖျက်သိမ်းလိုက်တဲ့ အပြင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ ရက် ၆၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေကြသူ တွေအားလုံးကို ပါတီက ထုတ်ပစ်ပြီး ပါတီကို ကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဖိအားပေးနေပါတယ်။

အဲဒီလို မလုပ်ခဲ့ရင်ပါတီဟာ အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်မယ်လို့ ခြိန်းချောက်နေပါတယ်၊ ဒါကြောင့်မို့ အဖွဲ့ချုပ်ဟာ မကြာမီ အချိန်အတွင်းမှာ အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချရတော့မှာ ဖြစ်ပါတယ်။

ဒီလို အချိန်မျိုးမှာ မတရားမှုတွေကို သိသိကြီးနဲ့ ခေါင်းငုံ့ခံဖို့ တိုက်တွန်းနေကြတဲ့ အသံတွေကြားနေရပါတယ်။ ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် နအဖ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပါတီကို ပြန်လည်မှတ်ပုံတင်သင့်တယ်၊ လူထုကို ရွေးချယ်စရာ အခွင့်အရေးပေးနိုင်ဖို့ အတွက် ရွေးကောက်ပွဲဝင်သင့်တယ်လို့ အကြောင်းရှာနေကြတာလည်း ကြားရပါတယ်။ အဲဒီ အတွေးအခေါ်တွေကို တုန့်ပြန်ဖို့ ဒီစာစုကို ရေးပါတယ်။

(၁) ပြည်တွင်းက ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ က ပြောပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ်က စနစ်တကျ နိုင်ငံရေးနယ်ပယ်က နောက်ဆုပ်တာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကို ဝင်ရမယ်လို့ ဆိုပါတယ်။ ဒီသဘောတရားကိုပဲ အခွင့်ထူးခံ စာနယ်ဇင်းသမားတစ်စု နဲ့ အလံနီဟောင်းတွေက တွင်တွင်ကြီး ဝါဒဖြန့်ချိနေတာ ကြာပါပြီ။

လုံးဝမှားပါတယ်။ တကယ်က စစ်တပ်က နိုင်ငံတော်အာဏာကို ထာဝရ ဆုတ်ကိုင်နိုင်ဖို့ စနစ် တကျ ရှေ့တိုးလိုက်တာပါ။ မြန်မာနိုင်ငံမှာ ထာဝရ စစ်အာဏာရှင်စနစ်ကို တည်ဆောက်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်တာပါ။

နအဖ ရဲ့ အကြံအစည် က သူတို့ရဲ့ ဘိုးတော်ကြီး ဦးနေဝင်း ရဲ့ အကြံအစည် နဲ့အတူတူပါပဲ။ ကွဲပြားတာက လက်ရှိ စစ်အာဏာရှင်တွေက ဦးနေဝင်း ရဲ့ အားနည်းချက်လို့ သူတို့ယူဆတာတွေကို ပြင်ဆင်ထားတာပါပဲ။

ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းပြီး ၁၉၆၄ မှာ မဆလ ပါတီထောင်တယ်။

တစ်ပါတီ အာဏာရှင်စနစ် ဖွဲ့စည်းပုံဆွဲပြီး ၁၉၇၃ မှာ အတည်ပြုတယ်။

၁၉၇၄ က စပြီး ၄ နှစ် တစ်ကြိမ်ရွေးကောက်ပွဲတွေလုပ်တယ်။

နအဖ က ၁၉၈၈ မှာ အာဏာကို မဆလ အစိုးရထံကနေ လွှဲပြောင်းယူတယ်။

၁၉၉၃ ကနေ ၂၀၀၇ အထိ ၁၃နှစ်ကျော်ကြာ ထာဝရ စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံကို ရေးဆွဲတယ်။

၂၀၀၈ မှာ အဓမ္ဓအတည်ပြုတယ်။

အခု ၂၀၁၀ မှာ စစ်တပ်နှင့် လက်အောက်ခံပါတီများ ပါတီစုံရွေးကောက်ပွဲကို လုပ်ဖို့ ပြင်ဆင်နေတာပါ။

ဦးနေဝင်းက စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ မဆလပါတီ ထောင်ပြီး နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ခဲ့ပေမည့် အဲဒီ စစ်တပ်ပါတီထောင်ရေးကို အားနည်းချက်လို့ နအဖ ကမြင်ပုံရပါတယ်။ ဦးနေဝင်းက စစ်တပ်ကို အခြေပြုပြီး ပါတီထောင်တဲ့ အခါ အရပ်သားတွေကိုလည်း ပါတီထဲဖိတ်ခေါ်ရတယ်။ ဆိုရှယ်လစ်ဟောင်းတွေ၊ ကွန်မြူနစ်ဟောင်းတွေ၊ ပမညတ ဟောင်းတွေ က ဦးနေဝင်းရဲ့ မဆလ ပါတီထဲဝင်ပြီး ဦးနေဝင်းကို ပါတီခေါင်းဆောင်အဖြစ်က ဖယ်ရှားဖို့ကြိုးစားတာကို ကြုံခဲ့ရဖူးပါတယ်။ တပ်တွင်းမှာလည်း ပါတီဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေနဲ့ ပါတီမဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေအကြား အမိန့်ပေးစနစ် ဖရိုဖရဲ ဖြစ်တာလည်း ရှိခဲ့ပါတယ်။ ၁၉၇၄ အစပိုင်းလုပ်တဲ့ ရွေးကောက်ပွဲတွေမှာလည်း လူထုထဲက ယှဉ်ပြိုင်ရွေးကောက်ခံသူတွေပေါ်လာပြီး ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အနိုင်ရသွားတာတွေလည်း ရှိခဲ့ပါတယ်။

နအဖ က အဲဒီလို ပြန်အဖြစ်မခံတော့ပါဖူး၊ ဒီတခါတော့ စစ်တပ်ကိုယ်တိုင်က ပါတီမထောင်တော့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်ပေးထားခြင်းဖြင့် စစ်တပ်ရဲ့ ရာသက်ပန်အာဏာပိုင်စိုးမှုကို စိတ်ချရအောင် ဖန်တီးထားလိုက်ပါတယ်။

ဦးနေဝင်းရဲ့ တစ်ပါတီစနစ်ကို ပြန်မသွားတော့ပဲ စစ်တပ် လက်အောက်ခံပါတီများကို စစ်ဗိုလ်ဟောင်းများ၊ မဆလဟောင်းများ၊ ကြံ့ဖွံ့များ၊ လက်နက်ချပြီး ဖြစ်တဲ့ တိုင်းရင်းသားများ၊ အလိုတော်ရိစီးပွါးရေးသမား များနဲ့ ဖန်တီးပြီး စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံပါတီများရဲ့ ပါတီစုံစနစ်ကို တီထွင်ဖော်ထုတ်လိုက်တာပါ၊

ဒါကိုပဲ စစ်တပ်က နိုင်ငံရေးနယ်ပယ်ကနေ စနစ်တကျ ဆုတ်ခွါနေတာဖြစ်တယ်လို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။

(၂) တချို့က လည်း နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးထားတာမို့ ဒီ ဥပဒေ ကိုထောက်ခံသင့်တယ်၊ ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောကြပါတယ်။

ဒါလည်း မှားပါတယ်၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ လူမျိုးစု ၆ စု အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနဲ့ တိုင်း တစ်ခု ဖန်တီးပေးထားပေမည့် အဲဒီ လူမျိုးစုတွေ တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြတာ မဟုတ်ပါ၊ သူတို့ရဲ့ ဒေသဦးစီး အဖွဲ့တွေ နဲ့ တိုင်းဦးစီး အဖွဲ့တွေကို ဖွဲ့စည်းတဲ့ အခါမှာ စစ်တပ်က ခန့်အပ်တဲ့ စစ်ဗိုလ်တွေက ဦးစီးအဖွဲ့ရဲ့ ၂၅% ကိုနေရာယူထားမှာပါ။

ဦးစီးအဖွဲ့ရဲ့ အမြင့်ဆုံး ဥက္ကဌရာထူးကိုလည်း နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပြီး သူတို့ဖာသာ ရွေးချယ်ခွင့် မရှိပါ။

အဲဒီ ဦးစီးအဖွဲ့တွေမှာလည်း စစ်တပ်ကိုယ်စားလှယ်တွေကသာ လုံခြုံရေး နဲ့ နယ်စပ်အရေးကိစ္စတွေကို တာဝန်ယူကွပ်ကဲမှာပါ၊ ဦးစီးအဖွဲ့ ရှိနေပေမည့် တကယ်တမ်း အုပ်ချုပ်ရေး ကိစ္စတွေကို မြန်မာပြည်မ က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ယူဆောင်ရွက်မှာပါ။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသတာဝန်ခံက ဦးစီးအဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ကို ယူပြီး တကယ်အုပ်ချုပ်မှာပါ။

တခါ ပြည်မက သမ္မတ က ခန့်အပ်တဲ့ တရားသူကြီးတွေက အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသတွေ၊ တိုင်းတွေ ရဲ့ တရားစီရင်ရေးကို တာဝန်ယူမှာ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့က ဒေသလုံခြုံရေးကို တာဝန်ယူမှာပါ။

ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တယ်လို့ ဆိုထားပေမယ် တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်စရာ ဘာမှ မကျန်တော့ပါ၊ စစ်တပ်ကပဲ အားလုံးကို အုပ်ချုပ်မှာပါ၊ ဒါကိုမှ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသား အခွင့်အရေးတွေ အများကြီးပေးထားတယ်လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

(၃) တချို့က ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်သင့်တယ်၊ အဖွဲ့ချုပ် သာရွေးကောက်ပွဲရင် သေချာပေါက်နိုင်မှာပါ လို့ ပြောနေကြတာလည်း ကြားရပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကျဉ်းကျပါတီဝင်တွေ ကို ပါတီက ခဏထုတ်ပယ်၊ ပြန်ပြီး အသစ်မှတ်ပုံတင်၊ ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ပြီးမှ ထုတ်ထားတဲ့ ပါတီဝင်တွေ ကို ပြန်လက်ခံကြတာပေါ့လို့ စဉ်းစားနေကြသူတွေလည်း ရှိကြပါတယ်။

လုံးဝ မှားပါတယ်၊ နအဖ က ရွေးကောက်ပွဲကို သန့်ရှင်းမျှတ စွာကျင်းပပေးမှာ မဟုတ်ပါ။ တဖက်သတ်ရေးဆွဲပြီး အဓမ္မအတည်ပြုထား တဲ့ဖွဲ့စည်းပုံ၊နိုင်ငံတကာ အစိုးရတွေရဲ့ တောင်းဆိုချက်တွေကို ဂရုမစိုက်ပဲ ထုတ်ပြန်လိုက် တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ နအဖ ဝန်ကြီးတွေ၊ ကြံ့ဖွံ့ခေါင်းဆောင်တွေ ရဲ့ ပြည်သူ့ဘဏ္ဏာတွေသုံးပြီး လုပ်နေတဲ့ ကြိုတင်မဲဆွယ်မှုတွေ၊ အလိုတော်ရိ စီးပွါးရေးသမား တွေကို ရန်ကုန်မြို့ကြီးက အဆောက်အအုံတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ ခွဲဝေပေးနေတာကို ကြည့်ရင် သိလောက်ပါရဲ့။

နအဖ ရဲ့ ဖိအားပေးမှုကို ခံပြီး ပါတီ ကို ပြန်မှတ်ပုံတင်ရင်တောင်မှ နအဖ က အဖွဲ့ချုပ်ကို အကြောင်းပေါင်းစုံ နဲ့ လိုအပ်ရင် ဖျက်သိမ်းလို့ ရအောင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌန်းထားချက်တွေ ရှိပါတယ်။

အဲဒီ ပြဋ္ဌန်းချက်တွေ အရ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်ကို မတရားသင်း အဖွဲ့တွေ၊ သူပုန်တွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ နဲ့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဆက်သွယ်တယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။

ဒါမှမဟုတ်လည်း နိုင်ငံခြား အစိုးရ များ၊ အဖွဲ့အစည်း များကနေ ထောက်ပံ့ငွေ၊ ပစ္စည်းတွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ယူတယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။

ဒါမှမဟုတ်လည်း အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌန်းထားချက်တွေကို မလိုက်နာဘူး၊ ဖောက်ဖျက်တယ် လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။

ဒါမှ မဟုတ်လည်း နအဖ က အဖွဲ့ချုပ်ကို မတရားသင်း အဖြစ် ကြေညာပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဘယ်လိုမှ ပြေးမလွတ်ပါဘူး။ ဒီတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီးရင် ဆက်လက်ရပ်တည်ခွင့်ရလိမ့်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

ပြီးတော့လည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း များများစားစား တင်သွင်းခွင့် ရမှာ မဟုတ်ပါ။ နအဖ က ခေါင်းခေါက်ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်က တင်သွင်းမည့် ကိုယ်စားလှယ်လောင်း အများစုကို အကြောင်းအမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခွင့် ငြင်းပယ်ပါလိမ့်မယ်။

နအဖက အဖွဲ့ချုပ်ကို သူ့ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ က အသိအမှတ် ပြုရေးအတွက် လုံလောက်ရုံမျှ စတိလောက်သာ ဝင်ပြိုင်စေချင်တာ ဖြစ်တဲ့ အတွက် အဖွဲ့ချုပ်ဟာ အလွန်ဆုံး ကိုယ်စားလှယ် ၂၀ လောက်ပဲ ယှဉ်ပြိုင်ခွင့် ရပါလိမ့်မယ်။ ယှဉ်ပြိုင်ခွင့် ရတဲ့ ကိုယ်စားလှယ်အနည်းငယ်တောင် နိုင်ချင်မှ နိုင်ပါလိမ့်မယ်။ နိုင်ရင်တောင် ကော်မရှင်က အနိုင်ရလာဒ်ကို ပယ်ဖျက်နိုင်ပါသေးတယ်။

ဒီတော့ ရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ ယှဉ်ပြိုင်ခွင့် ရလိမ့်မယ် လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

လူထုကို လည်းလျှော့ မတွက်သင့်ပါ။ အနှစ် ၂၀ ကျော်အတွင်းမှာ အဖွဲ့ချုပ်ဟာ လူထုက ရွေးချယ်တင်မြှောက်ခံထားရပေမည့် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါ။ လူထု အတွက် ဒီမိုကရေစီ ကို မတည်ဆောက်ပေး၊ မဆောင်ကျဉ်းပေး နိုင်ခဲ့တဲ့ အပြင် နအဖ ရဲ့ အထုအထောင်း၊ အတိုက်အခိုက် တွေကိုသာ ခါးစည်းခံခဲ့ရတာပါ။ ဒါပေမည့်လည်း လူထုက သူတို့ကိုယ်စား တိုက်ပွဲဝင်နေတယ်လို့ ယုံကြည်လက်ခံထားကြပြီး လူထုရဲ့ ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုထားတုံးပါ။

အဲဒါကိုမှ ဒီလောက် အရေးကြီးလှတဲ့အချိန်၊ နအဖ က သူ့ရဲ့ ထာဝရ စစ်အာဏာရှင်စနစ် တည်ဆောက်ရေးလုပ်ငန်းကြီးကို အပြီးသတ်တော့မည့် အချိန်မှာ၊ အဖွဲ့ချုပ်က နအဖ ဖိနှိပ်သမျှ လိုက်လျောပြီး ဒေါ်အောင်ဆန်းဆုကြည်နဲ့ အကျဉ်းကျ ပါတီဝင်များကို ပါတီက ထုတ်ပယ်၊ သူတို့ကိုယ်တိုင် ကြေညာထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကြီးကို လွှင့်ပစ်၊ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါ့မယ်၊ ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ ကတိကဝတ် တွေပြုပြီး ကော်မရှင်မှာ ပြန်မှတ်ပုံတင်၊ ရွေးကောက်ပွဲ ဝင်ရင်ဖြင့် ပြည်သူလူထုက ဒီပါတီကို သူတို့ကိုယ်စားပြု ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထောက်ခံမှာ မဟုတ်တော့ပါ။

လူထုကို သစ္စာဖောက်တဲ့ပါတီ၊ စစ်တပ်ရဲ့ လက်ဝေခံပါတီ၊ စစ်တပ်အလိုကျ ရပ်တည်ရတဲ့ ပါတီအဖြစ် ပဲ သတ်မှတ်ပါလိမ့်မယ်။

စစ်တပ်အလိုကျ ရပ်တည်နေရတဲ့ နိုင်ငံရေးပါတီဟာ လူထုကို အကျိုးပြုနိုင်ဖို့ ဝေလာဝေး ဆိုတာ လူထုက ကောင်းကောင်းသိကြပါတယ်။ ဒီတော့ ငါတို့ ရွေးကောက်ပွဲဝင်ရင် အသေအချာ နိုင်မှာပဲ၊ လူထုက ထောက်ခံနေမှာပဲလို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။

“ငါတို့ ရွေးကောက်ပွဲ မဝင်ရင် လူထုမှာ ရွေးချယ်စရာ အခွင့်အလမ်းမရှိတော့ဖူး၊ ဒါဆို နအဖ လူတွေပဲ နိုင်သွားလိမ့်မယ်၊ ဒါကြောင့် လူထု ရွေးချယ်စရာရှိနိုင်ဖို့ ငါတို့ ရွေးကောက်ပွဲဝင်ရမယ်” လို့ ဆင်ခြေပေးနေသူတွေလည်းရှိပါတယ်၊ လုံးဝ မမှန်ပါ။

လူထုကို လျှော့မတွက်သင့်သလို အထင်လည်းမသေးသင့်၊ အသုံးလည်းမချသင့်ပါ။ လူထုက သူတို့ မယုံကြည်သူကို မဲပေးမှာမဟုတ်ပါ။ သူတို့ယုံကြည်ခဲ့သူက မှားတဲ့ဖက်ရောက်သွားရင်လည်း သည်းခံမှာ မဟုတ်ပါ။ သူတို့အတွက် ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဖူးဆိုတာ ကောင်းကောင်းသိကြသူတွေပါ။

ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အစိုးရတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရတဲ့ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဖူး၊ အသိအမှတ် ပြုခံရမှာ မဟုတ်ဖူးလို့ ခဏခဏပြောနေတာပါ။

အခု နအဖ က ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်အပြီးမှာ ဒီအသံတွေ က ပိုပြီး ကျယ်လောင်လာပါတယ်။

ဘယ်အစိုးရကမှ နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေတွေကို သဘောမတူပါ။ ဒီပုံစံအတိုင်း နအဖ က ရွေးကောက်ပွဲ ဆက်လုပ်မယ်၊ အဖွဲ့ချုပ်ကလည်း မပါဝင်ဖူး ဆိုရင် ရွေးကောက်ပွဲက ထွက်လာတဲ့ ရလာဒ်ကို နိုင်ငံတကာအစိုးရတွေက အသိအမှတ်ပြုဖို့၊ လက်ခံဖို့ အတော်ခက်ပါလိမ့်မယ်။

အဲဒါဆို နအဖ က အသေအလဲ လိုချင်တောင့်တနေတဲ့ တရားဝင်အသိအမှတ်ပြုခံရမှု (Legitimacy) နဲ့ အလှမ်းဝေးနေဦးမှာပါ။

အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်လိုက်ရင်ဖြင့် နိုင်ငံတကာအစိုးရတွေက ရွေးကောက်ပွဲရလာဒ်ကို မလွှဲမရှောင်သာ အသိအမှတ်ပြုရတော့မှာပါ။ဒီတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ စစ်တပ်အုပ်စိုးမှု တရားဝင်ပြုရေး အထူးစီမံကိန်းကြီး ရဲ့နောက်ဆုံးအဆင့်မှာ အဖွဲ့ချုပ်က နောက်ဆုံး အုတ်တစ်ချပ် စီဖြည့်ပေးသူ မဖြစ်စေချင်ပါ။

“နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂ ကလည်း ဘာတွေပဲပြောပြော နောက်ဆုံးကျတော့ အဖျားရှူးသွားတာပါပဲ “ လို့ ထင်ရင်လည်း ထင်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အစိုးရတွေရဲ့ အားနည်းမှုက ပါတီ ပြန်မှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်အတွက် အကြောင်းပြစရာ မဖြစ်သင့်ပါ။ အဖွဲ့ချုပ် တည်ထောင်တုန်းကလည်း နိုင်ငံတကာ တောင်းဆိုချက်ရ ထောင်တာမဟုတ်ခဲ့ပါဘူး၊ လူထုရဲ့ တောင်းဆိုမှုကြောင့်ပါ။ အခုလည်း လူထု မျက်နှာကိုပဲ ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။

(၄) နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အပြောင်းအလဲ တစ်ခုကတော့ ကျနော်တို့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ပေါ်လာတော့မှာပါ။ ပြီးခဲ့တဲ့ ၂၁ နှစ်လုံး ကျနော်တို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အလံထောင်ပြီး တိုက်ပွဲဝင်ခဲ့တာပါ။

မကြာခင်မှာ ကျနော်တို့ဟာ ထာဝရ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေး လှုပ်ရှားမှုအသွင် ကူးပြောင်းရပါတော့မယ်။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်။

တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါမှာ ကျနော်တို့ အားလုံး ရည်ရွယ်ချက်တစ်ခုတည်း အတွက် ညီညီညွတ်ညွတ် ဆက်တိုက်ကြရမှာပါ။

အဲဒီလို နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အသစ်ကို မပြောင်းခင် နောက်ဆုံးအချိန်ပိုင်းကလေးမှာ ကျနော်တို့ အားလုံး နအဖရဲ့ ရွေးကောက်ပွဲကို တခဲနက် ဆန့်ကျင်ကြဖို့ နဲ့၊ ရွေးကောက်ပွဲရလာဒ်ကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်မပြုအောင် တောင်းဆိုဖို့ ရှိသမျှအားတွေ အကုန်သုံးပြီး လှုပ်ရှားကြရမှာပါ။

အဲဒီလို နအဖ ရဲ့ ရွေးကောက်ပွဲ ရလာဒ်ကို နိုင်ငံတကာက အသိအမှတ် မပြုအောင် စွမ်းဆောင်နိုင်မှ နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန်အသစ်ကို ကျနော်တို့ အားကောင်းမောင်းသန် ဆက်ပြီး တိုက်ပွဲဝင်နိုင်မှာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ ရေး လှုပ်ရှားမှူကြီးဟာ မပြီးဆုံးသေးပါဘူး။ ဆက်ပြီး ခရီးဆက်ရပါဦးမယ်။

ရှေ့ဆက်ရမည့် ခရီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ လူထုနဲ့ အတူ ဆက်ရှိနေမှာလား ? လူထုကို ကျောခိုင်းသွားကြမှာလား?

"သေချာတာကတော့ စိတ်ကူးယဉ်နေဖို့ အချိန်မဟုတ်တော့ပါ"

Wednesday, March 17, 2010

ထိုင်းနိုင်ငံရေးအကျပ်အတည်း

၂၀၀၆ ဧပြီ - တော်ဝင်သစ္စာခံပြည်သူ့ဒီမိုကရက်မဟာမိတ် PAD ပါတီက ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြမှုများရှိနေချိန်တွင် ၀န်ကြီးချုပ်သက်ဆင်ရှင် နာဝပ်က ကြားဖြတ်ရွေးကောက်ပွဲခေါ်ယူခဲ့သည်။ ရွေးကောက်ပွဲကို အခြားပါတီများက သပိတ်မှောက်ခဲ့ကြသည်။

၂၀၀၆ မေ - ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာတရားရုံးက သက်ဆင်၏ ပါတီအနိုင်ရ ခဲ့သော ရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့သည်။

၂၀၀၆ စက်တင်ဘာ - စစ်ဘက်က သက်ဆင်ကို ဖယ်ရှားပြီး အာဏာသိမ်း ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းခဲ့သည်။

၂၀၀၇ မေ - သက်ဆင်၏ ထိုင်းရတ်ထိုင်းပါတီကို ရွေးကောက်ပွဲဆိုင်ရာခြစား မှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဖျက်သိမ်းလိုက်သည်။ ပါတီအမှုဆောင် ၁၁၁ ဦးကိုလည်း နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်ပင်ခဲ့သည်။

၂၀၀၇ သြဂုတ် - စစ်ဘက်က ခန့်အပ်သည့်အစိုးရက ရေးဆွဲသော ၁၈ ကြိမ် မြောက်ထိုင်းဖွဲ့စည်းပုံဥပဒေကို လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည်။

၂၀၀၇ ဒီဇင်ဘာ - ထိုင်းရတ်ထိုင်းပါတီကို ဆက်ခံဖွဲ့စည်းခဲ့သော PPP ပါတီက ရွေးကောက်ပွဲအနိုင်ရခဲ့သည်။

၂၀၀၈ သြဂုတ် - PPP ပါတီက သက်ဆင်အာဏာပြန်လည်ရရှိနိုင်ရန်အတွက် လမ်းဖွင့်ပေးမည်ဟုယူဆရသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကြိုးပမ်း လာသောကြောင့် PAD ပါတီကဆန္ဒြ့ပမှုများဆောင်ရွက်ခဲ့သည်။ ဆန္ဒပြသူတို့ က အစိုးရအိမ်တော်ကို ၀င်ရောက်နေရာယူခဲ့သည်။

၂၀၀၈ အောက်တိုဘာ - သက်ဆင်ကို ခြစားမှုဖြင့် မျက်ကွယ်ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။ စစ်ဘက်ခေါင်းဆောင်များက အစိုးရကို ရာထူးမှ ဆင်းပေး ရန် တောင်းဆိုခဲ့ကြသည်။

၂၀၀၈ နိုဝင်ဘာ - ဘန်ကောက်၏ အဓိကလေဆိပ်နှစ်ခုကို စီးနင်းထားခဲ့ပြီး သက်ဆင်၏ ရုပ်သေးအစိုးရအဖွဲ့ကို နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။

၂၀၀၈ ဒီဇင်ဘာ - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အာဏာရပါတီကို ဖျက်သိမ်းခဲ့သည်။PAD ပါတီကလေဆိပ်ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးခဲ့ သည်။ဒီမိုကရက်ပါတီခေါင်းဆောင်အဘ်ဟီးဆစ်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

၂၀၀၉ ဧပြီ - သက်ဆင်ထောက်ခံသော ရှပ်နီဝတ်များက ဆန္ဒပြမှုကြောင့် ပတ္တယားတွင် ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့ရ သည်။ ဘန်ကောက်တွင် မတည်ငြိမ်မှုများကို ထိန်းသိမ်းရန်အတွက် အဘ်ဟီးဆစ်က တပ်ဖွဲ့များချထားစေခဲ့သည်။

၂၀၁၀ ဖေဖော်ဝါရီ - သက်ဆင်ဝန်ကြီးချုပ်ဖြစ်စဉ်က မူဝါဒများကို လက်တစ် လုံးခြားလုပ်ကာရယူခြင်းကြောင့် ၄င်း၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းသင့် ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ချက်ချခဲ့သည်။

၂၀၁၀ မတ် - ရွေးကောက်ပွဲသစ်ကျင်းပရန် အဟ်ဘီးဆစ်ကို ဖိအားပေးသည့် အနေဖြင့် ဘန်ကောက်တွင် ရှပ်နီဝတ်တို့က ဆန္ဒပြခဲ့ကြသည်။

ကြောက်လွန်းလို့ ညစ်မိပါတယ်။

Tuesday, March 16, 2010

ကိုဂျူး

နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ ပြည်သူတွေ စောင့်မျှော်နေတဲ့ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အတွက် ပါတီများ မှတ်ပုံတင် ဥပဒေကို မတ်လ (၈) ရက်နေ့က ကြေညာ လိုက်ပါတယ်။ သူ့ဘက်က သူလိုချင်တဲ့ အခင်းအကြင်းပုံစံကို ချပြလိုက်ပါတယ်။ ရှက်စရာကောင်းတယ်၊ ညစ်ပတ်တယ်၊ မတရားဘူး တရားတယ် ဆိုတာကတော့ ဘယ်သူမှ အငြင်းမပွား ကြတော့ပါဘူး၊ ပြည်သူ အများ သိနေကြပြီဘဲ။ သူလုပ်တဲ့ ရွေးကောက်ပွဲ သူ့သဘောပေါ့ ပါချင်ပါ မပါချင် နေနိုင်ပါတယ်။ ဒီ အဖြစ်အပျက်မှာ တိုင်းပြည် အတွက်ကော NLD အတွက်ကော၊ နအဖ ကော၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အတွက်ကော Blessing in Disguise လို့ပြောနိုင်မဲ့ ကောင်းသွားနိုင်တဲ့ အကွက် တစ်ခုတော့ သွားမြင်ပါတယ်။

နအဖ ရွေးကောက်ပွဲ ဥပဒေသာ သိပ်အဆိုးကြီး မဟုတ်ရင် လုပ်သာ ကိုင်သာရှိရင် ပြည်သူတွေက NLD ကို ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပါစေချင်ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို အားပေး မျှော်လင့် နေကြပါတယ်။ တိုင်းပြည်ကို အခြေအနေ ဆိုးကြီး ဖြစ်မသွား စေချင်ပါဘူး။ ကျွန်တော်လဲ ဒါကြောင့် ဒီလို လုပ်ရင် မရဘူးလား၊ ဟိုလိုဆို မလွယ်ဘူးလား၊ ပြန်ဝင်လဲ ရတာဘဲလို့ နအဖကို ညှာတာ စဉ်းစား ပေးခဲ့ပါတယ်။ ကျွန်တော် အပါအ၀င် ဘေးလူတွေကြောင့် ပြဿနာပို မကြီးထွား စေချင်တာ အမှန်ပါ။

အားလုံးသိပြီးတဲ့ အတိုင်းပါဘဲ အခု ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့ ရွေးကောက်ပွဲ ဥပဒေမှာ အရေးကြီး တာတွေကတော့ မှတ်ပုံလာ တင်သူ နိုင်ငံရေး ပါတီများဟာ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံရမယ်။ ရွေးကောက်ပွဲကို သပိတ် မမှောက်ရဘူး (အနဲဆုံး သုံးနေရာ ၀င်အရွေးခံရမယ်)။ မိမိ ပါတီဝင်တစ်ဦး ထောင်ကျရင် ပါတီက ထုတ်ပယ်ရမယ် ဆိုတဲ့ အချက် သုံးချက်ပါဘဲ။

နောက်ဆုံး အချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထောင်ထဲ ရောက်နေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို သူတို့ ပါတီနဲ့ ကင်းကွာ သွားအောင် ခွဲထုတ် လိုက်တာပါဘဲ။ တိုင်းပြည် ခေါင်းဆောင် လုပ်ပြီး သူများ အဖွဲ့အစည်း ပြိုကွဲအောင် လုပ်ရာကျလို့ မထည့်သင့်တဲ့ ကိစ္စကို ဘယ်သူက ရှာရှာဖွေဖွေ ညစ်ဖို့ အကြံပေး လိုက်လဲတော့ မသိဘူး။ တနည်းအားဖြင့်တော့ ဒါဟာ သူကြောက်တဲ့ သူတွေ ရွေးကောက်ပွဲမှာ မပါအောင် သူတတ် နိုင်သလောက် ညစ်တယ်လို့ မြင်တယ်။ ကြောက်လွန်းလို့ ညစ်မိ ရှာတယ်လို့ ပြည်သူက မြင်သွားတယ်။ ဘာတွေပြောနေနေ ချပ်ဝတ် တန်ဆာတွေ အောက်မှာ ခေါင်းလေး ငုံ့နေတဲ့ သူ့အကြောက်တရားကို လူတွေ မြင်သွားတယ်။ ဒါကိုမြင်လို့ ဒေါ်အောင်ဆန်းစုကြည်က မရှက်ဘူးလားလို့ မေးတာပါ။

ကြောက်နေတဲ့ ကလေးကို လာလေကွာ၊ တွေ့မယ်လေကွာ၊ ယောက်ျားပီပီ တစ်ယောက်ခြင်း လုပ်လကွာ လို့ သွားစိန်ခေါ်နေလို့ မထူးဘူး။ ပေကပ်ပြီး ထိုင်နေရာက ထမှာမဟုတ်ဘူး။ ကလေးက ကြောက်ကန်ကန်ပြီး မလုပ်သင့်တာတွေ ပိုလုပ်မိလိမ့်မယ်။ တိုတိုပြောရရင် ကျွန်တော် မြင်သလောက် အတိုက်အခံတွေ အနေနဲ့ လုပ်စရာ နည်းလမ်း သုံးခု ရှိပါတယ်။

(၁) ဟုတ်ပြီ။ စစ်ဗိုလ်ကြီး တိုင်ဖက် မနေအောင် ကျွန်မတို့ ထွက်ပေးမယ်။ အသက်ကြီးနေတဲ့ တခြား ပါတီလူကြီးတွေလဲ မလုပ်နိုင်တော့လို့ ထွက်ချင်နေတာ ရှိတာဘဲ။ ရောထွက် လိုက်မယ်။ ပါတီမှာ ဘာရာထူးမှ မယူဘူး ပါတီဝင်လည်း မဟုတ်ဘူး။ မကြောက်နဲ့တော့ ကျေနပ်ပြီလား။ NLD မှတ်ပုံတင်မယ် ဆိုပြီး လုပ်မယ်၊ နအဖ ငြင်းဘို့ ဖျက်ဘို့ မလွယ်တော့ဘူး။ ဒေါ်စုကိုလဲ ရက်စေ့ရင် လွှတ်ရလိမ့်မယ် ထင်တယ်။

အဲဒီခါကျမှ ပါတီဝင်တွေက အရင်အတိုင်း အမေစုရဲ့ တက္ကသိုလ် ရိပ်သာလမ်း အိမ်ကို ၀င်မယ်၊ ထွက်မယ်၊ တိုင်ပင်မယ်၊ လာလည်မယ်။ ဖြေးဖြေးခြင်း ဧည့်သည် အနေနဲ့ ပါတီမှာ မိန့်ခွန်းပြောမယ်။ အများကြီး လုပ်လို့ ရပါတယ်။ ဒီ့ထက် ပိုကြောက် မသွားအောင်တော့ သတိထား လုပ်ရမယ်။ ကလေး တစ်ယောက်လို့ သဘောထားပါ။ ဆန်ရှင်နဲ့ အကူအညီတွေရဲ့ သော့ကိုင်ဟာ ဒေါ်စုဘဲ ဖြစ်နေဦးမယ်။ ဒီလို ကိုယ့်ဘက်က အနစ်နာခံ ပြလိုက်ရင် လူတွေကလဲ ပိုကြည်ညိုလာလို့ မဲတောင် ပိုရဦးမယ်။ ၁၉၉၀တုန်းက အတိုက်အခံတွေကို မဲရအောင် ဆွယ်ပေးတဲ့ အဓိကပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ်စောမောင်ဆိုရင် ၂၀၁၀ မှာ ဗိုလ်ချုပ်သန်းရွှေဖြစ်မယ်။ ၂၀၁၀ မှာ သေချာပေါက် နိုင်မယ်။ ဒေါ်စုလဲ အစကထဲက ပါတီထောင်ချင်တာ မဟုတ်ဘူး။ ပိုတောင် ကြိုက်ဦးမယ်။ ထောင်ကျရင် ပါတီက ထုတ်ရမယ် ဆိုတဲ့ ဥပဒေကလဲ နအဖ ထုတ်တဲ့သာမန် ဥပဒေသာ ဖြစ်တာမို့ လွှတ်တော်မှာ လူများစု ဖြစ်လာရင် ပြင်လို့ လွယ်ပါတယ်။

(၂) ကိုဥတ္တရရေးသလိုဘဲ NLD ၂၀၁၀ ကို ကန့်ကွက်ထား လျှက်ဘဲ မှတ်ပုံပြန် မတင်ဘူး လုပ်မယ်။ NLD ပါတီပျက်မယ်။ ဘာဘဲပြောပြော စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အတင်းအကျပ် လုပ်ခဲ့တဲ့ ၂၀၀၈ နဲ့ ၂၀၁၀ ကို ပြည်သူ အများစု ရွေးကောက်ခံ ပါတီကြီးက လက်မခံ ပယ်ချခဲ့တယ် ဆိုတဲ့ နာမည်ပျက် သမိုင်းတွင် ကျန်ရစ်မယ်။ ဘာပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ မလာဘူး၊ ဘာအကူအညီမှ မရဘူး၊

နအဖဘဲ လုပ်ဦးမှာဖြစ်တဲ့ နောက်အစိုးရ ဘာမှ အောင်မြင်မှု မရနိုင်အောင် လုပ်ပြီးသားဘဲ။ NLD ပါတီဝင်တချို့ နာမည်အသစ်နဲ့ ပါတီကြီးတစ်ခု ထောင်မယ်။ ရွေးကောက်ပွဲ ၀င်ရင် နိုင်သလောက် နိုင်ကြဦးမှာဘဲ။ ဒီတစ်ကြိမ် သက်တမ်းတော့ လွှတ်တော်ထဲ ရောက်သလောက်နဲ့ မီးစင် ကြည့်ကမယ်။ ခုနကလိုဘဲ ဒေါ်စုတို့နဲ့ လက်ပြွန်း တတီးနေမယ်။ အမြတ်က တက်လာတဲ့ အစိုးရက အတိုက်အခံက ကန့်ကွက် နေတဲ့ကြားက အတင်းတက် လုပ်တာမို့ အထူး သတိထားပြီး တိုင်းပြည်ကို ကောင်းအောင် လုပ်ပြရတော့မယ်။ တာဝန် ပိုကြီးမယ်။ ၅ နှစ်တကြိမ် လုပ်ရမဲ့ ရွေးကောက်ပွဲ တွေမို့ နောက်တကြိမ် ရွေးကောက်ပွဲ တွေမှာ အခွင့်အရေး ပိုရလာရင် ဒီထက် ကောင်းအောင် အသုံးချမယ်။ ဒီနည်းလဲ ကောင်းတာဘဲ။ ပြေးမလွတ်ပါဘူး။

(၃) ဒေါ်စုနဲ့ NLD က ၂၀၁၀ ကို ပြတ်ပြတ် သားသား ကန့်ကွက်မယ်။ ၂၀၀၈ကို ပယ်ချမယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၀ အတွင်းမှာ ပွဲကြမ်းမယ်။

နအဖလဲ NLD ကို ဖျက်ရမယ်။ လူတွေအများကြီး ဖမ်းရမယ်၊ ထောင်တွေ ချရမယ်။ ကျွန်တော် အရင်ရေးသလို ညစ်တီးညစ်ပတ် Messy အလုပ်တွေ အများကြီးလုပ်ရမယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပါ့မယ် ဆိုနေပါမှ အတိုက်အခံ ပါတီကို ဖျက်ပြစ်ပြီး ပါတီဝင်တွေကိုဖမ်း ထောင်ချတဲ့ လူဖမ်းပွဲကြီး လုပ်ရမယ်။ NLD က ပါတီ သေးလေးတွေ ဖြစ်ကုန်မယ်။ နဂိုကမှ အားလုံး ပါဝင်ခွင့်မရရင် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံချင်ဘူးလို့ ကမ္ဘာက ပြောနေတာ။ နအဖ နာမည်ပျက်က သူ့သချိုင်း အုတ်ဂူထဲအထိ ပါသွားလိမ့်မယ်။ နအဖ အချင်းချင်းတောင် စကားတွေ များသွားနိုင်တယ်။ စစ်ခေါင်းဆောင် အသစ် တက်လာဘို့ မျှော်လင့်နိုင်တယ်။ ၀င်ပြိုင်တဲ့ ပါတီတွေလဲ မျက်နှာပူစရာကြီး၊ ဒါတွေကို လုပ်ပြီး နောက်တက်လာတဲ့ အစိုးရကတော့ ကမ္ဘာမှာ မျက်နှာ သိပ်ငယ်မယ်။ တိုင်းပြည်ကော နှစ်ဦးနှစ်ဘက်လုံးကော သိပ်နာမယ်။

ကျွန်တော်ကတော့ နည်းလမ်း (၁) ကို အကြိုက်ဆုံးဘဲ။ ဒေါ်စုလဲ ဒီနည်းကို မြင်မှာဘဲ၊ လုပ်တတ်မှာဘဲ။ လုပ်လိမ့်မယ်ထင်တယ်။ တိုင်းပြည်ကို ဒီအတိုင်း ဆုံးဖြတ်တဲ့ အကြောင်း ရှင်းရှင်း လင်းလင်း ချပြလိုက်ပါ။ တဘက်က ကြောက်ကန် ကန်နေပြီ ဆိုတော့ ပြည်သူ့ မျက်နှာ ထောက်ပြီး ဒီလို ဆုံးဖြတ်လို့ ဒေါ်စု ဂုဏ်ငယ်စရာ မရှိတော့ဘူး။ ပြည်သူကော ကမ္ဘာကပါ ကောင်းချီး ပေးလိမ့်မယ်။ နအဖနဲ့ ဒီချုပ် အကွဲအပြဲမှာ အခွင့်အရေး ချောင်းနေသူတွေ၊ လျှာစောင်း တိုက်မဲ့သူတွေ ကိုတော့ သတိပြုရမယ်။

နအဖ လွှတ်လိုက်တဲ့ ဖုတ်သွင်းရထား အိမ်ရှေ့ ဆိုက်လာလို့ ရွေးစရာလမ်း မရှိလို့ တက်စီး ရတယ်လို့ သဘောထားရမှာဘဲ။ ခေါင်းငုံ့နေတဲ့ ရထားမောင်းကို ပုခုံးပုတ် နှုတ်ဆက်ပြီး အသာတက်စီးလိုက်ရင် ပြီးပါတယ်။ Take me to the palace ပေါ့။

စဉ်းစားကြည့်တာပါ။ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ၀ိုင်းစဉ်းစားပေးကြပါဦး။

စေတနာဖြင့်။

ကိုဂျူး

Posted by ပိတောက်မြေ

Tuesday, March 16, 2010

NLD ၏ ၁၉၉ဝ ရွေးကောက်ပွဲ သင်ခန်းစာများ

Monday, 26 October 2009 00:00 ကေလတ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၈၈ ခုနှစ် ဩဂုတ်လ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်းမှ ပေါက်ဖွား လာသည်။ မူလဖွဲ့စည်းစဉ်က ရည်ရွယ်ချက်မှာ အာဏာသိမ်းမှုကြောင့် ကစင့်ကလျား ဖြစ်သွားကြသော
အင်အားစုများကို ပြန်လည် စုစည်း၍ ဒီမိုကရေစီ လှုပ်ရှားမှု၏ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းရေး ဖြစ်သည်။

စစ်တပ်က ၁၉၈၈ ခုနှစ် ဩဂုတ်လ ၁၈ ရက် နေ့တွင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီး ရက်အနည်းငယ် အကြာ၌ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဌာန်းခဲ့သည်။ NLD က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပေါ်ပေါက်လာသည်။

ဖွဲ့စည်းစ NLD တွင် အစုအဖွဲ့ သုံးဖွဲ့ ပါဝင်သည်။ ဗိုလ်မှူးချုပ်အောင်ကြီး ဦးဆောင်သော နိုင်ငံရေးသမား ဟောင်းကြီးများ နှင့် သံတမန်ဟောင်းများ ပါဝင်သော အစုအဖွဲ့၊ ဦးတင်ဦး ခေါင်းဆောင်သော မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော တတ်သိပညာရှင်များအဖွဲ့တို့ ဖြစ်သည်။

NLD ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည်။ အစုအဖွဲ့ တခုစီမှ ၄ ဦးစီ ပါဝင်ပြီး ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦးတင်ဦးက ဒုဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူး ဖြစ်သည်။

NLD၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင် ဖော်ပြထားသော ရည်ရွယ်ချက်မှာ အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်လာစေရေး ဖြစ်သည်။ ရွေးကောက်ပွဲဝင်ရန် ဖော်ပြထားခြင်း မရှိပါ။

သို့သော် အဖွဲ့ချုပ်သည် အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီသော စစ်မှန်သော ဒီမိုကရေစီ အစိုးရ အကောင်အထည် ဖော်နိုင်ရန်အတွက် လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်စေမည့် အခြေအနေများ ဖန်တီးပေးရန် လုပ်ငန်းစဉ် ချမှတ်ခဲ့သည်။

အစုအဖွဲ့ သုံးခုအကြားရှိ ညီညွတ်ရေးမှာ ကြာရှည်မခံခဲ့ပါ။ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ အစုအဖွဲ့မှ ခေါင်းဆောင် ၈ ဦးကို ကွန်မြူနစ် သို့မဟုတ် ကွန်မြူနစ်လိုလားသူများဟု စွပ်စွဲခဲ့သည်။ ထိုအရေးကို ဆွေးနွေးရန် ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာလတွင် ခေါ်ယူခဲ့သည်။ ဦးအောင်ကြီး အစုအဖွဲ့က ရှုံးနိမ့်သွားသည်။ ကြိုတင်သဘောတူညီချက် အရ ဦးကြည်မောင်မှ လွဲ၍ ဦးအောင်ကြီး အစုအဖွဲ့ဝင် အားလုံးကို အဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့သည်။

ထိုအချိန်မှစတင်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လှုပ်ရှားမှုများတွင် NLD အဖွဲ့ဝင်များစွာ အဖမ်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိကကျသော ခေါင်းဆောင်များ အဖမ်းခံရပြီးသည့်နောက် NLD သည် တက်ကြွသော ခေါင်းဆောင်မှု မရှိရုံသာမက စစ်ထောက်လှမ်းရေးတို့၏ အချိန်ပြည့် စောင့်ကြည့်မှုများကြောင့် လှုပ်ရှားမှု ကင်းမဲ့သွားသည်။

၁၉၈၉ ခုနှစ် နှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အစုအဖွဲ့က တောင်းဆိုသဖြင့် ထိန်းသိမ်းခံနေရသော ခေါင်းဆောင်များ နေရာတွင် အစားထိုး၍ ခေါင်းဆောင်မှုအသစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ အစုအဖွဲ့နှစ်ခု အကြား အာဏာ ထိန်းညှိမှု လွန်ဆွဲပွဲများ ပေါ်ပေါက်ခဲ့သည်။

န-ဝ-တ က ၁၉၈၉ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ NLD သည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရေး ကိစ္စကို ဆုံးဖြတ်ရန် လိုအပ်လာသည်။ ထိုအချိန်၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင် အများအပြား အဖမ်းခံနေရပြီး ကျန်ခေါင်းဆောင်များလည်း စောင့်ကြည့်ခံနေရသည်။

NLD က ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် သင့်မသင့် အပြင်းအထန် ဆွေးနွေးမှုများ ပေါ်ပေါက်လာသည်။ တချို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင် အများအပြား ထိန်းသိမ်း ခံနေရပြီး ရွေးကောက်ပွဲ အတွက် လွတ်လပ်ပြီး တရားမျှတသော ပတ်ဝန်းကျင်တရပ် မရှိသည့် အချိန် ဖြစ်သောကြောင့် ရွေးကောက်ပွဲဝင်ရန် မသင့်သေးဟု ယူဆကြသည်။ တချို့က ရွေးကောက်ပွဲသာလျှင် ပြည်သူ လူထုနှင့် ပြန်လည် ထိတွေ့နိုင်သည့် တခုတည်းသော အခွင့်အလမ်း ဖြစ်သည်ဟု ယူဆကြသည်။ နောက်ဆုံး ၁၉၈၉၊ စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပသော ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် NLD က ရွေးကောက်ပွဲ ဝင်မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အများပြည်သူ ဖတ်ရှုရန် ထုတ်ဝေသော NLD မှတ်တမ်းလွှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ပါဝင်ပြီးချိန်မှ စ၍ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် သင့်မသင့် ဆွေးနွေး ငြင်းခုန်မှုများ ရပ်ဆိုင်းသွားသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည်၏စာတွင် “အထိမ်းသိမ်းခံနေရလျက်နှင့်ပင် မိမိ အဖွဲ့ချုပ်၏ ဒီမိုကရေစီ နည်းလမ်းအရ ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့်၎င်း၊ တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ကူညီ ဖြည့်စွက်လိုသောကြောင့်၎င်း၊ ဒီမိုကရေစီကို လိုလားသော ပြည်သူလူထုကြီး၏ ဇွဲသတ္တိကို ဂုဏ်ပြုသောအားဖြင့်၎င်း ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စီစစ် ရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာ၍၊ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုသူတဦး အဖြစ်၊ အမည်စာရင်း တင်သွင်းလိုက်ပါသည်” ဟု ဖော်ပြထားသည်။

နိုဝင်ဘာလတွင် စစ်အစိုးရ၏ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ၁၉၉ဝ၊ မေလ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

NLD အတွက် ပထမဆုံး အခက်အခဲမှာ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ဖြစ်သည်။ NLD ဌာနချုပ်က မဲဆန္ဒနယ် ၂ နယ် ရှိသော မြို့နယ်များ အနေဖြင့် မဲဆန္ဒနယ် တနယ်ကို ဗဟို သို့မဟုတ် ပြည်နယ်/တိုင်းများတွင် တာဝန်ယူနေကြသော ခေါင်းဆောင်များအတွက် ဖယ်ထားပေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ဗဟို ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကော်မတီက ထိုခေါင်းဆောင်များကို ချန်လှပ်ထားသော မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နေရာချပေးသည်။ သို့သော် မဲဆန္ဒနယ် ၂ နယ် ရှိသော တချို့မြို့နယ်များတွင် ဗဟိုက သတ်မှတ်၊ ချထားပေးသော ကိုယ်စားလှယ်လောင်းများကို မကြိုက်ကြဘဲ မိမိမြို့နယ်မှ ကိုယ်စားလှယ်လောင်းကိုသာ ရွေးချယ်လိုကြသောကြောင့် ပြဿနာ အများအပြား ပေါ်ပေါက်ခဲ့သည်။

ဒုတိယ အခက်အခဲမှာ ဘဏ္ဍာရေးဖြစ်သည်။ NLDက ဘဏ္ဍာရှာဖွေရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ရသည်။ ဘဏ္ဍာငွေရရှိရန် ပိုစတာများ၊ ပို့စကတ်များ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ပါသော အမှတ်တရ ပစ္စည်းများ၊ ကက်ဆက်တိပ်ခွေများ ရောင်းချခဲ့သည်။ မြို့နယ်တချို့တွင် ရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲများ ပြုလုပ်ပြီး မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ ကော်ဖီ နှင့် ရိုးရာမုန့်များ ရောင်းချ၍ ရန်ပုံငွေ ရှာဖွေခဲ့ရသည်။

၁၉၉ဝ ဖေဖော်ဝါရီလတွင် နအဖက နိုင်ငံရေးပါတီများကို စာရွက်စာတမ်းများ၊ လက်ကမ်းစာစောင်များ၊ စာအုပ်ငယ်များ ဖြန့်ဝေခြင်း၊ ဟောပြောစည်းရုံးခြင်း၊ ရေဒီယို နှင့် ရုပ်မြင်သံကြားတွင် စကားပြောခွင့်ပေးခြင်း စသည့် နည်းလမ်းသုံးမျိုးဖြင့် မဲဆွယ်စည်းရုံးခွင့် ပေးခဲ့သည်။ မဲဆွယ်စည်းရုံးဟောပြောရာတွင် အသုံးပြုသော စာစောင်များ၊ ရေးသားချက်များကို အာဏာပိုင်တို့ထံ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ယူကြရသည်။

၁၉၉ဝ မေလ ၂၇ ရက်နေ့တွင် မဲပေးခွင့်ရှိသူ သန်း ၂ဝ အနက် ၁၅ သန်းကျော် မဲပေးခဲ့ကြသည်။ မှတ်ပုံတင် ထားသည့်ပါတီ ၂၃၆ ပါတီ ရှိရာ ရွေးကောက်ပွဲတွင် ၉၃ ပါတီ ဝင်ရောက်ယှဉ် ပြိုင်ကြသည်။ ၂၇ ပါတီက အနည်းဆုံး တနေရာစီ အနိုင်ရကြသည်။ ထို၂၇ ပါတီအနက် ၁၉ ပါတီမှာ တိုင်းရင်းသားပါတီများ ဖြစ်ကြသည်။

NLD က ၄၄၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၉၂ နေရာတွင် အနိုင်ရသည်။ NLD၏ အဓိက ပြိုင်ဘက် ဖြစ်သော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ၁ဝ နေရာသာ အနိုင်ရသည်။ ဦးအောင်ကြီး ခေါင်းဆောင်သော ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီပါတီက တနေရာ အနိုင်ရသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု ခေါင်းဆောင်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့က မဲဆန္ဒနယ် ၃ဝ၉ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သော်လည်း၊ တနေရာမှ အနိုင်မခဲ့ပေ။

သို့သော်လည်း ရွေးကောက်ပွဲ၏ ရလဒ်မှာ ယနေ့အထိ အကောင်အထည် ပေါ်ခဲ့ခြင်း မရှိပါ။

ယခုတကြိမ် ရွေးကောက်ပွဲတွင် NLD ဝင်ရောက်ယှဉ်ပြိုင်ပြီး အများစုထပ်မံ အနိုင်ရလျှင် အာဏာပိုင်တို့က ရွေးကောက်ပွဲ၏ ရလဒ်ကို အကောင်အထည်ဖော်၊ အသိအမှတ်ပြုမည် မပြုမည်မှာ ပဟေဠိတခု ဖြစ်နေသည်။ ဤအခြေအနေတွင် NLD သည်လည်း အကျဉ်းအကျပ်ထဲတွင် ရောက်နေသည်။

မိန်းမသားပေမယ့် နိုင်ငံရေးမှာ အားမငယ်

Friday, 05 February 2010 00:00 နန်းခင်ထွေးမြင့်

ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ အမျိုးသမီးတွေ အင်နဲ့အားနဲ့ ပူးပေါင်းခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည် ကြောင့်ပဲ။ အမျိုးသမီး အဖွဲ့ဝင်တွေကို သူက လမ်းဖွင့်ပေး၊ ပြုစု ပျိုးထောင် ပေးတဲ့အတွက် အမြင်ကျယ်လာ ကြတယ်။ သူ့ရဲ့ခေါင်း ဆောင်မှု နောက်ကို ယုံကြည်မှုအပြည့်နဲ့ လိုက်ကြတယ်။

ကျမတို့က အမျိုးသား ခေါင်းဆောင် တွေကိုလည်း လေးစား ကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကိုတော့ လေးစားမှုအပြင် အားကျကြတာကို တွေ့ရတယ်။

ကျမ ပါဝင်လှုပ်ရှားနေတဲ့ NLD က တရားဝင် နိုင်ငံရေး အဖွဲ့ပဲ။ ဒါပေမယ့် ရုံးတွေ ပိတ်ထားရတယ်။ ဟိုတုန်းက ရုံးတွေ မပိတ်ရ သေးခင်ကလည်း အာဏာပိုင်တွေက တချိန်လုံး စောင့်ကြည့်နေတယ် ဆိုတော့ ကျမတို့က မြေအောက် လှုပ်ရှားမှုထဲမှာ ပါဝင် နေရသလိုပဲ ပုန်းလျှိုး ကွယ်လျှိုး လုပ်နေရတယ်။

တချို့လည်း တက်ကြွပေမယ့် ငြိမ်နေရတယ်။ ဥပမာ ကျမတို့ ကရင်ပြည်နယ်မှာ ထိုင်းနိုင်ငံဘက်ကို သွားပြီး အလုပ်လုပ်တဲ့သူတွေ အများကြီး ရှိတယ်။ ကိုယ့်မိသားစုထဲက တယောက် ယောက်က ထိုင်းနိုင်ငံမှာ သွားပြီး အလုပ် လုပ်နေတယ် ဆိုတာ ဒီဒေသမှာ အဆန်းမဟုတ်တော့ဘူး။ ဒါဟာ ဥပဒေနဲ့ မကင်းဘူး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ဖြစ်တယ်၊ ဖမ်းလို့ရတယ် ဆိုပြီး ခြိမ်းခြောက်တယ်။ တခြားနည်းနဲ့ ခြောက်လှန့် ထားတာတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်နေရတယ်။ တခြား ဒေသတွေမှာဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ဥပမာ စားဝတ်နေရေးကြောင့် ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ကင်းကွာနေသူတွေ ရှိတယ်။

ကျမကို လာပြီး စည်းရုံးတာ ရှိပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုကနေ ကင်းကင်းနေဖို့၊ စီးပွားရေးကိုပဲ လုပ်ဖို့ စည်းရုံးတယ်။ ကျမက စားဝတ်နေရေး အခက်အခဲ မရှိတော့ ဖိအားတွေကို တင်းခံနိုင်တယ်။ ဒါပေမယ့် လူတိုင်းက ကိုယ်နဲ့ အခြေအနေ မတူဘူး။ သားသမီးတွေ များမယ်၊ စားဝတ်နေရေး ခက်ခဲမယ်ဆိုရင် သူတို့က တက်ကြွပေမယ့်လည်း စိတ်လျှော့လိုက်ရတာတွေ ရှိတယ်။

ဘယ်သူကမှ ကိုယ့်သားသမီးကို၊ ကိုယ့်မိသားစုကို၊ ကိုယ့်မိဘကို အငတ်မထားချင်ဘူး။ ဒီလို မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် လှုပ်ရှားမှုနဲ့ ကင်းကွာသွားကြတယ်။ နင်တို့က မလုပ်နိုင်ဘူးလားဆိုပြီး ဒီလို သွားပြောလို့လည်း မသင့်တော်ဘူး။ ဒီမိုကရေစီရေး လှုပ်ရှားမှုက ၂၁ နှစ်ကျော်လာပြီ ဆိုတော့ စားဝတ်နေရေး ပူပင်စရာမလိုတဲ့သူ၊ တင်းခံနိုင်တဲ့သူ တွေပဲ ဆက်ပြီး လှုပ်ရှားနေတာ တွေ့ရတယ်။

၂၁ နှစ်အတွင်း လှုပ်ရှားမှုမှာ ငွေကြေး၊ အခွင့်အရေး စသဖြင့် ဘာအကျိုးအမြတ်မှ မရှိဘဲ လုပ်ခဲ့ကြ လုပ်နေကြတဲ့သူတွေ အင်မတန် လေးစားဖို့ ကောင်းပါတယ်။ ဒီလို လှုပ်ရှားတဲ့နေရာမှာ ဆေးကုသခွင့် လိုင်စင်၊ ရှေ့နေလိုက်ခွင့် လိုင်စင် အသိမ်းခံရတဲ့ သူတွေ ရှိတယ်။ လုပ်ငန်းတွေ သိမ်းတယ်။ ဥပမာဆိုရင် မန္တလေးတိုင်းက ဒေါ်ဝင်းမြမြ ဆိုရင် လုပ်ငန်းတွေ အများကြီး အသိမ်းခံရ တယ်။ သိမ်းရုံတင် မဟုတ်ဘူး၊ ထောင်ထဲပါ ထည့်ပစ်တယ်။ ထောင်ထဲရောက်နေတဲ့သူတွေကိုလည်း ကျမတို့ မေ့ထားလို့ မရဘူး။ သူတို့လည်း ဒီ၂၁ နှစ်တာ လှုပ်ရှားမှုအတွင်းမှာ နည်းမျိုးစုံနဲ့ အဆက်မပြတ် ဟန့်တားတာကို ရင်ဆိုင်ပြီး အနစ်နာခံ လုပ်နေသူ တွေပါပဲ။

၂၁ နှစ်ကျော်တောင် လုပ်ခဲ့ပြီးပြီ မအောင်မြင်သေးဘူး။ ဒါကိုတောင် စိတ်ဓာတ်မကျသေးဘူးလား၊ ဆက်လုပ်ဦးမှာလား ဆိုပြီး မေးလာရင်တော့ မကျဘူးလို့ ဖြေရမယ်။ ကျမတို့ ၂၁ နှစ် ရုန်းကန်ခဲ့ရတာ အလဟဿ မဟုတ်ဘူး။ ၂၁ နှစ် ကုန်ခဲ့တာဟာ ဒီမိုကရေစီရဖို့ ၂၁ နှစ် နီးလာတာပေါ့။

သေချာ စဉ်းစားကြည့်ရင် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါမှ မဟုတ်ပါဘူး၊ ကင်းကွာနေရင်လည်း ကျမတို့ဟာ လုံခြုံစိတ်ချပြီလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး၊ မြို့ထဲမှာ၊ ရပ်ကွက်ထဲမှာ၊ ရုပ်ရှင်ရုံတွေမှာ ဖမ်းတယ် ဆိုတာတွေသတင်းတွေမှာ ကြားမှာပေါ့ ။ အဖမ်းခံရသူတွေဟာ ဘာပြစ်မှုမှကျူးလွန်တဲ့သူတွေမဟုတ်ဘူး။ လူကောင်းတွေ။ ကရင်ပြည်နယ်မှာ ပေါ်တာဆွဲတာကအရင်တုန်း ကတော့ အမျိုးသားတွေကိုပဲ ဆွဲတယ်။ အမျိုးသားတွေကိုမတွေ့ရင် အမျိုးသမီးတွေကိုလည်း ဆွဲတယ်။ အခုနောက်ပိုင်း အမျိုးသမီး တွေကို ပေါ်တာဆွဲတာကို အာဏာပိုင်တွေ ပိုပြီးစိတ်ဝင်စားလာပုံရတယ်။ အမြဲတွေ့နေရတာကတော့ လုပ်အားပေးခိုင်းတာပဲ။

ဒီ ၂၁ နှစ်အတွင်း အားရစရာ၊ အကောင်းမြင်စရာ ဘာရှိသလဲ ဆိုရင် တခုပဲ ရှိတယ်၊ အဲဒါကတော့ လူတွေဟာ ဒီဒုက္ခတွေကို ခါးစည်းခံနိုင်တယ် ဆိုတာပဲ။ ဘယ်လောက်ပဲ သေသေ၊ ဘယ်လောက်ပဲ ပေါ်တာတွေ ခေါ်ခေါ်၊ လုပ်အားပေး ဘယ်တော့ပဲ ခေါ်ခေါ် သွားရတာပဲ။ အလုပ်ပျက် အကိုင်ပျက် သွားရတာပဲ။ အာဏာပိုင်တွေ ရာဘာစိုက်တယ်၊ စပါးစိုက်တယ် ဆိုရင်လည်း ရွာကလူတွေ သွားစိုက်ပေးရတယ်၊ သူတို့စီမံကိန်းတွေမှာ အစစ အရာရာ သွားလုပ်ပေးရတယ်။ ရွာကလူတွေဟာ မြို့ကလူတွေထက် ပိုပြီး အနိုင်ကျင့်ခံရတယ်။ သိပ်သနားစရာကောင်းတယ်။

မြန်မာပြည်မှာ အကျဉ်းထောင်ထဲက ဖြစ်ရပ်တွေကနေ တိုင်းရင်းသား အရေးအထိ အနာဂတ်ကာလမှာ အချိန်အများကြီး ယူပြီး ဖြေရှင်းရမှာပါ။ တချိန်ချိန် အခြေအနေ ပေးလာတဲ့အခါ အရေးတကြီး ပြုပြင်ရမယ့်အထဲမှာ ပညာရေးကဏ္ဍဟာ ထိပ်ဆုံးမှာ ရှိပါလိမ့်မယ်။ လောလောဆယ်တော့ ပြုပြင်ဖို့ နေနေသာသာ ဒီမိုကရေစီက ဘယ်နားနေမှန်း မသိသေးဘူး။

၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးကောက်ခံရတဲ့ လူထုကိုယ်စားလှယ် ၄၀၀ ကျော်မှာ အမျိုးသမီးအရေအတွက်က ၁၅ ယောက်ပဲ ပါတယ် ဆိုပေမယ့် နည်းတယ်ဆိုပြီး ပြောလို့မရဘူး။ အဲဒီကာလတုန်းက ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးကို သိတာ မဟုတ်ဘူး။ ကျမက အဲဒီတုန်းက အသက် ၃၀ ကျော်ပဲ ရှိသေးတယ် ဆိုပေမယ့် မိသားစုကလည်း နိုင်ငံရေး အသိုင်းအဝိုင်းက ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးကို ကြားဖူးနားဝ ရှိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုတာကို လူတိုင်းက သိတာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အနှစ် ၃၀ နီးပါး တပါတီ စနစ်နဲ့ ကြီးပြင်းလာရတာလေ။

ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်၊ ဒီမိုကရေစီအလင်းရောင် တွေ့နေရပြီလို့ ပြောတာတွေတော့ ကြားရမှာပေါ့။ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အတွက်ရော၊ နိုင်ငံသားတွေအတွက်ပါ ကောင်းကျိုး ပေးမယ်လို့ မစားရ ၀ခမန်း ပြောတာတွေ ကြားရမှာပေါ့။ အခြေခံ ဥပဒေလည်း ပေါ်လာပြီလို့ ပြောကြတယ်။ တကယ်တော့ ရှေ့မှာ ဘာမှ မရှိဘူး။ အမှောင်ကြီးပဲ။ ဒါပေမယ့် ဘယ်လောက်ပဲ မှောင်နေပါစေ ကျမတို့က ယုံကြည်ချက် ပြင်းထန်လို့ လုပ်နေကြတာပဲ။

ကျမတယောက်တည်းရဲ့ သဘော ပြောရရင် လာမယ့် ရွေးကောက်ပွဲမှာ NLD ကို မဝင်စေချင်ဘူး။ အာဏာပိုင်တွေ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေက တဖက်သတ် ဆန်လွန်းတယ်။ ဒီအခြေခံဥပဒေကို ပြန်သုံးသပ်၊ ပြင်ဆင်ပြီးမှပဲ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးကို စဉ်းစားသင့်ပါတယ်။

၂၀၁၀ မှာတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့ အမျိုးသမီးအရေအတွက် ပိုများလိမ့်မယ်၊ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအသိ ပိုပြီး နိုးကြားလာမယ်၊ တက်ကြွလာမယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက် အခွင့်အရေးကတော့ ၁၉၉၀ ရွေးကောက်ပွဲထက် ပိုပြီး နည်းလိမ့်မယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၀၈ ခုနှစ်မှာအာဏာပိုင်တို့ ပြဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေက ၀င်မပြိုင်ဘဲနဲ့ လွှတ်တော်မှာ ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိပါလိမ့်မယ်။ ဒီလိုရသွား အောင် စီစဉ်ထား၊ ပြဌာန်းထားတာပါ။ ဒါကြောင့် ကျန်တဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအတွက်ပဲ အမျိုးသမီးတွေ က ပါဝင် အရွေးချယ်ခံနိုင်တယ် ဆိုတော့ အခွင့်အလမ်း အများကြီး နည်းသွားပြီ။

အမျိုးသမီးတွေအတွက် ထိခိုက် နစ်နာစေတဲ့ အချက်တခုကလည်း ဒီ အခြေခံ ဥပဒေမှာ သတ်မှတ်ထားသေးတယ်။ အဲဒါက နိုင်ငံတော်သမ္မတ ဆိုတဲ့ အခန်းမှာပါ။ နိုင်ငံတော် သမ္မတဟာ အမျိုးသမီးမဖြစ်ရဘူးလို့ မပြဌာန်းထားပါဘူး။ အဲဒီလို မပြဌာန်း ထားပေမယ့် သမ္မတဟာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ဆိုထားတယ်။ ဒီတော့ ရှင်းနေတာပဲ၊ အခြေခံဥပဒေအရ အမျိုးသမီးတွေ ဟာ သမ္မတ မဖြစ်နိုင်တော့ဘူး။

၁၉၉၀ အခြေအနေနဲ့ ၂၀၁၀ အခြေအနေနဲ့က ဘာမှ မဆိုင်ဘူး။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက လွတ်လပ်တယ်၊ တရားမျှတ တယ်လို့ ဆိုနိုင်တယ်။ လူထုကလည်း လိုလိုလားလား မဲပေးကြတယ်။ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာမျိုး မရှိခဲ့ဘူး။

အခုက အခြေအနေက ဘာမှ လွတ်လပ်မှု မရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်မယ်လို့လည်း ဘယ်သူကမှ အာမ မခံဘူး။ ၀င်ပြိုင်မယ့်သူကလည်း ယုံကြည်မှု အပြည့်အ၀ ရှိမှာ မဟုတ်ဘူး။

ကျမတို့ရဲ့ အဆုံးအစွန်သော ရည်ရွယ်ချက်ကလည်း ဒီမိုကရေစီ ရရှိဖို့ပဲ။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ တခု ပေါ်ပေါက်ရေး မဟုတ်ဘူး။ ရွေးကောက်ပွဲဆိုတာ ဒီလမ်းမှာ ရှိတဲ့ လှေခါးထစ်တခုပဲ ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လောလော ဆယ် စီစဉ်နေတယ် ဆိုတဲ့ ဒီရွေးကောက်ပွဲက ဒီမိုကရေစီစနစ်ဆီ သွားဖို့ အထောက်အကူပြုသလား၊ မပြုသလား ဆိုတာကတော့ အများကြီး မေးစရာ ရှိတယ်။

နန်းခင်ထွေးမြင့်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦး ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ရွေးကောက်ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

http://www.irrawaddy.org/bur/election/index.php?option=com_content&view=article&id=212:2010-03-12-07-03-22&catid=87:analysis&Itemid=300

စစ်အစိုးရကို ဒီမိုကရေစီသို့ တွန်းပို့ခြင်း

Monday, 28 December 2009 00:00 ကျော်စွာမိုး

မြန်မာ စစ်အစိုးရက ရှေ့နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အစီအစဉ်များကို ထုတ်ဖော် ကြေညာခြင်း မရှိသေး သော်လည်း ထို ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရား မျှတမှု ရှိမရှိ၊ ထိုသို့ ကျင်းပပေးရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ် စသည်တို့နှင့် ပတ်သက်၍ မေးခွန်းထုတ်ရတော့မည် ဖြစ်သည်။

ယခုအချိန်ထိ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သို့မည်ပုံ ကျင်းပမည်၊ မည်သည့် အချိန်တွင် ကျင်းပမည် စသည့် အသေးစိတ် အချက်အလက်များကို စစ်ဗိုလ်ချုပ်များက ထုတ်ပြန်ခြင်း မရှိသေးပါ။ ရွေးကောက်ပွဲ ကျင်းပမည့် ရက်စွဲနှင့် ပတ်သက်၍ အမျိုးမျိုး ခန့်မှန်းကြသော်လည်း ယခင်အတွေ့အကြုံများအရ ၂ဝ၁ဝ ပထမနှစ်ဝက်အတွင်း ကျင်းပနိုင်သည်ဟု ယူဆကြသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတို့ကို မေလတွင် ပြုလုပ်ခဲ့သောကြောင့် လာမည့် ရွေးကောက်ပွဲကိုလည်း မေလတွင် ကျင်းပဖွယ်ရှိသည်ဟု ယူဆနေကြသည်။ ထိုအချိန်တွင် စာသင်ကျောင်း အများစု ပိတ်ထားသဖြင့် မြန်မာအာဏာပိုင်များက ပြဿနာဖန်တီးသူများဟု ယူဆထားကြသည့် ကျောင်းသားများ လူစုကွဲနေချိန်လည်း ဖြစ်သည်။

နောက်ဆုံးတွင် ဆုံးဖြတ်ချက်များ ချမှတ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ သူ၏နည်းဗျူဟာနှင့် ပတ်သက်၍လည်း အမျိုးမျိုး ခန့်မှန်းနေကြသည်။ သို့သော် သူက လိုချင်သည့် ရလဒ် ထွက်ပေါ်လာရေးအတွက် ပြီးခဲ့သည့် ဆန္ဒခံယူပွဲကဲ့သို့ပင် ဤရွေးကောက်ပွဲတွင်လည်း လိမ်လည်လှည့်ဖျားမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ထိုအချိန်က အခြေခံဥပဒေ ဆန့်ကျင်သူများကို ဖမ်းဆီးနှောင့်ယှက်ခဲ့သည်။ စစ်အစိုးရ ဘက်တော်သားများကလည်း ထောက်ခံမဲများ ရရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။ ဆန္ဒခံယူပွဲအပြီးတွင် အခြေခံဥပဒေကို ထောက်ခံသူ ၉၂ ရာခိုင်နှုန်းကျော်ရှိသည် ဟူသော ရယ်စရာကောင်းသည့် ရလဒ် ထွက်ခဲ့လေသည်။

သို့သော်လည်း ရွေးကောက်ပွဲတွင်မူ ဆန္ဒခံယုပွဲကဲ့သို့ လိုချင်သည့် ရလဒ် ထွက်ပေါ်စေရေးအတွက် အလွယ်တကူ လိမ်လည် လှည့်ဖျားနိုင်မည် မဟုတ်။ စစ်အစိုးရက ၎င်း၏ အဓိကရန်သူဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အပြတ်ရှင်းရန် စိတ်ပိုင်းဖြတ်ပြီးသည့်အပြင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ဖြင့် ၎င်း၏ လုံခြုံရေးယန္တယား အတွင်းသို့ သွပ်သွင်းရန် ပြင်ဆင်နေခြင်းကြောင့် အခြေအနေများ ပို၍ ရှုပ်ထွေးလာဖွယ်ရှိသည်။

နိုင်ငံတကာက ထပ်မံ ဝေဖန်ရှုတ်ချခြင်း၊ ပြည်တွင်းစစ် ပြန်လည် စတင်ခြင်းတို့ မရှိဘဲ ဤရည်ရွယ်ချက်များ အောင်မြင်မည် မဟုတ်ပေ။ ရည်ရွယ်ချက်များ ပေါက်မြောက်စေရန်အတွက် ဗိုလ်ချုပ်မှူးကြီးသည် အနိုင်ကျင့် ဆောင်ရွက်ခြင်းများ၊ ရွေးကောက်ပွဲတွင် ကလိမ်ကျခြင်းများ သာမကပဲ အခြားသော နည်းနာများလည်း လိုအပ်မည် ဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီးက သူ၏ အဓိက အတိုက်အခံများ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အစိုးရ တို့ကို ဆွဲဆောင်နိုင်ခြင်း မရှိပါက ရွေးကောက်ပွဲသည် မြန်မာပြည်သူများနှင့် နိုင်ငံတကာအား လှည့်စားမှုအဖြစ် သမိုင်းတွင်ကျန်ရစ်မည် ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ အနှစ် ၂၀ ကြာလာပြီ ဖြစ်သော်လည်း စစ်အစိုးရ၏ အာဏာ ချုပ်ကိုင်ထားမှု အားလျော့သွားစေရန် လုပ်ဆောင်နိုင်မှုများ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ ပိတ်ဆို့အရေးယူခြင်းက အလုပ်မဖြစ်သကဲ့သို့ “အပြုသဘော ဆက်ဆံရေး” ကလည်း အလုပ်မဖြစ်ခဲ့ပါ။ လူထုအုံကြွ ဆန္ဒပြမှုများကလည်း ရက်စက်စွာ ချေမှုန်းခံရသည်။ စစ်တပ်က အင်အားကြီးထွားရန် တည်ဆောက်နေသဖြင့် လက်နက်ကိုင် တော်လှန်ရေးမှာလည်း အလားအလာ မကောင်းပါ။ တချိန်က မြန်မာပြည်သားတို့ မျှော်လင့်ခဲ့သည့် အမေရိကန်ဦးဆောင်သော ဝင်ရောက်တိုက်ခိုက်မှုမှာလည်း စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ခဲ့သည်။

ဤတွင် အတိုက်အခံများအဖို့ စစ်ခေါင်းဆောင်များနှင့် ထိတွေ့ ဆက်ဆံရုံမှတပါး အခြားနည်း မရှိတော့ပါ။ သို့သော်လည်း ထိုဆက်ဆံရေးမှာ မြန်မာ့သယံဇာတများကို မက်မောသည့် အိမ်နီးနားချင်း နိုင်ငံများ ကျင့်သုံးသည့် ဆက်ဆံရေးမျိုးနှင့်တော့ တူညီခြင်း မရှိပေ။

အမေရိကန်အစိုးရက ဤအခြေအနေကို သဘောပေါက်သဖြင့် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံရေး ဟူသော မူဝါဒအသစ်ကို စက်တင်ဘာလတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော် အမေရိကန်အစိုးရက မြန်မာပြည်အတွင်း နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုကိုသာ ရလဒ်အဖြစ် မျှော်လင့်ထားပုံရသည်။

အမေရိကန်အစိုးရ၏ မူဝါဒအသစ်ကို ကြေညာအပြီးတွင် မြန်မာစစ်ခေါင်းဆောင်များက တွေ့ဆုံ ဆွေးနွေးရန် စိတ်အား ထက်သန်နေကြသည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောဆိုခဲ့သည်။

“မြန်မာခေါင်းဆောင်တွေ အမေရိကန်အစိုးရနဲ့ ထိတွေ့ ဆက်ဆံဖို့ စိတ်ဝင်စားမှု ပြတာဟာ မှတ်မိသမျှတော့ ဒါ ပထမဆုံးအကြိမ်ပဲ” ဟု သူက ပြောသည်။ နိုဝင်ဘာလက သူ ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်သို့ သွားရောက်ပြီး စစ်ဗိုလ်ချုပ်များနှင့်ရော ဒီမိုကရေစီ အင်အားစုများနှင့်ပါ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်ရန် စစ်အစိုးရက ဆန္ဒရှိကြောင်း ထိုခရီးစဉ်က ပြသနေသည်။

မည်သို့မျှ အံ့ဩစရာမရှိပါ၊ စစ်အစိုးရ မတုန်မလှုပ်ဘဲ ဆက်လက် ခိုင်မြဲစွာ တည်ရှိနေခြင်းက ပိတ်ဆို့အရေးယူမှုများ မထိရောက်ကြောင်း သက်သေပြနေသည်။ သို့သော်လည်း အရေးယူမှုများ ပြန်လည် ရုတ်သိမ်းသွားစေလိုသည်မှာ ထင်ရှားနေသည်။ စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောစဉ် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အရေးယူမှုများကို ရှုတ်ချခဲ့ပြီး တရားမျှတမှု မရှိသဖြင့် ရပ်ဆိုင်းပါဟု တောင်းဆိုခဲ့သည်။

ထိုစဉ်အတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းကြောင်းပြောင်းရန် အချိန်တန်ပြီဖြစ်ကြောင်း သဘောပေါက် နားလည်လာခဲ့သည်။ အမေရိကန်၏ မူဝါဒအသစ်ကို ထုတ်ဖော် ကြေညာခြင်း မပြုမီကပင် ဗိုလ်ချုပ်မှူးကြီးထံ ပုဂ္ဂိုလ်ရေး စာတစောင် ရေး၍ စစ်အစိုးရနှင့်ရော နိုင်ငံခြားသံတမန်များနှင့်ပါ တွေ့ဆုံပြီး ဒဏ်ခတ်ပိတ်ဆို့မှုများအကြောင်း ဆွေးနွေးလိုသည်ဟု မေတ္တာရပ်ခံခဲ့သည်။ ဗိုလ်သန်းရွှေက အမြန်ဆုံး လိုက်လျောခဲ့ပြီး ဆက်ဆံရေး ဝန်ကြီးဦးအောင်ကြည်နှင့် နှစ်ကြိမ်၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ တို့မှ သံတမန်များနှင့် တကြိမ် တွေ့ခွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဥရောပသံတမန် ၂၀ ခန့်ကိုလည်း NLD ခေါင်းဆောင်များနှင့် တွေ့ခွင့်ပြုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး၏ အလျင်အမြန် တုံ့ပြန်ချက်များကို လေ့လာကြည့်ပါက ပိတ်ဆို့အရေးယူခြင်းသည် အပြောင်းအလဲများ မဖြစ်စေသော်လည်း အပေးအယူလုပ်ရန်အတွက်မူ သင့်လျော်သည့်လက်နက် ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် စစ်အစိုးရထံမှ မည်သည့် လိုက်လျောမှုမှ မရမီ ဒဏ်ခတ်မှုများ မရုပ်သိမ်းမိရေးမှာ အရေးကြီးပေသည်။ ဤအချက်သည် ထိတွေ့ဆက်ဆံရေးမူဝါဒ မည်မျှ အလုပ်ဖြစ်သည် ဟူသည့် အချက်နှင့် ပတ်သက်၍ အဆုံးဖြတ်ပေးမည့် အရေးကြီးသော အချက်ဖြစ်သည်။

ယခု စစ်ဗိုလ်ချုပ်များ ဘာလိုချင်သည်ကို သိရှိနေပြီဖြစ်သည်။ အပြန်အလှန်အားဖြင့် သူတို့က မည်သည့်အရာများ ပြန်လည် ပေးအပ်လိုသည် ဆိုသည်ကို မေးမြန်းရန်သာ ကျန်တော့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ရွေးကောက်ပွဲမတိုင်မီ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပွင့်လင်းပြီး လွတ်လပ် မျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရန် အာမခံရေး စသည့် နိုင်ငံတကာ နှင့် ဒီမိုကရေစီ အင်အားစုများ၏ တောင်းဆိုချက်များကို လိုက်လျောမည့်ပုံ မပေါ်ပါ။

အမေရိကန်အစိုးရက အပြောင်းအလဲအတွက် ဆောင်ရွက်နိုင်မည် ဆိုပါက ပိတ်ဆို့ အရေးယူမှုများ ရပ်ဆိုင်းခြင်းကို စစ်အစိုးရက ၎င်းတို့၏ လမ်းကြောင်း ပြောင်းလဲရန် မက်လုံးအနေဖြင့် အသုံးချရန် လိုအပ်ပြီး ထိုအပြောင်းအလဲကို အကောင်အထည် ဖော်ရန် တိကျသော အချိန်ကာလ သတ်မှတ်ချက်လည်း လိုအပ်မည်ဖြစ်သည်။ စစ်အစိုးရက တချိန်တွင် တောင်းဆိုချက် တခုကိုသာ လိုက်လျောနိုင်သောကြောင့် ဦးစားပေး အစီအစဉ်များကိုလည်း သတ်မှတ်ထားရန် လိုအပ်မည် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေးတို့ကို နိုင်ငံတကာက အများဆုံး ပြောဆိုကြောင်း တွေ့ရသည်။ သို့သော် အခြေခံဥပဒေပြင်ဆင်ရေးသည်လည်း ဦးစားပေးအစီအစဉ်တရပ် အဖြစ်ထား ရှိရန် ခိုင်လုံသော အကြောင်းပြချက် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်သော်လည်း အချိန်မရွေး ပြန်ဖမ်းနိုင်သကဲ့သို့ ရွေးကောက်ပွဲက မည်မျှပင် လွတ်လပ်၍ တရားမျှတသည်ဖြစ်စေ ဒီမိုကရေစီ စနစ်ကို အာမခံနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

“လွတ်လပ်ခြင်း၏ အနာဂတ် - ပြည်တွင်းနှင့် နိုင်ငံခြားရှိ လစ်ဘရယ်မကျသော ဒီမိုကရေစီ” ဟူသော စာအုပ်တွင် စာရေးဆရာ
ဖာရိ ဇာကာရိုင်ယာ (Fareed Zakaria) က “အနောက်နိုင်ငံသားများအဖို့ ဒီမိုကရေစီဆိုသည်မှာ လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေး စနစ်တခုကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများဖြင့်သာ သတ်မှတ်၍မရ၊ တရားဥပဒေ စိုးမိုးရေး၊ အာဏာ ခွဲဝေရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ ပစ္စည်း ဥစ္စာပိုင်ဆိုင်ခွင့် စသော အခြေခံ အခွင့်အရေးများ အကာအကွယ်ရှိခြင်းတို့နှင့်လည်း သတ်မှတ်ရသည်။ သို့သော် 'အခြေခံ ဥပဒေအရ သတ်မှတ်ထားသော လစ်ဘရယ်ဝါဒ' ဟု ဝေါဟာရ ပြုထားသော ဤ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များသည် ဒီမိုကရေစီနှင့် အခြေခံအားဖြင့် မည်သို့မျှ မသက်ဆိုင်ပေ။ အနောက်နိုင်ငံများ၌ပင် ၎င်းနှစ်ခုမှာ သဟဇာတ ဖြစ်လေ့မရှိပါ” ဟု ရေးသားထားသည်။

အများစုက အခြေခံဥပဒေတွင် ပြဌာန်းထားသော လွှတ်တော်တွင် စစ်တပ်အတွက် သီးခြား သတ်မှတ်ထားသည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကိစ္စကိုသာ ဖော်ပြကြသည်။ သို့သော်လည်း စစ်တပ်၊ နိုင်ငံတော်၊ နိုင်ငံသားများအကြား လုပ်ပိုင်ခွင့် အာဏာကို ခွဲခြား သတ်မှတ်ထားသည့် အမေရိကန်ပုံစံ လူ့အခွင့်အရေး ကြေညာစာတမ်းမျိုး ကင်းမဲ့နေခြင်းသည်လည်း အရေးကြီးသောအချက် ဖြစ်သည်။ “ဥပဒေအရ သတ်မှတ်ထားခြင်းမရှိလျှင် မည်သည့် စစ်သားမဆို ငြိမ်းချမ်းသည့် အချိန် သို့မဟုတ် စစ်ဖြစ်နေသည့်အချိန်၌ လူနေအိမ်များတွင် အိမ်ရှင်၏သဘော တူညီချက်မပါဘဲ နေထိုင်နိုင်ခွင့်မရှိ” ဟု အမေရိကန် ပြည်ထောင်စု၏ အခြေခံဥပဒေ တတိယ ပြင်ဆင်ချက်တွင် ဖော်ပြထားသည့်အချက်မှာ အကောင်းဆုံး ဥပမာ ဖြစ်သည်။

ဤသို့ ကြီးမား လေးနက်သော မညီမျှမှုများကြောင့်ပင် NLD ခေါင်းဆောင်သော ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ တိုင်းရင်းသား အင်အားစုများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစုတို့က အခြေခံဥပဒေ ပြင်ဆင်ရန် တောင်းဆိုထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲများ မတိုင်မီ အခြေခံ ဥပဒေကို ထိထိ ရောက်ရောက် ပြင်ဆင်ခြင်းမရှိပါက ရှေ့နှစ်ပိုင်းများအတွင်း အဓိပ္ပာယ်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်နိုင်ခြေမရှိ ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးက ဤအချက်ကိုပင် လိုက်လျောမှု မပေးရန် ဆုံးဖြတ်ထားဖွယ်ရှိသည်။

သူက နေပြည်တော်တွင် ပြုလုပ်သည့် အောက်တိုဘာလ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံတွင် “အခြေခံဥပဒေကို ပြည်သူလူထု အများစုက အတည်ပြုထားခြင်း ဖြစ်ကြောင်း၊ ဤ အခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပသွားမည် ဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။ အမေရိကန်တို့နှင့် စကားပြောပွဲများ စတင်ပြီး မကြာခင်မှာပင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဤအဆင့်တွင် ဗိုလ်ချုပ်မှူးကြီး လမ်းကြောင်း ပြောင်းလဲသွားစေရေး ပြုလုပ်ရန် လွယ်ကူမည် မဟုတ်ပါ။ သို့သော် အတိုက်အခံ အဖွဲ့များ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရှိစေရန် တွန်းအားပေးနိုင်သော အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ မတိုင်မီ လွတ်မြောက်လာခြင်း သို့မဟုတ် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိလျှင်ပင် စစ်အစိုးရနှင့် ပြုလုပ်သည့် ပိတ်ဆို့ အရေးယူမှုများ အဆုံးသတ်ရေးဆိုင်ရာ ဆွေးနွေးပွဲများမှတဆင့် နိုင်ငံရေး ဖြစ်စဉ်များကို သြဇာလွှမ်းမိုးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံရန် ပြင်ဆင်ထား သင့်သည်။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာသည့် ဗိုလ်ချုပ်ကြီးများကို ညှိနှိုင်းနိုင်သည့်အဆင့် ရောက်ရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။ ။

http://www.irrawaddy.org/bur/election/index.php?option=com_content&view=article&id=223:2010-03-15-04-28-34&catid=87:analysis&Itemid=300

ရွေးကောက်ပွဲ အတုအစစ် သတိပြုတော်မူကြပါရန်

Friday, 12 March 2010 06:57 ဒေါက်တာ ဇာနည်

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲလုပ်ဖို့ ကတိခံထားတဲ့ ရွေးကောက်ပွဲ ဆိုတာကြီးက ပြောစရာကြီးတခု ဖြစ်နေပါ ပကော။ စစ်အစိုးရနဲ့ အတိုက်အခံ နှစ်ဘက်လုံး အတွက် မရေမရာ ထွေတလာတွေ ရှိလှတဲ့ ဒီရွေးကောက်ပွဲ ဝင်ရေး လမ်းကြောင်းကြီးကို သမိုင်းအတိတ် မေ့ရောဂါလို့ပဲ နာမည်သစ် ပေးချင်လှပါရဲ့။ သမိုင်းအသိ ခေါင်းပါးလှသူတွေ အတွက်တော့ သမိုင်းဘီးကြီး ထပ်တလဲလဲ လည်တတ်တယ်ဆိုတဲ့ ဆိုရိုးဟောင်းပဲ ပြောနေရပါဦး မယ်။

စပြောရရင်တော့ လွန်ခဲ့တဲ့ ၇ နှစ်က ဒီပဲယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို ချောင်းမြောင်း တိုက်ခိုက်လို့ မအောင်မြင်ခဲ့တဲ့ အာဏာရ နအဖ အစိုးရဟာ နိုင်ငံရေးနည်းနဲ့ NLD ကို အလဲထိုးဖို့ ကြံစည်နေခြင်း ပါပဲ။

စစ်အစိုးရလက်သုံး “ဒီမိုကရေစီ လမ်းပြမြေပုံ”မှာလဲ ပြည်တွင်း နိုင်ငံရေးဖိနှိပ်မှုဆိုတဲ့ လမ်းဟောင်းကြီးကနေ သွေဖီလို့ မရသေးပါဘူး။ နိုဝင်ဘာလထဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကနေ မြန်မာစစ်အစိုးရရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင်မှု၊ စုံစမ်းလို့မရတဲ့ ဖမ်းဆီးပျောက်ဆုံးမှု၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခြင်း စတဲ့ ကျူးလွန်စော်ကားမှုတွေ၊ လူမဆန် ကြမ်းကြုတ်တဲ့ ညှဉ်းပန်းစစ်ဆေးမှု စတဲ့စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ပြစ်တင် ရှုတ်ချခဲ့ပါပြီ။

ဒီနှစ်ထဲ ကျင်းပမယ်ဆိုပြီး ကတိပေးထားတဲ့ ရွေးကောက်ပွဲတွေမလာခင် လပိုင်းအလိုမှာတောင် လိုအပ်ချက် တွေ တပုံတခေါင်းနဲ့ နိုင်ငံရေး၊ စီးပွားလူမှုရေးဆိုတာတွေမှာ ပြုပြင်ပြောင်းလဲရေးလုပ်မယ့် အရိပ်အယောင် စစ်စစ် ကို မမြင်ရသေးပါဘူး။ လမ်းပြမြေပုံအတိုင်း ဆက်လျှောက်လို့က ပြည်သူတွေ တောင့်တနေတဲ့ လစ်ဘရယ် အိပ်မက်တွေဝေးလို့ မြန်မာပြည်ကို “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ” တည်ဆောက်ရေး ဆိုတဲ့ စစ်အစိုးရ ကိုယ်တိုင် ကြေညာထားတဲ့ ဦးတည်ချက်ကိုတောင် ရောက်ဖို့လမ်း မရှိပါ။

တကယ်တမ်း စစ်ဗိုလ်ချုပ်များရဲ့ အနှစ် ၅၀နီးပါး လက်ထက်တော်ကြီးအတွင်း စီးပွားရေး၊ လူမျိုးစုများအရေး နဲ့ နိုင်ငံရေး ခေါင်းဆောင်မှုအပိုင်းတွေမှာ ပေးထားတဲ့ ကတိတွေ ဘာတခုမှ ဖြစ်မလာဘဲ အတက်မရှိ ကျ သည်ချည်းမို့ ဆိုတာလို ဖွတ်သထက်ညစ်လာတာမို့ “ကျုပ်တို့ပြည်သူတွေ” ဘဝကတော့ သူတို့လက်ချက် လူဆင်းရဲစက်ထဲမှာ ထောင်းလမောင်းကို ကျေလို့နေပါပြီ။

ကျုပ်တို့ဖြတ်သန်းခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အာဏာရှင်ခေတ် ၂၆ နှစ်တုန်းကလည်း “တပါတီအာဏာရှင်ပုံစံ” ဖြစ်မသွားရအောင် ရေးဆွဲထားတာပါလို့ ဗိုလ်ချုပ်ကြီး ကိုယ်တိုင် အာမခံခဲ့တဲ့ ဆိုရှယ်လစ်အခြေခံဥပဒေကို ၁၉၇၃ က မဲဆန္ဒရှင် ၉၂ ရာခိုင်နှုန်းက တခဲနက် ထောက်ခံပါတယ်ဆိုတဲ့ ဆန္ဒခံယူပွဲအတုအယောင်ကြီးနဲ့ အတည်ပြုလိုက်ကြပါသေးတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှုကို ခံယူပြီး“ဆိုရှယ်လစ်ဒီမိုကရေစီ” ရွေးကောက်ပွဲဆိုတာတွေ မှာလဲ ကျုပ်တို့ ဝင်မဲပေးခဲ့ကြရသေးပါသော်ကော။

ပြည်သူ့လွှတ်တော်ကြီး ခေါ်ယူလိုက်တဲ့အခါမှာတော့ တိုင်းရင်းသားစုံ လူမှုအလွှာစုံက လွှတ်တော် ကိုယ်စားလှယ်တွေဟာ ထထကြွကြွနဲ့ ဆွေးနွေးငြင်းခုံဖို့ဝေးစွ၊ ဦးနေဝင်း မိန့်ခွန်းပြောနေတုန်း “တပိုတပါး” ထသွားဖို့တောင် မဝံ့ကြတာ တွေ့ရတော့ ကျုပ်တို့ ပိုပြီး ဓာတ်ပျက်ကုန်တာပေါ့။

ခုတလော လွှတ်တော်ထဲမှာ “နေရာ”ကို ချဲ့ယူမယ်ဆိုတဲ့ မြန်မာ့ရေးရာ ပုရောဟိတ်များနဲ့ “လက်တွေ့အလုပ်ဖြစ်ရေး” ၀ါဒီ ရှေ့နေရှေ့ရပ်များရဲ့ အသံတွေကို ကြားတိုင်း လွှတ်တော်ခန်းမထဲမှာ စီတန်းထိုင်နေကြတဲ့ ပိုးလုံချည်ဝတ် အမတ်မင်းများ ဥက္ကဋ္ဌကြီး ဦးနေဝင်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”ရဲ့ ဂုဏ်ရည်တွေ အောင်မြင်မှုတွေကို မိန့်ခွန်းချွေနေတာကို စက်ရုပ်လို ခေါင်းတညိတ်ညိတ်နဲ့ တောင့်တောင့်ကြီး ထိုင်နားထောင်နေကြတာကိုပဲ မျက်စိထဲပေါ်လာပါတယ်။

၂၀၁၀အလွန်ခေတ်က ပြည်သူ့လွှတ်တော်မှာလဲ စစ်ဗိုလ်ချုပ်တွေလုပ်တဲ့ ရွေးကောက်ပွဲက တက်လာမယ့် ဒီမိုကရက် အမတ်တွေဟာ ဒီ “နေရာ”ထဲကရော အပြင်မှာပါ ပြည်သူတွေအတွက် ဘာမှ ဦးဆောင်တိုက်ပွဲ ဝင်မယ့်ပုံ မမြင်ပါဘူး။ ပန်းမွေ့ရာ ရွှေကော်ဇောမှာ ရောနှောလို့ထိုင်ဆိုတဲ့ လူစားတွေများပါလိမ့်မယ်။ နအဖရဲ့ “စည်းကမ်းပြည့်ဝသော” ဒီမိုကရေစီမှာ ဇတ်ဇတ်ကြဲ နိုင်ငံရေးသမားမျိုးတွေ မပါနိုင်အောင် ထောင်ထဲ ဆက်ထည့်ထားခြင်း၊ အကျယ်ချုပ်ချခြင်း သို့မဟုတ် ပြည်ပြေးဘဝရောက်အောင် လုပ်ခြင်း၊ ဝင်အရွေးမခံနိုင်အောင် တားမြစ်ခြင်း၊ အနိုင်ရခဲ့ရင်တောင် ဥပဒေကြောင်းအရ ပယ်ဖျက်ပစ်ခြင်းစတဲ့ ကူလီ ကူမာ နည်းမျိုးစုံနဲ့ ပေါင်းသင် ဖယ်ရှားပစ်ပါလိမ့်မယ်။

“အရပ်သားပုံစံ စစ်အစိုးရ” နဲ့ စစ်တပ်ကဖန်တီးတဲ့ “ဆိုရှယ်လစ် ဒီမိုကရေစီ” ဆိုတာတွေကို ဖြတ်သန်းခဲ့ရလို့များ ကျနော် စိတ်အနာတရ ဖြစ်နေ သလား။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ “ဆိုရှယ်လစ် ဒီမိုကရေစီ”ခေတ်ကြီးမှာ စစ်အစိုးရကို “အရပ်ဝတ်လဲခြင်း” နဲ့ အစိုးရယန္တရားကြီးကို စစ်ပုံစံသွင်းပစ်ခြင်းဆိုတာတွေ ကျနော်တို့ တွေ့မြင်လာခဲ့ရတာပါ။

ဒါ ဘာလဲဆိုတော့ တတိုင်းပြည်လုံးကို အုပ်စီးထားမဟဲ့ဆိုတဲ့ ဧရာမ ရည်မှန်းချက်ကြီးနဲ့ အစိုးရ ရုံးတွေမှာ ထောင်နဲ့ချီတဲ့ စစ်ဗိုလ်ဟောင်းတွေနဲ့ ထမ်းဆောင်ဆဲ စစ်အရာရှိတွေကို ဆွဲခန့်ပစ်တာကို ဆိုလိုတာပါ။ ဒီလူအများစုဟာ အစိုးရရုံး လုပ်ထုံးဆောင်တာကို အပါးမဝတဲ့အပြင် စီမံခန့်ခွဲနိုင်တဲ့ အစွမ်းအစ၊ စိတ်နေသဘောထားတွေနဲ့လည်း မပြည့်ဝကြပါဘူး။

ကချော်ကချွတ်နဲ့ လည်ပတ်လာခဲ့တဲ့ စစ်အစိုးရယန္တရားဟာ မဆလတပါတီစံနစ် ပြိုလဲပြီးသွားတာတောင် ဆက် သက်ဆိုးရှည်နေတုန်းပါ။ ဘာအပြောင်းအလဲပဲ လုပ်လုပ်၊ အမြင်မှန်တဲ့နိုင်ငံရေးခေါင်းဆောင်ပိုင်းရယ် သူတို့ ညွှန်ကြားသမျှ စွမ်းဆောင်နိုင်တဲ့ စံချိန်မီ အစိုးရယန္တရားရယ် ရှိထားမှ အောင်မြင်ပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” စနစ်မှာ ခေတ်မီ ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်း တည်တံ့နိုင်အောင် ဒါမှမဟုတ် စီးပွားရေးဖွံ့ဖြိုးလာအောင် စစ်နိုင်ငံတော်ကြီးကို ဘယ်ပုံဘယ်နည်း အသွင် ပြောင်း ပစ်မယ်ဆိုတဲ့ အစီအစဉ်တခုတလေများ ပါမလား မျှော်မိပါတယ်၊ ခုထိတော့ ဘာအစအနမှ မမြင်ရ သေးပါ။

အခုတော့လည်း အမေရိကန်နဲ့ ဗြိတိန်တို့က လမ်းပြမြေပုံရဲ့ နောက်ဆုံးအဆင့် ရွေးကောက်ပွဲဟာ “လွတ်လပ် မျှတပြီး အားလုံးပါဝင်နိုင်တယ်” ဆိုရင် “နေပြည်တော်”က စည်းချက်နဲ့အညီ ကလိုကြောင်း လူသိရှင်ကြား ပြောလာပါပြီ။ စစ်အစိုးရကတော့ ဒီမိုကရေစီခရီးကို ပဲ့ကိုင်မယ်ဆိုပြီး “ကလိမ်ကကျစ်”ကျဦးမှာကတော့ မပြောမရှိကြပါနဲ့။

အမေရိကန်အစိုးရရဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး စီမံချက်မှာတော့ “ပွင့်လင်းပြီး တရားမျှတတဲ့ နိုင်ငံရေး အင်အားစုအားလုံး ယှဉ်ပြိုင်ခွင့်ရှိတဲ့” ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာရင် လူမှုဖွံ့ဖြိုးရေးအကူအညီတွေ ဒေါ်လာတွေ များများကြီးပေးမယ်၊ မြန်မာပြည် စစ်အစိုးရ ကို “တကိုယ်တော်” ဂူအောင်း ဘဝကနေ လွတ်မြောက်စေမယ် စသဖြင့် ပိတ်ဆို့မှုတွေ လျော့ကျသွားပြီး တရုတ်ရဲ့သြဇာကို မဲတင်းပေးတဲ့ တွန်းအား ပေးချက်တွေ ပါပါတယ်။ သို့သော် အရန်စီမံချက်တော့ ရှိပုံမပေါ်ပါ။

၂၀၁၀ ရွေးကောက်ပွဲတွေမှာ “မျှတတာတွေ သန့်ရှင်းတာတွေ အကုန်လုံး ဝင်ပြိုင်တာတွေ” ဘာမှဖြစ်မလာ ဘူးဆို အတိုက်အခံအင်အားစုတွေကို ထောက်ခံပေးနေတဲ့ အနောက်နိုင်ငံတွေ ဘယ့်နှယ်လုပ်ပ။

ရွေးကောက်ပွဲသံတွေ ညံလာချိန်မတော့ အရင်ရွေးကောက်ပွဲမှာ နိုင်တုန်းက ဒီဗိုလ်ချုပ်ကြီးတွေ လျစ်လျူရှု တာပဲ ခံထားရဘူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တက်ရပိမ့်လော ဆုတ်ပိမ့်လောဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ အနေအထား ရောက်နေပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ဒါမှ မဟုတ် သူတို့လက်ခွဲပါတီတွေပဲ ဝင်ပြိုင်စေကာမူ နေရာအတော်များများမှာ ဝင်ပြိုင်လို့မရအောင်ကို ဗိုလ်ချုပ်ကြီးများက စီရင်ပြီးသားပါ။ ပြည်လုံးကျွတ် နောက်တခါ ထပ်နိုင်ဖို့ ဆိုတာကတော့ ဝေးလှပါတယ်။

ဗမာပြည်အရေး တိုးတက်စရာရှိဦးမလားဆိုပြီး ဒီမိုကရေစီစော်မနံတဲ့ အခြေခံဥပဒေကြီး နံဘေးချိတ်၊ အဓိက ထောက်ခံမှုရထားတဲ့ အတိုက်အခံပါတီနဲ့ ခေါင်းဆောင်ကိုပဲ ဝိုင်းမှုမနေဘဲ ဘေးဘီကြည့်ကြပါဦးစို့ရဲ့။

ဒီမိုကရေစီလမ်းကြောင်းကို ကူးပြောင်းဖို့အရေး စစ်အစိုးရဘက်က တခြားဘာများ မယ်မယ်ရရပြင်ဆင် ထားပြီးတုန်း ကြည့်မိပါတယ်။

နမူနာပြောရရင် စာနယ်ဇင်းနဲ့ တခြားမီဒီယာတွေမှာ အင်တာနက်မှာ ချုပ်ချယ်ဖြတ်တောက်မှုတွေကို စလွှတ်ပေး နေပြီလား။ အစိုးရမူဝါဒနဲ့ ဦးဆောင်မှုဘက်မှာ ယိုယွင်းကျဆုံးနေတာတွေကို လူထုကြားချ ဝေဖန်ခွင့်တွေ ရနေပြီ လား။ တည်ဆဲပါတီတွေ ပြန်လည်စည်းရုံးခွင့် ပြည့်ပြည့်ဝဝ ရကြပြီလား။ လူမျိုးစုအတိုက်အခံတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတဲ့အသံတွေ ထွက်လာပြီလား။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအားလုံး မဲဆွယ်ထွက်ဖို့ နိုင်ငံပိုင် ပစ္စည်းတွေကို တန်းတူညီတူသုံးခွင့်၊ အစိုးရပိုင် သတင်းဌာနတွေမှာ သာတူညီမျှ ပြောရေးဆိုခွင့်တွေ ရကြပြီလား။ ကဲ နောက်ဆုံး မြန်မာပြည်သူတွေကို မဲပေးခွင့်နဲ့ ပတ်သက်ပြီး ပညာပေးနှိုးဆော်မှုတွေ ရှိလာပြီလား။ ပြီးတော့ ဒီမိုကရေစီတိုင်းပြည် ဖြစ်ခါနီးမှာ လူတွေ အခြေခံနိုင်ငံသားအခွင့် အရေး ဘာတွေများ ရနေကြပြီလဲဆိုတာ တွေ့မိကြပါရဲ့လား။

ပြောကြစို့ဆိုရင် ဒီမိုကရေစီ နိုင်ငံဖြစ်လာဖို့ဆိုတာ ရွေးကောက်ပွဲလေးလုပ်၊ အခြေခံဥပဒေအတည်ပြု၊ ပါလီမန် တနှစ် နှစ်ခါလောက် ခေါ်တာနဲ့ မပြီး၊ အဆင့်တွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံသားတွေ လူ့အဖွဲ့အစည်းတွေ အတွက် လူမှု ယဉ်ကျေးမှု အရေးအခွင့်တွေ ကာကွယ်စောင့်ရှောက်မယ့် နိုင်ငံရေး စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးမယ့် တရားလမ်းကျ တင်မြှောက်ထားတဲ့ အစိုးရဆိုတာတွေ ခိုင်ခိုင်မာမာ မရှိဘဲနဲ့ ဒီမိုကရေစီဆိုင်းဘုတ် ကောက်တင်လို့ မရသေးပါဘူး။

ဒီမိုကရေစီဇာတ်သွင်းတယ်ဆိုတာ လူမှုရေးပိုင်းကကြည့်ရင် အာဏာပိုင် လူ့မလိုင်များက ကမကထပြုပြီး လူများ စု ကြီးရဲ့ယဉ်ကျေးမှုစံနှုန်းတွေ၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံဆက်ဆံရေး၊ လူမှုထုံးတမ်း အရိုးအစဉ်လာ ယုံကြည်မှုနဲ့ သဘောထားတွေ စတာတွေကို တိုးတက်ပွင့်လင်းလာအောင် ဦးဆောင် ပညာပေး လှုပ်ရှားမှုပါပဲ။ ဒီလိုမှပဲ မြန်မာပြည်လို ရှေးရိုးစွဲ ပဒေသရာဇ်တပိုင်း ယဉ်ကျေးမှုထွန်းကားရာ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီမျိုးစေ့ အမြစ် တွယ်ပြီး ရှင်သန်ကြီးထွားလာနိုင်မှာပါ။

ဒါပေသိ “ နေပြည်တော်က မင်းဘုရားများ ”ဟာ အာဏာတွေ ဘဏ္ဍာတွေ အခွင့်ထူး အရာထူးတွေနဲ့ မိန့်မိန့်ကြီး နေသားကျ ဖြစ်နေရုံမက လူထုကို ဖိနှိပ် ချုပ်ကိုင် အာဏာပြရမှာလည်းကောင်း၊ တိုင်းပြည်ကြီး တခုလုံးနဲ့ ငွေရ ပေါက် ဟူသမျှကို ကျားနာခဲ ခဲရာမှာလည်းကောင်း ဧတဒဂ်ရနေကြတာဟာဖြင့် လူထုကြီးအတွက် အလွန်ကံဆိုး တယ် ပြောရပါမယ်။ ဒီလိုပုံနဲ့တော့ သိကြားမင်းကြီး နားကင်းနဲ့ဆင်း ရင်ကြားစေ့ပြီး ရွှေလမ်းငွေလမ်းတွေ ဖွင့်ဖွင့်၊ ပေယျာလကန်လုပ်ပြီး ဒီထက်ပိုပိတ်တာ ဆို့တာတွေပဲ ထပ်လုပ်လုပ် ဒီမောင်တွေဟာ အပြောင်းအလဲကို ရှေ့ဆောင်မယ့်ပုံမပေါက်လှပါဘူး။

တိုင်းရင်းသား လူမျိုးစုတွေ၊ ဘာသာရေးဥသျှောင်တွေနဲ့ အသင်းအပင်းတွေ၊ အသက်မွေးဝမ်းကျောင်းပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ ပညာရေးလောကသားတွေ၊ အနုပညာသည်နဲ့ ပညာတတ်တွေ၊ နိုးကြားတဲ့ စစ်အရာရှိအုပ်စု ကလေးတွေ၊ နောက်ပြီး ရွက်ပုန်းသီး အစုလေးတွေ စတဲ့ ပြည်သူတွေကိုယ်နှိုက်ကိုပဲ သမိုင်းအသစ်ဖွင့်မယ့် ဇာတ်ဆောင်တွေအဖြစ် ရှုမြင် အားပေးကြရပါမယ်။

အနောက်အုပ်စုက ဗိုလ်ချုပ်တွေနဲ့ နှစ်ပါးသွားဖို့ ကြိုးစားတာကို ကြိုဆိုနေရတဲ့ အချိန်မှာ အပြောင်းအလဲ စစ်စစ် ကတော့ မြန်မာပြည်သူတွေနဲ့ လူ့အဖွဲ့အစည်းကိုယ်တိုင်က ပြောင်းယူမှ ရမှာပါပဲ။

မြန်မာပြည်ရဲ့ သမာသမတ်မကျတဲ့ ရွေးကောက်ပွဲ ရာဇဝင်ရယ်၊ အာဏာရ စစ်အုပ်စု အသိုင်းအဝိုင်းတွေရဲ့ အလွန် လစ်ဘရယ်မကျတဲ့ သဘောသရုပ်နဲ့ မှန်းရခက်တဲ့ ကစားကွက်တွေရယ်ကြောင့် (ဥပမာ- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘာမှမသိရတဲ့ တွေ့ဆုံမှုတွေပေါ့) နိုင်ငံရေးပဏ္ဍိတ်တွေအဖို့တော့ ရွေးကောက်ပွဲဝင်ဖို့ ဆွယ်တဲ့ ရွှေကြိုတွေရဲ့ သမိုင်းယုတ္တိမဲ့ပြီး အနှစ်မဲ့တဲ့ လမ်းကြောင်းတွေကို နားကြားပြင်းကတ်လှပါတယ်။

မြန်မာပြည်မှာ တကယ်တမ်း အပြောင်းအလဲဆိုတာတွေ ဖြစ်လာခဲ့ရင်တော့ လက်သည်က ဗိုလ်ချုပ်ကြီးများရဲ့ ရွေးကောက်ပွဲဆိုတာတွေ မဟုတ်တာက ကျိန်းသေလှပါသဗျား။

Beware of the Generals’ Election By Dr Zarni ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဒေါက်တာ ဇာနည် သည် လန်ဒန်တက္ကသိုလ် ဓနဗေဒနှင့် နိုင်ငံရေး သိပ္ပံကျောင်း (LSE) က မြန်မာပြည်ဆိုင်ရာ သုတေသန ပညာရှင် ဖြစ်သည်။

http://www.irrawaddy.org/bur/election/index.php?option=com_content&view=article&id=211:2010-03-12-06-58-09&catid=87:analysis&Itemid=300

တချက်လေးမျှ စောင်းငဲ့မကြည့်တော့

Monday, 11 January 2010 00:00 ရဲနည်

မြန်မာ စစ်အစိုးရ၏ ထိပ်သီး ခေါင်းဆောင်က ယခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်ဟု ထပ်၍ အတည်ပြု ပြောဆိုခဲ့ပြန်သည်။

“ယခုနှစ်တွင် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပရေး အတွက် စီမံ ဆောင်ရွက်လျက်ရှိသည်” ဟု ဇန်န၀ါရီလ ၄ ရက်နေ့ က ထုတ်ပြန်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ အချိန်စာရင်း ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာက စစ်အစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ ရွေးကောက်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည်ဟု ဖော်ပြခဲ့သည်။ ၀န်ကြီးတချို့က လက်ရှိရာထူးများမှ နုတ်ထွက်ပြီး သူတို့ ၀င်ရောက် ရွေးချယ်ခံမည့် မဲဆန္ဒနယ် အမည်များကို ဧပြီလတွင် ကြေညာမည်၊ မဲဆွယ်စည်းရုံးရန် ၆ လ အချိန်ယူမည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် ပြဿနာအများအပြား ရှိနေသည်။ ဥပမာ စစ်အစိုးရက ရွေးကောက်ပွဲ မည်သို့ မည်ပုံ ကျင်းပမည် ဆိုသည်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် နိုင်ငံတကာမိသားစုက အကြီးအကျယ် စိတ်ဝင်စားနေသော်လည်း အဖြေ မသိရသေးပေ။

သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည်ဟု ဗိုလ်ချုပ်သန်းရွှေ၏ ကတိအပေါ် သံသယဖြစ်စရာ အကြောင်း မရှိပေ။ သူ၏ ရိုးသားမှုအပေါ် မူတည်၍ ပြောဆိုခြင်း မဟုတ်ပါ။ မည်သူက အရေးထားသည်ဖြစ်စေ မထားသည် ဖြစ်စေ စီစဉ်ထားသည့် အတိုင်း ဆက်လုပ်မည်ဟု သန္နိဋ္ဌာန် ချထားမှုအပေါ် အခြေခံ၍ ပြောဆိုခြင်းသာ ဖြစ်ပါသည်။ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အဓိပ္ပာယ်ရှိသည့် တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ပါရန် တောင်းဆိုနေကြသည့် အချက်ကို သူက အလွယ် လျစ်လျူရှုတော့မည့်ဟန် ပြသနေသည်။ သို့ဆိုလျှင် ဤရွေးကောက်ပွဲ ပြီးနောက် စစ်မှန်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းများလည်း ဖြစ်ပေါ်လာရန် အကြောင်းမရှိပေ။

ထိန်းသိမ်းခံနေရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အင်အားစုများက သပိတ် မှောက်သည်ဖြစ်စေ၊ မမှောက်သည် ဖြစ်စေ ဗိုလ်ချုပ်သန်းရွှေ ရွေးကောက်ပွဲနေ့ရက် ကြေညာပြီးသည့်နောက်တွင် စစ် အစိုးရ၏ လက်ရွေးစင် ကိုယ်စားလှယ်လောင်းများက ၀င်ရောက်ယှဉ်ပြိုင်ကြမည်သာ ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပနေသည့် အချိန်တွင် တိုင်းပြည်အတွင်း၌ မည်သည့်နိုင်ငံခြားသား ရှိနေသင့်သည်၊ ရှိမနေသင့် ဟူသည်ကိုလည်း စစ်အစိုးရက တွက်ချက် ရွေးချယ်နေမည် ဆိုသည်မှာ ပြောစရာ မလိုအပ်သည့် အချက် ဖြစ်သည်။ လူသားချင်း စာနာမှု အကူအညီများ၊ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သဘောတူ စာချုပ်ချုပ်ထားခြင်းများသည်လည်း ယခုနှစ် ဇွန်လတွင် သက်တမ်း စေ့တော့မည် ဖြစ်သည်။ ကုန်ဆုံးတော့မည့် စာချုပ်များ ပြန်လည် သက်တမ်းတိုးပေးဖွယ်မရှိ ဟုလည် ယူဆနေကြသည်။

အကယ်၍ စစ်အစိုးရ အစီအစဉ်အတိုင်းသာ ဖြစ်ခဲ့ပါက၂၀၀၈ အခြေခံဥပဒေအရ အစိုးရသစ်တရပ် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ လွှတ်တော်တွင်လည်း စစ်တပ်ကိုယ်စားလှယ် ၂၅% က နေရာယူထားပြီး၊ ကာကွယ်ရေးဦးစီးချုပ် ဆိုသူကလည်း “အရေးပေါ်ကာလ” ဟု သတ်မှတ်သည့် အခြေအနေများတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ ၃ ရပ်ကို ချယ်လှယ် လွှမ်းမိုးနေဦးမည် ဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေ၏ အသွင်ပြောင်းရေး အစီအစဉ်သည် နိုင်ငံရေးမျှနှင့်သာ ရပ်တန့် မနေပါ။ သူ၏ လက်ဝေခံ လူနည်းစုက နိုင်ငံ၏ စီးပွားရေးကဏ္ဍကို ချုပ်ကိုင် လွှမ်းမိုးနိုင်ရန်လည်း အစီအစဉ် ကြီးကြီးမားမား ချမှတ်ထားသေးသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဗိုလ်ချုပ်သန်းရွှေက သူ၏ လက်ဝေခံ လူနည်းစုနှင့် အရင်းရှင် စီးပွားရေးစနစ် ပြောင်းနိုင်ရန် ရည်သန်လျက် ရှိနေသည်။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူများ၊ စစ်အရာရှိတို့၏ မိသားစုဝင်များကို အခွင့်ထူးများကို ဆုချသလို ပေးအပ်လျက်ရှိသည်။ တနည်းပြောရလျှင် သူ၏အာဏာစက် ခိုင်အောင် ပြုနေခြင်း ဖြစ်သည်။ စီးပွားရေးသတင်းရပ်ကွက်များ အဆိုအရ မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စီးပွားရေးသမားဟု ဆိုနိုင်သည့် ဦးတေဇ ကဲ့သို့သော သူနှင့် နီးစပ်သည့် လုပ်ငန်းရှင်များကို အထူးသွင်းကုန် ပါမစ်များ ချပေးနေသည်ဟု ဆိုသည်။ “ပုဂ္ဂလိကပိုင်ပြုသည်” ဟူသည့် အမည်အောက်တွင် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း အများအပြားကို လူနည်းစု အခွင့်ထူးခံတို့၏ လက်ထဲ လွှဲပြောင်းပေးလျက်ရှိသည်။

မကြာသေးမီက ဦးတေဇက ရေအားလျှပ်စစ် စက်ရုံ ၂-ခု တည်ဆောက်ရန်အတွက် အရေးပါသည့် ကန်ထရိုက်လုပ်ငန်းများ ရရှိသွားခဲ့ပြန်သည်။

မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများကို ပုဂ္ဂလိကပိုင် လွှဲပြောင်းခြင်းဖြင့် ရွေးကောက်ပွဲပြီးနောက်ပိုင်းကာလတွင် အဓိကကျသည့် စီးပွားရေးကဏ္ဍများ၌ ဗိုလ်ချုပ်သန်းရွှေနှင့် မိသားစုဝင်များက ဆက်လက် ချုပ်ကိုင်ထားနိုင်ရေး အတွက် ကြိုးပမ်းနေကြသည်။ အခြေခံဥပဒေအသစ်အရ ဆိုလျှင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတချို့သည် ဒေသဆိုင်ရာ အစိုးရများက တစိတ်တပိုင်း ၀င်ရောက်စီမံ စွက်ဖက်ခွင့် ရှိနေရာ ယခုကတည်းက အန္တရာယ်ကင်း ပြင်ဆင်နေကြခြင်း ဖြစ်သည်။

နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို ဦးတေဇထံ လွှဲပြောင်းပေးခြင်းဖြင့် ဗိုလ်ချုပ်သန်းရွှေက ရွေးကောက်ပွဲ မတိုင်မီ နှင့် ရွေးကောက်ပွဲပြီးနောက် သူ၏ ချုပ်ကိုင်မှုမှ လွတ်ထွက်မသွားနိုင်စေရေး ပြင်ဆင်နေသည်။ ရန်ကုန် အခြေစိုက် စီးပွားရေးသမားတဦးက “ပြောရရင်တော့ဗျာ ထူးကုမ္ပဏီမှာ မမြင်ရတဲ့လက်နဲ့ ထိန်းချုပ်နေတာ ဗိုလ်ချုပ်သန်းရွှေပါပဲ။ ဦးတေဇက ဗိုလ်ချုပ်သန်းရွှေ မိသားစုရဲ့ ကိုယ်စားလှယ်အေးဂျင့်လောက်ပါပဲ” ဟု ဆိုလာသည်။

ဗိုလ်ချုပ်သန်းရွှေက “အသွင်ကူးပြောင်းရေး၏ အရေးအပါဆုံး လုပ်ငန်းစဉ်” ဟု ဆိုသည့် ဒီမိုကရေစီ “လမ်းပြမြေပုံ” ကို ဆက်လက် အကောင်အထည်ဖော်ရန် ရည်ရွယ်နေသည်။ သို့မှသာလျှင် သူအာဏာရှိနေစဉ် ကာလအတွင်း သိမ်းကျုံးရယူ ထားသည့် နိုင်ငံရေးအာဏာ၊ ဓနစည်းစိမ်ဥစ္စာများကို ဆက်လက် ထိန်းသိမ်းနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း တပ်မတော်သားများ အပါအ၀င် လူအများက သူ့ကို မကြိုက်ကြမှန်းလည်း သူ သိထားသည်။ အာဏာ အနည်းငယ် လက်လွှတ်ရုံမျှနှင့်ပင် သူအကြီးအကျယ် နစ်နာနိုင်သည်ကိုလည်း အမြဲတမ်း စိုးရိမ် ကြောက်ရွံ့နေခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေက ယခုလာမည့် ရွေးကောက်ပွဲတွင် “အမှန်ကန်ဆုံး ရွေးချယ်မှု” ကို ပြုကြရန် ပြည်သူတရပ်လုံးကို တိုက်တွန်း ညွှန်ကြားထားသေးသည်။ မကြာသေးမီက လူငယ်ဗီဒီယို သတင်းထောက်တဦးကို ပြည်ပမီဒီယာများထံ သတင်းပေးပို့မှုအတွက် ထောင်ဒဏ် အနှစ် ၂၀ ပေးခဲ့ပြီး၊ မြောက်ကိုရီးယား လျှို့ဝှက် ခရီးစဉ် အသေးစိတ် အချက်အလက်များ ပေါက်ကြားမှုဖြင့် စစ်အရာရှိဟောင်းတဦး နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးကိုလည်း သေဒဏ် စီရင်ချက် ချခဲ့ခြင်းဖြင့် သူ၏ဆန္ဒကို ဖီလာဆန့်ကျင်ပြုကြမည် ဆိုလျှင် မည်သို့ကြုံရနိုင်ကြောင်း ကြိုတင်သတိပေးခဲ့သည်။

ရဲနည် ရေးသားသည့် No Turning Back ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

http://www.irrawaddy.org/bur/election/index.php?option=com_content&view=article&id=213:2010-03-12-07-09-18&catid=87:analysis&Itemid=300

၂ဝ၁ဝ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်နိုင်ပါ့မလား

Monday, 15 March 2010 04:16 ကေလတ်

ဗြိတိသျှက မြန်မာပြည်အတွက် ‘ဒိုင်အာခီ’ ဆိုတဲ့ အုပ်ချုပ်ရေး စနစ်တမျိုး ၁၉၂၂ ခုနှစ်မှာ စတင် အကောင် အထည် ဖော်ခဲ့ချိန်ကစပြီး ရေတွက်မယ်ဆိုရင် ရှေ့နှစ်မှာ လုပ်ဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ရဲ့ (၁၅) ခုမြောက် ရွေးကောက်ပွဲ ဖြစ်လာမှာပါ။ အဲ့ဒီတော့ လာမယ့် ရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဆန္ဒတွေကို တကယ် ထင်ဟပ်ခဲ့ပါသလား ဆိုတာ မေးစရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အမျိုးမျိုးသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေ ရှိခဲ့ပါတယ်။ ပထမဆုံး ဖွဲ့စည်းပုံက ၁၉၃၇ ခုနှစ်၊ ဧပြီလမှာ စတင် အသက်ဝင်ခဲ့ပြီး နောက်ဆုံး ဖွဲ့စည်းပုံကတော့ လက်ရှိစစ်အစိုးရရဲ့ အဆိုအရ ၂ဝဝ၈ ခုနှစ်၊ မေလဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင် အများစုရဲ့ တခဲနက် ဆန္ဒမဲနဲ့ အတည်ပြုခဲ့တယ် ဆိုတဲ့ ဖွဲ့စည်းပုံပဲ ဖြစ်ပါတယ်။ အဲ့ဒီ အမျိုးမျိုးသော ရွေးကောက်ပွဲတွေနဲ့ အခြေခံ ဥပဒေတွေဟာ အထွေထွေသော လူမှုစီးပွားနောက်ခံသမိုင်းတွေနဲ့ နိုင်ငံရေးလားရာတွေကို ရောင်ပြန်ဟပ် ဖော်ညွှန်းနေကြပါတယ်။

ဗြိတိသျှအစိုးရလက်အောက် ပထမဆုံး ဖွဲ့စည်းပုံဥပဒေဟာ ဗမာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီး ၁၉၃၅ ခုနှစ် မြန်မာပြည် အက်ဥပဒေအနေနဲ့ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဥပဒေမတိုင်ခင်က ‘ဒိုင်အာခီ’ အုပ်ချုပ်ရေးစနစ် အောက်မှာ ဥပဒေပြု ကောင်စီ ရွေးကောက်ပွဲတွေကို ဗမာပြည်မမှာ ကျင်းပခဲ့တာရှိပါတယ်။ ဗမာ့မျိုးချစ် နိုင်ငံရေးသမားတွေက အဲ့ဒီရွေးကောက်ပွဲတွေမှာ ဗမာလူမျိုးတွေ မဲပေးခွင့်ရတာ အရမ်း နည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သပိတ်မှောက်ခဲ့ကြပါတယ်။

ကိုလိုနီအုပ်ချုပ်ရေးရဲ့ စံနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်အရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေဟာ အတော်လေး ကိုယ်စားပြုမှုရှိတာ တွေ့ရပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ဥပဒေပြုလွှတ်တော်ကို တာဝန်ခံရတဲ့ ဝန်ကြီးအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ အထွေထွေအုပ်ချုပ်ရေးတရပ် ထွက်ပေါ်လာပါတယ်။

ဥပဒေပြုလွှတ်တော်မှာ အထက်လွှတ်တော်နဲ့၊ ပြည်သူ့လွှတ်တော် နှစ်ရပ် ပါရှိပါတယ်။ အထက် လွှတ်တော်ရဲ့ ကိုယ်စားလှယ်ထက်ဝက်ကို ပြည်သူ့လွှတ်တော်က တဝက်၊ အစိုးရက ခန့်ထားတဲ့ ကိုယ်စားလှယ်တွေက တဝက်နဲ့ အချိုးကျ ဖွဲ့စည်းပါတယ်။ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၃၂ ဦးရှိတဲ့အနက် ၉၂ ဦးကို ဒေသဆိုင်ရာ မဲဆန္ဒနယ်တွေက ရွေးကောက်တင်မြှောက်ပြီး ကျန်တဲ့ ကိုယ်စားလှယ် နေရာတွေကို လူမျိုးရေးနဲ့ တခြားအခွင့်ထူးခံတွေအတွက် ဖယ်ထားပါတယ်။

အဲ့ဒီ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲတွေကို ၁၉၃၆ ခုနှစ်မှာ ကျင်းပပြီး နိုင်ငံရေး အဖွဲ့အစည်း အတော်များများ ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။ ဝင်ပြိုင်ကြတဲ့အထဲမှာ မျိုးချစ်နိုင်ငံရေးအဖွဲ့တခု ဖြစ်တဲ့ ‘ဒို့ဗမာအစည်းအရုံး’ ကလည်း ‘ကိုယ့်မင်းကိုယ့်ချင်း’ ပါတီ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ ဒေါက်တာဘမော်က အဲ့ဒီ အခြေခံဥပဒေအရ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ကိုလိုနီခေတ်မှာ အတော်လေး ဒီမိုကရေစီ ပြည့်ဝတဲ့ စနစ်တခု ဖြစ်ခဲ့ပေမယ့် ဗမာမျိုးချစ်များကတော့ ဗြိတိသျှ အုပ်ချုပ်ရေး ယန္တယားကို သက်ဆိုးရှည်စေတဲ့ စနစ်ဖြစ်တယ် ဆိုပြီး ပယ်ချခဲ့ကြပါတယ်။ အဲ့ဒီ စနစ်က အဓိက ပြည်မ ဒေသ အတွက်ပဲ သက်ရောက်ခဲ့ပြီး တိုင်းရင်းသား အများစု နေထိုင်ကြတဲ့ တောင်တန်းဒေသတွေကို ချန်လှပ်ထားပါတယ်။

တနိုင်ငံလုံး အကျုံးဝင် လွှမ်းခြုံတဲ့ ရွေးကောက်ပွဲတရပ်ကိုတော့ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ၁၉၄၇ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ) က အပြတ်အသတ် နိုင်ခဲ့ပါတယ်။ မဲဆန္ဒနယ် ၂ဝ၂ ခုအနက် ၁၉၆ ခုမှာ အနိုင်ရရှိခဲ့တာပါ။

တိုင်းပြုပြည်ပြုလွှတ်တော်က မြန်မာပြည် လုံးဝ လွတ်လပ်ရေးရဖို့ အာမခံတဲ့ အခြေခံဥပဒေတရပ်ကို ရေးဆွဲ ပြဌာန်းခဲ့ပါတယ်။

လေ့လာဝေဖန်သူတွေကတော့ အခြေခံဥပဒေဟာ တနှစ်အတွင်းမှာ ပြီးအောင် အမြန်ရေးဆွဲခဲ့ရတဲ့အတွက် အားနည်းချက်တွေ ပါခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း အခြေခံ ဥပဒေဟာ ပင်လုံညီလာခံတုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဘောတူထားခဲ့သလို ဖက်ဒရယ် ပြည်ထောင်စု ပုံစံမျိုး မဟုတ်ဘဲ တပြည်ထောင်စနစ် ပုံစံမျိုး ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ ၁၉၄၇ အခြေခံ ဥပဒေရဲ့ အဓိက အကြံပေးပုဂ္ဂိုလ် ရှေ့နေချုပ်နဲ့ ဗဟိုတရားရုံးချုပ် တရားသူကြီးဟောင်းတဦး ဖြစ်တဲ့ ဦးချန်ထွန်း က “ဒီအခြေခံ ဥပဒေဟာ ပုံသဏ္ဌာန်အားဖြင့် ပြည်ထောင်စု ဖြစ်ပေမယ့် လက်တွေ့မှာတော့ တပြည်ထောင်စနစ် ဖြစ်နေပါတယ်” လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။

ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေတဲ့ ၁၉၅ဝ ပြည့်လွန်နှစ်များမှာ ရွေးကောက်ပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ နှစ်ကြိမ်စလုံးမှာ ဖဆပလ အဖွဲ့ချုပ်က အနိုင်ရပါတယ်။ ၁၉၅၁ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂၅ဝ အနက် ၁၄၇ နေရာ အနိုင်ရပြီး၊ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂၂၁ နေရာအနက် ၁၇၃ နေရာ အနိုင်ရခဲ့ပါတယ်။

၁၉၆ဝ ပြည့်နှစ် ဗိုလ်ချုပ်နေဝင်း ရဲ့ အိမ်စောင့်အစိုးရလက်ထက် ရွေးကောက်ပွဲမှာ ဖဆပလ တခြမ်းပဲ့ ဖြစ်တဲ့ ဦးနုရဲ့ ပြည်ထောင်စု (ပထစ) ပါတီက အနိုင်ရပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ၅၄ ရာခိုင်နှုန်း မဲပေးခဲ့ကြတဲ့အတွက် မြန်မာပြည်ရဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲတခုအဖြစ် ယူဆကြပါတယ်။

၁၉၄၈ ကနေ ၁၉၅၈ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနု ကပဲ ဝန်ကြီးချုပ်ဆက်ဖြစ်ပါတယ်။ သူက ၁၉၄၇ အခြေခံဥပဒေကို ပြန်ပြင်ပါ့မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ကတိပေးထားခဲ့ပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးဟာ ဗိုလ်ချုပ်နေဝင်းရဲ့ အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားပါတယ်။

ဗိုလ်နေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့ပါတယ်။ အခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲပြီး လွှတ်တော်မရှိတဲ့အတွက် ၁၉၇၄ ခုနှစ်မှာ ပြည်သူ့ ဆန္ဒခံယူပွဲကနေ အတည်ပြုခဲ့ပါတယ်။

အရင်ဗြိတိသျှလက်ထက်က အခြေခံဥပဒေမှာ ဗမာပြည်မအဖြစ် သတ်မှတ်ခဲ့တဲ့ နယ်တွေဟာ အခြေခံဥပဒေသစ် အရ တိုင်း ၇ ခု ဖြစ်လာပြီး အဓိက လူမျိုးစုကြီး ၇ ခု ရှိတဲ့ ဒေသတွေက ပြည်နယ် ၇ ခု ဖြစ်လာပါတယ်။ အခြေခံဥပဒေသစ်အရ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွေ ရှိပါတယ်။ ၁၉၈၈ ခုနှစ်မှာ အခြေခံဥပဒေ ရပ်ဆိုင်းမသွားခင်အထိ ပြည်သူလူထုဟာ လေးကြိမ်မဲပေးခဲ့ကြရပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲတွေဟာ ရွေးကောက်ပွဲလို့တောင် မခေါ်နိုင်ဘဲ တခုတည်းသော ပါတီဖြစ်တဲ့ မဆလပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အတည်ပြုပေးရုံသက်သက် ရွေးချယ်ပွဲတွေသာ ဖြစ်ခဲ့ပါတယ်။

တချို့နိုင်ငံရေးသမားတွေဟာ စစ်မှန်တဲ့ ဆိုရှယ်လစ်နိုင်ငံတော် ထူထောင်မယ်ဆိုတဲ့ ဦးနေဝင်းရဲ့ ကတိကို ယုံကြည်ပြီး အာဏာသိမ်းတာကို ထောက်ခံခဲ့ကြတာပါ။ အဲ့ဒီအချိန်မှာ ပြည်သူလူထုက နိုင်ငံရေးသမားတွေရဲ့ အာဏာလွန်ဆွဲပွဲတွေ၊ ဖောက်ပြန်မှုတွေအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်လည်း ဖြစ်ပါတယ်။

အချိန်အတော်ကြာတော့မှ ဦးနေဝင်းရဲ့ မဆလပါတီဟာ တပါတီအာဏာရှင်စနစ် နဲ့ အတုအယောင် ပြည်ထောင်စုကိုသာ ဖော်ထုတ်ပေးပြီး ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေအတွက် ဘာကိုယ်စားပြုမှုမှ မရှိဘူးဆိုတာ သူတို့ သဘော ပေါက်လာကြပါတယ်။

၁၉၉ဝ မှာလည်း ရွေးကောက်ပွဲကြီးတခု လုပ်ခဲ့ပါတယ်။ ဒါဟာ နောက်ဆုံး ရွေးကောက်ပွဲ ဖြစ်ပြီး ၁၉၈၈ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ ကတိကဝတ်အရ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကို မနှစ်သက်ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်ကိုသာ လိုလားကြောင်း ပြသတဲ့အနေနဲ့ မဲပေးခွင့်ရသူ သန်း ၂ဝ ကျော် အနက် ၆ဝ ရာခိုင်နှုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးခဲ့ကြပါတယ်။ အဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၈၅ ခု အနက် ၃၉၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်ကိုတော့ စစ်အစိုးရက မျက်ကွယ်ပြုထားပါတယ်။

အခြေခံဥပေဒသစ်တရပ် ရေးဆွဲဖို့ အမျိုးသားညီလာခံတရပ်ကို စစ်အစိုးရက စီစဉ်ပြုလုပ်ပြီး ထွက်ပေါ်လာတဲ့ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ်မှာ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီအခြေခံဥပဒေအရဆိုရင် မြန်မာပြည်ဟာ တိုင်းဒေသကြီး ၇ ခု နဲ့ ပြည်နယ် ၇ ခု ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်ပါတယ်။ ဒါပေမယ့် အနှစ်သာရအားဖြင့် ဒီမိုကရေစီနိုင်ငံ မဟုတ်သလို ပြည်ထောင်စုလည်း မဟုတ်ပါဘူး။ စစ်တပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ကသာ နိုင်ငံတော် အာဏာကို နည်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားတဲ့ စနစ် တရပ်သာ ဖြစ်ပါတယ်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲမှာ အတည်ပြုခဲ့ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းမှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ ဆန္ဒခံယူပွဲ ဖြစ်ပါတယ်။ ဒီဆန္ဒခံယူပွဲဟာ မျက်နှာပြောင်တိုက် လိမ်ညာမှုဖြစ်ပေမယ့် စစ်အစိုးရက သူတို့ရဲ့ အခြေခံဥပဒေဟာ မဲပေးသူပေါင်း ၉ဝ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှု ရခဲ့တယ်လို့ ကြေညာပါတယ်။ တကယ်တမ်းကျတော့ ဒီအခြေခံဥပဒေကို နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေသာမက အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေကလည်း မထောက်ခံကြပါဘူး။

မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေနဲ့ အခြေခံဥပဒေတွေ အားလုံးဟာ ပြည်သူ လူထုရဲ့ မျှော်မှန်းချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပါဝင် ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေတောင်မှ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကျေနပ်မှုကို အပြည့်အဝ မရရှိခဲ့ပါဘူး။

နောက်ပိုင်း အခြေခံဥပဒေတွေနဲ့ ရွေးကောက်ပွဲတွေလည်း ဒီလိုပဲ ဖြစ်ပါတယ်။ အဲ့ဒီခေတ်က နိုင်ငံရေး ခေါင်းဆောင်တွေဟာ အခြေခံဥပဒေရဲ့ အားနည်းချက်တွေကို အချိန်မီ ဖယ်ရှားပြုပြင်ဖို့ ပျက်ကွက်ခဲ့ပြီး အာဏာနိုင်ငံရေးမှာ နစ်မြှုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၇ဝ နဲ့ ၁၉၈ဝ နှစ်များမှာတော့ စစ်တပ်က နိုင်ငံရေးသမားတွေကို အနိုင်ကျင့်ပြီး ‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ အရောင်ပြကာ အာဏာသိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့် ‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ ဟာလည်း တိုင်းရင်းသား လူမျိုးစုများ အပါအဝင် ပြည်သူ လူထုရဲ့ မျှော်မှန်းချက်တွေကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။

၁၉၇၄ အခြေခံဥပဒေနဲ့ အဲ့ဒီနောက်ပိုင်းရွေးကောက်ပွဲတွေဟာ ပြည်သူလူထုကို လုံးဝ ကိုယ်စားမပြုခဲ့ပါဘူး။ ၁၉၉ဝ ရွေးကောက်ပွဲဟာ အတော်အသင့် လွတ်လပ်ပြီး တရားမျှတပေမယ့် ထွက်ပေါ်လာတဲ့ ရလဒ်ကို စစ်အစိုးရက အကြောင်းပြချက် ခိုင်ခိုင်မာမာ မပေးဘဲ လျစ်လျူရှုခဲ့ပါတယ်။

စစ်စိုးမိုးမှုအောက်က အခု ၂ဝဝ၈ အခြေခံဥပဒေဟာ ဘယ်လောက် ကြာကြာ ခံမလဲ၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွေ ကလည်း ကိုယ်စားပြုမှု ဘယ်လောက် ရှိမလဲ ဆိုတာတွေရယ်ကိုတော့ စောင့်ကြည့် လေ့လာရပါဦးမယ်။ ဒါပေမယ့် ဗမာပြည်ရဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းကြောင်းအရတော့ ပြည်သူ လူထုနဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ ထောက်ခံမှုမရှိရင် ဘယ်အခြေခံဥပဒေမှ ကြာကြာမခံဘူး ဆိုတာကို တွေ့နိုင်ပါတယ်။ ။

လွတ်လပ်ပြီး တရားမျှတမှု ရှိမှာလား

Monday, 01 February 2010 00:00 ထက်အောင်

၂၀၁၀ ရွေးကောက်ပွဲကို “လွတ်လပ်ပြီး တရား မျှတစွာ” ကျင်းပပေးမည်ဟု ပြောချက်အပေါ် သံသယရှိသော နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာ စစ်အစိုးရကို မကြာသေးခင် လများအတွင်း ဖိအားပေးခဲ့ကြသည်။

နိုင်ငံတကာ ယုံကြည်မှုကို ရရှိစေမည့် ရွေးကောက်ပွဲ ဖြစ်စဉ်တခု၏ အခြေခံကျသော ညွှန်းကိန်းများမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေးနှင့် နိုင်ငံရေး ပါတီများ အားလုံး ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးပင် ဖြစ်သည်ဟု လေ့လာ သူများက ပြောဆိုကြသည်။

ယုံကြည်ထိုက်ပြီး အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် လိုအပ်သော အခြေအနေများ ဖန်တီးပေးရန်၊ အတိုက်အခံ အဖွဲ့အစည်း များနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဦးဆောင် ဦးရွက်ပြုရန် မြန်မာ အစိုးရတွင် တာဝန်ရှိသည်ဟု စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြန်လည်သင့်မြတ်ရေးသည် ဦးစားပေးလုပ်ဆောင်ရမည့် အရာအဖြစ် ကာလကြာရှည်စွာ ရှိလာသည့် အတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို တိုက်ရိုက် ထိခိုက်စေနိုင်သည့် အရေးကြီးပြဿနာရပ် အတော်များများကို မြန်မာ့အရေး လေ့လာသူများက ရှေ့တန်းတင် ပြောဆိုမှု အလွန် နည်းပါသည်။

ဥပမာပြရလျှင် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝနှင့်တွေ့ဆုံစဉ် ဖွဲ့ဖြိုးဆဲ နိုင်ငံများ၊ ကုလသမဂ္ဂအရာရှိများကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့် ပေးမည်ဟု ပြောခဲ့သည်။

သို့ရာတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာမှ လေ့လာသူများကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလ အစကတည်းက နိုင်ငံအနှံ့တွင် စောင့်ကြည့် လေ့လာခွင့် ပြုရပါမည်။

အကြောင်းမှာ ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခြင်းနှင့် ၎င်းအခွင့်အရေးကို မမှန်မကန် တလွဲ အသုံးချခြင်းအကြား နယ်နိမိတ်စည်းသည် မကြာခဏ ဆိုသလို ပြတ်သားမှု မရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် ပါတီဘက်မှ ဘက်မလိုက်သောရပ်တည်ချက်ထားပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး အတွက် အဓိက ကျသော စံနှုန်းများကို လူထုအကြား စတင် ပညာပေးခြင်းသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

ရွေးကောက်ပွဲတခုကို လူအများကယုံကြည်လက်ခံခြင်းသည် ထိုရွေးကောက်ပွဲကို ကျင်းပပေးသောအဖွဲ့၏ စီမံ ခန့်ခွဲမှုပေါ်တွင် များစွာ မူတည်ပါသည်။ ထိုအဖွဲ့သည် လွတ်လပ်မှုရှိရမည်ဖြစ်ပြီး ဘက်လိုက်မှုလည်း ကင်းရပါမည်။

မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်ကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဗဟို ရွေးကောက်ပွဲကော်မရှင် လက်အောက်တွင် ပြည်နယ်နှင့်တိုင်းအဆင့် ကော်မရှင် ၁၄ ခု၊ ခရိုင်အဆင့် ကော်မရှင် ၅၀ ခု၊ မြိုနယ်အဆင့် ကော်မရှင် ၃၁၇ ခု၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင် ၁၄၉၉၂ ခု တို့ကို ဖွဲ့စည်းထားသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့အစည်းနောက်ခံ ကင်းရှင်းသည့် အငြိမ်းစား အစိုးရအရာရှိကြီးများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ထိုအချိန်က ကော်မရှင်အပေါ် အများ၏ ယုံကြည်အားထားမှု အလွန်နည်းပါးခဲ့သည်။ အကြောင်းရင်းမှာ ထိုကော်မရှင်သည် စစ်အစိုးရ၏ သြဇာခံဖြစ်ပြီး လွတ်လပ်မှုမရှိသကဲ့သို့ ဘက်လိုက်မှုလည်း ကင်းမည်မဟုတ်ဟု ပြည်သူများက ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။

သို့ရာတွင် ၁၉၉၀ ရွေးကောက်ပွဲတွင် တရားမျှတသော ရလဒ်များ ထွက်ရှိခဲ့သည်။ ပြည်တွင်းပြည်ပကလည်း အသိအမှတ် ပြုခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ရခြင်း၏ အခြေခံအကြောင်းရင်း ၃ ခုမှာ စစ်အစိုးရ အပေါ် ပြည်သူလူထု၏ မကျေနပ်မှု မြင့်မားနေခြင်း၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကြာ ကာလအတွင်း အောက်ခြေ ပြည်သူလူထု ကြားတွင် စစ်အစိုးရ၏ အုပ်ချုပ်ရေးအရ ထိန်းချုပ်နိုင်မှု အားနည်းနေခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်များကို မျှမျှတတ ဖွဲ့စည်းနိုင်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင်တွင် ရပ်ရွာထဲမှ အများရိုသေလေးစားသောပုဂ္ဂိုလ် ၃ ဦး၊ ကျောင်းဆရာ ၁ ဦးနှင့် စစ်အစိုးရ၏ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးတို့ ပါဝင်သည်။

သို့ရာတွင် စစ်အစိုးရသည် ၎င်းတို့ ရင်ဆိုင်ခဲ့ဖူးသည် အကြီးအကျယ်ရှုံးနိမ့်မှုမျိုး (၁၉၉၀ တွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတ၀န်းတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့မှုမျိုး) နောက်တကြိမ် ခွင့်ပြုရန် အလားအလာ လုံးဝ မရှိပါ။ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို လူထုဆန္ဒခံယူပွဲကျင်းပစဉ်က ၎င်းတို့၏သဘောထားများက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ ထိုစဉ်က အာဏာပိုင်များသည် ၎င်းတို့၏သြဇာအာဏာကို သုံးခြင်း၊ ကြိုတင် စီမံထားခြင်း၊ အနိုင်ကျင့်သည့် နည်းလမ်းများကို ပြောင်ပြောင်တင်းတင်း အသုံးပြုခြင်းဖြင့် ၎င်းတို့ လိုလားသည့် ရလဒ် ထွက်ပေါ်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံရေးပါတီများ၏ရန်ပုံငွေ

၁၉၉၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရလဒ် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု လွတ်လပ်သော လေ့လာဆန်းစစ်သူတဦးအနေဖြင့် ယူဆပါသည်။ အထူး သဖြင့် မဲဆွယ်သည့် ကာလ နှင့် ရွေးကောက်ပွဲနေ့တို့တွင် စစ်အစိုးရက စနစ်တကျ ခြိမ်းခြောက် နှောင့်ယှက်ခြင်း၊ နိုင်ငံရေးပါတီများက အရင်းအမြစ်များကို ရယူ သုံးစွဲနိုင်ခွင့် မရှိခြင်း စသည့် အခြေအနေတို့ကြောင့် ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲ ရန်ပုံငွေ ပြတ်လပ်မှု အခက်အခဲနှင့် ရင်ဆိုင်ရပြီး ပါတီကိုထောက်ခံသူများကလည်း စစ်အစိုးရ အရေးယူမည်ကို စိုးရိမ်၍ ငွေကြေးလှူဒါန်းရန် ကြောက်ရွံ့နေချိန်တွင် ယခင်အာဏာရ ဆိုရှယ်လစ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) သည် ငွေကြေး အမြောက်အများ သုံးစွဲနိုင်သကဲ့သို့ အစိုးရပိုင် ပစ္စည်းများ ဖြစ်သော ကားများ၊ အဆောက်အအုံများကို ၎င်းတို့ပါတီပိုင် အဖြစ် ဆက်လက် အသုံးချခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း တစည နှင့် အခြားသော စစ်အစိုးရ ထောက်ခံ အားပေးသည့် အဖွဲ့ အစည်းများသည် စီးပွားရေး အခွင့်ထူးများကို ရရှိ ခံစားခဲ့ကြပြီး တဘက်တွင် NLD ပါတီရုံးများကို ပိတ်ပင် ထားခြင်း၊ ငွေကြေး ရန်ပုံငွေ အရင်းအမြစ်များ မရရှိစေရန် ထိန်းချုပ်ခြင်းဖြင့် NLD ၏ ရန်ပုံငွေနှင့် အရင်းအမြစ်များ အားနည်း ချိနဲ့စေရန် စစ်အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်ခဲ့လေသည်။

ဤသို့ မမျှတသောအခြေအနေသည် ၂၀၁၀ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို အစကနဦးကတည်းကပင် အားနည်းစေပါသည်။

မဲဆန္ဒရှင်များကိုပညာပေးခြင်း

၁၉၈၈ ခုနှစ်တွင် နိုင်ငံရေး ပါတီပေါင်း ၂၃၆ ပါတီ တရားဝင် မှတ်ပုံတင်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ၉၃ ပါတီသာ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် တရားဝင် ရပ်တည်နိုင်သော နိုင်ငံရေးပါတီ ၁၀ ပါတီသာ ကျန်ရှိပါသည်။ သို့သော် စစ်အစိုးရ က ရွေးကောက်ပွဲဥပဒေအသစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် တို့ ထုတ်ပြန်လာပါက နိုင်ငံရေးပါတီ အများအပြား ထပ်မံ ပေါ်ထွက်လာဖွယ် ရှိပါသည်။

နိုင်ငံရေးပါတီ အများအပြား ၀င်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ အပြည့်အ၀ ဖော်ဆောင်ရန် အတွက် မဲဆန္ဒရှင်များကို ပညာပေးရေး၊ ပါတီအသီးသီးက ပေးလိုသည့် သတင်းအချက်အလက်များကို ၎င်းတို့ လက်လှမ်း မီနိုင်စေရေး စသည်တို့သည် အလွန် အရေးကြီးပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် စစ်အစိုးရက အိမ်စောင့်အစိုးရတရပ် အသွင် ရပ်တည်ပြခဲ့ပြီး နိုင်ငံရေးနှင့် ကင်းကင်း နေမည်ဟု တရားဝင် ပြောဆိုခဲ့သည်။

သို့ရာတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း စစ်အစိုးရက နိုင်ငံပိုင်သတင်းဌာနများကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးပါတီများသည် ၎င်းတို့၏မူဝါဒများကို ရုပ်မြင်သံကြားမှ ၅ မိနစ်၊ ရေဒီယိုမှ ၁၀ မိနစ်သာ ထုတ်လွှင့်ခွင့် ရခဲ့သည်။

မဲဆွယ်ကာလအတွင်း နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုယ်တိုင် ထုတ်ဝေသော လက်ကမ်းစာစောင်များ၊ မှတ်တမ်းလွှာများ၊ ပိုစတာများကိုသာ အားကိုးအားထား ပြုခဲ့ရပါသည်။ ဤကဲ့သို့ အရင်းအမြစ်များကို အလွန်အမင်း ကန့်သတ် ချုပ်ချယ်မှုများ ရှိသော်လည်း နိုင်ငံရေးပါတီများက ၎င်းတို့ကို ထောက်ခံအားပေးနေသူများအား မဲစာရင်းသွင်းခြင်း၊ မဲပေးနည်းစနစ်၊ မဲလိမ်ခြင်း၊ မဲဝယ်ခြင်း စသည်တို့နှင့် ပတ်သက်ပြီး ပညာပေးရန် တာဝန် ယူခဲ့ကြသည်။ ထို့အပြင် ပါတီများသည် မဲရုံများတွင် စောင့်ကြည့်ရန်၊ မဲရေတွက်ပုံကို လေ့လာရန် ၎င်းတို့တွင် အဖွဲ့ဝင် အလုံအလောက် ရှိရေး အတွက်ကိုလည်း စီစဉ်ခဲ့ကြသည်။

မြန်မာပြည်သူများထဲတွင် အစဉ်အလာအားဖြင့် သိထားကြသည့် အချက်မှာ (√) သင်္ကေတသည် “သဘောတူခြင်း သို့မဟုတ် ထောက်ခံခြင်း” ၊ (X) သင်္ကေတသည် “သဘောမတူခြင်း သို့မဟုတ် ကန့်ကွက်ခြင်း” ဟူ၍ ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတကာ ရွေးကောက်ပွဲများတွင် (X) သင်္ကေတကို ထောက်ခံသည့် အမှတ်အသားအဖြစ် သုံးကြသည်။ ရွေးကောက်ပွဲနေ့တွင် မြန်မာပြည်သူများ မဲပေးမှားယွင်းမှု အများအပြား ရှိခဲ့လေသည်။ အထူးသဖြင့် သက်ကြီး ရွယ်အိုများနှင့် စာမတတ်သူများ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁ ၈၅၈ ၉၀၀ ဦး၏ ဆန္ဒမဲများ သို့မဟုတ် မဲစာရွက် ၁၂.၃ ရာခိုင်နှုန်း ကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်မဲများအဖြစ် သတ်မှတ်ခဲ့သည်။ ထိုရာခိုင်နှုန်းကို ဒေသတွင်းနိုင်ငံများတွင် မကြာသေးခင်က ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် ဘင်္ဂလားဒေ့ရှ်တွင် ၀.၈၉ ရာခိုင်နှုန်း၊ မလေးရှားတွင် ၂.၁၇ ရာခိုင်နှုန်း၊ ထိုင်းတွင် ၃.၆၆ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရသည်။ ပယ်မဲ အများဆုံးမှာ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲ ဖြစ်ပြီး ၂၆.၀၆ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စာနယ်ဇင်းများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သို့သော ဒီမိုကရေစီ ဖြစ်စဉ်မျိုး ကြုံတွေ့နိုင်သည်ကို ဝေဖန်ပြောဆိုမှုမရှိ နှုတ်ဆိတ်နေကြပါသည်။

ထို့အပြင် စစ်အစိုးရသည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရထားသော်ငြားလည်း နိုင်ငံရေးပါတီများ ထူထောင်ပြီး စစ်အရာရှိများက လူဝတ်လဲ ပုံဖျက်ကာ ရွေးကောက်ပွဲဝင်ကြမည်မှာ သံသယရှိစရာ မလိုပါ။ ထို့အတွက် စစ်အစိုးရသည် နိုင်ငံတော်ပိုင် အရင်းအမြစ်များကိုသုံးပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများပင် စတင်ပြုလုပ်နေပြီဟု ပြောလျှင် လွန်မည်မထင်ပါ။

ရွေးကောက်ပွဲမဲလိမ်မှုများ

၂၀၀၈ အခြေခံဥပဒေအသစ် လူထုဆန္ဒခံယူပွဲတွင် အထင်အရှား မြင်တွေ့ခဲ့ရသည့်လိမ်လည်မှုများကို လာမည့်ရွေးကောက်ပွဲတွင်လည်း တွေ့မြင်ရဖွယ် ရှိပါသည်။

ထိုလိမ်လည်မှုများကို အဓိက ကျူးလွန်သူများမှာ ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ စစ်အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အသင်းဝင်များ၊ စွမ်းအားရှင်ပြည်သူ့စစ်များ ဖြစ်ပါသည်။

ပထမဆုံးနှင့် အထင်ရှားဆုံး ချိုးဖောက်မှုတခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မဲရုံများအတွင်း တာဝန်ချထားခြင်းပင် ဖြစ်သည်။ ဒုတိယချိုးဖောက်မှုမှာ သတ်မှတ်ထားသည့် အချိန်ထက် စောပြီး မဲရုံများကို ပိတ်ခြင်း ဖြစ်သည်။ တတိယအချက်မှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက မဲဆန္ဒရှင်များကိုယ်စား မဲစာရွက်များပေါ်တွင် ဖြည့်စွက်ခြင်း ဖြစ်သည်။

၂၀၀၈ ဆန္ဒခံယူပွဲတွင် နေရာအများအပြားတွင် တွေ့ရသော ဖြစ်ရပ်များမှာ မိသားစုတစုလုံးကိုယ်စား မိသားစုဝင် တဦးကသာ မဲပေးခြင်း၊ မဲဆန္ဒရှင်များ၏ မျက်ကွယ်တွင် ၎င်းတို့၏မဲများကို ပေးခြင်းတို့ ဖြစ်ပါသည်။

အဆိုးဆုံး ချိုးဖောက်မှုတခုမှာ မဲရုံများကို ပိတ်ပြီး မဲများကို လျှို့ဝှက် ရေတွက်ခြင်း ဖြစ်လေသည်။ မဲရေတွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိပါက ထိုမဲများကို ထည့်သွင်းတွက်ချက်၍ လုံးဝ မဖြစ်နိုင်ပါဟု လေ့လာစောင့်ကြည့်သူများက ယူဆကြကြောင်း ဥရောပရှိ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အေဂျင်စီတခုဖြစ်သော Organization for Security and Cooperation အဖွဲ့က ဆိုသည်။ အခြားလိမ်လည်မှုများထက် ထိုကဲ့သို့လိမ်လည်မှုသည် တရားမျှတမှု မရှိသော ရွေးကောက်ပွဲတခု၏ အမှတ်လက္ခဏာကြီး ဖြစ်လေသည်။

အထက်တွင်ဖော်ပြခဲ့သော လိမ်လည်မှု နမူနာများ၏ထိပ်တွင် အနိုင်ကျင့်မှုများ၊ ခြိမ်းခြောက်မှုများသည် ၂၀၀၈ ဆန္ဒ ခံယူပွဲတွင် ပြည့်နှက်နေပါသည်။ အကယ်၍ မဲဆန္ဒရှင်များက ကန့်ကွက်မဲပေးခဲ့လျှင် ၎င်းတို့၏ လယ်ယာမြေများကို သိမ်းယူမည် သို့မဟုတ် ဖမ်းဆီး အကျဉ်းချမည်ဟု ဒေသခံအာဏာပိုင်များက ခြိမ်းခြောက်ခဲ့ကြောင်း မှတ်တမ်း အများအပြားတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ လိမ်လည်မှုများသည် အတွေ့ရ များသော အလေ့အထတခု ဖြစ်ပြီး ငွေကြေး၊ ဆုပေးခြင်း၊ လှူဒါန်းခြင်း တို့ဖြင့် မဲဝယ်မှု နမူနာများကို အိမ်နီးချင်း ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် တွေ့မြင်နိုင်သည်။ ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်သူများသည် မဲဆန္ဒရှင်များကို ချေးငွေများပေးမည်ဟု ကမ်းလှမ်း မက်လုံးပေးလေ့ရှိကြသည်။ ထိုပါတီ အနိုင်ရသွားပြီးနောက်ပိုင်းတွင် ထိုကမ်းလှမ်းချက်များကို ပယ်ဖျက်နိုင်ချေ ရှိသည်။ ထိုသို့ မဲဝယ်ခြင်းကို “green harvesting” (အချိန်မတိုင်မီ ရိတ်သိမ်းခြင်း) ဟု ထိုင်းနိုင်ငံတွင် လူသိများပါသည်။

ခြုံ၍ပြောရလျင် မြန်မာနိုင်ငံ၏ လာမည့် အထွေထွေရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က ကဲ့သို့ “Yes” သို့မဟုတ် “No” ဟုသာ အလွယ်တကူ စဉ်းစားပြီး ပေးရသည့် မဲမျိုးနှင့် အလွန် ကွာခြားပါလိမ့်မည်။ အကြောင်းမှာ ရွေးချယ်ရမည့် ပါတီ သို့မဟုတ် ကိုယ်စားလှယ် အများအပြား ပါဝင်မည် ဖြစ်ပြီး သတ်မှတ်ချက်များမှာလည်း ပို၍များပြားနိုင်ပါသည်။

အထက်တွင် ဖော်ပြခဲ့သော အဓိကနယ်ပယ် ၄ ရပ်ကိုထည့်သွင်းစဉ်းစားလျှင် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေအရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ကြောင်း နိုင်ငံတကာ အသိုင်းအ၀န်းက ရှင်းရှင်းလင်းလင်း အလေးအနက်ထား ပြောဆိုရပေမည်။

နိုဝင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ “Free and Fair?” ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

http://www.irrawaddy.org/bur/election/index.php?option=com_content&view=article&id=224:2010-03-15-04-32-59&catid=87:analysis&Itemid=300