Wednesday, June 23, 2010

ရွေးကောက်ပွဲကို သပိတ်မှောက်လျှင် တိုက်ပွဲကို စွန့်ရာကျလိမ့်မည်


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက အခြားသော အာဏာရှင်များကဲ့သို့ပင် တရားဝင်မှု လိုချင်နေသည်။ အခြားသော ခေတ်မီနိုင်ငံများကဲ့သို့ နိုင်ငံတကာစနစ် စံချိန်စံနှုန်းများအတိုင်း တန်းညီလာစေရန်အတွက် ရွေးကောက်ပွဲများ ကျင်းပပေးရန်နှင့် အရပ်သားအုပ်ချုပ်ရေးသို့ ပြောင်းလဲရန်လည်း လိုအပ်လာသည်။ ဤသို့ဖြင့် ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ထုတ်ပြန်ကြေညာလာရသည်။ (နအဖ) စစ်အစိုးရက စစ်အာဏာရှင်စနစ်မှနေ၍ အရပ်သားအုပ်ချုပ်ရေးဆန်ဆန် အသွင်ပြောင်းလဲရန်လည်း လုပ်ဆောင်လာရတော့သည်။

"စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်" တည်ဆောက်မည်ဟု ကြွေးကြော်နေသော်လည်း၊ သံသယရှိစရာ မလိုသည့် အချက်မှာ ပြောင်စစ်အာဏာရှင်စနစ်မှ ရွေးကောက်ခံ အာဏာရှင်စနစ်သို့ ပုံဖျက်အသွင်ပြောင်းနိုင်ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်။

ရွေးချယ်တင်မြှောက်ခံရသည့် အာဏာရှင်စနစ်ဆိုသည်မှာ အဘယ်နည်း။

ဆိုလိုသည်မှာ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များက ဒီမိုကရေစီအသွင်ဆောင်သည့် ဝတ်စားဆင်ယင်မှုများဖြင့် နောက်ထပ် အာဏာရှင်တစ်ခုကို ကူးပြောင်းရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ဒီမိုကရေစီအသွင် ဝတ်စားဆင်ယင်မှုဟု ဆိုရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပါတီစုံရွေးကောက်ပွဲ၊ တရားရုံးများ၊ တိုင်း/ပြည်နယ်များ၌ အခြားအဆင့်ဥပဒေပြုရေး လွှတ်တော်များ၊ ပုဂ္ဂလိက သတင်းမီဒီယာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ရှိတန်သလောက် ရှိလာလိမ့်မည် ဖြစ်သည်။ လက်ရှိ အာဏာကိုင်ထားကြသူများက သူတို့ဘက်က အသာစီးရနိုင်အောင် တတ်နိုင်သမျှ ကြိုးပမ်းလုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ လွှတ်တော်ထဲတွင် စစ်တပ်က ကိုယ်စားလှယ် ၂၅ % ယူထားရုံမျှသာမက၊ အဓိကကျသည့် ဝန်ကြီးဌာနများကို စစ်တပ်က ထိန်းချုပ်နိုင်ရန် ခွင့်ပြုချွင်းချန်ထားပြီး၊ အုပ်ချုပ်ရေးဌာနကို သိသာစွာ အကြွင်းမဲ့အာဏာမျိုး ပေးထားသေးသည်။

ဤအဖွဲ့အစည်း အုပ်ချုပ်ရေးဌာနများက လွတ်လပ်ပွင့်လင်းသည့် အခြေအနေမဟုတ်၊ လစ်ဘရယ်ဒီမိုကရေစီစနစ် မဟုတ်သည်ကို မြန်မာပြည်သူများက ကောင်းကောင်းသိကြပါသည်။ စိတ်ကူးယဉ် ဝေဝါး၍ပင် မနေကြပါ။ သို့သော်လည်း ဒီမိုကရေစီ အတိုက်အခံများအတွက်မှာမူ ဤနေရာများနှင့် ဖွင့်ပေးလာသည့်ကွင်းသည်ပင် ပြိုင်ဆိုင်စရာ နေရာဖြစ်နေသည်။ မဖြစ်မနေ ဝင်ရောက်ပြိုင်ဆိုင်ရယူကြရမည့် နေရာ ဖြစ်နေသည်။

အတိုက်အခံများအနေနှင့် ဖြစ်ထွန်းလာသည့် နိုင်ငံရေးကွင်းကို လျစ်လျူရှုထား၍ မရနိုင်ပါ။

အချို့က စစ်အစိုးရပြုသမျှကို မခံဘဲ အာခံသည့်အနေဖြင့် သပိတ်မှောက်ရေးကို စဉ်းစားကြသည်။ ယခုရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုကြသည့် အတိုက်အခံ အဖွဲ့ဝင်များကို စိတ်ကူးယဉ် အိပ်မက် မက်နေသူများဟု စွပ်စွဲကြသည်။ သို့သော် လည်း သူတို့၏ စွပ်စွဲချက်နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ ယခု လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲသည်သာ ပြဋ္ဌာန်းထားသည့် လက်တွေ့အခြေအနေ ဖြစ်သည်။ ဤရွေးကောက်ပွဲများကို အတိုက်အခံ အင်အားစုများအနေနှင့် လျစ်လျူရှုထား၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီဆိုလာသည့် ပေးလာသည့် အခွင့်အလမ်းတိုင်း၌၊ ရသည့်နေရာတိုင်း၌ တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။ အကယ်၍ ဒီမိုကရေစီ အတိုက်အခံများက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါက ပေးလာသည့် အခွင့်အလမ်းကို ရသည့်နေရာကို လက်လွှတ်အရှုံးပေးရာ ကျပါလိမ့်မည်။ ဒီမိုကရေစီမဟုတ်သည့် အင်အားစုများကို ခွင့်ပြုလိုက်သလို ဖြစ်စေပါလိမ့်မည်။

စစ်အစိုးရက မမျှတသော အင်အား အနေအထားဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးလိမ့်မည်။

၁၉၆၂ ခုနှစ်မှစ၍ လက်နက်ကိုင်တော်လှန်ရေး၊ လူထုအုံကြွမှု တိုက်ပွဲခေါ်သံများ အကြိမ်ကြိမ် ကြားခဲ့ရဖူးသည်။ မြန်မာလူထုများက လမ်းမပေါ်ထွက်ခဲ့ကြပြီးပြီ ဖြစ်သလို၊ သူတို့ဘဝများကို တကြိမ်ပြီး တကြိမ် စွန့်လွှတ်စတေး၍ လက်နက်ကိုင် တော်လှန်ရေးများလည်း ဆင်နွှဲခဲ့ကြဖူးပြီ ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တိုင် စစ်အာဏာရှင်များက တိုင်းပြည်ကို ချုပ်ကိုင်ထားကြဆဲဖြစ်ပြီး၊ ရာစုနှစ် တဝက်မျှပင် ရှိတော့မည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးအပြီး ၂၂ နှစ်အကြာ၌ (နအဖ) စစ်အစိုးရက ယခင်အခြေအနေနှင့်မတူ ပို၍ ခိုင်မာအားကောင်းသည့် အနေအထားတွင် ရှိနေသည်။ အနောက်နိုင်ငံများက ချမှတ်ဒဏ်ခတ်ခဲ့သည့် စီးပွားရေးဒဏ်ခတ် အရေးယူမှုကို ကြံ့ကြံ့ခံရပ်တည်နိုင်သလို၊ တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များကို အသုံးချ၍ သူ့အတွက် ဝင်ငွေဘဏ္ဍာများလည်း တိုးပွားနေသည်။ နိုင်ငံတကာ မျက်နှာစာတွင်လည်း ၎င်းအပေါ် အရေးယူ ဒဏ်ခတ်ရန် တင်ပြကြိုးပမ်းလာသမျှ ကိစ္စအားလုံးအပေါ် ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ဗီတိုအာဏာ ဒိုင်းလွှားနောက်တွင် သက်တောင့်သက်သာပင် အကာအကွယ်ယူ၍ ရှောင်လွှဲနေနိုင်သေးသည်။ ပြည်တွင်းမျက်နှာစာတွင်လည်း လမ်းမပေါ် ထွက်လာကြသည့် လူထုများ၏ ဆန္ဒများကို လျစ်လျူရှု၍ နေနိုင်သေးသည်။ မကြာသေးမီက ၂ဝဝ၇ ခုနှစ် သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများကိုလည်း ရက်စက်စွာ အကြမ်းဖက်ချေမှုန်းခဲ့သည်ကို တွေ့ကြရမည် ဖြစ်သည်။

မကြာသေးမီက ပါတီများ မှတ်ပုံတင်ရန် ဥပဒေ ထုတ်ပြန်ကြေညာခဲ့သည့်အခါ အဓိကအတိုက်အခံ ပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စိုးရိမ်ပူပန်နေသည့်ဟန် တွေ့ရသည်။ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များက လက်နက်ကိုင်ထားကြသော်လည်း စစ်အစိုးရအတွက် ခြိမ်းခြောက်မှု မလုပ်ဆောင်နိုင်ကြတော့ပါ။ သို့အတွက်ကြောင့် (နအဖ) စစ်အစိုးရက ရွေးကောက်ပွဲများ ကျင်းပလာပါက အသာစီးအနေအထားက ယူ၍ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ အရေးနိမ့်၍ အောက်စည်းက ကျင်းပရသည့် ရွေးကောက်ပွဲမျိုး မဟုတ်ပါ။ သို့အတွက်ကြောင့် အတိုက်အခံအင်အားစုများက တောင်းဆိုချက်များ အားလုံးကို မကြားချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။

ပေးလာသည့် အခွင့်အရေးတိုင်းတွင် ဒီမိုကရေစီကို တိုက်ယူရန် လိုအပ်သည်။

နိုင်ငံရေးအရ အဓိကကျသည့် တိုက်ပွဲစစ်မျက်နှာသည် ဥပဒေပြုရေးလွှတ်တော် ရွေးကောက်ပွဲများတွင် ရှိလာလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ဤနေရာတွင်ပင် မြန်မာပြည်သူများအဖို့ ကျန်ရှိသည့် ၇၅ % သော ကိုယ်စားလှယ်နေရာများကို ရယူရန် အခွင့်အလမ်း ရှိသောကြောင့် ဖြစ်သည်။ ဒီမိုကရေစီ အတိုက်အခံများအနေနှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နှင့် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) တွင် နေရာတိုင်း၌ တိုက်ပွဲဝင် ယှဉ်ပြိုင်ကြရခြိမ့်မည် ဖြစ်သည်။ အတိုက်အခံများက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် နိုင်ငံတော်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် လွှတ်တော်နေရာများ အားလုံး၊ တရားရုံးများအားလုံး၊ သတင်းမီဒီယာများနှင့် အရပ်ဘက် အဖွဲ့အစည်းများကိုသုံး၍ တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။

သို့သော်လည်း အရေးကြီးသည်မှာ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြရလိမ့်မည် ဖြစ်သည်။ အတိုက်အခံ လွှတ်တော်အမတ်များက အနိုင်ရသည့် နေရာတိုင်းသည် ဒီမိုကရေစီပန်းတိုင်အတွက် တွန်းဆော်နိုင်ရန် ရှေ့တလှမ်းတိုးလာခြင်းသာ ဖြစ်သည်။ မြန်မာစကားပုံ "တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ" ဆိုသည်လည်း ရှိသည်မဟုတ်ပါလား။

ရွေးကောက်ပွဲဖြင့် တက်လာမည့် အာဏာရှင်စနစ်မှ ရှောင်လွှဲနိုင်ရေး

အီရန်မှသည် ဇင်ဘာဘွေနိုင်ငံများ၏ အတွေ့အကြုံအရ ရွေးကောက်ပွဲများတွင် အတိုက်အခံ လှုပ်ရှားမှုများက ပါဝင်ယှဉ်ပြိုင်လေ့ရှိကြပြီး၊ ရွေးကောက်ပွဲအတွင်း မသမာမှုများကို ဖော်ထုတ်ဆန့်ကျင် ဆန္ဒပြကြသည့်အခါ အာဏာရှင်အစိုးရများအတွက် နိုင်ငံတကာတွင် တရားဝင်မှုကို လျှော့ကျဆင်းစေအောင် အကြီးအကျယ် စိန်ခေါ်နိုင်ခဲ့ကြသည်။ ထို့အပြင် အတိုက်အခံများ၏ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုသည်လည်း အရေးကြီးလှသည်။ သို့မှသာ ရွေးကောက်ပွဲဖြင့် တက်လာမည့် အာဏာရှင်စနစ်မှသည် ပွင့်လင်းလွတ်လပ်လာမည့် လမ်းကြောင်းဆီသို့ ပြောင်းလဲအောင် ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲများက အပြစ်အနာအဆာများ ရှိနေသည်ထားဦး။ မိမိတို့အတွက် ရလဒ်ကောင်းထွက်စေရန် ဆောင်ရွက်နိုင်သေးသည်။ လေ့လာချက်များအရ ရွေးကောက်ပွဲများကြောင့် နိုင်ငံရေး ဆောင်ရွက်လှုပ်ရှားသူများအဖို့ ပို၍ လှုပ်ရှားနိုင်ရန် နေရာ ဖြစ်ပေါ်လာပြီး၊ လက်တင်အမေရိက နိုင်ငံများတွင် ရွေးကောက်ပွဲများမှတဆင့် နိုင်ငံရေးအခွင့်အလမ်း တစုံတရာ ပွင့်လင်းလာစေပြီး၊ လူအများကို စည်းရုံးလှုပ်ရှားနိုင်ရန် ပို၍အာဏာ ရှိလာစေသည်။ သူတို့၏ အရေးကိစ္စများအတွက် ပို၍ လှုပ်ရှားလာနိုင်ကြသည်။ ရွေးကောက်ပွဲသက်တမ်း အကြိမ်အနည်းငယ် အတွင်းမှာပင် အဓိကကျသည့် နိုင်ငံရေးပါတီများ အကြား၌ မယုံသင်္ကာစိတ်များလည်း လျှော့နည်းကျဆင်းလာကြသည်။ ထိုထက်ပို၍ ပြောရလျှင် အကြီးအကျယ် မတရား ပြုမူညစ်ပတ်ခဲ့ကြသည့် ကုတ်ဒီဗွား Cote d’Ivoire နိုင်ငံ၏ ၂ဝဝဝ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၊ မဒါဂါစကား (၂ဝဝ၁) ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် မာလာဝီ (၁၉၉၉ ခုနှစ်) ပါလီမာန်ရွေးကောက်ပွဲ၊ နမီးဘီးယား (၁၉၈၉ ခုနှစ်) ပါလီမာန် ရွေးကောက်ပွဲများတွင်ပင် အတိုက်အခံများက အနိုင်ရရှိခဲ့ကြသည်။ ဤသို့ အတိုက်အခံများက ရန်ဘက်အားလုံးကို အနိုင်ရယူနိုင်ခဲ့သည့် ရွေးကောက်ပွဲများကို ကြည့်လျှင် သူတို့တွင် ညီညွတ်စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု ရှိသည်ကို တွေ့ကြရလိမ့်မည်။ အချို့သော ဖြစ်ရပ်များတွင်လည်း မျိုးဆက်ဟောင်း ခေါင်းဆောင်များက ထွက်သွားကြသည့်အခါ သို့မဟုတ် မျိုးဆက်သစ် နိုင်ငံရေးခေါင်းဆောင်များအကြား အသစ်သော ဖွဲ့စည်းပုံများ ညှိနှိုင်းသဘောတူနိုင်ကြသည့်အခါ ရွေးကောက်ပွဲ သက်တမ်း ၂- ခု၊ ၃-ခုတွင် ရလဒ်ကောင်းများ ထွက်လာသည်ကို တွေ့ကြရသည်။

မြန်ဆန် လွယ်ကူစွာ အောင်ပွဲရမည်လော။ မဖြစ်နိုင်ပါ။

အောင်ပွဲအတွက် သေချာ အာမခံနိုင်ပါမည်လော။ မဟုတ်ဟု ဖြေရပါလိမ့်မည်။ ဒီမိုကရေစီ အစစ်အမှန် ရရှိရန်ဆိုလျှင် ရှည်ကြာခက်ခဲသော လမ်းကို ချီတက်ရရန် ရှိနေပါသေးသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ အာဏာရှင်အစိုးရများက သူတို့တရားဝင်မှုရရန် ရွေးကောက်ပွဲများကို ကျင်းပပေးလေ့ ရှိကြပါသည်။ ထို့အပြင် အာဏာလက်ရှိ ရှိနေကြသူများအဖို့ နည်းမျိုးစုံသုံး၍ သူတို့ ရည်မှန်းချက် ပြည့်ဝစေရန် ဆောင်ရွက်ကြမည် ဆိုသည်ကိုလည်း သံသယရှိစရာ မလိုအပ်ပါ။ အခြားသော အာဏာရှင်စနစ်ပုံစံ တမျိုးဖြင့် အစားထိုးရန်လည်း ကြိုးပမ်းကြပါဦးမည်။

မည်သို့ပင် ဖြစ်စေ၊ ၁၉၆ဝ ခုနှစ်နှင့် ၁၉၉ဝ ခုနှစ်များတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မြန်မာလူထု များ မဲထည့်ခဲ့ကြသည့်ပုံစံကို ပြန်ကြည့်ပါက အမှန်တကယ်သာ ရွေးချယ်ခွင့် ရပါက၊ မည်မျှ မသမာမှုများ ရှိနေပါစေ၊ သူတို့ လိုလားသူကို မဲပေးခဲ့ကြသည်ကို တွေ့နိုင်ပါသည်။ စစ်အစိုးရက ဖန်တီးလာမည့် လူထုဆန္ဒအတုအယောင်ကို ရနိုင်သမျှ နည်းမျိုးစုံဖြင့် ငြင်းပယ်ရေးသည် ဒီမိုကရေစီအတိုက်အခံအားလုံး၏ တာဝန်တခုပင် ဖြစ်ပါသည်။ မြန်မာပြည်သူများအတွက် ရွေးချယ်နိုင်ခွင့်၊ ငြင်းပယ်နိုင်ခွင့် အာဏာကို ပေးရပါလိမ့်မည်။

ဤအချက်များ အားလုံးကို ထည့်သွင်းစဉ်းစားပါက ရွေးကောက်ပွဲကို ဖယ်ကျဉ်၍ ထွက်ပြေးခြင်းဖြင့် စစ်အာဏာရှင်တို့ အလိုရှိနေကြသည့် တရားဝင်မှုကို အသင့်ပေးလိုက်ရာကျမည် ဖြစ်ပါကြောင်း... ။

ဒေါက်တာထွန်းကျော်ငြိမ်းသည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည့် တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားတဦး ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်လျက် ရှိသည်။ ယခုအခါ ပင်ဆင်လ်ဗေးနီးယားရှိ မစ်ဆာရီ ကော်ဒီးယားတက္ကသိုလ် (Misericordia University)၊ သက်ကြီးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ကြားရေးဌာန Center for Adult and Continuing Education တွင် ပါမောက္ခချုပ် (Dean) အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

ဒေါက်တာထွန်းကျော်ငြိမ်း ရေးသားသည့် If we boycott the elections we abandon the fight ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဦးကျော်ငြိမ်း (သို့မဟုတ်) နိုင်ငံရေးသမား တဦး၏ အလင်း အမှောင်ဘဝများ




….“မင်းတို့မှာ အတွေးအခေါ်လွတ်လပ်မှု မရှိဘူး။
မော်စကို၊ ပီကင်း၊ ပုံစံချပေးတဲ့အတိုင်း တွေးခေါ်တယ် ပြောတယ်။
ဒါကြောင့် မင်းတို့ ကွန်မြူနစ်တွေ ငါမုန်းတယ်….
မင်းတို့မှာ မျိုးချစ်စိတ် မရှိဘူး…..”

(ကျော်ငြိမ်း)

….“ တို့ ကွန်မြူနစ်တွေ မျိုးချစ်စိတ် ရှိမရှိ။ မင်းအသိထိုက်ဆုံးပေါ့။
မသိဘူးဆိုရင်တော့…. လွတ်လပ်ရေးတိုက်ပွဲမှာ
မင်းမပါခဲ့ဘူးလို့ ဆိုရာရောက်သွားမှာပဲ….”

(သိန်းဖေမြင့်)

(က)

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် လူငယ်ကျောင်းသားတို့၏ ပါဝင်မှုအခန်းကဏ္ဍသည် ကြီးမား၏။ ဤသို့ဆိုလိုက်လျှင် …. ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုလှဖေ၊ ကိုဗဆွေ၊ ကိုသန်းထွန်း …. စသည့် အမည်များက ထင်ရှားစွာနှင့် ပေါ်လာသည်။ ထိုအထဲ၌ သူတို့နှစ်ဦး၏ အမည်များကိုလည်း ချန်လှပ်ထား၍မရ….။ စာရင်းတို့၌ ထည့်သွင်းကြရမည်ပင်…။ သူတို့နှစ်ဦးဟူသည်က ….. (ဦး)သိန်းဖေမြင့်နှင့် (ဦး)ကျော်ငြိမ်းတို့ဖြစ်၏။

(ဦး) သိန်းဖေမြင့်က …. (ဦး) ကျော်ငြိမ်းအကြောင်းကို … “ကျော်ငြိမ်း” ဟူ၍ ရေး၏။
(ဦး) ကျော်ငြိမ်းကို နိုင်ငံရေးဇာတ်ခုံပေါ်တွင် ထား၍ (ဦး) သိန်းဖေမြင့်က ကလောင်နှင့် မီးမောင်းထိုးပြခြင်းဖြစ်၏။ “ကရောင်း” ရိုက်ချက်အမျိုးမျိုးအကြား၌ မီးမောင်းသည်လည်း ရွှေ့ပြောင်းရ၏။ အနီးအဝေးရွှေ့၏။ အလင်းအမှောင်ကွဲ၏။

နှစ်အပိုင်းအခြားအရဆိုပါမူ …. ၁၉၃၃ မှ ၁၉၆ဝ ခုနှစ်အတွင်း (ဦး)ကျော်ငြိမ်းနှင့် မြန်မာ့နိုင်ငံရေးခရီး …. (သို့မဟုတ်) “တွဲရေး ခွဲရေး” မှသည် “သန့်ရှင်း၊ တည်မြဲ” သို့ဟု ဆိုရမည်။
“ကျော်ငြိမ်း” ကို (ဦး) သိန်းဖေမြင့် ရေးသည့်အချိန်က ….
၁၉၆၁ ခုနှစ် ….. ၂ ဦး။

ထိုစဉ်က ….. တည်မြဲခေါင်းဆောင်ကြီး (ဦး) ကျော်ငြိမ်းသည် မြန်မာ့နိုင်ငံရေးတွင် အာဏာစက်ဝန်း၏အပြင်၌ ရောက်နေသည့်အချိန်….။

အာဏာစက်ဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အားယူပြင်ဆင်နေသည့်ကာလ…..။
(ခ)
kyaw
စာအုပ်အမည် ကျော်ငြိမ်း
စာရေးသူအမည် သိန်းဖေမြင့်
ထုတ်ဝေသူ မောင်စိုးဝင် (ရွှေပြည်တန်စာအုပ်တိုက်)
အုပ်ရေ ၅၀၀၀
တန်ဖိုး ၂ ကျပ်

ဦးသိန်းဖေမြင့်နှင့် ဦးကျော်ငြိမ်းတို့ ၂ ဦး ဦးကျော်ငြိမ်း၏ နေအိမ်ဧည့်ခန်းအတွင်း ထိုင်ရင်း နိုင်ငံရေး နောက်ကြောင်း၊ ပြန်ပြောကြသည့် “ဟန်” နှင့် ကျော်ငြိမ်းကို စ၍ဖွင့်သည်။
၁၉၃၂-၃၃….။

ထိုစဉ်က …. မန္တလေးဥပစာကောလိပ်တွင် ဦးကျော်ငြိမ်းနှင့် ဦးသိန်းဖေမြင့်တို့ ၂ ဦးသည် I.S.C နှင့် I.A အထက်တန်းများတွင် ပညာသင်ကြား၍ နေခဲ့၏။

မန္တလေး ဥပစာ ကောလိပ်က ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ ဥပစာကောလိပ်ဖြစ်သည်။ ထိုနှစ်က …. ရန်ကုန်တက္ကသိုလ် ကောင်စီသည် မန္တလေးဥပစာကောလိပ်ကို နောင်နှစ်တွင် ဖြုတ်ပစ်ရန် ဆုံးဖြတ်လိုက်၏။

ထိုဆုံးဖြတ်ချက်ကို မန္တလေး ဥပစာကောလိပ်ကျောင်းသား (ကို) သိန်းဖေနှင့် (ကို) ကျော်ငြိမ်းတို့ မကျေနပ်ကြ….။ ကန့်ကွက်ရန် လှုံ့ဆော်၏။ ကျောင်းသားထုအတွင်း ….. မန္တလေးမြို့သူမြို့သားများအတွင်း….။ ထိုမှ …. သူတို့ ၂ ဦးသည် မန္တလေးဥပစာကောလိပ်၏ ကျောင်းသားခေါင်းဆောင်များ ဖြစ်လာခဲ့ကြ၏။

ထိုခေတ် မြန်မာ့နိုင်ငံရေးက …. မြန်မာနိုင်ငံကို အိန္ဒိယပြည်မှ ခွဲရေးနှင့် တွဲထားရေး …. ဟူသည့် အယူအဆ ငြင်းခုန်နေကြသည့်ကာလ….။ တွဲရေးခွဲရေးအတွက် လူထုဆန္ဒခံယူမည်။ သူတို့ ၂ ဦးလုံးကမူ ခွဲရေးသမား ကျောင်းသားခေါင်းဆောင်များဖြစ်၏။
(ဂ)
၁၉၃၃-၃၄ တွင် သူတို့ ၂ ဦးစလုံး … ရန်ကုန်တက္ကသိုလ်သို့ ရောက်၏။ မန္တလေး ဥပစာမှ I.S.C အောင်ခဲ့သည့် (ဦး) ကျော်ငြိမ်းသည် ရန်ကုန်တက္ကသိုလ်တွင် B.S.C ဆက်၍မတတ်ဘဲ …. အင်္ဂလိပ်စာဂုဏ်ထူးတန်း တက်၏။

ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူတို့သည် …. နတ်မောက်မှ ကိုအောင်ဆန်း၊ မြစ်ဝကျွန်းပေါ်မှ ကိုနု၊ ထားဝယ်မှ ကိုဗဆွေ၊ ဆရာဖြစ်သင်ကောလိပ်မှ ကိုသန်းထွန်း…. စသည့် …. စသည့် လူငယ်ကျောင်းသားများနှင့် ရင်းနှီးခွင့် ရခဲ့ကြ၏။။ ထိုမှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ စင်မြင့်တွင်အတူ လက်တွဲခဲ့ကြပြီး ….. မြန်မာ့လွတ်လပ်ရေးခရီး၏ ခြေလှမ်းသစ်ကို စတင်ကာလှမ်းခဲ့ကြ၏။

ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ ….. စသည့် ကျောင်းသားခေါင်းဆောင်များက သမဂ္ဂစင်မြင့်မှသည် တို့ဗမာအစည်းအရုံးသို့ကူး၍ “သခင်” ဝန်းကျင်ကို ချဲ့ကြ၏။ အစားဆင်းရဲခံ၊ အနေဆင်းရဲခံ၍ သခင်နိုင်ငံတော်သစ်ကို တို့ဗမာအစည်းအရုံးအတွင်းမှ တည်ဆောက်ကြ၏။ ကိုကျော်ငြိမ်းက …. သမဂ္ဂမှ ထွက်ပြီးနောက် …. တက္ကသိုလ်တွင်ပင် နည်းပြဆရာ ဝင်လုပ်၏။ ပြီးလျှင်… “အကောက်တော်ဌာန” ၌ ရာပြတ်အလုပ် ဝင်လုပ်ပြန်သည်။ ဤအကြောင်းကို …. ဆရာသိန်းဖေမြင့်က … ကျော်ငြိမ်းတွင်…
“ကျော်ငြိမ်းကား …. တို့ဗမာအစည်းအရုံးထဲမရောက်၊ လူထုလူတန်းစားတိုက်ပွဲများနှင့် ခပ်ဝေးဝေးဖြစ်နေလေသည်။ တဖက်မှာ ကျောင်းမှာ နည်းပြဆရာလုပ်ရခြင်း၊ အကောက်တော် ဌာနတွင် ရာပြတ်အရာရှိလုပ်ရခြင်း စသည်တို့ကြောင့် နိုင်ငံရေးတိုက်ပွဲများတွင် ရှေ့တန်းမှ ဗြောင်မပါနိုင်ချေ။ နောက်ကွယ်မှသာ ရဲဘော်ရဲဘက်များနှင့် ဥမကွဲ သိုက်မပျက် ရှိနေနိုင်၏။ အဓိကအားဖြင့် လျှို့ဝှက်နိုင်ငံရေးကိုသာ လုပ်နိုင်လေသည်။ ဤသို့သော … လူနေမှုဘဝနှင့် နိုင်ငံရေးဘဝသည် ကျော်ငြိမ်း၏ သဘောတရားနှင့် ဝါဒရေးရာ အတွေးအခေါ်များကို ပြုပြင်ပဲ့ကိုင်လျက်ရှိရာ၊ မာ့က်စ်ဝါဒနှင့် ကင်းကွာစေပြီး ပြင်းထန်သော အမျိုးသားရေး ဝါဒသြဇာအောက်သို့ ပို့ဆောင်ပေးလေသည်။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၁၈-၁၉ မှ)
(ဃ)
ဦးသိန်းဖေမြင့်က “ကျော်ငြိမ်း” တွင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ ဦးကျော်ငြိမ်းကို မီးမောင်းထိုး၍ပြထားသည့် နိုင်ငံရေးဇာတ်ကွက်အချို့ ဆွဲထုတ်၍ဖော်ပြလိုသည်။

ဂျပန်ခေတ်တွင် ဦးကျော်ငြိမ်းသည် ဂျပန်၏ ရုပ်သေးအစိုးရ အဖွဲ့အတွင်း၌ ပထမတွင် “ အစိုးရအဖွဲ့အတွင်းဝန်” လုပ်၏။ နောင်တွင်မူ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ၏။ နိုင်ငံခြားရေးဝန်ကြီးက ဦးနုဖြစ်သည်။

တဖက်တွင်လည်း ဖက်ဆစ်တော်လှန်ရေးအတွက် “ပြည်သူ့အရေးတော်ပုံပါတီ” ကို ဦးဗဆွေ၊ သခင်ချစ် (နောင်တွင် …. ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပဲခူးရိုးမ၌ ကျဆုံး)၊ သခင်မြတို့နှင့် အတူဖွဲ့စည်းထား၏။ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့က ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ညီညွှတ်သော တပ်ပေါင်းစုတရပ် တည်ဆောက်ရန် ကြိုးပမ်းရင်းနှင့်ပင်…၊

ပကတိဘာဝအခြေအနေအရ ဖက်ဆစ်တော်လှန်ရေးကြီးက ရင့်မှည့်၍ လာသည်။ ဤတွင် …. ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ဗမာ့မျိုးချစ်တပ်မတော်တို့ ပူးပေါင်း၍ “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး” (ဖတပလ) ကို ဖွဲ့စည်း၏။ တပ်ပေါင်းစုနှင့် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရန်ဖြစ်သည်။

(ဖတပလ) က ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်တော်လှန်ရန်အတွက် စစ်တိုင်းများခွဲ၏။ စစ်တိုင်းများအလိုက် တာဝန်ယူကြမည့် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များ တာဝန်ပေး၏။ ဦးကျော်ငြိမ်းက စစ်တိုင်း ၆ တွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် တာဝန်ယူရ၏။ စစ်တိုင်း ၆ ၏ စစ်ရေးခေါင်းဆောင်က ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်ဝင်) ဖြစ်သည်။ တိုင်း ၆ ၏ တာဝန်ကျရာနယ်မြေက… ပျဉ်းမနား၊ မိတ္ထီလာ၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည် ဒေသများဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပင် ရန်ကုန်မြို့၌ “အနီးကပ်ဆုံးရန်သူအား ရှာတိုက်ကြ” ဟူ၍၊ တပ်ထွက်မိန့်ခွန်းပေးပြီး သူကိုယ်တိုင်လည်း တာဝန်ကျရာ မြေထဲ၊ အောင်လံသို့ စစ်ထွက်၏။ ဦးကျော်ငြိမ်းကမူ ဖက်ဆစ်တော်လှန်ရေးကြီးအတွင်း၌ သူတာဝန်ကျရာ စစ်တိုင်း၊ တိုင်း ၆ သို့ မသွား….။ ရန်ကုန်တွင်ပင် နေခဲ့၏။

တာဝန်ကျရာအရပ်သို့ ဦးကျော်ငြိမ်း၊ မသွားဖြစ်သည့်အကြောင်းကို ….. ကျော်ငြိမ်းတွင်…
“ကျော်ငြိမ်းသည် ပျဉ်းမနား ဗိုလ်ရဲထွဋ်ထံသို့ လိုက်သွားရန် တာဝန်ကျသော်လည်း မလိုက်ဖြစ်တော့ချေ။ ကျော်ငြိမ်း တောခိုလျှင် သခင်မြနှင့် သခင်နုတို့အား ဂျပန်က လုံးဝယုံတော့မည်မဟုတ်ဟု ယူဆလေသည်။ သို့သော် … မတ်လ ၂၇ ရက်နေ့မတိုင်မီ စစ်ကိုင်း၊ မန္တလေးဘက်တွင် ဗိုလ်ဗထူး ဦးစီးသော တပ်မတော်သားများက ဂျပန်အား ထချလေရာ ဗိုလ်ချုပ်အောင်ဆန်းတို့က ဟန်ဆောင်ပြီး မည်မျှပင် အဆက်ဖြတ်ဖြတ် ဂျပန်က ဗမာ့တပ်မတော်အား မယုံတော့ချေ။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၅၉)

(င)
ဖက်ဆစ်တော်လှန်ရေး ပြီးသည့်နောက် …. ဆင်းမလားမှ စစ်ပြေးကိုလိုနီ အုပ်ချုပ်ရေးအဖွဲ့သည် ရန်ကုန်သို့ ပြန်လည်၍ ရောက်ရှိခဲ့သည်။ (ဖဆပလ) က အင်အားအတောင့်တင်းဆုံး၊ အတိုက်အခံ အဖွဲ့အစည်းကြီးအဖြစ်နှင့် လွတ်လပ်ရေးခရီး ချီတက်လျက်ရှိသည်။ ဖဆပလအတွင်း … အားပြိုင်မှုများကလည်း ကြီးမား၏။

ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့၏ အားပြိုင်မှုများ ဖြစ်သည်။ (ဖဆပလ) အထွေထွေအတွင်းရေးမှူး နေရာမှ သခင်သန်းထွန်း ထွက်သွားပြီးသည့်နောက်တွင် (ဖဆပလ) ၏ အထွေထွေအတွင်းရေးမှူး နေရာအတွက် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့မှ အပြိုင်အဆိုင် ရရှိရေးအတွက် ကြိုးစားကြ၏။ ကွန်မြူနစ်ပါတီမှ (ဦး) သိန်းဖေမြင့်ကို ထိုနေရာသို့ ရရန် ကြံစည်ကြသကဲ့သို့ ပြည်သူ့အရေးတော်ပုံပါတီမှလည်း (ဦး) ကျော်ငြိမ်းကို တင်ရန် လုံ့လပြု၏။ (ဖဆပလ) ၏ နိုင်ငံလုံးဆိုင်ရာ ဦးစီးအစည်းအဝေး၌ မဲခွဲရာ (ဦး) ကျော်ငြိမ်းက မဲအသာနှင့် အထွေထွေအတွင်းရေးမှူးနေရာ ရရှိ၏။

နေရာအတွက် ယှဉ်ပြိုင်ကြသည်သာမက ….. အယူအဆရေးရာများတွင်လည်း မတူကွဲပြားမှုများနှင့်….။
၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ အထွေထွေအလုပ်သမားသပိတ်ကြီး ဖြစ်လာ၏။ ပြီးလျှင် … သပိတ်သည် အစိုးရအမှုထမ်းများ၊ ပုလိပ်များဆီသို့ပင် ကူးစက်၏။ ဤသို့သော အခြေအနေအပေါ် …. ပြည်သူ့အရေးတော်ပုံနှင့် ကွန်မြူနစ်တို့အကြား၊ အယူအဆရေးအရ၊ အမြင်ချင်းက မတူကြ….
“ကျော်ငြိမ်းသည် အစိုးရအမှုထမ်းများကို ဆိုင်းထားစေလိုသည်။ တဖက်က လက်နက်စုဆောင်း ပြင်ဆင်ထားပြီးမှ အထွေထွေသပိတ်ကြီးကို ပုလိပ်သပိတ်အထိ မြှင့်တင်ဆင်နွှဲလိုသည်ဟူ၍ အကြောင်းပြသည်။ ကျနော်နှင့်တကွ ကွန်မြူနစ်များက လက်နက်စုဆောင်းပြီးအောင် စောင့်နေဖို့မလို၊ အထွေထွေ သပိတ်ကြီးကို နက်ရှိုင်းစေရမည်။ ပုလိပ်သပိတ်အထိသာမက .. စစ်တပ်သပိတ်အထိ မြှင့်တင်သွားရမည်ဟု တောင်းဆိုကြသည်” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈ဝ မှ)
သိန်းဖေမြင့်က … ထိုစဉ်ကာလ (ဖဆပလ) အတွင်း ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ ပဋိပက္ခအား …..

“စက်တင်ဘာ အရေးတော်ပုံမတိုင်မီနှင့် အရေးတော်ပုံအတွင်းတွင်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်ပဋိပက္ခသည် သဘောတရားရေးနှင့် နိုင်ငံရေး နယ်ပယ်ထဲမှာသာ နေသည်။ စက်တင်ဘာ အရေးတော်ပုံသည် (ပဆပလ) မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီး၊ အာဏာယူခြင်းနှင့် အဆုံးသတ်သွားသောအခါ အာဏာပဋိပက္ခ ဖြစ်လာလေသည်။
ထိုအချိန်အခါတွင် ပုဂ္ဂိုလ်ရေးတွေ လွှမ်းမိုးလာသည်။ ကွန်မြူနစ်ပါတီသည် (ဖဆပလ) ကြားဖြတ်အစိုးရအား ထောက်ခံနေရာမှ ဆန့်ကျင်သော လမ်းစဉ်သို့ ကူးပြောင်းသောအခါတွင်…၊ ရာထူးမရသော သခင်သန်းထွန်း၏ ပယောဂဖြစ်သည်ဟု ကျော်ငြိမ်းတို့ ဆိုရှယ်လစ်များက စွပ်စွဲကြသည့် နည်းအတူ ကြားဖြတ်အစိုးရဖွဲ့စေပြီး (ဖဆပလ) အား သစ္စာဖောက်လမ်းစဉ်ကို လိုက်စေခြင်းမှာ ဦးဘဖေနှင့် ကျော်ငြိမ်းကြောင့်ဖြစ်သည်ဟု စွပ်စွဲကြပြန်လေသည်။

ကွန်မြူနစ်ပါတီသည် ဝန်ကြီး ၂ နေရာ ရအောင်လုပ်ပြီး ကြားဖြတ်အစိုးရ အာဏာကို လက်ဝါးကြီးအုပ်ရန် ကြံစည်ခြင်းဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုပင် သစ္စာဖောက်အဖြစ်ဖြင့် ထိပါးတိုက်ခိုက်လျက်ရှိပြီး ဖဆပလအစိုးရအား ဖြိုချရန် ကြိုးစားနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အခုကတည်းက ထိုရန်ကို ဖျက်ဆီးပစ်ရန်လိုကြောင်း ကျော်ငြိမ်းသည် ဖဆပလတွင်းမှာ အတိအလင်း ပြောဆိုလာလေသည်။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈၃-၈၄ မှ)
ပြီးလျှင် …. (ဦး) ကျော်ငြိမ်းအား ဆရာသိန်းဖေမြင့်က … ဤသို့တည့်တည့်ပင် ဝေဖန်၏။

“ကျော်ငြိမ်းတွင် နိုင်ငံရေးလုပ်နည်းနှင့် ပတ်သက်ပြီး အယူအဆတခု ဝင်လာပြီဖြစ်၏။ မိမိနှင့်ပြိုင်ဘက် တဖက်သော အင်အားစုတွင် အန္တရာယ်မြင်လျှင် မလိုလားအပ်သော ကိုယ်ဝန်သားငယ်ကို မမြင်သလို မြင်ရမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်သားငယ်ကို နေ့စေ့လစေ့ ကြီးရင့်ခွင့်မပေးဘဲ ဖျက်ချရမည်ဖြစ်ကြောင်း၊ သားလျှောကျစေရမည်ဖြစ်ကြောင်း နည်းကောင်းလမ်းကောင်းအဖြစ်ဖြင့် မြင်နေလေသည်” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈၄ မှ)

(စ)
လွတ်လပ်ရေး ရရှိပြီးသည့်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရ (ဖဆပလ) ၏ အခန်းကဏ္ဍသည် ကြီးမား၏။ ထိုအထဲမှ …. (ဖဆပလ) အတွင်း၌ ဦးဆောင်မှုအခန်းကဏ္ဍတွင် တည်ရှိနေခဲ့ကြသည့် နိုင်ငံရေး ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍက ပို၍ အရေးပါသည်ဟု ဆိုရမည်။ သူတို့၏ တွေးမှု၊ မြင်မှု၊ လုပ်ဆောင်မှုများက လွတ်လပ်ရေးအလွန် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြဋ္ဌာန်း၏။ မြန်မာနိုင်ငံ၏ လူမှုဘဝ၊ နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝ …. ဘဝအထွေထွေကို ထုဆစ်နိုင်ကြသည့်သူများဟု ဆိုရမည်။ ထိုအထဲ၌ …. ဦးကျော်ငြိမ်းသည်လည်း ပါ၏။ ထိုစဉ်က (ဖဆပလ) ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်ငြိမ်း၊ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း….။

မုသားနိုင်ငံတော်နဲ့ ပြည်သူ့အရေးတော်ပုံ

ဦးအောင်ခင် / ၁၃ ဇွန် ၂၀၀၈


တရုတ်-မြန်မာ ဆရာတပည့်ဆိုသလို ကွန်မြူနစ်ပါတီနဲ့ ဗမာစစ်တပ်ဟာ လိမ်ညာဝါဒဖြန့်တဲ့ နေရာမှာနဲ့ သတင်းထိန်ချန်ကွယ်ဝှက်တဲ့နေရာမှာ အတော်တူပါတယ်။ တိဘက်ပြည်က ဖိနှိပ်မှုတွေကို တရုတ်ပြည်တွင်းမှာ မသိရပါဘူး။ ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်သတင်းကို ဗမာစစ်အစိုးရက ဖုံးဖိဖို့ကြိုးစားနေတုန်း တရုတ်မြေငလျင်သတင်းကို လွတ်လပ်စွာ သတင်း ပို့ခွင့်ရတာမို့ ဗမာစစ်အစိုးရ ၀ိုင်းဆဲတာခံရပြီး တရုတ်ကွန်မြူနစ်ကို ၀ိုင်းဝန်းချီးကျူးကြပါတယ်။

ဒါပေမယ့် မြေငလျင်ကြောင့် အစိုးရ အဆောက်အဦတွေမပြိုဘဲ ကျောင်းတွေသာ ပြိုကျပျက်စီး တာကို မကျေနပ်လို့ ဆန္ဒပြတဲ့ ကျောင်းသားမိဘတွေကို ရဲက နှိမ်နင်းတားမြစ်တာကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပေးတဲ့ လွတ်လပ်မှုဟာ ယာယီဝါဒဖြန့်မှုသာ ဖြစ်နေတာ ထင်ရှားတယ်။

ဒီမိုကရေစီအရေးတော်ပုံနဲ့ လူအများအပြား အသတ်ခံရတာတွေကို ပြည်သူတွေမေ့ပျောက် သွားအောင် ကြိုးစားတဲ့နေရာမှာ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်ဟာ လုပ်နည်းကိုင်နည်းချင်း တူနေတာ တွေ့ရပါတယ်။ တရုတ်ပြည်မှာလည်း ၀ါဒဖြန့်တာကို ဦးစားပေးတဲ့အတွက် လက်တွေ့ဘ၀နဲ့ တခြားစီ ဖြစ်နေတတ်ပါတယ်။ ရိက္ခာရှားပါးနေတဲ့သတင်းကို ထိန်ချန်ကွယ်ဝှက်လို့ သန်းနဲ့ချီသေဆုံးတဲ့ သာဓကတွေ တရုတ်ပြည်မှာ ရှိတယ်။ အခုလည်း ဆန်ရှားမယ့်ကိစ္စကို ဗမာစစ်အစိုးရက ကွယ်ဝှက်ပြီး လိမ်ညာဝါဒဖြန့်နေတာကြောင့် ပြည်သူအများအပြား ငတ်သေ နိုင်တယ်။ ရောဂါနဲ့ ရိက္ခာရှားပါးမှုကို လွတ်လပ်စွာသတင်းဖြန့်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံမှာသာ ပြဿနာကို ဖြေရှင်းနိုင်တယ်။

လိမ်ညာဝါဒဖြန့်တာကို အင်တိုက်အားတိုက် လုပ်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီအကြောင်း
“မုသားနိုင်ငံတော်” The Empire of Lies ဆိုတဲ့အမည်နဲ့ အမေရိကန်မှာ မကြာမီက စာအုပ်
ထုတ်ဝေတယ်။ ပြင်သစ်စာရေးဆရာ ဂိုင်းဆားမန် (Guy Sorman) ရေးတဲ့ ကိုယ်တွေ့ မှတ်တမ်းကို ဘာသာပြန်ပြီး အင်္ဂလိပ်လို ထုတ်ဝေတာပါပဲ။ ပြည်တွင်းပြည်ပက ဒီမိုကရေစီသမားနဲ့ သတင်း ဆရာတွေကို တွေ့ဆုံမေးမြန်းရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး မြန်မာ့အခြေအနေနဲ့ အတော်
တူတယ်။

တရုတ်ပြည် ထကြွနိုးကြားလာရင် တကမ္ဘာလုံး တုန်လှုပ်သွားလိမ့်မယ်လို့ ပြင်သစ်အာဏာရှင် နပိုလီယံက ပြောဖူးပါတယ်။ ဒါပေမယ့် ၀ါဒဖြန့်မှုကို အဓိကထားပြီး ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ တရုတ်ပြည်ကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက မှုစရာ မလိုဘူးလို့ ဂိုင်းဆားမန်က သုံးသပ်တယ်။ ၀ါဒဖြန့်လမ်းစဉ်ကျင့်သုံးတဲ့ တရုတ်ပြည်မှာ အမှန် တရားကို သိနိုင်ဖို့ ခက်ခဲတယ်တဲ့။

ဥပမာဆေးကုလို့မရတဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုးဖြစ်နေတာကို ၁၉၉၄ မှာ ဆရာဝန်အချို့ သိပေမယ့် တရုတ်အစိုးရက ထိပ်တန်းလျှို့ဝှက်လုပ်ထားပါတယ်။ မတတ်နိုင်တော့မှ ၂၀၀၀ ပြည့်နှစ်မှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေတာကို ၀န်ခံပါတယ်။ နောက်တော့မှ အစိုးရရဲ့ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေးစီမံကိန်း အကြီးအကျယ်အောင်မြင်နေကြောင်း လုပ်ကြံ
ဝါဒဖြန့်ပါတော့တယ်။ ဗမာစစ်အစိုးရကလည်း ဒီအတိုင်းပါပဲ။

တရုတ်ကွန်မြူနစ်အာဏာရှင်စနစ်မှာ မကျေနပ်မှုကို ဖြေရှင်းနိုင်စွမ်းမရှိတဲ့အတွက် ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပွားပါတယ်။ ၂၀၀၄ မှာ ဆန္ဒပြပွဲပေါင်း (၇) သောင်းကျော်ရှိပြီး ဆန္ဒပြသူ (၄) သန်း နီးပါးရှိတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က လူထုဆန္ဒပြပွဲ (၁) သောင်းလောက်သာ ရှိတာမို့ မကျေနပ်သူ (၇) ဆ တိုးလာတယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့မကျေနပ်မှုကို တရားဥပဒေအရ လုံလောက်စွာ မဖြေရှင်းနိုင်သမျှကာလပတ်လုံး ကန့်ကွက်ဆန္ဒပြပွဲတွေ ရှိနေမှာပါပဲ။ လူမိုက်ငှားပြီး ကန့်ကွက်ဆန္ဒပြပွဲကို နှိမ်နင်းတာမျိုးလည်း ရှိပါတယ်။

ဒါပေမယ့် အကွဲကွဲအပြားပြားဖြစ်နေတာမို့ ဆန္ဒပြပွဲကနေ တော်လှန်ရေးကြီး ဖြစ်ပေါ်လာပြီး ကွန်မြူနစ်ပါတီကို ဖြုတ်ချနိုင်မယ့် အလားအလာ မရှိသေးပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီသဘော တရား မပြန့်ပွားရအောင် တရုတ်ကွန်မြူနစ်ပါတီက စီစဉ်ထားပါတယ်။ တရုတ်ဒီမိုကရေစီ စက္ကူဖြူ စာတမ်းကို ၂၀၀၅ အောက်တိုဘာလမှာ ထုတ်ပြန်ပါတယ်။ အနှစ်သာရကတော့ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှုကို မှတ်တမ်း တင်တဲ့ စာတမ်းမို့ ပြည်သူတွေ သိန်းချီသေဆုံးရတဲ့ အမှားမျိုးကို ကွယ်ဝှက်ထားပါတယ်။ ဒီမို ကရေစီစနစ်မျိုးစုံထဲမှာ တရုတ်ဒီမိုကရေစီဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒီမိုကရေစီကိစ္စမှာ သူများကို အတုယူစရာ မလိုပါဘူးတဲ့။

ဒီပုံစံအတိုင်း ဗမာစစ်အစိုးရကလည်း စစ်ဗိုလ်ဦးဆောင်မှုအောက်မှာ အားလုံး ပူးပေါင်းဆောင်ရွက် တာကို ဒီမိုကရေစီ အစစ်အမှန်ဖြစ်တယ်လို့ အခြေခံဥပဒေရေးပြီး ၀ါဒဖြန့်နေပါတယ်။ ပြည်သူ လူထုကို နှစ်ပေါင်းများစွာ ပစ်သတ်နေတဲ့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှ အားလုံးကောင်းပါသည် ဆိုပြီး ၀ါဒဖြန့်တဲ့အလုပ်ဟာ တရုတ်ကွန်မြူနစ်ရဲ့ ၀ါဒဖြန့်လမ်းစဉ်နဲ့ အတူတူပါပဲ။ တရုတ်ကွန်မြူနစ် ပါတီ လုပ်သမျှ မှန်တယ်လို့ ပြောသလို ဗမာစစ်တပ်လုပ်သမျှ မှန်တယ်လို့ ၀ါဒဖြန့်တာပါပဲ။

လူလတ်တန်းစား အရင်းရှင်လေးတွေ များလာရင် လွတ်လပ်မှုကို လိုချင်ကြမှာမို့ ဒီမိုကရေစီ တောင်းဆိုမှုတွေ ရှိလာနိုင်တယ်လို့ ဆိုကြပေမယ့် တရုတ်ပြည်က လူလတ်တန်းစားဟာ ဒီမိုကရေစီကို အထောက်အကူ မပြုဘူးလို့ ဘောဂဗေဒပညာရှင် မော်ယူရှီက ဆိုပါတယ်။ လုပ်ငန်းကျွမ်းကျင်ပြီး ကြိုးစားလို့ ကြီးပွားချမ်းသာလာတာမဟုတ်ဘဲ ပါတီနဲ့နီးစပ်လို့ ငွေရှိလာတဲ့ ခေတ်ပျက်သူဌေးတွေဟာ ဒီမိုကရေစီကို အထောက်အကူမပြုပါဘူး။ တရုတ်ပြည်မှာ အရင်းရှင် အစစ်အမှန် အနည်းငယ်သာရှိပြီး ခေတ်ပျက်သူဌေးက များတယ်။ အလွယ်ဆုံး သူဌေးဖြစ်နည်း ကတော့ ဘဏ်ကငွေချေးပြီး ပြန်မဆပ်တဲ့ နည်းပါပဲ။ အဆက်အသွယ်ကောင်းတဲ့ ဂွမ်စိ (Guanxi) ကသာ ဘဏ်မှာ ငွေချေးနိုင်ပါတယ်။ အဲဒီအခါမှာ ချေးငွေ (၅) ရာခိုင်နှုန်း ဘဏ်အမှုထမ်းကိုပေးရပြီး ပါတီကေဒါကို (၁၅) ရာခိုင်နှုန်းပေးရလို့ ငွေချေးသူဟာ (၈၀) ရာခိုင်နှုန်းသာ ရရှိတယ်။ ဒါပေမယ့် ပါတီနဲ့ ပြေလည်နေသမျှ ပြန်ဆပ်စရာ မလိုတော့ အမြတ်ချည်းပေါ့။ ခေတ်ပျက်သူဌေးကို အချိန် မရွေး ပါတီက ဖျက်ဆီးပစ်နိုင်တာမို့ လူလတ်တန်းစား အရင်းရှင် ပေါက်စလို့ မခေါ်နိုင်ပါဘူး။ မြန်မာပြည်က ခေတ်ပျက်သူဌေးကလည်း စစ်ဗိုလ်ကပ်ဖားနဲ့ ဘိန်းမှောင်ခို ဘ၀ကလာတာမို့ ဒီမိုကရေစီကို အထောက်အကူ မပြုပါဘူး။

အကြွေးမဆပ်နိုင်တဲ့လုပ်ငန်းကို ငွေထုတ်ချေးထားတဲ့ ဘဏ်တွေ ချွတ်ခြုံကျရင်တော့ ကွန်မြူနစ် ပါတီ ဒုက္ခရောက်သွားနိုင်တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ၀င်ငွေက ချေးငွေထက် အဆမတန် များပြားနေတာမို့ ပြဿနာမဖြစ်နိုင်သေးပါဘူး။ ပါတီရဲ့ ညွှန်ကြားချက်အတိုင်း ငွေ ထုတ်ချေးလို့ ပြဿနာဖြစ်တဲ့ ဘဏ်အချို့ကို ဗဟိုဘဏ်ကြီးက ၀င်ကယ်ထားပါတယ်။ ပြည်သူ လူထုအနေနဲ့ ဒီဘဏ်တွေမှာပဲ ငွေစုကြရပါတယ်။ ဒီစုငွေတွေကို ပြန်ထုတ်လို့ မရဘူးဆိုရင် ပြည်သူ့အုံကြွမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်တဲ့။ တရုတ်တွေဟာ လွတ်လပ်မှုကို အဆုံးခံနိုင်ပေမယ့် ငွေကိုတော့ အဆုံးခံမှာ မဟုတ်ဘူးလို့ မော်ယူရှီက ဆိုပါတယ်။ ဒီအဖြစ်မျိုး မရောက်အောင် တရုတ်ကွန်မြူနစ်ပါတီက ကြိုးစားနေပုံရပါတယ်။

အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု ကင်းရှင်းအောင် မိမိကိုယ်မိမိ ထိန်းချုပ်ရမယ်လို့ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ဆိုပေမယ့် လုပ်ပိုင်ခွင့်မျိုးစုံရတဲ့ ပါတီဝင်ဟာ အလွဲ သုံးစား လုပ်ချင်စိတ် ပိုများပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်ရရှိရေး စတာတွေကို လက်ကိုင်ထားတဲ့ အရာထမ်းအဖို့ လာဘ်မစားဖို့ မလွယ်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှုပေါင်း (၁၆၀,၀၀၀) ကျော် ရှိတဲ့အနက် (၆,၀၀၀) ကျော်သာ အပြစ်ဒဏ်ခံရပါ တယ်။ ပါတီဝင် (၅၀,၀၀၀) ကို စစ်ဆေးပြီး (၉၀၀) ကိုသာ အပြစ်ပေးပါတယ်။ ပါတီဝင် သန်း (၆၀) ကျော်မှာ (၉၀၀) သာ လာဘ်စားတယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ တရုတ်ကေဒါနဲ့ ဗမာစစ် ဗိုလ်ဟာ အတူတူပါပဲ။

လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်နေတဲ့ ပါတီဝင်တွေကပဲ လာဘ်စားနေတာကို နိုင်ငံခြား ကုမ္ပဏီတွေက သိပါတယ်။ တရုတ်ပြည်မှာ စီးပွားရေးလုပ်ရင် ပါတီဝင်ကို လာဘ်မထိုးလို့ မဖြစ်ပါဘူး။ အနောက်တိုင်း ကုမ္ပဏီတွေကလည်း လာဘ်ပေးလာဘ်ယူမှုဟာ တရုတ်ဓလေ့ ထုံးစံလိုဖြစ်နေပြီလို့ ဆိုကြပါတယ်။ လုပ်ရိုးလုပ်စဉ် ဗျူရိုကရေစီ ယန္တရားအတိုင်း လိုက်လုပ်နေရင် အလွန်ကြန့်ကြာတာမို့ နောက်ဖေးပေါက်က ၀င်ပြီး လာဘ်ထိုးရတာလို့ ဆင်ခြေပေးကြပါတယ်။

ကွန်မြူနစ်ပါတီတွင်းမှာ ပြုပြင်ရေးလုပ်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ဆိုတာဟာ စိတ်ကူးယဉ် အဆင့်က တက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပါတီဟာ ကိုယ့်သေတွင်း ကိုယ်တူးမှာ မဟုတ် ပါဘူး။ အခွင့်ထူးခံစားနေရတဲ့ ပါတီကေဒါနဲ့ စစ်ဗိုလ်တွေဟာ သူတို့အကျိုးစီးပွားကို ထိခိုက်မယ့် ပြောင်းလဲမှုမျိုးကို လက်ခံမှာ မဟုတ်ပါဘူး။ ဒီလိုတိုင်းပြည်မျိုးမှာ အဂတိလိုက်စားတဲ့ ဓလေ့ ရှင်သန်ကြီးထွားတယ်လို့ ဂိုင်းဆားမန်က သုံးသပ်ပါတယ်။ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်
ပါတီဟာ အခွင့်ထူးခံ လူနည်းစုကိုဖန်တီးပြီး အမြဲတမ်း အာဏာရအောင် ကြိုးစားနေပါတယ်။ ဒါကြောင့် အဖိနှိပ်ခံလူများစုကို အားကောင်းလာအောင် လုပ်နိုင်မှသာ “မုသားနိုင်ငံတော်” နိဂုံးချုပ်ပြီး ဒီမိုကရေစီ ထွန်းကားနိုင်မယ်လို့ “ဂိုင်းဆားမန်” နိဂုံးချုပ်ထားပါတယ်။

အန်အယ်လ်ဒီ၏ အနာဂတ် အမှန်တကယ် မှုန်ဝါးနေပြီလား

NEJ / ၁၈ ဒီဇင်ဘာ ၂၀၀၈


ယခုလ (၁၆) ရက်နေ့က ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်တွင် “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ ဦးဆောင်ဟောပြောဆွေးနွေးသူ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က အန်အယ်လ်ဒီ၏ အနာဂတ်သည် မှုန်ဝါးနေကြောင်း ချပြဆွေးနွေးခဲ့သည်။

အန်အယ်လ်ဒီ၏ လက်ရှိအနေအထားကို ကြည့်မည်ဆိုလျှင် ၂၀၁၀ ရွေးကောက်ပွဲအတွက်လည်း ဆုံးဖြတ်ချက်မချနိုင်၊ စစ်အစိုးရဘက်ကလည်း အန်အယ်လ်ဒီနှင့် မဆွေးနွေးနိုင်ဟု အပြတ်ပြောထားသည့်အတွက် နောက်တဆင့် မည်သို့ခြေလှမ်း လှမ်းရမည်မှာ မရေမရာဖြစ်နေသည်။ ဦးဝင်းတင်သည် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် အဖွဲ့ထဲတွင် အန်အယ်လ်ဒီ၏ အနာဂတ်ကို မှုန်ဝါးနေသည်ဟု ပကတိအနေအထားအတိုင်း ပြတ်ပြတ်သားသား သုံးသပ်လိုက်သည့် ပထမဆုံး အမှုဆောင်အဖွဲ့ဝင်တဦး ဖြစ်သည်။

ဦးဝင်းတင်ဘက်ကလည်း အန်အယ်လ်ဒီ၏ အနာဂတ်ကို မှုန်ဝါးနေသည်ဟု ပြောရာတွင် စိတ်ပျက်ခြင်း၊ အဆိုးမြင်ခြင်း စသည့် အချက်များကို အခြေခံခြင်းမဟုတ်ဟု ၀န်ခံထားသည်။ ထို့ကြောင့် အန်အယ်လ်ဒီ၏ အနာဂတ် အမှန်တကယ် မှုန်ဝါးခြင်း ဟုတ်မဟုတ် ဆန်းစစ်ရန်လိုလာသည်။

ရေနံချောင်း အန်အယ်လ်ဒီဒု-ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးကမူ အန်အယ်လ်ဒီ၏ အနာဂတ်အပေါ် ဦးဝင်းတင်၏ သုံးသပ်ချက် မှန်ကန်သည့်အတွက် ထောက်ခံသည်ဟု ခေတ်ပြိုင်ကို ပြောသည်။

“အန်တီကထောက်ခံတယ်။ ဦးဝင်းတင်ပြောတာတွေဟာ မှန်သင့်သလောက်မှန်တယ်ပေါ့နော်။ အန်အယ်လ်ဒီအနေနဲ့ မှုန်ဝါးဝါးဆိုတာ မှန်နိုင်တယ်ဆိုတာက အန်တီတို့ကိုတော့ သူတို့က hot line လို့ခေါ်တာကိုးကွ။ ရွှေဝါရောင်တော်လှန်ရေးတုန်း ကဆို အန်တီတို့က အန်အယ်လ်ဒီကို ထွက်စေချင်တာပေါ့နော်။ သူတို့က မထွက်ဘူးပေါ့နော်။ မထွက်တဲ့အခါမှာ အန်တီတို့ မကွေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုကလည်း ထပြောတယ်။ ကျနော်တို့က အန်အယ်လ်ဒီ ရှင်သန်ရေးက အဓိကလား ဒီမိုကရေစီရရှိရေးက အဓိကလားလို့မေးတာ။ တိုင်းနှစ်ပတ်လည်အစည်းအဝေး မနှစ်ကပေါ့။ ရွှေဝါရောင်တော်လှန်ရေးကဖြစ်နေပြီသား။ ဦးအောင်ရွှေကဘာပြောတုန်းဆိုတော့ ဒါတွေကမေးစရာမလိုပါဘူးတဲ့ အတူတူပဲတဲ့ ဆိုပြီးပြောတာပေါ့။ အခုပုံစံက အန်တီ အမြင်ကလည်း အန်အယ်လ်ဒီက အန်အယ်လ်ဒီရှင်သန်ရေးနောက်ကိုပဲ သူကဖြစ်နေတဲ့သဘောကိုး။ ဒီမိုကရေစီရရှိရေးက အဓိက မဟုတ်တာဖြစ်နေတာကိုး၊ ထွက်ရမယ့်အချိန်မှာ မထွက်ခဲ့ကြတာကိုး” ဟု ဒေါ်ခင်စောဌေးက ပြောသည်။

သို့သော် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ အန်အယ်လ်ဒီ၏ အနာဂတ်အပေါ် ဒေါ်ခင်စောဌေးကဲ့သို့ မယူဆပေ။ အန်အယ်လ်ဒီ၏ အနာဂတ်သည် လူငယ်များအပေါ် အများကြီးမူတည်သည်ဟု သခင်ချန်ထွန်းက ယူဆသည်။ ဤနေရာတွင် ဦးဝင်းတင်၏ အယူအဆနှင့် သခင်ချန်ထွန်းတို့ နီးစပ်သည်။ ယနေ့လူငယ်များသည် ထွက်ပေါက်ဆိုသည့်စကားကို တွင်တွင်ပြောလာကြသည့်အတွက် ထွက်ပေါက်ထက်အရေးကြီးသည်မှာ အနာဂတ်ကို ဖောက်ထွက်ဖို့ဖြစ်ကြောင်း ဦးဝင်းတင်က ထောက်ပြခဲ့သည်။ သခင်ချန်ထွန်းကမူ အသေခံရဲသည့် လူငယ်များ စုစည်းမိလာလျှင် အခြေအနေပြောင်းနိုင်သည်ဟု ယုံကြည် သည်။

“လုံးဝအခြေအနေမကောင်းဘူးလို့တော့ ပြောလို့မရပါဘူး။ မူတည်တာကတော့ လူငယ်တွေပေါ်တည်တာပေါ့။ လူငယ်တွေရဲ့ တက်ကြွမှု၊ သတ္တိရှိမှု၊ ဇွဲရှိမှု၊ လေ့လာမှု လိုတာပေါ့။ စာတွေများများဖတ်ရမယ်။ တွေ့ဆုံဆွေးနွေးမှုတွေ များများလုပ်ရမယ်။ ခုဖြစ်နေတာကတော့ အစိုးရက နှိပ်ကွပ်နေတဲ့အခါ ခု လူငယ်တွေပါမကျန်အောင် လုပ်နေတယ်။ ဒီဘက်မှာ ကစဥ့်ကလျားနဲ့ ဖြစ်တာ ဓမ္မတာပဲ။ အဲဒါကို ဘယ်လိုပြန်လုပ်ရမလဲဆိုတာ လူငယ်တွေက သေချာလေ့လာရမယ်။ လူထုအုံကြွမှုဆိုတာကလည်း လူထုက မေတ္တာပို့တဲ့လုပ်ငန်းပြတာကိုလည်း ပစ်ခတ်သတ်ဖြတ်ခံရတယ်။ ဖမ်းဆီးပြီး အဆမတန် နှိပ်ကွပ်ခဲ့တယ်။ အခုဟာက စစ်အစိုးရက အရေးသာနေတာပေါ့လေ။ သို့သော်လည်း မမြင်နိုင်တဲ့အန္တရာယ်တွေ အစိုးရအတွက်ရှိပါသေးတယ်။ လူငယ်တွေအနေနဲ့ တက်ကြွတယ်၊ သတ္တိရှိတယ်၊ ဇွဲရှိတယ်၊ အသေခံရဲတဲ့ ဒီလိုလူငယ်တွေက ကျန်သေးတာပဲ။ သူတို့အနေနဲ့ စုစုစည်းစည်း မဖြစ်သေးလို့။ အခြေအနေက ပြောင်းလဲမှုမရှိတာ။ တချိန်မှာ စုစုစည်းစည်းနဲ့ လုပ်သွားရင် ညီညွတ်တဲ့ အင်အားစုဖြစ်သွားရင် ပြောင်းသွားနိုင်တယ်” ဟု သခင်ချန်ထွန်းက ပြောသည်။

အန်အယ်လ်ဒီက လွှတ်တော်ခေါ်ယူရေး တောင်းဆိုထားသည့်တိုင် အန်အယ်လ်ဒီ၏ အနာဂတ်မှုန်ဝါးနေသည်ဆိုသည့် ဦးဝင်းတင်၏ အယူအဆကို လက်ခံကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။ မည်သည့်အတွက် ဤသို့လက်ခံကြောင်း ခေတ်ပြိုင်ကမေးမြန်းရာ ဒေါ်ခင်စောဌေးက ယခုကဲ့သို့ ရှင်းပြသည်။

၎င်းက “လက်ခံတယ်ဆိုတာ။ လူကြီးတွေကတော့ လူငယ်တွေ နာမှာကြောက်လို့ပေါ့နော်။ အခုခေတ်တွေ့နေရတဲ့ အာဏာရှင်ကလည်း အင်္ဂလိပ်အစိုးရကို တော်လှန်တာထက် ခက်နေတာကိုး။ ဆယ်ဆမက ဆိုးနေတာကိုး။ သူတို့ကတော့ ကိုယ့်အင်အား မပြုန်းတီးချင်တာလည်း ပါမှာပေါ့နော်။ အန်တီတို့ကတော့ အသက် (၆၀) တန်းလဲရောက်နေတယ်၊ ကိုယ့်သမိုင်းတခေတ်မှာ တိုက်ရမှာ တိုက်ရမှာပေါ့။ အန်အယ်လ်ဒီအနာဂတ်က မှေးမှိန်ဖို့ရာ အခုအခြေအနေက များနေတယ်။ မြို့တိုင်းမြို့တိုင်း မညီတာပေါ့။ အန်တီထင်တာကတော့ အန်အယ်လ်ဒီရဲ့ အီးစီး စီအီးစီအဖွဲ့က အသက် (၈၀) ကျော် (၉၀) တွေဖြစ်နေတော့ သူတို့က တအားစိုးရိမ်ကြီးနေတာ။ နောက်ထပ်သေကုန်မှာ အဖမ်းခံရမှာပေါ့။ အန်အယ်လ်ဒီလူငယ်တွေ ဖမ်းခံရတယ်ဆိုတာ အန်အယ်လ်ဒီက ဦးဆောင်လို့မဟုတ်ဘူး။ ကိုယ့်သဘောကိုယ့်နည်းနဲ့ ၈၈ တွေကို ထောက်ခံပြီး လုပ်သင့်လုပ်ထိုက်လို့ လုပ်ရင်း ဖမ်းခံရတာ” ဟု ပြောသည်။

အန်အယ်လ်ဒီ ဗဟိုခေါင်းဆောင်ပိုင်းတွင် တိုင်းပြည်ဒီမိုကရေစီရဖို့ဦးမတည်ဘဲ ပါတီတည်မြဲရေး၊ ဗဟိုတည်မြဲရေးကိုသာ ဦးစားပေးနေသည်ဟူသော ထင်မြင်ယူဆချက်များရှိနေသည့်အပေါ် သခင်ချန်ထွန်းအား ခေတ်ပြိုင်က မေးမြန်းခဲ့ရာ သခင်ချန်ထွန်းက ယခုကဲ့သို့ ပြောကြားသည်။

၎င်းက “လူကြီးတွေက ဒီလိုလေ။ ခုဟာ ဌာနချုပ်တခုပဲ ဖွင့်ခွင့်ပေးထားတာပဲ။ တိုင်း၊ ခရိုင်၊ မြို့နယ် ဘာမှဖွင့်ခွင့်မရှိဘူး။ အစိုးရက တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေတယ်။ ဒီဘက်ကျတော့ အမှုဆောင်တွေက အသက် (၈၀) ကျော်တွေကိုး။ ဆိုတော့ လူအိုလူနာတွေပဲ။ သူတို့ခေါင်းဆောင်ပြီးတော့ ဒီလို အစည်းဝေးကြီးလုပ်မယ်ဆိုလည်း သိပ်မရနိုင်ဘူး။ နှိပ်ကွပ်တာတွေရှိ တာကိုး။ ဒေါ်အောင်ဆန်းစုကြည်လွတ်တဲ့အထိ သူတို့က ပါတီလေးတည်မြဲနေရင် ပြီးရောဆိုတဲ့သဘောလို့ ယူဆတယ်လေ။ ဒါလည်း မှန်ကန်တဲ့လုပ်ရပ်လို့ထင်တယ်။ လူငယ်တွေကတော့ လူငယ်ပီပီ သူတို့ဘာသူတို့ အောက်မှာ စည်းရုံးပြီးတော့ ညီညွတ်ရေးတည်ဆောက်ကြပေါ့။ လျှို့ဝှက်ပြီးလုပ်ရမှာပေါ့။ လိုတာကတော့ လူငယ်တွေက တက်ကြွတဲ့ လူငယ်တွေက ဥာဏ်နဲ့ယှဉ်ပြီး စည်းရုံးတတ်ရမယ်။ လူကြီးတွေကို ခေါင်းဆောင်ပါလား၊ အစည်းအဝေးပြောင်လုပ်လို့မရဘူးဆိုတာ လူကြီးတွေကသိတယ်။ ဒါကြောင့် လူငယ်တွေက သူတို့ဘာသာသူတို့ အောက်ခြေမှာ ခိုင်မာသထက်ခိုင်မာအောင်၊ တောင့်တင်း သထက်တောင့်တင်းအောင်၊ ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် သူတို့ စည်းရုံးဖို့လိုအပ်တယ်။ အင်အားရှိသထက်ရှိအောင် ကိုယ့်ဟာကိုယ် တိုးတိုးတိတ်တိတ် စည်းရုံးကြပေါ့။ ပြောင်လုပ်လို့တော့ မရနိုင်ဘူးလေ။ လူထုအားဆိုတာကလည်း ကိုယ့်ဟာကိုယ် လူ (၁,၀၀၀) လောက်နဲ့ (၁) သောင်းလောက်နဲ့မရဘူး။ (၅) သောင်း (၁) သိန်းလောက်နဲ့လုပ်နိုင်မှ” ဟု ပြောသည်။

သခင်ချန်ထွန်းက လူထုအင်အား သိန်းနှင့်ချီ၍ လမ်းပေါ်ထွက်စေချင်သော်လည်း ၂၀၀၇ စက်တင်ဘာ အရေးအခင်းကိုပြန် ကြည့်လျှင် မျှော်လင့်ထားသလောက် လူထုလမ်းပေါ်ထွက်မလာသည်ကို အထင်ရှားတွေ့ရသည်ဟု ရန်ကုန်နိုင်ငံခြားသတင်းထောက် များက ပြောသည်။ အဓိကအချက်မှာ စစ်အစိုးရ၏ လက်စားချေမှုကို ကြောက်လန့်စိုးရိမ်သည့်အပြင် စီးပွားရေးကျပ်တည်းမှုပါ ပေါင်းစပ်လိုက်သည့်အခါ ရန်ကုန်လူထုအနေဖြင့် မိသားစု ဘ၀အစတေးခံဖို့ လက်တွန့်သွားခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ခံတချို့က သုံးသပ်သည်။

အန်အယ်လ်ဒီဘက်ကိုပြန်ကြည့်လျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်သုံးသပ်ရန်နှင့် လွှတ်တော်ခေါ်ပေးရေးအတွက် (၆) လအတွင်း အကြောင်းပြန်ကြားပေးရန် စစ်အစိုးရကို ရာဇသံပေးထားသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်သုံးသပ်ရေးအတွက် အမျိုးသားညီလာခံလို ညီလာခံကြီးကို နောက်တကြိမ်ပြန်လည်မကျင်းပနိုင်ဟု စစ်အစိုးရဘက်က ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်သည့်အပြင် ကျင်းပခဲ့သည့် ညောင်နှစ်ပင်ညီလာခံကြီးသာ အမှန်ကန်ဆုံး လမ်းကြောင်း ဖြစ်သည်ဟု စစ်အစိုးရက ယုံကြည်ထားသည်။ ထို့ကြောင့် အန်အယ်လ်ဒီက တောင်းဆိုထားသည့် လွှတ်တော်ခေါ်ပေးရေး ကိစ္စဖြစ်နိုင်ချေရှိမရှိ ပြန်လည်စဉ်းစားရန်လိုလာသည်။

လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီ၏ ယခုအကြိမ်တောင်းဆိုချက်သည် ပထမဆုံးတောင်းဆိုချက်မဟုတ်၊ ၁၉၉၈ ခု သြဂုတ်လ (၂) ရက်နောက်ဆုံးထားပြီး စစ်အစိုးရဘက်က လွှတ်တော်ခေါ်ပေးရန် ၁၉၉၈ ခု မေလ (၂၈) ရက်နေ့တွင် အန်အယ်လ်ဒီက တောင်းဆိုခဲ့သည်။ ထို့နောက် ၁၉၉၈ ခု ဇူလိုင် (၂၄) ရက် (၂၉) ရက်နှင့် သြဂုတ် (၁၂) ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်ပြင်ပ ခရီးစဉ်များကို နအဖဘက်က နှောင့်ယှက်ခဲ့သည်။ နအဖဘက်က လွှတ်တော်ခေါ်မပေးသည့်အပြင် နိုင်ငံရေးသမား အများအပြားကို ဖမ်းဆီးမှုများ လုပ်ခဲ့သည်။

၂၀၀၆ ခု ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့၌လည်း အထူးကြေညာချက်ထုတ်ပြန်ပြီး လွှတ်တော်ခေါ်ယူရေး တောင်းဆိုခဲ့သည်။ ၂ဝဝ၆ ခု ဧပြီလ (၁၇) ရက် နှစ်ဆန်းတရက် မတိုင်ခင် အကြောင်းပြန်ရန် ရက်သတ်မှတ်ထားခဲ့သော်လည်း နအဖက ဂရုစိုက်ခဲ့ခြင်းမရှိချေ။ ယခုအကြိမ် (၆) လအတွင်း လွှတ်တော်ခေါ်ပေးရေးအကြောင်းပြန်ရန် တောင်ဆိုချက်အပေါ် စစ်အစိုးရဘက်က လိုက်လျောမှုအခြေအနေမှာ အခွင့်အလမ်းနည်းပါးသည်ဟု ရန်ကုန်နိုင်ငံရေး အသိုင်းအ၀န်းက ယူဆသည်။ အန်အယ်လ်ဒီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေကမူ (၆) လပြည့်ပြီးသည့် ၂၀၀၉ ခုနှစ် တချိန်ချိန်တွင်မှ အန်အယ်လ်ဒီဘက်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ အဖြေပေးနိုင်မည်ဟု ခေတ်ပြိုင်ကိုပြောသည်။

ထို့ကြောင့် အန်အယ်လ်ဒီ၏အနာဂတ်သည် ဦးဝင်းတင်ယူဆသကဲ့သို့ အမှန်တကယ်မှုန်ဝါးနေသလား၊ သခင်ချန်ထွန်းယူဆသကဲ့သို့ အနာဂတ်ရှိသေးသလားဆိုသည်မှာ ၂၀၀၉ ခု တချိန်ချိန်တွင် အဖြေပေါ်လာတော့မည်ဖြစ်သည်။

ဂမ်ဘာရီ ပြန်လာမည်

မြလူ / ၂၃ ဇန်န၀ါရီ ၂၀၀၉


ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီသတင်းထောက်က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောကတခုလုံး သိနေကြပြီဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ မထုတ်ပြန် သေးသည့်အတွက် ကုလသမဂ္ဂဘက်က မကြေညာသေးသည့် သဘောသာရှိသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခုနောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း တွေ့ခွင့်မပေးခဲ့ပေ။ ၎င်းခရီးစဉ်အပြီးတွင် ဂမ်ဘာရီနှင့် ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ၂၀၀၈ ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသွားမည့် ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၏ ခရီးစဉ်လည်း မဖြစ်မြောက်ခဲ့။ နိုင်ငံတကာ ခေါင်းဆောင်များက တိုက်တွန်းသည့်တိုင် ကုလသမဂ္ဂမှ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရဘက်က သိသိသာသာ လိုက်လျောဖို့အလားအလာရှိမှ၊ ပြင်ဆင်ပြီးမှ မြန်မာနိုင်ငံသွားနိုင်မည်ဆိုသည့်သဘော ဘန်ကီမွန်းက ပြောခဲ့သည်။

၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက်အစီရင်ခံစာတစောင် တင်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား၏ အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည်ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဟုဆို၏။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြုသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။

ထို့ကြောင့် ဂမ်ဘာရီ ဇန်န၀ါရီလကုန်လာမည့် ခရီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရဖို့ သေချာသည့်အတွက်များလားဟု တွက်စရာရှိသည်။ သည်တခေါက် ဂမ်ဘာရီလာလျှင် မက်လုံးဆို၍ နအဖကို ငွေနှင့်ဖြားယောင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးအောင် တောင်းဆိုမည့်အချက်သာရှိသည်။

သို့သော် မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။ ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထား သည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီ များများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟုလည်း အစီရင်ခံစာ၌ အဆိုပြုထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှိုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့်နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့်အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများတွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန်တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခု မတ်လ ခရီးစဉ်၌ မစ္စတာ ဂမ်ဘာရီ တင်ပြချက် (၅ ) ချက်နှင့် ပတ်သက်ပြီး ပြန်ကြားရေး
ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မတ်လ (၇) ရက်၌ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ရိပ်သာတွင် မစ္စတာဂမ်ဘာရီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး တချက်ချင်း ထောက်ပြငြင်းပယ်ခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံ ရေးအကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည်အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ကိစ္စသည်လည်း ထိပ် တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး
(၄) ချက်ကို စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသည်။

၂၀၀၈ မတ်လခရီးစဉ်၌ မစ္စတာဂမ်ဘာရီ၏ ၀န်ထမ်းတဦး ရန်ကုန်မှာ ရုံးဖွင့်ခွင့်ရရေးကိစ္စနှင့် ပတ်သက်၍မူ ရန်ကုန်၌ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း အများအပြားရုံးစိုက်ပြီး ဌာနေ ကိုယ်စားလှယ်များ ခန့်ထားပြီးဖြစ်၍ မလိုအပ်ဟု ပြန်ကြားရေးဝန်ကြီးက တုံ့ပြန်ခဲ့သည်။ အဆိုပါ မတ်လခရီးစဉ်၌ပင် ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ် ကျော်ဆန်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် အားလုံးပါဝင်ရန်ကိစ္စသည်လည်း ရေးဆွဲပြီးဖြစ်သဖြင့် မဖြစ်နိုင်တော့ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြတ်ပြတ်သားသားပြောသည်။

ထိုသို့ နအဖဘက်က ယတိပြတ် ပြောထားသည့်တိုင် ယခုတခေါက်လာမည့် ဂမ်ဘာရီ၏ ခရီးစဉ်သည် ငွေနှင့်ဖြားယောင်းသည့် သံတမန်နည်းကို နအဖဘက်က မျက်စိကျသွားသည်ဟု အတတ်ပြော၍ မရပေ။

ဂမ်ဘာရီလာချိန်သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရဘက်က ပြင်ပြင်ဆင်ဆင် လုပ်နေချိန် ဖြစ်သည့်အတွက် ရွေးကောက်ပွဲဥပဒေထုတ်ပြန်ရေးကိစ္စ၊ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂဘက်က ကြီးကြပ်ရေးကိစ္စ စသည်တို့ကိုသာ နအဖခေါင်းဆောင်ပိုင်းက အလေးထား ဆွေးနွေးမည့်သဘောရှိသည်။

နအဖအခြေခံဥပဒေကို ပြန်သုံးသပ်ရေး၊ လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရအား ပေးထားသည့် ရာဇသံကာလ (၆) လ မပြည့်ခင် ဂမ်ဘာရီလာသည့်အတွက် ထိုကိစ္စကို ဂမ်ဘာရီဆောင်ရွက်ပေးနိုင်မည့် အတိုင်းအတာမှာ စစ်အစိုးရ၏ တင်းမာသည့်သဘောထားနှင့် အန်အယ်လ်ဒီနှင့် တွေခွင့်ရမရဆိုသည့် အချက်တွေပေါ် မူတည်၏။

ထို့ကြောင့် ယခုနှစ်ဆန်း ဂမ်ဘာရီလာလျှင် နိုင်ငံရေး တိုးတက်ဖို့ မသေချာသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ယခင်အခေါက်များကဲ့သို့ နအဖဘက်က စော်ကားမော်ကား လုပ်ရပ်များ လုပ်မှာကတော့ သေချာသည်ဟု ရန်ကုန် နိုင်ငံရေးလောကမှာ ပြောဆိုနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုနှစ်ဆန်းမှစ၍ “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ” ဆိုသည့် စာတန်းကို ခြံထဲမှာ ကပ်ထားသည်။

အမေရိကန်ပေါ်လစီသစ်နှင့် မြန်မာနိုင်ငံ

သတင်းထောက် ဟန်တင်အောင် / ၁၉ ဖေဖော်ဝါရီ ၂၀၀၉


မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ဖို့များသည်ဟု နိုင်ငံတကာသတင်းတွေက သုံးသပ်သည်။

သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားသည့်ဥပဒေကို ရုတ်သိမ်းမည် သို့မဟုတ် မည်သည့်ပေါ်လစီနှင့် အစားထိုးမည်ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။

မြန်မာအရေး မည်သို့ဖြေရှင်းရမလဲ ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနှင့်လည်း တိုင်ပင်ဆွေနွေးနေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားသည်။ သို့သော် စီးပွားရေးဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည်ဆိုသည်ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။

“မြန်မာနိုင်ငံအပေါ် ကျမတို့ချမှတ်ခဲ့တဲ့ စီးပွားရေးဒဏ်ခတ်မှုက စစ်အစိုးရကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ကြိုးစားတဲ့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေသုံးတဲ့ ပေါ်လစီလဲ စစ်အစိုးရအပေါ် သြဇာမညောင်းခဲ့ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုကို လျော့ပါးအောင်ကြိုးစားမှုမှန်သမျှ အမေရိကန်ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ်သတင်းစာကြီးက ထောက်ပြထားသည်။ လက်ရှိ အိုဘားမားအစိုးရ၏ ဒုသမ္မတ ဘိုင်ဒန်သည်ပင် မြန်မာကျောက်မျက်ဥပဒေ ဖြစ်ပေါ်ရေးအတွက် တချိန်ကတွန်းအားပေးခဲ့သူ ဖြစ်သည်။

သို့သော် ဘရပ်ဆဲအခြေစိုက် International Crisis Group ကဲ့သို့ သြဇာရှိသည့် လူမှုရေးကူညီမှုအဖွဲ့တွေကတော့ စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို မေးခွန်းထုတ်လာကြသည်။ လွန်ခဲ့သည့် အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့သည့် ICG အစီရင်ခံစာအရဆိုလျှင် မြန်မာနိုင်ငံတွင်း လူမှုရေးအကူအညီများ ရောက်သင့်သလို အထည်ချုပ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်းတွေအပေါ် တားမြစ်ချက်တွေ၊ ခရီးသွားလုပ်ငန်းအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းသင့်ပြီဟု ရေးထားသည်။

U.S Campaign for Burma အဖွဲ ညွှန်ကြားရေးမှူး Jeremy Woodrum မူ အိုဘားမားအစိုးရအနေနှင့် မြန်မာအစိုးရအပေါ် စီးပွားရေးဒဏ်ခတ်မှုကို မရုတ်သိမ်းသင့်ကြောင်း၊ ယင်းအစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရ ပြည်သူတွေအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများ ရပ်တန့်စေရန်အတွက် မြန်မာစစ်အစိုးရအား တကမ္ဘာလုံးက လက်နက်မရောင်းချရေး ပိတ်ဆို့မှုလုပ်သင့်ကြောင်း ပြောသည်။

စင်စစ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှုသည် ရာသက်ပန်မဟုတ်။

မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရဘက် အခြေအနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုတ်သိမ်းနိုင်သည်။

ထိုဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန် အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။ ထိုအချက်သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို ပြန်သုံးသပ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိ အတိအကျ မသိရပေ။

၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြသည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်း များဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း၊ စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်ညှဉ်းပန်း အုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။

ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။

သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် ဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။ ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီသစ်အဖြစ် ကမ္ဘာကလည်း မှတ်ယူခဲ့ကြသည်။

အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင်နိုင်ငံများ (Axis of Evil) ဆိုပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီးနောက်ပိုင်း မိစ္ဆာအုပ်စုဝင်နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။

အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှုတို့ကြောင့် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီ သည်လည်း မြန်မာ့အရေးအတွက် အနာနှင့် ဆေးတည့်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။

အမေရိကန်ဒီမိုကရေစီ အကူအညီဆိုတာ ဘာလဲ

ဦးအောင်ခင် / ၁၂ မေ ၂၀၀၉


မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ရေးလုပ်အောင် အမေရိကန်က ဒဏ်ခတ်အရေးယူနေတာ မထိရောက်တဲ့အတွက် အိုဘားမားအစိုးရက ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။ ဆီးနိတ်အထက်လွှတ်တော်ကလည်း ပြန်လည် ဆန်းစစ်နေပါတယ်။ ဒီမိုကရေစီ ပြန့်ပွားရေးဟာ အမေရိကန်နိုင်ငံခြားရေး လမ်းစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်လာတာ အနှစ် (၃၀) လောက်ရှိ ပါပြီ။ ဒီမိုကရေစီမြှင့်တင်ရေးအတွက် နှစ်စဉ် ဒေါ်လာ သန်းပေါင်း များစွာ အကုန်ခံနေပါတယ်။ ဒါပေမယ့် ကုန်သွယ်တာမျိုးမဟုတ်တဲ့ အတွက် ရည်ရွယ်ချက် ဘယ်လောက်အောင်မြင်တယ်ဆိုတာ ခန့်မှန်းရခက်ပါ တယ်။ ဒီမိုကရေစီနဲ့ ဈေးကွက်လွတ်လပ်မှုဟာ အပြန်အလှန်အကျိုးပြုနေတာမို့ လွတ်လပ်တဲ့ဈေးကွက်နဲ့ နိုင်ငံရေး လွတ်လပ်မှုရှိတဲ့ တိုင်းပြည်ဟာ အကောင်းဆုံးကုန်သွယ်ဘက် ဖြစ်တယ်ဆိုတဲ့ အယူအဆပါပဲ။

အလွန်အလုပ်ရှုပ်နေတဲ့ အိုဘားမားအစိုးရဟာ ဒီမိုကရေစီမြှင့်တင်ရေးကိစ္စကို မကိုင်နိုင်သေးတဲ့အတွက် အကြံဉာဏ်ပေးမှုတွေ တောင်ပုံရာပုံ ဖြစ်လာတာတွေ့ရတယ်။ သမိုင်းကိုကြည့်ရင် ဒီမိုကရေစီမြှင့်တင်ရေးလုပ်ရာမှာ အမေရိကန်အစိုးရတွေဟာ နည်း (၄) မျိုး သုံးပါတယ်။ ပထမနည်းလမ်းက သံတမန်လမ်းကြောင်းဖြစ်ပြီး အသုံးအများဆုံးပါပဲ။ ဒီမိုကရေစီမြှင့်တင်တဲ့ အစိုးရကို ချီးကျူးပြီး ဆန့်ကျင်တဲ့အစိုးရကို ဝေဖန်ရှုတ်ချပါတယ်။ ဒီမိုကရေစီဆန့်ကျင်မှုများလာရင် သံတမန်အဆင့် လျော့ချပါတယ်။ မြန်မာပြည်မှာ သံအမတ်မထားဘဲ သံမှူးပဲ ထားတာဟာ သံတမန်နည်းအရ အရေးယူတာပါ။

ဒုတိယနည်းက ဒီမိုကရေစီမြှင့်တင်ရင် ဆုပေးပြီး ဆန့်ကျင်ရင် ဒဏ်ပေးတဲ့နည်းပါပဲ။ ဒီမိုကရေစီအခြေအနေကောင်း ရင် ကူညီထောက်ပံ့ပြီး မကောင်းရင် ဒဏ်ခတ်အရေးယူပါတယ်။ မြန်မာအပါအ၀င် နိုင်ငံအချို့ကို အမေရိကန်က ဒဏ်ခတ်အရေးယူထားပါတယ်။ စီးပွားရေးဒဏ်ခတ်အရေးယူတာဟာ ဒီမိုကရေစီကို မြှင့်တင်ရာမရောက်ဘဲ ကုန်သွယ်ရေးကသာ မြှင့်တင်ရာရောက်တယ်လို့ ယုံကြည်သူလည်း ရှိပါတယ်။ ဒါပေမယ့် လူအခွင့်အရေး မလေးစားတဲ့တရုတ်ကို အမေရိကန်က ဒဏ်မခတ်ဘဲ ကူးသန်းရောင်းဝယ်နေပေမယ့် တရုတ်ပြည်မှာ ဒီမိုကရေစီ ရှင်သန်မယ့် အရိပ်လက္ခဏာ မမြင်ရသေးပါဘူး။

ဒီမိုကရေစီမြှင့်တင်တဲ့ တတိယနည်းကတော့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ကာ အာဏာရှင်အစိုးရကို ဖြုတ်ချပြီး ရွေးကောက်တင်မြှေက်တဲ့ အစိုးရစနစ်ကို တည်ထောင်တာဖြစ်ပါတယ်။ စွက်ဖက်ရတဲ့ အခြားအကြောင်းရင်းတွေ ရှိပေမယ့် လူကြားကောင်းအောင် ဒီမိုကရေစီအရေးအတွက် စွက်ဖက်တာလို့ ဆင်ခြေပေးလေ့ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ရှုံးနိမ့်သွားတဲ့ နာဇီဂျာမဏီနဲ့ ဖက်ဆစ်ဂျပန်မှာ အမေရိကန်ချပေးတဲ့ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ကျင့်သုံးနိုင်တာကို ထောက်ပြပြီး စစ်တိုက်ပြီး ဒီမိုကရေစီစနစ် အကောင်အထည်ဖော်လို့ရတယ်ဆိုတဲ့ အယူအဆ ပေါ်ထွက်လာတာပါ။ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာလည်း စစ်ဆင်ပြီး ဒီမိုကရေစီတည်ဆောက်တယ်လို့ ဆိုပေမယ့် မအောင်မြင်သေးပါဘူး။ ရည်ရွယ်ချက်နဲ့ လက်တွေ့ဖြစ်ပေါ်လာတဲ့ရလဒ် ခြားနားတတ်တာကို သက်သေပြနေပါတယ်။

ဒီမိုကရေစီမြှင့်တင်ရေးမှာ အသုံးအများဆုံးနည်းဟာ ဒီမိုကရေစီကို ပြုစုပျိုးထောင်နေကြတဲ့ အရပ်သားအသင်းအဖွဲ့ တွေကို အကူအညီပေးတဲ့နည်းပါပဲ။ ဒါကို စတုတ္ထနည်းလို့ ခေါ်နိုင်ပါတယ်။ ဒီနည်းကို အမေရိကန်နဲ့ အနောက်ဥရောပက အများဆုံး သုံးပါတယ်။ မြန်မာပြည် နယ်စပ်ဒေသမှာ အခြေစိုက်ကြတဲ့ ဒီမိုကရေစီရေးရာအဖွဲ့ အစည်းတွေဟာ အမေရိကန်နဲ့ ဥရောပရဲ့ ကူညီမှုကို ရကြတာများတယ်။ နိုင်ငံခြားဒီမိုကရေစီလှုပ်ရှားမှုကို အမေရိကန်အစိုးရ အကူအညီပေးပုံနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရအမှုထမ်းဟောင်း တောမတ်စ်-ခရုသာ့စ် Thomas Carothers က လွန်ခဲ့တဲ့ ဆယ်နှစ်က ကျမ်းတစောင်ပြုစုဖူးတယ်။ အခုတော့ သူ့စာအုပ်ဟာ ဒီမိုကရေစီ မြှင့်တင်ရေး လက်စွဲကျမ်းဖြစ်နေပါပြီ။

အမေရိကန်က ကူညီထောက်ပံ့တိုင်း ဒီမိုကရေစီစနစ် ပြုစုပျိုးထောင်နိုင်တာမဟုတ်ပေမယ့် ရေရှည်စီမံကိန်းအနေနဲ့ အမေရိကန်အစိုးရအဆက်ဆက် ကြိုးပမ်းမယ့်လုပ်ငန်းဖြစ်နေ ပါတယ်။ ဗမာစစ်အစိုးရကလည်း အမေရိကန်ရဲ့ ဒီမိုကရေစီမြှင့်တင် တဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို ဝေဖန်ရှုတ်ချလေ့ရှိပါတယ်။ မြန်မာ-အမေရိကန် ဆက်ဆံရေးသမိုင်း “အကြောင်းအကျိုးအကောင်း အဆိုး” ပကတိ ဖြစ်စဉ်များဆိုတဲ့ အမေရိကန်ဆန့်ကျင်ရေး စာအုပ်ကို ၂၀၀၇ ခုနှစ်က ထုတ်ဝေတယ်။ ဒါပေမယ့် နအဖထုံးစံ အတိုင်း စာရေးသူအမည်ကို မဖော်ရဲလို့ လေ့လာသူတဦးလို့သာ ဖော်ပြတယ်။ ဗမာစစ်အစိုးရဘက်က ထောက်ခံပြီး ရေးသားသူတွေ ဟာ ကိုယ့်နာမည်ကို မဖော်ပြရဲတာကြောင့် နာမည်ဝှက်နဲ့ ရေးကြတာများတယ်။ ဒါကိုကြည့်ရင် စစ်အစိုးရလုပ်ရပ်ကို မယုံကြည်ဘဲ ညာစားနေတာ ထင်ရှားတယ်။

ဒီမိုကရေစီမြှင့်တင်ရေးမှာ အရပ်သားအဖွဲ့အစည်း ရှင်သန်ဖို့ လိုအပ်တာကြောင့် ဒီအသင်းအဖွဲ့တွေကို အမေရိကန်က ကူညီထောက်ပံ့တယ်။ အနောက်တိုင်းဒီမိုကရေစီသဘော တရားဝင်လာရင် အစိုးရ အာဏာစက် ကျဆင်းလာမှာကို အာဏာရှင်ဓလေ့ကြီးမားတဲ့ ရုရှားအစိုးရက လက်မခံဘူး။ ဥဇဗက်ကစ္စတန်၊ ဘီလာရုစ်၊ တာဂျစ်ကစ္စတန်၊ ခါဇတ်စတန် စတဲ့နိုင်ငံတွေမှာလည်း ဒီမိုကရေစီမြှင့်တင်ရေးအတွက် အနောက်တိုင်းကူညီတာကို အစိုးရတွေက မလိုလားကြဘူး။

ဆိုဗီယက်အုပ်စုဝင်ဖြစ်ခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ ဒီမိုကရေစီမြှင့်တင်ဖို့ အမေရိကန်ကူညီတာကို တရုတ်ကွန်မြူနစ်ပါတီက အကြီးအကျယ် ဝေဖန်ရှုတ်ချခဲ့တယ်။ တရုတ်နဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ဒီမိုကရေစီ တော်လှန်ရေးတွေ ပေါ်မလာအောင် ၂၀၀၅ မှာ တရုတ်ကွန်မြူနစ်ပါတီက မဟာဗျူဟာချမှတ်တယ်လို့ သိရတယ်။ နိုင်ငံခြားအကူအညီယူတဲ့ အရပ်သားအသင်းအဖွဲ့တွေကိုလည်း ချုပ်ချယ်ကန့်သတ်လာတယ်။ အင်အားမရှိတဲ့ အရပ်သားအသင်းအဖွဲ့လေးတွေကို ဒီမိုကရေစီသင်တန်းပေးပြီး ကူညီထောက်ပံ့တာကို အာဏာရှင်အစိုးရတွေက ကြောက်လန့်ပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် သွေးထိုးပေးနေပါတယ်လို့ စွပ်စွဲတာမျိုးလည်း ရှိပါတယ်။ တိုင်းသူပြည်သားတွေ ဒီမိုကရေစီသဘောတရား နားလည်သွားမှာကိုကြောက်လန့်ပြီး စွပ်စွဲတာလည်း ဖြစ်နိုင်ပါ တယ်။ ဒါမှမဟုတ်လည်း တိုင်းသူပြည်သားကို ဖိနှိပ်ချင်လို့ အကြောင်းရှာပြီး တမင်တကာစွပ်စွဲတာလည်း ဖြစ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော်နဲ့ ယှဉ်ကြည့်ရင် ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံ တိုးပွားလာတာ တွေ့ရပါတယ်။ ဒီမိုကရေစီ နိုင်ငံပေါင်း (၄၀) ကျော်ကနေ (၁၀၀) ကျော်အထိ တိုးပွားလာပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတွေထဲမှာ (၆၀) ရာခိုင်နှုန်းဟာ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်နေပါပြီ။ ရေခံမြေခံကောင်းတဲ့ နိုင်ငံအားလုံးမှာ ဒီမိုကရေစီကျင့်သုံးနေပြီ ဖြစ်လို့ အခြေခံမကောင်းတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီအသွင်းကူးပြောင်းဖို့သာ ကျန်တော့တယ်။

ဒီမိုကရေစီမြှင့်တင်ရေးအတွက် သံတမန်နည်း၊ စီးပွားရေးဒဏ်ခတ်နည်း၊ စစ်ရေးအရ စွက်ဖက်နည်း၊ ဒီမိုကရေစီ လိုလားသူကို ကူညီတဲ့နည်း၊ နည်းလမ်းတွေကို သုံးတာတောင် တိုင်းပြည်ရဲ့ လူမှုစီးပွားရေးနဲ့ နိုင်ငံရေးအခြေခံကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲတဲ့။ ဒီမိုကရေစီပျိုးထောင်ရေးအတွက် လိုအပ်တဲ့ အခြေခံကို နိုင်ငံခြားက ဖန်တီးပေးနိုင်တာ မဟုတ်ပါဘူး။ ရှိပြီးသားအရပ်သား အသင်းအဖွဲ့တွေကိုသာ ပိုပြီး အားကောင်းအောင်၊ ကျွမ်းကျင် အောင် နိုင်ငံခြားက ကူညီနိုင်ပါတယ်။

ရောင်စုံထိုင်းနိုင်ငံရေး

သတင်းထောက် ဟန်တင်အောင် / ၂၁ ဧပြီ ၂၀၀၉


ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အနီဝတ်များ၏ ပြီးခဲ့သည့် သင်္ကြန်ကာလ ဘန်ကောက်မြို့လယ် အကြမ်းဖက် ဆန္ဒပြမှုကို ၀န်ကြီးချုပ် အာဘီဆစ်က စစ်တပ်ဖြင့် ရှင်းလိုက်နိုင် သည်။ သို့သော် နိုင်ငံရေးတိုက်ပွဲက အပြီးမသတ်။ မြေအောက် နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်သွားမည်ဟု တိမ်းရှောင်နေသူ အနီဝတ်ခေါင်းဆောင် တဦးဖြစ်သည့် ဂျာကရာပေါ့က စထရိတ်တိုင်းသတင်းစာသို့ မကြာခင်က ပြောသည်။

ထို့အတူ အာဘီဆစ်နှင့် ထိုင်းစစ်တပ်ကြား ယုံကြည်မှုမှာလည်း ပတ္တယားမြို့ အာဆီယံ ထိပ်သီးစည်းဝေးပွဲပြီးကတည်းက ကွာဟသွားသည်။ စစ်တပ်နှင့်ရဲ ထိပ်ပိုင်းခေါင်းဆောင်တွေကို အပြောင်းအလဲမလုပ်သေးဟု အာဘီဆစ်က ကတိပေးထား၏။ သို့သော် ဘန်ကောက်အရေးပေါ်အမိန့်ကို မရုပ်သိမ်းနိုင်သည်မှာ စစ်တပ်နှင့်ရဲကို အပြည့်အ၀ မယုံကြည်ခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းမီဒီယာအချို့က ယူဆသည်။

ပတ္တယား အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးလျော့ရဲမှု

ပတ္တယား အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးအတွက် အစီအစဉ်ကို ဒု-၀န်ကြီးချုပ် ဆူထက်က တာဝန်ယူခဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် စစ်တပ်နှင့်ရဲ (၅,၀၀၀) ၀န်းကျင်ချထား သည့်အတွက် ပတ္တယား အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးမှာ အနီဝတ်ဆန္ဒပြသူတွေကို ထိန်းထားနိုင်သည့် အနေအထားမှာရှိသည်။ ထို့ကြောင့် ပတ္တယားလုံခြုံရေးကို အပြည့်အ၀မယုံဖို့ ဆရာသမား ချွမ်လိပိုင်က သတိပေးသည့်တိုင် အာဘီဆစ်က ဆူထက် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မည်ဟု ယူဆခဲ့သည်။

ပတ္တယားမှာ ဆန္ဒပြသည့် အနီဝတ်တွေ ထိုင်းလုံခြုံရေးကို ဖောက်ထွက်ပြီး အာဆီယံစည်းဝေးခန်းမကို ၀င်စီးတော့မှ မိမိကိုယ် ပစ်မှတ်ထားပြီဟု အာဘီဆစ် ရိပ်စားမိကြောင်း ဆောင်းပါးရှင် ထနုန်ခမ်းထောင်က The Nation သတင်းစာမှာ ထောက်ပြသည်။

အာဆီယံခေါင်းဆောင်တွေကို လိုက်ပို့ပြီးမကြာခင် အာဘီဆစ် ဘန်ကောက်သို့ ရဟတ်ယာဉ်ဖြင့် သုတ်ခြေတင် ပြန်လာသည်။ တပ်ထဲမှ အာဏာသိမ်းလိုသူအုပ်စုနှင့် အနီဝတ်ဆန္ဒပြသူတွေ ဟန်ချက်ညီ စည်းဝါးကိုက်ပြီး အာဘီဆစ်ကို ပထုတ်မည့်အစီအစဉ်ကြောင့် အာဘီဆစ် အာဏာလက်လွှတ်ရမည့်ကိန်းဖြစ်ခဲ့သည်ဟု ထနုန်ခမ်းထောင်က ထောက်ပြသည်။ ထိုအတောအတွင်း စစ်တပ်က သေနတ်စပစ်တာနဲ့ ထိုင်းပြန်လာပြီး လူထုတော်လှန်ရေးကြီးကို ခေါင်းဆောင်မည်ဟု တပ်ဆင်ကလည်း ဗီဒီယိုမှတဆင့် ကြိမ်းထားသည်။

နယ်တပ်တွေ ဘန်ကောက်ခေါ်ပြီ

အာဘီဆစ်သည် အရေးပေါ်အမိန့်ထုတ်ပြန်ပြီးသည်နှင့် လုပ်ပိုင်ခွင့်ကို စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာနုပေါင်လက် မလွှဲတော့ဘဲ သူကိုယ်တိုင် စီမံကွပ်ကဲ အမိန့်ပေးတော့သည်။ စိတ်ချရသည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးအချို့ကို အာဘီဆစ်က ခေါ်ပြီး တိုင်ပင်သည်။ ဗိုလ်ချုပ်ကြီး အာနုပေါင်၏ စစ်တပ်ကို သုံးမည့်အစား လော့ဘူရီ၊ ကန်ချနဘူရီနှင့် နခွန်ရချာ့ဆီမာပြည်နယ်တွေမှ စိတ်ချရသည့်တပ်တွေကို ဘန်ကောက်ကို လျှို့ဝှက်လာဖို့ အာဘီဆစ်က အမိန့်ပေးလိုက် သည်။ ဗိုလ်ချုပ်ကြီး အာနုပေါင်ပင် မသိလိုက်ဟု ဆို၏။

ထနုန်ခမ်းထောင်၏ ထောက်ပြချက်အရဆိုလျှင် ထိုအချိန်က ဆန္ဒပြအနီဝတ်တွေက ဘန်ကောက်၏ အရေးကြီး လမ်းဆုံ (၁၅) နေရာကို နေရာယူထားသည်။ ထိုဆန္ဒပြအုပ်စုကို ပြည်ပရောက် တပ်ဆင်နှင့် ပြည်တွင်းမှာ အာဏာသိမ်းလိုသည့် အုပ်စုက ထိန်းထားသည်။ ဆန္ဒပြသူတွေကြောင့် မတည်မငြိမ်ဖြစ်ပြီဆိုလျှင် စစ်တပ်ဝင်ရမည်။ စစ်တပ်ဝင်လျှင် သွေးထွက်သံယိုဖြစ်မည်။ သွေးထွက်သံယိုဖြစ်လျှင် အာဏာသိမ်းဖို့ အခြေအနေပေးပြီဟု တွက်ခဲ့သော်လည်း နောက်ဆုံး တွက်ရေးနှင့် စက်သူဌေးမကိုက်ဖြစ်ခဲ့သည်။ ပြည်နယ်သုံးခုမှ ၀န်ကြီးချုပ် အာဘီဆစ်ခေါ်လိုက်သည့် တပ်တွေက ဘန်ကောက်အကြမ်းဖက်မှုတွေကို နိုင်နိုင်နင်းနင်း ထိန်းလိုက်နိုင်သည်။

မီးပုံကြားမှ ဘန်ကောက်

သင်္ကြန်ကာလ အကြိုနေ့နှင့် အကြတ်နေ့ ဘန်ကောက်မြို့မှာ လမ်းဆုံလမ်းခွ နေရာတိုင်းလိုလို မီးဟုန်းဟုန်း တောက်နေသည်။ အနီဝတ်ဆန္ဒပြသူများ မီးရှို့ထားသည့် ဘတ်စ်ကားများ ကားတာယာများ၊ လမ်းတားများကြောင့် စစ်မြေပြင်လို ဖြစ်နေသည်။ မီးလောင်နေသည်ကို ရပ်ကွက်ခံတွေက ငြိမ်းသတ်ဖို့လုပ်သည်ကို အနီဝတ်တွေက လက်မခံ။ ထိုကြောင့် နေရာအတော်များများ ရပ်ကွက်ခံတွေနှင့် အနီဝတ်တွေ တဖက်နှင့်တဖက် ခဲများ၊ တုတ်များနှင့် ပစ်ပေါက်နေကြသည်။ ဈေးဆိုင်တွေ ကုန်တိုက်တွေ ပိတ်ကုန်သည်။ စည်ကားလှသည့် ဘန်ကောက်မြို့ကြီးမှာ မီးခိုးလုံးတွေနှင့် ပြည့်နေသည်။

ယင်းသို့ ဘန်ကောက်နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ဧပြီလ (၈) ရက်နေ့မှာ လူထုတော်လှန်ရေးဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်သူမှာ အသက် (၄၂) နှစ်ရှိ အနီဝတ်ဆန္ဒပြခေါင်းဆောင် ဂျကရာပေါ့ဖြစ်သည်ဟု Asia Times အွန်လိုင်းမှာ ဆောင်းပါးရှင် ရှောင်ခရစ်စ်ပင်းက ထောက်ပြသည်။ ဂျကရာပေါ့သည် အမေရိကန်မှာ ပညာသင်ခဲ့သူဖြစ်ပြီး တပ်ဆင်လက်ထက်က အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြီးခဲ့သည့် အရေးအခင်းမှာ တပ်ဆင်ကို ဘုရင့်အတိုင်ပင်ခံကောင်စီဝင်အချို့အား ဝေဖန်တိုက်ခိုက်ရန် ဂျကရာပေါ့က ကြိုးကိုင်ခဲ့သည်ဟု ရှောင်ခရစ်စ်ပင်းက ဆက်လက် ဝေဖန်ထားသည်။

မည်သူမျှနိုင်သည့် ပွဲမဟုတ်

မည်သို့ပင်ဆိုစေ ဘန်ကောက်သင်္ကြန်အရေးအခင်းမှာ အနီဝတ်ဆန္ဒပြသူတွေ မနိုင်သကဲ့သို့ ၀န်ကြီးချုပ်အာဘီဆစ် လည်း မနိုင်ခဲ့ဟု ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်က ယူဆသည်။ ထိုင်းနိုင်ငံရေးမှာ အနီနှင့်အ၀ါ နှစ်ခြမ်း ကွဲသွားသည့် ကိစ္စမှာ ဆင်းရဲသားနှင့် လူချမ်းသာကြားပြဿနာ၊ ကျေးလက်နှင့် မြို့ပြကြားပြဿနာ သက်သက်မျှ မဟုတ်။ ထို့ထက် နက်နည်းသည်ဟု ဂျွန်နသန်ဟက်က သုံးသပ်သည်။

သို့သော် ထိုင်းနိုင်ငံရေးပြဿနာမှာ ဂျွန်နသန်ဟက်ပြောသကဲ့သို့ အနီအ၀ါသက်သက် အကွဲအပြဲကို ကြည့်ရုံဖြင့် အပြည့်အစုံ မမြင်နိုင်။ နောက်ကွယ်မှာ အာဏာလွန်ဆွဲနေသူတွေရှိနေသည်ဟု ဆောင်းပါးရှင် ဆူပါလက် ဂျနတ်ခွန်ဒီးက ဧပြီ (၂၁) ရက်ထုတ် The Nation သတင်းစာမှာ ထောက်ပြသည်။

ရောင်စုံနိုင်ငံရေး

အနီအ၀ါဇာတ်လမ်းအစကိုကြည့်လျှင် တပ်ဆင်နှင့် အပေါင်းအပါတွေ ဖြုတ်ချဖို့အတွက် ပီအေဒီအဖွဲ့သည် တချိန်က အ၀ါရောင်ဝတ်ပြီး လမ်းပေါ်စထွက်ခဲ့သည်။ တပ်ဆင်သည် ဘုရင့်အပေါ် သစ္စာမရှိဆိုသည့် အမြင်ကို ဘုရင့်အတိုင်ပင်ခံတွေ ယူဆလာအောင် ဆော်သြခဲ့သည်ဟု ဆူပါလက်က ပြောသည်။ မကြာခင် စစ်တပ်က ပီအေဒီဘက်လိုက်ပြီး ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းပြီး တပ်ဆင်ကို ဖြုတ်ခဲ့သည်။ အာဏာသိမ်းပြီးမကြာခင် တပ်ဆင်ထောက်ခံသူအချို့နှင့် နိုင်ငံရေးလှုပ်ရှားသူတွေ အနီဝတ်ပြီး စစ်အစိုးရကို ဆန္ဒပြခဲ့သည်။ ဘုရင့်အတိုင်ပင် ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ်အား အာဏာသိမ်းမှုကို ကြိုးကိုင်သူအဖြစ် တိုက်ခိုက်ပြောဆိုခဲ့သည်။

အ၀ါဝတ်အဖွဲ့၏ နိုင်ငံရေးဦးတည်ချက်ကို ပြန်ကြည့်လျှင် အနောက်တိုင်း ဒီမိုကရေစီစနစ်ကြောင့် ထိုင်းအစိုးရ အဆက်ဆက် အဂတိလိုက်စားမှုများလွန်းသည်။ ထို့ကြောင့် အနာဂတ်ပါလီမန် လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ (၃၀) ရာနှုန်းကိုသာ အရွေးကောက်ခံများကို ပေးပြီး ကျန် (၇၀) ရာနှုန်းကို ခေါင်းခေါက်ခန့်သည့် ကိုယ်စားလှယ် များနှင့်ဖွဲ့ရမည့် နိုင်ငံရေးသစ်ကို တောင်းဆို၏။ အနီဝတ်များကမူ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် အုပ်ချုပ် သည့် ဒီမိုကရေစီကို လိုလား၏။ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတွင် အနီဝတ်က အနိုင်ရပြီး ပီအေဒီနှင့် ဒီမိုကရက်ပါတီ အရေးနိမ့်၏။ ဤတွင် အ၀ါဝတ်တွေ လမ်းပေါ်ထွက်ပြီး တပ်ဆင်ကျောထောက်နောက်ခံပေးထားသည့် စမတ်အစိုးရနှင့် ဆွန်ချိုင်းအစိုးရကို ဖြုတ်ချခဲ့သည်။

မကြာခင် တချိန်က တပ်ဆင်ကို ထောက်ခံခဲ့သူ နိုင်ငံရေးသမား နေ၀င်းချစ်ချော့က သူကိုင်ထားသည့် အမတ် (၂၈) ဦးကို ဒီမိုကရက်ပါတီအာဏာရအောင် ခြံခုန်ပြီးနောက်ပိုင်း အာဘီဆစ် ၀န်ကြီးချုပ်ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် နေ၀င်းချစ်ချော့ကို အာဏာရ ဒီမိုကရက်ပါတီဘက် ဘယ်လိုပါလာကြောင်း အာဘီဆစ်ရှင်းမပြနိုင် သရွေ့ ၎င်း၏ အစိုးရကို ဒီမိုကရေစီအစိုးရဟု မပြောနိုင်ဟု ဆူပါလက်က ယူဆသည်။

ပတ္တယား အာဆီယံအစည်းအဝေးကို အနီဝတ်တွေ ဆန္ဒပြချိန်တွင် နေ၀င်းချစ်ချော့က သူ့ထောက်ခံသူ အပြာဝတ်တွေ ပွဲထုတ်ပြီးနောက် အခြေအနေ ပိုရှုပ်ထွေးသွားပြန်သည်။ ဆန္ဒပြအရေးအခင်း ထိန်းမနိုင်ဖြစ်ပြီး ၀န်ကြီးချုပ် အာဘီဆစ်က ကြားဖြတ်ရွေးကောက်ပွဲ အရေးပေါ်ခေါ်ရမည်ဆိုလျှင် ဒီမိုကရက်ပါတီမှာ အရေးအခင်းကြောင့် သေချာပေါက် အပြစ်တင်ခံရမှာဖြစ်သည့်အတွက် နေ၀င်းချစ်ချော့ထောင်ထားသည့် ဘွန်ကျိုင်ထိုင်းပါတီက အမြတ်ထွက်သွားနိုင်သည်ဟု ထောက်ပြသည်။

ပီအေဒီကလည်း လနှင့်ချီသည့် အ၀ါဆန္ဒပြပွဲကြောင့် အာဘီဆစ်အစိုးရဖွဲ့နိုင်သဖြင့် အာဘီဆစ်အစိုးရအပေါ် သြဇာလွှမ်းဖို့ ကြိုးစား၏။ နောက်ဆုံး ပီအေဒီခေါင်းဆောင် ဆွန်ထိ သေနတ်ပစ်ခံရပြီး မကြာခင် စစ်တပ်အကြီး အကဲ ရဲချုပ်နှင့် ဒု-၀န်ကြီးချုပ် ဆူထက်ကိုပါ ရာထူးကဖယ်ရှားပေးဖို့ အာဘီဆစ်အစိုးရကို တောင်းဆိုသည်။

စစ်တပ်ကလည်း ထိုင်းနိုင်ငံရေးဂိုဏ်းဂဏတွေကြား အရေးပါသည့် အခန်းကို ယူထားပြန်သည်။ လက်နက်ကိုင် ထားသည့်အဖွဲ့ ဖြစ်သည့်အတွက် အဖြေရှာပေးရေးထက် ပြဿနာဖန်တီးနိုင်သည်။ စစ်တပ်ကို နိုင်အောင်မကိုင်နိုင် လျှင် အာဘီဆစ်ကို စစ်တပ်က အာဏာသိမ်းနိုင်သည်ဟု ဆူပါလက်က ယူဆသည်။ သို့သော် စစ်တပ်က အာဘီဆစ်ကို အာဏာသိမ်းဖို့ကြိုးပမ်းလျှင် တိုင်းပြည်လည်း ငါးပါးမှောက်မည်၊ စစ်တပ်လည်း ကြမ္မာငင်မည်ဟု ဆောင်းပါးရှင် ဆူပွန်အန်ဂါရာက ထောက်ပြသည်။

အာဘီဆစ်ကိုကြည့်လျှင်လည်း အရေးအခင်းကိုင်တွယ်မှုကြောင့် နိုင်ငံတကာမှာ သိက္ခာတက်သွားသော်လည်း ပြည်တွင်းမှာ အရေးပေါ်အမိန့်ကို မရုပ်သိမ်းရဲ ဖြစ်နေသည်။

နာဂစ်လေဘေးမှာ လူတွေအမြောက်အမြား သေဆုံးဖို့ သင့်ပါသလား

မျိုးရန်နောင်စိုး / ၂၉ ဧပြီ ၂၀၀၉


လာမည့်မေလ (၂) ရက် ဆိုရင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်း နာဂစ်လေမုန်တိုင်းဘေး ကြုံခဲ့ရတာ တနှစ်တင်းတင်း ပြည့်တော့မှာဖြစ်ပါတယ်။ လူပေါင်း (၁) သိန်း (၃) သောင်းကျော် သေဆုံးခဲ့ပြီး အိုးအိမ်အဆောက်အဦ ပစ္စည်းပေါင်း များစွာ ဆုံးရှုံးခဲ့ရတဲ့ ဒီကပ်ဘေးကြီး ဘာကြောင့်ဖြစ်ရတယ်။ ဘေးဒဏ်ခံ ပြည်သူတွေကို ကယ်ဆယ်မှုဟာ လုံလောက်မှု ရှိရဲ့လား။ ပြည်သူတွေ စားသောက် နေထိုင်မှုဘဝ အဆင်ပြေနေ ပြီလား၊ နောင် ဒီလို ကပ်ဘေးကြီးမျိုးကြုံလာရင် ဘယ်လိုရင်ဆိုင် ကြမလဲ စတာတွေဟာ သုံးသပ်ဖို့ ကောင်းတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်း တနှစ်ပြည့်ဖို့ နီးလာတာနဲ့အမျှ ပြည်တွင်းပြည်ပ မီဒီယာ အားလုံးလိုလိုလောက်ဟာ ဒီအကြောင်းကို ပြန်ပြောင်း ရေးသားနေတာ တွေ့ရပါတယ်။ အချို့က လေဘေးဒဏ်ခံ ပြည်သူတွေရဲ့ လက်ရှိအခြေအနေတွေကို ရေးသားဖော်ပြနေကြသလို အချို့ကတော့ သင်ခန်းစာယူစရာ ပြန်ပြောင်းသုံးသပ်တာတွေ လုပ်ကြပါတယ်။ ဒီအထဲမှာ နာဂစ်မုန်တိုင်းကာလတုန်းကရော၊ လက်ရှိအချိန်ထိပါ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ တာဝန်အရှိဆုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်လည်း ပါဝင်ပါတယ်။

သူကတော့ ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်းဘေးကာလက ပြည်သူတွေ ဘာကြောင့် ဒီလောက်များများ အသက်သေဆုံး ခဲ့ရသလဲဆိုတာကို ဂျာနယ်အင်တာဗျူးတွေကနေ တဆင့် ပြောလာပါတယ်။ သူက အချက် (၁ဝ) ချက်လောက် ထောက်ပြပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ရခိုင်ကမ်းရိုးတန်းနဲ့ စာရင် မြေနိမ့်တယ်။ လူဦးရေ ထူထပ်ပြီး လူနေစိပ်တယ်။ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ အညွှန်းမြေပုံမရှိဘူး။ မြစ်လက်တက် မြစ်ဝတွေ များတယ်။ ခိုဖို့ သက်ကယ်ကုန်းတွေ မရှိဘူး။ ဒေသခံတွေမှာ အတိတ်က ဘေးအန္တရာယ် အတွေ့အကြုံ မရှိဘူး။ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိဘူး။ တနေရာနဲ့ တနေရာ ကူးပြောင်းသွားလာနိုင်တဲ့ သယ်ယူ ပို့ဆောင်ရေးစနစ် အလွန်ညံ့တယ်။ မြစ်ဝကျွန်းပေါ်ဒေသရဲ့ အောက်ခံကြမ်းပြင်ရေတိမ်ပြီး မြစ်ဝတွေ များမှု၊ လမုတောတွေ ပြုန်းတီးမှု စတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

ဒေါက်တာထွန်းလွင် ထောက်ပြတဲ့ အချက်တွေအားလုံး မှန်ပါတယ်။ သူထောက်ပြတဲ့ဆီမှာ ဧရာဝတီတိုင်းရဲ့ သဘာဝအနေအထား၊ စီးပွားရေးအနေအထား၊ ပြည်သူတွေရဲ့ အတွေ့အကြုံ မရှိမှုနဲ့ ဗဟုသုတ နည်းပါးမှုကြောင့် ဆိုတာတွေ ပါပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်ဖြစ်တဲ့ ဒေသတခုအတွက်၊ ပြည်သူတွေအတွက် အစိုးရရဲ့ တာဝန်ရှိမှု အပိုင်းကတော့ လုံးဝပါဝင်တာ မတွေ့ရပါဘူး။

တကယ့် တကယ်မှာတော့ တိုင်းပြည်တပြည်မှာ ပြည်သူတွေဆိုတာက အုပ်ချုပ်ခံသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ ပြည်သူတွေဟာ စစ်အစိုးရက စီမံခန့်ခွဲသမျှ ခံကြရပါ တယ်။ ဘာမှ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ မုန်တိုင်းနဲ့ ပတ်သက်လို့ ပြည်သူတွေ ဗဟုသုတ မရှိဘူးဆိုတာကလည်း ရှင်းရှင်းပြောရရင် အစိုးရက ပညာပေးတာ မရှိလို့ပါဘဲ။ နောက်တခုကတော့ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့် ကိုယ်တိုင်ကရော ဗဟုသုတ ရှိပါရဲ့လားလို့ မေးစရာ ရှိလာပါတယ်။ ဒီနေရာမှာ အုပ်ချုပ်သူတွေရဲ့ အရည်အချင်းရှိမှု၊ အရည်အချင်းမဲ့မှုတွေနဲ့ သက်ဆိုင်နေပါတယ်။ ဒီအတွက် မုန်တိုင်း မတိုင်မီနဲ့ မုန်တိုင်းကာလတုန်းက စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ဟာ ပြည်သူတွေကို ဘယ်လို ဦးဆောင်မှုပေးခဲ့သလဲဆိုတာ မေးရမယ့် မေးခွန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း မတိုင်မီနဲ့ ဖြစ်ပွားနေတဲ့ကာလမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနဟာ သူ့တာဝန်ဖြစ်တဲ့ မိုးလေဝသ သတင်းတွေကို ပုံမှန် ထုတ်ပြန်ပေးခဲ့ပါတယ်။ တကယ်ဆိုရင်တော့ ဒီသတင်းတွေရဲ့ အရေးပါမှု အခြေအနေကို လိုက်ပြီး ထိပ်ပိုင်း စစ်အာဏာပိုင်တွေကနေ အောက်ခြေအဆင့်ဆင့် ကို ညွှန်ကြား လမ်းညွှန်ချက်ပေးပြီး ပြည်သူတွေ အခြေအနေ မဆိုးအောင် အသေအပျောက်နည်းအောင် ဦးဆောင်မှုပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းဘေးတနေရာမှာ လူတယောက် နိုင်ငံရေးဝါဒဖြန့် စာရွက်ဝေနေတာနဲ့ မိနစ်ပိုင်းအတွင်း ဖမ်းဆီးနိုင်ဖို့ အမြဲအဆင်သင့်ရှိနေတဲ့ စစ်အာဏာပိုင်တွေဟာ ဒီလို တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အခြေအနေအတွက်ကို တော့ ဘာအသိဉာဏ် ဗဟုသုတမှ မရှိသလို ဘယ်လို အစီအစဉ်တွေနဲ့မှ အကာအကွယ် ပေးနိုင်ခဲ့တာ မတွေ့ရပါဘူး။

တကယ် အရည်အချင်းရှိတဲ့ အစိုးရအဖွဲ့ တရပ်သာဆိုရင် မိုးလေဝသ သတင်းတွေ ထွက်လာပြီဆိုကတည်းက ထိပ်ဆုံးအာဏာပိုင်တွေဟာ ပညာရှင်တွေရဲ့ သဘောထားကို တောင်းခံပြီး အတိုင်းအဆကို ခန့်မှန်းတွက်ချက်မယ်၊ အောက်ခြေ တိုင်း၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ အာဏာပိုင်အဆင့်ဆင့်ကို ဘာတွေလုပ်ရမလဲဆိုတာ အချိန်နဲ့ တပြေးညီ ညွှန်ကြားမယ်၊ အောက်ခြေအာဏာပိုင်တွေကလည်း ညွှန်ကြားချက်အတိုင်း ပြည်သူတွေ ဘေးလွတ်ရာ ရောက်ဖို့ လှုံ့ဆော်မယ်၊ ဦးဆောင်မယ် စသဖြင့် အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ မြန်မာနိုင်ငံမှာတော့ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ဟာ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ ပတ်သက်ပြီး ညွှန်ကြား လမ်းညွှန်ဖို့ ဘာဗဟုသုတ၊ ဘာအရည်အချင်းမှ မရှိခဲ့တဲ့အတွက် ဘယ်လို အစီအမံမျိုးမှ ချမှတ်တာ မလုပ်နိုင်ခဲ့ပါဘူး။

အဲဒီအချိန်တုန်းက ဦးထွန်းလွင်ဟာ တဖက်မှာ မိုးလေဝသ သတင်းထုတ်ပြန်မှု လုပ်သလို အခြားတဖက်မှာတော့ ဟိုင်းကြီးကျွန်းရေတပ်စခန်းဌာနချုပ်က ဌာနချုပ်မှူးနဲ့ နာရီဝက်တခါ ဆက်သွယ် သတင်းပေးတာမျိုး လုပ်ခဲ့ကြောင်း နောက်ပိုင်း သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ များပြားလှတဲ့ ပြည်သူလူထုကြီးရဲ့ အသက်အိုးအိမ် ကိစ္စထက် စစ်တပ်တခုရဲ့ အရေးကို ပိုပြီး ဦးစားပေးဆောင်ရွက်ခဲ့တယ်ဆိုတာ သူ့ပြောစကားတွေ အရကိုပဲ သိနိုင်ပါတယ်။ ဒီအတွက်လည်း ပြည်သူတွေ သိန်းနဲ့ချီ သေဆုံး၊ မိသားစုပေါင်း မြောက်မြားစွာ အိုးအိမ်ပစ္စည်း ဥစ္စာတွေ ဆုံးရှုံးသွားပြီး နောက်ပိုင်းမှာ စစ်အစိုးရဟာ ဦးထွန်းလွင်ကို ရာထူးတိုးပေးခဲ့တဲ့အပြင် ဒေါက်တာထွန်းလွင်ပါ ဖြစ်လာခဲ့ပါတယ်။ စစ်တပ်အပေါ် တာဝန်ကျေခဲ့တဲ့ ဝန်ထမ်းကောင်းကို ချီးမြှောက်ခဲ့တဲ့ သဘော ဖြစ်ပါတယ်။

တကယ်ဆိုရင် မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းဘက်ကို အစောဆုံး ဝင်တာ ဖြစ်ပါတယ်။ အဲဒီက အခြေအနေ တခုလုံးကိုလည်း မိုးလေဝသဌာနကရော စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်တွေကပါ ကောင်းကောင်းကြီး သိနေကြပါတယ်။ ဒီအခြေအနေ ရောက်တဲ့တိုင် ကျန် နောက်နာရီတချို့ ကြာပြီးမှ မုန်တိုင်းဖြတ်မဲ့ ဒေသက ပြည်သူတွေ သက်သာရာရအောင် ဘာတခုမှ လုပ်ပေးနိုင်တာ မတွေ့ရပါဘူး။ ဒါက ဘာကို ပြသလဲဆိုရင် မြန်မာစစ်အစိုးရဟာ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်ဖို့ စွမ်းအား ထက်မြက်သလောက် ပြည်သူတွေကို ကယ်ဆယ်ဖို့ ကျတော့ ဗဟုသုတရော၊ အရည်အချင်းရော စေတနာပါ လုံးဝ မရှိတာ တွေ့ကြရမယ် ဖြစ်ပါတယ်။

ဦးထွန်းလွင် ပြောတဲ့အထဲပါတဲ့ နောက်အချက်တခုကတော့ ဧရာဝတီတိုင်းရဲ့ လမ်းပန်းဆက်သွယ်ရေး အလွန်ဆိုးရွားနေတဲ့ ကိစ္စပါ။ တကယ်လည်း ဟုတ်ပါတယ်။ ဧရာဝတီတိုင်းအတွင်းက ကျေးရွာတချို့ဆိုရင် ကုန်းလမ်းနဲ့လည်း ဘယ်လိုမှ သွားလို့မရ၊ ရေလမ်းနဲ့ သွားဖို့တောင် ရေတက်ချိန်စောင့်ပြီးမှ သွားလို့ရတဲ့ နေရာတွေ ဒီနေ့အထိ အများကြီး ရှိနေပါသေးတယ်။ တကယ်တော့ ဒါဟာ အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ခုနောက်ပိုင်းနှစ်တွေမှာ သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ဝင်ငွေနဲ့ နေပြည်တော်မှာ အဆောက်အဦကြီးတွေ ဟည်းနေအောင်ဆောက်၊ ရေပန်းဥယျာဉ်တွေတည်၊ ကွန်ကရစ်လမ်းတွေ ငွေကုန်ကြေးကျများစွာခံပြီး ခင်းနေပေမယ့် ဧရာဝတီတိုင်းလို လူဦးရေ ထူထပ်များပြားတဲ့ ဒေသအတွက် အရေးကြီးတဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စကိုတော့ ဘာတခုမှ ထည့်သွင်းအကောင်အထည်ဖော်တာ မရှိခဲ့ပါဘူး။ ခု နာဂစ်ဘေးဒဏ်ခံရပြီး လူတွေ သိန်းချီ သေဆုံးရပြီးမှ လမ်းတွေ ပြီးစလွယ် ဖောက်နေတာ တွေ့ကြရပါတော့တယ်။

ဦးထွန်းလွင်ပြောတဲ့ နောက်ဆုံးအချက်တခုကတော့ ဧရာဝတီတိုင်းအတွင်းမှာ ဒီရေတောတွေ ပြုန်းတီးနေတဲ့ ကိစ္စပါ။ ဒီပြဿနာကရော ဘယ်သူတွေမှာ အဓိက တာဝန်ရှိပါသလဲ။ စစ်အစိုးရ အလိုတော်ရိတွေကတော့ ဒေသခံပြည်သူတွေ အသိဉာဏ်နည်းပြီး ထင်းအဖြစ် ခုတ်ယူသုံးစွဲကြတာကြောင့် ဒီအခြေအနေ ရောက်ရတာပါလို့ ပြောကြမယ် ဖြစ်ပါတယ်။ တကယ်ကတော့ အစိုးရတရပ်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိဉာဏ် ဗဟုသုတ ကင်းမဲ့တာ၊ ဒီရေတောကို ပြည်သူတွေ မခုတ်ဘဲ အခြားနည်းနဲ့ လောင်စာ သုံးစွဲနိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတာ စတဲ့ ပြဿနာတွေကြောင့်သာ ဖြစ်ပါတယ်။

တကယ်လို့သာ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်လို့ သံန္နိဋ္ဌာန်ချထားတဲ့ အရည်အချင်းရှိအစိုးရ တရပ်သာ ရှိခဲ့မယ်ဆိုရင် ပြည်သူတွေ ခုလို သိန်းနဲ့ချီ အသေအပျောက် ရှိနိုင်မှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံမှာ နာဂစ်လေမုန်တိုင်းဘေးကြီး ခံလိုက်ရတော့ အစိုးရ စာရင်းတွေအရ သေဆုံး၊ ပျောက်ဆုံး လူ (၁) သိန်း (၃) သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံအများအပြားက လူပေါင်း (၂) သိန်းကျော် သေခဲ့ရတဲ့ ဆူနာမီ ကပ်ဘေးနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အကြောင်းကတော့ နာဂစ်ဘေးကြောင့် လူသေဆုံးမှုဟာ မြန်မာနိုင်ငံ တနိုင်ငံတည်း ခံရလို့ ဖြစ်ပါတယ်။ ဒီအတွက် လေဘေးသင့် ပြည်သူတွေကို ကူညီကြတာဟာ ကမ္ဘာနဲ့ တဝန်းလို့ တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် အကူအညီတွေ ရသင့်သလောက် မရခဲ့ဘူး ဆိုပြီးတော့လည်း ဝေဖန်သုံးသပ်သူ တွေက ထောက်ပြကြပါတယ်။ ဆူနာမီဘေး အတွက် ကမ္ဘာတဝှမ်း အကူအညီ ဒေါ်လာ သန်း (၁၃,ဝဝဝ) ကျော် လောက် ရခဲ့ပြီး နာဂစ်ဘေးအတွက် ဒေါ်လာ သန်း (၄ဝဝ) ဝန်းကျင်လောက်ပဲ ရပါသေးတယ်။ ပြန်လည်ထူထောင် ရေး နောက်ထပ် (၃) နှစ်အတွက် ဒေါ်လာ သန်း (၆ဝဝ) ကျော် လိုသေးတယ်ဆိုပြီး မြန်မာ၊ အာဆီယံနှင့် ကုလသမဂ္ဂ သုံးပွင့်ဆိုင်အဖွဲ့ကနေ အလှူရှင်တွေဆီ တင်ပြထားပါတယ်။ ဒီပမာဏတွေကို နှိုင်းယှဉ်ကြည့်ရင် နာဂစ်ဘေးအတွက် မြန်မာနိုင်ငံကရတဲ့ အကူအညီ ဘယ်လောက်နည်းတယ်ဆိုတာ သိနိုင်ပါတယ်။

နာဂစ်မုန်တိုင်းဘေးအတွက် ရလာတဲ့အကူအညီတွေကို အမျိုးအစားခွဲမယ်ဆိုရင် (၁) စစ်အစိုးရ လက်ထဲ ရောက်သွားပြီး အစိုးရကပဲ ကိုင်တွယ် ဆောင်ရွက်တဲ့အကူအညီ၊ (၂) နိုင်ငံတကာ မိသားစုတွေက လှူဒါန်းပြီး ပြည်တွင်းအခြေစိုက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအန်ဂျီအိုတွေက အကောင်အထည်ဖော်တဲ့ အကူအညီ၊ (၃) မြန်မာပြည်သားတွေ ကိုယ့်ဖာသာကိုယ် သွားရောက် လှူဒါန်းတဲ့ အကူအညီဆိုပြီး ခွဲခြားနိုင်ပါတယ်။

နာဂစ်မုန်တိုင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ မိသားစုတွေဆီက ရရှိတဲ့ အကူအညီ ဒီလောက်နည်းပါးရတာဟာ စစ်အစိုးရကြောင့်လို့ ပြောကြပါတယ်။ စစ်အစိုးရဟာ နာဂစ်မုန်တိုင်းဘေး စပြီးကြုံကတည်းက နိုင်ငံတကာ အကူအညီနဲ့ ပတ်သက်ရင် ငွေသားနဲ့ ရုပ်ဝတ္ထုသက်သက်ကိုသာ လက်ခံခဲ့ပါတယ်။ မြန်မာပြည်ထဲ အခြေစိုက်ထား ခြင်း မရှိသေးတဲ့ ဘယ်နိုင်ငံခြား အန်ဂျီအိုအဖွဲ့တွေနဲ့ ဘယ်နိုင်ငံခြားသားတွေကိုမှ မြန်မာပြည်ထဲ ဝင်ခွင့်မပြုခဲ့ပါဘူး။ မုန်တိုင်းဒဏ်ခံရတဲ့ ဧရာဝတီတိုင်းကို သွားခွင့်ပြုဖို့ ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်ခဲ့တာပါ။ ဒီအတွက်လည်း နိုင်ငံတကာ အကူအညီတွေ ရသင့်သလောက် မရခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း သုံးပွင့်ဆိုင်အဖွဲ့ ဖွဲ့စည်းပြီးတဲ့အခါမှ သာ နိုင်ငံတကာက ကူညီပေးကမ်းမယ့် အလှူရှင်တွေဟာ မြန်မာနိုင်ငံထဲ အခြေစိုက်ထားပြီး ဖြစ်တဲ့ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကတဆင့် လေဘေးသင့် ပြည်သူတွေဆီ ကူညီနိုင်ခဲ့ပါတယ်။ အခြေစိုက်ထားပြီးသား အဖွဲ့အစည်း တွေက ကျွမ်းကျင်သူတချို့ မြန်မာနိုင်ငံထဲ ဝင်ခွင့်ရပြီး တချို့ အကန့်အသတ်နဲ့ လေဘေးသင့်ဒေသတွေဆီ သွားခွင့်ရခဲ့ပါတယ်။

နောက်ထပ် နိုင်ငံတကာအကူအညီ လျော့နည်းရရှိစေတဲ့ အကြောင်းတချက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေပါ။ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံ အများစုဟာ စစ်အစိုးရကို စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု ပြုလုပ်ထားပါတယ်။ လေဘေးသင့်ပြီးကာစ အချိန်က အဲဒီနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက် ငွေကြေးအမြောက်အမြား လိုအပ်လာတဲ့အခါ ကူညီချင်ပေမယ့် စီးပွားရေးပိတ်ဆို့မှု (ဆန်ရှင်) က ရှိထားတဲ့အတွက် အကူအညီမပေးနိုင် ဖြစ်ကြရပါတယ်။ ဒီအတွက် မြန်မာစစ်အစိုးရက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်တွေ လျော့ချတာမျိုး သိသာမြင်သာတဲ့ ပြောင်းလဲမှုတွေ လုပ်လာတဲ့အခါမှသာ ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နာဂစ်လေမုန်တိုင်းဘေးအတွက် မြန်မာနိုင်ငံက ရရှိတဲ့ အကူအညီ အထောက်အပံ့တွေ နည်းသွားရတာ ဖြစ်ပါတယ်။

စစ်အစိုးရကြောင့် လေဘေးသင့်ပြည်သူတွေ အကူအညီ အထောက်အပံ့ ရသင့်သလောက် မရတဲ့ အလွန်အရေးကြီး တဲ့ အချက်တချက်လည်း ရှိပါသေးတယ်။ ဒီအချက်ကိုတော့ နိုင်ငံတကာ မိသားစုက သိပ်မသိကြသေးပါဘူး။ တကယ့်အဖြစ်မှန်မှာ လေဘေးသင့်ပြီးနောက်ပိုင်း နိုင်ငံတကာ မိသားစုတွေက ကူညီကြတဲ့နည်းတူ မြန်မာနိုင်ငံသား တွေရဲ့ ကူညီမှုဟာလည်း မသေးငယ်လှပါဘူး။ မြန်မာနိုင်ငံတလွှားက များပြားလှတဲ့ ကူညီရေးသမားတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာမှာ ရုပ်ဝတ္ထု ငွေကြေးတွေကို အလှူခံ၊ စုဆောင်းရလာသမျှကို လေဘေးသင့်ဒေသတွေဆီသွားပြီး ကူညီထောက်ပံ့မှု ပြုလုပ်ကြပါတယ်။

အဲဒီ ကူညီထောက်ပံ့မှုတွေဟာ မုန်တိုင်းတိုက်ပြီး (၂) ရက် (၃) ရက်အတွင်း စတင်ခဲ့ကြတာ တွေ့ရပါတယ်။ ပထမတော့ ရန်ကုန်ပတ်ဝန်းကျင်က ကိုယ်ပိုင်ကားတွေ၊ အငှားယာဉ်တွေနဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ လှိုင်သာယာ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး လမ်းကနေ နေ့စဉ် သွားရောက် ကူညီလှူဒါန်းကြပါတယ်။ နောက်ပိုင်း ဒီလမ်းမှာ မြန်မာနိုင်ငံ အနှံ့အပြားက ကားတွေကို တွေ့လာရပါတယ်။ စနေ၊ တနင်္ဂနွေလို နေ့တွေဆို ကူညီကယ်ဆယ်ရေး သွားကြတဲ့ ကားတန်းကြီးဟာ များလွန်းလှလို့ မြန်မာပြည်မှာ အစည်ကားဆုံးလို့ ဆိုနိုင်တဲ့ ပွဲတော်တွေမှာတောင် ဒီလို ရှည်လျားတဲ့ ကားတန်းမျိုး မတွေ့နိုင်ဘူးလို့ သွားရောက်ခဲ့တဲ့ လူတွေရော၊ ဒေသခံ ပြည်သူတွေကပါ မှတ်ချက်ချကြပါတယ်။

ဒါပေမယ့် ဒီလို သွားရောက်လှူဒါန်းနိုင်မှုဟာ သိပ်ကြာကြာ မခံပါဘူး။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး တတိယမြောက် အပတ် မေလ (၂၄) ရက် တနင်္ဂနွေနေ့မှာ လေဘေးကယ်ဆယ်ရေးသွားပြီး ရန်ကုန်ကို ပြန်လာတဲ့ ကားအစီး (၅ဝ) လောက်ကို စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အကြောင်းပြချက်ကတော့ ကူညီရေးသွားစဉ် သတင်းမပို့တာ၊ လေဘေးသင့် ပြည်သူတွေကို လမ်းဘေးမှာ ကားရပ်ပြီး ပစ္စည်းဝေတာ၊ ကားပေါ်ကနေ ပစ္စည်းတွေ ပစ်ချပေးတာ စတာတွေ ဖြစ်ပါတယ်။ လိုက်ပါလာသူတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် နေအိမ်ပြန်ခိုင်းလိုက်ပြီး ကားနဲ့ ယာဉ်မောင်းသူတွေကို အင်းစိန် ဂျီတီအိုင်ဝင်းထဲ ဖမ်းခေါ်သွားခဲ့ပါတယ်။ ည (၁၂းဝဝ) နာရီကျော်သွားတဲ့အခါ ဒရိုင်ဘာတွေကိုပါ ပြန်လွှတ်ပေးလိုက်ပေမယ့် ကားတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားလိုက်ပြီး နောက်နေ့တွေကျမှ ဒဏ်ရိုက်၊ ခံဝန်ချက်ရေးထိုးပြီးမှ ပြန်လွှတ်ပေးပါတော့တယ်။

ဒါတင်မက နောက်နေ့ကစပြီး တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ ကားလမ်းတလျှောက် လုံထိန်းရဲသားတွေ အများအပြား ချထားလိုက်ပါတယ်။ ဓာတ်တိုင် (၂) တိုင်စာ အကွာလောက်မှာ ရဲသား (၂) ယောက် (၃) ယောက်၊ ရဲသား (၃-၄) စု တနေရာ ဒိုင်းတွေ အပြည့်တင်ထားတဲ့ ရဲကားတစီး စသဖြင့် ရာနဲ့ချီရှိတဲ့ ရဲသားတွေကို နေပူပူ မိုးရွာရွာ နေ့ည ချထားလိုက်တာ ဖြစ်ပါတယ်။

ကိုယ်တိုင်မျက်မြင် ကြုံခဲ့ရသူတွေရဲ့ ပြန်လည်ပြောဆိုချက်တွေအရ ဒီသတင်း ပျံ့နှံ့သွားခဲ့တာကြောင့် ရန်ကုန်ကရော၊ နယ်တွေက ပြည်သူအများစုကပါ လေဘေးကူညီကယ်ဆယ်ရေးခရီး မသွားရဲကြတော့ပါဘူး။ တချို့ သွားရဲကြတဲ့တိုင် သွားဖို့ ကားငှားကြတဲ့အခါ ကားသမား အများစုဟာ လေဘေးကယ်ဆယ်ရေး ခရီးကို လိုက်ပါလိုခြင်း မရှိကြတော့ ပါဘူး။ ဒီအတွက် လေဘေးဒဏ်ခံ ပြည်သူတွေဟာ ဘဝတူ မြန်မာပြည်သားတွေရဲ့ ကူညီကယ်ဆယ်မှု အများအပြား ကို လက်လွှတ်ဆုံးရှုံးခဲ့ကြရပါတယ်။

ဘယ်လောက်ငွေကြေးအတိုင်းအတာပမာဏ ဆုံးရှုံးခဲ့ရသလဲဆိုတာကို ဘယ်လိုမှ တွက်ချက်လို့ မရနိုင်ပေမယ့် ကားတစီးစာ ငွေကြေးတန်ဖိုး သိန်း ဆယ်ဂဏန်း အထက်ရှိတဲ့ အခြေအနေအောက်မှာ ကျပ်ငွေ သိန်းပေါင်း သိန်းနဲ့ချီ နစ်နာခဲ့မှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင် နာဂစ်ဘေးဒဏ်ခံရတဲ့ ပြည်သူတွေဟာ စစ်အစိုးရကြောင့် နိုင်ငံတကာ မိသားစုတွေရဲ့ အကူအညီတွေ ရသင့်သလောက် မရခဲ့သလို ကိုယ့်ပြည်သူအချင်းချင်း ပေးတဲ့အကူအညီ အထောက်အပံ့တွေကိုလည်း ရသင့်သလောက် မရခဲ့ကြောင်း ကောက်ချက်ချနိုင်ပါတယ်။

နာဂစ်ဒဏ်ခံဒေသက ပြည်သူတွေ ဘယ်တော့ နာလန် ပြန်ထူမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ပြည်သူတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေနဲ့ စစ်အစိုးရတို့အကြားမှာ အဓိပ္ပာယ် ဖွင့်ဆိုချက် ကွဲလွဲနေတာကို တွေ့မြင်ရပါတယ်။ လေဘေးဒဏ်ခံရတဲ့ ပြည်သူတွေရဲ့ နာလန်ပြန်ထူလာတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ သူတို့ရဲ့ မုန်တိုင်းမတိုင်မီက အခြေအနေမျိုး ပြန်လည် နေထိုင်နိုင်ရေး ဖြစ်ပါတယ်။ မုန်တိုင်း မတိုင်မီက စီးပွားရေး အခြေအနေမျိုး ပြန်ရလိုတဲ့သဘော ဖြစ်ပါတယ်။

နိုင်ငံတကာ အန်ဂျီအိုတွေရဲ့ နာလန်ပြန်ထူလာရေး အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ လေဘေးဒဏ်သင့် ပြည်သူတွေအနေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး၊ လုံခြုံစိတ်ချရတဲ့ အမိုးအကာအောက်မှာ နေထိုင်ရရေး၊ သင့်တော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ ပညာသင်ကြားနိုင်ရေး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ စီးပွားရေးဘဝ ပိုင်ဆိုင်နိုင်ရေး စတာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ လေဘေးသင့်ဒေသ ပြန်လည် နာလန်ထူလာရေးဆိုတာဟာ အစုလိုက် အပြုံလိုက် မသေရင်ပြီးရော၊ ကိုယ့်ဖာသာကိုယ် ရုန်းကန်ပြီး ကိုယ့်ဖာသာကိုယ် အသက်ရှင်ရပ်တည်နိုင်အောင် ကြိုးစားနေထိုင်နိုင်ရေး အဆင့်လောက်ပဲ ဖြစ်ပါတယ်။

အဓိပ္ပာယ် ဖွင့်ဆိုချက် မတူတာကြောင့် အကောင်အထည်ဖော်မှုတွေ၊ သဘောထားအမြင်တွေလည်း မတူညီ ကြပါဘူး။ ပြီးခဲ့တဲ့နှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး သိပ်မကြာခင်မှာဘဲ စစ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးပြီ၊ ပြန်လည်ထူထောင်ရေး လုပ်ဖို့ပဲ ကျန်တော့တယ်ဆိုပြီး ပြောခဲ့ပါတယ်။ တဖက်ကလည်း ကယ်ဆယ်ရေး လုပ်ငန်းလုပ်နေတဲ့ အားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်က အိုင်အန်ဂျီအိုတွေ လှူဒါန်းတဲ့ ရေသန့်ဘူးကို ကိုင်မြှောက်ပြရင်း ဒီလို ရေသန့်ဘူးတွေ ဒီအချိန်မှာ မလိုတော့ဘူးဆိုပြီး သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

တကယ့်တကယ်တော့ အားလုံးသိကြတဲ့အတိုင်း နာဂစ်ဖြစ်ပြီးလို့ တနှစ်ကျော်ကြာတဲ့တိုင် လေဘေးသင့် ဧရာဝတီတိုင်းမှာ သောက်သုံးရေ လုံလုံလောက်လောက် ရှိသေးတာ မဟုတ်ပါဘူး။ အိမ်ထောင်စု အများစုကြီးဟာ လာမယ့် မိုးရာသီကို ကျော်ဖြတ်နိုင်လောက်တဲ့ ခိုင်ခန့်တဲ့ အိမ်တွေနဲ့ နေနိုင်ကြသေးတာ မဟုတ်ပါဘူး။ မုန်တိုင်းကျလာရင် ခိုလှုံမယ့် အဆောက်အဦတွေ တည်ဆောက်လို့ ပြီးသေးတာ မဟုတ်ပါဘူး။ နေ့စဉ် နေထိုင်စားသောက်ရေး ဘဝအတွက် အာမခံချက်ရှိတဲ့ အလုပ်အကိုင် လုပ်ကိုင်နိုင်ကြသေးတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက နောက်ထပ် (၂) နှစ်စီမံကိန်းဆွဲပြီး ၂ဝ၁၁ ခုနှစ်အထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ရမယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။

လေဘေးသင့်ပြည်သူတွေ ပြန်လည်နာလန်ထူဖို့ ဆောင်ရွက်ရာမှာ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေ အပါအဝင် နိုင်ငံတကာမိသားစုက လုပ်ဆောင်ပေးနိုင်တဲ့ အပိုင်း၊ စစ်အစိုးရကသာ လုပ်ပေးနိုင်မယ့် အပိုင်းဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာ မိသားစုတွေကတော့ ရန်ပုံငွေတွေ ရအောင်ရှာမယ်။ လေဘေး သင့်ပြည်သူတွေ သောက်သုံးရေ ရရှိအောင် ပျက်စီးသွားတဲ့ ရေကန်တွေကို ပြန်လည် ပြုပြင်ပေးမယ်။ မရသေးရင် အဝီစိလို စက်ရေတွင်းတွေ တူးပေးမယ်။ ဒါမှ မရသေးရင် ရေသန့်စင်တဲ့ စက်တွေ တပ်ဆင်ပေးပြီး ရေသန့်ရအောင် ဆောင်ရွက်ပေးမယ်။ ရေသန့် ဘယ်လိုမှ မရနိုင်တဲ့ နေရာတွေကိုတော့ ရနိုင်တဲ့ နေရာတွေကနေ ကားတတန်၊ လှေတတန် ပို့ပေးနိုင်အောင် စီစဉ်ပေးမယ်။ နေစရာအတွက် လုံခြုံတဲ့ နေအိမ်တွေ တည်ဆောက်ပေးမယ်။ တနှစ်ထဲ မပြီးရင် နောက်တနှစ် ထပ်လုပ်မယ်။ စာသင်ကျောင်းတွေ တည်ဆောက်ပေးမယ်။ ကျန်းမာရေး ဆေးခန်းတွေ တည်ဆောက်ပေးမယ်။ မုန်တိုင်းဖြစ်လာရင် ခိုလှုံဖို့ Cyclone Shelter တွေ တည်ဆောက်ပေးမယ်။ လုပ်ကိုင်စားသောက်ဖို့ လှေတွေ လှူပေးမယ်။ စက်တွေ လှူပေးမယ်။ ပိုက်တွေ လှူပေးမယ်။ ထွန်စက်၊ ကျွဲနွား၊ မျိုးစပါးတွေ ထောက်ပံ့ပေးမယ်။ တပိုင်တနိုင် လုပ်ငန်းငယ်လေးတွေအတွက် လုပ်ငန်းပြန်လုပ်နိုင်ဖို့ အရင်းအနှီး ထောက်ပံ့ ထူထောင်ပေးမယ်။ အလုပ်မရှိသူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးမယ် စတဲ့ အစီအစဉ်တွေ လုပ်ပေးကြမယ် ဖြစ်ပါတယ်။

အခြားတဖက်မှာတော့ နိုင်ငံတကာ မိသားစုက လုပ်ပေးဖို့ လုံးဝ မဖြစ်နိုင်တဲ့ အစိုးရကသာ လုပ်ပေးမှ ဖြစ်မယ့် လုပ်ငန်းကြီးတွေ အများကြီး ကျန်နေပါသေးတယ်။ အဲဒါကတော့ သွားလာရ ခက်ခဲတဲ့ လေဘေးသင့်ဒေသမှာ လမ်းတွေ ဖောက်ပေးရေး၊ တံတားတွေ ဆောက်ပေးရေး၊ ခရီးသွားလာရေး သယ်ယူပို့ဆောင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ ရေကြောင်းခရီးစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ ဆက်သွယ်ရေး ကောင်းမွန်အောင် တယ်လီဖုန်းတွေ တပ်ဆင်ပေးရေး၊ လျှပ်စစ်မီး ရအောင် ဖန်တီးပေးရေး၊ စာသင်ကျောင်းတွေ အတွက် ကျောင်းဆရာ ဆရာမတွေ ခန့်ပေးရေး၊ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးရေး၊ ကျန်းမာရေး ဌာနတွေအတွက် ဆရာဝန်၊ ဆေးမှူး သူနာပြုတွေ ခန့်အပ်ပေးရေး၊ လုပ်ငန်းတွေအတွက် ဘဏ်တွေကနေ ငွေတွေ ထုတ်ချေးပေးရေး စတာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အစိုးရက လုပ်ပေးမှရမယ့် အဲဒီအပိုင်းတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက လုပ်ပေးမယ် မလုပ်ပေးဘူး ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

လောလောဆယ် မြစ်ဝကျွန်းပေါ်ဒေသမှာ လမ်းတွေ ဖောက်ပေးနေပါပြီ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အလွန်ကြမ်းပြီး ဖြစ်သလို ဖောက်ထားတဲ့ စံချိန်စံညွှန်း မမီတဲ့ မိုးတွင်းဆို ဘယ်လိုမှ သွားလာလို့ မရနိုင်တဲ့ လမ်းမျိုးတွေကိုသာ တအီအီနဲ့ ဖောက်နေတာ ဖြစ်ပါတယ်။ တံတားတွေဆိုလည်း ဒီအတိုင်းပါပဲ။ ခနော်နီ ခနော်နဲ့ တံတားမျိုးတွေသာ များပါတယ်။ ခရီးသွားလာမှု အဆင်ပြေရေး ဆိုတာကတော့ ဧရာဝတီတိုင်းက ပြည်သူတွေ မဆိုထားနဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးက လူတွေတောင် အဆင်ပြေကြတာ မဟုတ်ပါဘူး။ အကြောင်းက တော့ နအဖ စစ်အာဏာပိုင်တွေ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်နဲ့ မော်တော်ကားတင်သွင်းမှုတွေ ပိတ်ပင်ထားလို့ ကားဈေးနှုန်းတွေ အလွန်အမင်းကြီးမြင့်နေတဲ့ ကိစ္စပါ။ ဒီအတွက် ဧရာဝတီတိုင်း အောက်ပိုင်းမှာ ခက်ခက်ခဲခဲ သွားလာနိုင်တဲ့ လမ်းကြမ်းကြမ်းတွေ ပြီးစီးသွားရင်တောင် ပြေးဆွဲမယ့် ဘတ်စ်ကား လုံလုံလောက်လောက် ရှိမှာ မဟုတ်တဲ့ ပြဿနာ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေနိုင်ပါဘူး။ ရေကြောင်း ခရီစဉ်တွေလည်း ထို့နည်းလည်းကောင်းပါပဲ။ မုန်တိုင်းဒဏ် အလူးအလဲ ခံထားရတဲ့ ဧရာဝတီတိုင်းမှာ လှေသင်္ဘောတွေ လုံလုံလောက်လောက် မရှိတော့ပါဘူး။ စစ်အစိုးရ ခရီးသည်ပြေးဆွဲတဲ့ သင်္ဘောတွေကလည်း ဒီဇယ်ဆီ မထောက်ပံ့နိုင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ခရီးစဉ် အများအပြား ရပ်နားထားတာပါ။ ဒါကြောင့် ဧရာဝတီတိုင်းက မြို့ရွာတွေဟာ ဒီနေ့ချိန်ထိ ရေလမ်းခရီးနဲ့လည်း သွားလာရ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ကောင်းမွန်အောင် တယ်လီဖုန်းတွေ တပ်ဆင်ပေးရေး ဆိုတာလည်း စစ်အစိုးရ လက်အောက်မှာ မဖြစ်နိုင်သလောက်ပါဘဲ။ လေဘေးဖြစ်လို့ ဆိုပြီး တရုတ်ပြည် ဇက်တီအီး ကုမ္ပဏီက လှူဒါန်းလိုက်တဲ့ ကမ်းရိုးတန်း သုံး စီဒီအမ်အေ ဖုန်း အလုံး (၃) သောင်းကျော်စာလောက်ကို ဆက်သွယ်ရ ခက်ခဲတဲ့ ကျေးလက်တွေမှာ ချပေးရမယ့်အစား တလုံး (၁၅) သိန်း (၅) သောင်းနဲ့ ရောင်းစားခဲ့ပါတယ်။ ဒါဟာ လာဘ်ငွေ ပေးရတာတွေကို ထည့်တွက်မထားသေးတဲ့ ပမာဏဖြစ်ပြီး အားလုံးပေါင်းရင် တလုံး ကျပ်သိန်း (၂ဝ) လောက်ကျပါတယ်။ လေဘေးမုန်တိုင်းကြောင့် ဆွေမျိုး မိသားစုတွေ သေ၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရသူတွေကို တယ်လီဖုန်းတလုံး ကျပ်သိန်း (၂ဝ) လောက်နဲ့ ဝယ်သုံးခိုင်းတာမျိုးကတော့ အတော်လေးကို ရက်စက်လွန်းရာ ကျပါတယ်။ ဒီကနေ တဆင့် ဆက်သွယ်ရေး လွယ်ကူဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။

လျှပ်စစ်မီး ပြဿနာကတော့ နေပြည်တော်ကလွဲရင် စစ်အစိုးရက တတိုင်းပြည်လုံးမှာ လျစ်လျူရှုထားတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီအတွက် လပွတ္တာမြို့ပေါ်မှာဆိုရင် ပြည်သူတွေဟာ ပုဂ္ဂလိက မီးပေးစားသူတွေထံကနေ တယူနစ် ကျပ် (၁,ဝဝဝ) ကျော်နဲ့ ယူသုံးနေရပါတယ်။ နဂိုကတည်းက ဆင်းရဲနေတဲ့ ပြည်သူတွေအတွက် ရန်ကုန်ကလူတွေ တယူနစ် (၂၅) ကျပ်နဲ့ လျှပ်စစ်မီး သုံးနေရချိန် သူတို့ကတော့ ကျပ် (၁,ဝဝဝ) ပေးနေရတာဟာ စီးပွားရေးအရ နာလန်ထူဖို့ အခွင့်အလမ်း နည်းသွားစေပါတယ်။ ကျေးရွာတွေကတော့ ဒီထက်ပိုဆိုးပြီး မှောင်အတိ ကျနေတာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေ ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။

ယူအန်နဲ့ နိုင်ငံတကာမိသားစုတွေက အဆောက်အဦတွေ ဆောက်လုပ်လှူဒါန်းပေးနိုင်ပေမယ့် ကျောင်းဆရာ ဆရာမ ခန့်ထားနိုင်ရေး၊ စာအုပ်စာတမ်းနဲ့ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့နိုင်ရေးဟာ အစိုးရ တာဝန်ဖြစ်ပါတယ်။ ဒါကိုလည်း လေဘေးသင့်ဒေသမှာ ကောင်းကောင်းလုပ်ပေးနိုင်တာ မတွေ့ရသေးပါဘူး။ ဆေးရုံဆေးပေးခန်းတွေလည်း အလားတူပါပဲ။ နိုင်ငံတကာ မိသားစုတွေက ရေရှည်အတွက် အဆောက်အဦတွေ ဆောက်လုပ်လှူဒါန်းဖို့ ကြိုးစားပေမယ့် လက်ရှိဆိုရင်တော့ လေဘေးသင့်ဒေသက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနေတဲ့ အန်ဂျီအိုတွေလည်း ရုပ်သိမ်းနေကြပါပြီ။ အစိုးရရဲ့ ဆရာဝန်၊ သူနာပြုတွေ ခန့်အပ်ရေး၊ ပစ္စည်းကရိယာ ဖြည့်တင်းပေးရေးနဲ့ ဆေးဝါးထောက်ပံ့ပေးရေး လိုအပ်လာနေပါတယ်။ လက်ရှိ စစ်အစိုးရက မြန်မာတနိုင်ငံလုံးမှာ ကျင့်သုံးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံနဲ့ လေဘေးသင့်ဒေသတွေကို ကျင့်သုံးရင်တော့ အဲဒီဒေသကလူတွေ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်၊ မသေသင့်ပဲ သေကြရဦးမှာပါပဲ။

လေဘေးသင့်ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်တခုကတော့ စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ရေး ချေးငွေတွေ လိုအပ်နေမှုပါ။ စစ်အစိုးရ အနေနဲ့ ပုံမှန်အားဖြင့် တနိုင်ငံလုံးက တောင်သူလယ်သမားတွေကိုတောင် လုံလောက်တဲ့ ချေးငွေ ထုတ်ချေးတာ မဟုတ်ပါဘူး။ လေဘေးသင့်ဒေသတွေမှာ တနိုင်တပိုင် လုပ်ကိုင်စားနေသူ တွေကို အန်ဂျီအို အဖွဲ့တွေက အသေးစားချေးငွေတွေ ထုတ်ချေးပေးနေပေမယ့် အစိုးရပိုင်းကရော ပုဂ္ဂလိက ဘဏ်တွေကပါ ဒီအပိုင်း ဝင်ရောက်လုပ်ကိုင်တာ မတွေ့ကြရပါဘူး။ ခြုံပြီး သုံးသပ်ရရင် ယူအန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လေဘေးသင့် ပြည်သူတွေ နာလန်ပြန်ထလာအောင် ဘယ်လိုပဲ ကြိုးစားကြိုးစား နအဖ စစ်အစိုးရက သူ့ရဲ့ ကိုယ်ကျိုးရှာ မှားယွင်းတဲ့ စီးပွားရေးပေါ်လစီတွေကို မပြင်ဆင်သေးသရွေ့ လေဘေးသင့် ပြည်သူတွေအပေါ် စစ်မှန်တဲ့ စေတနာ မထားနိုင်သေးသရွေ့ နာလန်ပြန်ထူဖို့ဆိုတာ မဖြစ်နိုင်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။

မြန်မာနိုင်ငံ၏ သုတေသနလုပ်ငန်းများ၊ စီမံကိန်းများသည် ပြည်သူအတွက် အမှန်တကယ် အကျိုးရှိပါ၏လော

အောင်ထက် / ၂၂ မေ ၂၀၀၉


လွန်ခဲ့သော (၁၅) နှစ်ခန့်က ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကမ်းခြေသို့ ကျနော် အကြိမ်ကြိမ် ရောက်ဖြစ်ခဲ့သည်။ လက်ခုပ်ကုန်းနှင့် (၃) မိုင်ခန့်ဝေးသော အလယ်ရွာအနီး (စက်ဘီးဒိုင်နမို၏ သဘောသဘာဝကို ယူထားသည့်) သုတေသန လေအားလျှပ်စစ်ထုတ်လုပ်ပုံကို ၀င်ရောက်လေ့လာဖြစ်သည်။ ဒေသခံတဦးလည်း အတူပါလာသည်ကြောင့် တာဝန်ရှိသူ ဗိုလ်မှူး(ငြိမ်း) က စိတ်ရှည်လက်ရှည် လိုက်လံပြသပါသည်။

ပင်လယ်ကို ဖြတ်တိုက်လာသော လေကြမ်းကို အလူမီနီယံ ပန်ကာဒလက်ကြီးများဖြင့် ဖမ်းကာ လျှပ်စစ်ဓာတ် ထုတ်ယူခြင်းအား အဆင့်ဆင့်ပြသပြီး အဆိုပါ လျှပ်စစ်မီးဖြင့် ငါးသလောက်ပေါင်းပြသည်ကို လေ့လာခွင့်ရခဲ့သည်။ သုတေသနလုပ်ငန်းကို ရူပဗေဒကျောင်းသားများနှင့်အတူ မိမိတို့ သုတေသနပြုနေသည်မှာ (၃) နှစ် ရှိနေပြီ ဖြစ်ကြောင်း၊ ဤအတွက် နိုင်ငံတော်က စရိတ်ကျခံ သုံးစွဲပေးသည်ဟု အဆိုပါ ဗိုလ်မှူး၏ အဆိုအရ သိရသည်။ ထို့နောက် ကျနော်က သတင်းထောက်တဦးဖြစ်ကြောင်းနှင့် ပြည်သူ့အကျိုးအတွက် လူကြီးမင်းတို့၏ စွမ်းဆောင်မှုကို မီဒီယာစာမျက်နှာပေါ်မှ အသိပေးလိုပါသည်ဟု ရိုးရိုးသားသား တောင်းဆိုမိသောအခါ အဆိုပါ ဗိုလ်မှူးက ခါးခါးသီးသီး ငြင်းဆိုပါသည်။

ပင်လယ်လေလှိုင်းအားကိုယူ၍ လျှပ်စစ်ဓာတ်ထုတ်ယူခြင်းသည် သုတေသနပြုလုပ်ဆဲဖြစ်ကြောင်း၊ လုပ်ငန်း အောင်မြင်ပြီးစီးပါက နိုင်ငံတော်အကြီးအကဲတို့သာမက သတင်းစာသမားအားလုံးကို ခေါ်ယူအသိပေးမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင်မူ ဘယ်လိုမှ ရေးသားခွင့်မပြုနိုင်ကြောင်း သူက ခပ်မာမာ ပြောဆိုသည်။ ပင်လယ်လေလှိုင်း လျှပ်စစ်ဓာတ်ထုတ်ယူခြင်းသည် ယခု သုတေသနလုပ်ကွက်ရှိနေသည့် ပေ (၆၀x ၁၀၀) အဆောက်အဦတခုသာ မီးပေးနိုင်ခြင်းလား၊ ၀န်းကျင်ကျေးလက် (သို့) မြို့နယ် (သို့) နိုင်ငံတော် အတိုင်းအတာအထိ မီဂါဝပ် တစုံတရာ ပေးနိုင်ခြင်းလား။ လေလှိုင်းဒဏ်ကို အလူမီနီယံ ပန်ကာဒလက်တို့က မည်မျှအတိုင်းအတာအထိ ခံနိုင်ရည်ရှိသလဲဆိုသည့် မေးခွန်းများကိုမူ မေးရန် အခွင့်အရေးမရခဲ့။

သည့်နောက် ထိုဒေသသို့ မကြာခဏရောက်ဖြစ်ရင်း ၂၀၀၆ ခုနှစ်တွင် အဆိုပါ အဆောက်အဦကြီးတခုလုံး တစစီ ပြိုပျက်ကာ ပန်ကာဒလက် အကျိုးအပဲ့များသည် သဲပြင်အောက်တ၀က်၊ မြေပေါ်တ၀က်ရှိနေသည်ကို တွေ့ခဲ့ရသည်။ ပြည်သူ့အကျိုးအတွက် လျှပ်စစ်ဓာတ်အား သုတေသန မအောင်မြင်ခဲ့သော်လည်း သုတေသနကို ဦးဆောင်နေသည့် ဗိုလ်မှူးဟောင်းကတော့ အတော်အောင်မြင်သွားသည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။

လွန်ခဲ့သော (၁၀) နှစ်ဝန်းကျင်က ကျနော်သည် ကြို့ပင်ကောက်မြို့အရှေ့ဘက် (၈) မိုင်ခန့်အကွာ ဒေသခံတို့က ‘၀ိုင်း’ ဟုခေါ်သော ဆည်မြောင်းတာတမံစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ဖြစ်ခဲ့သည်။ ၀မ်းကွဲညီမတဦးက ဒေသတွင်း ဈေးကွက်အားနည်းသည့် ဖရဲသီးများ အဆိုပါ ‘၀ိုင်း’ ၌ သွားရောက်ရောင်းချနေသည်ကြား၍ ဒေသန္တရအလို့ငှာ လိုက်သွားခြင်းဖြစ်သည်။ ဒေသ၌ တလုံး (၃၀၀) ကျပ်ပင် မရချင်သည့် ဖရဲ ထို‘၀ိုင်း’၌ တထောင်ခန့်လည်း ရနေပါသည်။

တည်ဆောက်နေဆဲ ဆည်အမည်မှာ “ဘော်ဘင်ဆည်” ဟု သိရသည်။ သခွပ်ပင် ရုံးချောင်းကျေးရွာများနှင့် နီးသည်။ ၀န်ထမ်း (၃၀) ခန့် ယန္တရားနှစ်စီးနှင့် အလုပ်လုပ်နေသည်ကို တွေ့ရသည်။ တောထဲရောက်နေသော်လည်း မီးစက်သံတို့ ဆူညံပွက်နေ၏။ ၀ိုင်းနှင့် မနီးမဝေး၌ ဈေးဆိုင်တန်းတို့နှင့် တောတွင်းဘုရားပွဲငယ်လေးပမာ စည်ကားနေ၏။ ညနေတခင်း အရက်ဆိုင်တခု၌ ထိုင်ဖြစ်ရင်း မန္တလေးရမ် မှာလိုက်ရာ ဒီဆိုင်မှာ မန္တလေးရမ် မရပါ။ အနိမ့်ဆုံး ဂရင်းရွိုင်ရယ်ဝီစကီသာ ရသည်ဟု သိရသည်။ တခြားဘာတွေရနိုင်သေးလဲဆိုတော့ ဘလက်ကက်၊ ချီးဗက်စ်၊ ဟိုက်ကော်မရှင်နာ အပါအ၀င် နိုင်ငံခြားအရက်မျိုးစုံကို ရွတ်ပြ၏။ နေရာမှားပြီး အနောက်နိုင်ငံ ရောက်နေသလားဟု ၀န်းကျင်ကို ဝေ့ကြည့်တော့ ၀ိုင်း (၃-၄) ၀ိုင်း၏ စားပွဲထက်၌ နိုင်ငံခြားအရက် ပုလင်းမျိုးစုံကို တွေ့ရ၏။ လူတယောက်က ကျသင့်ငွေရှင်းရန် (၅၀၀) ကျပ်တန်တအုပ် စားပွဲပေါ်ပစ်တင်လိုက်သည်ကို တွေ့ရ၏။ လိုသေးလားဟု အခြားတယောက်ကဆိုကာ ခါးကြားမှ (၅၀၀) ကျပ်တန် တအုပ်ဆွဲထုတ်နေသည်ကို တွေ့ရ၏။

ကျနော်မှာ အနီးရှိ စားပွဲထိုးကောင်လေးအား သူတို့က ဘယ်သူတွေလဲ။ ငွေသုံးကြမ်းလှချည်လား မေးကြည့်ရာ ဆည်မြောင်းစီမံကိန်းဆိုက်ထဲမှာ ယန္တရားမောင်းသူတွေဖြစ်ကြောင်း၊ သူတို့စားပွဲဝိုင်း၏ တနေ့ရှင်းငွေသည် (၅) သောင်း အထက်ရှိကြောင်း၊ ယန္တရားသမားတွေ၏ ၀င်ငွေ တနေ့ (၄-၅) သောင်း ရှိသည်ဆိုလျှင် စီမံကိန်းတာဝန်ခံတွေ၊ အင်ဂျင်နီယာတွေသည် အဘယ်မျှရရှိမည်ကို ခန့်မှန်းနိုင်ကြောင်း ကောင်လေး၏ အပြောအရ သိရသည်။ နှစ်အနည်းငယ်အကြာ ကြို့ပင်ကောက် ဘော်ဘင်ဆည်ကြီးကို တခမ်းတနား ဖွင့်လှစ်လိုက်ကြောင်း သတင်းစာမှာ ဖတ်လိုက်ရသည်။

သည်လပိုင်း ကြို့ပင်ကောက်ကို ဆင်းဖြစ်တော့ အထက်ပါ ဘော်ဘင်ဆည်ရေ အတိုင်းအဆမဲ့ လွှတ်နေမှုကြောင့် ဆည်မြောင်းတမံတောက်လျှောက် ဘေးလယ်ကွက်များ တောဖြစ်ကာ ပျက်စီးကုန်ကြောင်း၊ နောက် (၁) နှစ် (၂) နှစ် ဆိုလျှင် လယ်ဧက တရာကျော် ပျက်စီးတော့မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် မတ်ပဲဆွတ်ချိန်ကလည်း ပုံထားသော မတ်ပဲခင်းတွေထဲ ဆည်ရေတိုးဝင်၍ မတ်ပဲတင်းရေများစွာ ဆုံးရှုံးကုန်ကြောင်း ဒေသခံတို့ အဆိုအရ သိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆည်မြောင်းတာတမံ စီမံကိန်းများ အကောင်အထည်ဖော်နေခြင်းသည် ပြည်သူ့အကျိုးစီးပွားထက် တည်ဆောက်ရေး တာဝန်ရှိသူတို့သာ လက်တွေ့အကျိုးစီးပွားဖြစ်နေကြောင်း သုံးသပ်နိုင်ပေသည်။

မြန်မာနိုင်ငံ လူဦးရေ၏ (၆၃) ရာခိုင်နှုန်းသည် ကျေးလက်နေ တောင်သူလယ်သမားများ ဖြစ်ကြပြီး ဆန်စပါး စိုက်ပျိုးမှုကို အဓိကထား၍ အသက်မွေးဝမ်းကျောင်း ပြုကြသည်။ စပါးစိုက်ပျိုးရာတွင် မိရိုးဖလာ စိုက်ပျိုးနည်း ဖြစ်သည့် နွားချေး၊ သစ်ရွက်ဆွေး စသည့် သဘာဝမြေသြဇာများကို သုံးစွဲခြင်းဖြင့် စပါးထွက် ကောင်းမွန်ရန် ဆောင်ရွက်ခဲ့ကြသည်။

ကမ္ဘာတ၀န်း သိပ္ပံနည်းပညာများ ထွန်းကားလာသည့်အလျောက် စိုက်ပျိုးရေး နည်းပညာသစ်များလည်း ပေါ်ထွက်လာခဲ့ရာ ၁၉၇၀ ပြည့်လွန်နှစ်များတွင် စပါးအထွက်နှုန်း ပိုမိုစေရန် ဓာတ်မြေသြဇာများကို နိုင်ငံခြားမှ မှာယူတင်သွင်းပြီး စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဓာတ်မြေသြဇာ သုံးစွဲတတ်ခဲ့ကြသည်။

ထိုစဉ်က ဓာတ်မြေသြဇာမှာ (၂၅) ကီလို တအိတ်လျှင် (၉) ကျပ်နှုန်း၊ (၅၀) ကီလိုဂရမ် တအိတ် (၁၈) ကျပ်နှုန်း ၀ယ်ယူသုံးစွဲခဲ့ကြသည်။ ဓာတ်မြေသြဇာများကို နိုင်ငံတော်က နိုင်ငံခြားငွေများသုံးစွဲ၍ တောင်သူလယ်သမားများအား ဖြန့်ဝေရောင်းချခဲ့ရာ ၂၀၀၃ ခုနှစ်က (၅၀) ကီလိုဂရမ် တအိတ် ကျပ် (၁၀,၀၀၀) ကျော် ရှိလာခဲ့သည် ၂၀၀၈ ခုနှစ်တွင် (၂၅,၀၀၀) ကျပ်ခန့် ၀ယ်ယူသုံးစွဲကြရသည်။

ထိုအတွက် စိုက်ပျိုးရေး အတတ်ပညာရှင်များသည် စပါးအထွက်နှုန်းတိုးစေရေးနှင့် နိုင်ငံခြားမှ ဓာတ်မြေသြဇာ မှာယူတင်သွင်းမှု လျော့ကျစေရေး သုတေသနပြုရှာဖွေကြရာ စပါးစိုက်ပျိုးမြေများ၌ ကောက်ရိုးနှင့် ရေကျောက်ခက် ဓာတ်မြေသြဇာ ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာကောင်းမွန်ပြီး အထွက်နှုန်းတိုးစေသည့် နည်းစနစ်များ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၂၀၀၃ ဇူလိုင် (၂၅) ရက်နေ့တွင် ကျင်းပသော ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့ မြန်မာ့ဆန်စပါးသုတေသနခန်းမ၌ ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် စာတမ်းရှင် (၂) ဦးက တင်ပြသွားခဲ့သည်။

ဂျပန်နိုင်ငံမှ ပါရဂူဘွဲ့ယူ၍ ပြန်လာသော မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါက်တာချိုချိုထွန်း တင်ပြသော ကောက်ရိုးအခြေခံ မြေဆွေးပြုလုပ်ပြီး မြေဆီလွှာ တိုးတက်ကောင်းမွန်စေသည့် နည်းလမ်းနှင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ကထိက ဒေါက်တာမီမီအောင်၏ ရေကျောက်ခက် ဇီဝမြေသြဇာ မွေးမြူ၍ စပါးအထူးအထွက်တိုးရေး နည်လမ်းတို့ဖြစ်ကြောင်း သိရသည်။

ကောက်ရိုးအခြေခံ သဘာဝမြေသြဇာပြုလုပ်ပုံ ပထမနည်းမှာ တဧက အသုံးပြုရန် ကောက်ရိုး (၂) တန် (ကောက်ရိုးပုံ ၈ ပုံ) ကို အရှည် (၂) လက်မခန့် နွားစာစဉ်းစက်ဖြင့် စဉ်းရမည်ဖြစ်သည်။ ထိုကောက်ရိုး အပိုင်းအစများကို စိုက်ပျိုးမည့် လယ်မြေထဲ ညီညာစွာ ဖြန့်ထည့်ကာ နောက်ဆုံးထယ်ရေးတွင် ထယ်ထိုးထွန်မွှေ ထည့်ပေးပြီး တလအကြာ၌ ပြောင်းရွှေ့စိုက်ပျိုးရမည်ဖြစ်သည်။

ဒုတိယနည်းမှာ စဉ်းထားသော ကောက်ရိုးဖြတ်စများ (၆’x ၃’x ၆”) ကို ညီညာစွာ ဖြန့်ခင်းပြီး ၎င်းအပေါ်၌ နွားချေး (၂) ပြည်၊ လယ်မြေသား (၂) ပြည်ကို ညီညာစွာ ဖြန့်ခင်းရန် လိုကြောင်း၊ ထိုအစီအစဉ်အတိုင်း ကောက်ရိုးဖြတ်စ၊ လယ်မြေသား၊ နွားချေးတို့ အစဉ်အလိုက် (၆) ထပ် ထပ်ရမည် ဖြစ်ကြောင်း၊ ခြောက်သွေ့ပါက ရေအသင့်အတင့် လောင်းပေးရမည်ဖြစ်ပြီး သုံးလေးရက် တကြိမ် အထက်အောက်လှန်ပေးကာ တလအကြာတွင် အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ စာတမ်းအပေါ် သမားရိုးကျတောင်သူဦးကြီးများအား လက်တွေ့အကျိုးရှိ မရှိ မေမြန်းကြည့်ရာ သက်ကြီးစပါး (၆ လစပါး) (၅) ဧက ရိတ်သိမ်း၍ ကောက်ရိုးတပုံ ပြည့်ပြည့်တင်းတင်း မရနိုင်ကြောင်း၊ ကောက်ရိုး (၈) ပုံရရှိရန် လယ်ဧက (၄၀) ရိတ်သိမ်းမှ ရနိုင်မည်ဖြစ်ကြောင်း၊ မည်သည့် လယ်သမားမဆို နွားစာအတွက် ကောက်ရိုးအခက်အခဲ နှစ်စဉ် ရှိတတ်ခြင်းကြောင့် မြက်ရိတ်ကျွေးရခြင်း၊ စားကျက်မြေများသို့ လွှတ်ကျောင်းခြင်းဖြင့် ကောက်ရိုးချွေတာနေရကြောင်း၊ အဆိုပါ ကောက်ရိုးပုံ (၈) ပုံကို အရှည် (၂) လက်မ စဉ်းရမည်ဆိုက အနည်းဆုံး (၂) ပတ် အချိန်ယူရမည် ဖြစ်သလို တနေ့အလုပ်သမား စရိတ် (၁,၀၀၀) နှင့် တွက်ပါက ဓာတ်မြေသြဇာ တအိတ်ဖိုး ဖြစ်သွားနိုင်ကြောင်း လယ်သမားများက ပြောသည်။

ကောက်ရိုးဖြတ်ခ၊ လယ်မြေသား၊ နွားချေးအလွှာ (၆) လွှာ ထပ်ရမည့် လုပ်အားခ၊ (၃-၄) ရက် တကြိမ် အထက်အောက် လှန်ပေးပြီး တလအကြာမှ စိုက်ပျိုးထွန်ယက်ရမည်ဆိုက သမားရိုးကျ စိုက်ချိန်လွန်သွားမည် ဖြစ်ကြောင်း၊ မိုးအမီပြု စိုက်ပျိုးနေရသည့်အတွက် မည်သို့မျှ အထွက်နှုန်းကောင်းနိုင်မည် မထင်ကြောင်း၊ ထို့ပြင် လယ်မြေအများစုသည် နေအိမ်နှင့် ဝေးကွာတတ်သည်ကြောင့် တဧကအသုံးပြုရန် ကောက်ရိုးပုံ (၈) ပုံ လယ်ကွင်းထဲ ရောက်ရှိရေးသည် လွန်စွာတာဝန်ကြီးလှကြောင်း၊ ဓာတ်မြေသြဇာ တဧက တအိတ် တအိတ်ခွဲ ပက်လိုက်ရုံဖြင့် အဆိုပါ ကရိကထများ လွန်မြောက်ပြီးလျှင် တဧက စပါး (၉၀) ကျော် ပြေးမလွတ်ကြောင်း၊ အဆိုပါ စာတမ်းသည် စာရွက်ပေါ်မှာသာ အသုံးဝင်ကြောင်း လယ်သမားအားလုံးက ထောက်ပြကြသည်။

စိုက်ပျိုးရေးတက္ကသိုလ်ကထိက ဒေါက်တာ မီမီအောင်၏ ရေကျောက်ခက် သဘာဝဓာတ်မြေသြဇာ စာတမ်းတွင် “ရေကျောက်ခက် ခေါ် AZOLLA (အဇိုလာ) များမှာ အရိပ်အာဝါသရ၍ အေးမြသော ရေကန်များ၊ ရေအိုင်များ၊ ရေမြောင်းများနှင့် ရေ၀ပ်သည့် ချိုင့်ဝှမ်းများတွင် ပေါက်ရောက်လေ့ရှိကာ ရေပေါ်တွင် ပေါ်နေသည့် ရေမှော်ကဲ့သို့သော အစိမ်းရောင် အပင်လေးများဖြစ်ကြောင်း တင်ပြထား၏။

ရေကျောက်ခက်သည် ၎င်းနှစ်သက်သည့် အပူချိန်၊ အလင်းရောင်နှင့် အာဟာရဓာတ်များရရှိပါက (၅) ရက်မှ (၇) ရက်အတွင်း (၄) ဆ ပွားများနိုင်၏။ တဧကလျှင် ရေကျောက်ခက် (၂) တန် ထည့်သွင်းမျိုးပွားပါက (၂) ပတ်အကြာတွင် အစိုအလေးချိန် ရှစ်တန်ခန့် ရရှိနိုင်သည်။ ထိုကာလအတွင်း နိုက်ထရိုဂျင်ဓာတ် (၁၆) ပေါင် သို့မဟုတ် ယူရီးယား (၃၅) ပေါင်၊ ယူရီးယား ဓာတ်မြေသြဇာ တအိတ်ကျော်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်အပြင် မြေဆွေးဓာတ်ကိုလည်း ရရှိစေနိုင်ကြောင်း၊ ရေကျောက်ခက်မွေးမြူ၍ စပါးစိုက်ပျိုးရာတွင် စနစ်တကျ စိုက်ပျိုးပါက စပါးအထွက်နှုန်းပိုသည်ကို တွေ့ရှိနိုင်ကြောင်း စာတမ်းတွင် ပါရှိသည်။

စနစ်တကျ မျိုးပွားမှုအနေဖြင့် အရိပ်အာဝါသရှိသော (၁၅၀) စတုရန်းပေ လယ်ကွက်တကွက်ကို ပေါင်း၊ မြက် အမှိုက်သရိုက်များ ရှင်းလင်း၍ ရေအနက် (၆) လက်မအထိ ရေသွင်းပေးရမည် ဖြစ်သည်။ တဧက (၁၀) ပေါင်နှုန်း တီစူပါ ပယ်နယ်ဆလင် ပုလင်း (၃) ပုလင်းခန့် ထည့်ပေးရမည်ဖြစ်သည်။ ထို့နောက် ရေကျောက်ခက် ပေါင် (၃၀) ကို တကွက်လုံး ညီညာစွာကြဲပက်ပေးရန် လိုအပ်ကြောင်း၊ နှစ်ပတ်ခန့်ကြာသောအခါ ရေကျောက်ခက်ကို အစို ပေါင်ချိန် (၁၀၀) ထက်မနည်း ရရှိလာမည်ဖြစ်ကြောင်း၊ ယင်းပေါင် (၁၀၀) ကို နောက်ထပ်အကွက် (၄) ကွက်တွင် ထပ်မံတိုးချဲ့မွေးမြူပါက (၂) ပတ်အကြာ၌ ရေကျောက်ခက် ပေါင်ချိန် (၄၀၀) ထက်မနည်း ရရှိမည်ဖြစ်သည်။

အသုံးပြုပုံအနေဖြင့် မြေကို ထွန်ယက်အပြီး ကောက်မစိုက်မီ ရေ (၃) လက်မခန့်ထား၍ တီစူပါမြေသြဇာ (၁၀) ပေါင် ကြဲပက်ပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် ရေကျောက်ခက်ပေါင်ချိန် (၃,၀၀၀ - ၄,၀၀၀) ခန့် ကြဲပက်အပြီး (၁၀) ရက်နှင့် ရက် (၂၀) အကြာ၌ လယ်ကွက်တခုလုံး ရေကျောက်ခက်များ ပြည့်နေမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ရေကို ထုတ်ပစ်ပြီး ထွန်ဖြင့်မွှေ၍ ရေကျောက်ခက်များကို မြေသားနှင့် ရောပစ်လိုက်ရမည်ဖြစ်ကြောင်း၊ မြေမြှုပ်အပြီး (၇) ရက်မှ (၁၀) ရက်ခန့်အကြာတွင် ကောက်စိုက်၊ ကောက်စိုက်အပြီး (၁၄) ရက်အကြာ၌ ရေကျောက်ခက်ကို နောက်တကြိမ် ယခင်အတိုင်း ပြန်လုပ်၊ ရေကျောက်ခက်များ ပြည့်လာလျှင် ဒုတိယအကြိမ် မြေမြှုပ်၊ အထူးအရေး ကြီးသည်မှာ (၇) ရက် တကြိမ် တီစူပါမြေသြဇာ (၁၀) ပေါင်ခန့် မှန်မှန်ကျွေးမှ ရေကျောက်ခက်ပွားများနှုန်း ကောင်းမည်ဖြစ်ကြောင်း၊ အဆိုပါ နည်းများကို လယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ကျောက်ဆည်မြို့ ဗဟိုစိုက်ပျိုးရေးခြံတွင် သရုပ်ပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေကျောက်ခက် သဘာဝဓာတ်မြေသြဇာသုံးစွဲခြင်းနှင့် ပတ်သက်၍ “တဧက စိုက်ပျိုးရန် ရေကျောက်ခက် မွေးချိန်သည် တလခန့်ကြာမြင့်ကြောင်း၊ လယ်နည်းက ပြဿနာမရှိသော်လည်း လယ်များသူတွေအတွက် အခက်အခဲများစွာ ရှိနိုင်ကြောင်း၊ တတန်လျှင် ပိဿာ (၆၀၀) ကျော်ရှိသည်ကြောင့် တဧကစိုက်ရန် ရေကျောက်ခက်များကို ဟိုလယ်ရွှေ့ သည်လယ်ရွှေ့လုပ်နေရခြင်းမှာ စိတ်ကူးယဉ်ခြင်းသာဖြစ်ကြောင်း၊ တနေ့လျှင် နောက်ချေး၊ အမှိုက်များကို နံနက် (၃) ကြိမ်၊ ညနေ (၂) ကြိမ် (ပေါင်း) (၅) ကြိမ်သာ သယ်ယူနိုင်ကြောင်း၊ နွားများကို ညှာရကြောင်း၊ စမ်းသပ်ပြကွက်များ၌ တဧကမျှ စိုက်ပျိုးပြသသည်မှာ လက်တွေ့လယ်သမားတို့ အခြေအနေနှင့် များစွာကင်းကွာကြောင်း၊ ရေကျောက်ခက် မွေးချိန်ပြည့်၍ ရေကို ဖောက်ထုတ်လိုက်က ထိုရေသည် တဖက်လယ်သို့ ရောက်သွားမည်ဖြစ်ကြောင်း၊ တဖက်လယ်၌ ရေမလိုသေးချိန် ဤသို့ ရေတိုးဝင်လာခြင်းသည် လယ်သမားအချင်းချင်း ခိုက်ရန်ဒေါသဖြစ်စေနိုင်ကြောင်း၊ ကန်သင်းတင်လယ်မြေများ၌ ရေထုတ်ရေသွင်းခြင်းသည် ယခင်ကပင် လယ်သမားအချင်းချင်း စိတ်ဝမ်းကွဲစေသည့် အစဉ်အလာများရှိကြောင်း” လည်း လယ်သမားအားလုံးက တညီတညွတ်တည်း ဆိုကြသည်။

အဆိုပါ စက္ကူပေါ်မှ မစားရ၀ခမန်း စီမံကိန်းများသည် လက်တွေ့ဘ၀နှင့် လွန်စွာဝေးကွာသည်ကြောင့် ၂၀၀၃ ခု သြဂုတ် (၅) ရက်ထုတ် သတင်းစာ၌ တခမ်းတနား ဖော်ပြခဲ့သော်လည်း မည်သည့်လယ်သမားမှ လိုက်နာဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်မူအဖြစ် အတင်းအဓမ္မ မစိုက်ခိုင်းသည်ကိုပင် ကျေးဇူးတင်နေရသည်ဟု လယ်သမားတို့က ဆိုကြသည်။

၂၀၀၇ မေလ ကုန်ခန့်က တိုက်ကြီးနယ် စမ်းသပ်စိုက်ကွက်၌ စပါးနို့ဆီဘူး (၃) လုံးဖြင့် တဧကစိုက်ပျိုးသည့် နည်းသစ်ကို တာဝန်ရှိသူတို့အား ခေါ်ယူပြသသွားကြောင်း သတင်းရရှိသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မြန်မာ့ဆန်စပါးသုတေသန (မှော်ဘီ) ၏ မန်နေဂျာ ဒေါက်တာ ထွန်းဝင်းနှင့် သတင်းထောက်တဦး တွေ့ဆုံရာ၌ “သမားရိုးကျ စပါးစိုက်ပျိုးရာတွင် လယ်တဧကအတွက် မျိုးစပါးအနည်းဆုံး တတင်းလိုအပ်ကြောင်း၊ စပါးဟူသည် အပေါ်ယံမြေဆီကို စားသုံးသည့်အပင် ဖြစ်ကြောင်း၊ ထို့အတွက် မြေဆီကို ဖိကျွေးနေရကြောင်း၊ ထိုမှ ကာလတခုအရောက်တွင် စပါးတစေ့မှ အပင်ကွဲ (၄-၅) ပင်ထွက်လာကြောင်း၊ ထိုအပင်ကွဲများကို တပင်စီခွဲထုတ်ကာ အခြားလယ်တခုသို့ ပြောင်းရွှေ့စိုက်ပျိုးခြင်းသာ ဖြစ်ကြောင်း၊ အချိန်မတိုင်မီ နို့်ခွဲလိုက်သော ကလေးငယ်ကဲ့သို့၊ အသက်ငယ်ငယ်နှင့် မနိုင်ဝန်ထမ်းနေသော လူသားကဲ့သို့ ဘယ်လိုမှ မျိုးမအောင်နိုင် ကြောင်း၊ အရည်အချင်း ပြည့်မီသည့် မျိုးလည်း ဖြစ်မည်မဟုတ်ကြောင်း၊ စပါးမျိုးကောင်းမှသာလျှင် ကမ္ဘာ့ဝယ်လိုအား ရှိမည် ဖြစ်ကြောင်း၊ ယခုလည်း စိုက်ပျိုး၍ရသည်ကိုသာ ပြသခြင်းဖြစ်နိုင်ကြောင်း၊ တဧက စပါးမည်မျှ ထွက်ရှိသည်ကို ပြသခြင်းမဟုတ်ကြောင်း” နည်းလမ်းတကျ ရှင်းပြသွားခဲ့သည်။ ထိုသတင်းသည် ပြည်တွင်း မီဒီယာပေါ်ရောက်ရှိပြီး မကြာမီ အဆိုပါ သုတေသနပညာရှင် ဒေါက်တာထွန်းဝင်းသည် အခြားဌာနတခုသို့ ပြောင်းရွှေ့အပြစ်ပေးခံရသည်ဟု သိရသည်။

ဆယ်စုနှစ် (၂) ခုကျော်အတွင်း ကျနော်ဖြတ်သန်းခဲ့ရသည့် အထက်ပါ ဖြစ်စဉ်တို့အား ထောက်ချင့်၍ နိုင်ငံတော်၏ သုတေသနလုပ်ကွက်များ၊ စီမံကိန်းလုပ်ငန်းများသည် ပြည်သူများ၏ နေ့စဉ်ဘ၀တိုးတက်မှု၊ လက်တွေ့ပကတိ အခြေအနေ၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား၊ ပြည်သူတွေ အမှန်တကယ် အကျိုးရှိသည့် စီးပွားရေး စီမံကိန်းများ ဟုတ်မဟုတ်ဆိုသည်ကို ပြန်လည်သုံးသပ်ကြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပေသည်။

သူခိုးကလူလူဟစ်နေတာ ဘာကြောင့်လဲ

ဦးအောင်ခင် / ၀၉ ဇွန် ၂၀၀၉


တိုင်းသူပြည်သားကို သေနတ်နဲ့ပစ်ရုံတင်မကဘဲ ကြံ့ဖွံ့နဲ့စွမ်းအားရှင် လို လူမိုက်အဖွဲ့တွေမွေးပြီး အကြမ်းဖက်နေတဲ့ ဗမာစစ်အစိုးရက တရားဥပဒေစကားပြောတာဟာ “သူခိုးကလူလူဟစ်” နေတာနဲ့ အတူတူပဲ။ အသက် (၇၀) ကျော် နေတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေး အငြိမ်းစားမယူတာ စစ်စည်းကမ်းကို လေးစားတာလား။ စစ်မှုထမ်းဥပဒေ စည်းကမ်းချိုးဖောက်သူက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ တည်ဆောက်မယ်လို့ ဆိုတာဟာ “ခွေးပါးစပ်က နတ်စကား” ထွက်တာပဲ။ ခွေးကိုတော့ အားနာပါရဲ့။

နိုင်ငံတော်ဘေးအန္တရာယ်ကာကွယ်ရေး ဥပဒေပုဒ်မ (၁၀) (က)နဲ့ (ခ) အရ ဒေါ်စုကို အကျယ်ချုပ် ချပိုင်ခွင့်ရှိကြောင်း ရဲမှူးချုပ် မြင့်သိန်းက မေလ (၂၆) ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ အကျယ်ချုပ် (၅) နှစ်ပြည့်ခါနီးမှာ ဥပဒေချိုးဖောက် ၀င်ရောက်တဲ့ အမေရိကန်နိုင်ငံသားကို (၂) ရက်နေထိုင်ခွင့်ပြုလို့ ဒေါ်စုကို တရားစွဲရတာဆိုပဲ။ ဒေါ်စုအမှုကို စစ်ဆေး ကြားနာရာမှာ နိုင်ငံခြားသံတမန်-နိုင်ငံခြားနဲ့ ပြည်တွင်းသတင်းသမား (၉၁) ဦးကို ကြည့်ရှုခွင့် ပေးတာကိုကြည့်ရင် ပိုင်ပြီလို့ တွက်ထားပုံရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချတိုင်း လွှတ်ပေးဖို့ တကမ္ဘာလုံးက ပြောတယ်။ ဒေါ်စုရဲ့ နိုင်ငံရေး သက်တမ်းမှာ အကျယ်ချုပ်ကျနေတဲ့အချိန်က အများစုပါ။ နေအိမ်မှာ ကြိုက်သလောက်ချုပ်ထားရင် အမှုစစ်စရာ မလိုတော့ဘူးလို့ ယူဆပြီး ချုပ်ထားတာပဲ။ ဒေါ်စုကိုလွှတ်လိုက်ရင် လူထုအုံကြွမှုကြီးဖြစ်လာမှာကို ကြပ်ပြေးစစ်ဗိုလ်တွေ သေမလောက် အောင် ကြောက်ကြတယ်။

အခုတော့ စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေလည်းပြီးပြီ။ ရှေ့နှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး သူခိုးကို အစိုးရဖြစ် အောင် လုပ်တော့မယ်။ အာဆီယံလူ့အခွင့်အရေးဆွေးနွေးပွဲကိုလည်း ကြပ်ပြေးတွင် ဇွန်လဆန်းပိုင်းမှာ ကျင်းပထား တယ်ဆိုတော့ ဒေါ်စုကို တရားဥပဒေအရ ထိန်းသိမ်းကြောင်း ပြဖို့လိုလာပြီလို့ စစ်အုပ်စုဘက်က ယူဆတာလည်းဖြစ် နိုင်တယ်။ ဘယ်လိုဖြစ်ဖြစ် ဒေါ်စုကိစ္စမှာ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းက ဒေါသထွက်တာအမှန်ပဲ။

ဒါပေမယ့် ကြပ်ပြေးစစ်ဗိုလ်တွေဟာ ဘယ်သူ့ကိုမှ အရေးစိုက်ပုံမရဘူး။ တရုတ်နဲ့ အာဆီယံအရိပ်အာဝါသကို ခိုလှုံလိုက်ကတည်းက ကြပ်ပြေးစစ်ဗိုလ်တွေဟာ ရှေ့မျက်နှာနောက်ထားပြီး သူတို့ကိုယ်သူတို့ ခုခံပြောဆိုလာကြတယ်။ အနှစ် (၂၀) လုံးလုံး ဝေဖန်ရှုတ်ချ အရေးယူခံနေရတဲ့ကြားက အသိအမှတ်ပြုခံလာရတာကို သဘောပေါက်လို့ ကြပ်ပြေးဗိုလ်ချုပ်တွေဟာ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းမှာ ဇက်ရဲလက်ရဲ ဖြစ်လာတာပဲ။

ဒေါ်စုကို လွှတ်ပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုထားတာကို သတိရဖို့နဲ့ အာဆီယံအဖွဲ့ဝင်အနေနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့ ဗမာစစ်အစိုးရမှာ တာဝန်ရှိကြောင်း အာဆီယံဥက္ကဋ္ဌက မေလ (၁၉) ရက်နေ့ ကြေညာချက်ထုတ်တယ်။ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့ပြဿနာကို မြန်မာပြည်သားတွေက ဖြေရှင်းဖို့ တရုတ်အစိုးရကလည်း ပြောတယ်။ ဒါပေမယ့် ပန်ကြားမှု၊ တိုက်တွန်းမှု၊ တောင်းဆိုမှု စတာတွေကို ကြပ်ပြေးဗိုလ်ချုပ်က လက်ခံတာမဟုတ်ဘူး။ လက်မခံလည်း ဘယ်သူကမှ ထိထိရောက်ရောက် အရေးယူနိုင်တာမဟုတ်တော့ အချိန်တန်ရင် ကြပ်ပြေးဗိုလ်ချုပ်ဟာ အစည်းအဝေး တက်မှာပါပဲ။

ဗမာစစ်သူခိုးကို အရောဝင်လိုက်တဲ့အတွက် လူပုံအလယ်မှာ မဟားတရားပြောနေတာပဲ။ “ခွေးကလေးအရောဝင် ပါးလျက်နားလျက်” ဆိုတဲ့ ဗမာစကားပုံလိုဖြစ်နေတယ်။ အရင်တုန်းက အာရှဥရောပ ASEM အစည်းအဝေးမှာ ဗမာစစ်အစိုးရကို တက်ခွင့်မပေးဘူး။ ဗမာစစ်အစိုးရကို နိုင်ငံရေးသူခိုး၊ နိုင်ငံရေးခါးပိုက်နှိုက်၊ နိုင်ငံရေးဓားပြလို့ သတ်မှတ်ထားတယ်။ အခုတော့ အာရှဥရောပအစည်းအဝေးဟာ ဗမာစစ်အစိုးရအဖို့ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ မေလ (၂၅) နဲ့ (၂၆) ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ အာရှဥရောပ ASEM နိုင်ငံခြားရေးဝန်ကြီးများရဲ့ (၉) ကြိမ်မြောက်အစည်းအဝေးကို ဗမာတက်တယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ မေလ (၂၇) ရက်နဲ့ (၂၈) ရက်က ကျင်းပတဲ့ အာဆီယံ-အီးယူ ၀န်ကြီးအဆင့် ဆွေးနွေးပွဲမှာ ဒု-နိုင်ငံခြားရေးဝန်ကြီး မောင်မြင့်က ဒေါ်စုလွှတ်ရေးမလွှတ်ရေးကိစ္စဟာ စစ်အစိုးရနဲ့မဆိုင်ဘဲ တရားရုံးနဲ့သာဆိုင်ကြောင်း၊ မြန်မာပြည်က တရားရုံးတွေဟာ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိကြောင်း ပြောတယ်။ မဟုတ်မှန်း၊ ဗြောင်လိမ်နေမှန်းသိရက်နဲ့ နားထောင်ကြရတယ်။

မေလကုန် စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေးညီလာခံကို ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့် တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးအပြစ်ပေးဖို့ ကြိုးပမ်းနေတဲ့ စစ်အစိုးရအပြုအမူကို ကာကွယ်ပြောဆိုတယ်။ အံ့သြစရာက လန်ဒန်မှာအခြေစိုက်ပြီး အမေရိကန်နဲ့စင်ကာပူမှာ ရုံးခွဲတွေဖွင့်ထားတဲ့ IISS-International Institute of Strategic Studies ခေါ် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာနကပါ ဗမာစစ်အစိုးရကို အသိအမှတ်ပြုလာ တာပါပဲ။

မဟာဗျူဟာလေ့လာရေးဌာနဟာ ဂုဏ်သိက္ခာရှိတဲ့ တသီးပုဂ္ဂလအဖွဲ့အစည်းဖြစ်ပြီး သက်တမ်း အနှစ် (၅၀) ရှိနေပါပြီ။ မေလကုန်က စင်ကာပူမှာ ကျင်းပတဲ့ လုံခြုံရေးထိပ်သီးဆွေးနွေးပွဲကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Dr. Robert Gates က မေလ (၃၀) ရက်နေ့မှာ မိန့်ခွန်းပြောပြီး ဒုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က (၃၁) ရက်နေ့မှာ မိန့်ခွန်းပြောတယ်။ Dr. Robert Gates က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ စစ်အစိုးရနဲ့ အတိုက်အခံ ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောတယ်။

မေလ (၃၁) ရက်မှာ ပုန်ကန်မှုအောင်နိုင်ရေး အစည်းအဝေးကျင်းပပြီး သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်နဲ့ မြန်မာ ၀န်ကြီးတွေက သူတို့နိုင်ငံက ပုန်ကန်မှုအခြေအနေနဲ့ အစိုးရအောင်ပွဲခံပုံကို ရှင်းပြကြတယ်။ အဲဒီမှာ ဗိုလ်ချုပ်အေးမြင့်က မြန်မာပြည်က လက်နက်ကိုင်လှုပ်ရှားမှုအကြောင်း ပြောရင်း ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေအတိုင်း ရုံးတင်စစ်ဆေးတာ မှန်ကန်ကြောင်း ပြောတယ်။

စဉ်းစားစရာဖြစ်ရတာက ပုန်ကန်မှုကို အောင်နိုင်ကြောင်း တင်ပြတဲ့ညီလာခံ Session on Winning Counter-Insurgency Campaings မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူရတဲ့အကြောင်းကို ပြောတာပါပဲ။ သူပြောပြီးလို့ အမေးအဖြေလုပ်ခန်းရောက်တော့လည်း မေးမြန်းသူမရှိပါဘူး။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ ကမ္ဘာ့ဥပဒေသဘောတရားကို ကျင့်သုံးပြီး ဒေါ်စုကို တရားစွဲရတာဖြစ်တယ်လို့လည်း ပြောလိုက်သေးတယ်။ စစ်သူခိုးက လူလူဟစ်တယ်ဆိုတာ ဒါမျိုးပဲ။ ကြပ်ပြေးဗိုလ်ချုပ်အားလုံး ဥပဒေအထက်မှာနေချင်လို့ ကြပ်ပြေးမှာ ရုံးစိုက်နေတာမဟုတ်ပါလား။

တောင်ကိုရီးယားနိုင်ငံမှာ ဇွန်လဆန်းက ကျင်းပတဲ့ အာဆီယံ၊ တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ၀န်ကြီးချုပ် သိန်းစိန်တက်တယ်။ ဒါကိုအခွင့်ကောင်းယူပြီး ဒီမိုကရေစီမြှင့်တင်ရေးကို မနှေးအမြန်လုပ်ဖို့ သိန်းစိန်ကို တောင်ကိုရီးယားသမ္မတက တိုက်တွန်းလိုက်တယ်။ ဒါမျိုးကတော့ ဗမာစစ်ခွေးအဖို့ ရိုးနေပြီ။ ပြောချင်သလောက် ပြောပါစေ ငတေမာရင် ပြီးတာပဲလေ။

(၁၃) ကြိမ်မြောက် အာဆီယံ လူ့အခွင့်အရေးအစည်းအဝေးကို ကြပ်ပြေးနေပြည်တော်မှာ ဇွန်လ (၃) ရက်က (၆) ရက် အထိ ကျင်းပလိုက်သေးတယ်။ ဗမာစစ်အစိုးရရဲ့ သဘောထားကို ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပင်ညဲရိုးက အသိဆုံးပါ။ ၁၉၉၀ ကစပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေ မြန်မာပြည်ကို (၃၇) ကြိမ်သွားရောက်ပြီး လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးပမ်းခဲ့ပေမယ့် အရာမရောက်ဘူးလို့ ပင်ညဲရိုးက မေလ (၂၈) ရက်နေ့ထုတ် နယူးရောက်တိုင်းစ် သတင်းစာမှာ ဆောင်းပါးရေးထားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက မကျေမနပ်ဖြစ်ပြီး ၀ိုင်းဝန်းဟစ်အော်နေကြ ပေမယ့် တိုင်းရင်းသားလူမျိုးစုတွေကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်ခံနေရတာကိုတော့ အခုလို ကန့်ကွက်ဝေဖန်တာမျိုး မရှိသေးတာကို ပင်ညဲရိုး စိတ်မကောင်းဖြစ်နေပုံရတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လူ့အခွင့်ရေးကောင်စီမှာ မြန်မာ့ရေးရာဆုံးဖြတ်ချက်ပေါင်း (၃၅) ခု ချမှတ်နိုင်ပေမယ့် အာဏာအရှိဆုံး လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် တခုမှ မချနိုင်သေးတာကိုလည်း ပင်ညဲရိုး စိတ်မကောင်းဖြစ်နေပုံရတယ်။ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေ တောင်လိုပုံ နေပေမယ့် လက်တွေ့အရေးယူမယ့်သူ မရှိသရွေ့ ဗမာစစ်သူခိုးက အမြဲတမ်းလူလူဟစ်နေမှာပဲ။