Showing posts with label နိုင်ငံရေးသမား. Show all posts
Showing posts with label နိုင်ငံရေးသမား. Show all posts

Monday, March 15, 2010

ရန်သူမရှိ

မောင်ဝံသ

(၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Popular News ဂျာနယ်က ဆရာ မောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိဆိုတဲ့ ဆရာ ဒဂုန်တာရာရဲ့ အယူအဆကို ချဲ့ပြီးတွေး ထားတာကို မျှဝေပေးလိုက်ပါတယ်။ )

'ရန်သူမရှိ မိတ်ဆွေသာရှိ'၊ 'နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တာ' ဤစကား များကို ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ စဉ်ဆက်မပြတ် ပြောနေခဲ့တာ ကြာပါပြီ။

ဆရာ ဒဂုန်တာရာ ဆိုတာ သက်ရှိ စာပေပညာရှင်များ ထဲမှာ ကျွန်တော်တို့ အလေးအမြတ် အပြုရဆုံး ဆရာ တစ်ဆူပါ။ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်နု၊ သခင်သန်းထွန်း၊ ဦးဗဆွေတို့နဲ့ ရင်းနှီးခင်မင် ခဲ့သူ။ မြန်မာ့ နိုင်ငံရေး တစ်ခေတ်ကို ဦးဆောင်ခဲ့တဲ့ ထိုပုဂ္ဂိုလ်များကို ရုပ်ပုံလွှာ အရေးအသားနဲ့ စာပန်းချီ ခြယ်ခဲ့သူ။ အလွန် အစဉ်အလာ ကြီးမားတဲ့ ဆရာ ဒဂုန်တာရာပါ။

'ရန်သူမရှိ' အယူအဆကို ဆရာ ဒဂုန်တာရာ မနားမနေ ပြောနေခဲ့တာ ဆယ်စုနှစ် တစ်ခုလောက် ရှိပြီ ထင်ပါတယ်။ ဆရာ့ကို ကြည်ညိုတဲ့ လူငယ်တချို့ ဆီက စောဒက တက်သံတွေလည်း ထွက်ပေါ်ခဲ့တယ်။ ရှမ်းပြည်နယ်၊ အောင်ပန်းမှာ နေထိုင် နေတဲ့ ဆရာ ဒဂုန်တာရာ၊ နှစ်စဉ် ဒီဇင်ဘာလလောက်မှာ ဆောင်းရှောင်ရင်း ရန်ကုန်မှာ သုံးလလောက် လာနေတဲ့ အချိန် တွေမှာ စာရေးဆရာ၊ ကဗျာဆရာ လူငယ်တွေ ဆရာ့ဆီ သွားရောက် တွေ့ဆုံကြတယ်။ တွေ့ကြတိုင်းမှာလည်း 'ရန်သူမရှိ' အယူအဆကို တစ်နည်းနည်းနဲ့ ဆွေးနွေး ဖြစ်ကြတာချည်း ပါပဲ။

ယမန်နှစ် (၂၀၀၉၊ မေ ၁၀ရက်) ဆရာ ဒဂုန်တာရာ အသက် ၉၀ ပြည့် ဂုဏ်ပြုတဲ့ အနေနဲ့ လျှပ်တစ်ပြက် ဂျာနယ်က ဒဂုန်တာရာ မွေးနေ့ အထူး စာမျက်နှာ စီစဉ်ခဲ့တယ်။ ကျွန်တော်တို့ဆီလည်း အမှတ်တရ ရေးပေးပါလို့ တောင်းခံလို့် ကျွန်တော်က ကဗျာစာညွန့် တစ်ပုဒ် ရေးပေး လိုက်တယ်။ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ရန်သူ မိတ်ဆွေ မသဲကွဲ

ရန်သူမရှိ မိတ်ဆွေသာရှိ

မုန်းသူမရှိ ချစ်သူသာရှိ

ဆရာတာ၏ စကား၊ ဆရာတာ၏ တရား

တော်တော်နှင့် ကျွန်တော် နားမဝင်ခဲ့၊ မကြားချင်ခဲ့။

ရန်သူကို မိတ်ဆွေဖြစ်အောင်လည်း

ကျွန်တော် မလုပ်နိုင်ခဲ့။

သည်လိုနှင့် ကျွန်တော် မောပြီး

ထိုင်ကြည့်နေတယ်။

နာကျင်ခဲ့ရသူများ၊ ခံစားခဲ့ရသူများ နေရာက

ကျွန်တော်ဝင်ကြည့် တွေးကြည့်တယ်။

မိတ်ဆွေနဲ့ ရန်သူ၊ ချစ်သူနဲ့ မုန်းသူ

ဘယ်လို တူတူထားနိုင်ပါ့။

မိမိက ကျားဆိုရင် နွားကို ချမ်းသာခွင့်ပေးမယ်။

အဲသလိုဆို ရန်သူဟာ မိတ်ဆွေ ဖြစ်လာပြီပေါ့။

ရန်သူက ကျား မိမိက နွား ဖြစ်ချိန်

အဲသည်အခါ 'ရန်သူမရှိ မိတ်ဆွေသာရှိ'

ဆရာတာ၏ ဂါထာ နာနာရွတ်

ပြေးနိုင်ရင်တော့ လွတ်မည်ပ။

သည်အချိန်မှာ ကျွန်တော်တို့ဆရာတာ

အသက်ကိုးဆယ်

တောင်စွယ်မှာ နေမကွယ်သေးချိန်

ဆည်းဆာရောင်နီများ တောက်ပနေဆဲ

ရန်သူ မိတ်ဆွေ မသဲကွဲ

(ဆရာတာတောင့်တသော)

ငြိမ်းချမ်းရေး ဘယ်မှာလဲ။

ချစ်ခင်လေးစားရပါသော ဆရာဒဂုန်တာရာ

အသက်ရာကျော် နေနိုင်ပါစေ။

လျှပ်တစ်ပြက်ဂျာနယ်မှာ အဲသည်စာတိုလေး ပါလာပြီးနောက် ကျွန်တော့်ကို မိတ်ဆွေ တစ်ချို့က မေးမြန်းကြတယ်။ ကျွန်တော် ရေးထားတာ ပဟေဠိ မပါပါဘူး။ ရှင်းမယ် ထင်ပါတယ်လို့ပဲ ပြန်ဖြေလိုက်တယ်။ ဆရာ ကျော်ဇောနိုင် ကတော့ အင်္ဂလိပ်လို ဘာသာပြန်ပြီး သူ့မိတ်ဆွေများထံ အီးမေးလ်တွေနဲ့ ဖြန့်ချိခဲ့တယ်လို့ ဆိုပါတယ်။

အခု တစ်နှစ်နီးပါး ကြာလာတဲ့အခါ 'ရန်သူမရှိ' အယူအဆကို ထပ်ပြီး စဉ်းစားစရာ အကြောင်းတစ်ခု ပေါ်လာပြန်တယ်။ နိုင်ငံရေးမှာ ပြိုင်ဘက်ကို (သို့မဟုတ်) မိမိနဲ့ ဆန့်ကျင်သူကို ရန်သူလို့ သဘောထားသလား ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးချင်ပါတယ်။ စစ်သဘောမှာ မိမိနဲ့ ရင်ဆိုင်နေသူဟာ ရန်သူပဲ။ ရန်သူ ဆိုတာနဲ့ ကိုယ် က သူ့ကို သတ်နိုင်ရင်သတ်၊ မသတ်နိုင်ရင် ကိုယ့်ကို သူက သတ်သွားမှာပဲလို့ စွဲမြဲခံယူ ထားရတယ်။ နိုင်ငံရေးမှာ စစ်သဘောနဲ့ ရှုမြင်ရင် ယှဉ်ပြိုင် သူတွေဟာ တစ်ဦးနဲ့တစ်ဦး ပြိုင်ဘက်တွေလို့ သဘောမထားဘဲ ရန်သူလို့ သဘောထားလိုက်တာနဲ့ တစ်ဦး ပျက်စီးရာ ပျက်စီးကြောင်းကို တစ်ဦးက လုပ်တော့မှာပဲ မဟုတ်လား။

တကယ်ကတော့ နိုင်ငံရေးမှာ ထာဝရရန်သူ၊ ထာဝရ မိတ်ဆွေရယ်လို့ မရှိဘူး၊ အချိန်အခါ၊ အခြေအနေကို လိုက်၍ ပြောင်းလဲရစမြဲလို့ အများက လက်ခံထားကြတာပဲ မဟုတ်လား။ အဲဒီ သဘောကို နှလုံးသွင်း ထားရင်ဖြင့် ထာဝရ ဆိုတာလည်း မရှိတော့ပါဘူး။

အပြေးပြိုင်ပွဲ တစ်ခုကို မြင်ကြည့်တယ်။ ယှဉ်ပြိုင်သူတွေဟာ ပြိုင်ဘက်များ အဖြစ် အပြေးပြိုင်ရင် ကိုယ့်လမ်း ကြောင်းနဲ့ကိုယ် ပြေးကြတာပဲ။ မိမိနဲ့ ယှဉ်ပြိုင်သူကို ရန်သူလို့ သဘောထား လိုက်ရင် ရန်သူ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည် လုပ်ဆောင် တော့မယ်။ လူချင်း တွန်းတိုက်မယ်၊ ခြေထိုးခံမယ်။ ရန်သူလို့ သဘော မထားဘူး ဆိုရင်တော့ အားကစား စိတ်ဓာတ် အပြည့်နဲ့ သန့်ရှင်းစွာ ယှဉ်ပြိုင်ကြမှာပဲပေါ့။

ဆရာ ဒဂုန်တာရာ ပြောချင်တဲ့ 'ရန်သူမရှိ' ဆိုတာ အဲသလို သဘောထား ထားရှိဖို့ ခံယူချက် အပိုင်းကို ပြောတာ ပဲလို့ ၄ ဇန်နဝါရီ ၂၀၁၀ မှာ ပန်းဆိုးတန်း နန်းယု ဟိုတယ်မှာ ပြုလုပ်တဲ့ ဆရာ ဒဂုန်တာရာ၊ ဆရာ ပါရဂူနဲ့ ကျွန်တော်တို့ တစ်တွေ ညစာစားပွဲမှာ ဆရာ ဒဂုန်တာရာက ထပ်မံ ရှင်းလင်းသွားပါတယ်။ 'ငြိမ်းချမ်းရေး လိုချင်ရင် ရန်သူမရှိဆိုတဲ့ သဘောထားကို ခံယူ ထားရမယ်' လို့ ဆရာတာက ပြောသွားပါတယ်။

'ကိုယ်က ရန်သူမရှိလို့ သဘောထားပေမယ့် တစ်ဖက်က ကိုယ့်ကို ရန်သူလို့ သဘောထားပြီး အပြတ်ရှင်းမယ် ဆိုရင်ကော ဆရာ' လို့ ကျွန်တော်က မေးတော့ ဆရာက မိမိဘက်က ထားရှိရမယ့် သဘောထားကို ပြောတာ လို့ပဲ ဆိုပါတယ်။

ကျွန်တော်ကတော့ တစ်ထိုင်တည်း သဘော ပေါက်ခဲ့ပါတယ်။ ချိတ်ချိတ်ချင်းသာ ချိတ်နိုင်တယ်၊ တစ်ဖက်က ချိတ်နဲ့ချိတ်ဖို့ ကြိုးစားပေမယ့် ကိုယ်က ချိတ်မဟုတ်ဘဲ ဖြောင့်နေရင် ချိတ်လို့ မရတော့ဘူးလို့ ဆရာက ယုံကြည် နေဆဲပါ။

ဆရာ ဒဂုန်တာရာ အစဉ်တစိုက် ပြောနေတဲ့ "နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေ ဖြစ်အောင် လုပ်တာ" ဆိုတာကိုတော့ ကျွန်တော်က (မိမိ မလုပ်နိုင် သော်ငြားလည်း) လုပ်နိုင်သူတွေ လုပ်ကြပါစေလို့ ထောက်ခံ အားပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သည်စကားဟာ ဘုရားဟောနဲ့လည်း ညီညွတ်ပါတယ်။ 'အတွေး အမြင် ဒဿန ခေါင်းကြီးများ-၂" စာအုပ်က ခေါင်းကြီး တစ်ပုဒ်မှာ ဘုရားရှင်ရဲ့ အဆုံးအမကို ကိုးကားပြီး ပြဿနာ ဖြေရှင်းနည်းကို ရေးပြထားတာ မှတ်သားစရာပါ။ ခေါင်းစဉ်က 'ပြဿနာကို ရင်ဆိုင် သည်းခံစိတ်ဖြင့် ဖြေရှင်း' တဲ့။

'သည်းခံခြင်းသည် လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံးတွင် အလေးအမြတ် ပြုအပ်သော ကိုယ်ကျင့်တရား တစ်ခု ဖြစ်သည်။ ကိုယ်ကျင့်တရား ဟူသည် ကျင့်ကြံရသော တရားဖြစ်၍ သည်းခံခြင်းသည် ပါရမီ နည်းပါးသူများ အဖို့ ကျင့်ကြံ အားထုတ်ခြင်း ဖြင့်သာလျှင် မွေးမြူရသော စိတ်ပိုင်းဆိုင်ရာ ခံယူချက် ဖြစ်သည်။

သည်းခံခြင်းနှင့် ဆန့်ကျင်ဘက် ရန်လိုခြင်း ရန်ပြုခြင်းတို့သည် ဖျက်ဆီးလိုစိတ်၏ စေ့ဆော်ချက်ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဖျက်ဆီးလိုစိတ်၏ ဆန့်ကျင်ဘက်မှာ ငြိမ်းချမ်းရေးစိတ် ဖြစ်သည်။ သည်းခံစိတ်၏ အကျိုးရလဒ်သည် ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေသည်။ လောကတစ်ခွင် ငြိမ်းချမ်း သာယာရေး အတွက် သည်းခံခြင်း တရားသည် အလိုအပ်ဆုံး ဖြစ်သည်။ သို့ရာတွင် ပြဿနာနှင့် ရင်မဆိုင်ဘဲ ရှောင်ထွက်သွားပြီး သည်းခံခြင်းမျိုးထက် မြတ်ဗုဒ္ဓ လက်တွေ့ပြသ သွားသော ပြဿနာနှင့် ရင်ဆိုင်ပြီး ငြိမ်းချမ်းရေး ရအောင် လုပ်ဆောင်ခြင်းက သာလွန်၍ မွန်မြတ်ကြောင်း အလေးအနက် နှလုံးသွင်းအပ်သည်။ (အတွေးအမြင်-၁၅၄၊ ဧပြီ၊ ၂၀၀၂)'

ဆရာ ဒဂုန်တာရာရဲ့ 'နိုင်ငံရေးလုပ်တယ်ဆိုတာ…' သဘောထားနှင့် ဆက်စပ်၍ တွေးစရာများကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

မောင်ဝံသ

Friday, February 19, 2010

“နိုင်ငံရေး ခေါင်းဆောင်(ရ)ပါး။ အရပ်ပြဇာတ်”

---မောင်စူးစမ်း-

ပြဇာတ်အညွှန်း

နိုင်ငံရေးခေါင်ေးဆာင်နှင့် စီးပွါးရေး(ဘိဇနက်) ခေါင်ေးဆာင်တို့ အကြား ခြားနားချက်တွေ ရှိသည်။ ခေါင်းဆောင်ချင်းတူသည့် တိုင်အောင် ဘ၀ခြင်း မတူသည့်အတွက် ဂုဏ်ပုဒ် ခြားနားကြ၏။ စီးပွါးရေးခေါင်းးဆောင်တို့ အတွက် စီမံခန့် ခွဲ ပညာရှင်တို့က အမျိုးမျိုးသီအိုရီတွေ ထုတ်ကြသည်။ အထူးသဖြင့် ရှိတ်စပီးယာညးပြဇာတ် As you like it ထဲမှ ခေါင်ေးဆာင် အရွယ်ဖွဲ့  စည်းပုံ (ရ)ပါး ကို ကိုးကား၍ ဘိဇနက်ခေါင်ေးဆာင်အရွယ်ကို ခုနှစ်ပိုင်း ပိုင်းဆစ်ကြည့်သည်.



ဤအရွယ် ခုနှစ်ပါးမှာ---

(၁) ကလေးအရွယ်

(၂) ကျောင်းသားအရွယ်

(၃) ချစ်သူအရွယ်

(၄) စစ်သားအရွယ်

(၅) ဗိုလ်ချုပ်အရွယ်

(၆)အမြှော်အမြင်ကြီးသော နိုင်ငံရေးခေါင်းဆောင်(စတိတ်မင်း) အရွယ်

(၇) ပညာရှိပဏ္ဍိတ အရွယ်တို့ ဟူ၍ဖြစ်သည်။

စီမံခန့် ခွဲမှု ပညာကျောင်းသားတို့ သည် ခေါင်းဆောင်မှုကိုအရေးကြီးသောအကြောင်းအရာတရပ်အနေဖြင့်သာ သင်ကြားပို့ ချ နေသည်။ ၄င်းတို့ ၏သင်ရိုးတွင် ရှိတ်စပီးယား ပြဇာတ်လာ ခေါင်ေးဆာင်အရွယ် ခုနှစ်ပါးကို ဘိဇနက်ခေါင်းဆောင် သဘော သဘာဝ အဖြစ်ရည်ညွှန်းသည်။

ဘိဇနက်နှင့် နိုင်ငံရေး

ဘိဇနက်ခေါင်းဆောင်တို့ သည် ဆိုခဲ့သည့်အတိုင်း အရွယ် ခုနှစ်ပါးကို ဖြတ်သန်းရသကဲ့သို့  နိုင်ငံရေးခေါင်ေးဆာင်တို့ သည် လည်း ဤအရွယ်ကို ဖြတ်သန်းရပါသလောဟု မေးစရာပေါ်သည်။ တနည်းပြောလျှင် ဘိဇနက်ခေါင်ေးဆာင်အရွယ်နှင့် နိုင်ငံရေး ခေါင်းဆောင်အရွယ်တို့ သည် ဆီလျှော်ဆက်စပ်မှု ရှိ၊မရှိမေးစရာ ဖြစ်သည်။ အခြားစီလား၊ သို့ တည်းမဟုတ် ဘိဇနက် လော ကအတွက် ခေါင်ေးဆာင်အရွယ်သည် နိုင်ငံရေးလောကအတွက် ဘယ်လောက်အသုံးဝင်သလဲဟု မေးမြန်းရန် ဖြစ်သည်။

စင်စစ်ပြောရလျှင် မြန်မာ တို့ သည် ရှုပ်ထွေး ခက်ထန်သော နိုင်ငံရေးဖြစ်စဉ် အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြရပြီဖြစ်သည်။ထို့  ကြောင့် နိုင်ငံရေးခေါင်းဆောင်အရွယ်ကို ပြဇာတ်တပုဒ်ဖြင့် ရည်ညွှန်းရန်မလိုဟု တွေးမိသည်။ မြန်မာ့ရိုးရာလည်းဖြစ်၊ဇီဝဗေဒ အမြင်လည်းဖြစ်သော အရွယ်သုံးပါးအမြင်ကို နိုင်ငံရေးခေါင်းဆောင်အရွယ်အဖြစ် ပိုင်းခြားကြည့်လို့ လည်း မလုံလောက်ဟု ထင်မိသည်။

အရွယ်ခုနှစ်ပါးနှင့် အရပ်ဇာတ်

စာရေးသူ အမြင်အရပြောရလျှင် မြန်မာ နိုင်ငံအဖို့ ခေါင်ေးဆာင်အရွယ်သည် ခုနှစ်ပါး ရှိလိမ့်မည်ဟု တွက်ဆမိသည်။ ၄င်းတို့ မှာ

(၁) နိုင်ငံရေး အသံကြားသည့်အရွယ်၊ နိုင်ငံရေးစာပေတို့ တွင် စိတ်ဝင်စားသည့်အရွယ်

(၂) နိုင်ငံရေးကို စိတ်ဝင်စားသည့်အရွယ်

(၃) နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ချင်သည့်အရွယ်

(၄) နိုင်ငံရေးအဖွဲ့ အစည်း သို့ မဟုတ် ပါတီတရပ်ရပ်တွင် ပါတီဝင်ဖြစ်လာသောအရွယ်

(၅) နိုင်ငံရေး လှုပ်ရှားမှုတို့ တွင် တက်ကြွစွာ ပါဝင်သူ ဖြစ်လာသောအရွယ်

(၆) နိုင်ငံရေးခေါင်းဆောင် ဖြစ်လာသောအရွယ်နှင့်

(၇) နိုင်ငံရေးအကြောင်း ပြောပြသော ပဏ္ဍိတ အရွယ်တို့ ဆိုပြီး ဖြစ်ကြပါလိမ့်မည်။

အဓိက ဆိုလိုသည်မှာ မြန်မာ နိုင်ငံအတွက် နိုင်ငံရေးခေါင်းဆောင် အရွယ်ကို အသက်ဖြင့် မပိုင်းခြား၊ ပြဇာတ်ဖြင့်မရည်ညွှန်းပဲ မြန်မာ့ နိုင်ငံရေးရာ အတွေ့ အကြုံနှင့် နိုင်ငံရေး ဖြစ်စဉ်တို့ ဖြင့် တိုင်းတာလို့ ရနိုင်မည်ဟု ထင်ခြင်းဖြစ်ရာ တနည်းပြောရလျှင် မြန်မာ့ နိုင်ငံရေးခေါင်းဆောင် အရွယ်အကြောင်းသည် ကိုယ့်အရပ် ကိုယ့်ဇာတ်နှင့် Local Narrative အကြောင်းသာဖြစ်ပါ လိမ့်မည်။

ရှော့ခ် နှင့် အပြတ်အတောက်

နိုင်ငံရေးခေါင်ေးဆာင်အရွယ်အကြောင်းပြောလျှင် မြန်မာ့ နိုင်ငံရေး သမိုင်းဖြစ်စဉ်၏ သဘာဝ အကြောင်းကိုလည်း ပြောသင့် သည်ဟု ယူဆသည်။ မြန်မာ့နိုင်ငံရေးသမိုင်းသည် အစဉ်အဆက်ဆီးရီး မရှိ။ အပြတ်အတောက်ရှော့ခ်တို့ ဖြင့် ပြည့်နှက်နေ သည်။ Historical process with breaks and shocks ဟုဆိုရမည်။ ဤဖြစ်စဉ်ကိုရည်ညွှန်း၍ နိုင်ငံရေးခေါင်းဆောင်တို့ ၏ အ ရွယ်ကို ခန့် မှန်း ပိုင်းခြားအပ်သည်။

သမိုင်းဖြစ်စဉ် အပြတ်အတောက်တို့ ကို အခြေခံ၍ နိုင်ငံရေဒခေါင်းဆောင်းအရွယ်ကို ခန့် မှန်း ကြည့်သောအခါ အရွယ်သည် လည်း ကမောက်ကမ ဖြစ်နိုင်သည်၊ နိုင်ငံရေး ဇာတ်ခုံပေါ်၌ ဇာတ်ကောင်အဖြစ် ရေရှည်ကပြနိုင်ရန် ခဲယဉ်းသောကြောင့် ဖြစ် သည်။ မဟာ အိုင်ဒိုလိုဂျီတို့ ကျဆုံးခန်း ၊မဟာခေါင်းဆောင်ကြီးတို့ ၏ ကဏ္ဍ မှေးမှိန်သွားပုံတို့ ကို ထောက်ရှု ကြည့်လျှင်ခေါင်းေ ဆောင်၏အရွယ်ကောင်း အရွယ်ရွှေခေတ်သည် ရှားပါးကုန် ဖြစ်နေဖွယ်ရှိသည်။

သို့ မဟုတ် မသေချာ မရေရာမှု နှင့် ကြုံသလို ဖြစ်မှုတို့ က လွှမ်းမိုးဖွယ်ရှိသည်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ သည် သေချာရေရာမှု တပါးပါးဆီသို့  ရှေ့ ရှု သွားလိမ့်မည်ဟု မျှော်လင့်ရသည်။



အညွှန်း---Havard Business Reviev

မောင်စူးစမ်း

The Voice 6,1 ----

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ

နိုင်ငံရေးသမား ပုံရိပ်အချို့ မောင်ဝံသ

မောင်ဝံသ

(ဆရာမောင်ဝံသ ဇွန်လ (၁၁) ရက်နေ့ထုတ်၊ Popular News ဂျာနယ်မှာ ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တတ်သိအုပ်စုဝင်၊ ဗဟို ကော်မတီဝင် ဖြစ်ပြီး ၉၀ ပြည့်လွန်နှစ်များ အစပိုင်းမှာ ကိုယ်တိုင်အဖမ်းခံခဲ့ဖူးတဲ့ ဆရာ မောင်ဝံသရဲ့ နိုင်ငံရေးအပေါ် အမြင်ဖြစ်ပါတယ်။ ဒါ့အပြင်၂၀၁၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေက နိုင်ငံရေးကို ပြန်ပြီး စိတ်ဝင်စား လာတဲ့အပေါ် ဆရာရဲ့ ရှုမြင် သုံးသပ်ချက်လည်း ဖြစ်ပါတယ်။)

စံဖဲအကြောင်း မပါရင် ဒေါသနဲ့ အပြစ်တင်

တောပုန်းကြီး စံဖဲနဲ့ သတင်းစာတွေ အကြောင်း ဖတ်ခဲ့ဖူးတာ သွားသတိရမိတယ်။ နယ်ချဲ့ အင်္ဂလိပ်ခေတ်တုန်းက သာစည်နယ်မှာ ပုလိပ်က နှိပ်စပ်လွန်းလို့ ခြေလွန်လက်လွန် လူသတ်မှုဖြစ်ရာက ၀ရမ်းပြေးဖြစ်သွားတဲ့ စံဖဲဆိုတဲ့ ကျေးရွာသား တစ်ယောက် ရှိခဲ့တယ်။ ၀ရမ်းပြေး ဖြစ်သွားတော့ တောထဲမှာ ပုန်းနေတာပေါ့။ သည်တော့ တောပုန်းကြီး ဖြစ်သွားရော။ သည်အခါမှာ အင်္ဂလန်က တောပုန်းကြီး ရော်ဘင်ဟုဒ်လို ဖြစ်သွားအောင် သတင်းစာတွေက ရေးကြတော့ တောပုန်းကြီး စံဖဲဟာ လူထုကြားမှာ ဟီးရိုး ဖြစ်နေ သတဲ့ဗျာ။

လူတွေက စံဖဲ သတင်းပါမှ သတင်းစာ ၀ယ်ဖတ်ချင်ကြတာ ဆိုတော့ တချို့သတင်းစာ ဂျာနယ်တွေက လံကြုပ် လုပ်ကြံ ဇာတ်လမ်းတွေ ထွင်ပြီး ရေးခဲ့ကြသတဲ့။ ဘယ်နေ့ ဘယ်ရက်က တောပုန်းကြီးစံဖဲ မြို့ပေါ် တက်လာတာ သတင်းပေးသူက ပြောလို့ ပုလိပ်တွေက သွားဝိုင်းတော့ ဖမ်းလို့ မမိလိုက်ဘူး။ စံဖဲက ထိုးဖောက် တိုက်ခိုက်ပြီး ထွက်သွားတာ ပုလိပ်တွေ လက်မှိုင်ချပြီး ပြန်လာရတယ် ဆိုတဲ့ သတင်းမျိုးတွေ၊ စံဖဲက ပုလိပ်တွေ ခြေချင်းလိမ်နေတဲ့ကြားက သူ့ချစ်သူနဲ့ စွန့်စွန့်စားစား လာတွေ့သွားပုံ စတာတွေကို ရေးခဲ့ ကြတယ်။ ဗန္ဓုလဂျာနယ်ဆိုရင် စံဖဲသတင်း အများဆုံးပါလို့ စောင်ရေ အများကြီး တက်သွားသတဲ့။ အဲဒီခေတ်က သီချင်းတောင် ပေါ်ခဲ့သေးတယ်။ ``စံဖဲ အကြောင်းမပါရင် ဒေါသနဲ့ အပြစ်တင်´´ဆိုတဲ့ စာသားလေးကို ဖတ်ဖူးပါတယ်။ သတင်းစာ ဂျာနယ်တွေမှာ စံဖဲ အကြောင်းမပါရင် လူတွေက ဒေါသနဲ့ အပြစ်တင် ကြတယ်လို့ ဆိုတာပါ။

မိတ်ဆွေ လူချင်းခင်ရင် နိုင်ငံရေး စကားလာမပြောနဲ့

အခုလည်း နိုင်ငံရေး အကြောင်းမပါရင် ဒေါသနဲ့ အပြစ်တင်တဲ့ အနေအထား ရောက်နေပြီလား။ ရောက်နေပြီဆိုရင် သိပ်ကောင်းပေါ့ ဗျာ။ ကျွန်တော်တို့က နိုင်ငံရေးကို လူတွေ စိတ်မ၀င်စားမှာကိုသာ ပူတာ၊ နိုင်ငံရေးကို လူတွေများများ စိတ်ဝင်စားလာလေ တိုင်းပြည် တိုးတက်ဖို့ ပိုနီးစပ်လေပဲဗျ။ မီဒီယာတွေက လူတွေ နိုင်ငံရေး အကြောင်းအရာတွေကို များများ ထည့်ချင်လာကြတာလား၊ လူတွေ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဆွဲခေါ်တဲ့ အနေနဲ့ နိုင်ငံရေး ဆောင်းပါးတွေ များများ ထည့်ချင်နေ ကြတာလား၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံရေး ဖွင့်ဆိုချက်တွေ၊ နိုင်ငံရေး ရှေးဟောင်း နှောင်းဖြစ်တွေ၊ နိုင်ငံရေး သုံးသပ်ချက်တွေ၊ နိုင်ငံရေး ဟောကိန်းတွေ ထည့်သွင်း ဖော်ပြပေး နေကြတာကို ကျွန်တော်တို့က ``ဘရာဗို´´ ``ဘရာဗို´´ လို့ ဟစ်ကြွေး ကြိုဆိုလိုက် ပါတယ်ဗျာ။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လူတွေကြားထဲ လိုက်သွားနေတာ၊ လက်ဖက်ရည်ဆိုင်တွေ လို်က်ထိုင်နေတာ၊ လူတွေရဲ့ စိတ်ခံစားမှုတွေ၊ ဆန္ဒ သဘောထားတွေ၊ အမူအရာတွေကို ထိတွေ့နေတာကြာပြီ။ ``မိတ်ဆွေ လူချင်းခင်ရင် နိုင်ငံရေး စကား မပြောပါနဲ့´´ဆိုတဲ့ စကားသံမျိုးတွေကို ကြားနေခဲ့ရတာ ကြာပြီကောဗျာ။

ကျွန်တော်ကိုယ်တိုင် ကြုံဖူးတယ်

ကျွန်တော် ကိုယ်တိုင်ကိုပဲ နိုင်ငံရေးနဲ့ ပတ်သတ်ခဲ့သူ ဆိုပြီး ဂျာနယ် မဂ္ဂဇင်း တချို့က စာမူမတောင်းရဲ၊ မပတ်သက် ရဲခဲ့တဲ့ ကာလ တစ်ကန့် ရှိခဲ့ဖူးတယ်ဗျ။ (အဲသည်ကာလတုန်းက ကျွန်တော့်မှာ စာပေနယ်နဲ့လည်း မကင်းကွာနိုင်လေတော့ မိသားစု စားဝတ် နေရေး အတွက် ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းလေး တည်ထောင်ကာ လုပ်ကိုင် စားသောက်ခဲ့ရပါတယ်။ ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းတွေ အပြိုင်အဆိုင် သိပ်မများသေးတဲ့ ၁၉၉၂ ခုနှစ်လောက်ကပါ။ အဲဒီလို အချိန်မျိုးမှာတောင် သူများတွေလို လက်မလည်အောင် အလုပ်အပ်နှံမှုတွေ မရခဲ့ပါဘူး။ ကျွန်တော့အပေါ် ကောင်းစွာ နားလည်ပြီး အင်မတန် ခင်မင်ရင်းနှီးတဲ့ စာအုပ်လုပ်ငန်း တချို့နဲ့ ကျူရှင် တချို့ကတော့ နောင်ခါလာ နောင်ခါဈေးဆိုပြီး အလုပ်လာအပ်ကြလို့ ကျွန်တော့် မိသားစု အဆင် ပြေခဲ့ရပါတယ်။)

ကျွန်တော် ဆိုလိုတာက လူတွေဟာ ကိုယ်တိုင်အနေနဲ့ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်း နေခဲ့ကြရုံမက နိုင်ငံရေး အရိပ်အငွေ့ ရှိသူတွေနဲ့လည်း မပတ်သက်ချင်ကြတဲ့ အနေအထားမှာ နှစ်ကာလ ရှည်ကြာစွာ ရှိနေခဲ့ကြတာ အမှန်ပဲဆိုတာပါ။

အဲဒီအနေအထား ဖြစ်ပေါ်ခဲ့ခြင်းဟာ နိုင်ငံရေး ပတ်သက်မှုကြောင့် မိမိရဲ့ လူမှုဘ၀၊ စီးပွားရေး ဘ၀ကို ထိခိုက်နိုင်တယ်လို့ စိုးရိမ် ကြောင့်ကြခြင်း သာမက နိုင်ငံရေး လုပ်ဆောင်နေသူများ အပေါ် ယုံကြည် ကိုးစားမှု လျော့နည်း လာခြင်းကြောင့်လည်း ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

နိုင်ငံတကာမှာလည်း ထိုနည်းလည်းကောင်း

နိုင်ငံရေး လုပ်နေသူတွေ အပေါ် လူတွေက ယုံကြည်ကိုးစားမှု လျော့နည်းလာတယ် ဆိုတာကတော့ နိုင်ငံတကာ တူညီချက်လို ဖြစ်နေတယ်ဗျ။ ကျွန်တော် လက်လှမ်းမီသမျှ ဖတ်ရှုမိတဲ့ အထဲမှာ နိုင်ငံတကာမှာလည်း နိုင်ငံရေး သမားတွေအပေါ် ပြည်သူ အများစုက အမြင်စောင်း နေကြတာကို တွေ့ရတယ်ဗျာ။ မကြာသေးခင်က ကျွန်တော် ဖတ်မိတဲ့ စာတွေထဲမှာ အိန္ဒိယ၊ ပါကစ္စတန်၊ အမေရိကန်၊ ဗြိတိန် အကြောင်းတွေပါတယ်။ အဲဒီ နိုင်ငံတွေမှာ နိုင်ငံရေး သမားတွေကို `ငို့ဘ´ (ငါ့ဘို့ချည်းပဲ ကြည့်တဲ့လူ) တွေလို့ အများက သဘောထားတဲ့ အကြောင်း ဖတ်ရတယ်ဗျ။ အဲဒီအထဲ ဗြိတိန်ကတော့ `ဖိုးသင်းမျောက်´ ဖြစ်သွားတာပဲဗျာ။ ဖိုးသင်းရဲ့ မျောက်ကလေး လိမ္မာလှ လိမ္မာလှ၊ လူကြားထဲကျမှ ကျွမ်းထိုးမပြဘဲ ဖင်လှန်ပြတယ် ဆိုသလို ဖြစ်ခဲ့တာကိုးဗျ။ အင်္ဂလန်ဆိုတာ ပါလီမန် မိခင်နိုင်ငံကြီး အဖြစ် ဂုဏ်တင်ခဲ့တာ မဟုတ်လား။ ၀က်စမင်စတာ ပုံစံဆိုပြီး နိုင်ငံရေး သိပ္ပံမှာတောင် အင်္ဂလန် ပါလီမန် စနစ်အကြောင်း တကူးတက သင်ကြရတယ်။ နေမ၀င် ဗြိတိသျှ အင်ပါယာကြီးကို လည်ပတ် မောင်းနှင်လောက်အောင် အားကောင်း၊ စနစ်ကျခဲ့တဲ့ အင်္ဂလန် ပါလီမန်ကြီးမှာ အခုတော့ အမတ်မင်းများ ခွေးစာ ကြောင်စာ ၀ယ်တာကအစ နိုင်ငံ့ ဘဏ္ဍာ ထဲက အသုံးစရိတ် တွေထုတ်ယူ နေလို့ဆိုပြီး ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာက ဖွင့်ချလိုက်တော့မှ ပွက်လောရိုက် ကုန်တော့တာကိုး။ လွှတ်တော် ဥက္ကဋ္ဌကြီးတောင် နှုတ်ထွက် သွားရတဲ့အထိ ဂယက်ရိုက်ခဲ့တာလား။

အမေရိကန်မှာ ကျတော့ ပြီးခဲ့တဲ့ အပတ်ထုတ် ပေါ်ပြူလာ နယူးစ်မှာ ကျွန်တော် ကိုးကားခဲ့တဲ့ ``အမေရိကန်တွေ နိုင်ငံရေးကို ဘာကြောင့် မုန်း´´ ('Why Americans Hate Politics', by E.J Dionne) စာအုပ်ပါ သုံးသပ်ချက် အတိုင်းပဲ ပြည်သူတွေနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်တွေကို မယုံကြည်ရာက နိုင်ငံရေးကို ပြည်သူတွေ ကင်းကွာလာကြတာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံရေး သမားတွေကို ဝေဖန်တာကျတော့ ``နိုင်ငံရေး လုပ်စားနေကြတာ´´တဲ့ဗျာ။ နိုင်ငံရေးကို ရင်းနှီးမြှုပ်နှံမှု တစ်ခုလို လုပ်နေသူတွေ များသတဲ့။ အဲသလို လူတွေဟာ အလားအလာ ကောင်းတဲ့ နိုင်ငံရေး ပါတီတစ်ခုကို ရန်ပုံငွေ ကောင်းကောင်း ထည့်ပြီး ၀င်လိုက်မယ်။ ပြီးရင် ပါတီခေါင်းဆောင်ပိုင်းကို လာဘ်ထိုးပြီး အမတ်လောင်းဖြစ်အောင် လုပ်မယ်။ အရွေးခံရမယ့် မဲဆန္ဒနယ် အတွက် ငွေတွေသုံးပြီး အကျိုးပြု လုပ်ငန်းတွေ လုပ်ပြမယ်။ အဲဒါတွေအတွက် ရူပီး ဘယ်နှသန်း ကုန်ခဲ့သလဲ။ အဲဒါကို ရင်းနှီးမြှုပ်နှံ ထားတာလို့ သဘောထား။ အမတ်ရွေးခံရပြီး လုပ်ပိုင်ခွင့် အာဏာရှိတဲ့ နိုင်ငံရေး ရာထူး ဌာနန္တရ ကုလားထိုင်မှာ ထိုင်ပြီးရင် လေးငါးနှစ်အတွင်း အရင်းကျေရုံမက အဆများစွာ အမြတ်ထွက်အောင် စီးပွားရေး သမားတွေနဲ့ ဝေစားမျှစား လုပ်တော့ တာပဲတဲ့ဗျာ။

ပျင်းတောင်ပျင်းသေးတယ်

နိုင်ငံရေးသမား ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံပြီး လုပ်နေကြတာပါလို့ သူတို့ဆီမှာ ပြောစရာ အကြောင်းလည်း မရှိဘူးဗျ။ နိုင်ငံရေး ဘာကြောင့် လုပ်သလဲလို့ မေးရင် အကောင်းဆုံး အဖြေက မိမိတတ်ကျွမ်းတဲ့ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုချင်လို့ပါဗျာ လို့ ဖြေဖို့ပဲရှိတယ်။

မကြာသေးခင်က Youth မဂ္ဂဇင်းမှာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ အတ္တုပ္ပတ္တိကို ကျွန်တော် လစဉ် အခန်းဆက် ဘာသာပြန် ဖော်ပြခဲ့တာ အခုပြီးသွားပါပြီ။ သံလေဒီ ဘွဲ့ရတဲ့ မစ္စက်သက်ချာ အကြောင်း ရေးတော့မှ သူတို့ဆီက နိုင်ငံရေး လုပ်ပုံကိုင်ပုံတွေကို ကောင်းကောင်းကြီး ခြုံငုံသိရတော့ တာကိုး။ သူတို့ နိုင်ငံရေး လုပ်တာက ဆရာဝန် တစ်ယောက် ဆေးပညာ သင်ပြီး ဆေးကုသလို၊ အင်ဂျင်နီယာ တစ်ယောက် စက်မှုပညာသင်ပြီး လမ်းဖောက် တံတားဆောက်သလို၊ အသက်မွေး ၀မ်းကျောင်း အလုပ်တစ်ခု လုပ်နေသလို ပါပဲလားလို့ သဘောပေါက် သွားတယ်။ ရွေးကောက်ပွဲ ရှုံးမလား နိုင်မလား၊ ရင်ခုန်ရတာ မျိုးကလွဲလို့ ဘာစွန့်စားခန်းမှလည်း မရှိဘူး။ ဘာစွန့်လွှတ်မှုမျိုးမှလည်း မလိုအပ်ဘူး ဆိုတာ တွေ့ရတယ်ဗျာ။ ရွေးကောက်ပွဲမှာ ကိုယ့် ပါတီနိုင်ရင် အာဏာရလိုက်၊ ကိုယ့်ပါတီ ရှုံးရင် အတိုက်အခံ ဘ၀မှာ နေလိုက်၊ နောက် ရွေးကောက်ပွဲမှာ နိုင်အောင် ပြန်ကြိုးစား၊ အင်မတန် ရိုးစင်းတဲ့ နိုင်ငံရေး ဘ၀မှာ သူတို့ အသားကျ နေကြတာကိုး။

တစ်ခုတော့ ရှိသပေါ့။ သာမန် ပါတီဝင် ဘ၀ကနေ အဆင့်ဆင့် တက်လှမ်းခဲ့ ရတာတွေ၊ ပါတီတွင်း အုပ်စု တိုက်ပွဲတွေ၊ ခေါင်းဆောင်မှု နေရာ လုကြတာတွေ၊ မစ္စက်သက်ချာ နောက်ဆုံး ကြုံရသလို ထွက်ပေးရင် ထွက်ပေး၊ မထွက်ရင် ဖြုတ်ချ ခံရမယ့် အခြေအနေမျိုးကို ရင်ဆိုင်ရတာတွေ ကတော့ ရင်ခုန်စရာ အတွေ့အကြုံတွေလို့ ပြောမယ်ဆို ပြောနိုင်ပါလိမ့်မယ်။

ဘာပဲပြောပြော ဒီမိုကရေစီ မရသေးခင်သာ ရုန်းကန်လှုပ်ရှား ကြရတာ၊ ဒီမိုကရေစီ အသားကျ သွားတဲ့အခါ နိုင်ငံရေး လုပ်ရတာ ပျင်းစရာတောင် ကောင်းနေမလားပဲဗျာ။