Showing posts with label စစ်ရေး. Show all posts
Showing posts with label စစ်ရေး. Show all posts

Friday, February 19, 2010

စစ်ရေး ပါဝါဟာ အတားအဆီးသဖွယ်ဖြစ်လာနိုင်မလား

မန်ဇူး(ဘာသာပြန်သည်)
Friday, February 19, 2010

လာမည့် ဆယ်စုနှစ်တွေအတွင်း စစ်ရေးပါဝါရဲ့စွမ်းဆောင်နိုင်မှုဟာ အဓိကအခန်းကဏ္ဍနေရာမှ လျော့ကျသွားနိုင်ချေရှိလာနိုင်မလား။ နိုင်ငံအချင်းချင်းတွေကြား စစ်မက်ဖြစ်ပွားမှုတွေ အတိုင်းအတာ ပမာဏအရ လျော့ကျသွားနိုင်ချေရှိခြင်းနှင့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာလုပ်ငန်းစဉ်တွေအတွင်း မတူညီသဘောကွဲလွဲမှုတွေကြား အငြင်းပွားတိုက်ခိုက်မှုဖြစ်ခြင်းနှင့် အခြားသော ပြဿနာရပ် ပေါင်းစုံရှိနေမှာကတော့ အသေအချာလို့ကိုဆိုရမှာပဲ။ သို့ဆိုသည့်တိုင် အကြမ်းဖက်မှု ပဋိပက္ခတွေဟာ ဘယ်သောအခါမှ အဆုံးတိုင် ပပျောက်သွားမှာ မဟုတ်ဘူးဆိုတဲ့ ခါးသီးတဲ့ အမှန်တရားကို ကျနော်တို့ရဲ့ ဘ၀တလျှောက်လုံးလိုလို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာပဲ ဖစ်တယ်လို့ ၂၀၀၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဘားရက်အိုဘားမား လက်ခံရရှိစဉ်အချိန်ခါတုန်းက ပြောကြားသွားခဲ့ခြင်းဖြစ် တယ်။ နိုင်ငံချင်းစီဖြစ်စေ ဒါမှမဟုတ် စုပေါင်းလုပ်ဆောင်ခြင်းဖြင့်ဖြစ်စေ တိုင်းနိုင်ငံတွေအနေနဲ့ စစ်ရေးအင်အားကို မလိုအပ်ပဲ မသုံးစွဲဖို့ ဆိုထားသည့်တိုင် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မှန်ကန်တည့်မတ်ဖို့တော့ လိုလားကောင်းလိုလားလိမ့်မယ်။ လူအများစုအနေဖြင့် စစ်ရေး ပါဝါကို အဓိကဦးတည်ထား ပြောဆိုဆွေးနွေးနေချိန်မှာ စစ်သည်အင်အား၊ တင့်ကားအရေအတွက်၊ လေယာဉ်ပျံတွေ၊ သင်္ဘောတွေစ တဲ့ စတဲ့ hard ပါဝါ ရင်းမြစ်တွေနဲ့ တိုက်ခိုက်ခြိမ်းခြောက်ဖို့အကြောင်းချင်းရာတွေကိုသာ ထည့်သွင်းစဉ်းစားကြတာဖြစ်တယ်။

နပိုလီယံရဲ့ထင်ရှားကျော်ကြားတဲ့ စကားလုံးနဲ့ ခိုင်းနှိုင်းပြောဆိုရသော် ကြီးကျယ်တဲ့စစ်ဆင်နွှဲမှုတိုင်းတွေမှာ ဘုရားသခင်ဟာ အတူရှိ နေတယ်ဆိုတဲ့ စကားရပ်နဲ့ မော်စီတုန်း အဆိုအမိန့်ဖြစ်တဲ့ အာဏာဟာ သေနတ်ပြောင်းဝကလာတာဆိုတဲ့ စကားရပ်တွေသုံးပြီး အ ဆုံးသတ်မှာတော့ စစ်ရေးဆိုင်ရာ အရင်းအမြစ်တွေကို ထပ်မံတိုးချဲ့လုပ်ဆောင်ရင်း အဆုံးသတ်လေ့ရှိတယ်။ သို့ဆိုသည့်တိုင် လက် နက်နှင့် စစ်ပွဲတွေထက်စာရင် စစ်ရေးဆိုင်ရာ ရင်းမြစ်တွေနှင့် တိုက်ခိုက်ခြင်း ဒါမှမဟုတ် တိုက်ခိုက်ဖို့ရာ ခြိမ်းခြောက်မှုတွေထက်စာရင် hard ပါဝါနဲ့သက်ဆိုင်တဲ့ အပြုအမူလုပ်ဆောင်ချက်တွေကသာ မျက်မှောက်ကာလ ကမ္ဘာတ၀ှမ်းမှာ ပိုမိုအရေးပါတယ်လို့ ဆိုရမယ်နဲ့ တူတယ်။

တိုက်ခိုက်ဖို့နဲ့ ခြိမ်းခြောက်ဖို့ရာအတွက် တွေးတောစဉ်းစားခြင်းကို လုပ်ဆောင်ရပြီဆိုတာနဲ့ စစ်သည်တွေရဲ့စစ်ဝတ်တန်ဆာ၊ စုစည်းနိုင် မှုနှင့် ချပ်ဝတ်တန်ဆာပစ္စည်းတွေကို တိုင်းပြည်ရဲ့စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းမှ စသည့်အကြောင်းချင်းရာ အများအပြားကို စစ်ဆင်နွှဲ တိုက်ခိုက်ခြင်းအပေါ်မှာ အဓိကထားစဉ်းစားရမှာဖြစ်တယ်။ သို့နှင့်တိုင် ၂၁ ရာစုနိုင်ငံအတော်များများရဲ့ စစ်ပွဲသွင်ပြင်လက္ခဏရပ်တွေ မှာ စစ်ဆင်နွှဲတိုက်ခိုက်ရာမှာ စစ်ယူနီဖောင်း ၀တ်ဆင်ထားခြင်းမရှိဘူးလို့ ဆိုရမှာပဲ။ လက်နက်ကိုင် အဖွဲ့အစည်းနှင့် တိုင်းနိုင်ငံတွေ ကြား ဖြစ်ပွားခဲ့သော စစ်ရေးဆိုင်ရာ ပဋိပက္ခပေါင်းဟာဆိုရင် ၁၉၄၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ၂၂၆ ခုနှုန်း သိသာထင်ရှားစွာဖြစ်ပွား ခဲ့သည့်အတွက် ၁၉၅၀ ပြည့်လွန်နှစ်တွေထက်စာရင် ထက်ဝက်နှုန်းနည်းပါး လျော့နည်းကျဆင်းသွားတယ်လို့ ဆိုနိုင်လိမ့်နိုင်မယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ပဋိပက္ခ အကျပ်အတည်းဆိုင်ရာ ပြဿနာရပ်တွေဟာ လွှမ်းမိုးကြီးစိုးလာတယ်လို့ ဆိုရလိမ့်မယ်။ သေချာတာကတော့ ပြည်တွင်းစစ်တွေနဲ့ သမရိုးကျမဟုတ်တဲ့ စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေဟာ အသစ်အဆန်းမဟုတ်ကြတာ တောင်မှ ထုံးတမ်းဓလေ့အစဉ်အလာတွေကို စစ်ပွဲတွေကနေ အသိအမှတ်ပြု အဆုံးအဖြတ်ပေးထားသလိုဖြစ်နေတယ်။ နည်းပညာအ ပြောင်းအလဲကြောင့် အုပ်စုငယ်လေးတွေရဲ့ လက်အတွင်းမှာ အစုလိုက်အပြုံလိုက် ပြိုလဲဖျက်ဆီးဖို့ရာ ပါဝါကိုမြှင့်တင်ပေးလိုက်သလို ဖြစ်နေသည့် အတွက်အစောပိုင်း ခေတ်ကာလတွေမှာ ဈေးကွက်တစုံလုံးကို အကြီးအကျယ် ယိမ်းယိုင်ပျက်စီးသွားစေနိုင်လောက် အောင် သမရိုးကျမဟုတ်တဲ့ စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေကနေ ဘာအသစ်အဆန်းတွေ ထွက်ပေါ်လာနိုင်သလဲ။

မျက်မှောက်ခေတ် နည်းပညာရပ်ကြောင့် အသွင်သစ် စစ်မျက်နှာဖွင့်လှစ်မှုတွေကို သယ်ဆောင်လာတဲ့အတွက် ရန်သူကို အဝေးထိန်း စက်တွေနဲ့တိုက်ခိုက်မည့်အလားအလာဟာ နိုင်ငံတွေကြား (သို့) နိုင်ငံမဟုတ်တဲ့ အုပ်စုငယ်တွေကြားမှာ ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာကို ကြီးမားစွာ ပျက်စီးဆုံးရှုံးစေနိုင်မယ့် ခြိမ်းခြောက်မှုတွေဟာ နိုင်ငံနယ်နမိတ် ဘောင်အတားအဆီးတွေကို ဖြတ်ကျော်လာပြီလို့ဆိုရမှာပဲ။ စစ်မက်ဆိုင်ရာ တိုက်ခိုက်ဖြစ်ပွားမှုတွေနဲ့ စစ်အင်အားတွေ ယုတ်လျော့ကျဆင်းသွားနိုင်တာဖြစ်နိုင်ပေမယ့်လို့ အလုံးစုံပပျောက်သွား တာတော့မဟုတ်သော်ငြား စစ်ရေးပါဝါ အသုံးပြုမှုကို အသွင်သစ်နဲ့ ပုံဖော်တည်ဆောက်လာတယ်။ ယနေ့ကာလ စစ်ရေးဆိုင်ရာ ပညာ ရှင်တွေရဲ့ ရေးသားဖော်ပြချက်တွေထဲမှာ စတုတ္ထမြောက် မျိုးဆက်တွေရဲ့စစ်ဆင်နွှဲတိုက်ခိုက်မှုအသွင်သဏ္ဍာန်ဟာ တခါတရံ စစ်မျက် နှာပြင် (သို့) ရှေ့တန်းမျက်နှာစာမှာ တိကျတဲ့ အဓိပ္ပါယ်သတ်မှတ်ဖွင့်ဆိုထားခြင်းမရှိတဲ့အတွက် တကယ်လက်တွေ့ဖြစ်ရပ်တွေမှာ အ ရပ် ဖက်ဆိုင်ရာနှင့် စစ်ဖက်ဆိုင်ရာကြား ကွဲပြားခြားနားမှု မရှိတော့ဘူးလို့ဆိုရမှာပဲ။

ဆက်ရန်…

Reference: Is Military Power Becoming Obsolete?
The Korea Times
January 13, 2010
Joseph S. Nye
Belfer Center Programs or Projects: International Security

Cobra Gold စစ်ရေး ပူးတွဲလေ့ကျင့်မှု အကြောင်း

ဇန်နဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတွင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ အမေရိကန်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ လက်နက်ကိုင်တပ်များ ပူးပေါင်း၍ Cobra Gold 2010 စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ratchakrit Kanchanawat ၏ ပြောကြားချက်ကို ကိုးကား၍ ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

Cobra Gold (CG) စစ်ရေးလေ့ကျင့်မှုသည် ထိုင်းနှင့် အမေရိကန်စစ်တပ်တို့ ပူးပေါင်း၍ ၂ ပတ်ကြာ လေ့ကျင့်သော ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတခုဖြစ်ပြီး၊ ၁၉၈၂ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ၂၈ နှစ်ပြည့်ပြီဖြစ်သည်။ CG စစ်ရေးလေ့ကျင့်မှုသည် အရှေ့တောင်အာရှ၏ အကြီးဆုံး ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တခုလည်းဖြစ်ကြောင်း ထိုင်းစစ်တပ်အရာရှိများက ဆိုသည်။

CG စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို အမေရိကန်ပြည်ထောင်စု ပစိဖိတ်ကွပ်ကဲရေးဌာနချုပ် စစ်ဦးစီးချုပ် (USCINCPAC) က ပုံစံရေးဆွဲပြီး၊ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ဘက်မှ အမေရိကန်နိုင်ငံ လေတပ်၊ အမေရိကန် ရေတပ် ပစိဖိတ်ကွပ်ကဲရေး စစ်ဌာနချုပ် (MARFORPAC) နှင့် ပစိဖိတ် ရေတပ်အုပ်စု (PACFLT)၊ အမေရိကန် ကြည်းတပ် ပစိဖိတ်ကွပ်ကဲရေး ဌာနချုပ် (USARPAC)၊ အမေရိကန် လေတပ် ပစိဖိတ်ကွပ်ကဲရေး စစ်ဌာနချုပ် (PACAF) နှင့် ပစိဖိတ်ဒေသ အထူးစစ်ဆင်ရေး စစ်ဌာနချုပ် (SOCPAC) တို့မှ မရိန်းတပ်သား ဦးရေ တသောင်းကျော် ပါဝင်သည်။

ထို့ပြင် တော်ဝင် ထိုင်း တပ်မတော်မှ ကြည်း၊ ရေ၊ လေတပ် စစ်သည်များ ထောင်နှင့်ချီ၍ ပါဝင်သည်။ CG စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် စစ်သည်အရေအတွက်မှာ နှစ်အလိုက် အတိုးအလျော့ရှိပြီး၊ ၁၉၈၉ ခုနှစ် CG တွင် အမေရိကန် မရိန်းတပ်သား ၁ဝ၆ဝဝ အထိပါဝင်ခဲ့ပြီး၊ ထိုင်းဘက်မှ စစ်သည်အင်အား ၆၂၅ဝ ခန့် ပါဝင်ခဲ့သည်။

ယခုနှစ် ၂ဝ၁ဝ CG တွင် စုစုပေါင်း စစ်သား ၁၁၆ဝဝ ပါဝင်မည်ဖြစ်ပြီး၊ ထိုအထဲမှ အမေရိကန် စစ်သား ၆၂၁၇ ဦးနှင့် တောင်ကိုရီးယားမှ စစ်သား ၄၁၁ ဦး ပါဝင်၍ စစ်ရေးလေ့ကျင့်မည်ဟု သိရသည်။

အဆိုပါ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံရှိ ရနောင်း (Ranong)၊ ရာရောင် (Rayong) ၊ ဖူးခက်၊ ပတ်တရာ (Pattaya)၊ ကန်ချနဘူရီ၊ ချင်းရိုင် စသည့် နေရာများတွင် နှစ်အလိုက် ပြောင်းလဲ၍ လေ့ကျင့်ပြီး၊ အများသောအားဖြင့် ဧပြီလနှင့် မေလများတွင် ကျင်းပကာ၊ ယခုနှစ်တွင်မူ ဖေဖော်ဝါရီလတွင် စော၍ ကျင်းပခြင်းဖြစ်သည်။

Cobra Gold စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်

အမေရိန်ကန် ပြည်ထောင်စု ပစိဖိတ်ကွပ်ကဲရေးဌာနချုပ် စစ်ဦးစီးချုပ် (USCINCPAC) က ဒီဇိုင်းရေးဆွဲသော Cobra Gold စစ်ရေးပူးပေါင်း လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ - ကျူးကျော်မှုများကို ဟန့်တားနိုင်ရန်၊ ငြိမ်းချမ်းရေးကို မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီကျသော အတွေးအခေါ်များကို အားပေးရန်နှင့် ရှောင်လွှဲ၍ မရသော ပဋိပက္ခဖြစ်လာပါက လိုအပ်လျှင် အမေရိကန်က ဝင်ရောက်ကူညီတိုက်ခိုက်ခြင်းကို ခွင့်ပြုရန် စသည့် ရည်ရွယ်ချက်များ ပါဝင်သည်။ ထို့ပြင် CG စစ်ရေးလေ့ကျင့်မှုသည် လူသားချင်း စာနာထောက်ထားသော အကူအညီများ ထောက်ပံ့ကူညီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အဓိက ရည်ရွယ်၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပန်းတိုင်

Cobra Gold ၏ ပန်းတိုင်မှာ အကျပ်အတည်းများ ဖြစ်လာပါက အကျပ်အတည်းများကြားတွင် ငြိမ်းချမ်းရေး၊ ဟန့်တားရေးနှင့် ပူးပေါင်းဆောင်ရွက်သော နည်းများဖြင့် ညှိနိုင်းဆောင်ရွက်နိုင်ရန်နှင့် ပါဝင် ဆောင်ရွက်နိုင်ရန် ဖြစ်သည်။ ပဋိပက္ခများ ဖြေရှင်းရာတွင် ဖြစ်နိုင်ပါက မဟာမိတ် နိုင်ငံများနှင့်ပူးပေါင်း၍ ပဋိပက္ခများကို အလျင်အမြန် ဆုံးဖြတ်နိုင်ရန်ဖြစ်သည်။

နိုင်ငံတကာ၏ စောင့်ကြည့်မှု

အစပိုင်းတွင် နိုင်ငံတကာက Cobra Gold စစ်ရေးလေ့ကျင့်မှုကို စိုးရိမ်ခဲ့ကြပြီး၊ ၂၇ ကြာ စစ်ရေးလေ့ကျင့်မှု နောက်ပိုင်းတွင် Cobra Gold ၏ အစီအစဉ်အရ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကို စောင့်ကြည့်လေ့လာစေပြီးသောအခါ Cobra Gold သည် မည်သည့်နိုင်ငံကိုမျှ စစ်ရေးအရ ခြိမ်းချောက်မှုမရှိကြောင်း၊ နိုင်ငံတကာကသာမက၊ အာဆီယံနိုင်ငံများကပါ လက်ခံလာခဲ့ကြသည်။

တတိယနိုင်ငံများက Cobra Gold စစ်ရေးလေ့ကျင့်မှုအပေါ် စိတ်ဝင်စားမှုများလာခြင်းကြောင့်၊ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်လေ့လာစေသည့် အစီအစဉ်တခုကို ရေးဆွဲခဲ့သည်။ ထိုအစီအစဉ်ကို စီမံခန့်ခွဲရန် ထိုင်းနှင့် အမေရိကန်မှ အရာရှိများ ပူးပေါင်းကြီးကြပ်ကာ စောင့်ကြည့် လေ့လာရေးအဖွဲ့ (COLT) ကို ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့၏ ဒါရိုက်တာအဖြစ် ထိုင်းတပ်မတော်မှ ဗိုလ်မှူးကြီး တဦးက ဆောင်ရွက်ပြီး၊ လက်ထောက် ဒါရိုက်တာအဖြစ် အမေရိကန် ရေတပ်မှ ဗိုလ်ကြီးတဦးက ဆောင်ရွက်သည်။

၂ဝဝဝ ခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများက စောင့်ကြည့်လေ့လာခဲ့ပြီး၊ ၂ဝဝ၁ ခုနှစ်တွင် သြစတြေးလျ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယားနှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ ကိုယ်စားလှယ် ၃၅ ဦးတို့က စောင့်ကြည့်လေ့လာခဲ့သည်။ ၂ဝဝ၈ ခုနှစ် CG ကို သြစတြေးလျ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယား၊ ရုရှ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ စောင့်ကြည့်လေ့လာသူများ တက်ရောက်ခဲ့ကြသည်။ ယခုနှစ် ၂ဝ၁ဝ ခုနှစ် Cobra Gold လေ့ကျင့်မှုကို တရုတ်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ ဂျာမဏီနှင့် အခြားနိုင်ငံများမှ အရာရှိ ၁ဝ ဦးတို့ စောင့်ကြည့်လေ့လာကြမည်ဟု သိရသည်။

တတိယနိုင်ငံများအနေနှင့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်မည်ဆိုပါက၊ ထိုသို့မပါဝင်မီ စောင့်ကြည့်လေ့လာရေး အစီအစဉ်တွင် ဦးစွာပါဝင်ရမည်ဟု Cobra Gold စောင့်ကြည့်လေ့လာရေးအဖွဲ့ (COLT) က သတ်မှတ်ထားသည်။ စင်္ကာပူနိုင်ငံအနေနှင့်လည်း Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့ပြီး၊ ၂ဝဝဝ ခုနှစ်မှ စတင်ကာ ၎င်း၏ လက်နက်ကိုင်တက်ဖွဲ့များ CG လေ့ကျင့်မှုတွင် ပါဝင်ခွင့်လေ့ကျင့်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင်မူ တောင်ကိုရီးယားနိုင်ငံပါ ပါဝင်လာပြီး စုစုပေါင်း ၆ နိုင်ငံ ပူးပေါင်းလေ့ကျင့်မည် ဖြစ်သည်။

အချို့က Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားနိုင်ငံ ပါဝင်လာခြင်းသည် အရှေ့အာရှ၌ အာဏာအားပြိုင်မှုကို ခြိမ်းခြောက်နေကြောင်းလည်း သုံးသပ်ကြသည်။ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူအချို့ကမူ တောင်ကိုရီးယားနိုင်ငံက ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လာခြင်းသည် ဘန်ကီမွန်းအနေနှင့် ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူး ဖြစ်လာသည့် အခြေအနေတွင် တောင်ကိုရီးယားနိုင်ငံ အနေနှင့်လည်း အခြားနိုင်ငံများအရေးကို ဂရုစိုက်ကြောင်း ပြသသည့် သဘောမျိုးဖြင့် ပါဝင်တာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်လေတပ်မှ MC-130P (Combat Shadow tankers), MH-53J PAVE-LOW III, MH-60L Black Hawks နှင့် UH-1V Medivac စသည့် ရဟတ်ယာဉ်များကို ကြည်းတပ်လေ့ကျင့်မှုတွင် အသုံးပြုမှာ ဖြစ်ပြီး၊ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု၌ CH-46, UH-1, SH-60, F-14, F-18, ES-3, EA-6 and C-2; and US Marine Corps: KS-130, C-12F, CH-46, CH-53E, F/A-18, AV-8B, AH-1W and UH-1N စသည့် ရဟတ်ယာဉ်များ အသုံးပြုမည်ဖြစ်သည်။ အသုံပြုမည့် သင်္ဘောများမှာ အမေရိကုန်လုပ် EPU 111 of Oklahoma City; EPU 113 of Fort Worth, Texas; EPU 116, Everett, Wash.; EPU 117 of Alameda, Calif စသည့် သင်္ဘောများဖြစ်သည်။

၂ဝဝ၃ ခုနှစ် CG ကို ထိုင်းနိုင်ငံအရှေ့တောင်ဘက်၊ ဘန်ကောက်မြို့မှ ၁၄၅ ကီလိုမီတာအကွာရှိ ရာရောင် (Rayong) ခရိုင်၌ ကျင်းပခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၁၄ဝဝဝ နှင့် ထိုင်းလက်နက်ကိုင် တပ်ဖွဲ့ ၇ဝဝဝ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့သည်။ ၂ဝဝ၃ CG စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွင် အမေရိကန်စစ်တပ်မှ သင်္ဘော ၆ စင်း၊ လေယာဉ် ၄၁ စင်း နှင့် ထိုင်းဘက်မှ စစ်သင်္ဘော ၁၁ စင်းနှင့် လေယာဉ် ၃၂ စင်း တို့ဖြင့် ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် ကုန်ကျမှု

၂ဝဝ၉ ခုနှစ် CG လေ့ကျင့်မှုအတွက် ထိုင်းနိုင်ငံက ဘတ် သန်းပေါင်း ၄ဝ ကုန်ကျခံခဲ့ပြီး၊ အမေရိကန်ဘက်မှ ဒေါ်လာ ၁၁၃ သန်းသုံးစွဲခဲ့သည်။ သို့သော် ယခုနှစ်အတွက် မည်ရွေ့မည်မျှ သုံးစွဲမည်ဆိုသည်ကို မသိရှိရသေးပေ။

Cobra Gold နှင့် မြန်မာနိုင်ငံ

၂ဝဝ၉ ခုနှစ် မေလ ၃ဝ ရက်နေ့က စင်္ကာပူနိုင်ငံ Shangari-La ဟော်တယ်၌ ပြုလုပ်သော အစည်းအဝေး၌ အမေရိကန် ကာကွယ်ရေးကြီးဌာန ဝန်ကြီး ရောဘတ်ဂိတ် (Robert Gates) က မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို ကူညီရန် မြန်မာအစိုးရ အရာရှိများနှင့် ဆွေးနွေးခဲ့ပြီး၊ Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုသော အမေရိကန် ရေတပ်သင်္ဘောများ စေလွှတ်ခြင်းကို မြန်မာစစ်အစိုးရဘက်က လက်မခံခဲ့ပေ။


Cobra Gold အပေါ် မြန်မာ့နိုင်ငံရေး လေ့လာသူများ၏ အမြင်

ကိုအောင်သူငြိမ်း

“အရင်တုန်းကတော့ ပူးတွဲစစ်ဆင်ရေးကို သူတို့လုပ်နေတာပဲလေ။ လုပ်တဲ့အခါကျတော့ ဗမာဘက်က နေပြီးတော့ သူတို့တပ်တွေကို alert (တပ်လှန့်) လုပ်တယ်။ ဘယ်လိုခေါ်မလဲ။ စိုးရိမ်တယ်ပေါ့ဗျာ။ နောက်ပိုင်းမှာကျတော့ ဒီ Cobra Gold ရဲ့ စစ်ရေးလေ့ကျင့်မှု ပုံစံတွေက ပြောင်းသွားတာကို တွေ့ရတယ်။ အရင်တုန်းကတော့ သမားရိုးကျ တပ်နှစ်ခုပေါင်းပြီး စစ်ဆင်ရေးလုပ်တာမျိုးလေ။ အခုနောက်ပိုင်းဆိုတော့ သူတို့က ဘယ်လိုလုပ်လာလဲဆိုတော့၊ ဥပမာ - ကျနော်တို့ နိုင်ငံမှာလုပ်တဲ့ နာဂစ်ပုံစံမျိုးပေါ့။ အဲလို အကြီးအကျယ် ကပ်ဘေးဒုက္ခ ဖြစ်တဲ့အခါမျိုးမှာ တပ်တွေက ဘယ်လိုကူညီမလဲဆိုတဲ့ အိုင်ဒီယာမျိုး ကိုလည်း ဒီဘက်မှာ၊ Cobra Gold ဘက်မှာပြောင်းလာတယ်။ Disaster Management (သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု) ပုံစံမျိုးပေါ့။ အင်ဒိုနီးရှားအာချေးဒေသမှာ ဆူနာမီဖြစ်တယ်။ မြန်မာပြည်မှာ နာဂစ်ဖြစ်တယ်။ အဲဒါမျိုးတွေကျတော့ သူတို့ရဲ့ training ပုံစံက အရင်လို သမားရိုးကျ စစ်ပွဲတွေမဟုတ်တော့ဘူးလေ။ အဲဒီတော့ တခြားသမားရိုးကျ စစ်ပွဲတွေပုံစံမျိုးမဟုတ်တာတွေကို စဉ်းစား လာပြီးတော့ လုပ်ဆောင်ပုံပြောင်းလာတယ်ပေါ့။

ဒါပေမယ့် ဗမာအစိုးရကတော့ အမြဲတမ်း ကိုယ့်အိမ်နီးချင်းနိုင်ငံမှာ အခုလို လာလုပ်တယ်ဆိုတော့ စိတ်ပူတယ်။ အမြဲတမ်း တပ်လှန့်ထားတာ တွေလုပ်တယ်”


ကိုဝင်းမင်း

“ပုံမှန်အားဖြင့်တော့ နယ်စပ်မှာလုပ်တယ်ဆိုရင် မြန်မာအစိုးရဘက်က မကြိုက်ဘူးလေ။ သူတို့ စိုးရိမ်တာပေါ့။ အထူးဖြင့် ရှမ်းပြည်နယ်စပ်မှာ လုပ်ရင် သူတို့မကြိုက်ဘူး။ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဘက်မှာ အရင်တုန်းကတော့ လုပ်ခဲ့တာမျိုး ရှိတယ်။ အဲဒီအချိန်တုန်းက ထိုင်းစစ်တပ်မှာ ဗိုလ်မှူးချုပ် ဝပ်ထနာချိုင်းဆိုတာရှိခဲ့တယ်။ သူ့လက်ထက်တုန်းက မြန်မာစစ်တပ်က ရှမ်းကို စစ်တိုက်နေတဲ့ အချိန်ကိုး။ ဒီဘက်မှာလည်း အမေရိကန်နဲ့ ထိုင်း ပူးတွဲစစ်ဆင်ရေးလုပ်ရင် သူတို့က (မြန်မာစစ်တပ်က) မကြိုက်ဘူး ပေါ့ဗျာ။ နယ်စပ်ကို ဖြတ်ပြီးပြောလေ့ရှိတယ်။ အဲဒါ သက္ကရာဇ် ၂ဝဝဝ၊ ၂ဝဝ၁ လောက်မှာလို့ ကျနော် ထင်တယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ထိုင်းဘက်ကလည်း တခါတလေ ရွှေ့ပေးရတာမျိုးတွေ ရှိခဲ့ဖူးတယ်။ အရင်တုန်းက ကန်ချနဘူရီဘက်မှာ လုပ်တာကတော့ ပြဿနာ မရှိခဲ့ဘူး။

အထူးသဖြင့် ရှမ်းပြည်နယ်စပ်က SSA ရှိတဲ့နေရာမျိုးတွေမှာ ကပ်ပြီးလုပ်ရင် မြန်မာအစိုးရဘက်က မကြိုက်ဘူး။ အဲဒီတခေါက်တုန်းက ထိုင်းဘက်က လေ့ကျင့်တာကို ရွှေ့ပေးလိုက်ရတယ်။ သူတို့ (မြန်မာအစိုးရ) ဘက်ကတော့ စောင့်ကြည့်တာမျိုးတော့ရှိတယ်။ အမေရိကန်တပ်တွေ မြန်မာနယ်စပ်ဘက်ကို ကပ်တာမျိုးရှိရင်ပေါ့”

ထိုင်းစစ်တပ်သည် ၁၉၅၁ ခုနှစ်အတွင်းက ကုလသမဂ္ဂတပ်များက မြောက်ကိုရီးယားကို တိုက်ခိုက်ခဲ့စဉ်က ကုလသမဂ္ဂတပ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည်။ ထိုင်းနိုင်ငံအနေနှင့် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည့် ထိုင်း-အမေရိကန် Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် စောင့်ကြည့်လေ့လာမည်နိုင်ငံအားလုံးအား Cobra Gold မှ ကြိုဆိုကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

Wednesday, February 17, 2010

ရုရှ ကိုလူလည်နဲ့ မြန်မာ့လေယာဉ်အရောင်းအ၀ယ်

ဝေလင်း
၁ ဖေဖော်ဝါရီ ၂၀၁၀
line


ပြီးခဲ့တဲ့ (၃) လလောက်က မြန်မာ့သဘာဝဓာတ်ငွေ့ ရောင်းချရတဲ့ငွေ အမေရိကန်ဒေါ်လာ (၄) ဘီလီယံကျော်လောက် စာရင်းပျောက်တဲ့ကိစ္စ မီဒီယာသတင်းတွေထဲ ပျံ့လွင့်ခဲ့ပါတယ်။ ရလိုက်တဲ့ ဒေါ်လာတွေကို လက်ရှိပေါက်ဈေးနဲ့ (တဒေါ်လာ ၆ ကျပ်နှုန်းနဲ့) ဖြတ်ပြီး ကျန်တာတွေ နအဖ ဗိုလ်ချုပ်များအိတ်ကပ်ထဲ ရောက်ကုန်ပြီလို့ တချို့က ပြောကြပါတယ်။

တဘက်ကလည်း နယ်စပ်ဈေးကွက်တွေထဲမှာ အရင်နိမ့်ကျနေတဲ့ မြန်မာငွေဟာ အခုနှစ်ကုန်ပိုင်းအတွင်း သိသာလောက်အောင် ပြန်မြင့်တက်လာပြီး မြန်မာကျပ်ငွေ ရှားပါးမှုဖြစ်နေတာကို အချို့က ရှိနေတဲ့ ဒေါ်လာတွေ တခြားစီးဆင်းကုန်တာကြောင့်လို့ ပြောပါတယ်။

လေ့လာသူတချို့ကလည်း ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ (၁၆၅) သန်းလောက် ပြန်ဝင်လာတာလို့ တွက်ဆနေပါတယ်။ ဓာတ်ငွေ့ကရတဲ့ ဒေါ်လာတွေ ဘယ်ကိုများ စီးထွက်ကုန်သလဲလို့ တွေးနေတုန်း အခု မြန်မာနအဖစစ်အစိုးရက ရုရှဆီကနေ စစ်လေယာဉ် ဒေါ်လာသန်း (၆၄၁) ဖိုး မှာယူကြောင်း တွေ့ရပါတယ်။ သြော်… ဒါကြောင့်ကိုး။

အမေရိကန်ဒေါ်လာ သန်း (၂၀) စီတန်တဲ့ MIG 29 အမျိုးစား တိုက်လေယာဉ်အစီးပေါင်း (၂၀) နဲ့ တစီးကို ဒေါ်လာ (၈) သန်းကျော်တန် ရဟတ်ယာဉ် (၈ စီးကနေ ၁၀ စီးအထိ) နအဖ မှာယူထားတာ လာမယ့် ၂၀၁၀ ခုနှစ်အတွင်း ရောက်ရှိပါလိမ့်မယ်။ ယခင် ၂၀၀၁ ခုနှစ် တုန်းကလည်း ထိုင်းနယ်စပ် စစ်ရေးပြဿနာပြီးပြီးချင်း MIG 29 တိုက်လေယာဉ် (၁၂) စီး နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ အခုရောက်လာမယ့် ရုရှလေယာဉ်တွေကို တရုတ်လုပ် J-10 နဲ့ F C-1 အမျိုးအစား တရုတ်စစ်လေယာဉ်တွေနေရာမှာ အစားထိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါကလည်း အရင်ဆောင်းပါးမှာ ပြောထားခဲ့သလို တရုတ်တို့ဆီက ပေါချောင်ကောင်းတွေနဲ့ အလုပ်မဖြစ်တာ နအဖတို့ သဘောပေါက် လာကြတာဖြစ်ပါလိမ့်မယ်။ ရုရှမော်ဒယ်တွေကို ပုံတူကူး ပေါချောင်ကောင်း တရုတ်လေယာဉ်ထက်စာရင် မူရင်း ရုရှလေယာဉ်စစ်စစ်တွေ ဘက်ကို နအဖတို့ တခါပြန်ပြီး ဦးလှည့်လာခြင်းပါ။ ရုရှလုပ် MIG 29 လေယာဉ် ၀ယ်ယူလိုက်တာကြောင့် နဂိုတရုတ်လုပ် J-10 /FC-1 လေယာဉ်တွေဝယ်မယ့် အစီအစဉ်လည်း ပျက်သွားပါတော့တယ်။

ဒါပေမယ့် အခုရုရှဆီကနေ လေယာဉ် အစီး (၂၀) နဲ့ ရဟတ်ယာဉ်တချို့ ၀ယ်ယူတာဟာ သမားရိုးကျတော့ မဟုတ်ပါဘူး။ ဒီနှစ် အောက်တိုဘာလအတွင်း ရုရှနိုင်ငံပိုင် လေကြောင်းကော်ပိုရေးရှင်းက MIG လေယာဉ်ကုမ္ပဏီ အစုရှယ်ရာ (၁၀၀) ရာခိုင်နှုန်းကို အပြတ်ဝယ်ယူခဲ့ပါတယ်။ အလားတူ အီလူးရှင်း (Ilyushin)၊ တူပိုလက် (Tupolev)၊ ဆူခွိုင်း (Sukhoi)၊ အန်တိုနော့ (Antonov)၊ မီကိုယန် (Mikoyan) လေယာဉ်ကုမ္ပဏီ အစုရှယ်ယာများကိုပါ ရုရှနိုင်ငံပိုင် လေကြောင်းကော်ပိုရေးရှင်းက ၀ယ်ယူခဲ့ပါတယ်။

MIG ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ (၁၁) ဘီလီယံဖိုးရှုံးခဲ့ပြီး အကြွေး (၄၄) ဘီလီယံ ရူဘယ် (အမေရိကန်ဒေါ်လာ ၂၅ သန်း) တင်နေပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ အယ်ဂျီးရီးယားနိုင်ငံကလည်း MIG 29 လေယာဉ် (၃၄) စီး ဒေါ်လာ (၁၁) သန်းဖိုး ကန်ထရိုက်စာချုပ် ပျက်ခဲ့ပြီး လေယာဉ် (၁၅) စီး ပြန်ပို့ခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်အင်ဂျင် ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ လက်နက်တင်သွင်းသူတွေကိုပေးဖို့ MIG ကုမ္ပဏီဟာ ဒေါ်လာ သန်း (၈၀) လောက် အကြွေးတင်နေပါသေးတယ်။

ဒါကြောင့် ရုရှလေကြောင်းကော်ပိုရေးရှင်းက မြန်မာအစိုးရကို ၂၀၀၉ နိုဝင်ဘာလအတွင်း ခရီးသည်တင်လေယာဉ် (၂) စီး အလကား ပေးခဲ့ပြီးနောက် အခု ဒီဇင်ဘာလထဲ MIG 29 လေယာဉ် (၂၀) နဲ့ ရဟတ်ယာဉ်တွေ အရောင်းအ၀ယ် ဖြစ်သွားတာကတော့ ရိုးရိုးရှင်းရှင်း ရောင်းဝယ်ခြင်းမျိုး မဟုတ်နိုင်ပါဘူး။ MIG 29 တိုက်လေယာဉ်တွေ မြန်မာကို ရောင်းချပေးတာဟာ ၂၀၀၈ ခုနှစ် အယ်ဂျီးရီးယားကို (၃၄) စင်း ရောင်းချပေးပြီးတဲ့နောက် ဒုတိယမြောက် အများဆုံးရောင်းချခြင်း ဖြစ်ပါတယ်။

ရုရှ MIG 29 တိုက်လေယာဉ်တွေကို အရည်အချင်း ထပ်မမြှင့်တင်နိုင်ခဲ့တာ ၁၉၉၀ လွန် ရုရှကွန်မြူနစ်စနစ် ပျက်ပြီးကတည်းကပါ။ အခု MIG 29 လေယာဉ်တွေအားလုံးဟာ ဆိုဗီယက်ခေတ်လုပ် ၁၉၈၃ ခုနှစ်မော်ဒယ်တွေသာ အများစုဖြစ်ကြပါတယ်။ များမကြာမီကမှ ရုရှတို့ နောက်ထပ်ထုတ်လုပ်တဲ့ (Sukhoi) SU-27၊ MIG 31 လေယာဉ်တွေနဲ့အတူ MIG 29 ကို ပြပွဲထုတ်ပြသပြီးနောက် မကြာခင် နအဖတို့ကို အခုလို ရောင်းချပေးခဲ့တာပါ။ ၂၀၀၈ ခုနှစ်က ၀ယ်ယူတဲ့ အစီးရေ (၃၄) စီးမှာ MIG 29 လေယာဉ် (၁၅) စင်းကို အယ်ဂျီးရီးယားတို့ ပြန်ပို့ခဲ့တာကလည်း သူတို့မျှော်မှန်းထားသလို အရည်အချင်းမမီတာကြောင့်လို့ သိရပါတယ်။

ခေတ်မမီတော့တဲ့ MIG 29 လေယာဉ်တွေဟာ သိပ်မကြာသေးခင် ၂၀၀၈ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တုန်းက အရှေ့ဆိုက်ဗေးရီးယားမှာ ဒုတိယအကြိမ်မြောက် ပျက်ကျခဲ့ကြောင်း သိရပါတယ်။ အခုလေယာဉ်ကိစ္စလို နျူကလီးယား ဓာတ်ပေါင်းဖိုကိစ္စမှာလည်း မြန်မာတို့အပေါ် ရုရှတွေ မရိုးသားခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် မေ (၁၅) ရက်နေ့မှာ ရုရှအဏုမြူစွမ်းအင်အေဂျင်စီ (Rosatom) နဲ့ မြန်မာတို့ (၁၀) မီဂါဝပ် နျူကလီးယားစက်ရုံတည်ဆောက်ဖို့ နှစ်ဘက်သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုကိစ္စကို ၂၀၀၂ ခုနှစ်ကတည်းက စတင်ကမ်းလှမ်း ခဲ့ပေမယ့် ၂၀၀၅ ခုနှစ် သဘောတူ စာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်း မြန်မာတို့ဘက်က ကျသင့်ငွေတွေ အပြည့်အ၀ မပေးချေနိုင်လို့ (ငွေသားမဟုတ်ဘဲ ပစ္စည်းတွေနဲ့ ပေးချေလို့) ရုရှားဘက်က နောက်ဆုတ်သွားခဲ့ကြောင်း သိရပါတယ်။

အခုလည်း ပျက်တော့မယ့် MIG ကုမ္ပဏီက လေယာဉ်တွေ မြန်မာဘက် ထိုးရောင်းတာဟာ အယ်ဂျီးရီးယား မ၀ယ်တဲ့ လက်ကျန်တွေနဲ့ မတိုးဖို့ ‘ဖွဟဲ့ လွဲပါစေ’ လို့ ဆုတောင်းရတော့မှာပါ။ အမြတ်မရှိရင် ရုရှတို့က ဘာမှမလုပ်ပါဘူး။ ကန်ထရိုက်စာချုပ်ကို ငွေနဲ့မပေးချေဘဲ ကုန်ပစ္စည်းနဲ့ ပေးချေတဲ့ စနစ်မျိုးကိုလည်း ရုရှတွေ လက်မခံတတ်ပါဘူး။ အခုတော့ MIG လို လေယာဉ်ကုမ္ပဏီ ကလည်း ဒေ၀ါလီခံပြီး ဗိုက်နာနေချိန်၊ ရုရှအစိုးရကိုယ်တိုင်က သူ့နိုင်ငံကုမ္ပဏီကြီးတွေကို ၀င်ထိန်းညှိပြီး ကယ်တင်နေရချိန်မှာ တဘက်က နအဖတို့လက်ထဲ သဘာဝဓာတ်ငွေ့ရောင်းရတဲ့ ဒေါ်လာငွေတွေ ရွှင်နေချိန်မို့ လေယာဉ်အရောင်းအ၀ယ်ကိစ္စ တည့်သွားခဲ့ဟန်ရှိပါတယ်။

ရုရှဘက်က ၀ယ်ခဲ့တဲ့ Mil Mi 17 ရဟတ်ယာဉ်တစီး အရည်ချင်းမမီ စက်ချွတ်ယွင်းပြီး ပျက်ကျလို့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး သီဟသူရစစ်မောင်၊ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဗိုလ်ချုပ်လွန်းမောင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သိန်းညွန့် တို့အပါအ၀င် စစ်သည်(၂၉) ဦး သံလွင်မြစ်ထဲပျက်ကျပြီး (၁၄) ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ ဖြစ်ပွားခဲ့ပါသေးတယ်။ ခေတ်မမီတော့တဲ့ လေယာဉ်တွေ ၀ယ်ယူတဲ့အတွက် အကျိုးခံစားရတာ လေချုပ်ကြီး မြတ်ဟိန်းနဲ့ (ကကနက်ချုပ်) ဗိုလ်ချုပ်ကြီးတင်အေး အပါအ၀င် နအဖဗိုလ်ချုပ်တွေသာ ဖြစ်ပါလိမ့်မယ်။ ဒါတွေကို မောင်းနှင်ကြမယ့် လေသူရဲတွေ အကျိုးရှိမရှိ ဆိုတာကိုတော့ MIG 29 တိုက်လေယာဉ်တွေ စစ်ဆင်ရေးကောင်းကင်ပေါ်ရောက်မှ သိကြရမှာပါပဲ။ ။