Wednesday, June 23, 2010

၂၀၁၀ ရွေးကောက်ပွဲ၊ ကြေး (၃) မျိုးနဲ့ အာဏာနိုင်ငံရေးတိုက်ပွဲလမ်းကြောင်း

ဒေါက်တာလွဏ်းဆွေ

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

နအဖစစ်အုပ်စု ၂၀၁၀ မှာ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြားနေရတာက လောင်းကစား ဝေါ ဟာရနဲ့ ပြောရရင် ကြေး (၃) မျိုး ဖြစ်နေတယ်လို့ ပြောရပါမယ်။ ဒိုင်လူကြီးနေရာကနေ ကလိန်ကကျစ်လုပ် ဦး စီးကျင်းပပေးမယ့် နအဖ စစ်အုပ်စု ဖွင့်ပေးတဲ့ ကြေးကတမျိုး၊ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အတိုက်အခံအင် အားစုတွေ ထိုးချင်တဲ့ ကြေးကတမျိုးနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းကြား ချနေတဲ့ ကြေးကတမျိုး စုစုပေါင်း (၃) မျိုးဖြစ်နေပါတယ်။

နအဖ ဖွင့်ပေးတဲ့ ကြေးကတော့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို လုံးဝမထိနဲ့၊ နိုင်ငံတကာစောင့်ကြည့်မှုကို လက်မခံ၊ မီဒီယာလွတ်လပ်ခွင့်လည်း ရမည်မဟုတ်၊ ကြိုက်ရင် ၀င်၊ မကြိုက်ရင် မ၀င်နဲ့ ဆိုတဲ့ကြေးပါ။ နအဖ ထင်တလုံး နဲ့ စိတ်ကူးယဉ်နေတာက မင်းတို့အတိုက်အခံတွေ မ၀င်လည်း ငါ့မှာ ဘောင်းဘီချွတ်တွေ ဦးဆောင်မယ့် လက် ကိုင်တုတ်တွေက တပါတီ၊ အရိုးအယွင်းကိုက်သူတွေက တပါတီ၊ ငါတို့နဲ့ ပေါင်းစားနေတဲ့ ခေတ်ပျက်သူဌေး တွေက တပါတီ၊ တစညလို အာဏာရှင်စနစ်ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေက တပါတီ၊ နောက်ပြီး မင်းတို့ အ တိုက်အခံတွေဆီက ခွဲထွက်လာမယ့် ‘ငါတို့အတွက်တော့ အသုံးချစရာ သတ္တ၀ါ မင်းတို့အတွက်တော့ သစ္စာ ဖောက်’ ဆိုသူတွေက တပါတီ၊ ဒါဆို အိုကေပြီဆိုတဲ့ အခင်းအကျင်းပါ။

အဲသလို ကိုယ့်ဖဲကိုယ်ချိုး ကိုယ့်လူကိုယ်ထိုးခိုင်းမယ့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲမှာ နအဖ ၀င်အပြိုင် စေချင်ဆုံး အမတ်လောင်းအမျိုးအစားက ‘ငါတို့အတွက်တော့ အသုံးချစရာ သတ္တ၀ါ မင်းတို့အတွက်တော့ သစ္စာဖောက်’ ဆိုတဲ့ အမျိုးအစားပေါ့။ သူတို့ရဲ့ ချည်ပြီးတုပ်ပြီးခွင်ထဲမှာ အဲဒီလိုလူတွေကို နအဖက ပါစေချင် နေသပေါ့။ လတ်တလော အခြေအနေနဲ့ နမူနာပြရရင်တော့ တလောလေးကတင် NLD က ခွဲထွက်ပြီး တပါတီ ထောင်သွားတဲ့ NDF လိုပါတီက လူတွေပေါ့။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေက NLD ဆိုတဲ့ နာမည်နဲ့ ၀င်ပြိုင်ကြမှာ မဟုတ်တဲ့အတွက်ကြောင့် စစ်အုပ်စု နအဖ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေလေရဲ့။

နအဖက ဘာဖြစ်လို့ NLD နာမည်နဲ့ပဲ ၀င်ပြိုင်စေချင်တာလဲဆိုတော့ NLD ဆိုတဲ့ နာမည်နဲ့ ၀င်ပြိုင်မှလည်း ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အော်တိုမစ်တစ် ဖျက်ပြီးဖြစ်တဲ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်း နေတဲ့ အားလုံးပါဝင်ရေး (all inclusive) ဆိုတဲ့ မူနဲ့လည်း ကိုက်ညီမှာကိုး။ အဲဒီတော့ ရှင်းရှင်းမြင်ရရင် နအဖ က NLD ပါတီက လူတွေချည်းပဲ ခွဲထွက်လာမှာကို လိုချင်တာမဟုတ်ဘူး။ NLD ဆိုတဲ့ ပါတီဆိုင်းဘုတ်နဲ့အတူ ခွဲထွက်လာတာမျိုးကို လိုချင်တာပါ။ နိုင်ငံတကာအမြင်မှာ NLD ကိုလည်း သူတို့ ပစ်မထားပါဘူးဆိုတဲ့ အထာ ပေါ့။ ဒါပေမယ့် ၉၀ မန်းဒိတ်ရ NLD က ပါတီမှတ်ပုံမတင်ဘူးလို့ ကန့်ကွက်မဲမရှိ လုံးလုံးလျားလျား သပိတ် မှောက်လိုက်တဲ့အတွက်ကြောင့် နအဖဟာ သူဖွင့်ထားတဲ့ ကြေးနဲ့ ရွေးကောက်ပွဲကို ဇွတ်တိုးပြီး ကျင်းပဖို့ အ ခက်တွေ့နေပါတော့တယ်။

အန်အယ်လ်ဒီ ဦးဆောင်တဲ့ အတိုက်အခံအင်အားစုတွေ တောင်းနေတဲ့ ကြေးကတော့ ရွှေဂုံတိုင်မူအတိုင်း နိုင်ငံ ရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ပြည်သူ့လွှတ်တော်ခေါ်ယူရေး၊ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနည်း မကျတဲ့ အခန်းကဏ္ဍတွေကို ညှိနှိုင်းပြင်ဆင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စောင့်ကြပ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးဆိုတဲ့ ကြေးပါ။ ပြောရရင် အန်အယ်လ်ဒီ တောင်းနေတဲ့ ကြေးနဲ့ နအဖ ဖွင့်ပေးတဲ့ ကြေးက ပြဒါးတလမ်း သံတလမ်း ဖြစ်နေပါတယ်။

နောက်ကြေးတမျိုးကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းကြားချနေတဲ့ အားလုံးပါဝင် ရေး (all inclusive) ဆိုတဲ့ ကြေးပါ။ အဲဒီကြေးမှာက ဖွဲ့စည်းပုံပြင်ဖို့၊ လွှတ်တော်ခေါ်ဖို့၊ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ ဘာမှမပြောတော့ဘဲ နအဖ ဖွင့်တဲ့ကြေးနဲ့ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ပါခွင့်ပြုရမယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ၈၈ မျိုးဆက်ကျောင်းသားတွေ ပါရမယ်။ ဦးခွန် ထွန်းဦးတို့လို ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေ ပါရမယ်။ အခြားလည်း ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေပါရင် လက်ခံမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဘာကြောင့် အဲဒီကြားကြေးနဲ့ တိုက်တွန်းနားချနေတာလဲဆိုတာကို ကျနော့်အ မြင် ပွင့်ပွင့်လင်းလင်း ပြောရရင် “မင်းတို့ကွာ နအဖကို ဆန့်ကျင်လာတာလည်း အနှစ် (၂၀) ကျော်လာပြီ။ ရွေး ကောက်ပွဲအနိုင်ရပြီး (ပြည်သူကပေးတဲ့ မန်းဒိတ်ကို အသုံးချပြီး) ကိုယ့်လက်ထဲ အာဏာရောက်အောင်လည်း မလုပ်တတ်ဘူး။ အဲသလို မလုပ်တတ်မယ့်အတူတူ သူတို့ဖွင့်ပေးတဲ့ ကြေးကိုပဲ မင်းတို့လက်ခံလိုက်တော့၊ မင်း တို့အားလုံး ပါဝင်ခွင့်ရအောင် ငါတို့ပြောပေးမယ်” ဆိုတဲ့ သဘောပဲ။ တနည်းပြောရရင် အတိုက်အခံတွေအနေနဲ့ နအဖကို စိန်ခေါ်နိုင်စွမ်း၊ တိုက်နိုင်စွမ်းမရှိတော့ဘူးလို့ အထင်အမြင်သေးလာလို့ အဲဒီလို ကြားကြေးနဲ့ ဈေး တည့်အောင်၊ သူတို့လည်း မြန်မာပြည်ထဲ မြန်မြန်ဝင်ပြီး အလုပ်လုပ်လို့ဖြစ်အောင် တိုက်တွန်းနေတာလို့ပဲ မြင်မိ တယ်။

အဲဒီနိုင်ငံတကာက တိုက်တွန်းနေတဲ့ ကြားကြေးကို နအဖစစ်အုပ်စုက လိုက်လျောပါ့မလားလို့ မေးစရာရှိသလို အတိုက်အခံတွေဘက်ကရော လက်ခံပါ့မလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။ နိုင်ငံတကာက တောင်းဆိုတဲ့အတိုင်း အားလုံးပါဝင်ရေးဆိုတဲ့ အခြေခံပေါ်မှာ နိုင်ငံတကာ ကျေနပ်အောင် နအဖ မျက်လှည့်ပြ ချင်တာက NLD ဆိုလည်း ဆိုင်းဘုတ်လောက်၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဆိုလည်း ဆိုင်းဘုတ်လောက်၊ တိုင်းရင်းသားပါတီတွေဆိုလည်း ဆိုင်းဘုတ်လောက်သာ ပါဝင်ယှဉ်ပြိုင်စေပြီး မျက်လှည့်ပြချင်တာပါ။

တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ၊ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်သားအဖွဲ့၊ ဦးခွန်း ထွန်းဦး အပါအ၀င် တိုင်းရင်းသားအဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်ရင် သူ့ရဲ့ ချိုကျိုးနားရွက်ပဲ့ ပါတီတွေ လုံးဝမယှဉ်နိုင် မှန်း နအဖ ကောင်းကောင်းသိပါတယ်။ ဒါကြောင့် သူတို့ မီးသေတဲ့ ပါတီတွေကိုသာ အနိုင်ရစေချင်တဲ့ နအဖ စစ်အုပ်စုက နိုင်ငံတကာက ပါစေချင်တဲ့၊ ပြည်သူလူထု ကြည်ညိုလေးစားတဲ့ လူပုဂ္ဂိုလ်တွေကို ချောင်ထိုးပြီး ဆိုင်းဘုတ်လောက်နဲ့သာ အပြကောင်းအောင် မျက်လှည့်ပြချင်နေလို့ နိုင်ငံတကာ လက်ခံအောင် လုပ်ဖို့အရေး မှာ အဲဒီကြားကြေးကလည်း နအဖအတွက် အခက်တွေ့နေပါတယ်။

နအဖ အဲသလို အခက်တွေ့နေသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းတဲ့ ကြားကြေးကို (နအဖက လက်ခံပြီဆိုရင်တောင်) အတိုက်အခံတွေဘက်ကလည်း လက်ခံဖို့ အခက်အခဲဖြစ်မယ့် အနေအထားပါ။ ဘာ ဖြစ်လို့လဲဆိုတော့ အတိုက်အခံတွေဘက်က ဖွဲ့စည်းပုံကို ပြင်မပေးဘဲ အားလုံးပါဝင်ခွင့်ရရုံဆိုတဲ့ ကြေးလောက် နဲ့ လက်ခံလိုက်ရင် စစ်တပ်အုပ်စိုးမှုကို ငြင်းဆန်တင်းခံနေတဲ့ ပြည်သူလူထုရဲ့ ငြိုငြင်မှုကို ကျိန်းသေပေါက်ခံရ မှာမို့လို့ပါပဲ။

အဲဒီတော့ နိုင်ငံတကာရဲ့ ကြားကြေးကို နအဖနဲ့ အတိုက်အခံ နှစ်ဘက်စလုံး လက်ခံဖို့ဆိုတာ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှုမရှိဘဲ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။ နောက်ဆုံးပိတ် နအဖက အလျှော့ပေးပြီး နိုင်ငံတကာ က တောင်းဆိုတဲ့ လူပုဂ္ဂိုလ်တွေကို ပါဝင်ခွင့်ပေးလိုက်ပြီပဲ ထားလိုက်ဦး၊ နအဖ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က ဦးဆောင်မှုအခန်းကဏ္ဍက ပါချင်တဲ့ ကိစ္စမျိုး၊ လွှတ်တော် ထဲမှာ စစ်ဗိုလ်အမတ် တမတ်သား အချောင်ပါချင်တဲ့ ကိစ္စမျိုးနဲ့ တခြားလက်မခံနိုင်စရာ ဒီမိုကရေစီနည်းမကျ တဲ့ ကိစ္စရပ်မျိုးတွေကို တိုင်းပြည်ရဲ့ ဘယ်လိုအခြေအနေတွေကြောင့် ဘယ်လောက်အချိန်အတိုင်းအတာအထိ တော့ ခွင့်ပြုပါဆိုတာကို အတိုက်အခံခေါင်းဆောင်တွေကတဆင့် မြန်မာပြည်သူလူထုတရပ်လုံး လက်ခံယုံ ကြည်လာအောင် ချပြဖို့ဆိုတာ စစ်ခေါင်းဆောင်တွေနဲ့ အတိုက်အခံခေါင်းဆောင်တွေ တော်တော့်ကို အချိန်ယူ ညှိနှိုင်းဖြေရှင်းရမယ့် ကိစ္စဖြစ်လို့ပါပဲ။ အဲဒီလို ပြည်သူလူထု လက်ခံအောင် ညှိနှိုင်းဆွေးနွေးအဖြေရှာတာမျိုး မ လုပ်ဘဲနဲ့တော့ တရားနည်းလမ်းမကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည် သူ့အကျိုးလိုလားတဲ့ ဘယ်အတိုက်အခံခေါင်းဆောင်ကမှ ခေါင်းခံပြီး (နာမည်အပျက်ခံပြီး) ၀င်ပြိုင်ရဲမှာမဟုတ် ပါဘူး။

အဲဒါကြောင့်မို့ ကြားနေရတဲ့ ကြေး (၃) မျိုးကို ပြန်ကြည့်ရင် နအဖ ဖွင့်ပေးတဲ့ ကြေးအတိုင်း အတိုက်အခံအား လုံး ခေါင်းလျှိုပြီး ပါဝင်ယှဉ်ပြိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလို အတိုက်အခံတွေ တောင်းဆိုတဲ့ ကြေးကို အာဏာ လက်မလွှတ်ချင်သေးတဲ့ နအဖစစ်အုပ်စု လိုက်လျောဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်တဲ့ အနေအထားပါ။ အဲဒီလုံး ၀မဖြစ်နိုင်တဲ့ ကြေးနှစ်မျိုးကြားက ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ကြားချနေတဲ့ ကြေးနဲ့ အလုပ်ဖြစ်ဖို့ဆိုတာက လည်း အထက်မှာ တင်ပြခဲ့သလို တွေ့ဆုံညှိနှိုင်းအဖြေရှာတာမျိုး မလုပ်ဘဲနဲ့ မဖြစ်နိုင်တဲ့ အနေအထားပါ။

၂၀၁၀ ရွေးကောက်ပွဲအနေနဲ့ အဲသလို ကြေး (၃) မျိုးနဲ့ အခက်တွေ့နေတဲ့ အနေအထားမှာ နအဖက သူ့ကြေးနဲ့ သူပဲ ဇွတ်အတင်းလုပ်ရင်လည်း ရွေးကောက်ပွဲ မည်ကာမတ္တတော့ ဖြစ်ချင်ဖြစ်သွားမယ်။ တက်လာတဲ့ စစ်အုပ် စုကြိုးဆွဲ အရပ်သားအစိုးရကို နိုင်ငံတကာက လက်ခံမှာမဟုတ်သလို ပြည်သူလူထုကလည်း အခုအတိုင်းပဲ ဆက်လက်ဆန့်ကျင်မြဲ ဆန်ကျင်နေကြလို့ အလုပ်ဖြစ်မယ့် အစိုးရမျိုး ဖြစ်လာမယ့်အနေအထား လုံးဝမရှိပါဘူး။

NLD အပါအ၀င် အတိုက်အခံတွေအနေနဲ့လည်း ကိုယ်တောင်းတဲ့ ကြေးမျိုးမဟုတ်တောင် ပြည်သူလူထု လက် ခံနိုင်တဲ့ ကြားကြေးတမျိုးမျိုးနဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်ဆိုရင် စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးရေး စားပွဲ ၀ိုင်းပေါ် တက်လာအောင် လုပ်နိုင်မှဖြစ်မှာပါ။ ဒါပေမယ့် အာဏာလက်မလွှတ်ချင်တဲ့ လက်နက်ကိုင် စစ်အုပ်စု ကို ကိုယ့်မှာရှိထားတဲ့ ၉၀ မန်းဒိတ်နဲ့ စိန်ခေါ်တိုက်ပွဲဝင်တာမျိုး၊ စစ်အစိုးရယန္တရား ရပ်ဆိုင်းအောင် ပြည်လုံး ကျွတ် အထွေထွေသပိတ်တိုက်ပွဲ ဦးဆောင်ဆင်နွှဲတာမျိုး လူထုတိုက်ပွဲတွေ မပြုလုပ်ဘဲနဲ့တော့ (အနာမခံဘဲနဲ့ တော့) စစ်အုပ်စုက သဘောကောင်းပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို စိတ်လိုလက်ရ တက်လာမှာ မဟုတ် ပါဘူး။

အဲဒီလို အချိန်ရှိခိုက် လုံ့လစိုက်ရမယ့် အာဏာနိုင်ငံရေး (Power Politics) တိုက်ပွဲလမ်းကြောင်းပေါ် ခပ်မြန် မြန် ခပ်သွက်သွက် ဆက်မလျှောက်ဘဲ အခုလို သစ်ပင်စိုက်၊ ရေလှူတာမျိုး (မင်းမြင်တာ ဒီလောက်ပဲကိုး၊ ငါ တို့မှာ ကြီးကြီးမားမား အကြံရှိတယ်ဟေ့ ဆိုရင်တော့ ခွင့်လွှတ်ကြပါကုန်) လောက်နဲ့ပဲ အချိန်ကြာနေရင်တော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်ဦး၊ ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ကိန်းမရှိတဲ့အပြင် အ ပြင်မှာရှိတဲ့ သက်ကြီးရွယ်အို ခေါင်းဆောင်ပိုင်းတွေလည်း တဖြုတ်ဖြုတ် ကြွေကုန်ပြီး အတိုက်အခံခေါင်းပြတ် မယ့် အချိန်ကာလတခုနဲ့ ကြုံတွေ့ရနိုင်ကြောင်း သတိပေးခေါင်းလောင်းထိုးလိုက်ရပါတယ်။ ။

ဒေါက်တာလွဏ်းဆွေ

0 comments:

Post a Comment