Showing posts with label အတိုက်အခံများ. Show all posts
Showing posts with label အတိုက်အခံများ. Show all posts

Wednesday, June 23, 2010

စိတ်ကူးယဉ်မနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်

ကျော်ဗလ / ၀၈ ဧပြီ ၂၀၁၀


အခုအခါမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး/မ၀င်ရေးဆိုတဲ့ ပြဿနာကို မြန်မာ့နိုင်ငံရေးအင်အားစုအားလုံး စဉ်းစားကြရမှာ ဖြစ်သလို အန်အယ်လ်ဒီအနေနဲ့လည်း အဆုံးအဖြတ်ပေးရတော့မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အဓိကရွေးချယ်ရမှာက ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်ခံမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ချထားနိုင်ဖို့ပါပဲ။ ဒါ နိုင်ငံရေးပါတီတိုင်း အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ ကြုံရတတ်တဲ့ ပါတီတွင်း အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲသာဖြစ်ပါတယ်။

ဒီအတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲအတွင်းမှာ အပြုသဘောဆောင်တဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုန်ကြရင်း ပါတီအတွက် လမ်းစဉ် လုပ်ငန်းစဉ်တွေ ပီပြင်စွာချမှတ်နိုင်ရင် ရှေ့လုပ်ငန်းစဉ်တွေပါ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ပါတီတွင်း လမ်းစဉ်နှစ်ရပ်တိုက်ပွဲကို ဒီမိုကရေစီနည်းကျစွာ စည်းလုံးမှုရှိစွာ ဆင်နွှဲနိုင်မှ ပါတီတွင်းညီညွတ်ရေးကို တဆင့်တိုး တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ပါတီစည်းလုံးညီညွတ်မှုရှိမှလည်း ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီထဲမှာ အခုလို လမ်းစဉ်ဆိုင်ရာ အမြင်ကွဲလွဲမှုတွေ ဘာကြောင့်ရှိလာတာလဲ၊ ဘယ်လိုသဘောထားနဲ့ ကျော်လွှားကြမှာလဲ။ ခြုံပြောရရင် အမြင်ကွဲလွဲမှုတွေ ရှိလာတာဟာ နအဖက သွေးခွဲသပ်လျှိုရေးသဘောထားကို ကျင့်သုံးပြီး နိုင်ငံရေးအရ ထိုးနှက်မှုနဲ့ စည်းရုံးရေးအရ ဖြိုခွဲမှုတွေ လုပ်ဆောင်လာတာကြောင့်လို့ အဓိက ကောက်ချက်ချကြရမှာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နအဖရဲ့လုပ်ရပ်တွေကြောင့် ပါတီတွင်းမှာ ဖြစ်ပေါ်လာနေတဲ့ နိုင်ငံရေးအရ တွေဝေယိမ်းယိုင်မှုတွေ၊ စိတ်ကူးယဉ်မှုတွေကိုတော့ ပြတ်ပြတ်သားသား တွေးခေါ်မှုတိုက်ပွဲ ဆင်နွှဲသွားကြရပါလိမ့်မယ်။

အန်အယ်လ်ဒီပါတီထဲမှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အတွေးအခေါ်တိုက်ပွဲကတော့ ပါတီရပ်တည်ရေးဆိုတာအတွက် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ အမြင်နဲ့ ဒီမိုကရေစီလည်းမကျ တရားမျှတမှုလည်းမရှိတဲ့ ရွေးကောက်ပွဲကို မ၀င်ရောက်ရေးဆိုတဲ့ အမြင် (၂) ရပ်တိုက်ပွဲပါပဲ။ ဒီအမြင် (၂) ရပ်ရဲ့ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ဖို့ နအဖက ထုတ်ပြန်တဲ့ အမိန့်ဥပဒေ ပြဋ္ဌာန်းချက်တွေကို သုံးသပ်စိတ်ဖြာပြရုံနဲ့တော့ မလုံလောက်ပါဘူး။ အန်အယ်လ်ဒီပါတီ ဖြတ်သန်းခဲ့တဲ့ အနှစ် (၂၀) ခရီးကိုပါ ပြန်ပြောင်းသုံးသပ် အကဲဖြတ်ဖို့ လိုပါလိမ့်မယ်။

တကယ်တော့ အန်အယ်လ်ဒီပါတီဟာ အနှစ် (၂၀) ဖြတ်သန်းခဲ့ရတယ်ဆိုပေမယ့် ပါတီတရပ်အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရခဲ့တာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ ပတ်ဝန်းကျင်လေးလောက်ပဲ ရှိခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးချိန်ကတည်းက န၀တဟာ ဥပဒေအမိန့်အမျိုးမျိုးထုတ်ပြီး အန်အယ်လ်ဒီပါတီကို ဖျက်ဆီးချေမှုန်းဖို့ တလျှောက်လုံး လုံးပန်းတိုက်ခိုက်ခဲ့တာပါ။ န၀တရဲ့ အဓိက ဦးတည်ချက်က အန်အယ်လ်ဒီခေါင်းဆောင်မှုကို ဖြိုခွဲဖို့ပါ။ အဓိက ပစ်ကွင်းကတော့ တတ်သိပညာရှင်များအင်အားစု ဖြစ်ပါတယ်။

ဒါကြောင့်လည်း တတ်သိပညာရှင်များအဖွဲ့ထဲက ဒေါ်အောင်ဆန်းစုကြည်ကအစ ဦးဝင်းတင်တို့အထိ ပုဒ်ထီးပုဒ်မတပ်ပြီး နှစ်ရှည်ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြတယ်။ ဆရာမောင်သော်ကတို့လို ညှဉ်းပန်းနှိပ်စက်ခံရပြီး အာဇာနည်ဖြစ်သွားသူတွေလည်း မနည်းလှဘူး။ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် ကိုယ်ကျိုးစွန့်ဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ဦးတင်ဦး၊ ဦးကြည်မောင်တို့လို မျိုးချစ်ပုဂ္ဂိုလ်တွေကိုလည်း တတ်သိအင်အားစုတွေလိုပဲ ဖမ်းဆီးနှိပ်စက် ကာလရှည်ထောင်ချခဲ့ကြတာပါပဲ။ အန်အယ်လ်ဒီ အဖွဲ့ထဲမှာ န၀တအပေါ် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ် ရိုကျိုးမယ်ဆိုတဲ့ ယူနီဖောင်းချွတ်တချို့နဲ့ နိုင်ငံရေးဇာတ်ပျက်တချို့ပဲ ခေါင်းဆောင်အဖြစ် ကျန်ရစ်ခဲ့ပါတော့တယ်။

ဒါကြောင့် ခြုံပြောရရင် အန်အယ်လ်ဒီပါတီမှာ ဆိုင်းဘုတ်သာရှိပြီး နိုင်ငံရေးမရှိတော့တာ ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ကာလ တလျှောက်လုံး အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ နအဖရဲ့ ဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေကို အကောင်အထည် ဖော်ပေးခဲ့ရတာပဲ များပါတယ်။ နအဖ အလိုမကျ မျက်မာန်တော်ရှပြီဆိုရင် ဆုတောင်းပွဲလုပ်နေတဲ့ နော်အုံးလှတို့လို ပါတီဝင်တွေကအစ အန်အယ်လ်ဒီခေါင်းဆောင်များက သိမ်းကျုံးထုတ်ပစ်တတ်ကြပါတယ်။ ဒါလည်း သိပ်တော့မဆန်းလှပါဘူး။ နအဖ ကျင်းပတဲ့ အမျိုးသားညီလာခံ တက်ခွင့်ရချင်တော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေကိုတောင် ပါတီက ထုတ်ပစ်တဲ့ ခေါင်းဆောင်ကြီးတွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။

ပိုဆိုးတာကတော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းအရေးအခင်းနဲ့ လုပ်ကြံဖို့ ကြိုးစားပြီးနောက်ပိုင်းမှာ နအဖက ပါတီဆိုင်းဘုတ်တွေဖြုတ်ဖို့ ညွှန်ကြားတာကို တစုံတရာ မဆန့်ကျင် မတွန်းလှန်ဘဲ အလွယ်တကူ လက်ခံလိုက်ကြတာပါပဲ။ အဲဒီအချိန်မှာ နအဖက ဆိုင်းဘုတ်ပဲ ဖြုတ်ခိုင်းတာပါ။ အန်အယ်လ်ဒီခေါင်းဆောင်တွေက တပြည်လုံးမှာရှိတဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားခဲ့တာ ၂၀၀၉ ခုနှစ် ရွှေဂုံတိုင်အစည်းအဝေးအထိပါပဲ။ ဒီတော့လည်း အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ အခါကြီး ရက်ကြီးတွေရောက်ရင် အုတ်လမ်းမှတ်တိုင်က ရုံးမှာ လူလေးငါးဆယ်လောက် အခမ်းအနား ပြင်ဆင်ကြ၊ မိန့်ခွန်းပြောကြ၊ ကြေညာချက်ထုတ်ကြတာလောက်ပဲ ရှိပါတော့တယ်။ ဒါကြောင့်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက သူ့ရဲ့မိန့်ခွန်းတခုမှာ “အန်အယ်လ်ဒီပါတီကို ကြောက်စရာမရှိသလို ဂရုစိုက်စရာလည်း မလိုပါဘူး။ ဒါပေမယ့် သူ့နောက်မှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂရှိနေလို့သာ သတိထားနေရတာ” လို့ မှတ်ချက်ချထားတာ ဖြစ်ပါလိမ့်မယ်။ နအဖအနေနဲ့ကတော့ အန်အယ်လ်ဒီကို အဆိပ်မရှိတော့တဲ့ ရေမြွေလို သဘောထားနေခဲ့ပုံရပါတယ်။

တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် အန်အယ်လ်ဒီပါတီအပေါ် မျှော်လင့်ချက်ထားနေကြတာ အုတ်လမ်းမှတ်တိုင်မှာ ရုံးထိုင်နေကြတဲ့ နိုင်ငံရေး ခေါင်းဖြူစွယ်ကျိုး ခေါင်းဆောင်တွေအပေါ် ယုံကြည်အားထားနေကြလို့ မဟုတ်ပါဘူး။ အန်အယ်လ်ဒီပါတီအတွက် သဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ အောက်ခြေက အပယ်ခံတွေ ပါတီဝင်တွေ၊ ထောင်ထဲမှာ စွန့်လွှတ်ပေးဆပ်နေကြတဲ့ ရဲဘော်တွေ၊ ပြည်ပက အသွင်အမျိုးမျိုးနဲ့ ထောက်ခံအားပေးနေကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကြောင့်သာ မြွေဟာ ခေါင်းကျိုးနေပေမယ့် ခန္ဓကိုယ်က လူးလွန့်လှုပ်ရှားနေခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းကျိုးနေမှတော့ နိုင်ငံရေးခန္ဓာအိမ်ဟာ တွန့်လိမ်နေတာကလွဲလို့ လိုရာကို မရောက်နိုင်တော့ပါဘူး။

၂၀၀၇ ခုနှစ် သံဃာအရေးအခင်းမှာဆို ပွဲကြည့်ပရိသတ်လုပ်နေကြတဲ့ နိုင်ငံရေးခေါက်ရိုးကျိုး သက်ကြားအိုကြီးတွေကို ‘ခေတ်သစ်နီရိုး’ တွေလို့တောင် ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြသူများက စိတ်နာနာနဲ့ နာမည်ပေးခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ အန်အယ်လ်ဒီခေါင်းဆောင်မှု ဖြုတ်ချရေး၊ ကွဲအက်ရေး၊ ခွဲထွက်ရေးလေသံတွေ ပါတီတွင်းမှာ ဆူညံစွာ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ သဘာဝကျစွာ ထွက်ပေါ်တဲ့ ဒီအသံတွေကို ဆူညံတယ်ဆိုပြီး အဓမ္မဖိအားသုံး ပိတ်ပင်ထားမယ်ဆိုရင် ပေါက်ကွဲလွင့်စင်သွားနိုင်ပါတယ်။ ဒီမိုကရေစီ နည်းကျစွာ စည်းရုံးရေးဘောင်အတွင်းမှာ အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ်တိုက်ပွဲကို စနစ်တကျ ဆင်နွှဲသွားဖို့သာ လိုပါလိမ့်မယ်။

တကယ်တော့ ယက်တောအမှုဆိုတာ ဒီပဲယင်းအရေးအခင်းလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် စီမံထားတဲ့ နိုင်ငံရေးလုပ်ကြံမှုတခုပါပဲ။ ဒါပေမယ့် ဒီကိစ္စဆိုးထဲကပဲ အကျိုးရှိတဲ့ ကိစ္စကောင်းတချို့ ထွက်ပေါ်လာခဲ့ပါတယ်။ အနည်းဆုံး ဒီအမှုကိစ္စကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ တစုံတရာ ဆက်သွယ်ညှိနှိုင်းခွင့်တွေ ရလာခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ နိုင်ငံတကာဖိအားတွေကို လျှော့ချနိုင်ဖို့ ဦးဝင်းတင်နဲ့ အန်အယ်လ်ဒီပါတီဝင်အချို့ကို ထောင်က လွှတ်ပေးလိုက်ရတယ်။ နောက်ပိုင်းမှာ အချုပ်ရက်စေ့နေတဲ့ ဦးတင်ဦးကိုလည်း လွှတ်ပေးရပြန်တယ်။ ဒီလိုအကြောင်းအချက်တွေအောက်မှာ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေး ပြန်လည်ရှင်သန်ထမြောက်ရေးလှုပ်ရှားမှုတွေ နိုးကြားအားကောင်းလာခဲ့တယ်။ တိုင်းစည်း၊ မြို့နယ်စည်းတွေ ပါဝင်တဲ့ အစည်းအဝေးတရပ် ကျင်းပပြီး ‘ရွှေဂုံတိုင်ကြေညာစာတမ်းကြီး’ ကို ထုတ်ပြန်နိုင်ခဲ့တယ်။

ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန်ထမြောက်လာမှုနဲ့အတူ ပါတီစည်းရုံးရေးဘ၀ကိုလည်း ပြန်လည်စုစည်း တည်ဆောက်လာနိုင်ခဲ့တယ်။ အန်အယ်လ်ဒီပါတီရဲ့ စီအီးစီကို ပြန်လည်တိုးချဲ့ဖွဲ့စည်းနိုင်ရုံမျှမက တိုင်းအသီးသီး ကိုယ်စားလှယ် (၁၂၀) ပါဝင်တဲ့ ဗဟိုဦးစီးကော်မတီကိုပင်လျှင် အသစ်ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန် ထမြောက်လာခြင်းဟာ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ပါ မှန်ကန်တဲ့ နိုင်ငံရေးသဘောထားတွေအောက်မှာ အသက်ဝင် ရှင်သန်လာခဲ့ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ‘နိုင်ငံရေးသေနေရင် ပါတီလည်း သေလိမ့်မယ်’၊ ‘နိုင်ငံရေးရှင်သန်ရင် ပါတီလည်း ရှင်သန်လှုပ်ရှားနေလိမ့်မယ်’ လို့ ကောက်ချက်ဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။

ဒီလို အန်အယ်လ်ဒီပါတီ နိုင်ငံရေးအရ ပြန်လည်နိုးကြား အားကောင်းလာမှုကို ထိုးဖောက်ဖြိုခွဲဖို့ နအဖကလည်း ရွေးကောက်ပွဲဥပဒေဆိုတဲ့ ချိန်ကိုက်ဗုံးတလုံးကို ဖောက်ခွဲလိုက်ပုံရပါတယ်။ နအဖရဲ့ ရည်ရွယ်ချက်ဟာ တစုံတရာ ထိရောက်တယ်လို့ ဆိုရမလိုပါပဲ။ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အသံကြားလိုက်တာနဲ့ စင်ထိုးပေးရင် ကွေးနေအောင် တက်ပြီး ကချင်တဲ့ နိုင်ငံရေး ကျားအို ကျားသေတွေ၊ အပေါက်ကောင်းကို ချောင်းနေတဲ့ အခွင့်အရေးသမားတွေ အုံကျင်းဖွဲ့ပြီး ထွက်လာခဲ့ကြပါပြီ။ ဒီလို စည်သံ၊ ဗျောသံတွေကြားမှာ ခေါင်းပေါင်းစ တလူလူနဲ့ ညီလာခံဝင်ဖို့ တောင်ရှည်ပုဆိုးပြင်နေတုန်း၊ ဗြုန်းဆို အင်းစိန်တောရထဲ ၀င်သွားခဲ့ကြရတဲ့ ပုဂ္ဂိုလ်တချို့လည်း အမတ်ဖြစ်ချင်စိတ်တွေ တလိပ်လိပ် တက်လာနေကြမှာ အသေအချာပါပဲ။ တကယ်တော့ ဒီစိတ်ကူးတွေဟာ ‘မသာကုတင်ကို ရာဇပလ္လင်’ ထင်နေကြတဲ့ နိုင်ငံရေး နလပိန်းတုံးတွေရဲ့ အရူးအိပ်မက်တွေပါ။

၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲလို ဖြစ်မယ်လို့ ထင်နေကြတာ အရူးချီးပန်း စိတ်ကူးယဉ်နေကြတာပါ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်တော့မှ ၁၉၉၀ လို အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း စစ်အာဏာရှင်စနစ် အဓွန့်ရှည်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို (၁၅) နှစ်ကြာအောင် အသေးစိတ် အချိန်ယူ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်နဲ့ ဖိနပ်ကိုင်တွေ သေချာပေါက် အနိုင်ရအောင် အာဏာ၊ အသပြာ၊ စည်းရုံးရေးနဲ့ မက်လုံးမျိုးစုံပေးပြီး ပြင်ဆင်လာခဲ့တာ (၃) နှစ်လောက် ရှိခဲ့ပါပြီ။ ‘နိုင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်’ ဆိုတဲ့ ၁၉၆၁ ခုနှစ်က တည်မြဲဖဆပလရဲ့ ကြွေးကြော်သံဟာ လေလုံးထွားရုံလောက်ပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နအဖက ‘မနိုင်လည်း နိုင်အောင်’ လုပ်မှာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါကြောင့် အမတ်ဖြစ်ဖို့ စိတ်ကူးယဉ်နေတဲ့ ပုဂ္ဂိုလ်မှန်သမျှ ၂၀၁၀ နိုင်ငံရေးသတ်ကွင်းထဲမှာ ကားစင်တင် တံကျင်လျှိုခံရပါလိမ့်မယ်။ စိတ်ကူးယဉ်စရာ ဘာမှမရှိပါဘူး။ တပြည်လုံး ‘ဘွိုင်းကောက်ဋီကာ’ ရွတ်ပြီး No ဟစ်ကာ ဆန့်ကျင်ကန့်ကွက် တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ်။ ။

နောင်အရှည်မှန်းလို့ အောင်သပြေကမ်းစို့

ဇင်လင်း / ၂၉ ဧပြီ ၂၀၁၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိတဲ့အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ကြောင်း ပြီးခဲ့တဲ့ မတ်လ (၂၉) ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ ပြည်တွင်းပြည်ပ တနံတလျားအထိ အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများက စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြန်ပြင်ဖို့ ကန့်ကွက်ပြောဆိုနေကြပေမယ့် စစ်အစိုးရက နားမကြားသလို နေပြခဲ့ပါတယ်။ တချိန်တည်းမှာ စစ်တပ်က လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ (၄) ပုံ (၁) ပုံ နေရာယူထားပေမယ့် လက်ရှိစနစ်လောက် ဆိုးမည်မထင် ဆိုသူတွေ၊ ဖွဲ့စည်းပုံ မရှိတာထက် ရှိတာက ပိုကောင်းနိုင်တယ်လို့ မစူးမစမ်း ပြောနေသူတွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် လူတချို့က “မတ်လ (၂၉) အန်အယ်လ်ဒီ သမိုင်းဝင် ဆုံးဖြတ်ချက်” ကို ဘ၀င်မကျနိုင် နားမလည်နိုင်ဖြစ်နေကြတာ အံ့သြစရာတော့မဟုတ်ပါ။

သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ ဒီနှစ်မှာ (၂၂) နှစ်ပြည့်ပါပြီ။ ဒီအရေးတော်ပုံကို မြန်မာ့မျက်မှောက်သမိုင်းရဲ့ အချိုးအကွေ့ကြီးတခုအဖြစ် မှတ်တမ်းတင်ကြပါတယ်။ ဘာကြောင့်လဲ။ အရေးတော်ပုံကြီးဟာ လူကို လူလို့မမြင်တဲ့ မဆလစစ်အာဏာရှင်စနစ်ကို ဖြိုလှဲနိုင်ခဲ့တယ်။ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ တန်းတူရေးဆိုတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အသိအမြင်တွေကို အရေးတော်ပုံက ရှင်သန်လာစေခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အန်တုနိုင်တဲ့ လူထုခေါင်းဆောင်တယောက်ကိုလည်း အရေးတော်ပုံက မွေးဖွားပေးခဲ့ပါတယ်။ တဆက်တည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေဟာလည်း အရေးတော်ပုံရဲ့ အောင်သီးအောင်ပွင့်တွေပါပဲ။ ဒီနေရာမှာ ပိုပြီးအရေးပါတဲ့အချက်က အရေးတော်ပုံရဲ့ သက်ရောက်မှုအရှိန်ကြောင့် မြန်မာ့နိုင်ငံရေး အတွေးအခေါ် အလှည့်အပြောင်း ထူးထူးခြားခြား ဖြစ်ခဲ့ခြင်းပါပဲ။ အဲဒီအလှည့်အပြောင်းက စစ်ဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ ‘ပုရိသ ပဓာန၀ါဒ’ လွှမ်းမိုးနေမှုကို တပ်လှန့်စိန်ခေါ်လိုက်တဲ့ အသံလည်းဖြစ်တယ်။ စိန်ခေါ်သူအဖြစ် အရေးတော်ပုံက မွေးထုတ်ပေးလိုက်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။

မြန်မာနိုင်ငံမှာ ‘ပုရိသ ပဓာန၀ါဒ’ ကြီးစိုးနေတာ အတော်ကြာပါပြီ။ လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ မိန်းမသားတွေကို နေရာမပေးတာ ကြာလှပါပြီ။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ပါမောက္ခချုပ်လို ရာထူးမျိုးမှာတောင် အမျိုးသမီးတွေကို နေရာပေးခဲ့ဖူးတာ မရှိပါဘူး။ ဒု-၀န်ကြီး၊ ၀န်ကြီးဆိုတဲ့ ရာထူးမျိုးကတော့ ပိုဝေးသေးတာပေါ့။ ဒီလိုဖြစ်ရတာ စစ်အာဏာရှင်တွေရဲ့ ပဒေသရာဇ်ဆန်တဲ့ အတွေးအခေါ်ကြောင့်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူက ‘ဒေါ်အောင်ဆန်းစုကြည်’ ကို လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းဟာ အရေးကြီးတဲ့ အတွေးအခေါ် အလှည့်အပြောင်းပါပဲ။

ဒီအလှည့်အပြောင်းကို လက်မခံနိုင်တဲ့ စစ်အာဏာရှင် ပုရိသကြီးတစုဟာ ယနေ့ထက်တိုင် ခုခံတိုက်ခိုက်နေတာ တွေ့နေရပါတယ်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံမှာ အမျိုးသမီးများကို ပဓာနကျတဲ့ ခေါင်းဆောင်မှုနေရာတွေ ရယူခွင့်မရှိအောင် ပြဋ္ဌာန်းဟန့်တားထားတာဟာ ‘ဒေါ်အောင်ဆန်းစုကြည်’ ကိုသာမက အမျိုးသမီးအားလုံးကိုပါ ခွဲခြားနှိမ့်ချလိုတာကြောင့် ဖြစ်ကြောင်း ထင်ရှားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်းများစွာ ငြင်းဆန်လက်မခံခဲ့တာဟာလည်း ဒီအတွေးအခေါ် အလှည့်အပြောင်းတိုက်ပွဲရဲ့ အဆက်ပါပဲ။ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံရဲ့ တောင်းဆိုချက်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political System Change) ဖြစ်ပါတယ်။ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ တန်းတူရေးဆိုတဲ့ ဒီမိုကရေစီပိုင်ခွင့်ကို တောင်းတာပါ။ ‘တန်းတူရေး’ လို့ ပြောတဲ့နေရာမှာ လူမျိုး၊ လူတန်းစား၊ နိုင်ငံရေးယုံကြည်ချက်နဲ့ ကိုးကွယ်တဲ့ ဘာသာတင်မက ‘လိင်’ ခွဲခြားဆက်ဆံမှု မပြုလုပ်ရေးလည်း ပါဝင်ပါတယ်။

ဒီမိုကရေစီကျင့်စဉ်ရဲ့ အနှစ်သာရဟာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေသများကို အခြေခံပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အမျိုးသမီးများကို အမျိုးသားများနဲ့ တန်းတူအခွင့်အရေးပေးရမယ်၊ တန်းတူအကာအကွယ်ပေးရမယ်၊ အမျိုးသမီးများကို နှိမ်ချခွဲခြားဆက်ဆံမှုများမှ အကာအကွယ်ပေးမယ့် လူထုလူတန်းစားဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ပေးရမယ်။ လူပုဂ္ဂိုလ် တဦးတယောက်ကဖြစ်စေ၊ ပါတီအသင်းအဖွဲ့တခုခုကဖြစ်စေ၊ စီးပွားရေး လုပ်ငန်းတခုခုကဖြစ်စေ၊ အမျိုးသမီးများကို ခွဲခြားနှိမ်ချ ဆက်ဆံမှုမပြုနိုင်အောင် အခြေခံဥပဒေက ထိထိရောက်ရောက် အကာအကွယ်ပေးရမှာဖြစ်တယ်။

အမျိုးသမီးများရဲ့ အတွေ့အကြုံ အသိအမြင် အတွေးအခေါ် အစွမ်းအစတွေကို တန်ဖိုးထား နေရာမပေးတဲ့ လူ့အဖွဲ့အစည်းကို ဒီနေ့ခေတ်မှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ် ကမ္ဘာက အသိအမှတ်ပြုမှာ မဟုတ်တော့ဘူး။ ဒီနေ့ ကမ္ဘာ့လူဦးရေထက်ဝက်ဟာ အမျိုးသမီးများဖြစ်တယ်။ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ ကုန်စည်ထုတ်လုပ်မှုကို စွမ်းဆောင်တဲ့ လူသားရင်းမြစ်ရဲ့ ထက်ဝက်ဟာလည်း အမျိုးသမီးများဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ထက်ဝက်ဟာလည်း အမျိုးသမီးတွေပဲဖြစ်တယ်။ ဒါကြောင့် နိုင်ငံတခုရဲ့ မူဝါဒချမှတ်သူများ၊ အရေးကြီး ဆုံးဖြတ်ချက် ချမှတ်သူများကို ရွေးချယ်ရာမှာ အမျိုးသမီးတွေကို ချန်ထားဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အရေးတော်ပုံက ‘ဒေါ်အောင်ဆန်း စုကြည်’ ကို လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းဟာ အရေးကြီးတဲ့ အတွေးအခေါ် အလှည့်အပြောင်းဖြစ်တယ်လို့ ပြောနိုင်တာဖြစ်တယ်။

အမျိုးသမီးတွေကို မူဝါဒချမှတ်ခွင့်မရရှိအောင် ပိတ်ပင်ဟန့်တားနေသူများဟာ ပဒေသရာဇ်အတွေးအခေါ်ဟောင်းလက်ခံသူ လက်ရှိစစ်အာဏာရှင်များသာဖြစ်တယ်။ တကယ်တော့ လက်ရှိဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်အုပ်စုက အတွေးအခေါ် အလှည့်အပြောင်း သမိုင်းဖြစ်စဉ်ကို ခုခံအန်တုနေတာဟာ အချည်းအနှီးအားထုတ်မှုသာဖြစ်တယ်။ ဘာကြောင့်လဲ။ “အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှုများ ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်” The Convention on the Elimination of All Forms of Discrimination against Women (CEDAW) ကို နိုင်ငံပေါင်း (၁၃၀) ရဲ့ ထောက်ခံမှုနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် (၃၄/၁၈၀) အရ ၁၉၇၉ ဒီဇင်ဘာ (၁၈) မှာ အတည်ပြုထားပြီးဖြစ်တယ်။ ဒီသဘောတူညီချက်ကို မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်လို့ လိုက်နာကျင့်သုံးရမယ့် တာဝန်ရှိတယ်။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ အမျိုးသမီးများကို အမျိုးသားများနဲ့တန်းတူ အခြေခံနိုင်ငံသားရပိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်တွေ ပေးရမှာဖြစ်တယ်။ နိုင်ငံ့အရေးအရာကိစ္စတွေကို စီမံခန့်ခွဲဆုံးဖြတ်ရာမှာလည်း အမျိုးသမီးတွေကို တန်းတူပါဝင်ခွင့်ပေးရမှာဖြစ်တယ်။

လက်ရှိ ပါလီမန်လွှတ်တော်များသမဂ္ဂ (အိုင်ပီယူ) ရဲ့ သုတေသနပြုချက်အရ နိုင်ငံတကာ ပါလီမန်လွှတ်တော်တွေမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၈,၀၁၇) ယောက်ရှိပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က (၃၆,၀၀၆) ဦး ရှိတာကြောင့် ပါလီမန်လွှတ်တော်များမှာ အမျိုးသမီးကိုယ်စားပြုမှု (၁၈.၂) ရာခိုင်နှုန်းရှိပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံ (၁၈၉) နိုင်ငံအနက် နိုင်ငံ (၃၀) မှာ အမျိုးသမီးခေါင်းဆောင်တွေ ဦးဆောင်နေတာလည်း တွေ့ရပါတယ်။ ဒါက ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သမိုင်းဖြစ်ပေါ်တိုးတက်မှု ညွှန်းကိန်းဖြစ်တယ်။ ဒီသမိုင်းပင်မရေစီးကို ခုခံဆန့်ကျင်နေခြင်းဟာ မိုက်မဲမှုသက်သက်ပါပဲ။

ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ မတ်လ (၂၉) ရက်နေ့ ဆုံးဖြတ်ချက်ကို ပြန်ကောက်ကြည့်ရအောင်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိတဲ့အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ဘူးလို့ အန်အယ်လ်ဒီက ကြေညာလိုက်တာဟာ ပါတီကို ဖျက်သိမ်းလိုက်ခြင်း အလျဉ်းမဟုတ်ဆိုတာ ဦးစွာသဘောပေါက်ဖို့လိုပါတယ်။ ဒါဟာ တိုက်ပွဲနည်းဗျူဟာ ပြောင်းလိုက်ခြင်းသာ ဖြစ်တယ်။ အန်အယ်လ်ဒီက လူထုနဲ့ပိုပြီး နီးနီးကပ်ကပ် လက်တွဲအလုပ်လုပ်နိုင်ဖို့ လုပ်ဟန်ပြောင်းလိုက်တဲ့သဘော ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အာဏာရှင်မဟုတ်တဲ့ ဒီမိုကရေစီအစိုးရများ ပေါ်ပေါက်ရေးအတွက် အကြမ်းမဖက်တဲ့နည်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို မျက်နှာမူ အားထုတ်ခဲ့တာတွေ့နိုင်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီဟာ ကမ္ဘာမှာ အမြော်အမြင်အမဲ့ဆုံး၊ အရက်စက် အကြမ်းကြုတ်ဆုံး၊ စစ်အာဏာရှင်စနစ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ထင်သလောက် ခရီးမပေါက်တာ အမှန်ပါပဲ။ အန်အယ်လ်ဒီကလည်း ၀န်ခံပြီးပါပြီ။ ဒါပေမယ့် စစ်အစိုးရရဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ရဲရဲရင့်ရင့် ငြင်းဆန်လိုက်တာဟာ အန်အယ်လ်ဒီအနေနဲ့ လူထုက လွှဲအပ်ထားတဲ့ အရေးတော်ပုံတိုက်ပွဲအလံကို ပိုမိုမြင့်မြင့်မားမား လွှင့်တင်လိုက်တာသာ ဖြစ်တယ်။ အာဏာရှင် ခြိမ်းခြောက်မှုကြောင့် အညံ့ခံ ဒူးထောက်သွားမှာမဟုတ်ဆိုတာ ပြသလိုက်တာဖြစ်တယ်။ အရေးတော်ပုံအလံ မလှဲသမျှ တိုက်ပွဲဆက်ရှိနေမယ်။ လူထုဆန္ဒကို အခြေခံထားတဲ့ အဖွဲ့ချုပ်မူဝါဒလည်း ဆက်လက်ရှင်သန်နေမှာဖြစ်တယ်။

အန်အယ်လ်ဒီဟာ လူထုတိုက်ပွဲထဲက ပေါ်ထွက်လာတဲ့ လူထုပါတီဖြစ်ပါတယ်။ စစ်အာဏာဘောင်ထဲမှာ မှတ်ပုံမတင်ရုံနဲ့ အန်အယ်လ်ဒီ ပျက်သုဉ်းသွားပြီလို့ သုံးသပ်နေသူတွေ သတိမူသင့်တဲ့အချက်က အန်အယ်လ်ဒီဟာ ဒီအရေးကြီး ဆုံးဖြတ်ချက်ကို မချမီ အောက်ခြေလူထုထဲမှာ သဘောထားကောက်ခံမှု လုပ်ခဲ့သေးတယ် ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီအချက်ကို အလေးအနက် ထားခဲ့ပုံရပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ဟာ ဒေါ်စုတဦးတည်းရဲ့ တင်ကြိုသဘောထားဖော်ပြမှုကြောင့် ဖြစ်လာရတယ်လို့ ဝေဖန်ရင် လုံးဝမှားပါတယ်။ နောက် သတိပြုသင့်တဲ့အချက်က ဒီဆုံးဖြတ်ချက်ဟာ ရေစီးအတိုင်း ရေသာခို မျှောလိုက်သွားတဲ့ သဘောမဟုတ်ဘူးဆိုတာပါပဲ။ ရေရှည်အမြင်နဲ့ ရေဆန်ကို ဆန်တက်လိုက်တာပါ။ ဆင်သေကောင်ကို စီးပြီး လိုက်ပါသွားတဲ့ ကျီးမိုက်မဟုတ်တာ သေချာပါတယ်။

၁၉၉၁ ခုနှစ် စာရေးသူ အင်းစိန်ထောင်အတွင်းရှိစဉ်က စစ်ဗိုလ်ဟောင်း အန်အယ်လ်ဒီအမတ်တဦးရဲ့ ဝေဖန်ချက်ကို အခုထိ မှတ်မိနေပါတယ်။ သူက ဒေါ်စုအနေနဲ့ ခေါင်းမာမနေဘဲ အင်္ဂလန်ပြန်သွားလိုက်ရင် သိပ်ကောင်းမှာပဲတဲ့။ ဒါဆိုရင် အန်အယ်လ်ဒီထဲက စစ်ဗိုလ်ဟောင်း ခေါင်းဆောင်များနဲ့ စစ်အစိုးရခေါင်းဆောင်များအကြား စေ့စပ်ညှိနှိုင်းလို့ရဖို့ အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။ သူက ဒေါ်စုကို အချောင်လမ်း လိုက်စေချင်တဲ့သဘောပါ။ ဒီအမြင်မျိုးက စိတ်ဓာတ်ကျနေသူတွေ၊ နိုင်ငံရေးအတွေးအခေါ် ချွတ်ခြုံကျနေသူတွေ၊ အချောင်သမားတွေမှာသာ ရှိတတ်တာဖြစ်တယ်။

ဒီနေ့ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကို ကမ္ဘာက အာရုံစိုက်လာတာဟာ အရေးတော်ပုံက မွေးထုတ်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို သန္နိဋ္ဌာန်ခိုင်မာ ရဲရင့်ထက်မြက်တဲ့ ခေါင်းဆောင်ကြောင့်ဖြစ်တယ်ဆိုတာ ငြင်းစရာ မလိုတဲ့ကိစ္စဖြစ်တယ်။ ဒေါ်စုသာ အင်္ဂလန်ပြန်သွားလိုက်ရင် အရေးတော်ပုံဟာ ခေါင်းဆောင်မှု အကျပ်အတည်း မလွဲမသွေ ကြုံရမှာဖြစ်တယ်။ ဒီလိုသာဖြစ်ခဲ့ရင် အမြတ်ထွက်မှာက စစ်အာဏာရှင်ပဲဖြစ်လိမ့်မယ်။ ဒီကနေ့ နှစ်ပေါင်း (၂၀) ကျော်ပေမယ့် အရေးတော်ပုံစိတ်ဓာတ် မှေးမှိန်မသွားသေးတာ အထင်အရှားပါပဲ။

အရေးတော်ပုံ မအောင်မြင်သေးတာနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီနဲ့ ဒေါ်စုကိုပဲ အပြစ်ဖို့ကြမယ်ဆိုရင် အလွန်အမြင်ကျဉ်းရာ ကျပါလိမ့်မယ်။ အလားတူ ဒေါ်စုကို ဝေဖန်သူနောက်တဦးက Living Color မဂ္ဂဇင်းနဲ့ The Voice ဂျာနယ်ထုတ်ဝေသူ ဒေါက်တာနေ၀င်းမောင် (ဆောင်းပါးဆရာ အောင်ထွဋ်) ဖြစ်ပါတယ်။ သူက “ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်” လို့ မဇ္ဈိမသတင်းနဲ့ အင်တာဗျူးမှာ ပြောသွားတယ်။ ဒါ့အပြင် သူက အန်အယ်လ်ဒီအနေနဲ့ စစ်အစိုးရအခြေခံဥပဒေကို ထောက်ခံဖို့၊ ရွေးကောက်ပွဲဝင်ပြိုင်ဖို့၊ ပြိုင်တဲ့အခါ လွှတ်တော်နှစ်ရပ်မှာ တဝက်သာ ဝင်ပြိုင်ဖို့ စသဖြင့်လည်း အကြံပြုထားတယ်။ ရေစီးအတိုင်း ရေသာခို မျှောလိုက်သွားရေး သဘောပါပဲ။

ဒါပေမယ့် ဒေါက်တာနေ၀င်းမောင် သတိလွတ်နေတဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုအရေးတော်ပုံက မွေးထုတ်လိုက်တဲ့ ကိုယ်ကျိုးစွန့်ခေါင်းဆောင်ဖြစ်ပြီး သူက လူထုအရေးတော်ပုံစည်းဝိုင်းအပြင်ကလူ ဖြစ်တဲ့အချက်ပါပဲ။ ဆိုလိုတာက ဒေါ်စုက ဒီနေ့မြန်မာ့နိုင်ငံရေး လက်တွေ့နယ်ပယ်ထဲမှာ သော့ချက်နေရာ ရောက်ရှိနေသူ၊ လူထုယုံကြည်ကိုးစားမှုကို ဦးထိပ်ရွက်ထားရသူဖြစ်တယ်။ သူကတော့ သူ့အကျိုးစီပွားကို ငဲ့ကွက်ပြီး စစ်အာဏာပိုင်များနဲ့ အလွမ်းသင့်အောင်နေရသူ၊ နိုင်ငံရေးလက်တွေ့နယ်ပယ်ထဲမှာ မရှိသူဖြစ်နေခြင်းပါပဲ။ ဒါကြောင့် ဒေါ်စုရဲ့ စဉ်းစားဆုံးဖြတ်ပုံကို နေ၀င်းမောင် ဉာဏ်မမီနိုင်လို့ဆိုပါရစေ။

အန်အယ်လ်ဒီလည်း အလားတူပါပဲ။ လူထုတိုက်ပွဲအရေးတော်ပုံထဲက ပေါက်ဖွားလာတဲ့ ပါတီဖြစ်တယ်။ ကိုယ်မယုံကြည်တဲ့ အာဏာရှင်အကြိုက် ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုလိုက်ရင် မူမရှိတဲ့ပါတီ၊ အချောင်လမ်းလိုက်တဲ့ ပါတီ၊ ၁၉၉၀ လူထု Mandate ကို စွန့်ပစ်တဲ့ပါတီဖြစ်သွားမယ်။ ဒါကြောင့် အန်အယ်လ်ဒီရဲ့ လက်ရှိဆုံးဖြတ်ချက်ဟာ နိုင်ငံရေးလက်တွေ့အပေါ် အခြေခံပြီး ရေရှည်တိုက်ပွဲအတွက် နည်းဗျူဟာအသစ် ပြင်ဆင်တာ ဖြစ်တယ်။ လူထုနဲ့ ပိုမိုထိတွေ့ ပေါင်းစပ်နိုင်ဖို့ အားထုတ်တာဖြစ်တယ်။ ပါတီဖျက်သိမ်းတာ လုံးဝမဟုတ်ကြောင်း မြင်ဖို့လိုတယ်။ ဒီနေရာမှာ ၂၀၀၃ ခုနှစ် (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းတပိုဒ်ကို လေ့လာကြည့်စေချင်တယ်။

“နိုင်ငံကို အကျိုးပြုမယ့် အဖွဲ့အစည်းတခုဆိုတာဟာ ပထမဦးဆုံးအားဖြင့် နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများအပေါ်မှာ ထားတဲ့ စေတနာဟာ မှန်ရမယ်။ ဇွဲ၊ လုံ့လ၊ ၀ိရိယရှိရမယ်။ ကိုယ်မှန်ကန်တယ်ထင်တဲ့ ကိစ္စတွေအပေါ်မှာ ရပ်တည်ပြီးတော့ သတ္တိရှိရှိနဲ့ လုပ်ရဲရမယ်။ ကိုယ်ကျိုးမရှာရဘူး။ ဒါ အခုကတည်းက ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေအားလုံးကို သတိပေးပါရစေ။ နေရာလိုချင်လို့၊ အခွင့်အရေးလိုချင်လို့ဆိုတဲ့ စိတ်ဓာတ်တွေ မထားပါနဲ့။ ကျမတို့အဖွဲ့အတွင်းမှာတောင်မှ နေရာလိုချင်တဲ့ ဟာလေးတွေ ကျမတို့ တွေ့နေရတယ်။ အခုကတည်းကနေပြီးတော့ ဒီစိတ်တွေ ဖျောက်ပါ။ ဒီစိတ်တွေ မွေးထားလို့ရှိရင် ပိုပြီးတော့ ကြီးထွားလာလို့ရှိရင် တနေ့မှာ ပြဿနာဖြစ်ပါလိမ့်မယ်။ နေရာလိုချင်လို့ အခွင့်အရေးလိုချင်လို့ နိုင်ငံရေးလုပ်တဲ့လူလောက် တိုင်းပြည်အတွက် အကျိုးယုတ်စေတဲ့သူမျိုး မရှိဘူးဆိုတာကို စွဲမှတ်ထားကြပါ။ ကျမတို့အဖွဲ့ချုပ်ထဲမှာ ဒီလိုလူတွေကို ဘယ်တော့မှ ကြာကြာထားမှာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် စေတနာမမှန်ဘူးဆိုတာ ပေါ်လာလို့ရှိရင် ဒီလိုပုဂ္ဂိုလ်တွေကို အဖွဲ့ချုပ်ထဲကနေ ဖယ်ထုတ်လိုက်ရမှာပဲ။ ကျမတို့အဖွဲ့ချုပ်ထဲမှာ ဒီလိုပုဂ္ဂိုလ်တွေ သိပ်များလာပြီဆိုရင် အဖွဲ့ချုပ်တခုလုံးကိုတောင် ဖျက်လိုက်ရမှာပဲ။ နိုင်ငံအကျိုးအတွက် ဒီအဖွဲ့ချုပ်ကို စွန့်ဖို့ရာ ကျမတို့ လုံးလုံးဝန်မလေးပါဘူး။ နိုင်ငံအကျိုးကို ဆက်ပြီးတော့ ထမ်းဆောင်သွားမှသာ ဒီအဖွဲ့ချုပ်ဟာ ရပ်တည်ပိုင်ခွင့်ရှိတာပါ။”

ဒေါ်အောင်ဆန်းစုကြည် နှိုးဆော်ထားသလို လက်ရှိနိုင်ငံရေးနယ်ပယ်မှာ ပါဝင်ပတ်သက်နေသူတို့အနေနဲ့ နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများအပေါ်မှာထားတဲ့ မိမိတို့စေတနာ မှန်မမှန် ဆန်းစစ်မိကြပါရဲ့လား။ အကျိုးမျှော်စိတ်၊ အခွင့်အရေးမျှော်စိတ်တွေ ပယ်သတ်နိုင်ခဲ့ကြပါရဲ့လား။ ‘နေရာလိုချင်လို့ အခွင့်အရေးလိုချင်လို့ နိုင်ငံရေးလုပ်တဲ့လူလောက် တိုင်းပြည်အတွက် အကျိုးယုတ်စေတဲ့သူမျိုး မရှိဘူးဆိုတာကို စွဲမှတ်ထားကြပါ’ ဆိုတဲ့ စကားဟာ အလွန်မှန်ပါတယ်။ အရေးတော်ပုံ တပ်သားများအကြားက အဓိက မသင့်မြတ်မှုတွေဟာ နေရာလုတာ အခွင့်အရေးလုတာက အစပျိုးတာပါပဲ။ ဒီနေ့ထက်ထိ အရေးတော်ပုံ ကြန့်ကြာနေရတာဟာ အထွေထွေညီညွတ်ရေး အားနည်းမှုလည်း တကြောင်းဖြစ်ပါတယ်။ နိုင်ငံ့အကျိုးထက် ကိုယ်ကျိုးရှေ့တန်းတင် စဉ်းစားရင် လုပ်ဖော်ကိုင်ဖက် အချင်းချင်းအကြား စိတ်ဝမ်းကွဲတတ်တာ သဘာဝပါပဲ။ ဒေါ်စုက သူ့မျှော်မှန်းချက်ကို အခုလို ဖော်ပြဖူးပါတယ်။

“ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ပါပဲ။ အကြောက်တရားကြီးစိုးမှု အနှောင်အဖွဲ့တွေကို ဖယ်ရှားနိုင်တဲ့ လူထုအဖြစ် ကျမ မြင်တွေ့လိုပါတယ်။ လွတ်လပ်တဲ့ လူသားတွေအဖြစ် မြန်မာပြည်သူတွေ ခေါင်းမော့ရင်ကော့နေနိုင်တာကို ကျမ မြင်တွေ့လိုပါတယ်။ ကျမတို့အားလုံးအတွက် ပိုပြီးသာယာချမ်းမြေ့တဲ့၊ ပိုပြီးလုံခြုံမှုရှိတဲ့ လူ့ဘောင်တခုကို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းတည်ဆောက်နေကြတာကို ကျမ မြင်တွေ့လိုပါတယ်။” (“လွတ်လပ်မှုကိုပဲ ကျမတို့ လိုချင်တယ်” Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃)

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ (၂၂) နှစ်ရှိပါပြီ။ အောင်ပွဲမရသေးတာမှန်ပေမယ့် အရေးတော်ပုံ ရှင်သန်နေဆဲရှိပါတယ်။ အထက်မှာဆိုခဲ့သလို အရေးတော်ပုံက စွမ်းအားတွေ အများအပြား ပေးခဲ့ပါတယ်။ ကြီးမားတဲ့ အတွေးအခေါ်အလှည့်အပြောင်းကို အရေးတော်ပုံက ဖန်တီးနိုင်ခဲ့တယ်။ စစ်အာဏာရှင်တွေကို ကြောက်ဒူးတုန်စေတဲ့ ဒီမိုကရေစီခေါင်းဆောင်ကိုလည်း မွေးဖွားပေးခဲ့တယ်။ ဒီမိုကရေစီခေါင်းဆောင်နဲ့အတူ လူထုကိုယ်စားပြု အရေးတော်ပုံပါတီ အန်အယ်လ်ဒီကိုလည်း ပေါ်ထွန်းစေခဲ့တယ်။ အန်အယ်လ်ဒီနဲ့အတူ လူငယ်မျိုးဆက်သစ်တွေလည်း မွေးထုတ်ပေးခဲ့တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်မှု၊ လူငယ်မျိုးဆက်သစ်ရဲ့ နိုးကြားတက်ကြွမှုတို့နဲ့အတူ အန်အယ်လ်ဒီဟာ သူ့တာဝန်ကျေပွန်သည်အထိ ဆက်လက်တိုက်ပွဲဝင်ဦးမှာ အသေအချာဖြစ်ပါတယ်။

လူတယောက်သက်တမ်းနဲ့ ချိန်ထိုးကြည့်ရင်တော့ နှစ်ပေါင်း (၂၀) ဆိုတဲ့ကာလဟာ ကြာပေတာပေါ့။ ဒါပေမယ့် နိုင်ငံတခု လွတ်မြောက်ရေးအတွက်ကျတော့ လုံလောက်တဲ့ ကာလလို့ မဆိုနိုင်ဘူး။ သမိုင်းအလှည့်အပြောင်းနဲ့ တဆက်တစပ်တည်းရှိနေတဲ့ နိုင်ငံရေးတိုက်ပွဲတိုင်းဟာ အချိန်ယူရတတ်ပါတယ်။ ဥပမာ - သမ္မတ ‘အေဗရာဟင် လင်ကွန်း’ လက်ထက် ၁၈၆၅ မှာ ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းတဲ့ ဥပဒေပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် နှစ်ပေါင်း (၁၀၀) ကျော် ကြာပြီး လူမည်း လူ့အခွင့်အရေးခေါင်းဆောင် ‘မာတင်လူသာကင်း’ ခေတ်အထိ လူမည်းအခွင့်အရေး ပြည့်ပြည့်၀၀ရဖို့ သွေးမြေကျခံ တိုက်နေခဲ့ကြရတုန်းပဲ။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးရဲ့ ဦးတည်ချက်က ‘သက်ဦးဆံပိုင်ဘုရင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီသမ္မတနိုင်ငံ ထူထောင်ရေး’ ဖြစ်တယ်။ ဒါပေမယ့် ၁၈၇၀ ပြင်သစ်-ပရပ်ရှားစစ်ပွဲမှာ တတိယ နပိုလျံဘုရင် စစ်ရှုံးပြီးမှ အခက်အခဲတွေကြားက ‘တတိယ ဒီမိုကရေစီသမ္မတနိုင်ငံ’ ထူထောင်နိုင်ခဲ့တယ်။ ကမ္ဘာစစ် (၂) ခုပြီးမှ ၁၉၄၆ မှာ ‘စတုတ္ထ ဒီမိုကရေစီသမ္မတနိုင်ငံ’၊ ၁၉၅၈ ပဉ္စမ ဖွဲ့စည်းပုံရေးဆွဲပြီးမှ ‘ပဉ္စမ ဒီမိုကရေစီသမ္မတနိုင်ငံ’ ထူထောင်နိုင်ခဲ့တာ ယနေ့ခေတ်အထိဖြစ်တယ်။ အဲဒီသမိုင်းတွေနဲ့ နှိုင်းချိန်ကြည့်ရင် မြန်မာနိုင်ငံ ရုန်းကန်အားထုတ်ရတဲ့ အချိန်ကာလခရီးတာကို ကြာလှတယ်လို့ ဆိုဖို့ခက်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political System Change) အတွက် အန်အယ်လ်ဒီ ရှေ့ဆက်ရမယ့် ခရီးမှာ လူထုက ဆက်လက်ဝန်းရံပေးဖို့ လိုပါတယ်။ အန်အယ်လ်ဒီဟာ လူထုပါတီဖြစ်လို့ မူလဒီမိုကရေစီရည်မှန်းချက် အောင်သည်အထိ မတွန့်မဆုတ် ဆက်လက်ဝန်းရံကြဖို့လိုပါတယ်။

ကဗျာတပုဒ်နဲ့ ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ ကဗျာရှင်က ဆရာ ဟံသာဝတီ ဦးဝင်းတင် ဖြစ်ပါတယ်။ ၁၉၉၅ စစ်ခွေးတိုက်မရောက်မီအချိန်လောက်က အင်းစိန်ထောင်တွင်းထုတ် ဒီလှိုင်းစာစောင်မှာ ပါခဲ့တယ် ထင်ပါတယ်။ အဓိပ္ပာယ်ရော ကာရန်ပါ လှပလို့ မှတ်ဉာဏ်မှာ ကျန်နေတဲ့ ကဗျာပါ။

“အောင်သပြေကမ်းစို့”


• ဒို့အမျိုးသားတွေ
ပေါင်းစည်းစုလို့
ကောင်းချီးပြုစို့
ဒီမိုကရေစီ။

• တိုင်းရင်းသားတွေ
ညီနောင်သင့်လို့
ပြည်ထောင်မြှင့်စို့
ခွင့်တူညီ။

• ဒို့ပြည်သူတွေ
နောင်အရှည်မှန်းလို့
အောင်သပြေကမ်းစို့
အန်အယ်လ်ဒီ။
(ဟံသာဝတီ ဦးဝင်းတင်)

Tuesday, March 16, 2010

အချုပ်အခြာအာဏာအရေးနှင့် မြန်မာ့အတိုက်အခံများအပေါ် အမြင်

Monday, November 10, 2008

မျိုးမြန်မာ

(ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အရေးအခင်းနဲ့ပတ်သက်ပြီး အတိုက်အခံအဖွဲ့အစည်းများရဲ့ ရပ်တည်ချက်အပေါ် သုံးသပ်ထားတဲ့ မျိုးမြန်မာရဲ့ အမြင်ဖြစ်ပါတယ်။ ပိတောက်မြေအနေနဲ့ အစွန်းရောက်အမျိုးသားရေးဝါဒကို ဆန့်ကျင်သလို အစိုးရ ဘာလုပ်လုပ်ဆန့်ကျင်မယ်။ အမျိုးသားရေးကို မေ့ထားမယ်ဆိုတဲ့ သဘောထားကိုလဲ လက်မခံနိုင်ပါဘူး။ ဒါ့ကြောင့် မျိုးမြန်မာရဲ့ စာကို အားလုံးလေ့လာနိုင်ဖို့ ဝေငှပေး လိုက်ပါတယ်။ C Box မှာ ရိုဟင်ဂျာ (သို့) မူဂျာဟစ်ဒင်တွေကိုတောင် တိုင်းရင်းသားဖြစ်တယ်။ ဗမာတွေက သူတို့အပေါ် လူမျိုးကြီးဝါဒနဲ့ အနိုင်ကျင့်နေတဲ့ပြောသူတွေကိုလဲ တွေ့နေရပါတယ်။ မူဂျာဟစ်ဒင်ကိစ္စသိသူများ ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်။)

တစ်ပတ်ကျော်မျှ ကြာမြင့်လာပြီဖြစ်သည့် လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်ပွားနေသော ရေပိုင်နက် အငြင်းပွားမှု ပြသနာကြောင့် ဤဆောင်းပါးအားရေးသားခြင်း ဖြစ်ပါ၏။ ဥပဒေမဲ့ မှားယွင်း တောင်းဆိုမှုဟု မြန်မာအစိုးရမှ ပြတ်သားစွာဆိုခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲမှုမှ စတင်ကာ ပေါ်ပေါက်ခဲ့ သည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွား ပြသနာအား အခြေပြုကာ မြန်မာ့နိုင်ငံရေးအား လေ့လာလိုခြင်း လည်း ဖြစ်ပါသည်။

ထိုအဖြစ်စတင်ခဲ့သည်နှင့် တပြိုင်နက် မြန်မာ့ဘလော်ဂါများအကြားတွင် လှုပ်လှုပ်ရှားရှား ရှိခဲ့ပြီး မည်သည့် အကြောင်းများ ကြောင့် ဖြစ်သည်၊ မည်သူမှားသည် မှန်သည်ဟု မသေချာချိန်မှာပင် အချို့သော သူတို့၏။ နာမည်ကြီး မြန်မာနိုင်ငံရေး သတင်းဌာနများမှ ဆောင်းပါးရှင်တို့၏ ရေးသားချက်များသည် အစဉ်အလာ မပျက်ပင် လက်ရှိအစိုးရအား စွတ်စွဲပစ်တင်မှုများဖြင့် စခဲ့ကြပါ၏။

သို့သော် ထိုအရာထက် အံ့သြောဖွယ်ကောင်းသည်မှာ တရားဝင်ရပ်တည်နေသော မြန်မာ့အတိုက်အခံ ပါတီကြီးဟုဆိုသည့် အန်အယ်ဒီ ပါတီ၊ ပြည်တွင်းပြည်ပရှိ စာတမ်းများ ကြေငြာချက်များ ထုတ်ရာတွင် လက်သွက်လှသော အဖွဲ့အစည်း မျိုးစုံတို့၏ အသံတိတ်မှုပင်ဖြစ်၏။ ထိုအရေးနှင့်ပက်သက်၍ သူတို့ဆီမှ အမြင်များ တုန့်ပြန်မှုများအား ယခု ဆောင်းပါး ရေးချိန်အထိ စိုးစဉ်းငယ်မျှ မကြားရခြင်းသည် ကျွန်တော့်အဖို့ ဆန်းကျယ်လှ၏။ အမိမြန်မာနိုင်ငံတော်အတွက် ထို အတိုက်အခံဆိုသည့် နိုင်ငံရေးပါတီကြီး၏ ဖြစ်တည်နေမှု သည်၊ ပြည်တွင်းပြည်ပမှ ဖွဲ့ထားသော အဖွဲ့အစည်းတို့၏ တည်ရှိနေမှုသည် လက်ရှိအစိုးရအား ဆန့်ကျင်ရုံ၊ ပုတ်ခတ်ပစ်တင်ရုံ သက်သက်အတွက်သာ ဖြစ်သည်လား။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကိစ္စဆိုသည်မှာ ထိုအဖွဲ့အစည်း ပါတီတို့အနေဖြင့် မိမိတို့ အမြင်အား ပြောကြားဖို့ မလိုလောက်အောင်ပင် လားလားမျှ မဆိုင်သည်လား။

အဘယ့်ကြောင့် နိုင်ငံတော်အား ကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသည့်နိုင်ငံများအပေါ် ကန့်ကွက်ပစ်တင်ခြင်း၊ ရှုံ့ချခြင်း၊ အဆိုပါနိုင်ငံများ၏ သံရုံးများရှေ့တွင် ဆန္ဒပြခြင်းတို့ဖြင့် သဲသဲလှုပ်ရှိလှသော ထိုလူ၊ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတို့သည် နိုင်ငံ၏အချုပ်အခြာကို ထိပါးသော ယခုအရေးတွင် နှာစီးနေကြ ပါသနည်း။ လေ့လာကြည့်မည်ဆိုလျှင် အဆိုပါသူတို့၏ ယခုလှုပ်ရှားမှုများတွင် ထိုအရေးသည် မဖြစ်နေ သကဲ့သို့ ပင် ရှိချေ၏။

ဤနေရာတွင် လေ့လာမိသည်မှာ အဆိုပါအတိုက်အခံတို့သည် အစိုးရအား ဆန့်ကျင်မှုနှင့် နိုင်ငံတော်၏ အရေးအရာများအား ကွဲကွဲ ပြားပြားမရှိလှ ခြင်းပင်ဖြစ်၏။ ယုတ်စွအဆုံး ဒို့တာဝန်အေ၇းသုံးပါးကဲ့သို့သော ကိစ္စမျိုးမှာပင်လျှင်

* အစိုးရမှ ပြည်ထောင်စုမပြိုကွဲရေး.. ဒို့အရေးဟုဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏လှုပ်ရှားမှုများသည် ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်ကြ၏။ (ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးပမ်း နေကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများအား အားပေးအားမြှောက်ပြုသည့် လုပ်ရပ်များ စသည်...)
* တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး.. ဒို့အရေးဟုဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏ လှုပ်ရှားမှုများ သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးကိုဦးတည်ကြ၏။ (တိုင်းရင်းသားများအား အစိုး၇နှင့် ငြိမ်းချမ်းရေး ရရှိသွားမည်ကို အပြင်းအထန် စိုးရိမ်စိတ်ဖြင့် သွေးထိုးလှုံ့ဆော်သည့်လုပ်ရပ်များ.. အကယ်၍ အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ကာ အလင်း ၀င်သည့် တိုင်းရင်းသား အဖွဲ့များ ရှိလာလျှင်ပင် မလိုတမာပြောဆိုမှုများ.. ပုတ်ခတ်မှုများ.. စသည်)
* အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အေ၇းဟု ဆိုလျှင် ထိုအချက်ကို ဆန့်ကျင်ချင်ရုံမျှဖြင့် သူတို့၏ လှုပ်ရှားမှုများသည် နိုင်ငံတော်အား တိုင်းတပါးမှ ၀င်ရောက်သိမ်းယူမှုကို ဦးတည်ကြ၏။ (ပမာပြစရာ မလိုလှပါပေ.. အားလုံးအသိပင်ဖြစ်ပေ၏.. မည်မျှပင် ထိုအရာအတွက် ထန်းလက်ကာ ဆင်ခြေများ ပေးစေကာမူ ထိုအချက်သည် အချုပ်အခြာအာဏာ ပျက်စီးရေးကိုသာ ဦးတည်ပေ၏)


ထိုသို့သော အမိမြန်မာနိုင်ငံတော်မှမက မည်သည့်နိုင်ငံအတွက်မဆို အရေးကြီးလှသော၊ ကမ္ဘာပေါ်ရှိ နိုင်ငံသားတိုင်းမှ မိမိတို့၏ နိုင်ငံအတွက် ထားကိုထားရမည့် မှန်ကန်ကောင်းမွန်သော တာဝန်များကို ပင်လျှင် ငါတို့၏တာဝန်ဖြစ်သည်။ လက်ခံယုံကြည်ပါသည်ဟု ဆိုမည့်အတိုက်အခံ ဒီမိုကရေစီသမား မည်မျှရှိမည်နည်းဟု စာဖတ်သူ ထင်ပါသနည်း။ အစိုးရမှ အော်နေသော အချက်ဖြစ်သည် ဆိုသည်ကပင် ထိုသူတို့အား ကျောခိုင်းပစ်ရန်၊ လှောင်ပြောင်ပစ်လိုက်ရန်၊ ဆုတ်ဖြဲ ပစ်လိုက်ရန် လုံလောက်သောအချက် ဖြစ်သွားခဲ့သည် မှာ အံ့သြောစရာပင်ဖြစ်၏။

ဤသို့သော စိတ်ဓါတ်တို့သည် လာမည့်နိုင်ငံတော်၏ ဒီမိုကရေစီ နိုင်ငံတော်အတွက်ပင်လျှင် များစွာ အကျိုးယုတ်စေမည့် စိတ်ဓါတ်များ ဖြစ်သည်ဟု ကျွန်တော်ယူဆပါ၏။ ကွဲပြားသော အမြင်တို့ဖြင့် နိုင်ငံတော်၏ အကျိုးကို စွမ်းဆောင်ကြမည့် နိုင်ငံေ၇းပါတီအသီးသီးတို့တွင် ထိုစိတ်ဓါတ်များ ကိန်းအောင်းနေမည် ဆိုပါလျှင် သဘောထား ကွဲပြားမှုများကို မည်သို့ဖြေရှင်းကြမည်နည်း။ မိမိဆန့်ကျင်သူမှ ပြုသည်ဆိုရုံနှင့် ပယ်ရမည်ဆိုလျှင် အဘယ်မှာလျှင် တည်ငြိမ်အေးချမ်းသော၊ ကောင်းမွန်သောလမ်းကို နိုင်ငံသည် လျောက်လှမ်းနိုင်ပါ ဦးမည်နည်း။ အငြင်းပွားမှုများ တရွတ်ဆွဲ ပြသနာရှာမှု များနှင့်သာ လုံးခြာလည်လိုက်နေသော အဖြစ်များသာ ရှိနေမည်မဟုတ်ပါလား။

ယခုမူကား အဆိုပါအတိုက်အခံတို့သည်

* အချို့ကလည်း မိမိတို့နှင့်လားလားမျှမဆိုင်သည့် ကိစ္စတစ်ခုကဲ့သို့သော်လည်းကောင်း၊
* အချို့ကလည်း အစိုးရအခက် ငါတို့အချက်ဟု ဟစ်ကြွေး၍သော်လည်းကောင်း၊
* အချို့ကလည်း စောင့်ကြည့်လျှက် စစ်ဖြစ်လျှင် ပြည်သူကို စစ်မီးဒဏ်ခံခိုင်းပြန်ပီ၊ ဒေသတွင်း ပြသနာရှာတဲ့အစိုးရ စသည်ဖြင့်.. စစ်မဖြစ်လျှင် နိုင်ငံကိုတောင် မစောင့်ရှောက်နိုင်ဘူး၊ ကြောက်နေတာ ပဲ စသည်ဖြင့် လက်ညှိုးထိုးရန် အသင့်ပြင်ခြင်းဖြင့် လည်းကောင်း

ရှိနေကြသည်မှာ စိတ်ပျက်ဖွယ်ဖြစ်၏။ ဆိုးရွားသည်မှာ ထိုသူတို့ ဟန်တပြင်ပြင် ဖြစ်နေကြသည့်အရေးမှာ အမိနိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သော အရေးဖြစ်နေခြင်းပင်ဖြစ်ပေသည်။

ထို့ကြောင့် ကျွန်တော်တို့သည် မည်သည့်ခံယူချက်ကိုယုံကြည်သည် စွဲကိုင်သည်ဖြစ်စေ အဆိုပါခံယူချက် လှုပ်ရှားမှုတို့သည် အမိနိုင်ငံတော်အား အကျိုးရှိစေမည့်၊ ရေရှည်တည်တံ့ ခိုင်မြဲစေမည့်၊ အချုပ်အခြာအာဏာ ကို မြတ်နိုးသည့် ခံယူချက်များ လှုပ်ရှားမှုများသာ ဖြစ်သင့်ပါသည်ဟု မိကျောင်းမင်း ရေခင်းပြ တိုက်တွန်း လိုက်ပါသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ