Wednesday, June 23, 2010

မြန်မာနိုင်ငံ၏ သုတေသနလုပ်ငန်းများ၊ စီမံကိန်းများသည် ပြည်သူအတွက် အမှန်တကယ် အကျိုးရှိပါ၏လော

အောင်ထက် / ၂၂ မေ ၂၀၀၉


လွန်ခဲ့သော (၁၅) နှစ်ခန့်က ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကမ်းခြေသို့ ကျနော် အကြိမ်ကြိမ် ရောက်ဖြစ်ခဲ့သည်။ လက်ခုပ်ကုန်းနှင့် (၃) မိုင်ခန့်ဝေးသော အလယ်ရွာအနီး (စက်ဘီးဒိုင်နမို၏ သဘောသဘာဝကို ယူထားသည့်) သုတေသန လေအားလျှပ်စစ်ထုတ်လုပ်ပုံကို ၀င်ရောက်လေ့လာဖြစ်သည်။ ဒေသခံတဦးလည်း အတူပါလာသည်ကြောင့် တာဝန်ရှိသူ ဗိုလ်မှူး(ငြိမ်း) က စိတ်ရှည်လက်ရှည် လိုက်လံပြသပါသည်။

ပင်လယ်ကို ဖြတ်တိုက်လာသော လေကြမ်းကို အလူမီနီယံ ပန်ကာဒလက်ကြီးများဖြင့် ဖမ်းကာ လျှပ်စစ်ဓာတ် ထုတ်ယူခြင်းအား အဆင့်ဆင့်ပြသပြီး အဆိုပါ လျှပ်စစ်မီးဖြင့် ငါးသလောက်ပေါင်းပြသည်ကို လေ့လာခွင့်ရခဲ့သည်။ သုတေသနလုပ်ငန်းကို ရူပဗေဒကျောင်းသားများနှင့်အတူ မိမိတို့ သုတေသနပြုနေသည်မှာ (၃) နှစ် ရှိနေပြီ ဖြစ်ကြောင်း၊ ဤအတွက် နိုင်ငံတော်က စရိတ်ကျခံ သုံးစွဲပေးသည်ဟု အဆိုပါ ဗိုလ်မှူး၏ အဆိုအရ သိရသည်။ ထို့နောက် ကျနော်က သတင်းထောက်တဦးဖြစ်ကြောင်းနှင့် ပြည်သူ့အကျိုးအတွက် လူကြီးမင်းတို့၏ စွမ်းဆောင်မှုကို မီဒီယာစာမျက်နှာပေါ်မှ အသိပေးလိုပါသည်ဟု ရိုးရိုးသားသား တောင်းဆိုမိသောအခါ အဆိုပါ ဗိုလ်မှူးက ခါးခါးသီးသီး ငြင်းဆိုပါသည်။

ပင်လယ်လေလှိုင်းအားကိုယူ၍ လျှပ်စစ်ဓာတ်ထုတ်ယူခြင်းသည် သုတေသနပြုလုပ်ဆဲဖြစ်ကြောင်း၊ လုပ်ငန်း အောင်မြင်ပြီးစီးပါက နိုင်ငံတော်အကြီးအကဲတို့သာမက သတင်းစာသမားအားလုံးကို ခေါ်ယူအသိပေးမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင်မူ ဘယ်လိုမှ ရေးသားခွင့်မပြုနိုင်ကြောင်း သူက ခပ်မာမာ ပြောဆိုသည်။ ပင်လယ်လေလှိုင်း လျှပ်စစ်ဓာတ်ထုတ်ယူခြင်းသည် ယခု သုတေသနလုပ်ကွက်ရှိနေသည့် ပေ (၆၀x ၁၀၀) အဆောက်အဦတခုသာ မီးပေးနိုင်ခြင်းလား၊ ၀န်းကျင်ကျေးလက် (သို့) မြို့နယ် (သို့) နိုင်ငံတော် အတိုင်းအတာအထိ မီဂါဝပ် တစုံတရာ ပေးနိုင်ခြင်းလား။ လေလှိုင်းဒဏ်ကို အလူမီနီယံ ပန်ကာဒလက်တို့က မည်မျှအတိုင်းအတာအထိ ခံနိုင်ရည်ရှိသလဲဆိုသည့် မေးခွန်းများကိုမူ မေးရန် အခွင့်အရေးမရခဲ့။

သည့်နောက် ထိုဒေသသို့ မကြာခဏရောက်ဖြစ်ရင်း ၂၀၀၆ ခုနှစ်တွင် အဆိုပါ အဆောက်အဦကြီးတခုလုံး တစစီ ပြိုပျက်ကာ ပန်ကာဒလက် အကျိုးအပဲ့များသည် သဲပြင်အောက်တ၀က်၊ မြေပေါ်တ၀က်ရှိနေသည်ကို တွေ့ခဲ့ရသည်။ ပြည်သူ့အကျိုးအတွက် လျှပ်စစ်ဓာတ်အား သုတေသန မအောင်မြင်ခဲ့သော်လည်း သုတေသနကို ဦးဆောင်နေသည့် ဗိုလ်မှူးဟောင်းကတော့ အတော်အောင်မြင်သွားသည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။

လွန်ခဲ့သော (၁၀) နှစ်ဝန်းကျင်က ကျနော်သည် ကြို့ပင်ကောက်မြို့အရှေ့ဘက် (၈) မိုင်ခန့်အကွာ ဒေသခံတို့က ‘၀ိုင်း’ ဟုခေါ်သော ဆည်မြောင်းတာတမံစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ဖြစ်ခဲ့သည်။ ၀မ်းကွဲညီမတဦးက ဒေသတွင်း ဈေးကွက်အားနည်းသည့် ဖရဲသီးများ အဆိုပါ ‘၀ိုင်း’ ၌ သွားရောက်ရောင်းချနေသည်ကြား၍ ဒေသန္တရအလို့ငှာ လိုက်သွားခြင်းဖြစ်သည်။ ဒေသ၌ တလုံး (၃၀၀) ကျပ်ပင် မရချင်သည့် ဖရဲ ထို‘၀ိုင်း’၌ တထောင်ခန့်လည်း ရနေပါသည်။

တည်ဆောက်နေဆဲ ဆည်အမည်မှာ “ဘော်ဘင်ဆည်” ဟု သိရသည်။ သခွပ်ပင် ရုံးချောင်းကျေးရွာများနှင့် နီးသည်။ ၀န်ထမ်း (၃၀) ခန့် ယန္တရားနှစ်စီးနှင့် အလုပ်လုပ်နေသည်ကို တွေ့ရသည်။ တောထဲရောက်နေသော်လည်း မီးစက်သံတို့ ဆူညံပွက်နေ၏။ ၀ိုင်းနှင့် မနီးမဝေး၌ ဈေးဆိုင်တန်းတို့နှင့် တောတွင်းဘုရားပွဲငယ်လေးပမာ စည်ကားနေ၏။ ညနေတခင်း အရက်ဆိုင်တခု၌ ထိုင်ဖြစ်ရင်း မန္တလေးရမ် မှာလိုက်ရာ ဒီဆိုင်မှာ မန္တလေးရမ် မရပါ။ အနိမ့်ဆုံး ဂရင်းရွိုင်ရယ်ဝီစကီသာ ရသည်ဟု သိရသည်။ တခြားဘာတွေရနိုင်သေးလဲဆိုတော့ ဘလက်ကက်၊ ချီးဗက်စ်၊ ဟိုက်ကော်မရှင်နာ အပါအ၀င် နိုင်ငံခြားအရက်မျိုးစုံကို ရွတ်ပြ၏။ နေရာမှားပြီး အနောက်နိုင်ငံ ရောက်နေသလားဟု ၀န်းကျင်ကို ဝေ့ကြည့်တော့ ၀ိုင်း (၃-၄) ၀ိုင်း၏ စားပွဲထက်၌ နိုင်ငံခြားအရက် ပုလင်းမျိုးစုံကို တွေ့ရ၏။ လူတယောက်က ကျသင့်ငွေရှင်းရန် (၅၀၀) ကျပ်တန်တအုပ် စားပွဲပေါ်ပစ်တင်လိုက်သည်ကို တွေ့ရ၏။ လိုသေးလားဟု အခြားတယောက်ကဆိုကာ ခါးကြားမှ (၅၀၀) ကျပ်တန် တအုပ်ဆွဲထုတ်နေသည်ကို တွေ့ရ၏။

ကျနော်မှာ အနီးရှိ စားပွဲထိုးကောင်လေးအား သူတို့က ဘယ်သူတွေလဲ။ ငွေသုံးကြမ်းလှချည်လား မေးကြည့်ရာ ဆည်မြောင်းစီမံကိန်းဆိုက်ထဲမှာ ယန္တရားမောင်းသူတွေဖြစ်ကြောင်း၊ သူတို့စားပွဲဝိုင်း၏ တနေ့ရှင်းငွေသည် (၅) သောင်း အထက်ရှိကြောင်း၊ ယန္တရားသမားတွေ၏ ၀င်ငွေ တနေ့ (၄-၅) သောင်း ရှိသည်ဆိုလျှင် စီမံကိန်းတာဝန်ခံတွေ၊ အင်ဂျင်နီယာတွေသည် အဘယ်မျှရရှိမည်ကို ခန့်မှန်းနိုင်ကြောင်း ကောင်လေး၏ အပြောအရ သိရသည်။ နှစ်အနည်းငယ်အကြာ ကြို့ပင်ကောက် ဘော်ဘင်ဆည်ကြီးကို တခမ်းတနား ဖွင့်လှစ်လိုက်ကြောင်း သတင်းစာမှာ ဖတ်လိုက်ရသည်။

သည်လပိုင်း ကြို့ပင်ကောက်ကို ဆင်းဖြစ်တော့ အထက်ပါ ဘော်ဘင်ဆည်ရေ အတိုင်းအဆမဲ့ လွှတ်နေမှုကြောင့် ဆည်မြောင်းတမံတောက်လျှောက် ဘေးလယ်ကွက်များ တောဖြစ်ကာ ပျက်စီးကုန်ကြောင်း၊ နောက် (၁) နှစ် (၂) နှစ် ဆိုလျှင် လယ်ဧက တရာကျော် ပျက်စီးတော့မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် မတ်ပဲဆွတ်ချိန်ကလည်း ပုံထားသော မတ်ပဲခင်းတွေထဲ ဆည်ရေတိုးဝင်၍ မတ်ပဲတင်းရေများစွာ ဆုံးရှုံးကုန်ကြောင်း ဒေသခံတို့ အဆိုအရ သိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆည်မြောင်းတာတမံ စီမံကိန်းများ အကောင်အထည်ဖော်နေခြင်းသည် ပြည်သူ့အကျိုးစီးပွားထက် တည်ဆောက်ရေး တာဝန်ရှိသူတို့သာ လက်တွေ့အကျိုးစီးပွားဖြစ်နေကြောင်း သုံးသပ်နိုင်ပေသည်။

မြန်မာနိုင်ငံ လူဦးရေ၏ (၆၃) ရာခိုင်နှုန်းသည် ကျေးလက်နေ တောင်သူလယ်သမားများ ဖြစ်ကြပြီး ဆန်စပါး စိုက်ပျိုးမှုကို အဓိကထား၍ အသက်မွေးဝမ်းကျောင်း ပြုကြသည်။ စပါးစိုက်ပျိုးရာတွင် မိရိုးဖလာ စိုက်ပျိုးနည်း ဖြစ်သည့် နွားချေး၊ သစ်ရွက်ဆွေး စသည့် သဘာဝမြေသြဇာများကို သုံးစွဲခြင်းဖြင့် စပါးထွက် ကောင်းမွန်ရန် ဆောင်ရွက်ခဲ့ကြသည်။

ကမ္ဘာတ၀န်း သိပ္ပံနည်းပညာများ ထွန်းကားလာသည့်အလျောက် စိုက်ပျိုးရေး နည်းပညာသစ်များလည်း ပေါ်ထွက်လာခဲ့ရာ ၁၉၇၀ ပြည့်လွန်နှစ်များတွင် စပါးအထွက်နှုန်း ပိုမိုစေရန် ဓာတ်မြေသြဇာများကို နိုင်ငံခြားမှ မှာယူတင်သွင်းပြီး စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဓာတ်မြေသြဇာ သုံးစွဲတတ်ခဲ့ကြသည်။

ထိုစဉ်က ဓာတ်မြေသြဇာမှာ (၂၅) ကီလို တအိတ်လျှင် (၉) ကျပ်နှုန်း၊ (၅၀) ကီလိုဂရမ် တအိတ် (၁၈) ကျပ်နှုန်း ၀ယ်ယူသုံးစွဲခဲ့ကြသည်။ ဓာတ်မြေသြဇာများကို နိုင်ငံတော်က နိုင်ငံခြားငွေများသုံးစွဲ၍ တောင်သူလယ်သမားများအား ဖြန့်ဝေရောင်းချခဲ့ရာ ၂၀၀၃ ခုနှစ်က (၅၀) ကီလိုဂရမ် တအိတ် ကျပ် (၁၀,၀၀၀) ကျော် ရှိလာခဲ့သည် ၂၀၀၈ ခုနှစ်တွင် (၂၅,၀၀၀) ကျပ်ခန့် ၀ယ်ယူသုံးစွဲကြရသည်။

ထိုအတွက် စိုက်ပျိုးရေး အတတ်ပညာရှင်များသည် စပါးအထွက်နှုန်းတိုးစေရေးနှင့် နိုင်ငံခြားမှ ဓာတ်မြေသြဇာ မှာယူတင်သွင်းမှု လျော့ကျစေရေး သုတေသနပြုရှာဖွေကြရာ စပါးစိုက်ပျိုးမြေများ၌ ကောက်ရိုးနှင့် ရေကျောက်ခက် ဓာတ်မြေသြဇာ ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာကောင်းမွန်ပြီး အထွက်နှုန်းတိုးစေသည့် နည်းစနစ်များ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၂၀၀၃ ဇူလိုင် (၂၅) ရက်နေ့တွင် ကျင်းပသော ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့ မြန်မာ့ဆန်စပါးသုတေသနခန်းမ၌ ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် စာတမ်းရှင် (၂) ဦးက တင်ပြသွားခဲ့သည်။

ဂျပန်နိုင်ငံမှ ပါရဂူဘွဲ့ယူ၍ ပြန်လာသော မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါက်တာချိုချိုထွန်း တင်ပြသော ကောက်ရိုးအခြေခံ မြေဆွေးပြုလုပ်ပြီး မြေဆီလွှာ တိုးတက်ကောင်းမွန်စေသည့် နည်းလမ်းနှင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ကထိက ဒေါက်တာမီမီအောင်၏ ရေကျောက်ခက် ဇီဝမြေသြဇာ မွေးမြူ၍ စပါးအထူးအထွက်တိုးရေး နည်လမ်းတို့ဖြစ်ကြောင်း သိရသည်။

ကောက်ရိုးအခြေခံ သဘာဝမြေသြဇာပြုလုပ်ပုံ ပထမနည်းမှာ တဧက အသုံးပြုရန် ကောက်ရိုး (၂) တန် (ကောက်ရိုးပုံ ၈ ပုံ) ကို အရှည် (၂) လက်မခန့် နွားစာစဉ်းစက်ဖြင့် စဉ်းရမည်ဖြစ်သည်။ ထိုကောက်ရိုး အပိုင်းအစများကို စိုက်ပျိုးမည့် လယ်မြေထဲ ညီညာစွာ ဖြန့်ထည့်ကာ နောက်ဆုံးထယ်ရေးတွင် ထယ်ထိုးထွန်မွှေ ထည့်ပေးပြီး တလအကြာ၌ ပြောင်းရွှေ့စိုက်ပျိုးရမည်ဖြစ်သည်။

ဒုတိယနည်းမှာ စဉ်းထားသော ကောက်ရိုးဖြတ်စများ (၆’x ၃’x ၆”) ကို ညီညာစွာ ဖြန့်ခင်းပြီး ၎င်းအပေါ်၌ နွားချေး (၂) ပြည်၊ လယ်မြေသား (၂) ပြည်ကို ညီညာစွာ ဖြန့်ခင်းရန် လိုကြောင်း၊ ထိုအစီအစဉ်အတိုင်း ကောက်ရိုးဖြတ်စ၊ လယ်မြေသား၊ နွားချေးတို့ အစဉ်အလိုက် (၆) ထပ် ထပ်ရမည် ဖြစ်ကြောင်း၊ ခြောက်သွေ့ပါက ရေအသင့်အတင့် လောင်းပေးရမည်ဖြစ်ပြီး သုံးလေးရက် တကြိမ် အထက်အောက်လှန်ပေးကာ တလအကြာတွင် အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ စာတမ်းအပေါ် သမားရိုးကျတောင်သူဦးကြီးများအား လက်တွေ့အကျိုးရှိ မရှိ မေမြန်းကြည့်ရာ သက်ကြီးစပါး (၆ လစပါး) (၅) ဧက ရိတ်သိမ်း၍ ကောက်ရိုးတပုံ ပြည့်ပြည့်တင်းတင်း မရနိုင်ကြောင်း၊ ကောက်ရိုး (၈) ပုံရရှိရန် လယ်ဧက (၄၀) ရိတ်သိမ်းမှ ရနိုင်မည်ဖြစ်ကြောင်း၊ မည်သည့် လယ်သမားမဆို နွားစာအတွက် ကောက်ရိုးအခက်အခဲ နှစ်စဉ် ရှိတတ်ခြင်းကြောင့် မြက်ရိတ်ကျွေးရခြင်း၊ စားကျက်မြေများသို့ လွှတ်ကျောင်းခြင်းဖြင့် ကောက်ရိုးချွေတာနေရကြောင်း၊ အဆိုပါ ကောက်ရိုးပုံ (၈) ပုံကို အရှည် (၂) လက်မ စဉ်းရမည်ဆိုက အနည်းဆုံး (၂) ပတ် အချိန်ယူရမည် ဖြစ်သလို တနေ့အလုပ်သမား စရိတ် (၁,၀၀၀) နှင့် တွက်ပါက ဓာတ်မြေသြဇာ တအိတ်ဖိုး ဖြစ်သွားနိုင်ကြောင်း လယ်သမားများက ပြောသည်။

ကောက်ရိုးဖြတ်ခ၊ လယ်မြေသား၊ နွားချေးအလွှာ (၆) လွှာ ထပ်ရမည့် လုပ်အားခ၊ (၃-၄) ရက် တကြိမ် အထက်အောက် လှန်ပေးပြီး တလအကြာမှ စိုက်ပျိုးထွန်ယက်ရမည်ဆိုက သမားရိုးကျ စိုက်ချိန်လွန်သွားမည် ဖြစ်ကြောင်း၊ မိုးအမီပြု စိုက်ပျိုးနေရသည့်အတွက် မည်သို့မျှ အထွက်နှုန်းကောင်းနိုင်မည် မထင်ကြောင်း၊ ထို့ပြင် လယ်မြေအများစုသည် နေအိမ်နှင့် ဝေးကွာတတ်သည်ကြောင့် တဧကအသုံးပြုရန် ကောက်ရိုးပုံ (၈) ပုံ လယ်ကွင်းထဲ ရောက်ရှိရေးသည် လွန်စွာတာဝန်ကြီးလှကြောင်း၊ ဓာတ်မြေသြဇာ တဧက တအိတ် တအိတ်ခွဲ ပက်လိုက်ရုံဖြင့် အဆိုပါ ကရိကထများ လွန်မြောက်ပြီးလျှင် တဧက စပါး (၉၀) ကျော် ပြေးမလွတ်ကြောင်း၊ အဆိုပါ စာတမ်းသည် စာရွက်ပေါ်မှာသာ အသုံးဝင်ကြောင်း လယ်သမားအားလုံးက ထောက်ပြကြသည်။

စိုက်ပျိုးရေးတက္ကသိုလ်ကထိက ဒေါက်တာ မီမီအောင်၏ ရေကျောက်ခက် သဘာဝဓာတ်မြေသြဇာ စာတမ်းတွင် “ရေကျောက်ခက် ခေါ် AZOLLA (အဇိုလာ) များမှာ အရိပ်အာဝါသရ၍ အေးမြသော ရေကန်များ၊ ရေအိုင်များ၊ ရေမြောင်းများနှင့် ရေ၀ပ်သည့် ချိုင့်ဝှမ်းများတွင် ပေါက်ရောက်လေ့ရှိကာ ရေပေါ်တွင် ပေါ်နေသည့် ရေမှော်ကဲ့သို့သော အစိမ်းရောင် အပင်လေးများဖြစ်ကြောင်း တင်ပြထား၏။

ရေကျောက်ခက်သည် ၎င်းနှစ်သက်သည့် အပူချိန်၊ အလင်းရောင်နှင့် အာဟာရဓာတ်များရရှိပါက (၅) ရက်မှ (၇) ရက်အတွင်း (၄) ဆ ပွားများနိုင်၏။ တဧကလျှင် ရေကျောက်ခက် (၂) တန် ထည့်သွင်းမျိုးပွားပါက (၂) ပတ်အကြာတွင် အစိုအလေးချိန် ရှစ်တန်ခန့် ရရှိနိုင်သည်။ ထိုကာလအတွင်း နိုက်ထရိုဂျင်ဓာတ် (၁၆) ပေါင် သို့မဟုတ် ယူရီးယား (၃၅) ပေါင်၊ ယူရီးယား ဓာတ်မြေသြဇာ တအိတ်ကျော်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်အပြင် မြေဆွေးဓာတ်ကိုလည်း ရရှိစေနိုင်ကြောင်း၊ ရေကျောက်ခက်မွေးမြူ၍ စပါးစိုက်ပျိုးရာတွင် စနစ်တကျ စိုက်ပျိုးပါက စပါးအထွက်နှုန်းပိုသည်ကို တွေ့ရှိနိုင်ကြောင်း စာတမ်းတွင် ပါရှိသည်။

စနစ်တကျ မျိုးပွားမှုအနေဖြင့် အရိပ်အာဝါသရှိသော (၁၅၀) စတုရန်းပေ လယ်ကွက်တကွက်ကို ပေါင်း၊ မြက် အမှိုက်သရိုက်များ ရှင်းလင်း၍ ရေအနက် (၆) လက်မအထိ ရေသွင်းပေးရမည် ဖြစ်သည်။ တဧက (၁၀) ပေါင်နှုန်း တီစူပါ ပယ်နယ်ဆလင် ပုလင်း (၃) ပုလင်းခန့် ထည့်ပေးရမည်ဖြစ်သည်။ ထို့နောက် ရေကျောက်ခက် ပေါင် (၃၀) ကို တကွက်လုံး ညီညာစွာကြဲပက်ပေးရန် လိုအပ်ကြောင်း၊ နှစ်ပတ်ခန့်ကြာသောအခါ ရေကျောက်ခက်ကို အစို ပေါင်ချိန် (၁၀၀) ထက်မနည်း ရရှိလာမည်ဖြစ်ကြောင်း၊ ယင်းပေါင် (၁၀၀) ကို နောက်ထပ်အကွက် (၄) ကွက်တွင် ထပ်မံတိုးချဲ့မွေးမြူပါက (၂) ပတ်အကြာ၌ ရေကျောက်ခက် ပေါင်ချိန် (၄၀၀) ထက်မနည်း ရရှိမည်ဖြစ်သည်။

အသုံးပြုပုံအနေဖြင့် မြေကို ထွန်ယက်အပြီး ကောက်မစိုက်မီ ရေ (၃) လက်မခန့်ထား၍ တီစူပါမြေသြဇာ (၁၀) ပေါင် ကြဲပက်ပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် ရေကျောက်ခက်ပေါင်ချိန် (၃,၀၀၀ - ၄,၀၀၀) ခန့် ကြဲပက်အပြီး (၁၀) ရက်နှင့် ရက် (၂၀) အကြာ၌ လယ်ကွက်တခုလုံး ရေကျောက်ခက်များ ပြည့်နေမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ရေကို ထုတ်ပစ်ပြီး ထွန်ဖြင့်မွှေ၍ ရေကျောက်ခက်များကို မြေသားနှင့် ရောပစ်လိုက်ရမည်ဖြစ်ကြောင်း၊ မြေမြှုပ်အပြီး (၇) ရက်မှ (၁၀) ရက်ခန့်အကြာတွင် ကောက်စိုက်၊ ကောက်စိုက်အပြီး (၁၄) ရက်အကြာ၌ ရေကျောက်ခက်ကို နောက်တကြိမ် ယခင်အတိုင်း ပြန်လုပ်၊ ရေကျောက်ခက်များ ပြည့်လာလျှင် ဒုတိယအကြိမ် မြေမြှုပ်၊ အထူးအရေး ကြီးသည်မှာ (၇) ရက် တကြိမ် တီစူပါမြေသြဇာ (၁၀) ပေါင်ခန့် မှန်မှန်ကျွေးမှ ရေကျောက်ခက်ပွားများနှုန်း ကောင်းမည်ဖြစ်ကြောင်း၊ အဆိုပါ နည်းများကို လယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ကျောက်ဆည်မြို့ ဗဟိုစိုက်ပျိုးရေးခြံတွင် သရုပ်ပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေကျောက်ခက် သဘာဝဓာတ်မြေသြဇာသုံးစွဲခြင်းနှင့် ပတ်သက်၍ “တဧက စိုက်ပျိုးရန် ရေကျောက်ခက် မွေးချိန်သည် တလခန့်ကြာမြင့်ကြောင်း၊ လယ်နည်းက ပြဿနာမရှိသော်လည်း လယ်များသူတွေအတွက် အခက်အခဲများစွာ ရှိနိုင်ကြောင်း၊ တတန်လျှင် ပိဿာ (၆၀၀) ကျော်ရှိသည်ကြောင့် တဧကစိုက်ရန် ရေကျောက်ခက်များကို ဟိုလယ်ရွှေ့ သည်လယ်ရွှေ့လုပ်နေရခြင်းမှာ စိတ်ကူးယဉ်ခြင်းသာဖြစ်ကြောင်း၊ တနေ့လျှင် နောက်ချေး၊ အမှိုက်များကို နံနက် (၃) ကြိမ်၊ ညနေ (၂) ကြိမ် (ပေါင်း) (၅) ကြိမ်သာ သယ်ယူနိုင်ကြောင်း၊ နွားများကို ညှာရကြောင်း၊ စမ်းသပ်ပြကွက်များ၌ တဧကမျှ စိုက်ပျိုးပြသသည်မှာ လက်တွေ့လယ်သမားတို့ အခြေအနေနှင့် များစွာကင်းကွာကြောင်း၊ ရေကျောက်ခက် မွေးချိန်ပြည့်၍ ရေကို ဖောက်ထုတ်လိုက်က ထိုရေသည် တဖက်လယ်သို့ ရောက်သွားမည်ဖြစ်ကြောင်း၊ တဖက်လယ်၌ ရေမလိုသေးချိန် ဤသို့ ရေတိုးဝင်လာခြင်းသည် လယ်သမားအချင်းချင်း ခိုက်ရန်ဒေါသဖြစ်စေနိုင်ကြောင်း၊ ကန်သင်းတင်လယ်မြေများ၌ ရေထုတ်ရေသွင်းခြင်းသည် ယခင်ကပင် လယ်သမားအချင်းချင်း စိတ်ဝမ်းကွဲစေသည့် အစဉ်အလာများရှိကြောင်း” လည်း လယ်သမားအားလုံးက တညီတညွတ်တည်း ဆိုကြသည်။

အဆိုပါ စက္ကူပေါ်မှ မစားရ၀ခမန်း စီမံကိန်းများသည် လက်တွေ့ဘ၀နှင့် လွန်စွာဝေးကွာသည်ကြောင့် ၂၀၀၃ ခု သြဂုတ် (၅) ရက်ထုတ် သတင်းစာ၌ တခမ်းတနား ဖော်ပြခဲ့သော်လည်း မည်သည့်လယ်သမားမှ လိုက်နာဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်မူအဖြစ် အတင်းအဓမ္မ မစိုက်ခိုင်းသည်ကိုပင် ကျေးဇူးတင်နေရသည်ဟု လယ်သမားတို့က ဆိုကြသည်။

၂၀၀၇ မေလ ကုန်ခန့်က တိုက်ကြီးနယ် စမ်းသပ်စိုက်ကွက်၌ စပါးနို့ဆီဘူး (၃) လုံးဖြင့် တဧကစိုက်ပျိုးသည့် နည်းသစ်ကို တာဝန်ရှိသူတို့အား ခေါ်ယူပြသသွားကြောင်း သတင်းရရှိသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မြန်မာ့ဆန်စပါးသုတေသန (မှော်ဘီ) ၏ မန်နေဂျာ ဒေါက်တာ ထွန်းဝင်းနှင့် သတင်းထောက်တဦး တွေ့ဆုံရာ၌ “သမားရိုးကျ စပါးစိုက်ပျိုးရာတွင် လယ်တဧကအတွက် မျိုးစပါးအနည်းဆုံး တတင်းလိုအပ်ကြောင်း၊ စပါးဟူသည် အပေါ်ယံမြေဆီကို စားသုံးသည့်အပင် ဖြစ်ကြောင်း၊ ထို့အတွက် မြေဆီကို ဖိကျွေးနေရကြောင်း၊ ထိုမှ ကာလတခုအရောက်တွင် စပါးတစေ့မှ အပင်ကွဲ (၄-၅) ပင်ထွက်လာကြောင်း၊ ထိုအပင်ကွဲများကို တပင်စီခွဲထုတ်ကာ အခြားလယ်တခုသို့ ပြောင်းရွှေ့စိုက်ပျိုးခြင်းသာ ဖြစ်ကြောင်း၊ အချိန်မတိုင်မီ နို့်ခွဲလိုက်သော ကလေးငယ်ကဲ့သို့၊ အသက်ငယ်ငယ်နှင့် မနိုင်ဝန်ထမ်းနေသော လူသားကဲ့သို့ ဘယ်လိုမှ မျိုးမအောင်နိုင် ကြောင်း၊ အရည်အချင်း ပြည့်မီသည့် မျိုးလည်း ဖြစ်မည်မဟုတ်ကြောင်း၊ စပါးမျိုးကောင်းမှသာလျှင် ကမ္ဘာ့ဝယ်လိုအား ရှိမည် ဖြစ်ကြောင်း၊ ယခုလည်း စိုက်ပျိုး၍ရသည်ကိုသာ ပြသခြင်းဖြစ်နိုင်ကြောင်း၊ တဧက စပါးမည်မျှ ထွက်ရှိသည်ကို ပြသခြင်းမဟုတ်ကြောင်း” နည်းလမ်းတကျ ရှင်းပြသွားခဲ့သည်။ ထိုသတင်းသည် ပြည်တွင်း မီဒီယာပေါ်ရောက်ရှိပြီး မကြာမီ အဆိုပါ သုတေသနပညာရှင် ဒေါက်တာထွန်းဝင်းသည် အခြားဌာနတခုသို့ ပြောင်းရွှေ့အပြစ်ပေးခံရသည်ဟု သိရသည်။

ဆယ်စုနှစ် (၂) ခုကျော်အတွင်း ကျနော်ဖြတ်သန်းခဲ့ရသည့် အထက်ပါ ဖြစ်စဉ်တို့အား ထောက်ချင့်၍ နိုင်ငံတော်၏ သုတေသနလုပ်ကွက်များ၊ စီမံကိန်းလုပ်ငန်းများသည် ပြည်သူများ၏ နေ့စဉ်ဘ၀တိုးတက်မှု၊ လက်တွေ့ပကတိ အခြေအနေ၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား၊ ပြည်သူတွေ အမှန်တကယ် အကျိုးရှိသည့် စီးပွားရေး စီမံကိန်းများ ဟုတ်မဟုတ်ဆိုသည်ကို ပြန်လည်သုံးသပ်ကြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပေသည်။

0 comments:

Post a Comment