Wednesday, June 23, 2010

သတင်းသမားနဲ့ပါးကွက်အာဏာသား

အောင်ကျော်ခင် / ၁၁ မေ ၂၀၁၀


သတင်းမီဒီယာလွတ်လပ်မှုကိုကာကွယ်ဖို့ တာဝန်ရှိတဲ့ တခုတည်းသော ကုလသမဂ္ဂအဖွဲ့အစည်းဟာ ပဲရစ်မြို့တော်မှာ အခြေစိုက်တဲ့ UNESCO ယူနက်စကို (ခေါ်) ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ပဲ ဖြစ်တယ်။ တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံလွတ်လပ်မှု၊ လူ့အခွင့်အရေး စတာတွေကို မြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ ယူနက်စကို အခြေခံဥပဒေ အပိုဒ် (၁) မှာ ဖော်ပြထားတယ်။ စာနယ်ဇင်းလွတ်လပ်မှုကို မြှင့်တင်တဲ့အနေနဲ့ ၁၉၉၁ မှာ ကျင်းပတဲ့ (၂၆) ကြိမ်မြောက် ယူနက်စကို အထွေထွေညီလာခံမှာ ‘စာနယ်ဇင်းနေ့’ သတ်မှတ်ဖို့ သဘောတူကြပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက မေလ (၃) ရက်နေ့ကို ‘ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ရေးနေ့’ အဖြစ် ၁၉၉၃ မှာ ကြေညာတယ်။ ရည်ရွယ်ချက်က တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ သတင်းသမားတွေကို ဂုဏ်ပြုပြီး သတင်းမီဒီယာလွတ်လပ်မှု အခြေအနေကို သုံးသပ်ဖို့ဖြစ်တယ်။

သတင်းအချက်အလက် သိရှိပိုင်ခွင့် freedom of information နဲ့ ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းတာတွေ များလာပေမယ့် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းကို မီတာမဟုတ်ဘူးလို့ ယူနက်စကိုက ဆိုတယ်။ ဒီဥပဒေပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်က အစိုးရနဲ့ဆိုင်တဲ့ သတင်းတွေကို အများပြည်သူသိရှိနိုင်ဖို့ပါပဲ။ ဒီလိုဥပဒေရှိတယ်ဆိုရင်တောင် သတင်းဖြန့်ဝေဖို့ လွတ်လပ်တဲ့ သတင်းမီဒီယာရှိဖို့ လိုပါတယ်။ မြန်မာပြည်မှာ သတင်းအချက်အလက် သိပိုင်ခွင့်ရော၊ ဖြန့်ဝေခွင့်ရော ဆိတ်သုဉ်းနေပါတယ်။

သတင်းသမားကို အာဏာရအစိုးရရဲ့ ပါးကွက်အာဏာသားတွေက နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်တာကို ယူနက်စကိုလည်း ဘာမှ တတ်နိုင်ပုံ မရပါဘူး။ အစိုးရရဲ့ ပါးကွက်အာဏာသားတွေ သောင်းကျန်းလို့ သတင်းသမားတွေ အန္တရာယ်ကြုံရပုံကို မတ်လ (၁၇) ရက်နေ့ထုတ် (၂၈) မျက်နှာ ယူနက်စကိုအစီရင်ခံစာမှာ ဖော်ပြတယ်။ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ CPJ သတင်းသမားကာကွယ်ရေးကော်မတီ၊ IFJ အပြည်ပြည်ဆိုင်ရာသတင်းသမားဖက်ဒရေးရှင်း စတဲ့ တသီးပုဂ္ဂလအဖွဲ့တွေလောက်ပဲ ယူနက်စကိုလည်း ဆောင်ရွက်နိုင်တာ တွေ့ရတယ်။

သတင်းသမားကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ၂၀၀၆ ဆုံးဖြတ်ချက်ကိုလည်း ယူနက်စကိုရဲ့ မတ်လ (၁၇) ရက်နေ့ အစီရင်ခံစာမှာ ပြန်လည်ဖော်ပြထားတယ်။ တောင်းဆိုမှု၊ ပန်ကြားမှု၊ ရှုတ်ချမှုလောက်ပဲ လုပ်နိုင်တာမို့ စရိုက်ကြမ်းတဲ့ အစိုးရတွေက ဂရုမစိုက်ဘူး။ အသတ်ခံရတဲ့ သတင်းသမားဦးရေ ၂၀၀၆ မှာ (၆၉) ဦးရှိခဲ့ပြီး ၂၀၀၇ မှာ (၅၃) ဦး၊ ၂၀၀၈ မှာ (၄၈) ဦး၊ ၂၀၀၉ မှာ (၇၇) ဦး ရှိနေပြီလို့ ယူနက်စကို အစီရင်ခံစာမှာ ဖော်ပြတယ်။

၂၀၀၉ ခုနှစ်အတွင်း နိုင်ငံပေါင်း (၉၀) ကျော်မှာ သတင်းသမားတွေ တိုက်ခိုက်ခံရပုံကို စီပီဂျေ Committee to Protect Journalists သတင်းသမားကာကွယ်ရေးကော်မတီက စာမျက်နှာ (၃၆၀) အစီရင်ခံစာကို ဖေဖော်ဝါရီလလယ်က ထုတ်ပြန်တယ်။ သတင်းသမားကို တိုက်ခိုက်မှုများ Attacks on the Press in 2009 လို့ အမည်ပေးထားတယ်။ မြန်မာပြည်က သတင်းသမားတွေအကြောင်း (၈) မျက်နှာ ရေးထားတယ်။ မတရားလုပ်မှု၊ အနိုင်ကျင့်မှုကို ပြည်တွင်းပြည်ပမှာ သိရှိသွားအောင်လုပ်နိုင်ရင် ရပ်ဆိုင်းသွားတာမျိုး (ဒါမှမဟုတ်လည်း) လျော့နည်းသွားတာမျိုးရှိတဲ့အတွက် သတင်းပေးပို့တာဟာ တိုင်းပြည်အတွက် အကျိုးရှိတယ်လို့ ယူဆကြတယ်။

၁၉၉၂ ကစပြီး ပြုစုလာခဲ့တဲ့ စီပီဂျေစာရင်းအရ အလုပ်လုပ်ရင်း အသတ်ခံရတဲ့ သတင်းသမားပေါင်း (၈၀၀) ကျော်ရှိပါပြီ။ ဖိလစ်ပိုင်နိုင်ငံမှာ (၇၀) နဲ့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ (၂၀) ကျော်စီရှိပြီး ဘင်္ဂလားဒေ့ရှ်မှာ (၇၀) ကျော် အသတ်ခံရပါတယ်။ မြန်မာပြည်မှာ သတင်းယူနေတုန်း အသတ်ခံရသူဟာ ဂျပန်သတင်းထောက် ‘ကေဂျီ နာဂါးအိ’ ပါ။ မြန်မာ့သတင်းသမားတွေဖြစ်တဲ့ မအိမ့်ခိုင်ဦး၊ မလှလှဝင်းနဲ့ ကိုဝင်းမော်တို့ကို မြန်မာသတင်းသမဂ္ဂညီလာခံက ‘ကေဂျီ နာဂါးအိ’ ဆု ချီးမြှင့်ပြီး ဂုဏ်ပြုထားတယ်။

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ရှိတဲ့အထဲက မနှစ်က (၁၀၀) ကျော်ကိုသာ လွှတ်ပေးတယ်။ ဒီအထဲမှာ သတင်းသမား (၃) ဦးပါဝင်ကြောင်း စီပီဂျေအစီရင်ခံစာမှာ ဖော်ပြတယ်။ ရန်ကုန် ကုလသမဂ္ဂရုံးရှေ့မှာ လေဘေးဒုက္ခသည်တွေ ဆန္ဒပြတာကို သတင်းပေးပို့မှုနဲ့ ၂၀၀၈ မှာ ထောင် (၂) နှစ်ကျသွားတဲ့ Ecovision ဂျယ်နယ်သတင်းထောက် မအိမ့်ခိုင်ဦး၊ ဒီဆန္ဒပြပွဲမှာပဲ သတင်းယူလို့ ထောင် (၇) နှစ်ကျသွားတဲ့ Weekly Eleven သတင်းထောက် ကိုကျော်ကျော်သန်းနဲ့ ၂၀၀၈ မှာ ထောင် (၇) နှစ်ကျသွားတဲ့ Myanmar Nation သတင်းဂျာနယ်အယ်ဒီတာ ကိုသက်ဇင်တို့ သုံးဦး ၂၀၀၉ ခုနှစ်မှာ လွတ်မြောက်သွားတယ်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံကို သတင်းပေးမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ မလှလှဝင်း၊ ကိုဝင်းမော်နဲ့ ကိုငွေစိုးလင်းတို့အကြောင်းကို စီပီဂျေအစီရင်ခံစာမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။ နာဂစ်လေဘေးဒုက္ခသည်အကြောင်း ဗွီဒီယိုရိုက်ကူးသူ ဒီမိုကရက်တစ်မြန်မာ့အသံက ဓာတ်ပုံသတင်းထောက် ‘တီ’ နဲ့ ‘ဇီ’ အကြောင်းကိုသာ ဖော်ပြပါတယ်။ သူတို့နှစ်ဦးစလုံး သတင်းမှတ်တမ်းတွင် Rory Peck ဆု ချီးမြှင့်ခံရတယ်။ ဒါပေမယ့် သတင်းမှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးအပြီး (၆) လအကြာမှာ ဓာတ်ပုံဆရာ ‘တီ’ အဖမ်းခံလိုက်ရပါတယ်။ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဓာတ်ပုံဆရာ ‘ဇီ’ ကတော့ ထွက်ပြေးတမ်းရှောင်နေတယ်လို့သာ စီပီဂျေနှစ်လည်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အဖမ်းခံနေရတဲ့ မြန်မာသတင်းသမားတွေဖြစ်တဲ့ ဦးနေမင်း၊ ဦးနေဖုန်းလတ်၊ ဦးစိန်ဝင်းမောင်၊ ဦးဇာဂနာ၊ ဦးဇော်သက်ထွေး၊ ဦးအောင်ကျော်ဆန်း၊ ဦးသန့်ဇင်စိုးနဲ့ ဦးပိုင်စိုးဦး စတဲ့ သတင်းသမား (၈) ဦးရဲ့အမည်နဲ့ လုပ်ဆောင်ချက်တွေကိုလည်း စီပီဂျေ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

အလွတ်သတင်းသမား နေမင်းလို့ လူသိများတဲ့ ရှေ့နေဦးဝင်းရွှေဟာ အကျဉ်းကျသတင်းသမားတွေထဲမှာ ၀ါအရင့်ဆုံးဖြစ်ပုံရပါတယ်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံနဲ့ပတ်သက်ပြီး ဘီဘီစီကို သတင်းပေးပို့ရာမှာ အဓိကအခန်းက ပါဝင်ခဲ့သူဖြစ်တယ်။ ၁၉၈၉ မှာ အဖမ်းခံရပြီး ထောင်ဒဏ် (၁၄) နှစ် ကျသွားသူပဲဖြစ်တယ်။ အင်းစိန်ထောင်မှာ (၉) နှစ်နေပြီး ၁၉၉၈ မှာ လွတ်လာပါတယ်။ နိုင်ငံခြားရောက် အတိုက်အခံအဖွဲ့တွေကို သတင်းပေးပို့မှုနဲ့ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ အလွတ်သတင်းသမား နေမင်းအဖမ်းခံရပြန်တယ်။ ကျန်တဲ့သတင်းသမားတွေကတော့ သံဃာဦးဆောင်တဲ့ ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲအကြောင်း နိုင်ငံခြားကို သတင်းပေးပို့မှုနဲ့ အဖမ်းခံကြရတာဖြစ်ပါတယ်။

ဟာသဆရာ ဇာဂနာ (ခေါ်) မောင်သူရဟာ ၁၉၉၀ က ၁၉၉၄ အထိ အကျဉ်းကျခံခဲ့ရသူဖြစ်တယ်။ နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး စစ်အစိုးရတာဝန်ပျက်ကွက်ပုံကို ဘီဘီစီအပါအ၀င် နိုင်ငံခြားသတင်းဌာနတွေကို ပြောပြတဲ့အမှုနဲ့ ထောင်ဒဏ် (၅၉) နှစ် ချခံရသူဖြစ်တယ်။ နောက်တော့မှ ထောင်ဒဏ် (၃၅) နှစ်အထိ လျှော့ချလိုက်တယ်လို့ သိရတယ်။ ဆရာဇာဂနာကို နိုင်ငံခြားအဖွဲ့အစည်းအချို့က လူ့အခွင့်အရေးနဲ့ စာပေဆုတွေ ချီးမြှင့်ထားတယ်။ နိုင်ငံခြားကို သတင်းပေးပို့မှုမှာ ကြီးလေးတဲ့အပြစ်ဒဏ် ပေးနေတာကိုကြည့်ရင် သတင်းပျံ့နှံ့သွားမှာကို စစ်အစိုးရ အလွန်စိုးရိမ်ပူပန် ကြောက်လန့်နေတာ ထင်ရှားတယ်။

ဝါရှင်တန်မြို့တော်အခြေစိုက် Freedom House အဖွဲ့က ထုတ်ဝေနေကျ သတင်းမီဒီယာလွတ်လပ်မှု နှစ်လည်စစ်တမ်းကို ဧပြီလကုန်က ထုတ်ဝေလိုက်တယ်။ နိုင်ငံပေါင်း (၁၉၅) နိုင်ငံရဲ့ ၂၀၀၉ ခုနှစ် သတင်းမီဒီယာလွတ်လပ်မှုအခြေအနေကို ဖော်ပြတယ်။ ပုံနှိပ်မီဒီယာ အသံလွှင့် မီဒီယာနဲ့အင်တာနက် မီဒီယာတွေမှာ ဘယ်လောက်လွတ်လပ်မှု ရှိသလဲဆိုတာကို ဆန်းစစ်ထားတာပါပဲ။ လွတ်လပ်မှုရှိတဲ့နိုင်ငံ၊ လွတ်လပ်မှု အနည်းငယ်ရှိတဲ့နိုင်ငံနဲ့ လွတ်လပ်မှုမရှိတဲ့ နိုင်ငံဆိုပြီး သုံးမျိုးခွဲခြား သတ်မှတ်တယ်။

Freedom House နှစ်လည်စစ်တမ်းကောက်ယူတဲ့ (၁၉၅) နိုင်ငံထဲက အဆိုးဝါးဆုံး (၁၀) နိုင်ငံထဲမှာ အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ မြောက်ကိုရီးယားနဲ့အီရန်နိုင်ငံပါဝင်တယ်။ ဒီနိုင်ငံတွေမှာ လွတ်လပ်တဲ့ သတင်းမီဒီယာ ကင်းမဲ့နေတယ်လို့ဆိုတယ်။ မြန်မာပြည်အကြောင်း (၄) မျက်နှာ ရေးထားပြီး နိုင်ငံရေးနဲ့ လူမှုရေး လွတ်လပ်မှု ဆိတ်သုဉ်းတဲ့နိုင်ငံအဖြစ် ဖော်ပြတယ်။ အာဏာသိမ်းထားတာ မှန်ကန်ကြောင်း ပြနိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာကိုလည်း ဖော်ပြတယ်။

Freedom House သတင်းမီးဒီယာ စစ်တမ်းနဲ့အတူ တချိန်တည်းထုတ်ဝေတဲ့ TIME အပတ်စဉ်မဂ္ဂဇင်းကတော့ သြဇာအရှိန်အ၀ါရှိတဲ့ ပုဂ္ဂိုလ် (၁၀၀) အကြောင်းကို ဖော်ပြတယ်။ ဒီပုဂ္ဂိုလ်တွေ စွမ်းစွမ်းတမံဆောင်ရွက်နိုင်တာကြောင့် အကျိုးသက်ရောက်မှု ကြီးမားပုံကို စောင်ရေသန်းချီထုတ်ဝေနေတဲ့ TIME အပတ်စဉ်မဂ္ဂဇင်းက ဖော်ပြတာဖြစ်တယ်။ ဒီလို ထူးခြားတဲ့ ပုဂ္ဂိုလ် (၁၀၀) ထဲမှာ ‘နေဖုန်းလတ်’ ဆိုတဲ့ မြန်မာလူငယ်လည်း ပါဝင်တယ်။ ‘နေဖုန်းလတ်’ အကြောင်း နာမည်ကျော် ၀တ္ထုရေးဆရာ Salman Rushdie က ရေးထားတယ်။ သံဃာဦးဆောင်တဲ့ ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲကို ကမ္ဘာကသိအောင် နေဖုန်းလတ်က သတင်းဖြန့်နိုင်တာဟာ အိုမင်းရင့်ရော်နေတဲ့ အာဏာရှင်စနစ်ကို လူငယ့်အားမာန်နဲ့ ဖီဆန်လိုက်တာပဲဖြစ်ကြောင်း နေဖုန်းလတ်လိုလူမျိုး မြန်မာပြည်မှာ လိုအပ်နေကြောင်း Salman Rushdie က ရေးတယ်။

နေဘုန်းလတ်ကို ပထမ ထောင်အနှစ် (၂၀) ချပြီးတော့မှ ပြင်ဆင်ပြီး ထောင်ဒဏ် (၁၂) နှစ် ချမှတ်တာကိုကြည့်ရင် လွတ်လပ်စွာ သတင်းပေးပို့တာကို မြန်မာစစ်အစိုးရ အလွန်ကြောက်တာ ထင်ရှားတယ်။ သတင်းစာတစောင်ဟာ လှံစွပ်တထောင်ထက် ပိုပြီးကြောက်ဖို့ကောင်းတယ်လို့ ပြင်သစ်ဗိုလ်ချုပ်ကြီး နပိုလီယံ (၁၉) ရာစုက မှတ်ချက်ချထားတာကို မြန်မာဗိုလ်ချုပ်ကြီးတွေ အမြဲတမ်း သတိရနေပုံပါပဲ။

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးနေ့မှာ ထုတ်ဝေတဲ့ ပဲရစ်အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအသင်းက ထုတ်ဝေတဲ့ အစီရင်ခံစာမှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်ဖျက်ဆီးသူ (၄၀) ထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးတို့ ပါဝင်နေတယ်။ သူတို့နှစ်ဦးစလုံးဟာ လျှို့ဝှက်ကြံစည်လုပ်ကိုင်တတ်ကြတဲ့ ကမ္ဘာ့အပယ်ခံတွေပဲ။ လွတ်လပ်တဲ့ သတင်းမီဒီယာကို သူတို့အကြောက်ဆုံးပါပဲ။

လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်မရှိရင် ပြည်သူလူထုရဲ့ ကဏ္ဍဟာ ရွေးကောက်ပွဲမှာတင် နိဂုံးချုပ်သွားပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်ကြပေမယ့် တိုင်းပြည်မှာ လွတ်လပ်မှုမရှိတဲ့အတွက် ပြည်သူလူထုအခန်းကဏ္ဍဟာ ရွေးကောက်ပွဲမှာတင် နိဂုံးချုပ်သွားတယ်။ တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ကို စစ်အစိုးရက ထောင်သွင်းအကျဉ်းချပြီး နှစ်ရှည်လများနှိပ်စက်ညှဉ်းပန်းတာကို ပြည်သူတွေ ဘာမှမတတ်နိုင်ဘူး။

လောလောဆယ်မှာတော့ တားဆီးပိတ်ပင်လို့မရတဲ့ နိုင်ငံခြားအခြေစိုက် မြန်မာရေဒီယို (၄) ခုကို မြန်မာစစ်အစိုးရ အကြောက်ဆုံးပဲ။ “VOA,BBC ရန်တိုက်ပေးနေသည်။ RFA,DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံလူသတ်သမား နားမယောက်လေနဲ့ သတိထား” ဆိုတဲ့ ကြော်ငြာကို အစိုးရသတင်းစာတွေမှာ နေ့စဉ်နေ့တိုင်း ဖော်ပြနေတာဟာ ပိတ်ပင်တားမြစ်လို့မရတဲ့ ပြည်ပအသံလွှင့်သတင်းသမားကို ဗိုလ်ချုပ်အသိုင်းအ၀ိုင်း ဘယ်လောက်ကြောက်သလဲဆိုတာ သိနိုင်တယ်။ အမှန်ပြောတာကို မယုံနဲ့လို့ ပြောတာနဲ့ အတူတူမို့ ရေဒီယိုပရိသတ်တောင် တိုးလာသေးတယ်။

အောက်ပိုင်းမှာ မတရားလုပ်နေတာတွေကို တပြည်လုံးကြားအောင် အသံလွှင့်ပေးနိုင်လို့ ရပ်တန့်သွားတဲ့ သာဓကတွေ ရှိတယ်။ ပြည်ပရေဒီယိုတွေ ဒီလိုဖော်ထုတ်နိုင်တာဟာ ပြည်တွင်းရေဒီယိုပရိသတ် မကြောက်မရွံ့သတင်းပေးနေလို့ပဲ။ ဒီလူတွေဟာ နိုင်ငံသားသတင်းသမားပဲ။ နိုင်ငံသားသတင်းသမားတွေ များလာလေလေ အာဏာရှင်နဲ့ပါးကွက်အာဏာသားစနစ် ကျဆုံးဖို့ အလားအလာ များလေလေလို့ ပြောနိုင်တယ်။

0 comments:

Post a Comment