Showing posts with label နိုင်ငံရေး ပါတီ. Show all posts
Showing posts with label နိုင်ငံရေး ပါတီ. Show all posts

Wednesday, June 23, 2010

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကိုယ်ပွားပါတီမဟုတ်

ဇင်လင်း / ၁၃ မေ ၂၀၁၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ကြောင်း မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီအစည်းအဝေးတွင် (အမြင်ကွဲလွဲသူအချို့ရှိသော်လည်း) ကန့်ကွက်သူမရှိ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ အပေါ် အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း ပြသလိုက်သည်။ ပြည်တွင်းပြည်ပတွင် အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စသည်တို့ကို လက်ငင်းဖြေရှင်းရမည့် ပြဿနာများအဖြစ် ဖော်ပြလျက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုထားသည်။

ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားလျက် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ဆင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ သို့သော် စစ်အာဏာရှင်အုပ်စုက လူထုကိုယ်စားပြု NLD ပါတီ၏ တောင်းဆိုမှုကို ကျောခိုင်းထားခဲ့သဖြင့် NLD ကလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ NLD ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပ အဓိကနိုင်ငံရေးအင်အားစုများက ကြိုဆိုထောက်ခံခဲ့ကြသည်။ ပြည်သူလူထုအများစုကလည်း ထောက်ခံခဲ့ကြသည်။

စစ်အစိုးရ၏ ၂၀၁၀ ပါတီမှတ်ပုံတင်ဥပဒေအရ ဆက်လက်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် NLD က ငြင်းဆိုခဲ့သဖြင့် မေလ (၆) ရက်တွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်သက်တမ်းကုန်သည်။ မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ခဲ့သော်လည်း မေလ (၇) ရက်နေ့တွင် NLD နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ‘အမျိုးသားဒီမိုကရေစီအင်အားစု’ အမည်ဖြင့် ပါတီမှတ်ပုံတင်လိုက်သည့်ကိစ္စ ပေါ်လာခဲ့သည်။ ထိုအုပ်စုကို ဦးဆောင်သူများမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဦးစိုးဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်နှင့် ဦးတိုးပို … စသူတို့ အပါအ၀င် (၂၈) ဦးဖြစ်သည်။ ထိုအုပ်စုက မေလ (၆) ရက်နေ့ ကုန်ဆုံးချိန်အထိ ဒေါ်စုနှင့် NLD အပေါ် သစ္စာရှိမည်။ မေလ (၇) ရက်တွင် NLD မရှိတော့သဖြင့် သီးခြားပါတီထောင်၍ ရွေးကောက်ပွဲဝင်မည်ဟု ဆိုခဲ့ကြသည်။ ထိုအုပ်စု၏ စကားနှင့်လုပ်ရပ်မှာ ရှင်းလင်းမြင်သာပါသည်။ မေလ (၆) ရက်နောက်ပိုင်းတွင် သူတို့အနေဖြင့် NLD အား သစ္စာစောင့်သိတော့မည်မဟုတ်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

NLD က ရွေးကောက်ပွဲမ၀င်သည့် အဓိကအကြောင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာမခံနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ Splinter Group က ရွေးကောက်ပွဲဝင်ရန် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် ပါတီ မှတ်ပုံတင်လိုက်သည့်အတွက် ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ပစ်ပယ်၍ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် NLD ၏ နိုင်ငံရေးရည်မှန်းချက်နှင့် တိုက်ရိုက်ဆန့်ကျင်နေကြောင်း ထင်ရှားလှသည်။
အထူးသဖြင့် လက်ငင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ဖန်တီးလိုက်သည့် ပြဿနာမှာ လူထုအား အမြင်ရှုပ်ထွေးေ၀၀ါးစေရန် မလျော်မကန် လုပ်သကဲ့သို့ ဖြစ်နေသည်။ အမှန်တော့ ယင်းသို့သော အခြေအနေမျိုး ပေါ်ပေါက်လာဖွယ်ရှိသည်ကို ၂၀၁၀ နှစ်ဆန်းစ ကတည်းက ကြားနေ သိနေရပါသည်။ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု တွင်တွင်ဝါဒဖြန့်ချိနေသည့် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာ့အရေး ဆောင်ရွက်နေကြပါသည်ဆိုသော NGO အချို့၏ ပယောဂများလည်း မကင်းဟု ဆိုရပါမည်။ ထို NGO အဖွဲ့ဝင် ပုဂ္ဂိုလ်တချို့တွင် ကိုယ်ပိုင်မီဒီယာလုပ်ငန်းများ ရှိသည့်အလျောက် နအဖ၏ အတုအယောင်ရွေးကောက်ပွဲ အထမြောက်စေရန် တက်ကြွစွာ ၀ါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုထိုသော ပုဂ္ဂိုလ်တို့အနက်မှ တဦးကဆိုလျှင် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံသည် ‘အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ’ ကို စံနမူနာယူ ရေးဆွဲထားသည်ဟု မရှက်မရွံ့ ၀ါဒဖြန့်ခဲ့ပုံကို ကိုယ်တိုင်ကြားခဲ့ရဖူးသည်။ ထို NGO အဖွဲ့များမှ တာဝန်ရှိသူအချို့ကပင် NLD မှ တွေဝေယိမ်းယိုင်သူများအား မက်လုံးပေး ဖဲ့ထုတ်စည်းရုံးခဲ့ကြသည်။ NLD အစိတ်အပိုင်းတရပ် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါခဲ့လျှင် နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုမိုရရှိမည်။ ထိုသို့ဖြစ်ခဲ့လျှင် ရွေးကောက်ပွဲ အလှည့်အပြောင်းသည် နိုင်ငံနှင့်ပြည်သူ အတိုင်းအဆမရှိ နစ်နာမည်ဖြစ်သော်လည်း စစ်တပ်ကျောထောက်နောက်ခံဖြင့် NGO လုပ်စားနေသူများ (အရိုးခံ NGO များကို မဆိုလို) အဖို့ စားပေါက်ပိုချောင်လာမည်ဟု တွက်ဆကာ စစ်အစိုးရအကြိုက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု ကျယ်ကျယ်လောင်လောင် ၀ါဒဖြန့်နေကြခြင်းလားဟု ထင်မြင်စရာဖြစ်သည်။

ဤနေရာ၌ ဧပြီလ (၇) ရက်စွဲဖြင့် ဒေါက်တာခင်ဇော်ဝင်းထံမှ ထွက်ပေါ်လာသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာတစောင်ပါ အချက်အလက်များကို ကိုးကားလိုပါသည်။ စာတမ်းခေါင်းစဉ်က “NLD အဆင့်မြင့်ခေါင်းဆောင်များ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” ဟု ဆိုပါသည်။ မတ်လ (၂၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မှတ်ပုံမတင်ရေးသဘောထားကို ဦးဉာဏ်ဝင်းက သတင်းမီဒီယာမှတဆင့် ဖော်ထုတ်လိုက်ခြင်းကြောင့် မတ်လ (၂၉) NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပေါ် သြဇာသက်ရောက်မှုဖြစ်စေခဲ့သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် ဝေဖန်ထားသည်။

ထိုနေ့က အစည်းအဝေးဆုံးဖြတ်ချက်အား ဥက္ကဋ္ဌ ဦးအောင်ရွှေက ဒေါ်စုသဘောထားကို မဆန့်ကျင်လို၍ ထောက်ခံခဲ့သည်။ လူငယ်အဖွဲ့ကလည်း မဲမခွဲဘဲ ညှိနှိုင်းဆုံးဖြတ်ရန် စုပေါင်းလက်မှတ်ရေးထိုးထားသော စာတစောင်တင်ခဲ့သည်ဟု ဆွေးနွေးချက်စာတမ်းတွင် ဖော်ပြသည်။ ထို့ကြောင့် NLD ခေါင်းဆောင်ပိုင်းသည် လက်တွေ့ကျကျ အလေးအနက် စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စကို၊ စိတ်လှုပ်ရှားခံစားမှု ဦးစားပေး၍ ဆုံးဖြတ်ခဲ့ကြသည်ဟု ဝေဖန်ထားသည်။ နှစ်ပေါင်း (၂၀) ကျော် ဆင်းရဲဒုက္ခကြီးစွာခံလုပ်ခဲ့ကြရပြီးနောက် ယခုအခါ ခေါင်းဆောင်မှု ကင်းမဲ့သွားခဲ့ပြီ။ ဤသို့ဖြစ်ရခြင်းမှာ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဟံသာမြင့်တို့ (လေးဦးဂိုဏ်း) က (ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသည်ဟု ကြွေးကြော်ကာ) အထက်စီး ရယူခဲ့သောကြောင့် ဖြစ်သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် သုံးသပ်ထားသည်။

ထို့ပြင် ဒေါ်စုသည် ဦးဉာဏ်ဝင်း၏ ခြယ်လှယ်အမြတ်ထုတ်မှုကို ခံနေသည်။ ဒေါ်စု၏ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်သည် မိမိတို့ (အဖွဲ့ချုပ်ဝင်များ) အား ပစ်ပယ်လိုက်သည့်သဘောလည်းဖြစ်သည်။ ယခုအခါ ဒေါ်စုတွင် ရပ်တည်စရာ စင်မြင့် လုံးဝမရှိ ဖြစ်သွားပြီ။ မိမိတို့အနေဖြင့် ယခုအခါ ရေစီးကြောင်းကို ဆန်တက်ကြရမည်။ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသားများအား လူရင်းများအဖြစ် သဘောထားနေသည်။ ဒေါ်စုသည် နအဖ၏ ထောင်ချောက်အတွင်း ပြန်ဝင်နေသည် … စသည်ဖြင့် ထိုဆွေးနွေးချက်စာတမ်းတွင် ဖော်ပြထားသည်။

ဒေါက်တာခင်ဇော်ဝင်း၏ ကိုယ်ပိုင်ဝေဖန်ချက်တွင် အသစ်ပေါ်လာမည့် ပါတီ သို့မဟုတ် ပြုပြင်ပြောင်းလဲထားသည့် NLD ပါတီသည် နိုင်ငံရေးဘ၀ဖြစ်စဉ်၌ တနေရာ ရသင့်ရထိုက်သည်။ ထိုပါတီသည် NLD အမည်ကို သုံးဖြစ်ကောင်းမှ သုံးဖြစ်မည်ဖြစ်သော်လည်း စင်စစ် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” ဖြစ်လာမည်။ “ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆန္ဒသဘောထားများကို လေးစားကြသကဲ့သို့ အသစ်ပေါ်လာမည့် ပါတီ၏ ဆန္ဒသဘောထားများကိုလည်း လေးစားအသိအမှတ်ပြုသင့်သည်။ မည်သည့်အကြောင်းကြောင့်မျှ ပါတီအသစ်တွင် ပါဝင်သူများအား NLD ကို သစ္စာဖောက်သူများဟု တံဆိပ်မကပ်သင့်” ဟု ဖော်ပြထားသည်။

နိုင်ငံရေးအချိုးအကွေ့တခုနှင့် ကြုံတွေ့တိုင်း သဘောထားအယူအဆ ကွဲလွဲတတ်ကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်တခုဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးပါတီတခု၏ ထီးရိပ်အောက်တွင် ရှိနေကြသူတို့အနေဖြင့် သဘောကွဲလွဲခွင့်ရှိခြင်းမှာ ဒီမိုကရေစီပိုင်ခွင့်ဖြစ်သည်။ သို့သော် ပါတီဝင်တဦးချင်းသည် ပါတီတွင်း၌ အကျေအလည် ဆွေးနွေး ငြင်းခုန်ပြီးနောက် အများစု၏ ဆုံးဖြတ်ချက်ကို သဘောမတူသော်လည်း လိုက်နာရန် တာဝန်ရှိသည်။ အများစု သဘောတူဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ရုံမက အများစုက ပြည်သူလူထုနှင့် ပါတီ၏အကျိုး ထိခိုက်နစ်နာမည်ဖြစ်၍ ပယ်ချထားသော လမ်းကြောင်းကို ဖုန်ခါပွဲထုတ်လိုက်လျှင်မူ ပါတီကိုဆန့်ကျင်ခြင်းဖြစ်သည်။ သစ္စာဖောက်ခြင်းဖြစ်သည်။

ဒေါက်တာခင်ဇော်ဝင်း၏ ဧပြီလ (၇) ရက်စွဲဖြင့် “NLD အဆင့်မြင့်ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” စာတမ်းထွက်ပေါ်လာချိန်သည် NLD တရားဝင်ပါတီအဖြစ် တည်နေဆဲကာလဖြစ်သည်ကို သတိပြုရပါမည်။ ထိုစဉ်က NLD ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့၏ စာတမ်းပါ ဆွေးနွေးချက်သဘောထားများအရ ဂိုဏ်းဂဏစိတ်ဖြင့် ပါတီကို ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်လွင်နေသည်။ “(လေးဦးဂိုဏ်း) ဟူသော အသုံးအနှုန်း” “ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်” စသည့် သဘောထားများက ထိုစဉ်ကပင် ပါတီဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်နေခဲ့ကြောင်း ထင်ရှားနေသည်။

သို့သော် မီဒီယာများအား ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောပုံဆိုပုံမှာ မရိုးသားဟု ဆိုရမလိုဖြစ်နေပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူတို့၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟု စကားနှစ်ခွဆိုမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲစည်းပုံဖြင့် စစ်အုပ်စုက သစ္စာခံခိုင်းသည်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီးဖြစ်သည်။ NDF က စစ်အုပ်စု၏ ၂၀၀၈ ဖွဲစည်းပုံကို သစ္စာခံရမည့် (ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး) လမ်းကို လိုက်သွားခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များက သစ္စာစောင့်သိမှု ရှိ မရှိ ဆိုသည်ကို ပြသခဲ့ပြီးဖြစ်သည်။

NLD မှ နှုတ်ထွက်၍ သီးခြားပါတီထောင်ခြင်းမှာ ပြဿနာမဟုတ်။ ၁၉၉ဝ ခုနှစ်တွင် ဒီမိုကရေစီနိုင်ငံ တည်ထောင်ပေးမည်ဟု NLD က ပြည်သူကို ကတိပေးခဲ့သည်။ ထိုကတိကို ဆက်လက် အကောင်အထည်ဖော်ရန် တရားဝင်ပါတီအဖြစ် ရပ်တည်ကာ နိုင်ငံရေးကို တရားဝင်လုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ကြောင်း ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောဆိုလာပုံမှာလည်း မရိုးသားရာရောက်သည်။ NLD တာဝန်ကို ဆက်လက်ထမ်းဆောင်နေသယောင် ပြောသလိုဖြစ်နေသည်။

ထိုကိစ္စများနှင့် စပ်လျဉ်း၍ ဆရာဦးဝင်းတင်က သတင်းမီဒီယာများတဆင့် ရှင်းပြခဲ့ပြီးဖြစ်သည်။ ဦးဝင်းတင်က NLD သည် ပြည်သူလူထုကို လှည့်စား၍ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်ပွားပါတီ ထူထောင်၍သော်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည်မဟုတ်ဟု အတိအလင်း ပြောပါသည်။ ထို့ပြင် ပါတီပြိုကွဲပျက်စီးစေမည့် အလုပ်မျိုးလည်းမလုပ်၊ ပြည်သူကိုလည်း သစ္စာမဖောက်ဟုဆိုပါသည်။ မိုးမခမီဒီယာ၏ မေးခွန်းများကို ဖြေဆိုရာ၌ ဦးဝင်းတင်က NLD နှင့် NDF ခြားနားပုံကို ယခုကဲ့သို့ ရှင်းလင်းစွာ ပြောကြားခဲ့သည်။

“အခုကိစ္စမှာက ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာရှိတာတို့၊ ပါတီအပေါ် သစ္စာရှိတာတို့ထက် အရေးကြီးတဲ့ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ ပေးအပ်ခဲ့တဲ့ Mandate အပေါ်မှာ သစ္စာစောင့်သိခြင်းမရှိတာက အဓိက ဖြစ်သွားပြီ။ NLD ပါတီကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲမှ ပြည်သူလူထုရဲ့အပ်နှံမှု၊ လွှဲအပ်မှု (Mandate) နဲ့ တိုင်းပြည်ဒီမိုကရေစီရေးကို အကောင်အထည် မဖော်နိုင်ခဲ့တာကို အနှစ် (၂၀) လုံးလုံးအတွက် လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ အနှစ် (၂၀) လုံးလုံးတောင် ပြည်သူ့ရဲ့ Mandate နဲ့ မဆောင်ရွက်နိုင်ခဲ့တာကို အမှန်အတိုင်း ၀န်မခံလိုဘဲ၊ လက်မခံဘဲနဲ့ နောက်ရွေးကောက်ပွဲကို ဆက်သွားတာ၊ ပြည်သူတွေအပေါ်မှာ သစ္စာမရှိတာပဲလို့ ပြောချင်တယ်။ NLD ပါတီက တောင်းပန်တယ်။ ၉၀ ရွေးကောက်ပွဲရဲ့ Mandate နဲ့ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ သို့သော် ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ ကန့်ကွက်တယ်။ NLD ဟာ ပြည်သူနဲ့ လက်တွဲပြီး ဆက်လက်ရပ်တည်သွားမယ်။ ဆက်လက်လှုပ်ရှားသွားမယ်ဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။”

NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်။ အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ် မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်ပေသည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience) ဖြစ်သည်။ NLD ၏ အမြင့်ဆုံး တိုက်ပွဲပုံသဏ္ဍာန်လည်းဖြစ်သည်။ NLD သည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ မြန်မာနိုင်ငံခရီးစဉ်အပြီး မေလ (၁၀) ရက် နေ့စွဲဖြင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ်၏ သတင်းထုတ်ပြန်ချက်တွင် ဆယ်စုနှစ် (၂) ခုကြာ မြန်မာပြည်သူလူထု၏ လူမှုဘ၀ တိုးတက်ကောင်းမွန်လာရေးအတွက် ရုန်းကန်အားထုတ်ခဲ့သော NLD ၏ အခန်းကဏ္ဍကို ချီးကျူးကြောင်း၊ စစ်အစိုးရ၏ မတရားသည့် ဥပဒေစည်းမျဉ်းဘောင်အတွင်း၌ NLD အား တရားဝင်အဖွဲ့အစည်းအဖြစ် ငြင်းပယ်ထားသော်လည်း NLD သည် မြန်မာပြည်သူလူထုအား ကိုယ်စားပြုလျက် လူထုအကျိုးကို စွဲစွဲမြဲမြဲ ဆက်လက်ဆောင်ရွက်နေသည့်အတွက် အမေရိကန်ပြည်ထောင်စုက NLD အား ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ဧရာဝတီနှင့် အင်တာဗျူးတွင် “ပြည်သူလူထုကို ဘယ်တော့မှ (ဘယ်တော့မှ) ကျောခိုင်းမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ဆောင်ရွက်ရတဲ့ ကိစ္စအရပ်ရပ်အားလုံးကို တစိုက်မတ်မတ် အေးချမ်းစွာ ဆောင်ရွက်သွားပါမယ်” ဟု ကတိပြုခဲ့သည်။ တနည်းအားဖြင့် စစ်အစိုးရက အသိအမှတ် မပြုသော်လည်း NLD သည် လူထုအကြား၌ ဆက်လက်လှုပ်ရှား တည်ရှိနေမည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် NDF အစုက NLD မရှိတော့ဟု ယူဆပြောဆိုနေသည်။ တနည်းအားဖြင့် NLD ၏ တိုက်ပွဲခွင်ထဲမှ ထွက်သွားခြင်းဖြစ်သည်။ ထိုမျှမက စစ်အာဏာအောက် ခေါင်းလျှိုဝင်လိုက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ယူဆသကဲ့သို့ NLD ၏ အခန်းကဏ္ဍ မရှိတော့ဟူသော အမြင်မှာ ပကတိအခြေအနေနှင့် လွဲချော်နေသည်။ ဒေါက်တာခင်ဇော်ဝင်း မျှော်မှန်းသည့် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” (သို့မဟုတ်) NDF ၏ အခန်းကဏ္ဍ ဆိုသည်မှာလည်း စိတ်ကူးယဉ်မှုသက်သက် ဖြစ်သည်။ NDF လျှောက်သောလမ်းမှာ လူထုဆန္ဒနှင့် ကင်းကွာသော၊ ၉၀ ရလဒ်ကို ကျောခိုင်းသော၊ စစ်အာဏာ အဓွန့်ရှည်ရေးကို ထောက်ကူသော လမ်းကြောင်းဖြစ်နေသည်။ ထို့ကြောင့် NDF သည် စစ်အာဏာတည်တံ့ရေးစီမံချက်တွင် နယ်ရုပ်တရုပ် ဖြစ်မှန်းမသိ ဖြစ်ရဖို့သာရှိသည်။

သို့ဖြစ်၍ ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့၏ NDF သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် လုံးဝဆက်စပ်ပတ်သက်မှု မရှိသည်မှာ ထင်ရှားပေသည်။ ထို့ပြင် NDF သည် NLD ၏ ကိုယ်ပွားပါတီ သို့မဟုတ် Lifeboat Party သဘောလည်း လုံးဝမဟုတ်။ အဘယ်ကြောင့်ဆိုသော် NLD ၏ မူဝါဒ ဆုံးဖြတ်ချက်များကို လိုက်နာပါမည်ဟု သဘောတူခဲ့ပြီးမှ NDF က ဆန့်ကျင်ငြင်းဆန်ခဲ့၍ ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD က လုံးဝလက်မခံနိုင်သည့် နာဂစ်ဖွဲ့စည်းပုံအောက်၌ NDF ပါတီသစ်ကို ဖွဲ့ခဲ့ခြင်းမှာလည်း စစ်အာဏာလွှမ်းမိုးရေးကို အားပေးရာရောက်နေ၍ ဖြစ်သည်။

ထို့ကြောင် ဒေါ်အောင်ဆန်းစုကြည်သည် NDF ၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟုလည်းကောင်း၊ NLD ၏ မပြီးဆုံးသေးသည့် တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟုလည်းကောင်း၊ NDF က လူထုကိုေ၀၀ါးအောင် မပြောသင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောထားချင်း ဖြောင့်ဖြောင့်ဆန့်ကျင်နေသည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု’ ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမှုကို မည်သည့်နည်းနှင့်မျှ လက်ခံလိမ့်မည်မဟုတ်ပါ။ ဖြစ်သင့်သည်မှာ ‘အမျိုးသားဒီမိုကရေစီအင်အားစု’ (NDF) ခေါင်းဆောင်များအနေဖြင့် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် သဘောမတူ၍ သီးခြားပါတီထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ္တိရှိရှိ ရိုးရိုးသားသား ဖြောင့်ချက်ပေးကာ ရှေ့ခရီးကို ဆက်သင့်ပေသည်။ လူထုက ရိုးသားမှုကို အားပေးထောက်ခံလေ့ရှိကြောင်း သတိချပ်သင့်ပါသည်။

Friday, June 18, 2010

ပါတီနဲ့ နိုင်ငံရေး ဘာကိုရွေးကြမှာလဲ

ကျော်ဗလ / ၀၁ ဧပြီ ၂၀၁၀


နအဖက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ အခန်း (၂) ပုဒ်မ (၆-ဂ) အရ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားမယ့် ပါတီဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်မည် ဖြစ်ကြောင်း ၀န်ခံဖော်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဥပဒေရဲ့ အခန်း (၃) မှာ အဆိုပါ ၀န်ခံချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိစေရလို့လည်း အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

ဒီပြဋ္ဌာန်းချက်တွေဟာ တရားဝင် တည်ရှိနေတဲ့ အန်အယ်လ်ဒီပါတီကို အဓိကဦးတည်ပြီး နိုင်ငံရေးထိုးစစ်ဆင်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်တွေရဲ့ လက်တွေ့အဓိပ္ပာယ်က လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ အန်အယ်လ်ဒီပါတီအနေနဲ့ နအဖရဲ့ ၂၀၀၈ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ နိုင်ငံရေးအရ ၀န်ခံဖြောင့်ချက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးအရ ၀န်ခံချက်မပေးရင် အန်အယ်လ်ဒီဟာ တရားဝင်ပါတီအဖြစ်က ရပ်စဲခံရမယ်လို့ ခြိမ်းခြောက် စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် ပါတီ တရားဝင်ရပ်တည်ခွင့် ရချင်ရင် ၂၀၀၈ အခြေခံဥပဒေ ရှေ့မှောက်မှာ နိုင်ငံရေးအရ ဒူးထောက် အညံ့ခံလိုက်ဖို့ နိုင်ငံရေးအရ ဖိအားပေး အကျပ်ကိုင်လိုက်တာဖြစ်ပါတယ်။

အမှန်တော့ အန်အယ်လ်ဒီပါတီဆိုတာ မိုးပေါ်က ကျလာတာမဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် ရှစ်လေးလုံး လူထုအုံကြွမှုကြီးက မွေးထုတ်ပေးလိုက်တဲ့ ပါတီသာဖြစ်ပါတယ်။ ဒီလိုပါတီတရပ်အနေဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အာမခံချက် ဘာမှမရှိဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အသွင်အမျိုးမျိုးနဲ့ ဆက်လက်လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ စီမံလုပ်ကြံထားတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတာကို ဘယ်လိုမှ အသိအမှတ်ပြု လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။

ဒါ့ကြောင့်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသောအားဖြင့် ဒီအခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ နအဖအဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်အကျိုးရှိရာရှိကြောင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့တာကိုလည်း ကျောခိုင်းလျစ်လျူရှုထားခဲ့ပါတယ်။ ဒါဟာ နအဖအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းလိုတဲ့ သဘောထား ဘာမှမရှိကြောင်းကို ဗြောင်ကျကျ ဖော်ပြလိုက်တာပါပဲ။

အခုပိုဆိုးတာက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံရင် အန်အယ်လ်ဒီပါတီကို တရားဝင်ရပ်တည်ခွင့် မပေးဘူးလို့ နိုင်ငံရေးအရ စိန်ခေါ်လိုက်ခြင်းပါပဲ။ ဒီတော့ အန်အယ်လ်ဒီအနေဖြင့် ပါတီရပ်တည်ခွင့်ရရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို ကြိတ်မှိတ် လက်ခံလိုက်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံချက် မပေးနိုင်ရုံမက စစ်အာဏာရှင်စနစ်ကိုပါ အသက်ဆက်ပေးမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြင်းဆန်လက်မခံဘဲ ပါတီကို ဖျက်သိမ်းခံမှာလားဆိုတဲ့ နိုင်ငံရေးအရ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ မေးခွန်းကြီး (၂) ခုကို ရင်ဆိုင်နေရပါတယ်။

တနည်းပြောရရင် ပါတီနဲ့ နိုင်ငံရေး ဘယ်ဟာရွေးမှာလဲဆိုတဲ့ မေးခွန်းပါပဲ။
- ပါတီရပ်တည်ခွင့်ကို အရယူရင် နိုင်ငံရေးသေမယ်၊
- နိုင်ငံရေးရပ်တည်မှုကို ဆုပ်ကိုင်ထားရင် ပါတီရပ်တည်ခွင့် ဆုံးရှုံးမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒီနေရာမှာ ပါတီနဲ့ နိုင်ငံရေး ဘယ်ရပ်တည်မှုက အရေးကြီးဆုံးလဲဆိုတဲ့ မေးခွန်းကို အဖြေပေးကြရပါလိမ့်မယ်။ ဒီမေးခွန်းကို မှန်ကန်စွာ အဖြေပေးနိုင်ဖို့ ပါတီနဲ့ နိုင်ငံရေးတို့ရဲ့ ဆက်ဆံရေးသဘောကို အသေအချာ နားလည်သဘောပေါက်ကြဖို့ အရေးကြီးပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးပါတီဟာ ဂျီစီဘီအေအဖွဲ့ကြီးလို့ပဲ အသိအမှတ် ပြုကြရပါလိမ့်မယ်။ ဒီအဖွဲ့ကြီးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဗြိတိသျှကိုလိုနီ အစိုးရဆန့်ကျင်ရေး၊ မြန်မာ့လွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဂျီစီဘီအေ အဖွဲ့ကြီးရှိလာလို့ ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ လှုပ်ရှားမှုတွေ ရှိလာတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဗြိတိသျှကိုလိုနီတွေနဲ့ ပူးပေါင်းရေး၊ ဒိုင်အာခီအုပ်ချုပ်ရေးစနစ် လက်ခံရေး စတဲ့ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်လာချိန်မှာ ဂျီစီဘီအေအဖွဲ့ကြီးလည်း ပြိုကွဲသွားခဲ့ရတာဖြစ်ပါတယ်။

ဒီလိုပါပဲ ၁၉၄၆ ခုနှစ်မှာ သခင်စိုးခေါင်းဆောင်တဲ့ အလံနီပါတီဆိုတာ ပေါ်ပေါက်လာခဲ့ရတာကလည်း ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နိုင်ငံရေးသဘောထား၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ မတူကွဲလွဲလာမှုကြောင့်သာ ဖြစ်ပါတယ်။ အလံနီပါတီဆိုတာ ပေါ်ပေါက်လာလို့ နိုင်ငံရေးသဘောထား ကွဲလွဲကြတာမဟုတ်ပါဘူး။ အဲဒီအချိန်က “သေရဲတာအလံနီ၊ တိုက်ရဲတာ အလံနီ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ပထမဆုံး လက်နက်ကိုင်တော်လှန်ရေး စလုပ်ခဲ့တာလည်း အလံနီပါတီပါပဲ။ ၇၀ ခုနှစ် နောက်ပိုင်းမှာ “လက်နက်ကိုင် သူပုန်ထမိတာ မှားပါပြီ” ဆိုတဲ့ နိုင်ငံရေးသဘောထား ပြောင်းလဲလာမှုနဲ့အတူ စစ်အစိုးရဆီမှာ တပါတီလုံး လက်နက်ချလိုက်ကြတဲ့အခါ အလံနီပါတီဆိုတာလည်း ပျောက်ကွယ်သွားတော့တာပါပဲ။

ဒါကြောင့် နိုင်ငံရေးပါတီတွေရဲ့ ပေါ်ပေါက်လာမှု၊ ရှင်သန်ရပ်တည်မှုနဲ့ ပျောက်ကွယ်သွားမှုဆိုတဲ့ နိုင်ငံရေးသံသရာဆိုတာ ဒီပါတီတွေအပေါ်မှာ တည်မှီနေတာမဟုတ်ဘဲ ၎င်းတို့ရဲ့ နိုင်ငံရေးသဘောထား၊ လမ်းစဉ်လုပ်ငန်းစဉ်တွေအပေါ်မှာသာ အဓိက မူတည်နေတာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ပါတီရဲ့ အသက်ဝိညာဉ်ဖြစ်ပြီး၊ ပါတီဆိုတာ နိုင်ငံရေးရဲ့ ခန္ဓာအိမ်မျှသာဖြစ်ပါတယ်။ နိုင်ငံရေးဝိညာဉ်မရှိရင် ပါတီလည်း မရှင်သန်နိုင်ပါဘူး။ ပါတီမရှိပေမယ့် နိုင်ငံရေးဝိညာဉ်ကတော့ ဆက်လက်ရှင်သန်နိုင်စွမ်း ရှိပါတယ်။

တကယ်တော့ အန်အယ်လ်ဒီပါတီဆိုတာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေး သဘောထားတွေနဲ့ ရှစ်လေးလုံးပြည်သူ့လှုပ်ရှားမှုကြီးက မွေးထုတ်ပေးလိုက်တဲ့ ပါတီတရပ်ပါ။ ဒါကြောင့်လည်း န၀တ၊ နအဖ စစ်အာဏာရှင် အဆက်ဆက်က အန်အယ်လ်ဒီပါတီကို ဖြိုခွဲဖို့၊ ချေမှုန်းပစ်ဖို့ တလျှောက်လုံး ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ပါတီဝင်တွေကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာ ဒီနေ့အထိပါပဲ။ ပါတီဝင်တချို့ကို ခြိမ်းခြောက်မှုမျိုးစုံသုံးပြီး ထွက်အောင် ဖိအားပေးတာ၊ မက်လုံးအမျိုးမျိုးပေးပြီး ဖြိုခွဲဖို့ ကြိုးပမ်းခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ ပါတီအဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဆိုင်းဘုတ်တွေဖြုတ်၊ ရုံးတွေပိတ်၊ လှုပ်ရှားမှုတွေကို ကန့်သတ်ချုပ်ချယ် ခဲ့ကြတာလည်း နေရာအနှံ့ပါပဲ။

တကယ်တမ်းပြောကြမယ်ဆိုရင် အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးစိတ်ဓာတ်အရသာ ရှင်သန်တည်ရှိနေပြီး ပါတီတရပ်အဖြစ် ဖွဲ့စည်းရပ်တည်ခွင့် မရတော့တာ ဆယ်စုနှစ်တခုတောင် ကျော်ခဲ့ပါပြီ။ ၂၀၁၀ ခုနှစ်ထဲမှာ ဗဟိုကော်မတီ၊ တိုင်းစည်း၊ မြို့နယ်စည်းတွေ ပြန်လည်ဖွဲ့စည်းခွင့် ရတယ်ဆိုတာ လပိုင်းလောက်ပဲ ရှိပါသေးတယ်။ ဒီလို ပါတီဖွဲ့စည်းရပ်တည်မှုဆိုတာမျိုးက နအဖရဲ့ တချက်လွှတ်ဥပဒေအမိန့်အောက်မှာ အချိန်မရွေး ပြိုပျက်သွားနိုင်ပါတယ်။ ဒါပေမယ့် နအဖအဖွဲ့အနေနဲ့ ဘယ်လိုမှ ဖြိုခွဲဖျက်ဆီးလို့မရတာ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ နိုင်ငံရေး စိတ်ဓာတ်တွေပါပဲ။

အခုလည်း နအဖက ရွေးကောက်ပွဲဥပဒေဆိုတာတွေနဲ့ အန်အယ်လ်ဒီပါတီကို ဖြိုခွဲဖျက်ဆီးဖို့ အကျပ်ကိုင်ကြိုးပမ်းနေပြန်ပါပြီ။ ဒီဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ အန်အယ်လ်ဒီဟာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရယူမလား၊ ဒါမှမဟုတ် အဖျက်သိမ်းခံမလား ဆိုတာကို အရွေးချယ်ခိုင်းလိုက်တာပါပဲ။ နိုင်ငံရေးနဲ့ ပါတီ ဘယ်ဟာကိုရွေးပြီး ဘယ်ဟာကို စတေးမယ်လို့ မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် ပါတီရပ်တည်ခွင့်အတွက် နိုင်ငံရေးအရ လက်နက်ချဖို့ ကမ်းလှမ်းလိုက်ခြင်းပါပဲ။ တကယ်လို့ အန်အယ်လ်ဒီအနေနဲ့ သူ့ရဲ့ နိုင်ငံရေးကို စတေးလိုက်ရင် ပါတီဆိုတာလည်း ၀ိညာဉ်အနုတ်ခံလိုက်ရလို့ ဇီဝိန်ချုပ်သွားမှာ အသေအချာပါပဲ။ ဒီနေ့ တည်ရှိဆဲ တစညတို့လို ပါတီဆိုတာသာရှိပြီး နိုင်ငံရေးဝိညာဉ် ချုပ်ငြိမ်းနေတဲ့ ပါတီသေတွေနဲ့ တတန်းစားထဲ ဖြစ်သွားနိုင်ပါတယ်။ တမူးသားပဲရရ၊ တမတ်သားပဲရရ၊ စင်ထိုးပေးရင် တက်ကချင်နေတဲ့ နိုင်ငံရေးဇာတ်ပျက်တွေထက်တောင် အန်အယ်လ်ဒီပါတီက ပိုမိုအောက်တန်းကျ သွားနိုင်ပါတယ်။

ဒီလိုအနေအထားရောက်သွားပြီဆိုရင်တော့ အန်အယ်လ်ဒီပါတီကို ထောင်ထဲက ရဲဘော်တွေက သစ္စာဖောက်ပါတီအဖြစ် စွဲချက်တင်ပါလိမ့်မယ်။ ရှစ်လေးလုံးအရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ၀ိညာဉ်တွေက ကျိန်စာတိုက်ကြပါလိမ့်မယ်။ ပြည်သူတွေကလည်း တံတွေးနဲ့ ထွေးကာ ကျောခိုင်းသွားကြပါလိ့်မ်မယ်။

ခြုံပြောရရင် နအဖရဲ့ ရွေးကောက်ပွဲဥပဒေဆိုတာ အန်အယ်လ်ဒီပါတီကို အသေသတ်ပစ်ဖို့ ထောင်ချောက်အမျိုးမျိုးဆင်၊ ကျော့ကွင်းအမြောက်အမြား ဆင်ထားတဲ့ နိုင်ငံရေးသတ်ကွင်းပါ။ အန်အယ်လ်ဒီပါတီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှတဲ့ နိုင်ငံရေး စမ်းသပ်ကွက်ကြီးလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ နအဖရဲ့ နိုင်ငံရေးသတ်ကွင်းထဲမှာ အရှင်ထွက်နှင့် အသေထွက် (၂) ချက်ပဲရှိလို့ပါ။ ပါတီရှင်ရင် နိုင်ငံရေးသေမယ်၊ နိုင်ငံရေးရှင်ရင် ပါတီသေမယ်။ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။

ဒီတော့ နိုင်ငံရေးအရ အမြော်အမြင်ရှိစွာ အမြင်ကျယ်စွာ ရွေးချယ်ကြမယ်ဆိုရင် …
ပါတီရှင်သန်ခွင့်ရပြီး နိုင်ငံရေးအသေခံရမှာထက်စာရင် နိုင်ငံရေးရှင်သန်ခွင့်အတွက် ပါတီအစတေးခံရတာက ပိုမိုသင့်မြတ် မှန်ကန်ပါလိမ့်မယ်။ နိုင်ငံရေးရှိနေသမျှ ပါတီဝင်တွေ ရှိနေပါလိမ့်မယ်။ ပါတီဝင်တွေ ရှိနေသမျှ ပါတီဆိုတာလည်း ရှိနေမှာ အသေအချာပါပဲ။ ။

Friday, March 19, 2010

လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ

မိုးမခ

မတ် ၁၉၊ ၂၀၁၀

“ရွေးကောက်ပွဲဥပဒေ ကိုကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ပဲ ရွေးကောက်ပွဲလဲ မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေငြာ စာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယေက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တစ်ခုတည်းသော အဖြေကိုပဲ ကျွန်တော်ပေးခဲ့တယ်။

အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ ရွေးကောက်ပွဲလဲ ၀င်မှာပဲဆိုတဲ့ အဖြေပဲ။
ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီ ဌါနချုပ် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲ ဆိုရင်အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် ၂၀လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ။

အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ …

ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက် လောက်တောင်မှ တိုင်းပြည်အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုး တွေ့ရတယ်။ တခါ လယ်ယာအသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့်ဆောင်ရွက်လို့ပဲ ထောင်ကပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ဘာမှ မဆိုင်သလိုပဲနေတယ်။ သူတို့ရဲ့ တခွန်းထည်းသော အပြောကတော့ ပါတီရေရှည် တည်တံ့ရေး အတွက်သူတို့ဟာ ဒီလိုလုပ်ရတာလို့ပြောတယ်။

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ …

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး။ အစိုးရခိုင်းတာပဲ လုပ်မယ်။ အစိုးရမကြိုက်တာ မလုပ်ဘူး။ ဒါဆိုရင်တော့ တစညနဲ့လဲ တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။

ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး …

တခါတုန်းက ဆရာပြောခဲ့ဘူးတယ်။ အန်အယ်လ်ဒီပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ကျော်တွေ ဖြစ်ကုန်ကြပြီ မျက်စေ့မမြင်တဲ့ သူလည်းမမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ်ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ်တွေနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေး ပါတီတခု ဌါနချုပ်တစ်ခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကိုဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက်မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေ လည်း ကြားရတယ်။

နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ …

အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာ ကတော့ ဌါနချုပ်ကို အမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါတီ အပေါ်မှာ တဘက်က ပရက်ရှာ (ဖိအား) တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့်နေလိုက်ဦးမယ် ဆိုပြီးစောင့်နေလိုက်တာ။

စောင့်နေလိုက်တဲ့အတွက် ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ်။ ဘာကြောင့် ဌါနချုပ်ကို အမြောက်နဲ့ ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ အနှစ် ၂၀ အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် လုပ်တာမရှိခဲ့ဘူး။ ပါတီဌါနချုပ်ဟာလည်း ဒီမိုကရေစီ ပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူးတော့ဘူး။ တယောက်ထဲက နေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီအမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလားဆိုလား ငြင်းလား ခုံလားလည်း ဘာမှ မရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ တတိုင်းပြည်လုံးမှာ ရှိတဲ့ အန်အယ်လ်ဒီအောက်ခြေ ပါတီဝင်တွေနဲ့ လုံးဝ ကင်းကွာပြီးတော့ တခြားစီ ဖြစ်နေပြီ။

ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ် …

အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ ၈၀ ကျော် ၉၀ကျော် စီအီးစီတွေ အစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုး လိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒိထက် အဆတစ်ရာ လောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ်။

အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ် …

လူတွေကို မသိပေမယ့်လို့ နံမည်တွေကို ကြားဘူးနေပြီး ခေါင်းထဲမှာ စွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်းမြမြတို့ မိတ္ထိလာက ဒေါ်မြင့်မြင့်အေးတို့ ရန်ကုန်က နော်အုန်းလှတို့ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့ ဒေါ်အုန်းမြတို့ ခင်စန္ဒာဝင်းတို့ ဆိုတဲ့ နာမည်တွေ အဲဒီအမျိုးသမီးတွေဟာ တကယ်တန်း ပြည်သူလူထုအတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သားကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စလည်း ၀င်ပါကြတာပဲ။ နာဂစ်ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ် ဆိုပြီးနောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။

အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရလောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲ ဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရအကြိုက် လိုက်လုပ်မှာပဲ လို့ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲ လို့ပြောလိုက်တယ်။

ရွေးကောက်ပွဲ ၀င်တာကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာမဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဘန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့်သူတွေကိုလည်း ဆရာဘာမှ ပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီ အနေနဲ့ကတော့ မူမရှိတဲ့ အဖြစ်ကို ထောက်ပြတာပါ။

သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ …

ဘယ်လိုမူမရှိလဲ ဆိုတော့ အမျိုးသားညီလာခံကနေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက်လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျွန်တော်တို့မှားပါတယ် ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ကြေငြာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေငြာစာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေငြာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် ၂၀ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲလည်း ၀င်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။

အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ် …

သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါပဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက တစညက ၇ နေရာ အနိုင်ရတယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ ၇ နေရာမပြောနဲ့ ၃ နေရာ ၄ နေရာတောင် အနိုင်ရမယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ်။ သူတို့ဘယ်လိုနည်းနဲ့ ရွေးကောက်ပွဲမှာ နိုင်မှာ မဟုတ်ဘူး။ နိုင်တာရှုံးတာထား၊ ရွေးကောက်ပွဲ ၀င်တာမ၀င်တာ လည်းသူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မကောင်းဘူးလည်း မပြောဘူး မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလား လို့လာလာမေးကြတဲ့သူတွေကို အဲလိုဖြေလိုက်တာ။ အဲလို ဖြေရတဲ့အကြောင်းရင်းကို ဆရာရှင်းပြတာ။

အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ …

ဒါက တလျောက်လုံးပေါ့လေ မောင်စူးစမ်းတို့ ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှ တပါးအခြားနည်း လမ်းမရှိပြီ။ ရွေးကောက်ပွဲ ဆိုတာဟာ ထွက်ရပ်လမ်းမဟုတ်ဘူး။ အခြားနည်းလမ်းတွေလည်း အကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရအောင် ရှိနိုင်တယ် ၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေး ပါတီတွေရဲ့ တာဝန်ဖြစ်တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ကြောင့် အန်အယ်လ်ဒီပါတီ ဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ကြောင့်မို့ သူတို့ဟာ စင်ပေါ်ရောက်လာတဲ့သူတွေပါ။ အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီမရှိလဲပဲ တိုင်းပြည်က ဘာမှ မဖြစ်ပါဘူး။ အန်အယ်လ်ဒီရှိနေလဲ ဘာမှ မဖြစ်ပါဘူး။

လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က အင်တာနေရှင်နယ် ဟယ်ရယ် ထရီဗြွန်းမှာ ဆရာဆောင်းပါးရေးခဲ့တယ်။ အခြေအနေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့ အဆုံး အုံကြွမှုတွေ ပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့မြင်နေလို့ပဲ။

သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ် …

၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိတာနဲ့စာရင် ရှိတာကကောင်းတာပေါ့ လို့ဆိုပြီးတော့ တခဲနက်ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈နဲ့ အဆုံးသတ်သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေးကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး ။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာ မဟုတ်ဘူး။ ဒီလို ၈၈တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက် အဲဒါကြောင့် လည်း စကားပြောကြပါ။ ဆွေးနွေးကြပါ လို့ပြောနေရခြင်းဖြစ်တယ်။ ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”

ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ … (လူထုစိန်ဝင်း)

Monday, March 15, 2010

ရွေးကောက်ပွဲနိုင်ငံရေးသာလျှင် ဗဟိုချက်ဖြစ် - မောင်စူးစမ်း

ပုံစံသုံးမျိုး
Democracy Transaction မှာ သွားတဲ့ပုံစံက သုံးမျိုးရှိတယ်။ နံပါတ်(၁)က Street Politics လို့ခေါ်တဲ့ လမ်းပေါ်က နိုင်ငံရေး။ နံပါတ်(၂)က Influence politics လို့ခေါ်တဲ့ တခြားနိုင်ငံတွေက ဖိအားပေးတဲ့ နိုင်ငံရေး။ နံပါတ်(၃)က Electorial Politics လို့ခေါ်တဲ့ ရွေးကောက်ပွဲနိုင်ငံရေးဆိုပြီး ရှိတယ်။

အဲဒီသုံးခုထဲကနေပြီးတော့မှ ကျန်တာနှစ်ခုကို ဖယ်ပြီး အဓိကဇောင်းပေးသင့်တာကတော့ Electorial Politics ပါ။ ဒါမှလည်း တိုင်းပြည်ရဲ့ တည်ငြိမ်မှု (Stability)ကို ရမယ်။ ပြီးတော့ ရွေးကောက်ပွဲကသာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီသို့ အသွင်ပြောင်းရေးအတွက် သွားရာလမ်းကြောင်း ဖြစ်နေလို့ပဲ။

နိုင်ငံရေးသူငယ်နာ ကင်းရမယ်
အဲဒီတော့ တစ်ခုတည်းကို ဦးတည်ရမယ်။ အဲဒါ Electorial Politics၊ လမ်းစပေါ်လာရင် ဒီလမ်းကိုပဲ လျှောက်ရမယ်။ ဒီနည်းလမ်းအတိုင်း လုပ်ရမယ်။ အကုန်စွန့်ရမယ်။ စွန့်ပစ်ရမယ်။ တိုင်းပြည်ကိုလဲ ကြည့်ရမယ်။ Stability ပေါ့။ တည်ငြိမ်ဖို့က အဓိက။ ဒါကြောင့် Human Right ဘာညာ၊ လူ့အခွင့်အရေးတွေထက် တည်ငြိမ်ရေးကို အဓိကကြည့်ရမယ်။ ဒီမိုကရေစီကို ပြင်ပဖိအားနည်းနဲ့ ရနိုင်တယ်။ ဘာညာပေါ့။ ဒါဟာ သူငယ်နာမစင်တဲ့ အတွေးတွေပါ။ ဟိုတုန်းက လက်ဝဲသူငယ်နာပေါ့။ အခုတော့ နိုင်ငံရေးသူငယ်နာ။ ရွေးကောက်ပွဲမှာ အဓိက Overwhelming Issue က ဘာလဲ ကြည့်ရမယ်။ ဘယ် Issue က သော့ချက်ကျမလဲ၊ လွှမ်းမိုးမလဲ။ ဒီ Issue ကိုင်မှ အားလုံးကိုင်လှုပ်နိုင်မယ်။ Mainlink ပေါ့။ ကြိုးကွင်းကို ဘယ်ကြိုးစားက စကိုင်လှုပ်မလဲပေါ့။ Mainlink in the change။ မဟာဗျူဟာအမြင်နဲ့ လုပ်ရမယ်။ ဒါကို တည်တည်ငြိမ်ငြိမ်နဲ့ သွားရမယ်။ အဲဒီတော့ Pre Electorial Politics နဲ့ Post Electorial Politics ဆိုတာ ပေါ်လာတယ်။ ရွေးကောက်ပွဲအကြိုဥပဒေတွေ ထွက်ဖို့လိုတယ်။ ရွေးကောက်ပွဲဥပဒေ ဘယ်တော့ထွက်မလဲ။ မသိသေး။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မေလက အကောင်းဆုံးပဲ။ ရာသီဥတုကြည့်ရမယ်။ ပြည်သူတွေ မဲရုံသွားရမယ်။ အချို့ကလဲ နိုဝင်ဘာ။ မြန်မာပြည်က မေလက မိုးလဲသိပ်မရှိဘူး။ ဒါကိုလည်း ကြည့်ရမယ်။

Political Parties တွေ ရွေးကောက်ပွဲကို ဗဟိုပြုရမယ်။ Street Politics က လမ်းပေါ်က နိုင်ငံရေးပဲ။ ဒါကို အားမကိုးသင့်ဘူး။ ထိုင်းမှာ သီအိုရီထုတ်တယ်။ ပါလီမန်နည်းနဲ့ အကျင့်စာရိတ္တယိုယွင်းမှုကို တိုက်လို့မရဘူး။ လမ်းပေါ်ထွက် ဆန္ဒပြပြီး ပြုလုပ်ရမယ်လို့ ထိုင်းမှာ အဘီဆစ်က သီအိုရီထုတ်တယ်။ သူအာဏာရတဲ့အခါကျတော့ သူ့နည်းနဲ့သူ ပြန်အသုံးခံရတယ်။ ကိုယ့်ဟာနဲ့ကိုယ် ခံရတာ။

ပုံစံအသစ်
ဒီမှာတော့ အပြင် Pressure နဲ့ Street Politics တို့ကို ရှောင်ကြဉ်ရမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းရမယ်။ အဲဒီကနေပြီး လိုက်လျောညီထွေ အသားကျအောင် လုပ်ရမယ်။ အဲဒီတော့ Election ဖြစ်ရင် Constitution နဲ့ Political Structure ကို ဖော်ထုတ်တာဖြစ်မယ်။ ဒီမှာက ပုံစံအသစ် ဖြစ်နေတယ်။ အဟောအပြောကောင်းတာ။ Political Pressure မရှိဘူး။ အဲဒီတော့ အဆင်မပြေဘူး။ ဒီတော့ အခုချိန်မှာ စကားအလှတွေ မပြောသင့်ဘူး။ အများပါဝင် ပတ်သက်တာတို့ ဘာတို့ပြောဖို့ အချိန်မဟုတ်တော့ဘူး။ Diplomacy က စကားအလှတွေ ပြောနေတာ။ ဖြစ်နေတာနဲ့ကြည့်ပြီး ဘောင်ထဲမှာလုပ်ဖို့။ အပြင်ကလူတွေကတော့ စကားအလှတွေ ပြောနေတာပါ။ ဒါတွေက အဟုတ်မဟုတ်ဘူး။ Reality မဟုတ်ဘူး။ နိုင်ငံခြားက ပြောပေးတာတွေက ဖြစ်နိုင်ခြေ မရှိဘူး။ နိုင်ငံရေးဆိုတာက အဖြစ်ကို ရဲရဲကြည့်ရတယ်။ ဒီတော့ တိုးရမယ်ဆိုရင် တိုးကိုတိုးရမယ်။ လှရဲ့လား၊ ပရဲ့လား၊ ကြည့်နေလို့ မရဘူး။ လျှောက်ရမယ့်လမ်းကို လျှောက်ကိုလျှောက်ရမယ်။ ပြင်လို့မရဘူး။ အဲဒီတော့ အမြော်အမြင်ကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ လိုလာပြီ။ Fashion လိုလို၊ Fancy လိုလို မလုပ်သင့်ဘူး။ ပေါ်ပင်မရဘူး။ Intellectural Debate ဖြစ်ရမယ်။

ဂျီသြမေတြီပုစ္ဆာ
ပါတီတွေကလည်း Infrastructure base policy ကို အခြေပြုရမယ်။ လက်ရှိထက် ဘာကောင်းအောင် လုပ်နိုင်မလဲလို့ စဉ်းစားရမယ်။ ခင်ထားတဲ့လမ်း လျှောက်တတ်ဖို့ လိုမယ်။ လမ်းပေါ်ထွက်ပြီး Redical ဆန်ဆန်လုပ်တဲ့ Latin America ဒီဇိုင်းတွေကို စွန့်ပစ်သင့်ပြီ။ ဘယ်သူမှ အကျိုးမရှိဘူး။ စနစ်သစ်မှာ အတွေ့အကြုံသစ်နဲ့ လုပ်ရမယ်။ ပိုကောင်းအောင် လုပ်ရတာတွေရှိမယ်။ Geometry ပုစ္ဆာလို given နဲ့တွက်ပြီး ကိုယ့်အတွက် space ရှာ၊ ဒီလမ်းကြောင်းကနေ သိမ်သိမ်မွေ့မွေ့ ပြောင်းသွားရမယ်။ အခုဟာက လှိုင်းထဲသွားနေတာ လှေပေါ်မှာ ခုန်ပေါက်လို့မရဘူး။ နစ်သွားမှာ။ နိုင်ငံရေးပါတီတွေ ကတတ်၊ ခုန်တတ်ဖို့လိုမယ်။ ဒီစနစ်က ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောလို့မရဘူး။ ဒါမျိုးနဲ့ လာလုပ်လို့ မရပါဘူး။ နိုင်ငံရေးသမားက ရွေးကောက်ပွဲနီးရင် ပြင်ဆင်ရမယ်။ မကြိုက်သော်ရှိ၊ ကြိုက်သော်ရှိ။ မြန်မာနိုင်ငံရေးဟာ Continuity မဟုတ်ဘူး။ ကွင်းဆက်တွေက ပြတ်နေတယ်။ Discontinuous ဖြစ်နေတယ်။ ဒါကြောင့် အမြော်အမြင်လိုတယ်။ Institution ကို စဉ်းစားရမယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ့် Interest ကိုပဲ ကြည့်နေလို့မရဘူး။ နိုင်ငံရေးပါတီဆိုတာ ရွေးကောက်ပွဲကို ၀င်ရမယ်။ ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတို့အတွက် မျိုးဗီဇဖြစ်တယ်။ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီက စိတ်မ၀င်စားရင် မျိုးဗီဇမမှန်လို့,လို့ ပြောရမယ်။ ဟိုအချက်ရမှ ဒီအချက်ရမှ ဆိုပြီးတော့ လုပ်နေရင်တော့ နိုင်ငံရေးပါတီ မစစ်ပါဘူး။ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေက ဆိုင်းသံကြားရင် ကချင်တယ်။ ရွေးကောက်ပွဲနီးရင် ရွပိုးထိုးတယ်လို့ မြန်မာစကားအပြောတွေ ရှိတယ်။ အဲဒါ နိုင်ငံရေးပါတီတို့အဖို့ ရွေးကောက်ပွဲဟာ မူရင်းမျိုးဗီဇ ဖြစ်ကြောင်းကို ပြတယ်။ ရွေးကောက်ပွဲနိုင်ငံရေး Electorial politics ကိုသာ နိုင်ငံရေးပါတီတွေ ဗဟိုပြုသင့်ပြီ။ တခြားနည်းလမ်းတို့ကို စွန့်ပစ်သင့်ပြီ။

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ(၅) အမှတ်(၁၆)

(မောင်စူးစမ်း ၏ "ရွေးကောက်ပွဲ နိုင်ငံရေး" စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)