Wednesday, June 23, 2010

နာဂစ်လေဘေးမှာ လူတွေအမြောက်အမြား သေဆုံးဖို့ သင့်ပါသလား

မျိုးရန်နောင်စိုး / ၂၉ ဧပြီ ၂၀၀၉


လာမည့်မေလ (၂) ရက် ဆိုရင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်း နာဂစ်လေမုန်တိုင်းဘေး ကြုံခဲ့ရတာ တနှစ်တင်းတင်း ပြည့်တော့မှာဖြစ်ပါတယ်။ လူပေါင်း (၁) သိန်း (၃) သောင်းကျော် သေဆုံးခဲ့ပြီး အိုးအိမ်အဆောက်အဦ ပစ္စည်းပေါင်း များစွာ ဆုံးရှုံးခဲ့ရတဲ့ ဒီကပ်ဘေးကြီး ဘာကြောင့်ဖြစ်ရတယ်။ ဘေးဒဏ်ခံ ပြည်သူတွေကို ကယ်ဆယ်မှုဟာ လုံလောက်မှု ရှိရဲ့လား။ ပြည်သူတွေ စားသောက် နေထိုင်မှုဘဝ အဆင်ပြေနေ ပြီလား၊ နောင် ဒီလို ကပ်ဘေးကြီးမျိုးကြုံလာရင် ဘယ်လိုရင်ဆိုင် ကြမလဲ စတာတွေဟာ သုံးသပ်ဖို့ ကောင်းတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်း တနှစ်ပြည့်ဖို့ နီးလာတာနဲ့အမျှ ပြည်တွင်းပြည်ပ မီဒီယာ အားလုံးလိုလိုလောက်ဟာ ဒီအကြောင်းကို ပြန်ပြောင်း ရေးသားနေတာ တွေ့ရပါတယ်။ အချို့က လေဘေးဒဏ်ခံ ပြည်သူတွေရဲ့ လက်ရှိအခြေအနေတွေကို ရေးသားဖော်ပြနေကြသလို အချို့ကတော့ သင်ခန်းစာယူစရာ ပြန်ပြောင်းသုံးသပ်တာတွေ လုပ်ကြပါတယ်။ ဒီအထဲမှာ နာဂစ်မုန်တိုင်းကာလတုန်းကရော၊ လက်ရှိအချိန်ထိပါ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ တာဝန်အရှိဆုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်လည်း ပါဝင်ပါတယ်။

သူကတော့ ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်းဘေးကာလက ပြည်သူတွေ ဘာကြောင့် ဒီလောက်များများ အသက်သေဆုံး ခဲ့ရသလဲဆိုတာကို ဂျာနယ်အင်တာဗျူးတွေကနေ တဆင့် ပြောလာပါတယ်။ သူက အချက် (၁ဝ) ချက်လောက် ထောက်ပြပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ရခိုင်ကမ်းရိုးတန်းနဲ့ စာရင် မြေနိမ့်တယ်။ လူဦးရေ ထူထပ်ပြီး လူနေစိပ်တယ်။ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ အညွှန်းမြေပုံမရှိဘူး။ မြစ်လက်တက် မြစ်ဝတွေ များတယ်။ ခိုဖို့ သက်ကယ်ကုန်းတွေ မရှိဘူး။ ဒေသခံတွေမှာ အတိတ်က ဘေးအန္တရာယ် အတွေ့အကြုံ မရှိဘူး။ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိဘူး။ တနေရာနဲ့ တနေရာ ကူးပြောင်းသွားလာနိုင်တဲ့ သယ်ယူ ပို့ဆောင်ရေးစနစ် အလွန်ညံ့တယ်။ မြစ်ဝကျွန်းပေါ်ဒေသရဲ့ အောက်ခံကြမ်းပြင်ရေတိမ်ပြီး မြစ်ဝတွေ များမှု၊ လမုတောတွေ ပြုန်းတီးမှု စတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

ဒေါက်တာထွန်းလွင် ထောက်ပြတဲ့ အချက်တွေအားလုံး မှန်ပါတယ်။ သူထောက်ပြတဲ့ဆီမှာ ဧရာဝတီတိုင်းရဲ့ သဘာဝအနေအထား၊ စီးပွားရေးအနေအထား၊ ပြည်သူတွေရဲ့ အတွေ့အကြုံ မရှိမှုနဲ့ ဗဟုသုတ နည်းပါးမှုကြောင့် ဆိုတာတွေ ပါပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်ဖြစ်တဲ့ ဒေသတခုအတွက်၊ ပြည်သူတွေအတွက် အစိုးရရဲ့ တာဝန်ရှိမှု အပိုင်းကတော့ လုံးဝပါဝင်တာ မတွေ့ရပါဘူး။

တကယ့် တကယ်မှာတော့ တိုင်းပြည်တပြည်မှာ ပြည်သူတွေဆိုတာက အုပ်ချုပ်ခံသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ ပြည်သူတွေဟာ စစ်အစိုးရက စီမံခန့်ခွဲသမျှ ခံကြရပါ တယ်။ ဘာမှ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ မုန်တိုင်းနဲ့ ပတ်သက်လို့ ပြည်သူတွေ ဗဟုသုတ မရှိဘူးဆိုတာကလည်း ရှင်းရှင်းပြောရရင် အစိုးရက ပညာပေးတာ မရှိလို့ပါဘဲ။ နောက်တခုကတော့ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့် ကိုယ်တိုင်ကရော ဗဟုသုတ ရှိပါရဲ့လားလို့ မေးစရာ ရှိလာပါတယ်။ ဒီနေရာမှာ အုပ်ချုပ်သူတွေရဲ့ အရည်အချင်းရှိမှု၊ အရည်အချင်းမဲ့မှုတွေနဲ့ သက်ဆိုင်နေပါတယ်။ ဒီအတွက် မုန်တိုင်း မတိုင်မီနဲ့ မုန်တိုင်းကာလတုန်းက စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ဟာ ပြည်သူတွေကို ဘယ်လို ဦးဆောင်မှုပေးခဲ့သလဲဆိုတာ မေးရမယ့် မေးခွန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း မတိုင်မီနဲ့ ဖြစ်ပွားနေတဲ့ကာလမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနဟာ သူ့တာဝန်ဖြစ်တဲ့ မိုးလေဝသ သတင်းတွေကို ပုံမှန် ထုတ်ပြန်ပေးခဲ့ပါတယ်။ တကယ်ဆိုရင်တော့ ဒီသတင်းတွေရဲ့ အရေးပါမှု အခြေအနေကို လိုက်ပြီး ထိပ်ပိုင်း စစ်အာဏာပိုင်တွေကနေ အောက်ခြေအဆင့်ဆင့် ကို ညွှန်ကြား လမ်းညွှန်ချက်ပေးပြီး ပြည်သူတွေ အခြေအနေ မဆိုးအောင် အသေအပျောက်နည်းအောင် ဦးဆောင်မှုပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းဘေးတနေရာမှာ လူတယောက် နိုင်ငံရေးဝါဒဖြန့် စာရွက်ဝေနေတာနဲ့ မိနစ်ပိုင်းအတွင်း ဖမ်းဆီးနိုင်ဖို့ အမြဲအဆင်သင့်ရှိနေတဲ့ စစ်အာဏာပိုင်တွေဟာ ဒီလို တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အခြေအနေအတွက်ကို တော့ ဘာအသိဉာဏ် ဗဟုသုတမှ မရှိသလို ဘယ်လို အစီအစဉ်တွေနဲ့မှ အကာအကွယ် ပေးနိုင်ခဲ့တာ မတွေ့ရပါဘူး။

တကယ် အရည်အချင်းရှိတဲ့ အစိုးရအဖွဲ့ တရပ်သာဆိုရင် မိုးလေဝသ သတင်းတွေ ထွက်လာပြီဆိုကတည်းက ထိပ်ဆုံးအာဏာပိုင်တွေဟာ ပညာရှင်တွေရဲ့ သဘောထားကို တောင်းခံပြီး အတိုင်းအဆကို ခန့်မှန်းတွက်ချက်မယ်၊ အောက်ခြေ တိုင်း၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ အာဏာပိုင်အဆင့်ဆင့်ကို ဘာတွေလုပ်ရမလဲဆိုတာ အချိန်နဲ့ တပြေးညီ ညွှန်ကြားမယ်၊ အောက်ခြေအာဏာပိုင်တွေကလည်း ညွှန်ကြားချက်အတိုင်း ပြည်သူတွေ ဘေးလွတ်ရာ ရောက်ဖို့ လှုံ့ဆော်မယ်၊ ဦးဆောင်မယ် စသဖြင့် အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ မြန်မာနိုင်ငံမှာတော့ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ဟာ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ ပတ်သက်ပြီး ညွှန်ကြား လမ်းညွှန်ဖို့ ဘာဗဟုသုတ၊ ဘာအရည်အချင်းမှ မရှိခဲ့တဲ့အတွက် ဘယ်လို အစီအမံမျိုးမှ ချမှတ်တာ မလုပ်နိုင်ခဲ့ပါဘူး။

အဲဒီအချိန်တုန်းက ဦးထွန်းလွင်ဟာ တဖက်မှာ မိုးလေဝသ သတင်းထုတ်ပြန်မှု လုပ်သလို အခြားတဖက်မှာတော့ ဟိုင်းကြီးကျွန်းရေတပ်စခန်းဌာနချုပ်က ဌာနချုပ်မှူးနဲ့ နာရီဝက်တခါ ဆက်သွယ် သတင်းပေးတာမျိုး လုပ်ခဲ့ကြောင်း နောက်ပိုင်း သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ များပြားလှတဲ့ ပြည်သူလူထုကြီးရဲ့ အသက်အိုးအိမ် ကိစ္စထက် စစ်တပ်တခုရဲ့ အရေးကို ပိုပြီး ဦးစားပေးဆောင်ရွက်ခဲ့တယ်ဆိုတာ သူ့ပြောစကားတွေ အရကိုပဲ သိနိုင်ပါတယ်။ ဒီအတွက်လည်း ပြည်သူတွေ သိန်းနဲ့ချီ သေဆုံး၊ မိသားစုပေါင်း မြောက်မြားစွာ အိုးအိမ်ပစ္စည်း ဥစ္စာတွေ ဆုံးရှုံးသွားပြီး နောက်ပိုင်းမှာ စစ်အစိုးရဟာ ဦးထွန်းလွင်ကို ရာထူးတိုးပေးခဲ့တဲ့အပြင် ဒေါက်တာထွန်းလွင်ပါ ဖြစ်လာခဲ့ပါတယ်။ စစ်တပ်အပေါ် တာဝန်ကျေခဲ့တဲ့ ဝန်ထမ်းကောင်းကို ချီးမြှောက်ခဲ့တဲ့ သဘော ဖြစ်ပါတယ်။

တကယ်ဆိုရင် မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းဘက်ကို အစောဆုံး ဝင်တာ ဖြစ်ပါတယ်။ အဲဒီက အခြေအနေ တခုလုံးကိုလည်း မိုးလေဝသဌာနကရော စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်တွေကပါ ကောင်းကောင်းကြီး သိနေကြပါတယ်။ ဒီအခြေအနေ ရောက်တဲ့တိုင် ကျန် နောက်နာရီတချို့ ကြာပြီးမှ မုန်တိုင်းဖြတ်မဲ့ ဒေသက ပြည်သူတွေ သက်သာရာရအောင် ဘာတခုမှ လုပ်ပေးနိုင်တာ မတွေ့ရပါဘူး။ ဒါက ဘာကို ပြသလဲဆိုရင် မြန်မာစစ်အစိုးရဟာ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်ဖို့ စွမ်းအား ထက်မြက်သလောက် ပြည်သူတွေကို ကယ်ဆယ်ဖို့ ကျတော့ ဗဟုသုတရော၊ အရည်အချင်းရော စေတနာပါ လုံးဝ မရှိတာ တွေ့ကြရမယ် ဖြစ်ပါတယ်။

ဦးထွန်းလွင် ပြောတဲ့အထဲပါတဲ့ နောက်အချက်တခုကတော့ ဧရာဝတီတိုင်းရဲ့ လမ်းပန်းဆက်သွယ်ရေး အလွန်ဆိုးရွားနေတဲ့ ကိစ္စပါ။ တကယ်လည်း ဟုတ်ပါတယ်။ ဧရာဝတီတိုင်းအတွင်းက ကျေးရွာတချို့ဆိုရင် ကုန်းလမ်းနဲ့လည်း ဘယ်လိုမှ သွားလို့မရ၊ ရေလမ်းနဲ့ သွားဖို့တောင် ရေတက်ချိန်စောင့်ပြီးမှ သွားလို့ရတဲ့ နေရာတွေ ဒီနေ့အထိ အများကြီး ရှိနေပါသေးတယ်။ တကယ်တော့ ဒါဟာ အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ခုနောက်ပိုင်းနှစ်တွေမှာ သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ဝင်ငွေနဲ့ နေပြည်တော်မှာ အဆောက်အဦကြီးတွေ ဟည်းနေအောင်ဆောက်၊ ရေပန်းဥယျာဉ်တွေတည်၊ ကွန်ကရစ်လမ်းတွေ ငွေကုန်ကြေးကျများစွာခံပြီး ခင်းနေပေမယ့် ဧရာဝတီတိုင်းလို လူဦးရေ ထူထပ်များပြားတဲ့ ဒေသအတွက် အရေးကြီးတဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စကိုတော့ ဘာတခုမှ ထည့်သွင်းအကောင်အထည်ဖော်တာ မရှိခဲ့ပါဘူး။ ခု နာဂစ်ဘေးဒဏ်ခံရပြီး လူတွေ သိန်းချီ သေဆုံးရပြီးမှ လမ်းတွေ ပြီးစလွယ် ဖောက်နေတာ တွေ့ကြရပါတော့တယ်။

ဦးထွန်းလွင်ပြောတဲ့ နောက်ဆုံးအချက်တခုကတော့ ဧရာဝတီတိုင်းအတွင်းမှာ ဒီရေတောတွေ ပြုန်းတီးနေတဲ့ ကိစ္စပါ။ ဒီပြဿနာကရော ဘယ်သူတွေမှာ အဓိက တာဝန်ရှိပါသလဲ။ စစ်အစိုးရ အလိုတော်ရိတွေကတော့ ဒေသခံပြည်သူတွေ အသိဉာဏ်နည်းပြီး ထင်းအဖြစ် ခုတ်ယူသုံးစွဲကြတာကြောင့် ဒီအခြေအနေ ရောက်ရတာပါလို့ ပြောကြမယ် ဖြစ်ပါတယ်။ တကယ်ကတော့ အစိုးရတရပ်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိဉာဏ် ဗဟုသုတ ကင်းမဲ့တာ၊ ဒီရေတောကို ပြည်သူတွေ မခုတ်ဘဲ အခြားနည်းနဲ့ လောင်စာ သုံးစွဲနိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတာ စတဲ့ ပြဿနာတွေကြောင့်သာ ဖြစ်ပါတယ်။

တကယ်လို့သာ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်လို့ သံန္နိဋ္ဌာန်ချထားတဲ့ အရည်အချင်းရှိအစိုးရ တရပ်သာ ရှိခဲ့မယ်ဆိုရင် ပြည်သူတွေ ခုလို သိန်းနဲ့ချီ အသေအပျောက် ရှိနိုင်မှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံမှာ နာဂစ်လေမုန်တိုင်းဘေးကြီး ခံလိုက်ရတော့ အစိုးရ စာရင်းတွေအရ သေဆုံး၊ ပျောက်ဆုံး လူ (၁) သိန်း (၃) သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံအများအပြားက လူပေါင်း (၂) သိန်းကျော် သေခဲ့ရတဲ့ ဆူနာမီ ကပ်ဘေးနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အကြောင်းကတော့ နာဂစ်ဘေးကြောင့် လူသေဆုံးမှုဟာ မြန်မာနိုင်ငံ တနိုင်ငံတည်း ခံရလို့ ဖြစ်ပါတယ်။ ဒီအတွက် လေဘေးသင့် ပြည်သူတွေကို ကူညီကြတာဟာ ကမ္ဘာနဲ့ တဝန်းလို့ တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် အကူအညီတွေ ရသင့်သလောက် မရခဲ့ဘူး ဆိုပြီးတော့လည်း ဝေဖန်သုံးသပ်သူ တွေက ထောက်ပြကြပါတယ်။ ဆူနာမီဘေး အတွက် ကမ္ဘာတဝှမ်း အကူအညီ ဒေါ်လာ သန်း (၁၃,ဝဝဝ) ကျော် လောက် ရခဲ့ပြီး နာဂစ်ဘေးအတွက် ဒေါ်လာ သန်း (၄ဝဝ) ဝန်းကျင်လောက်ပဲ ရပါသေးတယ်။ ပြန်လည်ထူထောင် ရေး နောက်ထပ် (၃) နှစ်အတွက် ဒေါ်လာ သန်း (၆ဝဝ) ကျော် လိုသေးတယ်ဆိုပြီး မြန်မာ၊ အာဆီယံနှင့် ကုလသမဂ္ဂ သုံးပွင့်ဆိုင်အဖွဲ့ကနေ အလှူရှင်တွေဆီ တင်ပြထားပါတယ်။ ဒီပမာဏတွေကို နှိုင်းယှဉ်ကြည့်ရင် နာဂစ်ဘေးအတွက် မြန်မာနိုင်ငံကရတဲ့ အကူအညီ ဘယ်လောက်နည်းတယ်ဆိုတာ သိနိုင်ပါတယ်။

နာဂစ်မုန်တိုင်းဘေးအတွက် ရလာတဲ့အကူအညီတွေကို အမျိုးအစားခွဲမယ်ဆိုရင် (၁) စစ်အစိုးရ လက်ထဲ ရောက်သွားပြီး အစိုးရကပဲ ကိုင်တွယ် ဆောင်ရွက်တဲ့အကူအညီ၊ (၂) နိုင်ငံတကာ မိသားစုတွေက လှူဒါန်းပြီး ပြည်တွင်းအခြေစိုက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအန်ဂျီအိုတွေက အကောင်အထည်ဖော်တဲ့ အကူအညီ၊ (၃) မြန်မာပြည်သားတွေ ကိုယ့်ဖာသာကိုယ် သွားရောက် လှူဒါန်းတဲ့ အကူအညီဆိုပြီး ခွဲခြားနိုင်ပါတယ်။

နာဂစ်မုန်တိုင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ မိသားစုတွေဆီက ရရှိတဲ့ အကူအညီ ဒီလောက်နည်းပါးရတာဟာ စစ်အစိုးရကြောင့်လို့ ပြောကြပါတယ်။ စစ်အစိုးရဟာ နာဂစ်မုန်တိုင်းဘေး စပြီးကြုံကတည်းက နိုင်ငံတကာ အကူအညီနဲ့ ပတ်သက်ရင် ငွေသားနဲ့ ရုပ်ဝတ္ထုသက်သက်ကိုသာ လက်ခံခဲ့ပါတယ်။ မြန်မာပြည်ထဲ အခြေစိုက်ထား ခြင်း မရှိသေးတဲ့ ဘယ်နိုင်ငံခြား အန်ဂျီအိုအဖွဲ့တွေနဲ့ ဘယ်နိုင်ငံခြားသားတွေကိုမှ မြန်မာပြည်ထဲ ဝင်ခွင့်မပြုခဲ့ပါဘူး။ မုန်တိုင်းဒဏ်ခံရတဲ့ ဧရာဝတီတိုင်းကို သွားခွင့်ပြုဖို့ ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်ခဲ့တာပါ။ ဒီအတွက်လည်း နိုင်ငံတကာ အကူအညီတွေ ရသင့်သလောက် မရခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း သုံးပွင့်ဆိုင်အဖွဲ့ ဖွဲ့စည်းပြီးတဲ့အခါမှ သာ နိုင်ငံတကာက ကူညီပေးကမ်းမယ့် အလှူရှင်တွေဟာ မြန်မာနိုင်ငံထဲ အခြေစိုက်ထားပြီး ဖြစ်တဲ့ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကတဆင့် လေဘေးသင့် ပြည်သူတွေဆီ ကူညီနိုင်ခဲ့ပါတယ်။ အခြေစိုက်ထားပြီးသား အဖွဲ့အစည်း တွေက ကျွမ်းကျင်သူတချို့ မြန်မာနိုင်ငံထဲ ဝင်ခွင့်ရပြီး တချို့ အကန့်အသတ်နဲ့ လေဘေးသင့်ဒေသတွေဆီ သွားခွင့်ရခဲ့ပါတယ်။

နောက်ထပ် နိုင်ငံတကာအကူအညီ လျော့နည်းရရှိစေတဲ့ အကြောင်းတချက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေပါ။ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံ အများစုဟာ စစ်အစိုးရကို စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု ပြုလုပ်ထားပါတယ်။ လေဘေးသင့်ပြီးကာစ အချိန်က အဲဒီနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက် ငွေကြေးအမြောက်အမြား လိုအပ်လာတဲ့အခါ ကူညီချင်ပေမယ့် စီးပွားရေးပိတ်ဆို့မှု (ဆန်ရှင်) က ရှိထားတဲ့အတွက် အကူအညီမပေးနိုင် ဖြစ်ကြရပါတယ်။ ဒီအတွက် မြန်မာစစ်အစိုးရက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်တွေ လျော့ချတာမျိုး သိသာမြင်သာတဲ့ ပြောင်းလဲမှုတွေ လုပ်လာတဲ့အခါမှသာ ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နာဂစ်လေမုန်တိုင်းဘေးအတွက် မြန်မာနိုင်ငံက ရရှိတဲ့ အကူအညီ အထောက်အပံ့တွေ နည်းသွားရတာ ဖြစ်ပါတယ်။

စစ်အစိုးရကြောင့် လေဘေးသင့်ပြည်သူတွေ အကူအညီ အထောက်အပံ့ ရသင့်သလောက် မရတဲ့ အလွန်အရေးကြီး တဲ့ အချက်တချက်လည်း ရှိပါသေးတယ်။ ဒီအချက်ကိုတော့ နိုင်ငံတကာ မိသားစုက သိပ်မသိကြသေးပါဘူး။ တကယ့်အဖြစ်မှန်မှာ လေဘေးသင့်ပြီးနောက်ပိုင်း နိုင်ငံတကာ မိသားစုတွေက ကူညီကြတဲ့နည်းတူ မြန်မာနိုင်ငံသား တွေရဲ့ ကူညီမှုဟာလည်း မသေးငယ်လှပါဘူး။ မြန်မာနိုင်ငံတလွှားက များပြားလှတဲ့ ကူညီရေးသမားတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာမှာ ရုပ်ဝတ္ထု ငွေကြေးတွေကို အလှူခံ၊ စုဆောင်းရလာသမျှကို လေဘေးသင့်ဒေသတွေဆီသွားပြီး ကူညီထောက်ပံ့မှု ပြုလုပ်ကြပါတယ်။

အဲဒီ ကူညီထောက်ပံ့မှုတွေဟာ မုန်တိုင်းတိုက်ပြီး (၂) ရက် (၃) ရက်အတွင်း စတင်ခဲ့ကြတာ တွေ့ရပါတယ်။ ပထမတော့ ရန်ကုန်ပတ်ဝန်းကျင်က ကိုယ်ပိုင်ကားတွေ၊ အငှားယာဉ်တွေနဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ လှိုင်သာယာ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး လမ်းကနေ နေ့စဉ် သွားရောက် ကူညီလှူဒါန်းကြပါတယ်။ နောက်ပိုင်း ဒီလမ်းမှာ မြန်မာနိုင်ငံ အနှံ့အပြားက ကားတွေကို တွေ့လာရပါတယ်။ စနေ၊ တနင်္ဂနွေလို နေ့တွေဆို ကူညီကယ်ဆယ်ရေး သွားကြတဲ့ ကားတန်းကြီးဟာ များလွန်းလှလို့ မြန်မာပြည်မှာ အစည်ကားဆုံးလို့ ဆိုနိုင်တဲ့ ပွဲတော်တွေမှာတောင် ဒီလို ရှည်လျားတဲ့ ကားတန်းမျိုး မတွေ့နိုင်ဘူးလို့ သွားရောက်ခဲ့တဲ့ လူတွေရော၊ ဒေသခံ ပြည်သူတွေကပါ မှတ်ချက်ချကြပါတယ်။

ဒါပေမယ့် ဒီလို သွားရောက်လှူဒါန်းနိုင်မှုဟာ သိပ်ကြာကြာ မခံပါဘူး။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး တတိယမြောက် အပတ် မေလ (၂၄) ရက် တနင်္ဂနွေနေ့မှာ လေဘေးကယ်ဆယ်ရေးသွားပြီး ရန်ကုန်ကို ပြန်လာတဲ့ ကားအစီး (၅ဝ) လောက်ကို စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အကြောင်းပြချက်ကတော့ ကူညီရေးသွားစဉ် သတင်းမပို့တာ၊ လေဘေးသင့် ပြည်သူတွေကို လမ်းဘေးမှာ ကားရပ်ပြီး ပစ္စည်းဝေတာ၊ ကားပေါ်ကနေ ပစ္စည်းတွေ ပစ်ချပေးတာ စတာတွေ ဖြစ်ပါတယ်။ လိုက်ပါလာသူတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် နေအိမ်ပြန်ခိုင်းလိုက်ပြီး ကားနဲ့ ယာဉ်မောင်းသူတွေကို အင်းစိန် ဂျီတီအိုင်ဝင်းထဲ ဖမ်းခေါ်သွားခဲ့ပါတယ်။ ည (၁၂းဝဝ) နာရီကျော်သွားတဲ့အခါ ဒရိုင်ဘာတွေကိုပါ ပြန်လွှတ်ပေးလိုက်ပေမယ့် ကားတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားလိုက်ပြီး နောက်နေ့တွေကျမှ ဒဏ်ရိုက်၊ ခံဝန်ချက်ရေးထိုးပြီးမှ ပြန်လွှတ်ပေးပါတော့တယ်။

ဒါတင်မက နောက်နေ့ကစပြီး တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ ကားလမ်းတလျှောက် လုံထိန်းရဲသားတွေ အများအပြား ချထားလိုက်ပါတယ်။ ဓာတ်တိုင် (၂) တိုင်စာ အကွာလောက်မှာ ရဲသား (၂) ယောက် (၃) ယောက်၊ ရဲသား (၃-၄) စု တနေရာ ဒိုင်းတွေ အပြည့်တင်ထားတဲ့ ရဲကားတစီး စသဖြင့် ရာနဲ့ချီရှိတဲ့ ရဲသားတွေကို နေပူပူ မိုးရွာရွာ နေ့ည ချထားလိုက်တာ ဖြစ်ပါတယ်။

ကိုယ်တိုင်မျက်မြင် ကြုံခဲ့ရသူတွေရဲ့ ပြန်လည်ပြောဆိုချက်တွေအရ ဒီသတင်း ပျံ့နှံ့သွားခဲ့တာကြောင့် ရန်ကုန်ကရော၊ နယ်တွေက ပြည်သူအများစုကပါ လေဘေးကူညီကယ်ဆယ်ရေးခရီး မသွားရဲကြတော့ပါဘူး။ တချို့ သွားရဲကြတဲ့တိုင် သွားဖို့ ကားငှားကြတဲ့အခါ ကားသမား အများစုဟာ လေဘေးကယ်ဆယ်ရေး ခရီးကို လိုက်ပါလိုခြင်း မရှိကြတော့ ပါဘူး။ ဒီအတွက် လေဘေးဒဏ်ခံ ပြည်သူတွေဟာ ဘဝတူ မြန်မာပြည်သားတွေရဲ့ ကူညီကယ်ဆယ်မှု အများအပြား ကို လက်လွှတ်ဆုံးရှုံးခဲ့ကြရပါတယ်။

ဘယ်လောက်ငွေကြေးအတိုင်းအတာပမာဏ ဆုံးရှုံးခဲ့ရသလဲဆိုတာကို ဘယ်လိုမှ တွက်ချက်လို့ မရနိုင်ပေမယ့် ကားတစီးစာ ငွေကြေးတန်ဖိုး သိန်း ဆယ်ဂဏန်း အထက်ရှိတဲ့ အခြေအနေအောက်မှာ ကျပ်ငွေ သိန်းပေါင်း သိန်းနဲ့ချီ နစ်နာခဲ့မှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင် နာဂစ်ဘေးဒဏ်ခံရတဲ့ ပြည်သူတွေဟာ စစ်အစိုးရကြောင့် နိုင်ငံတကာ မိသားစုတွေရဲ့ အကူအညီတွေ ရသင့်သလောက် မရခဲ့သလို ကိုယ့်ပြည်သူအချင်းချင်း ပေးတဲ့အကူအညီ အထောက်အပံ့တွေကိုလည်း ရသင့်သလောက် မရခဲ့ကြောင်း ကောက်ချက်ချနိုင်ပါတယ်။

နာဂစ်ဒဏ်ခံဒေသက ပြည်သူတွေ ဘယ်တော့ နာလန် ပြန်ထူမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ပြည်သူတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေနဲ့ စစ်အစိုးရတို့အကြားမှာ အဓိပ္ပာယ် ဖွင့်ဆိုချက် ကွဲလွဲနေတာကို တွေ့မြင်ရပါတယ်။ လေဘေးဒဏ်ခံရတဲ့ ပြည်သူတွေရဲ့ နာလန်ပြန်ထူလာတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ သူတို့ရဲ့ မုန်တိုင်းမတိုင်မီက အခြေအနေမျိုး ပြန်လည် နေထိုင်နိုင်ရေး ဖြစ်ပါတယ်။ မုန်တိုင်း မတိုင်မီက စီးပွားရေး အခြေအနေမျိုး ပြန်ရလိုတဲ့သဘော ဖြစ်ပါတယ်။

နိုင်ငံတကာ အန်ဂျီအိုတွေရဲ့ နာလန်ပြန်ထူလာရေး အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ လေဘေးဒဏ်သင့် ပြည်သူတွေအနေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး၊ လုံခြုံစိတ်ချရတဲ့ အမိုးအကာအောက်မှာ နေထိုင်ရရေး၊ သင့်တော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ ပညာသင်ကြားနိုင်ရေး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ စီးပွားရေးဘဝ ပိုင်ဆိုင်နိုင်ရေး စတာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ လေဘေးသင့်ဒေသ ပြန်လည် နာလန်ထူလာရေးဆိုတာဟာ အစုလိုက် အပြုံလိုက် မသေရင်ပြီးရော၊ ကိုယ့်ဖာသာကိုယ် ရုန်းကန်ပြီး ကိုယ့်ဖာသာကိုယ် အသက်ရှင်ရပ်တည်နိုင်အောင် ကြိုးစားနေထိုင်နိုင်ရေး အဆင့်လောက်ပဲ ဖြစ်ပါတယ်။

အဓိပ္ပာယ် ဖွင့်ဆိုချက် မတူတာကြောင့် အကောင်အထည်ဖော်မှုတွေ၊ သဘောထားအမြင်တွေလည်း မတူညီ ကြပါဘူး။ ပြီးခဲ့တဲ့နှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး သိပ်မကြာခင်မှာဘဲ စစ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးပြီ၊ ပြန်လည်ထူထောင်ရေး လုပ်ဖို့ပဲ ကျန်တော့တယ်ဆိုပြီး ပြောခဲ့ပါတယ်။ တဖက်ကလည်း ကယ်ဆယ်ရေး လုပ်ငန်းလုပ်နေတဲ့ အားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်က အိုင်အန်ဂျီအိုတွေ လှူဒါန်းတဲ့ ရေသန့်ဘူးကို ကိုင်မြှောက်ပြရင်း ဒီလို ရေသန့်ဘူးတွေ ဒီအချိန်မှာ မလိုတော့ဘူးဆိုပြီး သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

တကယ့်တကယ်တော့ အားလုံးသိကြတဲ့အတိုင်း နာဂစ်ဖြစ်ပြီးလို့ တနှစ်ကျော်ကြာတဲ့တိုင် လေဘေးသင့် ဧရာဝတီတိုင်းမှာ သောက်သုံးရေ လုံလုံလောက်လောက် ရှိသေးတာ မဟုတ်ပါဘူး။ အိမ်ထောင်စု အများစုကြီးဟာ လာမယ့် မိုးရာသီကို ကျော်ဖြတ်နိုင်လောက်တဲ့ ခိုင်ခန့်တဲ့ အိမ်တွေနဲ့ နေနိုင်ကြသေးတာ မဟုတ်ပါဘူး။ မုန်တိုင်းကျလာရင် ခိုလှုံမယ့် အဆောက်အဦတွေ တည်ဆောက်လို့ ပြီးသေးတာ မဟုတ်ပါဘူး။ နေ့စဉ် နေထိုင်စားသောက်ရေး ဘဝအတွက် အာမခံချက်ရှိတဲ့ အလုပ်အကိုင် လုပ်ကိုင်နိုင်ကြသေးတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက နောက်ထပ် (၂) နှစ်စီမံကိန်းဆွဲပြီး ၂ဝ၁၁ ခုနှစ်အထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ရမယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။

လေဘေးသင့်ပြည်သူတွေ ပြန်လည်နာလန်ထူဖို့ ဆောင်ရွက်ရာမှာ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေ အပါအဝင် နိုင်ငံတကာမိသားစုက လုပ်ဆောင်ပေးနိုင်တဲ့ အပိုင်း၊ စစ်အစိုးရကသာ လုပ်ပေးနိုင်မယ့် အပိုင်းဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာ မိသားစုတွေကတော့ ရန်ပုံငွေတွေ ရအောင်ရှာမယ်။ လေဘေး သင့်ပြည်သူတွေ သောက်သုံးရေ ရရှိအောင် ပျက်စီးသွားတဲ့ ရေကန်တွေကို ပြန်လည် ပြုပြင်ပေးမယ်။ မရသေးရင် အဝီစိလို စက်ရေတွင်းတွေ တူးပေးမယ်။ ဒါမှ မရသေးရင် ရေသန့်စင်တဲ့ စက်တွေ တပ်ဆင်ပေးပြီး ရေသန့်ရအောင် ဆောင်ရွက်ပေးမယ်။ ရေသန့် ဘယ်လိုမှ မရနိုင်တဲ့ နေရာတွေကိုတော့ ရနိုင်တဲ့ နေရာတွေကနေ ကားတတန်၊ လှေတတန် ပို့ပေးနိုင်အောင် စီစဉ်ပေးမယ်။ နေစရာအတွက် လုံခြုံတဲ့ နေအိမ်တွေ တည်ဆောက်ပေးမယ်။ တနှစ်ထဲ မပြီးရင် နောက်တနှစ် ထပ်လုပ်မယ်။ စာသင်ကျောင်းတွေ တည်ဆောက်ပေးမယ်။ ကျန်းမာရေး ဆေးခန်းတွေ တည်ဆောက်ပေးမယ်။ မုန်တိုင်းဖြစ်လာရင် ခိုလှုံဖို့ Cyclone Shelter တွေ တည်ဆောက်ပေးမယ်။ လုပ်ကိုင်စားသောက်ဖို့ လှေတွေ လှူပေးမယ်။ စက်တွေ လှူပေးမယ်။ ပိုက်တွေ လှူပေးမယ်။ ထွန်စက်၊ ကျွဲနွား၊ မျိုးစပါးတွေ ထောက်ပံ့ပေးမယ်။ တပိုင်တနိုင် လုပ်ငန်းငယ်လေးတွေအတွက် လုပ်ငန်းပြန်လုပ်နိုင်ဖို့ အရင်းအနှီး ထောက်ပံ့ ထူထောင်ပေးမယ်။ အလုပ်မရှိသူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးမယ် စတဲ့ အစီအစဉ်တွေ လုပ်ပေးကြမယ် ဖြစ်ပါတယ်။

အခြားတဖက်မှာတော့ နိုင်ငံတကာ မိသားစုက လုပ်ပေးဖို့ လုံးဝ မဖြစ်နိုင်တဲ့ အစိုးရကသာ လုပ်ပေးမှ ဖြစ်မယ့် လုပ်ငန်းကြီးတွေ အများကြီး ကျန်နေပါသေးတယ်။ အဲဒါကတော့ သွားလာရ ခက်ခဲတဲ့ လေဘေးသင့်ဒေသမှာ လမ်းတွေ ဖောက်ပေးရေး၊ တံတားတွေ ဆောက်ပေးရေး၊ ခရီးသွားလာရေး သယ်ယူပို့ဆောင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ ရေကြောင်းခရီးစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ ဆက်သွယ်ရေး ကောင်းမွန်အောင် တယ်လီဖုန်းတွေ တပ်ဆင်ပေးရေး၊ လျှပ်စစ်မီး ရအောင် ဖန်တီးပေးရေး၊ စာသင်ကျောင်းတွေ အတွက် ကျောင်းဆရာ ဆရာမတွေ ခန့်ပေးရေး၊ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးရေး၊ ကျန်းမာရေး ဌာနတွေအတွက် ဆရာဝန်၊ ဆေးမှူး သူနာပြုတွေ ခန့်အပ်ပေးရေး၊ လုပ်ငန်းတွေအတွက် ဘဏ်တွေကနေ ငွေတွေ ထုတ်ချေးပေးရေး စတာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အစိုးရက လုပ်ပေးမှရမယ့် အဲဒီအပိုင်းတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက လုပ်ပေးမယ် မလုပ်ပေးဘူး ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

လောလောဆယ် မြစ်ဝကျွန်းပေါ်ဒေသမှာ လမ်းတွေ ဖောက်ပေးနေပါပြီ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အလွန်ကြမ်းပြီး ဖြစ်သလို ဖောက်ထားတဲ့ စံချိန်စံညွှန်း မမီတဲ့ မိုးတွင်းဆို ဘယ်လိုမှ သွားလာလို့ မရနိုင်တဲ့ လမ်းမျိုးတွေကိုသာ တအီအီနဲ့ ဖောက်နေတာ ဖြစ်ပါတယ်။ တံတားတွေဆိုလည်း ဒီအတိုင်းပါပဲ။ ခနော်နီ ခနော်နဲ့ တံတားမျိုးတွေသာ များပါတယ်။ ခရီးသွားလာမှု အဆင်ပြေရေး ဆိုတာကတော့ ဧရာဝတီတိုင်းက ပြည်သူတွေ မဆိုထားနဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးက လူတွေတောင် အဆင်ပြေကြတာ မဟုတ်ပါဘူး။ အကြောင်းက တော့ နအဖ စစ်အာဏာပိုင်တွေ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်နဲ့ မော်တော်ကားတင်သွင်းမှုတွေ ပိတ်ပင်ထားလို့ ကားဈေးနှုန်းတွေ အလွန်အမင်းကြီးမြင့်နေတဲ့ ကိစ္စပါ။ ဒီအတွက် ဧရာဝတီတိုင်း အောက်ပိုင်းမှာ ခက်ခက်ခဲခဲ သွားလာနိုင်တဲ့ လမ်းကြမ်းကြမ်းတွေ ပြီးစီးသွားရင်တောင် ပြေးဆွဲမယ့် ဘတ်စ်ကား လုံလုံလောက်လောက် ရှိမှာ မဟုတ်တဲ့ ပြဿနာ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေနိုင်ပါဘူး။ ရေကြောင်း ခရီစဉ်တွေလည်း ထို့နည်းလည်းကောင်းပါပဲ။ မုန်တိုင်းဒဏ် အလူးအလဲ ခံထားရတဲ့ ဧရာဝတီတိုင်းမှာ လှေသင်္ဘောတွေ လုံလုံလောက်လောက် မရှိတော့ပါဘူး။ စစ်အစိုးရ ခရီးသည်ပြေးဆွဲတဲ့ သင်္ဘောတွေကလည်း ဒီဇယ်ဆီ မထောက်ပံ့နိုင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ခရီးစဉ် အများအပြား ရပ်နားထားတာပါ။ ဒါကြောင့် ဧရာဝတီတိုင်းက မြို့ရွာတွေဟာ ဒီနေ့ချိန်ထိ ရေလမ်းခရီးနဲ့လည်း သွားလာရ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ကောင်းမွန်အောင် တယ်လီဖုန်းတွေ တပ်ဆင်ပေးရေး ဆိုတာလည်း စစ်အစိုးရ လက်အောက်မှာ မဖြစ်နိုင်သလောက်ပါဘဲ။ လေဘေးဖြစ်လို့ ဆိုပြီး တရုတ်ပြည် ဇက်တီအီး ကုမ္ပဏီက လှူဒါန်းလိုက်တဲ့ ကမ်းရိုးတန်း သုံး စီဒီအမ်အေ ဖုန်း အလုံး (၃) သောင်းကျော်စာလောက်ကို ဆက်သွယ်ရ ခက်ခဲတဲ့ ကျေးလက်တွေမှာ ချပေးရမယ့်အစား တလုံး (၁၅) သိန်း (၅) သောင်းနဲ့ ရောင်းစားခဲ့ပါတယ်။ ဒါဟာ လာဘ်ငွေ ပေးရတာတွေကို ထည့်တွက်မထားသေးတဲ့ ပမာဏဖြစ်ပြီး အားလုံးပေါင်းရင် တလုံး ကျပ်သိန်း (၂ဝ) လောက်ကျပါတယ်။ လေဘေးမုန်တိုင်းကြောင့် ဆွေမျိုး မိသားစုတွေ သေ၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရသူတွေကို တယ်လီဖုန်းတလုံး ကျပ်သိန်း (၂ဝ) လောက်နဲ့ ဝယ်သုံးခိုင်းတာမျိုးကတော့ အတော်လေးကို ရက်စက်လွန်းရာ ကျပါတယ်။ ဒီကနေ တဆင့် ဆက်သွယ်ရေး လွယ်ကူဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။

လျှပ်စစ်မီး ပြဿနာကတော့ နေပြည်တော်ကလွဲရင် စစ်အစိုးရက တတိုင်းပြည်လုံးမှာ လျစ်လျူရှုထားတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီအတွက် လပွတ္တာမြို့ပေါ်မှာဆိုရင် ပြည်သူတွေဟာ ပုဂ္ဂလိက မီးပေးစားသူတွေထံကနေ တယူနစ် ကျပ် (၁,ဝဝဝ) ကျော်နဲ့ ယူသုံးနေရပါတယ်။ နဂိုကတည်းက ဆင်းရဲနေတဲ့ ပြည်သူတွေအတွက် ရန်ကုန်ကလူတွေ တယူနစ် (၂၅) ကျပ်နဲ့ လျှပ်စစ်မီး သုံးနေရချိန် သူတို့ကတော့ ကျပ် (၁,ဝဝဝ) ပေးနေရတာဟာ စီးပွားရေးအရ နာလန်ထူဖို့ အခွင့်အလမ်း နည်းသွားစေပါတယ်။ ကျေးရွာတွေကတော့ ဒီထက်ပိုဆိုးပြီး မှောင်အတိ ကျနေတာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေ ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။

ယူအန်နဲ့ နိုင်ငံတကာမိသားစုတွေက အဆောက်အဦတွေ ဆောက်လုပ်လှူဒါန်းပေးနိုင်ပေမယ့် ကျောင်းဆရာ ဆရာမ ခန့်ထားနိုင်ရေး၊ စာအုပ်စာတမ်းနဲ့ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့နိုင်ရေးဟာ အစိုးရ တာဝန်ဖြစ်ပါတယ်။ ဒါကိုလည်း လေဘေးသင့်ဒေသမှာ ကောင်းကောင်းလုပ်ပေးနိုင်တာ မတွေ့ရသေးပါဘူး။ ဆေးရုံဆေးပေးခန်းတွေလည်း အလားတူပါပဲ။ နိုင်ငံတကာ မိသားစုတွေက ရေရှည်အတွက် အဆောက်အဦတွေ ဆောက်လုပ်လှူဒါန်းဖို့ ကြိုးစားပေမယ့် လက်ရှိဆိုရင်တော့ လေဘေးသင့်ဒေသက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနေတဲ့ အန်ဂျီအိုတွေလည်း ရုပ်သိမ်းနေကြပါပြီ။ အစိုးရရဲ့ ဆရာဝန်၊ သူနာပြုတွေ ခန့်အပ်ရေး၊ ပစ္စည်းကရိယာ ဖြည့်တင်းပေးရေးနဲ့ ဆေးဝါးထောက်ပံ့ပေးရေး လိုအပ်လာနေပါတယ်။ လက်ရှိ စစ်အစိုးရက မြန်မာတနိုင်ငံလုံးမှာ ကျင့်သုံးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံနဲ့ လေဘေးသင့်ဒေသတွေကို ကျင့်သုံးရင်တော့ အဲဒီဒေသကလူတွေ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်၊ မသေသင့်ပဲ သေကြရဦးမှာပါပဲ။

လေဘေးသင့်ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်တခုကတော့ စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ရေး ချေးငွေတွေ လိုအပ်နေမှုပါ။ စစ်အစိုးရ အနေနဲ့ ပုံမှန်အားဖြင့် တနိုင်ငံလုံးက တောင်သူလယ်သမားတွေကိုတောင် လုံလောက်တဲ့ ချေးငွေ ထုတ်ချေးတာ မဟုတ်ပါဘူး။ လေဘေးသင့်ဒေသတွေမှာ တနိုင်တပိုင် လုပ်ကိုင်စားနေသူ တွေကို အန်ဂျီအို အဖွဲ့တွေက အသေးစားချေးငွေတွေ ထုတ်ချေးပေးနေပေမယ့် အစိုးရပိုင်းကရော ပုဂ္ဂလိက ဘဏ်တွေကပါ ဒီအပိုင်း ဝင်ရောက်လုပ်ကိုင်တာ မတွေ့ကြရပါဘူး။ ခြုံပြီး သုံးသပ်ရရင် ယူအန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လေဘေးသင့် ပြည်သူတွေ နာလန်ပြန်ထလာအောင် ဘယ်လိုပဲ ကြိုးစားကြိုးစား နအဖ စစ်အစိုးရက သူ့ရဲ့ ကိုယ်ကျိုးရှာ မှားယွင်းတဲ့ စီးပွားရေးပေါ်လစီတွေကို မပြင်ဆင်သေးသရွေ့ လေဘေးသင့် ပြည်သူတွေအပေါ် စစ်မှန်တဲ့ စေတနာ မထားနိုင်သေးသရွေ့ နာလန်ပြန်ထူဖို့ဆိုတာ မဖြစ်နိုင်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။

1 comments:

zavierobray said...

Top 10 Casinos in Las Vegas for 2021 - Mapyro
Top 10 하남 출장샵 Casinos in Las 부산광역 출장마사지 Vegas for 2021. The Casino City's gambling 거제 출장마사지 floors are bustling with new 과천 출장안마 casino and bingo to entice new players to gamble. 대구광역 출장안마

Post a Comment