Wednesday, June 23, 2010

ရွေးကောက်ပွဲနှင့် သတင်းမီဒီယာသမားတို့၏ တာဝန်

ဇင်လင်း / ၂၁ ဇွန် ၂၀၁၀


၂၀၁၀ အတွင်း ရွေးကောက်ပွဲ အသေအချာ ကျင်းပမည်ဟု နအဖအာဏာပိုင်တို့က ကြေညာထားသည်။ ယခုအထိ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၂) ခုရှိသည်။ ယင်းတို့အနက် (၃၃) ပါတီကို မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ၂၀၁၀ နှစ်တ၀က်ကျိုးပြီ ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့်ရက်က ယခုတိုင် ဘယ်ဆီနေမှန်းမသိ။ အခင်းအကျင်းအရ ‘စစ်အာဏာရှင်စနစ်’ မှ ‘အရပ်ဝတ် စစ်အာဏာပိုင်စနစ်’ သို့ ပြောင်းမည့် ရွေးကောက်ပွဲဖြစ်သော်လည်း ‘နအဖ’ က နိုင်ငံတကာအမြင်ကောင်းသည့် ရွေးကောက်ပွဲဖြစ်ရေးကို နည်းမျိုးစုံသုံး၍ ကြိုးပမ်းနေသည်။ သို့သော် နိုင်ငံတကာအမြင်တွင် အရေးအပါဆုံးဖြစ်သည့် သတင်းစာလွတ်လပ်ခွင့်က ယခုအထိ ပိတ်ပင်ထားဆဲရှိသည်။

စင်စစ် နိုင်ငံရေးပါတီများ ဖွဲ့ခွင့်ပြုသည်နှင့် တပြိုင်နက် လွတ်လပ်စွာ ပြောဆိုစည်းရုံးပိုင်ခွင့်နှင့် စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိပိုင်ခွင့်တို့မှာ နိုင်ငံရေးပါတီတိုင်း၏ မွေးရာပါအခွင့်အရေးအဖြစ် ခွင့်ပြုပြီးဖြစ်ရမည်။ ရွေးကောက်ပွဲမတိုင်မီ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာရေးသားပိုင်ခွင့် ရရှိရေးသည် အထူးအရေးကြီးသောကိစ္စဖြစ်သည်။ ရွေးကောက်ပွဲတခု ကျင်းပရာတွင် လွတ်လပ်၍ တရားမျှတမှုရှိ မရှိ၊ ပွင့်လင်းမြင်သာမှုရှိ မရှိ ဆိုသည့်အချက်ကို နိုင်ငံတကာလက်ခံနိုင်စေရန် သတင်းစာလွတ်လပ်ခွင့်သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ နိုင်ငံရေးပါတီများအားလည်း အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ သတင်းမီဒီယာကို လွတ်လပ်စွာ တန်းတူအသုံးပြုခွင့် ပေးရမည်လည်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ အပိုဒ် (၁၉) အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။ အများပြည်သူသို့ သတင်းအချက်အလက် ဖြန့်ဝေခွင့်နှင့် ကိုယ်တိုင်လည်း သတင်းအချက်အလက် လက်ခံရယူပိုင်ခွင့်တို့သည် လူတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ အဆိုပါ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့် မရရှိပါက ကျန်လူ့အခွင့်အရေးဆိုသည်တို့ကို ခံစားခွင့်ရရှိရန်မှာ ဖြစ်နိုင်စရာမရှိပေ။

ဆိုလိုသည်မှာ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်များ ဆုံးရှုံးသဖြင့် နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့နိုင်ငံရေးအယူအဆနှင့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထု သိရှိနားလည်အောင် ရှင်းလင်းပြောပြနိုင်ခွင့်လည်း ဆုံးရှုံးရသည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်မပေးသည့် သဘောပင်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများသည် ယခုအချိန်အထိ လွတ်လပ်စွာ ပြောဆိုစည်းရုံးပိုင်ခွင့်နှင့် စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိပိုင်ခွင့် မရရှိသေး။ ပါတီမူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ထုတ်ဝေလိုပါက “၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ” နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ထံသို့ ‘နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင်’ လျှောက်ထားကြရမည်ဖြစ်သည်။

ထို့နောက် ထုတ်ဝေခွင့်မှတ်ပုံတင် ရရှိပြီးသော နိုင်ငံရေးပါတီများသည် ၎င်းတို့ထုတ်ဝေလိုသော ပါတီ၏ မူဝါဒ၊ ဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များအတွက် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနသို့ ကြိုတင်တင်ပြ စိစစ်မှုခံယူခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဟုဆိုသည်။ သို့ရာတွင် နိုင်ငံရေးပါတီထုတ်ဝေစာများ ပုံနှိပ်ထုတ်ဝေရာတွင် လိုက်နာရမည့် စည်းကမ်းချက် (၁၁) ချက်ကို လိုက်နာရမည်ဖြစ်သည်။

ယင်းစည်းကမ်းချက်များတွင် မှတ်ပုံတင်သက်သေခံလက်မှတ် ထုတ်ပေးရန်အတွက် နိုင်ငံတော်သို့ သတ်မှတ်ထားသော မှတ်ပုံတင်ကြေး တသိန်းနှင့် အာမခံကြေး ငါးသိန်း စုစုပေါင်း (၆) သိန်း ကြိုတင်ပေးသွင်းရမည်။ ပုံနှိပ်ပြီး စာရွက်စာတမ်းများအား ထုတ်ဝေဖြန့်ချိသည်နှင့် တပြိုင်နက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ပုံနှိပ်မူ (၁၀) စောင် တင်ပြရမည်။ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ပေးပို့တင်ပြပြီးသော စာမူများကိုသာ ၀က်ဘ်ဆိုက်တင်ခွင့်ရှိသည်။ ထို့ပြင် တပ်မတော်အား ထိပါးပုတ်ခတ်သွေးခွဲခြင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဆင့်ဆင့်၊ နိုင်ငံတော်အစိုးရတို့အား ဆန့်ကျင်ခြင်း စသည်တို့ကို မပြုရဟု ဆိုထားသည်။ စည်းကမ်းဖောက်သည်ဟု ယူဆလျှင် အာမခံကြေး ငါးသိန်းကို ဒဏ်ကြေးအဖြစ် သိမ်းယူမည့် သဘောဖြစ်သည်။

ထို့ပြင် ၂၀၀၈ ဖွဲစည်းပုံ အပိုဒ် ၃၅၄ (က) တွင် “ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် အခွင့်အရေးများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်” ဆိုသည့် စာတကြောင်းမျှသာပါရှိသည်။ လိုသလို ဆွဲဆန့်နိုင်သည့် အာဏာရှင်စနစ်ကာကွယ်ရေး ဥပဒေဖြစ်ကြောင်း ထင်ရှားသည်။ နောက်ထပ် အဟန့်အတားတခု ရှိသေးသည်။ မှတ်ပုံတင်ခွင့်ရရှိပြီးသော ပါတီများအနေဖြင့် ခွင့်ပြုချက်ကျပြီး ရက်ပေါင်း (၉၀) အတွင်း ကော်မရှင်သို့ ပါတီဝင်အင်အားစာရင်း တင်ပြရန် မေလ (၂၉) ရက်နေ့က အမိန့်ထုတ်လိုက်ပြန်သည်။

ပြည်ထောင်စုတဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်လျှင် ပါတီဝင်ဦးရေ အနည်းဆုံး (၁,ဝဝဝ) သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုခု၌ စည်းရုံးမည့် ပါတီဖြစ်လျှင် အနည်းဆုံး ပါတီဝင်ဦးရေ (၅ဝဝ) စည်းရုံးမည်ဟု ဝန်ခံချက်များနှင့်အတူ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြရသည်။ သို့ဖြင့် ပါတီဖျက်သိမ်းမခံရစေရန် ရက် (၉ဝ) အတွင်း အဖွဲ့ဝင်အင်အား ပြည့်မီရေးအတွက် ဆွေမျိုးများ၊ မိတ်ဆွေများထံ ကွင်းဆင်းစည်းရုံးနေကြရသည်။

ဤအခင်းအကျင်းအရဆိုလျှင် ပါတီငယ်အများစုအဖို့ ပါတီဖျက်သိမ်းခြင်း မခံရအောင် အားထုတ်နေရသဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးဝါဒဖြန့်ချိခွင့်တွင် တပန်းရှုံးနေရကြောင်း မြင်သာသည်။ ထိုမျှမက ငွေကြေးအင်အား ကွာဟမှုကလည်း (USDP) ကို မယှဉ်နိုင်ဖြစ်နေပြန်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အာဏာရှင်တို့ကိုယ်တိုင် ဖွဲ့စည်းထားသည့် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)” က အဘက်ဘက်မှ အသာစီးယူထားကြောင်း ပိုမိုထင်ရှားစေသည်။ ပါတီမှတ်ပုံမတင်မီ တနှစ်လောက်ကတည်းက USDP က မဲဆွယ်စည်းရုံးဝါဒဖြန့်ချိနေခဲ့သည့် အထောက်အထားများ ရှိပေသည်။ သာမန်လူထုအကြား၌ USDP နှင့် တစညပါတီကို ကြားဖူးနေကြသော်လည်း အသစ်ဖွဲသည့် ပါတီများနှင့် ပါတီခေါင်းဆောင်များကို သိသူ အလွန့်အလွန်နည်းပေသည်။

ယင်းအခြေအနေကိုကြည့်လျှင် နအဖက ပါတီများကို မဲဆွယ်စည်းရုံးခွင့်မပြုသေးဘဲ အချိန်ဆွဲကန့်သတ်ထားပုံမှာ ရည်ရွယ်ချက်ရှိရှိလုပ်ထားကြောင်း မြင်သာပေသည်။ အဓိကရည်ရွယ်ချက်မှာ အတိုက်အခံဖြစ်လာဖွယ်ရာရှိသည့် ပါတီများကို လူထုနှင့် ကင်းကွာအောင် လူမသိအောင် လုပ်ထားခြင်းဖြစ်သည်။ သို့မှသာ လွှတ်တော်များအတွင်း စစ်တပ်ဦးဆောင်သည့် ကြံ့ဖွံ့အစိုးရထူထောင်ရေး အောင်မြင်မည်မဟုတ်ပါလား။ ဤအနေအထားကိုကြည့်လျှင် USDP နှင့် တစညပါတီမှလွဲ၍ ကျန်နိုင်ငံရေးပါတီအများစုသည် ရွေးကောက်ပွဲမတိုင်မီကတည်းက ခွဲခြားဆက်ဆံခံနေရပေပြီ။

နိုင်ငံတကာ စံချိန်စံညွှန်းများအရ ရွေးကောက်ပွဲကျင်းပပေးသည့် အာဏာပိုင်အဖွဲ့သည် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်ဖြစ်သည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှု ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့် ပေးရမည်ဖြစ်သည်။

သို့သော် လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ပြောင်းပြန်ဖြစ်နေသည်။ လူထုသိရှိလိုသည့် သတင်းအချက်အလက်တို့ကို နအဖ စစ်အာဏာပိုင်များက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားလျက် သူတို့ပေးလိုသည့် သတင်းမျိုးကိုသာ ဖြန့်ဝေပေးသည်။ ဤသတင်းကိုသာ လူထုသိသင့်သည်၊ ဤသတင်းကား လူထုမသိအပ် စသဖြင့် အာဏာရှင်တို့က ဆုံးဖြတ်လုပ်ကိုင်နေခြင်းမျိုးဖြစ်သည်။

ဒီမိုကရေစီကျင့်သုံးမည့် အုပ်ချုပ်ရေးစနစ်တခုဆီသို့ သွားမည်ဟု ကြွေးကြော်ပါက သတင်းအချက်အလက်များ လွတ်လွတ်လပ်လပ် ရရှိပိုင်ခွင့် အားကောင်းစေရန်၊ သတင်းစီးဆင်းမှု လွတ်လပ်အဆင်ပြေချောမွေ့စွာ စီးဆင်းစေရန် အားပေးရမည်။ တနည်းအားဖြင့် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်းများ တိုးတက်ဖြစ်ထွန်းမှုကို လမ်းဖွင့်ပေးရမည်ဖြစ်သည်။ သို့သော် ယနေ့ရွေးကောက်ပွဲလုပ်ရန် (၃) လ ၀န်းကျင်မျှသာ အချိန်ရှိတော့သော်လည်း မြန်မာစစ်အာဏာပိုင်တို့က သတင်းလွတ်လပ်ခွင့် မပေးသေးဘဲ ရှိနေသည်။

အထူးသဖြင့် ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်များ ပိတ်ပင်ထားဆဲရှိသည်။ သတင်းဂျာနယ်များသည်လည်း စာပေစိစစ်ရေး၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်သေး။ နိုင်ငံရေးပါတီများသတင်းကို အာဏာပိုင်နှင့် နီးစပ်သည့် ဂျာနယ်များကိုသာ ထည့်ခွင့်ပေး၍ မနီးစပ်သူများမှာမူ ဆင်ဆာလုပ်ခြင်းခံနေရသည်။ ပိုဆိုးသည်မှာ ရေဒီယို၊ တီဗွီ အပါအ၀င် နိုင်ငံပိုင်မီဒီယာအားလုံးကို စစ်အုပ်စုကသာ ထိန်းချုပ်၍ ၀ါဒဖြန့်ယန္တရားအဖြစ် အသုံးပြုနေပြီး အခြားနိုင်ငံရေးပါတီများကို အသုံးပြုခွင့်မပေးခြင်းဖြစ်သည်။

ရွေးကောက်ပွဲတခုတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိလျှင် အဓိကနစ်နာသူမှာ ပြည်သူလူထုဖြစ်သည်။ ယနေ့မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ရွေးကောက်ပွဲအခင်းအကျင်းကိုကြည့်လျှင် လူထုအဖို့ သတင်းအမှန်ရရှိရန် အလွန်ခက်ခဲကြောင်း တွေ့နေရသည်။ သတင်းနှင့် စာနယ်ဇင်းလောကသားတို့တွင်လည်း လူထုသိသင့်သည့် ရွေးကောက်ပွဲ ပညာပေးဗဟုသုတနှင့် နိုင်ငံရေးပါတီများအကြောင်းကို ရေးခွင့်မရချေ။ ယခုရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို အခြေပြုကျင်းပခြင်းဖြစ်ရာ ထိုဖွဲ့စည်းပုံဥပဒေ၏ အားနည်းချက် အားသာချက်များကို ဝေဖန်သုံးသပ်တင်ပြရမည်မှာ သတင်းစာသမားတို့အလုပ်ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်များကိုလည်း သတင်းသမားတို့က ပြည်သူသိရှိအောင် ရေးကြရမည်။ လိုအပ်ချက်တွေ့လျှင် ထောက်ပြရမည့် တာဝန်ရှိသည်။

အလားတူ နိုင်ငံရေးပါတီများ၏ မူဝါဒများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၏ သဘောထားအမြင်များ၊ နောက်ခံသမိုင်းများ စသည်တို့ကို ပြည်သူလူထုသိအောင် စုံစမ်းလေ့လာတင်ပြရန်မှာလည်း သတင်းမီဒီယာ၏ အလုပ်ပင်ဖြစ်သည်။ ထိုမျှမက ပြည်သူတဦးချင်း၏ ရွေးကောက်ပွဲအပေါ် အမြင်များကိုလည်း သတင်းမီဒီယာက မေးမြန်းတင်ပြနေသင့်သည်။ သို့သော်လည်း၊ လက်ရှိအာဏာပိုင်က စည်းမျဉ်းဥပဒေ ကန့်သတ်ချက်အမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်နေသဖြင့်၊ ပြည်သူကလည်း မပြောရဲ၊ သတင်းမီဒီယာကလည်း မဖော်ပြရဲ ဖြစ်နေသည်။ ထိုသို့ လူထုသိသင့်သည့် သတင်းများကို မီဒီယာအား ရေးခွင့်မပြုခြင်းကြောင့် ယခုရွေးကောက်ကို လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု နိုင်ငံတကာက မှတ်ချက်ပေးလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲတခု လွတ်လပ်၍ တရားမျှတမှုရှိ မရှိကို စောင့်ကြည့်ရမည့် တာဝန်ရှိအဖွဲ့အစည်းများအနက် သတင်းမီဒီယာလည်း အဓိကအခန်းမှ ပါဝင်နေ၍ဖြစ်သည်။

နိုင်ငံများသည် ရွေးကောက်ပွဲစံချိန်များကို မည်၍မည်မျှ လိုက်နာကြသနည်းဆိုသည်ကို သိရှိနိုင်ရန် သတင်းစာသမားများ အပါအ၀င် လေ့လာစောင့်ကြည့်သူများ ထားရန်လိုအပ်သည်။ ၁၉၉၀ ခုနှစ်က ‘ကိုပင်ဟေဂင်’ ၌ ကျင်းပသော (The Organization for Security and Co-operation in Europe) OSCE ညီလာခံတွင် ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ၏ အခန်းကဏ္ဍကို ထည့်သွင်းဖော်ပြခဲ့သည်။ နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းမှ ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ရှိနေခြင်းအားဖြင့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှုဆိုင်ရာ ယုံကြည်ကိုးစားနိုင်မှု အခြေအနေနှုန်းစံများကို ပိုမိုမြင့်မားစေမည်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုလုပ်ငန်းစဉ်သည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းနှင့်လည်း တိုက်ရိုက်ဆက်စပ်နေသည်။ သတင်းမီဒီယာ အပါအ၀င် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ရှိခြင်းအားဖြင့် ဥပဒေချိုးဖောက်မှုများကို ထိန်းကျောင်းပေးနိုင်၍ ရွေးကောက်ပွဲရလဒ်အပေါ် လူထု၏ ယုံကြည်အလေးထားမှုကို ရရှိစေသည်။ ရွေးကောက်ပွဲတွင် လူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ပိုမိုအားပေးရာရောက်သည်။

စင်စစ် ရွေးကောက်ပွဲ ကျင်းပသူတို့အနေဖြင့် နိုင်ငံတကာ လေးစားအသိအမှတ်ပြုမှု ရယူလိုလျှင် ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပနေဆဲ၊ ကျင်းပပြီးနောက် အခြေအနေ (၃) ရပ်လုံးတွင် သတင်းစာလွတ်လပ်ခွင့် ပေးရပေမည်။ NLD ရွေးကောက်ပွဲ ဘာကြောင့်မ၀င်သနည်း ဆိုသည့် သတင်းကိုလည်း နိုင်ငံပိုင်မီဒီယာကတဆင့် လူထုအား အသိပေးရဲရမည်။ UNDP ပါတီ ဖွဲ့စည်းထူထောင်မှုသည် ဥပဒေနှင့် ဆန့်ကျင်မှုမရှိဟုဆိုလျှင် သတင်းမီဒီယာမှတဆင့် ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်ရမည်။ သတင်းစာဆရာတို့အား တွေ့ဆုံမေးမြန်းခွင့် ပေးရဲရမည်။ ရွေးကောက်ပွဲ အစပျိုးစဉ်ကတည်းက ယခုထိ သတင်းမီဒီယာလွတ်လပ်မှု မရှိခဲ့သဖြင့် ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားအားလုံးအပါအ၀င် ပြည်တွင်းလူထုနှင့် နိုင်ငံတကာကပါ အယုံအကြည်မရှိ ဖြစ်နေခြင်းဖြစ်သည်။ သတင်းအမှန်ကို ပိတ်ပင်ထားခြင်းသည် ကောလာဟလ အတင်းအဖျင်းများ လူထုအကြား ပျံ့နှံ့စေခြင်း၏ အရင်းခံအကြောင်းဖြစ်သည်။

ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်သည်။ ပြည်သူလူထုတွင် သတင်းအချက်အလက် မှန်မှန်ကန်ကန် သိခွင့်ရရှိခြင်းအားဖြင့် ပြည်သူတို့ ရသင့်သော အခြားအခွင့်အရေးနှင့် အခွင့်အလမ်းများကို အကာအကွယ်ပေးရာ၌လည်း အထောက်အကူဖြစ်စေသည်။ သို့သော် နအဖစစ်အာဏာပိုင်များ၏ ရည်ရွယ်ချက်မှာ စစ်အာဏာတည်မြဲရေးကို ကာကွယ်ရန်ဖြစ်သည်။ ပြည်သူ့အခွင့်အရေးကို အကာအကွယ်ပေးရန် မဟုတ်ပေ။ သို့ဖြစ်၍ နိုင်ငံတကာစံချိန်စံညွှန်းအရ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရေးကို ‘နအဖ’ က ဆန့်ကျင်သည်မှာ အံ့သြစရာမဟုတ်ချေ။ သို့ဆိုလျှင် Political Space ရှာဖွေရေးလုပ်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် သတင်းမီဒီယာမျက်နှာစာပေါ်၌ပင်လျှင် Space တခုရရှိရန် မလွယ်ဟု ဆိုရတော့မည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ USDP ပါတီကတော့ ခြွင်းချက်ဖြစ်လိမ့်မည်။ လက်ရှိနိုင်ငံပိုင်ရေဒီယို၊ FM ရေဒီယို၊ တီဗွီနှင့် သတင်းစာဂျာနယ်များကို စစ်အာဏာတည်မြဲရေး ၀ါဒဖြန့်ယန္တရားအဖြစ် အသုံးချလျက် ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ကို အပုပ်ချတိုက်ခိုက်နေပေသည်။ အမှန်မှာ ထိုမီဒီယာများကို ‘နအဖ’ တဦးတည်းပိုင် လုပ်ထား၍မရ။ ကျန်နိုင်ငံရေးပါတီများအားလည်း မျှတစွာ အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။ ထိုမျှမက လူမှုရေးအသင်းအဖွဲ့များ၊ NGO များကိုပင် အခါအားလျော်စွာ အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။

လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီများကို မဆိုထားနှင့်၊ သတင်းစာဆရာနှင့် သတင်းထောက်များကိုယ်တိုင်ပင်လျှင် သတင်းစာမျက်နှာများပေါ်တွင် လုံလောက်သည့် Space မရသေးဘဲရှိနေသည်။ ခြုံငုံသုံးသပ်လိုက်လျှင် နိုင်ငံသားများ၏ အခြေခံပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာပြောဆိုရေးသား သတင်းဖလှယ် သတင်းဖြန့်ချိခွင့်ကို ယခုထိ စစ်အာဏာပိုင်တို့က ခွင့်မပြု။ သတင်းစာသမားများအားလည်း ဆင်ဆာကင်းလွတ်ခွင့်မပေးသေး။ နေ့စဉ်သတင်းစာ ထုတ်ခွင့်မပြုသေး။ နိုင်ငံအုပ်ချုပ်သူများအား သတင်းစာခေါင်းကြီးမှ ဝေဖန်ခွင့်မပြုသေး။ နိုင်ငံရေးပါတီ နိုင်ငံရေးသမားများအားလည်း ဟောပြောစည်းရုံးခွင့်၊ ပါတီမူဝါဒများကို ရှင်းပြရန် သတင်းမီဒီယာအသုံးပြုခွင့် မပေးသေး။

ထိုထိုသော သတင်းလွတ်လပ်ခွင့် အပါအ၀င် နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို တင်းကျပ်စွာ ပိတ်ပင်ထားသော အခြေအနေအောက်၌ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအငွေ့အသက်ဟူ၍ ဘာတခုမျှ ရှာတွေ့ဖွယ်ရာမရှိပါ။ နိုင်ငံရေးပါတီများ၏ မွေးရာပါအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ စည်းရုံးဟောပြော စာအုပ်စာတန်းဖြန့်ချိခွင့်ကိုပင် နှောင်ကြိုးအထပ်ထပ် တုတ်နှောင်ထားသည်ကို ကြည့်ခြင်းအားဖြင့်လည်း Political Space ဖြစ်စေ၊ ဒီမိုကရေစီ တရွေးသားမျှဖြစ်စေ ရှာဖွေတွေ့ရှိရန် လမ်းမမြင်ပါ။

ထို့ကြောင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာလောကသားတို့၏ ယနေ့တာဝန်မှာ သတင်းစာလွတ်လပ်ခွင့် မရှိသော နအဖ၏ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတမှုမရှိသော ရွေးကောက်ပွဲအဖြစ် ၀ိုင်းဝန်းစောင့်ကြည့် ဖွင့်ချကြရေးဖြစ်သည်။ ထို့ပြင် ပြည်သူလူထုအား မတရားသော ရွေးကောက်ပွဲတွင် မဲဆန္ဒမပေးလိုက မပေးဘဲနေပိုင်ခွင့်ရှိကြောင်း အသိပေးရန်တာဝန်မှာလည်း သတင်းသမားတို့ တာဝန်ပင်ဖြစ်သည်ဟု သုံးသပ်မိပါသည်။

0 comments:

Post a Comment