Showing posts with label နိုင်ငံရေးပညာ. Show all posts
Showing posts with label နိုင်ငံရေးပညာ. Show all posts

Tuesday, March 16, 2010

နိုင်ငံရေးဟူသည်

Monday, November 3, 2008

ကိုဝမ်း

(အောက်တိုဘာ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်က ဆောင်းပါးရှင် ကိုဝမ်းရဲ့ အတွေးများဖြစ်ပါတယ်။ နိုင်ငံရေးမှာ စည်းရုံးရေး အရေးကြီးမှုကို ဖော်ပြထားပါတယ်။)

ဆရာဒဂုန်တာရာသည် အင်မတန်မှ ချစ်ဖွယ်ကောင်းပြီး ကြည်ညိုစရာပုဂ္ဂိုလ်ကြီးဖြစ်သည်။ ငြိမ်းချမ်းရေးစကားကို တွင်တွင်ကြီး ပြောတတ်၍ဖြစ်သည်။ လောကတွင် မေတ္တာတရားနှင့် ငြိမ်းချမ်းရေးလောက် အရေးကြီးသော အရာမရှိတော့ပါ။ မေတ္တာတရားလွှမ်းခြုံမှ လူ့ဘောင်ငြိမ်းချမ်းမည်။ လူ့ဘောင်ငြိမ်းချမ်းမှ လူနေမှုဘ၀ကြီး ဖွံ့ဖြိုးတိုးတက်မည်။

``မုန်းသူမရှိချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိ´´ဆိုသည်က ဆရာ၏ မူဝါဒဖြစ်သည်။ ``နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင်ပြုလုပ်ခြင်းပဲဗျ´´ဟု ဆရာကဆိုသည်။ ပြောပြသည်က ရွေးကောက်ပွဲတုန်းက ကျွန်တော် မှော်ဘီမှာဗျ။ မဲရုံကို တပ်ကြပ်ကြီး တစ်ဦးက စက်ဘီးပေါ်မှာတင်နင်းပြီး ကျွန်တော့ကို ခေါ်သွားခဲ့တယ်။ သူ့စက်ဘီးပေါ်မှာ ထိုင်လိုက်သွားရင်း ဒီအတွေးကိုရခဲ့တာဟု ဆရာက ပြောလေသည်။

ဆရာဆိုလိုသည့် နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုလုပ်ခြင်းဆိုသည်က `စည်းရုံးရေး´ကို ပြောခြင်း ဖြစ်သည်။ နိုင်ငံရေးဟူသည် စည်းရုံးရေးဖြစ်သည်။ စည်းရုံးရေးသည် နိုင်ငံရေး၏ အနှစ်သာရဖြစ်သည်။ စည်းရုံးရေးမပါသော နိုင်ငံရေးသည် အဆန်မပါသော သင်္ကြန်အမြောက်သာဖြစ်သည်။ စည်းရုံးရေးမပါသော် နိုင်ငံရေးဟုပင် မခေါ်ထိုက်။ နိုင်ငံရေး တွင် အမိန့်ပေး၍မရ။ စည်းရုံးရေးဆို၍ အမှန်တရားနှင့် လွဲဖယ်၍မရ။ အမှန်တရားနှင့် ကင်းကွာ၍မရ။ အမှန်တရား သို့မဟုတ် ပြည်သူအတွက် အကျိုးရှိမည့် အရာကို ပြည်သူက သဘောပေါက်နားလည်ပြီး လက်ခံလာအောင် ရှင်းလင်းပြောပြခြင်းသည် စည်းရုံးရေးဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံရေးတွင် အမိန့်ပေး၍မရဟု ဆိုခဲ့ရခြင်းပါ။

သိမ်းသွင်းခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်းများသည် စည်းရုံးရေးမဟုတ်ပါ။ စည်းရုံးရေးသဘောမဆောင်ပါ။ မိမိဖြစ်စေချင်သည် ကို တစ်ပါးသူက လိုက်နာအောင် သိမ်းသွင်းသည်။ သွေးဆောင်သည်။ ဖြားယောင်းသည်။ မိမိဖြစ်စေချင် သောအရာတိုင်းသည် ပြည်သူအတွက် အမှန်တရားလော။ အမှန်တရားလည်းဖြစ်ချင်ဖြစ်မည်။ ဖြစ်ချင်မှလည်းဖြစ်မည်။ ပြည်သူ့အတွက် အမှန်တရားဆိုရာ၌ `မိမိ၏ ဆန္ဒ၊ မိမိဖြစ်စေချင်သော´ဟူသော ကဏ္ဍများမထည့်သွင်းပါနှင့်။ မိမိက ကြိုက်ချင်လည်း ကြိုက်မည်။ မကြိုက်ဘဲလည်း ရှိချင်ရှိမည်။ သို့သော် ယင်းမူဝါဒ၏ ဦးတည်ချက်က ပြည်သူအတွက် အကျိုး စီးပွားသာဖြစ်ရမည်။ ဖြစ်သင့်သည်။

နိုင်ငံရေးဆိုသည်နှင့် အများစုက နိုင်ငံရေးပါတီများနှင့် ပါတီနိုင်ငံရေး (Party Politics) ကိုသာ ပြေး၍မြင်တတ်ကြသည်။ တကယ်တော့ နိုင်ငံရေးပါတီအသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်မူဝါဒကို ပြည်သူအားချပြ၍ မိမိတို့မူဝါဒသည်သာ မှန်ကန်ကြောင်း၊ ပြည်သူ့အကျိုးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း စည်းရုံးကြသည်။ ထိုအခါ တစ်ပါတီနှင့် တစ်ပါတီ (အထူးသဖြင့် အာဏာရပါတီနှင့် အတိုက်အခံပါတီတို့) အကြား သဘောထားကွဲပြားခဲ့ကြသည်။ ပြည်သူ၏ ထောက်ခံမှုကို ရရှိရေး အတွက် မသမာသောနည်းများ သုံးကြသည်။ မဲပုံးဖောက်၍ မဲခိုးမှုများ၊ ငွေပေး၍ မဲဝယ်မှုများ၊ နိုင်ငံရေးလူသတ်မှုများဖြစ်ပွားခဲ့ သည်။ တကယ်တော့ နိုင်ငံရေးဆိုသည်က ညစ်ပတ်သည်မဟုတ်။ အင်မတန်မှ ဖြူစင်သောအရာဖြစ်သည်။ နိုင်ငံရေးသမား အချို့နှင့် သူတို့၏ မသမာသော လုပ်ရပ်များကသာ ညစ်ပတ်ခြင်းဖြစ်သည်။

ကျွန်တော်က ၂၀၀၀ ပြည့်လွန်နှစ်စပိုင်းတွင် ဟောင်ကောင်ထုတ်ဆောက်စ်ချိုင်းနားမောနင်းပိုစ့်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဓာတ်ပုံ တစ်ပုံကို သတိရမိသည်။ ယင်းနိုင်ငံတွင် ကွယ်လွန်သူ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးခေါင်းဆောင် ရှိတ်မူဂျီဆာရာမန်၏ သမီး ရှိတ်ဟာစီနာဝါဇက်ဦးဆောင်သော အပါမီလိဇ်ပါတီနှင့် ဘီဂမ်ခါလီဒါဇီယာ၏ နိုင်ငံရေးပါတီနှစ်ခုက အဓိကပါတီတွေဖြစ်သည်။ တစ်ပါတီက အာဏာရလိုက် အတိုက်အခံပါတီက ဆန္ဒပြလိုက်နှင့် နိုင်ငံရေးသပွတ်အူလိုက်နေခဲ့ သည်။ ယင်းသတင်းဓာတ်ပုံပါသည့် အချိန်တွင် အတိုက်အခံပါတီက အစိုးရအား (မည်သည့်ပါတီက အစိုးရဖြစ်၍ မည်သည့် ပါတီက အတိုက်အခံဖြစ်နေခဲ့သည်ကိုမူ ကောင်းစွာမမှတ်မိတော့ပါ) သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြနေချိန်ဖြစ်သည်။ အတိုက်အခံပါတီ အမျိုးသမီးတွေက သူတို့ခိုင်းသည့်အတိုင်း ဆန္ဒမပြရကောင်းလားဆိုပြီး ဆိုက်ကားတစ်စီးကို ရိုက်ချိုးဖျက်ဆီးနေပုံ ဖြစ်သည်။ ကျွန်တော်က ယင်းသတင်းဓာတ်ပုံကို ကြည့်ပြီး များစွာပဲစိတ်ပျက်မိခဲ့သည်။ ဒါဟာ နိုင်ငံရေးလား၊ ဒါဟာ ပါလီမန် ဒီမိုကရေစီကျင့်စဉ်လား။ ဒါဟာ နိုင်ငံရေးနှင့်မဆိုင်၊ ပါလီမန် ဒီမိုကရေစီကျင့်စဉ်နှင့်မဆိုင် နိုင်ငံရေးပါတီတစ်ခု၏ အကြမ်းဖက်မှု သာဖြစ်သည်။

မြန်မာပြည်တွင် အာဏာရ ဖ.ဆ.ပ.လ အဖွဲ့မှ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ကျင့်ဖောက်ပြန်မှုဆိုသော သတင်းကို အိုးဝေ၊ ဟစ်တိုင်စသည့်သတင်းစာများက ရေးသာဖော်ပြခဲ့သည့် လွတ်လပ်ရေးရပြီးကာစ ကာလဖြစ်သည်။ အာဏာရပါတီက ပုဂ္ဂိုလ်များက ယင်းသတင်းစာတိုက်များသို့ ၀င်ကာစာစီခုံများကို ရိုက်ချိုးဖျက်ဆီးခဲ့သည်။ သတင်းက မမှန်သော် ရုံးတော်တွင် တရားစွဲရုံပဲရှိသည်။ ယခုတော့ ဤသို့မဟုတ်ခဲ့ပါ။ ၁၉၅၈ ခုနှစ်၊ ဖ.ဆ.ပ.လ ကွဲတော့ ကျွန်တော် က အသက် ၁၂နှစ်သားအရွယ် ကောင်းစွာမှတ်မိလို့နေပြီ။ သန့်ရှင်းနှင့် တည်မြဲ (နုတင်နှင့် ဆွေငြိမ်း) ဟူ၍ ကွဲပြားသည်။ လွှတ်တော်တွင် မဲမခွဲမီ နုတင်က ထောင်သွင်းအကျဉ်းချထားသော အတိုက်အခံ ပ.မ.ည.တ အမတ်အချို့ကို လွှတ်ပေးကာ လွှတ်တော်တက်စေခဲ့သည်။ ပါလီမန်တွင် မဲခွဲသောအခါ နုတင်က ပ.မ.ည.တ ထောက်ခံမှုဖြင့် ရှစ်မဲအသာနှင့် အနိုင်ရခဲ့သည်။ လိုရင်လိုသလို မလိုရင် မလိုသလို ကျင့်သုံးမှုသည် နိုင်ငံရေးမဟုတ်ပါ။

နိုင်ငံရေးသည် စည်းရုံးရေးဖြစ်သည်။ စည်းရုံးရေးသည် ပြည်သူဖြစ်သည်။ ပြည်သူ၏ စစ်မှန်သော ထောက်ခံမှုမရဘဲ အောင်ပွဲ အစစ် အမှန်ရလိမ့်မည်မဟုတ်ပါ။ ပြည်သူကိုလှည့်ဖြား၍မရ၊ ကောက်ကျစ်၍မရ၊ လုပ်ကြံဖန်တည်း၍မရ၊ ပြည်သူတွင် အမှန်နှင့်အမှားကို ခွဲခြားနိုင်သော အသိဉာဏ်ပညာရှိသည်။ ပြည်သူသည် လူ့သမိုင်း အဆက်ဆက်ကို အမွေခံခဲ့ကာ ယင်းမှ ရရှိသော အသိပညာနှင့် ဝေဖန် ပိုင်းခြားနိုင်သည်။

ကိုဝမ်း

Posted by ပိတောက်မြေ at 12:03:00 AM

Friday, February 19, 2010

“နိုင်ငံရေး ခေါင်းဆောင်(ရ)ပါး။ အရပ်ပြဇာတ်”

---မောင်စူးစမ်း-

ပြဇာတ်အညွှန်း

နိုင်ငံရေးခေါင်ေးဆာင်နှင့် စီးပွါးရေး(ဘိဇနက်) ခေါင်ေးဆာင်တို့ အကြား ခြားနားချက်တွေ ရှိသည်။ ခေါင်းဆောင်ချင်းတူသည့် တိုင်အောင် ဘ၀ခြင်း မတူသည့်အတွက် ဂုဏ်ပုဒ် ခြားနားကြ၏။ စီးပွါးရေးခေါင်းးဆောင်တို့ အတွက် စီမံခန့် ခွဲ ပညာရှင်တို့က အမျိုးမျိုးသီအိုရီတွေ ထုတ်ကြသည်။ အထူးသဖြင့် ရှိတ်စပီးယာညးပြဇာတ် As you like it ထဲမှ ခေါင်ေးဆာင် အရွယ်ဖွဲ့  စည်းပုံ (ရ)ပါး ကို ကိုးကား၍ ဘိဇနက်ခေါင်ေးဆာင်အရွယ်ကို ခုနှစ်ပိုင်း ပိုင်းဆစ်ကြည့်သည်.



ဤအရွယ် ခုနှစ်ပါးမှာ---

(၁) ကလေးအရွယ်

(၂) ကျောင်းသားအရွယ်

(၃) ချစ်သူအရွယ်

(၄) စစ်သားအရွယ်

(၅) ဗိုလ်ချုပ်အရွယ်

(၆)အမြှော်အမြင်ကြီးသော နိုင်ငံရေးခေါင်းဆောင်(စတိတ်မင်း) အရွယ်

(၇) ပညာရှိပဏ္ဍိတ အရွယ်တို့ ဟူ၍ဖြစ်သည်။

စီမံခန့် ခွဲမှု ပညာကျောင်းသားတို့ သည် ခေါင်းဆောင်မှုကိုအရေးကြီးသောအကြောင်းအရာတရပ်အနေဖြင့်သာ သင်ကြားပို့ ချ နေသည်။ ၄င်းတို့ ၏သင်ရိုးတွင် ရှိတ်စပီးယား ပြဇာတ်လာ ခေါင်ေးဆာင်အရွယ် ခုနှစ်ပါးကို ဘိဇနက်ခေါင်းဆောင် သဘော သဘာဝ အဖြစ်ရည်ညွှန်းသည်။

ဘိဇနက်နှင့် နိုင်ငံရေး

ဘိဇနက်ခေါင်းဆောင်တို့ သည် ဆိုခဲ့သည့်အတိုင်း အရွယ် ခုနှစ်ပါးကို ဖြတ်သန်းရသကဲ့သို့  နိုင်ငံရေးခေါင်ေးဆာင်တို့ သည် လည်း ဤအရွယ်ကို ဖြတ်သန်းရပါသလောဟု မေးစရာပေါ်သည်။ တနည်းပြောလျှင် ဘိဇနက်ခေါင်ေးဆာင်အရွယ်နှင့် နိုင်ငံရေး ခေါင်းဆောင်အရွယ်တို့ သည် ဆီလျှော်ဆက်စပ်မှု ရှိ၊မရှိမေးစရာ ဖြစ်သည်။ အခြားစီလား၊ သို့ တည်းမဟုတ် ဘိဇနက် လော ကအတွက် ခေါင်ေးဆာင်အရွယ်သည် နိုင်ငံရေးလောကအတွက် ဘယ်လောက်အသုံးဝင်သလဲဟု မေးမြန်းရန် ဖြစ်သည်။

စင်စစ်ပြောရလျှင် မြန်မာ တို့ သည် ရှုပ်ထွေး ခက်ထန်သော နိုင်ငံရေးဖြစ်စဉ် အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြရပြီဖြစ်သည်။ထို့  ကြောင့် နိုင်ငံရေးခေါင်းဆောင်အရွယ်ကို ပြဇာတ်တပုဒ်ဖြင့် ရည်ညွှန်းရန်မလိုဟု တွေးမိသည်။ မြန်မာ့ရိုးရာလည်းဖြစ်၊ဇီဝဗေဒ အမြင်လည်းဖြစ်သော အရွယ်သုံးပါးအမြင်ကို နိုင်ငံရေးခေါင်းဆောင်အရွယ်အဖြစ် ပိုင်းခြားကြည့်လို့ လည်း မလုံလောက်ဟု ထင်မိသည်။

အရွယ်ခုနှစ်ပါးနှင့် အရပ်ဇာတ်

စာရေးသူ အမြင်အရပြောရလျှင် မြန်မာ နိုင်ငံအဖို့ ခေါင်ေးဆာင်အရွယ်သည် ခုနှစ်ပါး ရှိလိမ့်မည်ဟု တွက်ဆမိသည်။ ၄င်းတို့ မှာ

(၁) နိုင်ငံရေး အသံကြားသည့်အရွယ်၊ နိုင်ငံရေးစာပေတို့ တွင် စိတ်ဝင်စားသည့်အရွယ်

(၂) နိုင်ငံရေးကို စိတ်ဝင်စားသည့်အရွယ်

(၃) နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ချင်သည့်အရွယ်

(၄) နိုင်ငံရေးအဖွဲ့ အစည်း သို့ မဟုတ် ပါတီတရပ်ရပ်တွင် ပါတီဝင်ဖြစ်လာသောအရွယ်

(၅) နိုင်ငံရေး လှုပ်ရှားမှုတို့ တွင် တက်ကြွစွာ ပါဝင်သူ ဖြစ်လာသောအရွယ်

(၆) နိုင်ငံရေးခေါင်းဆောင် ဖြစ်လာသောအရွယ်နှင့်

(၇) နိုင်ငံရေးအကြောင်း ပြောပြသော ပဏ္ဍိတ အရွယ်တို့ ဆိုပြီး ဖြစ်ကြပါလိမ့်မည်။

အဓိက ဆိုလိုသည်မှာ မြန်မာ နိုင်ငံအတွက် နိုင်ငံရေးခေါင်းဆောင် အရွယ်ကို အသက်ဖြင့် မပိုင်းခြား၊ ပြဇာတ်ဖြင့်မရည်ညွှန်းပဲ မြန်မာ့ နိုင်ငံရေးရာ အတွေ့ အကြုံနှင့် နိုင်ငံရေး ဖြစ်စဉ်တို့ ဖြင့် တိုင်းတာလို့ ရနိုင်မည်ဟု ထင်ခြင်းဖြစ်ရာ တနည်းပြောရလျှင် မြန်မာ့ နိုင်ငံရေးခေါင်းဆောင် အရွယ်အကြောင်းသည် ကိုယ့်အရပ် ကိုယ့်ဇာတ်နှင့် Local Narrative အကြောင်းသာဖြစ်ပါ လိမ့်မည်။

ရှော့ခ် နှင့် အပြတ်အတောက်

နိုင်ငံရေးခေါင်ေးဆာင်အရွယ်အကြောင်းပြောလျှင် မြန်မာ့ နိုင်ငံရေး သမိုင်းဖြစ်စဉ်၏ သဘာဝ အကြောင်းကိုလည်း ပြောသင့် သည်ဟု ယူဆသည်။ မြန်မာ့နိုင်ငံရေးသမိုင်းသည် အစဉ်အဆက်ဆီးရီး မရှိ။ အပြတ်အတောက်ရှော့ခ်တို့ ဖြင့် ပြည့်နှက်နေ သည်။ Historical process with breaks and shocks ဟုဆိုရမည်။ ဤဖြစ်စဉ်ကိုရည်ညွှန်း၍ နိုင်ငံရေးခေါင်းဆောင်တို့ ၏ အ ရွယ်ကို ခန့် မှန်း ပိုင်းခြားအပ်သည်။

သမိုင်းဖြစ်စဉ် အပြတ်အတောက်တို့ ကို အခြေခံ၍ နိုင်ငံရေဒခေါင်းဆောင်းအရွယ်ကို ခန့် မှန်း ကြည့်သောအခါ အရွယ်သည် လည်း ကမောက်ကမ ဖြစ်နိုင်သည်၊ နိုင်ငံရေး ဇာတ်ခုံပေါ်၌ ဇာတ်ကောင်အဖြစ် ရေရှည်ကပြနိုင်ရန် ခဲယဉ်းသောကြောင့် ဖြစ် သည်။ မဟာ အိုင်ဒိုလိုဂျီတို့ ကျဆုံးခန်း ၊မဟာခေါင်းဆောင်ကြီးတို့ ၏ ကဏ္ဍ မှေးမှိန်သွားပုံတို့ ကို ထောက်ရှု ကြည့်လျှင်ခေါင်းေ ဆောင်၏အရွယ်ကောင်း အရွယ်ရွှေခေတ်သည် ရှားပါးကုန် ဖြစ်နေဖွယ်ရှိသည်။

သို့ မဟုတ် မသေချာ မရေရာမှု နှင့် ကြုံသလို ဖြစ်မှုတို့ က လွှမ်းမိုးဖွယ်ရှိသည်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ သည် သေချာရေရာမှု တပါးပါးဆီသို့  ရှေ့ ရှု သွားလိမ့်မည်ဟု မျှော်လင့်ရသည်။



အညွှန်း---Havard Business Reviev

မောင်စူးစမ်း

The Voice 6,1 ----

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ

နိုင်ငံရေးသမား ပုံရိပ်အချို့ မောင်ဝံသ

မောင်ဝံသ

(ဆရာမောင်ဝံသ ဇွန်လ (၁၁) ရက်နေ့ထုတ်၊ Popular News ဂျာနယ်မှာ ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တတ်သိအုပ်စုဝင်၊ ဗဟို ကော်မတီဝင် ဖြစ်ပြီး ၉၀ ပြည့်လွန်နှစ်များ အစပိုင်းမှာ ကိုယ်တိုင်အဖမ်းခံခဲ့ဖူးတဲ့ ဆရာ မောင်ဝံသရဲ့ နိုင်ငံရေးအပေါ် အမြင်ဖြစ်ပါတယ်။ ဒါ့အပြင်၂၀၁၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေက နိုင်ငံရေးကို ပြန်ပြီး စိတ်ဝင်စား လာတဲ့အပေါ် ဆရာရဲ့ ရှုမြင် သုံးသပ်ချက်လည်း ဖြစ်ပါတယ်။)

စံဖဲအကြောင်း မပါရင် ဒေါသနဲ့ အပြစ်တင်

တောပုန်းကြီး စံဖဲနဲ့ သတင်းစာတွေ အကြောင်း ဖတ်ခဲ့ဖူးတာ သွားသတိရမိတယ်။ နယ်ချဲ့ အင်္ဂလိပ်ခေတ်တုန်းက သာစည်နယ်မှာ ပုလိပ်က နှိပ်စပ်လွန်းလို့ ခြေလွန်လက်လွန် လူသတ်မှုဖြစ်ရာက ၀ရမ်းပြေးဖြစ်သွားတဲ့ စံဖဲဆိုတဲ့ ကျေးရွာသား တစ်ယောက် ရှိခဲ့တယ်။ ၀ရမ်းပြေး ဖြစ်သွားတော့ တောထဲမှာ ပုန်းနေတာပေါ့။ သည်တော့ တောပုန်းကြီး ဖြစ်သွားရော။ သည်အခါမှာ အင်္ဂလန်က တောပုန်းကြီး ရော်ဘင်ဟုဒ်လို ဖြစ်သွားအောင် သတင်းစာတွေက ရေးကြတော့ တောပုန်းကြီး စံဖဲဟာ လူထုကြားမှာ ဟီးရိုး ဖြစ်နေ သတဲ့ဗျာ။

လူတွေက စံဖဲ သတင်းပါမှ သတင်းစာ ၀ယ်ဖတ်ချင်ကြတာ ဆိုတော့ တချို့သတင်းစာ ဂျာနယ်တွေက လံကြုပ် လုပ်ကြံ ဇာတ်လမ်းတွေ ထွင်ပြီး ရေးခဲ့ကြသတဲ့။ ဘယ်နေ့ ဘယ်ရက်က တောပုန်းကြီးစံဖဲ မြို့ပေါ် တက်လာတာ သတင်းပေးသူက ပြောလို့ ပုလိပ်တွေက သွားဝိုင်းတော့ ဖမ်းလို့ မမိလိုက်ဘူး။ စံဖဲက ထိုးဖောက် တိုက်ခိုက်ပြီး ထွက်သွားတာ ပုလိပ်တွေ လက်မှိုင်ချပြီး ပြန်လာရတယ် ဆိုတဲ့ သတင်းမျိုးတွေ၊ စံဖဲက ပုလိပ်တွေ ခြေချင်းလိမ်နေတဲ့ကြားက သူ့ချစ်သူနဲ့ စွန့်စွန့်စားစား လာတွေ့သွားပုံ စတာတွေကို ရေးခဲ့ ကြတယ်။ ဗန္ဓုလဂျာနယ်ဆိုရင် စံဖဲသတင်း အများဆုံးပါလို့ စောင်ရေ အများကြီး တက်သွားသတဲ့။ အဲဒီခေတ်က သီချင်းတောင် ပေါ်ခဲ့သေးတယ်။ ``စံဖဲ အကြောင်းမပါရင် ဒေါသနဲ့ အပြစ်တင်´´ဆိုတဲ့ စာသားလေးကို ဖတ်ဖူးပါတယ်။ သတင်းစာ ဂျာနယ်တွေမှာ စံဖဲ အကြောင်းမပါရင် လူတွေက ဒေါသနဲ့ အပြစ်တင် ကြတယ်လို့ ဆိုတာပါ။

မိတ်ဆွေ လူချင်းခင်ရင် နိုင်ငံရေး စကားလာမပြောနဲ့

အခုလည်း နိုင်ငံရေး အကြောင်းမပါရင် ဒေါသနဲ့ အပြစ်တင်တဲ့ အနေအထား ရောက်နေပြီလား။ ရောက်နေပြီဆိုရင် သိပ်ကောင်းပေါ့ ဗျာ။ ကျွန်တော်တို့က နိုင်ငံရေးကို လူတွေ စိတ်မ၀င်စားမှာကိုသာ ပူတာ၊ နိုင်ငံရေးကို လူတွေများများ စိတ်ဝင်စားလာလေ တိုင်းပြည် တိုးတက်ဖို့ ပိုနီးစပ်လေပဲဗျ။ မီဒီယာတွေက လူတွေ နိုင်ငံရေး အကြောင်းအရာတွေကို များများ ထည့်ချင်လာကြတာလား၊ လူတွေ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဆွဲခေါ်တဲ့ အနေနဲ့ နိုင်ငံရေး ဆောင်းပါးတွေ များများ ထည့်ချင်နေ ကြတာလား၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံရေး ဖွင့်ဆိုချက်တွေ၊ နိုင်ငံရေး ရှေးဟောင်း နှောင်းဖြစ်တွေ၊ နိုင်ငံရေး သုံးသပ်ချက်တွေ၊ နိုင်ငံရေး ဟောကိန်းတွေ ထည့်သွင်း ဖော်ပြပေး နေကြတာကို ကျွန်တော်တို့က ``ဘရာဗို´´ ``ဘရာဗို´´ လို့ ဟစ်ကြွေး ကြိုဆိုလိုက် ပါတယ်ဗျာ။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လူတွေကြားထဲ လိုက်သွားနေတာ၊ လက်ဖက်ရည်ဆိုင်တွေ လို်က်ထိုင်နေတာ၊ လူတွေရဲ့ စိတ်ခံစားမှုတွေ၊ ဆန္ဒ သဘောထားတွေ၊ အမူအရာတွေကို ထိတွေ့နေတာကြာပြီ။ ``မိတ်ဆွေ လူချင်းခင်ရင် နိုင်ငံရေး စကား မပြောပါနဲ့´´ဆိုတဲ့ စကားသံမျိုးတွေကို ကြားနေခဲ့ရတာ ကြာပြီကောဗျာ။

ကျွန်တော်ကိုယ်တိုင် ကြုံဖူးတယ်

ကျွန်တော် ကိုယ်တိုင်ကိုပဲ နိုင်ငံရေးနဲ့ ပတ်သတ်ခဲ့သူ ဆိုပြီး ဂျာနယ် မဂ္ဂဇင်း တချို့က စာမူမတောင်းရဲ၊ မပတ်သက် ရဲခဲ့တဲ့ ကာလ တစ်ကန့် ရှိခဲ့ဖူးတယ်ဗျ။ (အဲသည်ကာလတုန်းက ကျွန်တော့်မှာ စာပေနယ်နဲ့လည်း မကင်းကွာနိုင်လေတော့ မိသားစု စားဝတ် နေရေး အတွက် ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းလေး တည်ထောင်ကာ လုပ်ကိုင် စားသောက်ခဲ့ရပါတယ်။ ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းတွေ အပြိုင်အဆိုင် သိပ်မများသေးတဲ့ ၁၉၉၂ ခုနှစ်လောက်ကပါ။ အဲဒီလို အချိန်မျိုးမှာတောင် သူများတွေလို လက်မလည်အောင် အလုပ်အပ်နှံမှုတွေ မရခဲ့ပါဘူး။ ကျွန်တော့အပေါ် ကောင်းစွာ နားလည်ပြီး အင်မတန် ခင်မင်ရင်းနှီးတဲ့ စာအုပ်လုပ်ငန်း တချို့နဲ့ ကျူရှင် တချို့ကတော့ နောင်ခါလာ နောင်ခါဈေးဆိုပြီး အလုပ်လာအပ်ကြလို့ ကျွန်တော့် မိသားစု အဆင် ပြေခဲ့ရပါတယ်။)

ကျွန်တော် ဆိုလိုတာက လူတွေဟာ ကိုယ်တိုင်အနေနဲ့ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်း နေခဲ့ကြရုံမက နိုင်ငံရေး အရိပ်အငွေ့ ရှိသူတွေနဲ့လည်း မပတ်သက်ချင်ကြတဲ့ အနေအထားမှာ နှစ်ကာလ ရှည်ကြာစွာ ရှိနေခဲ့ကြတာ အမှန်ပဲဆိုတာပါ။

အဲဒီအနေအထား ဖြစ်ပေါ်ခဲ့ခြင်းဟာ နိုင်ငံရေး ပတ်သက်မှုကြောင့် မိမိရဲ့ လူမှုဘ၀၊ စီးပွားရေး ဘ၀ကို ထိခိုက်နိုင်တယ်လို့ စိုးရိမ် ကြောင့်ကြခြင်း သာမက နိုင်ငံရေး လုပ်ဆောင်နေသူများ အပေါ် ယုံကြည် ကိုးစားမှု လျော့နည်း လာခြင်းကြောင့်လည်း ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

နိုင်ငံတကာမှာလည်း ထိုနည်းလည်းကောင်း

နိုင်ငံရေး လုပ်နေသူတွေ အပေါ် လူတွေက ယုံကြည်ကိုးစားမှု လျော့နည်းလာတယ် ဆိုတာကတော့ နိုင်ငံတကာ တူညီချက်လို ဖြစ်နေတယ်ဗျ။ ကျွန်တော် လက်လှမ်းမီသမျှ ဖတ်ရှုမိတဲ့ အထဲမှာ နိုင်ငံတကာမှာလည်း နိုင်ငံရေး သမားတွေအပေါ် ပြည်သူ အများစုက အမြင်စောင်း နေကြတာကို တွေ့ရတယ်ဗျာ။ မကြာသေးခင်က ကျွန်တော် ဖတ်မိတဲ့ စာတွေထဲမှာ အိန္ဒိယ၊ ပါကစ္စတန်၊ အမေရိကန်၊ ဗြိတိန် အကြောင်းတွေပါတယ်။ အဲဒီ နိုင်ငံတွေမှာ နိုင်ငံရေး သမားတွေကို `ငို့ဘ´ (ငါ့ဘို့ချည်းပဲ ကြည့်တဲ့လူ) တွေလို့ အများက သဘောထားတဲ့ အကြောင်း ဖတ်ရတယ်ဗျ။ အဲဒီအထဲ ဗြိတိန်ကတော့ `ဖိုးသင်းမျောက်´ ဖြစ်သွားတာပဲဗျာ။ ဖိုးသင်းရဲ့ မျောက်ကလေး လိမ္မာလှ လိမ္မာလှ၊ လူကြားထဲကျမှ ကျွမ်းထိုးမပြဘဲ ဖင်လှန်ပြတယ် ဆိုသလို ဖြစ်ခဲ့တာကိုးဗျ။ အင်္ဂလန်ဆိုတာ ပါလီမန် မိခင်နိုင်ငံကြီး အဖြစ် ဂုဏ်တင်ခဲ့တာ မဟုတ်လား။ ၀က်စမင်စတာ ပုံစံဆိုပြီး နိုင်ငံရေး သိပ္ပံမှာတောင် အင်္ဂလန် ပါလီမန် စနစ်အကြောင်း တကူးတက သင်ကြရတယ်။ နေမ၀င် ဗြိတိသျှ အင်ပါယာကြီးကို လည်ပတ် မောင်းနှင်လောက်အောင် အားကောင်း၊ စနစ်ကျခဲ့တဲ့ အင်္ဂလန် ပါလီမန်ကြီးမှာ အခုတော့ အမတ်မင်းများ ခွေးစာ ကြောင်စာ ၀ယ်တာကအစ နိုင်ငံ့ ဘဏ္ဍာ ထဲက အသုံးစရိတ် တွေထုတ်ယူ နေလို့ဆိုပြီး ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာက ဖွင့်ချလိုက်တော့မှ ပွက်လောရိုက် ကုန်တော့တာကိုး။ လွှတ်တော် ဥက္ကဋ္ဌကြီးတောင် နှုတ်ထွက် သွားရတဲ့အထိ ဂယက်ရိုက်ခဲ့တာလား။

အမေရိကန်မှာ ကျတော့ ပြီးခဲ့တဲ့ အပတ်ထုတ် ပေါ်ပြူလာ နယူးစ်မှာ ကျွန်တော် ကိုးကားခဲ့တဲ့ ``အမေရိကန်တွေ နိုင်ငံရေးကို ဘာကြောင့် မုန်း´´ ('Why Americans Hate Politics', by E.J Dionne) စာအုပ်ပါ သုံးသပ်ချက် အတိုင်းပဲ ပြည်သူတွေနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်တွေကို မယုံကြည်ရာက နိုင်ငံရေးကို ပြည်သူတွေ ကင်းကွာလာကြတာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံရေး သမားတွေကို ဝေဖန်တာကျတော့ ``နိုင်ငံရေး လုပ်စားနေကြတာ´´တဲ့ဗျာ။ နိုင်ငံရေးကို ရင်းနှီးမြှုပ်နှံမှု တစ်ခုလို လုပ်နေသူတွေ များသတဲ့။ အဲသလို လူတွေဟာ အလားအလာ ကောင်းတဲ့ နိုင်ငံရေး ပါတီတစ်ခုကို ရန်ပုံငွေ ကောင်းကောင်း ထည့်ပြီး ၀င်လိုက်မယ်။ ပြီးရင် ပါတီခေါင်းဆောင်ပိုင်းကို လာဘ်ထိုးပြီး အမတ်လောင်းဖြစ်အောင် လုပ်မယ်။ အရွေးခံရမယ့် မဲဆန္ဒနယ် အတွက် ငွေတွေသုံးပြီး အကျိုးပြု လုပ်ငန်းတွေ လုပ်ပြမယ်။ အဲဒါတွေအတွက် ရူပီး ဘယ်နှသန်း ကုန်ခဲ့သလဲ။ အဲဒါကို ရင်းနှီးမြှုပ်နှံ ထားတာလို့ သဘောထား။ အမတ်ရွေးခံရပြီး လုပ်ပိုင်ခွင့် အာဏာရှိတဲ့ နိုင်ငံရေး ရာထူး ဌာနန္တရ ကုလားထိုင်မှာ ထိုင်ပြီးရင် လေးငါးနှစ်အတွင်း အရင်းကျေရုံမက အဆများစွာ အမြတ်ထွက်အောင် စီးပွားရေး သမားတွေနဲ့ ဝေစားမျှစား လုပ်တော့ တာပဲတဲ့ဗျာ။

ပျင်းတောင်ပျင်းသေးတယ်

နိုင်ငံရေးသမား ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံပြီး လုပ်နေကြတာပါလို့ သူတို့ဆီမှာ ပြောစရာ အကြောင်းလည်း မရှိဘူးဗျ။ နိုင်ငံရေး ဘာကြောင့် လုပ်သလဲလို့ မေးရင် အကောင်းဆုံး အဖြေက မိမိတတ်ကျွမ်းတဲ့ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုချင်လို့ပါဗျာ လို့ ဖြေဖို့ပဲရှိတယ်။

မကြာသေးခင်က Youth မဂ္ဂဇင်းမှာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ အတ္တုပ္ပတ္တိကို ကျွန်တော် လစဉ် အခန်းဆက် ဘာသာပြန် ဖော်ပြခဲ့တာ အခုပြီးသွားပါပြီ။ သံလေဒီ ဘွဲ့ရတဲ့ မစ္စက်သက်ချာ အကြောင်း ရေးတော့မှ သူတို့ဆီက နိုင်ငံရေး လုပ်ပုံကိုင်ပုံတွေကို ကောင်းကောင်းကြီး ခြုံငုံသိရတော့ တာကိုး။ သူတို့ နိုင်ငံရေး လုပ်တာက ဆရာဝန် တစ်ယောက် ဆေးပညာ သင်ပြီး ဆေးကုသလို၊ အင်ဂျင်နီယာ တစ်ယောက် စက်မှုပညာသင်ပြီး လမ်းဖောက် တံတားဆောက်သလို၊ အသက်မွေး ၀မ်းကျောင်း အလုပ်တစ်ခု လုပ်နေသလို ပါပဲလားလို့ သဘောပေါက် သွားတယ်။ ရွေးကောက်ပွဲ ရှုံးမလား နိုင်မလား၊ ရင်ခုန်ရတာ မျိုးကလွဲလို့ ဘာစွန့်စားခန်းမှလည်း မရှိဘူး။ ဘာစွန့်လွှတ်မှုမျိုးမှလည်း မလိုအပ်ဘူး ဆိုတာ တွေ့ရတယ်ဗျာ။ ရွေးကောက်ပွဲမှာ ကိုယ့် ပါတီနိုင်ရင် အာဏာရလိုက်၊ ကိုယ့်ပါတီ ရှုံးရင် အတိုက်အခံ ဘ၀မှာ နေလိုက်၊ နောက် ရွေးကောက်ပွဲမှာ နိုင်အောင် ပြန်ကြိုးစား၊ အင်မတန် ရိုးစင်းတဲ့ နိုင်ငံရေး ဘ၀မှာ သူတို့ အသားကျ နေကြတာကိုး။

တစ်ခုတော့ ရှိသပေါ့။ သာမန် ပါတီဝင် ဘ၀ကနေ အဆင့်ဆင့် တက်လှမ်းခဲ့ ရတာတွေ၊ ပါတီတွင်း အုပ်စု တိုက်ပွဲတွေ၊ ခေါင်းဆောင်မှု နေရာ လုကြတာတွေ၊ မစ္စက်သက်ချာ နောက်ဆုံး ကြုံရသလို ထွက်ပေးရင် ထွက်ပေး၊ မထွက်ရင် ဖြုတ်ချ ခံရမယ့် အခြေအနေမျိုးကို ရင်ဆိုင်ရတာတွေ ကတော့ ရင်ခုန်စရာ အတွေ့အကြုံတွေလို့ ပြောမယ်ဆို ပြောနိုင်ပါလိမ့်မယ်။

ဘာပဲပြောပြော ဒီမိုကရေစီ မရသေးခင်သာ ရုန်းကန်လှုပ်ရှား ကြရတာ၊ ဒီမိုကရေစီ အသားကျ သွားတဲ့အခါ နိုင်ငံရေး လုပ်ရတာ ပျင်းစရာတောင် ကောင်းနေမလားပဲဗျာ။

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ

Liberalism is trust of the people tempered by prudence. Conservatism is distrust of the people tempered by fear.

William E. Gladstone, 1866

လစ်ဘရယ်ဝါဒဆိုတာ ဆင်ခြင်တုံတရား အသားကျနေသူတွေရဲ့ ယုံကြည်မှုဖြစ်တယ်။ ကွန်ဆာဗေး တစ်ဝါဒဆိုတာ ကြောက်ရွံ့ခြင်း အသားကျနေသူတွေရဲ့ မယုံကြည်မှုဖြစ်တယ်။

ဝီလျံဂလက်စတုန်း

When I was a boy I was told that anybody could become President; I'm beginning to believe it.
Clarence Darrow
ကျွန်တော် ငယ်ငယ်တုန်းက ကြားဖူးတယ်။ လူတိုင်းဟာ သမ္မတ ဖြစ်နိုင်တယ်တဲ့။ အခု ကျွန်တော်အဲဒါကို ယုံကြည်စပြုလာပြီ။
ကလဲရင့်ဒါရိုး

George Washington is the only president who didn't blame the previous administration for his troubles.

Author Unknown

မိမိရင်ဆိုင်ရတဲ့ ဒုက္ခတွေအတွက် မိမိအရင် အစိုးရကို အပြစ်မတင်တဲ့ တစ်ဦးတည်းသော သမ္မတကတော့ ဂျော့ဝါရှင်တန်ပါပဲ။

အမည်မသိ

Truth is not determined by majority vote.

Doug Gwyn

အမှန်တရားဆိုတာ အများစုမဲနဲ့ ဆုံးဖြတ်လို့မရ။

ဒေါက်ဂွင်း

The Democrats are the party that says government will make you smarter, taller, richer, and remove the crabgrass on your lawn. The Republicans are the party that says government doesn't work and then they get elected and prove it.

P.J.O'Rourke

သူတို့ပါတီ အစိုးရဖြစ်လာရင် ခင်ဗျားတို့ကို ပို၍ကောင်းမွန်အောင်၊ ပို၍ မြင့်မားအောင်၊ ပို၍ ချမ်းသာအောင် လုပ်ပေးမယ်။ ခင်ဗျားခြံထဲက မြက်တွေကို ရှင်းပေးမယ်လို့ပြောတာ ဒီမိုကရက်တွေ။ အစိုးရက ဘာမှမလုပ်ဘူးလို့ပြောပြီး ရွေးကောက်တင်မြှောက်ခံရတဲ့အခါ အဲဒီအတိုင်း သက်သေပြသူတွေက ရီပက်ဘလေကန်တွေ။

ပီဂျေအိုရော့ကဲ

A conservative is a man who believe that nothing should be done for the first time.

Alfred Wiggam

ကွန်ဆာဗေးတစ်ဆိုတာ ပထမဦးဆုံး ဘာမှ လုပ်စရာမလိုဘူးလို့ ယုံကြည်သူကို ခေါ်တယ်။

အဲဖရက်ဝစ်ဂမ်း

Why pay money to have your family tree traced; go into politics and your opponents will do it for you.

Author Unknown

ခင်ဗျားရဲ့ ဆွေစဉ်မျိုးဆက်ဇယားခြေရာကောက်ဖို့ ဘာကြောင့် ပိုက်ဆံအကုန်ခံမလဲ။ နိုင်ငံရေးထဲသာ ၀င်လိုက်ပါ။ ခင်ဗျားရဲ့ ပြိုင်ဘက်တွေက အဲဒီအလုပ်ကို လုပ်ပေးကြလိမ့်မယ်။

အမည်မသိ

Some men change their party for the sake of their principles; others their principles for the sake of their party.

Winston Churchill

တချို့လူတွေက သူတို့ယုံကြည်တဲ့ အခြေခံမူတွေအလို့ငှာ ပါတီပြောင်းတယ်။ တချို့လူတွေက သူတို့ပါတီအကျိုး အလို့ငှာ သူတို့ရဲ့ အခြေခံမူတွေကို ပြောင်းပစ်တယ်။

ဝင်စတန်ချာချီ

If God had been a Liberal there wouldn't have been Ten Commandments, there would have been Ten Suggestions.

Malcolm Bradbury, After Dinner Game, 1982

အကယ်၍ ဂေါ့ဒ်ဟာ လစ်ဘရယ်တစ်ယောက်ဖြစ်ခဲ့ရင် ပညတ်တော်ဆယ်ပါးရယ်လို့ ရှိခဲ့မှာမဟုတ်။ အကြံပြုချက်ဆယ်ခုသာ ရှိခဲ့ပေလိမ့်မည်။

မာလ္ကြမ္ဘရက္ဘာရီ

A conservative is one who admires radicals centuries after they're dead.

Leo Rosten

ကွန်ဆာဗေးတစ်ဆိုတာ ရာဒီကဲလ် (တော်လှန်ပြောင်းလဲရေးသမား) တွေကို သူတို့သေပြီး ရာစုနှစ်များစွာ ကြာပြီးတော့မှ ချီးကျူးဂုဏ်ပြုတတ်သူတွေကို ခေါ်တယ်။

လီယိုရော့စတင်း

(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

နိုင်ငံရေးအပြောနှင့် အလုပ်

ကိုကိုလှိုင်

( ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၆)၊ အမှတ် (၄)၊ အချုပ်ပို (A) မှ ဆောင်းပါးရှင် ကိုကိုလှိုင်၏ ဆောင်းပါး ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံရေး လှုပ်ရှားသူများ၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ သိထားသင့်တဲ့ ဗိုလ်ချုပ်ရဲ့ အယူအဆ များ ပါဝင်နေလို့ မျှဝေ ပေးလိုက် ပါတယ်။ )

“အများအားဖြင့် စင်မြင့်ပေါ်တက် အသံ ကျယ်ကျယ်အော်၊ ဟိုဆဲဒီဆဲ ဆိုလျှင် နိုင်ငံရေးဟု ထင်၏။ ဤအရာမျိုးကား နိုင်ငံရေး မဟုတ်။ ဓမင်ဂေါ်ဂီ (Demagogy) ခေါ် လူပြိန်းကြိုက် လူပေါစား အလုပ်မျိုး ဖြစ်၏။

အချို့နိုင်ငံရေး သမားများနှင့် လူငယ်များသည် ဒီလိုအပေါစား အလုပ်ကိုပင် တကယ့် တကယ်ကြီး ထင်ကာ ဟစ်တလာ ယောင်ယောင်၊ မူဆိုလီနီ ယောင်ယောင်ဝါး ကြသည်ကို တွေ့ရပေ၏။ ဒီလို ဝါးကြသူများမှာ ကြာရှည် မခံတတ်။ အချိန်တန်လျှင် သူ့နဂို ပေါ်လာသဖြင့် လူအများ အထင်ကြီးသလောက် မဟုတ်၍ တိမ်မြုပ်၍ သွားကြသည်သာ များလေသည်။ အချို့ကလည်း ဤခေတ်သစ်တွင် ပေါ်လာသော ဝါဒများကို ကြားရပြီး မဟုတ် တမ်းတရမ်း ပြောလိုပြော၊ ရေးလိုရေး၊ သီချင်းစပ် လိုစပ် တွေ့ရပေသည်”

ဗိုလ်ချုပ်အောင်ဆန်း

(နိုင်ငံရေးအမျိုးမျိုး)

ခေတ်အပြောင်းအလဲ ကာလ နီးကပ်လာချိန်တွင် လွတ်လပ်ရေး မရမီက ဗိုလ်ချုပ် ပြောခဲ့သော အခြင်းအရာမျိုး ပြန်တွေ့ လာရသည်ဟု ခံစားမိပါသည်။

အင်တာနက် ဝက်ဘ်ဆိုက်များ၊ ပုံနှိပ် စာမျက်နှာများ အပေါ်တွင်တက်၍ ခွပ်ကြ၊ ထိုးကြ၊ နှက်ကြနှင့် ကြိုးဝိုင်းမဲ့ စိန်ခေါ်ပွဲ များကို တွေ့မြင်လာရသည်။ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့် ပိုမိုရရှိ လာမှုနှင့်အတူ ဤလှိုင်းတံပိုး မည်မျှ ပြင်းထန် ဆိုးရွား လာမည်ကို မှန်းမျှော်ကြည့်ရင်း သက်ပြင်းချမိပါသည်။

ဗုဒ္ဓဘာသာ ထွန်းကားလှပါသည် ဆိုသော မြန်မာနိုင်ငံတွင် မေတ္တာဖြင့် ယှဉ်၍ ပြောဆိုနိုင်မှု နည်းပါးလှပြီး အာဃာတနှင့် ဝီဘစ္ဆရသ၊ ရုဒ္ဒရသ လွှမ်းသော အပြောအဆိုများသာ တွင်ကျယ်နေခြင်း အပေါ် လူအများ လေးစားခြင်း ခံရသော ပညာရှင်ကြီး တစ်ဦးက မချင့်မရဲ ထောက်ပြဝေဖန် ခဲ့သည်ကိုလည်း မကြာမီက ဖတ်ရှုခဲ့ရ ပြန်ပါ၏။

နိုင်ငံသစ် ထူထောင်ဖို့အတွက် ဘယ်နေရာမှာ ဘာတွေ လိုနေသေးသည်။ ဘယ်စိန်ခေါ်မှုတွေကို ဘယ်လို စုပေါင်း ရင်ဆိုင် ကျော်လွှား ကြမည်။ တိုင်းပြည်ကောင်းစားဖို့ ဘာတွေ ဝိုင်းလုပ်ကြမည် ဆိုသော တွက်ဆ မြော်မြင် ပြောဆိုမှု များကား ကြားခဲ ရလှပါသည်။

မီဒီယာ အမျိုးမျိုး အပေါ်၌ ‘လူ’ နှင့် ‘နေရာ’တို့နှင့် စပ်လျဉ်း၍သာ နားမဆံ့အောင် ကြားနေရသည်။ အသက်အရွယ်၊ အတွေးအခေါ်၊ ရပ်တည်ချက်၊ ရည်မှန်းချက်၊ အသွေးအရောင် မတူသော ပုဂ္ဂိုလ်အမျိုးမျိုး ပေါင်းစုလှုပ်ရှား လာကြသည် ကိုလည်း သတိထားမိသည်။ ထိုသို့ အသွေးအဆင် စုံလှသော အစုအဖွဲ့တို့ မည်သို့သော ဘုံရပ်တည်ချက် ပလက်ဖောင်း ကို ရှာကြမည်နည်း။ ထိုဘုံရပ်တည်ချက် ဆိုသည်တို့မှာလည်း အမှန်တကယ် ရည်ရွယ်ရင်းလော၊ ဗိုလ်ချုပ်ပြောသည့် ‘လူပြိုင်းကြိုက်’ ကျော်အောင် ညာသည့် ကြော်ငြာများ ဖြစ်မည်လော၊ မသေချာလှသေးပါ။

အပြောမျှနှင့်ပင် အားရစရာ မရှိသေးလျှင် အပြောထက် များစွာခက်သော အလုပ်အတွက်မှာမူ ဆိုစရာပင် မရှိပါ။

အထက်ပါ “နိုင်ငံရေးအမျိုးမျိုး” သူသည့် ဆောင်းပါး၌ပင် ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဖူးသည်။ “တိုင်းပြည် ကောင်းစား အောင် အပြောကားလွယ်၏။ အလုပ်ကား ခက်၏။ ဥပမာ- ဆင်းရဲသားတွေ လယ်မဲ့နေတယ်၊ လယ်ရအောင် လုပ်ပေးမယ် ဆိုလျှင် ပထမ ဗမာပြည်မှာ ဘယ်နှယောက် လယ်မဲ့နေတာကို သိရမည်။ ဒုတိယ သိသလောက် လူတွေကိုပေးစရာ မြေ ရှိ၊ မရှိ။ ရှိပြန်လျှင်လည်း ဘယ်လိုလုပ်၍ ဘယ်လောက်စီ ပေးဝေရမည် ကို သိရမည်။

သစ်တောထွင်း၍ မြေရအောင်လုပ်မလား။ ချစ်တီးတွေ လက်ထဲကပဲ အတင်းလုမလား လုပ်ပြီးတဲ့ ချစ်တီးတွေ မရှိလို့ လယ်သမားတွေ လယ်စိုက်ဖို့၊ ပျိုးနုတ်ဖို့ လယ်စရိတ်တွေ မရှိလျှင် ဘယ်သူက ပေးမလဲ။ လယ်တွေ ဖွံ့ဖြိုး အောင် ခေတ်သစ် နည်းတွေနဲ့ လုပ်ဖို့ ဘယ်သူတွေက ဘာသင်ပေးမလဲ။ ဘယ်လိုကိရိယာမျိုး ဘယ်ကကူမလဲ၊ ဝယ်ယူမလား၊ နိုင်ငံခြားက လယ်ယာ စိုက်ပျိုးရေး အတတ် ကျွမ်းကျင်တဲ့ လူတွေခေါ်ယူမလား။

ဒီလိုဆိုရင် ငွေတွေ တက်တက်စင် ကုန်မည်။ ကုန်လျှင် ဘယ်ကရမလဲ။ တိုင်းပြည်ကရတဲ့ အခွန်တွေက များလွန်းလို့ မလောက်ဘူး တဲ့။ ဘယ်ကချေးမလဲ၊ ဗမာတွေ ဆီကလား။ နိုင်ငံခြား အစိုးရတွေနဲ့ မဟာမိတ် လုပ်ပြီး သူတို့ဆီက ချေးမလား။ ချေးတယ်ဆိုရင်ပဲ အလကား ရမှာမဟုတ်ဘူး။ ဒီက သူတို့လိုချင်တဲ့ စီးပွားရေး၊ နိုင်ငံရေး အချက်လက်တွေ ပေးရလိမ့်မယ်။ ဤကဲ့သို့ တစ်မျှော် တစ်ခေါ်ကြီး စဉ်းစားရ၏။ ငှက်ပျောသီး နွှာစားသလို မလွယ်။”

မကြာသေးမီက နိုဘယ် စီးပွားရေးဆုရ ကမ္ဘာကျော် စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ် မြန်မာနိုင်ငံသို့ လာသွား၏။ မြန်မာနိုင်ငံတွင် လယ်ယာစီးပွားရေး၏ အဓိကကျပုံကို ထောက်ပြသွား၏။

မြန်မာနိုင်ငံသည် စနစ်တကျ ဆောင်ရွက်နိုင်ပါက ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အလားအလာ ရှိကြောင်း သုံးသပ်ပြသွား၏။ သို့သော် ထိုအလားအလာကို အမှန်တကယ် ဖော်ဆောင် နိုင်အောင် မည်သို့ ဆောင်ရွက်ကြမည်နည်း တရားဝင် စာရင်းဇယားများ အရ ၂၀၀၈- ၂၀၀၉ ခုနှစ်၌ မြန်မာနိုင်ငံတွင် လူဦးရေ ၅၈ ဒသမ ၄သန်း ရှိ၏။ အိမ်နီးချင်း ထိုင်းနိုင်ငံ၌ ၆၈ ဒသမ၄ သန်း ရှိ၏။ ဆန်စပါး ထွက်ရှိမှု၌ မြန်မာနိုင်ငံမှ ထိုနှစ်တွင် စပါးမက်ထရစ် တန်ချိန် ၃၅ ဒသမ၈သန်း ထွက်၏။ထိုင်းနိုင်ငံ၌ ၃၅သန်းသာ ထွက်၏။ သို့သော် ထိုင်းနိုင်ငံက ၂၀၀၇ ခုနှစ်တွင် ဆန်တန်ချိန် ၈ဒသမ၅သန်း တင်ပို့နိုင်ချိန်၌ မြန်မာနိုင်ငံက တန်ချိန် ၃၅၀၀၀၀ သာ တင်ပို့နိုင်သေးသည်။ ၂၀၀၈ -၂၀၀၉၌ မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သန်းခန့် တင်ပို့နိုင်ခဲ့ချိန်တွင် ထိုင်းနိုင်ငံက ဆန်တန်ချိန် ရှစ်သန်းမှ ၁၀သန်းအကြား တင်ပို့နိုင်ဖွယ် ရှိသည် ဆို၏။ စားသုံးသူဦးရေ ပိုများပြီး ဆန်ထွက်ပမာဏ ပိုနည်းသည့် ထိုင်းနိုင်ငံက ဆန်တင်ပို့ရာ၌ မြန်မာနိုင်ငံထက် ရှစ်ဆခန့် ပိုများနေသည် ဆိုခြင်းမှာ အဘယ်ကြောင့်နည်း။ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုး၊ ထုတ်လုပ်တင်ပို့မှု လုပ်ငန်းတွင် မည်သို့ပြုပြင် ဖော်ဆောင် သွားသင့်သနည်း။ အရင်းအနှီး၊ နည်းပညာ၊ အခြေခံ အဆောက်အအုံ၊ စက်ကိရိယာ၊ မျိုးကောင်းမျိုးသနု့်၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီရရှိရေး၊ ရိတ်သိမ်းချိန်လွန် သိုလှောင် ကြိတ်ခွဲမှုစနစ်၊ ဈေးကွက်ရှာဖွေမှု၊ ဈေးနှုန်းထိန်းသိမ်းရေး၊ စိုက်ပျိုး ထုတ်လုပ်များ အတွက် မက်လုံး၊ ပို့ကုန် သွင်းကုန် စည်းမျဉ်းများနှင့် လုပ်ထုံး လုပ်နည်းများ၊ သင်္ဘောတင်စနစ်၊ နိုင်ငံခြားငွေ လဲလှယ်မှု စသည် စသည် စဉ်းစားစရာ တွေက တစ်ပုံတစ်ပင်ကြီး ရှိသည်။

နိုင်ငံခြားသား ပညာရှင်တွေက မနေနိုင်၊ မထိုင်နိုင် လာကူပြီး စဉ်းစားပေးသွားသည်။ မြန်မာနိုင်ငံရေး သမားများ ထိုသို့ မည်မျှ စဉ်းစား ထားပြီး ကြပါပြီနည်း။

နိုင်ငံရေးဟူသည် အပြောကား လွယ်၏။ အလုပ်ကားခက်၏။ ဒီမိုကရေစီ ရပြီဆိုသည်နှင့် ပဒေသာပင်မြေက ပေါက်လာမည် မဟုတ်။ အာဏာရရုံ မျှသာ စိတ်ကူးနေသော နိုင်ငံရေးသမားများ၊ လူပြိုန်းကြိုက် အပြော သက်သက် နိုင်ငံရေးသမားများထက် အမြင်ကျယ်သော စဉ်းစားတွေးခေါ်နိုင်သော၊ သဘောထားကြီးသော၊ လုပ်ရည်ကိုင်ရည် အမှန်တကယ် ရှိသော၊ အပြောထက် အလုပ်ဖြင့် သက်သေပြနိုင် သော နိုင်ငံရေး ခေါင်းဆောင်များကိုသာ ပြည်သူတို့က မျှော်လင့် နေကြပါသည်။

ကိုကိုလှိုင်