Friday, February 19, 2010

နိုင်ငံရေးသမား ပုံရိပ်အချို့ မောင်ဝံသ

မောင်ဝံသ

(ဆရာမောင်ဝံသ ဇွန်လ (၁၁) ရက်နေ့ထုတ်၊ Popular News ဂျာနယ်မှာ ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တတ်သိအုပ်စုဝင်၊ ဗဟို ကော်မတီဝင် ဖြစ်ပြီး ၉၀ ပြည့်လွန်နှစ်များ အစပိုင်းမှာ ကိုယ်တိုင်အဖမ်းခံခဲ့ဖူးတဲ့ ဆရာ မောင်ဝံသရဲ့ နိုင်ငံရေးအပေါ် အမြင်ဖြစ်ပါတယ်။ ဒါ့အပြင်၂၀၁၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေက နိုင်ငံရေးကို ပြန်ပြီး စိတ်ဝင်စား လာတဲ့အပေါ် ဆရာရဲ့ ရှုမြင် သုံးသပ်ချက်လည်း ဖြစ်ပါတယ်။)

စံဖဲအကြောင်း မပါရင် ဒေါသနဲ့ အပြစ်တင်

တောပုန်းကြီး စံဖဲနဲ့ သတင်းစာတွေ အကြောင်း ဖတ်ခဲ့ဖူးတာ သွားသတိရမိတယ်။ နယ်ချဲ့ အင်္ဂလိပ်ခေတ်တုန်းက သာစည်နယ်မှာ ပုလိပ်က နှိပ်စပ်လွန်းလို့ ခြေလွန်လက်လွန် လူသတ်မှုဖြစ်ရာက ၀ရမ်းပြေးဖြစ်သွားတဲ့ စံဖဲဆိုတဲ့ ကျေးရွာသား တစ်ယောက် ရှိခဲ့တယ်။ ၀ရမ်းပြေး ဖြစ်သွားတော့ တောထဲမှာ ပုန်းနေတာပေါ့။ သည်တော့ တောပုန်းကြီး ဖြစ်သွားရော။ သည်အခါမှာ အင်္ဂလန်က တောပုန်းကြီး ရော်ဘင်ဟုဒ်လို ဖြစ်သွားအောင် သတင်းစာတွေက ရေးကြတော့ တောပုန်းကြီး စံဖဲဟာ လူထုကြားမှာ ဟီးရိုး ဖြစ်နေ သတဲ့ဗျာ။

လူတွေက စံဖဲ သတင်းပါမှ သတင်းစာ ၀ယ်ဖတ်ချင်ကြတာ ဆိုတော့ တချို့သတင်းစာ ဂျာနယ်တွေက လံကြုပ် လုပ်ကြံ ဇာတ်လမ်းတွေ ထွင်ပြီး ရေးခဲ့ကြသတဲ့။ ဘယ်နေ့ ဘယ်ရက်က တောပုန်းကြီးစံဖဲ မြို့ပေါ် တက်လာတာ သတင်းပေးသူက ပြောလို့ ပုလိပ်တွေက သွားဝိုင်းတော့ ဖမ်းလို့ မမိလိုက်ဘူး။ စံဖဲက ထိုးဖောက် တိုက်ခိုက်ပြီး ထွက်သွားတာ ပုလိပ်တွေ လက်မှိုင်ချပြီး ပြန်လာရတယ် ဆိုတဲ့ သတင်းမျိုးတွေ၊ စံဖဲက ပုလိပ်တွေ ခြေချင်းလိမ်နေတဲ့ကြားက သူ့ချစ်သူနဲ့ စွန့်စွန့်စားစား လာတွေ့သွားပုံ စတာတွေကို ရေးခဲ့ ကြတယ်။ ဗန္ဓုလဂျာနယ်ဆိုရင် စံဖဲသတင်း အများဆုံးပါလို့ စောင်ရေ အများကြီး တက်သွားသတဲ့။ အဲဒီခေတ်က သီချင်းတောင် ပေါ်ခဲ့သေးတယ်။ ``စံဖဲ အကြောင်းမပါရင် ဒေါသနဲ့ အပြစ်တင်´´ဆိုတဲ့ စာသားလေးကို ဖတ်ဖူးပါတယ်။ သတင်းစာ ဂျာနယ်တွေမှာ စံဖဲ အကြောင်းမပါရင် လူတွေက ဒေါသနဲ့ အပြစ်တင် ကြတယ်လို့ ဆိုတာပါ။

မိတ်ဆွေ လူချင်းခင်ရင် နိုင်ငံရေး စကားလာမပြောနဲ့

အခုလည်း နိုင်ငံရေး အကြောင်းမပါရင် ဒေါသနဲ့ အပြစ်တင်တဲ့ အနေအထား ရောက်နေပြီလား။ ရောက်နေပြီဆိုရင် သိပ်ကောင်းပေါ့ ဗျာ။ ကျွန်တော်တို့က နိုင်ငံရေးကို လူတွေ စိတ်မ၀င်စားမှာကိုသာ ပူတာ၊ နိုင်ငံရေးကို လူတွေများများ စိတ်ဝင်စားလာလေ တိုင်းပြည် တိုးတက်ဖို့ ပိုနီးစပ်လေပဲဗျ။ မီဒီယာတွေက လူတွေ နိုင်ငံရေး အကြောင်းအရာတွေကို များများ ထည့်ချင်လာကြတာလား၊ လူတွေ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဆွဲခေါ်တဲ့ အနေနဲ့ နိုင်ငံရေး ဆောင်းပါးတွေ များများ ထည့်ချင်နေ ကြတာလား၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံရေး ဖွင့်ဆိုချက်တွေ၊ နိုင်ငံရေး ရှေးဟောင်း နှောင်းဖြစ်တွေ၊ နိုင်ငံရေး သုံးသပ်ချက်တွေ၊ နိုင်ငံရေး ဟောကိန်းတွေ ထည့်သွင်း ဖော်ပြပေး နေကြတာကို ကျွန်တော်တို့က ``ဘရာဗို´´ ``ဘရာဗို´´ လို့ ဟစ်ကြွေး ကြိုဆိုလိုက် ပါတယ်ဗျာ။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လူတွေကြားထဲ လိုက်သွားနေတာ၊ လက်ဖက်ရည်ဆိုင်တွေ လို်က်ထိုင်နေတာ၊ လူတွေရဲ့ စိတ်ခံစားမှုတွေ၊ ဆန္ဒ သဘောထားတွေ၊ အမူအရာတွေကို ထိတွေ့နေတာကြာပြီ။ ``မိတ်ဆွေ လူချင်းခင်ရင် နိုင်ငံရေး စကား မပြောပါနဲ့´´ဆိုတဲ့ စကားသံမျိုးတွေကို ကြားနေခဲ့ရတာ ကြာပြီကောဗျာ။

ကျွန်တော်ကိုယ်တိုင် ကြုံဖူးတယ်

ကျွန်တော် ကိုယ်တိုင်ကိုပဲ နိုင်ငံရေးနဲ့ ပတ်သတ်ခဲ့သူ ဆိုပြီး ဂျာနယ် မဂ္ဂဇင်း တချို့က စာမူမတောင်းရဲ၊ မပတ်သက် ရဲခဲ့တဲ့ ကာလ တစ်ကန့် ရှိခဲ့ဖူးတယ်ဗျ။ (အဲသည်ကာလတုန်းက ကျွန်တော့်မှာ စာပေနယ်နဲ့လည်း မကင်းကွာနိုင်လေတော့ မိသားစု စားဝတ် နေရေး အတွက် ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းလေး တည်ထောင်ကာ လုပ်ကိုင် စားသောက်ခဲ့ရပါတယ်။ ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းတွေ အပြိုင်အဆိုင် သိပ်မများသေးတဲ့ ၁၉၉၂ ခုနှစ်လောက်ကပါ။ အဲဒီလို အချိန်မျိုးမှာတောင် သူများတွေလို လက်မလည်အောင် အလုပ်အပ်နှံမှုတွေ မရခဲ့ပါဘူး။ ကျွန်တော့အပေါ် ကောင်းစွာ နားလည်ပြီး အင်မတန် ခင်မင်ရင်းနှီးတဲ့ စာအုပ်လုပ်ငန်း တချို့နဲ့ ကျူရှင် တချို့ကတော့ နောင်ခါလာ နောင်ခါဈေးဆိုပြီး အလုပ်လာအပ်ကြလို့ ကျွန်တော့် မိသားစု အဆင် ပြေခဲ့ရပါတယ်။)

ကျွန်တော် ဆိုလိုတာက လူတွေဟာ ကိုယ်တိုင်အနေနဲ့ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်း နေခဲ့ကြရုံမက နိုင်ငံရေး အရိပ်အငွေ့ ရှိသူတွေနဲ့လည်း မပတ်သက်ချင်ကြတဲ့ အနေအထားမှာ နှစ်ကာလ ရှည်ကြာစွာ ရှိနေခဲ့ကြတာ အမှန်ပဲဆိုတာပါ။

အဲဒီအနေအထား ဖြစ်ပေါ်ခဲ့ခြင်းဟာ နိုင်ငံရေး ပတ်သက်မှုကြောင့် မိမိရဲ့ လူမှုဘ၀၊ စီးပွားရေး ဘ၀ကို ထိခိုက်နိုင်တယ်လို့ စိုးရိမ် ကြောင့်ကြခြင်း သာမက နိုင်ငံရေး လုပ်ဆောင်နေသူများ အပေါ် ယုံကြည် ကိုးစားမှု လျော့နည်း လာခြင်းကြောင့်လည်း ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

နိုင်ငံတကာမှာလည်း ထိုနည်းလည်းကောင်း

နိုင်ငံရေး လုပ်နေသူတွေ အပေါ် လူတွေက ယုံကြည်ကိုးစားမှု လျော့နည်းလာတယ် ဆိုတာကတော့ နိုင်ငံတကာ တူညီချက်လို ဖြစ်နေတယ်ဗျ။ ကျွန်တော် လက်လှမ်းမီသမျှ ဖတ်ရှုမိတဲ့ အထဲမှာ နိုင်ငံတကာမှာလည်း နိုင်ငံရေး သမားတွေအပေါ် ပြည်သူ အများစုက အမြင်စောင်း နေကြတာကို တွေ့ရတယ်ဗျာ။ မကြာသေးခင်က ကျွန်တော် ဖတ်မိတဲ့ စာတွေထဲမှာ အိန္ဒိယ၊ ပါကစ္စတန်၊ အမေရိကန်၊ ဗြိတိန် အကြောင်းတွေပါတယ်။ အဲဒီ နိုင်ငံတွေမှာ နိုင်ငံရေး သမားတွေကို `ငို့ဘ´ (ငါ့ဘို့ချည်းပဲ ကြည့်တဲ့လူ) တွေလို့ အများက သဘောထားတဲ့ အကြောင်း ဖတ်ရတယ်ဗျ။ အဲဒီအထဲ ဗြိတိန်ကတော့ `ဖိုးသင်းမျောက်´ ဖြစ်သွားတာပဲဗျာ။ ဖိုးသင်းရဲ့ မျောက်ကလေး လိမ္မာလှ လိမ္မာလှ၊ လူကြားထဲကျမှ ကျွမ်းထိုးမပြဘဲ ဖင်လှန်ပြတယ် ဆိုသလို ဖြစ်ခဲ့တာကိုးဗျ။ အင်္ဂလန်ဆိုတာ ပါလီမန် မိခင်နိုင်ငံကြီး အဖြစ် ဂုဏ်တင်ခဲ့တာ မဟုတ်လား။ ၀က်စမင်စတာ ပုံစံဆိုပြီး နိုင်ငံရေး သိပ္ပံမှာတောင် အင်္ဂလန် ပါလီမန် စနစ်အကြောင်း တကူးတက သင်ကြရတယ်။ နေမ၀င် ဗြိတိသျှ အင်ပါယာကြီးကို လည်ပတ် မောင်းနှင်လောက်အောင် အားကောင်း၊ စနစ်ကျခဲ့တဲ့ အင်္ဂလန် ပါလီမန်ကြီးမှာ အခုတော့ အမတ်မင်းများ ခွေးစာ ကြောင်စာ ၀ယ်တာကအစ နိုင်ငံ့ ဘဏ္ဍာ ထဲက အသုံးစရိတ် တွေထုတ်ယူ နေလို့ဆိုပြီး ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာက ဖွင့်ချလိုက်တော့မှ ပွက်လောရိုက် ကုန်တော့တာကိုး။ လွှတ်တော် ဥက္ကဋ္ဌကြီးတောင် နှုတ်ထွက် သွားရတဲ့အထိ ဂယက်ရိုက်ခဲ့တာလား။

အမေရိကန်မှာ ကျတော့ ပြီးခဲ့တဲ့ အပတ်ထုတ် ပေါ်ပြူလာ နယူးစ်မှာ ကျွန်တော် ကိုးကားခဲ့တဲ့ ``အမေရိကန်တွေ နိုင်ငံရေးကို ဘာကြောင့် မုန်း´´ ('Why Americans Hate Politics', by E.J Dionne) စာအုပ်ပါ သုံးသပ်ချက် အတိုင်းပဲ ပြည်သူတွေနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်တွေကို မယုံကြည်ရာက နိုင်ငံရေးကို ပြည်သူတွေ ကင်းကွာလာကြတာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံရေး သမားတွေကို ဝေဖန်တာကျတော့ ``နိုင်ငံရေး လုပ်စားနေကြတာ´´တဲ့ဗျာ။ နိုင်ငံရေးကို ရင်းနှီးမြှုပ်နှံမှု တစ်ခုလို လုပ်နေသူတွေ များသတဲ့။ အဲသလို လူတွေဟာ အလားအလာ ကောင်းတဲ့ နိုင်ငံရေး ပါတီတစ်ခုကို ရန်ပုံငွေ ကောင်းကောင်း ထည့်ပြီး ၀င်လိုက်မယ်။ ပြီးရင် ပါတီခေါင်းဆောင်ပိုင်းကို လာဘ်ထိုးပြီး အမတ်လောင်းဖြစ်အောင် လုပ်မယ်။ အရွေးခံရမယ့် မဲဆန္ဒနယ် အတွက် ငွေတွေသုံးပြီး အကျိုးပြု လုပ်ငန်းတွေ လုပ်ပြမယ်။ အဲဒါတွေအတွက် ရူပီး ဘယ်နှသန်း ကုန်ခဲ့သလဲ။ အဲဒါကို ရင်းနှီးမြှုပ်နှံ ထားတာလို့ သဘောထား။ အမတ်ရွေးခံရပြီး လုပ်ပိုင်ခွင့် အာဏာရှိတဲ့ နိုင်ငံရေး ရာထူး ဌာနန္တရ ကုလားထိုင်မှာ ထိုင်ပြီးရင် လေးငါးနှစ်အတွင်း အရင်းကျေရုံမက အဆများစွာ အမြတ်ထွက်အောင် စီးပွားရေး သမားတွေနဲ့ ဝေစားမျှစား လုပ်တော့ တာပဲတဲ့ဗျာ။

ပျင်းတောင်ပျင်းသေးတယ်

နိုင်ငံရေးသမား ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံပြီး လုပ်နေကြတာပါလို့ သူတို့ဆီမှာ ပြောစရာ အကြောင်းလည်း မရှိဘူးဗျ။ နိုင်ငံရေး ဘာကြောင့် လုပ်သလဲလို့ မေးရင် အကောင်းဆုံး အဖြေက မိမိတတ်ကျွမ်းတဲ့ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုချင်လို့ပါဗျာ လို့ ဖြေဖို့ပဲရှိတယ်။

မကြာသေးခင်က Youth မဂ္ဂဇင်းမှာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ အတ္တုပ္ပတ္တိကို ကျွန်တော် လစဉ် အခန်းဆက် ဘာသာပြန် ဖော်ပြခဲ့တာ အခုပြီးသွားပါပြီ။ သံလေဒီ ဘွဲ့ရတဲ့ မစ္စက်သက်ချာ အကြောင်း ရေးတော့မှ သူတို့ဆီက နိုင်ငံရေး လုပ်ပုံကိုင်ပုံတွေကို ကောင်းကောင်းကြီး ခြုံငုံသိရတော့ တာကိုး။ သူတို့ နိုင်ငံရေး လုပ်တာက ဆရာဝန် တစ်ယောက် ဆေးပညာ သင်ပြီး ဆေးကုသလို၊ အင်ဂျင်နီယာ တစ်ယောက် စက်မှုပညာသင်ပြီး လမ်းဖောက် တံတားဆောက်သလို၊ အသက်မွေး ၀မ်းကျောင်း အလုပ်တစ်ခု လုပ်နေသလို ပါပဲလားလို့ သဘောပေါက် သွားတယ်။ ရွေးကောက်ပွဲ ရှုံးမလား နိုင်မလား၊ ရင်ခုန်ရတာ မျိုးကလွဲလို့ ဘာစွန့်စားခန်းမှလည်း မရှိဘူး။ ဘာစွန့်လွှတ်မှုမျိုးမှလည်း မလိုအပ်ဘူး ဆိုတာ တွေ့ရတယ်ဗျာ။ ရွေးကောက်ပွဲမှာ ကိုယ့် ပါတီနိုင်ရင် အာဏာရလိုက်၊ ကိုယ့်ပါတီ ရှုံးရင် အတိုက်အခံ ဘ၀မှာ နေလိုက်၊ နောက် ရွေးကောက်ပွဲမှာ နိုင်အောင် ပြန်ကြိုးစား၊ အင်မတန် ရိုးစင်းတဲ့ နိုင်ငံရေး ဘ၀မှာ သူတို့ အသားကျ နေကြတာကိုး။

တစ်ခုတော့ ရှိသပေါ့။ သာမန် ပါတီဝင် ဘ၀ကနေ အဆင့်ဆင့် တက်လှမ်းခဲ့ ရတာတွေ၊ ပါတီတွင်း အုပ်စု တိုက်ပွဲတွေ၊ ခေါင်းဆောင်မှု နေရာ လုကြတာတွေ၊ မစ္စက်သက်ချာ နောက်ဆုံး ကြုံရသလို ထွက်ပေးရင် ထွက်ပေး၊ မထွက်ရင် ဖြုတ်ချ ခံရမယ့် အခြေအနေမျိုးကို ရင်ဆိုင်ရတာတွေ ကတော့ ရင်ခုန်စရာ အတွေ့အကြုံတွေလို့ ပြောမယ်ဆို ပြောနိုင်ပါလိမ့်မယ်။

ဘာပဲပြောပြော ဒီမိုကရေစီ မရသေးခင်သာ ရုန်းကန်လှုပ်ရှား ကြရတာ၊ ဒီမိုကရေစီ အသားကျ သွားတဲ့အခါ နိုင်ငံရေး လုပ်ရတာ ပျင်းစရာတောင် ကောင်းနေမလားပဲဗျာ။

0 comments:

Post a Comment