Friday, February 19, 2010

မြန်မာ့နိုင်ငံရေးနှင့်တရုတ်

၂၀၀၆ ခုနှစ်မတိုင်မီအထိ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှုတွေဖြစ်ဖို့အတွက် အမေရိကန်နဲ့ အီးယူကပဲ ဦးဆောင်လှုပ်ရှားရမှာ ဖြစ်တယ်။ ဒီနိုင်ငံတွေက ပြုလုပ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေနဲ့ နအဖကို ဖိအာပေးရမယ်။ တစ်ဘက်ကလည်း လုံခြုံရေးကောင်စီက ၀င်ကိုင်တွယ်ဖို့အတွက် အမေရိကန်က ဦးဆောင်ပြီးလှုပ်ရှားရမယ်လို့ အယူရှိခဲ့ကြပါတယ်။ ဒါပေမယ့် ပိတ်ဆို့မှုတွေက လိုချင်တဲ့ အကျိုး သက်ရောက်မှုတွေရအောင် မလုပ်နိုင်၊ လုံခြုံရေးကောင်စီကနေ အရေးယူဖို့ ကိစ္စကျတော့လည်း တရုတ်နဲ့ ရုရှားတို့ရဲ့ ဗီတို အာဏာကြောင့် ရှေ့မတိုးနိုင် ဖြစ်လာတဲ့အခါ ဂမ်ဘာရီရဲ့ ချဉ်းကပ်ပုံ အသစ်ဖြစ်တဲ့ ဒေသတွင်းနိုင်ငံများကနေတဆင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ အယူအဆကို အနောက်နိုင်ငံများကပါ လက်ခံလာတာကို တွေ့ရပါတယ်။ ဒီနည်းလမ်းကို ကျင့်သုံးတဲ့အခါ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ ကိုင်ဆွဲထားသူလည်းဖြစ်၊ နအဖနဲ့ နီးကပ်တဲ့ ဆက်ဆံရေးလည်းရှိတဲ့ တရုတ်ကို အဓိက ဇာတ်လိုက် အဖြစ်မြင်လာကြတယ်။ ဒီတော့ တရုတ်ဟာ မြန်မာနိုင်ငံမှာ အနောက်အုပ်စုလိုချင်နေတဲ့ ဒီမိုကရေစီပေါ်လာအောင် ကူညီနိုင်တဲ့အနေအထားရောရှိရဲ့လား၊ အဲဒီလို ကူညီချင်တဲ့စိတ်ရောရှိရဲ့လား။

ပေါက်ဖော်ချစ်ကြည်ရေး

မြန်မာ-တရုတ်ဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအဖြစ် နှစ်ဘက်လုံးက ပြောကြတယ်။ ရေမြေခြားနေပေမယ့် ညီအကိုတွေဖြစ်တယ်လို့ဆိုတယ်။ ဒါပေမယ့် သမိုင်းကို ပြန်ကြည့်ရင် မြန်မာ-တရုတ်ဆက်ဆံရေးဟာ အမြဲကောင်းနေခဲ့တာတော့ မဟုတ်ဘူး။ ဧကရာဇ်တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို ပဏ္ဍာဆက်နိုင်ငံအဖြစ် သဘောထားခဲ့ပြီး မကြာခဏ ကျူးကျော်တိုက်ခိုက်ခဲ့ တာလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာဒီလို ပြောင်ကျကျ ကျူးကျော်တာမရှိပေမယ့် နှစ်ဘက်ကြားဆက်ဆံရေး က အတက်အကျတော့ ရှိနေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၉ ခုနှစ်မှာ တည်ထောင်တဲ့တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ အပါအ၀င် ဖြစ်ခဲ့တယ်။ မြန်မာနဲ့ တရုတ်ဟာ ဘက်မလိုက်လှုပ်ရှားမှုကို ဦးဆောင်တဲ့ နိုင်ငံတွေ ဖြစ်ခဲ့သလို ပေါက်ဖော်ချစ်ကြည်ရေးကို အခြေခံပြီး အင်္ဂလိပ်ကိုလိုနီလက်ထက်ထဲကပေါ်ပေါက်နေတဲ့ နယ်နမိတ် ပြဿနာတွေကိုလဲ ဖြေရှင်းနိုင်ခဲ့တယ်။

ဒါပေမယ့် တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးကာလမှာတော့ မြန်မာနိုင်ငံက တရုတ်ကျောင်းတွေမှာ တပ်နီလှုပ်ရှားမှုတွေကို ပုံတူကူးချတာတွေ၊ အစိုးရကျောင်းတက်နေတဲ့ တရုတ်ကျောင်းသားတွေက မော်စီတုန်း ရင်ထိုးတွေ တပ်ဆင်တာတွေကို အကြောင်း ပြုပြီး ၁၉၆၇ မှာ တရုတ်-မြန်မာအဓိကရုဏ်းဖြစ်ခဲ့တယ်။ အဲဒီအကျိုးဆက် ကတော့ တရုတ်နိုင်ငံက နယ်စပ်ဒေသမှာ ဗကပ ဗဟို ခွဲထောင်ပြီး သံလွင်မြစ်အရှေ့ဘက်ခြမ်းဒေသတွေကို သိမ်းပိုက်နိုင်အောင် အားပေးတာပါဘဲ။ ၁၉၇၃-၇၄ မှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်ကောင်းလာပြီး ၁၉၈၈ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံဟာ နအဖ အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ ကြောထောက် နောက်ခံပေးနေတဲ့ အဓိကနိုင်ငံဖြစ်လာ ပါတယ်။ ဒါ့ကြောင့်လဲ တရုတ်နိုင်ငံကသာ စိတ်ပါမယ်ဆိုရင် နအဖအစိုးရကို အနောက်အုပ်စု တောင်းဆိုထားတဲ့ ပြောင်းလဲရေးလုပ်ငန်းတွေလုပ်အောင် လုပ်နိုင်မယ်လို့ ပြောကြတာဖြစ်တယ်။

တရုတ်ဘာလုပ်မလဲ

တကယ်တော့ ဒီလိုပြောနေတာတွေဟာ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် သြဇာသက်ရောက်မှုကို ပိုတွက်ရာကျသလို မြန်မာနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို သေသေချာချာ နားမလည်ရာလဲရောက်တယ်။ ပထမဆုံး တရုတ်က နအဖအပေါ် ဘယ်လောက် သြဇာသက်ရောက် သလဲဆိုတာကြည့်ရအောင်။ နအဖ ခေါင်းဆောင်တွေအပါအ၀င် ခေတ်အဆက်ဆက်က မြန်မာခေါင်းဆောင်တွေဟာ အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ သင့်တင့်အောင် နေဖို့လိုတယ် ဆိုတာ လက်ခံပေမယ့် တရုတ်လက်အောက်ခံ နိုင်ငံဖြစ်မှာကိုတော့ ဘယ်တုံးကမှ လက်မခံခဲ့ဘူး။ ပြီးတော့ တရုတ်နိုင်ငံ အင်အားတောင့်တင်းလာတိုင်း မြန်မာနဲ့ အင်ဒိုချိုင်းနား ကျွန်းဆွယ်ဘက်ကို တိုးချဲ့ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ သမိုင်းသင်ခန်းစာကို မေ့မသွားကြဘူး။

ဒါကြောင့် ၁၉၈၈ န၀တ တက်ကာစ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ အသက်ရှုပေါက်ရနိုင်ဖို့အတွက် တရုတ်နိုင်ငံကို စစ်ရေး၊ စီးပွားရေး အရ အရမ်းမှီခိုခဲ့ပေမယ့် ပြည်တွင်းနိုင်ငံရေးကို ထိန်းနိုင်သိမ်းနိုင် ဖြစ်လာတဲ့အချိန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနဲ့ ငြိမ်းချမ်းရေး ယူနိုင်ပြီးချိန်ကစပြီး ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်ဆံဖို့ဆောင်ရွက်ခဲ့တာ တွေ့ရမှာဖြစ်တယ်။ အိန္ဒိယနဲ့ စစ်ရေး၊ စီးပွားရေး တိုးချဲ့ဆက်ဆံတာ၊ အာဆီယံအဖွဲ့ထဲဝင်တာ၊ ဘက်မလိုက် လှုပ်ရှားမှုထဲပြန်ပါတာ၊ ဘင်းမ်စတက်နဲ့ အခြားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လာတာတွေဟာ တရုတ်ရဲ့ သြဇာကို Power Balance လုပ်နိုင်ဖို့အတွက် နအဖက ဆောင်ရွက်နေတဲ့ မဟာဗျူဟာရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ အကျယ်ပြောရင်အများကြီးရှိပါတယ်။ ချုပ်လိုက်ရင်တော့ တရုတ်ရဲ့ နအဖအပေါ် သြဇာသက်ရောက်မှုဟာ အကန့်အသတ်ရှိတယ်။ နအဖဟာ တရုတ်အပေါ်မှာဘဲ မှီခို နေရတာမဟုတ်ဘူးဆိုတာ မြင်နိုင်ပါတယ်။ တရုတ်အနေနဲ့ နအဖကို ခင်ဗျားတို့ image ကောင်းအောင် နိုင်ငံရေးအကျဉ်းသားတစ်ချို့တော့ လွှတ်ပါဗျာလို့ ပြောနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါလို့တော့ အမိန့်ပေးနိုင်မယ့် အနေအထားမှာ မရှိပါဘူး။

နောက်ပြီး အဲဒီလို အမိန့်ပေးနိုင်တဲ့ အခြေအနေမှာရှိရင်တော့ အခုအနောက်အုပ်စုက တင်ထားတဲ့ အချက်တွေ အတိုင်းမြန်မာဘက်က လိုက်လုပ်အောင် အမိန့်ပေးပါ့မလားလို့ စဉ်းစားဖို့ လိုပါတယ်။ တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ အချက်လေးခုပေါ်မှာ မူတည်နေတယ်လို့ ဆိုနိုင်ပါတယ်။ ပထမအချက်က တရုတ်နိုင်ငံရဲ့ အနောက်ဘက် ထွက်ပေါက်အဖြစ် ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာအနေအထား၊ ဒုတိယက ယူနန်အပါအ၀င် အနောက်ဘက် ပြည်နယ်များရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ မြန်မာ့ သယံဇာတများရဲ့ အရေးပါမှု၊ တတိယက ကီလို နှစ်ထောင်ကျော် ရှည်လျားတဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်မှု၊နောက်ဆုံးကတော့ မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က တရုတ်နိုင်ငံအပေါ် အကျိုးသက်ရောက်နိုင်မှု ဖြစ်ပါတယ်။ ဒီအချက်လေးချက်ဟာ မြန်မာနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ အကျိုးစီးပွားလဲဖြစ်ပါတယ်။

ဒီအချက်တွေကို ချုံကြည့်လိုက်ရင် တရုတ်ဟာ မြန်မာနိုင်ငံ တည်ငြိမ်နေတာကို လိုချင်တယ်။ ပြုပြင် ပြောင်းလဲမှုတွေဟာ မြန်မာနိုင်ငံကို ထိန်းမနိုင် သိမ်းမရ အခြေအနေ ရောက်သွားမယ်။ ဒီအပြောင်းအလဲကြောင့် စွမ်းအင် အရင်းအမြစ်အပါအ၀င် မြန်မာနိုင်ငံက သယံဇာတ အရင်းအမြစ်တွေ ရနိုင်တဲ့ အခွင့်အလမ်းကို ဆုံးရှုံးသွားမယ်ဆိုရင် ဒီပြောင်းလဲမှုမျိုး ဖြစ်ဖို့အတွက် တရုတ်က အားပေးမှာ မဟုတ်ဘူး။ ဒီထက်ပိုအရေးကြီးတာက မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ အမေရိကန်လိုချင်တဲ့ Regime Chage ဖြစ်ပြီး ယူကရိန်းတို့၊ ဂျော်ဂျီယာ တို့လို အမေရိကန်နဲ့ အလွန်ရင်းနှီးတဲ့ နိုင်ငံတခု တရုတ်နိုင်ငံရဲ့ အနောက်ဘက်နယ်စပ်မှာ ရှိလာမှာကို မလိုလားဘူးဆိုတာပါဘဲ။ ယူကရိန်း၊ ဂျော်ဂျီယာတို့မှာ ဖြစ်ခဲ့တဲ့ အရောင်တော်လှန်ရေးတွေဟာ ရုရှားရဲ့ လုံခြုံရေးကို ဘယ်လောက်ခြိမ်းခြောက်သွားခဲ့တယ် ဆိုတာ တရုတ်တို့သိတယ်။ ဒါ့ကြောင့်လဲ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဟာ ပြည်တွင်းရေး သာဖြစ်တယ်။ ပြည်တွင်းက ဇာတ်ကောင်တွေကဘဲ လုပ်ရမယ်လို့ ရပ်တည်ပြောဆိုနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေးကို လမ်းပြမြေပုံအတိုင်း အဆင့်ဆင့်သွားတာပဲ မြင်ချင်မှာ သေချာတယ်။ ဒီလမ်းကြောင်း ကနေ အဆင့်ဆင့်သွားတာသာလျှင် တရုတ်အတွက် အကျိုးအရှိဆုံးဖြစ်မယ်လို့ ယူဆထားမှာ သေချာပါတယ်။ ဒီတော့ တရုတ်အနေနဲ့ မြန်မာ့အရေးမှာ နအဖ အနေနဲ့ လမ်းပြမြေပုံကို အကောင်အထည်ဖော်ရာမှာ ပျော့ပျော့ပြောင်းပြောင်းနဲ့ International Image ကောင်းအောင် လုပ်ဖို့တိုက်တွန်းတာမျိုးပဲ လုပ်လိမ့်မယ်။ အတိုက်အခံအဖွဲ့များနဲ့ အနောက်အုပ်စုနိုင်ငံများက တောင်းဆိုနေသလို လမ်းပြမြေပုံကို ပြန်ပြင်ဖို့၊ အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့ဆိုတဲ့ လမ်းကြောင်းကို လိုက်ဖို့မရှိကြောင်း ဆိုချင်ပါတယ်။

Posted by ပိတောက်မြေ

0 comments:

Post a Comment