Friday, February 19, 2010

မရေရာတဲ့ပါကစ္စတန်ရှေ့ရေး

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီကြေကွဲဖွယ်ရာအဖြစ်ကြောင့်လည်း လာမယ့် ဇန်န၀ါရီလဆန်းမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေရဲ့အနာဂတ် မရေမရာဖြစ်နေရပါပြီ။ ဒါဆိုရင် ပါကစ္စတန် နိုင်ငံမှာ အရပ်သားအစိုးရ ပြန်ပေါ်ပေါက်ရေးဆိုတဲ့ အခြေအနေကလည်း ဘယ်သောင်ဘယ်ကမ်း ဆိုက်မယ် မသိနိုင်ဖြစ်နေဦးမှာပါ။

တကယ်တော့ ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနဲ့ အတူတူလွတ်လပ်ရေးရခဲ့တာပါ။ အိန္ဒိယ နိုင်ငံကို အုပ်ချုပ်နေတဲ့ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးစနစ်၊ ကိုလိုနီစစ်တပ် ၊ ပါလီမန်ဒီမိုကရေစီပုံစံ အားလုံးကို အမွေခွဲယူခဲ့တာပါ။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ ကွဲကြ၊ ပြဲကြ၊ ဆော်ကြ၊ နှက်ကြတာတွေ ရှိနေပေမယ့် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင်ကျင့်သုံးနိုင်ခဲ့တယ်။ အိန္ဒိယ ဒီမိုကရေစီစနစ်မှာ စွမ်းဆောင်ရည်မပြည့်မှုတွေ၊ အချိုးမကျမှုတွေရှိနေပေမယ့် နိုင်ငံရေးပါတီများကရော၊ စစ်တပ်ကပါ ဒီမိုကရေစီကို စွဲစွဲမြဲမြဲ ကျင့်သုံးနေဆဲဖြစ်တယ်။ ဒါပေမယ့် ပါကစ္စတန်မှာတော့ အိန္ဒိယနိုင်ငံနဲ့ ပြောင်းပြန်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဘာ့ကြောင့်လဲ။

ပါကစ္စတန်နိုင်ငံက ၁၉၄၇ မှာ လွတ်လပ်ရေးရတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီး အနှစ် ခြောက်ဆယ်မှာ အရပ်သားအစိုးရအုပ်ချုပ်တာက ၂၅ နှစ်၊ စစ်တပ်က အုပ်ချုပ်တာက ၃၅ နှစ် ရှိခဲ့ပါတယ်။ နောက်ပြီး အရပ်သားအစိုးရအုပ်ချုပ်တဲ့ကာလတွေမှာလည်း ပြဿနာပေါင်းစုံနဲ့ ရှုပ်ထွေးပွေလီနေခဲ့တာ ကို တွေ့ရပါတယ်။

လွတ်လပ်ရေးရပြီး ဆယ်နှစ်မှာ ပါကစ္စတန်နိုင်ငံရေးမှာ ဘယ်ပါတီကမှ ကြီးစိုးနိုင်ခြင်း မရှိခဲ့ဘူး။ ဆယ်နှစ်အတွင်းမှာ အစိုးရ ၇ ဖွဲ့ပြောင်းခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ကျတော့ အလီဘူတိုရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ ppp ဟာ ပါကစ္စတန်နိုင်ငံရေးလောကမှာ အဓိကဇာတ်ဆောင် အဖြစ်နဲ့ ပေါ်လာပါတယ်။ လက်ဝဲယိမ်းဘူတိုဟာ လူလတ်တန်းစားတွေ၊ အခြေခံလူတန်းစားတွေရဲ့ ထောက်ခံမှုနဲ့ ငါးနှစ်ကျော် ပြိုင်ဖက်မရှိ အုပ်ချုပ်နိုင်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ဆိုရှယ်လစ်ပုံစံ စီးပွားရေးစနစ်က မြေရှင်တွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ ကုန်သည်ကြီးတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်တာရယ်၊ ဘူတိုကိုယ်တိုင်ကလည်း တစ်ပါတီအာဏာရှင်စနစ်လို ဦးတည်လုပ်လာတာတွေရယ်ကြောင့် ၁၉၇၇ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီး ဖြုတ်ချတာ ခံလိုက်ရပါတယ်။

၁၉၈၈ မှာ ဗိုလ်ချုပ်ကြီးဇီယာအူလ်ဟတ်ခ် လေယာဉ်ပျက်သေဆုံးတော့ အရပ်သားအစိုးရ ပြန်တက်လာပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ppp ပါတီကို အလီဘူတိုရဲ့ သမီး ဘန်နာဇီယာဘူတိုက ခေါင်းဆောင်ပြီး အစိုးရဖွဲ့ခဲ့ပါတယ်။ ဒါပေမယ့် အရင်လို တစ်ကောင်တည်းပြေးတဲ့ မြင်းမဟုတ် တော့ဘဲ ပြိုင်ဘက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ စက်မှုလုပ်ငန်းရှင် န၀ပ်ရှာရစ်ဖ်ရဲ့ မူဆလင် အဖွဲ့ချုပ်ပါ။ န၀ပ်ရှာရစ်ဖ်ရဲ့ ပါတီကို စက်မှုလုပ်ငန်းရှင်၊ မြေရှင်တွေနဲ့ ဘာသာရေးအဖွဲ့တွေက ထောက်ခံပါတယ်။

နောက်ပြီး ဒီပါတီနှစ်ခုက အခြေခံတဲ့ လူတန်းစားမတူသလို အခြေခံဒေသလည်းမတူပါဘူး၊ ဘန်နာဇီယာဘူတိုက ဆင်းပြည်နယ်ကို အခြေခံပါတယ်။ န၀ပ်ရှာရစ်ဖ်က ပန်ဂျပ်ပြည်နယ်ကို အခြေခံပါတယ်။ ပါကစ္စတန် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍအားလုံးမှာ ဒီပြည်နယ် နှစ်ခုက ပြည်နယ်သားတွေပဲ ချုပ်ကိုင်ထားတာဆိုတော့ ဒီပါတီနှစ်ခုရဲ့ ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်ခဲ့ပါတယ်။ ဥပဒေတွင်းကရော၊ ဥပဒေပြင်ပကပါ နည်းလမ်းမျိုးစုံနဲ့ ယှဉ်ပြိုင်ကြ၊ ထိုးနှက်တိုက်ခိုက်ကြတာပါ။

ဒါ့ကြောင့်လည်း ၁၉၈၈ ကနေ ၁၉၉၉ ဆယ်နှစ်အတွင်းမှာ ၁၉၈၈ - ၁၉၉၀ ဘူတိုအစိုးရ၊ ၁၉၉၀ - ၁၉၉၃ န၀ပ်ရှာရစ်ဖ်၊ ၁၉၉၃ - ၁၉၉၆ ဘူတို၊ ၁၉၉၆ - ၁၉၉၉ န၀ပ်ရှာရစ်ဖ်ဆိုပြီး အပြန်အလှန်အာဏာရခဲ့တာကို တွေ့ရမှာပါ။ ဒီနေရာမှာ ထူးခြားတာက သူတို့အစိုးရအပြောင်း အလဲတွေက သက်တမ်းစေ့လို့ ရွေးကောက်ပွဲနဲ့ အဆုံးအဖြတ်ယူလုပ်ခဲ့တာမဟုတ်ပါ။ ၁၉၉၀၊ ၁၉၉၆ ခုနှစ်တွေမှာ ဘန်နဇီယာဘူတို အစိုးရကို အဂတိလိုက်စားမှု၊ နိုင်ငံရေးအကြမ်းဖက်မှုတွေနဲ့ သမ္မတက ရာထူးက ဖယ်ရှားပစ်ပြီး ရွေးကောက်ပွဲအသစ်ပြန်လုပ်ခဲ့တာဖြစ်သလို ၁၉၉၃ ခုနှစ်မှာလည်း န၀ပ်ရှာရစ်ဖ်ကို သူပိုင်စက်မှုလုပ်ငန်း တွေအတွက် အစိုးရအာဏာကို အလွဲသုံးစား လုပ်တယ်ဆိုပြီး သမ္မတက ဖယ်ရှားပစ်ခဲ့တာပါ။ ၁၉၉၉ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်က န၀ပ်ရှာရစ်ဖ်ကို အဂတိလိုက်စားမှု၊ အကျင့်ပျက်မှုတွေနဲ့ပဲ စွတ်စွဲပြီး ဖြုတ်ချခဲ့တယ်။

ပါကစ္စတန်နိုင်ငံရေးမှာ အခုလို စစ်တပ်က မကြာခဏအာဏာသိမ်းနေခဲ့တာရဲ့အကြောင်း အရင်းကို ပြန်စစ်ကြည့်ရင် နိုင်ငံရေးသမားတွေကနေ စစ်တပ်ကို အသုံးချဖို့ကြိုးစားတာက အကြောင်းရင်းခံ တစ်ချက်လို့ဆိုနိုင်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ သမ္မတမီရာဇာနဲ့ နိုင်ငံရေး ပါတီတွေအကြား အစိုးရဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အငြင်းပွားကြတော့ သမ္မတက ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အယွတ်ခန်ရဲ့ အကူအညီနဲ့ မာရှယ်လောကြေညာပြီး လွှတ်တော်ကို ဖျက်သိမ်းခဲ့ကာ အယွတ်ခန်ကို စစ်အုပ်ချုပ်ရေးမှူးခန့်ခဲ့ပါတယ်။ နောက်တော့ သမ္မတကိုယ်တိုင် ရာထူးကအထုတ်ခံခဲ့ရပါတယ်။

၁၉၈၈ - ၉၉ အကြား ဘူတိုနဲ့ န၀ပ်ရှာရစ်ဖ်ကြား အားပြိုင်တုံးကလည်း ၀န်ကြီးချုပ်တွေကို သမ္မတ ဖယ်ရှားဖို့လုပ်တိုင်း စစ်တပ်က သမ္မတလုပ်ရပ်ကို ထောက်ခံဖို့ ပြိုင်ဖက်ပါတီက အမြဲ တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။ ဘူတိုကို ဖယ်ရှားချိန်မှာ န၀ပ်ရှာရစ်ဖ်က စစ်တပ်ဝင်ပါတာကို ကြိုဆိုခဲ့သလို န၀ပ်ရှာရစ်ဖ်ကို ဖြုတ်ချတော့လည်း ဘူတိုက အလားတူထောက်ခံခဲ့ပြီး သူတို့အကွဲ အပြဲကြားမှာ စစ်တပ်ကို ဆွဲထည့်ပြီးးစည်းရုံးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ခါ ပါတီတွေအာဏာလုပွဲမှာ နေရာရလာတာကတော့ အစ္စလာမ်စစ်သွေးကြွတွေ ပါဘဲ။ အာဖဂန်မှာရှိတဲ့ ဆိုဗီယက်တပ်တွေကို တိုက်ခိုက်ဖို့အတွက် မူဂျာဟစ်ဒင်တွေကို ပါကစ္စတန်မှာ လေ့ကျင့်ပေးဖို့ဆိုတဲ့အစီအစဉ်ကို အမေရိကန်က စခဲ့တာပါ။ အဲဒီအကျိုးဆက်အဖြစ် ပါကစ္စတန်မှာ စစ်သွေးကြွတွေ အားကောင်းလာခဲ့တာပါ။ နောင်မှာတော့ PPP လို ဘာသာရေးနဲ့ လူမှုရေးကို စည်းခြားထားချင်တဲ့ ပါတီကတောင် မူဆလင်အဖွဲ့ချုပ်နဲ့အပြိုင် အစ္စလာမ်အစွန်း ရောက်ဝါဒီတွေကို အပြိုင်အဆိုင်စည်းရုံးလာခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ပါကစ္စတန်နိုင်ငံထဲမှာ တာလီဘန် အခြေခံစခန်းတွေထားတာ၊ အစ္စလာမ် ကျမ်းစာသင်ကျောင်းတွေက မူဂျာဟစ်ဒင်တွေ အတွက် လူသစ်စုတဲ့နေရာ ဖြစ်လာတာတွေကို လျစ်လျူရှုထားခဲ့သလို ကက်ရှ်မီးယားက အစ္စလမ် ၀ါဒီပြောက်ကျားတွေကိုလည်း အပြိုင်အဆိုင်အားပေးခဲ့ကြတာကို တွေ့နိုင်ပါတယ်။ အခု အဲဒီ စစ်သွေးကြွတွေကပဲ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်မှုတိုက်ခိုက်မှုတွေ ပြန်လုပ်လာနေသလို နိုင်ငံရေးမှာလည်း အစ္စလမ်ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုက အဓိကအခန်းကို ရောက်နေပါပြီ။ ပါကစ္စတန်ဒီမိုကရေစီအတွက် ရင်လေးစရာပါ။

အဲဒီတော့ ပါကစ္စတန်နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးကို ပြန်ကြည့်လိုက်ရင် နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီမိုကရေစီနည်းကျ လွှတ်တော်အတွင်းမှာ ယှဉ်ပြိုင်တာမဟုတ်ဘဲ ဒီမိုကရေစီမကျတဲ့ နည်းလမ်းတွေနဲ့ အာဏာရရင် ပြီးရောလုပ်ခဲ့တာကြောင့် ပါကစ္စတန်နိုင်ငံရေးမှာ နိုင်ငံရေး အင်အားစုမဟုတ်တဲ့ စစ်တပ်နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက အဓိကနေရာကို ရောက်လာရတာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

ဒါ့အပြင် အဓိကနိုင်ငံရေးပါတီကြီးနှစ်ခုကလည်း ပြည်သူတွေကို ဒေသစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ တွေနဲ့ မဲပေးအောင် လုပ်လာကြောင့် နိုင်ငံရဲ့ Democratic Institution တွေ အားနည်းလာစေတာ ကိုလည်း တွေ့ရပြန်ပါတယ်။ ဒီပို့စ်ရေးနေတုံးပဲ ဘန်နဇီယာဘူတိုရဲ့ သား ၁၉ နှစ်အရွယ် Bilawal ကို PPP ဥက္ကဌ အဖြစ်ရွေးလိုက်တာ ကြားလိုက်ရပါတယ်။ ဒါကိုထောက်ခြင်းအားဖြင့် PPP ပါတီအနေနဲ့ ပါတီတွင်းမှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်သစ်တွေမွေးထုတ်ရမယ့်အစား ဘူတို မျိုးဆက်တွေကိုပဲ အရိပ်ခိုပြီး ရှေ့ခရီးဆက်မယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီအတိုင်းဆိုရင်တော့ ပါကစ္စတန်နိုင်ငံရေးဟာ ဘူတို၊ န၀ပ်ရှာရစ်၊ စစ်တပ်နဲ့ စစ်သွေးကြွတွေကြားမှာပဲ သံသရာလည် နေဦးမယ်ဆိုတာ သေချာနေပါပြီ။ ပါကစ္စတန်လိုအဖြစ်မျိုးဟာ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများမှာ ဖြစ်နေခဲ့၊ ဖြစ်နေဆဲမို့ ကျွန်တော်တို့အတွက်လည်း လေ့လာသင့်တဲ့သင်ခန်းစာ ဖြစ်ကြောင်းဝေမျှ လိုက်ရပါတယ်။

0 comments:

Post a Comment