Friday, February 19, 2010

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ

အပိုင်း - ၁

ဗိုလ်ထက်မင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၃ မိနစ်


မြန်မာ့တပ်မတော်အတွင်းမှာ စီမံခန့်ခွဲရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ကို ဆုံးဖြတ်နိုင်မှု အမြင့်ဆုံးဖြစ်ကာ သက်သာချောင်ချိရေး အပိုင်းမှာလည်း အခြားအဆင့်တွေထက် အခွင့်အရေး ပိုမိုရရှိကြသူများကတော့ တပ်မတော် ပြန်တမ်းဝင် အရာရှိများ ဖြစ်ကြပါတယ်။ သူတို့ရဲ့ တပ်တွင်းဆက်ဆံရေးနဲ့ သဘော သဘာဝတို့ကို စာဖတ်ပရိသတ်များကို တင်ပြသွားပါမယ်။

အရာရှိအဆင့် ဒုဗိုလ်မှ ဗိုလ်ဖြစ်ဖို့ တနှစ်၊ ဗိုလ်မှ ဗိုလ်ကြီးအထိ သုံးနှစ်လို့ ယေဘုယျ သတ်မှတ်ထားပြီးတော့ အဲဒီအရာရှိ ၃ မျိုးကို “အရာရှိငယ်များ” လို့ သတ်မှတ်ပါတယ်။ Officiating ယာယီတပ်ခွဲမှူး (ဗိုလ်မှူး/ဗိုလ်ကြီး) နဲ့ ဗိုလ်မှူးအဆင့်များကိုတော့ “အရာရှိ အလတ်” ဟု သတ်မှတ်ကာ ဒုဗိုလ်မှူးကြီးနှင့် အထက်အဆင့်ကို “အရာရှိကြီးများ” အဖြစ် သတ်မှတ်ထားပါတယ်။

ရှင်လောင်းကာလလို့ခေါ်တဲ့ (Officiating) ဆိုတာဟာ ပုခုံးပေါ်မှာ အပွင့်မတင်သေးဘဲ တဆင့်မြင့် ရာထူးရဲ့ လစာကို တနှစ်ကြိုတင် ရရှိထားပြီး အထက်အရာရှိက စိတ်ကျေနပ်မှု ရရှိလို့ ထောက်ခံချက် ပေးလိုက်ပါမှ အဲဒီရာထူးရဲ့ အပွင့်တင်ခွင့် ရရှိသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်မှူး လစာစားသော (ယာယီတပ်ခွဲမှူး ဗိုလ်မှူး) ဗိုလ်ကြီးဆိုတဲ့ အဆင့်ရှိသလို ဒုဗိုလ်မှူးကြီး (တပ်ရင်းမှူး) လစာစားကာ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အဆင့် ဆိုတာကိုလည်း ထားရှိပါတယ်။ ထိုနည်းတူ ဗျူဟာမှူး ဗိုလ်မှူးကြီး လစာစားသော ယာယီဗျူဟာမှူး ဒုဗိုလ်မှူးကြီးအဆင့် ဆိုတာလည်း ရှိပါတယ်။ တပ်မမှူးနှင့် အထက်အရာရှိကြီးများကိုတော့ လစာကြိုတင်ပေးကာ အပွင့်မတင်ခိုင်းသေးပေမယ့် အခေါ်အဝေါ်ကိုတော့ ယာယီစကားလုံး ဖြုတ်လိုက်ပြီးတော့ တပ်မမှူး၊ တိုင်းမှူး စသဖြင့်သာ ခေါ်ဝေါ်ကြပါတယ်။

တပ်စုမှူး၊ တပ်ခွဲမှူး ရာထူးတွေကို ထမ်းဆောင်ရတဲ့ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိ အရာရှိများဟာ သူတို့အချင်းချင်း ညီရင်းအကိုလို ညီလေး၊ အကိုကြီး စသဖြင့် တင်စား ခေါ်ဝေါ်ကာ ဆက်ဆံကြပါတယ်။ ဒုတပ်ရင်းမှူးကို “အဘလေး” လို့ ခေါ်စေပြီး တပ်ရင်းမှူး၊ ဗျူဟာမှူးနဲ့ တပ်မမှူးတွေကိုတော့ “အဘ” လို့ ခေါ်ကြရပါတယ်။ တိုင်းမှူးနဲ့ အထက်ကိုတော့ “အဘကြီး” လို့ ခေါ်ကြရပါတယ်။ ဘယ်ခေတ်ကာလကမှ ထုံးစံမဟုတ်တဲ့ “အဘ” ဆိုတဲ့ စကားလုံးကို စစ်အာဏာရှင်တွေက ရိုက်သွင်းထားတာ ဖြစ်ပါတယ်။

ကျောင်းဆင်းစ ဒုဗိုလ်များကိုကြည့်ရင် ပုခုံးအစွန်မှာ တင်ထားတဲ့ ကြယ်ပွင့်တပွင့်ကို ပြုတ်ကျသွားမှာ စိုးလို့လား၊ မမြင်ရမှာ စိုးလို့လား မသိရဘဲ စိုးရိမ်ထိတ်လန့် သောက မကြာခဏ ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒုဗိုလ်ဟာ တပ်စုတပ်ကြပ်ကြီးအပေါ် အလွန်အကျွံ အမိန့်ပေး ခိုင်းစေတာမျိုး လုပ်လာရင် ရဲဘော်များက ထိုအရာရှိကို “ဒီပုဂ္ဂိုလ် စစ်တိုက်တတ်တာ ဟုတ်မဟုတ် စစ်မြေပြင်မှာ ကြည့်ကြသေးတာပေါ့” ဟု ကွယ်ရာတွင် မကျေမနပ် တီးတိုး ဆိုတတ်ကြပါတယ်။

ရှေ့တန်းထွက်တဲ့အခါ ဆရာ၊ ဆရာကြီးများဟာ ကျောင်းဆင်းစ ဒုဗိုလ်များကို စမ်းသပ်ကြည့်တတ်ပါတယ်။ စစ်ကြောင်း စထွက်ရင် အသင့်အနေအထားဖြင့် ရန်သူကို လမ်းကြောင်းရှင်းတဲ့ စစ်သုံးဝေါဟာရ အခေါ် “ပွိုင့်” ကို ဒုဗိုလ်များက ကိုင်တွယ်ပုံကို ဦးစွာရှင်းပြပါ့မယ့်။ “ပွိုင့်” စထွက်တာနဲ့ တပ်စုရုံးမှာ ဆရာကြီးတွေဟာ နောက်နားမှာ မသိမသာ ချန်ရစ်နေခဲ့တတ်တာမို့ ဒုဗိုလ်တွေခမျာ ရှေ့ပြေးတပ်စိတ်ကို ကွပ်ကဲရာမှာ စာတွေ့ သင်ခန်းစာနဲ့ လက်တွေ့မြေပြင် ဆက်စပ်နိုင်ဖို့ ဇောချွေးပြန်ကာ လမ်းကြောင်းကို မရှင်းတတ်တော့ဘဲ “ပွိုင့်” မှာ ဒုက္ခရောက်ကြရပါတယ်။

ရှေ့တန်းမှာ ရန်သူနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်မိကြတဲ့အခါ ကျောင်းဆင်းစ ဒုဗိုလ်တချို့ဟာ နှာခေါင်းထယ်ထိုးကာ ကြောက်လန့်တကြား ဂယောင်ချောက်ချား ဖြစ်နေပြီဆိုပါရင် အဆိုပါ ဒုဗိုလ်လေးကို လက်အောက်ငယ်သားများက ကွယ်ရာတွင်တမျိုး ရှေ့တွင်တဖုံ ပမာမခန့် လုပ်လာတတ်တာမျိုးလည်း ရှိပါတယ်။ တကယ်လို့ ဒုဗိုလ်လေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရန်သူကို ရင်ဆိုင်ပြပြီး မိမိကိုင်တဲ့ တပ်စိတ်များကို ပစ်အားနဲ့ ရွေ့လျားမှု ဟန်ချက်ညီအောင် စနစ်တကျ ကွပ်ကဲကာ မိမိရဲ့အမိန့်ပေးသံ မာမာထန်ထန် ပေးလိုက်ပါက ရဲဘော်များရဲ့ အသိအမှတ်ပြု လေးစားမှုကို ခံယူသွားရပါတယ်။

အဓိကကတော့ ဒုဗိုလ်လေးအနေနဲ့ ဆက်ဆံရေးအပိုင်းမှာ ရဲဘော်များကို စကားပြောရာတွင် နာမည်အစား “ဟေ့ကောင်၊ မင်းနဲ့ ငါ ” လို့ သုံးနှုန်း ခေါ်ဝေါ်တတ်သလို ဆရာကြီးတွေကို အားကျကာ ရဲဘော်တွေကို ဆဲဆိုမှု ပြုလုပ်လာတဲ့အခါမှာတော့ အောက်ခြေ စစ်သည်များနဲ့ ဒုဗိုလ်တို့ရဲ့ ဆက်ဆံရေးဟာ တင်းမာမှု ပြင်းထန်လာတတ်တာမျိုး တွေ့ရပါတယ်။

အဆိုးဆုံးကတော့ အရာရှိငယ်တွေဟာ တပ်စိတ်မှူးဆရာများရဲ့ လုပ်ပိုင်ခွင့်ကို စွက်ဖက်ပြီး လမ်းကင်း၊ ရေကင်း၊ ရထားလမ်း လုံခြုံရေးကင်း စတဲ့ ကင်းချခြင်း၊ ကင်းဇယားရေးဆွဲခြင်း၊ ရိက္ခာခွဲဝေရာမှာ တပ်စုရုံးအတွက် စကေးပိုဖြတ်ခြင်း၊ သက်သာပစ္စည်းများကို လိုအပ်တာထက် ပိုယူခြင်း၊ ရိက္ခာစိုငွေများကို တပ်စိတ်မှူးများကတဆင့် မပေးဘဲ ရဲဘော်များကို တိုက်ရိုက်ပေးခြင်း၊ နောက်တန်းတွင် လူပျိုဘားတိုက်ရှိ မိမိတပ်စုမှ ရဲဘော်များကို အလုပ်မရှိ အလုပ်ရှာ ဆရာများ မသိလိုက်ရဘဲ ကိုယ်ရေးကိုယ်တာခိုင်းခြင်း၊ တာဝန်ပေးအပ်မှု အပိုင်းတွင်လည်း ဆရာများမှတဆင့် မသွားဘဲ တိုက်ရိုက်ခိုင်းခြင်း၊ စစ်သည်တွေရဲ့ တပ်ပြင်ထွက်ခွင့်နှင့် ကိုယ်ရေးကိုယ်တာများကို ဝင်ရောက်ထိန်းချုပ်ခြင်း၊ လုပ်အားပေးခိုင်းစေရာတွင် အရာရှိဆိုတဲ့ မာန်ဖြင့် အချိန်ဆိုင်းအလိုက် အနားမပေးဘဲ ဆက်တိုက်ခိုင်းခြင်း စတဲ့ အပိုင်းများကို အသေးစိတ် ဝင်ရောက်စွက်ဖက်မှုမှ ပြဿနာများ မကြာခဏ ကြီးထွားလာတတ်တာ တွေ့ရခြင်း ဖြစ်ပါတယ်။

တပ်ရင်းများမှာ ဖွဲ့စည်းပုံအင်အားနည်းနေလို့ အရာရှိအများစုဟာ လုပ်သက်မရင့်ဘဲ ဗိုလ်အဆင့်ဖြင့် တပ်စုမှူးမှ တပ်ခွဲမှူးရာထူးသို့ တစ်ဆင့်မြင့်ရာထူးအား တာဝန်ယူရတဲ့ အခြေအနေမျိုးတွင် အခက်အခဲများနဲ့ ပိုမို ရင်ဆိုင်ရပါတယ်။

အပိုင်း - ၂
ဗိုလ်ထက်မင်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၂၂ မိနစ် ဆောင်းပါး


ကျောင်းဆင်းစ အရာရှိပေါက်စနဲ့ ဆရာ၊ ဆရာကြီးတွေရဲ့ ဆက်ဆံရေးများကို ဆက်လက်တင်ပြပါဦးမယ်။ တပ်ကြပ်ကြီးဖြစ်သူက ငှက်ဖျားရောဂါ ကာကွယ်လိုလို့ဖြစ်စေ၊ ကြိုက်လို့ဖြစ်စေ၊ တပ်မတော်အရက် (Army Rum) သောက်သုံးနေပါရင်လည်း အရာရှိပေါက်စက တားဆီးနေတာမျိုး၊ မိမိကိုယ်တိုင်လည်း အရက်သောက်ပြီး မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေတာမျိုးတွေကြောင့် ပြဿနာရှိတတ်ပါတယ်။ အဲဒီအခါ ဆရာကြီးက အရက်သောက်နေချိန်မှာတောင် တိုက်ပွဲ ၁ဝဝ အချိန်မရွေး ထတိုက်လို့ ရပါတယ်လို့ ရိသဲ့သဲ့ ပြောတာကို အရာရှိပေါက်စ ခံရပါတယ်။ အရာရှိပေါက်စက စည်းကမ်းများကို မလိုလားအပ်ဘဲ တင်းကျပ်တာမျိုး၊ စည်းကမ်းတကယ်ဖောက်လို့ ဆရာ၊ ဆရာကြီးများက ရဲဘော်များကို အရေးယူ ဆုံးမတာကို ဝင်ရောက်စွက်ဖက်တာမျိုး စတဲ့ ပဋိပက္ခများ ဖြစ်ပွားတတ်ပါတယ်။

ဆရာကြီးဖြစ်သူရဲ့ စစ်ဘက်အတွေ့အကြုံ ရင့်ကျက်မှုအရ စစ်ကစားခိုင်းတာကို အရာရှိပေါက်စက လူတတ်ကြီးလုပ်ပြီး ဆန့်ကျင်နေတာမျိုး ရှိပါတယ်။ ရန်သူနဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် ဆရာကြီးများက မိမိတပ်စုကို ရန်သူရဲ့ သတ်ကွင်းအတွင်း မရောက်ရှိစေရေးအတွက် တောင်ပံများ ဖြန့်ကားခြင်း၊ တပ်စိတ်များကို ရန်သူ့နောက်ကျော ပတ်ခိုင်းခြင်း၊ အကူပစ်လက်နက်ကြီးများကို ဆွဲထုတ်၍ ကာပစ် ပစ်ခြင်း၊ စတာမျိုးတွေ စစ်ကစားခိုင်းရာမှာ အရာရှိနဲ့ ပြဿနာ တွေ့ရတတ်ပါတယ်။

ဒါ့အပြင် စစ်ကြောင်း ခရီးတထောက်နားလို့ အထက်ဌာနကို “စက်” ဆက်သွယ်မှု ယူနေချိန်မှာဖြစ်စေ၊ စစ်သုံးအခေါ် “စားချက်” ခေါ်တဲ့ နေ့လည်စာ၊ ညနေစာလိုမျိုး အချိန်ကြာမြင့်စွာ ယူရသည့် အခြေအနေမျိုး စစ်ကြောင်း ခဏနားနေချိန်မှာဖြစ်စေ၊ နှစ်ယောက်တွဲ ကင်းကို ဆရာကြီးများက ကင်းရှည် ခပ်ဝေးဝေး ထုတ်ခိုင်းချိန်မှာ အရာရှိများက ရဲဘော်တွေကို အမှတ်ယူလိုတဲ့ သဘောနဲ့ မလိုပါဘူး ဆရာကြီး၊ သူတို့ အုပ်ချုပ်မှု (စားသောက်ရေး၊ အနားယူရေး) အဆင်ပြေဖို့ ကင်းကို ကပ် ထုတ်ပါလို့ ဝင်ပြီး ကွန့်တတ်ပါတယ်။ အဲဒီအခါ အတွေ့အကြုံရင့်ကျက်တဲ့ ဆရာကြီးတွေက စားချက်လိုမျိုးမှာ အသံဗလံများ ဆူညံနေတာကြောင့် ရန်သူ အဝေးမှပင် ကြားနိုင်သဖြင့် အရာရှိ ပြောစကားကို နားမထောင်ဘဲ ဇွတ်လုပ်တတ်လို့ အရာရှိနဲ့ ဆရာကြီး ထိပ်တိုက်တွေ့ကာ ဆက်ဆံရေး တင်းမာနေတာမျိုးလည်း ရှိပါတယ်။

ဒါ့ကြောင့် တချို့ရှေ့တန်းမှာ နောက်ကျည်ဆံဟာ ရှေ့ကျည်ဆံထက် ကြောက်စရာ ကောင်းတယ်လို့ ပြောစမှတ်ပြုကြရပြီး မကျေနပ်ချက် ကြီးမားလာပါက တိုက်ပွဲမှာ သေနတ်ဖြင့် အရာရှိနောက်ကျောကို မသိမသာ ပစ်ထည့်လိုက်တာမျိုးနဲ့ အချင်းချင်း လုပ်ကြံခံရတဲ့ ဖြစ်စဉ်များ ရှိခဲ့ပါတယ်။ တပ်ခွဲရုံးမှာရှိတဲ့ တပ်ခွဲတပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ်တွေကို အရာရှိငယ်များက တန်ဖိုးထား လေးစားရကောင်းမှန်း မသိရင် ကွယ်ရာမှာ ရဲဘော်များရဲ့ ဝေဖန်မှု ခံရလေ့ရှိပါတယ်။ တခါတရံ တပ်ခွဲမှူးက တပ်စုမှူးနဲ့ ဆရာများရဲ့ ကြီးမားလာတဲ့ ဆက်ဆံရေးတင်းမာမှု ပြဿနာကို ဝင်ရောက်ဖျန်ဖြေပေးမှသာ သက်သာမှု ရရှိကြရပါတယ်။

တပ်ခွဲမှူးက တချို့ ကျောင်းဆင်းအရာရှိ ပေါက်စများကို တပ်စုများသို့ မဆင်းစေဘဲ တပ်ခွဲရုံးသို့ တွဲဖက်ခေါ်ထားပြီးမှ အခြေအနေကြည့်ကာ တပ်စုသို့ ဆင်းခိုင်းစေပါတယ်။ နောက်ပိုင်းမှာ လိုအပ်ချက်အရ ကျောင်းဆင်းစ အရာရှိငယ်များကို တပ်ရင်း၊ တပ်ခွဲတွင် တွဲဖက်မခေါ်နိုင်တော့ဘဲ တပ်စုရုံးသို့ တိုက်ရိုက် တာဝန်ပေးရလို့ ဝင်ဝင်ချင်း ဆောက်နဲ့ ထွင်းရတဲ့ အဖြစ်မျိုးတွေ ကြုံရပါတယ်။

တပ်စုရုံးမှာ ရှိနေတဲ့ အကူရဲဘော်များရဲ့ ကြံရည်ဖန်ရည်အပေါ် မူတည်ပြီး တပ်စုရုံးတွင် ဟင်းကောင်း စားရပေမယ့် တချို့ရဲဘော်များမှာ ရှာဖွေမှုညံ့ဖျင်းကာ ဟင်းမချက် တတ်မှုကြောင့် အရာရှိပေါက်စများမှာ မတင်းတိမ်နိုင်ဘဲ နိုင်ထက်စီးနင်း လုပ်တတ်ကြပါတယ်။ အဲဒါကတော့ တပ်ခွဲရုံးရှိ လုပ်သက်ရင့် ဆရာ၊ ဆရာကြီးများရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် ဟင်းကောင်းကောင်း စိုပြေနေမှုကို အားကျပြီးတော့ အသားပေါ်ရင် ခွဲတမ်းကို ပိုတောင်းတတ်တာမျိုးနဲ့ အမျိုးမျိုး ဂျီကျတတ်တာမျိုးတွေကြောင့် ဆရာတွေ စိတ်ညစ်ရတာမျိုးလည်း တွေ့ရပါတယ်။

တပ်စုမှူးအချို့ဟာ ကျောပိုးအိတ် မလွယ်ချင်ကြလို့ ဝန်ထမ်းပေါ်တာ ရှားပါးချိန်တွင် တပ်ခွဲရုံးသို့ မကြာခဏ ကျောပိုးအိတ် ပို့ခိုင်းလေ့ရှိရာ တပ်ခွဲရုံးရှိ ဆရာများနှင့် တပ်စုရုံးရှိ အကူရဲဘော်ဟာ မကြာခဏ စကားများရပါတယ်။ အမှန်မှာ တပ်စုမှူးတဦးဟာ ကျောပိုးအိတ်ကို မိမိဘာသာ ရှေ့တန်းသို့ထမ်းပြီး သွားပြခြင်းဖြင့် ရဲဘော်များရဲ့ တိတ်တခိုး လေးစားမှုကို ခံယူနိုင်ရပါမယ်။ တကယ်တော့ ရဲဘော်တွေရဲ့ သည်းခြေကြိုက် ဆေးလိပ်နဲ့ အရက်၊ အသီးအရွက်တွေကို အရာရှိငယ်များက အလေးထား ဖြည့်ဆည်းပေးလိုက်ရုံနဲ့ တဦးနဲ့တဦး ချစ်ခင်မှု ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။

နောက်တပိုင်းအနေနဲ့ အရာရှိငယ်များဟာ လေ့ကျင့်ရေးကျောင်းများမှာ ဆရာ၊ ရဲဘော်များရဲ့ လေ့ကျင့်သား မပြည့်ဝတာကို သိရှိထားပြီးဖြစ်ပါတယ်။ ဆရာ၊ ဆရာကြီးတွေက အရာရှိတွေကို အသက်ငယ်မှုကို ထောက်ကာ၊ လေးစားမှုသမှု ရှိသင့်တာထက် လျော့နည်းကာ ခြေရာတိုင်းပြီး စကားပြောတာကို လက်မခံနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ တိုက်ပွဲများ နည်းပါးသွားလို့ အတူတကွလက်တွဲ တိုက်ပွဲဝင်မှု နည်းပါးလာသောကြောင့် ရဲဘော်ရဲဘက်စိတ် မရှိကြတော့ဘဲ စကားအချေအတင် များလာရင် နားလည်ပေးမှု၊ အလျော့ပေးမှုများ နည်းပါးလာခြင်း၊ အချို့ရဲဘော်များမှာ တပ်သစ်များ ဆက်တိုက်တိုးချဲ့မှုကြောင့် သတ်မှတ်လုပ်သက် မပြည့်မီ ဆရာများ ဖြစ်ကုန်ကြလို့ အရာရှိများက အထင်မကြီးတော့ခြင်း စတာတွေကြောင့် အချင်းချင်း ယုံကြည်လေးစားခြင်းများ မရှိကြတာတွေကို တွေ့ရှိရပါတယ်။

ရဲဘော်တွေကို အပြစ်ရှိပါက ထိုးကြိတ်ရိုက်နှက် ဆုံးမခြင်းဟာ မင်နီတားပြီး အရေးယူ အပြစ်ပေး ထောင်ချတာထက် ပိုမိုကောင်းမွန်တယ်လို့ ပြောလို့ရပေမယ့် နောက်ပိုင်းမှာ ရဲဘော်များဟာ ထိုသို့မရတော့ဘဲ နာကျည်းမှု၊ ရန်လုပ်မှုတွေနဲ့ တန်ပြန်လာတာ တွေ့ရပါတယ်။ ထိုးကြိတ်ရိုက်နှက် ဆုံးမခြင်းဟာ ရှေ့တန်းမှာ ၎င်းရဲဘော်ရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်သဖွယ် ဖြစ်နေမှ၊ ပိုင်မှ အရာရှိပေါက်စအနေနဲ့ ပြုလုပ်သင့်ပါတယ်။ ပြစ်မှုတစုံတရာ ကြီးမားတာကိုပင် အရာရှိအနေနဲ့ မသိကျိုးကျွံပြုသင့်ပြီး ဆရာကြီးများရဲ့ ဆုံးမမှုဖြင့် လုံလောက်တာကို သိသင့်ပါတယ်။ ဒီနေ့ခေတ်ရဲ့ တပ်မတော် အောက်ခြေမှာ ဆင်းရဲကျပ်တည်းမှုနဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် ပေါက်ကွဲတော့မယ့် မိုင်းဗုံးအလား မကျေနပ်မှုတွေက များပြားနေကြတာမို့ တပ်တွင်းဆက်ဆံရေးနဲ့ စည်းလုံးညီညွတ်ရေး ဟာလည်း ယိုင်နဲ့နဲ့သာ ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ခင်ဗျား။

အပိုင်း ၃

ဗိုလ်ထက်မင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၄၃ မိနစ်

တပ်ခွဲမှူးရာထူးမှာ အရာရှိအဆင့်တွေကတော့ ဗိုလ်ကြီးအဆင့်၊ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) လစာစား ဗိုလ်ကြီးအဆင့်နဲ့ တပ်ခွဲမှူး ဗိုလ်မှူး အဆင့်ဆိုပြီး ၃ မျိုး ၃ စား ရှိပါတယ်။ အခုနောက်ပိုင်းမှာ တပ်တတပ်ရဲ့ ဖွဲ့စည်းပုံအင်အား မပြည့်တဲ့အတွက် တပ်ခွဲမှူးတွေကို ဗိုလ်အဆင့်တွေက တာဝန်ယူကြရပါတယ်။ တပ်ခွဲမှူးဖြစ်လာသူ အရာရှိတွေဟာ ဆရာကြီး၊ ဆရာ၊ ရဲဘော်တွေရဲ့ ချစ်ကြောက်ရိုသေလေးစားမှု၊ ယုံကြည်မှုအား တည်ဆောက် ရရှိပြီးသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်ခွဲတစ်ခွဲမှာ လစာကြပ်နဲ့ တပ်ကြပ်ကြီးစာရေး၊ လက်နက်တိုက် တာဝန်ခံ၊ အကူရဲဘော်တွေ ပါဝင်ပြီး တပ်ခွဲ၊ ရုံးအဖွဲ့၊ လက်နက်တိုက်ရုံးခန်း၊ အိမ်ထောင်သည်လိုင်းခန်း စသဖြင့် သီးခြားစီ စနစ်တကျ စုဖွဲ့ထားတဲ့ တပ်မတော်ရဲ့ အခြေခံအကျဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။ တခြားအဆင့် ဆရာ၊ ရဲဘော်တွေရဲ့ ရာထူးတိုးမြှင့်ခွင့် အပိုင်းမှာ တပ်ခွဲမှူးရဲ့ ထောက်ခံတင်ပြချက်ဟာ အရေးပါလို့ တပ်ရင်းမှူးက တပ်ခွဲမှူးကို မေးမြန်းတိုင်ပင်ပြီးမှ တိုးပေးလေ့ ရှိပါတယ်။ တပ်ခွဲမှူးတွေဟာ စစ်ဆင်ရေး ကိစ္စရပ်တွေမှာ တိုက်ခိုက်ရေး တပ်မှူးငယ်တွေအဖြစ် အားထားရလို့ တပ်ရင်းမှူးရဲ့ လက်ရုံးသဖွယ် ယုံကြည်အားကိုးခြင်း ခံရပါတယ်။

တချို့ (IO) စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိငယ်တွေဟာ အထက်ဌာနနဲ့ ပြောဆိုဆက်ဆံရာမှာ ဆက်သွယ်ရေးစက် အတိုအဝှက်တွေကို ကျွမ်းကျင်စွာ မသုံးတတ်လို့ ရှေ့တန်းမှာ အထက်ဌာနတွေနဲ့ ပြဿနာ မတက်စေရေးအတွက် တပ်ရင်းမှူးရဲ့ (IO) စစ်ဦးစီးအရာရှိအဖြစ် လုပ်သက်ရင့် တပ်ခွဲမှူးကိုပဲ အစားထိုး ခိုင်းစေတာမျိုးလည်း ရှိပါတယ်။

တပ်ခွဲမှူးဟာ ကိုယ်ပိုင်လက်နှိပ်စက်ရုံးခန်း၊ စာရင်းဇယား၊ စာအုပ်စာတမ်း၊ လယ်ဂျာတွေနဲ့တကွ ဖွဲ့စည်းပုံတွေကို စနစ်တကျ ထားရှိရပြီး ရုံးလုပ်ငန်း ဦးစီးတာဝန်ကိုလည်း ကျွမ်းကျင်ရပါတယ်။ ရိက္ခာစားအင်အား လချုပ်လုပ်ပေးရပြီး တပ်ရင်းရုံးကို လစဉ် ပြန်တမ်းတွေအဖြစ် အချိန်မီ ပေးပို့နိုင်ရေး စီမံဆောင်ရွက်ရပါတယ်။ တပ်ခွဲမှူးဟာ လစာကြပ်နဲ့ လက်နက်တိုက်တာဝန်ခံ အကြပ်တို့ကို ဒုအရာခံဗိုလ်နဲ့ တပ်ခွဲ တပ်ကြပ်ကြီးတို့ကတဆင့် ခိုင်းစေရသလို ငွေကြေးရေးရာ ကိုင်တွယ်မှု မှန်၊မမှန်ကို စိစစ်ရတာလည်း ရှိပါတယ်။

ဒါ့အပြင် တပ်ခွဲမှူးတွေဟာ ခွင့်မဲ့ပျက်ကွက်စစ်သည် (AWL) တွေကို လိုအပ်သလို ထိန်းချုပ်ရပြီး လိုက်လံရှာဖွေရတာမျိုး အဆက်အသွယ်မရရင် ဒီစစ်သည်ရဲ့ လစာငွေနဲ့ ရိက္ခာတွေကို ပြန်တမ်းနဲ့ညှိပြီး အကြံအဖန်လုပ်ကာ စီမံရပါတယ်။ တကယ်လို့ ခွင့်မဲ့စစ်သည် ပြန်ရောက်လာရင် အကြံအဖန်လုပ်ထားတဲ့ လစာ၊ ရိက္ခာငွေတွေကို ပြန်ရှင်းပေးရတာလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ တပ်ခွဲမှူး ခေါင်းအကိုက်ရဆုံး မကြာခဏဖြစ်တဲ့ ပြဿနာဟာ ခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့ လစဉ်ပြန်တမ်းတွေကို လိမ်ညာဖန်တီးပေးရခြင်းပဲ ဖြစ်ပါတယ်။ စာရင်းစစ်အဖွဲ့တွေလာရင် ကျွေးမွေးဧည့်ခံရတဲ့ ကုန်ကျစရိတ်တွေကို ဒီခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့ လစာ၊ ရိက္ခာတွေနဲ့ ဖြည့်ဆည်းပေးရပါတယ်။

တပ်ခွဲမှူးဟာ ဝန်ထမ်းရိက္ခာတွေကို လိုအပ်သလို ကစားပြီး ရောင်းရတဲ့ငွေတွေနဲ့ တပ်ခွဲအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေနဲ့ သက်သာချောင်ချိရေးတို့ကို ဖြည့်ဆည်းပေးရပါတယ်။ အလားတူ ပေါ်တာဝန်ထမ်းခ ငွေတွေကိုလည်း တပ်ရင်းရုံးကနေ ချပေးတဲ့ ခွဲတမ်းအတိုင်း ကျေနပ်ရယူသုံးစွဲရပါတယ်။ ပေါ်တာဝန်ထမ်းတွေကို နီးစပ်ရာရွာတွေက ဆန်နဲ့ ဆေးလိပ်ကို တောင်းယူကျွေးမွေးခြင်းဖြင့် ဝန်ထမ်းရိက္ခာနဲ့ ဝန်ထမ်းငွေတွေ ရယူပြီး လှည့်ပတ်သုံးစွဲရပါတယ်။

တပ်ခွဲမှူးတွေ ဖြစ်ရတဲ့ အဓိက ဆက်ဆံရေးပြဿနာမှာ တပ်ရေးဗိုလ်ကြီးနဲ့ဖြစ်ပြီး ဝန်ထမ်းခငွေ၊ ဝန်ထမ်းရိက္ခာ၊ ရိက္ခာစိုငွေတွေ ထုတ်ပေးမှုတို့ကြောင့် ဖြစ်ရပါတယ်။ ဒါ့အပြင် သာရေး၊ နာရေး ထည့်ဝင်မှုငွေ အချိုးကျစရိတ်တွေကို တပ်ခွဲမှူးတွေအပေါ် တပ်ရေးဗိုလ်ကြီးက မတရား တောင်းခံမှု ကိစ္စမှာလည်း မကြာခဏ စကားများကြရပါတယ်။ တပ်ရေးဗိုလ်ကြီး ကိုယ်တိုင်က တပ်ရင်းမှူးရဲ့ တပည့်ပီပီ နိုင်ထက်စီးနင်း လုပ်တတ်မှုအပေါ် တပ်ခွဲမှူး အများစုက ကျေနပ်မှု မရှိခဲ့ကြောင်း တွေ့ရပါတယ်။

အဆိုးဆုံး ပြဿနာကတော့ အထက်အဆင့်ဆင့်က ရဲဘော်သစ် ခွဲတမ်းချ စုဆောင်းရေးကိစ္စမှာ အောက်ဆုံး အဆင့်ဖြစ်တဲ့ တပ်ခွဲအဆင့်မှာ တပ်ခွဲမှူးက တလမှာ တပ်ခွဲမှူးအတွက် တဦး၊ တပ်စုမှူး တဦးစီရှိတိုင်း တဦးစီ၊ တပ်ခွဲကိုယ်စား တဦး အနည်းဆုံး စုစုပေါင်း ၃ ဦး အပ်နှံဖို့ ရှိလေရာ မိမိတာဝန်ကျေ စုဆောင်းပေးရမယ့် ရဲဘော်သစ် အရေအတွက် ပြည့်မီရေးကိစ္စပဲ ဖြစ်ပါတယ်။

တပ်ခွဲမှူးက အထက်ညွှန်ကြားချက်အရ မိမိတပ်ခွဲရှိ စစ်သည်တို့ကို ခေါ်ယူတွေ့ဆုံပြီး သူတို့ လိုလားချက်အတိုင်း သာမန်ခွင့် တလ ပေးမှာ ဖြစ်တယ်။ ဒါပေမဲ့ ခွင့်လိုချင်ရင် မိမိနေထိုင်ရာ ဇာတိမြေမှ ရဲဘော်သစ်တဦး မဖြစ်မနေ ခေါ်ဆောင်လာရမယ်လို့ ဖိအားပေး စေလွှတ်ခိုင်းခဲ့ရပါတယ်။ တချို့ ရဲဘော်တွေမှာ ခွင့်ပြန်ချိန်မှာ မိဘဆွေမျိုးတွေနဲ့ အေးဆေးစွာ တွေ့လိုပေမယ့် အခုလို ဆန္ဒမပါဘဲ ရဲဘော်သစ် စုဆောင်းရေးကို ခက်ခဲစွာ လုပ်ဆောင်ရတာမို့ အဆင်မပြေတော့လို့ ရဲဘော်သစ်အစား ဒဏ်ငွေ ပိုက်ဆံ ကျပ် ၄ သောင်း ပေးသွင်းရပါတယ်။ တချို့ရဲဘော်တွေမှာ ခွင့်ပြန်မလာတော့ဘဲ ခွင့်မဲ့ပျက်ကွက် ထွက်ပြေးတဲ့အဆင့်ထိ ကြုံတွေ့ရပါတယ်။

တဖန် တပ်ခွဲရှိ လုပ်သက်ပြည့် တချို့ရဲဘော်တွေကို တပ်ကနေထွက်ခွင့် ရဖို့ဆိုရင် ရဲဘော်သစ် ၄ ဦး စုဆောင်းပေးရမယ်ဆိုတဲ့ အထက်ဌာန ညွှန်ကြားချက်နဲ့ တပ်ခွဲမှူးက ကိုင်တွယ်တာမို့ တပ်ကနေ ထွက်ချင်တဲ့ ရဲဘော်တွေ ပိတ်မိနေကြရပါတယ်။

စစ်သားစုဆောင်းရေးကို စစ်ဆင်ရေးသဖွယ် မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက် အမိန့်အာဏာတွေကြောင့် တပ်ခွဲမှူးတွေက နောက်ဆုံး ကြံရာမရဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်တွေအတွင်း လှည့်ကင်းစေလွှတ်ကာ စစ်သားစုဆောင်းရေး တပ်ဖွဲ့တွေအသွင် ဆောင်ရွက်ကြရပါတယ်။ ကလေးစစ်သားတွေကို အတင်းအဓမ္မ စုဆောင်းပြီး စစ်သားစုဆောင်းရေး တပ်တွေသို့ ငွေကြေး လာဘ်ထိုးခြင်းဖြင့် တပ်သားသစ် စုဆောင်းရေးအတွက် တာဝန်ကျေအောင် ဆောင်ရွက်ကြရပါတော့တယ်။

ရှေ့တန်း တိုက်ခိုက်ရေး (စစ်ထွက်) အင်အား ပြည့်မီရေးအတွက် တပ်ခွဲမှူးနဲ့ တပ်ရင်းမှူးတို့ မကြာခဏ အငြင်းအခုန်ဖြစ်ရတဲ့ ကိစ္စတရပ်ကတော့ ဆေးကျသူ၊ ဒဏ်ရာရနေသူ၊ သုံးမရသူ၊ ကလေးစစ်သားတွေကို တပ်ခွဲမှူးတွေက ရှေ့တန်းဆီ ဝန်ပိမှာစိုးလို့ မခေါ်ချင်ပေမယ့် တပ်ရင်းတရင်းမှာ ရှိရမယ့် အနည်းဆုံး တိုက်ခိုက်ရေး အင်အား ၂ဝဝ ဦး ပြည့်မီရေးအတွက် ခေါ်သွားဖို့ ဖိအားပေး ခံနေရပါတယ်။

ရှေ့တန်းမှာ ရည်မှန်းချက်နဲ့ အချိန်ကန့်သတ်ချက်အရ မရပ်မနား ခရီးရှည် ထိုးဖောက်ရလေ့ရှိရာ အဲဒီ ရဲဘော်တွေ မလိုက်နိုင်တော့လို့ ပြတ်ကျန်ခဲ့ရတဲ့အပေါ် တပ်ရင်းမှူးက တပ်ခွဲမှူးတွေကို ဆဲဆိုကြိမ်းမောင်းတဲ့ဒဏ် မကြာခဏ ခံနေရပါတယ်။ ရှေ့တန်း ထွက်မယ်ဆိုရင် ကြုံတွေ့ရမယ့် ဝန်စည်စလွယ် လက်နက်ခဲယမ်း၊ ရိက္ခာတွေကို သယ်ဆောင်ပေးရမယ့် ပေါ်တာဝန်ထမ်း အရေအတွက်နဲ့ လား၊ မြင်းတွေ လိုအပ်သလောက်ကို စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိ (IO) နဲ့ ရေးထောက်အရာရှိ (AQ) တို့က မပေးနိုင်တဲ့အပေါ်မှာ တပ်ခွဲမှူးတွေနဲ့ အချေအတင် စကားများကြမှု ရှိကြပါတယ်။

အထူးသဖြင့် စစ်ကြောင်းရုံးတွေက အထက်ရုံးပီပီ ဗိုလ်ကျကာ အနိုင်ကျင့်ပြီး ပေါ်တာဝန်ထမ်းတွေကို အများဆုံး ရယူထားတာမို့ တပ်ခွဲမှူးတွေက ပစ္စည်းတွေကို မတန်တဆ ထမ်းပေးရတဲ့အပေါ် မကျေနပ်ကြခြင်း ဖြစ်ပါတယ်။ စီနီယာ လုပ်သက်ရင့် ဗိုလ်ကြီးတွေ ဖြစ်လာပြီဆိုရင် ခြေလျင်တပ်တွေမှာ နေလို့မရတော့ဘဲ သင်တန်းတွေ တက်ပြီးပါက ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ်၊ တပ်မ/စကခ စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွေမှာ စစ်ဦးစီးမှူး (တတိယတန်း) တွေနဲ့ ကိုယ်ရေးအရာရှိတွေ၊ လုံခြုံရေးတပ်ခွဲမှူးနဲ့ လုံခြုံရေးတပ်စုမှူးတွေအဖြစ် အရေးကြီး အဆင့်မြင့်တာဝန်တွေကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီ စစ်ဌာနချုပ်တွေမှာတော့ စစ်ဦးစီး အရာရှိတွေ၊ ကိုယ်ရေးအရာရှိတွေဟာ ရုံးအုပ် အရာခံဗိုလ်တွေနဲ့ တပ်ကြပ်ကြီး စာရေးတွေကို ဆက်သွယ်ပေါင်းသင်း ဆက်ဆံကြရပါတယ်။

အပိုင်း - ၎

ဗိုလ်ထက်မင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၂၄ မိနစ်


တပ်မတော်မှာ စီမံခန့်ခွဲမှုအာဏာ၊ လုပ်ပိုင်ခွင့်အာဏာ၊ တရားစီရင်မှုအာဏာ စတဲ့ ဆုံးဖြတ်နိုင်မှု အရှိဆုံး အဆင့်တွေအထဲမှာ အတော်အတန် အဆင့်ရှိလာပြီဖြစ်တဲ့ ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူးတွေရဲ့ ဆက်ဆံရေးနဲ့ ဓလေ့စရိုက်တွေကို ဆက်လက်တင်ပြသွားပါ့မယ်။

ဒုတပ်ရင်းမှူးနဲ့ တပ်ရင်းမှူးတွေဟာ စစ်ကြောင်းမှူးအဖြစ် ကိုင်တွယ်ရပြီး အထက်ဌာနတွေ ဖြစ်ကြတဲ့ ဗျူဟာရုံး၊ တပ်မတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေဆီ တိုက်ရိုက် ဆက်သွယ်တင်ပြရပါတယ်။ အထက်ဌာနရဲ့ ညွှန်ကြားချက်တွေကိုလည်း ထိရောက်စွာ အကောင်အထည် ဖော်ရသူတွေလည်း ဖြစ်ပါတယ်။ အနီးကပ် အကြီးအကဲက ဗျူဟာမှူးဖြစ်လို့ သူရဲ့ စစ်ဦးစီးမှူး ဒုတိယတန်း၊ တတိယတန်းတွေနဲ့ ဆက်ဆံ ဆောင်ရွက်ကြရပါတယ်။

စစ်ကြောင်းမှူး ဖြစ်လာတာနဲ့အညီ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်၊ အချိန်ကာလ၊ အုပ်ချုပ်မှုအတွက် ရိက္ခာထုတ်ယူမှု၊ လမ်းကြောင်း၊ နယ်မြေဒေသခံ လူမျိုးတွေနဲ့ ရွာတွေရဲ့ ဓလေ့စရိုက် စတာတွေကို လေ့လာဆောင်ရွက်ရပါတယ်။ ဒါ့အပြင် မိမိစစ်ဆင်ရေး ဧရိယာမှာရှိတဲ့ ရန်သူ့ခေါင်းဆောင်နဲ့ ရန်သူရဲ့ လှုပ်ရှားမှုတွေကိုလည်း လေ့လာစုံစမ်းရပါတယ်။ နယ်မြေခံ လူထုရဲ့ တပ်အပေါ်ထားရှိတဲ့ သဘောထားကို သက်ဆိုင်ရာ ရွာလူကြီး၊ ရွာခံဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ပြည်သူ့စစ်၊ ငြိမ်းချမ်းရေး ရယူထားတဲ့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေဆီကနေ ဆက်ဆံပေါင်းသင်း တီးခေါက်ကြည့်ရပါတယ်။

အထက်ဌာနက ပေါ်တာခေါ်ဖို့ ဝိနည်းလွတ် ခေါင်းရှောင်ကြပေမယ့် လက်အောက်ခံ လှုပ်ရှားနယ်မြေတွေမှာ တောင်တန်းမတ်စောက်ပြီး တနေ့မှာ မြေပုံတတောင် (မိုင် ၂ဝ ခန့်) သွားရမယ်ဆိုတဲ့ မူဝါဒနဲ့အညီ တကယ်သွားရရင် ဘယ်လိုနည်းနဲ့မှ မရောက်နိုင်တာမို့ ရိက္ခာသယ်ပို့နိုင်ရေးအတွက် ဒေသခံ ရွာလူကြီးတွေကို ပေါ်တာရရေး ဖိအားပေး ဆက်ဆံရပါတယ်။

တခါတရံ ငြိမ်းချမ်းရေး ရယူထားတဲ့ အပစ်ရပ်အဖွဲ့တွေဆီ ချဉ်းကပ်ပြီး သူတို့ရဲ့ ကူညီပံ့ပိုးမှုကို ရယူခဲ့ရပါတယ်။ ဝန်စည်စလွယ် ရိက္ခာတွေကို သူတို့က ပို့ဆောင်ပေးရေး၊ လူနာတွေနဲ့ ကလေးစစ်သားတွေ မလိုက်နိုင်ပါက သူတို့ရဲ့ စခန်းတွေမှာ ထားရှိရေးတို့ကို ညှိနှိုင်းဆောင်ရွက်ရပါတယ်။ ရွာလူကြီးက သဘောကောင်းပါက စေတနာ လုပ်အားပေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပေါ်တာစုရုံးကာ ရှေ့တန်းစခန်းမှာ ရိက္ခာ စုပုံနိုင်ရေးအတွက် နှစ်ပတ် တခါ၊ တလ တခါ ကူညီပေးရတာမျိုးလည်း ရှိပါတယ်။

ဒါ့ကြောင့် စစ်ကြောင်းမှူးတွေဟာ ရွာလူကြီးကို ဖိအားပေးချဉ်းကပ်ရသလို သယ်ဆောင်ပေးတဲ့ ရွာသားတွေကို ကျွေးမွေးရတဲ့ ဒုက္ခလည်း ရှိပါတယ်။ ယခင်က စစ်ကြောင်းမှူးဆိုရင် တောင်ဝှေးကိုင်ပြီး စမတ်ကျကျ လိုက်နိုင်သလောက် အခုခတ်မှာ ၄ လနဲ့ ကျောင်းဆင်းလာတဲ့ စစ်သည်တွေကို စိတ်မချရတော့လို့ စစ်ကြောင်းမှူးကိုယ်တိုင် ရန်သူရှင်းလင်းဖို့ ရှေ့ပြေး (Point) တပ်စိတ်မှာ ရှေ့ဆုံးကနေ တက်နေရပါတယ်။ ဒါ့အပြင် လက်အောက်ခံ တပ်ခွဲတွေကိုလည်း နယ်မြေ စစ်ဆင်ရေး ဧရိယာအလိုက် ဆက်စပ်လှုပ်ရှားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရပါတယ်။ နယ်နိမိတ်ချင်း ထိစပ်နေသော အခြားတပ်ရင်းတွေရဲ့ နယ်မြေ စစ်ဆင်ရေး ဧရိယာတွေမှာ ရန်သူ့သတင်း ဖလှယ်မှုနဲ့ ဟန်ချက်ညီ လှုပ်ရှားမှုတို့ကို ဆောင်ရွက်ရပါတယ်။

ဗျူဟာမှူးနဲ့ အထက်လူကြီးတွေ တပ်ရင်းတွေကို တပ်စစ်လာရင် “ဖား” ဖို့ ဆက်ဆံရေးအပိုင်းဟာ အရမ်းအရေးကြီးပါတယ်။ ယာဉ်တန်းကို ကြိုဆိုတာကအစ ကားပေါ်က အဆင်း၊ ဧည့်ခံကျွေးမွေးရေးနဲ့ Golf ပွဲ အပါအဝင် အိမ်သာတက်တာအဆုံး အစစအရာရာ လိုလေသေးမရှိအောင် ဝတ်ကြီးဝတ်ငယ် အရှင်သခင်သဖွယ် “သတိ” ကို မတ်နေအောင်ဆွဲကာ ပြုစုရတဲ့ ဒုက္ခဟာ ကြီးမားလှပါတယ်။ အရာရှိကြီးကတော် ဈေးဝယ်လိုက်တာကအစ အလိုမကျလို့ ငြူစူငေါက်ငမ်းသွားတာမျိုးလည်း ကြုံတွေ့ရပါတယ်။

တဖန် တပ်ရင်းမှူးတွေဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေကို နားလည်တာ၊ မလည်တာ အပထားလို့ အထက်ဌာနရဲ့ ညွှန်ကြားချက်အတိုင်း အကောင်အထည် ဖော်ရာမှာ မြို့နယ် စိုက်ပျိုးမွေးမြူရေးဌာန ဝန်ထမ်းတွေနဲ့ တိုင်ပင်ညှိနှိုင်း ဆက်ဆံရတဲ့ ဒုက္ခနဲ့လည်း ကြုံတွေ့ရပါတယ်။ ရှေ့တန်းမှာ တာဝန်ကျေပွန်ပြီး နောက်တန်းမှာ နားချင်နေတဲ့ ရဲဘော်တွေရဲ့ ဆန္ဒကို ချိုးဖျက်ကာ အမိန့်အာဏာသုံးပြီး လယ်ကွက်ထဲဆီ အတင်း ဆင်းခိုင်းနေရပါတယ်။ တချို့တပ်ရင်းမှူးတွေကတော့ မိမိရဲဘော် အနားရရေးအတွက် နီးစပ်ရာ လယ်သမားတွေကို ငှားရမ်းကာ သီးစားခ အချိုးအစားအတိုင်း ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြပါတယ်။

ဒါ့အပြင် တပ်နယ်မှူးရုံးက ခေါ်ယူတဲ့အစည်းအဝေး၊ မြို့နယ် မယက၊ ကြံ့ဖွတ်၊ မိခင်နဲ့ ကလေး၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ခေါ်ယူတဲ့ အစည်းအဝေးတွေကို တက်ရောက်ရပြီး သူတို့တောင်းခံတဲ့ အလှူငွေ ထည့်ဝင်ရခြင်းနဲ့ စစ်သည်တွေကို အခမဲ့ လုပ်အားပေးခိုင်းခြင်း စတာတွေကို တပ်ရင်းမှူးဟာ မျက်နှာချိုသွေး ပြုံးပြကာ ဆက်ဆံလုပ်ကိုင်နေကြရပါတယ်။ အလှူငွေခွဲတမ်းတွေ ကျခံရတာမို့ အပိုငွေ ရရှိရေးအတွက် တပ်မှူးတွေက တရားဝင်တာရော၊ မဝင်တာရော ထောင်နှုတ်ခမ်းပေါ် လမ်းလျှောက်ကာ ငွေရေးကြေးရေး ရှာဖွေနေကြရပါတယ်။

တပ်သားသစ် စုဆောင်းရေးကို စစ်ရုံးနဲ့ တိုင်း၊ တပ်မတွေက ဖိအားပေးမှု ကြီးမားလာတာကြောင့် စစ်ဆင်ရေးသဖွယ် လုံးပန်းရှာဖွေရတဲ့ ဒုက္ခဟာလည်း ကြီးမားလှပါတယ်။ တပ်နယ်မှူးရုံးက အရေးပေါ် ရန်သူ့နယ်မြေ ရှင်းလင်းခိုင်းတာရယ်၊ လမ်းကင်း လုံခြုံရေး လုပ်ခိုင်းတာရယ် စတဲ့ အပိုတာဝန်တွေ စေခိုင်းလာတာမို့ အနားယူနေတဲ့ စစ်သည်တွေကို ထုတ်နုတ်ဆောင်ရွက်ပေးရတာတွေ ရှိပါတယ်။

စစ်သည်တွေဟာ အထက်ပါ တာဝန်မျိုးစုံကို နောက်တန်းမှာ ပင်ပန်းဆင်းရဲကြီးစွာ လုပ်ရတာမို့ တပ်မှာ မနေချင်ကြတော့ဘဲ မြို့ပေါ်က တပ်တွေမှာပဲ ထွက်ပြေးတဲ့၊ ခွင့်မဲ့ပျက်ကွက် စစ်သည် များစွာရှိတာ ကြုံတွေ့ရပါတယ်။ ဒါကြောင့် ပြန်တမ်းတွေကို လိမ်ညာ ပေးပို့နေရပြီး ထွက်ပြေးသွားတဲ့ စစ်သည်တွေကို သူတို့ရဲ့ ဇာတိချက်ကြွေ မြို့ရွာတွေဆီ လိုက်လံရှာဖွေကာ ချော့မော့ခေါ်ယူရတဲ့ ဒုက္ခတွေလည်း ရှိပါတယ်။ ရဲဘော်သစ် တယောက် ၁ သိန်းခွဲ ဈေးပေါက်ပါတယ်။ ဒါပေမဲ့ စုတိုင်းမရပါ။ ခွဲတမ်းမပြည့်ပါက တပ်ရင်းမှူးဟာ ဒဏ်ကြေးက တိုင်းစစ်ဌာနချုပ်ကို ရဲဘော်သစ်တယောက် အတွက် ၁ သိန်း ပေးရပါတယ်။ ခွင်မဲ့ပျက်ကွက် စစ်သည်တွေလာလို့ အရေးယူခံလိုက်ရတဲ့ တပ်ရင်းမှူး တဦးဟာ စစ်ဦးစီးတက္ကသိုလ် တက်နေရာမှ ပြန်လာရတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

ဒါ့အပြင် နောက်တန်းသို့ ပြန်နားပါက လေ့ကျင့်ရေး စံနှုန်းတွေနဲ့အညီ ပြန်လည်စုဖွဲ့မှု လေ့ကျင့်ခန်းတွေကိုလည်း တလသာ နားရတဲ့ အချိန်အတွင်း မြေပြင်မှာ ဖြစ်သလို ဆောင်ရွက်ရတာမို့ စာရွက်ပေါ်တွင် လိမ်ညာတင်ပြရတဲ့ ဒုက္ခလည်း ရှိပါတယ်။

ယခင်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေဟာ မိမိတို့တပ်အပေါ် သက်သာချောင်ချိရေးနဲ့ မိမိကိုယ်ကျိုးအတွက် မျှတအောင် ချိန်ဆပြီး လုပ်ပေးနိုင်ပေမယ့် ယခုခေတ် တပ်တွင်း သက်သာ ရန်ပုံငွေတွေ ဖျက်သိမ်းခံလိုက်ရပြီး နောက်ပိုင်းမှာ တပ်ရဲ့ ကောင်းရာကောင်းကြောင်းတွေကို မလုပ်ပေးနိုင်တော့ဘဲ တဆင့်မြင့် ရာထူးတိုးဖို့ သင်တန်းတွေကို အမြန် တက်ရောက်နိုင်ရေးနဲ့ နယ်ဘက်၊ အရပ်ဘက် ပြောင်းရွှေ့ရေးကိုသာ ကြိုးစားနေကြပါတော့တယ်။

0 comments:

Post a Comment