Friday, February 19, 2010

ဘယ်ပါတီလဲ၊ နိုင်ငံရေးငှက်ဖျားလား

မောင်သာနု

( ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ ထစ်ကနဲရှိ ကွဲတတ်ကြသော မြန်မာ့ နိုင်ငံရေး အကြောင်း သင်ခန်းစာ ယူနိုင်ဖို့ မျှဝေပေး လိုက်ပါတယ်။ )

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများသည် သူ့ကျွန်ဘဝ၌ အစပျိုးခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန် အတွက် အဓိက ရည်မှန်းခဲ့ကြသည်။ ပထမဆုံး နိုင်ငံရေးပါတီ အဖြစ် မဟုတ်ဘဲ ဘာသာရေး အသင်းအဖွဲ့များ အဖြစ် ထူးထောင်ခဲ့ ကြသည်။ ဗုဒ္ဓဘာသာ ကလျာဏ ယုဝ အသင်း (ဝိုင်အမ်ဘီအေ) သည် မြန်မာ့နိုင်ငံရေး ပါတီများ၏ ရေသောက်မြစ်ဟု ဆိုက မှားမည် မထင်ပါ။

ဝိုင်အမ်ဘီအေ အသင်းများ၏ ၁၉၂၀ ပြည့်နှစ် ပြည်မြို့ ညီလာခံမှ မြန်မာ အသင်းများ၏ အသင်းချုပ်ကြီး (ဂျီစီဘီအေ) General Council of Burmese Association ဟု ပြောင်းလဲခဲ့သည်။ ဂျီစီဘီအေ ဘဝသို့ ပြောင်းလာ သည်မှစ၍ အသင်းကြီးသည် နိုင်ငံရေး လှုပ်ရှားမှုကို အပြည့်အဝ လုပ်ဆောင်ခဲ့သည်။ မြန်မာ တစ်မျိုးသားလုံး စည်းရုံးခဲ့သည်ဟု ဆိုနိုင်သည်။

မြန်မာလူမျိုး တိုင်းရင်းသားများသည် ယေဘုယျအားဖြင့် အပြင်ပန်း ကြည့်ပါက စည်းလုံးမှု ရှိသည့် အသွင်ကို ဆောင်သည်။ အဘယ်ကြောင့်နည်း။ မြန်မာပြည်သား အများစုသည် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာ၏ အန္တိမ ရည်မှန်းချက်သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ဖြစ်သည်။ ပရမတ္တ သစ္စာပင် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ တွင် တူညီသော ရည်မှန်းချက် ရှိပြီးဖြစ်သည်။

ဤသည်မှာ မြန်မာလူထုအပေါ် ယေဘုယျရှုမြင်ခြင်း ဖြစ်သည်။ သို့ရာတွင် ဤရည်မှန်းချက်သို့ သွားနေကြသည့် မြန်မာ လူမျိုးများသည် ဦးတည်ချက် တစ်ခုတည်းသို့ သွားနေစဉ်ပင်လျှင် မသင့်မြတ်ကြ စိတ်ဝမ်းကွဲကြသည်။ ရွာတစ်ရွာတွင် အိမ်ခြေ ၁၀၀ ရှိပါက ဟိုဘက် ၃၀ ဒီဘက် ၇၀ ဖြင့် ကျောင်းကွဲကြသည်။ တစ်ရွာလျှင် ကိုးကွယ်သည့် ကျောင်း နှစ်ကျောင်း တချို့ဆိုလျှင် သုံးကျောင်း ဖြစ်နေသည်။ နိဗ္ဗာန် မဂ်ဖိုလ်သို့ ပို့ပေးမည့် ရွာဦးကျောင်းမှ ဆရာတော် များပင်လျှင် ကွဲကုန်ကြတော့သည်။ ဤသို့ဆိုလျှင် နိုင်ငံရေးတည်း ဟူသော သမုတိသစ္စာအရာ၌ကား ကွဲပြဲကြသည်မှာ မဆန်းတော့ပြီ။ ပညာရှင်များက မြန်မာတွေ နိုင်ငံရေးအသိ မကြွယ်ကြသေးဟု ဝေကြသည်။ သို့ရာတွင် နိုင်ငံရေး၌ ကွဲကြ၊ ပြဲကြသည်မှာ အောက်ခြေလူထု မဟုတ်ပါ၊ ထိပ်ပိုင်းမှ ခေါင်းဆောင်များ ကွဲပြီးမှ အောက်က လိုက်ပြီး ကွဲခဲ့ကြရခြင်း ဖြစ်သည်။ နိုင်ငံရေးကို မသိသော လူထုက မကွဲ၊ နိုင်ငံရေးကို သိမြင်ကြသော ခေါင်းဆောင်များ ကွဲကြခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေးကို မျိုးစေ့ချ၊ အပင် ပေါက်စေခဲ့သော ဂျီစီဘီအေ အသင်းချုပ်ကြီးသည် လေးပါတီ ကွဲခဲ့သည်။ ပထမဆုံးကွဲခြင်းမှာ ၁၉၂၂ ခုနှစ် မြန်မာနိုင်ငံအား အင်္ဂလိပ်က ဒိုင်အာခီ အုပ်ချုပ်ရေး ပေးမည်၊ ဒိုင်အာခီ ရွေးကောက်ပွဲသို့ ဝင်ပြိုင်၊ မပြိုင် သဘော ကွဲလွဲခဲ့ကြသည်။ ဂျီစီဘီအေ ဥက္ကဌ ဦးလှိုင်၊ သာယာဝတီ ဦးပုနှင့် ငွေထိန်း ဦးထွန်းအောင်ကျော်တို့ အဖွဲ့က ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်သည်။ ဒုတိယ ဥက္ကဌ ဦးဘဘေနှင့် အဖွဲ့သား ၂၁ ဦးတို့က ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုသည်။ ထို့ကြောင့် ဂျီစီဘီအေ အသင်း ချုပ်ကြီး နှစ်ခြမ်း ကွဲခဲ့ရသည်။၂၁ ဦးအဖွဲ့နှင့် ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့၏ လှိုင်-ပု-ကျော် ဂျီစီဘီအေဟု ကွဲသွားခဲ့သည်။

ဤတွင် ရပ်မနေသေးပါ။ ၁၉၂၅ ခုနှစ် လှိုင်ပုကျော် ဂျီစီဘီအေ အသင်းကြီး ညီလာခံ၌ ဥက္ကဌ၏ ငွေကြေး သုံးစွဲမှုကို မကျေနပ်၍ ထပ်မံကွဲပြန်ရာ လှိုင်ပုကျော်မှာ ဦးစိုးသိမ်းကို ဥက္ကဌ အဖြစ် တင်မြှောက်ကာ ထပ်မံ ခွဲထွက်ပြန်သည်။ ဂျီစီဘီအေ သုံးဖွဲ့ ဖြစ်ခဲ့ရသည်။

နောက်ထပ် တစ်ဖန် ၁၉၂၉ ခုနှစ် အရောက်တွင် ဦးစိုးသိမ်းက ဂျီစီဘီအေက မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ပါက အခွန် မပေးရန်နှင့် နိုင်ငံ့ဝန်ထမ်း အဖွဲ့ဖွဲ့ရန် ဆုံးဖြတ်ခဲ့သဖြင့် အစိုးရကို ပုန်ကန်သည်ဟု ယူဆသဖြင့် သဘောမတူ သူများက ခွဲထွက်ခဲ့ ကြပြန်သည်။ ခွဲထွက်အဖွဲ့က ဂျာမနီပြန် ဦးစုကို ဥက္ကဌတင်ကာ သီးခြား ဂျီစီဘီအေ ဖွဲ့ခဲ့သဖြင့် ဂျီစီဘီအေ အသင်းချုပ်ကြီးသည် လေးဖွဲ့ကွဲ သွားခဲ့တော့သည်။

ထူးခြားမှုတစ်ခုမှာ ၂၁ ဦး ဂျီစီဘီအေတို့သည် ဒိုင်အာခီ အုပ်ချုပ်ရေး၌ ရွေးကောက်ပွဲဝင်ခဲ့ကြရာ ပထမအကြိမ်၌ နေရှင်နယ်လစ် ပါတီ ဟု အမည်ခံ၍ ရွေးကောက်ပွဲ ဝင်ခဲ့ကြပြီ။ ဒုတိယ အကြိမ်တွင် ပြည်သူ ပြည်သား ပါတီ ဟု အမည် စာတင်ကာ ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။ သို့သော် ဂျီစီဘီအေ အသင်းချုပ်ကြီးသည် ၂၁ ဦးဂျီစီဘီအေ၊ လှိုင်ပုကျော် ဂျီစီဘီအေ၊ ဦးစိုးသိမ်း ဂျီစီဘီအေနှင့် ဦးစု ဂျီစီဘီအေဟူ၍ လေးဖွဲ့ ကွဲနေခဲ့ရာ မြန်မာ့ အရေးကို နယ်ချဲ့နှင့် အရေးဆိုရာတွင် ထိရောက်မှု မရှိတော့ပါ။

၁၉၂၀ ပြည့်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသား သပိတ် ပေါ်လာခဲ့သည်။ ဒီဇင်ဘာလ သပိတ်ပြီး၍ တချို့ကျောင်း ပြန်တက်ခဲ့ကြပြီး တချို့ကမ္ဘာ့ဖြစ်ရပ်များ၊ အထူးသဖြင့် ရုရှား၌ အလုပ်သမားများ တော်လှန်ရေး အောင်မြင်မှု၊ ဂျာမနီ အလုပ်သမားများ ပုန်ကန်မှု စသည့် လက်ဝဲ စာပေများကို လေ့လာကြကာ မြန်မာနိုင်ငံကို မျိုးချစ် စိတ်ဓါတ် ရှင်သန် လာအောင် လုပ်ဆောင်ခဲ့ကြသည်။

ထိုအချိန်၌ ဝံသာနုဂျီစီဘီအေ လူကြီးများလည်း အမျိုးမျိုကွဲ၍ အင်အား နည်းသွားပေပြီ။ မြန်မာ့ နိုင်ငံရေး မရေမရာ ဖြစ်နေသည်။ ၁၉၃၀ ပြည့် ပတ်ဝန်းကျင်၌ ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် မြန်မာ လယ်သမားတို့ ဒုက္ခရောက်ခဲ့သည်။ အလုပ်သမားများလည်း လစာ မှန်မှန်မရကြ။ ထို့ကြောင့် ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန် ဆိပ်ကမ်း ကုန်တင် ကုန်ချ အလုပ်သမားများ သပိတ်မှောက်ကြသည်။ စတီဗီဒိုဆိပ်ကမ်း အလုပ်သမားများမှာ ကျူလီယာ ကုလားများ ဖြစ်သည်။ ကုလားများ သပိတ်မှောက်၍ မြန်မာ အလုပ်သမား ၂၀၀၀ ဆိပ်ကမ်း၌ အလုပ် ဝင်လုပ်ကြသည်။

ဤနေရာ၌ မှတ်သားစရာ တစ်ခုတွေ့ရသည်။ ကျွန်တော်သည် အလုပ်သမား အစည်းအရုံး သမိုင်းပြုစုရန် အတွက် ကြည့်မြင်တိုင်ရှိ သခင်လှကျွေ ထံသို့သွား၍ မေးမြန်းခဲ့သည်။ သခင်လှကျွေမှာ ထိုစဉ်က စတီဗီဒို အလုပ်သမား ခေါင်းဆောင် ဖြစ်သည်။ သူက ဆိပ်ကမ်း၌ မြန်မာ အလုပ်သမား များများ ရအောင် ထိုစဉ်က နာမည်ကြီး လမ်းမတော် ဖိုးတုတ်က အများကြီး ကူညီခဲ့သည်ဟု ဆိုသည်။ ကုလားများက အစိုးရနှင့် ညှိ၍ မူလလစာ တိုးတောင်း သပိတ် မှောက်နေသည်ကို တစ်လကို ၁၂ ကျပ်ဖြင့် အလုပ်လုပ်၍ သပိတ်လှန် လိုက်သည်။ ထိုအခါ ၎င်းတို့နေရာ၌ အလုပ်လုပ် နေကြသည့် မြန်မာများကို ပြဿနာ ရှာခဲ့ရာမှ ကုလား - ဗမာ အဓိကရုဏ်း စခဲ့သည်။ လမ်းမတော် ဖိုးတုတ်နှင့် တပည့်များက ဤအရေး၌ တက်ကြွစွာ ပါဝင်ခဲ့သည်ဟု သခင် လှကျွေက ပြောပြခဲ့သည်။

၁၉၃၁ ခုနှစ်တွင် တရုတ်-ဗမာ အဓိကရုဏ်း ဖြစ်ပြန်သည်။ ထို့ကြောင့် မြန်မာ လူမျိုးတို့ နေရာတကာ အနှိမ်ခံ နေကြရသဖြင့် မျိုးချစ်လူငယ်များ စိတ်၌ မကျေမနပ် ဖြစ်လာကြသည်။ တက္ကသိုလ် ကျောင်းသား ကိုဘသောင်း၊ ကိုလှဘော်တို့ ဦးစီးကာ မြန်မာတို့သည် ကျွန်သပေါက် ဖြစ်နေရသည်၊ ငါတို့သည် သခင်စိတ် မွေးရမည်ဟု ဆိုကာ သခင်မျိုးဟေ့ တို့ဗမာဟု ကြွေးကြော် ခဲ့ကြသည်။ ကုလား-ဗမာ အဓိကရုဏ်းကို အကြောင်းပြု၍ တို့ဗမာ သခင် လူငယ်များ ဗိုလ်တထောင် ဘောလုံးကွင်း၌ စစ်ရေးပြခဲ့ကြသည်။ ထို့အပြင် ကုလား -ဗမာ အဓိကရုဏ်းကြောင့် မျိုးချစ်စိတ် ပြင်းပြခဲ့ကြသည့် လူငယ်များသည် ဗမာလူထုကို တပ်လှန့် နိုးဆော် လိုက်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ စာတမ်း၌ “ ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာ စကားသည် တို့စကား၊ ဗမာပြည်ကို ချစ်ပါ၊ ဗမာစာကို ချီးမြှင့်ပါ၊ ဗမာ စကားကို လေးစားပါ ’’ ဟု အဆုံးသတ် ထားသည်။ တာဝန်ခံ သခင် ဘသောင်း အမှတ် ၃၃ ရေတာရှည် လမ်းဟောင်းဟု ဖော်ပြထားသည်။

တို့ဗမာအစည်းအရုံးကို စတင်ဖွဲ့စည်းကာ သခင်ဘသောင်းမှာ အတွင်းရေးမှူးဟုသာ အမည်ခံခဲ့သည်။ အမှန်တကယ် အသင်းအဖြစ် စနစ်တကျ ဖွဲ့သောအခါ သခင် ဘသောင်းသည် သာမန် အမှုဆောင်သာ လုပ်ခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ ဆရာကြီးအား တို့ဗမာ အစည်းအရုံး ကွဲရခြင်း၊ ဆရာကြီး အစည်းအရုံး၌ ဥက္ကဌ မလုပ်ခြင်းတို့ကို ၁၉၇၂ ခုနှစ်က မေးမြန်းခဲ့သည်။ ထိုစဉ်က ဆရာကြီးသည် ကျွန်တော်တို့ကို သင်တန်း ပို့ချသည့် ဆရာတစ်ဦး ဖြစ်ခဲ့သည်။ ဆရာကြီးက “ဒါတွေ မမေးကြပါနဲ့ တော့ကွာ၊ လူများ အကြောင်းကို မကောင်း ပြောသလို ဖြစ်ပါလိမ့်မယ်၊ ကိုယ့်ကိုယ်ပဲ ချီးမွမ်းတာ မဖြစ်စေချင်ဘူး’’ ဟု ဆရာကြီးက ပြောပြ ခဲ့ဘူးသည်ကို အမှတ်ရမိ နေပါသည်။

တို့ဗမာအစည်းအရုံးသည် ဝံဿနု ဂျီစီဘီအေတို့ အားနည်းချိန်၌ မြန်မာ လွတ်လပ်ရေး အတွက် ဦးဆောင် ခဲ့ကြသည်။ ရေနံမြေသပိတ် ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် စသည့် အမျိုးသားရေး လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကြသည်။ သို့သော် တက်ကြွသော၊ မျိုးချစ်စိတ်ရှိသော တို့ဗမာ အစည်းအရုံးသည် နှစ်ခြမ်း ကွဲခဲ့ပါသည်။ ပုဂ္ဂိုလ်ရေးလား၊ ဝါဒရေးလား ရောထွေးနေသည်။ သခင် ကိုယ်တော်မှိုင်း ဦးဆောင်သည့် မှိုင်းသခင်နှင့် သခင် ထွန်းအုပ်၊ သခင်ဗစိန် တို့ ဦးဆောင်သည့် သခင်ဟု၍ ကွဲသွားခဲ့သည်။

၁၉၃၈ ခုနှစ်၊ မတ်လ၊ ၂၂-၂၄ ပြည်မြို့မှာ ကျင်းပသည့် မျက်နှာဆုံညီ ညီလာခံ၌ ပြဿနာစခဲ့သည်။ တို့ဗမာ အစည်းအရုံးကို ညီလာခံမတိုင်မီ အမှုဆောင် ကိုယ်စားလှယ်များ ချည်းသာပါသည့် ခန်းတွင်းညီလာခံကို အရင် ကျင်းပသည်။ ထိုညီလာခံမှ အမှုဆောင်အဖွဲ့ကို လျာထား သတ်မှတ်ကာ ညီလာခံကြီး၌ အတည်ပြုသည်။ ခန်းတွင်းညီလာခံ၌ အစည်းအရုံး ဥက္ကဌကို သခင် ထွန်းအုပ်ကို လျာထားသည်။ သို့ရာတွင် ညီလာခံ မတိုင်မီ သခင်ထွန်းအုပ် အဖမ်းခံရသဖြင့် နောက်ထပ် ဥက္ကဌ နေရာကို လျာထားရာ ဥက္ကဌ သခင် လေးမောင်နှင့် အမှုဆောင်အချို့က သခင် သိန်းမောင်ကို ဥက္ကဌ တင်လိုသည်။ သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့က သခင်ညီကို ဥက္ကဌ ပေးလိုသည်။ နှစ်ဖက်လုံး ဆွေးနွေးကြပြီး မဲပေးခဲ့ကြရာ မဲတူနေသည်။ နောက်ဆုံ ဥက္ကဌ သခင် လေးမောင်က မဲတစ်မဲ ထပ်ပေးရာ သခင် သိန်းမောင် ဖြစ်သွားသည်။ ပြဿနာက ဤတွင်မပြီးသေး၊ ညီလာခံ ပြီးသည်နှင့် သခင်သိန်းမောင်က သခင်ဗစိန်နှင့် အပေါင်းအပါ သခင်များကို အစည်းအရုံးမှ ထုတ်ပယ်ကြောင်း ကြေညာသည်။ အမှုဆောင် ဆုံးဖြတ်ချက်မရှိဘဲ သူ့တစ်ဦးတည်း ဆုံးဖြတ်သည်။ သခင် ကိုယ်တော်မှိုင်းက စေ့စပ် ဆုံးဖြတ်သော်လည်း မရဘဲ တို့ဗမာ အစည်းအရုံး နှစ်ခြမ်း ကွဲသွားခဲ့သည်။

၁၉၃၈ ခုနှစ်၊ နိုဝင်ဘာ ၂၀-၂၂ ရွှေတိဂုံ မော်လမြိုင် ဇရပ်၌ ပြုလုပ်သည့် တို့ဗမာ အစည်းအရုံး အစည်းအဝေးက ဥက္ကဌ သခင် ထိပ်တင်ကြီး အထွေထွေ အတွင်းရေးမှူး သခင် အောင်ဆန်း၊ ဝါဒဖြန့်ချိရေး သခင်နုတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

အလားတူ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် သာယာဝတီ သုံးဆယ်မြို့၌ ပြုလုပ်သည့် တို့ဗမာ အစည်း အရုံး ညီလာခံက ဥက္ကဌ သခင်ထွန်းအုပ်၊ အထွေထွေ အတွင်းရေးမှူး သခင်ဗစိန် ၊ ငွေထိန်း သခင်ဗဂွမ်းတို့ဖြင့် အဖွဲ့တစ်ခု ဖွဲ့ခဲ့သည်။ တို့အချိန်မှ စ၍ တို့ဗမာ အစည်းအရုံးချုပ် နှစ်ခြမ်းကွဲသွားခဲ့ တော့သည်။

ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားခါနီးတွင် “ အင်္ဂလိပ် အခက် ဗမာအချက်” ဟုဆိုကာ တို့ဗမာအစည်းအရုံးဝင်တို့ လှုပ်ရှားခဲ့ ကြသည်။ အင်္ဂလိပ်ကို လက်နက်ကိုင် တော်လှန် မောင်းထုတ်ရန် ဖြစ်သည်။ သခင်ကိုယ်တော်မှိုင်း၊ သခင်တို့က ဒေါက်တာ ဘမော်၏ ဆင်းရဲသား ဝံဿနုအဖွဲ့နှင့် ပေါင်းကာ ဗမာ ထွက်ရပ်ဂိုဏ်း ဖွဲ့ခဲ့သည်။ ဒေါက်တာ ဘမော် ဥက္ကဌ သခင် အောင်ဆန်းက အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။

သခင်ဗစိန်အုပ်စု သခင်တို့က ရန်ကုန်မြို့ရှိ ဂျပန် ထောက်လှန်းရေး သွားစိုက် ဆရာ ကိုဘိုဆူးမှ တစ်ဆင့် ဂျပန်ရေတပ်က ဖျာပုံမြစ်ဝသို့ လက်နက်ချပေးရန် ဆွေးနွေးသည်။ သို့ရာတွင် ဂျပန်တို့က ဗျူဟာ ပြောင်းကာ ဗမာပြည်ကို ဂျပန် ကြည်းတပ်က ဗိုလ်မှူးကြီး ဆူးဇူကီး ဦးဆောင်၍ ဝင်တိုက်မည်။ ဤအတွက် သူပုန်ထရန် လူငယ်များ ဂျပန်သို့ စစ်ပညာ သင်လွှတ်ဟု ဆိုလာသည်။ တို့ကြောင့် ရဲဘော် သုံးကျိပ် ပေါ်လာခဲ့သည်။ တို့ဗမာ အစည်းအရုံး နှစ်ခုလုံးမှ လူငယ်များ ပေးပို့ခဲ့ကြသည်။ ကိုယ့်အဆက် အသွယ်နှင့်ကိုယ် ပို့ခဲ့ကြသည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်များမှ ၈ ဦးပါသည်။ သခင်ရှုမောင်(ဗိုလ်နေဝင်း)၊ ဗိုလ်စကြာ၊ ဗိုလ်မှူး မြင့်ဆွေ၊ သခင်ထွန်းအုပ် စသူတို့ပါသည်။ ကျန် ၂၂ ဦးမှာ သခင်အောင်ဆန်း ဦးဆောင်သည့် မှိုင်းသခင်အဖွဲ့မှ ဖြစ်သည်။

ဂျပန်၌ စစ်ပညာသင်ကြာစဉ် (ဗိုလ်တေဇ) ဗိုလ်ချုပ်အောင်ဆန်းက အစည်းအရုံး နှစ်ခုလုံးမှ ပါလာကြ၍ နောင်ကိုလည်း ပိုမိုချစ်ခင် ရင်းနှီးစွာ လုပ်ကိုင် နိုင်ရန်ဟု ဆိုကာ ဗိုလ်နေဝင်းကို သူ၏ လက်ထောက် အဖြစ် တာဝန်ပေးခဲ့သည်ဟု ဆိုသည်။

လွတ်လပ်ရေး တိုက်ပွဲသည် ဒုတိယကမ္ဘာ့စစ် ကာလအတွင်း အထွတ်အထိပ် ရောက်ခဲ့သည်။ သခင်အောင်ဆန်း ဦးစီး၍ ဖွဲ့ထားခဲ့သော တို့ဗမာ သခင်များ၏ ကွန်မြူနစ် ပါတီမှလည်း မြေအောက် လုပ်ငန်းများကို ဦးဆောင် လုပ်သည်။ ဖတပလ - ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြန် သည်။ နောင်တွင် ဖက်ဆစ် ဆန့်ကျင်ရေးဟု ပြောင်းကာ (ဖဆပလ) အဖွဲ့ဟု ဖြစ်ခဲ့သည်။

တို့ဗမာသခင်များသည် ဂျပန်တို့ ဗမာပြည်ကို သိမ်းသည့် အချိန်တွင် ရဲဘော် သုံးကျိပ်အဖြစ် စစ်ရေး၌ ပါဝင် သကဲ့သို့ သခင်ထွန်းအုပ်က အုပ်ချုပ်ရေးကို တာဝန်ယူ၍ မြန်မာပြည် အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ အင်္ဂလိပ် ပြေး၍ ဂျပန် အုပ်ချုပ်စဉ် ကာလ တစ်လျှောက် မြန်မာ နိုင်ငံရေး၌ အကွဲ လက္ခဏာ မပျောက်ပါ။ ဂျပန်ပြေး၍ ဗြိတိသျှ ပြန်ဝင်လာချိန်၌ ဗိုလ်ချုပ် အောင်ဆန်းသည် ဖဆပလ ခေါင်းဆောင် အဖြစ် အစိုးရအဖွဲ့၌ ပါခဲ့သည်။ ထိုအချိန်၌ ဝံသာနုအဖွဲ့ကလည်း အာဏာ လိုချင်သည်။ ဂဠုန်အဖွဲ့ ကလည်း အာဏာ လိုချင်သည်။ ဖဆပလ အဖွဲ့ တောင်း၍ နေရာ ဝင်ယူ နေသည်ကို သိပ်ပြီး မလိုလားခဲ့ကြပါ။ ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံ ရသည် အထိ ဖြစ်ခဲ့ရသည်။ နယ်ချဲ့၏ လှည့်ကွက်ဟု ဆိုသော်လည်း လူတွင်ပါ၍ နွားကျားကိုက် ခံရခြင်းသာ ဖြစ်သည်။ ကျားကို ချည်း အပြစ်မဆိုသာပါ။

လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်၌ ရောင်စုံပါတီများ ပေါ်သည်။ ပေါ်သမျှပါတီ ညီညွတ်မှုမရှိသလောက် ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ တောမခိုမီ သခင် သန်းထွန်းနှင့် သခင်စိုး ကွဲ၍ အဖြူ အနီပါတီ များဖြစ် သွားသည်။ နောက်ဆုံး ပျက်သည် အထိပင်။

ဖဆပလ ကလည်း တည်မြဲ သန့်ရှင်း ကွဲသည်။ သခင်များထဲမှ လက်ဝဲယိမ်းသူများက ပမညတဟု တစ်ပါတီ ဖြစ်သည်။ အလုပ်သမား လယ်သမား ပါတီများလည်း ရှိသေးသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီ ရေစီးကြောင်းသည် ဂျီစီဘီအေအသင်းချုပ်ကြီး၊ ထိုမှ တို့ဗမာ အစည်းအရုံး၊ ထိုမှ ဖဆပလ ဟုဤ သို့ ဆင်းသက် လာခဲ့ခြင်းဖြစ်ရာ လမ်းကြောင်း တစ်လျှောက် ကွဲကြသည်ချည်း ဖြစ်သည်။

သန့်ရှင်း ဖဆပလ အစိုးရတက်လာ ပြီးနောက် ပြည်တွင်း ညီညွတ်ရေး ပျက်ပြားသည်ဟု ဆိုကာ ဗိုလ်နေဝင်းက ၁၉၆၂ ခု မတ်လ ၂ ရက်နေ့တွင် ဦးနု အစိုးရကို ဖြုတ်ချခဲ့သည်။ ဗိုလ်နေဝင်းသည် လမ်းစဉ် ပါတီကို ထူထောင်၍ တစ်ပါတီ စနစ်ဖြင့် မြန်မာနိုင်ငံကို ဆိုရှယ်လစ် စနစ် ထူထောင်သည်။ လမ်းစဉ်ပါတီကို ခိုင်မာအောင် လုပ်သည်။ ရွေးချယ် တင်မြှောက်ပုံကို တို့ဗမာ အစည်းအရုံးပုံစံနှင့် တူသလိုရှိသည်။ ပါတီညီလာခံ မတိုင်မီ ဗဟို ကော်မတီများ အစည်းအဝေးမှ နောက်ထပ် ပါတီဗဟို ကော်မတီနှင့် ဥက္ကဌ အတွင်းရေးမှူးကို လျာထားသည်။ လျှို့ဝှက် မဲစနစ်နှင့် ဖြစ်သည်။ လမ်းစဉ်ပါတီ၏ မူလဖွဲ့စည်းပုံကို လေးနှစ် တစ်ကြိမ် ဗဟိုကော်မတီ ရွေးချယ်ရာ၌ ၄၅ ရာခိုင်နှုန်းကို သွေးသစ်လောင်း၍ လူသစ်များ ပါရမည်ဟု ချမှတ်ခဲ့သည်။ ထို့ကြောင့် ဖြုတ်ရမည့် လူဟောင်း ၄၅ ရာခိုင်နှုန်းကို ဗဟိုကော်မတီများ အချင်းချင်း မဲပေး၍ ရွေးချယ် ဖြုတ်ကြရသည်။

သို့ရာတွင် ပါတီတွင်း မဲဆွယ် စည်းရုံးခြင်း မပြုရ၊ ဟိုလူကို မဲပေး၊ ဒီလူကို မပေးရ စသည့် အုပ်စု ဖွဲ့ခြင်း မလုပ်ရဟုလည်း တားမြစ်ထားခဲ့သည်။ လက်တွေ့ မဲပေးသော အချိန်တွင် တချို့ ခေါင်းဆောင်များက စည်းရုံးရေး လျှို့ဝှက်ပြုလုပ်ကာ မကြိုက်သူများကို လျှို့ဝှက်မဲဖြင့် ဖြုတ်ခဲ့ကြသည်။

ဤပြဿနာမှာ လမ်းစဉ်ပါတီ၏ ဒုတိယ အကြိမ် ညီလာခံ၌ ဖြစ်ပေါ်ခဲ့သည်။ အလွန် ညီညွတ် ပါသည် ဆိုသော၊ စနစ်ကျ ပါသည် ဆိုသော လမ်းစဉ်ပါတီ အတွင်း၌ပင်လျှင် အုပ်စုကွဲများ စုန်းပြူများပါလာသေးသည်။ ထို့ကြောင့် ၄၅ % သွေးသစ်လောင်း ဥပဒေကို ဦးနေဝင်းက ပထမအကြိမ် အရေးပေါ် ပါတီ ညီလာခံခေါ်၍ ကမ္ဘာ့အေး ကုန်းမြေညီလာခံ၌ ပယ်ဖျက်ခဲ့သည်။ ပါတီ သန့်စင်ရေးဟု အမည်တပ်ကာ ရှင်းပစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ လမ်းစဉ် ပါတီသည် မိမိလက်ဝယ်ရှိ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို မိမိ ဘာသာဖျက်ခဲ့၍ ဗဟိုဦးစီး ဆန်သည့် အခြေ အနေ ရောက်ခဲ့ရသည် ဆိုက မှားမည်မထင်ပါ။

၁၉၈၈ ခုနှစ်သည် မြန်မာ့နိုင်ငံရေး၌ နိုင်ငံရေး ပိုးအထကြွဆုံး အချိန်ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ ၂၆ နှစ်တိုင်တိုင် တစ်ပါတီ စနစ်ကို မကြိုက်ကြတော့၍ လူထုအုံကြွမှု ဖြစ်လာခဲ့ရသည်။ လမ်းစဉ်ပါတီနှင့် ဆိုရှယ်လစ် အစိုးရပျက်သုဉ်း ခဲ့ရသည်။

ပါတီစုံလား တစ်ပါတီလားဟု ပါတီမပျက်မီ ပြည်လုံးကျွတ်ဆန္ဒယူရန် ဦးနေဝင်းက လမ်းထွင်ပေးခဲ့သော်လည်း တပည့်များက လမ်းမလျှောက် တတ်၍ တရွတ်တိုက် လဲခဲ့ရသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အစိုးရက ပါတီ စုံဒီမိုကရေစီအတွက် ရွေးကောက်ပွဲ ပြုလုပ်၍ ပါတီများဖွဲ့ရန် ကြေညာခဲ့သည်။ မြန်မာနိုင်ငံ သမိုင်း၌ အများဆုံးသော အများဆုံးသော ပါတီ အရေအတွက် ထွက်ပေါ်ခဲ့သည်။ ပါတီပေါင်း ၂၀၀ ကျော်သည်။ လူအမျိုးမျိုး နိုင်ငံရေး သမားဟောင်း အမျိုးမျိုး အဖြူ၊ အနီ၊ အဝါ၊ အပြာ အားလုံးစုံသည်။ ဘယ်ပါတီမှ ခိုင်မာသော လမ်းစဉ်မရှိကြ၊ အာဏာရဖို့သာ အဓိကဖြစ်သည်။ ကြုံ၍ ရှင်းပြခြင်း ပါသည်။ ကျွန်တော်၏ မိတ်ဆွေ ရှေ့နေ တစ်ဦးလည်း ပါတီဥက္ကဌ ဖြစ်သွားသည်။ သူသည် ရှေ့နေပီပီ အပြောကောင်း၊ အဟောင်းကောင်း၍ ပုဇွန်တောင် ကြက်တန်းနှင့် မြေနီကုန်းကြက်တန်းမှ ကုလားများ အထောက်အပံ့ဖြစ် ပါတီမှတ်ပုံတင်လိုက်သည်။ ပါတီ ဥက္ကဌကြီး ဆိုပြီး မြောက်ကြွဖြစ်နေခဲ့သည်ကို မြင်ယောင်မိပါသည်။

အလားတူ ခါတော်မီ ပါတီများပေါ်လာခြင်းသည် မြန်မာလူ့ဘောင်၌ မွန်းကျပ်နေသည့် သဘောကို ဖေါ်ပြ ခဲ့သည်။ တစ်နည်း နိုင်ငံရေး ငှက်ဖျားတက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးမှ နိုင်ငံရေး ငှက်ဖျား ပြန်ကျခဲ့သည်။

မြန်မာနိုင်ငံ၌ နာမည်ကြီး ငှက်ဖျားနှစ်မျိုးရှိသည်။ ဖာစီပါရန်နှင့် ဗိုင်ဗာ့စ်ဟူ၍ ခေါ်သည်။ ဗိုင်ဗာ့စ် ငှက်ဖျားပိုးများ အသည်းထဲက ထွက်၍ မျိုးပွားချိန် ချမ်းတုန်၍ အဖျားတက်သည်။ တစ်နာရီ၊ နှစ်နာရီတတ်ပြီး ပိုးများ ပြန်ငုပ် သွားသည်။ အဖျားလည်း ကျသွားသည်။ သိပ်ဒုက္ခမပေး သွေးအားနည်းရုံသာ ဖြစ်သည်။ ဖာစီပါရန်က ဤသို့ မဟုတ် တတ်ပြီးဆိုလျှင် ကြမ်းသည်၊ ငယ်ထိပ်၊ဦးနှောက်ထဲသို့ ပိုးဝင်သည်အထိ ပြင်းထန်သည်။ ဆေးမမှီဝဲ ပါက ဦးနှောက်ပျက်၍ အပူရှိန် တတ်ပြီး သေဆုံးသည်။ ဆေးဝါး ကုသ၍ မသေပါကလည်း လူက ကြောင်တောင် တောင်ဖြစ်သည်။ ပုံမမှန်ဖြစ်တတ်သည်။

ယခုမြန်မာ့နိုင်ငံရေး ငှက်ဖျားမှာ ဖာစီပါရန် နိုင်ငံရေး ငှက်ဖျားပိုးဝင်သူများသည်။ နိုင်ငံရေးငှက်ဖျား ဦးနှောက်ကို ရောက်၍ သေဆုံးခဲ့ကြပြီ၊ ဗိုင်ဗာ့စ် နိုင်ငံရေး ငှက်ဖျားက တတ်လိုက်ကျလိုက် ကျန်နေသည်။ သို့သော် တက်အားတောင့်တင်းစွာ လုပ်လိုပါက ငှက်ဖျားပိုးကို အလျင်ကုသရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရေးပါတီတွင် ဤမျှ လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သို့သော် ဘယ်ပါတီကောင်း၍ ဘယ်သူနောက်ကို လူထုက လိုက်ရ မလဲဆိုသည်ကို သိဖို့လိုပါသည်။

ပါတီတစ်ခုသည် နိုင်ငံရေးလမ်းစဉ် ရည်မှန်းချက် တိကျခိုင်မာ၍ တိုင်းပြည်နှင့် လူမျိုးကို ကြီးပွားချမ်းသာအောင် လုပ်ပေးနိုင်ရပါမည်။ ပါတီခေါင်းဆောင်တိုင်းက တိုင်းပြည်နှင့် လူမျိုးအတွက်ဟု ပြောကြသည်ချည်းသာ ဖြစ်သည်။ လက်တွေ့လုပ်သော အခါ ကိုယ်ကျိုးက ပိုများလာကြသည်။ မြန်မာ့နိုင်ငံရေး ပါတီများကို အကဲခတ် နိုင်ရန် အထက်တွင် နိုင်ငံရေးပါတီ သမိုင်းအကြောင်းအကျဉ်းကို ကျွန်တော်အစီရင်ခံခဲ့ခြင်း ဖြစ်ပါသည်။

မကြာသေးမီကာလ၌ ရွေးကောက်ပွဲ ကျင်းပတော့မည်။ ပါတီထူထောင်ခွင့် ပေးခဲ့လျှင် နိုင်ငံရေး ငှက်ဖျားများ ထလာကြဦးမည်။ ဖာစီပါရန် နိုင်ငံရေး ငှက်ဖျားများ မဖြစ်ကြဖို့ လိုသည်။ ကျွန်တော်တို့ ဘယ်သူ့ ဆရာ တင်ရမည် ဆိုသည်ကို ဆုံးဖြတ် နိုင်အောင် တိကျသော ရည်မှန်းချက်ဖြင့် ကိုယ်ကျိုး မဖက်သော နိုင်ငံရေး ပါတီများ ဖြစ်ပါစေဟု ဆုတောင်းပါသည်။ ပါတီတိုင်းက ဒီမိုကရေစီဟု ပြော၍ စည်းရုံးကြမည်။ ကွန်မြူနစ်များက ကွန်မြူနစ် ဒီမိုကရေစီဟု ပြော၍ စည်းရုံး လာမည်လား မပြောတတ်ပါ။ မည်သို့ပင် ဖြစ်စေ နိုင်ငံသားတိုင်းသည် ပါတီနှင့် မကင်း ပါတီ လုပ်ငန်းကို၊ လုပ်ခွင့်ရှိပါသည်။ သို့ရာတွင် ကိုယ်ကျိုးရှာ ပါတီမဖြစ်ဖို့က အဓိက ဖြစ်ပါကြောင်း ။

မောင်သာနု

0 comments:

Post a Comment