Friday, February 19, 2010

ဒီမိုကရေစီ၏ အလှတစ်ပါး

ကျော်ဝင်း

အကွဲအပြဲဇာတ်လမ်း

(၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလထုတ် The Waves မဂ္ဂဇင်းမှာဖော်ပြထားတဲ့ ဆရာကျော်ဝင်းရဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကို မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များနဲ့ တွေးဆ ဖော်ပြထားတဲ့ ဆောင်းပါးကောင်းလေး ဖြစ်ပါတယ်။ )

မိတ်ဆွေကြီး ကိုနေမျိုး (တကောင်းစာပေ)၏ ကျေးဇူးကြောင့်၊ ပြန်ဖတ်ချင် နေသော စာအုပ်တစ်အုပ်ကို ချိန်ခါသင့် ဖတ်ခွင့် ရလိုက်သည်။ တကယ့်ဝါရင့် သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း၏ နာမည်ကျော် ‘အကွဲအပြဲဇာတ်လမ်း’။ မူရင်း အင်္ဂလိပ် ဘာသာဖြင့် ၁၉၅၉ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ ဂါဒီးယန်း သတင်းစာတွင် ပါစဉ်က ‘The Split Story’။

ဤစာအုပ်ကို ကျွန်တော် ပထမဆုံး ဖတ်ဖူးသည်မှာ၊ ၁၉၈၉ ခုနှစ်။ ၁၉၉၀ ရွေးကောက်ပွဲ အကြိုလေ။ ဟော- အခု ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလတွင် ကျွန်တော့်ဆီသို့ ဒုတိယအကြိမ် ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာသည်။ ရွေးကောက်ပွဲ နီးတိုင်း အကွဲအပြဲ ဇာတ်လမ်းနှင့် လာတိုးနေရ သည်မှာ၊ တိုက်ဆိုင်မှုပေပဲလား မသိ။ မည်သို့ပင် ရှိစေ၊ အတိတ်မှ သင်ခန်းစာ ယူနိုင်လျှင်၊ အနာဂတ်အတွက် လမ်းပြမြေပုံ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ ဤအမြင်၊ ဤအထင်နှင့်ပင်၊ တတ်နိုင်သမျှ စိတ်ကိုဖွင့်၍ ဖတ်ရသည်။

ပထမအကြိမ် ကရော၊ ဒုတိယအကြိမ် ဖတ်စဉ်ကပါ ‘ထင်း’ ခနဲ သတိပြုလိုက် မိသည်မှာ၊ ရှင်းလင်းတိကျ သွက်လက်သော သတင်းစာ ဟန် အရေးအသား။ ဤအရေးအသားကို လက်ကုန် နှိုက်နိုင်သော ဘာသာပြန် (ဘာသာပြန်သူတော့ မသိ)။ အကြောင်းအရာကား ဆိုဖွယ်ရာ မရှိ။ မြန်မာ့နိုင်ငံရေး၏ ဇာတ်ထွတ်ပိုင်း တစ်နည်း မြန်မာ့ ဒီမိုကရေစီ နိုင်ငံရေးဘဝ၏ ဆည်းဆာချိန်။ အမျိုးသား လွတ်လပ်ရေးကို ထုဆစ်ပေးခဲ့သော ဖဆပလ အဖွဲ့ချုပ်ကြီး၏ အပြီးသတ် အကွဲအပြဲ။ ဤသည်၏ အကျိုးဆက်၊ ရာဇဝင် တွင်ရစ်မည့် စာနှစ်စောင်နှင့် နောက်ဆုံး နိဂုံးချုပ်လိုက်သည်။

ကံကောင်းခြင်း လက်ဆောင်

သီအိုရီ သဘောအရ၊ မီဒီယာမှာ ဘက်မလိုက်သင့်ဟု ဆိုသော်လည်း လူ့သဘာဝက ခက်ပါသည်။ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်သည် မဟုတ်သည့်တိုင်၊ မီဒီယာ သမား၏ အတ္တနောမတိတို့ ပါတတ်သည်၊ ပါနိုင်သည်။ ဂါဒီးယန်း ဦးစိန်ဝင်းမှာ ဝါရင့်သမ္ဘာရင့် မီဒီယာ ဘိုးအေကြီး ဖြစ်သည်နှင့်အညီ၊ အကွဲအပြဲ ဇာတ်လမ်းကို တည့်တည့်မတ်မတ် ပုံဖော်ဖို့ ကြိုးစားထားသည့် ကြားမှပင်၊ ဦးနု၏ နိုင်ငံရေး အလှည့်အပတ် တွေကို ဖွင့်ချရာ တွင်မူ၊ လက်သွက်လှသည်။ သို့နှင့်အမျှ တစ်ဖက်အုပ်စု ဆွေငြိမ်းဘက်၊ တစ်စုံတစ်ရာ ယိမ်းသွား တိမ်းသွားလေသလား စဉ်းစားမိသည်။

ဤအကွဲအပြဲ ဖြစ်ရပ်ကိုပင် မှတ်တမ်း တင်ဖူးသော ဝါရင့်သတင်းစာ ဆရာကြီး နောက်တစ်ဦး ဗမာ့ခေတ်ဦး ဦးအုန်းခင် (မိုးကြိုး)ကမူ၊ နုတင်ဘက်မှ ဗြောင်ထွက်ရပ်သည်။ နောက်ပိုင်း၊ သူ့ဆောင်းပါးတွေကို စုထုတ်သော စာအုပ် အမည် ကိုယ်တိုင်က သူ့ရပ်တည်ချက်ကို လှစ်ပြလိုက်သလို ရှိသည်။ ‘ကျော်ငြိမ်း- ငါ့ညီ မင်းငယ်ပါသေးတယ်… ဟဲဟဲ’ ဟူ၏။ အကွဲအပြဲ၏ နောက်ခံ အကြောင်းရင်းကို ဖော်ပြရာတွင်မူ၊ ဦးစိန်ဝင်းရော ဦးအုံးခင်ပါ တူညီကြသည်။ ၁၉၅၄ ခုနှစ် ဦးနု ပြည်ပ ခရီးသွားနေစဉ် ဦးကျော်ငြိမ်း ပါဝင်သော ကက်ဘိနက်က၊ ဆန်တန်ချိန် တစ်သိန်းခွဲ ရောင်းချရာမှ အကြောင်းပြု စတင်လာသော ပုဂ္ဂိုလ်ရေး ပဋိပက္ခများ….။ အကွဲအပြဲ ဇာတ်လမ်းတိုင်းမှာ ပုဂ္ဂိုလ်ရေး သက်သက်မျှ သာလော…။

ကွန်လွန်သူ ပမညတ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဝိဓူရ သခင်ချစ်မောင် ကမူ၊ အရင်းရှင် လူတန်းစားအတွင်း အလွှာ ကွဲလာမှုက အရင်းခံ အကြောင်းအရင်း ဟု ဆိုသည်။ နုတင်က ပြည်တွင်းစစ် ပြဿနာအပေါ် တစ်စုံတရာ ပျော့ပျောင်း သော တိုင်းရင်းသား ဓနရှင်၊ ဆွေငြိမ်းက အပြုတ်တိုက်ရေး အားသန်သော လက်ဝေခံ ဓနရှင်…. စသဖြင့် သူ့ အိုင်ဒီအိုလိုဂျီ နောက်ခံအရ ဖွင့်ဆို ခွဲခြားပြသည်။ ဤ ခွဲခြားနည်းနှင့်ပင် သူက နုတင်ကို ထောက်ခံခဲ့သည်။ ပို၍ လက်ဝဲကျသူ များကမူ၊ သူ့ဆုံးဖြတ်ချက်ကို၊ ‘ခွေးကတက်က အလုပ်အကျွေး ပြုခြင်း’ ဟု ဝေဖန်ကြပြန်သည်။ မည်သို့ပင် ဆိုစေ…၊ ဤသို့သော ပဒေသာစုံ အမြင်များကို ဖတ်ခွင့် လေ့လာခွင့် ရသည်ကိုက စာဖတ်သူအတွက် ကံကောင်းခြင်း လက်ဆောင်ဟု သဘောရပါသည်။

ရင့်ကျက်မှုနှင့် အမြော်အမြင်

သတင်းစာဆရာ ဦးစိန်ဝင်းက ဖဆပလ အကွဲအပြဲကို၊ အဆင့်လေးဆင့် ခွဲခြား ရှင်းပြသည်မှာ သမိုင်းတန်ဖိုး ရှိလိမ့်မည် ထင်သည်။ ပထမ အကွဲအပြဲ- ဖဆပလနှင့် ကွန်မြူနစ်။ ဒုတိယ အကွဲအပြဲ - ရဲဘော်ဖြူနှင့် ရဲဘော်ဝါ။ တတိယ အကွဲအပြဲ- ဆိုရှယ်လစ် ပါတီမှ ဆိုရှယ်နီ (အလုပ်သမား လယ်သမားပါတီ) ခွဲထွက်ခြင်း။ နုတင်- ဆွေငြိမ်း (တစ်နည်း) သန့်ရှင်း - တည်မြဲ အကွဲအပြဲကား၊ နောက်ဆုံးနှင့် အပြီးသတ် အကွဲအပြဲဟု ဆိုပါသည်။

ပထမ အကွဲအပြဲ နှစ်ခုတွင်၊ လက်နက်ကိုင် ပဋိပက္ခအထိ ကျွံသွားခဲ့သော်လည်း၊ နောက်နှစ်ခုတွင်မူ ဤမျှ အခြေအနေ မဆိုးတော့ပါ။ ဒီမိုကရေစီ ဘောင်အတွင်း၊ ငြင်းကြ၊ ခုံကြ၊ ယှဉ်ပြိုင်ကြသည် ကိုသာ တွေ့ရပါသည်။ နောက်ဆုံး အကွဲမှာ ဆိုလျှင်၊ အခင်အမင် မပျက် လမ်းခွဲကြဖို့ပင် နှစ်ဖက်သဘော တူညီခဲ့ကြ ပါသေးသည်။ ဤသို့ စဉ်းစားမိလိုက်သော အခါ ဒီမိုကရေစီ နိုင်ငံရေးဘ၀၏ ရင့်ကျက်မှုက အတော်လေး စကားပြော လေမည်လား တွေးမိသည်။ ကွဲကြ၊ ပြဲကြရာမှ ချဲကြ သည့်အဆင့် ရောက်ကုန်သည်မှာ မရင့်ကျက်မှု၏ လက္ခဏာ ဖြစ်မည် ထင်သည်။ နောက်တစ်ခု အရေးကြီးသည်မှာ ခေါင်းဆောင်တို့၏ အမြော်အမြင်။ ဤကိစ္စနှင့် ပတ်သက်ပြီး ကြားဖူး မှတ်ဖူးသော အကြောင်း တစ်ခုကို ပြောလိုပါသည်။

၁၉၄၆ ခုနှစ်၊ ဖဆပလမှ ကွန်မြူနစ် ပါတီကို ထုတ်ပယ်ပြီးခါစ လောက်က ဖြစ်သည်။ ပြည်သူ့ရဲဘော် အဖွဲ့မှ ကွန်မြူနစ် လိုလားသော တပ်နီများ ခွဲထွက်သွားရာ၊ အောက်ခြေ ရဲဘော်ချင်း ပဋိပက္ခတွေ ရှိလာသည်။ အချို့ နေရာများတွင် လက်နက်ကိုင် အချင်းများရသည် များပင် ရှိသည်။ ဤတွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ညီညွတ်ရေး တရားဟောခဲ့ ရသည်။ တစ်နေ့ ပြည်သူ့ရဲဘော် ခေါင်းဆောင် ဗိုလ်ထွန်းလင်း ဗိုလ်ချုပ်အိမ် လာပြီး အောက်ခြေတပ်နီများ အကြောင်း လာတိုင်ရာ ဗိုလ်ချုပ်က ‘မီးလောင်ရာ လေမပင့်နဲ့’ ဟု ငေါက်သည်။ ဤအခိုက်မှာပင် သခင်သန်းထွန်း ရောက်လာတော့ ဗိုလ်ချုပ်က ချက်ချင်း ခါးတောင်းကျိုက်ကာ ယခုလို ရယ်ရယ်မောမော ပြောလေသည်ဟူ၏။ ‘ကိုင်း- ကိုသန်းထွန်းရေ ခင်ဗျားနဲ့ ကျုပ်နဲ့ နပန်းလုံးဖို့ပဲ ကျန်တော့တယ် . . .’။

ပဒေသာစုံအလှ

တစ်နေ့က ကန်တော်ကြီး စာအုပ်ဈေးပွဲတော်သို့ ရောက်သွားရာ မိတ်ဆွေ လူငယ် မီဒီယာ သမားလေး တစ်ယောက်နှင့် တွေ့၍ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသည်။ (လက်ဖက်ရည်ဆိုင်ကို အတော် ရှာယူရတယ်။ ဘီယာဆိုင်တွေ ကတော့ ပေါမှပေါ . . . ဤကားစကားချပ်) ရောက်တတ်ရာရာ ပြောကြရင်းက ‘အကွဲအပြဲ ဇာတ်လမ်း’ အကြောင်း ရောက်သွား သည်။ ဤတွင် ထိုလူငယ်လေး၏ တွေးတွေးဆဆ စကားကြောင့် ကျွန်တော့်မှာ ချက်ချင်း ဘာစကားမှ မဆိုနိုင်။ ‘ငေါင်’ သွားသည်။ သူ့စကား . . .။ ‘အင်း . . ဒီမိုကရေစီလည်း ကွဲတတ်တာပဲနော် . . .’။

သူပြောတာ ဟုတ်လောက်သည်။ ဒီမိုကရေစီ မှာလည်း ကွဲကြသည်သာ ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကြောင့် ကွဲရ လေသလော . . .။ ဤသို့ဆိုလျှင် အော်တိုကရေစီ တွင်ရော၊ မကွဲကြ၊ မပြဲကြတော့ ဘူးလား . . .။ ကွဲကြ၊ ပြဲကြ သည်သာ ဖြစ်သည်။ ကွဲရုံ၊ ပြဲရုံမျှမက၊ ဖြုတ်၊ ထုတ်၊ သတ် အထိပင် ရောက်သွား တတ်သေးသည်။ သို့သော် သူတို့ အကွဲ အပြဲက လူမသိ။ လူသိမခံ။ ဘာကြောင့် ဘယ်လို ဘာတွေဖြစ်သည် မသိ။ မျက်နှာဟောင်းတွေ ပျောက်သွား တတ်သလို မျက်နှာသစ် တွေလည်း ပေါ်လာတတ်သည်။ မျက်နှာပေါ်တွင်တော့ သံမဏိ မျက်နှာဖုံး။ မတုန်လှုပ် - ကျောက်ရုပ်။ အ၀တ်လဲခန်း ရောက်မှ မျက်နှာ အစစ်ကို မြင်ရတော့သည်။

အမှန်စင်စစ် ဒီမိုကရေစီ သဘောမှာ မတူ ခြားနားသော အမြင်မျိုးစုံကို တစ်သွေးတည်း တစ်ရောင်တည်း ခြယ်ဖို့ မဟုတ်။ ပြောရလျှင် တစ်ရောင်တည်း ခြယ်လိုသည်မှာ အော်တိုကရေစီ တိမ်းညွတ်ချက်သာ ဖြစ်သည်။ လူ့သဘာဝနှင့် ဘယ်လိုမှ စရွေးမကိုက်နိုင်။ အသွေးစုံ အရောင်စုံကို တစ်ပြိုင်နက်တည်း ဖူးပွင့်စေသည် ကသာ လူ့သဘာဝ ဟာဒယနှင့် တွေ့လိမ့်မည်။ ဆရာကြီး ဒဂုန်တာရာ စကားနှင့် ဆိုရလျှင် ဒီမိုကရေစီကား ‘မတည့်အတူနေ၀ါဒ’ ပင်။ မတည့်သော်လည်း အတူ နေနိုင်ရမည်။ နေတတ်ရမည်။ နေခွင့်ရှိရမည်။ လွတ်လွတ်လပ်လပ် ငြင်းခုံကြသည်ပင် ပြဿနာမရှိ။ စကားနောက် တရားပါချင်ပါ ‘ဓား’ မပါဖို့ပဲ လိုသည်။ ပဒေသာစုံမှု သည်ပင် ဒီမိုကရေစီ၏ အလှတစ်ပါး မဟုတ်ပါသလော။

ကျော်ဝင်း

0 comments:

Post a Comment