Friday, February 19, 2010

သင်ခန်းစာယူစရာထိုင်းနိုင်ငံရေးအကျပ်အတည်း

ဒီနှစ် သြဂုတ်လထဲက အရှိန်မြှင့်လာတဲ့ ထိုင်းနိုင်ငံရေးအကျပ်အတည်းဟာ နိုင်ငံတကာ လေဆိပ်နှစ်ခုကို အစိုးရကိုဆန့်ကျင်နေတဲ့ People Alliance for Democracy , PAD အဖွဲ့က သိမ်းပိုက်လိုက်တဲ့အချိန်မှာ အထွတ်အထိပ်ကို ရောက်သွားပါပြီ။ အခုအချိန်အထိ ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ မသိနိုင်သေးပေမယ့် ထိုင်းဒီမိုကရေစီစနစ်အပေါ် မေးခွန်း ထုတ်စရာတွေ အများကြီး ပေါ်လာတာကတော့ အမှန်ပါပဲ။

PAD အဖွဲ့က အရင်ဝန်ကြီးချုပ်ဆမတ်ခ်ကို သက်ဆင်ရုပ်သေးရုပ်ဖြစ်လို့ ရာထူးကထွက်ပေးဖို့ တောင်းဆိုတာကို ဒီနှစ်သြဂုတ်လမှာစလုပ်ခဲ့တယ်။ စက်တင်ဘာလဆန်းပိုင်းမှာ ထိုင်းတရားရုံးက ဆမတ်ခ်က ရုပ်သံအစီအစဉ်တစ်ခုမှာငွေကြေးရယူပြီး သရုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး အပြစ်ရှိ တယ်လို့ ဆုံးဖြတ်ပြီး ရာထူးမှ ထွက်ခိုင်းခဲ့တယ်။ သူ့နေရာမှာ သက်ဆင်ရဲ့ ယောက်ဖဖြစ်တဲ့ ဆွမ်ချိုင်း က ၀န်ကြီးချုပ်ဖြစ်လာတယ်။ ဒီတော့ သူ့ကိုလည်း PAD အဖွဲ့ကဆက်ပြီးဆန့်ကျင်တယ်။ ဆမတ်ခ်လက်ထက်မှာ အစိုးရအိမ်တော်ကိုသိမ်းပြီး အစိုးရပြုတ်ကျအောင် ဖိအားပေးခဲ့တဲ့ PAD အဖွဲ့ဟာ အခုနောက်ဆုံး နိုင်ငံတကာလေဆိပ်နှစ်ခုကို သိမ်းပိုက်ပြီး အဆုံးအဖြတ်နောက်ဆုံးတိုက်ပွဲဆင်မယ်ဆိုပြီး လုပ်ခဲ့တယ်။

PAD အဖွဲ့အနေနဲ့ အစိုးရကိုမကြိုက်တဲ့ သဘောထားကို လွတ်လပ်စွာထုတ်ဖော်ပြသတာဟာ ဒီမိုကရေစီအခွင့်အရေးဖြစ်ပါတယ်။ သို့သော် ဒီအခွင့်အရေးကို စနစ်တကျ သုံးသလားလို့ မေးရင်တော့ မသုံးဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရုံးနဲ့ လေဆိပ်များကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြသူအရေးအတွက်ဟာ သုံးသောင်းနီးပါးလောက်ရှိပါတယ်။ ဒီလူတွေဟာ တုတ်၊ ဓားတွေနဲ့ ခြောက်လုံး ပြူး၊ တစ်လုံးထိုးလို လက်နက်ငယ်တွေကို ပြောင်ကိုင်ဆောင်ထားပြီး ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တွေဖွဲ့ထားတယ်။ ၀င်ထွက်လမ်းတွေကိုပိတ်ပြီး စစ်ဆေးရေး စခန်းတွေဖွင့်တယ်။ အစိုးရကို ထောက်ခံ သူတွေနဲ့ လမ်းပေါ်တိုက်ပွဲတွေဆင်နွဲတယ်။ အစိုးရယန္တရားရပ်ဆိုင်းသွားအောင်လုပ်တာ၊ နောက်ဆုံး နိုင်ငံတကာခရီးသွားတွေကိုပါ ဒုက္ခရောက်အောင်၊ ထိုင်းခရီးသွားလုပ်ငန်းကြီးတစ်ခုလုံး ရပ်တန့်သွာေးအာင် လေဆိပ်ကိုသိမ်းပိုက်တာဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြသတာနဲ့ တစ်ခြားစီဖြစ်ပါတယ်။ အာရှလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကတော့ ဒါဟာဒီမိုကရေစီအခွင့်အရေးတွေကို အလွဲသုံးစားလုပ်နေတာဖြစ်တယ်။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ၁၉၉၂ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုနဲ့ အဲဒီလှုပ်ရှားမှုရဲ့ အကျိုးဆက် အဖြစ်ပေါ်ပေါက်လာတဲ့ ၁၉၉၇ အခြေခံဥပဒေက ပေးထားတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ပြန်ပြီးရုပ်သိမ်းချင်တဲ့ အင်မတန်မှ သြဇာကြီးမားတဲ့ အုပ်စုတွေ ပါဝင်နေတယ်လို့ပြောတယ်။ ဒါ့အပြင် ဒီလိုဖြစ်နေတာကို တားဆီးနိုင်ဖို့အတွက် နိုင်ငံတကာမိသားစုက ကြိုးစားဖို့လိုတယ်လို့လဲတိုက်တွန်းခဲ့တယ်။

တကယ်တော့ အခုအာဏာရထားတဲ့ People Power Party ဟာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာရွေး ကောက်ပွဲမှာ အမတ်အများစုအနိုင်ရပြီး အစိုးရဖွဲ့ထားတဲ့ပါတီဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် သက်ဆင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအရှိန်ရလာပြီးနောက် စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီး သက်ဆင်ကို ဖယ်ရှားခဲ့ပါတယ်။ နောက်တော့ ၉၇ အခြေခံဥပဒေကို ၂၀၀၇ ဥပဒေနဲ့အစားထိုးပြီး ရွေးကောက်ပွဲအသစ်လုပ်တယ်။ သက်ဆင်နဲ့ သူ့ရဲ့ ထိုင်းရတ်သ်ထိုင်းပါတီခေါင်းဆောင်အချို့ကို နိုင်ငံ ရေးလုပ်ခွင့်ပိတ်ပင်ခဲ့ပြီး ထိုင်းရတ်သ်ထိုင်းပါတီကိုလဲ ဖျက်သိမ်းခဲ့တယ်။ ဒါပေမယ့် သက်ဆင်ပါတီ ၀င်ဟောင်းတွေနဲ့ဖွဲ့ထားတဲ့ People Power Party ပဲ ပြန်အနိုင်ရတော့ ထပ်ပြီးဖယ်ရှားဖို့အတွက် PAD အဖွဲ့က ဆက်ပြီးလုပ်ဆောင်လာတာကစပြီး အခုလို အကျပ်အတည်းတွေဆက်ဖြစ်လာတာပါ။ သက်ဆင်ကို ဆန့်ကျင်သူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ အနိုင်ယူဖို့မကြိုးစားဘဲ အခုလို ဥပဒေပြင်ပနည်းလမ်းတွေနဲ့အကျပ်ကိုင်လုပ်ဆောင်တာဟာ ထိုင်းဒီမိုကရေစီစနစ်အတွက် အင်မတန် အန္တရာယ်ကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၁၉၉၇ ခုအခြေခံဥပဒေမပေါ်မီအထိ ထိုင်းနိုင်ငံရေးဟာ ဘုရင်မိသား စု၊ စစ်တပ်နဲ့ ဘန်ကောက်အခြေစိုက် စီးပွားရေး၊ နိုင်ငံရေးသမားတစ်စုက ချုပ်ကိုင်ထားတာပါ။ အခုလို ထိုင်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဆက်တိုက်ဖြစ်လာတာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်ကတော့ အောက်ပါအချက်များကြောင့်ဖြစ်တယ်လို့အခုလို ကောက်ချက်ချထားပါ တယ်-

တစ်။ ဒီလုပ်ရပ်တွေဟာ ထိုင်းနိုင်ငံကို စစ်ဗျူရိုကရေစီအစိုးရအဆက်ဆက်နဲ့ အုပ်ချုပ်အောင် တွန်းပို့ခဲ့တဲ့ လက်ယာစွန်းဝါဒီတွေရဲ့လှုပ်ရှားမှုဖြစ်တယ်။ ဒီလှုပ်ရှားမှုတွေကြောင့် ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ် တုံး ကရရှိခဲ့တဲ့ ဒီမိုကရေစီအခွင့်အရေးတွေပြန်ဆုံးရှုံးသွားနိုင်တယ်။

နှစ်။ ကိုယ်ကိုကိုယ်ခုခံကာကွယ်မှုနဲ့ နိုင်ငံအကျိုးစီးပွားကို ကာကွယ်မှုဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေဟာ ထိုင်းလူ့အဖွဲ့အစည်းတွင်းမှာ မတည်ငြိမ်မှုတွေနဲ့ မလုံခြုံမှုတွေဖြစ်စေတယ်။ ဖောက်ပြန်တဲ့လူ့မလိုင်အသိုင်းအ၀န်းဟာ ဒီအခြေအနေတွေကိုသုံးပြီး ထိုင်းနိုင်ငံ ကို ၁၉၈၀ ပြည့်လွန်နှစ်များဆီက တစ်ဝတ်တပျက် ရွေးချယ်ခံ အစိုးရများနဲ့အုပ်ချုပ်တဲ့ အခြေအနေကို ပြန်ရောက်အောင်လုပ်နေတယ်။

သုံး။ လူနည်းစုက အများပြည်သူဆိုင်ရာအဆောက်အအုံတွေကို သိမ်းပိုက်ပြီး အစိုးရပြုတ်ကျ အောင်လုပ်နေတာဟာ ထိုင်းပြည်သူအများစုက နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာ ပြောရေး ဆိုပိုင်ခွင့် ဆုံးရှုံးအောင်လုပ်နေတာဖြစ်တယ်။

ထိုင်းနိုင်ငံရေးကို အကဲခတ်သူများကတော့ အခုလို ဥပဒေကိုချိုးဖောက်ပြီး အများပြည်သူ ဆိုင်ရာအဆောက်အအုံတွေကို သိမ်းပိုက်ထားသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ကိုင်တွယ်ဖို့ပျက်ကွက်နေတာဟာ ဘုရင့်မိသားစုရဲ့ ကြားဝင်မှုကြောင့်ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ထိုင်းဘုရင့်မိသားစုနဲ့ ဘုရင့်အကြံပေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ပရမ်တို့က သက်ဆင်အနေနဲ့ ထိုင်းနိုင်ငံရေးဗဟိုချက်ကို ဘန်ကောက်ကနေ ကျေးလက်ဒေသတွေကို ရွှေ့တာ၊ ကျေးလက်မဲဆန္ဒရှင်တွေကို တိုက်ရိုက်ချဉ်းကပ်ခဲ့တာတွေအပေါ် မကြိုက်ဘူးဆိုတာ လူတိုင်းသိနေတဲ့ လျှိ့ဝှက်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုဖြစ်ရပ်ကို Royalist နဲ့ Populist တွေကြားအားပြိုင်မှု အဖြစ် ကောက်ယူကြပါတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံရေးသဘောကွဲလွဲမှုတွေကို ဒီမိုကရေစီနည်းကျမဖြေရှင်းဘူး၊ ရွေးကောက်ပွဲနဲ့ ပြည်သူ့အဆုံးအဖြတ်ကို မယူဘူးဆိုရင်တော့ ထိုင်းနိုင်ငံဟာ ၁၉၉၂ ဒီမိုကရေစီ လှုပ်ရှားမှုက ရရှိခဲ့တဲ့ အောင်မြင်မှုများကို ပြန်လည်ဆုံးရှုံးရမယ့်အခြေအနေမှာရှိတယ်လို့သာဆိုချင်ပါတယ်။

Posted by ပိတောက်မြေ

0 comments:

Post a Comment