Friday, February 19, 2010

လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီပြောင်းလဲခြင်းဖြစ်စဉ်

ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပါတယ်။ စနစ်တခုဖြစ်တာကြောင့် တည်ဆောက်ယူရပါတယ်။ တချို့က ဒီမိုကရေစီဆိုတာကို အာဏာရှင်တွေဆီက တောင်းယူလို့ ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အာဏာရှင်ဆိုတာက အာဏာရှင်စနစ်ကို တည်ဆောက်နေသူများဖြစ်တာကြောင့် အာဏာရှင်ဆီမှာ မရှိတဲ့ ဒီမိုကရေစီကို တောင်းယူလို့ မရပါ။ ဒီတော့ တောင်းယူလို့မရရင် တိုက်ယူလို့ ရမလားလို့ မေးစရာရှိလာပါတယ်။ တိုက်ယူတယ်လို့ ဆိုရင်တော့ မရပါဘူး။

တိုက်တာကတော့ တိုက်ရပါမယ်။ လူထုတိုက်ပွဲအသွင်နဲ့ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုက်ပွဲအနေနဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာအကူအညီ ပေါင်းစပ်ပါဝင်မှုနဲ့ပဲဖြစ်ဖြစ် တိုက်ရပါမယ်။ နိုင်ငံတကာအကူအညီ ပေါင်းစပ်ပါဝင်မှုလို့ပဲ ဆိုထားပါတယ်။ နိုင်ငံတကာတိုက်ပွဲနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံတကာက စစ်မျက်နှာ တခုအနေနဲ့ပဲ အသုံးဝင်ပါတယ်။ ဒီလိုတိုက်ရာမှာ အာဏာရှင်စနစ်ဆိုတဲ့ စနစ်ကို တိုက်ရပါမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ရပါမယ်။ အာဏာရှင်စနစ်ကို တိုက်ပြီး ဒီမိုကရေစီစနစ် ကို တည်ဆောက်ယူရပါမယ်။ ဒီမိုကရေစီ ပြောင်းလဲခြင်း ဖြစ်စဉ်မှာက သဏ္ဍာန်အမျိုးမျိုးရှိပါတယ်။


ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အသွင်သဏ္ဍာန်များ

အချို့က ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ အခြေတည်တဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို လက်ခံယုံကြည်ကြပါတယ်။ ဒီဖြစ်စဉ်အရဆိုရင် ဒီမိုကရေစီစနစ် တည်ဆောက်မှု မတိုင်ခင်မှာ စီးပွားရေးတိုးတက်မှုရှိရမယ်၊ civil society အားကောင်းဖို့ လိုအပ်မယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ ဆိုကြပါတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဒီမိုကရေစီ စနစ်တည်ဆောက်တဲ့အခါ ဒီလိုစီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ မရှိရင် ဒီမိုကရေစီစနစ်ကို ခိုင်မြဲအောင်တည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။ နိုင်ငံရေးပညာရှင် Lipset က စီးပွားရေးတိုးတက်လာတာနဲ့အမျှ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ပေါ်လာနိုင်မယ့် အခွင့်အရေးတွေကို စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး အဆိုပြုထားခဲ့ပါတယ်။ ပညာရှင် Huntington ကလဲ ဒီမိုကရေစီစနစ်တည်ဆောက်ဖို့အတွက် လူထုလှုပ်ရှားမှုတွေ၊ သမဂ္ဂလှုပ်ရှားမှုတွေ နည်းပါးရမယ်လို့ အဆိုပြုထားပါတယ်။ လူထုလှုပ်ရှားမှုတွေကို ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအဖြစ် တည်ဆောက်ပြီးမှသာ ခွင့်ပြုရမယ်လို့ သူ့ရဲ့ ခေတ်သစ် modernization theory မှာ ဖော်ပြထားပါတယ်။ ပညာရှင် Moore ကကျတော့ Lipset ရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက်မှု လိုအပ်ချက် အခြေအနေတွေကို လက်ခံထားခဲ့ပေမယ့် လူထု လှုပ်ရှားမှုတွေကလဲ အရေးကြီးကြောင်း ပထအလှိုင်း ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်လို့ ခေါ်ဆိုကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနိုင်ငံတွေကို ဥပမာပေးပြီး ဆိုထားခဲ့ပါတယ်။ ဒီသဏ္ဍာန်ဟာ နိုင်ငံအချို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ မှန်ကန်ပေမယ့် ပေါ်တူဂီ၊ ဂရိ၊ ပီရူး တို့မှာကျတော့ မမှန်ကန်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ စီးပွားရေး၊ လူမူရေး တိုးတက်မှု preconditions တွေ မရှိပဲ ဒီမိုကရေစီစနစ် အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံကြီးတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ တောင်ကိုးရီးယားနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီပြောင်းလဲမှုက ဒီဖွံ့ဖြိုးဆဲနိုင်ငံလေးတွေနောက်မှာမှ စတင်ခဲ့တာဖြစ်ပါတယ်။

တချို့ကကျတော့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဆိုတာကို transitology ဆိုတဲ့ elite တွေကပဲ ဦးဆောင်ပြောင်းလဲတဲ့ ဖြစ်စဉ်အနေနဲ့ ရှုမြင်ကြပါတယ်။ ဒီဖြစ်စဉ်မှာကျတော့ resurrection of Civil Society ဆိုတဲ့ အခြေအနေက အဓိကကျပါတယ်။ ဒီအခြေအနေက ပြည်သူလူထု၊ ကျောင်းသား၊ အလုပ်သမား၊ ဘာသာရေးအဖွဲ့အစည်းတွေအားလုံးက ကနဦးဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် (Initial democratization) ကို လူထုအားနဲ့ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။ ဒီပြောင်းလဲမှုဖြစ်စဉ်မှာ လူထုရဲ့ အခန်းကဏ္ဍက Initial democratization ကို စတွန်းခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွေမှာ ဆန္ဒပြပွဲတွေ၊ street theatre တွေမှာ ပါဝင်မှုဖြစ်ပါတယ်။ ဒီလိုတွန်းအားပေးလိုက်တဲ့အခါမှာ အာဏာရှင်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စုဆိုတဲ့ အင်အားစုကြီးနှစ်ရပ်ထွက်ပေါ်လာပါတယ်။ ဒီအုပ်စုနှစ်ရပ်ကနေ ခေါင်းဆောင် elite တွေ ပေါ်ထွက်လာပါတယ်။ ဒီ elites တွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကနေ ပေါ်ထွက်လာတာဖြစ်ရုံမက လှုပ်ရှားမှုရဲ့ ရလာဒ်ကိုပါ ထိန်းချုပ်နိုင်တဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်လား၊ ရပ်တန့်ပြီး political deadlock ဖြစ်သွားလာဆိုတာကတော့ ဒီမိုကရေစီဘက်က ခေါင်းဆောင်တွေဟာ လူထုတိုက်ပွဲအရှိန်ကောင်းစဉ်မှာ ဖွဲ့ရမယ့် အတိုက်အခံဦးဆောင်ကြားဖြတ်အစိုးရ (သို့မဟုတ်) အာဏာရှင်နဲ့ တွဲဖက်ဖွဲ့စည်းရမယ့် ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ စတဲ့ကြားဖြတ်အစိုးရတွေကို ဖွဲ့စည်းနိုင်တဲ့ အရည်အချင်းနဲ့ အမြော်အမြင်ရှိမရှိ ဆိုတာမှာ မူတည်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲမှုဖြစ်စဉ် မအောင်မြင်ဖူးဆိုရင် ဒါဟာ လူထုကြီးကြောင့် မဟုတ်ပဲ လူထုကြီးရွေးချယ်လိုက်တဲ့ elite တွေရဲ့ အရည်အချင်း၊ အတွေးအခေါ်၊ စီမံလုပ်ကိုင်ပုံတွေနဲ့ပဲ ဆိုင်ပါတယ်။

ဒီလိုနဲ့ ဒီ elite တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အကောင်အထည်မဖော်နိုင်တော့ဘူးဆိုတာ သေချာလာတဲ့အခါ နောက်တကြိမ် လူထုတိုက်ပွဲတွေ ထပ်မံ ပေါ်ထွက်ရပြန်ပါတယ်။ cycle of protests လို့ခေါ်ဆိုနိုင်ပါတယ်။ အဲဒီအခါမှာ ဒီလူထုတိုက်ပွဲတွေကနေ elite တွေ ထပ်ထွက်လာနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ တခုသတိထားစရာရှိတာက ရှေ့ပိုင်း လူုထုတိုက်ပွဲတွေက elite တွေရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။ လူထုတိုက်ပွဲတွေဖြစ်လာပြီး ထပ်မံပေါ်ထွက်လာတဲ့ elite အသစ်တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အောင်အောင်မြင်မြင် စတင်သွားမှာကို ရှေ့က တချို့ elite တွေက စိုးရိမ်တတ်ပါတယ်။ ဒီအခါမှာ ဒီလိုစိုးရိမ်တဲ့ elite တွေထဲမှာ လုပ်ဆောင်ပုံ ပုံစံနှစ်မျိုးထပ်ထွက်လာပါတယ်။ ပထမတမျိုးက လူထုတိုက်ပွဲတွေ ထပ်ပြီး မပေါ်လာအောင် နည်းမျိုးစုံနဲ့ တားဆီးတာဖြစ်ပါတယ်။ ရှေ့လဲမတက်၊ နောက်လဲ မဆုတ်တဲ့ ပိုနေမြဲ၊ ကျားနေမြဲပုံစံပါ။

ဒုတိယတမျိုးကတော့ လူထုလှုပ်ရှားမှု အားကောင်းလာတဲ့အခါ နေရာဝင်ယူဖို့ ကြိုးစားတာတွေဖြစ်ပါတယ်။ ခေါင်းဆောင်သစ်တွေ ထပ်မထွက်လာအောင် ရှေ့ပိုင်းကနေ ပိတ်ပင်ထားမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် မှာ political deadlock ဖြစ်သွားတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အင်အားစုတွေအကြားမှာ ဖြစ်လေ့ရှိတဲ့ နေရာယူမှုတွေ၊ အချင်းချင်း တိုက်ခိုက် ပြောဆိုမှုတွေ၊ မျိုးဆက်သစ်လက်ဆင့်ကမ်းမှု အားနည်းတာတွေ၊ ကျဆုံးခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုကို ဂုဏ်ဖော်ပြောဆိုမှုတွေ အားလုံးဟာ ဒီသဘောတရားမှာ အခြေတည်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေမှာ ဒီလို elite တွေများနေရင် နောက်တကြိမ်လူထုတိုက်ပွဲကနေ ထပ်ထွက်လာမယ့် elite တွေရဲ့ အခန်းသဏ္ဍကို ကန့်သတ်လိုက်သလို ဖြစ်သွားတာကြောင့် ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ဖို့ ခက်ခဲတတ်ပါတယ်။ အမြော်အမြင်ကြီးမှု၊ ကိုယ်ကျိုးထက် အများအရေးကို ဦးစားပေး စဉ်းစားမှုတွေရှိဖို့က ဒီအသွင်သဏ္ဍာန်အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။

Initial democratization စတင်သွားပြီဆိုရင်လဲ လူထုလှုပ်ရှားမှုတွေက တခြားအသွင်သဏ္ဍာန်တွေနဲ့ ဆက်ရှိနေရမှာဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ကနဦးဒီမိုကရေစီ စတင်ပြီးတဲ့အခါ နိုင်ငံတည်ဆောက်မယ့် ခေါင်းဆောင်တွေ ပေါ်ထွက်နေပြီအထင်နဲ့ လူထုလှုပ်ရှားမှုက အားနည်းသွားပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်တွေက လူထုရဲ့ အနာဂတ် ဘ၀တိုးတက်မှုကို ဖန်တီးအားထုတ်တာ မပြုလုပ်ပဲ အာဏာလုမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ ပြုလုပ်လာတာလဲ ရှိနေတတ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာတင် မဟုတ်ပါဘူး။ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုလိုနီအစိုးရလက်အောက်က လွတ်မြောက်ကာစမှာလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အစိုးရတွေမှာလဲ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်ခဲ့ဖူးပါတယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစနစ် ပြောင်းလဲမှုဖြစ်စဉ် ကနဦးအစမှာလဲ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကို အခွင့်ကောင်းယူပြီး ခေါင်းဆောင်နေရာလုဖို့ ကြိုးစားသူတွေ၊ အာဏာရှင်ဘက်တော်သားဟောင်းတွေထဲက အုပ်ချုပ်ရေး၊ တည်ဆောက်ရေးယန္ထရားထဲမှာ ကျန်ရစ်ခဲ့သူတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေအကြားက ပဋိပက္ခတွေ၊ နိုင်ငံရေးသမားအချင်းချင်း စောင်းမြောင်းတိုက်ခိုက်မှုတွေ၊ ငွေကြေးအရှုပ်အရှင်းတွေ စတဲ့ အထွေထွေ ပြဿနာတွေဟာ ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ဆိုတာ လူထုဆီက အာဏာသက်ဆင်းတဲ့ စနစ်ဖြစ်တာကြောင့် ဒီလိုပြဿနာတွေကို လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတွေ၊ အာဏာရနိုင်ငံရေးပါတီတွေကို တခြားပါတီနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ပြန်လှန်စောင့်ကြည့်မှုတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ထိန်းချုပ်နိုင်တဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဖြေရှင်းသွားနိုင်မှာ ဖြစ်တယ်။

ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပြီး၊ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ဆိုတာက တခြားစနစ်တွေကနေ ဒီမိုကရေစီစနစ်ကို ပြုပြင်တည်ဆောက်တဲ့ ဖြစ်စဉ်တရပ်သာဖြစ်တယ်။ အာဏာရှင်စနစ်နဲ့ ကွာခြားတာက အာဏာရှင်စနစ်ကို လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ အတ္တတွေ၊ လောဘ၊ မောဟက ထိန်းချုပ်မောင်းနှင်ပြီး၊ ဒီမိုကရေစီစနစ်မှာကျတော့ စနစ်ရဲ့ တန်ဖိုးတွေ၊ ယုံကြည်ချက်တွေက လူတွေရဲ့ အတ္တတွေ၊ လောဘ၊ မောဟတွေကို ထိန်းချုပ်မောင်းနှင်တာဖြစ်တယ်။ အာဏာရှင်ဘက်တော်သားတွေက မကောင်းဘူးလို့ တထစ်ချ ပြောလို့မရသလို ဒီမိုကရေစီဘက်တော်သားတွေကိုလဲ သူတော်စင်တွေလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ ပိုက်ဆံလက်ထဲ မရှိခင်မှာ ဟိုလူ၊ ဒီလူ ကူညီဖို့ စဉ်းစားသူတွေဟာ လက်ထဲ ပိုက်ဆံတကယ်ရောက်လာတဲ့အချိန်မှာ ကိုယ့်အကျိုးနဲ့ ကိုယ့်မိသားစုအတွက် ပိုပြီး ဦးစားပေးကြတာပဲ။ ဒါဟာ အပြစ်ဆိုစရာမဟုတ်ဘူး။ လူ့သဘာဝပဲဖြစ်တယ်။

ဒီလို လူ့အတ္တတွေကို အာဏာရှင်စနစ်က တွန်းအားပေးတယ်။ အာဏာရယူလိုစိတ်၊ အာဏာဆုပ်ကိုင်ထားလိုစိတ်၊ အာဏာနဲ့ ပျော်မွေ့တဲ့ စိတ်တွေဟာ အာဏာရှင်စနစ်က တွန်းပို့ပေးတဲ့ စိတ်နေစိတ်ထားတွေပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်က ကျတော့ ဒီလို လူ့အတ္တတွေကို ထိန်းချုပ်လိုက်တယ်။ လူအများ ဆန္ဒနဲ့ လူအများအကျိုးကို ဆောင်ရွက်ဖို့ လူအများက ရွေးချယ်ထားသူတွေဟာ အများအကျိုးမကြည့်ပဲ ကိုယ့်အတ္တနောက်ကိုပဲ လိုက်နေတာကို ဒီမိုကရေစီ စနစ်က ခွင့်မပြုဘူး။ ဒါကြောင့် လူထုတရပ်လုံးရဲ့ အနာဂတ်တိုးတက်ရေးကို ပြည်သူလူထုအပေါ်မှာ အခြေတည်တဲ့ ပြည်သူ့ဒီမိုကရေစီစနစ်ကသာ ဖော်ဆောင်ပေးနိုင်တာဖြစ်တယ်။

တချို့က နိုင်ငံရေးအတွေးအခေါ်နဲ့ ဘက်လိုက်မှုတွေမှာ လူကို အခြေခံပြီး စဉ်းစားဆုံးဖြတ်တတ်ကြတယ်။ စနစ်ပေါ်အခြေခံ မစဉ်းစားကြဘူး။ ဒီလိုလူမျိုးတွေဟာ ဒီမိုကရေစီအင်အားစုတွေထဲက လူတွေရဲ့ အားနည်းချက်တွေ၊ အတ္တတွေကို တွေ့လာ၊ သိလာတဲ့အခါကျတော့ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် အထင်အမြင်လွဲလာတောတွေရှိတယ်။ ဒါဟာ လူုအပေါ်မှာ အခြေတည်စဉ်းစားမှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေရဲ့ ရလာဒ်တွေပဲဖြစ်တယ်။ လူ့စိတ်ဆိုတာ အင်မတန်ဆန်းကျယ်တယ်။ အချိန်၊ နေရာ၊ အခြေအနေတွေဟာ လူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ်။ အခြေအနေ၊ အချိန်အခါအရ လူသတ်မှုကျူုးလွန်သွားမိသူ အများစုဟာ မကျူးလွန်ခဲ့စဉ်တုန်းက လူအချင်းချင်း သတ်ဖြတ်တာဟာ မကောင်းဘူးလို့ လက်ခံခဲ့ကြသူတွေချည်းပါပဲ။ ဒါပေမယ့် အသိတခုနဲ့ မပြီးဘူး။ ဒါကြောင့် ထိန်းချုပ်ပေးဖို့ဥပဒေဆိုတာ ပေါ်လာတယ်။ ဒီမိုကရေစီ ဆိုတာလဲ ဒီလိုပဲ။ အစိုးရအုပ်ချုပ်ရေးယန္တရားနဲ့ ဒီယန္တရားထဲက လူတွေကို ထိန်းချုပ်ပေးတဲ့ စနစ်သာလျှင်ဖြစ်တယ်။

ဒီတော့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ စနစ်နဲ့ မကိုက်ညီနိုင်တဲ့ အတ္တတွေ၊ လုပ်ရပ်တွေဟာလဲ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် စလာတဲ့အခါမှာ စနစ်က ပြန်ထိန်းချုပ်သွားမှာပဲဖြစ်တယ်။ စနစ်နဲ့ မကိုက်ညီသူတွေကို စနစ်က ဖယ်ရှားပစ်လေ့ရှိတာ ဓမ္မတာသာဖြစ်တယ်။ တိုင်းပြည်တခုမှာ စနစ်ဆိုးရှိနေရင် စနစ်ဆိုးနဲ့ မကိုက်ညီသူတွေ ပြည်ပထွက်တာများပြီး brain drain ဆိုတဲ့ ဦးနှောက် ယိုစီးမှုပြဿနာဖြစ်လေ့ရှိတယ်။ စနစ်ကောင်းကို ပြန်တည်ဆောက်တဲ့အခါ brain gain ဖြစ်လာတတ်စမြဲပါပဲ။ ဒီအခါမှာ စနစ်နဲ့ မကိုက်ညီတဲ့ လူတွေရဲ့ စိတ်တွေကို စနစ်က ပြုပြင်မှာ ဖြစ်သလို၊ ပြုပြင်လို့ မရသူတွေကလဲ စနစ်ကနေ လွင့်ထွက်သွားမှာပါပဲ။ ဒါကြောင့် လူတွေကို ကြည့်ပြီး စနစ်ရေးရာကို ဆုံးဖြတ်လို့ မရဘူးဆိုတာ လူအများ သိနားလည်ဖို့ လိုအပ်ပါတယ်။

ဒီလိုလူတွေရဲ့ အာဏာ၊ ငွေကြေးနဲ့ ပတ်သက်ပြီး ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့ သဘာဝတွေကို ထိန်းချုပ်နိုင်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာဖို့ အတွက် လူထုလှုပ်ရှားမှု တွေဟာ အလွန်ပဲ အရေးကြီးပါတယ်။

လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်

လူထုလှုပ်ရှားမှုတွေဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တလျှောက်လုံးမှာ အလွန်ပဲ အရေးကြီးလှပါတယ်။ နိုင်ငံရေးပညာရှင်တွေက လူထုလှုပ်ရှားမှုတွေရဲ့ အခန်းကဏ္ဍကို ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် အဆင့် ငါးဆင့်ခွဲပြီး ပုံဖော်ပြသကြပါတယ်။ ပထမအဆင့်ကတော့ ဆန့်ကျင်တော်လှန်ရေး (resistance) အဆင့်ဖြစ်ပါတယ်။ မိသားစုအတွင်းမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းက အစပြုလို့ အာဏာရှင်စနစ်အမြစ်တွယ်နေတဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင်တာ၊ နိုင်ငံရေး လှုပ်ရှားမှု ကွန်ယက်တွေတည်ဆောက်တာတွေဖြစ်ပါတယ်။ အလုပ်သမား၊ ကျောင်းသား၊ တောင်သူလယ်သမား၊ ဘာသာရေးအဖွဲ့အစည်းတွေအပါအ၀င် လူထုလူတန်းစားအလွှာမျိုးစုံ အကြားမှာ ဒီမိုကရေစီပြောင်းလဲမှုကို ထောက်ခံအားပေးမှုရှိလာအောင် စည်းရုံးလှုံဆော်ပေးရမှာဖြစ်ပါတယ်။ ဒီကနေတဆင့် အာဏာရှင်ဆန့်ကျင်ရေး ကွန်ယက်ကြီးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီကွန်ယက်တည်ဆောက်မှုဟာ အဆုံးအဖြတ်ပေးမယ့် လူထုတိုက်ပွဲအတွက် အလွန်ပဲ အရေးကြီးပါတယ်။ ချီလီ၊ ပိုလန်၊ အာဂျင်တီးနား နိုင်ငံတွေမှာ ဘာသာရေးအဖွဲ့အစည်းတွေက ဒီမိုကရေစီ လှုပ်ရှားမှုကွန်ယက်တွေကို ထောက်ခံပေးခဲ့ကြတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် အထောက်အကူပေးခဲ့တယ်။

တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာကျတော့ ဒီကွန်ယက် တည်ဆောက်မှုကို အားကောင်းအောင် မတည်ဆောက်ပဲ လူထုကို အတင်းတွန်းပြီး လှုပ်ရှားခိုင်းတတ်ကြတယ်။ ဒီအဆင့်မပါပဲ လူထုတိုက်ပွဲခေါ်တတ်ကြတယ်။ သက်ဆိုင်ရာနီးစပ်သူများနဲ့ အစုအဖွဲ့လေးတွေဖွဲ့ပြီး လူထုလှုပ်ရှားမှုကို ဇောင်းတင်ကြတယ်။ အဲဒီလို လှုပ်ရှားမှုတွေက အောင်မြင်နိုင်ချေနည်းပါးတယ်။ ဘာလို့လဲဆိုတော့ ကွင်းလယ်ခေါင်မှာ ယာယီတဲလေးတွေ သွားထိုးတာနဲ့ တူလို့ပဲဖြစ်တယ်။ လေပြင်းမုန်တိုင်း လဲကျရော ဒီယာယီတဲလေးတွေက အလွယ်တကူ ပြိုပျက်သွားပြန်ရော။ အုတ်မြစ် မခိုင်ပဲ အိမ်ဆောက်လို့ မရဘူး။ အိမ်မှာမှ အထပ်ပေါင်းများစွာပါတဲ့ တိုက်ကြီးတွေ ဆိုရင် အချိန်ယူအုတ်မြစ်ချရတယ်။ တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကျတော့လဲ လူထုထဲမှာ မတည်ဆောက်ပဲ နီးရာစုပြီး အဖွဲ့ဖွဲ့ကြတာတွေ သိပ်အားသန်ပြန်ရော။ ဘာနဲ့ တူလဲဆိုတော့ အိမ်မဆောက်ပဲ ခေါင်မိုး ထုတ်လုပ်ရေးလုပ်တာနဲ့ တူတယ်။ ခေါင်မိုးတွေပဲရှိပြီး အုတ်မြစ်ရှိဖို့ နေနေသာသာ၊ အိမ်ရဲ့ structure တောင် စာရွက်ပေါ်မှာ မရှိဖြစ်နေတဲ့ လှုပ်ရှားမှုတွေ အာရှနဲ့ အာဖရိကက ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ရှိနေဆဲပဲဖြစ်တယ်။

ဒီလိုနဲ့ တည်ဆောက်မှုတွေ လုပ်ပြီး ကွန်ယက်တွေ ချိတ်ဆက်လာကြတဲ့ အခါ အခြေအနေကို ကြည့်ပြီး တိုက်ပွဲငယ်၊ တိုက်ပွဲလတ်၊ တိုက်ပွဲကြီးတွေ ပုံဖော်ရတယ်။ တိုက်ပွဲမဖော်ဆောင်ရင် ညီညွတ်ရေးဆိုတာ တည်ဆောက်လို့ မဖြစ်နိုင်တာကြောင့်ပဲ။ ညီညွတ်ရေးဆိုတာ တိုက်ပွဲနဲ့ ပေါင်းစပ်ပြီးမှ တည်ဆောက်ရတာ ဖြစ်တယ်။ တချို့ဒီမိုကရေစီလှုပ်ရှားမှုတွေကျတော့ တိုက်ပွဲမရှိပဲ ညီညွတ်ရေးတည်ဆောက်မှုကို ဇောင်းပေးလုပ်ကြ၊ အချိန်ကုန်နေကြပြန်တယ်။ တိုက်ပွဲအဆင့်မရှိပဲ ညီညွတ်ပါတယ်ဆိုရင် ဒီညီညွတ်ရေးက တကယ့်ညီညွတ်ရေးတော့ ထွက်လာမှာ မဟုတ်ဘူး။ စာရွက်ညီညွတ်ရေးပဲ ဖြစ်လာမှာပဲ။ ကမ္ဘာမှာ အောင်မြင်ခဲ့တဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေမှာကတော့ ဒီစာရွက်ညီညွတ်ရေးပုံစံတွေ ခေတ်မစားခဲ့ဘူး။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ ဘာသာရေးလှုပ်ရှားမှု၊ မြို့ပြလူထု လှုပ်ရှားမှု၊ လယ်သမား လှုပ်ရှားမှုစတဲ့ တိုက်ပွဲတွေကနေတဆင့် တိုင်းပြည်တခုလုံးရဲ့ လူထူလူတန်းစားအလွှာအသီးသီး ပါဝင်လာတဲ့ ညီညွတ်ရေးကို ဖော်ဆောင်နိုင်ခဲ့ကြတယ်။ ဒီအဆင့်ကို upsurge of mobilization အဆင့်လို့ ပညာရှင်တွေက သတ်မှတ်ကြတယ်။ ဒီအဆင့်မှာ လူထုတိုက်ပွဲအားကောင်းလာတဲ့အခါ အာဏာရှင် စနစ်ပြိုလဲသွားတယ်။

ဒါပေမယ့် အာဏာရှင်စနစ်ပြိုလဲတယ်ဆိုတာ အုပ်ချုပ်ရေးယန္တရားတခုလုံး ပြိုလဲသွားတာ မဟုတ်ဘူး။ ခေတ္တရပ်ဆိုင်းသွားတာပဲဖြစ်တယ်။ ဒါကို ပြန်ပြီး ဘယ်သူက အသက်သွင်းမလဲ။ အာဏာရှင်ဟောင်း ဘက်တော်သားတွေက အသက်သွင်းနိုင်မလား၊ ဒီမိုကရေစီဘက်တော်သားတွေက အသက်သွင်းနိုင်မလား။ အာဏာရှင်ဟောင်းဘက်တော်သားတချို့နဲ့ ဒီမိုကရေစီ ဘက်တော်သားတချို့ ပူးပေါင်းပြီး အသက်သွင်းနိုင်မလား။ ဒီအဆင့် ကို transition to procedural democracy လို့ ပညာရှင်တွေက သတ်မှတ်ထားတယ်။ အဓိက ထွက်လာရမယ့် ရလာဒ်ကတော့ ကြားဖြတ်အစိုးရပဲ။ ကြားဖြတ်အစိုးရမထွက်လာမချင်း ဒီအဆင့်မအောင်မြင်သေးဘူးလို့ ဆိုနိုင်တယ်။ ကြားဖြတ်အစိုးရ ဆိုတာမှာလဲ ဒီမိုကရေစီဘက်တော်သားတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ အာဏာရှင်ဘက်က ပြုပြင်ပြောင်းလဲလိုသူတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ ဒီမိုကရေစီနဲ့ အာဏာရှင်ဘက်တော်သားတွေ ပူးပေါင်းဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရဆိုပြီးရှိသလို တခါတရံ ဘယ်လိုမှ ညှိမရတဲ့ ဘက်နှစ်ဘက်အကြားမှာ နိုင်ငံတကာက ခေတ္တလာအုပ်ချုပ်ပေးတဲ့ ကြားဖြတ်အစိုးရဆိုပြီး ပုံစံအမျိုးမျိုးရှိတယ်။

ဒီလိုကြားဖြတ်အစိုးရပေါ်ပေါက်လာပြီးမှ ရွေးကောက်ပွဲကျင်းပတာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးတာတွေကို လုပ်ရမှာဖြစ်တယ်။ တချို့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာကျတော့ အဆင့်တွေက တော်တော်ကျော်ကြတယ်။ Transition to procedural democracy အဆင့်ဝေးလို့၊ upsurge of mobilization အဆင့်တောင် မရောက်သေးဘူး။ resistance အဆင့်မှာ ယာယီတဲလေးတွေ ထိုးပြီးရုံလောက်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ဒိုင်ယာလော့ခ်ဆိုပြီး အော်တတ်ကြတယ်။ “မုန့်ဆီကြော်ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား” ဆိုသလို ဒိုင်ယာလော့ခ်အတွက် conditions တွေပါ ချတတ်ကြတယ်။ Upsurge of mobilization အဆင့် ဖြစ်သွားပြန်ရင်လဲ ကြားဖြတ်အစိုးရဖွဲ့စည်းရေးလိုလို၊ ဒိုင်ယာလော့ခ်လုပ်ရေးလိုလို သဲသဲကွဲကွဲမရှိကြပြန်ဘူး။ ဒိုင်ယာလော့ခ် ဆိုတာ ဘယ်လိုအခြေအနေ၊ ဘယ်လိုအဆင့်မှာ ခေါ်ရတယ်ဆိုတာလဲ နားမလည်ကြပြန်ဘူး။ Transition to procedural democracy အဆင့်မရောက်ပဲနဲ့ ဒိုင်ယာလော့ခ်ဆိုတာ ခေါ်လို့မရဘူး။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်အောင်မြင်ခဲ့တယ်ဆိုတာက ဒီဖြစ်စဉ်မှာ နိုင်ငံတကာစစ်မျက်နှာ အားကောင်းမှုနဲ့ လူထုလှုပ်ရှားမှုကို မလွန်ဆန်နိုင်တော့ပဲ incumbent de Klerk အစိုးရက ကြားဖြတ် အိမ်စောင့်အစိုးရအနေနဲ့ transition to procedural democracy အဆင့်ကို အရင်ကျော်ဖြတ်ခဲ့ပြီးမှ ဒိုင်ယာလော့ခ်နဲ့ power-sharing coalition အစိုးရ ဖြစ်လာတယ်။ နောက်မှ နိုင်ငံတော်အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်တယ်။ ဒီလိုမဟုတ်ပဲ တချို့နိုင်ငံတွေကျတော့ အဆင့်တွေခုန်ခုန်ကျော်ပြီး၊ အမြင့်ဆုံးအဆင့် ကြားဖြတ်အစိုးရ၊ အနိမ့်ဆုံး ဒိုင်ယာလော့ခ်စတဲ့ မဟာဗျူဟာမျိုးတွေ ရောထွေး ချကြလေတော့ resistance အဆင့်ကတည်းက ဒိုင်ယာလော့ခ်အော်သူကအော်၊ upsurge of mobilization အဆင့်မှာ အော်သူကအော် ဖြစ်လာပါလေရော။ ဆိုးကျိုးကတော့ ကိုယ့်ဗျုဟာ၊ ရန်သူ့ဗျူဟာပြန်ဖြစ်ပြီး transition to procedural democracy အဆင့်ထိမရောက်ခင်မှာ ဒိုင်ယာလော့ခ်နဲ့ လမ်းလွဲတာတွေ ခံရတော့တာပါပဲ။ ဒီလို strategic failures တွေဟာ အာဏာရှင်တွေအတွက်တော့ အကောင်းဆုံးအသုံးချလက်နက်တွေပါပဲ။ နိုင်ငံရေးကိစ္စရပ်တွေလို လူသန်းပေါင်းများစွာရဲ့ အနာဂတ်ကံကြမ္မာကို ဖန်တီးပြောင်းလဲနိုင်တဲ့ မဟာဗျူဟာတွေအသာထားလို့ လူတယောက်ဘ၀ အောင်မြင်တိုးတက်ရေးမှာတောင် အဆင့်ကျော် ဖြတ်လမ်းလိုက်လို့မရပါဘူး။ တက်နေချိန်မှာ မသိသာပေမယ့် ပြုတ်ကျတဲ့အချိန်မှာ တလိမ့်ခေါက်ကွေး နဲ့ ဘယ်လိုမှ ပြန်တည်ဆောက်ယူလို့မရအောင် ပြုတ်ကျတတ်ပါတယ်။ ဒါကြောင့် အခြေခံအုတ်မြစ်တည်ဆောက်မှုဟာ အရမ်းကို အရေးကြီးလှပါတယ်။

ဒီလိုနဲ့ transition to procedural democracy အဆင့်မှာ ကြားဖြတ်အစိုးရတွေလဲ ပေါ်ပေါက်ပြီး အမျိုးသားရင်ကြားစေ့ရေးတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပြီးတဲ့အခါကျတော့ နောက်တဆင့်ဖြစ်တဲ့ democratic consolidation အဆင့်ကို တက်လှမ်းရပါတော့တယ်။ ဒီအဆင့်အောင်မြင်ဖို့ဆိုတာကလဲ လူထုလူတန်းစားအားလုံးရဲ့ တန်းတူရည်တူအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်မယ့် ပြည်သူ့ဒီမိုကရေစီကို စွဲစွဲမြဲမြဲယုံကြည်လက်ခံသူတွေ ပေါ်ပေါက်လာမှ ဖြစ်နိုင်ပါတယ်။ လူဆိုတာကလဲ လောဘ၊ မောဟတွေနဲ့ မကင်းနိုင်ပါဘူး။ ရာထူး၊ အာဏာ၊ ဂုဏ်သိက္ခာတွေကို သိပ်မြတ်နိုးတတ်ကြပါတယ်။ ငွေကြေးမမက်မောပါဘူး၊ အာဏာမမက်မောပါဘူး၊ နေရာမလိုချင်ပါဘူးလို့ ဘယ်လောက်ပဲပြောနေပါစေ၊ လက်ထဲ ဒါတွေ ရောက်လာတဲ့အခါ၊ လုပ်ပိုင်ခွင့်တွေ ရောက်လာတဲ့အခါကျမှ ပြောခဲ့တဲ့စကားတွေကို မေ့သွားတတ်သူတွေ တကမ္ဘာလုံးမှာ ဒုနဲ့ဒေးပဲဖြစ်ပါတယ်။

လူ့သဘာဝဆိုတာကလဲ အစွဲအလန်းက ကြှီးတတ်ပါတယ်။ တခြား ဥစ္စာ၊ အာဏာမဆိုထားနဲ့။ နေထိုင်ရာ အိမ်လေးက ထိုင်နေကျ ကုလားထိုင်လေးကို သူတပါးဝင်ထိုင်နေရင်တောင် ရက်ကြာလာတဲ့အခါ စိတ်ထဲ စနိုးစနောင့်ကတော့ ဖြစ်တတ်ကြစမြဲ။ ဘာမဟုတ်တဲ့ အလုပ်လေးမှာတောင် နာမည်လေးနဲ့ ရာထူးလေးရဲ့အပေါ်မှာ ကိုယ့်လက်မှတ်လေးထိုးလိုက်ရတာကို အရသာတွေ့တတ်ကြစမြဲ။ အလုပ်က ထွက်လိုက်ရရင်၊ ဒါမှ မဟုတ် ပင်စင်ယူလိုက်ရတယ်ဆိုရင်တောင် တခါတရံမှာတော့ ပြန်တွေးရင်း တသသ ဖြစ်တတ်ကြစမြဲ။ ဒီလိုသဘောသဘာဝရှိနေတဲ့ လူ့လောကမှာ ရာထူး၊အာဏာ၊ လုပ်ပိုင်ခွင့်တွေကို တမ်းတမက်မောတတ်ကြတာ၊ ကုလားထိုင်တွေကို ထိုင်ပြီးရင် နေရာဖယ်မပေးချင်ကြတာ အဆန်းတော့ မဟုတ်ပါ။ ဒီအစွဲတွေဟာ ရေရှည်ကြာရင် အာဏာရှင်အသွင်ဆောင်သွားတာကြောင့် ဒီမိုကရေစီစနစ်နဲ့ ပြန်ထိန်းချုပ်ပေးကြရတာပါ။

ဒါကြောင့် ဒီအဆင့်အောင်မြင်ဖို့မှာ စာနယ်ဇင်းမီဒီယာတွေ၊ ဒီမိုကရေစီစနစ်ကို ယောင်ပြအပေါ်ယံ ယုံကြည်ချက် မဟုတ်ပဲ အမှန်တကယ်ယုံကြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ စစ်ဘက်- အရပ်ဘက် ဆက်ဆံတွေ၊ ဒီမိုကရေစီစနစ်အပေါ် အခြေတည်တန်ဖိုးထားတဲ့ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေး မူဝါဒတွေ၊ နိုင်ငံသုံးစရိတ်ခွဲဝေမှုတွေ၊ ဒီမိုကရက်တစ် functioning နဲ့ ကိုက်ညီမယ့် ကျင့်ထုံးတွေ၊ good governance ကျင့်ထုံးတွေ ပေါ်ထွက်လာဖို့ တည်ဆောက်ယူရပါတယ်။ အတတ်ပညာရှင်တွေနဲ့ အသိပညာရှင်တွေ အချိုးညီညီ ပေါ်ထွက်လာဖို့ လိုအပ်လှပါတယ်။ Civil Society အားကောင်းလာဖို့ လိုပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီမယ့် နိုင်ငံရေးယဉ်ကျေးမှု နဲ့ အတွေးအခေါ်တွေ ထွန်းကားလာအောင် ပြုပြင် တည်ဆောက်ရပါမယ်။ တချို့နိုင်ငံတွေမှာ democratic consolidation အဆင့်ရောက်ပြီးမှ အာဏာရှင်စနစ်ကို ပြန်ရောက်သွားတတ်ပါတယ်။

ဒီလို democratization's derailment ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာဖော်ထုတ်ကြရာမှာ အချက်ကြီး ငါးချက်ကို တွေ့ရှိကြရပါတယ်။ ပထမအချက်က နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်က နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်မှုဖြစ်ပါတယ်။ ဒီလိုစွက်ဖက်နိုင်မှုတွေဖြစ်ပွားရတာကတော့ နိုင်ငံတော်အရေးပေါ်အခြေအနေတွေမှာ power of the command of the army ဟာ အရပ်သား နိုင်ငံတော်အကြီးအကဲလက်ထဲမှာ မရှိလို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်ကို ပြန်လည်ကျရောက်သွားတတ်ပါတယ်။ နောက်တချက်ကတော့ ပြည်ပနိုင်ငံများရဲ့စွက်ဖက်မှုဖြစ်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့အစိုးရဟာ ပြည်ပနိုင်ငံတခုခုရဲ့ သြဇာခံ အစိုးရဖြစ်လို့မရပါဘူး။ ပြည်သူလူထုအကျိုးကိုပဲ ပထမဦးစားပေးကြည့်ရှုတဲ့ အစိုးရဖြစ်ရပါမယ်။ ဒီလိုမဟုတ်ပဲ လက်ဝဲ၊ လက်ယာအင်အားကြီးနိုင်ငံတွေရဲ့ ရုပ်သေးအစိုးရတွေဖြစ်လာတဲ့အခါမှာ မူဝါဒရေးရာတွေမှာ conflict of interests ဖြစ်တာတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒရေးရာ၊ ဒေသတွင်းရေးရာ အားပြိုင်မှုတွေကနေ ပေါ်လာတဲ့ proxy political conflicts တွေဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာ နှောင့်နှေးသွားတာတွေ ဖြစ်တတ်ပါတယ်။

နောက်တချက်ကတော့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ ပြောင်းလဲမှုကာလမှာ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ ဆုံးဖြတ်သုံးသပ်မှုတွေဟာ အလွန်အရေးကြီးပါတယ်။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုများတဲ့ တိုင်းပြည်တွေမှာ နိုင်ငံတည်ထောင်မှုသဏ္ဍာန်နဲ့ စနစ် မှန်ကန်ဖို့ လိုပါတယ်။ state formation conflicts တွေ ရှိတဲ့အခါမှာ စနစ်တကျမဖြေရှင်းနိုင်ရင် ရေရှည် ပြည်တွင်းစစ်ဖြစ်လာပါတယ်။ ပြည်တွင်းစစ်ပွဲတွေ များလာတာနဲ့အမျှ တပ်မတော်အခန်းကဏ္ဍကလဲ တိုးမြင့်လာပါတယ်။ ကြာလာတော့ ပြည်တွင်းစစ်နဲ့အတူု တပ်မတော်က အင်အားကြီးလာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နောက်ပြန်ဆွဲသလိုဖြစ်ပါတော့တယ်။ စစ်အသုံးစရိတ်က ကြီးမြင့်လာတော့ စီးပွားရေးတိုးတက်မှုက နှောင့်နှေးလာပြန်ပါတယ်။ စီးပွားရေးတိုးတက်မှုနှောင့်နှေးတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေက ဖြစ်လာပါလေရော။ ဒီလိုနဲ့ပဲ အာဏာရှင်နိုင်ငံဖြစ်လိုက်၊ ဒီမိုကရေစီနိုင်ငံဖြစ်လိုက်နဲ့ သံသရာလည်နေကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီးပါပဲ။

နောက်တချက်က တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ အပြောလွယ်သလောက် လက်တွေ့မှာ အလွန်ခဲယဉ်းတဲ့ ကိစ္စရပ်တခုပါ။ အာဖရိကနိုင်ငံတွေရဲ့ ဒီမိုကရေပြောင်းလဲမှုဖြစ်စဉ် တုံ့နှေးနေရခြင်း အကြောင်းရင်းတွေမှာ ဒီအချက်က အဓိကဖြစ်ပါတယ်။ အာဏာရှင်စနစ်လက်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့တဲ့ နိုင်ငံတွေမှာ organized crimes တွေ ကြီးစိုးပါတယ်။ အာဏာရှင်ဘက်တော်သားတွေကော၊ ဒီမိုကရေစီဘက်တော်သားတွေပါ လူကုန်ကူးမှုတွေ၊ စိန်နဲ့ ကျောက်မျက်ရတနာ ခိုးထုတ်မှုတွေ၊ သစ်ခိုးထုတ်မှုတွေ အပါအ၀င် တခါတရံမှာ ဘိန်းကုန်ကူးမှုတွေနဲ့ပါ ဆက်စပ်တတ်တာတွေ ရှိပါတယ်။ ဥပမာဆိုရင်- အာဖရိကတိုက်မှာ အာဖရိကအနောက်ပိုင်းဒေသဟာ အရှေ့တောင်အာရှ ဘိန်းဖြူသယ်ယူရေးရဲ့ port of entry ဖြစ်ပြီး၊ အာဖရိကတောင်ပိုင်းဒေသဟာ တကမ္ဘာလုံးက ခိုးယူထားတဲ့ယာဉ်နဲ့ ယာဉ်အပိုပစ္စည်းတွေရဲ့ ကုန်သွယ်မှုဇုံဖြစ်ပါတယ်။ ဒီလို ဥပဒေပြင်ပ စီးပွားရေးတွေဟာ ဒီမိုကရေစီစနစ်နဲ့ good governance practices တွေကို လာဘ်ပေးလာဘ်ယူမှုတွေ၊ အကြမ်းဖက်မှုတွေ၊ money laundering activities တွေနဲ့ undermine လုပ်လေ့ရှိပါတယ်။ တခါတရံမှာဆိုရင် အမတ်လောင်းတွေကို နောက်ကွယ်က ကျားကန်ပေးပြီး မူဝါဒရေးရာမှာ ကြိုးဆွဲမှုတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် ဥပဒေပြင်ပလုပ်ငန်းတွေကို နှိမ်နင်းတဲ့အခါမှာ တရားဥပေဒေစိုးမိုးရေးပြဿနာကနေ နိုင်ငံရေး၊ လူမျိုးရေးပြဿနာ မတက်အောင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်မှုတွေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် နိုင်ငံက စစ်ဘုရင်နိုင်ငံ (warlords state) ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ democratic consolidation ကို ခြိမ်းချောက်မှုပေးနိုင်တဲ့ အန္တရာယ်ပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြစ်တယ်။ လူအချင်းချင်းလေးစားမှုနဲ့ လူအချင်းချင်း ကိုးကွယ်မှု အသွင်သဏ္ဍာန်မတူဘူး။ လေးစားမှုက ဒီမိုကရေစီသဘောတရားပေါ် အခြေခံပြီး၊ ကိုးကွယ်မှုက အာဏာရှင်သဏ္ဍာန်ဆန်တယ်။ လူတယောက်ကို လေးစားသူက ဆက်ဆံရေးမှာလဲ လေးစားစွာ ဆက်ဆံတယ်။ ပြုမူဆောင်ရွက်မှုတွေမှာလဲ ကိုယ့်အမြင်ကို ပြတ်ပြတ်သားသား တင်ပြတယ်။ ဝေဖန်စရာရှိရင် ဝေဖန်ရေးလုပ်တယ်။ သူတပါးဝေဖန်သံကြားရင်လဲ အပြုသဘောလား၊ အပျက်သဘောလား ခွဲခြမ်းဆုံးဖြတ်တယ်။ ကိုးကွယ်သူကျတော့ အဲလိုမဟုတ်တော့ဘူး။ ဘာလုပ်လုပ်ထောက်ခံတယ်။ စိတ်ထဲမှာ မမှန်ဘူးထင်ရင်တောင် သူလုပ်တာဆိုရင် မမှားလောက်ပါဘူး။ ငါပဲ မှားတာပါလို့ တွက်ပြန်တယ်။ ကိုယ်က မဝေဖန်သလို သူတပါးက ဝေဖန်ရင်လဲ မကြိုက်ဘူး။ ကြက်ခေါင်းဆိတ်မခံ လိုက်ထိုးနှက်တတ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်လုပ်ငန်းဆောင်တာ ဆိုတာ မရှိတော့ဘူး။ ကိုးကွယ်သူရဲ့ ဆုံးဖြတ်ချက်၊ အတွေးအေခါ်၊ လုပ်ငန်းဆောင်တာကိုပဲ အတည်ပြုတယ်၊ အကောင်အထည်ဖော်တယ်။ ဒီလိုအခြေအနေမျိုးက စီးပွားရေး၊ လူမှုဆက်ဆံရေးမှာဆိုရင်တောင် လောင်းရိပ်မိနေတတ်တယ်။ မိသားစုရေးမှာတောင် သားသမီးက မိဘကို ကိုးကွယ်မှု လွန်ကဲနေရင် မိဘမရှိချိန်မှာ မလုပ်တတ်၊ မကိုင်တတ်နဲ့ မိဘလက်ငုတ်လက်ရင်း စီးပွားရေးကိုတောင် ဆက်မထိန်းနိုင်ဖြစ်တတ်တယ်။ လူဆိုတာ အသက်အရွယ်အရ ရင့်ကျက်လာရတယ်။ ငယ်စဉ်ကာလမှာ “ငါ့ဖေဖေပဲ တော်တယ်၊ တတ်တယ်“ ဖြစ်တတ်တာ သဘာဝပေမယ့် အရွယ်ရောက်လာချိန်မှာ ငါ့အဖေက ဘယ်နေရာမှာတော်တယ်၊ ဘယ်နေရာမှာ ချော်တယ်၊ ဘယ်နေရာမှာ အားသာချက်ရှိတယ်၊ ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ မှန်တယ်၊ မှားတယ် ဆိုတာကို သုံးသပ်ရတော့တယ်။ သူပြောတဲ့စကားတွေထဲက ဘယ်စကားကိုဆောင်ရမယ်၊ ဘယ်စကားကို ပယ်ရမယ်ဆိုတာကိုလဲ လက်ရှိအခြေအနေနဲ့ကိုက်ညှိပြီး စဉ်းစားရတော့မှာဖြစ်တယ်။ ဒီလိုဆိုလို ဒါဟာ မလေးစားတာ မဟုတ်ဘူး။ ဖခင်အနေနဲ့ လေးစားမှုက သပ်သပ်၊ သူ့အပြော၊ သူ့လုပ်ရပ်ကို သုံးသပ်လေ့လာမှုက သပ်သပ်ဖြစ်တယ်။ ဒီလိုမဟုတ်ပဲ မျက်ကန်းကိုးကွယ်မှုလုပ်ရင် ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့ လိုက်နာဆောင်ရွက်မှုတွေ ဖြစ်လာတတ်တယ်။ ဒါက လူတယောက် ဘ၀ရေးရာတွေမှာတင်ဖြစ်တယ်။

လူတယောက် ဘ၀ရေးရာမှာတောင် ဒီလောက်အရေးကြီးရင် နိုင်ငံတခုကံကြမ္မာမှာကျတော့ ပိုဆိုးတယ်။ ခေါင်းဆောင်ဆိုတာ လေးစားရမယ့် လူသားတွေဖြစ်တယ်။ ဒါပေမယ့် ကိုးကွယ်ပြီး ထိုင်ကန်တော့နေရမယ့် လူတွေ မဟုတ်ဘူး။ ပြောသမျှ ကိုယ့်စိတ်က ပါပါ၊ မပါပါ ခေါင်းညိမ့်လက်ခံနေရမယ့် သူတွေ မဟုတ်ဘူး။ သူဆိုထားသမျှ လိုက်နာဖော်ဆောင်ရမယ်မဟုတ်ဘူး။ သူနှုတ်ထွက်စကားမှန်သမျှ အမိန့်မဟုတ်ဘူး။ လက်တွေ့အခြေအနေနဲ့ ကိုက်ညီသလား၊ ဖြစ်နိုင်ချေရှိသလားဆိုတာ သုံးသပ်ရမယ်။ ပြန်လှန် ဆွေးနွေးမှုလုပ်ရမယ်။ တခြားဖြစ်နိုင်ချေတွေကို စဉ်းစားရမယ်။ ဝေဖန်ဆွေးနွေးရမယ်။ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြရမယ်။ အဲလိုမဟုတ်ပဲ ခေါင်းဆောင်ကြီးဆိုပြီး ပုဂိံ္ဂုလ်ရေးကိုးကွယ်မှုတွေဟာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နှောင့်နှေးစေတတ်တယ်။ တခုက ဒီလိုကိုးကွယ်ခံရသူတွေ မရှိတော့တဲ့အခါ ဖြစ်စဉ်တရပ်လုံး ကသောင်းကနင်းဖြစ်သွားတတ်တာဖြစ်ပြီး၊ နောက်တမျိုးကတော့ “မမှားသောရှေ့နေ၊ မသေသောဆေးသမား“ ဆိုသလိုပဲ သူတို့ရဲ့ မှားနေတဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေကို လိုက်ပါ လုပ်ဆောင်မိတာဖြစ်တယ်။

ဒီလို ဒီမိုကရေစီစနစ်အမြစ်တွယ်ခိုင်မာရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကျော်လွှားနိုင်ပြီး democratic consolidation အဆင့်ကို ဖြတ်သန်းပြီးတဲ့အခါ expansion to post-representative democracy ဆိုတဲ့ အဆင့်ကိုရောက်ပါတယ်။ ဒီအဆင့်ကတော့ နိုင်ငံတကာ governance system ကို democratic reform ဖြစ်ရေးတွေနဲ့ နိုင်ငံတော်အဆင့်မှာ participatory democracy, deliberative democracy တွေကို စမ်းသပ်အကောင်အထည်ဖော်ပြီး representative democracy ကို transcend လုပ်တာဖြစ်ပါတယ်။

နိဂုံး
အခုဆောင်းပါးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသဏ္ဍာန်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မစခင်မှာ preconditions တွေအနေနဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ လိုအပ်တယ်ဆိုတဲ့ modernization သီအိုရီနဲ့ လူထုလှုပ်ရှားမှုကနေ Elite တွေပေါ်ထွက်လာပြီး Initial democratization စတင်နိုင်မယ့် transitology တို့ကို ဆွေးနွေးထားပါတယ်။ လူထုလှုပ်ရှားမှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တို့အကြားက ဆက်နွယ်မှုတွေနဲ့ ပြောင်းလဲမှုဖြစ်စဉ်အဆင့်ဆင့်ကို တင်ပြထားသလို ဒီမိုကရေစီ စနစ် အမြစ်တွယ်ခိုင်မာမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အကြောင်းရင်းတွေကို ထည့်သွင်းဆွေးနွေးထားပါတယ်။ တခြားမူကွဲသဏ္ဍာန်တခုဖြစ်တဲ့ political liberalization အကြောင်းကိုတော့ လူထုလှုပ်ရှားမှုနဲ့ မသက်ဆိုင်တဲ့အတွက် ထည့်သွင်းဆွေးနွေးထားခြင်းမရှိပါဘူး။ Political liberalization ကနေ democratic consolidation ကို ကူးပြောင်းရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပုံသဏ္ဍာန်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တော့ နောက်ထပ်ဆောင်းပါးတခုမှာ ဆက်လက်တင်ပြပေးပါမယ်။

ခင်မမမျိုး (၁၊ ၈၊ ၂၀၀၉)

ရည်ညွန်းကိုးကား-
Alagappa, M. (ed.) (2001) Civil Society and Political Change in Asia, Standford University Press, Standford

Barnes, S. & Kaase, M. et al. (1979) Political Action: Mass participation in Five Western Democracies, Sage, Beverly Hills

Bell, D., Brown, D., Jayasuriya, K. and Jones, D. (1995) (eds) Towards Illiberal Democracy in Pacific Asia, St. Martin's Press, New York

Bernhard, M. (1992)'Civil Society and Democratic Transition in East-Central Europe', Political Science Quarterly, 108 (2), p. 307- 26

Brysk, A. (1993) 'From above and below: Social movements, the International system, and Human Rights in Argentina', Comparative Political Studies, 26 (3), p. 259-85

Cavatorta, F. (2005) 'The International Context of Morocco's stalled Democratization', Democratization, 12 (4), p. 549-67

Crouch, C. (2004) Post-Democracy, Polity Press, Cambridge

Dahl, R. (1989) Democracy and its critics, Yale University Press, New Haven
Dalton, R. (2004) Democratic Challenges, Democratic Choices, Oxford University Press, Oxford

Diamond, L. (1999) Developing Democracy: Toward Consolidation, John Hopkins University Press, Baltimore

Ekiert, G. & Kubik, J. (1999) Rebellious Civil Society: Popular pretest and Democratic Consolidation in Poland, 1989- 1993, University of Michigan Press, Ann Harbour

Escobar, A. and Alvarex, S. (1992) (eds.) The makings of social movements in Latin America: Identity, Strategy and Democracy, Westview, Boulder

Foweraker, J. (1989) Making Democracy in Spain: Grassroots struggle in the South, 1955-1975, Cambridge University Press, Cambridge

Lipset, S. (1959) 'Some social requisites of democracy: Economic Development and Political Legitimacy', American Political science review, 53 (1), p. 69- 105

Moore, B. (1966) Social Origins of dictatorship and democracy: Lord and Peasant in the making of the modern world, Beacon Press, Boston

Myers, M. (1998) 'The promotion of democracy at the grassroots: The example of radio in Mali, Democratization, 5 (2), p. 200- 216
O'Donnell, G. (2007) 'The perpetual crises of democracy', Journal of Democracy, 15 (1), p. 5-19

Opp, K. (1994) 'Repression and Revolutionary Action', Rationality and Society, 6, p. 101-38

Przeworski, A. & Limongi, F. (1997) 'Modernization theories and facts', World Politics, 49, p. 155-83

Rossi, F. & Parta, D. (2009) “Social movement, trade unions and advocacy networks”, in Haerpfer, C.; Bernhagen, P.; Inglehart, R (2009) (eds.) Democratization, Oxford University Press, Oxford

Schneider, C. (1995) Shantytown Protests in Pinochet's Chile, Temple University Press, Philadelphia

Ulfelder, J. and Lustik, M/ (2007) 'Modelling Transition to and from Democracy, Democratization, 14 (3), p. 351-87

Welzel, C. (2007) 'Are levels of democracy influenced by mass attitudes?, International Political Science Review, 28 (4), p. 397- 424

-ခင်မမမျိုး

ခေါင်းဆောင်၏ အရည်အသွေး ငါးရပ်

၁။ပညာဉာဏ်

အကြားအမြင် ဗဟုသုတ တွင် ဘာသာ စကား သုံးရပ်နှင့် နည်းပညာ လေးရပ် ပါဝင်သည်။
ချိန်ဆ ဆုံးဖြတ်ခြင်း ဆိုသည်မှာ ပြဿနာ၏ အခြေအမြစ်ကို အသေးစိတ် စိစစ်ခြင်း ဖြစ်သည်



အကြားအမြင်ဗဟုသုတ

ပညာဉာဏ် ဆိုသည်မှာ အဘယ်နည်း၊ ပညာဉာဏ် ဆိုသည်မှာ အခြေခံအားဖြင့် အတွေ့ အကြုံ ဗဟုသုတ ပြည့်စုံ ကုံလုံရေးပင် ဖြစ်သည်။

ပြောင်းလဲနေသော ကမ္ဘာကြီးတွင် ကော်ပိုရေးရှင်း များ၏ အလုပ် အမှုဆောင် လူကြီးများအတွင်း အရေးအပါဆုံး ပုဂ္ဂိုလ် ဖြစ်ရန်မှာ မိမိ ဘာသာ စကားအပြင် အခြား ဘာသာ စကား သုံးမျိုးကို ကျွမ်းကျင်၍ အဓိက နည်းပညာ လေးရပ်ကိုလည်း တတ်သိ နားလည် ရမည်။

တရုတ် လူမျိုးများ အတွက် ဘာသာ စကား သုံးရပ်မှာ အင်္ဂလိပ်၊ ဂျပန်နှင့် ကွန်ပျူတာ ဘာသာ စကားများ ဖြစ်သည်။ ဘာသာ စကား သုံးရပ်ကို တတ်သိ ကျွမ်းကျင်မှုသည် တရုတ် လူ့အဖွဲ့ အစည်း အတွင်း မရှိမဖြစ် လိုအပ်သည်။ အထူးသဖြင့် ကော်ပိုရေးရှင်းကြီးများ၏ အလုပ်အမှုဆောင် လူကြီးများအတွက် ပို၍ လိုအပ်သည်။

နည်းပညာ လေးရပ်မှာ တည်ဆောက်ရေး နည်းပညာ၊ ကူးယူရေး နည်းပညာ၊ အုပ်ချုပ်ရေး နည်းပညာ နှင့် ဖလှယ်ရေး နည်းပညာတို့ ဖြစ်သည်။ ယင်းတို့မှာ စီးပွားရေး လုပ်ငန်းများအတွက် အလွန်ပင် လိုအပ်သည်။ ထိုနည်းပညာ လေးရပ်သည် အီလက်ထရောနစ် စက်ရုံကြီးအတွင်း လိုအပ်သည်သာ မက စာအုပ်ထုတ်ဝေရေးနှင့် မီဒီယာလုပ်ငန်းများတွင်လည်း လိုအပ်လှသည်။ သတင်း ဆောင်းပါးများ စီစဉ်ခြင်း၊ သတင်း စုဆောင်းခြင်း တို့သည် တည်ဆောက်ရေး နည်းပညာ ဖြစ်သည်။ရေးသားခြင်းနှင့် စာတည်းဖြတ်ခြင်း တို့သည် စီမံခန့်ခွဲရေး နည်းပညာ၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။ အကြံဉာဏ်များ ဖလှယ်ခြင်း၊ သတင်းများ ပေးပို့ခြင်းတို့သည် ဖလှယ်ရေး နည်းပညာ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။


စီးပွားရေး လုပ်ငန်းများ အခြေအနေ အလိုက် ကျွမ်းကျင်မှု လိုအပ်ချက်မှာ မတူညီကြချေ။ မိမိတို့၏ လိုအပ်ချက်ကို နားလည်ထားပြီး လိုအပ်သော နည်းပညာများ ရရှိပြည့်စုံအောင် လုပ်ထားရမည်။ နိုင်ငံရေး အဖွဲ့အစည်းနှင့် အမြတ်အစွန်းအတွက် မဟုတ်သော အဖွဲ့အစည်းများတွင် လိုအပ်သည်များမှာ စီးပွားရေး လုပ်ငန်း၌ ရရှိမည့် လိုအပ်ချက်များနှင့် မတူညီနိုင်ပေ။ ခေါင်းဆောင်များသည် လက်ရှိ အခြေအနေကို ကောင်းစွာ နားလည်ထားပြီး လိုအပ်မည့် နည်းပညာများကို တိုးတက်အောင် လုပ်ထားရမည်။

ခေါင်းဆောင် ဖြစ်လိုသည်ဆိုလျှင် မိမိနှင့် သက်ဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်ပြီး အကုန်အစင် သိထားရမည့် အပြင် နားလည် တတ်သိနိုင်သည့် စွမ်းရည်လည်း ရှိရမည်။
ချိန်ဆဆုံးဖြတ်နိုင်မှု

ပညာဉာဏ်တွင် ကောင်းသော ချိန်ဆ ဆုံးဖြတ်မှု ပါဝင်သည်။ယင်းမှာ ပြဿနာ၏ ဇာစ်မြစ်ကို အသေးစိတ် စိစစ်နိုင်သည့် အရည်အချင်း ရှိရမည်။ အရေးကြီးသည်မှာ ပထမ အနေဖြင့် အကြားအမြင် ဗဟုသုတ ကုံလုံ၍ ဒုတိယ အနေဖြင့် ကောင်းစွာ ချိန်ဆ ဆုံးဖြတ်နိုင်မှု ရှိရမည်။

အချို့သော လုပ်ငန်း အကြီးအကဲများသည် အကြားအမြင် ဗဟုသုတနှင့် ကုံလုံ ကြွယ်ဝသော်လည်း ချိန်ဆဆုံဖြတ်နိုင်မှုတွင် အားနည်းတတ်ကြသည်။ အခြေအနေ တစ်ရပ်၏ ဇာစ်မြစ်ကို နက်ရှိုင်းစွာ မသိတတ်လျှင် သုံးသပ် ဆုံးဖြတ်မှု မှားယွင်းတတ်သည်။ ချိန်ဆ ဆုံးဖြတ်ခြင်းသည် စွမ်းအားနှင့်လည်း မဆိုင်၊ ဉာဏ်နှင့်လည်း မဆိုင် ၊ တိကျ ပြည့်စုံစွာ လေ့လာ စိစစ်ခြင်းနှင့်သာ ဆိုင်သည်။
၂။ယုံကြည်ကိုးစားထိုက်မှု

ခေါင်းဆောင်တစ်ဦး တွင်ရှိရမည့် ဒုတိယ အရည်အချင်း တစ်ရပ်မှာ ယုံကြည် ကိုးစားထိုက်မှု ဖြစ်သည်။မိမိ ပေးထားသမျှ ကတိကို များစွာ အလေးထားရပေမည်။

ကျွန်ုပ်တွင် ပါမောက္ခ `ပိုင်´ ဆိုသော မိတ်ဆွေ တစ်ယောက် ရှိသည်။ ကျွန်ုပ်ထက် အသက် နှစ်ဆယ် ကြီးသည်။ သူက ကျွန်ုပ် တို့အား ထမင်းစား ဖိတ်သည့်အခါ မလာဘဲ ပျက်ကွက်သူကို ထိုသူ မည်မျှပင် အရေးကြီးကိစ္စ ရှိနေသည် ဖြစ်စေ သူက ထိုသူကို အလွန် စိတ်ဆိုးသည်။ ပျက်ကွက်သူမှာ အနီးကပ်၍ ကိစ္စပေါ်သည်လည်း ဖြစ်နိုင်သည်။ အခြား အရေးကြီးသော ကိစ္စ ဆောင်ရွက်စရာ ရှိသည်လည်း ဖြစ်နိုင်သည်။ပျက်ကွက်သူ အနေဖြင့် ယင်းမှာ မိတ်ဆုံစားပွဲ သက်သက် ဖြစ်ရာ အိမ်ရှင်ကို လှမ်း၍ အကြောင်းကြားရန် မလိုဟု ထင်ကောင်းလည်း ထင်မည်။

အခြား အိမ်ရှင်များ အတွက်မူ ဘာမျှ သဘောမထားဘဲ နေနိုင်သော်လည်း ပါမောက္ခ `ပိုင်´ အနေဖြင့်မူ ယင်းကို လက်မခံနိုင်။ ထိုအခါမျိုးတွင် သူက မနားတမ်း မြည်တွန်တောက်တီး နေတတ်သည်။

ထိုသို့ ဖြစ်သည့်အခါ သူ့အသက် အရွယ်နှင့် သူ့ရာထူးအရ ဤမျှ စိတ်မတိုသင့်ဟု ကျွန်ုပ်တို့က ယူဆသည်။ ထိုမျှလောက် အသေးအမွှား ကိစ္စလေးနှင့် အဘယ်ကြောင့် စိတ်ဆိုးရသနည်း။ သို့သော် နောက်ပိုင်းတွင် ကျွန်ုပ်တို့ နားလည် ခဲ့ရသည်။ သူက မည်သည့် ကိစ္စမျှ သေးမွှားသည်၊ အရေးကြီးသည်ဟု မခွဲခြားသင့်ကြောင်း ကျွန်ုပ်တို့ လူငယ်များအား သိစေလို၍ ဖြစ်သည်။ အကယ်၍ မိမိ ကတိအတိုင်း မဆောင်ရွက်နိုင်ပါလျှင် သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံ အသိပေးသင့်သည်။ ဤသည်မှာ ခေါင်းဆောင် တစ်ဦးတွင် ရှိအပ်သည့် ယုံကြည်ထိုက်မှု ဖြစ်သည်။ ပေးထားသည့် ကတိတိုင်းကို အလေးထားရမည်။
တစ်ဖက်လူ ယုံကြည်ကာ ပူးပေါင်းဆောင်ရွက်လာရေး

ယုံကြည် ကိုးစားထိုက်ရန် နောက်တစ်ဆင့်မှာ တစ်ဖက်သား၏ နေရာတွင် ၀င်၍ ကြည့်ကာ တစ်ဖက်သား အပေါ် စာနာ နားလည်နိုင်မှု ဖြစ်သည်။

ခေါင်းဆောင်နေရာတွင် ရောက်သူသည် သြဇာ အာဏာ ပိုရှိပြီး မိမိ ပတ်ဝန်းကျင်မှ လူများ၏ လေးစားမှုကို ပို၍ ခံရသည်။ သို့ဖြင့် လက်အောက် ငယ်သားများ တွန်းထိုး ခိုင်းစေနေစရာ မလိုဘဲ လုပ်ကိုင် ပေးတတ်လာကြသည်။ နားမလည်နိုင်သည့် အလုပ်ရှင်များလည်း ရှိသေးသည်။ လက်အောက် ငယ်သားများမှာ အလုပ်ရှင်များကဲ့သို့ တာဝန်ကို ထမ်းဆောင်နိုင်သည့် အနေအထားမျိုး မရှိသည်ကို သူတို့ စဉ်းစားမိကြပါ၏လော။

ခေါင်းဆောင် တစ်ယောက်သည် လက်အောက် ငယ်သားများ နေရာမှ ၀င်၍ ကြည့်ကာ သူတို့အပေါ် စာနာနားလည်မှု မရှိဘဲ သူတို့ကိုသာ အမြဲတမ်း အပြစ်ပြောနေမည် ဆိုလျှင် လက်အောက်ငယ်သားများ၏ ယုံကြည်ကိုးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရရှိမည် မဟုတ်ပေ။ ယုံကြည် ကိုးစားထိုက်မှု ဆိုသည်မှာ မိမိအပေါ် ယုံကြည်စိတ် ရှိလာစေရုံသာ မကဘဲ မိမိ အမိန့်ကို နာခံလာချင်အောင်လည်း စွမ်းဆောင်နိုင်ရမည် ဖြစ်သည်။
၃။စိတ်ကောင်းစေတနာရှိမှု

လောကတွင် လူတစ်မျိုးတည်းသာ ရှိသည်။ ဂရုစိုက် အလေးထားမှု လိုအပ်နေသူများ ဖြစ်သည်။
ဂရုစိုက် အလေးထားခြင်း

ကျွန်ုပ်တို့ စက်ရုံမှာ ယခင်က ဟွာချန်းလမ်းတွင် ရှိပြီး လုပ်သား ငါးရာ နီးပါး ရှိသည်။ထိုစဉ်က အလုပ်သမားများ ထွက်နှုန်းမှာ မြင့်မားနေသည်။လစဉ် အလုပ်သမား တစ်ရာ့ငါးဆယ်မှ နှစ်ရာခန့် ထွက်နေကြ၏။ အလုပ်ကြပ်များက လုပ်ခနည်း၍ ထွက်ခြင်း ဖြစ်သည်ဟု အစီရင်ခံသည်။ကျွန်ုပ်တို့ စက်ရုံမှာ သေးငယ်သဖြင့် ပတ်ဝန်းကျင် စက်ရုံများကို မယှဉ်ပြိုင် နိုင်ပေ။

တစ်နေ့တွင် အထွေထွေ မန်နေဂျာ ဖြစ်သော ကျွန်ုပ်က ထိုအခြေအနေကို ပြန်လည် သုံးသပ်ပြီး `ဒါ ဘယ်လိုကြောင့် ဖြစ်ရတာလဲ၊ ဒီလို ဖြစ်ရတာ အခြေအမြစ်တော့ မရှိဘူး။ နောက်ပြီး လစဉ် အလုပ်သမား သုံးဆယ် ရာခိုင်နှုန်းလောက် ထွက်နေတယ် ဆိုရင် စက်ရုံ လည်ပတ်ဖို့ မလွယ်ဘူး။ ဒီပြဿနာရဲ့ ဇာစ်မြစ်ကို ရှာကြည့်ကြရအောင်´

ထိုနေ့တွင် ကျွန်ုပ်သည် ထွက်စာတင်ထားသည့် အလုပ်သမားများကို ခေါ်၍ တစ်ယောက်လျှင် ငါးမိနစ်ခန့်စီ အလုပ်ကြပ်က တွေ့ဆုံမေးမြန်းသည်များကို လေ့လာသည်။ ပထမဆုံး တစ်ယောက် ၀င်လာတော့ `မင်းက ဘယ်အလုပ်သမား အုပ်စုကလဲ၊ ဘယ်လုပ်ငန်းစုကလဲ၊ မင်းနာမည် ဘယ်သူလဲ၊ ဒီကုမ္ပဏီကို ရောက်တာ ဘယ်လောက် ကြာပြီလဲ၊ ဘာဖြစ်လို့ အလုပ်ထွက်ချင်တာလဲ´

ထိုသို့ မေးမြန်းပြီးတော့ အလုပ်ကြပ်က အလုပ်သမားကို ပြန်လွှတ်လိုက်သည်။ ဒုတိယ တစ်ယောက်နှင့် တတိယတစ်ယောက် ကိုလည်း ထိုအတိုင်း မေးပြန်သည်။ ထိုမေးမြန်း ခဲ့သည်များကို အလုပ်ကြပ်က ရေးမှတ်သည်။ ထို့နောက် ကျွန်ုပ်က `ဆက်မေးစရာ မလိုတော့ဘူး။ ပြဿနာက ရှင်းနေပြီ။ စက်ရုံ အလုပ်ကြပ် တစ်ယောက်အနေနဲ့ အလုပ်သမားရဲ့ နာမည်၊ ဘယ်အလုပ်သမား အုပ်စုက၊ ဘယ်လုပ်ငန်းစု မှာ လုပ်နေတယ် ဆိုတာလောက်မှ မသိရင် ငါတို့ အလုပ်သမားကောင်း ဘယ်ရနိုင်တော့မှာလဲ´ ဟု ပြောလိုက်သည်။

လောကတွင် လူတစ်မျိုးတည်းသာ ရှိသည်။ယင်းမှာ အသားအရောင် မည်မျှပင် ကွဲပြားစေကာမူ အားလုံး ဂရုစိုက် အလေးထားခံချင်သူများ သာဖြစ်သည်။ ခေါင်းဆောင် တစ်ယောက်သည် လက်အောက်ငယ်သားများ အပေါ် အကြင်နာတရားနှင့် စိတ်ကောင်း စေတနာ ရှိမရှိ လက်အောက်ငယ်သားများအပေါ် သူ၏ ဆက်ဆံပုံကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ခေါင်းဆောင် တစ်ယောက်တွင် စိတ်ကောင်း စေတနာ ထားရှိရမည် ဆိုသည်မှာ လက်အောက် ငယ်သားများ၏ မွေးနေ့တိုင်း မွေးနေ့လက်ဆောင် ပေးရမည် ဟု မဆိုလိုပေ။ တကယ့် စိတ်ကောင်းစေတနာ ဆိုသည်မှာ လက်အောက် ငယ်သားများနှင့် တစ်သားတည်း ဖြစ်နေပြီး အမြဲတမ်း ရင်းနှီး ကျွမ်းဝင်မှု ရှိနေခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အပြန်အလှန် နားလည်မှု ရှိရေးပင် ဖြစ်သည်။

သူတစ်ပါး အမှားကို မေတ္တာဖြင့် တုံ့ပြန်သည့် သာဓက အမြောက် အမြား ရှိခဲ့သည်။ ယင်းကို လူအတော် များများက ကွန်ဖြူးရှပ်၏ အယူ အဆဟု ထင်ခဲ့သည်။ တကယ်တော့ ထိုသို့ မဟုတ်ပါ။ တပည့် တစ်ယောက်က ကွန်ဖြူးရှပ် အား အမှား လုပ်မိသည်ကို မေတ္တာဖြင့်တုံ့ပြန်ပါ သလားဟု မေးခဲ့သည်။ ကွန်ဖြူးရှပ်က `အမှားကိုမေတ္တာနှင့် တုံ့ပြန်လျှင် မေတ္တာကို ဘာနှင့်တုံ့ပြန်မည်လဲ´ ဟု ဖြေကြား သည်။ ကွန်ဖြူးရှပ်က `အမှားကို တရား မျှတမှု ဖြင့် တုံ့ပြန်ရ မည်။ မေတ္တာကို သီလဖြင့် တုံ့ပြန်ရမည်´ ဟု ပြောကြားခဲ့သည်။ ထို အယူအဆ ကို သူ့အသက် သုံးဆယ် အရွယ်တွင် ယူဆခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူ၏ စကားများ သည် အမှန် တရားများ ဖြစ်သည်ဟု လက်ခံ ထားကြရာ ထို အယူ အဆသည် တရုတ် လူမျိုးတို့အကြား စံတစ်ခု ဖြစ်လာ ခဲ့သည်။ သို့သော် နောက်ပိုင်း တွင် ကွန်ဖြူးရှပ်၏ အယူအဆ ပြောင်းလဲ သွားပုံ ရသည်။


သမိုင်းမှတ်တမ်း များတွင် အသက် သုံးဆယ်အရွယ် ကွန်ဖြူးရှပ်နှင့် အသက် ခုနစ်ဆယ် အရွယ် လောင်ဇူးတို့ တွေ့ဆုံပုံ အကြောင်း အပြည့်အစုံကို ဖော်ပြထားသည်။ ထိုအချိန်တွင် ကွန်ဖြူးရှပ်မှာ ပညာရှိ တစ်ယောက် အဖြစ် ကျော်ကြားနေပြီး တပည့်များက လောင်ဇူးအား မည်သည့် အယူအဆမျိုး တင်ပြမည်နည်းဟု ကွန်ဖြူးရှပ်ကို မေးသည်။သူတို့၏ အမြင်တွင် ငယ်ရွယ်သူ ကွန်ဖြူးရှပ်က လောင်ဇူးအား တစ်စုံတစ်ရာ သင်ကြားပေးလိမ့်မည်ဟု ထင်မြင်ကြသည်။ ထိုသို့တွေ့ဆုံပြီး ပြန်လာသောအခါ ကွန်ဖြူးရှပ်မှာ ဘာမှမပြောဘဲ သက်ပြင်းကိုသာ ချနေသည်။

ရက်အနည်းငယ် ကြာသောအခါ တပည့်များက သူ့ကိုမေးပြန်သည်။ သူက`လောကမှာ သိနိုင်လောက်တဲ့ အရာမှန်သမျှကို ငါသိတယ်။ ငှက်တွေ ပျံတယ်။ငါးတွေက ရေကူးတယ်။ တိရစ္ဆာန်တွေက ခြေလေးဘက်နဲ့ ပြေးတယ်။ခြေလေးဘက်နဲ့ ပြေးတဲ့ သတ္တ၀ါတွေကို ပိုက်ကွန်နဲ့ ဖမ်းလို့ရတယ်။ ရေကူးတဲ့ ငါးတွေကို ငါးမျှားတံနဲ့ မျှားရတယ်။ ပျံသန်းတဲ့ ငှက်တွေက လေးနဲ့ ပစ်ချရတယ်။ ဒါပေမဲ့ နဂါးကို ကျတော့ရော…။ သူဟာ တိမ်ကြားမှာ လေဟုန်စီးပြီး ဘယ်လို ပျံတက်သွားတယ် ဆိုတာ ငါ မသိဘူး။ ငါ လောင်ဇူးကို တွေ့ခဲ့တယ်။သူဟာ နဂါးလား´။ ဘ၀၏ လျှို့ဝှက် နက်နဲသည့် အရာများနှင့် ပတ်သက်လျှင် လောင်ဇူးမှာ နဂါးတစ်ကောင်ကဲ့သို့ ဖမ်းဆီး၍ မရနိုင်အောင် ဖြစ်ရသည်ဟု မြင်ကာ ကွန်ဖြူးရှပ်မှာ အတော်ပင် တုန်လှုပ်ခဲ့သည်။

သူတို့ တွေ့စဉ် လောင်ဇူးက အကြောင်းအရာ နှစ်ရပ်ကို ဆွေးနွေးခဲ့သည်။ ထိုအရာ များသည် လူငယ် ကွန်ဖြူးရှပ်ကို များစွာ လွှမ်းမိုးခဲ့သည်။ ပထမ အကြောင်းအရာမှာ ကွန်ဖြူးရှပ်သည် ရှေးဟောင်းကျမ်းစာ များကို ဖတ်ရှုတတ်သိနေပြီး ထိုမှရသည့် အသိပညာကို လက်တွေ့ဘ၀တွင် အသုံးချသင့်ကြောင်းနှင့် ဒုတိယ အချက်မှာ ကျယ်ပြန့်စွာ တတ်သိထားသည့် ဗဟုသုတနှင့် စေတနာတို့ အတွက် မာန်မာန မထောင်လွှားသင့် ကြောင်းတို့ ဖြစ်သည်။
၎။သတ္တိ

စွန့်စားရန် အရေးကြီးသည်၊ စွန့်စားမှု မရှိလျှင် လုပ်ငန်းရှင်များ၏ ကျဆုံးခန်းပင်။

တာဝန်သိစိတ် ရှိမှုဆိုသည်မှာ မိမိ၏ နောက်လိုက်များ၏ ရှေ့မှရပ်ပြီး တာဝန်ကို ထမ်းဆောင်ရန် အသင့်ရှိနေမှု ဖြစ်သည်။

ခေါင်းဆောင် တစ်ယောက်၏ စတုတ္ထ အရည်အချင်းမှာ သတ္တိဖြစ်သည်။ သတ္တိ ဘာမှ မရှိဘဲ လုပ်ငန်းရှင် တစ်ယောက် မဖြစ်နိုင်။ မိသားစု တစ်ခု၏ ဓနဥစ္စာမှာ မျိုးဆက် သုံးခုထက် ပို၍ မတည်မြဲနိုင်ဟု တရုတ်လူမျိုးတို့ ပြောတတ်ကြသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

စွန့်စားမှုပြုခြင်း

ဂျူးလူမျိုးတို့သည် ကမ္ဘာ့စီးပွားရေးတွင် နှစ်ပေါင်း နှစ်ထောင်ကျော် ရှေ့တန်း၌ ရှိနေခဲ့ကြသည်။ တရုတ် လူမျိုးတို့တွင် ဥစ္စာကို မျိုးဆက် သုံးဆက်ထက် ပို၍ မထိန်းသိမ်းနိုင်ဘဲ နှစ်ပေါင်း တစ်ရာမျှသာ ခံနိုင်သည်။ အကြောင်းရင်းမှာ ဂျူးလူမျိုးတို့သည် စွန့်စားမှုကို မပစ်ပယ်သော ကြောင့် ဖြစ်သည်။

အဘယ်ကြောင့် လူပေါင်း တစ်ရာတွင် တစ်ယောက် နှစ်ယောက်သာ ချမ်းသာသော လုပ်ငန်းရှင် ဖြစ်ရသနည်း။ အကြောင်းမှာ စွန့်စားမှု နည်းရသောကြောင့် ဖြစ်သည်။ ပထမ မျိုးဆက်တွင် လုပ်ငန်းရှင်သည် စီးပွားချမ်းသာသော လုပ်ငန်း တစ်ခု ဖြစ်အောင် အကြီးအကျယ် စွန့်စားခဲ့သည်။ တရုတ် လူ့အဖွဲ့အစည်းတွင် သားဖြစ်သူသည် မိသားစု ကြီးပွား တိုးတက်အောင် ဖခင်က မည်မျှ ကြိုးစား အားထုတ်ခဲ့သည်ကို သိမြင်သဖြင့် ထိုဓနဥစ္စာကို မပျောက်ပျက်အောင် ထိန်းသိမ်းသည်။ မြေးအဆင့်သို့ ရောက်သောအခါ မပူမပင် နေရသော်လည်း ထိုသို့ ကြွယ်ဝ ချမ်းသာအောင် မည်မျှ စွန့်စား လုပ်ကိုင်ရသည်ကို မသိမြင်ဘဲ လွယ်လွယ်ကူကူ ချမ်းသာ လာခဲ့သည်ဟု ထင်မြင်တတ်ကြသည်။ သူသည် ရင်းနှီးမြှုပ်နှံမှု အမှားဆုံး၊ ဆုံးဖြတ်ချက် အမှားများကို များစွာ လုပ်မိတတ်ကြသည်။ ပိုဆိုးသည်က သူသည် ငွေကြေးကို သုံးရုံသာ သုံးတတ်ခြင်း ဖြစ်သည်။

ဂျူးလူမျိုးများကတော့ ကလေးများကို ငယ်စဉ်ကပင် လုပ်ငန်းရှင် ဖြစ်အောင် သွန်သင် တတ်ကြသည်။ သူတို့သည် မိမိတို့၏ ဓနဥစ္စာကို သားသမီးများအား ပေးကမ်းခြင်း မရှိဘဲ ဘုရားကျောင်းများ၊ ပညာရေး အဖွဲ့အစည်းများနှင့် အခြား လိုအပ်သည့် အဖွဲ့အစည်းများကို လှူဒါန်း ပစ်တတ်ကြသည်။ ဤသည်မှာ သူတို့၏ အစဉ်အလာ ဖြစ်သည်။ဥပမာ အားဖြင့် အဲလ်ဘတ်အိန်းစတိန်း အပါအ၀င် နှစ်ဆယ်ရာစု သိပ္ပံပညာရှင်များ ကျင်လည်ရာ စတန်းဖို့ဒ် တက္ကသိုလ် ဆိုလျှင်လည်း ဂျူးတို့ လှူဒါန်းငွေ များစွာ ရရှိခဲ့သည်။

ယခုခေတ် ထင်ရှားကျော်ကြားလှသည့် ငွေကြေးလုပ်ငန်းရှင် ဂျော့ဆောရို့စ်ကို ဥပမာ ကြည့်ပါ။ သူ ကမ္ဘာ့ငွေကြေးများကို ကစားပြီး ငွေကြေး အမြောက်အမြား မည်သို့ လှူဒါန်းသည်ကို လူတွေ သိပ်မသိကြ။

ငွေကြေးဓနကို အမြောက်အမြား ရှာဖွေနိုင်သည့် အရည်အသွေး ရှိပြီး အမြောက်အမြား ပေးကမ်း စွန့်ကြဲတတ်ကြ သည်မှာ ဂျူးတို့၏ အစဉ်အလာ ဖြစ်သည်။ ထို့ကြောင့်လည်း ဆောရို့စ်သည် ငွေကြေး လုပ်ငန်းရှင် တစ်ဦး အပြင် စေတနာရှင်လည်း ဖြစ်နေသေးသည်။ ထိုအစဉ်အလာကြောင့် ဂျူးတို့သည် လုပ်ငန်းကို သုညမှ စကြရသည်ချည်း ဖြစ်သည်။စီးပွားရေး နည်းဗေဒများကိုလည်း သူတို့ တတ်ကျွမ်းသည်။ သူတို့သည် မိဘထံမှ မမွေ မရကြသော်လည်း ငွေရှာနည်းကို သိကာသူတို့ လုပ်ငန်းကို သူတို့ဘာသာ တည်ထောင်ကြသည်။ ထို့ကြောင့်လည်း ဂျူးတို့သည် သားသမီးများကို အမွေပေးကာ လုပ်ငန်းရှင် ဖြစ်စေပြီး လုပ်ငန်းသဘောကို သင်မပေးသည့် တရုတ်တို့နှင့် မတူဘဲ ဓနဥစ္စာကို မျိုးဆက်ပေါင်း များစွာ ထိန်းသိမ်း နိုင်ခဲ့ကြခြင်း ဖြစ်သည်။

တရုတ်တို့သည် သားသမီးများကို အခြေခံမှစ၍ လုပ်ငန်းကို စီမံခန့်ခွဲတတ်အောင် သင်ကြားပေးသော်လည်း ထိုမျှလောက်နှင့် မလုံလောက်ပေ။ ထိုသို့ လေ့ကျင့်ပေးရာတွင် လုပ်ငန်း အခက်အခဲများ အန္တရာယ်များနှင့် သူတို့ မကြုံတွေ့ရပေ။ စွန့်စားမှုများ၊ အန္တရာယ်များနှင့် မကြုံတွေ့ရဘဲ ကြီးကျယ်သော လုပ်ငန်းရှင် တစ်ယောက် ဖြစ်မလာနိုင်ပေ။
တာဝန်သိစိတ်

နောက်လိုက်များ၏ ရှေ့တွင် ရပ်တည်ကာ တာဝန်ကို ထမ်းဆောင်ရန် အသင့်ရှိပါ။

စစ်ပွဲတွင် ခေါင်းဆောင်၏ စိတ်ဆန္ဒများနှင့် လုပ်ဆောင်ချက် များသည် နောက်လိုက်များ အတွက် စံပြ ဖြစ်စေရမည်။ထိုအခါ တိုက်ပွဲတွင် အရေးကြီးသည့် အခြေအနေ ရောက်လာသောအခါ ခေါင်းဆောင်မှာ လေးစားဖွယ်ရာ ကောင်းသော တွန်းအား တစ်ခု ဖြစ်လာသည်။ နောက်လိုက်များကို ရှေ့မဆောင်လျှင် နောက်လိုက်များကလည်း မည်သို့လျှင် စိတ်ပါ လက်ပါ နောက်က လိုက်ကြမည်နည်း။ ခေါင်းဆောင် တစ်ယောက်သည် ခေါင်းဆောင် ဖြစ်နေသည် ဟူသော အနေအထား သက်သက်သာ မဟုတ်ဘဲ အောင်မြင်မှု၊ မအောင်မြင်မှု များအတွက်လည်း တာဝန်ယူရမည်။

`တိုက်တန်းနစ်´ ရုပ်ရှင်သည် အတော်ပင် နာမည်ကြီးသော ဇာတ်ကား တစ်ကား ဖြစ်သည်။ ထိုဇာတ်လမ်းထဲမှ အချစ်ဇာတ်လမ်းသည် အလွန်ပင် စိတ်လှုပ်ရှားဖို့ ကောင်းသည်။ ဇာတ်သိမ်းခါနီးတွင် တီးခတ်နေကြသော တေးဂီတ မှာလည်း စိတ်လှုပ်ရှား ဖွယ်ရာဖြစ်သည်။ သေအံ့ဆဲဆဲ အချိန်မှာပင် ဂီတ သမားတို့သည် ချောက်ချားနေသော ခရီးသည် များအား အကြောက်ပြေစေရန် ချွေးသိပ်သည့် အနေဖြင့် သာယာနာပျော်ဖွယ် ဂီတသံကို တီးခတ်ပေးသည်။ရုပ်ရှင်ထဲမှ အချစ်ဇာတ်လမ်းမှာ စိတ်ကူးယဉ် သက်သက် ဖြစ်သော်လည်း နောက်ဆုံး ဇာတ်ကွက်တွင် တင်ဆက်သည့် ဂီတသံမှာ တကယ့်မူရင်း အစစ်အမှန် ဖြစ်သည်။


သတ္တိ၏ ဒုတိယ အဓိပ္ပာယ်မှာ တာဝန်ယူတတ်ခြင်းနှင့် တာဝန်သိစိတ် ဖြစ်သည်။ `တိုက်တန်းနစ်´ဇာတ်ကားထဲမှ ဇာတ်သိမ်းပိုင်း ဂီတသံနှင့် မာလိန်မှူးက သင်္ဘောမှ ထွက်ခွာမသွားဘဲ တင်းခံနေမှုသည် ကောင်းသော ဥပမာများ ဖြစ်သည်။ မာလိန်မှူးမှာ ကောင်းသော အသိစိတ် ရှိသူ ဖြစ်သည်။သင်္ဘော တစ်စင်းလုံး၏ လုံခြုံရေးမှာ သူ့တာဝန် ဖြစ်သည်။ တေးဂီတ သမားများကလည်း တာဝန်သိစိတ်ရှိကြသည်။ သူတို့မှာ ကျွန်ုပ်တို့ အတွက် ဥပမာကောင်းများ ဖြစ်ပေသည်။

ခေါင်းဆောင်ကောင်းတို့သည် စွန့်စားရဲရမည်။ တာဝန်ယူရဲရမည်။ ပြဿနာ ပေါ်လာမှ သူများကို ထိုးချသည်မျိုး မလုပ်ရပေ။
၅။တိကျပြတ်သားမှု

ဝန်ထမ်းများကို တိကျ ပြတ်သားသော ဆုပေး ဒဏ်ပေး စနစ်မျိုးဖြင့် အုပ်ချုပ်ရမည်။

စည်းမျဉ်း စနစ်များကို အကောင်အထည် ဖော်ရာတွင် ပြီးပြည့်စုံ၍ တိကျ ပြတ်သားမှု ရှိရမည်။
ဝန်ထမ်းများ

ဘုရင်လျူပန်းသည် ပထမဆုံးအကြိမ် တရုတ်နိုင်ငံကြီးကို စုစည်း၍ မင်မင်းဆက် ထူထောင်ပြီးသော အခါ ကောင်းစွာ အမှုတော် ထမ်းဆောင်သူများကို ဆုတော် လာဘ်တော်များ ပေးသနားသည်။ သို့ရာတွင် ကောင်းစွာ အမှုတော် ထမ်းဆောင်သူများမှာ အမြောက်အမြား ရှိနေ၏။ ထို့ကြောင့် တရားမျှတစွာ ဆုလာဘ် ပေးသနားရန်မှာ အခက်အခဲ ရှိနေသည်။ ထို့ပြင် ဘုရင်သည် အင်ပါယာ ထူထောင်ပြီးနောက် အာဏာ အားလုံး ချုပ်ကိုင် လိုက်မည်ကို စိုးရိမ်မကင်း ဖြစ်နေကြသူများ ရှိနေသည်။ သို့ဖြင့် နန်းတွင်း၌ စိတ်မသက်မသာ ဖြစ်နေကြသည်။

အမှုတော်ထမ်း နှစ်ဆယ်အား ဆုတော်လာဘ်တော်များ နယ်ပယ်များနှင့် ရာထူး၊ ဂုဏ်ထူးများ ပေးပြီးသောအခါ အမှုထမ်းများသည် ဘယ်သူက အမှုတော်ကို ပို၍ ထမ်းရွက်သည်၊ ဘယ်သူက လျှော့၍ ထမ်းရွက်သည် စသည်ဖြင့် အငြင်းအခုံများ ဖြစ်နေကြသည်။ တစ်နေ့တွင် စစ်သည် အမြောက်အမြား စု၍ အကြီးအကျယ် ဆွေးနွေးနေကြသည်ကို ဘုရင်လျူပန်း တွေ့သောအခါ မင်းတိုင်ပင် အမတ် ဇန်လျန်းအား ဤသို့ မေးသည်။

`သူတို့ဘာတွေ ဆွေးနွေးနေကြတာလဲ´ ထိုအခါ ဇန်လျန်းက …

`အရှင် မင်းမြတ် မသိဘူးလား ဘုရား၊ သူတို့က ပုန်ကန်ဖို့ တိုင်ပင်နေကြတာပါ´ ဟု လျှောက်တင်သည်။

`အခုလို ငြိမ်းအေးနေတဲ့ ကာလကျမှ သူတို့က ဘာကြောင့် သူပုန်ထချင်ရတာလဲ´

`အရှင်မင်းမြတ်ဟာ သာမန်လူ့ဘ၀ကနေ သူတို့ရဲ့ အကူအညီနဲ့ ဘုရင် ဖြစ်လာခဲ့တယ်၊ ခုဆိုရင် ဘုရင်မင်းမြတ်ဟာ တိုင်းပြည်မှာ အကြီးမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်နေပြီ၊ ဘုရင်မင်းမြတ်ဟာ ကိုယ်နဲ့ ခင်မင်ရာ ခင်မင်ကြောင်းရှိတဲ့ လူတွေကို ဆုတော် လာဘ်တော်များ ပေးပြီး အငြိုးအတေး ရှိတဲ့လူတွေကို ကွပ်မျက် သုတ်သင်ပါတယ်။စစ်တပ်ထဲမှာနဲ့ အရပ်ဘက် ရုံးတွေမှာ အမှုထမ်းကောင်းလို့ ဆုပေးသင့်တဲ့လူတွေ မဆံ့အောင် ရှိနေပါတယ်။ဒီလူတွေဟာ ဆုတော် လာဘ်တော်တွေ မရရုံသာမက သာမန် အပြစ်လေးနဲ့ အပြစ်ပေး ကွပ်မျက် ခံရမှာကို ကြောက်နေကြရတယ်။ ဒါကြောင့် သူတို့ဟာ စုဝေးပြီး သူပုန်ထဖို့ တိုင်ပင်နေကြတာပါ´ ဟု လျှောက်တင်ရာ လျူပန်းက

`ဒါဆို တို့ ဘာလုပ်ကြမလဲ´

`အရှင်မင်းကြီး သဘောမကျဆုံး ဖြစ်ပြီး အရှင်မင်းကြီး အမျက်သိုနေတဲ့လူ ဘယ်သူရှိသလဲ၊ အဲဒီအကြောင်းကို လူတိုင်းက သိနေရမယ်´

`ယောင်ချိနဲ့ ငါဟာ သိခဲ့တာ ကြာပြီ။ ဒါပေမဲ့ သူဟာ ငါ့ကို မကြာခဏ ဆိုသလို အရှက်ရအောင် လုပ်တယ်။ စော်ကားတယ်။ ငါ သူ့ကို သတ်ပစ်ချင်တယ်။ ဒါပေမဲ့ သူ့ရဲ့ စွမ်းစွမ်းတမံ အမှုတော် ထမ်းဆောင်မှုကြောင့် ငါ သူ့ကို မသတ်ခဲ့ဘူး´

`ဒါဆို အရှင်မင်းကြီး ခွဲခြားမှု မရှိကြောင်း ပြတဲ့ အနေနဲ့ သူ့ကို ဘွဲ့တံဆိပ်တော်နဲ့နယ်ပယ် အပိုင်စား ပေးသနားလိုက်ပါ၊ အဲဒီအခါ လူအများလည်း စိတ်ချ လက်ချ ဖြစ်သွားပါလိမ့်မယ်´

သို့ဖြင့် လျူပန်းသည် ယောင်ချိကို အခမ်းအနားဖြင့် ရှန်ဖန်းနယ်စားဘွဲ့ကို ချီးမြှင့်လိုက်သည်။ ထိုသို့ ချီးမြှင့်လိုက်သဖြင့် ဘုရင်ပေါ်ထားသော မသင်္ကာစိတ်များ ပျောက်ကွယ် ခဲ့ရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆုလာဘ်ပေးခြင်းမှာ အမှုတော်ကို ပိုမို ထမ်းဆောင်စေရုံမျှမက အဖွဲ့အစည်း အတွင်းတွင် သံသယစိတ်များ ကင်းကာ တည်ငြိမ်လာစေနိုင်သည်။ လက်အောက် ငယ်သားများအား အပြစ်ပေးရာတွင်လည်း အလွန်ပင် အရေးကြီးသည်။

ခေါင်းဆောင် တစ်ယောက်၏ ပဉ္စမမြောက် အရည်အသွေးမှာ တိကျခြင်း ဖြစ်သည်။ ခေါင်းဆောင်သည် နောက်လိုက်များအား တိတိကျကျ ဆောင်ရွက်အောင် သင်ကြားရမည်။ တိတိကျကျ ဆိုရာ၌ နောက်လိုက်များကို တစ်နေ့လုံး မြည်တွန်တောက်တီး၍ အပြစ်ရှာနေရန် မဟုတ်ပေ။ နောက်လိုက် တစ်ဦးချင်း၏ အနေအထားပေါ် မူတည်၍ ဗျူဟာကို တစ်ယောက်တစ်မျိုး သုံးရမည်။ သို့မှသာ သူတို့ ကျေနပ်ကြမည် ဖြစ်သည်။
ဇင်သန့်
http://www.perfectmagazineonline.com
ခေါင်းဆောင်မှု

-အောင်ခက်-

၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်းကို ထဲထဲဝင်ဝင် လွန်စွာ အလေးထား လာခဲ့ကျပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၄င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသော အခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်းပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညွှန်ပြကြခြင်းပဲဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။

၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်းကို ထဲထဲဝင်ဝင် လွန်စွာ အလေးထား လာခဲ့ကျပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၄င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်းပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညွှန်ပြကြခြင်းပဲဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။

ခေါင်းဆောင်မှု အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ အမျိုးမျိုးရှိသလိုပဲ ခေါင်းဆောင်မှု သဘောတရားကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းသူ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင် ၏ အောင်မြင်သော သြဇာသက်ရောက်မှု နှင့် နောက်လိုက်များ၏ ရည်မှန်းချက်ပန်းတိုင် ဆွတ်ခူးရရှိတဲ့ အောင်မြင်မှု နှစ်ရပ် ပါဝင်တယ်ဆိုသော အချက်ကို အ‌ခြေခံအားဖြင့် လက်ခံ ထားရှိကြပါသည်။ ခေါင်းဆောင်မှုဟူသည် တစ်စုံတစ်ခုသော ပန်းတိုင်တစ်ရပ် (သို့) ပန်းတိုင်အချို့ ဆွတ်ခူး ရရှိအောင်မြင်ရေး၌ ပါဝင်သက်ဆိုင်သူတို့၏ လုံးလစိုက်ထုတ် ကြိုးပမ်း အားထုတ် ချက်များကို သြဇာပေးလမ်းညွှန်ပြတဲ့ နည်းစဉ် အဖြစ် အဓိပ္ပါယ်ဖွင့် ဆိုနိုင်တယ် လို့ဆိုပါတယ်။

(Barnard Bass. Stogdill’s Handbook of Leadership)

ဂျော့အက်ဖ်ကင်နန် ( George F.Kennan 1954 )ကတော့ “ ကိုယ့်ကိုယ်ကို ဧကန်အမှန် ပိုင်စိုးထိန်းနိုင်သူသည်သာ အခြားတစ်ပါးသူတွေအပေါ် ခေါင်းဆောင်မှု ပေးစွမ်းနိုင်သည်” ဟုဆိုပါတယ်။

စီမံခန့်ခွဲရေးမှူးတစ်ဦး၏ ရှေ့တန်းအကျဆုံး နဲ့ အရေးပါဆုံး အရည်အချင်းတစ်ရပ် ကတော့ “ ခေါင်းဆောင် တတ်ရေး” ပဲဖြစ်ပါတယ်။ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှုသည် လူတစ်ဦးချင်း အောင်မြင်မှု အတွက်ရော အဖွဲ့အစည်းအောင်မြင်မှု အတွက်ပါ အဓိကကျပါတယ်။

စီမံခန့်ခွဲရေးမှူးတွေဟာ တစ်ဦးနှင့်တစ်ဦးသည် သြဇာပေးနည်းစနစ်ခြင်း မတူညီ ကျပါဘူး။

ဥပမာ -

စီမံခန့်ခွဲရေးမှူးအချို့ဟာ လက်အောက်ငယ်သားများအတွက် ရည်မှန်းချက်များ ဖော်ပေးခြင်း၊ လုပ်ရမည့်အရာများကို အသေးစိတ်စာရင်းချပေးခြင်း နှင့် လုပ်ငန်းစဉ်ဇယား အတိုင်း လုပ်ဖြစ် /မဖြစ် သေချာအောင် ထပ်ကြပ်မကွာ အနီးကပ်စစ်ဆေး ကြည့်ရှု့ခြင်းဖြင့် အချိန်အများကြီးသုံးစွဲခဲ့ကျပါတယ်။ ဒီလိုစီမံခန့်ခွဲးရေးမှူးမျိုးကိုတော့ လက်အောက်ငယ် သားများအား လုပ်ပိုင်ခွင့်အာဏာကို မဖြစ်ညစ်ကျယ် မဆိုစလောက်သာ လွှဲအပ်ပေးသည့် လူမျိုးလို့ဆိုရမှာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ လက်အောက်ငယ်သားများကို ကိုယ်လုပ်နည်းကိုင်နည်း အား ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်စေခြင်း၊ အကူအညီထပ်မံလိုသူတွေကို တံခါးဖွင့်မူဝါဒ ထားပေးခြင်းဖြင့် ယေဘုယျ ရည်မှန်းချက်များ ချမှတ်ပေးရတာကို ပိုလိုလားကျတယ်။ ဒီလို စီမံခန့်ခွဲရေးမှူးများကတော့ လက်အောက်ငယ်သားများအား မျှတတဲ့အလုပ်တာဝန်ကို လွှဲအပ်ပေးတဲ့သူမျိုးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

တချို့စီမံခန့်ခွဲသူတွေကတော့ လက်အောက်ငယ်သားတွေကို ဖြစ်နိုင်သမျှ အနည်းဆုံးလမ်းညွှန်မှုပေးတယ်၊ လက်အောက်ငယ်သားတွေက ပြဿနာအချို့ကိုရင်ဆိုင် နေရပါက သူတို့ဘာသာအဖြေရှာပြီးဖြေရှင်းစေတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးမျိုးကတော့ အလုပ်တာဝန်ခပ်သိမ်းကို လုံးလုံးလွှဲအပ်ပေးထားတဲ့သူမျိုးတွေဖြစ်ပါတယ်။
အဲ့ဒီနည်းလမ်း သုံးမျိုးထဲမှာ ဘယ်နည်းလမ်းကအကောင်းဆုံးလဲလို့မေးလာခဲ့လျှင် တော့ နည်းဟန်သုံးမျိုးစလုံးဟာ တစ်မျိုးစီထိရောက်နိုင်ပါတယ်။ အကောင်းဆုံး ခေါင်းဆောင်မှုနည်းဟန် တစ်မျိုးတည်းဟူ၍ မရှိဘူးဆိုတာကို သိသာထင်ရှားစေပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ ခေါင်းဆောင်မှုဆိုတာဟာ အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်း လာပါတယ်။

အဓိကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချက်ကတော့ ခေါင်းဆောင် တွေမှာ ရှိတတ်ကျတဲ့ ဓလေ့စရိုက်များ နဲ့ အရည်အချင်း စွမ်းရည်များ ( traits & abilities ) ပဲဖြစ်ပါတယ်။

၁၉၂၀ နှင့် ၁၉၅၀ ပြည့်နှစ်အတွင်း ခေါင်းဆောင်မှု ထိရောက် အကျိုးဖြစ်ထွန်းချက် အား အထောက်အကူပြုသော အင်အားစုများကို ပိုင်းခြားပြရန် အားထုတ်သည့်အနေဖြင့် ဓလေ့စရိုက်သီအိုရီ ( traits & abilities ) သုတေသနပြုမှုတွေကို အများကြီးပြုလုပ်ခဲ့ကျ ပါတယ်။ စူးစမ်းလေ့လာသူ ပညာရှင်များက အများလက်ခံနိုင်သော ယေဘုယျစာရင်း တစ်ခု မဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ကံဆိုးသည့် အကြီးမားဆုံးပြဿနာပဲဖြစ်ပါတယ်။ဒါပေမဲ့ အများစုတင်ပြခဲ့တဲ့ ယေဘုယျတွေ့ရှိချက်အချို့ကို တော့ရရှိခဲ့ပါတယ်။

သာဓကအားဖြင့် အဲ့ဒီခေတ်က ရေးသားတင်ပြချက်တွေကို ဆန်းစစ်သုံးသပ်ပြီး နောက် ဘက်စ် (Bass )ဆိုသူက အောက်ပါကောက်ချက်များ ဆွဲယူရန် စူးစမ်း လေ့လာချက် ၁၅ခုကျော်မှ တစ်‌ပြေးညီ ခိုင်မာအားကောင်းသော အထောက်အထားများကို တွေ့ရှိခဲ့ပါတယ်။

ခေါင်းဆောင်မှု အနေအထားတစ်ရပ်ရရှိထားသူဟာ ၄င်းရဲ့ အုပ်စု သာမန်အဖွဲ့ဝင် များထက် အောက်ပါအချက်တွေဟာသာလွန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်-
(၁) ဉာဏ်အမြော်အမြင် ( Intelligence )
(၂) ပညာအရည်အချင်း ( Scholarship )
(၃) တာဝန်များထမ်းဆောင်ရာ၌ မှီခိုအားထားနိုင်မှု ( Depend-ability in exercising responsibilities )
(၄) လှုပ်ရှားထကြွရှိမှု နှင့် လူမှုရေးပါဝင်ပူပေါင်းဆောင်ရွက်မှု ( Activity & Social Participation )
(၅) လူမှုစီးပွါးရေးဘဝအဆင့်အတန်း ( Socioeconomic Status ) တို့ပဲဖြစ်ပါတယ်။

အဲ့ဒီအချက်တွေအပြင် အောက်ပါတွေ့ရှိချက်များကို အထောက်အကူပြုစေတဲ့ စူးစမ်းလေ့လာမှု (၁၀)ခုကျော်ကိုလဲ ဘက်စ် (Bass )က ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။
(က) ခေါင်းဆောင်တစ်ဦးမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ စရိုက်လက္ခဏာတွေနဲ့ ကျွမ်းကျင်တပ်မြောက်မှုတွေကို ခေါင်းဆောင်တစ်ဦးအဖြစ် ရင်ဆိုင်ကိုင်တွယ်ရာမှာ အ‌ခြေအနေတွေရဲ့ တောင်းဆိုချက်များက အဓိကအားဖြင့် ပိုင်းဖြတ်တယ်လို့ဆိုပါတယ်။
(ခ) ခေါင်းဆောင်မှုအနေအထားတစ်ရပ် ရရှိထားတဲ့သူဟာ သူ့ရဲ့သာမန်အဖွဲ့ဝင်တွေ ထက် အောက်ပါအချက်တစ်ခုစီ၌ အတိုင်းအတာတစ်စုံတစ်ခုအထိ သာလွန်နေတာကိုတွေ့ ရမှာဖြစ်တယ်လို့ဆိုပါတယ်-
(၁) လူမှုရေးနားလည်မှု ( Sociability )
(၂) ပင်ကိုအစွမ်းအစ ( Initiative )
(၃) ဇွဲနပဲကြီးမှု ( Persistence )
(၄) အလုပ်တွင်ကျယ်မည့် လုပ်နည်းကိုင်နည်းများ သိရှိနားလည်မှု ( Knowing how to get things done )
(၅) ကိုယ့်ကိုယ်ကိုယုံကြည်မှု ( Self-Confidence )
(၆) အ‌ခြေအနေများကို နိုးကြားထွင်းဖောက်မြင်သိမှု ( alertness to, and insight into, situations )
(၇) အများနဲ့လက်တွဲပူးပေါင်းလုပ်ဆောင်မှု ( Cooperativeness )
(၈) ရေပန်းစားမှု ( Popularity )
(၉) အ‌ခြေအနေနှင့်လိုက်လျောညီထွေပြုတတ်မှု ( Adaptability )
(၁၀) နှုတ်ရေးတတ်ကျွမ်းမှု ( Verbal facility ) တို့ပဲဖြစ်ပါတယ်။
သည်လို ယေဘုယျ ခေါင်းဆောင်မှုဓလေ့စရိုက်တွေကို စူစမ်းရှာဖွေရာမှာ အလိုအလျောက် စေ့ဆော်ဆွဲဆောင်မှု ရှိခြင်းကြောင့် ဒီချဉ်းကပ်နည်းတွေဟာ မျက်မှောက်ခေတ် စီမံခန့်ခွဲရေးဆိုင်ရာ စာပေတွေမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။

ဥပမာ စိတ္တဗေဒပညာရှင် ဟာရီလီဗင်ဆင် က ခေါင်းဆောင်ကိုယ်ရည်ကိုယ်သွေး ဥပတိအတိုင်းအတာ အချက် (၂၀)ကို ဆွဲထုတ်ပြခဲ့ပါတယ်။ အဲ့ဒီအတိုင်းအတာတွေဟာ ထိပ်တန်းစီမံခန့်ခွဲရေး အခွင့်အာဏာရှိသူတစ်ဦးကို စီစစ်ရွေးချယ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေကတော့-
(၁) အချက်အလက်အမျိုးမျိုးကို ရှေ့နောက်ညီညွတ်သော ရည်မှန်းချက်ဘောင် တစ်ခုရအောင် တွေးဆသိမြင်ဖွဲ့စည်းပေါင်းစပ်တည်ဆောက်တတ်ခြင်း
( The capacity to abstract, to conceptualize, to organize, and to integrate different data into a coherent frame of reference )
(၂) ဒွိဟသံသယဝိဝါဒကို သဘောထားကြီးခြင်း
( A tolerance for ambiguity)
(၃) ဉာဏ်အမြော်အမြင်ရှိခြင်း
( Intelligence )
(၄) ကောင်းကောင်းပိုင်းဖြတ်ခြင်း
( Good Judgment )
(၅) တာဝန်ယူတတ်ခြင်း
( Ability to take charge )
(၆) ပြဿနာများကို အားတက်သရော မဟာဗြူဟာမြောက် ရင်ဆိုင်‌ဖြေရှင်း တတ်ခြင်း
( A Capacity for Attacking Problems Both Vigorously and Strategically )
(၇) ထမြောက်အောင်မြင်ရေးအလေးပေးခြင်း
( An Achievement Oriented-ness )
(၈) အခြားသူများ၏ စိတ်ခံစားချက်ကို သိလွယ်တုံ့ပြန်တတ်ခြင်း
( A Sensitivity to the Feelings of Others )
(၉) အဖွဲ့အစည်းဝင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်တတ်ခြင်း
( Participation as a Member of the Organization )
(၁၀) ရင့်ကျက်ပြည့်ဝခြင်း
( Maturity )
(၁၁) အခြားသူများထံမှသတင်းစကား၊ ‌ဝေဖန်ချက်နှင့် ပါဝင်ပူပေါင်းမှုရသည့်တိုင် ကိုယ်ဒူးကိုယ်ချွန်တတ်ခြင်း
( Ability to Stand on his or her Own while accepting information, criticism, and cooperation from others. )
(၁၂) ပီပြင်ရှင်းလင်းပြောဆိုတတ်ခြင်း
( Ability to Articulate )
(၁၃) ရုပ်ပိုင်းစိတ်ပိုင်းသက်လုံကောင်းခြင်း
( High Physical and Mental Stamina )
(၁၄) ဖိစီးမှုကိုအလိုက်သင့်စီမံထိန်းတတ်ခြင်း
( Ability to adapt and to manage stress )
(၁၅) ဟာသဉာဏ်ရှိခြင်း
( A Sense of Humor )
(၁၆) အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ရှင်းလင်းပြတ်သားသည့် ကိုယ်ပိုင်ပန်းတိုင်များရှိခြင်း
( Well-defined personal goals that are consistent with organizational needs )
(၁၇) လုံးလဝီရိယကြီးခြင်း
( High perseverance )
(၁၈) အချိန်ကိုစံနစ်တကျစုစည်းအသုံးချတတ်ခြင်း
( The ability to organize time well )
(၁၉) လေးနက်တည်ကြည်ခြင်း
( High integrity )
(၂၀) လူမှုတာဝန်နှင့်ခေါင်းဆောင်မှုတာဝန်ယူဖို့လိုအပ်ပုံကို နားလည်တန်ဖိုးထားခြင်း ( An appreciation for the need to assume social responsibility and leadership.)

လီဗင်ဆင်သည် သူရဲ့အတိုင်းအတာတွေဟာ စာရင်းအင်းဗေဒအရ ခိုင်လုံတယ်လို့ တော့ အာမဝန်တာမခံပေ။ ထိပ်ပိုင်ဆိုင်ရာ စိမံခန့်ခွဲရေး ထိရောက်အောင်မြင်မှု နှင့် စပ်လျဉ်းသော သဘောလက္ခဏာများကို အလေးပေးစဉ်းစားနိုင်ရုံသာ သူဟာတင်ပြခဲ့ခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
သူ ဘယ်လိုပဲ‌ပြော‌ပြော ဖော်ပြပါ ဓလေ့စရိုက်များဟာ ခေါင်းဆောင်မှု သဘော သဘာဝကို နားလည်သဘောပေါက် အောင်မြင်အောင်ပြုလုပ်ရာမှာ အလွန်အရေးပါတယ် ဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။ သူတင်ပြခဲ့တဲ့ ဓလေ့စရိုက်များ နဲ့ စွမ်းရည်များကို ဆန်းစစ်ကြည့်တဲ့အခါမှာ စီမံခန့်ခွဲရေး ခေါင်းဆောင်တစ်ဦးမှာ အမှန်တကယ်လိုအပ်တဲ့ ယေဘုယျပုံရိပ်တစ်ခုကို မီးမောင်းထိုးပြနေသည်မှာ ထင်ရှားတာကို တွေ့မြင်ကျရမှာဖြစ် ပါတယ်။
( Ref: Richard M.Hodgetts. Management)

နောက် အရေးပါသော ခေါင်းဆောင်မှု လေ့လာစူးစမ်းနည်းမှာ ခေါင်းဆောင်တွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို စစ်ဆေးအကဲဖြတ်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ထွန်းပေါက်အောင်မြင်သော ခေါင်းဆောင်မှုအမူအရာတစ်မျိုးကို အတုယူကျင့်သုံးခြင်း အားဖြင့် ပိုတော်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာနိုင်တယ်လို့ သုတေသီပညာရှင် အများအပြားက ယုံကြည်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဒီအယူအဆဟာ အငြင်းပွါးနိုင်စရာတွေ ရှိပါတယ်။ မျက်မှောက်ခေတ်မှာ ခေါင်းဆောင်မှုအမူအရာကို ပိုပြီးနက်နက်နဲနဲ ထဲထဲဝင်ဝင် စိတ်ဝင်တစားရှိလာကြပါတယ်။ စိတ်ဝင်တစားကြည့်လာကြတာနဲ့အမျှ ခေါင်းဆောင်တွေ နဲ့ လက်အောက်ငယ်သားတွေ အပြန်အလှန်ချိတ်ဆက် အကြိုးပြုနေကျပုံကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။

စီမံခန့်ခွဲမှူးတွေ အများဆုံးလက်ခံကျင့်သုံးပြီး အလွန်အမင်း ပြုလုပ်တတ်ကြတာ ကတော့ အာဏာရှင်ဆန်သော ခေါင်းဆောင်မှု ( Autocratic Leadership )ပဲဖြစ်ပါတယ်။ သူတို့တွေဟာ အလုပ်တာဝန်ပြီးမြောက်အောင်မြင်ရေးကိုပဲ အဓိကထားအာရုံစိုက်ကြပြီးတော့ လူသားတွေအပေါ်မှာတော့ အလေးမထားကျပေ။ ဒီလိုခေါင်းဆောင်တွေကတော့ ရှေးရိုးစီမံခန့် ခွဲရေးပုံစံနဲ့သာ သင့်မြတ်ကိုက်ညီပါတယ်။ အဲ့ဒီပုံစံအရ အလုပ်သမားတွေကို ကုန်ထုတ် အင်အားစုများ ( Factors of Production )အဖြစ် ရှုမြင်သဘောထားကျတယ်။ မည်သို့ ပင်ဆိုစေ ခေါင်းဆောင်တွေမစွမ်း၊ မထိရောက်ဟု တစ်ဖက်သတ်တော့ မမှတ်ယူ သင့်ပါဘူး။ တစ်ခါတစ်ရံမှာ သူတို့ဟာ ကြောက်ခမန်းလိလိ စွမ်းဆောင်အောင် မြင်တတ် ကြပါတယ်။ ဥပမာ အကျပ်အတည်းဆိုက်တဲ့အ‌ခြေအနေတွေမှာဆိုရင် ခေါင်းမာပြင်း ထန်သော စီမံခန့်ခွဲရေးမှူး တွေလိုအပ်ပါတယ်။ တစ်ချို့သောအဖွဲ့အစည်းတွေမှာဆိုရင် ကုန်ထုတ်လုပ်မှု စွမ်းအား တိုးမြင့်ရေး၊ စရိတ်ထိန်းသိမ်းရေးပြဿနာများ (သို့) အရည်အသွးညံ့ဖျင်းမှု ပြဿနာများနှင့် ရင်ဆိုင် ကျရတဲ့အခါတွေမှာဆိုရင် အ‌ခြေအနေတည့် မတ်အောင် ဖြေရှင်းရန် အာဏာရှင်ဆန်တဲ့ ခေါင်ဆောင်တွေကို အာကိုးအားထားပြုကျရပါတယ်။

ဘာလို့လဲဆိုတော့ အာဏာရှင်ဆန်တဲ့ခေါင်းဆောင်တွေရဲ့ အမူအရာကို အမူအရာကို အနီးကပ် ကွပ်ကဲထိန်းချုပ်မှုအပေါ် အလေးထားခြင်း နဲ့ လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ပေးရန် မလိုခြင်း ဆိုတဲ့လက္ခဏာ နှစ်ရပ်အရ အကဲဖြတ်နိုင်ပါတယ်။ သူတို့ဟာဆိုရင် အရေးပါ သောအကြောင်းကိစ္စအားလုံးအပေါ် ဆုံးဖြတ်ချက်ချမှတ်တဲ့အခွင့်အာဏာကို ထိန်းချုပ်ထား ကျပါတယ်။ နောက်ဆုံးအပြီးသတ်အတည်ပြုချက်ကို သူတို့ သေချာပေါက်ရယူလိုသော ကြောင့်ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှု ( Paternalistic Leadership ) ပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှုစတိုင်ကတော့ အလုပ်ကိုအလွန်အမင်း ဗဟိုပြုထားသော်လည်း လူသားအမြုတေဖြစ်တဲ့ ဝန်ထမ်းလုပ်သားများကိုလည်း အလေးထား ထည့်တွက်ကျပါတယ်။ တစ်ခါတစ်ရံမှာသူတို့ကို ဒီမိုခရေစီဆန်သော/မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်တွေနဲ့ ရောထွေးမြင်တတ်ကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အလုပ် ကိုရော လူတွေကိုပါ တစ်ပြိုင်နက် အလေးထားကျသောကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထူးခြားသောသွင်ပြင်လက္ခဏာတစ်ရပ်က သူတို့ဟာ ဒီမိုကရေစီဆန်သော ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြပါတယ်။ “ ငါ‌ပြောသလိုလုပ်၊ အဖွဲ့အစည်းက မင်းကို တာဝန်ယူ စောင်မလိမ့်မယ်” ဆိုသောအတွေးအခေါ်ကို သူတို့ယုံကြည်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေကတော့ သားသမီးတွေကိုအုပ်ချုပ်တဲ့ မိဘတွေနဲ့ တစ်ထေရာထဲ တူလိုဟန် ရှိကျပါတယ်။

စီးမံခန့်ခွဲရေးမှူးအများအပြားဟာ ဖခင်အသွင်ဆန်သော ခေါင်းဆောင်သူတွေဖြစ်ကြ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက်အောက်ငယ်သားတွေဟာ သူတို့ကို ကြည့်ရှုစောင့် ရှောက်ပေးမဲ့ တစ်စုံတစ်ဦးကို အမြဲတမ်းလိုလားတောင့်တနေတယ်လို့ ထင်နေသောကြောင့် ဖြစ်ပါတယ်။ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှုပုံစံသည် ဘဝမှာလုံခြုံမှုမရှိသောသူများ၊ မိမိတို့ရဲ့အလုပ်အကိုင်ကိုသာ သင်ယူနေကျရှာပြီး အကြံဉာဏ်၊ အကူအညီနဲ့ အကာအကွယ်ကို ငံ့လင့်နေကျတဲ့ လက်အောက်ငယ်သားများကို ကိုင်တွယ်‌ဖြေရှင်းတဲ့အခါမျိုးမှာ အထိရောက် ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး ဖြစ်တတ်ကျပါတယ်။

( Ref: Richard M.Hodgetts. Management)

ဒီမိုကရေစီဆန်သော/မျှ‌ဝေတာဝန်ယူသောခေါင်းဆောင်မှု ( Democratic/ Participative Leadership) ဆိုတာကတော့ လူနှင့်အလုပ် နှစ်မျိုးစလုံးကို လွန်စွာအလေး ထားခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာ လက်အောက်ငယ်သားတွေအကြား တစိုက်မတ်မတ် သတင်းအချက်အလက် အပြန်အလှန် စီးဆင်းမှုကိုအားပေးတယ်၊ ကူညီပံ့ပိုးပေးတယ် လုပ်ပိုင် ခွင့်အာဏာအများအပြားကိုလဲ လက်အောက်ငယ်သားများအား လွှဲအပ်ပေးထားပါတယ်။ လုပ်သားများ တက်တက်ကြွကြွပါဝင်လုပ်ဆောင် အောင်လဲ နှိုးဆော်အားပေးပါတယ်။ ဒီ‌ခေါင်းဆောင်မှုနည်းဟန်ရဲ့ အားသာချက်ကတော့ လူတစ်ဦးချင်းစီ တာဝန်ယူမှု၊ အချင်းချင်း ယိုင်းပင်းကူညီမှု၊ တစ်ဦးရဲ့အားနည်းချက်ကို တစ်ဦးကဖြည့်ဆည်းအားပေးမှု၊ အပြန်အလှန် နားလည်မှု၊ မိမိတာဝန် နှင့်အပြစ်ကို တစ်ပါးသူအပေါ်ပုံမချမှု၊ တစ်ဦး၏ စွမ်းဆောင် အောင်မြင်မှုကို တစ်ဦးကမုဒိတာပွါးမှု၊ စေ့စပ်ညှိနှိုင်းအ‌ဖြေရှာမှု နှင့် ပျော့ပျောင်း သောဆက်ဆံ ရေးဘဝဖြစ်တည်မှု စတာတွေပဲဖြစ်ပါတယ်။ သည်လို လူကိုရောအလုပ်ကိုပါ အလွန်အမင်း တန်ဖိုးထားခြင်းကြောင့် ဒီခေါင်းဆောင်မှုနည်းဟန်မှာ အကျိုးကျေးဇူး‌မြောက်များစွာဖြစ်ထွန်း ပါသည်။ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေကတော့-

(၁) အပြီးသတ်ဆုံးဖြတ်ချက်မချမီ လိုအပ်တဲ့သတင်းအချက်အလက်တွေနဲ့ အထောက်အကူရရှိရေးအတွက် တခြားသက်ဆိုင်သူတွေအပေါ် ခေါင်းဆောင် က အားကိုးအားထားပြုနိုင်သောကြောင့် ဆုံးဖြတ်ချက်ချမှတ်ပုံ တိုးတက် ကောင်းမွန်လာမှာဖြစ်ပါတယ်။
(၂) လုပ်အောက်ငယ်သားတွေဟာ သူတို့လုပ်ငန်းခွင်ဝန်းကျင်မှာ အဆင်ပြေ ပွင့်လင်းလွတ်လပ်မှုကို နှစ်သက်သဘောကျသောကြောင့် စိတ်ဓါတ်တက်ကြွ အားကောင်းလာမှာဖြစ်ပါတယ်။
(၃) လက်အောက်ငယ်သားတွေဟာ သူတို့ရည်မှန်းချက်ကိုသိရှိပြီး အဲ့ဒီရည်မှန်းချက် ကို မဖြစ်မနေဆွတ်ခူးရရှိရန် လိုအပ်တဲ့လုပ်ပိုင်ခွင့် လွပ်လပ်မှု အပြည့်အဝရရှိ သောကြောင့် အကြီးအကျယ် ထမြောက်အောင်မြင်ရေး မောင်းနှင်အားကို ပျိုးထောင် ရှင်သန်ကြီးထွားလာစေမှာဖြစ်ပါတယ်။
(၄) အပြောင်းအလဲများပြုလုပ်ခဲ့ပါလျှင်လဲ ဝန်ထမ်းများဟာ ဆန့်ကျင်သွေဖီခြင်း မရှိပဲ ၄င်းတို့ကိုယ်တိုင် ပါဝင် တာဝန်ယူလုပ်ဆောင်ကျမှာဖြစ်ပါတယ်။

အဓိကအားဖြင့် မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်မှုနည်းဟန်ကို ဒီမိုကရေစီကျင့်သုံး သော တိုင်းပြည်တွေမှာ အများဆုံးလက်ခံကျင့်သုံးကျပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံမှာ လက်ခံကျင့်သုံးပါတယ်။ သို့သော် ဒီခေါင်းဆောင်မှုနည်းဟန်သည် အဖွဲ့အစည်း တိုင်းအတွက်တော့ ခြွင်းချက်မရှိ အလုပ်ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ချို့အဖွဲ့အစည်းတွေဟာ မျှ‌ဝေတာဝန်ယူမှု အလွန်အားကောင်းတဲ့ ပတ်ဝန်းကျင် ဓလေ့ စရိုက်နဲ့ ဟန်ကျပန်ကျ လည်ပတ်အောင် မစွမ်းဆောင်နိုင်တတ်ကျလို့ပဲ ဖြစ်ပါတယ်။

နောက် လွပ်လပ်သော/အထိန်းအချုပ်ကင်းသောခေါင်းဆောင်မှု ( Laissez-faire/Free-rein Leadership) ဆိုတာကတော့ လုပ်ငန်းဌာနရဲ့ဆောင်ရွက်ချက်တွေကို အ‌ခြေခံအားဖြင့် ကိုယ်တိုင်ပါဝင် တာဝန်ယူခြင်းမရှိတဲ့ စီမံခန့်ခွဲရေးမှူး(ခေါင်းဆောင်)တွေက ကိုင်စွဲကျင့်သုံးကျပါတယ်။ ဒီစီမံခန့်ခွဲရေးမှူးတွေဟာ လုပ်ငန်းတာဝန်တွေကို လက်အောက် ငယ်သားတွေအပေါ် ပုံအောပြီး ပခုံးလွှဲပေးလိုကျတယ်။ သူတို့ကိုယ်တိုင်ကျတော့ ဘာတာဝန်ကိုမှ မယ်မယ်ရရမယူခြင်ကျဘူး၊ အလုပ်တာဝန်တွေကို သူတို့နဲ့မဆိုင်သလိုပဲ သဘောထားကျတယ်။

သူတို့ဟာ လုပ်ငန်းခွင်ထဲကို ကိုယ်ရောင်ပြသာလာကြပြီး လုပ်ငန်းအခြေအနေဘယ်လို ရှိတယ် ဘယ်လိုစခန်းသွားနေတယ်ဆိုတာကို ကြည့်ရှုစစ်ဆေးရန်လောက်သာ စိတ်ဝင်စားမှုရှိ ပါတယ်။ ခေါင်းဆောင်တာဝန်ယူ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းမျိုးမရှိပေ။
သို့ဆိုလျှင် လွပ်လပ်သော/အထိန်းအချုပ်ကင်းသော ခေါင်းဆောင်မှုနည်းဟန်ဟာ ကောင်းစွာအလုပ်ဖြစ်ပါသလားဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ အ‌ဖြေကတော့ အလုပ်ဖြစ်နိုင်ပါတယ်လို့ပဲ ‌ဖြေဆိုရပါမယ်။ ဘယ်လိုနေရာတွေမှာအလုပ်ဖြစ်နိုင်သလဲဆိုတော့ သုတေသနနဲ့ဖွံဖြိုးရေး လက်တွေ့စမ်းသပ်ခန်းတွေမှာ တာဝန်ယူရတဲ့ စီမံခန့်ခွဲရေးမှူးရဲ့ စွမ်းဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ သူရဲ့လက်ထောက်တွေအားလုံးဟာ အများအားဖြင့် အထူးကျွမ်းကျင်နှံ့စပ် တတ်သိလိမ်မာ
ကြတယ်၊ အလုပ်တာဝန်ကို ပိုင်နိုင်ကျွမ်းကျင်သော အတတ်ပညာရှင်တွေဖြစ်ကျတဲ့ အတွက်ကြောင့် စီမံခန့်ခွဲရေးမှူးဟာ အလုပ်ပြီးမြောက် အောင်မြင်ရေးအတွက် လိုအပ်တဲ့ လက်နက်ကရိယာတွေနဲ့ အထောက်အကူကိုဖြည့်ဆည်း ပေးရန်သာဖြစ်တယ် ဘာတွေလုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတာကို အထူးတိုက်တွန်း‌ပြောဆိုဖို့ လုံးလုံးမလိုအပ်ပါဘူး။ အားကြိုးမာန်တက် စွမ်းစွမ်းတမံလုပ်ဆောင်ကြသည်မှာ လုံးဝစိတ်ချရ သောကြောင့် စီမံခန့်ခွဲးရေးမှူးတွေအဖို့ ထူးခြား‌ပြောင်မြောက်တဲ့ ရလာဘ်ကောင်းတွေရရှိနိုင် မှာဖြစ်ပါတယ်။

သို့သော် ဒီလိုအခြေအနေမျိုးတွေဟာ တွေ့ရခဲပါတယ်။ ဖြစ်မြဲသဘောရဲ့ ချွင်းချက် တစ်ခုသာဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးတွေဟာ စည်းမျဉ်းစည်းကမ်း လွန်စွာလျော့နည်း တတ်ကျပါတယ်။ အများအားဖြင့်တော့ သူတို့ဟာ စာဖွဲ့ရလောက်အောင် ဘာတစ်ခုမှ ဟုတ္ထိပတ္ထိ ထိရောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိကျပါဘူး။ သည်လိုဖြစ်ရြခင်းရဲ့အဓိက အကြောင်းရင်းကတော့ ခေါင်းဆောင်တစ်ဦးရဲ့ အရေးကြီး ဆုံးဖြစ်တဲ့ ဦးစီးခေါင်ဆောင် မှုတာဝန်ကို လစ်ဟင်းကြသောကြောင့်ဖြစ်ပါတယ်။

ဘယ်သူတွေဘာတွေ‌ပြော‌ပြော နောက်ဆုံးမှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့တာဝန်မှာ-
(က) လက်အောက်ငယ်သားတွေလုပ်ဆောင်ရမဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နားလည်အောင်ရှင်ပြနိုင်ရမယ်။
(ခ) ပန်းတိုင်ပေါက်မြောက် အောင်မြင်ရေးကိုဟန့်တားထားတဲ့ လမ်းပိတ်ဆို့မှု တားဆီးမှုအခက်အခဲတွေကို ရှင်းလင်းဖယ်ရှားပေးရမယ်။
(ဂ) ကိုယ်ပိုင်ဆန္ဒပြည့်ဝ ကျေနပ်မှုရရှိအောင် လက်အောက်ငယ်သားတွေအတွက် အခွင့်အလမ်းကိုတိုးမြှင့်ဖွင့်ပေးနိုင်ရပါမယ်။

ဒါတွေဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့အခြေခံလိုအပ်ချက်တွေပဲဖြစ် ပါတယ်။
နောက်တစ်ခု ကတော့ John C.Maxwell ရေးသားတဲ့ The 21 Irrefutable Laws Of Leadership ကို မောင်မြင့်ကြွယ်ဘာသာပြန်ဆို ထားတဲ့ မှတ်သားထားတာလေး တစ်ချို့ ကို‌ပြောပြချင်ပါတယ်။
ဒါကတော့ တစ်ချို့သောသူများဟာ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု သည် တစ်မျိုးတည်း ဖြစ်တယ်ဆိုသော ယူဆချက်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒါဟာမှားယွင်းတဲ့အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ‘ခေါင်းဆောင်မှု’ဆိုသည်မှာ လူအများအပြားအား လိုက်ပါလာ အောင် သြဇာသက်ရောက်စေမှုဖြစ်ပြီး ‘စီမံခန့်ခွဲမှု’ကတော့ နည်းစနစ်များနှင့်လုပ်ငန်းစဉ်များ တသမတ်တည်းရှိနေစေရေးကို အာရုံစိုက်မှုပင်ဖြစ်တယ်လို့ဆိုပါတယ်။

ခရိုက်စလာ မော်တော်ကားကုမ္ပဏီရဲ့ ရှယ်ယာမင် နှင့် အမှုဆောင်အရာရှိချုပ်ဟောင်း လီအိုင်ယာကော့ကာ ကတော့ “တစ်ခါတစ်ရံမှာတော့ အတော်ဆုံးမန်နေဂျာတွေတောင် ခွေးအကြီးကြီးတစ်ကောင်ရဲ့ကြိုးကို ကိုင်ထားရတဲ့ ချာတိတ်လေးတစ်ယောက်နဲ့တူတယ်တဲ့ ခွေးကြီးကဘယ်ကိုသွားချင်သလဲဆိုတာကို စောင့်ကြည့်ပြီးမှ လိုက်ပို့တတ်တာမျိုးပေါ့” ဆိုပြီး လှောင်တောင်တောင်ခနဲ့တဲ့တဲ့‌ပြောဖူးပါသေးတယ်။
ပုဂ္ဂိုလ်တစ်ယောက်အား ထိုပုဂ္ဂိုလ်သည် စီမံခန့်ခွဲမှုသက်သက်ထက် ခေါင်းဆောင်မှု ပေးနိုင်သူဟုတ်မဟုတ် စမ်းသပ်ကြည့်နိုင်တဲ့ အကောင်ဆုံးနည်းလမ်းကတော့ ၄င်းအား အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို ဖန်တီးပေးရန် စေခိုင်းဖို့ပဲဖြစ်ပါတယ်။ မန်နေဂျာများသည် ဦးတည်ချက်ကို မပြောင်းလဲအောင် ထိန်းထာနိုင်သော်လည်း ပြောင်းလဲသွားအောင်မူ မပြုလုပ်နိုင်ကျပေ။ လူပုဂ္ဂိုလ်များကို ဦးတည်ချက် အသစ်ဆီသို့ ပြောင်းရွှေ့ဆောင်ရွက်စေရန်ဆိုတဲ့ ကိစ္စရပ်တွေမှာ သြဇာသက်ရောက်မှုရှိစေရန်လည်း လိုအပ်မှာဖြစ်ပါတယ်။

ခေါင်းဆောင်ကြီးများက မည်သည့်အခါ၌ ဦးဆောင်ရမည်ကိုသိခြင်းသည် မည်သည့်ကိစ္စ အားဆောင်ရွက်ရမည်နှင့် မည်သည့်နေရာသို့ သွားရမည်တို့အား သိရှိသကဲ့သို့ပင် အရေးကြီး ကြောင်းကိုတွေ့မြင်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ ခေါင်းဆောင်တစ်ဦးက လှုပ်ရှားမှုတစ်ရပ် ကို ပြုလုပ်သည့်အခါတိုင်း ဖြစ်ပေါ်လာနိုင်သည့် ရလဒ် လေးမျိုးရှိပါသည်။

(၁) မှားယွင်းသောအချိန်တွင် မှားယွင်းသောလုပ်ရပ်က ဘေးဒုက္ခနှင့် ကြုံတွေ့ရရှိလိမ့်မည်။
(၂) မှန်ကန်သောအပြုအမူအား မှားယွင်းသည့်အချိန်ကာလတွင် ပြုလုပ်မိပါက ခုခံငြင်းဆန်မှုကို ဖြစ်စေ၏။
(၃) မှားယွင်းသောလုပ်ရပ်ကို မှန်ကန်သည့်အချိန်အခါတွင် ဆောင်ရွက်ပါကလဲ မှားယွင်းမှုဖြစ်၏။
(၄) မှန်ကန်သောအချိန်တွင်ရှိ မှန်ကန်သောလုပ်ရပ်က အောင်မြင်မှုများကို ရရှိစေ၏။
အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသော ဝင်စတန်ချာချီက “လူတစ်ယောက်ရဲ့ဘဝမှာ မွေးဖွားလာကတည်းက သူကြုံတွေ့ရမဲ့ အထူးအချိန်ကာလလေးတစ်ခုရှိနေပါတယ်။ အဲ့ဒီအထူးအခွင့်အရေးလေးကို အမိအရဖမ်းယူပြီး သူဆောင်ရွက်ရမဲ့လုပ်ငန်းတာဝန် -အဲ့ဒါကလဲ သူနဲ့အထူးတလည် သင့်လျော်တဲ့လုပ်ငန်းတာဝန် တစ်ခုကိုသူဆောင်ရွက်လိမ့်မယ်။ အဲ့ဒီအချိန်ကာလကလေးမှာ သူဟာဂုဏ်သတင်းကြီးခြင်းကိုရရှိလိမ့်မယ် နောက်အဲ့ဒီအချိန်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်ပဲဖြစ်တယ်”လို့ဆိုပါတယ်။

အချုပ်ဆိုရသော် ခေါင်းဆောင်တစ်ယောက်သည် မည်မျှပင်ထူးချွန်သူဖြစ်ပါစေ ၄င်းတစ်ဦးတည်းဆောင်ရွက်နိုင်စွမ်း မရှိကြပါ။ အားကစားလောကတွင် အောင်မြင်မှုရရှိစေရန် နည်းပြဆရာတစ်ယောက်သည် အားကစားသမားကောင်းများကို စုစည်းထာရန်လို အပ်ပေသည်။ အဖွဲ့အစည်းတစ်ခုသည်လည်း အောင်မြင်မှုရရှိစေရန်အတွက် ခေါင်းဆောင် ကောင်းများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ရှိရန် လိုအပ်ပေသည်။ အဖွဲ့အစည်း၏ ပမာဏက ပို၍ ကြီးမားလေလေ ပို၍ခွန်အားပြည့်ဝသော ပို၍လေးနက်သော ခေါင်းဆောင်ကောင်းကို လိုအပ်လေလေဖြစ်ပါသည်။

ဤ Post ဖြစ်လာအောင် အစစအရာရာ ကူညီပေးတဲ့ ဒေါ်သီတာအေး(လက်ထောက်ညွှန်ကြားရေးမှူး,အမှတ်(၂)စက်မှုဝန်ကြီးဌာန) အား အထူးကျေးဇူးတင်ပါသည်။

ဤဆောင်းပါးကို Creative Space Design ဘလော့ခ်မှ ကူးယူဖော်ပြသည်။

“နိုင်ငံရေး ခေါင်းဆောင်(ရ)ပါး။ အရပ်ပြဇာတ်”

---မောင်စူးစမ်း-

ပြဇာတ်အညွှန်း

နိုင်ငံရေးခေါင်ေးဆာင်နှင့် စီးပွါးရေး(ဘိဇနက်) ခေါင်ေးဆာင်တို့ အကြား ခြားနားချက်တွေ ရှိသည်။ ခေါင်းဆောင်ချင်းတူသည့် တိုင်အောင် ဘ၀ခြင်း မတူသည့်အတွက် ဂုဏ်ပုဒ် ခြားနားကြ၏။ စီးပွါးရေးခေါင်းးဆောင်တို့ အတွက် စီမံခန့် ခွဲ ပညာရှင်တို့က အမျိုးမျိုးသီအိုရီတွေ ထုတ်ကြသည်။ အထူးသဖြင့် ရှိတ်စပီးယာညးပြဇာတ် As you like it ထဲမှ ခေါင်ေးဆာင် အရွယ်ဖွဲ့  စည်းပုံ (ရ)ပါး ကို ကိုးကား၍ ဘိဇနက်ခေါင်ေးဆာင်အရွယ်ကို ခုနှစ်ပိုင်း ပိုင်းဆစ်ကြည့်သည်.



ဤအရွယ် ခုနှစ်ပါးမှာ---

(၁) ကလေးအရွယ်

(၂) ကျောင်းသားအရွယ်

(၃) ချစ်သူအရွယ်

(၄) စစ်သားအရွယ်

(၅) ဗိုလ်ချုပ်အရွယ်

(၆)အမြှော်အမြင်ကြီးသော နိုင်ငံရေးခေါင်းဆောင်(စတိတ်မင်း) အရွယ်

(၇) ပညာရှိပဏ္ဍိတ အရွယ်တို့ ဟူ၍ဖြစ်သည်။

စီမံခန့် ခွဲမှု ပညာကျောင်းသားတို့ သည် ခေါင်းဆောင်မှုကိုအရေးကြီးသောအကြောင်းအရာတရပ်အနေဖြင့်သာ သင်ကြားပို့ ချ နေသည်။ ၄င်းတို့ ၏သင်ရိုးတွင် ရှိတ်စပီးယား ပြဇာတ်လာ ခေါင်ေးဆာင်အရွယ် ခုနှစ်ပါးကို ဘိဇနက်ခေါင်းဆောင် သဘော သဘာဝ အဖြစ်ရည်ညွှန်းသည်။

ဘိဇနက်နှင့် နိုင်ငံရေး

ဘိဇနက်ခေါင်းဆောင်တို့ သည် ဆိုခဲ့သည့်အတိုင်း အရွယ် ခုနှစ်ပါးကို ဖြတ်သန်းရသကဲ့သို့  နိုင်ငံရေးခေါင်ေးဆာင်တို့ သည် လည်း ဤအရွယ်ကို ဖြတ်သန်းရပါသလောဟု မေးစရာပေါ်သည်။ တနည်းပြောလျှင် ဘိဇနက်ခေါင်ေးဆာင်အရွယ်နှင့် နိုင်ငံရေး ခေါင်းဆောင်အရွယ်တို့ သည် ဆီလျှော်ဆက်စပ်မှု ရှိ၊မရှိမေးစရာ ဖြစ်သည်။ အခြားစီလား၊ သို့ တည်းမဟုတ် ဘိဇနက် လော ကအတွက် ခေါင်ေးဆာင်အရွယ်သည် နိုင်ငံရေးလောကအတွက် ဘယ်လောက်အသုံးဝင်သလဲဟု မေးမြန်းရန် ဖြစ်သည်။

စင်စစ်ပြောရလျှင် မြန်မာ တို့ သည် ရှုပ်ထွေး ခက်ထန်သော နိုင်ငံရေးဖြစ်စဉ် အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြရပြီဖြစ်သည်။ထို့  ကြောင့် နိုင်ငံရေးခေါင်းဆောင်အရွယ်ကို ပြဇာတ်တပုဒ်ဖြင့် ရည်ညွှန်းရန်မလိုဟု တွေးမိသည်။ မြန်မာ့ရိုးရာလည်းဖြစ်၊ဇီဝဗေဒ အမြင်လည်းဖြစ်သော အရွယ်သုံးပါးအမြင်ကို နိုင်ငံရေးခေါင်းဆောင်အရွယ်အဖြစ် ပိုင်းခြားကြည့်လို့ လည်း မလုံလောက်ဟု ထင်မိသည်။

အရွယ်ခုနှစ်ပါးနှင့် အရပ်ဇာတ်

စာရေးသူ အမြင်အရပြောရလျှင် မြန်မာ နိုင်ငံအဖို့ ခေါင်ေးဆာင်အရွယ်သည် ခုနှစ်ပါး ရှိလိမ့်မည်ဟု တွက်ဆမိသည်။ ၄င်းတို့ မှာ

(၁) နိုင်ငံရေး အသံကြားသည့်အရွယ်၊ နိုင်ငံရေးစာပေတို့ တွင် စိတ်ဝင်စားသည့်အရွယ်

(၂) နိုင်ငံရေးကို စိတ်ဝင်စားသည့်အရွယ်

(၃) နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ချင်သည့်အရွယ်

(၄) နိုင်ငံရေးအဖွဲ့ အစည်း သို့ မဟုတ် ပါတီတရပ်ရပ်တွင် ပါတီဝင်ဖြစ်လာသောအရွယ်

(၅) နိုင်ငံရေး လှုပ်ရှားမှုတို့ တွင် တက်ကြွစွာ ပါဝင်သူ ဖြစ်လာသောအရွယ်

(၆) နိုင်ငံရေးခေါင်းဆောင် ဖြစ်လာသောအရွယ်နှင့်

(၇) နိုင်ငံရေးအကြောင်း ပြောပြသော ပဏ္ဍိတ အရွယ်တို့ ဆိုပြီး ဖြစ်ကြပါလိမ့်မည်။

အဓိက ဆိုလိုသည်မှာ မြန်မာ နိုင်ငံအတွက် နိုင်ငံရေးခေါင်းဆောင် အရွယ်ကို အသက်ဖြင့် မပိုင်းခြား၊ ပြဇာတ်ဖြင့်မရည်ညွှန်းပဲ မြန်မာ့ နိုင်ငံရေးရာ အတွေ့ အကြုံနှင့် နိုင်ငံရေး ဖြစ်စဉ်တို့ ဖြင့် တိုင်းတာလို့ ရနိုင်မည်ဟု ထင်ခြင်းဖြစ်ရာ တနည်းပြောရလျှင် မြန်မာ့ နိုင်ငံရေးခေါင်းဆောင် အရွယ်အကြောင်းသည် ကိုယ့်အရပ် ကိုယ့်ဇာတ်နှင့် Local Narrative အကြောင်းသာဖြစ်ပါ လိမ့်မည်။

ရှော့ခ် နှင့် အပြတ်အတောက်

နိုင်ငံရေးခေါင်ေးဆာင်အရွယ်အကြောင်းပြောလျှင် မြန်မာ့ နိုင်ငံရေး သမိုင်းဖြစ်စဉ်၏ သဘာဝ အကြောင်းကိုလည်း ပြောသင့် သည်ဟု ယူဆသည်။ မြန်မာ့နိုင်ငံရေးသမိုင်းသည် အစဉ်အဆက်ဆီးရီး မရှိ။ အပြတ်အတောက်ရှော့ခ်တို့ ဖြင့် ပြည့်နှက်နေ သည်။ Historical process with breaks and shocks ဟုဆိုရမည်။ ဤဖြစ်စဉ်ကိုရည်ညွှန်း၍ နိုင်ငံရေးခေါင်းဆောင်တို့ ၏ အ ရွယ်ကို ခန့် မှန်း ပိုင်းခြားအပ်သည်။

သမိုင်းဖြစ်စဉ် အပြတ်အတောက်တို့ ကို အခြေခံ၍ နိုင်ငံရေဒခေါင်းဆောင်းအရွယ်ကို ခန့် မှန်း ကြည့်သောအခါ အရွယ်သည် လည်း ကမောက်ကမ ဖြစ်နိုင်သည်၊ နိုင်ငံရေး ဇာတ်ခုံပေါ်၌ ဇာတ်ကောင်အဖြစ် ရေရှည်ကပြနိုင်ရန် ခဲယဉ်းသောကြောင့် ဖြစ် သည်။ မဟာ အိုင်ဒိုလိုဂျီတို့ ကျဆုံးခန်း ၊မဟာခေါင်းဆောင်ကြီးတို့ ၏ ကဏ္ဍ မှေးမှိန်သွားပုံတို့ ကို ထောက်ရှု ကြည့်လျှင်ခေါင်းေ ဆောင်၏အရွယ်ကောင်း အရွယ်ရွှေခေတ်သည် ရှားပါးကုန် ဖြစ်နေဖွယ်ရှိသည်။

သို့ မဟုတ် မသေချာ မရေရာမှု နှင့် ကြုံသလို ဖြစ်မှုတို့ က လွှမ်းမိုးဖွယ်ရှိသည်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ သည် သေချာရေရာမှု တပါးပါးဆီသို့  ရှေ့ ရှု သွားလိမ့်မည်ဟု မျှော်လင့်ရသည်။



အညွှန်း---Havard Business Reviev

မောင်စူးစမ်း

The Voice 6,1 ----

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ

နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်

နိဒါန်း

ယခုစာစုကို ရေးသားခဲ့သူ ရစ်ချတ်စတင်းဂဲလ် (Richard Stengel)သည် တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားနှင့်အတူ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဆောင်ခဲ့ သူတစ်ဦးဖြစ်သည့်အပြင် မင်ဒဲလား၏ အထ္ထုပ္ပတ္တိဖြစ်သော လွတ်လပ်ရေးသို့ ခရီးရှည် (Long Walk to Freedom) စာအုပ်ကို ပြုစုရာတွင်လည်း အဓိကပံ့ပိုး ကူညီခဲ့သူဖြစ်သည်။ မင်ဒဲလား၏ အသက် (၉ဝ) ပြည့်မွေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် နှောင်းလူတို့ စံပြုလေ့လာအပ်သော မင်ဒဲလား၏ ခေါင်းဆောင်မှုစံနမူနာအင်္ဂဂါရပ်များကို ဖော်ထုတ်ရေးသားလိုက်ခြင်းဖြစ်ရာ နှိုင်းယှဉ်ဆက်စပ်လေ့လာနိုင်ရန် ဘာသာပြန်ဆို တင်ပြလိုက်ခြင်းဖြစ်ပါသည်။



၁။ ရဲစွမ်းသတ္တိဆိုတာ အကြောက်တရားကင်းစင်ခြင်းမဟုတ်၊ အကြောက်တရားကို ကျော်လွန်လုပ်ဆောင်ဖို့ စေ့ဆော်အားမွေးပေးခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ် တောင်အာဖရိက နိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု ကာလအတွင်းက လေယာဉ်ဆင်းသက်နိုင်ရုံသာရှိသော နာတာ(Natal)လေယာဉ်ကွင်း အနီးရှိ သူ့ကိုထောက်ခံသူ ဇူးလူးလူမျိုးစု (Zulu)တွေကို မိန့်ခွန်းစကားပြောကြားရန် မင်ဒဲလားဟာ ပန်ကာနှစ်လုံးတပ် လေယဉ်ကလေးပေါ် စီးနင်းလိုက်ပါလာခဲ့ပါတယ်။ အဲဒီမှာ သူမိန့်ခွန်းပြောပြီးတဲ့အခါ ဆက်လက်လုပ်ဆောင်စရာ ကိစ္စတွေရှိတာကြောင့် ကျနော် လေယဉ်ကွင်းကို ရောက်ရှိသွားပါတယ်။ လေယဉ်ဆင်းသက်နေစဉ် မိနစ် (၂ဝ) အကြာမှာ အင်ဂျင်တလုံးဟာ ရုတ်တရက် ထိုးရပ်သွားတာကြောင့် လေယဉ်ပေါ်လိုက်ပါလာသူတွေ အထိတ်တလန့် ဖြစ်ကုန်ကြရပါတယ်။ အဲဒီ့အချိန်မှာ မင်ဒဲလားတယာက်ကတော့ နံက်ခင်းရထားစီးပြီး ပုံမှန်အလုပ်သွားနေသလိုမျိုး မလှုပ်မရှား ငြိမ်ချက်သားကောင်းလို့ သတင်းစာ ဖတ်မပျက်ပါ။ ဒီတော့မှ ကျန်လူတွေလည်း စိတ်လှုပ်ရှားမှု သက်သာရာရပြီး တည်ငြိမ်မှုရှိလာပါတယ်။ လေယဉ်ကွင်းက အရေးပေါ် ဆင်းသက်မှုအတွက်သာပြင်ဆင်ထားတာဖြစ်ပြီး၊ လေယဉ်မှူး ကျွမ်းကျင်လို့ ဘေးမသီရန်မခ ဆင်းသက်နိုင်ခဲ့တာပါ။ လေယဉ်ပေါ်ကဆင်းပြီးနောက် လူထုစည်းဝေးပွဲရှိရာကို သွားဖို့အသင့်စောင့် ကြိုနေသော ကျည်ကာမှန်တပ် ကားရဲ့နောက်ခန်း ထိုင်ခုံပေါ်ထိုင်မိပြီးမှ ကျနော့်ဘက်ကို စောင့်ငဲ့ပြီး မင်ဒဲလားပြောလိုက်တာက “ကိုယ့်လူရေ စောစောတုံးက ကျနော်ဖြင့် ကြောက်လိုက်တာ တကိုယ်လုံးတုန်သွားတာပဲ” တဲ့။

မြေအောက်နိုင်ငံရေး လှုပ်ရှားမှုကာလ၊ ရီဗွန်နီးယားတရားရုံး (Rivonia)မှာ အမှုစစ်ဆေးခံနေရစဉ်ကာလနဲ့ရော်ဘင်ကျွန်းပေါ်မှာ (Robben) အကျဉ်းကျခံနေရစဉ်ကာလတွေအတွင်းမှာ လူသားတဦးဖြစ်တဲ့ မင်ဒဲလားတယောက် မကြာခဏ ကြောက်စိတ်တွေ ဝင်ခဲ့ဘူးကြောင်း နောက်ပိုင်းမှာ သူကိုယ်တိုင် ကျနော့်ကိုပြန်ပြောပြတတ်ပါတယ်။ လူမှန်ရင် ကြောက်တတ်တာ သဘာဝကျပါတယ်လို့ သူကအဆိုပြုပါတယ်။ “ငါဟာ ရဲရင့်သူဖြစ်တယ်။ ကမ္ဘာကြီးကိုအောင်နိုင်သူဖြစ်တယ်လို့ ကျနော်ဟန်မဆောင်တတ်ပါဘူး။ ဒါပေမယ့် ခေါင်းဆောင်တယောက် အနေနဲ့ ကိုယ်ကြောက်တတ်တာကို အခြားသူတွေ မသိစေနဲ့ပေါ့” “လူထုရှေ့မှာ မားမားမတ်မတ် အစွမ်းပြနိုင်ရမယ်” စသည်ဖြင့် သူကပြောတတ်ပါတယ်။အခြားသူတွေရှေ့မှာ ကိုယ်ကမကြောက်တဲ့အသွင် ဆောင်ထားနိုင်ရင် သူတို့ကိုပါရဲရင့်စိတ် နိုးကြွှလာစေတယ်ဆိုတာကို နားလည်သဘောပေါက်ထားပုံရပါတယ်။ ကြောက်ရွံ့စရာတွေ တင်းကြမ်းပြည့်နေတဲ့ ရော်ဘင်ကျွန်းပေါ်မှာ သူဒီအတိုင်းကျင့် ကြံနေထိုင်ပါတယ်။ အမှုစစ်ဆေးစဉ်ကာလမှာ တရားရုံးဝင်းအတွင်းခေါင်းမော့ ရင်ကော့ပြီး မော်မော်ကြွှားကြွှား လမ်းလျှောက်နေသော မင်ဒဲလားကိုတွေ့မြင်လိုက်ရတဲ့ ဘဝတူအကျဉ်းသားတွေက သူတို့ရဲ့အမြင်အာရုံမှာ အဲဒီ မြင်ကွင်းသဏ္ဍာန်ကို ရက်ပေါင်းအတော်ကြာအောင် လွှမ်းမိုးငြိတွယ်နေတယ်လို့ ပြန်ပြောပြကြပါတယ်။ သူဟာအခြားသူတွေအတွက် စံနမူနာကောင်းဖြစ်ရမယ်လို့ မင်ဒဲလားကခံယူထားပါတယ်။ အဲဒီ့စိတ်ဓါတ်နဲ့ သူကိုယ်တိုင် ကြောက်စိတ်တွေကို ကျော်လွှားအောင်မြင်ပြီး လူထုရဲ့ သူရဲကောင်းဖြစ်လာတာပါ။



၂။ ရှေ့တန်းမှဦးဆောင်ပါ။ ကိုယ့်အုပ်စုကိုလည်း နောက်တန်းမှာ ချန်မထားပါနဲ့။



မင်ဒဲလားဟာလျှို့ဝှက်ပြီး သိုသိုသိပ်သိပ် နေထိုင်တတ်သူဖြစ်ပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်မှာ ပရိုစတိတ်အကျိတ် ခွဲစိတ် ကုသခံခဲ့ရပါတယ်။ ဆေးရုံကဆင်းလို့ အကျဉ်းထောင်တွင်းပြန်ရောက်တဲ့အခါ ထောင်သက် (၂၁)နှစ် အတွင်း သူ့ရဲဘော်များ၊ မိတ်ဆွေများနဲ့ ပထမဦးဆုံးအကြိမ်ခွဲခြားထားတာကို ခံလိုက်ရပါတယ်။ ထောင်အာဏာပိုင်များ ဒီလိုလုပ်တာကို သူ့ရဲဘော်တွေက ကန့်ကွက်ဆန္ဒပြ ကြပါတယ်။ မင်ဒဲလားက သူတို့ကို “ခဏလေးသည်းခံပြီး စောင့်ပါ ရဲဘော်တို့၊ မကြာခင်မှာ အခြေအနေကောင်းတွေ ထွက်ပေါ်လာမှာပါ” လို့ ပြောဆိုနှစ်သိမ့်ကြောင်း သူ့မိတ်ဆွေရင်း အာမက်ကက်သ်ရာဒါ(Ahmed Kathrada) က အမှတ်တရ ပြန်ပြောပါတယ်။ မကြာမတင်ကာလမှာပဲ မင်ဒဲလားနဲ့ အသားအရောင်ခွဲခြားမှု စနစ်ကျင့်သုံးခဲ့တဲ့ ဒီကလပ်အစိုးရတို့ တွေ့ဆုံးဆွေးနွေးရေးတွေ စတင်ပါတော့တယ်။ တောင်အာဖရိက အမျိုးသားကွန်ကရက် (ANC) ကတော့ ယခုလို ဆွေးနွေးတာကို ဘဝင်မကျပါဘူး။ အကျဉ်းသားဘဝနဲ့ အစိုးရကိုတွေ့ဆုံဆွေးနွေးရေးမလုပ်နိုင်ဘူး၊ လူဖြူအစိုးရ ဒူးထောက်အရှုံးပေးသွားအောင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရမယ်လို့ ဆယ်စုနှစ်များစွာလှုံ့ဆော်ခဲ့တဲ့ မင်ဒဲလားက ယခုအချိန်မှာ ဖိနှိပ်သူအစိုးရနဲ့ စကားပြောချိန်တန်ပြီဆိုတာကို သိမြင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာပါ။

၁၉၈၅ ခုနှစ် ဆွေးနွေးမှုစတင်နေချိန်မှာပဲ မင်ဒဲလားတယောက် လမ်းကြောင်းပျောက်သွားပြီလား ဆိုပြီး တွေးတောနေသူတွေ မနည်းမနောရှိပါတယ်။ “သူက ကျနော်တို့ အပေါ်သစ္စာဖောက်သွားပြီလို့ ခံစားမိတယ်။ ကျနော်တို့ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ပြောပြဖို့သူ့ကို သွားတွေ့ခဲ့တယ်။ ခုလိုဆွေးနွေးမှုဟာ ယုံရခက်တဲ့ ပမာဏခြေလှမ်းပဲ။ သူသိပ်ပြီး စွန့်စားလွန်းတယ်။” လို့ အဲဒီ့အချိန်က သတ္ထုတွင်း အလုပ်သမားသမဂ္ဂရဲ့ ဒေါင်ဒေါင်မြည် ရဲရဲတောက်ခေါင်းဆောင် စီရီလ်ရာမာဖော်ဆာ (Cyril Ramaphosa) ကဆိုပါတယ်။ ဒါကြောင့် မင်ဒဲလားဟာ သူ့လုပ်ဆောင်ချက်တွေ မှန်ကန်ကြောင်း သူ့လုပ်ဖော်ကိုင်ဖက်များကို ရှင်းလင်းပြောဆို နားချပါတော့တယ်။ သူ့ဂုဏ်သတင်း ဟာလည်း ဆွေးနွေးပွဲ အောင်မြင်မှု ရှိ၊ မရှိပေါ်မှာ မူတည်နေပါတော့တယ်။

အကျဉ်းထောင်အတွင်းမှာ ရှိနေတဲ့ ရဲဘော်တဦးချင်းဆီသွားပြီး မင်ဒဲလားကသူ့လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြနေတာကို ကက်သ်ရာဒါးက အမှတ်တရရှိနေပါတယ်။ ဖြည်းဖြည်းမှန်မှန် ဇွဲရှိရှိနဲ့ သူ့သဘောထားကို ရဲဘော်တွေ လက်ခံလာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ “မိမိရဲ့ဆောင်ရွက်ချက်တွေကို လုပ်ဖော်ကိုင်ဖက်တွေက ထောက်ခံလာအောင် လုပ်ဆောင်ပါ။ မိမိမှာ တိုက်ပွဲဝင်ဖို့ ခြေကုပ်စခန်း အခိုင်အမာရှိပြီဆိုရင်တော့ လူထုလှုပ်ရှားမှုကို ရှေ့တိုးလုပ်ဆောင်ပါ။ မင်ဒဲလားဟာပြောပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့ လူစားမျိုးပါ။” (ANC) ရဲ့အတွင်းရေးမှူးချုပ်ဖြစ်ပြီး ယခုအခါ အထင်ကရ စီးပွားရေးလုပ်ငန်းရှင် ရာမာဖော်ဆာကပြောတာပါ။ မင်ဒဲလားအနေနဲ့လူဖြူအစိုးရကို ဆွေးနွေးဖို့ ငြင်းဆန်ခဲ့တာဟာ နည်းပရိယာယ်အရ လုပ်ဆောင်ခဲ့တာသာ ဖြစ်ပါတယ်။ “သူဟာသမိုင်းလိုအပ်ချက်အရ ပေါ်ထွက်လာတဲ့လက်တွေ့ အကျဆုံးသော အတွေးအမြင်အမားတဦးဖြစ်ပြီး ရှေ့ဆက်ကျနော်တို့ လုပ်ဆောင်ရမဲ့ နည်းလမ်းတွေကို သူအမြဲတမ်း စဉ်းစားနေတတ်ပါတယ်။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် နောက်မျိုးဆက်တွေက ဘယ်လိုသဘောထားမလဲဆိုတဲ့ အနာဂတ်ကြိုတင်တွက်ဆချက် သူ့မှာ ရှိပါတယ်။” လို့ ရာမာဖော်ဆာကဆိုပါတယ်။ ရေရှည်အတွက်မျှော်တွေးစဉ်းစားနိုင်တဲ့ အရည်အချင်းကိုထောင်ထဲမှာ နေ့စဉ်လေ့ကျင့်လာတာပါ။ ရက်တွေ၊ လတွေသာမက ဆယ်စုနှစ်နဲ့ တိုင်အောင်တိုင်းပြည် အနာဂတ်ရေးကိုသူစဉ်းစား ခဲ့ပါတယ်။ သမိုင်းက သူ့ဖက်ဆီကို ဦးညွတ်လာပြီဆိုတာကို သူသိထားပြီးဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေလည်းထွက်ပေါ်လာမှာ ဖြစ်ပြီး အချိန်ဘယ်လောက်ကြာကြာမှာ ဘယ်လိုနည်းနဲ့ ထွက်ပေါ်လာမှာလဲဆိုတဲ့ အမေးပုစ္ဆာပဲရှိပါတော့တယ်။ “ရေရှည်ကာလမှာ အကောင်းဘက်ကိုဦးတည်ပြောင်းလဲလာမှာပါ” လို့ ပြောလေ့ရှိသလို သူ့လုပ်ဆောင်ချက်တွေကိုလည်း ရေရှည်သဘော ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။



၃။ နောက်တန်းမှဦးဆောင်မှုပေးပါ။ အခြားသူတွေကို ရှေကတန်းမှာ ခိုင်ခိုင်မာမာ ရပ်တည်ပါစေ။



မင်ဒဲလားကသူ့ရဲ့လုလင်ပျိုဘဝမှာ နွားကျောင်းခဲ့ရတဲ့ ပျင်းရိစရာနေ့လည်ခင်းကို တမ်းတမ်းတတ ပြောပြတတ်ပါတယ်။ “သိတယ်မဟုတ်လား။ နွားအုပ်ကိုကိုယ်လိုရာရောက်အောင် နောက်ကနေ ထိန်းကျောင်းပေးရတယ်ဗျ။” သည်လိုပြောပြီး သူ့စကားကို ကျနော်သဘောတူ၊ မတူ စူးစမ်းတဲ့သဘောနဲ့ မျက်ခုံးပင့်ပြီးကြည့်လိုက်သေးတယ်။ ငယ်ရွယ်စဉ်က သူ့ကိုမြေတောင် မြှောက်ပေးတဲ့ လူမျိုးစုဘုရင် ဂျန်ဂျင်တဘာ (Jangintaba) ရဲ့အရိပ် လွှမ်းမိုးမှုက သူ့အပေါ်မှာ အတော်ကလေးကြီးမားပါတယ်။ ဂျန်ဂျင်တဘာက သူ့ရုံးတော်မှာ အစည်းအဝေးကျင်းပတဲ့အခါ တက်ရောက်လာသူတွေကို စက်ဝိုင်းပုံစုရုံးစေပါတယ်။ တက်ရောက်သူအားလုံးက တယောက်တလှည့်စီ ပြောဆိုဆွေးနွေးပြီးတဲ့ အခါမှ ဘုရင်ကြီးက စတင်ဆွေးနွေးပါတယ်။ အကြီးအကဲတွေရဲ့ အလုပ်က လူတွေကိုသြဇာပေးစေခိုင်းဖို့ထက် လူတွေရဲ့ သဘောဆန္ဒတွေကို စုစည်းစုဖွဲ့ပြီးလုပ်ငန်း အကောင်အထည်ဖော်တတ်ဖို့ ပိုအရေးကြီးပါတယ်လို့ မင်ဒဲလားကဆိုပါတယ်။ သူပြောလေ့ရှိတဲ့စကားက “ဆွေးနွေးငြင်းခုံပွဲတွေမှာ ကိုယ်ကအစောကြီး ဝင်မဆွေးနွေးနဲ့” ကျနော် မင်ဒဲလားနဲ့ လက်တွဲလုပ်ကိုင်နေစဉ်အတွင်း ဂျိုဟန်နစ္စဘတ်မြို့(Johannasbug) ရဲ့ သာယာလှပသော ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်တဲ့ ဟူတန် (Houghton) ရပ်ကွက်မှာ တည်ဆောက်ထားတဲ့ သူ့အိမ်ကလေးမှာ မကြာခဏဆိုသလို ရာမာဖော်ဆာ၊ သာဘိုမစ်ကီ (Thabo Mbeki) 'ယခုတောင်အာဖရိက သမ္မတ' နဲ့ အခြားသူများပါဝင်တဲ့ လူ (၆) ဦးဟာ ထမင်းစားပွဲပတ်လည် (သို့မဟုတ်) အိမ်အဝင်ကားလမ်းလေးပေါ်မှာ စက်ဝိုင်းပုံနေရာယူပြီး ဆွေးနွေးကြတာပါ။ သူ့ရဲဘော်အချို့က လုပ်ငန်းတွေကို သွက်သွက်မြန်မြန်လှုပ်ရှား လုပ်ဆောင်ဖို့၊ ယခုထက် ပိုပြီးတက်တက်ကြွှကြွှလုပ်ကိုင်ဖို့ ဒေါနဲ့မောနဲ့ အော်ဟစ်ပြောဆိုဆွေးနွေးနေချိန်မှာ မင်ဒဲလားကရိုးရိုးကုပ်ကုပ်လေး နားထောင်နေတတ်ပါတယ်။ နောက်ဆုံးသူ့အလှည့်ကျတော့မှ တယောက်တပေါက်ပြန့်ကျဲနေတဲ့ အမြင်သဘောတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ စနစ်တကျ အနှစ်ချုပ်လိုက်ပါတယ်။ နောက်တော့မှ သူ့ကိုယ်ပိုင်အတွေးအမြင်တွေကို ထုတ်ဖော်ဆွေးနွေးတင်ပြပြီး အများသဘောနဲ့လည်း မဆန့်ကျင်၊ သူ့လိုလားချက်နဲ့လည်းအနီးယိုးစွဲရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်သည်အထိ ဆွေးနွေးပွဲကိုပဲ့ကိုင် ဦးဆောင်သွားပါတယ်။ ကိုယ်ကိုတိုင်ခေါင်းဆောင်မှုကို ခံယူခြင်းဟာလိမ္မာပါးနပ်တဲ့ ခေါင်းဆောင်မှုဖြစ်ပါတယ်။ မင်ဒဲလားပြောတာက “ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း လူတွေလိုက်ပါ ဆောင်ရွက်လာအောင် ဆွဲဆောင်စည်းရုံးတဲ့နေရာမှာ ကိုယ့်အတွေးအမြင်ကို သူတို့ အတွေးအမြင်ဖြစ်သွားအောင် ပြောင်းလဲပြစ်နိုင်ခြင်းဟာ ထက်မြက်တဲ့ခေါင်းဆောင်မှုအင်္ဂါရပ်ဖြစ်တယ်” ဆိုတာပါပဲ။



၎။ ပြိုင်ဘက်ရန်သူအကြောင်းကိုသိအောင်လုပ်ပါ။ သူနှစ်သက်တဲ့ အားကစားအကြောင်းလေ့လာ သင်ယူပါ။



၁၉၆ဝ ခုနှစ်များလောက်မှာ အသားအရောင်ခွဲခြားဆက်ဆံသူ အာဖရိကန်လူဖြူတွေရဲ့ ဘာသာစကားကို စတင်လေ့လာပါတယ်။ (ANC) အဖွဲ့ထဲမှာရှိတဲ့ ရဲဘော်တွေက အဲဒီ့အတွက်သူ့ကိုလှောင်ပြောင် ကျီစယ်ကြပေမယ့် သူကတော့ လူဖြူတွေရဲ့ ကမ္ဘာ့အမြင်ကို သိချင်လို့လေ့လာတာပါ။ တနေ့ကျရင် သူဟာ လူဖြူအစိုးရကို တနည်းနည်းနဲ့ ပတ်သတ်ဆက်ဆံရမှာ ဖြစ်တယ်ဆိုတာသိထားပါတယ်။ လူဖြူတွေနဲ့ စကားပြောဆိုရင်းနဲ့ သူတို့ ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိမြင်လာမယ်။ အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ ချမှတ်လုပ်ဆောင်နိုင်မယ် စတဲ့ အကျိုးရလဒ် နှစ်ခုကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါတယ်။ သို့ပေမယ့် လူဖြူအသိုင်းအဝိုင်း အတွင်းမှာ ဝင်ဆံ့အောင်တော့ အလိုက်သင့် အလျားသင့်နေတတ်ရပါမယ်။ သာမန်ထောင်ဝန်ထမ်း တွေကစလို့ သမ္မတ ပက်ထရစ်ဘိုသာ (P.W.Botha) အထိ အာဖရိကန်လူဖြူတွေက မင်ဒဲလား၏ လူဖြူဘာသာစကား ကျွမ်းကျင်ပုံနဲ့ လူဖြူတွေရဲ့ သမိုင်းနှံ့စပ်ပုံတွေကို အထင်ကြီးလေးစားကြရပါတယ်။ မင်ဒဲလားဟာ လူဖြူတွေရဲ့ အသဲစွဲအားကစားဖြစ်တဲ့ ရတ်ဘီ ဘောလုံးကစားနည်းကို တစ်သင်းချင်းအလိုက်၊ အားကစားသမားတဦး ချင်းအလိုက်နှိုင်းယှဉ်သုံးသပ် နိုင်တဲ့ အထိ အားဖြည့် လေ့လာထားပါတယ်။

အာဖရိကန်လူဖြူတွေနဲ့ လူမည်းအာဖရိက လူမျိုးတွေကြားမှာ ဘုံတူညီမှုအခြေခံတွေ ချမှတ်တာကို မင်ဒဲလားနားလည်သဘောပေါက်ပါတယ်။ အာဖရိကန်လူဖြူတွေက သူတို့ဟာလည်း လူမည်းတွေလိုပဲ အာဖရိက တိုက်သားတွေ ဖြစ်တယ်ဆိုတာကို နက်နက် ရှိုင်းရှိုင်းယုံကြည်ထားပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း ရက်စက်ကြမ်းကြုတ်မှုရဲ့ သားကောင်တွေ ဖြစ်နေပါတယ်။ ဗြိတိသျှအစိုးရနဲ့ တောင်အာဖရိကမှာ အခြေချနေထိုင်တဲ့ အင်္ဂလိပ် လူဖြူတွေက သူတို့ကို အထင်သေးနှိမ့်ချဆက်ဆံတာ ခံကြရပါတယ်။ တောင်အာဖရိက လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်စွဲမြဲနေတဲ့ ရှုပ်ထွေးနိမ့်ကျသိမ်ငယ်စရာ ယဉ်ကျေးမှုရဲ့ဒဏ်ရာ ဒဏ်ချက်တွေကို လူမည်းများနည်းတူ လူဖြူတွေလည်း ခံစားကြရပါတယ်။ ရှေ့နေတဦး ဖြစ်တဲ့ မင်ဒဲလားဟာ ပြဿနာကြုံတွေ့နေရသော ထောင်ဝါဒါ (လူဖြူဝန်ထမ်း)များကို ဥပဒေဆိုင်ရာ အကူအညီပေးပါတယ်။ ထောင်ဝန်ထမ်းတွေက မင်ဒဲလားနဲ့ စာရင် များစွားပညာရည် နိမ့်ပါးသူတွေဖြစ်ပြီး လူမည်းတဦးကသူတို့အပေါ် အကူအညီပေးနိုင် ခြင်းဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့ဘဲ အံ့ဘွယ်ဘနန်းထူးဆန်းမှုကြီး ဖြစ်နေပါတော့တယ်။ “ဒါတွေဟာ အကြင်နာတရားမဲ့ပြီး ရက်စက်တဲ့ အသားအရောင်ခွဲခြားမှု စနစ်ဆိုးရဲ့ သရုပ်သကန်တွေဖြစ်ပြီး အဲဒီ့လို အဆိုးဆုံး ယုတ်မာရက်စက်ဆုံးသော အာဏာရှင်အစိုးရမျိုးနဲ့တောင် မင်ဒဲလားက စေ့စပ်ဆွေးနွေးနိုင်ခဲ့ပါတယ်” လို့ တောင်အာဖရိက သမိုင်းဆရာအကျော်အမော် အလစ်စတာ စပါ့ခ် (Alister Sparks) ကဆိုပါတယ်။



၅။ မိတ်ဆွေရဲဘော်များနဲ့ လက်ပွန်းတတီးရှိပါစေ။ မိမိပြိုင်ဘက်များကိုပင် ရင်းနှီးမှု ရအောင်ယူပါ။



မင်ဒဲလားသည် ကူနူ (Qunu) မှာ ရှိတဲ့ သူ့အိမ်ကို ဖိတ်ကြားတွေ့ဆုံသော ဧည့်သည်အများစုအပေါ်သူ့အနေနဲ့ အပြည့်အဝယုံကြည်မှုမရှိကြောင်း ကျနော်သိအောင် ပြောပြထားပါတယ်။ သူတို့ကို မင်ဒဲလားက ညစာတည်ခင်းဧည့်ခံတယ်။ သူတို့နဲ့ တိုင်ပင်ဆွေးနွေးတယ်။ သူတို့အကြိုက်လေချိုသွေးပြီး လက်ဆောင်တွေလည်း ပေးလိုက်သေးတယ်။ မင်ဒဲလားဟာ တပါးသူအပေါ်ညှို့ယူဖမ်းစားနိုင်စွမ်းရှိသူဖြစ်ပြီး အဲဒီ့စွမ်းအားကို သူ့ပြိုင်ဘက်တွေနဲ့ ဆက်ဆံရာမှာ ပိုပြီး အသုံးပြုလေ့ရှိတယ်။ ရော်ဘင်ကျွန်းပေါ်မှာ အကျဉ်းကျခံနေရစဉ်အတွင်း မင်ဒဲလားက သူမနှစ်သက် မယုံကြည်တဲ့လူတွေကိုပင် သူ့ရဲ့နိုင်ငံရေးဆွေးနွေးဖော် ဆွေးနွေးဖက်စာရင်း မှာ ထည့်သွင်း ပါဝင်စေပါတယ်။

မင်ဒဲလားကို နီးနီးကပ်ကပ် ဆက်ဆံခဲ့သူတဦးကတော့ (ANC) ရဲ့ ရဲရဲ တောက်စစ်ခေါင်းဆောင် ခရစ်ဟာနီ (Chris Hani) ဖြစ်ပြီး သူဟာမင်ဒဲလားကိုဆန့်ကျင်ဖို့ လျှို့ဝှက်ကြံစည်နေသူအဖြစ် သတင်းကြီးပါတယ်။ ဒါပေမယ့် မင်ဒဲလားက သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။ “ဟာနီမှ မဟုတ်ဘူး စက်မှုလုပ်ငန်းရှင်ကြီးတွေ၊ သတ္ထုတွင်းပိုင်ရှင်ကြီးတွေ၊ သူနဲ့ အတိုက်အခံဖြစ် သူတွေကိုလည်း မင်ဒဲလားက ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။” လို့ ရာမာဖော်ဆာကဆိုပါတယ်။ မင်ဒဲလားက အဲဒီ့လူတွေရဲ့ မွေးနေ့တွေမှာ ဖုန်းဆက်ပြီး ဆုတောင်းပေးလေ့ရှိသလို သူတို့ မိသားစု နာရေးကိစ္စတွေကိုလည်း သွားရောက်တတ်ပါတယ်။ ဒါတွေဟာ သူ့ရည်မှန်းချက်အတွက်အခွင့်အရေး တခုအနေနဲ့သူကမြင်ပါတယ်။ “သူအကျဉ်းထောင်ကလွတ်မြောက်လာပြီး လူထုခေါင်းဆောင်အဖြစ် ရောက်ရှိသွားချိန်မှာ သူ့မိတ်ဆွေ အကျဉ်းထောင်ဝန်ထမ်းတွေကို သူနဲ့အတူလက်တွဲလုပ်ကိုင်စေပြီး သူ့ကိုအကျဉ်းချခဲ့သူ အာဏာပိုင်တွေကိုပင် သူရဲ့ ပထမဆုံးသော ဝန်ကြီးအဖွဲ့မှာ ထည့်သွင်းဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအထဲက အချို့သူတွေကို မင်ဒဲလားက ပုဂ္ဂိုလ်ရေးအရ အထင်သေးရွံ့မုန်းတာကျနော်သိပါတယ်။

မင်ဒဲလားရဲ့နေ့ရက်တွေမှာ လူထုနဲ့ တထပ်တည်းမကျတဲ့ ကာလတွေ ရှိပါတယ်။ အဲဒီလိုအခါမျိုးမျာ ဆွဲဆောင်မှု စွမ်းအားကြီးမားသူတို့ရဲ့ထုံးစံအတိုင်း သူဟာလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေပါတယ်ဆိုတဲ့ အသိနဲ့ လူထုအာရုံကို ညှို့ယူဖမ်းစားနိုင်သူဖြစ်ပါတယ်။ သမ္မတ ဒီဂလပ်က သူ့ကို လူသိရှင်ကြားထိုးနှက်ဝေဖန် တိုက်ခိုက်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တဦးက သစ္စာဖောက်တာခံလိုက်ရသလို ယူကျုံးမရဖြစ်မိကြောင်း သူကဦးစွားသတင်း ထုတ်ပြန်ပါတယ်။ မိမိရဲ့ပြိုင်ဘက်တွေအပေါ်မှာ နွေးနွေးထွေးထွေး ဆက်ဆံခြင်းဖြင့် သူတို့ အနေနဲ့ ကိုယ့်အသိုင်းအဝိုင်းကို ယုံကြည်စိတ်ချ အာရုံညွှတ်လာအောင် လွှမ်းမိုးထိန်းချုပ်ထားနိုင်တဲ့ အချက်ကို မင်ဒဲလားသိမြင်ယုံကြည်ထားပါတယ်။ သူကသစ္စာရှိမှုကို ယုယမြတ်နိုးပေမယ့် တရားသေအစွဲအလမ်းတရပ်အနေနဲ့ ခံယူမထားပါဘူး။ နောက်ပိုင်းမှာ သူပြောလေ့ရှိတာက “လူတွေဟာ ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့တန်းတင် လုပ်ဆောင်တတ်ကြတယ်။ ဒါဟာတကယ့်လူ့သဘာဝဖြစ်ပြီး လူတွေရဲ့ပျော့ကွက် ဟာကွက် အားနည်းချက် မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ အကောင်းမြင်သမားတဦးဖြစ်တဲ့ မင်ဒဲလားက လူတွေကို သိပ်ပြီး ယုံကြည်နေတာကလည်း သဘာဝယုတ္တိတန်ပါတယ်။ ဒီလိုနည်းနဲ့ ကိုယ် မယုံကြည်ရတဲ့ လူတွေရဲ့ အမုန်းတရားကို အာနိသင်ပြယ်စေကြောင်း သူကသိမြင်ထားပါတယ်။



၆။ ခေါင်းဆောင်မှုအင်္ဂါရပ်မှာ ပြုမူလှုပ်ရှားမှုအသွင်သဏ္ဍာန်က အရေးကြီးပါတယ်။ အမြဲပြုံးနေတတ်ပါစေ။



အမွှေးတုံးနေသော ကတ္တီပါဝတ်စုံကို ဝတ်ဆင်ထားသော ဂျိုဟန်နစ္စဘတ်မြို့က နုံချာချာ ဥပဒေကျောင်းသာလေးဘဝမှာ မင်ဒဲလားကို အဲဒီ့အချိန်က အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်လည်းဖြစ် (ANC) ရဲ့ လူငယ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဝေါလ်တာ စီစူလူ(Walter Sisulu) က ခေါ်ယူတွေ့ဆုံပါတယ်။ စီစူလူဟာ တောင်အာဖရိက လူဂုဏ်တန် အသိုင်းအဝိုင်းမှာ နောကျေဝင်ဆံ့ပြီး အောင်မြင်မှုရနေသူတယောက်ဖြစ်တာကြောင့် အတုယူစရာ လူမည်း တဦး အဖြစ် မင်ဒဲလားက အမှတ်ပေးထားပါတယ်။ ဒါ့အပြင် စီစူလူက အနာဂတ်ကိုမြင်တတ်သူတဦးပါ။ ၁၉၅ဝ ခုနှစ် ဝန်းကျင်လောက်က သူ့ရဲ့ မဟာကြိုးပမ်းလုပ်ဆောင်မှုက (ANC) ကို လူထုလှုပ်ရှားမှုဆီသို့ဦးလှည့်ပေးရေးဖြစ်တယ်လို့ တခါက သူပြောဖူးပါတယ်။ ဒီလိုနဲ့ တနေ့တော့ “လူထုခေါင်းဆောင် (မင်ဒဲလား) တယောက် သူ့ရုံးခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပေါက်ချလာပါတော့တယ်။” လို့ပြုံးပြီးအမှတ်တရပြောပါတယ်။ မင်ဒဲလားဟာ အရပ်မြင့်မြင့် လူရည်ချောချော လူငယ်တဦးဖြစ်ပြီး တော်ဝင် ဘုရင့်လေတပ်မတော်အကြီးအကဲ တဦး ရဲ့သားဖြစ်သူနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အပျော်တမ်း လက်ဝှေ့ကစားသမားတဦးလည်းဖြစ်ပါတယ်။ ပြီးတော့ သူဟာ တိမ်ဖုံးတဲ့ နေ့အချိန်မှာ ထွက်ပေါ်လာတဲ့နေတစင်းလို တလောကလုံးကို ကြည်လင်တောက်ပစေတဲ့အပြုံးမျိုးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ကျနော်တို့ဟာတခါတရံမှာ လူတယောက်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအာရုံနိုးကြွှမှုတို့အကြား သမိုင်းရေးအရ ဆက်စပ်မှုသဘောကိုသတိမေ့လျော့ နေတတ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတကြီး ဂျော့ရှ်ဝါရှင်တန်ဟာ ရောက်လေရာရာမှာ အရပ်အရှည်ဆုံးနဲ့ ခွန်အားအကြီးမားဆုံးလူဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ ခွန်အားကြံ့ခိုင်သန်စွမ်းမှုဟာ ခေါင်းဆောင်မှု စံထက်စာလျှင် (ANC) နဲ့ ပိုပြီးသက်ဆိုင်မှုရှိတယ်လို့ ဆိုကြပေမယ့် မင်ဒဲလားကတော့ သူ့ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းရာဝယ် ဖြတ်သန်းကျင်လည်ရသော ဘဝဇာတ်လမ်း၊ ဇာတ်ကွက် အထွေထွေကို နောက်ခံတေးသွားနှင့်အညီ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူတဦးပါ။ (ANC) ပါတီရဲ့ မြေအောက်လှုပ်ရှားမှု စစ်ရေးခေါင်းဆောင်ဘဝမှာ မုတ်ဆိတ်မွှေးထူလပြစ်နှင့် စစ်ဝတ်စုံကို အခန့်သားဝတ်ဆင်တတ်ပေမယ့် ရှေ့နေကြီးမင်ဒဲလားဘဝမှာတော့ ပညာတတ်အလွှာရဲ့ လူနေမှုစတိုင်နဲ့ လျော်ညီအောင် ခန့်ခန့်ညားညားဝတ်ဆင်လေ့ရှိပါတယ်။ “ ကျနော်ဖြင့် တွေ့မြင်ဖူးသမျှ လူမည်းတွေထဲမှာ မင်ဒဲလားဟာ ဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဖြစ်အောင် ဝတ်ဆင်တတ်ဆုံး သူပါပဲ ” လို့ တခါက အိန္ဒိယ အပ်ချုပ်ဆိုင်တခုမှ သူနဲ့ တွေ့ဆုံခဲ့ဖူးသူ ရှေ့နေ ဂျော့ဘီဇိုစ် (George Bizos) ကပြောပါတယ်။ ခုနေအခါမှာတော့ မင်ဒဲလားရုပ်ပုံရိုက်နှိပ်ထားတဲ့ ရှပ်အင်္ကျီတွေ တသီကြီးပေါ်ထွက်လာပြီး သူ့ကို ခေတ်သစ်တောင်အာဖရိကရဲ့ ဂုဏ်ယူဖွယ် ကြည်နူးရွှင်မြူးဖွယ် ဖိုးဖိုးကြီး တဦးအဖြစ် မော်ကွန်းထိုးလိုက်ပါပြီ။

၁၉၉၄ခုနှစ်သမ္မတရွေးကောက်ပွဲအတွက်စည်းရုံးမဲဆွယ်ရာမှာ သင်္ကေတအမှတ်တံဆိပ်သည်လည်း အရေးကြီးကြောင်း မင်ဒဲလားကသဘောပေါက်ထားပါတယ်။ သူဟာ ပရိသတ်ရှေ့မှာ အဟောအပြောကောင်းသူ မဟုတ်ပါဘူး။ သူစကားပြောလို့ မိနစ်အနည်းငယ်ကြာသွားတဲ့အခါ သူပြောနေတာတွေကို ပရိသတ်က နားလည်တချက် မလည်တချက်ဖြစ်နေတတ်ပါတယ်။ ထိုအချက်သည်ပင် ပရိသတ်ကြားမှာ အများနှင့် မတူသော သူ့ရဲ့ မူပိုင်သင်္ကေတ ဖြစ်သွားပါတယ်။ တရားဟောစင်မြင့်ပေါ်ရောက်တဲ့အခါ မင်ဒဲလားက သူတို့ မြို့ရဲ့ လှုပ်ရှားမှု သင်္ကေတဖြစ်တဲ့ TOYIXTOYI ကကွက်ကို စည်းချက်နှင့်အညီ လှပစွာ လှုပ်ရှားသရုပ်ဖော်တတ်ပါတယ်။ ဒီ့ထက်ပိုပြီး ဆွဲဆောင်မှုကတော့ လူတကာကို ဆွဲဆောင်နိုင်တဲ့ ပီတိရွှန်းသော သူ့ရဲ့အပြုံးပါဘဲ။ လူဖြူ အာဖရိကန်တွေအတွက်တော့ သူ့အပြုံးက လူဖြူတွေအပေါ်ခါသီးနာကျင်မှု ကင်းစင်သူ လူဖြူတွေကို စာနာတရားထားနိုင်သူအဖြစ် သရုပ်ပေါ်လွင်စေပါတယ်။ မဲဆန္ဒရှင် လူမည်းတွေကိုတော့ “ကျနော်ဟာ ခင်ဗျားတို့ ယုံကြည်ထိုက်တဲ့ ခေါင်းဆောင်ပါ၊ ကျနော်တို့ အတူတကွလက်တွဲ ပြီး အောင်ပန်းဆွတ်ဖို့ ကြိုးပမ်းကြမယ်။” လို့ ဖော်ပြနေပါတယ်။ နေရာတိုင်းမှာ တွေ့နေရတဲ့ (ANC) ရွေးကောက်ပွဲအောင်နိုင်ရေးပိုစတာကတော့ မင်ဒဲလားရဲ့ ပြုံးနေတဲ့ မျက်နှာထားဖြစ်ပါတယ်။ “သူ့အပြုံးက လူထုကို သတင်းစကားလက်ဆောင်ပါးနေတယ်” လို့ ရာမာဖော်ဆာကဆိုပါတယ်။ သူ ထောင်ထဲက ထွက်လာပြီးနောက် ဖိနှိပ်သူတွေအပေါ် နာကျည်းမှု အရိပ်လက္ခဏာ မတွေ့ ရတာဟာ အတော့်ကိုအံ့သြစရာကောင်းနေတယ် လို့ လူတွေက တဖွဖွပြောဆိုနေကြပါတယ်။

အမှန်တကယ်လည်း မင်ဒဲလားဟာ လူဖြူတွေနဲ့ ပတ်သက်ပြီး နာကျည်းစရာတွေ များစွာရှိသော်လည်း ထိုခံစားချက်တွေကို မေ့ပျောက်ပစ်ဖို့ ပိုပြီးအရေးကြီးတာကို သူသိမြင်ထားပါတယ်။ “အတိတ်ကိုမေ့ပစ်လိုက်စမ်းပါလို့” သူ ပြောလေ့ရှိပေမယ့် သူ့နှလုံးသားထဲမှာ နာကျည်းစရာ အတိတ်ဇာတ်ကြောင်းတွေ ကျန်နေဆဲဆိုတာကို ကျနော်ခံစားနားလည်းနိုင်ပါတယ်။



၇။ အသားအရောင်များ အဓိကမထား



ကျနော်တို့ မေးမြန်းခန်းစတဲ့ အခါ “ခင်ဗျားလက်နက်ကိုင် တိုက်ပွဲကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာဟာ ခင်ဗျားတို့မှာ လူဖြူအစိုးရကို ဖြုတ်ချဖို့ အင်အားအလုံအလောက်မရှိဘူး ဆိုတာကို သဘောပေါက်ထားလို့လား၊ (သို့) အကြမ်းမဖက်တဲ့နည်းကို ရွေးချယ်လိုက်ခြင်းဖြင့် နိုင်ငံတကာရဲ့အားပေး ထောက်ခံမှုတွေ ခင်ဗျားတို့ဘက်ကို တိမ်းညွှတ်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်တွေ မြင်နေရလို့လား။” ဆိုတဲ့ မေးခွန်းမျိုးကို မင်ဒဲလားကို ကျနော် မကြာခဏ မေးတတ်ပါတယ်။ ထိုအခါ သူက စူးစမ်းတဲ့ သဘောနဲ့ ဖျတ်ခနဲတချက်ကြည့်လိုက်ပြီး “နှစ်ခုစလုံးဘဲ” လို့ ဖြေတတ်ပါတယ်။ကျနော်မေးတဲ့မေးခွန်းတွေက ခပ်ဆန်းဆန်းဖြစ်နေပေမယ့် ဆိုလိုရင်းကတော့ ရှင်းပါတယ်။ လူ့ဘဝဆိုတာ ရွေးချယ်လို့ ရကောင်းတာမဟုတ်၊ ဖြစ်ရပ်တွေမှာ ဘက်ပြိုင်ပြုနေတဲ့ အကြောင်းခံတရားတွေ ရှိနေတဲ့အခါ ဆုံးဖြတ်ချက်တွေဟာ ရှုပ်ထွေးလှပါတယ်။ ဘက်တိုက်တတ်တာ လူ့သဘာဝလို့ ဆိုလိုတာဟာ ယေဘူယျဆန်လွန်းပြီး လက်တွေ့ ဖြစ်ရပ် အခြေအနေတွေနဲ့ ကိုက်ညီမှု မရှိတတ်ပါဘူး။ အမြဲတမ်းစင်းလုံးချောဖြစ်တဲ့ အရာဆိုတာမရှိပါဘူး။ စသည် ... စသည်ဖြင့်

မင်ဒဲလားဟာ ကွဲလွဲမှု ကမ္ဘာထဲမှာ အသားကျနေသူပါ။ လက်တွေ့ ကျတဲ့နိုင်ငံရေးသမားတဦးအနေနဲ့ သူဟာကမ္ဘာကြီးကိုကြည့်မြင်ရာမှာ မရေမတွက်နိုင်လောက်အောင် အရောင်အသွေး၊ အယူဝါဒတွေ ရှုပ်ထွေးနေတဲ့ ကမ္ဘာကြီးအဖြစ်နားလည်ထားပါတယ်။ ဒီအမြင်တွေဟာ အသားအရောင် ခွဲခြားမှု စနစ်အောက်မှာ အလုပ်တစ်ခုရဖို့ အတွက်နဲ့ အလုပ်ရပြီးရင်လည်း မညှာမတာ အခိုင်းမခံရအောင်လူဖြူအလုပ်ရှင်ကို ခယဝပ်တွားဆက်ဆံရတာ၊ ဒီလိုမှမဟုတ်ရင် အမိမြေကထွက်သွားဖို့သာရှိတဲ့ ရွေးချယ်စရာဘောင်ကျဉ်းပြီး မွန်းကျပ်လွန်းသောနေ့စဉ်ဘဝမှာ ရှင်သန်ရုန်းကန်ခဲ့ရသော လူမည်းတဦးထံမှ ပွင့်အံထွက်လာသော အတွေးတွေလို့ ကျနော်ယူဆပါတယ်။ မင်ဒဲလားက လစ်ဗျားခေါင်းဆောင် ကဒါဖီ နှင့် ကျူးဘားခေါင်းဆောင် ဖီဒယ်ကပ်စထရိုတို့ ကို အထူးတလည် သစ္စာစောင့်သိပါတယ်။ အမေရိကန်အစိုးရက မင်ဒဲလားကို အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ထားချိန်မှာ ကပ်စထရိုနဲ့ ကဒါဖီက သူ့ကို ကူညီပေးခဲ့ပါတယ်။ ကဒါဖီနဲ့ ကပ်စထရိုအပေါ်မှာ ဘယ်လိုသဘောရလဲလို့ ကျနော်မေးကြည့်တဲ့အခါမှာ အမေရိကန်အစိုးရက တောင်အာဖရိကကို စိတ်ဝင်စားကြောင်း အရိပ်အမြွက်ပြောဆိုပြီး အလိုက်မသိ အူကြောင်ကြောင် နိုင်လှတဲ့ ကျနော့်ကို ပြစ်တင်ဝေဖန်ပါတော့တယ်။ ပြဿနာတိုင်းမှာ အကြောင်းခံတွေ များစွာရှိပါတယ်။ သူပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ အသားအရောင်ခွဲခြားမှုစနစ်မှာ သမိုင်းအရ လူမှုရေးအခြေခံအရ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အကြောင်းခံတရားတွေ များစွာအမြစ်တွယ်နေပါတယ်။ ဒီအခြေအနေတွေအောက်မှာ မင်ဒဲလားကတော့ သူ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် လက်တွေ့အကျဆုံးနည်းလမ်းကို အမြဲတမ်းစဉ်းစားနေတတ်ပါတယ်။



၈။ လက်တွေ့အလုပ်မဖြစ်နိုင်တဲ့ အတွေးအခေါ်၊ လုပ်ဆောင်ချက်တွေကို စွန့်လွှတ်ခြင်းသည်လည်း ခေါင်းဆောင်မှု အရည်အချင်းကောင်းဖြစ်ပါတယ်။



၉၃ ခုနှစ်မှာ မင်ဒဲလားက ကျနော့်ကို ကမ္ဘာပေါ်မှာ (၁၈) နှစ်အောက် မဲပေးပိုင်ခွင့် ရှိတဲ့နိုင်ငံရှိလားလို့မေးပါတယ်။ ကျနော် သုသေသနပြုလေ့လာမိသမျှထဲက “ အင်ဒိုနီးရှား၊ ကျူးဘား၊ မြောက်ကိုရီးယားနဲ့ အီရန်” တို့ကိုတင်ပြလိုက်တဲ့အခါ သူကနှစ်ထောင်းအားရ ခေါင်းညိမ့်ပြီး “ကောင်းတယ်၊ကောင်းတယ်” လို့ ချီးမွမ်းပါတယ်။ နောက်ရက်သတ္တနှစ်ပတ်ကြာတော့ တောင်အာဖရိက ရုပ်မြင်သံကြားအစီအစဉ်မှာ မင်ဒဲလားရဲ့ မဲပေးနိုင်တဲ့ အသက်ကန့်သက်ချက်ကို (၁၄) နှစ် အထိလျှော့ချရေး အဆိုပြုတင်ပြချက်ထွက်ပေါ်လာပါတယ်။ “သူတယောက်တည်းသာ လိုလားထောက်ခံတဲ့ အဆိုပြုချက်ကိုထောက်ခံပေးကြဖို့ သူကကျနော့်ကို တိုက်တွန်းနားချပါတယ်။ ဒါပေမယ့် သူ့အဆိုပြုချက်ကို အများကထောက်ခံမှု မရှိတဲ့အတွက် မအောင်မြင်မဲ့အခြေအနေနဲ့ ရင်ဆိုင်ရပေမယ့် သူကလိုလိုလားလားပဲ လက်ခံ အသိအမှတ်ပြုပါတယ်။ ဒါဟာလည်းစံထားအပ်တဲ့ ခေါင်းဆောင်မှုစံနမူနာပါပဲ” လို့ ရာမာဖော်ဆာကပြောပါတယ်။ ခေါင်းဆောင်တဦးအနေနဲ့ အလုပ်မဖြစ် မအောင်မြင်တော့ တဲ့ အတွေးအမြင်၊ လုပ်ဆောင်ချက်၊ ဆက်ဆံရေးတွေကို အဆက်ဖြတ်စွန့်လွှတ်ရေး အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်လုပ်ဆောင်ရပါတယ်။ သူ့ကို လူထုရွေးကောက်ခံသမ္မတဖြစ်နေစဉ်မှာ သူလုပ်ဆောင်ပေးခဲ့တဲ့ အရာတွေအတွက်၊ ထောင်ထဲမှာ ဆယ်စုနှစ် သုံးခုစာနီးပါးဖြတ်သန်းခဲ့ရတာတွေသည် တသက်တာ သမ္မတရာထူးအတွက် နေရာယူဖို့ အခွင့်အရေးများစွာ ပေးနေပေမယ့်လည်း မင်ဒဲလားကကျောခိုင်းခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့အသားအရောင် ခွဲခြားမှုစနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး လူမျိုးရေးလွှမ်းမိုးမှုကင်းတဲ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံထူထောင်ခဲ့သူပါ။ ဖိနှိပ်ခံပြည်သူတွေဘက်မှာ သူအမြဲရှိပါတယ်။ ယနေ့တိုင် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဝေဖန်ရှုတ်ချနေဆဲပါ။ သူထားခဲ့တဲ့ ခေါင်းဆောင်မှု အစဉ်အလာကောင်းတွေဟာ တောင်အာဖရိကအတွက်သာမက အာဖရိကတိုက်တလွှားမှာ ရှိတဲ့ နောက်မျိုးဆက်တွေအတွက် အတုယူစရာစံနမူနာကောင်းတွေပါ။ ရာမာဖော်ဆာက “ မင်ဒဲလားဟာ သင်္ဘောမောင်းနှင် သူတယောက်မဟုတ်ဘဲ ရေကြောင်း လမ်းညွှန်သူတယောက်ဖြစ်တယ်” လို့ပြောပါတယ်။ ခေါင်းဆောင်ဆိုတာ နှလုံးသားနဲ့ ဦးနှောက်ကို ချိန်ညှိပြီး ဦးဆောင်မှုပေးရတယ်ဆိုတာကို မင်ဒဲလားကအလေးအနက် သိမြင်ထားပါတယ်။ ဒီအချက်ကို သူ့ရဲ့ထောင်တွင်းကာလ (၂၇) နှစ်က မှတ်ကျောက်ပြုပေးလိုက်တာပါ။ ၁၉၆၄ ခုနှစ်မှာ အကျဉ်းသားဘဝနဲ့ ရော်ဘင်ကျွန်းပေါ်မှာ စတင်ခြေချချိန်က သူဟာ ထိခိုက်ခံစားလွယ် စူးရှပေါက်ကွဲလွယ်တဲ့ လူရွယ်တဦးပါ။ အကျဉ်းထောင်မှ ပြန်လည်လွန်မြောက်လာချိန်မှာ တော့ နှိုင်းနှိုင်းချိန်ချိန် သုခမိန်တဦး ဖြစ်နေပါပြီ ဒါ့အပြင် သူဟာခံစားမှုကို အရောင်တင်တတ်သူတဦးမဟုတ်ပါ။ ထောင်ထဲဝင်သွားတုန်းက လူရွယ်တဦးဘဝနဲ့ ထောင်ကပြန်လွတ်လာချိန် အခြေအနေ ဘယ်လိုကွာခြားလဲလို့ ကျနော်မေးတတ်တာကို သူဘဝင်ကျပုံမပေါ်ပါဘူး။ ဒီလိုနဲ့ မတတ်သာတဲ့ နောက်ဆုံးတနေ့မှာ တော့ သူစိတ်ပေါက်ပေါက်နဲ့ အဖြေပေးလိုက်ပုံက “ရင့်ကျက်လာတယ်” တဲ့။

အမှန်ပါဘဲ၊ အတွေ့အကြုံရော အတွေးအခေါ်ပါ တည်ငြိမ်ရင့်ကျက်သူတဦးအနေနဲ့ လောကမှာ ရှာမတွေ့နိုင်လောက်အောင် ရှားပါးတဲ့အရာ၊ မစွန့်လွှတ်နိုင်လောက်အောင် တန်ဖိုးကြီးမားတဲ့အရာရယ်လို့ မရှိနိုင်တော့ပါဘူးဗျာ။ ။

ဝေမော်

နိုင်ငံရေးသမား ပုံရိပ်အချို့ မောင်ဝံသ

မောင်ဝံသ

(ဆရာမောင်ဝံသ ဇွန်လ (၁၁) ရက်နေ့ထုတ်၊ Popular News ဂျာနယ်မှာ ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တတ်သိအုပ်စုဝင်၊ ဗဟို ကော်မတီဝင် ဖြစ်ပြီး ၉၀ ပြည့်လွန်နှစ်များ အစပိုင်းမှာ ကိုယ်တိုင်အဖမ်းခံခဲ့ဖူးတဲ့ ဆရာ မောင်ဝံသရဲ့ နိုင်ငံရေးအပေါ် အမြင်ဖြစ်ပါတယ်။ ဒါ့အပြင်၂၀၁၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေက နိုင်ငံရေးကို ပြန်ပြီး စိတ်ဝင်စား လာတဲ့အပေါ် ဆရာရဲ့ ရှုမြင် သုံးသပ်ချက်လည်း ဖြစ်ပါတယ်။)

စံဖဲအကြောင်း မပါရင် ဒေါသနဲ့ အပြစ်တင်

တောပုန်းကြီး စံဖဲနဲ့ သတင်းစာတွေ အကြောင်း ဖတ်ခဲ့ဖူးတာ သွားသတိရမိတယ်။ နယ်ချဲ့ အင်္ဂလိပ်ခေတ်တုန်းက သာစည်နယ်မှာ ပုလိပ်က နှိပ်စပ်လွန်းလို့ ခြေလွန်လက်လွန် လူသတ်မှုဖြစ်ရာက ၀ရမ်းပြေးဖြစ်သွားတဲ့ စံဖဲဆိုတဲ့ ကျေးရွာသား တစ်ယောက် ရှိခဲ့တယ်။ ၀ရမ်းပြေး ဖြစ်သွားတော့ တောထဲမှာ ပုန်းနေတာပေါ့။ သည်တော့ တောပုန်းကြီး ဖြစ်သွားရော။ သည်အခါမှာ အင်္ဂလန်က တောပုန်းကြီး ရော်ဘင်ဟုဒ်လို ဖြစ်သွားအောင် သတင်းစာတွေက ရေးကြတော့ တောပုန်းကြီး စံဖဲဟာ လူထုကြားမှာ ဟီးရိုး ဖြစ်နေ သတဲ့ဗျာ။

လူတွေက စံဖဲ သတင်းပါမှ သတင်းစာ ၀ယ်ဖတ်ချင်ကြတာ ဆိုတော့ တချို့သတင်းစာ ဂျာနယ်တွေက လံကြုပ် လုပ်ကြံ ဇာတ်လမ်းတွေ ထွင်ပြီး ရေးခဲ့ကြသတဲ့။ ဘယ်နေ့ ဘယ်ရက်က တောပုန်းကြီးစံဖဲ မြို့ပေါ် တက်လာတာ သတင်းပေးသူက ပြောလို့ ပုလိပ်တွေက သွားဝိုင်းတော့ ဖမ်းလို့ မမိလိုက်ဘူး။ စံဖဲက ထိုးဖောက် တိုက်ခိုက်ပြီး ထွက်သွားတာ ပုလိပ်တွေ လက်မှိုင်ချပြီး ပြန်လာရတယ် ဆိုတဲ့ သတင်းမျိုးတွေ၊ စံဖဲက ပုလိပ်တွေ ခြေချင်းလိမ်နေတဲ့ကြားက သူ့ချစ်သူနဲ့ စွန့်စွန့်စားစား လာတွေ့သွားပုံ စတာတွေကို ရေးခဲ့ ကြတယ်။ ဗန္ဓုလဂျာနယ်ဆိုရင် စံဖဲသတင်း အများဆုံးပါလို့ စောင်ရေ အများကြီး တက်သွားသတဲ့။ အဲဒီခေတ်က သီချင်းတောင် ပေါ်ခဲ့သေးတယ်။ ``စံဖဲ အကြောင်းမပါရင် ဒေါသနဲ့ အပြစ်တင်´´ဆိုတဲ့ စာသားလေးကို ဖတ်ဖူးပါတယ်။ သတင်းစာ ဂျာနယ်တွေမှာ စံဖဲ အကြောင်းမပါရင် လူတွေက ဒေါသနဲ့ အပြစ်တင် ကြတယ်လို့ ဆိုတာပါ။

မိတ်ဆွေ လူချင်းခင်ရင် နိုင်ငံရေး စကားလာမပြောနဲ့

အခုလည်း နိုင်ငံရေး အကြောင်းမပါရင် ဒေါသနဲ့ အပြစ်တင်တဲ့ အနေအထား ရောက်နေပြီလား။ ရောက်နေပြီဆိုရင် သိပ်ကောင်းပေါ့ ဗျာ။ ကျွန်တော်တို့က နိုင်ငံရေးကို လူတွေ စိတ်မ၀င်စားမှာကိုသာ ပူတာ၊ နိုင်ငံရေးကို လူတွေများများ စိတ်ဝင်စားလာလေ တိုင်းပြည် တိုးတက်ဖို့ ပိုနီးစပ်လေပဲဗျ။ မီဒီယာတွေက လူတွေ နိုင်ငံရေး အကြောင်းအရာတွေကို များများ ထည့်ချင်လာကြတာလား၊ လူတွေ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဆွဲခေါ်တဲ့ အနေနဲ့ နိုင်ငံရေး ဆောင်းပါးတွေ များများ ထည့်ချင်နေ ကြတာလား၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံရေး ဖွင့်ဆိုချက်တွေ၊ နိုင်ငံရေး ရှေးဟောင်း နှောင်းဖြစ်တွေ၊ နိုင်ငံရေး သုံးသပ်ချက်တွေ၊ နိုင်ငံရေး ဟောကိန်းတွေ ထည့်သွင်း ဖော်ပြပေး နေကြတာကို ကျွန်တော်တို့က ``ဘရာဗို´´ ``ဘရာဗို´´ လို့ ဟစ်ကြွေး ကြိုဆိုလိုက် ပါတယ်ဗျာ။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လူတွေကြားထဲ လိုက်သွားနေတာ၊ လက်ဖက်ရည်ဆိုင်တွေ လို်က်ထိုင်နေတာ၊ လူတွေရဲ့ စိတ်ခံစားမှုတွေ၊ ဆန္ဒ သဘောထားတွေ၊ အမူအရာတွေကို ထိတွေ့နေတာကြာပြီ။ ``မိတ်ဆွေ လူချင်းခင်ရင် နိုင်ငံရေး စကား မပြောပါနဲ့´´ဆိုတဲ့ စကားသံမျိုးတွေကို ကြားနေခဲ့ရတာ ကြာပြီကောဗျာ။

ကျွန်တော်ကိုယ်တိုင် ကြုံဖူးတယ်

ကျွန်တော် ကိုယ်တိုင်ကိုပဲ နိုင်ငံရေးနဲ့ ပတ်သတ်ခဲ့သူ ဆိုပြီး ဂျာနယ် မဂ္ဂဇင်း တချို့က စာမူမတောင်းရဲ၊ မပတ်သက် ရဲခဲ့တဲ့ ကာလ တစ်ကန့် ရှိခဲ့ဖူးတယ်ဗျ။ (အဲသည်ကာလတုန်းက ကျွန်တော့်မှာ စာပေနယ်နဲ့လည်း မကင်းကွာနိုင်လေတော့ မိသားစု စားဝတ် နေရေး အတွက် ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းလေး တည်ထောင်ကာ လုပ်ကိုင် စားသောက်ခဲ့ရပါတယ်။ ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းတွေ အပြိုင်အဆိုင် သိပ်မများသေးတဲ့ ၁၉၉၂ ခုနှစ်လောက်ကပါ။ အဲဒီလို အချိန်မျိုးမှာတောင် သူများတွေလို လက်မလည်အောင် အလုပ်အပ်နှံမှုတွေ မရခဲ့ပါဘူး။ ကျွန်တော့အပေါ် ကောင်းစွာ နားလည်ပြီး အင်မတန် ခင်မင်ရင်းနှီးတဲ့ စာအုပ်လုပ်ငန်း တချို့နဲ့ ကျူရှင် တချို့ကတော့ နောင်ခါလာ နောင်ခါဈေးဆိုပြီး အလုပ်လာအပ်ကြလို့ ကျွန်တော့် မိသားစု အဆင် ပြေခဲ့ရပါတယ်။)

ကျွန်တော် ဆိုလိုတာက လူတွေဟာ ကိုယ်တိုင်အနေနဲ့ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်း နေခဲ့ကြရုံမက နိုင်ငံရေး အရိပ်အငွေ့ ရှိသူတွေနဲ့လည်း မပတ်သက်ချင်ကြတဲ့ အနေအထားမှာ နှစ်ကာလ ရှည်ကြာစွာ ရှိနေခဲ့ကြတာ အမှန်ပဲဆိုတာပါ။

အဲဒီအနေအထား ဖြစ်ပေါ်ခဲ့ခြင်းဟာ နိုင်ငံရေး ပတ်သက်မှုကြောင့် မိမိရဲ့ လူမှုဘ၀၊ စီးပွားရေး ဘ၀ကို ထိခိုက်နိုင်တယ်လို့ စိုးရိမ် ကြောင့်ကြခြင်း သာမက နိုင်ငံရေး လုပ်ဆောင်နေသူများ အပေါ် ယုံကြည် ကိုးစားမှု လျော့နည်း လာခြင်းကြောင့်လည်း ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

နိုင်ငံတကာမှာလည်း ထိုနည်းလည်းကောင်း

နိုင်ငံရေး လုပ်နေသူတွေ အပေါ် လူတွေက ယုံကြည်ကိုးစားမှု လျော့နည်းလာတယ် ဆိုတာကတော့ နိုင်ငံတကာ တူညီချက်လို ဖြစ်နေတယ်ဗျ။ ကျွန်တော် လက်လှမ်းမီသမျှ ဖတ်ရှုမိတဲ့ အထဲမှာ နိုင်ငံတကာမှာလည်း နိုင်ငံရေး သမားတွေအပေါ် ပြည်သူ အများစုက အမြင်စောင်း နေကြတာကို တွေ့ရတယ်ဗျာ။ မကြာသေးခင်က ကျွန်တော် ဖတ်မိတဲ့ စာတွေထဲမှာ အိန္ဒိယ၊ ပါကစ္စတန်၊ အမေရိကန်၊ ဗြိတိန် အကြောင်းတွေပါတယ်။ အဲဒီ နိုင်ငံတွေမှာ နိုင်ငံရေး သမားတွေကို `ငို့ဘ´ (ငါ့ဘို့ချည်းပဲ ကြည့်တဲ့လူ) တွေလို့ အများက သဘောထားတဲ့ အကြောင်း ဖတ်ရတယ်ဗျ။ အဲဒီအထဲ ဗြိတိန်ကတော့ `ဖိုးသင်းမျောက်´ ဖြစ်သွားတာပဲဗျာ။ ဖိုးသင်းရဲ့ မျောက်ကလေး လိမ္မာလှ လိမ္မာလှ၊ လူကြားထဲကျမှ ကျွမ်းထိုးမပြဘဲ ဖင်လှန်ပြတယ် ဆိုသလို ဖြစ်ခဲ့တာကိုးဗျ။ အင်္ဂလန်ဆိုတာ ပါလီမန် မိခင်နိုင်ငံကြီး အဖြစ် ဂုဏ်တင်ခဲ့တာ မဟုတ်လား။ ၀က်စမင်စတာ ပုံစံဆိုပြီး နိုင်ငံရေး သိပ္ပံမှာတောင် အင်္ဂလန် ပါလီမန် စနစ်အကြောင်း တကူးတက သင်ကြရတယ်။ နေမ၀င် ဗြိတိသျှ အင်ပါယာကြီးကို လည်ပတ် မောင်းနှင်လောက်အောင် အားကောင်း၊ စနစ်ကျခဲ့တဲ့ အင်္ဂလန် ပါလီမန်ကြီးမှာ အခုတော့ အမတ်မင်းများ ခွေးစာ ကြောင်စာ ၀ယ်တာကအစ နိုင်ငံ့ ဘဏ္ဍာ ထဲက အသုံးစရိတ် တွေထုတ်ယူ နေလို့ဆိုပြီး ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာက ဖွင့်ချလိုက်တော့မှ ပွက်လောရိုက် ကုန်တော့တာကိုး။ လွှတ်တော် ဥက္ကဋ္ဌကြီးတောင် နှုတ်ထွက် သွားရတဲ့အထိ ဂယက်ရိုက်ခဲ့တာလား။

အမေရိကန်မှာ ကျတော့ ပြီးခဲ့တဲ့ အပတ်ထုတ် ပေါ်ပြူလာ နယူးစ်မှာ ကျွန်တော် ကိုးကားခဲ့တဲ့ ``အမေရိကန်တွေ နိုင်ငံရေးကို ဘာကြောင့် မုန်း´´ ('Why Americans Hate Politics', by E.J Dionne) စာအုပ်ပါ သုံးသပ်ချက် အတိုင်းပဲ ပြည်သူတွေနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်တွေကို မယုံကြည်ရာက နိုင်ငံရေးကို ပြည်သူတွေ ကင်းကွာလာကြတာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံရေး သမားတွေကို ဝေဖန်တာကျတော့ ``နိုင်ငံရေး လုပ်စားနေကြတာ´´တဲ့ဗျာ။ နိုင်ငံရေးကို ရင်းနှီးမြှုပ်နှံမှု တစ်ခုလို လုပ်နေသူတွေ များသတဲ့။ အဲသလို လူတွေဟာ အလားအလာ ကောင်းတဲ့ နိုင်ငံရေး ပါတီတစ်ခုကို ရန်ပုံငွေ ကောင်းကောင်း ထည့်ပြီး ၀င်လိုက်မယ်။ ပြီးရင် ပါတီခေါင်းဆောင်ပိုင်းကို လာဘ်ထိုးပြီး အမတ်လောင်းဖြစ်အောင် လုပ်မယ်။ အရွေးခံရမယ့် မဲဆန္ဒနယ် အတွက် ငွေတွေသုံးပြီး အကျိုးပြု လုပ်ငန်းတွေ လုပ်ပြမယ်။ အဲဒါတွေအတွက် ရူပီး ဘယ်နှသန်း ကုန်ခဲ့သလဲ။ အဲဒါကို ရင်းနှီးမြှုပ်နှံ ထားတာလို့ သဘောထား။ အမတ်ရွေးခံရပြီး လုပ်ပိုင်ခွင့် အာဏာရှိတဲ့ နိုင်ငံရေး ရာထူး ဌာနန္တရ ကုလားထိုင်မှာ ထိုင်ပြီးရင် လေးငါးနှစ်အတွင်း အရင်းကျေရုံမက အဆများစွာ အမြတ်ထွက်အောင် စီးပွားရေး သမားတွေနဲ့ ဝေစားမျှစား လုပ်တော့ တာပဲတဲ့ဗျာ။

ပျင်းတောင်ပျင်းသေးတယ်

နိုင်ငံရေးသမား ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံပြီး လုပ်နေကြတာပါလို့ သူတို့ဆီမှာ ပြောစရာ အကြောင်းလည်း မရှိဘူးဗျ။ နိုင်ငံရေး ဘာကြောင့် လုပ်သလဲလို့ မေးရင် အကောင်းဆုံး အဖြေက မိမိတတ်ကျွမ်းတဲ့ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုချင်လို့ပါဗျာ လို့ ဖြေဖို့ပဲရှိတယ်။

မကြာသေးခင်က Youth မဂ္ဂဇင်းမှာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ အတ္တုပ္ပတ္တိကို ကျွန်တော် လစဉ် အခန်းဆက် ဘာသာပြန် ဖော်ပြခဲ့တာ အခုပြီးသွားပါပြီ။ သံလေဒီ ဘွဲ့ရတဲ့ မစ္စက်သက်ချာ အကြောင်း ရေးတော့မှ သူတို့ဆီက နိုင်ငံရေး လုပ်ပုံကိုင်ပုံတွေကို ကောင်းကောင်းကြီး ခြုံငုံသိရတော့ တာကိုး။ သူတို့ နိုင်ငံရေး လုပ်တာက ဆရာဝန် တစ်ယောက် ဆေးပညာ သင်ပြီး ဆေးကုသလို၊ အင်ဂျင်နီယာ တစ်ယောက် စက်မှုပညာသင်ပြီး လမ်းဖောက် တံတားဆောက်သလို၊ အသက်မွေး ၀မ်းကျောင်း အလုပ်တစ်ခု လုပ်နေသလို ပါပဲလားလို့ သဘောပေါက် သွားတယ်။ ရွေးကောက်ပွဲ ရှုံးမလား နိုင်မလား၊ ရင်ခုန်ရတာ မျိုးကလွဲလို့ ဘာစွန့်စားခန်းမှလည်း မရှိဘူး။ ဘာစွန့်လွှတ်မှုမျိုးမှလည်း မလိုအပ်ဘူး ဆိုတာ တွေ့ရတယ်ဗျာ။ ရွေးကောက်ပွဲမှာ ကိုယ့် ပါတီနိုင်ရင် အာဏာရလိုက်၊ ကိုယ့်ပါတီ ရှုံးရင် အတိုက်အခံ ဘ၀မှာ နေလိုက်၊ နောက် ရွေးကောက်ပွဲမှာ နိုင်အောင် ပြန်ကြိုးစား၊ အင်မတန် ရိုးစင်းတဲ့ နိုင်ငံရေး ဘ၀မှာ သူတို့ အသားကျ နေကြတာကိုး။

တစ်ခုတော့ ရှိသပေါ့။ သာမန် ပါတီဝင် ဘ၀ကနေ အဆင့်ဆင့် တက်လှမ်းခဲ့ ရတာတွေ၊ ပါတီတွင်း အုပ်စု တိုက်ပွဲတွေ၊ ခေါင်းဆောင်မှု နေရာ လုကြတာတွေ၊ မစ္စက်သက်ချာ နောက်ဆုံး ကြုံရသလို ထွက်ပေးရင် ထွက်ပေး၊ မထွက်ရင် ဖြုတ်ချ ခံရမယ့် အခြေအနေမျိုးကို ရင်ဆိုင်ရတာတွေ ကတော့ ရင်ခုန်စရာ အတွေ့အကြုံတွေလို့ ပြောမယ်ဆို ပြောနိုင်ပါလိမ့်မယ်။

ဘာပဲပြောပြော ဒီမိုကရေစီ မရသေးခင်သာ ရုန်းကန်လှုပ်ရှား ကြရတာ၊ ဒီမိုကရေစီ အသားကျ သွားတဲ့အခါ နိုင်ငံရေး လုပ်ရတာ ပျင်းစရာတောင် ကောင်းနေမလားပဲဗျာ။