Tuesday, March 16, 2010

NLD ၏ ၁၉၉ဝ ရွေးကောက်ပွဲ သင်ခန်းစာများ

Monday, 26 October 2009 00:00 ကေလတ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၈၈ ခုနှစ် ဩဂုတ်လ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်းမှ ပေါက်ဖွား လာသည်။ မူလဖွဲ့စည်းစဉ်က ရည်ရွယ်ချက်မှာ အာဏာသိမ်းမှုကြောင့် ကစင့်ကလျား ဖြစ်သွားကြသော
အင်အားစုများကို ပြန်လည် စုစည်း၍ ဒီမိုကရေစီ လှုပ်ရှားမှု၏ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းရေး ဖြစ်သည်။

စစ်တပ်က ၁၉၈၈ ခုနှစ် ဩဂုတ်လ ၁၈ ရက် နေ့တွင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီး ရက်အနည်းငယ် အကြာ၌ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဌာန်းခဲ့သည်။ NLD က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပေါ်ပေါက်လာသည်။

ဖွဲ့စည်းစ NLD တွင် အစုအဖွဲ့ သုံးဖွဲ့ ပါဝင်သည်။ ဗိုလ်မှူးချုပ်အောင်ကြီး ဦးဆောင်သော နိုင်ငံရေးသမား ဟောင်းကြီးများ နှင့် သံတမန်ဟောင်းများ ပါဝင်သော အစုအဖွဲ့၊ ဦးတင်ဦး ခေါင်းဆောင်သော မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော တတ်သိပညာရှင်များအဖွဲ့တို့ ဖြစ်သည်။

NLD ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည်။ အစုအဖွဲ့ တခုစီမှ ၄ ဦးစီ ပါဝင်ပြီး ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦးတင်ဦးက ဒုဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူး ဖြစ်သည်။

NLD၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင် ဖော်ပြထားသော ရည်ရွယ်ချက်မှာ အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်လာစေရေး ဖြစ်သည်။ ရွေးကောက်ပွဲဝင်ရန် ဖော်ပြထားခြင်း မရှိပါ။

သို့သော် အဖွဲ့ချုပ်သည် အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီသော စစ်မှန်သော ဒီမိုကရေစီ အစိုးရ အကောင်အထည် ဖော်နိုင်ရန်အတွက် လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်စေမည့် အခြေအနေများ ဖန်တီးပေးရန် လုပ်ငန်းစဉ် ချမှတ်ခဲ့သည်။

အစုအဖွဲ့ သုံးခုအကြားရှိ ညီညွတ်ရေးမှာ ကြာရှည်မခံခဲ့ပါ။ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ အစုအဖွဲ့မှ ခေါင်းဆောင် ၈ ဦးကို ကွန်မြူနစ် သို့မဟုတ် ကွန်မြူနစ်လိုလားသူများဟု စွပ်စွဲခဲ့သည်။ ထိုအရေးကို ဆွေးနွေးရန် ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာလတွင် ခေါ်ယူခဲ့သည်။ ဦးအောင်ကြီး အစုအဖွဲ့က ရှုံးနိမ့်သွားသည်။ ကြိုတင်သဘောတူညီချက် အရ ဦးကြည်မောင်မှ လွဲ၍ ဦးအောင်ကြီး အစုအဖွဲ့ဝင် အားလုံးကို အဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့သည်။

ထိုအချိန်မှစတင်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လှုပ်ရှားမှုများတွင် NLD အဖွဲ့ဝင်များစွာ အဖမ်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိကကျသော ခေါင်းဆောင်များ အဖမ်းခံရပြီးသည့်နောက် NLD သည် တက်ကြွသော ခေါင်းဆောင်မှု မရှိရုံသာမက စစ်ထောက်လှမ်းရေးတို့၏ အချိန်ပြည့် စောင့်ကြည့်မှုများကြောင့် လှုပ်ရှားမှု ကင်းမဲ့သွားသည်။

၁၉၈၉ ခုနှစ် နှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အစုအဖွဲ့က တောင်းဆိုသဖြင့် ထိန်းသိမ်းခံနေရသော ခေါင်းဆောင်များ နေရာတွင် အစားထိုး၍ ခေါင်းဆောင်မှုအသစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ အစုအဖွဲ့နှစ်ခု အကြား အာဏာ ထိန်းညှိမှု လွန်ဆွဲပွဲများ ပေါ်ပေါက်ခဲ့သည်။

န-ဝ-တ က ၁၉၈၉ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ NLD သည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရေး ကိစ္စကို ဆုံးဖြတ်ရန် လိုအပ်လာသည်။ ထိုအချိန်၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင် အများအပြား အဖမ်းခံနေရပြီး ကျန်ခေါင်းဆောင်များလည်း စောင့်ကြည့်ခံနေရသည်။

NLD က ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် သင့်မသင့် အပြင်းအထန် ဆွေးနွေးမှုများ ပေါ်ပေါက်လာသည်။ တချို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင် အများအပြား ထိန်းသိမ်း ခံနေရပြီး ရွေးကောက်ပွဲ အတွက် လွတ်လပ်ပြီး တရားမျှတသော ပတ်ဝန်းကျင်တရပ် မရှိသည့် အချိန် ဖြစ်သောကြောင့် ရွေးကောက်ပွဲဝင်ရန် မသင့်သေးဟု ယူဆကြသည်။ တချို့က ရွေးကောက်ပွဲသာလျှင် ပြည်သူ လူထုနှင့် ပြန်လည် ထိတွေ့နိုင်သည့် တခုတည်းသော အခွင့်အလမ်း ဖြစ်သည်ဟု ယူဆကြသည်။ နောက်ဆုံး ၁၉၈၉၊ စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပသော ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် NLD က ရွေးကောက်ပွဲ ဝင်မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အများပြည်သူ ဖတ်ရှုရန် ထုတ်ဝေသော NLD မှတ်တမ်းလွှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ပါဝင်ပြီးချိန်မှ စ၍ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် သင့်မသင့် ဆွေးနွေး ငြင်းခုန်မှုများ ရပ်ဆိုင်းသွားသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည်၏စာတွင် “အထိမ်းသိမ်းခံနေရလျက်နှင့်ပင် မိမိ အဖွဲ့ချုပ်၏ ဒီမိုကရေစီ နည်းလမ်းအရ ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့်၎င်း၊ တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ကူညီ ဖြည့်စွက်လိုသောကြောင့်၎င်း၊ ဒီမိုကရေစီကို လိုလားသော ပြည်သူလူထုကြီး၏ ဇွဲသတ္တိကို ဂုဏ်ပြုသောအားဖြင့်၎င်း ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စီစစ် ရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာ၍၊ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုသူတဦး အဖြစ်၊ အမည်စာရင်း တင်သွင်းလိုက်ပါသည်” ဟု ဖော်ပြထားသည်။

နိုဝင်ဘာလတွင် စစ်အစိုးရ၏ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ၁၉၉ဝ၊ မေလ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

NLD အတွက် ပထမဆုံး အခက်အခဲမှာ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ဖြစ်သည်။ NLD ဌာနချုပ်က မဲဆန္ဒနယ် ၂ နယ် ရှိသော မြို့နယ်များ အနေဖြင့် မဲဆန္ဒနယ် တနယ်ကို ဗဟို သို့မဟုတ် ပြည်နယ်/တိုင်းများတွင် တာဝန်ယူနေကြသော ခေါင်းဆောင်များအတွက် ဖယ်ထားပေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ဗဟို ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကော်မတီက ထိုခေါင်းဆောင်များကို ချန်လှပ်ထားသော မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နေရာချပေးသည်။ သို့သော် မဲဆန္ဒနယ် ၂ နယ် ရှိသော တချို့မြို့နယ်များတွင် ဗဟိုက သတ်မှတ်၊ ချထားပေးသော ကိုယ်စားလှယ်လောင်းများကို မကြိုက်ကြဘဲ မိမိမြို့နယ်မှ ကိုယ်စားလှယ်လောင်းကိုသာ ရွေးချယ်လိုကြသောကြောင့် ပြဿနာ အများအပြား ပေါ်ပေါက်ခဲ့သည်။

ဒုတိယ အခက်အခဲမှာ ဘဏ္ဍာရေးဖြစ်သည်။ NLDက ဘဏ္ဍာရှာဖွေရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ရသည်။ ဘဏ္ဍာငွေရရှိရန် ပိုစတာများ၊ ပို့စကတ်များ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ပါသော အမှတ်တရ ပစ္စည်းများ၊ ကက်ဆက်တိပ်ခွေများ ရောင်းချခဲ့သည်။ မြို့နယ်တချို့တွင် ရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲများ ပြုလုပ်ပြီး မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ ကော်ဖီ နှင့် ရိုးရာမုန့်များ ရောင်းချ၍ ရန်ပုံငွေ ရှာဖွေခဲ့ရသည်။

၁၉၉ဝ ဖေဖော်ဝါရီလတွင် နအဖက နိုင်ငံရေးပါတီများကို စာရွက်စာတမ်းများ၊ လက်ကမ်းစာစောင်များ၊ စာအုပ်ငယ်များ ဖြန့်ဝေခြင်း၊ ဟောပြောစည်းရုံးခြင်း၊ ရေဒီယို နှင့် ရုပ်မြင်သံကြားတွင် စကားပြောခွင့်ပေးခြင်း စသည့် နည်းလမ်းသုံးမျိုးဖြင့် မဲဆွယ်စည်းရုံးခွင့် ပေးခဲ့သည်။ မဲဆွယ်စည်းရုံးဟောပြောရာတွင် အသုံးပြုသော စာစောင်များ၊ ရေးသားချက်များကို အာဏာပိုင်တို့ထံ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ယူကြရသည်။

၁၉၉ဝ မေလ ၂၇ ရက်နေ့တွင် မဲပေးခွင့်ရှိသူ သန်း ၂ဝ အနက် ၁၅ သန်းကျော် မဲပေးခဲ့ကြသည်။ မှတ်ပုံတင် ထားသည့်ပါတီ ၂၃၆ ပါတီ ရှိရာ ရွေးကောက်ပွဲတွင် ၉၃ ပါတီ ဝင်ရောက်ယှဉ် ပြိုင်ကြသည်။ ၂၇ ပါတီက အနည်းဆုံး တနေရာစီ အနိုင်ရကြသည်။ ထို၂၇ ပါတီအနက် ၁၉ ပါတီမှာ တိုင်းရင်းသားပါတီများ ဖြစ်ကြသည်။

NLD က ၄၄၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၉၂ နေရာတွင် အနိုင်ရသည်။ NLD၏ အဓိက ပြိုင်ဘက် ဖြစ်သော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ၁ဝ နေရာသာ အနိုင်ရသည်။ ဦးအောင်ကြီး ခေါင်းဆောင်သော ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီပါတီက တနေရာ အနိုင်ရသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု ခေါင်းဆောင်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့က မဲဆန္ဒနယ် ၃ဝ၉ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သော်လည်း၊ တနေရာမှ အနိုင်မခဲ့ပေ။

သို့သော်လည်း ရွေးကောက်ပွဲ၏ ရလဒ်မှာ ယနေ့အထိ အကောင်အထည် ပေါ်ခဲ့ခြင်း မရှိပါ။

ယခုတကြိမ် ရွေးကောက်ပွဲတွင် NLD ဝင်ရောက်ယှဉ်ပြိုင်ပြီး အများစုထပ်မံ အနိုင်ရလျှင် အာဏာပိုင်တို့က ရွေးကောက်ပွဲ၏ ရလဒ်ကို အကောင်အထည်ဖော်၊ အသိအမှတ်ပြုမည် မပြုမည်မှာ ပဟေဠိတခု ဖြစ်နေသည်။ ဤအခြေအနေတွင် NLD သည်လည်း အကျဉ်းအကျပ်ထဲတွင် ရောက်နေသည်။

0 comments:

Post a Comment