Tuesday, March 16, 2010

လူလိမ္မာတွေများနေရင်

လူထုစိန်ဝင်း

(၅.၁၁.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ဆရှာ လူထုစိန်ဝင်း၏ ဆောင်းပါးဖြစ်ပါတယ်။ မြန်မာ့ အရေးနဲ့ ဆက်စပ်ပြီး တွေးစရာတွေပါလို့ မျှဝေပေးလိုက်ပါတယ်။)


အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်တာ နှစ်ပေါင်း ၂၀ လောက်ရှိပြီဖြစ်တဲ့ တပည့်ဟောင်းတစ်ယောက် လာနှုတ်ဆက်ပါတယ်။ ခါတိုင်းလိုပဲ အလုံး ၁၀၀၀ ပါ Centrum အားဆေးဘူးကြီး တစ်ဘူးပါလာပါတယ်။ သူက တစ်နှစ် တစ်ခါ ပြန်လာနေကျပါ။


အားဆေးဘူးပြဿနာ
အားဆေးဘူးကိုမြင်တော့ မနှစ်က သူလေဆိပ်မှာ ပြဿနာဖြစ်ခဲ့တာကို အမှတ်ရပြီး ဒီတစ်ခေါက်လည်း ပြဿနာ တက်သေးလားလို့ မေးလိုက်ဖြစ်တယ်။ မနှစ်က ဒီအားဆေးဘူးတွေကြောင့် သူရှူးရှူးရှားရှား ဒေါသဖြစ်ခဲ့ရတာကို သူပြောပြလို့ သိရတယ်။ သူက မြန်မာပြည်က ဆရာသမားဟောင်းတွေ၊ အသိဟောင်း အကျွမ်းဟောင်း လူကြီးသူမတွေကို ကန်တော့ဖို့ အားဆေးဘူးကြီး ၂၀ လောက်ယူလာခဲ့ပါတယ်။ သူ့ဇနီးနဲ့သူ နှစ်ယောက်ခွဲ ယူလာခဲ့ကြတာဖြစ်တယ်။ လေဆိပ်ရောက်တော့ ဆေးဘူးတွေများလွန်းတာကြောင့် တပည့်ဖြစ်သူနဲ့ စကားအချေအတင်အကြာကြီးပြောကြရတယ်။ နောက်ဆုံးကျမှ နှစ်ဖက်စလုံး အလျော့အတင်း လုပ်ပြီး ပြေလည်သွား ခဲ့တယ်။

အချောင်ရချင်စိတ်

ဒီတစ်ခေါက်တော့ သူက အားဆေးတစ်ဘူးပဲယူခဲ့တယ်။ တခြား ဘာမှလည်း မယူခဲ့လို့ ဘာပြဿနာမှ မတက်ဘူး။ အေးအေး ဆေးဆေးပဲလို့ စိတ်လက်ပေါ့ပါးစွာနဲ့ ပြောပြတယ်။ မနှစ်ကတော့ လူတွေ အကျင့်ပျက်တယ်ဆိုတဲ့ အကြောင်း ပြောလို့ကို မပြီးတော့ဘူး။ ဒီနှစ်တော့ အေးအေးဆေးဆေးပဲတဲ့။ အေးမှာပေါ့ သူကလည်းဥပဒေစည်းကမ်းနဲ့ မညီတာဘာမှမယူလာဘဲကိုး။ လူ့လောကမှာ ပြဿနာ အရှုပ်အထွေးတွေ ဖြစ်ကြရတာ၊ အငြင်းအခုန်တွေဖြစ်ကြရတာ ဒီအချက်ကြောင့်ပါပဲ။ စည်းကမ်းဥပဒေကို လေးစားလိုက်နာမှု ပျက်ကွက်ကြလို့သာဖြစ်တယ်။ စည်းကမ်းတို့ ဥပဒေတို့ဆိုတာ လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာဖို့၊ တည်တံ့ ခိုင်မြဲဖို့အတွက် ပြုလုပ်ထားခဲ့ကြတာ ဖြစ်တယ်။ အားလုံးက လေးစား လိုက်နာကြမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာစရာအကြောင်း မရှိဘူး။ စောစောက တပည့်လေးကိစ္စပဲကြည့်။ ယူလာသူက လည်း ယူလာတဲ့ပစ္စည်းကို တရားဝင်ကြေညာလွှာမှာ ထည့်သွင်းရေးသားပြီး စည်းကမ်းအတိုင်း ထိုက်သင့်တဲ့ အခွန်ငွေ ဆောင်မယ်ဆိုရင် အချေအတင်ပြောနေစရာ ဘာလိုတော့မှာလဲ။ သူကိုယ်တိုင်ကလည်း အချောင်ရမယ်ဆို ယူချင်တဲ့စိတ်နဲ့ မကြေညာဘဲယူလာ ဒီတော့ ပြဿနာဖြစ်တော့တာပေါ့။

ဂုဏ်သိက္ခာဆိုတာ

တောင်းသူကလည်း အချောင်ရချင်စိတ်ရှိတာပဲ။ တကယ်တော့ ဥပဒေစည်းကမ်းအတိုင်း၊ အခွန်ဆောင်ခိုင်းသင့် တာဆောင်ခိုင်း၊ ဒဏ်တပ်သင့်တာတပ်ဆိုရင် ဘာမှပြဿနာဖြစ်စရာအကြောင်းမရှိဘူး။ လူတစ်ယောက်မှာ အရေးကြီးဆုံး က " ဂုဏ်သိက္ခာ " ပဲဖြစ်တယ်။ ရန်သူက ထမင်းကျွေး၊ ဆေးပေးရုံသာမက၊ သမီးနဲ့ထိမ်းမြားပြီး အိမ်ရှေ့ရာထူးအပ်နှင်း မယ် ဆိုတာတောင်၊ သူ့အောက်ကျို့ပြီး အညံ့ခံတဲ့အဖြစ် အရောက်မခံဘူး။ အသေသာခံမယ်ဆိုတဲ့ မင်းရဲကျော်စွာရဲ့ "ဂုဏ်သိက္ခာ" ကို တန်ဖိုးထားတဲ့ စိတ်ဓာတ်တွေ လုံးဝ ပျောက်ကွယ် သွားပြီလား။

ဘာကအခရာလဲ

"အူမတောင့်မှသီလစောင့်မယ်" ဆိုတဲ့စကားတစ်လုံးကပဲ ကျွန်တော်တို့ လူမျိုးတွေကို ဖျက်ဆီးနေတာလားလို့ တွေးမိတယ်။ "လျှာမြက်ပေါက်ပါစေ၊ မဟုတ်မမှန်တာမလုပ်ဘူး" ဆိုတဲ့ လူမျိုးတွေက လူမိုက်ဖြစ်နေကြပြီး မိုးခါးရေ သောက်တဲ့လူတွေကမှ လူတော်လူလိမ္မာတွေလို့ သတ်မှတ်နေကြလေတော့၊ ဒီလိုလူလိမ္မာတွေနဲ့ ဘယ်လိုလုပ်ပြီး တိုးတက်အောင် တည်ဆောက်နိုင်မှာလဲ။ တိုင်းပြည် နိုင်ငံတစ်ခုတိုးတက်ဖို့ "အခရာ" အကျဆုံးက ဈေးကွက်စီးပွားရေး တို့ ဒီမိုကရေစီတို့ ဆိုတာတွေ မဟုတ်ပါဘူး။ Rule of Law ဆိုတဲ့ တရားဥပဒေ စိုးမိုးရေးသာဖြစ်တယ်။ စီးပွားရေး ဘယ် လောက်တိုးတက်တိုးတက်၊ ဒီမိုကရေစီ ဘယ်လောက်ကောင်းကောင်း၊ တရားဥပဒေမဏ္ဍိုင်ကြီးက ခြစားနေရင် အဲဒီနိုင်ငံဟာ ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ပါဘူး။ လောလောဆယ် ကသောင်းကနင်းဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံကိုပဲ ကြည့်လေ။ မဲကို ငွေနဲ့ဝယ်လို့ရ၊ တရားရုံးကိုငွေနဲ့ဝယ်လို့ရ၊ ရာထူးကိုငွေနဲ့ဝယ်လို့ ဖြစ်နေလေတော့၊ ဒီမိုကရေစီသာ တွင်တွင် အော်နေတယ် ဘယ်မှာတည်ငြိမ်အေးချမ်းလို့လဲ။

အော်တိုကရေစီတဲ့

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အတည်ငြိမ်ဆုံးနဲ့ အချမ်းသာဆုံးနိုင်ငံတစ်ခုကိုတော့ တင်းပြည့် ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံလို့ မခေါ်ချင်ကြပါဘူး။ အာဏာရှင်ဆန်ဆန် "အုပ်ချုပ်တဲ့ အော်တိုကရေစီ" စနစ်လို့ ခေါ်လေ့ ရှိကြတယ်။ ပါတီတစ်ခုတည်းကသာ အုပ်စိုးနေတာကိုး။ ဒါပေမဲ့ လူမျိုးချင်းရောနှောနေရတဲ့ အဲဒီနိုင်ငံ စီးပွားရေးအရ ထိပ်တန်းရောက်သလို၊ တည်ငြိမ်အေးချမ်းမှုလည်း အရှိဆုံး နိုင်ငံဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရာဥပဒေမဏ္ဍိုင်ကိုခိုင်မာသထက် ခိုင်မာအောင် အမြဲတမ်း အားထုတ် နေတာကြောင့်ဖြစ်တယ်။ စည်းကမ်းဥပဒေနဲ့ ပတ်သက်ရင် အသေးအဖွဲလေးပဲဆိုပြီး လျစ်လျူရှူမထားဘူး။ လမ်းဘေးအမှိုက်ပစ်တာ၊ တံတွေးထွေးတာကအစ တိတိကျကျအရေးယူတာ။ လွန်လာပြီဆိုရင် ကြိမ်နဲ့တောင်ရိုက် အပြစ်ပေးတာ။ လူဆိုတာကတော့ ဘယ်နိုင်ငံသားဘယ်လူမျိုးဖြစ်ဖြစ်၊ အချောင်ရရင် လိုချင်တတ်တာ သဘာဝပဲ။ လူတွေကို လူဆိုးသူခိုးဖြစ်မသွားအောင် ထိန်းပေးတာက ဥပဒေစည်းကမ်းဖြစ်တယ်။ တရားဥပဒေမဏ္ဍိုင် ကြံ့ခိုင်ရင် ကြံ့ခိုင်သလောက် လူဆိုးသူခိုးလျော့နည်းပြီး တိုင်းပြည်တည်ငြိမ် အေးချမ်း ပါတယ်။

တရားစွဲခံရတာကို ဂုဏ်ယူတဲ့လူ

တစ်လောလေးက အစ္စရေးဝန်ကြီးချုပ်ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို ကောင်းကောင်းမှတ်သားထားပါတယ်။ ၀န်ကြီးချုပ်ကို အကျင့်ပျက်မှုနဲ့ ရုံးတင်စစ်ဆေးခံရတော့၊ သူကချက်ချင်းပဲရာထူးကနေ နှုတ်ထွက်ပါမယ်လို့ ကြေညာပါတယ်။ အဲဒီလိုကြေညာရာမှာ "ကိုယ့်တိုင်းပြည်ရဲ့ ၀န်ကြီးချုပ်ကို ရုံးတင်စစ်ဆေးနိုင်တဲ့ အစ္စရေး နိုင်ငံသားဖြစ်ရတာကို အများကြီး ဂုဏ်ယူမိပါတယ်" လို့ သူက ထည့်သွင်းပြောကြားသွားပါတယ်။ အစ္စရေးနိုင်ငံ ဆိုတာ နိုင်ငံအဖြစ်စတင်တည် ထောင်တဲ့နေ့ကစပြီး စစ်တွေတိုက်လာရတာ နှစ်ပေါင်း ၆၀ ကျော်တဲ့အထိ တိုက်နေရတုန်းပါပဲ။ ဘေးပတ်လည်မှာလည်း ရန်သူတွေ ၀ိုင်းဝိုင်းလည်နေပါတယ်။ ဒီလိုနိုင်ငံမျိုး ဘယ်လိုလုပ် တိုးတက်နိုင်ပါ့မလဲ။ ဒါပေမဲ့ အစ္စရေးကတော့ အဏုမြူ လက်နက်တောင် လုပ်နိုင်တဲ့အထိ ဘက်ပေါင်းစုံက တိုးတက်ခဲ့တယ်။ စစ်ရဲ့အကျိုးဆက်တွေကို မလွှဲမရှောင်သာ ခံစားနေ ရတာကလွဲရင်၊ စီးပွားရေးရော၊ နိုင်ငံရေးပါ တည်ငြိမ်နေပါတယ်။ ဒါဟာ တရားဥပဒေမဏ္ဍိုင် ကြံ့ခိုင်လို့ပဲဖြစ်တယ်။ တရားဥပဒေရဲ့ သြဇာရိပ်ကကင်းလွတ်ခွင့်ရတဲ့လူ၊ တရားဥပဒေရဲ့ အထက် ရောက်နေတဲ့လူ ဘယ်သူမှ မရှိဘူးဆိုတာ အခု ၀န်ကြီး ချုပ်ရဲ့အဖြစ်က သက်သေပြလိုက်တာပါပဲ။

ရွှေဥဒေါင်းပြောတဲ့တရုတ်အကြောင်း

ဟိုးရှေးတုန်းက ဆရာကြီးရွှေဥဒေါ်င်းပြောပြဖူးတဲ့ တရုတ်ပြည် အတွေ့အကြုံတစ်တစ်ခုကို ဖောက်သည်ချ ချင်ပါတယ်။ ဆရာကြီးဟာ ငြိမ်းချမ်းရေးညီလာခံတက်ဖို့ ဆရာကြိးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တရုတ်ပြည် သွားပါတယ်။ ညီလာခံပြီးတော့ ပီကင်းကရှန်ဟဲကို ရထားနဲ့သွားပြီးလည်ပတ်ရပါတယ်။ ပီကင်းဘူတာက ရထားထွက်ပြီး သုံလေးဘူတာလောက်ကျော်တော့မှ ဆရာကြီးရွှေဥဒေါ်င်းဟာ ပတ်စပို့နဲ့ ပိုက်ဆံအိတ်ပါတဲ့ဘူတာမှာ ကျန်ခဲ့တာ သတိထားမိတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်တော့ဘူး။ စာကားပြန် ကတော့မပူပါနဲ့။ မပျောက်နိုင်ပါဘူးလို့အာမခံပေမဲ့ ဘယ်မပူဘဲနေမှာလဲ။ ပတ်စပို့မရှိရင် ဘယ်လို ပြန်နိုင်တော့မှာလဲပေါ့။ ဒီလိုနဲ့ပဲ စိတ်လက်မကြည်မသာနဲ့ ရှန်ဟိုင်းကို ရောက်ပြီးတည်းမယ့် ဟိုတယ်ရောက်ခဲ့ တယ်။ နောက်နှစ်နာရီလောက်ကြာတော့ စကားပြန်အခန်းထဲဝင်လာပြီး မေ့ကျန်ခဲ့တဲ့အိတ်ကို ပေးပါတယ်တဲ့။ ဘာမှအပျောက်အရှလည်းမရှိပါဘူးတဲ့။ ရထားကနေပြီး ပီကင်းဘူတာကို လှမ်အကြောင်းလိုက်တော့ နောက်ထွက်ရထားနဲ့ ပို့ပေးလိုက်တာတဲ့လေ။ အဲဒီခေတ်က တရုတ်ပြည်ထောင်တွေထဲမှာ အရက်မူးပြီး ရန်ဖြစ်တာ၊ လူသတ်မိတာမျိုးနဲ့ ထောင်ကျတာ မျိုးပဲရှိသတဲ့။ အဲဒီအချိန်က တရုတ်ပြည်မှာ ဈေးကွက် စီးပွားရေးဆိုတာ မရှိဘူး။ တစ်ပါတီအာဏာရှင် စနစ်ကျင့်သုံးနေဆဲပါပဲ။ ဒါပေမဲ့သူခိုး ဓားပြမရှိ၊ ပြည့်တန်ဆာ မရှိ၊ အကျင့်ပျက် လာဘ်စားတာမရှိတဲ့လေ။ ကျွန်တော့်ဦးကြီး ရွှေဥဒေါ်င်းပြောပြဖူးတာပါ။

လူထု စိန်ဝင်း

0 comments:

Post a Comment