Tuesday, March 16, 2010

နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး

နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁)

ဝေလင်း
၁၅/ မတ် ၂၀၁၀
မြန်မာပြည်ကို လာမယ့် မတ်လအတွင်း အိမ်နီးချင်းနှစ်နိုင်ငံက ခေါင်းဆောင် (၂) ဦး လာရောက်ဖို့ရှိကြောင်း ပြည်တွင်းထုတ် ဂျာနယ်တချို့မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီနှစ်နိုင်ငံစလုံးဟာ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေတုန်းက မြန်မာနဲ့ နယ်စပ် စစ်ရေးပြဿနာတွေတက်ပြီး တင်းမာခဲ့တဲ့ ထိုင်းနဲ့ ဘင်္ဂလားတို့ပဲ ဖြစ်ပါတယ်။ ထိုင်းဘုရင့်သမီးတော် သီရိဒုံက သူ့ခရီးစဉ်အတွက် ၂၀၀၁ ခုနှစ် စက်တင်ဘာလထဲက စပြီး ကမ်းလှမ်းစီစဉ်ခဲ့တာ အခုမှ နအဖစစ်အစိုးရဆီက ခွင့်ပြုချက်ရတာပါ။ ထိုင်းဘုရင့်သမီးတော်ဟာ မြန်မာပြည်ထဲက လားရှိုး၊ မူဆယ်၊ ပူတာအို၊ မြောက်ဦး၊ စစ်တွေ စတဲ့ မြို့ (၅) မြို့ကို မတ်လ (၁၀) နေ့ကစပြီး (၅) ရက်တာ ခရီးစဉ်အဖြစ် လာရောက်လည်ပတ် သုတေသနပြုလေ့လာမှာဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ် နောက်ပိုင်း လာရောက်ခြင်းမရှိရာကနေ အခုတကြိမ်ကျမှသာ တရားဝင် ပြန်လည်လာရောက် လည်ပတ်တာဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလအတွင်း မင်းသမီးသီရိဒုံရဲ့ ခရီးစဉ်မှာ ဟိတ်ဟန်မဲ့ သာမန်ခရီးသွားတယောက်လို ကျောပိုးအိတ်လွယ်ရောက်လာပြီး ဘင်္ဂလားကျေးလက် ဆင်းရဲသားတဲအိမ်မှာ နေထိုင်ရင်း လူထုဘ၀လေ့လာဖို့ သူရောက်လာခဲ့တာပါ။ နိုင်ငံရေး၊ စီးပွားရေး သမားမဟုတ်တဲ့ သုတေသီပညာရှင်တဦးသာဖြစ်လို့ အခုလာမယ့် မြန်မာခရီးစဉ်မှာ မြန်မာအစိုးရနဲ့ ဘာညှိနှိုင်းသဘောတူချက် ကိုမှ လက်မှတ်ရေးထိုးဖို့ရာ ထိုင်းဘုရင့်သမီးတော်မှာ အစီအစဉ်မရှိပါဘူး။

သူနဲ့ မတူခြားနားတဲ့ အနောက်ဘက် ဘင်္ဂလားဒေ့ရှ် ဧည့်သည်တော် ၀န်ကြီးချုပ် ရှိတ်ဟာစီနာကတော့ မကြာခင် မြန်မာပြည်ကို ရောက်ရှိလာတော့မှာဖြစ်ကြောင်း၊ သူ့ခရီးစဉ်အတွင်းမှာ ရိုဟင်ဂျာအရေး၊ မြန်မာ-ဘင်္ဂလား ပင်လယ်ပြင်ပိုင်နက် သတ်မှတ်ရေး၊ အာရှဖွံ့ဖြိုးရေဘဏ် (ADB) ရဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၁၂၀) ဖိုးနဲ့ တည်ဆောက်မယ့် အာရှဒေသတွင်း ဆက်စပ်ရထားလမ်းဖောက်လုပ်ရေး၊ ရေအားလျှပ်စစ်ဝယ်ယူရေး ကိစ္စအရပ်ရပ်ကို အထူးအရေးထား ညှိနှိုင်းသဘောတူ လက်မှတ်ရေးထိုးသွားဖို့ ရည်ရွယ်ထားကြောင်း၊ တဆက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက် ကုန်သည်ကြီးများအသင်းရဲ့ (၄) ကြိမ်မြောက် ကုန်သွယ်မှုမြှင့်တင်ရေး အရောင်းပြခန်းကိုလည်း ၀န်ကြီးချုပ် ဇီယာ တက်ရောက်ဖွင့်လှစ်ပေးဖွယ် ရှိနေပါတယ်။

၂၀၀၈ ခုနှစ် နိုဝင်ဘာဘာလက ဘင်္ဂလားပင်လယ်ကွေ့က ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်တွေနဲ့ စပ်လျဉ်းပြီး နှစ်နိုင်ငံကြား စစ်ရေးပြင်ဆင်ခဲ့ကြတဲ့ နယ်စပ်တင်းမာမှုတွေ ဖြစ်ခဲ့ကြပြီးနောက် အခုလို ပြန်လည် ရွှေလမ်းငွေလမ်းဖောက် ပျော့ပျောင်းညင်သာ လာကြတာတွေက ဘယ်အတွက်ကြောင့်များပါလိမ့်။ နှစ်နိုင်ငံ ရန်ဘက်ဘ၀ကနေ နွေးထွေးလှတဲ့ ခြင်္သေ့လည်ပြန်ဆက်ဆံရေး (U Turn) အချိုးအကွေ့တခုထိ ရောက်အောင်လို့ ဘယ်အချက်တွေကများ စေ့ဆော်တွန်းပို့ပေးလိုက်ပါလေသလဲ။

ထူးမခြားနား နှစ်နိုင်ငံ စစ်ရေးစွမ်းပကား

အိန္ဒိယရေတပ်က ဦးစီးပြီး အာရှပစိဖိတ်ဒေသတွင်း နိုင်ငံစုံ (၁၂) နိုင်ငံ (အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ စင်ကာပူ၊ သြစတြေးလျ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်) တို့ ပါဝင်တဲ့ မီလန် ၂၀၁၀ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီလ (၄) ရက်နေ့ကနေ (၈) ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပခဲ့ပါတယ်။ မြန်မာ၊ ဘင်္ဂလားရေတပ် (၂) ခုစလုံးက စစ်ရေယာဉ်တွေ ပါဝင်ခဲ့ပါတယ်။ အိန္ဒိယရေတပ်ဟာ အရင်တုန်းက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ အင်ဒိုနီးရှား (၅) နိုင်ငံနဲ့ စတင် စစ်ရေးလေ့ကျင့်ခဲ့ရာကနေ အခု နိုင်ငံပေါင်း (၁၂) နိုင်ငံအထိ တိုးပွားလာသလို အခုစစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယဘက်က စစ်သင်္ဘော (၄-၅) စီး။ စင်ကာပူ စစ်သင်္ဘော (၂) စီး၊ ကျန်နိုင်ငံတွေဘက်က (၁) စီးစီ်။ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ ဗီယက်နမ်တို့ကတော့ လေ့လာသူများအဖြစ် ပါဝင်ပြီး လုံးဝပါဝင်ခြင်းမရှိတာဆိုလို့ ကမ္ဘောဒီးယားနိုင်ငံတခုသာပဲ ကျန်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ တစီးစီ ပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာစစ်ရေယာဉ် (၂) စီးဟာလည်း အမျိုးအစားအရ (Type 053 – H Frigare) တရုတ်လုပ် တိုက်ရေယဉ်တွေဖြစ်ပါတယ်။ မြန်မာတိုက်ရေယာဉ်တွေဟာ တရုတ်လုပ်တွေ (ဒါမှမဟုတ်) တရုတ်ဖက်စပ်ဆောက်တွေ ဖြစ်နေတာမို့ ပိန်မသာ လိမ်မသာ အဆင့်တူတွေဖြစ်ပေမယ့် စွမ်းရည်နဲ့ အလုံးအထည်အရ ဘင်္ဂလားဒေ့ရှ် သင်္ဘောတွေဘက်က နည်းနည်းပိုသာပါတယ်။ အရေအတွက်အရပြောရင် မြန်မာ့ရေတပ်မှာ (၁၃၄) စီးနဲ့ ဘင်္ဂလားဒေ့ရှ်က (၇၀) စီးစီ ပိုင်ဆိုင်ထားကြပါတယ်။ ပင်လယ်ထွက်ပေါက်ကို အဓိကထားရတဲ့ တိုင်းပြည်မို့လည်း ဘင်္ဂလားဒေ့ရှ်မှာ မြန်မာထက်သာတဲ့ ရေတပ်စွမ်းရည်တခုရှိနေဖို့ကို လိုပါတယ်။

တရုတ်လုပ် ရေယာဉ်ချင်းအတူတူ ဘင်္ဂလားဒေ့ရှ်က အော်ရဂျင်နယ် စစ်သင်္ဘောတွေ မှာယူတင်သွင်းနေချိန်မှာ မြန်မာက တရုတ်တပ်ဆီကနေတဆင့် ဂျာမန် (MAN) ကုမ္မဏီလုပ် (PA 6) အင်ဂျင်မှာပြီး ကိုယ့်ဘာသာ ဆင်မလိုက်မှာ ဆင်နေရတဲ့ အနေအထားပါ။ ဆင်မလိုက်လုပ် ရေယာဉ်တွေမှာတော့ တရုတ်လုပ် နောက်ဆုံးပေါ် ရေပြင်ကနေ ရေပြင်ပစ် ဒုံးကျည်တွေကို တပ်ဆင်လို့ မရပါဘူး။ အရေအတွက်အရ မြန်မာက ပိုပေမယ့် စစ်စွမ်းရည်ချင်း၊ ထုထည်ချင်း၊ တပ်ဆင်ထားတဲ့ လက်နက်ချင်းမှာ သိပ်ကွာလွန်းတော့ ရေပြင်နယ်နိမိတ်ပြဿနာမှာ ဘင်္ဂလားစစ်သင်္ဘောနဲ့ ယှဉ်ရင် မြန်မာသင်္ဘောတွေဟာ ဆင်နဲ့ဆိတ်ပမာ ဖြစ်နေကြရပါတယ်။

ဒီ့အပြင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှာ ရေငုပ်သင်္ဘော (၁) စီးကို ၂၀၁၀ မှာ ရရှိမှာဖြစ်သလို နောက်ထပ် ရေငုပ်သင်္ဘောအုပ် တခုကိုလည်း လာမယ့် (၂၀၁၉) ခုနှစ်မှာ ထပ်မံတပ်ဆင်ဖို့ စီစဉ်ထားပါသေးတယ်။ ဘင်္ဂလားလေတပ်မတော်မှာ ရုရှက ခေတ်မီ MIG 29 တွေ အထဲက (၇၀) ရာခိုင်နှုန်းလောက်ဟာ စစ်ဆင်ရေးလုပ်နိုင်ဖို့ဆိုရင် နှစ်ပေါင်း (၂၀) ကျော် သိပ်ခေတ်နောက်ကျနေပါပြီ။ ဒါကြောင့်လည်း လေတပ်တိုက်ခိုက်ရေးလေယာဉ်နဲ့ ခေတ်မီရဟတ်ယာဉ်တွေ ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်ဖို့ရာအတွက် ယခင် တရုတ်နိုင်ငံကို အဓိကထားပြီး အမေရိကန်၊ ရုရှ၊ ပါကစ္စတန်တို့ကို မှီခိုနေရာကနေ အခု ဘင်္ဂလိုအခြေစိုက် အိန္ဒိယလေကြောင်းပျံသန်းထိန်းသိမ်းမှု လီမိတက် (HAL) လေကြောင်းကုမ္ပဏီကနေပြီး ပြုပြင်ထိန်းသိမ်းအဆင့်မြှင့်ပေးဖို့ ကမ်းလှမ်းလာပါတယ်။

ဘင်္ဂလားလေတပ်မှာရှိတဲ့ လေယာဉ်အများစုက ရုရှနဲ့ အမေရိကန်လုပ်တွေပါ။ လက်ရှိ ဘင်္ဂလားဒေ့ရှ်လေတပ်ထဲမှာ ယူကရိန်းလုပ် အန်တိုနော့လေယာဉ် AN 32s (၃) စီးနဲ့ ရုရှလုပ် MIG-29 (၁၄) စီး ပျံသန်းနေဆဲပါ။ တရုတ်၊ ပါကစ္စတန် ဘက်ကနေ အကူအညီပေးခဲ့တဲ့ တရုတ်လုပ် A-5 A-7 လေယာဉ်တွေလည်း ရှိပါသေးတယ်။ အခု ရုရှလုပ် MIG 29/MI 17s/AN 32s လေယာဉ်တွေအတွက် အိန္ဒိယမှာ အပိုပစ္စည်းတွေရှိနေဆဲ (Mi-17s ရဟတ်ယာဉ် အမြောက်အမြားကို လေကြောင်းသယ်ပို့ ကိစ္စတွေအတွက် အိန္ဒိယမှာ လောလောဆယ် သုံးနေဆဲ) မို့ ဘင်္ဂလားလေယာဉ်တွေ ပြုပြင်ထိန်းသိမ်းဖို့ အိန္ဒိယကုမ္ပဏီရဲ့ ကန်ထရိုက်အောင်မြင်ခဲ့တာပါ။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် စီမံကိန်းရေးရာဝန်ကြီး A K Khandker က ဘင်္ဂလားဒေ့ရှ်လေတပ်အတွက် လေတပ်အုပ်စုတခုနဲ့ ပင်လယ်ကင်းထောက် လေယာဉ် (၂) စီး ၀ယ်ဖို့ ပါလီမန်မှာ တင်ပြခဲ့သလို ၂၀၀၈-၀၉ ခုနှစ်က စစ်ရေးဘတ်ဂျက် (၁) သန်းဖိုး သုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ လတ်တလော ဘင်္ဂလားဒေ့ရှ်လေတပ်ထဲမှာ MIG-29s (၁၆) စီး/ F-7(MIG 21 TYPE) (၄၀) စီး/ A-5 (attacker-arircraft ) (၁၈) စီး ရှိနေတယ်လို့ (defence industry daily - 17 feb 2010) မှာ ဖော်ပြထားပါတယ်။

အလားတူ မြန်မာ့လေတပ်မတော် လေယာဉ်တွေ အဆင့်မြှင့်ဖို့ကိစ္စမှာလည်း အစ္စရေးဆီက အကူညီယူခဲ့ရတာပါပဲ။ ၁၉၉၁ ခုနှစ်က ယူထားတဲ့ တရုတ်လေယဉ်(F-7/FT-7) တွေအတွက် အစ္စရေးက လာရောက်ပြီး အဆင့်မြှင့်ပေးရာမှာ လေယာဉ် (F-7/ FT-7) (၃၇) စီးကို ကောင်းကင်ယံရေဒါစနစ် (EL/M-2032) ပေါ့ပါးတဲ့ လေဆာရောင်ခြည်အိုး (Rafael Python Mk.III) တွေ တပ်ဆင်ပေးပြီး တဘက်ကလည်း သူတို့ထုတ်လုပ်တဲ့ (လေဆာပဲ့ထိန်းဗုံးတွေ) ၀ယ်ယူတပ်ဆင်ဖို့ ကမ်းလှမ်းလာပါတယ်။ စပြီး ၀ယ်ကတည်းကိုက တရုတ်လေယာဉ်တွေမှာ လေဆာပဲ့ထိန်း ကွန်ပျူတာအတွက် လိုအပ်တဲ့ ပရိုဂရမ်တွေ ပါမလာခဲ့တာပါ။ အစ္စရေးတို့ရဲ့ ပြုပြင်ထိန်းသိမ်းရေး ကန်ထရိုက်အောင်ပြီးနောက် (၁၉၉၇) ခုနှစ်မှာ တရုတ်ဆီက နောက်ထပ် FT-7 လေယာဉ် တအုပ်ကို မြန်မာ့လေတပ်က ထပ်မံဝယ်ယူခဲ့ပါသေးတယ်။ ဒါပေမယ့် အစ္စရေးတို့ အဆင်မြှင့်ပေးထားတဲ့ F -7/ FT -7 လေယာဉ်တွေဟာ ၂၀၀၁ ခုနှစ် မြန်မာ-ထိုင်း နယ်စပ်အရေးအခင်းမှာ လေယာဉ်အုပ် (၃) အုပ် အစီး (၃၀) ကျော် တိုက်ပွဲဝင်ဖို့ အထက်က ညွှန်ကြားပေမယ့် လက်တွေ့မှာ (၆) စီးပဲ ရှေ့တန်းစစ်မျက်နှာ တာချီလိတ်မြောက်ဘက်က ကျိုင်းတုံလေတပ်စခန်းကို ရောက်ရှိ စစ်ဆင်ရေးထွက်နိုင်တာကို တွေ့ရပါတယ်။

တာချီလိတ်-မယ်ဆိုင် အရေးအခင်းတုန်းက ထိုင်းတော်ဝင်လေတပ်မတော်မှာ ပြန်လည်ပြုပြင်ထိန်းသိမ်း မွမ်းမံရေးလုပ်ထားတဲ့ တိုက်ပွဲဝင် RTAF F-5s လေယာဉ်တွေက လေဆာပဲ့ထိန်း ဗုံးမိုးရွာနေချိန်မှာ မြန်မာတပ်မတော်ဘက်က ရှိနေတဲ့ PC-7 (၁၇ စီး) PC-9 (၉ စီး) ယူဂိုက မှာယူထားတဲ့ G-4 Galebs (၄) စီးဟာ တိုက်ပွဲဝင်ဖို့ အခြေအနေမရှိဘဲ တရုတ်လုပ် F 7 လေယာဉ် (၆) စီးသာ တိုက်ပွဲဝင်နိုင်တဲ့ အနေအထားပါ။ ထိုင်းလေယာဉ်နဲ့ယှဉ်ပြီး တိုက်ပွဲဝင်နိုင်ခဲ့တဲ့ မြန်မာလေယာဉ်ဆိုလို့ တစီးတလေ ကိုတောင် မမြင်ခဲ့ရပါဘူး၊၊

နောက်တချက်အနေနဲ့ ၂၀၀၁ ဇွန် (၁၉) ရက်နေ့က ဒေါ်လာ သန်း (၁၃၀) ဖိုး ရုရှလုပ် MIG -29 လေယာဉ် (၁၀) စီး မှာယူတဲ့ အခါမှာ လေတပ်က အရာရှိကြီးတွေက ဒီလေယာဉ်တွေ ၀ယ်ယူမယ့်အစား ပြင်သစ်လုပ်မီးရာ့ခ်ျ (Mirage) ဂျက်လေယာဉ်တွေနဲ့ ဆူခွိုင်းလ် (Su -27) လေယာဉ်တွေကိုသာ ၀ယ်ယူဖို့၊ ဒီ MIG 29 လေယာဉ်အများစုဟာ ၁၉၈၀ ခုနှစ်ထုတ် မော်ဒယ်တွေဖြစ်ပြီး သိပ်ခေတ်နောက်ကျလွန်းနေတာကြောင့် ပြုပြင်ထိန်းသိမ်းမောင်းနှင်ဖို့ရာ မလွယ်ကူကြောင်းနဲ့ ထိုင်းတပ်မတော်က F-16 လေယာဉ်တွေကိုလည်း မယှဉ်နိုင်ကြောင်းကို မိတ္ထီလာလေတပ်စခန်းမှူးက ပြန်လည်တင်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်ရဲ့ ထုံးစံအတိုင်း ပြန်လှန်ဆင်ခြေပေးတာမျိုးကို အထက်က လုံးဝလက်မခံပါဘူး။ နောက်ဆုံး မိတ္ထီလာလေတပ် စခန်းမှူးပဲ ရာထူးကပြုတ်ပြီး ဦးပိုင်လီမိတက်ကို နေရာအပြောင်းခံသွားရပါတော့တယ်။

တရုတ်လေယာဉ် (F7/ A 5) တွေရဲ့ အရည်အချင်း ညံ့လွန်းတာကြောင့် တရုတ်စက်မှုပညာရှင်၊ အကြံပေးတွေ မိသားစုလိုက် မြန်မာပြည်ကို ရောက်လာပြီး ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ပေးခဲ့ကြောင်း သိရပါတယ်။ တဘက်ကလည်း လေတပ်ထဲမှာ တရုတ်လေယာဉ်တွေနဲ့ တရုတ်ပညာရှင်တွေ ဒုက္ခပေးတာထက်ကို ကူညီဖို့ တာဝန်ပေးထားတဲ့ ထောက်လှမ်းရေးတွေကပါ လေတပ်အရာရှိတွေအပေါ် ထပ်မံပြဿနာရှာတာကြောင့်လည်း မိတ္ထီလာလေတပ်စခန်းက အရာရှိတွေ နုတ်ထွက်စာတင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ကြောင်း ၂၀၀၁ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။

စာရင်းဇယားတွေအရ လေယာဉ်အင်အားချင်း သိပ်မကွာမလှမ်းရှိသလို အရည်အချင်းအရလည်း ပြုပြင်မွမ်းမံ၊ လက်ပူတိုက်ပြီး သုံးနေကြရတဲ့ လေတပ်စွမ်းရည်များအကြားမှာ မြန်မာနဲ့ ဘင်္ဂလားတို့ဟာ သူမသာ ကိုယ်မသာ အနေအထားပါ။ စစ်အင်အားအရ ထက်ဝက်ကွာခြားတယ် ဆိုနေပေမယ့် မြန်မာ့တပ်မတော်ရဲ့ စစ်အင်အား (၅) သိန်း ဆိုတာကလည်း အများစု လက်မခံတဲ့ စာရင်းသက်သက်ပါ။ ဖောင်းပွနေတဲ့ အရေအတွက်တခုလို့သာ မှတ်ထားကြပါတယ်။ အာရှ ဒုတိယ စစ်အင်အားအကြီးဆုံးဖြစ်တဲ့ ဗီယက်နမ်မှာတောင် စစ်အင်အား (၄၅၀,၀၀၀ ) လောက်ပဲရှိတာပါ။

ဘင်္ဂလားဒေ့ရှ်ကတော့ သူ့စစ်သည်အင်အားကို စုစုပေါင်း (၂၅၀,၀၀၀) လို့ အတိအကျ ဆိုထားပေမယ့် လူဦးရေချင်းအရမှာတော့ မြန်မာထက် (၃) ဆလောက်ကို ပိုများနေတဲ့ နိုင်ငံပါ။ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး အဆင့် (၇) အဖြစ်လည်း သတ်မှတ်ခြင်း ခံထားရပါတယ်။ လူဦးရေများသလို ဆင်းရဲမွဲတေမှု (၂၀) ရာခိုင်နှုန်း၊ ဖွံ့ဖြိုးဆဲ (၁၁) နိုင်ငံစာရင်းထဲမှာ အဆင့် (၁၁) နဲ့ နောက်ဆုံးပိတ် နေရာလိုက် နိုင်ငံတခုပါ။ ဒါကြောင့် နှစ်နိုင်ငံကြားက ပြဿနာတွေကို စစ်ရေးအရ ဖြေရှင်းကြမယ်ဆိုရင် သူမသာ ကိုယ်အသုဘ အခြေအနေဆိုးနဲ့ ရင်ဆိုင်ရပြီး အနိုင်ရဖို့ သိပ်မလွယ်တာကြောင့်လည်း အခုလို တခြားလမ်းတခုကို ဘင်္ဂလားဒေ့ရှ်ဘက်က ရွေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

သေရေးရှင်ရေး သဘာဝဓာတ်ငွေ့အရေး

ဘင်္ဂလားဒေ့ရှ်ဟာ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗမီလီမီတာ (၁၇၅၀) သန်း ထုတ်လုပ်သုံးစွဲနေပြီး ဒါတောင် မလုံလောက်တာမို့ နေ့စဉ် ကုဗမီလီမီတာ သန်း (၂၀၀ ) လောက် နောက်ထပ်လိုနေပါသေးတယ်။ မြန်မာနိုင်ငံဘက်မှာတော့ အခုမှ တွင်းသစ်တွေဖောက် စမ်းသပ်အောင်မြင်ပြီး ထုတ်ရောင်းဖို့ ကြိုးပမ်းနေစမို့ နှစ်နိုင်ငံကြားက စွမ်းအင်လောင်စာ အခြေအနေ (၂) ရပ် မတူကြပါဘူး။ ဘင်္ဂလားပင်လယ်အော်ကနေ ၂၀၀၅-၂၀၀၆ ခုနှစ်မှာ အိန္ဒိယက သဘာဝဓာတ်ငွေ့ (၁,၀၀၀) တြီလီယံကုဗပေ၊ မြန်မာကလည်း (၇) တြီလီယံကုဗပေ အသီးသီး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ၁၉၉၀ ခုနှစ်တွေကတည်းက သဘာဝဓာတ်ငွေ့တွေ ထပ်ပြီး မထုတ်လုပ်နိုင်တာမို့လည်း ဘင်္ဂလားဒေ့ရှ်က စွမ်းအင်ကုမ္ပဏီ အတော်များများ အရှုံးပေါ် နေပါတယ်။

ကမ္ဘာ့သဘာဝရင်းမြစ် တိုင်းထွာချက်များအရ မြန်မာ့ရေပြင်မှာ သဘာဝဓာတ်ငွေ့သိုက် ၂၁.၁၉ တြီလီယံကုဗပေ (ကမ္ဘာ့ရင်းမြစ် အားလုံးရဲ့ ၀.၃ ရာခိုင်နှုန်း) ဘင်္ဂလားဘက်မှာ ပမာဏ (၁၃.၇၇) တြီလီယံကုဗပေ (ရင်းမြစ်အားလုံးရဲ့ ၀.၂ ရခိုင်နှုန်း) စီ အသီးသီး ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလားက သူ့ရေပိုင်နက်ထဲမှာ လုပ်ကွက် (၂၈) ကွက် သတ်မှတ်ထုတ်လုပ်ဖို့ စီစဉ်နေချိန်မှာ မြန်မာဘက်က အစီစဉ်ရှိရှိ အတင်းဝင်ရောက် တိုင်းထွာလိုက်တဲ့အတွက် ၂၀၀၈ ခုနှစ်မှာ ရေပြင်နယ်နိမိတ် အငြင်းပွားမှု ဖြစ်ခဲ့ရတာပါ။

လက်ရှိ အငြင်းပွား ရေပြင်ပိုင်နက်ဇုန်ထဲမှာ ဘင်္ဂလားပိုင် လုပ်ကွက် (၁၈) ကွက်လောက် အကျုံးဝင်နေပြီး တိုင်းထွာထုတ်လုပ်ဖို့ အရေး အခုလိုမျိုး ဆိုင်းငံ့ထားခံရတာ ဘင်္ဂလားဒေ့ရှ်အတွက် အတော်အခံရခက်စေတဲ့ ကိစ္စတခုပါ။ မြန်မာနဲ့သာမက အိန္ဒိယနိုင်ငံ ပင်လယ်ပိုင်နက်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ ရေပြင်နယ်နိမိတ် ရောယှက်နေတာကြောင့် ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာ ဆိုင်ရာ ဥပဒေအရ ဘင်္ဂလားဒေ့ရှ်က ၂၀၁၁ ဇူလိုင်၊ မြန်မာက မေ ၂၀၀၉၊ အိန္ဒိယက ၂၀၀၉ ဇွန်အတွင်း သက်ဆိုင်ရာ ရေပိုင်နက်အသီးသီးကို တိုင်းထွာတင်ပြကြရမှာဖြစ်ပြီး လာမယ့် ၂၀၁၀ မတ်လထဲမှာ ကုလသမဂ္ဂက ကြားနာပေးမှာဖြစ်ပါတယ်။

နိုင်ငံလွတ်လပ်ရေး ရပြီးကတည်းက အမြဲထောက်ခံမှုပေးခဲ့တဲ့ အိန္ဒိယ၊ အမေရိကန်နှစ်နိုင်ငံတို့ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနည်းတူ တရုတ်အစိုးရနဲ့လည်း မကင်းရာမကင်းကြောင်း ဖြစ်နေပါတယ်။ တရုတ်ကိုယ်တိုင်ကလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ပြေလည်အောင် စေ့စပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာဖို့ ပြောတာကလွဲပြီး တခြားဘာတခုကိုမှ ကြားဝင်မစွက်ဖက်ပါဘူး။ ဒါကြောင့် ဒေသတွင်း တင်းမာလာတဲ့ အခြေထိ ဆိုက်ရောက်အောင် မီးထိုးတွန်းအားပေးမယ့် နိုင်ငံတကာအခင်းအကျင်း မရှိလို့သာ နှစ်နိုင်ငံရေပြင်ပိုင်နက် ပြဿနာကနေ နောက်တဆင့်တက်ပြီး စစ်ဖြစ်တဲ့အဆင့်ထိ မကြီးထွားလာတာပါပဲ။ ဘေးပယောဂမပါဘဲ ကိုယ်အင်အားနဲ့ကိုယ် စစ်ခင်းနိုင်ဖို့ရာ ဆိုရင်လည်း ကြည်း၊ ရေ၊ လေ စစ်အင်အားတွေသာမက အမျိုးသားဇာတိမန်၊ မျိုးချစ်စိတ်နဲ့ တိုင်းပြည်လူထုရဲ့ ထောက်ခံမှု သိပ်မရတဲ့ ဘ၀တူ အစိုးရတွေ ဖြစ်လို့နေကြပြန်ပါတယ်။


နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂)
ဝေလင်း
၁၆/ မတ် ၂၀၁၀
သဘာဝစွမ်းအင်ရင်းမြစ်များ

လတ်တလော သဘာဝဓာတ်ငွေ့လိုအပ်ချက်က ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် နေ့စဉ်လိုလို ခေါင်းခဲနေရတဲ့ ကိစ္စတရပ်ပါ။ တနိုင်ငံလုံးအတွက် နေ့စဉ်သုံးစွဲနေတဲ့ ဓာတ်ငွေ့ သန်း (၂,၂၀၀) ကုဗပေမှာ နောက်ထပ် သန်း (၂၂၀) ကုဗပေလောက် လိုအပ်နေဆဲပါ။ သဘာဝဓာတ်ငွေ့သိုက်ပမာဏ (၇.၂) တြီလီယံကုဗပေ ရှိတဲ့အနက် (၅.၅) တြီလီယံ ကုဗပေသာ ထုတ်ယူနိုင်ပါတယ်။ သဘာဝဓာတ်ငွေ့လိုအင်က (၁၀) ရာခိုင်နှုန်း မြင့်မြင့်တက်လာနေတာကလည်း နေ့စဉ်နဲ့အမျှ ဖြစ်နေတာမို့ ဒီပမာဏ လိုအပ်ချက်ဟာ ၂၀၁၅ ခုနှစ်ကျရင် လောင်စာကုန်ခန်းပြီး တိုင်းပြည်မှာ ကြီးမားတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာနိုင်စရာ ရှိနေပါတယ်။

ကုန်းတွင်းပိုင်းလုပ်ကွက် (၂၄) ခုနဲ့ ပင်လယ်ပြင်လုပ်ကွက် (၂၈) ခုကနေ အမေရိကန်၊ သြစတြေးလျ၊ ကိုရီးယား၊ တရုတ်၊ ဆိုက်ပရပ် စတဲ့ ဓာတ်ငွေ့ထုတ်လုပ်သူ နိုင်ငံစုံကုမ္ပဏီကြီး (Unocal / Shell / Occidental / Cairn Energy/ Rexwood/ Texaco / Chevron / Euron / Helliburton / UMC / British Petroleum /Mobil / Tullow Oil / Maersk Oile) တွေကလည်း ဘင်္ဂလား ကုန်း၊ ရေ နှစ်ထွေ ရေနံလုပ်ကွက်တွေကို လုပ်ခွင့်ရဖို့ ကြိုးပမ်းနေကြသလို ၁၉၆၀ ခုနှစ်တွေကတည်းကပဲ ပြင်ပကုမ္ပဏီကြီးတွေ ဘင်္ဂလားဒေ့ရှ်မှာ စတင်ဝင်ရောက် တူးဖော်လုပ်ကိုင်နေခဲ့ကြတာပါ။

၂၀၀၉ သြဂုတ်လမှာ အမေရိကန်အခြေစိုက် Conoco Phillips ကုမ္ပဏီနဲ့ ရေနက်ကွင်းလုပ်ကွက် (၂) ခု ရေတိမ်လုပ်ကွက် (၁) ခု တူးဖော်လုပ်ကိုင်ဖို့ ဒေါ်လာ (၁၆၀.၅) သန်းဖိုး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့လို့လည်း ဘင်္ဂလားဒေ့ရှ် ရေနံသဘာဝဓာတ်ငွေ့ ၀န်ကြီးက မိမိတို့တိုင်းပြည်အတွက် ၀င်ငွေ (၂) ဆတိုးပြီး ၂၀၂၀ ခုနှစ်ထဲမှာ အလယ်အလတ်အဆင့် စီးပွားဖွံ့ဖြိုးတဲ့ နိုင်ငံအဆင့်ကို ရောက်တော့မှာဖြစ်ကြောင်း ထကြေညာခဲ့ပါတယ်။ ၂၀၂၀ မရောက်ခင် အခုလတ်တလော သဘာဝဓာတ်ငွေ့ လိုအပ်ချက်တွေကို ကျော်လွှားဖို့အရေးက ဘင်္ဂလားဒေ့ရှ်အတွက် လက်တွေ့ သေရေးရှင်ရေးပြဿနာကြီးပါ။ ဒါကြောင့်လည်း ဘင်္ဂလားပင်လယ်ကွေ့ ရေနံသဘာဝဓာတ်ငွေ့ ရေပြင်ပိုင်နက်ကိစ္စဟာ ဘင်္ဂလားအတွက် နောက်ဆုတ်လို့ မဖြစ်တဲ့ ကိစ္စတရပ် ဆိုရင်လည်း မှန်ပါတယ်။

သဘာဝဓာတ်ငွေ့အတွက် အခက်ကြုံနေရတာတင်မက ဘင်္ဂလားဒေ့ရှ် လျှပ်စစ်စွမ်းအင်ကဏ္ဍကလည်း လုံလောက်မှုမရှိပါဘူး။ ၂၀၀၈ ခုနှစ် အိန္ဒိယခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြားမှာ ၂၀၀၁-၂၀၀၆ ခုနှစ်အတွင်း ယခင်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာလက်ထက် (၂၀၀၁-၂၀၀၆ ခုနှစ်တွေ) တုန်းက တင်းမာသွားခဲ့တဲ့ ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်ပြီး စီးပွားရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး အခွန်ကင်းလွတ်ခွင့် ကိစ္စများပါ အဆင်ပြေခဲ့ပါတယ်။ အိန္ဒိယက လျှပ်စစ်ဓာတ်အား (၂၅၀) မီဂါဝပ် ထောက်ပံ့ကူညီပေးမယ့်အပြင် နီပေါဘက်ကနေ ဘင်္ဂလားဒေ့ရှ် သင်္ဘောဆိပ်ကမ်းများသို့ အိန္ဒိယနယ်မြေကိုဖြတ်ပြီး ကုန်စည်ပို့ဆောင်ခွင့်၊ ဘူတန်နိုင်ငံက ရေအားလျှပ်စစ်တွေ အိန္ဒိယကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် သွယ်ယူခွင့်ပြုခဲ့ပါတယ်။

ဒါကလည်း မြန်မာရခိုင်ကမ်းလွန် ရေနံလုပ်ကွက် A1 / A2 တွေက ထွက်မယ့် ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းဖြတ်ပြီး ကီလိုမီတာ (၉၆၀) ရှည် ဓာတ်ငွေ့ပိုက်လိုင်းဖောက်ဖို့အတွက် အပြန်အလှန် အပေးအယူလုပ် နားလည်မှု ရသွားတဲ့ ကိစ္စတခုလည်းဖြစ်ပါတယ်။ ဒီ့အပြင် ပင်ကိုယ်သဘာဝလျှပ်စစ်စွမ်းအင် ရင်းမြစ်ချို့တဲ့မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ဆီက လျှပ်စစ်ကို ၀ယ်ယူသုံးစွဲနေရပါတယ်။ အိန္ဒိယ၊ ဘူတန်နိုင်ငံတွေအပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက စိုင်တင်ချောင်း၊ အမ်းချောင်း၊ သရက်ချောင်းတို့မှာ ဆည်တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဝယ်ယူဖို့ ကြိုးပမ်းဆောင်ရွက် နေတာလည်း ရှိပါသေးတယ်။

သဘာဝရင်းမြစ် လောင်စာနဲ့ စွမ်းအင်ပြဿနာတွေဟာ ဘင်္ဂလားဒေ့ရှ်က တက်လာမယ့် အစိုးရတိုင်းအတွက် အိန္ဒိယ၊ မြန်မာလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာမှု အဖြစ်မခံနိုင်တဲ့ ကိစ္စကြီးတခုပါ။ နောက်ထပ် ဘင်္ဂလားဒေ့ရှ်အတွက် မြန်မာနဲ့ မလွှဲမရှောင်သာ ဆက်ဆံလုပ်ကိုင်ရမယ့် လုပ်ငန်းတွေလည်း ရှိနေပါသေးတယ်။ ဒါကတော့ နှစ်နိုင်ငံကို ဖြတ်ဖောက်လုပ်ဖို့ စီစဉ်ထားတဲ့ အာရှဖြတ်လမ်းကြီးတွေပါပဲ။ ဒီလမ်းကြီးတွေက ဘင်္ဂလားဒေ့ရှ်ထဲကို လမ်းကြောင်းကြီးသုံးခု ပွင့်သွားစေမှာ ဖြစ်သလို ဘင်္ဂလားရေနက်ဆိပ်ကမ်းတွေကိုလည်း ပိုဖွံ့ဖြိုးလာစေမှာပါ။ ဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (တောင်အာရှဌာနမှူး) ဆူလတန် ဟာဖက်ရာမန်တို့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ မြန်မာနိုင်ငံဖြတ်ဖောက်လုပ်မယ့် ကူမင်း-စစ်တကောင်း မီးရထားလမ်းအတွက် ဘင်္ဂလားဘက်က ပြန်လည်စိတ်ဝင်တစား ကြိုးပမ်းခဲ့သလို ဘင်္ဂလားဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဒီကိစ္စကို ဆက်လက်အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။

နယ်စပ်သံဆူးကြိုးများနဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာ

လက်တွေ့မှာ ဘင်္ဂလား-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မိုင်ပေါင်း (၂,၅၀၀) ရှိတဲ့အနက် မိုင် (၈၀၀) ကျော် ခြံစည်းရိုး ကာရံထားတဲ့ကြားကနေ ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်သူများ၊ ခိုးဝင်မယ်လို့ သံသယရှိသူများကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ (၁၃) လအတွင်း (၉၅) ဦး သေဆုံးခဲ့ပါတယ်။ ၂၀၀၀ ကနေ ၂၀၁၀ ခုနှစ်အထိ (၁၀) နှစ်ကာလအတွင်း ဒဏ်ရာရသူ (၈၅၈) ဦးရှိခဲ့ပြီး လူပေါင်း (၈၉၇) ဦး ဖမ်းဆီးခံရပါတယ်။ နေ့စဉ်လိုလို ဘင်္ဂလားဘက်ကနေပြီး မူးယစ်ဆေးဝါး၊ လက်နက်၊ ငွေစက္ကူအတု မှောင်ခိုဖြတ်သန်းသယ်ဆောင်မှုတွေကြောင့် အင်အား (၅၀၀) ရှိတဲ့ အမျိုးသမီး နယ်ခြားလုံခြုံရေးတပ်ရင်းကိုပါ ပူးတွဲတာဝန်ချထားပေးပြီး နယ်စပ်ဖြတ်သန်းသူ အမျိုးသမီးမှန်သမျှကို အသေးစိတ် ရှာဖွေစစ်ဆေးနေကြရပါတယ်။

အလားတူ ၁၉၇၆ ခုနှစ် မြန်မာနိုင်ငံက မောင်းထုတ်လိုက်တဲ့ ဘင်္ဂလီ၊ ရိုဟင်ဂျာ (၂၈၀,၀၀၀) ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဒုက္ခသည်စခန်းတွေမှာ ဆက်သောင်တင်နေတုန်းပါပဲ။ ၂၀၀၉ ခုနှစ်ထဲမှာ ရိုဟင်ဂျာဒုက္ခသည် (၉,၀၀၀) လောက်ကို စိစစ်ပြီး ပြန်လက်ခံမယ်ဆိုတာကလည်း မြန်မာအစိုးရဘက်က ပါးစပ်အပြောသာ ရှိပါသေးတယ်။ ၁၉၇၇ ခုနှစ် နဂါးမင်းစစ်ဆင်ရေးနဲ့ ရိုဟင်ဂျာ (၂၅၀,၀၀၀) မောင်းထုတ်ခံရပြီးတဲ့နောက် ၁၉၇၉ ခုနှစ်မှာ နိုင်ငံတကာရဲ့ဖိအားကြောင့်သာ ရိုဟင်ဂျာ (၁၀,၀၀၀) လောက်ကို မြန်မာဘက်က ပြန်လည်လက်ခံခဲ့တာပါ။ ဒါပေမယ့် နယ်စပ်တရားမ၀င် ခိုးဝင်လာသူ ရှင်းလင်းရေး (နဂါးမင်းစစ်ဆင်ရေး) စီမံချက်ကို မြန်မာစစ်အစိုးရ ဆယ်စုနှစ်ကျော်လောက် ထပ်မံဆောင်ရွက်ခဲ့ပြီး ရိုဟင်ဂျာတွေ ဆက်လက်မောင်းထုတ်နေခဲ့ပါသေးတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သတ်မှတ်ပေးထားတဲ့ ရိုဟင်ဂျာဒုက္ခသည် (၂၁,၁၁၇) ဦး ပြန်လက်ခံရေးကိစ္စမှာ မြန်မာဘက်က လူ (၇,၅၃၅) ဦးကိုသာ အသိမှတ်ပြုပါတယ်။ ကျန်လူ (၁၃,၅၈၂) ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်ကပါ လက်မခံတော့တာမို့လည်း သူတို့အားလုံး နိုင်ငံမဲ့များ ဖြစ်ကုန်ကြပါတော့တယ်။ ၂၀၀၉ ခုနှစ် စာရင်းများအရ ရိုဟင်ဂျာဒုက္ခသည် လူပေါင်း (၁၉,၂၀၀) ဘင်္ဂလားဒေ့ရှ်မှာ ဆက်လက်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ၁၉၉၁ မှာတော့ ဒုတိယအသုတ် မောင်းထုတ်မှုတွေ လုပ်ခဲ့ရုံသာမက နယ်စပ်ဒေသ စစ်ဆေးကြီးကြပ်ရေးလို့ခေါ်တဲ့ နစကတပ်ရင်းတွေကို နယ်မြေ (၉) ခုအဖြစ် ထပ်မံဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း တိုးချဲ့နေရာချထားလာခဲ့တဲ့အပြင် အကျဉ်းထောင်ထဲက နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသားများ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာပြည်မက ဆင်းရဲသား အိုးမဲ့အိမ်မဲ့များစွာကို ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော (ဘင်္ဂလားနဲ့ ထိစပ်ရာ ဒေသတလျှောက်) ဒေသတွေမှာ နတလ စီမံကိန်းနဲ့ ရွာပေါင်း (၄၀) ကျော် တည်ဆောက်နေရာချထားပေးခဲ့ပါတယ်။

ဒါတင်မက ၂၀၀၈ ခုနှစ် ပင်လယ်ပြင်ပိုင်နက် အရေးအခင်းပြီးနောက် ကီလိုမီတာ (၂၃၀) ရှည်တဲ့ မြန်မာ-ဘင်္ဂလား နယ်စပ်တလျှောက် သံဆူးကြိုးကာရံခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ၂၀၀၉ ခုနှစ်ကုန်မှာ (၇၀) ကီလိုမီတာအထိ ပြီးစီးခဲ့ကြောင်း သိရပါတယ်။ စိုင်တင်မြစ် ရေအားလျှပ်စစ်ကနေရရှိတဲ့ လျှပ်စစ်ကိုသုံးပြီး ဓာတ်အားလွှတ် နယ်စပ်သံဆူးကြိုး စီမံချက်အရ မြန်မာဘက်က အမြန်ဆုံးပြီးအောင် ကာရံနေတာပါ။ တကယ်တော့ ဘင်္ဂလားဒေ့ရှ်အတွက် နှစ်ဘက်လက်ခံဖို့ ခက်ခဲနေတဲ့ ဘင်္ဂလီခေါ် ရိုဟင်ဂျာအရေးကိစ္စမှာ နယ်စပ်စစ်ပွဲတွေ ဖြစ်ခဲ့ရင် အဲဒီလူတွေ အစုအပြုံလိုက် ဘင်္ဂလားဒေ့ရှ်ဘက် ပြေးခိုဝင်လာမယ့် အန္တရာယ်လည်း ရှိနေဆဲပါ။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နှစ်နိုင်ငံကြား ရေပိုင်နက်ပြဿနာဖြစ်ချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ (၁) သောင်းလောက်ကို အရန်သင့်ခေါ်ယူ လူစုခိုင်းထားပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်မောင်းဖို့ ပြင်ဆင်ထားတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာလည်း ရှိပါသေးတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ချင်းထိစပ်ဒေသမှာ သံဆူးကြိုးတွေ ကာရံထားတဲ့ ကြားကနေ နှစ်ဘက်ဘင်္ဂလီတွေ အပြန်အလှန် ၀င်ရောက်နေတဲ့ ပြဿနာကလည်း ဆက်ရှိနေဆဲပါ။ စစ်ဖြစ်လိုက်တာနဲ့ အလုံးအရင်းနဲ့ချီပြီး ထပ်ဝင်လာမယ့် ဒုက္ခသည်အရေးကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မဖြေရှင်းချင်တာကတော့ အမှန်ပါ။ မကြာသေးခင်ကမှ စစ်တကောင်းတောင်တန်းဒေသမှာ သွားနေရာချထားပေးတဲ့ ဘင်္ဂလီတွေနဲ့ ဒေသခံတွေကြားက သတ်ဖြတ်မှုတွေ ပျံ့နှံ့ပြီး ထပ်မကြီးထွားလာအောင် လုပ်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရ အတော်ကြီး ခေါင်းစားနေရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အနာဂတ်

လာမယ့် ၂၀၅၀ ခုနှစ်ရောက်ရင် ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာတာကြောင့် ဘင်္ဂလားလူဦးရေ သန်း (၁၅၆) သန်း ထဲက လူပေါင်း (၁၅) သန်းလောက်ကို အတိဒုက္ခရောက်သွားစေနိုင်သလို မြေဧရိယာ (၁၇) ရာခိုင်နှုန်း ဆုံးရှုံးသွားမယ့် ဘေးဆိုးကြီးတခု ကြုံနိုင်ကြောင်း ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ တဘက်ကလည်း အဆမတန် တိုးပွားလာနေတဲ့ လူဦးရေဟာ ၂၀၅၀ ခုနှစ်ကျရင် နှစ်ဆတိုးလာလို့ သန်းပေါင်း (၃၀၀) လောက်အထိ ဖြစ်လာနိုင်ပြီး အိမ်နီးချင်းနိုင်ငံတွေအတွက် စိုးရိမ်ဖွယ်ကောင်းလောက်တဲ့ ဒုက္ခသည်အင်အားစုကြီးကို ဖြစ်ပေါ်လာစေနိုင်တာမို့လည်း အိန္ဒိယဘက်က ဘင်္ဂလားနယ်စပ် မိုင်ပေါင်း (၂,၅၀၀) ကျော်မှာ လျှပ်စစ်ဓာတ်အားလွှတ် သံဆူးကြိုးကာရံခြင်းလုပ်ငန်းတွေ ပြီးသလောက် နီးပါးဖြစ်နေပါပြီ။

ဘရပ်ဆဲလ်မှာ ကျင်းပသွားတဲ့ တတ်သိပညာရှင်များ အွန်လိုင်းညီလာခံ ရရှိချက်တွေအရ လာမယ့်အနာဂတ်မှာ ကမ္ဘာ့စစ်ရေး၊ လုံခြုံရေးဆိုင်ရာ စဉ်းစားစီမံချက်တွေထဲမှာ သဘာဝနဲ့ ရာသီဥတုပြောင်းလဲခြင်းကိစ္စဟာ အရေးပါလာမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အခုကိုပဲ ပင်လယ်ရေမြင့်တက်မှုနဲ့ ဆိုးဝါးတဲ့ မုန်တိုင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မန်ဟာ (Manha) မြစ်ဝက စတုရန်းကီလိုမီတာ (၆,၄၀၀) ရှိ ဘိုလာ (Bola) ကျွန်းလေး နစ်မြုပ်ပြီး လူဦးရေ သန်းတ၀က်လောက်ကို အရေးပေါ် နေရာရွှေ့ပြောင်းပေးခဲ့ရပါသေးတယ်။

ထပ်ပြီး ဆိုးဝါးလာစေမှာကတော့ လူဦးရေပေါက်ကွဲမှုနောက်ကွယ်က ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်လက်မဲ့ ဒုက္ခသည် အလုံးအရင်းကြီးရဲ့ ပြဿနာပါ။ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နိုင်ငံတခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ အမျိုးသမီးတိုင်း ထက်ဝက်လောက် လျှော့ပြီးမွေးကြဖို့ စီမံချက်နဲ့ ကလေးမွေးဖွားနှုန်းလျှော့ချရေး ကြိုးပမ်းဆောင်ရွက်နေပေမယ့် တိုးတက်မှုက အနည်းငယ်ပါ။ ဒါကြောင့် ၂၀၅၀ ခုနှစ်မှာ လူဦးရေ သန်း (၃၀၀) ဖြစ်လာမှာက မြေကြီးလက်ခတ်မလွဲဆိုတဲ့ ကိန်းမျိုးဆိုက်နေပါပြီ။

အာဟာရဓာတ်၊ သန့်စင်တဲ့ သောက်သုံးရေ၊ နေစရာ အိုးအိမ် စတဲ့ အခက်အခဲတွေကပါ ထပ်ဆင့်လိုက်တော့ လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဖြေရှင်းမစွမ်းဖြစ်လာမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း သံမဏိသက်တမ်းရှည် ချစ်ကြည်ရေးရထားတဲ့ အိမ်နီးချင်း အိန္ဒိယလိုနိုင်ငံကတောင် လက်ရှိ သူ့နိုင်ငံထဲမှာ ဘင်္ဂလားဒုက္ခသည် ရွှေ့ပြောင်းအလုပ်သမား (၁၅) သန်းကျော်နေပြီလို့ ထုတ်ပြောနေပါတယ်။ နောက်ထပ် ရာသီဥတုဖောက်ပြန်မှုကနေ ထပ်ပြီးထွက်လာမယ့် လူတွေကို လက်မခံနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း သတိပေးလိုက်တဲ့သဘောပါ။ နယ်စပ်သံဆူးကြိုးတွေကို ဖြတ်ပြီး နောက်ထပ်ထွက်လာမယ့် ဘယ်သူတဦးတယောက်ကိုမှ ထပ်လက်မခံတော့တဲ့ လက္ခဏာလည်း ဆောင်နေပါတယ်။ ဒီအချက်တွေကတော့ ဘင်္ဂလားဒေ့ရှ်မျိုးချစ် ဗိုလ်မှူးကြီးဟောင်း မုနိရာဇမန်ရဲ့ ကိုယ်တိုင်သုံးသပ်ထားချက်တွေပါပဲ။

ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု စစ်ရေး၊ စီးပွားရေး၊ လူမှုရေးတွေတင်သာမက သဘာ၀၀န်းကျင် ပထ၀ီအနေအထားအရ သယံဇာတနဲ့ စွမ်းအင်ရင်းမြစ်ချို့တဲ့မှု စတဲ့ အကြောင်းအချက်ပေါင်းစုံကလည်း ဘင်္ဂလားဒေ့ရှ်ကို တခြားနိုင်ငံတွေ (အထူးသဖြင့် အိန္ဒိယ၊ မြန်မာ) တို့နဲ့ စစ်ဖြစ်ဖို့ အခြေအနေမပေးပါဘူး။ နိုင်ငံရေး၊ စီးပွားရေး သယံဇာတ လိုအပ်ချက် ဘက်ပေါင်းစုံကနေ မပြည့်စုံ ချူချာလွန်းလှတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် နောင်မှာလည်း စစ်ရေးအရ မြန်မာနဲ့ယှဉ်ဖို့ သိပ်မလွယ်ကူကြောင်းကို မြန်မာနအဖစစ်အစိုးရ သိပါတယ်။ မြန်မာပြည် အနာဂတ်စစ်ရေး ပြင်ဆင်ချက်တွေထဲမှာ နယ်နိမိတ်ချင်းဆက်စပ် နိုင်ငံတွေအနက် ပြည်ပကျူးကျော်ရန်သူအဖြစ် သတ်မှတ်ထားခံရတာ ထိုင်းနိုင်ငံတခုပဲရှိတယ်လို့ နအဖက သူ့တပ်မတော် အရာရှိတွေကို ချပြထားပါတယ်။ စစ်ရေးအရ ဘင်္ဂလားဒေ့ရှ်ကို ထိုင်းနိုင်ငံလောက် နအဖတို့ အလေးထားမနေပါဘူး။ လက်ရှိ မြန်မာစစ်အစိုးရ နေရာချထားတဲ့ အမြောက်၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ အရလည်း ထိုင်း-မြန်မာ နယ်စပ် တလျှောက်မှာ ပိုပြီးနေရာချထားတာ အဲဒီအချက်ကြောင့်ပါပဲ။ တကယ်တော့ မြန်မာပြည်အရေးကိစ္စတွေမှာ ဘင်္ဂလားဒေ့ရှ် ပြဿနာဟာ အခုရော နောင်ရော ထည့်စဉ်းစားစရာမလိုတဲ့ အချက်တခုသာဖြစ်ကြောင်းပါ။ ။

ခေတ်ပြိုင် - ဆောင်းပါး

0 comments:

Post a Comment