နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက အခြားသော အာဏာရှင်များကဲ့သို့ပင် တရားဝင်မှု လိုချင်နေသည်။ အခြားသော ခေတ်မီနိုင်ငံများကဲ့သို့ နိုင်ငံတကာစနစ် စံချိန်စံနှုန်းများအတိုင်း တန်းညီလာစေရန်အတွက် ရွေးကောက်ပွဲများ ကျင်းပပေးရန်နှင့် အရပ်သားအုပ်ချုပ်ရေးသို့ ပြောင်းလဲရန်လည်း လိုအပ်လာသည်။ ဤသို့ဖြင့် ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ထုတ်ပြန်ကြေညာလာရသည်။ (နအဖ) စစ်အစိုးရက စစ်အာဏာရှင်စနစ်မှနေ၍ အရပ်သားအုပ်ချုပ်ရေးဆန်ဆန် အသွင်ပြောင်းလဲရန်လည်း လုပ်ဆောင်လာရတော့သည်။
"စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်" တည်ဆောက်မည်ဟု ကြွေးကြော်နေသော်လည်း၊ သံသယရှိစရာ မလိုသည့် အချက်မှာ ပြောင်စစ်အာဏာရှင်စနစ်မှ ရွေးကောက်ခံ အာဏာရှင်စနစ်သို့ ပုံဖျက်အသွင်ပြောင်းနိုင်ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်။
ရွေးချယ်တင်မြှောက်ခံရသည့် အာဏာရှင်စနစ်ဆိုသည်မှာ အဘယ်နည်း။
ဆိုလိုသည်မှာ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များက ဒီမိုကရေစီအသွင်ဆောင်သည့် ဝတ်စားဆင်ယင်မှုများဖြင့် နောက်ထပ် အာဏာရှင်တစ်ခုကို ကူးပြောင်းရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ဒီမိုကရေစီအသွင် ဝတ်စားဆင်ယင်မှုဟု ဆိုရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပါတီစုံရွေးကောက်ပွဲ၊ တရားရုံးများ၊ တိုင်း/ပြည်နယ်များ၌ အခြားအဆင့်ဥပဒေပြုရေး လွှတ်တော်များ၊ ပုဂ္ဂလိက သတင်းမီဒီယာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ရှိတန်သလောက် ရှိလာလိမ့်မည် ဖြစ်သည်။ လက်ရှိ အာဏာကိုင်ထားကြသူများက သူတို့ဘက်က အသာစီးရနိုင်အောင် တတ်နိုင်သမျှ ကြိုးပမ်းလုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ လွှတ်တော်ထဲတွင် စစ်တပ်က ကိုယ်စားလှယ် ၂၅ % ယူထားရုံမျှသာမက၊ အဓိကကျသည့် ဝန်ကြီးဌာနများကို စစ်တပ်က ထိန်းချုပ်နိုင်ရန် ခွင့်ပြုချွင်းချန်ထားပြီး၊ အုပ်ချုပ်ရေးဌာနကို သိသာစွာ အကြွင်းမဲ့အာဏာမျိုး ပေးထားသေးသည်။
ဤအဖွဲ့အစည်း အုပ်ချုပ်ရေးဌာနများက လွတ်လပ်ပွင့်လင်းသည့် အခြေအနေမဟုတ်၊ လစ်ဘရယ်ဒီမိုကရေစီစနစ် မဟုတ်သည်ကို မြန်မာပြည်သူများက ကောင်းကောင်းသိကြပါသည်။ စိတ်ကူးယဉ် ဝေဝါး၍ပင် မနေကြပါ။ သို့သော်လည်း ဒီမိုကရေစီ အတိုက်အခံများအတွက်မှာမူ ဤနေရာများနှင့် ဖွင့်ပေးလာသည့်ကွင်းသည်ပင် ပြိုင်ဆိုင်စရာ နေရာဖြစ်နေသည်။ မဖြစ်မနေ ဝင်ရောက်ပြိုင်ဆိုင်ရယူကြရမည့် နေရာ ဖြစ်နေသည်။
အတိုက်အခံများအနေနှင့် ဖြစ်ထွန်းလာသည့် နိုင်ငံရေးကွင်းကို လျစ်လျူရှုထား၍ မရနိုင်ပါ။
အချို့က စစ်အစိုးရပြုသမျှကို မခံဘဲ အာခံသည့်အနေဖြင့် သပိတ်မှောက်ရေးကို စဉ်းစားကြသည်။ ယခုရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုကြသည့် အတိုက်အခံ အဖွဲ့ဝင်များကို စိတ်ကူးယဉ် အိပ်မက် မက်နေသူများဟု စွပ်စွဲကြသည်။ သို့သော် လည်း သူတို့၏ စွပ်စွဲချက်နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ ယခု လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲသည်သာ ပြဋ္ဌာန်းထားသည့် လက်တွေ့အခြေအနေ ဖြစ်သည်။ ဤရွေးကောက်ပွဲများကို အတိုက်အခံ အင်အားစုများအနေနှင့် လျစ်လျူရှုထား၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီဆိုလာသည့် ပေးလာသည့် အခွင့်အလမ်းတိုင်း၌၊ ရသည့်နေရာတိုင်း၌ တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။ အကယ်၍ ဒီမိုကရေစီ အတိုက်အခံများက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါက ပေးလာသည့် အခွင့်အလမ်းကို ရသည့်နေရာကို လက်လွှတ်အရှုံးပေးရာ ကျပါလိမ့်မည်။ ဒီမိုကရေစီမဟုတ်သည့် အင်အားစုများကို ခွင့်ပြုလိုက်သလို ဖြစ်စေပါလိမ့်မည်။
စစ်အစိုးရက မမျှတသော အင်အား အနေအထားဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးလိမ့်မည်။
၁၉၆၂ ခုနှစ်မှစ၍ လက်နက်ကိုင်တော်လှန်ရေး၊ လူထုအုံကြွမှု တိုက်ပွဲခေါ်သံများ အကြိမ်ကြိမ် ကြားခဲ့ရဖူးသည်။ မြန်မာလူထုများက လမ်းမပေါ်ထွက်ခဲ့ကြပြီးပြီ ဖြစ်သလို၊ သူတို့ဘဝများကို တကြိမ်ပြီး တကြိမ် စွန့်လွှတ်စတေး၍ လက်နက်ကိုင် တော်လှန်ရေးများလည်း ဆင်နွှဲခဲ့ကြဖူးပြီ ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တိုင် စစ်အာဏာရှင်များက တိုင်းပြည်ကို ချုပ်ကိုင်ထားကြဆဲဖြစ်ပြီး၊ ရာစုနှစ် တဝက်မျှပင် ရှိတော့မည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးအပြီး ၂၂ နှစ်အကြာ၌ (နအဖ) စစ်အစိုးရက ယခင်အခြေအနေနှင့်မတူ ပို၍ ခိုင်မာအားကောင်းသည့် အနေအထားတွင် ရှိနေသည်။ အနောက်နိုင်ငံများက ချမှတ်ဒဏ်ခတ်ခဲ့သည့် စီးပွားရေးဒဏ်ခတ် အရေးယူမှုကို ကြံ့ကြံ့ခံရပ်တည်နိုင်သလို၊ တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များကို အသုံးချ၍ သူ့အတွက် ဝင်ငွေဘဏ္ဍာများလည်း တိုးပွားနေသည်။ နိုင်ငံတကာ မျက်နှာစာတွင်လည်း ၎င်းအပေါ် အရေးယူ ဒဏ်ခတ်ရန် တင်ပြကြိုးပမ်းလာသမျှ ကိစ္စအားလုံးအပေါ် ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ဗီတိုအာဏာ ဒိုင်းလွှားနောက်တွင် သက်တောင့်သက်သာပင် အကာအကွယ်ယူ၍ ရှောင်လွှဲနေနိုင်သေးသည်။ ပြည်တွင်းမျက်နှာစာတွင်လည်း လမ်းမပေါ် ထွက်လာကြသည့် လူထုများ၏ ဆန္ဒများကို လျစ်လျူရှု၍ နေနိုင်သေးသည်။ မကြာသေးမီက ၂ဝဝ၇ ခုနှစ် သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများကိုလည်း ရက်စက်စွာ အကြမ်းဖက်ချေမှုန်းခဲ့သည်ကို တွေ့ကြရမည် ဖြစ်သည်။
မကြာသေးမီက ပါတီများ မှတ်ပုံတင်ရန် ဥပဒေ ထုတ်ပြန်ကြေညာခဲ့သည့်အခါ အဓိကအတိုက်အခံ ပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စိုးရိမ်ပူပန်နေသည့်ဟန် တွေ့ရသည်။ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များက လက်နက်ကိုင်ထားကြသော်လည်း စစ်အစိုးရအတွက် ခြိမ်းခြောက်မှု မလုပ်ဆောင်နိုင်ကြတော့ပါ။ သို့အတွက်ကြောင့် (နအဖ) စစ်အစိုးရက ရွေးကောက်ပွဲများ ကျင်းပလာပါက အသာစီးအနေအထားက ယူ၍ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ အရေးနိမ့်၍ အောက်စည်းက ကျင်းပရသည့် ရွေးကောက်ပွဲမျိုး မဟုတ်ပါ။ သို့အတွက်ကြောင့် အတိုက်အခံအင်အားစုများက တောင်းဆိုချက်များ အားလုံးကို မကြားချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။
ပေးလာသည့် အခွင့်အရေးတိုင်းတွင် ဒီမိုကရေစီကို တိုက်ယူရန် လိုအပ်သည်။
နိုင်ငံရေးအရ အဓိကကျသည့် တိုက်ပွဲစစ်မျက်နှာသည် ဥပဒေပြုရေးလွှတ်တော် ရွေးကောက်ပွဲများတွင် ရှိလာလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ဤနေရာတွင်ပင် မြန်မာပြည်သူများအဖို့ ကျန်ရှိသည့် ၇၅ % သော ကိုယ်စားလှယ်နေရာများကို ရယူရန် အခွင့်အလမ်း ရှိသောကြောင့် ဖြစ်သည်။ ဒီမိုကရေစီ အတိုက်အခံများအနေနှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နှင့် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) တွင် နေရာတိုင်း၌ တိုက်ပွဲဝင် ယှဉ်ပြိုင်ကြရခြိမ့်မည် ဖြစ်သည်။ အတိုက်အခံများက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် နိုင်ငံတော်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် လွှတ်တော်နေရာများ အားလုံး၊ တရားရုံးများအားလုံး၊ သတင်းမီဒီယာများနှင့် အရပ်ဘက် အဖွဲ့အစည်းများကိုသုံး၍ တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။
သို့သော်လည်း အရေးကြီးသည်မှာ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြရလိမ့်မည် ဖြစ်သည်။ အတိုက်အခံ လွှတ်တော်အမတ်များက အနိုင်ရသည့် နေရာတိုင်းသည် ဒီမိုကရေစီပန်းတိုင်အတွက် တွန်းဆော်နိုင်ရန် ရှေ့တလှမ်းတိုးလာခြင်းသာ ဖြစ်သည်။ မြန်မာစကားပုံ "တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ" ဆိုသည်လည်း ရှိသည်မဟုတ်ပါလား။
ရွေးကောက်ပွဲဖြင့် တက်လာမည့် အာဏာရှင်စနစ်မှ ရှောင်လွှဲနိုင်ရေး
အီရန်မှသည် ဇင်ဘာဘွေနိုင်ငံများ၏ အတွေ့အကြုံအရ ရွေးကောက်ပွဲများတွင် အတိုက်အခံ လှုပ်ရှားမှုများက ပါဝင်ယှဉ်ပြိုင်လေ့ရှိကြပြီး၊ ရွေးကောက်ပွဲအတွင်း မသမာမှုများကို ဖော်ထုတ်ဆန့်ကျင် ဆန္ဒပြကြသည့်အခါ အာဏာရှင်အစိုးရများအတွက် နိုင်ငံတကာတွင် တရားဝင်မှုကို လျှော့ကျဆင်းစေအောင် အကြီးအကျယ် စိန်ခေါ်နိုင်ခဲ့ကြသည်။ ထို့အပြင် အတိုက်အခံများ၏ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုသည်လည်း အရေးကြီးလှသည်။ သို့မှသာ ရွေးကောက်ပွဲဖြင့် တက်လာမည့် အာဏာရှင်စနစ်မှသည် ပွင့်လင်းလွတ်လပ်လာမည့် လမ်းကြောင်းဆီသို့ ပြောင်းလဲအောင် ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။
ရွေးကောက်ပွဲများက အပြစ်အနာအဆာများ ရှိနေသည်ထားဦး။ မိမိတို့အတွက် ရလဒ်ကောင်းထွက်စေရန် ဆောင်ရွက်နိုင်သေးသည်။ လေ့လာချက်များအရ ရွေးကောက်ပွဲများကြောင့် နိုင်ငံရေး ဆောင်ရွက်လှုပ်ရှားသူများအဖို့ ပို၍ လှုပ်ရှားနိုင်ရန် နေရာ ဖြစ်ပေါ်လာပြီး၊ လက်တင်အမေရိက နိုင်ငံများတွင် ရွေးကောက်ပွဲများမှတဆင့် နိုင်ငံရေးအခွင့်အလမ်း တစုံတရာ ပွင့်လင်းလာစေပြီး၊ လူအများကို စည်းရုံးလှုပ်ရှားနိုင်ရန် ပို၍အာဏာ ရှိလာစေသည်။ သူတို့၏ အရေးကိစ္စများအတွက် ပို၍ လှုပ်ရှားလာနိုင်ကြသည်။ ရွေးကောက်ပွဲသက်တမ်း အကြိမ်အနည်းငယ် အတွင်းမှာပင် အဓိကကျသည့် နိုင်ငံရေးပါတီများ အကြား၌ မယုံသင်္ကာစိတ်များလည်း လျှော့နည်းကျဆင်းလာကြသည်။ ထိုထက်ပို၍ ပြောရလျှင် အကြီးအကျယ် မတရား ပြုမူညစ်ပတ်ခဲ့ကြသည့် ကုတ်ဒီဗွား Cote d’Ivoire နိုင်ငံ၏ ၂ဝဝဝ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၊ မဒါဂါစကား (၂ဝဝ၁) ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် မာလာဝီ (၁၉၉၉ ခုနှစ်) ပါလီမာန်ရွေးကောက်ပွဲ၊ နမီးဘီးယား (၁၉၈၉ ခုနှစ်) ပါလီမာန် ရွေးကောက်ပွဲများတွင်ပင် အတိုက်အခံများက အနိုင်ရရှိခဲ့ကြသည်။ ဤသို့ အတိုက်အခံများက ရန်ဘက်အားလုံးကို အနိုင်ရယူနိုင်ခဲ့သည့် ရွေးကောက်ပွဲများကို ကြည့်လျှင် သူတို့တွင် ညီညွတ်စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု ရှိသည်ကို တွေ့ကြရလိမ့်မည်။ အချို့သော ဖြစ်ရပ်များတွင်လည်း မျိုးဆက်ဟောင်း ခေါင်းဆောင်များက ထွက်သွားကြသည့်အခါ သို့မဟုတ် မျိုးဆက်သစ် နိုင်ငံရေးခေါင်းဆောင်များအကြား အသစ်သော ဖွဲ့စည်းပုံများ ညှိနှိုင်းသဘောတူနိုင်ကြသည့်အခါ ရွေးကောက်ပွဲ သက်တမ်း ၂- ခု၊ ၃-ခုတွင် ရလဒ်ကောင်းများ ထွက်လာသည်ကို တွေ့ကြရသည်။
မြန်ဆန် လွယ်ကူစွာ အောင်ပွဲရမည်လော။ မဖြစ်နိုင်ပါ။
အောင်ပွဲအတွက် သေချာ အာမခံနိုင်ပါမည်လော။ မဟုတ်ဟု ဖြေရပါလိမ့်မည်။ ဒီမိုကရေစီ အစစ်အမှန် ရရှိရန်ဆိုလျှင် ရှည်ကြာခက်ခဲသော လမ်းကို ချီတက်ရရန် ရှိနေပါသေးသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ အာဏာရှင်အစိုးရများက သူတို့တရားဝင်မှုရရန် ရွေးကောက်ပွဲများကို ကျင်းပပေးလေ့ ရှိကြပါသည်။ ထို့အပြင် အာဏာလက်ရှိ ရှိနေကြသူများအဖို့ နည်းမျိုးစုံသုံး၍ သူတို့ ရည်မှန်းချက် ပြည့်ဝစေရန် ဆောင်ရွက်ကြမည် ဆိုသည်ကိုလည်း သံသယရှိစရာ မလိုအပ်ပါ။ အခြားသော အာဏာရှင်စနစ်ပုံစံ တမျိုးဖြင့် အစားထိုးရန်လည်း ကြိုးပမ်းကြပါဦးမည်။
မည်သို့ပင် ဖြစ်စေ၊ ၁၉၆ဝ ခုနှစ်နှင့် ၁၉၉ဝ ခုနှစ်များတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မြန်မာလူထု များ မဲထည့်ခဲ့ကြသည့်ပုံစံကို ပြန်ကြည့်ပါက အမှန်တကယ်သာ ရွေးချယ်ခွင့် ရပါက၊ မည်မျှ မသမာမှုများ ရှိနေပါစေ၊ သူတို့ လိုလားသူကို မဲပေးခဲ့ကြသည်ကို တွေ့နိုင်ပါသည်။ စစ်အစိုးရက ဖန်တီးလာမည့် လူထုဆန္ဒအတုအယောင်ကို ရနိုင်သမျှ နည်းမျိုးစုံဖြင့် ငြင်းပယ်ရေးသည် ဒီမိုကရေစီအတိုက်အခံအားလုံး၏ တာဝန်တခုပင် ဖြစ်ပါသည်။ မြန်မာပြည်သူများအတွက် ရွေးချယ်နိုင်ခွင့်၊ ငြင်းပယ်နိုင်ခွင့် အာဏာကို ပေးရပါလိမ့်မည်။
ဤအချက်များ အားလုံးကို ထည့်သွင်းစဉ်းစားပါက ရွေးကောက်ပွဲကို ဖယ်ကျဉ်၍ ထွက်ပြေးခြင်းဖြင့် စစ်အာဏာရှင်တို့ အလိုရှိနေကြသည့် တရားဝင်မှုကို အသင့်ပေးလိုက်ရာကျမည် ဖြစ်ပါကြောင်း... ။
ဒေါက်တာထွန်းကျော်ငြိမ်းသည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည့် တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားတဦး ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်လျက် ရှိသည်။ ယခုအခါ ပင်ဆင်လ်ဗေးနီးယားရှိ မစ်ဆာရီ ကော်ဒီးယားတက္ကသိုလ် (Misericordia University)၊ သက်ကြီးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ကြားရေးဌာန Center for Adult and Continuing Education တွင် ပါမောက္ခချုပ် (Dean) အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
ဒေါက်တာထွန်းကျော်ငြိမ်း ရေးသားသည့် If we boycott the elections we abandon the fight ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။