Showing posts with label ဗမာပြည်စီးပွါးရေး. Show all posts
Showing posts with label ဗမာပြည်စီးပွါးရေး. Show all posts

Wednesday, June 23, 2010

သူခိုးလက်က သူဝှက်ဆီရောက်

ဦးအောင်ခင် / ၁၀ မတ် ၂၀၁၀


စစ်တပ်က အစိုးရလုပ်တဲ့ ၁၉၆၂ ကစပြီး နိုင်ငံပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ် စစ်မှုထမ်းက အလွဲသုံးစားလုပ်ကြတယ်။ ဗိုလ်နေ၀င်းစစ်အုပ်စု အာဏာသိမ်းတော့ ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်ဆိုပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို နိုင်ငံပိုင် လုပ်လိုက်တယ်။ အဲဒီနိုင်ငံပိုင်လုပ်ငန်းတွေကို စစ်ဗိုလ်လူထွက်က ဦးဆောင်တာများတယ်။ နိုင်ငံပိုင်ပြည်သူပိုင်လို့ အမည်ပေးထားပေမယ့် တကယ်ပိုင်တာက စစ်သူခိုးနဲ့ အပေါင်းပါတွေပဲ။ ဒါကြောင့် မဆလဆိုရှယ်လစ်ခေတ်မှာ နိုင်ငံတော်အလံကအစ ပြောင်းလဲလိုက်ပေမယ့် အမျိုးသားသီးချင်းကိုတော့ မပြောင်းဘူး။ ‘တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ’ ဆိုတာလေးကို သဘောကျတယ်ထင်ပါရဲ့။ နိုင်ငံပိုင်ပစ္စည်းကို မိမိရဲ့ ဘိုးဘွားပိုင်ပစ္စည်းလို အသုံးပြုနေတာ စစ်တပ်ပဲ။

အခုတော့ မဆလခေတ်က နိုင်ငံပိုင်လုပ်ထားတဲ့ လုပ်ငန်းတွေကို စစ်ဗိုလ်လူထွက်နဲ့ အသိုင်းအ၀ိုင်းကို လက်သိပ်ထိုးဖြန့်ဝေ ပေးနေတယ်။ ကြပ်ပြေးသန်းရွှေရဲ့ လက်စွဲတော်ကြီး တေဇနဲ့ ငါရရွှေမန်းရဲ့သား အောင်သက်မန်းတို့က ဦးဆောင်ပြီး အစိုးရပိုင် ဓာတ်ဆီ (၂၅၆) ဆိုင်ကို မတ်လကုန်မှာ အားလုံးပုဂ္ဂလိက လက်ထဲရောက်အောင် လုပ်နေကြတယ်။ တေဇက ဥက္ကဋ္ဌလုပ်ပြီး အောင်သက်မန်း အတွင်းရေးမှူးလုပ်တဲ့ လောင်စာဆီတင်သွင်းသူနဲ့ ဖြန့်ဝေသူများအသင်းမှာ အသင်းသား (၁၀၀) ကျော် ရှိတယ်ဆိုပဲ။ စစ်ဗိုလ်အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေဖြစ်ဖို့များတယ်။ ဓာတ်ဆီဓာတ်ငွေ့ကလည်း ဒိုးဘိုးဘွားအမွေအနှစ်ပဲလေ။

ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်က ဆိပ်ကမ်း (၃) ခု တည်ဆောက်ခွင့် နီးစပ်သူတွေကို ပေးဖို့စီစဉ်တယ်။ အလုံဆိပ်ကမ်းနဲ့ ကျောက်တန်းမြို့နယ်က သီလ၀ါဆိပ်ကမ်းကို ဘိန်းမှောင်ခိုလော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီက တည်ဆောက်ပြီး ပိုင်ဆိုင်ထားတယ်။ ရန်ကုန် ကမ်းနားလမ်းက ဘတ်စ်ကားဂိတ်၊ ကုန်လှောင်ရုံ၊ ဈေး၊ အစိုးရရုံးနဲ့ ဟိုတယ်တွေကို ဖယ်ရှားပြီး ဆိပ်ကမ်းဆောက်မှာကို စိုးရိမ်မကင်း ဖြစ်နေကြတယ်။ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီကပဲ ဆိပ်ကမ်းသစ်တွေဆောက်ဖို့ ကန်ထရိုက်ရထားကြောင်း သိရတယ်။ ကြယ်ငါးပွင့်သင်္ဘောလိုင်းကိုလည်း စစ်တပ်ကုမ္ပဏီ ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလက်ထဲ လွှဲပြောင်းပေးမယ်လို့လည်း သတင်းထွက်နေတယ်။

CDMA တယ်လီဖုန်းကတ် (၅) သိန်း ရောင်းပိုင်ခွင့်ကို ထူးကုမ္ပဏီခွဲတခုဖြစ်တဲ့ အီလိုက်ကုမ္ပဏီက ရရှိသွားတာဟာ ကျပ်ငွေကုဋေ (၃,၀၀၀) ပိုပြီး ချမ်းသာသွားတာပဲ။ ရေအားလျှပ်စစ်စက်ရုံ (၂) ခု တည်ဆောက်ဖို့ ထူးကုမ္ပဏီက ကန်ထရိုက်ရထားတယ်။ လုပ်ငန်းကြီးတွေဟာ တာဝန်ယူတည်ဆောက်တဲ့ ကုမ္ပဏီပိုင်ပစ္စည်း ဖြစ်သွားပြီး နောင်အခါမှ အစိုးရလက်ထဲ လွှဲပြောင်းပေးမယ်ဆိုတဲ့သဘောပဲ။ ဒါမျိုးကို BOOT-Build-Operate-Own-Transfer စနစ်လို့ ခေါ်တယ်။ ဒီလိုစီမံကိန်းတွေမှာ အရင်းပြန်ရဖို့ အချိန်ကြာတတ်တာမို့ နှစ်ပေါင်းများစွာ ပုဂ္ဂလိကပိုင်ဖြစ်နေတတ်တယ်။ BOOT စနစ်ကို အခြားနိုင်ငံတွေမှာလည်း သုံးပါတယ်။ ကွာခြားတာကတော့ မြန်မာပြည်မှာ ဒီစနစ်ကို စတင်ကျင့်သုံးသူဟာ ဘိန်းမှောင်ခိုတဖြစ်လဲ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီဖြစ်နေတာပါပဲ။

နအဖခေတ်က မွေးထုတ်လိုက်တဲ့ ကုဋေကြွယ်သူဌေးအနည်းငယ်ထဲမှာ ဗိုလ်ချုပ်မောင်အေးနဲ့ ရင်းနှီးတဲ့ အောင်ကိုဝင်း (ခေါ်) ဆရာကျောင်းဆိုသူလည်း ပါဝင်တယ်။ အောင်ကိုဝင်းဟာ ကမ္ဘောဇဘဏ်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အနောက်တိုင်းက ဒဏ်ခတ်အရေးယူ ခံရသူဖြစ်တယ်။ နိုင်ငံပိုင် MAI အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းကို ကမ္ဘောဇဘဏ်က (၈၀) ရာခိုင်နှုန်း ၀ယ်ယူတဲ့သတင်း မကြာမီက ထွက်လာတယ်။ MAI ဟာ နိုင်ငံပိုင် မြန်မာ့လေကြောင်းနဲ့ စင်ကာပူကုမ္ပဏီတို့ ၁၉၉၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဖက်စပ်လုပ်ငန်းဖြစ်တယ်။ အခုတော့ နိုင်ငံပိုင်အစုရှယ်ယာကို ကမ္ဘောဇဘဏ်က ယူလိုက်သလို ဖြစ်သွားတယ်။

ပုဂ္ဂလိကပိုင်လုပ်တဲ့နည်းစနစ် (၃) မျိုးရှိတယ်။ ပထမနည်းက လုပ်ငန်းရဲ့ အစုရှယ်ယာကို ၀ယ်ယူတဲ့နည်းဖြစ်တယ်။
SIP---Share Issues Privatization ဖြစ်တယ်။ စတော့ဈေးကွက်မှာ အစုရှယ်ယာတွေကို ချရောင်းပြီး ပုဂ္ဂလိကပိုင်ဖြစ်အောင် လုပ်တာပဲ။ နအဖကတော့ သူပိုင်တဲ့ အစုရှယ်ယာကို မောင်အေးရဲ့ ဘော်ဒါ အောင်ကိုဝင်းလက်ထဲ ထိုးထည့်လိုက်တာပါပဲ။ ဘယ်လောက်လာဘ်ထိုးရတယ်ဆိုတာကိုတော့ အောင်ကိုဝင်းပဲ သိနိုင်တယ်။ ဒုတိယနည်းကတော့ လုပ်ငန်းတခုလုံးကို ရောင်းပစ်လိုက်တာဖြစ်လို့ Asset Sale Privatization လို့ခေါ်တယ်။ အများပြည်သူသိရအောင် လေလံတင်ပြီး ရောင်းချတာဖြစ်တယ်။

တတိယနည်းက ပုဂ္ဂလိကပိုင်လုပ်မယ့်လုပ်ငန်းရဲ့ အစုရှယ်ယာတွေအားလုံးကို နိုင်ငံသူနိုင်ငံသားတွေကို အခမဲ့ (သို့မဟုတ်) ငွေအနည်းငယ်ယူပြီး ဖြန့်ဝေလိုက်တာဖြစ်တယ်။ ဒီနည်းကို ဗောက်ချာစနစ် Voucher Privatization လို့ခေါ်တယ်။ ရုရှအစိုးရပိုင်လုပ်ငန်းတွေကို ၁၉၉၂ နဲ့ ၁၉၉၄ အတွင်း ပုဂ္ဂလိကပိုင်လုပ်ရာမှာ ဗောက်ချာစနစ်ကိုသုံးတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားတွေကို ပိုင်ဆိုင်ခွင့်ရှိကြောင်း သက်သေပြတဲ့ ဘောက်ချာလက်မှတ် ထုတ်ပေးမယ်။ နိုင်ငံပိုင်ပစ္စည်းမှာ တိုင်းသူပြည်သားတိုင်း အစုရှယ်ယာလေးတွေ ပိုင်ဆိုင်ကြောင်းဖော်ပြတဲ့ လက်မှတ်ဖြစ်တယ်။ ဒါပေမယ့် ဆင်းရဲတဲ့ပြည်သူလူထုဟာ သူတို့ပိုင်တဲ့ ဘောက်ချာလက်မှတ်တွေကို ချက်ချင်းရောင်းစားတဲ့အတွက် အုပ်ချုပ်ရေးဌာနက လူတစုလက်ထဲပဲ ပြန်ရောက်သွားတယ်။ ဒီလိုနဲ့ပဲ ကုဋေကြွယ်သူဌေးတစုကို ရုရှအစိုးရက မွေးထုတ်ပေးလိုက်သလိုဖြစ်သွားတယ်။

မြန်မာပြည်မှာတော့ ပြည်သူပိုင်/နိုင်ငံပိုင်လို့ ပြောနေပေမယ့် တကယ်ပိုင်သူက စစ်တပ်ပဲ။ ဒါကြောင့် စစ်တပ်ကို လာဘ်ထိုးနိုင်သူတွေပဲ စစ်တပ်ဆိုရှယ်လစ်ခေတ်မှာ သူဌေးဖြစ်ကြတယ်။ အဲဒီအထဲမှာ ထူးကုမ္ပဏီနဲ့ ဘိန်းမှောင်ခို လောစစ်ဟန်တို့ပါဝင်တယ်။ စစ်တပ်ရဲ့ ဈေးကွက်စနစ်မှာလည်း သူတို့ဟာ အရေးကြီးတဲ့ အခန်းက ပါဝင်လာတယ်။ စစ်ခေါင်းဆောင်တွေလိုချင်တာကို သူတို့က ပေးနိုင်သလို သူတို့အတွက် စစ်ခေါင်းဆောင်က စားပေါက်ထွင်ပေးတယ်။ ကြပ်ပြေးနေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းအရှေ့ဘက်မှာ မဏိရတနာလို့ အမည်ပေးထားတဲ့ ကျောက်စိမ်းရောင်းဝယ်ရေးခန်းမကို ထူးထရေးဒင်း ကုမ္ပဏီက တည်ဆောက်နေတာ တမင်စားပေါက်ထွင်ပေးတာပဲ။

စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာရင် ဆင်းရဲနွမ်းပါးမှု လျော့နည်းလာမယ်လို့ ဆိုပေမယ့် မြန်မာပြည်မှာတော့ ဆင်းရဲသားလူတန်းစားရဲ့ အခြေအနေဟာ ပိုဆိုးလာတာတွေ့ရတယ်။ လူချမ်းသာတွေ ခံစားရတဲ့ အကျိုးအမြတ်ဟာ အနည်းအကျဉ်းတောင် ဆင်းရဲသားဆီကို ရောက်မသွားတဲ့အတွက် ဆင်းရဲသားတွေ သက်သာချောင်ချိအောင် အစိုးရက ၀င်ရောက်ဆောင်ရွက်ပေးဖို့ လိုတယ်။ အများအားဖြင့် ပုဂ္ဂလိကပိုင်လုပ်လို့ဖြစ်ပေါ်လာတဲ့ လူမှုရေးအကျိုးဆက်တွေကို လျစ်လျူရှုကြတယ်။

နိုင်ငံပိုင်လုပ်ငန်းကို ပုဂ္ဂလိကပိုင်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးစနိုင်ငံတွေအနေနဲ့ သင်ခန်းစာယူနိုင်အောင် အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ (၅၉) မျက်နှာ အစီရင်ခံစာတစောင် ထုတ်ဝေလိုက်တယ်။ နိုင်ငံပိုင် (သို့မဟုတ်) အစိုးရပိုင်လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီလက်ထဲ လွှဲပြောင်းရာမှာ လိုက်နာရမယ့် မူဝါဒတွေကို ဖော်ပြထားတယ်။ ပုဂ္ဂလိကပိုင်လုပ်တဲ့ စီမံကိန်းဟာ တိုင်းပြည်စီးပွားရေးလမ်းစဉ်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ရပါလိမ့်မယ်တဲ့။ ဒါဟာ မကြာမီ သက်တမ်းကုန်တော့မယ့် နအဖ အစိုးရအတွက် မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ပုဂ္ဂလိကပိုင်လုပ်ရာမှာ ပြိုင်ဆိုင်မှု၊ စည်းကမ်းရှိမှု၊ သိသာမြင်သာမှု ရှိရပါလိမ့်မယ်။ နအဖကတော့ သူနဲ့နီးစပ်သူတွေကိုသာ လက်သိပ်ထိုးပေးတယ်။ ပုဂ္ဂလိကပိုင်လုပ်မယ့် အစီအစဉ်ကို တပြည်လုံးသိရအောင် လူထုပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုတယ်။ ဒီလိုအပ်ချက်ဟာ မြန်မာပြည်မှာ လုံးဝကင်းမဲ့နေတယ်။ ပုဂ္ဂလိကပိုင်လုပ်ရေး အစီအစဉ်နဲ့အတူ လူမှုဖူလုံရေးအစီအစဉ်ကိုပါ အကောင်အထည်ဖော်ရမယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိကပိုင်လုပ်လိုက်လို့ ဒုက္ခဖြစ်သွားမယ့် အလုပ်သမားတွေကို ကူညီတဲ့ အစီအစဉ်ပါပဲ။ ဒါမျိုးကို နအဖစစ်အစိုးရက စိတ်ကူးထဲထောင် ထည့်တာမဟုတ်ဘူး။ အကြောင်းကတော့ နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်လုပ်တဲ့ နအဖစစ်အစိုးရဲ့ အစီအစဉ်ဟာ သူခိုးလက်က သူဝှက်လက်ထဲ လွှဲပြောင်းလိုက်တဲ့ အစီအစဉ်ဖြစ်နေလို့ပါပဲ။

စာရင်းလိမ် စီးပွားရေးစနစ်

အောင်ကျော်ခင် / ၂၃ ဇွန် ၂၀၁၀


မြန်မာစစ်အစိုးရရဲ့ ဆိုရှယ်လစ်စီးပွားရေးနဲ့ ဈေးကွက်စီးပွားရေးဟာ စာရင်းလိမ်ပြတဲ့နေရာမှာ တူတယ်။ အထက်ကအာဏာပိုင်ကို အမြဲတမ်းကြောက်ရတဲ့စနစ်မှာ အထက်လူကြီးကျေနပ်အောင် စာရင်းလိမ်ပြတာဟာ ဓလေ့ထုံးစံလို ဖြစ်နေပြီ။ ကျေးလက်ကိုဆင်းပြီး စာတမ်းကောက်ရင်လည်း အချက်အလက်ကို အမှန်အတိုင်း မှတ်တမ်းမတင်ဘဲ အထက်လူကြီးကြိုက်အောင် ရေးကြတယ်။ ဒါကြောင့် စစ်အစိုးရ စာရင်းအင်းဌာနက အချက်အလက်တွေဟာ မမှန်ဘူးလို့ ၀ါရင့်အရာထမ်းတဦးက ပြောဖူးတယ်။

အာဏာရှင်နေ၀င်းအကြိုက်လိုက်ပြီး အောက်ခြေက စာရင်းလိမ်ပြတယ်။ စာရင်းလိမ်ပြရင်း ၁၉၈၇ မှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတယ်။ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရရင် နိုင်ငံခြားအကြွေးမှာ အတိုးဆပ်စရာမလိုတဲ့အတွက် အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ မဆလစစ်အစိုးရက ကုလသမဂ္ဂမှာ လျှောက်ထားတယ်။ အဆင်းရဲဆုံးစာရင်းဝင်ဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေထဲမှာ စာတတ်သူ လူကြီးဦးရေ နည်းဖို့လိုတယ်။ ဘုန်းကြီးကျောင်းပညာရေးကြောင့် မြန်မာပြည်မှာ စာတတ်သူများတော့ အဆင်းရဲဆုံးနိုင်ငံ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် စာရင်းလိမ်ဝိဇ္ဇာ မဆလစစ်အစိုးရက စာတတ်သူ အလွန်နည်းကြောင်း စာရင်းလိမ်ပြနိုင်တဲ့အတွက် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်သွားတယ်။

၁၉၆၂ မှာ စစ်အာဏာသိမ်းကတည်းက ကလိမ်စေ့ငြမ်းဆင်လာတာမို့ အခုဆိုရင် စာရင်းလိမ်စီးပွားရေးသက်တမ်းဟာ (၄၈) နှစ် ရှိသွားပြီ။ စာရင်းဇယားတွေကို ကလိမ်ကလည်လုပ်လွန်းတဲ့အတွက် မြန်မာ့စီးပွားရေးကို လေ့လာသူအလွန်နည်းတယ်။ တိုင်းပြည်အ၀င်အထွက် ခက်ခဲရတဲ့အထဲ စာရင်းလိမ်ကို လေ့လာရပြန်တော့ သိပ်စိတ်မရှည်တော့ဘူးပေါ့။ ဒါတောင် လွန်ခဲ့တဲ့ မေလနဲ့ ဇွန်လအစောပိုင်းက မြန်မာ့စီးပွားရေးစာတမ်း (၂) စောင် ထွက်လာသေးတယ်။ ၀ါရှင်တန်အခြေစိုက် ငြိမ်းချမ်းရေး သုတေသနဌာန United States Institute of Peace က မြန်မာ့စီးပွားရေးအထူးအစီရင်ခံစာကို မေလမှာ ထုတ်ဝေတယ်။ ရေးသူဟာ ၀ါရင့်သုတေသီ Lex Rieffel ဆိုသူဖြစ်တယ်။ အနှစ် (၆၀) လောက် တိုးတက်မှု ဆိတ်သုဉ်းနေတဲ့ မြန်မာ့စီးပွားရေးကို သုံးသပ်ထားတာပါပဲ။

တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ အင်ဒိုနီးရှားမှာ အာဏာရှင်အစိုးရလက်ထက် စီးပွားရေးတိုးတက်လာလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ကြပေမယ့် မြန်မာပြည်မှာတော့ စစ်အစိုးရဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် မလုပ်နိုင်တာကြောင့် သူများနိုင်ငံလို မဖြစ်နိုင်ဘူးလို့ Lex Rieffel က ဆိုတယ်။ ဒါကြောင့် ပထမဆုံးအုပ်ချုပ်ရေး ကောင်းမွန်ဖို့သာ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက တိုက်တွန်းရမယ်လို့ဆိုတယ်။ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးမှာ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍဟာ အဓိကကျပေမယ့် နေရာတကာချုပ်ကိုင်တဲ့ နအဖဟာ ကောင်းမွန်တဲ့ ပုဂ္ဂလိကကဏ္ဍ ရှင်သန်ကြီးထွားလာအောင် ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတယ်။ ဒါကြောင့် အစိုးရအဖွဲ့အစည်းထဲမှာ လုပ်ရည်ကိုင်ရည် ရှိလာပြီး ချုပ်ချယ်ကန့်သတ်မှုတွေကို ရုပ်သိမ်းမှသာလျှင် မြန်မာ့စီးပွားရေးအလားအလာ ကောင်းမှာဖြစ်ကြောင်း ၂၀၁၀ မြန်မာ့စီးပွားရေးအထူးစာတမ်းမှာ ဖော်ပြထားတယ်။

မြန်မာ့စီးပွားရေးစောင့်ကြည့်ရေးအဖွဲ့ အခြေစိုက်တဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Macquarie တက္ကသိုလ် ဘောဂဗေဒဌာန ပါမောက္ခ Sean Turnell ကတော့ နအဖရဲ့ ကလိမ်ခြုံစောင်ကို ဖယ်ရှားပြီး အတွင်းသရုပ်ကို လေ့လာထားတဲ့စာတမ်းကို မီးမောင်းထိုးပြတာပါပဲ။ မြန်မာ့စီးပွားရေး (၁၀) ရာခိုင်နှုန်းနဲ့ (၁၄) ရာခိုင်နှုန်းအကြား တိုးတက်တယ်ဆိုတဲ့ နအဖစာရင်းလိမ်ကို အရင်ဆုံးဖြေရှင်းထားတယ်။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာရင် လောင်စာစွမ်းအင်သုံးစွဲမှုကလည်း တိုးပွားလာတာသဘာဝပါ။ ဒါပေမယ့် မြန်မာပြည်မှာတော့ နအဖရဲ့ စီးပွားရေးတိုးတက်မှုနှုန်းထား မြင့်မားနေပြီး ဓာတ်ဆီနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းက အလွန်နိမ့်ကျနေတာကြောင့် စာရင်းလိမ်တိုးတက်မှုဖြစ်တာ ထင်ရှားတယ်တဲ့။

စစ်အစိုးရရဲ့ စာရင်းလိမ့်ဓလေ့ကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းကို ခန့်မှန်းရတာဟာ အလွန်ခက်တယ်။ Sean Turnell
ကတော့ အကြောင်းသိမို့ စီးပွားရေးတိုးတက်မှုနှုန်းဟာ (၂) သို့မဟုတ် (၃) ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်တယ်လို့ တွက်ပြတယ်။ မြန်မာနိုင်ငံသားတဦးရဲ့ တနှစ်ထုတ်လုပ်မှုဟာ (၄၃၅) ဒေါ်လာသာရှိတာကြောင့် အာဆီယံနိုင်ငံတွေထဲမှာ အနည်းဆုံးဖြစ်တယ်လို့ဆိုတယ်။ သဘာဝဓာတ်ငွေ့ရောင်းလို့ရတဲ့ငွေတွေကို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အသုံးမပြုတာကိုလည်း အစီရင်ခံစာ (၂) ခုစလုံးက ထောက်ပြတယ်။ ဓာတ်ငွေ့ရောင်းလို့ရတဲ့ငွေကို နိုင်ငံ့ငွေစာရင်းမှာ အကုန်လုံး ဖော်ပြထားတာမဟုတ်ပါဘူး။ ပြည်တွင်းမှာ စာရင်းလိမ်ပြပြီး ဓာတ်ငွေ့ကရတဲ့ ငွေအတော်များများ နိုင်ငံခြားဘဏ်တွေမှာ အမည်အမျိုးမျိုးနဲ့ အပ်နှံထားတယ်လို့ဆိုတယ်။

စာရင်းလိမ်စီးပွားရေးစနစ်မှာ နိုင်ငံခြားကုမ္ပဏီတွေ မျက်စိကျနေတာဟာ သဘာဝသယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းဖြစ်တယ်။ နိုင်ငံခြားအရင်းအနှီးနဲ့ အတတ်ပညာနဲ့ အလုပ်သမားတွေ ၀င်လာကြပြီး ဓာတ်ငွေ၊ ဓာတ်သတ္တု၊ ရေနံ၊ ကျောက်မျက်၊ ရေအားလျှပ်စစ် စတာတွေကို ထုတ်ယူကြတာဟာ မြန်မာပြည်သားတွေ အကျိုးမခံစားရပါဘူး။ အင်္ဂလိပ်ကိုလိုနီခေတ်က အတိုင်းပါပဲ။ အင်္ဂလိပ်နေရာမှာ စစ်ဗိုလ်ကို အစားထိုးကြည့်လိုက်ရင် ကွက်ကွက်ကွင်းကွင်းပေါ်ထွက်လာတယ်။ ဒါပေမယ့် အင်္ဂလိပ်ဟာ မြန်မာစစ်ဗိုလ်လို ဒို့တာဝန်အရေးတွေနဲ့ လိမ်ညာနေတာမဟုတ်တော့ မြန်မာတွေ မစားရမှန်းသိတယ်။ နအဖကတော့ သဘာဝသယံဇာတကို နိုင်ငံခြားရောင်းစားပြီး အိတ်ထဲထည့်တာကို စာရင်းလိမ်ထားတော့ ပြည်သူတွေအဖို့ မစားရ၀ခမန်း ဖြစ်ကုန်တာပေါ့။ ဒါကြောင့် တရုတ်၊ ပြင်သစ်၊ ထိုင်းနဲ့ တောင်ကိုရီးယားကုမ္ပဏီတွေ သယံဇာတ ထုတ်ယူနေတာဟာ မြန်မာ့အနာဂတ်အတွက် မကောင်းတဲ့ အလားအလာပဲဖြစ်တယ်။

စာရင်းလိမ်စနစ်နဲ့ အစိုးရနှောင့်ယှက်မှုကင်းတဲ့ ကောက်ပဲသီးနှံကဏ္ဍမှာ အောင်မြင်နေပုံကိုလည်း Sean Turnell က ဖော်ပြထားတယ်။ ၂၀၀၉/၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ မြန်မာပြည်ထွက်ပဲမျိုးစုံ (၈၄) ရာခိုင်နှုန်းကို အိန္ဒိယက ၀ယ်သွားတယ်။ တရုတ်ပြည်ကိုလည်း နယ်စပ်လမ်းကြောင်းက တင်ပို့တယ်။ အိန္ဒိယနဲ့တရုတ်မှာ ပဲအထွက်နည်းသွားတာဟာ မြန်မာအတွက် အခွင့်အလမ်းဖြစ်တယ်။ စစ်အစိုးရ ၀င်မရှုပ်မချင်း ပဲရောင်းလို့ ကောင်းနေမယ့်ပုံပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ အများဆုံးတင်ပို့ခဲ့တဲ့ ဆန်လုပ်ငန်းဟာ စစ်အစိုးရ ၀င်ရှုပ်လိုက်တဲ့နောက်ပိုင်း ဈေးကွက်ပျောက်ပြီး ဆန်ကွဲတင်ပို့ခဲ့တဲ့အဆင့် ဖြစ်သွားတယ်။

နိုင်ငံခြားဝင်ငွေအများဆုံးက သဘာဝဓာတ်ငွေ့၊ ဒုတိယအများဆုံးက ပဲမျိုးစုံ၊ တတိယက ကျွန်းသစ်နဲ့ သစ်မာဖြစ်တယ်။ ဒါကြောင့် ပဲလုပ်ငန်းထဲမှာ နအဖအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေ ပါနေမှာ သေချာတယ်။ အ၀တ်အထည်လုပ်ငန်းက စတုတ္ထ၀င်ငွေ အများဆုံးဖြစ်ပြီး ဆန်က နံပါတ် (၅) အဆင့်က လိုက်နေတယ်။ အ၀တ်အထည်ကို ဂျပန်နဲ့ဥရောပကို တင်ပို့တယ်။ ကျွန်းသစ်နဲ့ သစ်မာတင်ပို့တာဟာ ငွေရပေမယ့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့အတွက် ဒေသခံလူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေတယ်။ သစ်နဲ့ကျောက်မျက်ကို တရုတ်ပြည်က အများဆုံးဝယ်ယူတယ်။ မြန်မာပြည်ကို စားသုံးကုန်ပစ္စည်း အများဆုံးရောင်းချနေသူဟာ တရုတ်၊ ထိုင်းနဲ့၊ စင်ကာပူဖြစ်တယ်။

၁၉၆၂ မှာ စစ်အစိုးရတက်လာပြီး စာရင်းလိမ်စီးပွားရေးစနစ် စတင်ကျင့်သုံးချိန်ကစပြီး လက်ရှိ စစ်အစိုးရလက်ထက်အထိ ပေးဆပ်စရာရှိတဲ့ နိုင်ငံခြားအကြွေးဟာ အမေရိကန်ဒေါ်လာ သန်း (၈,၁၀၀) ရှိတဲ့အတွက် နိုင်ငံလုံးဆိုင်ရာ ထုတ်လုပ်မှုရဲ့ (၃၀) ရာခိုင်နှုန်းဟာ အကြွေးဖြစ်ကြောင်း Sean Turnel က တွက်ပြထားတယ်။ မဆလခေတ်က ကြွေးဟောင်းက သန်း (၃,၅၉၄) ရှိပြီး ကြွေးသစ်က သန်း (၄,၅၀၆) ရှိတယ်။ ကြွေးဟောင်းမှာ ဂျပန်ကို ဒေါ်လာသန်း (၂,၂၀၀)၊ ဂျာမဏီကို သန်း (၃၅၀)၊ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ကို သန်း (၃၂၅)၊ ကမ္ဘာ့ဘဏ်ကို သန်း (၇၁၉) ပေးစရာရှိတယ်။ အကြွေးမဆပ်နိုင်လို့ နောက်ထပ်မချေးတာဖြစ်တယ်။ ကြွေးသစ်ထဲမှာတော့ တရုတ်က အများဆုံးဖြစ်မှာ သေချာတယ်။ နအဖမှာ ဒေါ်လာငွေလက်ကျန် ဒေါ်လာသန်း (၅,၀၀၀) ကျော် ရှိရဲ့သားနဲ့ မဆလကြွေးဟောင်းကို မဆပ်တာပါ။

ဗိုလ်နေ၀င်းဦးဆောင်တဲ့ မဆလအစိုးရရဲ့ နိုင်ငံခြားအကြွေးတွေကို နောက်တက်တဲ့ ဗိုလ်သန်းရွှေဦးဆောင်တဲ့ နအဖအစိုးရက မဆပ်တဲ့သဘောဖြစ်နေတယ်။ ကြွေးဟောင်းတွေကိုမဆပ်လို့ မြန်မာအစိုးရကို အေဒီဘီနဲ့ကမ္ဘာ့ဘဏ်က ငွေချေးဖို့ မစဉ်းစားတာပါ။ တကယ်တော့ ဘဏ် (၂) ခုကို ဆပ်ရမယ့်အကြွေးက ဒေါ်လာသန်း (၁၀၄၄) သန်းသာရှိလို့ နအဖအုပ်စု ခိုးထားတဲ့ ငွေလောက် မများပါဘူး။ နောက်တင်တဲ့အကြွေးသစ်ဟာ တရုတ်ကိုဆပ်ရမှာဖြစ်လို့ မဆပ်နိုင်ရင် တရုတ်အလိုကျ လိုက်လျောဖို့သာ ရှိပါတော့တယ်။ မြန်မာပြည်မှာ စစ်ခေါင်းဆောင်တွေ ကြီးစိုးနေသမျှ စာရင်းလိမ်စီးပွားရေးအဆင့်ထက်ပိုပြီး တိုးတက်စရာအလားအလာမရှိကြောင်း သုံးသပ်ထားတာကို တွေ့ရပါတယ်။

Friday, February 19, 2010

နအဖ၏ စီးပွားရေး အထုပ်ဖြည်ခြင်း နဲ့ မြန်မာလူထု၏ စီးပွားရေးကံကြမ္မာ

သန်းစိုးလှိုင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀
၂၀၁၀ ခုနှစ်သို့ ကူးပြောင်းပြီးနောက်မှာ နအဖ အစိုးရရဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလို့ ခေါင်းစဉ် တပ်ထား တဲ့ အစီအစဉ်ဟာ ပိုမိုကသုတ်ကယက် နိုင်လာပါတယ်။ ငြိမ်ပိ၊ န၀တ၊ နအဖ စသဖြင့်နာမည် အမျိုးမျိုးပြောင်း အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၂၁နှစ်ကျော်အတွင်း တခါမျှ လုပ်ခွင့်မပေးခဲ့ဖူးတဲ့ လောင်စာဆီ လက်လီဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာကို ရုတ်တရက် သတင်းထွက်ပေါ်လာပါတယ်။

အဲလို ဖြန့်ဖြူးခွင့် မပေးခင်သီတင်းပတ်များမှာ နိုင်ငံခြား အိတ်စ်ပို့ ၀င်ငွေရှိတဲ့ ကုမ္ပဏီတွေ လောင်စာဆီတင်သွင်းခွင့် ရှိတယ်ဆိုပြီး ပထမအဆင့် ခွင့်ပြုလိုက်ပါတယ်။ အဲဒီနောက်မှာမှ လက်လီ ဖြန့်ဖြူးရေးကိုပါ ပုဂ္ဂလိကလုပ်ပိုင်ခွင့် ပေးပြီး လက်ရှိ စွမ်းအင်ဝန်ကြီးဌါနက လုပ်ကိုင်နေတဲ့ တနိုင်ငံမှာရှိတဲ့ လက်လီဖြန့်ဖြူးရေးဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိက လက်ထဲလွှဲပေးဖို့ အဆိုပြုလွှာတွေ ခေါ်တဲ့ကြေငြာချက်ကို ဖေဖေါ်ဝါရီ ၅ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။
ဓါတ်ဆီ၊ ဒီဇယ်ဆီဆိုင်တွေမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတွေကိုတိုင် သူတို့ရှေ့ရေး ဘာဖြစ်မလဲဆိုတာ မသိကြသေးဘူး လို့ဆိုပါတယ်။

“မကြာသေးခင် နေပြည်တော်မှာ လုပ်တဲ့ ၀န်ကြီးဌါနတွင်း အစည်းအဝေးမှာ အောက်က ၀န်ထမ်းတွေက ၀န်ကြီးကိုမေးတယ်။ သူတို့ကို ဘယ်လို အစီအစဉ်ရှိလဲဆိုတာ။ ၀န်ကြီးကလည်း သူကိုယ်တိုင်လည်း မသိသေးဘူး၊ အထက်ကလုပ်နေတာ လို့ပဲပြောတယ်”လို့ ဓါတ်ဆီဆိုင်တဆိုင်မှ ၀န်ထမ်းတဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၀င်ငွေ အကောင်းဆုံး ၀န်ထမ်းများထဲမှာ ပါဝင်တဲ့ လောင်စာဆီဆိုင် ၀န်ထမ်းတွေရဲ့ ဘ၀အခုတကြိမ် အလှည့်အပြောင်းမှာတော့ အခြေမခိုင်တော့ပဲ ယိမ်းယိုင်လာနေပါပြီ။

ဆိပ်ကမ်းလည်း ရောင်းမည်
အဲဒီလိုပဲ လွန်ခဲ့တဲ့ လထဲမှာ ရန်ကုန်မြို့ ရန်ကုန်မြစ်ကမ်းနား တလျှောက်ရှိတဲ့ အစိုးရ ၀န်ကြီးဌါနပိုင် ၀န်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ အားလုံးကိုလည်း နအဖ အတွင်းရေးမှူး (၁) စာရင်းတောင်းလို့ သက်ဆိုင်ရာ ၀န်ကြီးဌါနအလိုက် နေ့ချင်း ညချင်း ဓါတ်ပုံရိုက်၊ စာရင်းပြုစုပြီး တင်ပေးကြရပါတယ်။

ရန်ကုန်မြစ် တလျောက်ရှိ လင်းစဒေါင်းမှစပြီး စွမ်းအင် ၀န်ကြီးဌါန၊ ပို့ဆောင်ရေး ၀န်ကြီးဌါန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌါနပိုင် မြေနှင့် ၀န်ထမ်းအိမ်များ၊ ဂိုဒေါင်များ၊ နောက် အလုံနဲ့ ကြည့်မြင်တိုင်မြို့နယ်များမှ မြန်မာ့သစ်လုပ်ငန်း၊ သီရိမင်္ဂလာ ကုန်စိမ်းဈေး စသဖြင့် ရန်ကုန်မြစ်ကမ်းတလျှောက်က နေရာတွေကို အတိုင်းအတာနဲ့ အဆောက်အဦအရေအတွက် အလောတကြီးကောက်ယူနေခဲ့ပါတယ်။

ရန်ကုန်မြစ်နဘေးမှာ ရှိတဲ့ ဈေးကြီးတွေမှာ ရောင်းချသူတွေလည်း ယခုအခါ မျက်ခုံးလှုပ်နေကြပါပြီ။ သီရိမင်္ဂလာဈေးကို ရွှေ့ပြောင်းမယ်။ အလုံကမ်းနားမှာ ရှိတဲ့ မြန်မာ့ သစ်လုပ်ငန်း အပိုင် ၀န်ထမ်းအိမ်များ၊ သစ်စက်များကို ရွှေပြည်သာမြို့နယ်ထဲက ၀ါးတစ်ရာပြောင်းမယ် ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါပြီ။ ရန်ကုန်မြစ်ကမ်းနဘေးမှာ နေထိုင်နေကြသူတွေ ဌါနဆိုင်ရာအလိုက် စာရင်းကောက်ယူပြီး ရွှေ့ပြောင်းကြရဖို့ အခြေအနေဖြစ်နေပါပြီ။

ဈေးလည်းပြောင်းမည်
သီရိမင်္ဂလာဈေးကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းကိုကြားသိရလို့ မြို့တော်စည်ပင်ကို ပြည်တွင်းဂျာနယ်တွေက မေးမြန်းကြတဲ့အခါ မြို့တော်ဝန်က လောလောဆယ် ပြောင်းရန် အစီအစဉ်မရှိသေးလို့ပြန်ဖြေခဲ့ပါတယ်။ `လောလောဆယ် ´ ဆိုတဲ့စကားလုံးဟာ ၀ိနည်းရှောင်တဲ့ စကားလုံးဖြစ်တယ်ဆိုတာ ကိုပြည်တွင်းဂျာနယ်လစ်တွေ နဲ့ စာဖတ်သူတချို့သဘောပေါက်ကြပါတယ်။ အဲဒီ`လောလောဆယ်´ဆိုတာ ဘယ်နှရက်၊ ဘယ်နှပတ်ကို ရည်ညွှန်းပြောဆိုတာလဲလို့ စဉ်းစားနေကြပါပြီ။ နအဖ အဖွဲ့အထက်က လုပ်ဆောင်တဲ့ ကိစ္စမို့လို့ မြို့တော်ဝန်အနေနဲ့ ဘာမှ ဆုံးဖြတ်ပြောဆိုပိုင်ခွင့် မရှိတာကို ရိပ်မိကြပါတယ်။
အဲဒီအချိန်မှာပဲ MAI မြန်မာအဲဝေး အင်တာနေရှင်နယ် ကိုလည်း ကမ္ဘောဇဘဏ် လုပ်ငန်းရှင် ဦးအောင်ကိုဝင်း အပါအ၀င် လုပ်ငန်းရှင် နှစ်ဦးသုံးဦး လက်ထဲရောင်းချပေးခဲ့ပါတယ်။ အစိုးရပိုင်လုပ်ငန်းကြီးများကို လက်လွှဲပေး၊ ရောင်းချပေးနေရာမှာ အများဆုံး ရရှိတဲ့သူ၊ အကောင်းဆုံးလုပ်ငန်း တွေရရှိသူကတော့ ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇပဲ ဖြစ်ပါတယ်။

လုပ်ငန်းရှင်ကြီးများထဲက တမူးပိုရှူသူတွေ
စီးပွားရေး လုပ်ပိုင်ခွင့်များအား အစိုးရနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေလက်ထဲ လွှဲပြောင်းရောင်းချပေးတဲ့ အစီအစဉ်မှာ တဒါဇင်ကျော် နှစ်ဒါဇင်မျှရှိတဲ့ နိုင်ငံတော် လုပ်ငန်းရှင်ကြီးများ အားလုံး အခွင့်အရေး တန်းတူမရကြပါဘူး။ ဦးတေဇနဲ့ ဦးဇော်ဇော်၊ အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်တို့က အရင်ဆုံးအခွင့်အရေး ရကြပါတယ်။ အဲဒီနောက်မှာ ဦးချစ်ခိုင်၊ ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ရွှေသံလွင်ဦးကျော်ဝင်း အစရှိသူတွေက ရကြပါတယ်။

ယခင်ဆယ်စုနှစ် တခုလုံး အမြတ်အစွန်းကောင်းတဲ့ စားအုန်းဆီ ၀ယ်ယူတင်သွင်း တဲ့လုပ်ငန်းကို ထူးကုမ္ပဏီကပဲ တဦးထည်း လုပ်ကိုင်ခဲ့ပြီး အမြတ်အစွန်းလျော့ကျလာတဲ့ လွန်ခဲ့တဲ့ ၄နှစ် ၀န်းကျင်ကျမှ အခြားလုပ်ငန်းရှင်တွေကိုပါ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီလိုပဲ ယခုတကြိမ်မှာလည်း ဦးတေဇ ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်တို့ အနေနဲ့ အကျိုးအမြတ်များ မယ့်လုပ်ငန်းတွေကို ရွေးယူကြမယ့် အရိပ်လက္ခဏာတွေ တွေ့မြင်ရပါတယ်။

ပြည်သူ လူထု အကျိုးစီးပွား မျက်နှာစာ
ဖွံ့ဖြိုးပြီး နိုင်ငံအချို့မှာ အကျိုးအမြတ် ကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အရေးပါတဲ့ ကဏ္ဍတွေဆိုရင် အစိုးရက ထိန်းရုံသာထိန်းပေးပြီး အများက အစုရှယ်ယာဝင်နိုင်တဲ့ အများပိုင် လွတ်လပ်တဲ့ စီးပွားရေး ကုမ္ပဏီအဖြစ် တည်ထောင်ကာ လုပ်ကိုင်စေတာမျိုးရှိပါတယ်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်ရေး Japan Railway ကိုအဆိုပါပုံစံနဲ့ ဖွဲ့စည်း လုပ်ကိုင်စေပါတယ်။ အစိုးရက ကိစ္စအ၀၀မှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုပဲ ကုမ္ပဏီ ဘုတ်အဖွဲ့ကသာ ဆုံးဖြတ်လုပ်ကိုင်တာပါ။ အဆိုပါကုမ္ပဏီဟာ ပြိုင်ဘက် ကြီးကြီးမားမား မရှိပဲ ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်ရေးကို လုပ်ကိုင်နိုင်ပြီး အကျိုးအမြတ်လည်း ကောင်းတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ အစုရှယ်ယာဝယ်ယူကြတဲ့ လူထုအနေနဲ့ လည်းကုမ္ပဏီ အကျိုးအမြတ်ကောင်းတဲ့အခါ အမြတ်ခွဲဝေမှု ရရှိပြီး ရှယ်ယာပိုင်သူ အားလုံးအကျိုးရှိစေပါတယ်။

ယခုမြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရာမှာ ယခင်အစိုးရက အားလုံးထိန်းချုပ်ထားပြီး အရှုံးပေါ်နေခဲ့တဲ့ အစိုးရပိုင်လုပ်ငန်းတွေကို ယခု ဗိုလ်ချုပ်ကြီးများနဲ့ နီးစပ်ရာ လုပ်ငန်းရှင်များကို လက်လွှဲပေးတဲ့ အဖြစ်ကတော့ ပြည်သူအများရဲ့ အကျိုး၊ စားသုံးသူအကျိုးကို နည်းနည်းမှ ငဲ့မကြည့်တာ ပေါ်လွင်နေပါတယ်။

ပြည်သူပိုင်သိမ်းတဲ့ ပစ္စည်းတွေကို နကိုမူလပိုင်ရှင်ထံလည်း ပြန်လည်ပေးအပ်ခြင်း မရှိပဲ၊ ပုဂ္ဂလိကပိုင် လုပ်ဆောင်တဲ့ မူအရ လေလံချပေးရာမှာ မူလပိုင်ရှင်က ပထမဦးစားပေး ၊ အဆိုပါအဆောက်အဦ သို့မဟုတ်လုပ်ငန်းကို လက်ရှိငှားရမ်းလုပ်ကိုင်နေသူက ဒုတိယ ဦးစားပေးဆိုပြီး ပါရှိပေမယ့်လို့ လက်တွေ့ ချပေးတဲ့အခါ ပွင့်လင်းမြင်သာမှုလည်း မရှိပဲ အထက်လူကြီးပိုင်းနဲ့ ပိုင်သူတွေသာ ချိတ်ပိတ်တင်ဒါ အောင်မြင်ကြတယ်လို့ ကြားသိရပါတယ်။

ပုဂ္ဂလိကပိုင် လုပ်သော်လည်း လုပ်ငန်းရှင်အချင်းချင်း အကြား လွတ်လပ်တဲ့ ပြိုင်ဆိုင်မှုများ မရှိပဲ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီ တခုထည်းကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ကြမယ့် အရိပ်လက္ခဏာတွေပဲ မြင်တွေ့နေရပါတယ်။ ယူအမ်အက်ဖ် စီစီအိုင် အဖွဲ့ချုပ်ဟာလည်း နအဖ အစိုးရက ရွေးချယ်ခန့်အပ်ထားတဲ့ အမှုဆောင်တွေကပဲ ချုပ်ကိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းအသင်းတွေဖွဲ့စည်းပြီး စိုက်ပျိုးသူ၊ ထုတ်လုပ်သူတွေကို ချုပ်ကိုင်ဝယ်ယူကာ တင်ပို့နေကြတာပါ။

မကြာမီကဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှာလည်း ဆန်းစပါးနဲ့ ပတ်သက်လို့ ဂဃနဏ နားမလည်တဲ့ စစ်အစိုးရ နီးစပ်သူတွေ ကအဓိကနေရာတွေမှ ယူထားကြပြီး ဆန်စပါး အိတ်စ်ပို့လုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ စိုက်ပျိုးသူလယ်သမားတွေ ရဲ့ အခက်အခဲ၊ လယ်ယာကဏ္ဍရဲ့ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို စိတ်မ၀င်စားပဲ ထွက်ကုန်ကိုသာ ၀ယ်ပြီး နိုင်ငံခြားပို့မယ့် သူတွေက ဥက္ကဌ၊ ဒုဥက္ကဌ လုပ်နေကြပါတယ်။ ဥက္ကဌလုပ်သူက ဧဒင်ကုမ္ပဏီ ပိုင်ရှင် ဦးချစ်ခိုင်ဖြစ်ပြီး ဒုဥက္ကဌသုံးယောက်အနက် ဦးလှမောင်ရွှေနဲ့ ဦးစိန်ဝင်းလှိုင်တို့ဟာ UMFCCI ရဲ့ အမှုဆောင်လူကြီးတွေဖြစ်ကြပါတယ်။

ရွေးကောက်ပွဲနဲ့ အထုပ်ဖြည်ပွဲ
ယခုလို ၂၀၁၀ ကူးပြောင်းပြီး နောက် ကသုတ်ကယက်နဲ့ လွှဲပြောင်း ရောင်းချနေတာတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ ဆက်ဆံလုပ်ကိုင်နေရတဲ့ ကုမ္ပဏီကြီး တခုမှ အင်ဂျင်နီယာ ၀န်ထမ်း တဦးကပြောဆိုရာမှာ
“ကျွန်တော်တို့ ကုမ္ပဏီ သူဌေးကလာမယ့် ၂၊ ၃လအတွင်း အခုလို ယူစရာ ရှိတာတွေကို ပြီးအောင်လုပ်ရမယ်လို့ ညွှန်ကြားထားတယ်။ နောက်ပြီးသူပြောတဲ့အထဲမှာ ရွေးကောက်ပွဲက နိုဝင်ဘာမှာ လုပ်မယ်လို့ဆိုတယ်”
လို့ပြောဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲ မတိုင်မီ ၀န်ကြီးဌါနအသီးသီးက လုပ်ပိုင်ခွင့်ရှိသူတွေဟာ ဒီနေရာပြန် ရောက်မရောက် မသေချာတော့ လုပ်ပိုင်ခွင့်ရှိတဲ့အခွင့် အရေးအားလုံးယူ၊ နောက်ဆုံး ယုတ်စွအဆုံး ချရောင်းစရာမရှိတဲ့ တရားရေး ဌါနတောင် လာဘ်စားချင်တိုင်း စားပြီး စီရင်ချက်တွေကို ချမှတ်နေတဲ့ အထိဖြစ်နေပါတယ်။

နအဖ၂၁နှစ်လုံးလုံး ခုတ်ရောင်းခဲ့တဲ့ သစ်တောတွေ၊ ထူးဖေါ်ခဲ့တဲ့ ကျောက်မျက်ရတနာတွေ၊ တူးရောင်းနေခဲ့တဲ့ ရေနံ သဘာဝဓါတ်ငွေ့တွေ အစရှိတဲ့ သယံဇာတတွေ အပြင်ယခုနောက်ဆုံး ကျန်သေးတဲ့ အထုပ်တွေဖြစ်တဲ့ ရန်ကုန်နဲ့ မြို့ကြီးတွေက မြေနေရာ၊ စက်ရုံ အဆောက်အဦ၊ လုပ်ပိုင်ခွင့်တွေကိုပါ ဖြည်ပြီး ရောင်းစားနေတာကတော့ ဒီနေ့ မြင်ကွင်းလိုဖြစ်နေပါပြီ။