Showing posts with label ရွေးကောက်ပွဲ. Show all posts
Showing posts with label ရွေးကောက်ပွဲ. Show all posts

Wednesday, June 23, 2010

ရွေးကောက်ပွဲကို သပိတ်မှောက်လျှင် တိုက်ပွဲကို စွန့်ရာကျလိမ့်မည်


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက အခြားသော အာဏာရှင်များကဲ့သို့ပင် တရားဝင်မှု လိုချင်နေသည်။ အခြားသော ခေတ်မီနိုင်ငံများကဲ့သို့ နိုင်ငံတကာစနစ် စံချိန်စံနှုန်းများအတိုင်း တန်းညီလာစေရန်အတွက် ရွေးကောက်ပွဲများ ကျင်းပပေးရန်နှင့် အရပ်သားအုပ်ချုပ်ရေးသို့ ပြောင်းလဲရန်လည်း လိုအပ်လာသည်။ ဤသို့ဖြင့် ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ထုတ်ပြန်ကြေညာလာရသည်။ (နအဖ) စစ်အစိုးရက စစ်အာဏာရှင်စနစ်မှနေ၍ အရပ်သားအုပ်ချုပ်ရေးဆန်ဆန် အသွင်ပြောင်းလဲရန်လည်း လုပ်ဆောင်လာရတော့သည်။

"စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်" တည်ဆောက်မည်ဟု ကြွေးကြော်နေသော်လည်း၊ သံသယရှိစရာ မလိုသည့် အချက်မှာ ပြောင်စစ်အာဏာရှင်စနစ်မှ ရွေးကောက်ခံ အာဏာရှင်စနစ်သို့ ပုံဖျက်အသွင်ပြောင်းနိုင်ရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်။

ရွေးချယ်တင်မြှောက်ခံရသည့် အာဏာရှင်စနစ်ဆိုသည်မှာ အဘယ်နည်း။

ဆိုလိုသည်မှာ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များက ဒီမိုကရေစီအသွင်ဆောင်သည့် ဝတ်စားဆင်ယင်မှုများဖြင့် နောက်ထပ် အာဏာရှင်တစ်ခုကို ကူးပြောင်းရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ဒီမိုကရေစီအသွင် ဝတ်စားဆင်ယင်မှုဟု ဆိုရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပါတီစုံရွေးကောက်ပွဲ၊ တရားရုံးများ၊ တိုင်း/ပြည်နယ်များ၌ အခြားအဆင့်ဥပဒေပြုရေး လွှတ်တော်များ၊ ပုဂ္ဂလိက သတင်းမီဒီယာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ရှိတန်သလောက် ရှိလာလိမ့်မည် ဖြစ်သည်။ လက်ရှိ အာဏာကိုင်ထားကြသူများက သူတို့ဘက်က အသာစီးရနိုင်အောင် တတ်နိုင်သမျှ ကြိုးပမ်းလုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ လွှတ်တော်ထဲတွင် စစ်တပ်က ကိုယ်စားလှယ် ၂၅ % ယူထားရုံမျှသာမက၊ အဓိကကျသည့် ဝန်ကြီးဌာနများကို စစ်တပ်က ထိန်းချုပ်နိုင်ရန် ခွင့်ပြုချွင်းချန်ထားပြီး၊ အုပ်ချုပ်ရေးဌာနကို သိသာစွာ အကြွင်းမဲ့အာဏာမျိုး ပေးထားသေးသည်။

ဤအဖွဲ့အစည်း အုပ်ချုပ်ရေးဌာနများက လွတ်လပ်ပွင့်လင်းသည့် အခြေအနေမဟုတ်၊ လစ်ဘရယ်ဒီမိုကရေစီစနစ် မဟုတ်သည်ကို မြန်မာပြည်သူများက ကောင်းကောင်းသိကြပါသည်။ စိတ်ကူးယဉ် ဝေဝါး၍ပင် မနေကြပါ။ သို့သော်လည်း ဒီမိုကရေစီ အတိုက်အခံများအတွက်မှာမူ ဤနေရာများနှင့် ဖွင့်ပေးလာသည့်ကွင်းသည်ပင် ပြိုင်ဆိုင်စရာ နေရာဖြစ်နေသည်။ မဖြစ်မနေ ဝင်ရောက်ပြိုင်ဆိုင်ရယူကြရမည့် နေရာ ဖြစ်နေသည်။

အတိုက်အခံများအနေနှင့် ဖြစ်ထွန်းလာသည့် နိုင်ငံရေးကွင်းကို လျစ်လျူရှုထား၍ မရနိုင်ပါ။

အချို့က စစ်အစိုးရပြုသမျှကို မခံဘဲ အာခံသည့်အနေဖြင့် သပိတ်မှောက်ရေးကို စဉ်းစားကြသည်။ ယခုရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုကြသည့် အတိုက်အခံ အဖွဲ့ဝင်များကို စိတ်ကူးယဉ် အိပ်မက် မက်နေသူများဟု စွပ်စွဲကြသည်။ သို့သော် လည်း သူတို့၏ စွပ်စွဲချက်နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ ယခု လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲသည်သာ ပြဋ္ဌာန်းထားသည့် လက်တွေ့အခြေအနေ ဖြစ်သည်။ ဤရွေးကောက်ပွဲများကို အတိုက်အခံ အင်အားစုများအနေနှင့် လျစ်လျူရှုထား၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီဆိုလာသည့် ပေးလာသည့် အခွင့်အလမ်းတိုင်း၌၊ ရသည့်နေရာတိုင်း၌ တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။ အကယ်၍ ဒီမိုကရေစီ အတိုက်အခံများက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါက ပေးလာသည့် အခွင့်အလမ်းကို ရသည့်နေရာကို လက်လွှတ်အရှုံးပေးရာ ကျပါလိမ့်မည်။ ဒီမိုကရေစီမဟုတ်သည့် အင်အားစုများကို ခွင့်ပြုလိုက်သလို ဖြစ်စေပါလိမ့်မည်။

စစ်အစိုးရက မမျှတသော အင်အား အနေအထားဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးလိမ့်မည်။

၁၉၆၂ ခုနှစ်မှစ၍ လက်နက်ကိုင်တော်လှန်ရေး၊ လူထုအုံကြွမှု တိုက်ပွဲခေါ်သံများ အကြိမ်ကြိမ် ကြားခဲ့ရဖူးသည်။ မြန်မာလူထုများက လမ်းမပေါ်ထွက်ခဲ့ကြပြီးပြီ ဖြစ်သလို၊ သူတို့ဘဝများကို တကြိမ်ပြီး တကြိမ် စွန့်လွှတ်စတေး၍ လက်နက်ကိုင် တော်လှန်ရေးများလည်း ဆင်နွှဲခဲ့ကြဖူးပြီ ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တိုင် စစ်အာဏာရှင်များက တိုင်းပြည်ကို ချုပ်ကိုင်ထားကြဆဲဖြစ်ပြီး၊ ရာစုနှစ် တဝက်မျှပင် ရှိတော့မည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးအပြီး ၂၂ နှစ်အကြာ၌ (နအဖ) စစ်အစိုးရက ယခင်အခြေအနေနှင့်မတူ ပို၍ ခိုင်မာအားကောင်းသည့် အနေအထားတွင် ရှိနေသည်။ အနောက်နိုင်ငံများက ချမှတ်ဒဏ်ခတ်ခဲ့သည့် စီးပွားရေးဒဏ်ခတ် အရေးယူမှုကို ကြံ့ကြံ့ခံရပ်တည်နိုင်သလို၊ တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များကို အသုံးချ၍ သူ့အတွက် ဝင်ငွေဘဏ္ဍာများလည်း တိုးပွားနေသည်။ နိုင်ငံတကာ မျက်နှာစာတွင်လည်း ၎င်းအပေါ် အရေးယူ ဒဏ်ခတ်ရန် တင်ပြကြိုးပမ်းလာသမျှ ကိစ္စအားလုံးအပေါ် ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ဗီတိုအာဏာ ဒိုင်းလွှားနောက်တွင် သက်တောင့်သက်သာပင် အကာအကွယ်ယူ၍ ရှောင်လွှဲနေနိုင်သေးသည်။ ပြည်တွင်းမျက်နှာစာတွင်လည်း လမ်းမပေါ် ထွက်လာကြသည့် လူထုများ၏ ဆန္ဒများကို လျစ်လျူရှု၍ နေနိုင်သေးသည်။ မကြာသေးမီက ၂ဝဝ၇ ခုနှစ် သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများကိုလည်း ရက်စက်စွာ အကြမ်းဖက်ချေမှုန်းခဲ့သည်ကို တွေ့ကြရမည် ဖြစ်သည်။

မကြာသေးမီက ပါတီများ မှတ်ပုံတင်ရန် ဥပဒေ ထုတ်ပြန်ကြေညာခဲ့သည့်အခါ အဓိကအတိုက်အခံ ပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စိုးရိမ်ပူပန်နေသည့်ဟန် တွေ့ရသည်။ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များက လက်နက်ကိုင်ထားကြသော်လည်း စစ်အစိုးရအတွက် ခြိမ်းခြောက်မှု မလုပ်ဆောင်နိုင်ကြတော့ပါ။ သို့အတွက်ကြောင့် (နအဖ) စစ်အစိုးရက ရွေးကောက်ပွဲများ ကျင်းပလာပါက အသာစီးအနေအထားက ယူ၍ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ အရေးနိမ့်၍ အောက်စည်းက ကျင်းပရသည့် ရွေးကောက်ပွဲမျိုး မဟုတ်ပါ။ သို့အတွက်ကြောင့် အတိုက်အခံအင်အားစုများက တောင်းဆိုချက်များ အားလုံးကို မကြားချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။

ပေးလာသည့် အခွင့်အရေးတိုင်းတွင် ဒီမိုကရေစီကို တိုက်ယူရန် လိုအပ်သည်။

နိုင်ငံရေးအရ အဓိကကျသည့် တိုက်ပွဲစစ်မျက်နှာသည် ဥပဒေပြုရေးလွှတ်တော် ရွေးကောက်ပွဲများတွင် ရှိလာလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ဤနေရာတွင်ပင် မြန်မာပြည်သူများအဖို့ ကျန်ရှိသည့် ၇၅ % သော ကိုယ်စားလှယ်နေရာများကို ရယူရန် အခွင့်အလမ်း ရှိသောကြောင့် ဖြစ်သည်။ ဒီမိုကရေစီ အတိုက်အခံများအနေနှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နှင့် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) တွင် နေရာတိုင်း၌ တိုက်ပွဲဝင် ယှဉ်ပြိုင်ကြရခြိမ့်မည် ဖြစ်သည်။ အတိုက်အခံများက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် နိုင်ငံတော်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် လွှတ်တော်နေရာများ အားလုံး၊ တရားရုံးများအားလုံး၊ သတင်းမီဒီယာများနှင့် အရပ်ဘက် အဖွဲ့အစည်းများကိုသုံး၍ တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။

သို့သော်လည်း အရေးကြီးသည်မှာ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြရလိမ့်မည် ဖြစ်သည်။ အတိုက်အခံ လွှတ်တော်အမတ်များက အနိုင်ရသည့် နေရာတိုင်းသည် ဒီမိုကရေစီပန်းတိုင်အတွက် တွန်းဆော်နိုင်ရန် ရှေ့တလှမ်းတိုးလာခြင်းသာ ဖြစ်သည်။ မြန်မာစကားပုံ "တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ" ဆိုသည်လည်း ရှိသည်မဟုတ်ပါလား။

ရွေးကောက်ပွဲဖြင့် တက်လာမည့် အာဏာရှင်စနစ်မှ ရှောင်လွှဲနိုင်ရေး

အီရန်မှသည် ဇင်ဘာဘွေနိုင်ငံများ၏ အတွေ့အကြုံအရ ရွေးကောက်ပွဲများတွင် အတိုက်အခံ လှုပ်ရှားမှုများက ပါဝင်ယှဉ်ပြိုင်လေ့ရှိကြပြီး၊ ရွေးကောက်ပွဲအတွင်း မသမာမှုများကို ဖော်ထုတ်ဆန့်ကျင် ဆန္ဒပြကြသည့်အခါ အာဏာရှင်အစိုးရများအတွက် နိုင်ငံတကာတွင် တရားဝင်မှုကို လျှော့ကျဆင်းစေအောင် အကြီးအကျယ် စိန်ခေါ်နိုင်ခဲ့ကြသည်။ ထို့အပြင် အတိုက်အခံများ၏ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုသည်လည်း အရေးကြီးလှသည်။ သို့မှသာ ရွေးကောက်ပွဲဖြင့် တက်လာမည့် အာဏာရှင်စနစ်မှသည် ပွင့်လင်းလွတ်လပ်လာမည့် လမ်းကြောင်းဆီသို့ ပြောင်းလဲအောင် ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲများက အပြစ်အနာအဆာများ ရှိနေသည်ထားဦး။ မိမိတို့အတွက် ရလဒ်ကောင်းထွက်စေရန် ဆောင်ရွက်နိုင်သေးသည်။ လေ့လာချက်များအရ ရွေးကောက်ပွဲများကြောင့် နိုင်ငံရေး ဆောင်ရွက်လှုပ်ရှားသူများအဖို့ ပို၍ လှုပ်ရှားနိုင်ရန် နေရာ ဖြစ်ပေါ်လာပြီး၊ လက်တင်အမေရိက နိုင်ငံများတွင် ရွေးကောက်ပွဲများမှတဆင့် နိုင်ငံရေးအခွင့်အလမ်း တစုံတရာ ပွင့်လင်းလာစေပြီး၊ လူအများကို စည်းရုံးလှုပ်ရှားနိုင်ရန် ပို၍အာဏာ ရှိလာစေသည်။ သူတို့၏ အရေးကိစ္စများအတွက် ပို၍ လှုပ်ရှားလာနိုင်ကြသည်။ ရွေးကောက်ပွဲသက်တမ်း အကြိမ်အနည်းငယ် အတွင်းမှာပင် အဓိကကျသည့် နိုင်ငံရေးပါတီများ အကြား၌ မယုံသင်္ကာစိတ်များလည်း လျှော့နည်းကျဆင်းလာကြသည်။ ထိုထက်ပို၍ ပြောရလျှင် အကြီးအကျယ် မတရား ပြုမူညစ်ပတ်ခဲ့ကြသည့် ကုတ်ဒီဗွား Cote d’Ivoire နိုင်ငံ၏ ၂ဝဝဝ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၊ မဒါဂါစကား (၂ဝဝ၁) ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် မာလာဝီ (၁၉၉၉ ခုနှစ်) ပါလီမာန်ရွေးကောက်ပွဲ၊ နမီးဘီးယား (၁၉၈၉ ခုနှစ်) ပါလီမာန် ရွေးကောက်ပွဲများတွင်ပင် အတိုက်အခံများက အနိုင်ရရှိခဲ့ကြသည်။ ဤသို့ အတိုက်အခံများက ရန်ဘက်အားလုံးကို အနိုင်ရယူနိုင်ခဲ့သည့် ရွေးကောက်ပွဲများကို ကြည့်လျှင် သူတို့တွင် ညီညွတ်စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု ရှိသည်ကို တွေ့ကြရလိမ့်မည်။ အချို့သော ဖြစ်ရပ်များတွင်လည်း မျိုးဆက်ဟောင်း ခေါင်းဆောင်များက ထွက်သွားကြသည့်အခါ သို့မဟုတ် မျိုးဆက်သစ် နိုင်ငံရေးခေါင်းဆောင်များအကြား အသစ်သော ဖွဲ့စည်းပုံများ ညှိနှိုင်းသဘောတူနိုင်ကြသည့်အခါ ရွေးကောက်ပွဲ သက်တမ်း ၂- ခု၊ ၃-ခုတွင် ရလဒ်ကောင်းများ ထွက်လာသည်ကို တွေ့ကြရသည်။

မြန်ဆန် လွယ်ကူစွာ အောင်ပွဲရမည်လော။ မဖြစ်နိုင်ပါ။

အောင်ပွဲအတွက် သေချာ အာမခံနိုင်ပါမည်လော။ မဟုတ်ဟု ဖြေရပါလိမ့်မည်။ ဒီမိုကရေစီ အစစ်အမှန် ရရှိရန်ဆိုလျှင် ရှည်ကြာခက်ခဲသော လမ်းကို ချီတက်ရရန် ရှိနေပါသေးသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ အာဏာရှင်အစိုးရများက သူတို့တရားဝင်မှုရရန် ရွေးကောက်ပွဲများကို ကျင်းပပေးလေ့ ရှိကြပါသည်။ ထို့အပြင် အာဏာလက်ရှိ ရှိနေကြသူများအဖို့ နည်းမျိုးစုံသုံး၍ သူတို့ ရည်မှန်းချက် ပြည့်ဝစေရန် ဆောင်ရွက်ကြမည် ဆိုသည်ကိုလည်း သံသယရှိစရာ မလိုအပ်ပါ။ အခြားသော အာဏာရှင်စနစ်ပုံစံ တမျိုးဖြင့် အစားထိုးရန်လည်း ကြိုးပမ်းကြပါဦးမည်။

မည်သို့ပင် ဖြစ်စေ၊ ၁၉၆ဝ ခုနှစ်နှင့် ၁၉၉ဝ ခုနှစ်များတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မြန်မာလူထု များ မဲထည့်ခဲ့ကြသည့်ပုံစံကို ပြန်ကြည့်ပါက အမှန်တကယ်သာ ရွေးချယ်ခွင့် ရပါက၊ မည်မျှ မသမာမှုများ ရှိနေပါစေ၊ သူတို့ လိုလားသူကို မဲပေးခဲ့ကြသည်ကို တွေ့နိုင်ပါသည်။ စစ်အစိုးရက ဖန်တီးလာမည့် လူထုဆန္ဒအတုအယောင်ကို ရနိုင်သမျှ နည်းမျိုးစုံဖြင့် ငြင်းပယ်ရေးသည် ဒီမိုကရေစီအတိုက်အခံအားလုံး၏ တာဝန်တခုပင် ဖြစ်ပါသည်။ မြန်မာပြည်သူများအတွက် ရွေးချယ်နိုင်ခွင့်၊ ငြင်းပယ်နိုင်ခွင့် အာဏာကို ပေးရပါလိမ့်မည်။

ဤအချက်များ အားလုံးကို ထည့်သွင်းစဉ်းစားပါက ရွေးကောက်ပွဲကို ဖယ်ကျဉ်၍ ထွက်ပြေးခြင်းဖြင့် စစ်အာဏာရှင်တို့ အလိုရှိနေကြသည့် တရားဝင်မှုကို အသင့်ပေးလိုက်ရာကျမည် ဖြစ်ပါကြောင်း... ။

ဒေါက်တာထွန်းကျော်ငြိမ်းသည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည့် တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားတဦး ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်လျက် ရှိသည်။ ယခုအခါ ပင်ဆင်လ်ဗေးနီးယားရှိ မစ်ဆာရီ ကော်ဒီးယားတက္ကသိုလ် (Misericordia University)၊ သက်ကြီးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ကြားရေးဌာန Center for Adult and Continuing Education တွင် ပါမောက္ခချုပ် (Dean) အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

ဒေါက်တာထွန်းကျော်ငြိမ်း ရေးသားသည့် If we boycott the elections we abandon the fight ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ရွေးကောက်ပွဲအာဏာရှင်စနစ်

ဦးအောင်ခင် / ၂၃ ဇွန် ၂၀၀၉


လွန်ခဲ့တဲ့ ဇွန်လ (၈) ရက်နေ့က ကြပ်ပြေးနေပြည်တော်ကို စင်ကာပူဝန်ကြီးချုပ် ဟောင်း ဂိုချောက်ထောင် လာသွားတုန်းက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မြန်မာပြည်မှာ ကျင်းပနိုင်ဖို့ အရေးကြီးတယ်လို့ သတိပေးစကား ပြောသွားတယ်။ အဲဒီတော့ ကြပ်ပြေးသန်းရွှေနဲ့ တပည့်ကျော် သိန်းစိန်တို့က လည်း ရှေ့နှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ့်အကြောင်း အာဆီယံ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်း နဲ့ မြန်မာပြည်သားတွေရဲ့ စိုးရိမ်ပူပန်မှုကို အရေးတယူစဉ်းစားရမှာဖြစ်ကြောင်း ဂိုချောက်ထောင်ကို ပြောပြတယ်လို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းမှာ ဖော်ပြတယ်။

နိုင်ငံခြားခေါင်းဆောင်နဲ့တွေ့တော့လည်း အလိုက်အထိုက် နားခံသာအောင် ကြပ်ပြေးသန်းရွှေက ပြောရတာပေါ့။ “ငါ့ကိုလာမပြောနဲ့ ငါထင်သလိုလုပ်နေတာ အနှစ် (၂၀) ရှိပြီ” လို့တော့ ဘယ်ပြောမလဲ။ စင်ကာပူအစိုးရဟာ ရွေးကောက်ပွဲ ပုံမှန်ကျင်းပပြီး အာဏာရှင်လိုအုပ်ချုပ်နေလို့ အတိုက်အခံတွေ စင်ကာပူမှာ ဒုက္ခရောက်နေတာကို ကြပ်ပြေးက သိပုံရတယ်။ စင်ကာပူအစိုးရ ကောင်းတာတွေကို အတုမခိုးဘဲ မကောင်းတာတွေကို အတုခိုးဖို့ ကြပ်ပြေးတို့အဖွဲ့ ကြံစည်နေတာကို ဂိုချောက်တောင်း မသိဘူး။

ပြည်သူတွေ ၀င်ထွက်သွားလာလို့မရတဲ့ ကြပ်ပြေးနေပြည်တော်က ပြည်သူ့အနာဂတ်ကို ဆုံးဖြတ်တာဟာ ရွေးကောက်ပွဲပါပဲ။ ကြပ်ပြေးသန်းရွှေ အမိန့်ပေးတဲ့အတိုင်း ကြံ့ဖွံ့ကလိုက်လုပ်လို့ ပေါ်ထွက်လာတဲ့ နိုင်ငံရေးစနစ်ပဲ။ ပါတီစုံရွေးကောက်ပွဲလုပ်ပြီး အာဏာရှင်စနစ်သစ် တည်ဆောက်တာဖြစ်တယ်။ ဒီစနစ်သစ်ဟာ တပါတီအာဏာရှင်နဲ့ မတူ စစ်အာဏာရှင်လည်းမဟုတ်ဘဲ ကြပ်ပြေးကြံ့ဖွံ့စနစ်ဖြစ်တယ်။

ရွေးကောက်ပွဲကျင်းပတိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်တာမဟုတ်ဘူး။ ပါတီမျိုးစုံကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပြုထားပေမယ့် တဖက်ကလည်း ဒီမိုကရေစီအခြေခံသဘောတရားကို အကြီးအကျယ်ချိုးဖောက်ထားရင် “ရွေးကောက်ပွဲအာဏာရှင်စနစ်” ဖြစ်တယ်လို့ မက်ဆီကိုမြို့တော်က နိုင်ငံရေးသိပ္ပံပါမောက္ခ Andreas Schedler က အမည်ပေးထားတယ်။

ရွေးကောက်ပွဲအာဏာရှင်စနစ်မှာ ဒီမိုကရေစီသဘောတရားကို မကျင့်သုံးသလို အမြဲတမ်းဖိနှိပ်တဲ့နည်းကိုလည်း မသုံးဘူး။ ဒီမိုကရေစီလိုလားသူတွေ ကျေနပ်သွားအောင် ရွေးကောက်ပွဲကျင်းပပေးပြီး တချိန်တည်းမှာပဲ အမြဲတမ်း အနိုင်ရအောင် ရွေးကောက်ပွဲကို ချုပ်ကိုင်ထားတယ်။ ရွေးကောက်ပွဲမှာ အစိုးရပါတီ အနိုင်ရအောင် လုပ်ထားတဲ့အ တွက် အာဏာစွန့်လွှတ်စရာမလိုဘူး။ ရွေးကောက်ပွဲကို ခုတုံးလုပ်ပြီး အာဏာရှင်စနစ်သစ် တည်ထောင်တာကို လေ့လာမယ်ဆိုရင် ဒီမိုကရေစီရွေးကောက်ပွဲရဲ့ စံသတ်မှတ်ချက်တွေကို ပြန်လည်ဆန်းစစ်ရလိမ့်မယ်လို့ ပါမောက္ခ Schedler က ဆိုတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ (Liberal democracy)၊ ရွေးကောက်ပွဲဒီမိုကရေစီ (Electoral democracy)၊ ရွေးကောက်ပွဲအာဏာရှင်စနစ် (Electoral authoritarianism) စသဖြင့် ပုံစံအမျိုးမျိုး ရှိပါတယ်တဲ့။
ပါတီစုံရွေးကောက်ပွဲကျင်းပရုံနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို မကျင့်သုံးနိုင်ပါဘူး။ ဒီမိုကရေစီအခြေခံအုတ်မြစ်တွေဖြစ်တဲ့ တရားတဲ့ ဥပဒေစိုးမိုးမှု၊ တာဝန်သိမှု၊ အုပ်ချုပ်ရေးယန္တရားသိက္ခာရှိမှု၊ ပြည်သူလူထုပါဝင်ဆွေးနွေးမှု စတာတွေ ခိုင်မာ ဖို့ လိုပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီကျင့်သုံးရေးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ လိုပါ တယ်။ ရွေးကောက်ပွဲဒီမိုကရေစီစနစ်မှာ အနိမ့်ဆုံးစံသတ်မှတ်ချက်ကို လိုက်နာပေမယ့် ရွေးကောက်ပွဲအာဏာရှင် စနစ်မှာ စံသတ်မှတ်ချက် လုံးဝမရှိပါ။ ဒါကြောင့် ရွေးကောက်ပွဲဟာ စံသတ်မှတ်မှု (၇) ခုနဲ့ ကိုက်ညီဖို့ လိုတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပချိန်ဟာ ပြည်သူ့လက်ထဲ အာဏာရောက်လာတဲ့ အချိန်အခါပါပဲ။ လက်ထဲက ဆန္ဒမဲဟာ ပြည်သူ့အာဏာဖြစ်တာမို့ မဲမပေးမီ အလေးအနက် လေ့လာခွင့်ရဖို့ကိစ္စဟာ ပထမလိုအပ်ချက်ဖြစ်တယ်။ ဒုတိယအချက်က ဆန္ဒမဲမပေးမီ သတင်းအချက်အလက်ကို လွတ်လပ်စွာရရှိဖို့ဖြစ်တယ်။ အစိုးရပေးတဲ့ သတင်းကိုသာ ရနေတာဟာ ဒီမိုကရေစီမဟုတ်ဘူး။

ဘက်ပေါင်းစုံကသိရအောင် သတင်းမျိုးစုံကို ရနိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲယှဉ်ပြိုင် အရွေးခံသူအားလုံး မဲဆန္ဒရှင် တွေနဲ့ လွတ်လပ်စွာ ဆက်သွယ်နိုင်ဖို့က တတိယအချက်ပါ။ ဒီလိုမလုပ်နိုင်ရင် အစိုးရဆင်ထားတဲ့အတိုင်း မဲပေးရမ လိုဖြစ်နေတယ်။ စတုတ္ထအချက်က စိတ်ရောဂါရှင်နဲ့ အကျဉ်းသားကလွဲပြီး အရွယ်ရောက်တဲ့ နိုင်ငံသူနိုင်ငံသားတိုင်း ဆန္ဒမဲပေးခွင့်ရှိရေးပဲဖြစ်တယ်။

ပဉ္စမလိုအပ်ချက်ကတော့ မဲဆန္ဒရှင်ကို အကာအကွယ်ပေးနိုင်ဖို့ပါပဲ။ မိမိထောက်ခံတဲ့ အမတ်လောင်းကို မကြောက်မရွံ့ဆန္ဒမဲပေးပြီး ခြိမ်းခြောက်မှု၊ ဖိအားပေးမှုနဲ့ လာဘ်ထိုးမှုရန်ကို ကာကွယ်နိုင်အောင် လျှို့ဝှက်မဲပေး စနစ်ကို သုံးရတာဖြစ်တယ်။ မှတ်ကန်ပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် ကျွမ်းကျင်ပြီး ဘက်မလိုက်တဲ့ အဖွဲ့က ဆန္ဒမဲကို ရေတွက်ရပါတယ်။ ဒါဟာ ဆဋ္ဌမစံသတ်မှတ်ချက်ဖြစ်ပါတယ်။ သတ္တမနဲ့ နောက်ဆုံးအချက်ကတော့ ရွေးကောက်ပွဲမှာအနိုင်ရသူကို အာဏာအပြည့်အ၀အပ်နှင်းပြီး အစိုးရဖွဲ့ခွင့်ပေးတာပါပဲ။ ဒီ (၇) ချက်နဲ့ ကိုက်ညီမှသာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်။

အစိုးရအပြောင်းအလဲမဖြစ်ဘဲ ဆက်တိုက်အာဏာရနေဖို့အတွက် ရွေးကောက်ပွဲကို အမျိုးမျိုးကြိုးကိုင်ပြီး ခြယ်လှယ် နိုင်တယ်။ ရွေးကောက်ပွဲနိုင်သူကို အရေးမကြီးတဲ့နေရာပေးပြီး အမြင့်ဆုံးနေရာကို အာဏာရှင်အသိုင်းအ၀ိုင်းက လက်ဝါးကြီးအုပ်ထားတဲ့နည်းလည်း ရှိတယ်။ အင်္ဂလိပ်ကိုလိုနီအစိုးရ သုံးသွားတဲ့ နည်းဟောင်းပါပဲ။ အစိုးရအာဏာ ကိုသုံးပြီး ယှဉ်ပြိုင်မယ့် ပါတီနဲ့ပုဂ္ဂိုလ်ကို ချုပ်ချယ်ကန့်သတ်တာမျိုးလည်း လုပ်တတ်တယ်။ အတိုက်အခံပါတီ အနိုင်မရအောင် တမင်အကွက်ဆင်တာပါပဲ။ ရွေးကောက်ပွဲ စည်းမျဉ်းရေးတဲ့အခါမှာ အစိုးရမကြိုက်တဲ့ပါတီနဲ့ ပုဂ္ဂိုလ် တွေ ယှဉ်ပြိုင်ခွင့်မရှိအောင် တမင်ရေးဆွဲတာမျိုးလည်းရှိတယ်။ ဥပမာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမ၀င်နိုင်အောင် စည်းမျဉ်းရေးထားတာမျိုးပါပဲ။

ရွေးကောက်ပွဲ ယှဉ်ပြိုင်သူတွေအကြောင်း မဲဆန္ဒရှင် အပြည့်အစုံမသိနိုင် အောင် ချုပ်ချယ်တာမျိုးလည်း ရှိတယ်။ အတိုက်အခံပါတီကို လွတ်လပ်စွာ စည်းရုံးရေးဆင်းခွင့်မပြုတာဟာ ခြယ်လှယ်နည်းတမျိုးပါပဲ။ အတိုက်အခံကို မဲပေးမယ်လို့ ယူဆရတဲ့ မဲဆန္ဒရှင်တွေ မဲမပေးနိုင်အောင် လုပ်တဲ့နည်းကို မကြာခဏသုံးတတ်တယ်။ အသုံးအများဆုံးက မှတ်ပုံတင်ကို ခြယ်လှယ်တဲ့ နည်းပါပဲ။ မဲဆန္ဒရှင်မှတ်ပုံတင်စာရင်းမှာ နာမည်ထပ်တိုးတာနဲ့ ဖျက်ပစ်တာမျိုး တွေ လုပ်တတ်တယ်။ တမင်တကာ မှတ်ပုံမတင်ဘဲထားတာမျိုးနဲ့ အတင်းအဓမ္မ နေရာရွှေ့ပြောင်းပစ်တာမျိုးလည်း ရှိတယ်။

မဲဆန္ဒရှင်တွေ စိတ်ကြိုက်မဲမပေးနိုင်ဘဲ အစိုးရပါတီကိုသာ မဲပေးလာအောင် အမျိုးမျိုးအကြမ်းဖက် ခြောက်လှန့်တဲ့ နည်းရှိပါတယ်။ ဆင်းရဲသားတွေရဲ့ ဆန္ဒမဲကို ၀ယ်ယူတဲ့နည်းကို သုံးကြတာလည်းရှိတယ်။ ယှဉ်ပြိုင်သူ အမတ်လောင်းကို အကြမ်းဖက်တိုက်ခိုက်တဲ့နေရာမှာ ဇင်ဘာဘွေဟာ နာမည်ကြီးတယ်။ နိုင်မယ်ထင်လို့ ရွေးကောက်ပွဲ ကျင်းပပေးလိုက်ပြီး မသေချာမရေရာဖြစ်လာတော့မှ မဲပုံးမီးရှို့ပစ်တာမျိုး၊ မှတ်ပုံတင် အတုလုပ်တာမျိုး စတဲ့ ကလိမ်ကကျစ်နည်းတွေလည်း ရှိတယ်။ မလေးရှားနိုင်ငံမှာ တော့ အစိုးရပါတီအနိုင်ရဖို့အတွက် မဲဆန္ဒနယ်မြေ ပိုင်းခြားမှုကို ကလိမ်ကျပြီး အကွက်ဆင်လေ့ရှိတယ်။

ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်မရှိဘဲ အာဏာရှင်အသိုင်းအ၀ိုင်းရဲ့ အခိုင်းခံဘ၀ရောက်နေတာတွေလည်း ရှိတယ်။ ရွေးကောက်ပွဲနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ စနစ်ဟောင်းရဲ့ အာဏာစက်ယန္တရားကို မကျော်လွန်နိုင်တဲ့သဘောပဲ။ အာဏာရှင်ကြီးစိုးတဲ့ တိုင်းပြည်မှာ ရွေးကောက်ပွဲ ကျင်းပတိုင်း အတိုက်အခံကရှုံးတယ်။ ပီရူးနိုင်ငံက ဖူဂျီမိုရီ၊ ဆားဗီးယားနိုင်ငံက မီလိုဆိုဗစ်တို့ဟာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထူထောင်သူတွေပါ။ ကင်းယား၊ တူရကီ၊ မလေးရှားနဲ့ စင်ကာပူမှာလည်း ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ်ကျင့်သုံးနေတာ နှစ်ပေါင်းအတော်ကြာပါပြီ။ သူတို့လိုဖြစ်အောင် ကြပ်ပြေးသန်းရွှေနဲ့ ကြံ့ဖွံ့အဖွဲ့က ကြိုးစားနေတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (နအဖ ဥပဒေ အမှတ် - ၁/ ၂၀၁၀) ကို ဝေဖန်သုံးသပ်ခြင်း

ဦးမျိုး (ဥပဒေ) / ၁၉ မေ ၂၀၁၀


မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ရွေးကောက်ပွဲဥပဒေမှာ (၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် - ၆၅ ) “၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲအက်ဥပဒေ” ဖြစ်သည်။ တဆက်တည်း ပါလီမန်ရွေးကောက်ပွဲ နည်းဥပဒေများကိုလည်း ပြဋ္ဌာန်းပြီး ကျင်းပခဲ့ပါသည်။ သို့သော် ယခုကဲ့သို့ တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်ပါရှိသော အမျိုးသားလွှတ်တော်တွင် (၂၂၄) ဦးအနက် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သော စစ်သားကိုယ်စားလှယ် (၅၆) ဦးနေရာနှင့် ပြည်သူ့လွှတ်တော်တွင် (၄၄၀) ဦးအနက် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သော စစ်သားကိုယ်စားလှယ် (၁၁၀) ဦး နေရာတို့ကို ကြိုတင်သတ်မှတ်ထားခဲ့ခြင်းမျိုး မရှိပါ။ မဲပေးခြင်းဆိုင်ရာမူကို ချိုးဖောက်ပြီး နေရာရယူ သတ်မှတ်ထားခြင်းမျိုးကို အလျဉ်းမတွေ့ရပါ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေပြုကဏ္ဍ အဆင့်အသီးသီးတို့တွင် တပ်မတော်သား (၂၅) ရာခိုင်နှုန်း ပါဝင်စေရန် နေရာကြိုတင်သတ်မှတ်ထားခြင်းမျိုးလည်း လုံးဝမပါရှိပါ။ တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် စရွေးကိုက် အံဝင်ခွင်ကျဖြစ်စေရန် ပြဋ္ဌာန်းလာသည့် နအဖ ဥပဒေ အမှတ် ၁/၂၀၁၀ ရွေးကောက်ပွဲကော်မရှင် ဥပဒေ၏ ဘက်လိုက်မှု မတရားမှုအားလုံးကို ဖော်ထုတ်ရန် လိုအပ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ - ၂၀၁ ပါ (က) မှ (ဍ) အထိ သမ္မတ၊ ဒုသမ္မတ၊ ဒုသမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ စုစုပေါင်း (၁၁) ဦးစလုံးမှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မည့် စစ်အုပ်စု ဗိုလ်ချုပ်ကြီးများသာဖြစ်ကြောင်း တွေ့ရပါသည်။ ထို (၁၁) ဦး၏ အမည်စာရင်းကို ရွေးကောက်တင်မြှောက်ခြင်း မပြုမီကပင် နေပြည်တော်တွင် စာရင်းထွက်ပြီးသားရှိပါသည်။ (၁၁) ဦး စစ်အုပ်စုက စိတ်ကြိုက် ခေါင်းစဉ်လိုက်ရွေးချယ်သွားမည့် ကော်မရှင်ဥပဒေကို ၉.၃.၂၀၁၀ နေ့စွဲဖြင့် ထုတ်ပြန်လာပါသည်။ သမိုင်းကို မအအောင် (ငတုံး ငအ) မဖြစ်အောင် သင်ကြားထားပြီးသော တိုက်ပွဲဝင်ပြည်သူများအနေဖြင့် မတရားသည့် အမိန့်အာဏာမှန်သမျှ ဆန့်ကျင်တိုက်ဖျက်ပစ်ရန် လိုပါသည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ - ၄၄၃ (ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။) နှင့်အညီ ပြဋ္ဌာန်းသည်ဟုလည်း ဖော်ပြထားသည်။ နအဖကောင်စီကို သော်လည်းကောင်း၊ နအဖကောင်စီ၏ လုပ်ငန်းရပ်များကိုသော်လည်းကောင်း ၂၀၀၈ အခြေခံဥပဒေထဲတွင် ကြိုတင်ပြင်ဆင် ထည့်သွင်းထားခြင်းကိုယ်နှိုက်က မတရားဘက်လိုက်မှုကို ကြီးကြီးမားမား လုပ်ဆောင်သွားမည်ဟု စိန်ခေါ်ထားကြောင်း တွေ့ရသည်။ သွားလေသူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ပြောခဲ့သည့် သူတို့အစိုးရဟာ တဆက်တည်း အုပ်ချုပ်သွားမည့် အစိုးရဖြစ်ကြောင်း ပြောခဲ့သည့် စကားအတိုင်း အမှန်တကယ် လုပ်ချလိုက်ခြင်းဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း တွေ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဗြောင်လိမ်စရာ မလိုအပ်တော့။ ယခု နအဖစစ်အစိုးရသည် ၂၀၁၀ နအဖစစ်အစိုးရသာဖြစ်ကြောင်းကို ပြည်သူတွေက မျောက်လောင်း မျောက်လောင်းပါပဲဗျာ ပြောကုန်ကြပြီ။

ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ထုတ်ပြန်သည်က နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းပေးသည်က နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦး။ ကော်မရှင်အဖွဲ့ဝင်တဦးချင်းကို စစ်ဆေးကြည့်လိုက်ပါက ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် အဖွဲ့ဝင် (၄၅) ဦးထဲမှာ ပါဝင်ခဲ့သည့် လခစားဝန်ထမ်းများသာ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ၎င်းပုဂ္ဂိုလ်အားလုံးမှာ နအဖနှင့် ကြံ့ဖွံ့ မတော်မတရားလုပ်ခဲ့သည့် အမှုတိုင်းလိုလိုမှာ ပါဝင်ခဲ့သည့် နာမည်ပျက်နှင့် ကျော်ကြားသော လူမရိုသေ ရှင်မရိုသေ လူမသိသူမသိ လခစား မင်းတိုင်းကျေများသာဖြစ်ကြောင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သိကြပါသည်။ ယခုကော်မရှင်ဥပဒေ (၁/၂၀၁၀) ပုဒ်မ - ၄ (ခ) တွင် “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယူဆသူဖြစ်ရမည်” ဟု ပေါ်လွင်စွာ ဖော်ပြထားသည်။ နအဖ စစ်ကောင်စီက ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် ယူဆသူများသာဖြစ်ရမည် ဆိုသောကြောင့် နအဖဘက် ဘက်လိုက်သူများသာ ဖြစ်နေပါသည်။ ဘက်လိုက်မှုကြီးစွာ တရားမျှတမှုကင်းမဲ့စွာဖြင့် ရွေးကောက်ပွဲ ကန်လန့်ကာရှေ့ ထွက်ပြလာပါသည်။

ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ- ၄ (စ) အရ “ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။ အခြားရာထူးဆိုသည်မှာ ကော်မရှင်ရာထူးမှလွဲ၍ မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရသူသာ ဖြစ်ရပါမည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး အပါအ၀င် ကော်မရှင်အဖွဲ့ဝင်အားလုံးမှာ အစိုးရ၀န်ထမ်းဘ၀မှ ထွက်နှင့်ပြီးသားဖြစ်ရပါမည်။ သို့မဟုတ်ပါက နိုင်ငံရေးနှင့် ကင်းရှင်းသူ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်ဆိုသော ဤဥပဒေ ပုဒ်မ - ၄ (င) ကို ချိုးဖောက်နေသူများဖြစ်၍ ကော်မရှင်တဖွဲ့လုံး ဥပဒေချိုးဖောက်သူများအဖြစ် ရာဇ၀တ်ကောင်များကဲ့သို့ နိုင်ငံတကာမြင်ကွင်းတွင် ကြည့်မကောင်း မြင်မကောင်း အမြင်မတော်ဖြစ်နေသည်။

ဤကော်မရှင် ဥပဒေပုဒ်မ - ၂ (စ) တွင် “ကော်မရှင်ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက်လည်းကောင်း ဤဥပဒေနှင့်အညီ ဖွဲ့စည်းသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆိုသည်” ဟု ဖော်ပြထားပြီး ဤဥပဒေ ပုဒ်မ-၈ တွင် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပုဒ်မ ၈ (ဋ) တွင် “နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း” ဟု ထပ်ဆင့်ပြဋ္ဌာန်းထားပြန်သည်။

ရွေးကောက်ပွဲကော်မရှင်မှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းရပ်များတွင်သာ တခုတည်းသော တာဝန်ရှိပါသည်။ နိုင်ငံရေးပါတီများနှင့် လုံးဝကင်းရှင်းနေရမည်ဖြစ်ပြီး ပါတီနိုင်ငံရေးထဲတွင် ပါဝင်ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းများ လုပ်ရသည့် အဖွဲ့မျိုးမဟုတ်ပါ။ ဘက်လိုက်မှု လုံးဝကင်းရှင်းနိုင်ရန် ဥပဒေအရပင် တားမြစ်ပိတ်ပင်ထားလေ့ရှိပါသည်။ ရွေးကောက်ပွဲဆိုင်ရာ သမိုင်းအချက်အလက်များကို ပြန်လည်ငဲ့စောင်းကြည့်လိုက်လျှင် ပါလီမန်ခေတ်ကာလက ယခုစစ်အုပ်စု၏ ဘိုးအေ ဗိုလ်နေ၀င်းကိုယ်တိုင်က ရွေးကောက်ပွဲတွင် ခြေလွန်လက်လွန် တည်မြဲတို့ မဲရရှိရန် လူသိရှင်ကြား ဘက်လိုက်ကြသည်ဟု အကြောင်းပြကာ မိမိမလိုလားသူ စစ်ဗိုလ်ကြီးများအချို့ကို လျှို့ဝှက်အစည်းအဝေးသို့ ဗိုလ်နေ၀င်းကိုယ်တိုင် တင်သွင်း၍ ရာထူးမှထုတ်ခဲ့သည်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်မှူးကြီး အေးမောင်၊ ဗိုလ်မှူးကြီး တင်မောင်၊ ဗိုလ်မှူးကြီး လူမော်၊ ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဗိုလ်မှူးကြီး သိန်းတုတ်နှင့် ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်တို့အား ပင်စင်လစာပေး၍ တပ်မှ အနားယူကြစေသည်။(ကြေးမုံ ဦးသောင်း - ရွှေကညစ်နှင့် ရေးကာ စာကိုစီ၊ စာ-၁၂၅) ဟု ဖတ်မှတ်ဖူးပါသည်။ ဘက်လိုက်မှု လုံးဝကင်းရှင်းစေရန် တွေ့ရသော ဖြစ်ရပ်သာဓကတခု ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပါတီစုံရွေးကောက်ပွဲကို ငါးကြိမ်တိုင်တိုင် ကျင်းပခဲ့ဖူးပါသည်။
၁။ ပထမအကြိမ် ၁၉၄၇ ဧပြီ (၉) ရက်နေ့တွင် ကျင်းပခဲ့သည်။ အမတ်နေရာ (၂၂၅) နေရာတွင် ဖဆပလအဖွဲ့ချုပ်က (၉၇) ရာခိုင်နှုန်း အနိုင်ရပြီး သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီက အမတ် (၈) နေရာ အနိုင်ရခဲ့သည်။
၂။ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၅၂ ခုနှစ်တွင် ကျင်းပသည်။
၃။ တတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ်တွင် ဖဆပလ အုပ်ချုပ်မှုအောက်၌ ပုံမှန်ကျင်းပခဲ့သည်။
၎။ စတုတ္ထအကြိမ် ရွေးကောက်ပွဲဖြစ်သည့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရနာမည်ခံပြီး မလွှဲမရှောင်သာ ကျင်းပပေးခဲ့သည်။
၅။ ပဉ္စမအကြိမ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း မလွှဲမရှောင်သာ စစ်အုပ်စုက လုပ်ပေးခဲ့သည်။ မဲ (၈၂) ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့သည်။ န၀တ ရွေးကောက်ပွဲဥပဒေ အမှတ် - ၁/၈၈၊ ပုဒ်မ - ၃ တွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေအရ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟု ကိုယ်ကိုယ်တိုင်ပြဋ္ဌာန်းထားသည့် ဥပဒေအား ကိုယ်တိုင်ချိုးဖောက်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၀၀) ကျော်အပါအ၀င် အဖွဲ့ချုပ်ဝင်များ လူ (၁) ထောင်ကျော်ကို ဖမ်းဆီးအရေးယူခဲ့သည်။ ယခုနောက်ဆုံးအနေဖြင့် န၀တ ရွေးကောက်ပွဲကော်မရှင် ဥပဒေ အမှတ် ၁/၈၈ ကို ဤ နအဖ ကော်မရှင်ဥပဒေ ၁/ ၂၀၁၀ ပုဒ်မ ၁၄ ဖြင့် ရုပ်သိမ်းလိုက်ပြန်ပါသည်။ ဥပဒေကို နိုင်ငံရေးက မွေးဖွားပေးရသဖြင့် နိုင်ငံရေးကို ဥပဒေဖြင့် သတ်ပစ်၍ ရကောင်းသည့်အရာမဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပိုမိုတောက်ပြောင်လာပါသည်။ သမိုင်းဖြစ်ရပ်မှန်များက ပူပူလောင်လောင် ရှိနေသည်။

၁၉၉၆ ခုနှစ် ဇွန်လ (၇) ရက်နေ့က နအဖ ထုတ်ပြန်သည့် ၅/၉၆ - အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ထုတ်ပြန်၍ နိုင်ငံရေးပါတီများအား …
(က) ကာလသတ်မှတ်၍ ရပ်ဆိုင်းထားနိုင်သည်။
(ခ) ဖျက်သိမ်းနိုင်သည် (သို့မဟုတ်)
(ဂ) မတရားသင်းဥပဒေအရ မတရားသင်းအဖြစ် ကြေညာနိုင်ကြောင်း ပြဋ္ဌာန်းထားသေးသည်။ တိုင်းရင်းသား ငြိမ်းချမ်းရေးခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။ နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်တွင်း အသက်စွန့်လွှတ်ခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲအတွက် လွှတ်ပေးရပေမည်။ အရွေးကောက်ခံပိုင်ခွင့်လည်း ပေးရမည်။ လူတိုင်းလူတိုင်း လူ့အခွင့်အရေး ရှိသင့်ပေသည်။

ဤရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ - ၉ တွင် “အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည်။
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ။
(ဂ) နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆောင်ရွက်ချက်များ” ဟု ဖော်ပြထားသည်။

ခုံအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ်(conclusive) ဖြစ်သည်ဟု အတိအကျ ပြဋ္ဌာန်းထားသဖြင့် နအဖ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ - ၂၉၄ တွင် ပါရှိသော ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည် ဆိုသော တရားစီရင်ရေးအာဏာထက် ရွေးကောက်ပွဲခုံရုံးက ပိုမိုမြင့်မားနေသည်ကို တွေ့ရပါသည်။ တရားလက်လွတ် အသားကုန် အာဏာပေး၍ မည်သည့်တရားစီရင်ရေးကမှ ၀င်ရောက်ကုစားမပေးနိုင်သည့် မတရားခုံရုံးမျိုးကို မည့်သည့်နိုင်ငံတွင်မှ ပြဋ္ဌာန်းထားခြင်းမရှိပါ။ အရူးအမူး အာဏာလောဘဇောတက်ကာ မတော်မတရားလုပ်နိုင်ရန် ရမ်းကားစိမ်ခေါ်မှု ဖြစ်သွားပါသည်။ နိုင်ငံရေးပါတီများကို လမ်းညွှန်ဦးမည် ဆိုသည်က ပို၍ရယ်မောဖွယ်ရာဖြစ်နေသည်။ တရားစီရင်ရေးစနစ်တခုလုံးအပေါ် ရွေးကောက်ပွဲကော်မရှင်က လွှမ်းမိုးချယ်လှယ်သွားစေရန် ပြဋ္ဌာန်းလာမှုမှာ လူ့အဖွဲ့အစည်းအတွက် အနိဋ္ဌာရုံများကိုသာ ဖြစ်ပေါ်လာစေနိုင်ပါသည်။ တရားမျှတမှု လုံးဝဆိတ်သုဉ်းသွားစေသည်။ စစ်အုပ်စု ကြံ့ဖွဲ့မဟုတ်သော အခြားတဦးဦး တဖွဲ့ဖွဲ့က မတော်တဆ အရွေးခံခဲ့ရလျှင် စစ်အုပ်စုက ကန့်ကွက်ပြီး သူတို့စိတ်ကြိုက်ဖွဲ့ထားသည့် ခုံအဖွဲ့က ကြိုက်သလို ဆုံးဖြတ်တာကို မုချခံကြရပေမည်။ မတရားမှုမှန်သမျှ တိုက်ဖျက်ပစ်ရမည်က သမိုင်းပေးတာဝန်ဖြစ်သည်။

ဤဥပဒေ ၁/၂၀၁၀ ပုဒ်မ - ၂ (ဈ) တွင် “ရွေးကောက်ပွဲ ခုံအဖွဲ့ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အငြင်းပွားမှုကိုသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ရွေးချယ်ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်ကိုသော်လည်းကောင်း ကြားနာစစ်ဆေးရန် ကော်မရှင်က ဤဥပဒေနှင့်အညီ ဖွဲ့စည်းသောအဖွဲ့ကို ဆိုသည်” ဟု ဖော်ပြထားသည်။ ခုံအဖွဲ့သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ -၂ရ၆ (ဇ) အရ ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံကိုကျော်ပြီး စစ်ဆေးဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ အခြေခံဥပဒေစည်းဘောင်ကိုကျော်၍ ခုံအဖွဲ့အား ပါဝင်စွက်ဖက်ပိုင်ခွင့်ပေးထားခြင်းမှာ စစ်အုပ်စု နအဖ မလိုလားသူ တဦးဦး ပါဝင်လာပါက ကန့်ကွက်ဖယ်ရှားနိုင်ရန် ဖြစ်သည်ကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်ရပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ လူမျိုးစုပြည်သူများ၏ ရွေးချယ်ပိုင်ခွင့် ဆန္ဒကိုပါ ၀င်ရောက်စွက်ဖက်ပိုင်ခွင့် ပေးထားပါသည်။ ဤရွေ့ဤမျှ ခုံအဖွဲ့၏ အဆုံးစွန်သော အာဏာကို ကြိုက်သလိုထင်ရာ စိုင်းနိုင်ရန် ပြဋ္ဌာန်းလိုက်ခြင်းမှာ စစ်အုပ်စု နအဖ၏ စစ်ဗျူရိုကရက်လူမျိုးကြီးဝါဒကို အစွယ်ထုတ်ပြလိုက်ခြင်းလည်း ဖြစ်ပါသည်။ အာဏာလွန်ကဲစွာ အကျင့်ပျက်ခြစားမှုကို မီးလောင်ရာ လေပင့်လိုက်သည့် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း တွေ့ရသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ (နအဖ ဥပဒေ အမှတ် - ၁/၂၀၁၀) တွင် ပါရှိသော ဥပဒေအရ ဆောင်ရွက်ရာတွင် မတရားမှု၊ ဘက်လိုက်မှု၊ အကျင့်ပျက်ခြစားမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ကော်မရှင်က ကျူးလွန်လျှင် အရေးယူအပြစ်ပေးရန် ပုဒ်ထီးပုဒ်မ တခုမျှ မပါသည်ကိုလည်း ထူးကဲစွာ တွေ့မြင်ရပါသည်။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအားလုံးအား စစ်ဆေးစီရင် ဆုံးဖြတ်ချက်ပေးရမည့် သီးခြားလွတ်လပ်သည့် ရွေးကောက်ပွဲဆိုင်ရာ တရားရုံးများဖြင့်သာ အဆုံးအဖြတ်ခံယူရပါမည်။ မတရားမှု၊ ဘက်လိုက်မှု၊ အနိုင်ကျင့်မှု၊ အကျင့်ပျက်ခြစားမှုများကို တလျှောက်လုံး တဆက်စပ်တည်း ကျူးလွန်လာသည့် နအဖစစ်အုပ်စု၏ ကြံ့ဖွံ့နှင့် စွမ်းအားရှင်လို အဖွဲ့အစည်းမျိုးအား ပါတီမှတ်ပုံတင်ခွင့် ပေးရသည့် ဤရွေးကောက်ပွဲကော်မရှင်မှာ နအဖစစ်အစိုးရ ရာဇ၀တ်မှုကျူးလွန်ရာတွင် အကြံတူဉာဏ်တူ ပူးပေါင်းပါဝင် ကျူးလွန်သည့် ပူးတွဲတရားခံများ ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ ဦးသိန်းစိုး ဥက္ကဋ္ဌ အပါအ၀င် (၁၇) ဦး အဖွဲ့အား ရွေးကောက်ပွဲ မကျင်းပမီကပင် ဤဥပဒေနှင့်တပါတည်း ဖျက်သိမ်းပစ်ရမည်ဖြစ်ကြောင်း ဥပဒေရေးရာ ဝေဖန်သုံးသပ်ချက်အဖြစ် ထုတ်ဖော်တင်ပြအပ်ပါသည်။

မလိမ့်တပတ်ဥပဒေနဲ့ ကြံ့ဖွတ်ကရေစီ

အောင်ကျော်ခင် / ၀၈ ဇွန် ၂၀၁၀


ကြံ့ဖွံ့သန်းရွှေအုပ်စုဟာ နေရာတကာ လွှမ်းမိုးချင်ပါတယ်။ ပါးစပ်က ဘုရားဘုရား လက်ကကားယားကားယားဆိုတာ သူတို့ပဲ။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိပေမယ့် သူတို့မတရားလုပ်တာကို ဒီမိုကရေစီအစစ်အမှန်လို့ ပြောနေပြန်ပြီ။ အနှစ် (၂၀) ကျော် ထင်သလိုအနိုင်ကျင့်ပြီး အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်မှာ ရွေးကောက်တင်မြှောက်တဲ့အစိုးရ ပေါ်ထွက်လာမယ်ဆိုတော့ တော်သေးတာပေါ့လို့ မြင်သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခြေခံဥပဒေ အခန်း (၁) မှာ ဖော်ပြတဲ့ နိုင်ငံတော် အခြေခံမူတွေဟာ တခုနဲ့တခု ဆန့်ကျင်ဘက်ဖြစ်နေတာကို နိုင်ငံခြားအစိုးရတွေ သတိမထားမိကြဘူးထင်တယ်။

တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးနဲ့ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ဦးဆောင်ရေးကို အစဉ်တစိုက်ဦးတည်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်လို့ အခြေခံမူမှာ ဖော်ပြထားတယ်။ စစ်တပ်ကြီးစိုးရေးနဲ့ လောကပါလတရား ထွန်းကားရေးဟာ ဆန့်ကျင်ဘက်အယူအဆ ဖြစ်နေတာကို လောဘဇောတိုက်နေတဲ့ စစ်အုပ်စုက သတိထားမိပုံမရဘူး။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားနဲ့ စစ်ဗိုလ်ကြီးစိုးရေးကို ရောမွှေလိုက်ရင် စစ်ဗိုလ်ကြီးစိုးရေးကို လက်ခံလာလိမ့်မယ်လို့ လွယ်လွယ်နဲ့ တွက်ထားပုံရတယ်။ ဒါကြောင့် နအဖအခြေခံဥပဒေ အခန်း (၁) ကို ကြည့်တာနဲ့ မလိမ့်တပတ်လုပ်ထားတာ ထင်ရှားနေတယ်။

ကိုယ်သုံးတဲ့ နိုင်ငံရေးစနစ်ကို စစ်မှန်ပြီး စည်းကမ်းပြည့်တဲ့ ဒီမိုကရေစီဆိုပြီး ၀ိသေသနတွေ တတ်ထားတာဟာ ၀ါဒဖြန့်တာပဲ။ ဒီမိုကရေစီ စစ်တယ်မစစ်ဘူးဆိုတာ အခြေခံဥပဒေက ပြမှာပါ။ အခုလို ကြော်ငြာနေစရာ မလိုပါဘူး။ စစ်ဗိုလ်ကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီလို့ ပြောရဲတာဟာ ဘာမဆို လုပ်ရဲတယ်ဆိုတာကို ပြတာပဲ။ ဆိုရှယ်လစ်ဆိုတဲ့ ဝေါဟာရကို ဗိုလ်နေ၀င်းက နာမည်ဖျက်ခဲ့သလို ဒီမိုကရေစီကို ဗိုလ်သန်းရွှေက နာမည်ဖျက်တာပါပဲ။ ကြံ့ဖွံ့သန်းရွှေတီထွင်တဲ့ ဒီမိုကရေစီဖြစ်လို့ ကြံ့ဖွတ်ကရေစီလို့ခေါ်မှ သဘာဝကျမယ်။ အင်္ဂလိပ်လိုတော့ Kleptocracy ပေါ့။ သူခိုးလက်ထဲ အာဏာအပ်တဲ့ နိုင်ငံရေးစနစ်ဖြစ်တယ်။

မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်ကို ပီပြင်စွာကျင့်သုံးနိုင်ခြင်း မရှိတဲ့အတွက် ၁၉၇၄ မှာ တပါတီဆိုရှယ်လစ်ဒီမိုကရေစီကို တည်ဆောက်ခဲ့ကြောင်း၊ ဒါပေမယ့် ၁၉၈၈ မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် ဆိုရှယ်လစ်အခြေခံဥပဒေလည်း ရပ်ဆိုင်းသွားရတယ်လို့ နိဒါန်းမှာ ရေးထားတယ်။ ၁၉၄၇ အခြေခံဥပဒေဟာ ခြောက်ပြစ်ကင်း မဟုတ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲပြီး လွတ်လပ်ရေးကို ရယူထားတဲ့ မူလဥပဒေဖြစ်တာမို့ ဒီဥပဒေကို ပြင်ဆင်သုံးစွဲတာဟာ ဒီမိုကရေစီနည်းဖြစ်ပြီး ဗုဒ္ဓဘာသာတရားနဲ့လည်း ကိုက်ညီတယ်။ အရင်က ပြဋ္ဌာန်းခဲ့တဲ့ တရားဥပဒေ ဓလေ့ထုံးစံနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ပြီး ထင်သလိုဥပဒေမပြုဖို့ ဗုဒ္ဓဘာသာကျမ်းတွေမှာပါတဲ့ ‘အပရဟာနိယ’ တရားက ညွှန်ကြားထားတယ်။ ဒီတရားကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့လို့ အနောက်တိုင်းသားတွေ တိုးတက်တာလို့လည်း ဆိုတယ်။

နအဖအခြေခံဥပဒေပါ လွှတ်တော် (၄) မျိုးစလုံးမှာ စစ်တပ်ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်းပါရှိနေတာဟာ နိုင်ငံရေးအာဏာရဲ့ အခြေခံဟာ ပြည်သူ့ဆန္ဒသာ ဖြစ်ရမယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၁) ကို ဆန့်ကျင်တယ်။ တစ္ဆေမှင်စာ၊ ဘီလူးသရဲနဲ့ နာနာဘ၀ကို ယုံကြည်သူတွေကသာ နအဖအစိုးရ ပြဋ္ဌာန်းတဲ့ ဒီမိုကရေစီကို ယုံကြည်လိမ့်မယ်လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပင်ညဲရိုးက ၂၀၀၈ မတ်လ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောသွားတယ်။ သိပ်မှန်တာပေါ့။ ကြပ်ပြေးသန်းရွှေဟာ ဘုရားတည်၊ ယတြာချေ၊ နတ်တင်တဲ့နေရာမှာ နံပါတ် (၁) ပဲ။ တန်းခိုးရှိတယ်လို့ ယုံကြည်ကြတဲ့ မြနန်းနွယ် (ခေါ်) သိုက်နန်းရှင် (ခေါ်) အမတော်ဆိုတဲ့ နတ်ရုပ်ကို ကြပ်ပြေးသန်းရွှေအမိန့်နဲ့ ညတိုင်း လက်ထိတ်ခတ်နေတာ ကြာပြီဆိုပဲ။

နိုင်ငံတော်အကြီးအကဲမှာ ရှိရမယ့် အရည်အချင်းကို ဖော်ပြရာမှာ ခင်ပွန်း (သို့မဟုတ်) ဇနီးက နိုင်ငံခြားသားဖြစ်ရင် လုပ်ပိုင်ခွင့် မရှိဘူး။ သားသမီး (သို့မဟုတ်) သားသမီးရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းက နိုင်ငံခြားသားဖြစ်ရင်လည်း လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖော်ပြတယ်။ ၁၉၈၉ ရွေးကောက်ပွဲဥပဒေမှာလည်း ဒီပုံစံအတိုင်း ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာလို့ မြင်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းပါဝင်ရေးဆွဲတဲ့ ၁၉၄၇ အခြေခံဥပဒေမှာလည်း ဒီလိုပဲ ပြဋ္ဌာန်းတယ်လို့ နအဖဗိုလ်ချုပ်တွေ ပြောလေ့ရှိတယ်။ ဒါပေမယ့် ၁၉၄၇ အခြေခံဥပဒေပုဒ်မ (၇၄) အပိုဒ် (၁) မှာ နိုင်ငံခြားသားအဖြစ် ခံယူသူဟာ ရွေးကောက်ပွဲဝင်ခွင့် မရှိဘူးလို့သာ ရေးထားတာပါ။ ခင်ပွန်း (သို့မဟုတ်) ဇနီး၊ သား (သို့မဟုတ်) ချွေးမက နိုင်ငံခြားသားဖြစ်နေရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ နအဖစစ်အစိုးရ ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို မပါနိုင်အောင် တမင်ရည်ရွယ်ပြီး ရေးထားသလို ဖြစ်နေတယ်။ ဒေါ်စုဟာ အင်္ဂလန်မှာ အမြဲတမ်း နေထိုင်ခွင့်ရဖူးတဲ့ မြန်မာနိုင်ငံသူသာဖြစ်ခဲ့တယ်။ ဒါပေမယ့် (၂) နှစ်အတွင်း အင်္ဂလန်ကို ပြန်မလာရင် အမြဲတမ်းနေထိုင်ခွင့် ပျက်ပြယ်တာမို့ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီအခွင့်အရေး ဆုံးရှုံးနေတာ ကြာပြီ။ အီတလီနိုင်ငံသူနဲ့ လက်ထပ်ထိမ်းမြားထားတဲ့ ရာဂျစ်ဂန္ဒီ အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာတာကသာ စစ်မှန်တဲ့ ဒီမိုကရေစီသဘောတရားကို ပြသတာလို့ မြင်ကြတယ်။

အခြေခံဥပဒေ ရေးဆွဲပုံရေးဆွဲနည်းဟာ အခြေခံဖွဲ့စည်းပုံဥပဒေလိုပဲ အရေးကြီးတယ်လို့ ဆိုရိုးရှိတယ်။ အခြေခံဥပဒေရေးဆွဲရာမှာ လူတန်းစားအသီးသီးနဲ့ တိုင်ပင်နှီးနှောတာမျိုးမလုပ်ဘဲ ဟန်ပြညီလာခံကျင်းပပြီး စစ်တပ်က တဖက်သတ်ရေးဆွဲတာကြောင့် ထွက်ပေါ်လာတဲ့ အခြေခံဥပဒေဟာလည်း စစ်တပ်ကို မတရားလုပ်ပိုင်ခွင့် ပေးထားတယ်။ ပြည်သူ့ဆန္ဒမဲနဲ့ အတည်ပြုရမယ့် အခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးပွဲမတိုင်မီ ရက်သတ္တ (၅) ပတ်ရောက်မှ ထုတ်ပြန်တယ်။ မြန်မာစာနဲ့သာ ရေးထားတာကြောင့် မြန်မာစာမတတ်တဲ့ တိုင်းရင်းသားတွေ မသိကြဘူး။ ရန်ကုန်ကဆိုင်တွေမှာ တစောင် (၁,၀၀၀) နဲ့ ရောင်းတာမို့ နိုင်ငံသားအများစုဟာ ဘာမှန်းမသိလိုက်ဘူး။ လေ့လာမိတဲ့ လူနည်းစုဟာ ဝေဖန်ဆွေးနွေးနိုင်ခွင့် မရှိဘူး။ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ် (၄၇)၊ နိုင်ငံခြားရောက် မြန်မာ၊ သံဃာစတာတွေ မဲဆန္ဒပေးခွင့်မရဘူး။ ဒါပေမယ့် နအဖအစိုးရကတော့ မဲပေးခွင့်ရှိသူ (၉၆) ရာခိုင်နှုန်း မဲဆန္ဒရတယ်လို့ ဆိုတယ်။

“အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ” ဆိုတာဟာ နအဖအုပ်စု မတရားလုပ်ထားတာတွေကို အရေးယူခွင့်နဲ့ တရားစွဲခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာပဲ။ နအဖအဖွဲ့ဝင်တဦးဦး (သို့မဟုတ်) အစိုးရအဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်ကို တရားစွဲခွင့်နဲ့ အရေးယူခွင့်မရှိဘူးလို့ ပုဒ်မ (၄၄၅) က ဆိုတယ်။ ဒါပေမယ့် ICTJ - Internationa Center for Transitional Justice က ၂၀၀၉ စက်တင်ဘာမှာ ထုတ်ဝေတဲ့ (၄၅) မျက်နှာစာတမ်းမှာတော့ နအဖလုပ်သမျှကို အခြေခံဥပဒေက မကာကွယ်နိုင်ဘူးလို့ဆိုတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာမျိုးဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အပြစ်ရှိတဲ့အတွက် အခြေခံဥပဒေက မကာကွယ်နိုင်ဘူးလို့ဆိုတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုးကို အရေးယူဖို့နဲ့ ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ၁၉၅၆ နဲ့ ၁၉၉၂ ဂျနီဗာသဘောတူချက်ကို ဗမာအစိုးရ အတည်ပြုပြီးဖြစ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ နအဖအခြေခံဥပဒေ ပဋိပက္ခဖြစ်နေတယ်။

တချို့ကလည်း နအဖရဲ့အစီအစဉ်မှာ ၀င်ရောပြီး တဖြည်းဖြည်းချင်း အခြေခံဥပဒေကို ပြင်ယူမယ်လို့ စိတ်ကူးတယ်။ နအဖအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်လို့ ဖော်ပြထားတယ်။ နောက်တော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမယ်လို့ဆိုတယ်။ ကြံ့ဖွံ့၊ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားကိုယ်စားလှယ်စုစုပေါင်းက (၇၅) ရာခိုင်နှုန်းသာ ရှိတာမို့ ဒါကို ကျော်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ (၂၅) ရာခိုင်နှုန်းဟာ စစ်တပ်ကိုယ်စားလှယ်ဖြစ်နေတာကြောင့် အထဲဝင်ပြီး အခြေခံဥပဒေကို ပြင်ယူမယ်ဆိုတာဟာ စိတ်ကူးယဉ်အိပ်မက်သဘောပဲဖြစ်နေတယ်။ တွေးကြည့်ရင် သိနိုင်ပါတယ် ပြေးကြည့်စရာ မလိုပါဘူး။ အစိုးရပုံစံပြောင်းသွားပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကတော့ မစနိုင်သေးပါဘူး။

ရွေးကောက်ပွဲနှင့် သတင်းမီဒီယာသမားတို့၏ တာဝန်

ဇင်လင်း / ၂၁ ဇွန် ၂၀၁၀


၂၀၁၀ အတွင်း ရွေးကောက်ပွဲ အသေအချာ ကျင်းပမည်ဟု နအဖအာဏာပိုင်တို့က ကြေညာထားသည်။ ယခုအထိ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၂) ခုရှိသည်။ ယင်းတို့အနက် (၃၃) ပါတီကို မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ၂၀၁၀ နှစ်တ၀က်ကျိုးပြီ ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့်ရက်က ယခုတိုင် ဘယ်ဆီနေမှန်းမသိ။ အခင်းအကျင်းအရ ‘စစ်အာဏာရှင်စနစ်’ မှ ‘အရပ်ဝတ် စစ်အာဏာပိုင်စနစ်’ သို့ ပြောင်းမည့် ရွေးကောက်ပွဲဖြစ်သော်လည်း ‘နအဖ’ က နိုင်ငံတကာအမြင်ကောင်းသည့် ရွေးကောက်ပွဲဖြစ်ရေးကို နည်းမျိုးစုံသုံး၍ ကြိုးပမ်းနေသည်။ သို့သော် နိုင်ငံတကာအမြင်တွင် အရေးအပါဆုံးဖြစ်သည့် သတင်းစာလွတ်လပ်ခွင့်က ယခုအထိ ပိတ်ပင်ထားဆဲရှိသည်။

စင်စစ် နိုင်ငံရေးပါတီများ ဖွဲ့ခွင့်ပြုသည်နှင့် တပြိုင်နက် လွတ်လပ်စွာ ပြောဆိုစည်းရုံးပိုင်ခွင့်နှင့် စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိပိုင်ခွင့်တို့မှာ နိုင်ငံရေးပါတီတိုင်း၏ မွေးရာပါအခွင့်အရေးအဖြစ် ခွင့်ပြုပြီးဖြစ်ရမည်။ ရွေးကောက်ပွဲမတိုင်မီ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာရေးသားပိုင်ခွင့် ရရှိရေးသည် အထူးအရေးကြီးသောကိစ္စဖြစ်သည်။ ရွေးကောက်ပွဲတခု ကျင်းပရာတွင် လွတ်လပ်၍ တရားမျှတမှုရှိ မရှိ၊ ပွင့်လင်းမြင်သာမှုရှိ မရှိ ဆိုသည့်အချက်ကို နိုင်ငံတကာလက်ခံနိုင်စေရန် သတင်းစာလွတ်လပ်ခွင့်သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ နိုင်ငံရေးပါတီများအားလည်း အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ သတင်းမီဒီယာကို လွတ်လပ်စွာ တန်းတူအသုံးပြုခွင့် ပေးရမည်လည်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ အပိုဒ် (၁၉) အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။ အများပြည်သူသို့ သတင်းအချက်အလက် ဖြန့်ဝေခွင့်နှင့် ကိုယ်တိုင်လည်း သတင်းအချက်အလက် လက်ခံရယူပိုင်ခွင့်တို့သည် လူတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ အဆိုပါ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့် မရရှိပါက ကျန်လူ့အခွင့်အရေးဆိုသည်တို့ကို ခံစားခွင့်ရရှိရန်မှာ ဖြစ်နိုင်စရာမရှိပေ။

ဆိုလိုသည်မှာ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်များ ဆုံးရှုံးသဖြင့် နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့နိုင်ငံရေးအယူအဆနှင့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထု သိရှိနားလည်အောင် ရှင်းလင်းပြောပြနိုင်ခွင့်လည်း ဆုံးရှုံးရသည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်မပေးသည့် သဘောပင်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများသည် ယခုအချိန်အထိ လွတ်လပ်စွာ ပြောဆိုစည်းရုံးပိုင်ခွင့်နှင့် စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိပိုင်ခွင့် မရရှိသေး။ ပါတီမူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ထုတ်ဝေလိုပါက “၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ” နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ထံသို့ ‘နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင်’ လျှောက်ထားကြရမည်ဖြစ်သည်။

ထို့နောက် ထုတ်ဝေခွင့်မှတ်ပုံတင် ရရှိပြီးသော နိုင်ငံရေးပါတီများသည် ၎င်းတို့ထုတ်ဝေလိုသော ပါတီ၏ မူဝါဒ၊ ဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များအတွက် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနသို့ ကြိုတင်တင်ပြ စိစစ်မှုခံယူခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဟုဆိုသည်။ သို့ရာတွင် နိုင်ငံရေးပါတီထုတ်ဝေစာများ ပုံနှိပ်ထုတ်ဝေရာတွင် လိုက်နာရမည့် စည်းကမ်းချက် (၁၁) ချက်ကို လိုက်နာရမည်ဖြစ်သည်။

ယင်းစည်းကမ်းချက်များတွင် မှတ်ပုံတင်သက်သေခံလက်မှတ် ထုတ်ပေးရန်အတွက် နိုင်ငံတော်သို့ သတ်မှတ်ထားသော မှတ်ပုံတင်ကြေး တသိန်းနှင့် အာမခံကြေး ငါးသိန်း စုစုပေါင်း (၆) သိန်း ကြိုတင်ပေးသွင်းရမည်။ ပုံနှိပ်ပြီး စာရွက်စာတမ်းများအား ထုတ်ဝေဖြန့်ချိသည်နှင့် တပြိုင်နက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ပုံနှိပ်မူ (၁၀) စောင် တင်ပြရမည်။ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ပေးပို့တင်ပြပြီးသော စာမူများကိုသာ ၀က်ဘ်ဆိုက်တင်ခွင့်ရှိသည်။ ထို့ပြင် တပ်မတော်အား ထိပါးပုတ်ခတ်သွေးခွဲခြင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဆင့်ဆင့်၊ နိုင်ငံတော်အစိုးရတို့အား ဆန့်ကျင်ခြင်း စသည်တို့ကို မပြုရဟု ဆိုထားသည်။ စည်းကမ်းဖောက်သည်ဟု ယူဆလျှင် အာမခံကြေး ငါးသိန်းကို ဒဏ်ကြေးအဖြစ် သိမ်းယူမည့် သဘောဖြစ်သည်။

ထို့ပြင် ၂၀၀၈ ဖွဲစည်းပုံ အပိုဒ် ၃၅၄ (က) တွင် “ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် အခွင့်အရေးများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်” ဆိုသည့် စာတကြောင်းမျှသာပါရှိသည်။ လိုသလို ဆွဲဆန့်နိုင်သည့် အာဏာရှင်စနစ်ကာကွယ်ရေး ဥပဒေဖြစ်ကြောင်း ထင်ရှားသည်။ နောက်ထပ် အဟန့်အတားတခု ရှိသေးသည်။ မှတ်ပုံတင်ခွင့်ရရှိပြီးသော ပါတီများအနေဖြင့် ခွင့်ပြုချက်ကျပြီး ရက်ပေါင်း (၉၀) အတွင်း ကော်မရှင်သို့ ပါတီဝင်အင်အားစာရင်း တင်ပြရန် မေလ (၂၉) ရက်နေ့က အမိန့်ထုတ်လိုက်ပြန်သည်။

ပြည်ထောင်စုတဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်လျှင် ပါတီဝင်ဦးရေ အနည်းဆုံး (၁,ဝဝဝ) သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုခု၌ စည်းရုံးမည့် ပါတီဖြစ်လျှင် အနည်းဆုံး ပါတီဝင်ဦးရေ (၅ဝဝ) စည်းရုံးမည်ဟု ဝန်ခံချက်များနှင့်အတူ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြရသည်။ သို့ဖြင့် ပါတီဖျက်သိမ်းမခံရစေရန် ရက် (၉ဝ) အတွင်း အဖွဲ့ဝင်အင်အား ပြည့်မီရေးအတွက် ဆွေမျိုးများ၊ မိတ်ဆွေများထံ ကွင်းဆင်းစည်းရုံးနေကြရသည်။

ဤအခင်းအကျင်းအရဆိုလျှင် ပါတီငယ်အများစုအဖို့ ပါတီဖျက်သိမ်းခြင်း မခံရအောင် အားထုတ်နေရသဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးဝါဒဖြန့်ချိခွင့်တွင် တပန်းရှုံးနေရကြောင်း မြင်သာသည်။ ထိုမျှမက ငွေကြေးအင်အား ကွာဟမှုကလည်း (USDP) ကို မယှဉ်နိုင်ဖြစ်နေပြန်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အာဏာရှင်တို့ကိုယ်တိုင် ဖွဲ့စည်းထားသည့် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)” က အဘက်ဘက်မှ အသာစီးယူထားကြောင်း ပိုမိုထင်ရှားစေသည်။ ပါတီမှတ်ပုံမတင်မီ တနှစ်လောက်ကတည်းက USDP က မဲဆွယ်စည်းရုံးဝါဒဖြန့်ချိနေခဲ့သည့် အထောက်အထားများ ရှိပေသည်။ သာမန်လူထုအကြား၌ USDP နှင့် တစညပါတီကို ကြားဖူးနေကြသော်လည်း အသစ်ဖွဲသည့် ပါတီများနှင့် ပါတီခေါင်းဆောင်များကို သိသူ အလွန့်အလွန်နည်းပေသည်။

ယင်းအခြေအနေကိုကြည့်လျှင် နအဖက ပါတီများကို မဲဆွယ်စည်းရုံးခွင့်မပြုသေးဘဲ အချိန်ဆွဲကန့်သတ်ထားပုံမှာ ရည်ရွယ်ချက်ရှိရှိလုပ်ထားကြောင်း မြင်သာပေသည်။ အဓိကရည်ရွယ်ချက်မှာ အတိုက်အခံဖြစ်လာဖွယ်ရာရှိသည့် ပါတီများကို လူထုနှင့် ကင်းကွာအောင် လူမသိအောင် လုပ်ထားခြင်းဖြစ်သည်။ သို့မှသာ လွှတ်တော်များအတွင်း စစ်တပ်ဦးဆောင်သည့် ကြံ့ဖွံ့အစိုးရထူထောင်ရေး အောင်မြင်မည်မဟုတ်ပါလား။ ဤအနေအထားကိုကြည့်လျှင် USDP နှင့် တစညပါတီမှလွဲ၍ ကျန်နိုင်ငံရေးပါတီအများစုသည် ရွေးကောက်ပွဲမတိုင်မီကတည်းက ခွဲခြားဆက်ဆံခံနေရပေပြီ။

နိုင်ငံတကာ စံချိန်စံညွှန်းများအရ ရွေးကောက်ပွဲကျင်းပပေးသည့် အာဏာပိုင်အဖွဲ့သည် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်ဖြစ်သည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှု ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့် ပေးရမည်ဖြစ်သည်။

သို့သော် လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ပြောင်းပြန်ဖြစ်နေသည်။ လူထုသိရှိလိုသည့် သတင်းအချက်အလက်တို့ကို နအဖ စစ်အာဏာပိုင်များက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားလျက် သူတို့ပေးလိုသည့် သတင်းမျိုးကိုသာ ဖြန့်ဝေပေးသည်။ ဤသတင်းကိုသာ လူထုသိသင့်သည်၊ ဤသတင်းကား လူထုမသိအပ် စသဖြင့် အာဏာရှင်တို့က ဆုံးဖြတ်လုပ်ကိုင်နေခြင်းမျိုးဖြစ်သည်။

ဒီမိုကရေစီကျင့်သုံးမည့် အုပ်ချုပ်ရေးစနစ်တခုဆီသို့ သွားမည်ဟု ကြွေးကြော်ပါက သတင်းအချက်အလက်များ လွတ်လွတ်လပ်လပ် ရရှိပိုင်ခွင့် အားကောင်းစေရန်၊ သတင်းစီးဆင်းမှု လွတ်လပ်အဆင်ပြေချောမွေ့စွာ စီးဆင်းစေရန် အားပေးရမည်။ တနည်းအားဖြင့် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်းများ တိုးတက်ဖြစ်ထွန်းမှုကို လမ်းဖွင့်ပေးရမည်ဖြစ်သည်။ သို့သော် ယနေ့ရွေးကောက်ပွဲလုပ်ရန် (၃) လ ၀န်းကျင်မျှသာ အချိန်ရှိတော့သော်လည်း မြန်မာစစ်အာဏာပိုင်တို့က သတင်းလွတ်လပ်ခွင့် မပေးသေးဘဲ ရှိနေသည်။

အထူးသဖြင့် ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်များ ပိတ်ပင်ထားဆဲရှိသည်။ သတင်းဂျာနယ်များသည်လည်း စာပေစိစစ်ရေး၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်သေး။ နိုင်ငံရေးပါတီများသတင်းကို အာဏာပိုင်နှင့် နီးစပ်သည့် ဂျာနယ်များကိုသာ ထည့်ခွင့်ပေး၍ မနီးစပ်သူများမှာမူ ဆင်ဆာလုပ်ခြင်းခံနေရသည်။ ပိုဆိုးသည်မှာ ရေဒီယို၊ တီဗွီ အပါအ၀င် နိုင်ငံပိုင်မီဒီယာအားလုံးကို စစ်အုပ်စုကသာ ထိန်းချုပ်၍ ၀ါဒဖြန့်ယန္တရားအဖြစ် အသုံးပြုနေပြီး အခြားနိုင်ငံရေးပါတီများကို အသုံးပြုခွင့်မပေးခြင်းဖြစ်သည်။

ရွေးကောက်ပွဲတခုတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိလျှင် အဓိကနစ်နာသူမှာ ပြည်သူလူထုဖြစ်သည်။ ယနေ့မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ရွေးကောက်ပွဲအခင်းအကျင်းကိုကြည့်လျှင် လူထုအဖို့ သတင်းအမှန်ရရှိရန် အလွန်ခက်ခဲကြောင်း တွေ့နေရသည်။ သတင်းနှင့် စာနယ်ဇင်းလောကသားတို့တွင်လည်း လူထုသိသင့်သည့် ရွေးကောက်ပွဲ ပညာပေးဗဟုသုတနှင့် နိုင်ငံရေးပါတီများအကြောင်းကို ရေးခွင့်မရချေ။ ယခုရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို အခြေပြုကျင်းပခြင်းဖြစ်ရာ ထိုဖွဲ့စည်းပုံဥပဒေ၏ အားနည်းချက် အားသာချက်များကို ဝေဖန်သုံးသပ်တင်ပြရမည်မှာ သတင်းစာသမားတို့အလုပ်ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်များကိုလည်း သတင်းသမားတို့က ပြည်သူသိရှိအောင် ရေးကြရမည်။ လိုအပ်ချက်တွေ့လျှင် ထောက်ပြရမည့် တာဝန်ရှိသည်။

အလားတူ နိုင်ငံရေးပါတီများ၏ မူဝါဒများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၏ သဘောထားအမြင်များ၊ နောက်ခံသမိုင်းများ စသည်တို့ကို ပြည်သူလူထုသိအောင် စုံစမ်းလေ့လာတင်ပြရန်မှာလည်း သတင်းမီဒီယာ၏ အလုပ်ပင်ဖြစ်သည်။ ထိုမျှမက ပြည်သူတဦးချင်း၏ ရွေးကောက်ပွဲအပေါ် အမြင်များကိုလည်း သတင်းမီဒီယာက မေးမြန်းတင်ပြနေသင့်သည်။ သို့သော်လည်း၊ လက်ရှိအာဏာပိုင်က စည်းမျဉ်းဥပဒေ ကန့်သတ်ချက်အမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်နေသဖြင့်၊ ပြည်သူကလည်း မပြောရဲ၊ သတင်းမီဒီယာကလည်း မဖော်ပြရဲ ဖြစ်နေသည်။ ထိုသို့ လူထုသိသင့်သည့် သတင်းများကို မီဒီယာအား ရေးခွင့်မပြုခြင်းကြောင့် ယခုရွေးကောက်ကို လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု နိုင်ငံတကာက မှတ်ချက်ပေးလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲတခု လွတ်လပ်၍ တရားမျှတမှုရှိ မရှိကို စောင့်ကြည့်ရမည့် တာဝန်ရှိအဖွဲ့အစည်းများအနက် သတင်းမီဒီယာလည်း အဓိကအခန်းမှ ပါဝင်နေ၍ဖြစ်သည်။

နိုင်ငံများသည် ရွေးကောက်ပွဲစံချိန်များကို မည်၍မည်မျှ လိုက်နာကြသနည်းဆိုသည်ကို သိရှိနိုင်ရန် သတင်းစာသမားများ အပါအ၀င် လေ့လာစောင့်ကြည့်သူများ ထားရန်လိုအပ်သည်။ ၁၉၉၀ ခုနှစ်က ‘ကိုပင်ဟေဂင်’ ၌ ကျင်းပသော (The Organization for Security and Co-operation in Europe) OSCE ညီလာခံတွင် ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ၏ အခန်းကဏ္ဍကို ထည့်သွင်းဖော်ပြခဲ့သည်။ နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းမှ ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ရှိနေခြင်းအားဖြင့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှုဆိုင်ရာ ယုံကြည်ကိုးစားနိုင်မှု အခြေအနေနှုန်းစံများကို ပိုမိုမြင့်မားစေမည်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုလုပ်ငန်းစဉ်သည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းနှင့်လည်း တိုက်ရိုက်ဆက်စပ်နေသည်။ သတင်းမီဒီယာ အပါအ၀င် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ရှိခြင်းအားဖြင့် ဥပဒေချိုးဖောက်မှုများကို ထိန်းကျောင်းပေးနိုင်၍ ရွေးကောက်ပွဲရလဒ်အပေါ် လူထု၏ ယုံကြည်အလေးထားမှုကို ရရှိစေသည်။ ရွေးကောက်ပွဲတွင် လူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ပိုမိုအားပေးရာရောက်သည်။

စင်စစ် ရွေးကောက်ပွဲ ကျင်းပသူတို့အနေဖြင့် နိုင်ငံတကာ လေးစားအသိအမှတ်ပြုမှု ရယူလိုလျှင် ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပနေဆဲ၊ ကျင်းပပြီးနောက် အခြေအနေ (၃) ရပ်လုံးတွင် သတင်းစာလွတ်လပ်ခွင့် ပေးရပေမည်။ NLD ရွေးကောက်ပွဲ ဘာကြောင့်မ၀င်သနည်း ဆိုသည့် သတင်းကိုလည်း နိုင်ငံပိုင်မီဒီယာကတဆင့် လူထုအား အသိပေးရဲရမည်။ UNDP ပါတီ ဖွဲ့စည်းထူထောင်မှုသည် ဥပဒေနှင့် ဆန့်ကျင်မှုမရှိဟုဆိုလျှင် သတင်းမီဒီယာမှတဆင့် ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်ရမည်။ သတင်းစာဆရာတို့အား တွေ့ဆုံမေးမြန်းခွင့် ပေးရဲရမည်။ ရွေးကောက်ပွဲ အစပျိုးစဉ်ကတည်းက ယခုထိ သတင်းမီဒီယာလွတ်လပ်မှု မရှိခဲ့သဖြင့် ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားအားလုံးအပါအ၀င် ပြည်တွင်းလူထုနှင့် နိုင်ငံတကာကပါ အယုံအကြည်မရှိ ဖြစ်နေခြင်းဖြစ်သည်။ သတင်းအမှန်ကို ပိတ်ပင်ထားခြင်းသည် ကောလာဟလ အတင်းအဖျင်းများ လူထုအကြား ပျံ့နှံ့စေခြင်း၏ အရင်းခံအကြောင်းဖြစ်သည်။

ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်သည်။ ပြည်သူလူထုတွင် သတင်းအချက်အလက် မှန်မှန်ကန်ကန် သိခွင့်ရရှိခြင်းအားဖြင့် ပြည်သူတို့ ရသင့်သော အခြားအခွင့်အရေးနှင့် အခွင့်အလမ်းများကို အကာအကွယ်ပေးရာ၌လည်း အထောက်အကူဖြစ်စေသည်။ သို့သော် နအဖစစ်အာဏာပိုင်များ၏ ရည်ရွယ်ချက်မှာ စစ်အာဏာတည်မြဲရေးကို ကာကွယ်ရန်ဖြစ်သည်။ ပြည်သူ့အခွင့်အရေးကို အကာအကွယ်ပေးရန် မဟုတ်ပေ။ သို့ဖြစ်၍ နိုင်ငံတကာစံချိန်စံညွှန်းအရ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရေးကို ‘နအဖ’ က ဆန့်ကျင်သည်မှာ အံ့သြစရာမဟုတ်ချေ။ သို့ဆိုလျှင် Political Space ရှာဖွေရေးလုပ်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် သတင်းမီဒီယာမျက်နှာစာပေါ်၌ပင်လျှင် Space တခုရရှိရန် မလွယ်ဟု ဆိုရတော့မည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ USDP ပါတီကတော့ ခြွင်းချက်ဖြစ်လိမ့်မည်။ လက်ရှိနိုင်ငံပိုင်ရေဒီယို၊ FM ရေဒီယို၊ တီဗွီနှင့် သတင်းစာဂျာနယ်များကို စစ်အာဏာတည်မြဲရေး ၀ါဒဖြန့်ယန္တရားအဖြစ် အသုံးချလျက် ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ကို အပုပ်ချတိုက်ခိုက်နေပေသည်။ အမှန်မှာ ထိုမီဒီယာများကို ‘နအဖ’ တဦးတည်းပိုင် လုပ်ထား၍မရ။ ကျန်နိုင်ငံရေးပါတီများအားလည်း မျှတစွာ အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။ ထိုမျှမက လူမှုရေးအသင်းအဖွဲ့များ၊ NGO များကိုပင် အခါအားလျော်စွာ အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။

လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီများကို မဆိုထားနှင့်၊ သတင်းစာဆရာနှင့် သတင်းထောက်များကိုယ်တိုင်ပင်လျှင် သတင်းစာမျက်နှာများပေါ်တွင် လုံလောက်သည့် Space မရသေးဘဲရှိနေသည်။ ခြုံငုံသုံးသပ်လိုက်လျှင် နိုင်ငံသားများ၏ အခြေခံပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာပြောဆိုရေးသား သတင်းဖလှယ် သတင်းဖြန့်ချိခွင့်ကို ယခုထိ စစ်အာဏာပိုင်တို့က ခွင့်မပြု။ သတင်းစာသမားများအားလည်း ဆင်ဆာကင်းလွတ်ခွင့်မပေးသေး။ နေ့စဉ်သတင်းစာ ထုတ်ခွင့်မပြုသေး။ နိုင်ငံအုပ်ချုပ်သူများအား သတင်းစာခေါင်းကြီးမှ ဝေဖန်ခွင့်မပြုသေး။ နိုင်ငံရေးပါတီ နိုင်ငံရေးသမားများအားလည်း ဟောပြောစည်းရုံးခွင့်၊ ပါတီမူဝါဒများကို ရှင်းပြရန် သတင်းမီဒီယာအသုံးပြုခွင့် မပေးသေး။

ထိုထိုသော သတင်းလွတ်လပ်ခွင့် အပါအ၀င် နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို တင်းကျပ်စွာ ပိတ်ပင်ထားသော အခြေအနေအောက်၌ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအငွေ့အသက်ဟူ၍ ဘာတခုမျှ ရှာတွေ့ဖွယ်ရာမရှိပါ။ နိုင်ငံရေးပါတီများ၏ မွေးရာပါအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ စည်းရုံးဟောပြော စာအုပ်စာတန်းဖြန့်ချိခွင့်ကိုပင် နှောင်ကြိုးအထပ်ထပ် တုတ်နှောင်ထားသည်ကို ကြည့်ခြင်းအားဖြင့်လည်း Political Space ဖြစ်စေ၊ ဒီမိုကရေစီ တရွေးသားမျှဖြစ်စေ ရှာဖွေတွေ့ရှိရန် လမ်းမမြင်ပါ။

ထို့ကြောင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာလောကသားတို့၏ ယနေ့တာဝန်မှာ သတင်းစာလွတ်လပ်ခွင့် မရှိသော နအဖ၏ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတမှုမရှိသော ရွေးကောက်ပွဲအဖြစ် ၀ိုင်းဝန်းစောင့်ကြည့် ဖွင့်ချကြရေးဖြစ်သည်။ ထို့ပြင် ပြည်သူလူထုအား မတရားသော ရွေးကောက်ပွဲတွင် မဲဆန္ဒမပေးလိုက မပေးဘဲနေပိုင်ခွင့်ရှိကြောင်း အသိပေးရန်တာဝန်မှာလည်း သတင်းသမားတို့ တာဝန်ပင်ဖြစ်သည်ဟု သုံးသပ်မိပါသည်။

နအဖရဲ့ရွေးကောက်ပွဲကြီး ရောက်လာတော့မယ်တဲ့လား

ရဲဘော် ဖိုးသံချောင်း / ၀၁ ဇွန် ၂၀၁၀


ဒီတလောလုပ်နေတဲ့ နအဖစစ်ထိပ်သီးတွေရဲ့ လေးလပတ်အစည်းအဝေးပြီးရင် သူတို့ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပိုမို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိလာရမယ်လို့ ယူဆရပါတယ်။ တိုင်းမှူးအသီးသီးဟာ ကိုယ့်နယ်မြေအတွင်း ရွေးကောက်ပွဲအတွင် ပြင်ဆင်မှုအခြေအနေတွေ၊ သူတို့ရဲ့ကြံ့ဖွံ့ပါတီ အနိုင်ရနိုင်မှုအခြေအနေ၊ တခြားအင်အားတွေရဲ့အခြေအနေ စတာတွေကို တင်ပြ ဆွေးနွေးကြမယ်လို့လည်း ယူဆရပါတယ်။ ဒီအထဲမှာ တခြားဘယ်ပါတီတွေကို တည်ထောင်ခွင့်ပေးမယ်၊ မပေးဘူးဆိုတာတွေလည်း ပါဝင်မှာမုချပါပဲ။ တဆက်တည်း ဒီအချက်တွေအပေါ်မူတည်ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာမယ့်သဘောရှိပါတယ်။

လောလောဆယ်မှာတော့ နအဖဟာ ပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ရှိခွင့် လျှောက်ထားသူတွေထဲက ကချင် ပြည်နယ်တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီနဲ့ ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ကို တည်ထောင်ခွင့် မပေးသေးဘဲ ထစ်ထားတာ တွေ့နေရပါတယ်။ ဒါဟာ အဲဒီတိုင်းရင်းသားနယ်မြေတွေမှာ သူတို့ကြံ့ဖွံ့အနေနဲ့ ဘယ်လောက်ပဲညစ်ညစ် မနိုင်မှန်းသေချာနေလို့ ညစ်ထားတာ။ လျှောက်လွှာတင်ထားသူတွေ စိတ်ပျက်ပြီး ပြန်ရုပ်သိမ်းသွားအောင် စောင့်နေတာပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး အဲဒီပါတီထောင်ခွင့် လျှောက်ထားတာတွေကို ပယ်ဖျက်နိုင်ဖို့ အကြောင်းပြစရာရှာနေ၊ စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဲဒီအဖွဲ့တွေ စိတ်ပျက်မပျက် မသိရပေမယ့် နဂိုက ရွေးကောက်ပွဲဝင်မဟဲ့လို့ ခါးတောင်းကျိုက်၊ လက်မောင်းပင့်စောင့်နေကြတဲ့ တချို့ပါတီတွေနဲ့ လူတွေကတော့ ဗိုလ်သိန်းစိန်နဲ့ကြံ့ဖွံ့ထွက်လာကတည်းက ခေါင်းငိုက်စိုက်ကျသွားကြတာ တွေ့ရပါတယ်။ သူတို့ဟာ ရှုံးမှာသေချာနေတဲ့ ရွေးကောက်ပွဲအတွက် ငွေတွေအများကြီးသုံးရမှာကို လက်နှေးနေကြပါတယ်။ ဒါ့အပြင် စပေ့စ်ဆိုတဲ့ အသံတွေလည်း အပြောနည်းသွားတာ သတိထားမိပါတယ်။ ဒီအခြေအနေတွေအတိုင်းဆိုရင် ကြံ့ဖွံ့က ပြိုင်ဘက်မရှိ အနိုင်ရမယ့် နေရာတွေ အများကြီးတွေ့လာရဖို့ရှိပါတယ်။

ဒါတွေနဲ့တဆက်တည်း အခုတလော အပြောများလို့ အကြားများရတာကတော့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဘာခြားနားသလဲဆိုတဲ့ကိစ္စပါပဲ။ ဒီအထဲမှာ အခုလုပ်မယ့် ရွေးကောက်ပွဲက ပိုကောင်းတယ်၊ ပိုလွတ်လပ်ပွင့်လင်းမယ်လို့ ပြောတဲ့အသံ မကြားရသလောက်ပါပဲ။ ဒီရွေးကောက်ပွဲကို ရှေ့နေလိုက်ချင်သူတွေတောင်မှ ကောက်ကောက်ထဲက ကွေးကွေးရှာဆိုတဲ့အပြောမျိုး ပြောနေတာကို သတိထားမိကြမှာပါ။

နှိုင်းစရာမလိုတဲ့ ကိစ္စနှစ်ခုကို နှိုင်းတယ်ဆိုတာ သိနေပေမယ့် ပြောတဲ့သူတွေ ပြောနေကြတော့ အချက်အလက်တချို့ ထောက်ပြချင်လာမိပါတယ်။

ဒီရွေးကောက်ပွဲနှစ်ခုဟာ အခြားနားကြီးခြားနားပါတယ်ဆိုတာကို ထောက်ပြစရာအချက်တွေ အများကြီးရှိတဲ့ထဲက အဓိက အကျဆုံးအချက်ကို ထောက်ပြရရင် နအဖ ရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံပါပဲ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲပြီးလို့ နိုင်ခဲ့ရင် ကိုယ့်ဟာကိုယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြမယ်ဆိုတဲ့ (ဗိုလ်စောမောင်ပြောတဲ့စကား) မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲမှာကျတော့ နိုင်တဲ့လူတွေဟာ နအဖစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ လှောင်ချိုင့်ထဲကို ခုန်ဝင်ကြရမှာဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံရဲ့ ကျေးကျွန်ဖြစ်ရုံမက သမိုင်းတရားခံလည်း ဖြစ်မှာပါ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်မှာ အကန့်အသတ်တွေ ကြေညာထားတာ မရှိပါဘူး။ ဒါပေမယ့် ဒီတခါ ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာတော့ နအဖရဲ့ဖွဲ့စည်းပုံ ဥပဒေက ထူးခတ်သလို ခတ်ထားပါတယ်။

အရေးကြီးတဲ့ နောက်ခြားနားချက်တခုကတော့ ၁၉၉ဝ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့တိုက်ပွဲအရှိန်၊ အောင်ပွဲအသီးအပွင့် အဖြစ်နဲ့ ကျင်းပတာဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ ကျင်းပလိုစိတ်မရှိဘဲ ကျင်းပရတာ ဖြစ်ပါတယ်။ လူထုကြီးဟာ ဘာမှထပ်စည်းရုံးဖို့ မလိုလောက်အောင် စည်းလုံးညီညွတ်နေပါတယ်။ နိုင်ငံရေးပါတီတွေဟာဆိုရင်လည်း တစညကို အနိုင်ရရင်ပြီးရောဆိုပြီး မဲမကွဲအောင် အနစ်နာခံ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ အခု ဒီတခါ ရွေးကောက်ပွဲကျတော့ နအဖက သူ့စိတ်ကြိုက်ပြင်ဆင်ပြီး သူ့ဆန္ဒနဲ့သူ ကျင်းပတာဖြစ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ တက်ကြွမှုဆိုတာ သုညအောက်ရောက်နေပြီး အတိုက်အခံတွေကိုလည်း သွေးကွဲအောင် လုပ်ထားပါတယ်။

နောက်တခုက ကြံ့ဖွံ့ပါတီဝင်ပြိုင်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ကြံ့ဖွံ့နဲ့ ၁၉၉ဝ တုန်းက တစညကို တတန်းတည်းထားလို့ မဖြစ် ပါဘူး။ ဟိုတုန်းက တစညဟာ နန်းကျသွားတဲ့ စစ်အုပ်စုကို ကိုယ်စားပြုတာဖြစ်ပါတယ် (ဗမာပြည်က စစ်အုပ်စုတွေရဲ့ သမိုင်းအရဆိုရင် အာဏာနဲ့ကင်းကွာသွားတဲ့ အရင်စစ်အုပ်စုထိပ်သီးဆိုသူတွေဟာ ဘာမှအာဏာမရှိကြရုံမက အာဏာရစစ်အုပ်စုက ရမ်းတဲ့အခါ ကိုယ့်ကိုယမ်းချေးမပန်းအောင် ရှောင်နေရတာပါ)။ သူတို့ရဲ့ လက်ထဲမှာရှိနေတာဟာ မဆလပါတီဆီက အမွေရထားတဲ့ ဥစ္စာ ပစ္စည်းနဲ့ လူထုမုန်းတီးမှုသာ ဖြစ်ပါတယ်။ အာဏာအခွင့်အရေးမရှိပါဘူး။ ဒီနေ့ နအဖရဲ့ ကြံ့ဖွံ့ကျတော့ နအဖက ပုံပေးထားတဲ့ ဓနနဲ့ ရုပ်ဝတ္ထုအပြင် ဝန်ကြီးချုပ်အာဏာကိုင်ထားသူ ကိုယ်တိုင်က ပါဝင်တဲ့အပြင် နောက်ကွယ်မှာ ကြံ့ဖွံ့ အနိုင်ရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ နအဖအစိုးရတဖွဲ့လုံးနဲ့ စစ်တပ်ကြီးရှိနေပါတယ်။

၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ရှစ်လေးလုံးတိုက်ပွဲကြီးရဲ့ အရှိန်အဝါတွေ တဟုန်းဟုန်းတောက်နေဆဲဖြစ်တဲ့အလျောက် ဒီမိုကရေစီ လေထုဟာ လူထူအကြားမှာ ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အဲဒီတုန်းက အမျိုးသားဒီမိုကရေစီအပါအဝင် နိုင်ငံရေးအင်အားစုတွေကို စော်ကားမော်ကားပြောရဲတာ၊ နဝတအစိုးရကို ကာကွယ်ရေးသားပြောဆိုတယ် ဆိုတာတွေဟာ မရှိသလောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သစ္စာဖောက်-ခြံကူးပေါင်းစုံအပြင် အကျိုးအမျိုးမျိုးကို မျှော်ကိုးနေသူတွေဟာ နအဖဘက်ကနေ သဘောတရား ခင်းပေးတာ၊ ဆင်ခြေဆင်လက်ရှာပေးတာ၊ နအဖက မကြိုက်သူတွေကို ဆဲရေးတိုက်ခိုက်တာတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် ၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ပြည်ပနိုင်ငံတွေ၊ အစိုးရတွေဆီက အယူအဆရှုပ်ထွေးစရာ ပြောဆိုလုပ်ကိုင်တာတွေ မတွေ့ရသလောက်ဖြစ်ပြီး အခုတော့ အန်ဂျီအိုအမျိုးမျိုးက အယူအဆအမျိုးမျိုး ပြောနေတာတွေ ရှိသလို နိုင်ငံခြားရေးဝန်ကြီးပေါင်းးစုံ၊ အမတ်ပေါင်းစုံကလည်း သဘောထားတွေ အမျိုးမျိုးဖော်ပြနေကြပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ တကောင်ထဲပြိုင်တဲ့ မြင်းလိုဖြစ်မယ့် ကြံ့ဖွံ့ပါတီအဖို့ မဆလလိုလွှတ်တော်ထဲမှာ လွှမ်းမိုးဖို့ ဆိုတာ ဘာမှမခက်ပါဘူး။ သူတို့မျက်နှာထူရင်ထူသလောက် အမတ်နေရာရယူလို့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်၊ ရွေးကောက်ပွဲရလဒ် စတာတွေနဲ့ပတ်သက်လို့ ဘာမှစိတ်ဝင်စားစရာမလို၊ ဂရုစိုက်စရာမလိုပါဘူး။ မဆလခေတ်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုပြီး နောက်မှ အလုပ်သမားတွေကို သတ်တာ၊ ဦးသန့်အရေးအခင်းလိုရမ်းကားတာ စတာတွေပေါ်လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ စိတ်နေသဘောထားကို အရပ်ဝတ်လဲလိုက်တာနဲ့ ပြောင်းသွားလိမ့်မယ်ထင်တဲ့ လူလောက် နုံအတာ လောကမှာ မရှိတော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် တိုက်ပွဲဂွင် (ခွင်) မဟုတ်ပါဘူး။ ဒင်းတို့ရဲ့ စားခွက်လုပွဲသက်သက်သာဖြစ်ပါတယ်။

နို့ညှစ်မှားသူများ

ဝရဇိန် / ၁၀ ဇွန် ၂၀၁၀


ဒီကိစ္စတော့ မပြောတော့ဘူး။ အရေးတယူပြောလောက်တဲ့ ကိစ္စလည်းမဟုတ်ဘူးလို့ ယူဆပြီး မပြောဘဲနေလာခဲ့တယ်။ ဒါပေမယ့် တိတိကျကျ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် ထောက်ပြဝေဖန်တဲ့သူပဲ မရှိလို့လေလား၊ ဒါမှမဟုတ် ဘယ်သူပဲ ထောက်ပြဝေဖန်ပါစေ ငါတို့ကတော့ “ကျားကျား … မီးယပ်ပဲ” ဆိုသလို ကြွေးကြော်အော်ဟစ်နေကြတာလေလားတော့မသိ။ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်ဆိုတာချည်းပဲ ပြောနေကြတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ အဓိကအကြောင်းပြချက်တချို့ကို ထပ်တလဲလဲပြနေကြတဲ့ အသံတွေက နည်းနည်းပိုပြီး ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတယ်ထင်လို့ “ဆိုရေးရှိက ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့” ဆိုတဲ့ထုံး နှလုံးမူပြီး အခုဆောင်းပါးကို ရေးလိုက်ရတာဖြစ်တယ်။

သူတို့ ထပ်တလဲလဲ ပြနေကြတဲ့ အကြောင်းပြချက်တွေထဲက ပထမဆုံးတခုက “ပြည်သူတွေမှာ ထည့်စရာ ဒီမိုကရေစီမဲပုံး မရှိမှာစိုးလို့ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေရော၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေဟာ မတရားမှန်း သိသိကြီးနဲ့ ရွေးကောက်ပွဲဝင်ဖို့ ကျုပ်တို့ ဆုံးဖြတ်လိုက်ရတာဖြစ်တယ်” ဆိုတဲ့ အကြောင်းပြချက်ဖြစ်တယ်။

သူတို့ဆိုလိုတာက မြန်မာပြည်သူတွေဟာ နအဖရဲ့ မတရားမှုမှန်သမျှကို သိကြတယ်။ ဒါကြောင့် ပြည်သူတွေဟာ နအဖကို ဖယ်ရှားချင်ကြတယ်။ ဖယ်ရှားနိုင်မယ့် တခုတည်းသော နည်းလမ်းကလည်း ရွေးကောက်ပွဲနည်းလမ်းဖြစ်တယ်။ အဲဒီနည်းလမ်း အသုံးပြုပြီး ဖယ်ရှားဖို့ဆိုရင် ရွေးကောက်ပွဲမှာ နအဖဘက်တော်သားတွေရဲ့ မဲပုံးတွေချည်း ရှိနေလို့မဖြစ်ဘူး။ နအဖကို ဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ မဲပုံးတွေရှိဖို့ မဖြစ်မနေလိုအပ်တယ်။ ဒါကြောင့် အဲဒီလိုအပ်ချက်အရ သူတို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။

ဒုတိယအကြောင်းပြချက်က နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ တခုတည်းသော နည်းလမ်းက လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ဖြစ်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ လွှတ်တော်ထဲကို ရောက်ဖို့လိုတယ်။ ဒါကြောင့် လွှတ်တော်ထဲကို ရောက်နိုင်ဖို့ ရွေးကောက်ပွဲဝင်ရတာဖြစ်တယ်လို့ ဆိုတယ်။

တတိယအကြောင်းပြချက်က ရှိပြီးသားပါတီအနေနဲ့ တရားဝင် နိုင်ငံရေးစင်မြင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးပါတီတခုရဲ့ ပြောရေးဆိုခွင့် ပျောက်မသွားစေဖို့ ဒါမှမဟုတ် မရှိသေးတဲ့ ပါတီတရပ်အနေနဲ့ဆိုရင်လည်း နိုင်ငံရေးစင်မြင့်တခု political space တခုရရှိစေဖို့ ရွေးကောက်ပွဲဝင်ရတာ ဖြစ်တယ်လို့ ဆိုတယ်။

အခြားသောအကြောင်းပြချက်တွေလည်း ရှိသေးပေမယ့် အခုပြောခဲ့တဲ့အချက်တွေနဲ့ ကြောင်းတူသံကွဲတွေချည်းမို့ ပြောမနေတော့ဘူး။ အဲဒီအကြောင်းပြချက်တွေကို ဂျာနယ်တွေထဲမှာ၊ ရေဒီယိုအင်တာဗျူးတွေမှာ ထပ်တလဲလဲ ဖတ်ရကြားရဖန်များလာတော့ တခြားသူတွေတော့ ဘယ်လိုခံစားရမယ် မပြောတတ်ဘူး။ မိမိကတော့ “ခက်တော့ ခက်နေပြီ” လို့ပဲ ရေရွတ်မိတယ်။ တမျိုးလည်း စဉ်းစားမိတယ်၊ သူတို့ရဲ့အတွေးအခေါ်တွေက ကိုယ်လိုက်မမီနိုင်လောက်အောင်ပဲ မြင့်လွန်းနေတာများလားပေါ့။

နအဖက ဒီနှစ်ထဲမှာ မဖြစ်မနေ ကျင်းပပေးမယ်လို့ ကြုံးဝါးနေတဲ့ ရွေးကောက်ပွဲ (ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပထမဆုံးဖြစ်လာမယ့် အဲဒီရွေးကောက်ပွဲမှာ ကတ်သီးကတ်သတ်ရမယ့် လေးငါးလလောက်လေးအတွင်း ၀န်ကြီးချုပ် ဦးဆောင်တဲ့ အာဏာရပါတီကို ဖရိုဖရဲ အပြိုပြိုအလဲလဲ အတိုက်အခံပါတီတွေက ဘယ်လိုစည်းရုံး၊ ဘယ်လိုဖွဲ့စည်း၊ ဘယ်လိုမဲဆွယ်၊ ဘယ်လိုရန်ပုံငွေရှာပြီး ဘယ်လိုအနိုင်ရအောင် ပြိုင်ဆိုင်ကြမလဲဆိုတာတော့ စဉ်းစားရခက်တဲ့ ပဟေဠိတပုဒ်) မှာ ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ ပြောထားတဲ့ ပါတီတွေကို အခြေခံအားဖြင့် (၃) မျိုးခွဲနိုင်တယ်။

ပထမတမျိုးက လူဝတ်လဲထားတဲ့ ဗိုလ်သိန်းစိန်တို့ရဲ့ ကြံ့/ဖွံ့ပါတီ။

ဒုတိယတမျိုးက ၂၀၀၈ အခြေခံဥပဒေ နိုင်ငံတကာမှာ လူရာဝင်စေရေးဆိုတဲ့ နအဖရဲ့ ရည်ရွယ်ချက်အတွက် နအဖက နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ပေးကမ်းထောက်ပံ့ လူရာသွင်းပေးထားတဲ့ ပါတီတွေ …။

တတိယတမျိုးက ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ရွေးကောက်ပွဲသည်သာ တခုတည်းသော နည်းလမ်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့ ၀န်းကျင်အနေအထားအားလုံး မည်သို့မျှလွတ်လပ်မှုမရှိ တရားမျှတမှုမရှိသည်ဖြစ်စေ ရွေးကောက်ပွဲ ၀င်ကိုဝင်ရမယ်လို့ ကြွေးကြော်ထားတဲ့ ပါတီတွေ …။

အဲဒီသုံးမျိုးမှာ ပထမနှစ်မျိုးအကြောင်းက ပြောစရာသိပ်မရှိဘူး။ ဗိုလ်သိန်းစိန်တို့ပါတီက စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးအတွက် မိုးကျရွှေကိုယ် (၂၅) ရာခိုင်နှုန်းကို အားဖြည့်ဖို့ လွှတ်တော်ထဲကို မရောက်ရောက်အောင် (By hook or by crook) သွားမယ့် ပါတီ။ ရှင်းတယ်။

ဒုတိယအမျိုးအစားကလည်း ဘယ်လိုပဲ နာမည်လှလှတွေ တပ်ထားပြီး မီးရှုးမီးပန်းရောင်စုံတွေ ပစ်လွှတ်ပြနေပါစေ။ သူတို့ရည်ရွယ်ချက်က တခုတည်း။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုအတွင်းမှာ သူတို့ရဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ရသလောက် တူးဆွရှာဖွေရယူရေးပဲ။ ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ အကြောင်းပြချက်တွေကို ဒီပါတီတွေကလည်း အော်ကောင်းအော်ကြလိမ့်မယ်။ ဒါပေမယ့် စိတ်ထဲကမပါဘဲ လူကြားကောင်းအောင် အော်ကြတာဖြစ်တယ်ဆိုတာကို နည်းနည်းလေး အကင်းပါးသူတိုင်းက သိကြတယ်။ ဒါကြောင့် ဒီပါတီမျိုးတွေအကြောင်းလည်း အချိန်ကုန်ခံပြီး ဆွေးနွေးနေစရာမလိုဘူး။

တတိယအမျိုးအစားပါတီတွေကတော့ သူတို့ရဲ့ အဲဒီအကြောင်းပြချက်တွေကို တကယ်ပဲ ရိုးရိုးသားသား ခံယူကိုင်စွဲနေကြတာများ ဖြစ်မလားဆိုတဲ့ အတွေးကြောင့် ဒီဆောင်းပါးကို ရေးဖြစ်တာဖြစ်တယ်။

သူတို့ရဲ့ ပထမအကြောင်းပြချက်ကို ပြန်ကြည့်ကြရအောင်။ မလွဲမသွေ ကျင်းပတော့မှာဖြစ်တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ ထည့်စရာ မဲပုံးမရှိမှာစိုးလို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်တဲ့။ ကဲ … တကယ့်လက်တွေ့မှာ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ ထည့်စရာ ဒီမိုကရေစီမဲပုံးမရှိမှာ အမှန်တကယ်ပဲ စိုးရိမ်တကြီး ဖြစ်နေကြသလားဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ ၀ိုင်းစဉ်းစားကြည့်ကြစို့။

မိမိ စုံစမ်းလေ့လာသိရှိရသလောက် နအဖက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုအများစုကြီး (Most of the people) သိနေကြတဲ့ အသိတခု၊ ပြောနေကြတဲ့ စကားတခွန်းပဲရှိတယ်။ အဲဒါကတော့ “လိမ်ဦးမှာပဲ” ဆိုတာဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲကစလို့ နှစ်ပေါင်း (၂၀) အတွင်း စစ်အုပ်စုရဲ့ အကြိမ်ကြိမ်အထပ်ထပ် လိမ်တာညာတာ အနိုင်ကျင့်တာ စော်ကားတာခံခဲ့ကြရပြီးဖြစ်တဲ့ မြန်မာပြည်သူတွေဟာ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို လုံးဝစိတ်မ၀င်စားဘူး။ ဒီရွေးကောက်ပွဲက သူတို့ဘ၀အခြေအနေ တိုးတက်မြင့်မားရေးအတွက် ဘာမှလည်း ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို ကောင်းကောင်းကြီး သိနေကြတယ်။ သူတို့အတွက် ဒီမိုကရေစီမဲပုံး ရှိတာ မရှိတာဟာ ဘာမှမထူးခြားဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့ဘယ်မဲပုံးကိုပဲ ထည့်ထည့်၊ ဇာတ်လမ်းအဆုံးမှာ အနိုင်ရသွားမှာက ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့စစ်အုပ်စုပဲဖြစ်တယ်ဆိုတာကို ပြည်သူတွေက မုန့်တီဟင်းလို အကွင်းအကွင်း မြင်ထားကြတာကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအကြောင်းပြချက်ကို ပြနေတဲ့လူတွေဟာ (လျှော့လျှော့ပေါ့ပေါ့ ပြောရရင်) အခြေခံအလွှာ (grass root level) က ပြည်သူတွေရဲ့ ခံစားချက်အစစ်အမှန်ကို နားမလည်သူတွေလို့ ပြောရမယ်။ မညှာမတာပြောရရင်တော့ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးအတွင်း ပြည်သူတွေက ပေးအပ်ထားတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်မထမ်းဆောင်နိုင်၊ မထမ်းဆောင်ရဲတော့ဘဲ ကိုယ့်ဘာသာကိုယ် အလံဖြူထောင်တဲ့လမ်း လိုက်တာကို ရိုးရိုးမလိုက်ဘဲ ပြည်သူတွေကို ခုတုံးလုပ်တဲ့သူတွေ ဖြစ်တယ်လို့ ပြောရလိမ့်မယ်။

ဒုတိယအကြောင်းပြချက်က နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင်နိုင်ဖို့ ရွေးကောက်ပွဲဝင်မှာဖြစ်တယ်တဲ့။ ဒီအကြောင်းပြချက်ကတော့ ဘယ်လိုငြင်းခုံဆွေးနွေးရမှန်းကို မသိတော့ဘူးလို့ပဲ ပြောရတော့မယ်ထင်တယ်။ ဒီအကြောင်းပြချက်က ကျားလှောင်အိမ်ထဲဝင်ပြီး ကျားကို သက်သတ်လွတ်စားဖို့ ချော့မော့စည်းရုံးကြည့်မယ်ဆိုတဲ့ စကားနဲ့ နည်းနည်းများ ဆင်နေမလားမသိဘူး။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်နဲ့ တွေ့ဆုံခိုက်မှာ နအဖရဲ့ ပြောခွင့်ရအဖွဲ့ခေါင်းဆောင်ဆိုသူ ဗိုလ်ကျော်ဆန်းက “အခြေခံဥပဒေကို ပြင်ဆင်ခွင့်မရှိဘူးလို့ ကျနော်တို့ ပြောမထားပါဘူး။ ပုဒ်မ (၁၂) ကို ကြည့်ရင် ပြင်လို့ရတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်” လို့ အတည်ပေါက်နဲ့ ပြောခဲ့တဲ့ စကားကို ရယ်ရမှန်းမသိဘဲ အတည်ယုံသူများရှိတယ်ဆိုရင်တော့ ဒီမိုကရေစီဘက်တော်သားဆိုသူများ တည်ထောင်ထားတဲ့ ပါတီများရဲ့ အဲဒီအကြောင်းပြချက်ကို ယုံတဲ့သူတွေလည်း ရှိကြမှာပဲ။ ပြည်သူတွေကို စိန်ခေါ်ရာမှာ လက်ရှိစစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေလောက် ဗြောင်မကျတဲ့ ၁၉၇၄ အခြေခံဥပဒေအပါအ၀င် မဆလ တပါတီအာဏာရှင်စနစ်ကြီးကို ဘောင်အတွင်းက၀င်ပြီး ပြင်ဖို့ကြိုးစားတဲ့သူတွေ ဗိုလ်နေ၀င်းရဲ့ ကြိမ်စကြာနဲ့ သုတ်တဲ့ဒဏ်ကို ဘယ်လိုခံခဲ့ကြရပြီး ဘယ်လို ဒူးနဲ့မျက်ရည်သုတ်ခဲ့ကြရတယ်ဆိုတာ သမိုင်းက ပူပူနွေးနွေး ရှိနေသေးတာမို့ မမေ့လောက်ကြသေးဘူးထင်တယ်။

တတိယအကြောင်းပြချက်က တရားဝင် နိုင်ငံရေးစင်မြင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးပါတီတရပ်ရဲ့ ပြောရေးဆိုခွင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးစင်မြင့်အသစ်တခု ရရှိစေဖို့် ရွေးကောက်ပွဲဝင်မှာဖြစ်တယ်တဲ့။ ဒီနေရာမှာ တရားဝင်ဆိုတဲ့ အသုံးအနှုန်းရဲ့ ဖွင့်ဆိုချက်ဟာ အဓိက ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်အမတ်တွေဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်လား၊ ဒါမှမဟုတ် န၀တ၊ နအဖဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်လား။ တရားဝင်မှုဆိုတာကို ဘယ်သူက သတ်မှတ်တာလဲ။ ပြည်သူကလား၊ သေနတ်ပြောင်းဝကလား။

နအဖက ပျောက်စေသတည်းလို့ ပြောလိုက်ရုံနဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ရော NLD ရော ပျောက်ကွယ်သွားမှာလား။ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ကတော့ အဲဒီမေးခွန်းတွေကို မတ်လ (၂၉) ရက်နေ့တုန်းက အဖြေပေးခဲ့ပြီးပြီ။ ရှင်းတယ်။ ပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ ပါတီတရပ်ရဲ့ ရပ်တည်ချက်သည်သာ တရားဝင် ရပ်တည်ချက်ဖြစ်တယ်။ အဲဒါကလွဲပြီး တခြားဘယ်ရပ်တည်ချက်မှ တရားဝင် ရပ်တည်ချက်မဟုတ်ဘူး။ ဒါကို မသိသားဆိုးရွာစွာနဲ့ ဘယ်လိုလူတွေက နအဖရဲ့ ရွေးကောက်ပွဲဆိုတာကနေ ပေါ်ထွက်လာမယ့် လွှတ်တော်ထဲသွားပြီး ဘယ်လိုတရားဝင်ပါတီရဲ့ ဘယ်လိုတရားဝင်ပြောရေးဆိုခွင့်မျိုးကို မျှော်လင့်နေကြတာလဲ။ “လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ... ကျနော်တို့မြို့ဈေးထိပ်က အမှိုက်ပုံကြီးဟာ ယင်ကောင်တလောင်းလောင်းနဲ့ အများပြည်သူတွေရဲ့ကျန်းမာရေးကို လွန်စွာထိခိုက်စေလျက်ရှိပါတယ်။ ဒါကြောင့် ဒီအမှိုက်ပုံကြီးကို လွှတ်တော်ရဲ့ အာဏာစက်အသုံးပြုပြီး အမြန်ဆုံးဖယ်ရှားပေးဖို့ ကျနော့်ရဲ့ မဲဆန္ဒရှင်များကိုယ်စား ရဲဝံ့ပြတ်သားစွာ တောင်းဆိုလိုက်ပါတယ်” ဆိုတဲ့ ပြောရေးဆိုခွင့်မျိုးလား။ ဒါမျိုးကိုတော့ အဲဒီလွှတ်တော်က အသေအချာ တာဝန်ယူဖြေရှင်းပေးမှာ ဧကန်ပဲ။

တကယ်တော့ ပွဲက မတ်လ (၂၉) ရက်နေ့ကတည်းက ပြတ်သွားခဲ့ပြီးပြီ။ de facto အဖြစ်ကနေ de jure အဖြစ်ကို တက်လှမ်းဖို့ မဖြစ်မနေ လိုအပ်နေတဲ့ နအဖစစ်အုပ်စုဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိထားတဲ့ NLD မပါတဲ့ ရွေးကောက်ပွဲကတဆင့် သူလိုချင်နေတဲ့ de jure အဆင့်ကို ဘယ်လိုတက်လှမ်းမလဲ။ စိတ်ဝင်စားစရာကောင်းလှတဲ့ ဇာတ်ကွက်ကို ကြည့်ကြရမယ်။ လက်တွေ့ကျကျ မထောက်မညှာတမ်းပြောရရင် NLD နဲ့ နအဖ နှစ်ယောက်တည်း စီးချင်းထိုးတဲ့ အခုပွဲမှာ ရောင်တော်ပြန်နဲ့ ရောလွှတ်နိုင်ဖို့ ကြိုးစားနေသူတွေဟာ သမိုင်းရဲ့အမှိုက်ပုံထဲ ရောက်သွားမှာပဲဖြစ်တယ်။ ခွေးလှေးခုန်လို့ ဖုန်ထမှာလည်း မဟုတ်ဘူး။

အဲသလိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်ဆိုတာကတဆင့် ၂၀၀၈ နာဂစ်အခြေခံဥပဒေကို အခြေခံကစ ပြန်ပြင်ပြီး ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့ ကြုံးဝါးနေသူတွေအတွက်လည်း သမိုင်းက နွားနို့ညှစ်ဖို့ နွားချိုတခုပေးထားလေရဲ့။ နွားချိုက နွားနို့ထွက်အောင် ညှစ်ကြပေတော့။ ။

Friday, March 19, 2010

၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးလမ်းသုံးသွယ်


မင်းဆွေသစ် | သောကြာနေ့၊ မတ်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(၁)

၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖ မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများအား ထုတ်ပြန်လိုက်၏။ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နေ့ရက်အား သတ်မှတ်ဖော်ပြခြင်း မရှိသေးသော်လည်း… ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ရက်မှာမူ… နီးကပ်လာပြီဟု ယူဆရ၏။

ဤတွင်…. ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမြင်သဘောထားအမျိုးမျိုး ထွက်ပေါ်လာပြီး… ရွေးလမ်းများ ကွဲလာကြ၏။

ပထမရွေးလမ်းက … ခြွင်းချက်မရှိ ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်မည်။ ဤသည်တို့ကား…. စစ်အုပ်စုမှ ဖွဲ့စည်းပေးမည့် နိုင်ငံရေးအဖွဲ့အစည်းများ ဖြစ်၏။ စစ်အုပ်စုနှင့် အရောင်တူ၊ အသွေးတူ၊ အတောင်တူ….တို့ ဖြစ်သည်။ စစ်အာဏာရှင်စနစ်အား သက်ဆိုးရှည်ရေးအတွက် စွမ်းဆောင်ကြမည့် စွမ်းအားရှင်များဖြစ်၏။

ဒုတိယရွေးလမ်းက …. ကျင်းပမည့် ရွေးကောက်ပွဲသို့ ခြွင်းချက်နှင့် ဝင်မည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပါလီမန်အတွင်းမှ တရွေ့ရွေ့နှင့် ပြုပြင်ပြောင်းလဲသွားမည်၊ ယနေ့အခြေအနေ၌ အခြားရွေးလမ်းမရှိ၊ စစ်အုပ်စုမှ ဖွင့်ပေးသည့် ဒီမိုကရေစီဝန်းကျင်သည်… ကျဉ်း၍ ငယ်ကောင်းငယ်မည်… သို့သော် …ကျဉ်းသော… ငယ်သော ဒီမိုကရေစီဝန်းကျင်ကိုပင် တဖြည်းဖြည်း ချဲ့၍သွားရမည်၊ စစ်အုပ်စုမှ ‘ဟ’ ပေးသည့် space အား တစတစနှင့် ချဲ့ယူရမည်။ ဤသို့… ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသို့ သွားရာလမ်းက …. ကျင်းပမည့် ရွေးကောက်ပွဲနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ပါလီမန်တွင်သာ ရှိ၏။ ဤအတွက် …ရွေးကောက်ပွဲသို့ ဝင်ရမည်ဟူ၍ ခြွင်းချက်ပေး၍ စိတ်ကူးယဉ်ကြ၏။ အီဗော်လူးရှင်း (evaluation) သမားများ….။

တတိယရွေးလမ်းက …. ကျင်းပမည့် ရွေးကောက်ပွဲဟူသည်ကား… ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအရ ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံဟူသည်က …ပြည်သူအား ကိုယ်စားမပြု… ပြည်သူ့ဆန္ဒမပါ။ စစ်အုပ်စုမှ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ရေးဆွဲထားသည့် ဖွဲ့စည်းပုံဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရမရှိ….။ ဤအတွက် …ရွေးကောက်ပွဲအား ဆန့်ကျင်၏။ သပိတ်မှောက်၏။ စစ်မှန်သော ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဆက်၍ တိုက်ပွဲဝင်ရမည်… ဟူ၍ ဖြစ်၏။

(၂)

ပထမရွေးလမ်းဟူသည်က…. စစ်အာဏာရှင်စနစ်သို့ ဦးတည်ရာဖြစ်၍ လူထုလျှောက်မည့် လမ်းမဟုတ်…။

“ငွေငါးထောင် အစာဒုလ္လဘရယ်ကြောင့်
ပြည်အားတောင် မဖြုန်းသပရယ်လို့
မဟာသူပုန်ထခဲ့တဲ့ အရေးတတ်တွေ
အမွှေးခပ်ရှည်ရှည်ရယ်နှင့် အမိုက်ဝါသနာကိုး
(အရီးစိမ်းကြီးရယ်) ခွေးအငတ် မပြေတပြေတွေမှာဖြင့် ကိုက်စရာအရိုး”

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခွေးဋီကာနှင့်ပင် ပထမရွေးလမ်းသမားတို့အတွက်က ပြည့်စုံ၍နေပြီ၊ ဤအတွက် ပြောရန်မလို…။ ထားတော့…။

ဒုတိယရွေးလမ်း…။
ဒုတိယရွေးလမ်းက ….ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်မည်။ ပါလီမန်အတွင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲမည်။ စစ်အာဏာရှင်၏ ပုဒ်ထီး၊ ပုဒ်မတို့အား ဖြုတ်၍ ပြင်၍၊ ဖြည့်စွက်၍… ဒီမိုကရေစီပုဒ်ထီး၊ ပုဒ်မများနှင့် အစားထိုးသွားကြမည်ဟု ဆို၏။

ဤတွင် …၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အပိုင်းဆီသို့ မသွားမီ … ရွေးကောက်ပွဲဝင်နိုင်ရန် နိုင်ငံရေးပါတီ အဖွဲ့အစည်းတခု ဖွဲ့စည်းရေးဟူသည့် …ပထမခြေလှမ်းမှ စပါမည်။

၂ဝ၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့၊ ရက်စွဲနှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လက်မှတ်ရေးထိုး၍ နိုင်ငံရေးပါတီများမှ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအား၊ ဥပဒေအမှတ် ၂/၂ဝ၁ဝ အဖြစ်နှင့် ထုတ်ပြန်၏။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၏ အခန်း ၂ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (ဂ) တွင်က ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဟူ၍ ပြဋ္ဌာန်းထား၏။ ပြီးလျှင် အခန်း ၂ ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (ဈ) တွင်လည်း ပုဒ်မ ၆ ပါ အချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ထပ်မံ၍ ဝန်ခံကတိပြုထားခိုင်းပြန်သည်။

ဖော်ပြပါ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (ဈ) တို့၏ ဥပဒေအနှစ်သာရက …. ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲပြင်ဆင်ခွင့်မရှိ…. ယခုအတိုင်း ထိန်းသိမ်းဆောင်ရွက်ရမည်ဟူ၍ ….သက်ရောက်ပါက …. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မိသည့် နိုင်ငံရေးအဖွဲ့အစည်း ဟူသမျှသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အဘိဓမ္မာသုံးပုံကဲ့သို့ ပြုပြင်ရန် မဖြစ်နိုင်တော့….။ လေးသင်္ချေနှင့် ကမ္ဘာတသိန်း စောင့်ရမည့်ဟန်….။ ထားတော့…။

ဒုတိယရွေးလမ်းအား အတွေးနှင့် ဆက်ကြည့်ပါမည်။

ပါလီမန်အတွင်းသို့ ရောက်ရှိပြီ။
ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ၇၅ % ရှိပြီး စစ်သားကိုယ်စားလှယ်များက ၂၅ % ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် တပ်မတော်၏ အခန်းကဏ္ဍများအား ဖယ်ရှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်မည်ဆိုပါက ၂ဝဝ၈ ဖွဲ့စည်းပုံတွင် ပါရှိသည့် အခန်း ၁၁ အရ ပြုပြင်ရမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ပြင်ဆင်လိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် မူကြမ်းအား လွှတ်တော်ကိုယ်စားလှယ် ၂ဝ % မှ ထောက်ခံ၍ အဆိုပြုတင်ပြရမည်ဖြစ်သည်။ အဆိုပြုတင်ပြချက်မူကြမ်းအား ပြည်သူ့လွှတ်တော်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၅ % အထက် ထောက်ခံမှသာလျှင် အဆိုပြုတင်ပျြချက်မူကြမ်းအား ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးမည်။ ဤတွင် ၂၅ % ပါရှိသည့် စစ်သားကိုယ်စားလှယ်များက မထောက်ခံသ၍ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟူသည်မှာ…. မည်သို့မျှ ဖြစ်လာမည်မဟုတ်။ ထားတော့…..။ မဆိုစကောင်း၊ ဆိုစကောင်း ….တရွေ့ရွေ့နှင့် ပါလီမန်အတွင်း လူထုကိုယ်စားလှယ်များ၏ စည်းရုံးမှုကြောင့် တိုးတက်သော လူထုလမ်းသို့ လျှောက်လိုသည့်… စစ်သားကိုယ်စားလှယ်များ ဖြစ်ထွန်းလာခဲ့သည်ဆိုပါစို့။ ဤအတွက် …ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းအဆိုအား တိုးတက်သော စစ်သားကိုယ်စားလှယ်အချို့၏ ထောက်ခံမှုဖြင့် ၇၅ % အထက် ထောက်ခံဆန္ဒပြုမှုအား ပါလီမန်တွင် ရခဲ့ပြီ….။ ဤတွင်လည်း ဒုတိယအဆင့် အကျပ်အတည်းက ရှိနေပြန်သည်။ ပြင်ဆင်မည့် ဥပဒေမူကြမ်း၏ ပြင်ဆင်ချက်များသည် ….ဖွဲ့စည်းပုံတွင် ပါရှိသည့် …..

အခန်း (၁) နိုင်ငံတော်အခြေခံမူများ
အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
အခန်း (၃) နိုင်ငံတော် အကြီးအကဲ
အခန်း (၄) ဥပဒေပြုရေး
အခန်း (၅) အုပ်ချုပ်ရေး
အခန်း (၆) တရားစီရင်ရေး
အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်
အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဟူသည့် အခန်းများအား ပြင်ဆင်ခြင်းဖြစ်ပါက …. ပြည်ထောင်စု လွှတ်တော်၏ ၇၅ % အထက်၏ ထောက်ခံမှုဖြင့် ပြင်၍မရသေး…။ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရဦးမည်ဖြစ်၏။ မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် လူထု၏ ၅ဝ % အထက်မှ ထောက်ခံဆန္ဒပြုမှသာလျှင် …. ထိုပြင်ဆင်မှု ဥပဒေမူကြမ်းသည် အတည်ဖြစ်မည်။

ထိုအခြေအနေတွင် …. တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဖွဲ့စည်းပုံပြင်ဆင်ချက်အား သဘောမတူပါက …. အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၁၈ ၊ ပုဒ်မ ခွဲ (က)၊ (ခ) တို့နှင့်အညီ … နိုင်ငံတော် အာဏာအား သိမ်းယူပိုင်ခွင့် ရှိ၏။ ဤတွင် ….ပါလီမန်ဟူသည်လည်း ဖျက်သိမ်းပြီးဖြစ်၏။

အဆုံး၌မူ ….ပါလီမန်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အိမ်မက်သည်လည်း ပျက်လေ၏။ အိမ်မက်က အိမ်မက်အဖြစ်နှင့်ပင်..။ ဒုတိယရွေးလမ်းဟူသည်ကား…. စိတ်ကူးနှင့် ခင်းကြည့်သော လမ်းသာ…။ လက်တွေ့လျှောက်လှမ်း၍မရ…။

(၃)

ဒုတိယရွေးလမ်းဖြင့် စစ်အာဏာရှင်စံနစ်အား လျှော်ဖွတ်၍မရ…။ ထားတော့…။

တတိယရွေးလမ်း…။
တတိယရွေးလမ်းက …. ရွေးကောက်ပွဲအား ဆန့်ကျင်၏။ ပါလီမန်အတွင်း တိုက်ပွဲနှင့် ပြုပြင်ပြောင်းလဲ၍ မရနိုင်ဟု ယုံကြည်၏။

ဤတွင်…. တတိယရွေးလမ်း၌ ပထမဦးစွာ စိန်ခေါ်မှုက … ပါလီမန်ပြင်ပမှ လူထုနှင့်အတူ နိုင်ငံရေးတိုက်ပွဲများအား မည်သို့ ဆင်နွှဲမည်နည်း…။ ဒီမိုကရေစီလူဘောင်ဆီသို့ လူထုနှင့်အတူ အရှေ့မှ ဦးဆောင်၍ မည်သို့ ချီတက်ကြမည်နည်း…။

စစ်အုပ်စုမှ ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ… နိုင်ငံရေးအသင်းအဖွဲ့… ဖွဲ့စည်း၍ လူထုအား ဦးဆောင်ပြီး ဒီမိုကရေစီလူ့ဘောင်ဆီသို့ လျှောက်လှမ်းမည်လား….။ သို့တည်းမဟုတ်… မြေအောက်အသင်းအဖွဲ့အသွင်နှင့် လူထုအား ဦးဆောင်၍ ချီမည်လား…။ ဤအခြေအနေ ၂ ရပ်၌ နိုင်ငံရေးပါတီတရပ်အနေနှင့် နိုင်ငံရေးပါတီများဆိုင်ရာ ဖွဲ့စည်းခြင်း ဥပဒေအရ …. ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကော်မရှင်သစ်တွင် တင်လျှောက်၍ ဖွဲ့စည်းမည်ဆိုပါလျှင်….

ပထမဦးစွာ ရင်ဆိုင်ရမည်က …. ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည့်အကြောင်း ဝန်ခံကတိပြုရမည်။

ဒုတိယရင်ဆိုင်ရမည်က ….. ကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်…. စသည့် လွှတ်တော်ရွေးကောက်ပွဲများ၌ အနည်းဆုံး ၃ နေရာတွင် ဝင်ရောက်၍ အရွေးချယ်ခံရမည်။

တတိယရင်ဆိုင်ရမည်က …. ၁၉၈၈ အရေးတော်ပုံကြီးမှစ၍ လက်တွဲဆောင်ရွက်ခဲ့ကြသည့် သေဖော်သေဘက်၊ ရဲဘော်ရဲဘက် .. စွန့်လွှတ်ဖော်၊ စွန့်လွှတ်ဘက်… ရဲဘော်များမှ အကျဉ်းထောင်အတွင်း ကျခံနေကြရသည့် သူများအား လက်တွဲဖြုတ်ရမည်။ စွန့်ပယ်ထားရမည်။ မလွယ်….။ မည်သည့်နှလုံးသားနှင့် ဤရဲဘော်များအား ဖယ်ခွာသွားနိုင်မည်နည်း….။ လုံးဝ မလွယ်…။

ဤတွင် … နိုင်ငံရေးပါတီ အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်ပြီး… ဒီမိုကရေစီလူ့ဘောင်ဆီသို့ လျှောက်လှမ်းရေးက စိန်ခေါ်မှု ၃ ရပ်နှင့် ရင်ဆိုင်ရမည်မှာ … မွန်းကြပ်စရာပင်…။

နိုင်ငံရေးဖြတ်သန်းမှု ကြီးမားခဲ့သည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးရွှေအုန်းက … နအဖ ၏ နိုင်ငံရေး ပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများအား ကြည့်ပြီး… ဥပဒေများ မထွက်မီက ရှိခဲ့သည့် ရွေးကောက်ပွဲဝင်လိုသည့် ဆန္ဒများပင် ပျက်ယွင်းရသည်ဟု ဆို၏။

ပြီးလျှင် … ဦးရွှေအုန်းက …
''၂ဝဝ၈ ခုနှစ် ဥပဒေက မကောင်းတဲ့ ဥပဒေဆိုရင် နောင်မှာလည်း ကောင်းလာနိုင်မယ့် အနေအထား မရှိဘူး။ မကောင်းလားဆိုပြီးတော့ မလုပ်ဘဲ နေလို့ရှိရင် ဘာမှမလုပ်ဘဲ နေရတော့မှာပဲ။ ဒါကို မကြိုက်ဘူးဆိုပြီးတော့ ပြည်တွင်းမှာ နေပြီးတော့… လက်နက်ကိုင်လမ်းစဉ် လုပ်ဖို့ဆိုတာလည်း အဲဒီလောက် သတ္တိမရှိဘူး” ဤအတွက် ရွေးကောက်ပွဲကိုပင်လျှင် ဝင်ရပေမည်ဟု ဆို၏။

စဉ်းစားဖွယ်ရာပင်…။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က … အင်တာဗျူးတခု၌…. “နိုင်ငံရေးပါတီတခုဟာ နိုင်ငံရေးရှိဖို့ လိုတယ်၊ နိုင်ငံရေးမရှိတဲ့ ပါတီဆိုရင် ဘာနဲ့တူလဲဆိုတော့ ဦးနှောက်မရှိတဲ့၊ ခေါင်းမပါတဲ့ သတ္တဝါလို ဖြစ်မှာပဲ။ လူတွေမှာ၊ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ရှိနေမယ်ဆိုရင် ပါတီမရှိလည်း အရေးမကြီးဘူး။ ကွန်မြူနစ်တို့၊ ဖဆပလတို့ဆိုရင် ဂျပန်ခေတ်တခေတ်လုံး ကျော်ဖြတ်ခဲ့တယ်။ ပါတီရယ်လို့ မရှိဘူး။ နောက်မှ ဖဆပလဆိုတာ ပေါ်ပေါက်လာခဲ့တယ်'' ဤသို့ ပြောဆို၏။

ဆရာဦးဝင်းတင် ဥပမာပြုညွှန်းဆိုသည့် ကွန်မြူနစ်ပါတီနှင့် ဖဆပလ ဟူသည်ကား…. ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲရန် လူထုစည်းရုံးရေးအား မြေအောက်ဆင်း၍ လုပ်ဆောင်နေသည့် သခင်စိုး ဦးဆောင်သည့် ကွန်မြူနစ်ပါတီနှင့် ဖဆပလ တပ်ပေါင်းစုအား ညွှန်းဆိုခြင်း ဖြစ်သည်။

မတ်လ ၂၇ ရက်၊ ဖက်ဆစ်တော်လှန်ရေးကြီးဖြင့် … ဖက်ဆစ်ဝါဒအား လက်နက်ကိုင် တိုက်ထုတ်ခဲ့သည့် သမိုင်းအား ဥပမာပြုညွှန်ပြခြင်းဟု နားလည်ရ၏။

ဤတွင် ….တတိယရွေးလမ်း ဟူသည်ကား…. လက်နက်ကိုင် တော်လှန်ရေးသို့ ချီရာလမ်း….။

လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ

မိုးမခ

မတ် ၁၉၊ ၂၀၁၀

“ရွေးကောက်ပွဲဥပဒေ ကိုကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ပဲ ရွေးကောက်ပွဲလဲ မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေငြာ စာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယေက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တစ်ခုတည်းသော အဖြေကိုပဲ ကျွန်တော်ပေးခဲ့တယ်။

အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ ရွေးကောက်ပွဲလဲ ၀င်မှာပဲဆိုတဲ့ အဖြေပဲ။
ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီ ဌါနချုပ် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲ ဆိုရင်အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် ၂၀လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ။

အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ …

ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက် လောက်တောင်မှ တိုင်းပြည်အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုး တွေ့ရတယ်။ တခါ လယ်ယာအသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့်ဆောင်ရွက်လို့ပဲ ထောင်ကပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ဘာမှ မဆိုင်သလိုပဲနေတယ်။ သူတို့ရဲ့ တခွန်းထည်းသော အပြောကတော့ ပါတီရေရှည် တည်တံ့ရေး အတွက်သူတို့ဟာ ဒီလိုလုပ်ရတာလို့ပြောတယ်။

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ …

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး။ အစိုးရခိုင်းတာပဲ လုပ်မယ်။ အစိုးရမကြိုက်တာ မလုပ်ဘူး။ ဒါဆိုရင်တော့ တစညနဲ့လဲ တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။

ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး …

တခါတုန်းက ဆရာပြောခဲ့ဘူးတယ်။ အန်အယ်လ်ဒီပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ကျော်တွေ ဖြစ်ကုန်ကြပြီ မျက်စေ့မမြင်တဲ့ သူလည်းမမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ်ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ်တွေနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေး ပါတီတခု ဌါနချုပ်တစ်ခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကိုဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက်မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေ လည်း ကြားရတယ်။

နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ …

အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာ ကတော့ ဌါနချုပ်ကို အမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါတီ အပေါ်မှာ တဘက်က ပရက်ရှာ (ဖိအား) တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့်နေလိုက်ဦးမယ် ဆိုပြီးစောင့်နေလိုက်တာ။

စောင့်နေလိုက်တဲ့အတွက် ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ်။ ဘာကြောင့် ဌါနချုပ်ကို အမြောက်နဲ့ ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ အနှစ် ၂၀ အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် လုပ်တာမရှိခဲ့ဘူး။ ပါတီဌါနချုပ်ဟာလည်း ဒီမိုကရေစီ ပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူးတော့ဘူး။ တယောက်ထဲက နေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီအမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလားဆိုလား ငြင်းလား ခုံလားလည်း ဘာမှ မရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ တတိုင်းပြည်လုံးမှာ ရှိတဲ့ အန်အယ်လ်ဒီအောက်ခြေ ပါတီဝင်တွေနဲ့ လုံးဝ ကင်းကွာပြီးတော့ တခြားစီ ဖြစ်နေပြီ။

ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ် …

အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ ၈၀ ကျော် ၉၀ကျော် စီအီးစီတွေ အစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုး လိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒိထက် အဆတစ်ရာ လောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ်။

အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ် …

လူတွေကို မသိပေမယ့်လို့ နံမည်တွေကို ကြားဘူးနေပြီး ခေါင်းထဲမှာ စွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်းမြမြတို့ မိတ္ထိလာက ဒေါ်မြင့်မြင့်အေးတို့ ရန်ကုန်က နော်အုန်းလှတို့ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့ ဒေါ်အုန်းမြတို့ ခင်စန္ဒာဝင်းတို့ ဆိုတဲ့ နာမည်တွေ အဲဒီအမျိုးသမီးတွေဟာ တကယ်တန်း ပြည်သူလူထုအတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သားကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စလည်း ၀င်ပါကြတာပဲ။ နာဂစ်ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ် ဆိုပြီးနောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။

အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရလောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲ ဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရအကြိုက် လိုက်လုပ်မှာပဲ လို့ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲ လို့ပြောလိုက်တယ်။

ရွေးကောက်ပွဲ ၀င်တာကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာမဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဘန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့်သူတွေကိုလည်း ဆရာဘာမှ ပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီ အနေနဲ့ကတော့ မူမရှိတဲ့ အဖြစ်ကို ထောက်ပြတာပါ။

သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ …

ဘယ်လိုမူမရှိလဲ ဆိုတော့ အမျိုးသားညီလာခံကနေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက်လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျွန်တော်တို့မှားပါတယ် ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ကြေငြာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေငြာစာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေငြာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် ၂၀ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲလည်း ၀င်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။

အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ် …

သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါပဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက တစညက ၇ နေရာ အနိုင်ရတယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ ၇ နေရာမပြောနဲ့ ၃ နေရာ ၄ နေရာတောင် အနိုင်ရမယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ်။ သူတို့ဘယ်လိုနည်းနဲ့ ရွေးကောက်ပွဲမှာ နိုင်မှာ မဟုတ်ဘူး။ နိုင်တာရှုံးတာထား၊ ရွေးကောက်ပွဲ ၀င်တာမ၀င်တာ လည်းသူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မကောင်းဘူးလည်း မပြောဘူး မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလား လို့လာလာမေးကြတဲ့သူတွေကို အဲလိုဖြေလိုက်တာ။ အဲလို ဖြေရတဲ့အကြောင်းရင်းကို ဆရာရှင်းပြတာ။

အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ …

ဒါက တလျောက်လုံးပေါ့လေ မောင်စူးစမ်းတို့ ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှ တပါးအခြားနည်း လမ်းမရှိပြီ။ ရွေးကောက်ပွဲ ဆိုတာဟာ ထွက်ရပ်လမ်းမဟုတ်ဘူး။ အခြားနည်းလမ်းတွေလည်း အကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရအောင် ရှိနိုင်တယ် ၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေး ပါတီတွေရဲ့ တာဝန်ဖြစ်တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ကြောင့် အန်အယ်လ်ဒီပါတီ ဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ကြောင့်မို့ သူတို့ဟာ စင်ပေါ်ရောက်လာတဲ့သူတွေပါ။ အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီမရှိလဲပဲ တိုင်းပြည်က ဘာမှ မဖြစ်ပါဘူး။ အန်အယ်လ်ဒီရှိနေလဲ ဘာမှ မဖြစ်ပါဘူး။

လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က အင်တာနေရှင်နယ် ဟယ်ရယ် ထရီဗြွန်းမှာ ဆရာဆောင်းပါးရေးခဲ့တယ်။ အခြေအနေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့ အဆုံး အုံကြွမှုတွေ ပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့မြင်နေလို့ပဲ။

သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ် …

၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိတာနဲ့စာရင် ရှိတာကကောင်းတာပေါ့ လို့ဆိုပြီးတော့ တခဲနက်ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈နဲ့ အဆုံးသတ်သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေးကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး ။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာ မဟုတ်ဘူး။ ဒီလို ၈၈တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက် အဲဒါကြောင့် လည်း စကားပြောကြပါ။ ဆွေးနွေးကြပါ လို့ပြောနေရခြင်းဖြစ်တယ်။ ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”

ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ … (လူထုစိန်ဝင်း)

Thursday, March 18, 2010

စိတ်ကူးမယဉ်ကြဖို့

အောင်ဒင်
မတ် ၁၈၊ ၂၀၁၀

နအဖ စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်၊ ရွေးကောက်ပွဲကော်မရှင် ကိုဖွဲ့စည်းပြီး၊ အဲဒီ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ ထုတ်ပြန်နေပါပြီ။
နအဖ က ရွေးကောက်ပွဲ ဥပဒေများ နဲ့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်လိုက်တဲ့ အပြင် သူတို့ အားလုံးကို ပါတီထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်တွေပါ ပိတ်ပင်လိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲရလာဒ် ကိုလည်း ဖျက်သိမ်းလိုက်တဲ့ အပြင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ ရက် ၆၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေကြသူ တွေအားလုံးကို ပါတီက ထုတ်ပစ်ပြီး ပါတီကို ကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဖိအားပေးနေပါတယ်။

အဲဒီလို မလုပ်ခဲ့ရင်ပါတီဟာ အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်မယ်လို့ ခြိန်းချောက်နေပါတယ်၊ ဒါကြောင့်မို့ အဖွဲ့ချုပ်ဟာ မကြာမီ အချိန်အတွင်းမှာ အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချရတော့မှာ ဖြစ်ပါတယ်။

ဒီလို အချိန်မျိုးမှာ မတရားမှုတွေကို သိသိကြီးနဲ့ ခေါင်းငုံ့ခံဖို့ တိုက်တွန်းနေကြတဲ့ အသံတွေကြားနေရပါတယ်။ ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် နအဖ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပါတီကို ပြန်လည်မှတ်ပုံတင်သင့်တယ်၊ လူထုကို ရွေးချယ်စရာ အခွင့်အရေးပေးနိုင်ဖို့ အတွက် ရွေးကောက်ပွဲဝင်သင့်တယ်လို့ အကြောင်းရှာနေကြတာလည်း ကြားရပါတယ်။ အဲဒီ အတွေးအခေါ်တွေကို တုန့်ပြန်ဖို့ ဒီစာစုကို ရေးပါတယ်။

(၁) ပြည်တွင်းက ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ က ပြောပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ်က စနစ်တကျ နိုင်ငံရေးနယ်ပယ်က နောက်ဆုပ်တာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကို ဝင်ရမယ်လို့ ဆိုပါတယ်။ ဒီသဘောတရားကိုပဲ အခွင့်ထူးခံ စာနယ်ဇင်းသမားတစ်စု နဲ့ အလံနီဟောင်းတွေက တွင်တွင်ကြီး ဝါဒဖြန့်ချိနေတာ ကြာပါပြီ။

လုံးဝမှားပါတယ်။ တကယ်က စစ်တပ်က နိုင်ငံတော်အာဏာကို ထာဝရ ဆုတ်ကိုင်နိုင်ဖို့ စနစ် တကျ ရှေ့တိုးလိုက်တာပါ။ မြန်မာနိုင်ငံမှာ ထာဝရ စစ်အာဏာရှင်စနစ်ကို တည်ဆောက်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်တာပါ။

နအဖ ရဲ့ အကြံအစည် က သူတို့ရဲ့ ဘိုးတော်ကြီး ဦးနေဝင်း ရဲ့ အကြံအစည် နဲ့အတူတူပါပဲ။ ကွဲပြားတာက လက်ရှိ စစ်အာဏာရှင်တွေက ဦးနေဝင်း ရဲ့ အားနည်းချက်လို့ သူတို့ယူဆတာတွေကို ပြင်ဆင်ထားတာပါပဲ။

ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းပြီး ၁၉၆၄ မှာ မဆလ ပါတီထောင်တယ်။

တစ်ပါတီ အာဏာရှင်စနစ် ဖွဲ့စည်းပုံဆွဲပြီး ၁၉၇၃ မှာ အတည်ပြုတယ်။

၁၉၇၄ က စပြီး ၄ နှစ် တစ်ကြိမ်ရွေးကောက်ပွဲတွေလုပ်တယ်။

နအဖ က ၁၉၈၈ မှာ အာဏာကို မဆလ အစိုးရထံကနေ လွှဲပြောင်းယူတယ်။

၁၉၉၃ ကနေ ၂၀၀၇ အထိ ၁၃နှစ်ကျော်ကြာ ထာဝရ စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံကို ရေးဆွဲတယ်။

၂၀၀၈ မှာ အဓမ္ဓအတည်ပြုတယ်။

အခု ၂၀၁၀ မှာ စစ်တပ်နှင့် လက်အောက်ခံပါတီများ ပါတီစုံရွေးကောက်ပွဲကို လုပ်ဖို့ ပြင်ဆင်နေတာပါ။

ဦးနေဝင်းက စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ မဆလပါတီ ထောင်ပြီး နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ခဲ့ပေမည့် အဲဒီ စစ်တပ်ပါတီထောင်ရေးကို အားနည်းချက်လို့ နအဖ ကမြင်ပုံရပါတယ်။ ဦးနေဝင်းက စစ်တပ်ကို အခြေပြုပြီး ပါတီထောင်တဲ့ အခါ အရပ်သားတွေကိုလည်း ပါတီထဲဖိတ်ခေါ်ရတယ်။ ဆိုရှယ်လစ်ဟောင်းတွေ၊ ကွန်မြူနစ်ဟောင်းတွေ၊ ပမညတ ဟောင်းတွေ က ဦးနေဝင်းရဲ့ မဆလ ပါတီထဲဝင်ပြီး ဦးနေဝင်းကို ပါတီခေါင်းဆောင်အဖြစ်က ဖယ်ရှားဖို့ကြိုးစားတာကို ကြုံခဲ့ရဖူးပါတယ်။ တပ်တွင်းမှာလည်း ပါတီဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေနဲ့ ပါတီမဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေအကြား အမိန့်ပေးစနစ် ဖရိုဖရဲ ဖြစ်တာလည်း ရှိခဲ့ပါတယ်။ ၁၉၇၄ အစပိုင်းလုပ်တဲ့ ရွေးကောက်ပွဲတွေမှာလည်း လူထုထဲက ယှဉ်ပြိုင်ရွေးကောက်ခံသူတွေပေါ်လာပြီး ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အနိုင်ရသွားတာတွေလည်း ရှိခဲ့ပါတယ်။

နအဖ က အဲဒီလို ပြန်အဖြစ်မခံတော့ပါဖူး၊ ဒီတခါတော့ စစ်တပ်ကိုယ်တိုင်က ပါတီမထောင်တော့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်ပေးထားခြင်းဖြင့် စစ်တပ်ရဲ့ ရာသက်ပန်အာဏာပိုင်စိုးမှုကို စိတ်ချရအောင် ဖန်တီးထားလိုက်ပါတယ်။

ဦးနေဝင်းရဲ့ တစ်ပါတီစနစ်ကို ပြန်မသွားတော့ပဲ စစ်တပ် လက်အောက်ခံပါတီများကို စစ်ဗိုလ်ဟောင်းများ၊ မဆလဟောင်းများ၊ ကြံ့ဖွံ့များ၊ လက်နက်ချပြီး ဖြစ်တဲ့ တိုင်းရင်းသားများ၊ အလိုတော်ရိစီးပွါးရေးသမား များနဲ့ ဖန်တီးပြီး စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံပါတီများရဲ့ ပါတီစုံစနစ်ကို တီထွင်ဖော်ထုတ်လိုက်တာပါ၊

ဒါကိုပဲ စစ်တပ်က နိုင်ငံရေးနယ်ပယ်ကနေ စနစ်တကျ ဆုတ်ခွါနေတာဖြစ်တယ်လို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။

(၂) တချို့က လည်း နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးထားတာမို့ ဒီ ဥပဒေ ကိုထောက်ခံသင့်တယ်၊ ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောကြပါတယ်။

ဒါလည်း မှားပါတယ်၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ လူမျိုးစု ၆ စု အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနဲ့ တိုင်း တစ်ခု ဖန်တီးပေးထားပေမည့် အဲဒီ လူမျိုးစုတွေ တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြတာ မဟုတ်ပါ၊ သူတို့ရဲ့ ဒေသဦးစီး အဖွဲ့တွေ နဲ့ တိုင်းဦးစီး အဖွဲ့တွေကို ဖွဲ့စည်းတဲ့ အခါမှာ စစ်တပ်က ခန့်အပ်တဲ့ စစ်ဗိုလ်တွေက ဦးစီးအဖွဲ့ရဲ့ ၂၅% ကိုနေရာယူထားမှာပါ။

ဦးစီးအဖွဲ့ရဲ့ အမြင့်ဆုံး ဥက္ကဌရာထူးကိုလည်း နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပြီး သူတို့ဖာသာ ရွေးချယ်ခွင့် မရှိပါ။

အဲဒီ ဦးစီးအဖွဲ့တွေမှာလည်း စစ်တပ်ကိုယ်စားလှယ်တွေကသာ လုံခြုံရေး နဲ့ နယ်စပ်အရေးကိစ္စတွေကို တာဝန်ယူကွပ်ကဲမှာပါ၊ ဦးစီးအဖွဲ့ ရှိနေပေမည့် တကယ်တမ်း အုပ်ချုပ်ရေး ကိစ္စတွေကို မြန်မာပြည်မ က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ယူဆောင်ရွက်မှာပါ။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသတာဝန်ခံက ဦးစီးအဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ကို ယူပြီး တကယ်အုပ်ချုပ်မှာပါ။

တခါ ပြည်မက သမ္မတ က ခန့်အပ်တဲ့ တရားသူကြီးတွေက အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသတွေ၊ တိုင်းတွေ ရဲ့ တရားစီရင်ရေးကို တာဝန်ယူမှာ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့က ဒေသလုံခြုံရေးကို တာဝန်ယူမှာပါ။

ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တယ်လို့ ဆိုထားပေမယ် တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်စရာ ဘာမှ မကျန်တော့ပါ၊ စစ်တပ်ကပဲ အားလုံးကို အုပ်ချုပ်မှာပါ၊ ဒါကိုမှ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသား အခွင့်အရေးတွေ အများကြီးပေးထားတယ်လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

(၃) တချို့က ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်သင့်တယ်၊ အဖွဲ့ချုပ် သာရွေးကောက်ပွဲရင် သေချာပေါက်နိုင်မှာပါ လို့ ပြောနေကြတာလည်း ကြားရပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကျဉ်းကျပါတီဝင်တွေ ကို ပါတီက ခဏထုတ်ပယ်၊ ပြန်ပြီး အသစ်မှတ်ပုံတင်၊ ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ပြီးမှ ထုတ်ထားတဲ့ ပါတီဝင်တွေ ကို ပြန်လက်ခံကြတာပေါ့လို့ စဉ်းစားနေကြသူတွေလည်း ရှိကြပါတယ်။

လုံးဝ မှားပါတယ်၊ နအဖ က ရွေးကောက်ပွဲကို သန့်ရှင်းမျှတ စွာကျင်းပပေးမှာ မဟုတ်ပါ။ တဖက်သတ်ရေးဆွဲပြီး အဓမ္မအတည်ပြုထား တဲ့ဖွဲ့စည်းပုံ၊နိုင်ငံတကာ အစိုးရတွေရဲ့ တောင်းဆိုချက်တွေကို ဂရုမစိုက်ပဲ ထုတ်ပြန်လိုက် တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ နအဖ ဝန်ကြီးတွေ၊ ကြံ့ဖွံ့ခေါင်းဆောင်တွေ ရဲ့ ပြည်သူ့ဘဏ္ဏာတွေသုံးပြီး လုပ်နေတဲ့ ကြိုတင်မဲဆွယ်မှုတွေ၊ အလိုတော်ရိ စီးပွါးရေးသမား တွေကို ရန်ကုန်မြို့ကြီးက အဆောက်အအုံတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ ခွဲဝေပေးနေတာကို ကြည့်ရင် သိလောက်ပါရဲ့။

နအဖ ရဲ့ ဖိအားပေးမှုကို ခံပြီး ပါတီ ကို ပြန်မှတ်ပုံတင်ရင်တောင်မှ နအဖ က အဖွဲ့ချုပ်ကို အကြောင်းပေါင်းစုံ နဲ့ လိုအပ်ရင် ဖျက်သိမ်းလို့ ရအောင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌန်းထားချက်တွေ ရှိပါတယ်။

အဲဒီ ပြဋ္ဌန်းချက်တွေ အရ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်ကို မတရားသင်း အဖွဲ့တွေ၊ သူပုန်တွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ နဲ့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဆက်သွယ်တယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။

ဒါမှမဟုတ်လည်း နိုင်ငံခြား အစိုးရ များ၊ အဖွဲ့အစည်း များကနေ ထောက်ပံ့ငွေ၊ ပစ္စည်းတွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ယူတယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။

ဒါမှမဟုတ်လည်း အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌန်းထားချက်တွေကို မလိုက်နာဘူး၊ ဖောက်ဖျက်တယ် လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။

ဒါမှ မဟုတ်လည်း နအဖ က အဖွဲ့ချုပ်ကို မတရားသင်း အဖြစ် ကြေညာပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဘယ်လိုမှ ပြေးမလွတ်ပါဘူး။ ဒီတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီးရင် ဆက်လက်ရပ်တည်ခွင့်ရလိမ့်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

ပြီးတော့လည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း များများစားစား တင်သွင်းခွင့် ရမှာ မဟုတ်ပါ။ နအဖ က ခေါင်းခေါက်ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်က တင်သွင်းမည့် ကိုယ်စားလှယ်လောင်း အများစုကို အကြောင်းအမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခွင့် ငြင်းပယ်ပါလိမ့်မယ်။

နအဖက အဖွဲ့ချုပ်ကို သူ့ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ က အသိအမှတ် ပြုရေးအတွက် လုံလောက်ရုံမျှ စတိလောက်သာ ဝင်ပြိုင်စေချင်တာ ဖြစ်တဲ့ အတွက် အဖွဲ့ချုပ်ဟာ အလွန်ဆုံး ကိုယ်စားလှယ် ၂၀ လောက်ပဲ ယှဉ်ပြိုင်ခွင့် ရပါလိမ့်မယ်။ ယှဉ်ပြိုင်ခွင့် ရတဲ့ ကိုယ်စားလှယ်အနည်းငယ်တောင် နိုင်ချင်မှ နိုင်ပါလိမ့်မယ်။ နိုင်ရင်တောင် ကော်မရှင်က အနိုင်ရလာဒ်ကို ပယ်ဖျက်နိုင်ပါသေးတယ်။

ဒီတော့ ရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ ယှဉ်ပြိုင်ခွင့် ရလိမ့်မယ် လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

လူထုကို လည်းလျှော့ မတွက်သင့်ပါ။ အနှစ် ၂၀ ကျော်အတွင်းမှာ အဖွဲ့ချုပ်ဟာ လူထုက ရွေးချယ်တင်မြှောက်ခံထားရပေမည့် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါ။ လူထု အတွက် ဒီမိုကရေစီ ကို မတည်ဆောက်ပေး၊ မဆောင်ကျဉ်းပေး နိုင်ခဲ့တဲ့ အပြင် နအဖ ရဲ့ အထုအထောင်း၊ အတိုက်အခိုက် တွေကိုသာ ခါးစည်းခံခဲ့ရတာပါ။ ဒါပေမည့်လည်း လူထုက သူတို့ကိုယ်စား တိုက်ပွဲဝင်နေတယ်လို့ ယုံကြည်လက်ခံထားကြပြီး လူထုရဲ့ ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုထားတုံးပါ။

အဲဒါကိုမှ ဒီလောက် အရေးကြီးလှတဲ့အချိန်၊ နအဖ က သူ့ရဲ့ ထာဝရ စစ်အာဏာရှင်စနစ် တည်ဆောက်ရေးလုပ်ငန်းကြီးကို အပြီးသတ်တော့မည့် အချိန်မှာ၊ အဖွဲ့ချုပ်က နအဖ ဖိနှိပ်သမျှ လိုက်လျောပြီး ဒေါ်အောင်ဆန်းဆုကြည်နဲ့ အကျဉ်းကျ ပါတီဝင်များကို ပါတီက ထုတ်ပယ်၊ သူတို့ကိုယ်တိုင် ကြေညာထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကြီးကို လွှင့်ပစ်၊ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါ့မယ်၊ ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ ကတိကဝတ် တွေပြုပြီး ကော်မရှင်မှာ ပြန်မှတ်ပုံတင်၊ ရွေးကောက်ပွဲ ဝင်ရင်ဖြင့် ပြည်သူလူထုက ဒီပါတီကို သူတို့ကိုယ်စားပြု ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထောက်ခံမှာ မဟုတ်တော့ပါ။

လူထုကို သစ္စာဖောက်တဲ့ပါတီ၊ စစ်တပ်ရဲ့ လက်ဝေခံပါတီ၊ စစ်တပ်အလိုကျ ရပ်တည်ရတဲ့ ပါတီအဖြစ် ပဲ သတ်မှတ်ပါလိမ့်မယ်။

စစ်တပ်အလိုကျ ရပ်တည်နေရတဲ့ နိုင်ငံရေးပါတီဟာ လူထုကို အကျိုးပြုနိုင်ဖို့ ဝေလာဝေး ဆိုတာ လူထုက ကောင်းကောင်းသိကြပါတယ်။ ဒီတော့ ငါတို့ ရွေးကောက်ပွဲဝင်ရင် အသေအချာ နိုင်မှာပဲ၊ လူထုက ထောက်ခံနေမှာပဲလို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။

“ငါတို့ ရွေးကောက်ပွဲ မဝင်ရင် လူထုမှာ ရွေးချယ်စရာ အခွင့်အလမ်းမရှိတော့ဖူး၊ ဒါဆို နအဖ လူတွေပဲ နိုင်သွားလိမ့်မယ်၊ ဒါကြောင့် လူထု ရွေးချယ်စရာရှိနိုင်ဖို့ ငါတို့ ရွေးကောက်ပွဲဝင်ရမယ်” လို့ ဆင်ခြေပေးနေသူတွေလည်းရှိပါတယ်၊ လုံးဝ မမှန်ပါ။

လူထုကို လျှော့မတွက်သင့်သလို အထင်လည်းမသေးသင့်၊ အသုံးလည်းမချသင့်ပါ။ လူထုက သူတို့ မယုံကြည်သူကို မဲပေးမှာမဟုတ်ပါ။ သူတို့ယုံကြည်ခဲ့သူက မှားတဲ့ဖက်ရောက်သွားရင်လည်း သည်းခံမှာ မဟုတ်ပါ။ သူတို့အတွက် ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဖူးဆိုတာ ကောင်းကောင်းသိကြသူတွေပါ။

ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အစိုးရတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရတဲ့ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဖူး၊ အသိအမှတ် ပြုခံရမှာ မဟုတ်ဖူးလို့ ခဏခဏပြောနေတာပါ။

အခု နအဖ က ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်အပြီးမှာ ဒီအသံတွေ က ပိုပြီး ကျယ်လောင်လာပါတယ်။

ဘယ်အစိုးရကမှ နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေတွေကို သဘောမတူပါ။ ဒီပုံစံအတိုင်း နအဖ က ရွေးကောက်ပွဲ ဆက်လုပ်မယ်၊ အဖွဲ့ချုပ်ကလည်း မပါဝင်ဖူး ဆိုရင် ရွေးကောက်ပွဲက ထွက်လာတဲ့ ရလာဒ်ကို နိုင်ငံတကာအစိုးရတွေက အသိအမှတ်ပြုဖို့၊ လက်ခံဖို့ အတော်ခက်ပါလိမ့်မယ်။

အဲဒါဆို နအဖ က အသေအလဲ လိုချင်တောင့်တနေတဲ့ တရားဝင်အသိအမှတ်ပြုခံရမှု (Legitimacy) နဲ့ အလှမ်းဝေးနေဦးမှာပါ။

အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်လိုက်ရင်ဖြင့် နိုင်ငံတကာအစိုးရတွေက ရွေးကောက်ပွဲရလာဒ်ကို မလွှဲမရှောင်သာ အသိအမှတ်ပြုရတော့မှာပါ။ဒီတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ စစ်တပ်အုပ်စိုးမှု တရားဝင်ပြုရေး အထူးစီမံကိန်းကြီး ရဲ့နောက်ဆုံးအဆင့်မှာ အဖွဲ့ချုပ်က နောက်ဆုံး အုတ်တစ်ချပ် စီဖြည့်ပေးသူ မဖြစ်စေချင်ပါ။

“နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂ ကလည်း ဘာတွေပဲပြောပြော နောက်ဆုံးကျတော့ အဖျားရှူးသွားတာပါပဲ “ လို့ ထင်ရင်လည်း ထင်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အစိုးရတွေရဲ့ အားနည်းမှုက ပါတီ ပြန်မှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်အတွက် အကြောင်းပြစရာ မဖြစ်သင့်ပါ။ အဖွဲ့ချုပ် တည်ထောင်တုန်းကလည်း နိုင်ငံတကာ တောင်းဆိုချက်ရ ထောင်တာမဟုတ်ခဲ့ပါဘူး၊ လူထုရဲ့ တောင်းဆိုမှုကြောင့်ပါ။ အခုလည်း လူထု မျက်နှာကိုပဲ ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။

(၄) နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အပြောင်းအလဲ တစ်ခုကတော့ ကျနော်တို့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ပေါ်လာတော့မှာပါ။ ပြီးခဲ့တဲ့ ၂၁ နှစ်လုံး ကျနော်တို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အလံထောင်ပြီး တိုက်ပွဲဝင်ခဲ့တာပါ။

မကြာခင်မှာ ကျနော်တို့ဟာ ထာဝရ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေး လှုပ်ရှားမှုအသွင် ကူးပြောင်းရပါတော့မယ်။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်။

တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါမှာ ကျနော်တို့ အားလုံး ရည်ရွယ်ချက်တစ်ခုတည်း အတွက် ညီညီညွတ်ညွတ် ဆက်တိုက်ကြရမှာပါ။

အဲဒီလို နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အသစ်ကို မပြောင်းခင် နောက်ဆုံးအချိန်ပိုင်းကလေးမှာ ကျနော်တို့ အားလုံး နအဖရဲ့ ရွေးကောက်ပွဲကို တခဲနက် ဆန့်ကျင်ကြဖို့ နဲ့၊ ရွေးကောက်ပွဲရလာဒ်ကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်မပြုအောင် တောင်းဆိုဖို့ ရှိသမျှအားတွေ အကုန်သုံးပြီး လှုပ်ရှားကြရမှာပါ။

အဲဒီလို နအဖ ရဲ့ ရွေးကောက်ပွဲ ရလာဒ်ကို နိုင်ငံတကာက အသိအမှတ် မပြုအောင် စွမ်းဆောင်နိုင်မှ နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန်အသစ်ကို ကျနော်တို့ အားကောင်းမောင်းသန် ဆက်ပြီး တိုက်ပွဲဝင်နိုင်မှာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ ရေး လှုပ်ရှားမှူကြီးဟာ မပြီးဆုံးသေးပါဘူး။ ဆက်ပြီး ခရီးဆက်ရပါဦးမယ်။

ရှေ့ဆက်ရမည့် ခရီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ လူထုနဲ့ အတူ ဆက်ရှိနေမှာလား ? လူထုကို ကျောခိုင်းသွားကြမှာလား?

"သေချာတာကတော့ စိတ်ကူးယဉ်နေဖို့ အချိန်မဟုတ်တော့ပါ"