Showing posts with label ဗမာပြည်နိုင်ငံရေး. Show all posts
Showing posts with label ဗမာပြည်နိုင်ငံရေး. Show all posts

Wednesday, June 23, 2010

အန်အယ်လ်ဒီ၏ အနာဂတ် အမှန်တကယ် မှုန်ဝါးနေပြီလား

NEJ / ၁၈ ဒီဇင်ဘာ ၂၀၀၈


ယခုလ (၁၆) ရက်နေ့က ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်တွင် “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ ဦးဆောင်ဟောပြောဆွေးနွေးသူ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က အန်အယ်လ်ဒီ၏ အနာဂတ်သည် မှုန်ဝါးနေကြောင်း ချပြဆွေးနွေးခဲ့သည်။

အန်အယ်လ်ဒီ၏ လက်ရှိအနေအထားကို ကြည့်မည်ဆိုလျှင် ၂၀၁၀ ရွေးကောက်ပွဲအတွက်လည်း ဆုံးဖြတ်ချက်မချနိုင်၊ စစ်အစိုးရဘက်ကလည်း အန်အယ်လ်ဒီနှင့် မဆွေးနွေးနိုင်ဟု အပြတ်ပြောထားသည့်အတွက် နောက်တဆင့် မည်သို့ခြေလှမ်း လှမ်းရမည်မှာ မရေမရာဖြစ်နေသည်။ ဦးဝင်းတင်သည် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် အဖွဲ့ထဲတွင် အန်အယ်လ်ဒီ၏ အနာဂတ်ကို မှုန်ဝါးနေသည်ဟု ပကတိအနေအထားအတိုင်း ပြတ်ပြတ်သားသား သုံးသပ်လိုက်သည့် ပထမဆုံး အမှုဆောင်အဖွဲ့ဝင်တဦး ဖြစ်သည်။

ဦးဝင်းတင်ဘက်ကလည်း အန်အယ်လ်ဒီ၏ အနာဂတ်ကို မှုန်ဝါးနေသည်ဟု ပြောရာတွင် စိတ်ပျက်ခြင်း၊ အဆိုးမြင်ခြင်း စသည့် အချက်များကို အခြေခံခြင်းမဟုတ်ဟု ၀န်ခံထားသည်။ ထို့ကြောင့် အန်အယ်လ်ဒီ၏ အနာဂတ် အမှန်တကယ် မှုန်ဝါးခြင်း ဟုတ်မဟုတ် ဆန်းစစ်ရန်လိုလာသည်။

ရေနံချောင်း အန်အယ်လ်ဒီဒု-ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးကမူ အန်အယ်လ်ဒီ၏ အနာဂတ်အပေါ် ဦးဝင်းတင်၏ သုံးသပ်ချက် မှန်ကန်သည့်အတွက် ထောက်ခံသည်ဟု ခေတ်ပြိုင်ကို ပြောသည်။

“အန်တီကထောက်ခံတယ်။ ဦးဝင်းတင်ပြောတာတွေဟာ မှန်သင့်သလောက်မှန်တယ်ပေါ့နော်။ အန်အယ်လ်ဒီအနေနဲ့ မှုန်ဝါးဝါးဆိုတာ မှန်နိုင်တယ်ဆိုတာက အန်တီတို့ကိုတော့ သူတို့က hot line လို့ခေါ်တာကိုးကွ။ ရွှေဝါရောင်တော်လှန်ရေးတုန်း ကဆို အန်တီတို့က အန်အယ်လ်ဒီကို ထွက်စေချင်တာပေါ့နော်။ သူတို့က မထွက်ဘူးပေါ့နော်။ မထွက်တဲ့အခါမှာ အန်တီတို့ မကွေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုကလည်း ထပြောတယ်။ ကျနော်တို့က အန်အယ်လ်ဒီ ရှင်သန်ရေးက အဓိကလား ဒီမိုကရေစီရရှိရေးက အဓိကလားလို့မေးတာ။ တိုင်းနှစ်ပတ်လည်အစည်းအဝေး မနှစ်ကပေါ့။ ရွှေဝါရောင်တော်လှန်ရေးကဖြစ်နေပြီသား။ ဦးအောင်ရွှေကဘာပြောတုန်းဆိုတော့ ဒါတွေကမေးစရာမလိုပါဘူးတဲ့ အတူတူပဲတဲ့ ဆိုပြီးပြောတာပေါ့။ အခုပုံစံက အန်တီ အမြင်ကလည်း အန်အယ်လ်ဒီက အန်အယ်လ်ဒီရှင်သန်ရေးနောက်ကိုပဲ သူကဖြစ်နေတဲ့သဘောကိုး။ ဒီမိုကရေစီရရှိရေးက အဓိက မဟုတ်တာဖြစ်နေတာကိုး၊ ထွက်ရမယ့်အချိန်မှာ မထွက်ခဲ့ကြတာကိုး” ဟု ဒေါ်ခင်စောဌေးက ပြောသည်။

သို့သော် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ အန်အယ်လ်ဒီ၏ အနာဂတ်အပေါ် ဒေါ်ခင်စောဌေးကဲ့သို့ မယူဆပေ။ အန်အယ်လ်ဒီ၏ အနာဂတ်သည် လူငယ်များအပေါ် အများကြီးမူတည်သည်ဟု သခင်ချန်ထွန်းက ယူဆသည်။ ဤနေရာတွင် ဦးဝင်းတင်၏ အယူအဆနှင့် သခင်ချန်ထွန်းတို့ နီးစပ်သည်။ ယနေ့လူငယ်များသည် ထွက်ပေါက်ဆိုသည့်စကားကို တွင်တွင်ပြောလာကြသည့်အတွက် ထွက်ပေါက်ထက်အရေးကြီးသည်မှာ အနာဂတ်ကို ဖောက်ထွက်ဖို့ဖြစ်ကြောင်း ဦးဝင်းတင်က ထောက်ပြခဲ့သည်။ သခင်ချန်ထွန်းကမူ အသေခံရဲသည့် လူငယ်များ စုစည်းမိလာလျှင် အခြေအနေပြောင်းနိုင်သည်ဟု ယုံကြည် သည်။

“လုံးဝအခြေအနေမကောင်းဘူးလို့တော့ ပြောလို့မရပါဘူး။ မူတည်တာကတော့ လူငယ်တွေပေါ်တည်တာပေါ့။ လူငယ်တွေရဲ့ တက်ကြွမှု၊ သတ္တိရှိမှု၊ ဇွဲရှိမှု၊ လေ့လာမှု လိုတာပေါ့။ စာတွေများများဖတ်ရမယ်။ တွေ့ဆုံဆွေးနွေးမှုတွေ များများလုပ်ရမယ်။ ခုဖြစ်နေတာကတော့ အစိုးရက နှိပ်ကွပ်နေတဲ့အခါ ခု လူငယ်တွေပါမကျန်အောင် လုပ်နေတယ်။ ဒီဘက်မှာ ကစဥ့်ကလျားနဲ့ ဖြစ်တာ ဓမ္မတာပဲ။ အဲဒါကို ဘယ်လိုပြန်လုပ်ရမလဲဆိုတာ လူငယ်တွေက သေချာလေ့လာရမယ်။ လူထုအုံကြွမှုဆိုတာကလည်း လူထုက မေတ္တာပို့တဲ့လုပ်ငန်းပြတာကိုလည်း ပစ်ခတ်သတ်ဖြတ်ခံရတယ်။ ဖမ်းဆီးပြီး အဆမတန် နှိပ်ကွပ်ခဲ့တယ်။ အခုဟာက စစ်အစိုးရက အရေးသာနေတာပေါ့လေ။ သို့သော်လည်း မမြင်နိုင်တဲ့အန္တရာယ်တွေ အစိုးရအတွက်ရှိပါသေးတယ်။ လူငယ်တွေအနေနဲ့ တက်ကြွတယ်၊ သတ္တိရှိတယ်၊ ဇွဲရှိတယ်၊ အသေခံရဲတဲ့ ဒီလိုလူငယ်တွေက ကျန်သေးတာပဲ။ သူတို့အနေနဲ့ စုစုစည်းစည်း မဖြစ်သေးလို့။ အခြေအနေက ပြောင်းလဲမှုမရှိတာ။ တချိန်မှာ စုစုစည်းစည်းနဲ့ လုပ်သွားရင် ညီညွတ်တဲ့ အင်အားစုဖြစ်သွားရင် ပြောင်းသွားနိုင်တယ်” ဟု သခင်ချန်ထွန်းက ပြောသည်။

အန်အယ်လ်ဒီက လွှတ်တော်ခေါ်ယူရေး တောင်းဆိုထားသည့်တိုင် အန်အယ်လ်ဒီ၏ အနာဂတ်မှုန်ဝါးနေသည်ဆိုသည့် ဦးဝင်းတင်၏ အယူအဆကို လက်ခံကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။ မည်သည့်အတွက် ဤသို့လက်ခံကြောင်း ခေတ်ပြိုင်ကမေးမြန်းရာ ဒေါ်ခင်စောဌေးက ယခုကဲ့သို့ ရှင်းပြသည်။

၎င်းက “လက်ခံတယ်ဆိုတာ။ လူကြီးတွေကတော့ လူငယ်တွေ နာမှာကြောက်လို့ပေါ့နော်။ အခုခေတ်တွေ့နေရတဲ့ အာဏာရှင်ကလည်း အင်္ဂလိပ်အစိုးရကို တော်လှန်တာထက် ခက်နေတာကိုး။ ဆယ်ဆမက ဆိုးနေတာကိုး။ သူတို့ကတော့ ကိုယ့်အင်အား မပြုန်းတီးချင်တာလည်း ပါမှာပေါ့နော်။ အန်တီတို့ကတော့ အသက် (၆၀) တန်းလဲရောက်နေတယ်၊ ကိုယ့်သမိုင်းတခေတ်မှာ တိုက်ရမှာ တိုက်ရမှာပေါ့။ အန်အယ်လ်ဒီအနာဂတ်က မှေးမှိန်ဖို့ရာ အခုအခြေအနေက များနေတယ်။ မြို့တိုင်းမြို့တိုင်း မညီတာပေါ့။ အန်တီထင်တာကတော့ အန်အယ်လ်ဒီရဲ့ အီးစီး စီအီးစီအဖွဲ့က အသက် (၈၀) ကျော် (၉၀) တွေဖြစ်နေတော့ သူတို့က တအားစိုးရိမ်ကြီးနေတာ။ နောက်ထပ်သေကုန်မှာ အဖမ်းခံရမှာပေါ့။ အန်အယ်လ်ဒီလူငယ်တွေ ဖမ်းခံရတယ်ဆိုတာ အန်အယ်လ်ဒီက ဦးဆောင်လို့မဟုတ်ဘူး။ ကိုယ့်သဘောကိုယ့်နည်းနဲ့ ၈၈ တွေကို ထောက်ခံပြီး လုပ်သင့်လုပ်ထိုက်လို့ လုပ်ရင်း ဖမ်းခံရတာ” ဟု ပြောသည်။

အန်အယ်လ်ဒီ ဗဟိုခေါင်းဆောင်ပိုင်းတွင် တိုင်းပြည်ဒီမိုကရေစီရဖို့ဦးမတည်ဘဲ ပါတီတည်မြဲရေး၊ ဗဟိုတည်မြဲရေးကိုသာ ဦးစားပေးနေသည်ဟူသော ထင်မြင်ယူဆချက်များရှိနေသည့်အပေါ် သခင်ချန်ထွန်းအား ခေတ်ပြိုင်က မေးမြန်းခဲ့ရာ သခင်ချန်ထွန်းက ယခုကဲ့သို့ ပြောကြားသည်။

၎င်းက “လူကြီးတွေက ဒီလိုလေ။ ခုဟာ ဌာနချုပ်တခုပဲ ဖွင့်ခွင့်ပေးထားတာပဲ။ တိုင်း၊ ခရိုင်၊ မြို့နယ် ဘာမှဖွင့်ခွင့်မရှိဘူး။ အစိုးရက တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေတယ်။ ဒီဘက်ကျတော့ အမှုဆောင်တွေက အသက် (၈၀) ကျော်တွေကိုး။ ဆိုတော့ လူအိုလူနာတွေပဲ။ သူတို့ခေါင်းဆောင်ပြီးတော့ ဒီလို အစည်းဝေးကြီးလုပ်မယ်ဆိုလည်း သိပ်မရနိုင်ဘူး။ နှိပ်ကွပ်တာတွေရှိ တာကိုး။ ဒေါ်အောင်ဆန်းစုကြည်လွတ်တဲ့အထိ သူတို့က ပါတီလေးတည်မြဲနေရင် ပြီးရောဆိုတဲ့သဘောလို့ ယူဆတယ်လေ။ ဒါလည်း မှန်ကန်တဲ့လုပ်ရပ်လို့ထင်တယ်။ လူငယ်တွေကတော့ လူငယ်ပီပီ သူတို့ဘာသူတို့ အောက်မှာ စည်းရုံးပြီးတော့ ညီညွတ်ရေးတည်ဆောက်ကြပေါ့။ လျှို့ဝှက်ပြီးလုပ်ရမှာပေါ့။ လိုတာကတော့ လူငယ်တွေက တက်ကြွတဲ့ လူငယ်တွေက ဥာဏ်နဲ့ယှဉ်ပြီး စည်းရုံးတတ်ရမယ်။ လူကြီးတွေကို ခေါင်းဆောင်ပါလား၊ အစည်းအဝေးပြောင်လုပ်လို့မရဘူးဆိုတာ လူကြီးတွေကသိတယ်။ ဒါကြောင့် လူငယ်တွေက သူတို့ဘာသာသူတို့ အောက်ခြေမှာ ခိုင်မာသထက်ခိုင်မာအောင်၊ တောင့်တင်း သထက်တောင့်တင်းအောင်၊ ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် သူတို့ စည်းရုံးဖို့လိုအပ်တယ်။ အင်အားရှိသထက်ရှိအောင် ကိုယ့်ဟာကိုယ် တိုးတိုးတိတ်တိတ် စည်းရုံးကြပေါ့။ ပြောင်လုပ်လို့တော့ မရနိုင်ဘူးလေ။ လူထုအားဆိုတာကလည်း ကိုယ့်ဟာကိုယ် လူ (၁,၀၀၀) လောက်နဲ့ (၁) သောင်းလောက်နဲ့မရဘူး။ (၅) သောင်း (၁) သိန်းလောက်နဲ့လုပ်နိုင်မှ” ဟု ပြောသည်။

သခင်ချန်ထွန်းက လူထုအင်အား သိန်းနှင့်ချီ၍ လမ်းပေါ်ထွက်စေချင်သော်လည်း ၂၀၀၇ စက်တင်ဘာ အရေးအခင်းကိုပြန် ကြည့်လျှင် မျှော်လင့်ထားသလောက် လူထုလမ်းပေါ်ထွက်မလာသည်ကို အထင်ရှားတွေ့ရသည်ဟု ရန်ကုန်နိုင်ငံခြားသတင်းထောက် များက ပြောသည်။ အဓိကအချက်မှာ စစ်အစိုးရ၏ လက်စားချေမှုကို ကြောက်လန့်စိုးရိမ်သည့်အပြင် စီးပွားရေးကျပ်တည်းမှုပါ ပေါင်းစပ်လိုက်သည့်အခါ ရန်ကုန်လူထုအနေဖြင့် မိသားစု ဘ၀အစတေးခံဖို့ လက်တွန့်သွားခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ခံတချို့က သုံးသပ်သည်။

အန်အယ်လ်ဒီဘက်ကိုပြန်ကြည့်လျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်သုံးသပ်ရန်နှင့် လွှတ်တော်ခေါ်ပေးရေးအတွက် (၆) လအတွင်း အကြောင်းပြန်ကြားပေးရန် စစ်အစိုးရကို ရာဇသံပေးထားသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်သုံးသပ်ရေးအတွက် အမျိုးသားညီလာခံလို ညီလာခံကြီးကို နောက်တကြိမ်ပြန်လည်မကျင်းပနိုင်ဟု စစ်အစိုးရဘက်က ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်သည့်အပြင် ကျင်းပခဲ့သည့် ညောင်နှစ်ပင်ညီလာခံကြီးသာ အမှန်ကန်ဆုံး လမ်းကြောင်း ဖြစ်သည်ဟု စစ်အစိုးရက ယုံကြည်ထားသည်။ ထို့ကြောင့် အန်အယ်လ်ဒီက တောင်းဆိုထားသည့် လွှတ်တော်ခေါ်ပေးရေး ကိစ္စဖြစ်နိုင်ချေရှိမရှိ ပြန်လည်စဉ်းစားရန်လိုလာသည်။

လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီ၏ ယခုအကြိမ်တောင်းဆိုချက်သည် ပထမဆုံးတောင်းဆိုချက်မဟုတ်၊ ၁၉၉၈ ခု သြဂုတ်လ (၂) ရက်နောက်ဆုံးထားပြီး စစ်အစိုးရဘက်က လွှတ်တော်ခေါ်ပေးရန် ၁၉၉၈ ခု မေလ (၂၈) ရက်နေ့တွင် အန်အယ်လ်ဒီက တောင်းဆိုခဲ့သည်။ ထို့နောက် ၁၉၉၈ ခု ဇူလိုင် (၂၄) ရက် (၂၉) ရက်နှင့် သြဂုတ် (၁၂) ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်ပြင်ပ ခရီးစဉ်များကို နအဖဘက်က နှောင့်ယှက်ခဲ့သည်။ နအဖဘက်က လွှတ်တော်ခေါ်မပေးသည့်အပြင် နိုင်ငံရေးသမား အများအပြားကို ဖမ်းဆီးမှုများ လုပ်ခဲ့သည်။

၂၀၀၆ ခု ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့၌လည်း အထူးကြေညာချက်ထုတ်ပြန်ပြီး လွှတ်တော်ခေါ်ယူရေး တောင်းဆိုခဲ့သည်။ ၂ဝဝ၆ ခု ဧပြီလ (၁၇) ရက် နှစ်ဆန်းတရက် မတိုင်ခင် အကြောင်းပြန်ရန် ရက်သတ်မှတ်ထားခဲ့သော်လည်း နအဖက ဂရုစိုက်ခဲ့ခြင်းမရှိချေ။ ယခုအကြိမ် (၆) လအတွင်း လွှတ်တော်ခေါ်ပေးရေးအကြောင်းပြန်ရန် တောင်ဆိုချက်အပေါ် စစ်အစိုးရဘက်က လိုက်လျောမှုအခြေအနေမှာ အခွင့်အလမ်းနည်းပါးသည်ဟု ရန်ကုန်နိုင်ငံရေး အသိုင်းအ၀န်းက ယူဆသည်။ အန်အယ်လ်ဒီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေကမူ (၆) လပြည့်ပြီးသည့် ၂၀၀၉ ခုနှစ် တချိန်ချိန်တွင်မှ အန်အယ်လ်ဒီဘက်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ အဖြေပေးနိုင်မည်ဟု ခေတ်ပြိုင်ကိုပြောသည်။

ထို့ကြောင့် အန်အယ်လ်ဒီ၏အနာဂတ်သည် ဦးဝင်းတင်ယူဆသကဲ့သို့ အမှန်တကယ်မှုန်ဝါးနေသလား၊ သခင်ချန်ထွန်းယူဆသကဲ့သို့ အနာဂတ်ရှိသေးသလားဆိုသည်မှာ ၂၀၀၉ ခု တချိန်ချိန်တွင် အဖြေပေါ်လာတော့မည်ဖြစ်သည်။

ဂမ်ဘာရီ ပြန်လာမည်

မြလူ / ၂၃ ဇန်န၀ါရီ ၂၀၀၉


ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီသတင်းထောက်က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောကတခုလုံး သိနေကြပြီဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ မထုတ်ပြန် သေးသည့်အတွက် ကုလသမဂ္ဂဘက်က မကြေညာသေးသည့် သဘောသာရှိသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခုနောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း တွေ့ခွင့်မပေးခဲ့ပေ။ ၎င်းခရီးစဉ်အပြီးတွင် ဂမ်ဘာရီနှင့် ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ၂၀၀၈ ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသွားမည့် ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၏ ခရီးစဉ်လည်း မဖြစ်မြောက်ခဲ့။ နိုင်ငံတကာ ခေါင်းဆောင်များက တိုက်တွန်းသည့်တိုင် ကုလသမဂ္ဂမှ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရဘက်က သိသိသာသာ လိုက်လျောဖို့အလားအလာရှိမှ၊ ပြင်ဆင်ပြီးမှ မြန်မာနိုင်ငံသွားနိုင်မည်ဆိုသည့်သဘော ဘန်ကီမွန်းက ပြောခဲ့သည်။

၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက်အစီရင်ခံစာတစောင် တင်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား၏ အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည်ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဟုဆို၏။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြုသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။

ထို့ကြောင့် ဂမ်ဘာရီ ဇန်န၀ါရီလကုန်လာမည့် ခရီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရဖို့ သေချာသည့်အတွက်များလားဟု တွက်စရာရှိသည်။ သည်တခေါက် ဂမ်ဘာရီလာလျှင် မက်လုံးဆို၍ နအဖကို ငွေနှင့်ဖြားယောင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးအောင် တောင်းဆိုမည့်အချက်သာရှိသည်။

သို့သော် မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။ ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထား သည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီ များများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟုလည်း အစီရင်ခံစာ၌ အဆိုပြုထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှိုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့်နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့်အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများတွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန်တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခု မတ်လ ခရီးစဉ်၌ မစ္စတာ ဂမ်ဘာရီ တင်ပြချက် (၅ ) ချက်နှင့် ပတ်သက်ပြီး ပြန်ကြားရေး
ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မတ်လ (၇) ရက်၌ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ရိပ်သာတွင် မစ္စတာဂမ်ဘာရီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး တချက်ချင်း ထောက်ပြငြင်းပယ်ခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံ ရေးအကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည်အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ကိစ္စသည်လည်း ထိပ် တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး
(၄) ချက်ကို စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသည်။

၂၀၀၈ မတ်လခရီးစဉ်၌ မစ္စတာဂမ်ဘာရီ၏ ၀န်ထမ်းတဦး ရန်ကုန်မှာ ရုံးဖွင့်ခွင့်ရရေးကိစ္စနှင့် ပတ်သက်၍မူ ရန်ကုန်၌ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း အများအပြားရုံးစိုက်ပြီး ဌာနေ ကိုယ်စားလှယ်များ ခန့်ထားပြီးဖြစ်၍ မလိုအပ်ဟု ပြန်ကြားရေးဝန်ကြီးက တုံ့ပြန်ခဲ့သည်။ အဆိုပါ မတ်လခရီးစဉ်၌ပင် ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ် ကျော်ဆန်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် အားလုံးပါဝင်ရန်ကိစ္စသည်လည်း ရေးဆွဲပြီးဖြစ်သဖြင့် မဖြစ်နိုင်တော့ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြတ်ပြတ်သားသားပြောသည်။

ထိုသို့ နအဖဘက်က ယတိပြတ် ပြောထားသည့်တိုင် ယခုတခေါက်လာမည့် ဂမ်ဘာရီ၏ ခရီးစဉ်သည် ငွေနှင့်ဖြားယောင်းသည့် သံတမန်နည်းကို နအဖဘက်က မျက်စိကျသွားသည်ဟု အတတ်ပြော၍ မရပေ။

ဂမ်ဘာရီလာချိန်သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရဘက်က ပြင်ပြင်ဆင်ဆင် လုပ်နေချိန် ဖြစ်သည့်အတွက် ရွေးကောက်ပွဲဥပဒေထုတ်ပြန်ရေးကိစ္စ၊ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂဘက်က ကြီးကြပ်ရေးကိစ္စ စသည်တို့ကိုသာ နအဖခေါင်းဆောင်ပိုင်းက အလေးထား ဆွေးနွေးမည့်သဘောရှိသည်။

နအဖအခြေခံဥပဒေကို ပြန်သုံးသပ်ရေး၊ လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရအား ပေးထားသည့် ရာဇသံကာလ (၆) လ မပြည့်ခင် ဂမ်ဘာရီလာသည့်အတွက် ထိုကိစ္စကို ဂမ်ဘာရီဆောင်ရွက်ပေးနိုင်မည့် အတိုင်းအတာမှာ စစ်အစိုးရ၏ တင်းမာသည့်သဘောထားနှင့် အန်အယ်လ်ဒီနှင့် တွေခွင့်ရမရဆိုသည့် အချက်တွေပေါ် မူတည်၏။

ထို့ကြောင့် ယခုနှစ်ဆန်း ဂမ်ဘာရီလာလျှင် နိုင်ငံရေး တိုးတက်ဖို့ မသေချာသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ယခင်အခေါက်များကဲ့သို့ နအဖဘက်က စော်ကားမော်ကား လုပ်ရပ်များ လုပ်မှာကတော့ သေချာသည်ဟု ရန်ကုန် နိုင်ငံရေးလောကမှာ ပြောဆိုနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုနှစ်ဆန်းမှစ၍ “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ” ဆိုသည့် စာတန်းကို ခြံထဲမှာ ကပ်ထားသည်။

သူခိုးသုံးပါးရောစပ်ထား နအဖစစ်ဗိုလ်များ

အောင်ကျော်ခင် / ၂၄ ဒီဇင်ဘာ ၂၀၀၉


ရှမ်းပြည်နယ်မှာတာဝန်ကျတဲ့ နအဖတပ်တိုင်း မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းကြပါ။ ကြည့်ပါဦး။ ရှမ်းပြည်နယ်မှာစခန်းချတဲ့ နအဖတပ်ရင်း (၁၂၈) ရင်းထဲမှာ တပ်ရင်း (၉၃) ရင်းဟာ မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းဘူးလို့ သိရတယ်။ စစ်ဆေးရေးစခန်းတွေကို ဖြတ်သန်းခွင့်ပြုမှု၊ သယ်ဆောင်ပေးမှု၊ ဆေးချက်စက်ရုံကို ကာကွယ်မှု၊ ဘိန်းစိုက်သူကို ဆက်ကြေးကောက်မှု၊ ဘိန်းစိုက်ပျိုးခွင့်ပြုမှု၊ စိတ်ကြွဆေးထုတ်ခွင့်ပေးမှု၊ ဘိန်းစိုက်ပျိုးဖို့ ငွေရင်းထုတ်ပေးမှု စတာတွေမှာ နအဖ စစ်တပ်ပါဝင်နေတယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာန ၂၀၀၇ က ထုတ်ဝေတဲ့ Hand in Glove (၆၄) မျက်နှာစာတမ်းမှာ ဖော်ပြတယ်။

လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ တြိဂံတိုင်းမှာ ၁၉၉၆-၂၀၀၁ တိုင်းမှူးလုပ်စဉ်က ၀ခေါင်းဆောင် ဝေဆုခိုင်ကို မိတ်ဆွေစစ်မိတ်ဆွေမှန်လို့ ၂၀၀၁ မေလ (၉) ရက်နေ့က ပြောခဲ့တယ်။ ဗိုလ်ချုပ်သိန်းစိန်က ၀စစ်ဗိုလ်စိုင်းမြကို တာချီလိတ်မြောက်ပိုင်းမှာ မြေ (၁၀) ဧက ပေးတယ်။ အဲဒီမြေမှာ စိုင်းမြက စိတ်ကြွဆေးစက်ရုံ တည်ဆောက်တယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ သိန်းစိန်ကို ကားမျိုးစုံ (၄၅) စီး စိုင်းမြ ဆက်သတယ်တဲ့။ သူ့အရင်က လုပ်သွားတဲ့ ဗိုလ်ကျော်ဝင်းကလည်း မူးယစ်ဆေးမှောင်ခိုနဲ့ ပုလင်းတူဘူးဆို့ လုပ်ခဲ့တာမို့ သိန်းစိန်ရဲ့လုပ်ရပ်ဟာ မထူးဆန်းပါ။ ဒု-ဗိုလ်ချုပ်ကြီး မောင်အေးရဲ့တပည့် မြင့်လှိုင်ဟာ လားရှိုးမှာ တိုင်းမှူးလုပ်တုန်း မူးယစ်ဆေးမှောင်ခိုကို လက်သပ်မွေးတယ်။ ထောက်လှမ်းရေးခင်ညွန့်ကလည်း ဖုန်ကြားရှင်နဲ့ ရောင်းရင်းမိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်လေ။

ဘိန်းမှောင်ခိုခွန်ဆာရဲ့ မော်ထိုင်းတပ်ဖွဲ့ဝင်ဟောင်း နော်ခမ်းနဲ့ နအဖစစ်မှုထမ်းဟောင်း မောင်တင့်တို့ဦးဆောင်တဲ့ မူးယစ်ဆေးမှောင်ခို (၂၀) ကျော် ဒီနှစ်အစောပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ အဖမ်းခံရတယ်။ မောင်တင့်ဟာ နအဖတပ်က အငြိမ်းစားယူပြီး မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုလုပ်နေသူတဲ့။ ဒေသဆိုင်ရာ တိုင်းမှူး၊ တပ်မှူးတွေဟာ နော်ခမ်းနဲ့မောင်တင့် ပေးတဲ့ ဆက်ကြေးကို ယူတယ်။ နော်ခမ်းနဲ့ မောင်တင့်တို့က အာဏာပိုင်ကို လာဘ်ထိုးတော့ လွတ်သွားတယ်။ မောင်တင့်တို့က တဦးကို ကျပ်ငွေသိန်း (၂၀၀) စီ လာဘ်ပေးလိုက်ရတယ်လို့ ၂၀၀၉ မေလ (၁၃) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြတယ်။ နော်ခမ်းနဲ့ တာချီလိတ်က နအဖဗျူဟာမှူးတဦဟာ ပုလင်းတူဘူးဆို့ ဖြစ်ခဲ့တယ်တဲ့။

မြန်မာစစ်သူခိုးနဲ့ မူးယစ်ဆေး/ကျောက်မျက်ရောထွေးယှက်တင်ဖြစ်နေတာ ဗိုလ်နေ၀င်းခေတ်ကတည်းကပါ။ ဗိုလ်နေ၀င်းက မြန်မာ့ကျောက်မျက်ရတနာ နိုင်ငံခြားယူသွားပြီး ရောင်းစားတယ်။ သူ့တပည့်ထောက်လှမ်းရေးတွေက ဆွစ်ဇာလန်မှာ ဆိုင်ထိုင်လုပ်တယ်။ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့်တို့အုပ်စုကတော့ ဗိုလ်နေ၀င်းထက် အဆပေါင်းများစွာ ခိုးထားတာမို့ ရန်ကုန်မှာမနေရဲဘူး။ ကြပ်ပြေးကို ပြေးကြတယ်။

ဗိုလ်နေ၀င်းတယောက် အမြဲတွေးကြောက်ပုံကို ပြောပါရစေ။ လီကွမ်ယူးဟာ ၁၉၆၅ ခုနှစ် မေလ အိန္ဒိယကအပြန် ရန်ကုန်ဝင်တော့ ဗိုလ်နေ၀င်းနဲ့ ဒညင်းကုန်းမှာ ဂေါက်သီးကစားကြတယ်။ ဗိုလ်နေ၀င်းဟာ သံခမောက်ဆောင်းပြီး ဂေါက်သီးရိုက်တယ်လို့ “တတိယကမ္ဘာမှ ပထမကမ္ဘာသို့” (From Third World to First) ဆိုတဲ့ ကိုယ်ရေးမှတ်တမ်းမှာ လီကွမ်ယူးက ရေးထားတယ်။ ဗိုလ်နေ၀င်းအိမ်ပတ်လည်မှာ လက်နက်ကိုင်စစ်သားနဲ့တင့်ကားတွေ ပတ်လည်ဝိုင်းနေတာ တွေ့ရလို့ အံ့သြတုန်လှုပ်မိတယ်တဲ့။ နေ၀င်း တကယ်ကြောက်သလား၊ တမင်ခြောက်ပြတာလား မပြောနိုင်ဘူး။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး ဦးသော်ကောင်းနဲ့ နှစ်ယောက်တည်း စကားပြောတဲ့အခါမှာတောင် ပစ်စတိုသေနတ်ဘေးမှာ ချထားတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြန်ပြောလို့သိရတယ်။

သူခိုးဆိုတော့ လူကောင်းမှန်သမျှကို တွေးကြောက်နေတာပေါ့။ နိုင်ငံရေးသူခိုး၊ စီးပွားရေးသူခိုးနဲ့ ဘာသာရေးသူခိုးဆိုတဲ့ သူခိုးသုံးပါး ရောစပ်ထားတာ နအဖစစ်ဗိုလ်ပဲ။ ဘာသာရေးမှာလည်း လျှို့ဝှက်လုပ်တာနဲ့ ဘုရားရုပ်ထု အပိုင်စီးတာတွေ ရှိနေလို့ ဘာသာရေးသူခိုးလို့ပြောရတာပါ။ စင်ကာပူမှာ သေသွားတဲ့ ၀န်ကြီးချုပ်စိုးဝင်း ဖွင့်လှစ်တဲ့ လားရှိုးက ရန်တိုင်းအောင်စေတီဟာ မူးယစ်ဆေးက မသမာငွေနဲ့ တည်ဆောက်တယ်ဆိုတော့ ဘာသာရေးသူခိုးပါပဲ။ ဒီလိုသူခိုးစေတီတွေ ရှိဦးမှာပေါ့။

ကျောက်မျက်စစ်သူခိုးလည်း ရှိသေးတယ်။ မိုးကုတ် ဖားကန့်နဲ့မိုင်ရှုးမှာ ဒီလို စစ်သူခိုးတွေရှိတယ်။ တောင်ကြီးအရှေ့မြောက် မိုင်(၂၀၀) နီးပါးက မိုင်းရှုးဟာ ကျောက်မျက်နယ်မြေဖြစ်လာတယ်။ ဇူလိုင်လ (၂၂) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့် သတင်းအရဆိုရင် ဗိုလ်ချုပ်မြင့်လှိုင်၊ တိုင်းမှူးမောင်ဘို၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ဘော်ဒါ အောင်ကိုဝင်းတို့ဟာ ကျောက်မျက်သူခိုးအဖြစ် ထင်ရှားတယ်။ ၂၀၀၆ ခုက ပဲခူးအခြေစိုက် တောင်ပိုင်းတိုင်းရဲ့တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဆိုသူဟာ မူးယစ်ဆေးမှောင်ခိုဆီက ဆက်ကြေးမှန်မှန်ရဖူးသူဖြစ်တယ်။ တာချီလိတ်မှာ တာဝန်ကျစဉ်က ဘတ်ငွေ (၃) သောင်း လစဉ်ဆက်ကြေးမှန်မှန် ရခဲ့သူဖြစ်တယ်။ မူးယစ်ဆေးမှောင်ခို နော်ခမ်းနဲ့ရင်းနှီးတဲ့ နအဖဗိုလ်ချုပ်ဖြစ်တယ်။ သူ့လက်အောက်က ဒု-ဗိုလ်မှူးကြီးအေးဇော်ကတော့ ရိုးပြီး အထက်ကို လာဘ်မထိုးတတ်တော့ ရာထူးမတက်ဘူး။ တာချီလိတ်နယ် ခမရ (၃၃၁) တပ်ရင်းမှူးအဖြစ်နဲ့ရော ၁၉၉၅ က ၂၀၀၁ အထိ အမှုထမ်းခဲ့သူ ဒု-ဗိုလ်မှူးကြီးအေးဇော်ဟာ နအဖတပ်ကိုစိတ်ကုန်ပြီး တောင်ငူမှာ သင်္ကန်းဝတ်နေတယ်လို့ သျှမ်းသံတော်ဆင့်ရဲ့ Hand in Glove စာတမ်းမှာ ဖော်ပြထားတယ်။

ဒီအထဲမှာ အရှေ့တောင်ပိုင်းတိုင်းမှူး မြင့်အောင်ဟာ နာမည်အပျက်ဆုံးဖြစ်လို့ ၂၀၀၁ မှာ အငြိမ်းစားယူခိုင်းလိုက်ရတယ်။ ခြေလျင်တပ် (၆၅) ရဲ့ တပ်ရင်းမှူးဘ၀ကတည်းက မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှာ ပါဝင်လာတာဖြစ်တယ်။ သူ့နေရာကို ဒု-ဗိုလ်မှူးကြီးတွေဖြစ်တဲ့ မြင့်ဆွေနဲ့ လှမြင့်က ဆက်ခံတယ်။ ခင်ညွန့်ကောင်းစားတုန်း (၁၉၈၉-၂၀၀၄) သူဌေးဖြစ်ကုန်တဲ့ စစ်ဗိုလ်ထဲမှာ မြင့်အောင်လည်းပါတယ်။ စစ်ဗိုလ်တွေက အများကြီးဆိုတော့ စစ်တမ်းကောက်ရင် ဆုံးနိုင်မှာမဟုတ်ဘူး။ မူးယစ်ဆေးမှာ စစ်ဗိုလ်တွေ ပါလာတဲ့အတွက် နောက်ဆုံးမှာ စစ်ခေါင်းဆောင်ကြီးရဲ့မိသားစုပါ ဆေးမိသွားတဲ့ ဥပမာတွေ ရှိတယ်။ ဗိုလ်ချုပ်နေ၀င်းရဲ့သား ငွေစိုးနဲ့ဇနီးသည် ဘိန်းဖြူစွဲသွားတာ လူသိများတယ်။

အခုလည်း ကြပ်ပြေးကြီးရဲ့မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (ခေါ်) မြောက်မူးလဲ မူးယစ်ဆေးစားသုံးတာကို ကြပ်ပြေးကြီး သိသွားတဲ့အတွက် မူးယစ်ဆေးဖြန့်ဝေသူ မောင်ဝိတ်နဲ့သယ်ဆောင်ပေးသူ အောင်ဇော်ရဲမြင့်ကို ၂၀၀၈ မေလမှာ ဖမ်းလိုက်ရတယ်ဆိုပဲ။ အောင်ဇော်ရဲမြင့်ဆိုတာ အထူးစစ်ဆင်ရေးအကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့သားပဲ။ ဒါကြောင့် မောင်ဝိတ် ထောင် (၁၅) နှစ်ကျပြီး အောင်ဇော်ရဲမြင့်ကတော့ နာလန်ထစခန်းမှာ နေခွင့်ရသွားတယ်။ စစ်တက္ကသိုလ်အမှတ်စဉ် (၅၂) သင်တန်းဆင်းပွဲမှာ ဗိုလ်လောင်းတွေ ဆလံပေးရတဲ့ ပုဂ္ဂိုလ်ထဲမှာ မြောက်မူးလဲပါနေတာကို ဒီဇင်ဘာ (၁၂) ရက်ထုတ် နအဖသတင်းစာတွေမှာ ဖော်ပြတယ်။ ဗိုလ်လောင်းတွေ ဗိုလ်ဖြစ်လာရင် ခိုးကြ၀ှက်ကြမှာ သေချာတယ်။ စစ်တပ်ထဲဝင်တာ အခွင့်ထူးခံစားချင်လို့ပါပဲ။ ရရှိတဲ့အခွင့်ထူးက ခိုင်းဝှက်ပိုင်ခွင့်ဖြစ်တယ်။

နယ်ဘက်မှာတော့ နအဖစစ်မှုထမ်းတွေကိုယ်တိုင် ဘိန်းစိုက်နေကြောင်း ၂၀၀၇ ဇွန်လထုတ် သျှမ်းသံတော်ဆင့် သတင်းလွှာမှာ ဖော်ပြတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်မုန့်အခြေစိုက် ခမရ (၅၆၉) က ဗိုလ်ကြီးအဆင့် တပ်ခွဲမှူးတဦးနဲ့ လားဟူနွယ်ဖွား တပ်ကြပ်ကြီး ဂျိုးဆက်ဖ်တို့ပေါင်းပြီး ဘိန်းစိုက်တယ်လို့ဆိုတယ်။ ဘိန်းစိုက်သူကို ဆက်ကြေးကောက်ရုံနဲ့ အားမရတော့လို့ ကိုယ်တိုင်စိုက်ကြတာပါပဲ။ ဆီဆိုင်မြို့နယ် ခမရ (၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆) စစ်သားမိသားစုကလည်း ဘိန်းစိုက်ပျိုးရေးဒို့အရေး လုပ်နေကြတယ်တဲ့။ ဖယ်ခုံမြို့နယ်မှာ ဘိန်းစိုက်သူတွေဟာ နအဖစစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်အောက်က တပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက် ရယူရတယ်။ နယ်ဘက်မှာ တာဝန်ကျတဲ့ နအဖအရာရှိတွေ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှာ ပါဝင်နေကြတယ်လို့ အမေရိကန် အစိုးရရဲ့ ၂၀၀၉ ဖေဖော်ဝါရီ (၂၇) ရက်ထုတ် မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားတယ်။ မူးယစ်ဆေးအမှုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးအဆင့်နဲ့ အထက်အရာရှိတွေကို အရေးမယူဘူးလို့ဆိုတယ်။

မြန်မာပြည်မှာ အကြီးဆုံးကုမ္ပဏီက ဘိန်းမှောင်ခိုလော်စစ်ဟန်နဲ့ သားဖြစ်သူ စတင်ဗင်လော်ပိုင်တဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပဲ။ အစိုးရသတင်းစာတွေမှာ အေးရှားဝေါလ်လို့ ဖော်ပြတယ်။ စစ်တပ်ဆိုရှယ်လစ်စနစ်က စစ်တပ်ဈေးကွက်စနစ်ကို ပြောင်းတော့ အရင်းအနှီးအများဆုံးရှိတာ မူးယစ်ဆေးမှောင်ခိုတွေပဲ။ အဲဒီမှာ စစ်အုပ်စုဟာ လော်စစ်ဟန်နဲ့ ခွန်ဆာကို အားကိုးတယ်။ ကိုးကန့်တရုတ် လော်စစ်ဟန်ဟာ အပစ်အခတ်ရပ်စဲရေးမှာ ကူညီပေးသူဖြစ်လို့ နအဖရဲ့ ကျေးဇူးရှင်ဖြစ်လာတယ်။ စင်ကာပူမှာလည်း ၀င်ဆံ့တဲ့ ဘိန်းမှောင်ခိုပဲ။ လမ်းဖောက်၊ အိမ်ဆောက်၊ ဆိပ်ကမ်းဆောက် အလုပ်ကြီးအကိုင်ကြီးမှန်သမျှ အေးရှားဝေါလ်က လုပ်ရတယ်။ ကြပ်ပြေးနေပြည်တော် တည်ဆောက်တဲ့ ကုမ္ပဏီတွေထဲမှာ အေးရှားဝေါလ်နဲ့ ထူးကုမ္ပဏီဟာ ကန်ထရိုက်အများဆုံးရတယ်။ ရန်ကုန်မှာ အေးရှားဝေါလ်ဆိပ်ကမ်းဆိုတဲ့ ဘိန်းမှောင်ခိုပိုင်တဲ့ သင်္ဘောဆိပ်ရှိတယ်။ အဲတော့ တကမ္ဘာလုံးကို မူးယစ်ဆေးဖြန့်နိုင်တာပေါ့။

တေဇဆိုသူခေါင်းဆောင်တဲ့ ထူးထောက်ပံ့ရေးကုမ္ပဏီဟာ စစ်အတွင်းကာလ မြန်မာပြည်မှာ စီးပွားရှာတဲ့ “ကာနဲမတ်ဆုဂိုရှို” ဆိုတဲ့ ဂျပန်ကုမ္ပဏီက ပေါက်ဖွားလာတဲ့ မြန်မာကုမ္ပဏီပဲ။ ထူးကုမ္ပဏီတည်ထောင်သူ ဦးဇော်ညွန့်ဆိုသူဟာ ကာနဲမတ်ဆုဂိုရှို ကုမ္ပဏီမှာ ရိုသေလေးစားခံရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဖက်ဆစ်ဂျပန်သူခိုး မြန်မာပြည်မှာကြီးစိုးတုန်း စီးပွားရေးအမြတ်ထုတ်တဲ့ ကုမ္ပဏီဖြစ်တယ်။ ပါလီမန်အစိုးရခေတ်နဲ့ မဆလခေတ်မှာ “ကာနဲမတ်ဆုဂိုရှို”က ထူးကုမ္ပဏီကို စောင်မကြည့်ရှုတယ်။ ငွေမက်တဲ့ နအဖစစ်ဗိုလ်ခေတ်မှာ ထူးကုမ္ပဏီဟာ အေးရှားဝေါလ်လိုပဲ အခွင့်ထူးခံစားရတယ်။ ဂျပန်ဖက်ဆစ်အကူအညီနဲ့ တည်ထောင်ခဲ့တဲ့ ထူးကုမ္ပဏီဟာ မြန်မာဖက်ဆစ်ခေတ်မှာ ထိပ်ဆုံးအဆင့်ကို ရောက်လာတာပဲ။ မြန်မာ့စီးပွားရေးသမိုင်းမှာ ဒီလိုကုမ္ပဏီတွေ အကြောင်းပါမှ ပြည့်စုံပါလိမ့်မယ်။ စုံစမ်းစစ်ဆေး သတင်းရေးတဲ့ဓလေ့ အားကောင်းလာရင် ဒီလိုခေတ်ပျက်သူဌေးနဲ့ စစ်သူခိုးတွေအကြောင်း မျိုးဆက်သစ်သတင်းသမားတွေက စုံစုံလင်လင် ရေးကြလိမ့်မယ်လို့ မျှော်လင့်မိတယ်။

မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ၂၀၁၀

မောင်ကောင်း / ၃၀ ဒီဇင်ဘာ ၂၀၀၉


အများသူငါ စိတ်ဝင်စားနေကြတဲ့ ၂၀၁၀ ကိုတော့ စတင်ချဉ်းနင်းဝင်ရောက်လာပါပြီ။ ၂၀၁၀ ဟာ မြန်မာပြည်နိုင်ငံရေးရဲ့ အကွေ့အချိုးတခုဖြစ်နိုင်တယ်၊ ဒီလိုဖြစ်မလာရင်တောင်မှ ထူးခြားမယ့် နှစ်တနှစ်တော့ ဖြစ်နိုင်ကောင်းရဲ့ဆိုပြီး စိတ်ဝင်စား နေကြတာပါ။ အထူးသဖြင့် နအဖက ကျင်းပပြုလုပ်မယ်လို့ ကြေညာထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ပေါ်ထွက်လာမယ့် ဂယက်တွေက မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် ဘယ်နည်းဘယ်ပုံ ထူးထူးခြားခြား ရိုက်ခတ်ပြောင်းလဲစေနိုင်မလဲ။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ရေး (Sanction) နဲ့ ထိတွေ့ဆက်ဆံရေး (engagement) နှစ်ခုစလုံးကို ပေါင်းစပ်ကျင့်သုံးမယ့် အမေရိကန်နိုင်ငံရဲ့ပေါ်လစီသစ် ဘယ်အတိုင်းအတာအထိ အောင်မြင်ထိရောက်နိုင်မလဲ။

အဲဒါတွေနဲ့ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာပါ ကမ်းလှမ်းချက်အပေါ် ဗိုလ်ချုပ်သန်းရွှေနဲ့ နအဖ စစ်ခေါင်းဆောင်တွေ ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲ ဆိုတာတွေဟာ ၂၀၁၀ အတွက် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေပေါ်အခြေခံပြီး ၂၀၁၀ အတွင်း ပေါ်ထွန်းလာမယ့် အခြေအနေနဲ့ အလားအလာတွေအပေါ် အားလုံးက စိတ်ဝင်တစား တွက်ချက်မှန်းဆနေကြတာပါ။ ဘာပဲပြောပြော ၂၀၁၀ မှာ ပေါ်ထွန်းလာမယ့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ အလားအလာဟာ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပကတိအခြေအနေနဲ့ ကင်းလွတ်ပြီး ဖြစ်လာနိုင်စရာတော့ မရှိပါဘူး။ လက်ရှိအခြေအနေဆိုတာလည်း ပြီးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ တဆက်တစပ်တည်းပါ။

ဒါကြောင့် ပထမဦးစွာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကို အရင်သုံးသပ်ချင်တယ်။ ကနေ့ မြန်မာပြည်သူတွေ ဘယ်လိုတွေ့ကြုံ ခံစားနေရတယ်၊ မြန်မာ့နိုင်ငံရေးအင်အားစုတွေ ဒီမိုကရေစီအင်အားစုတွေ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ အားလုံးအသိပါပဲ။ ကနေ့ မြန်မာပြည်သူတွေဟာ ဘယ်ခေတ်ဘယ်အခါတုန်းကနဲ့မှ မတူအောင် အနိုင်ကျင့်စော်ကားခံနေရတယ်။ ဒါကို လူ့အခွင့်အရေး ချိုးဖောက်ခံနေရရုံသက်သက်လို့ ပြောလို့မရဘူး။ တရားလက်လွတ် မတရားအနိုင်ကျင့်ခံနေရတာလို့ပဲ ပြောရမှာပဲ။ ဒီကနေ့ မြန်မာပြည်မှာ ဥပဒေဆိုတာမရှိ၊ တရားမျှတမှုဆိုတာ မရှိတော့တဲ့ အခြေအနေမျိုးရောက်နေတယ်။ အာဏာရှိသူတွေက အာဏာမဲ့သူတွေအပေါ်မှာ မတရားသဖြင့် လုပ်ချင်တိုင်းလုပ် အနိုင်ကျင့်ချင်တိုင်းကျင့်တာကို တဖက်သတ် ခံနေရတယ်။

တဘက်မှာ အဲဒီလိုခံနေရတဲ့အတွက် ပြည်သူတွေဟာ အကြောက်တရားရဲ့ လွှမ်းမိုးမှု အောက်မှာ မလူးသာ မလွန့်သာ ရှိနေကြတာ အမှန်ပဲ။ ဒါ အဆိုးဘက်၊ မကောင်းတဲ့ ဘက်ပါ။ ပြည်သူတွေဟာ အဲဒီလို မတရား အနိုင်ကျင့်စော်ကားမှုတွေကို ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး ခံစားနေရတာကြောင့် တဘက်မှာတော့ စစ်အာဏာရှင်တွေအပေါ် စက်ဆုပ် ရွံရှာမှု၊ နာကြည်းမုန်းတီးမှုနဲ့အတူ စစ်အာဏာရှင်အောက်က ရုန်းထလွတ်မြောက်ချင်တဲ့ စိတ်ဓာတ်က ပြည်သူလူထုကြီးတရပ်လုံးရဲ့ ရင်ထဲအသည်းထဲ အသွေးထဲအသားထဲမှာ ချေဖျက်တားဆီးလို့ မရလောက်အောင် ထုနဲ့ထည်နဲ့ရှိနေပြီး အခြေအနေ အခွင့်အလမ်း ပေါ်လာတာနဲ့ ပွင့်အံပေါက်ကွဲမယ့် အခြေအနေမျိုး ဖြစ်တည်နေတယ်။

ဒါဟာ ကနေ့ မြန်မာပြည်သူတွေရဲ့ ပကတိအခြေအနေပါ။ ဒါကို အင်အားစုအားလုံးက သိနားလည်ထားကြတယ်။ အင်အားစုအားလုံးဆိုတဲ့နေရာမှာ ဒီမိုကရေစီအင်အားစု၊ နိုင်ငံရေးအင်အားစုတွေလည်းပါတယ်။ စစ်အာဏာရှင် အုပ်စုလည်းပါတယ်။ စစ်အာဏာရှင်အုပ်စုက ဒီလိုအခြေအနေမှာ ပြည်သူတွေ အချိန်မရွေး အုံကြွပေါက်ကွဲ နိုင်တယ် ဆိုတာသိလို့ ပိတ်ဆို့တားဆီးမှုတွေကို အဘက်ဘက်က ဆောင်ရွက်ထားသလို ဖြစ်လာရင်လည်း လက်မနှေးဘဲ လက်ဦးမှုယူပြီး နှိပ်ကွပ်ချေမှုန်းဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်။ အုံကြွပေါက်ကွဲမှု ဖြစ်လာရင် ပြင်ထားတဲ့အတိုင်း စစ်အုပ်စုက ရက်ရက်စက်စက် နှိပ်ကွပ်ချေမှုန်းတာကိုလည်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ တွေ့ခဲ့ကြရပြီးဖြစ်တယ်။

ဒါပေမယ့် ဒီမိုကရေစီအင်အားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေ အပါအ၀င် ပြည်သူလူထုကြီးတရပ်လုံးကလည်း စစ်အာဏာရှင် အုပ်စုက ဘယ်လိုပဲ ဖိနှိပ်မှုတွေလုပ်လုပ်၊ ဘယ်လိုပဲ နှိပ်ကွပ်ချေမှုန်းမှုတွေလုပ်လုပ် အခြေအနေ အခွင့်အလမ်းပေါ်တာနဲ့ ရုန်းကြွတော်လှန်ကြမှာပဲ။ အခွင့်အလမ်းသာပေါ်ပစေ ပြည်သူတွေဘက်က အဆင်သင့်ပဲ။ သေချာရေရာမှုသာရှိပစေ ပြည်သူတွေဘက်က ရင်းနှီးပေးဆပ်ဖို့ အဆင်သင့်ပဲဆိုတဲ့ အနေအထားပါ။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ပြည်သူတွေ လိုအပ်နေတဲ့ အခွင့်အလမ်းနဲ့ အောင်ပွဲအတွက် သေချာရေရာမှုကို ဖန်တီးပေးဖို့ပါပဲ။

လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရာမှာ ပထမဆုံး နအဖစစ်အုပ်စုရဲ့ အနေအထားကို အရင်သုံးသပ်ချင်တယ်။ နအဖ စစ်အုပ်စုဟာ ဗိုလ်နေ၀င်း မဆလ စစ်အုပ်စုရဲ့ အဆက်ဖြစ်တယ်။ အသွင်သဏ္ဌာန်အရ အနည်းငယ်လောက်ပဲ ကွာခြားပြီး အနှစ်သာရကတော့ အတူတူပဲ။ ဗိုလ်နေ၀င်းရဲ့ မဆလခေတ်တုန်းက မဆလ တပါတီစနစ်ကို ကျင့်သုံးပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို စိုးမိုးခြယ်လှယ်ခဲ့သလို အခုလည်း စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆီ ဦးတည်ချီတက်နေပါတယ်ဆိုပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်ခြယ်လှယ်နေတာပဲ။

ဒီနေရာမှာ အတိတ်ကို တချက်လောက် ပြန်ကောက်ကြည့်ရအောင်။ တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ စစ်အုပ်စုကြီးတခုလုံး ပြိုလဲလုနီးနီးဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက ကံမကောင်း အကြောင်းမလှစွာနဲ့ အပြီးသတ်အောင်ပွဲမရဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီး အဆုံးသတ်ခဲ့ရာမှာ ကျနော်တို့တတွေ (ဆိုလိုတာက ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ အပါအ၀င် ပြည်သူလူထုကြီး) ဘက်က ညံ့ခဲ့ကြလို့ မဟုတ်ပါဘူး။ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားသူတွေဘက်မှာ အားနည်း ချို့ယွင်းချက်တွေ အမှားတွေ ရှိခဲ့ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအရေးတော်ပုံကြီး မအောင်မမြင်ဖြစ်ခဲ့ရတာဟာ အဲဒီ ချို့ယွင်းအားနည်းချက်တွေ၊ အမှားတွေကြောင့် အဓိကမဟုတ်ပါဘူး။ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တစုရဲ့ ရပ်တည်မှု မှားယွင်း ဖောက်ပြန်ခဲ့တာကြောင့်ပါ။

အာဏာရှင်ဆန့်ကျင်ရေး လူထုအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့တဲ့ ဘယ်တိုင်းပြည်ကိုပဲကြည့်ကြည့် စစ်တပ်ရဲ့အခန်းကဏ္ဍက သိပ်အရေးကြီးတယ်။ စစ်တပ်က ဘယ်လိုရပ်တည်သလဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ ဆိုတာပေါ်မူတည်ပြီး အဲဒီတိုင်းပြည်ရဲ့ လူထုအုံကြွမှု အောင်မြင်ရေး မအောင်မြင်ရေးကို အဆုံးအဖြတ်ပေးခဲ့တဲ့ သာဓကတွေ အများအပြားရှိခဲ့တယ်။ မကောင်းတဲ့ မင်းဆိုးမင်းညစ်၊ ဒါမှမဟုတ် အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေ ပေါ်ပေါက်ရာမှာ စစ်တပ်က ပြည်သူလူထု ဘက်ကို စာနာထောက်ထား ရပ်တည်ပေးတာမျိုး၊ ဒါမှမဟုတ် အနိမ့်ဆုံးအားဖြင့် အာဏာရှင်တွေဘက်ကို မျက်နှာမလိုက်ဘဲ၊ အကာအကွယ်မပေးဘဲ၊ ကြားနေပေးတာမျိုးရှိရင် ဒီတော်လှန်အုံကြွမှုဟာ အောင်မြင်ပြီး ခေတ်စနစ်ကြီးတခုလုံးကို ပြောင်းလဲ ပစ်နိုင်ခဲ့တာပဲ။

အနီးစပ်ဆုံး ဥပမာအနေနဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ရုရှနဲ့ အရှေ့ဥရောပနိုင်ငံတွေရဲ့ အဖြစ်အပျက်ကိုကြည့်ရင် သိနိုင်တာပဲ။ အလားတူပဲ စစ်တပ်က ပြည်သူလူထုဘက်ကနေ မရပ်တည်ဘဲ သို့မဟုတ် ကြားမနေဘဲ အာဏာရှင်တွေဘက်က ရပ်တည်ကာကွယ် ပေးမယ်၊ ဒါမှမဟုတ် အာဏာရှင်အလိုကျ ပြည်သူလူထုကို နှိပ်ကွပ်သတ်ဖြတ် ချေမှုန်းမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့အုံကြွမှုဟာ ဘယ်လောက်ပဲ အင်အားကြီးကြီး ချေမှုန်းဖျက်ဆီးခံခဲ့ရတဲ့ သာဓကတွေရှိခဲ့တယ်။ အနီးစပ်ဆုံး ဥပမာအနေနဲ့ တရုတ်ပြည်ရဲ့ (၈၉) တိန်အန်မင် အရေးအခင်းနဲ့ မြန်မာပြည်ရှစ်လေးလုံးအရေးတော်ပုံကြီးတွေဟာ ထင်ရှားတဲ့ သာဓကတွေပဲ မဟုတ်ပါလား။ (ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ သံဃာ့ အရေးအခင်းဟာလည်း နောက်ထပ်ထင်ရှားတဲ့ သာဓကတခုပါပဲ။)

တကယ်တော့ ကျနော်တို့ ပြည်သူတွေ ဆင်နွှဲခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ မကြုံဖူးလောက်အောင် တပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တခဲနက်ပါဝင် ဆင်နွှဲခဲ့ကြတဲ့ ထူးခြားလှတဲ့ အရေးတော်ပုံကြီးပါ။ အဲဒီအရေးတော်ပုံကြီးမှာ ပြည်သူတွေ လုံးဝတာဝန်ကျေခဲ့တယ်။ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့လည်း အားနည်းချက်၊ ချို့ယွင်းချက်တွေ တစုံတရာ ရှိခဲ့တယ်ဆိုပေမယ့် တာဝန်ကျေသင့်သလောက်ကျေခဲ့တယ်။

အဓိက ကတော့ စောစောကပြောသလို ပြည်သူတွေဘက်က စစ်တပ်မပါခဲ့လို့၊ မရပ်တည်ခဲ့လို့ အရေးတော်ပုံကြီး မအောင်မမြင် ဖြစ်ခဲ့ရတာပါ။ ပြည်သူတွေဘက်က စစ်တပ်မရပ်တည်ခဲ့တာကြောင့် ဆိုတာထက် တိတိကျကျ ပြောရရင်တော့ တိုင်းပြည်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းခဲ့တဲ့ စစ်တပ်တခုလုံးဟာ လက်တဆုပ်စာ အာဏာရှင်စစ်ဗိုလ်ချုပ်တစုရဲ့ အပိုင်စီး သိမ်းပိုက် အသုံးချတာကို ခံလိုက်ရလို့ပါ။ အဲဒီလက်တဆုပ်စာ အာဏာရှင်စစ်ဗိုလ်ချုပ်တစုက ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့အကျိုးကို လုံးဝမငဲ့ကွက်ဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးနဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ သက်သက်အတွက် ပြည်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်သတ်ဖြတ်ချေမှုန်းခဲ့တာကြောင့်ပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီး မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီအချက်ဟာ အခရာကျသလို အဲဒီ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အဆက်ဖြစ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားတောင်းဆိုမှုတွေ ကနေ့အထိ မအောင်မမြင် ဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းဟာလည်း အဲဒါကြောင့်ပါပဲ။ တကယ်တော့ ကျနော်တို့တတွေ ဒီမိုကရေစီမရကြသေးတာ ကျနော်တို့ ပြည်သူတွေ ညံ့ကြလို့ ကျနော်တို့ပြည်သူတွေ ဒီမိုကရေစီနဲ့ မထိုက်တန်သေးလို့ဆိုတာ လုံးလုံးမဟုတ်ဘူး။ ထို့နည်းတူ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား ဆောင်ရွက်သူတွေ ညံ့ကြလို့ မညီညွတ်ကြလို့ ချို့ယွင်းအားနည်းကြလို့ စွန့်လွှတ်ပေးဆပ်မှုတွေဟာ နည်းပါးကြလို့လည်း မဟုတ်ပါဘူး။

ကနေ့ ကျနော်တို့ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေဟာ အတိတ်သမိုင်းနဲ့ ယှဉ်ရင်ပဲဖြစ်ဖြစ် မျက်မှောက်နိုင်ငံတကာလှုပ်ရှားမှုတွေနဲ့ ယှဉ်ရင်ပဲဖြစ်ဖြစ် ထိပ်ဆုံးကပါ။ တကယ့်တကယ် အဓိကအကြောင်းရင်းက စစ်တပ်ပါ။ စစ်တပ်ရဲ့အနေအထားကြောင့် စစ်တပ်ရဲ့ မှားယွင်းဖောက်ပြန်တဲ့ ရပ်တည်မှုကြောင့်ပါ။ တိတိကျကျ ပြောရရင်တော့ အဲဒီစစ်တပ်ကို အမိန့်ပေးစေခိုင်းနိုင်တဲ့ စစ်တပ်အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုသူနဲ့ သူ့ရဲ့သစ္စာခံလက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ အာဏာမက်မှု၊ ကိုယ်ကျိုးကြည့်မှု၊ အမြော်အမြင်နည်းပါးမှု၊ ရက်စက်ယုတ်မာကောက်ကျစ်မှုတွေကြောင့်သာ အဓိကပါပဲ။

ဒါပေမယ့် စောစောက ပြောခဲ့သလို ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင်စနစ်ဟာ ပြိုလဲလုနီးပါးအခြေအနေ ရောက်ခဲ့တာတော့ အမှန်ပဲ။ အဲဒီတုန်းက စစ်တပ်အာဏာသိမ်းပြီးပြီးချင်း အာဏာသိမ်းစစ်ခေါင်းဆောင်လည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်စောမောင်က “တိုင်းပြည်ချောက်ထဲကျလုဆဲဆဲ အခြေအနေကို ကယ်တင်ဖို့အတွက် ကျနော်တို့ အာဏာသိမ်းရတာပါ” ဆိုတဲ့ စကားကို မကြာမဏ ပြောလေ့ရှိတယ်။ တကယ်တော့ သူပြောတဲ့ ချောက်ထဲကျလုဆဲဆဲဆိုတာ တိုင်းပြည်လည်းမဟုတ်၊ ပြည်သူလူထုလည်း မဟုတ်ပါဘူး။ အာဏာရှင် ဗိုလ်နေ၀င်းနဲ့ သူ့ရဲ့သစ္စာခံ စစ်ဗိုလ်ချုပ်တစုပါ။ ပြည်သူလူထုရဲ့ တွန်းလှန်ဖြိုလှဲမှုကြောင့် ဗိုလ်နေ၀င်းရဲ့ အာဏာဒေါက်တိုင်တွေ ပြိုလဲအံ့ဆဲဆဲဖြစ်နေတဲ့ အခြေအနေကို ကယ်တင်ဖို့အတွက် ကာကွယ်စောင့်ရှောက်ဖို့အတွက် တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးစီးပွားကို သစ္စာဖောက်ကျောခိုင်းပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုဟာ အစပထမမှာတော့ သေလူဘ၀ကနေ တရက်တမွန်းတည့် အသက်ဆက်ရလည်း မနည်းဘူးဆိုတဲ့ သဘောနဲ့ လူးလွန့်ရုန်းထခဲ့ကြတာပါ။ အဲဒီတုန်းက သူတို့မှာ အနာဂတ်ဆိုတာ မရှိခဲ့ဘူး။ ရေရှည်အာဏာစိုးမိုးဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိပုံမရခဲ့ဘူး။ (ဒါ မိမိရဲ့အထင်ကို ပြောတာပါ။) အဲဒီလိုမရှိခဲ့လို့လည်း သေခါနီး ရိက္ခာယူတဲ့သဘောမျိုး အရှက်အကြောက်မရှိ အခွင့်အရေးတွေ မတရားယူ၊ အာဏာတွေ မတရားသုံး၊ အလွန်အကျွံတွေဖြစ် နောက်တော့ မထူးဇာတ်ခင်း၊ တဘက်မှာလည်း မတရားသဖြင့် အကန့်အသတ်မရှိ ရထားတဲ့ အကျိုးစီးပွားတွေ စည်းစိမ်အာဏာတွေကို မက်မောတွယ်တာယစ်မူးလာပြီး နောက်တော့ အဲဒီအကျိုးစီးပွားတွေ၊ အာဏာတွေကို မစွန့်လွှတ်ချင်တော့ဘဲ ရေရှည်ဆုပ်ကိုင်ချင်လာရာကနေ ရေရှည်အစီအမံတွေ ချလာတော့တာပါပဲ။

စစ်အုပ်စုဟာ အဲဒီလို ဆင့်ကဲဆင့်ကဲ ပြောင်းလဲဖြစ်ပေါ်လာတဲ့ သူတို့ရဲ့လိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုလည်း ဆင့်ကဲဆင့်ကဲ ပြောင်းလဲချမှတ်ကျင့်သုံးလာတာကို တွေ့ရလိမ့်မယ်။ ပထမ ၈၈ အာဏာသိမ်းစဉ် လူကြားကောင်းအောင် တနည်းအားဖြင့် အာဏာသိမ်းလို့ကောင်းအောင် နောက်တနည်းပြောရရင် အင်မတန် ကြီးမားတဲ့ ၈၈ ဒီမိုကရေစီလှိုင်းလုံးကြီးအောက်မှာ နစ်မသွားရလေအောင် အလိုက်သင့်ခံပေးတဲ့ သဘောနဲ့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ စနစ်ကို ထူထောင်ပေးမယ်၊ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ကတိကို ရှေ့တန်းတင်ပြီး အာဏာသိမ်းခဲ့တာ ဖြစ်တယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာလည်း တတ်နိုင်သမျှ အချိန်ဆွဲပြီး ရွေးကောက်ပွဲကို ရှောင်လွှဲဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ၈၈ အရှိန်မသေသေးတဲ့ လူထုကြီးရဲ့ဆန္ဒကို လွန်ဆန်ပြီး ပေးထားတဲ့ ကတိကို အလွယ်တကူ မပယ်ဖျက်ရဲခဲ့တာကြောင့် ရွေးကောက်ပွဲကို မလုပ်ချင်ဘဲ လုပ်ပေးခဲ့ရတယ်။ မတတ်သာလို့ လုပ်ပေးခဲ့ရသည့်တိုင် ဒီမိုကရေစီအင်အားစုတွေ ပြတ်ပြတ်သားသား အနိုင်မရလေအောင် ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီအင်အားစုတွေအပေါ် အမျိုးမျိုးညစ်ပတ် အနိုင်ကျင့်ခဲ့ပေမယ့် ရှစ်လေးလုံးစိတ်ဓာတ်အဟုန် ပြင်းထန်နေဆဲဖြစ်တဲ့ ပြည်သူလူထုကြီးရဲ့ ပြတ်ပြတ်သားသား ညီညီညွတ်ညွတ် မဲပေးဆုံးဖြတ်ပေးခဲ့မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်(Landslide) အနိုင်ရရှိခဲ့ပြီး သူတို့တတွေ မရှုမလှ အရေးနိမ့်သွားခဲ့ပြီးတဲ့နောက် အဲဒီ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ နည်းအမျိုးမျိုးနဲ့ ရှောင်လွှဲခဲ့တာ၊ ချေဖျက်ဖို့ကြိုးစားခဲ့တာ ဒီကနေ့အထိပဲဖြစ်ပါတယ်။ ပထမ ၁/၉၀ နဲ့ ရှောင်လွှဲဖို့ကြိုးစားခဲ့တယ်။ နောက် အမျိုးသားညီလာခံနဲ့၊ နောက် Road Map (၇) ချက်နဲ့ ချေဖျက်ဖို့ ကြိုးစားခဲ့တယ်။

မိမိအမြင်ပြောရရင် ၁/၉၀ ချမှတ်စဉ်က သူတို့ဟာ ခံစစ်အနေအထားမှာပဲ ရှိခဲ့သေးတယ်။ အဲဒီတုန်းက ၉၀ ရလဒ်ကို ချက်ချင်းအကောင်းအထည်မဖော်ဖြစ်အောင်၊ အာဏာချက်ချင်းမစွန့်ရလေအောင် ခုခံကာကွယ်တဲ့သဘောနဲ့ ၁/၉၀ ကို ထုတ်ပြန်ခဲ့တာပါ။ နောက်တော့ ခံစစ်ကနေ ထိုးစစ်အသွင်ပြောင်းပြီး ဒီချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုတွေကို နှိပ်ကွပ် ချေမှုန်းခဲ့တယ်။ ဒီမိုကရေစီအင်အားစုတွေ အလဲလဲအကွဲကွဲဖြစ်ပြီး အားနည်းချည့်နဲ့သွားတော့မှ အမျိုးသားညီလာခံ (NC) ဆိုတာကို ခေါ်ယူပြီး သူတို့အာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စီမံဆောင်ရွက်ခဲ့တာ ဖြစ်တယ်။

NC ကို လုပ်ရာမှာ သူတို့မှာ ရည်ရွယ်ချက် (၃) ခုရှိတယ်။ ပထမရည်ရွယ်ချက်က ၉၀ ရလဒ်ကို လမ်းလွှဲဖို့ အချိန်ဆွဲဖို့၊ ဒုတိယက နိုင်ငံတကာအမြင်မှာ န၀တ (နအဖ) အနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ်ကို ဆောင်ရွက်နေသယောင် ဟန်ဆောင်လှည့်စားဖို့၊ တတိယကတော့ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က အမြဲတမ်း ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အဲဒီ NC ကတဆင့် ဇွတ်အတင်း ချမှတ်အကောင်အထည်ဖော်ပြီး သူတို့တရားဝင် ရေရှည်အာဏာချုပ်ကိုင် နိုင်ရေးအတွက် စီမံဆောင်ရွက်ဖို့ဖြစ်တယ်။ တချက်ခုတ် သုံးချက်ပြတ်ပေါ့။ ရည်ရွယ်ချက်အားလုံးရဲ့ လိုရင်းအချုပ်ကတော့ လက်ရှိအာဏာကို ထိန်းနိုင်သမျှထိန်းထားပြီး ဖြစ်နိုင်ရင် သူတို့ရဲ့ စစ်အာဏာရှင်စနစ်ကို ရာသက်ပန် တည်တံ့ခိုင်မြဲအောင် လုပ်သွားဖို့ပဲ။

ပထမရည်မှန်းချက်တွေ အထိုက်အလျောက် အောင်မြင်ခဲ့ပေမယ့် ၁၉၉၅ နောက်ပိုင်းမှာ NC ထဲကနေ NLD နဲ့ SNLD တို့ နုတ်ထွက်သွားလို့ NC ကြီး ရပ်ဆိုင်းသွားရာကနေ သူတို့ရဲ့နောက်ဆုံးရည်မှန်းချက်လည်းဖြစ်၊ အန္တိမရည်မှန်းချက်လည်းဖြစ်တဲ့ စစ်အာဏာရှင်စနစ် တရားဝင် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ ရည်မှန်းချက် ယာယီအခိုက်အတန့်အားဖြင့် ပျက်ပြားသွား ခဲ့ရတယ်။ ဒါကလည်း ဆန်းတော့မဆန်းဘူး။ စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ထာဝရစိုးမိုးခြယ်လှယ်ရေးဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ဟာ ပြည်သူလူထုကြီးရဲ့ဆန္ဒနဲ့ လုံးဝဆန့်ကျင်နေသလို ကမ္ဘာကြီးရဲ့တူရူရာ ဒီမိုကရေစီလမ်းကြောင်းကြီးနဲ့လည်း သွေဖည်ကွဲလွဲနေလို့ပါ။ ဒါပေမယ့် သူတို့ရဲ့ရည်မှန်းချက်ကို အပြီးတိုင် စွန့်လွှတ်ခဲ့တာတော့ မဟုတ်ဘူး။ ယာယီ အခိုက် အတန့်သာ စွန့်လွှတ်ခဲ့တာပါ။ အခြေအနေပေးတာနဲ့ မဖြစ်မနေ ဆက်လက်အကောင်အထည်ဖော်ဖို့ ကြံစည်စိုင်းပြင်းခဲ့ကြတာပါ။

ဒါပေမယ့် သူတို့ ဘယ်လိုပဲ ကြံစည်ကြံစည်၊ ဘယ်လိုပဲဆန္ဒရှိရှိ လက်တွေ့ဘ၀ရဲ့ အကန့်အသတ်တွေ အားပြိုင်မှုတွေကြောင့် အထူးသဖြင့် ဒီမိုကရေစီအင်အားစုတွေရဲ့ ကြံ့ကြံ့ခံတိုက်ပွဲဝင်မှုတွေကြောင့် သူတို့ကြံစည်တိုင်း ဆန္ဒရှိတိုင်း မဖြစ်ခဲ့တာတွေ မအောင်မြင်ခဲ့တာတွေ ရှိခဲ့တယ်။ တခါတရံ ဒီမိုကရေစီအင်အားစုတွေဘက်က အားသာပြီး သူတို့ဘက်က ဖရိုဖရဲဖြစ်သွားခဲ့ရ တာတွေ ခံစစ်အနေအထား ရောက်သွားခဲ့တာတွေလည်း ရှိခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအချို့ကို ပြန်သုံးသပ်ကြည့်ဖို့ လိုမယ်ထင်တယ်။

၁၉၉၅ မှာ NC ရပ်သွားပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှု၊ ၉၀ ပြည့်နှစ် ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်တိုက်ပွဲဝင်မှုကြောင့် ၉၈ မှာ CRPP ပေါ်လာခဲ့တယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ဘက်က နိုင်ငံရေးထိုးစစ်တွေ ဆက်တိုက်ဆင်နွှဲခဲ့ရာမှာ စစ်အာဏာရှင်တွေဘက်က ခံစစ်အနေအထားနဲ့ အလူးလူးအလိမ့်လိမ့် ရပ်ခံခဲ့ရတာတွေ ရှိခဲ့တယ်။ အဲဒီလိုရပ်ခံရာမှာ တဘက်က ဖမ်းဆီးနှိပ်ကွပ်မှုတွေလုပ်ရင်း တဘက်က ဆွေးနွေးပွဲစကားဝိုင်းဘက်လှည့်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက်ဆွေးနွေးပြီး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ဇာတိသရုပ်ကို ဘယ်လိုမှ မဖုံးကွယ်နိုင်တာရယ်၊ သူတို့ အာဏာတည်မြဲရေးဆိုတဲ့ ရည်မှန်းချက်ကနေ တပြားသားမှ လျှော့မပေးနိုင်တာတွေရယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက်ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်သွားခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ တိုင်းပြည်ရဲ့ပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကတဆင့် ငြိမ်းချမ်းစွာ အဖြေရှာဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပေမယ့် နအဖစစ်အုပ်စုရဲ့ မရိုးသားမှု၊ လိမ်ညာကောက်ကျစ်မှုတွေကြောင့် ဆွေးနွေးပွဲ မအောင်မြင်နိုင်တော့ဘူးဆိုတာ ရိပ်မိခဲ့လို့ တဘက်မှာ ရသမျှအခွင့်အရေးကို အသုံးချပြီး လူထုတိုက်ပွဲ ဆင်နိုင်ဖို့အတွက် လူထုစည်းရုံးရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့တယ်။ လူထုဘက်ကလည်း နအဖစစ်အုပ်စု တုန်လှုပ်ချောက်ချား လောက်အောင် ဒေါ်အောင်ဆန်းစုကြည်ကို အုန်းအုန်းကျွက်ကျွက် ထောက်ခံကြိုဆိုခဲ့ကြတယ်။

ဒါပေမယ့် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးကို လုံးဝမကြည့်ဘဲ ကိုယ့်အာဏာတည်မြဲဖို့အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မယ်လို့ခံယူထားတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ ဒီတကြိမ်မှာလည်း ဒီမိုကရေစီကို ပြင်းပြင်းပြပြ လိုချင်တောင်းတနေတဲ့ ပြည်သူလူထုကြီးရဲ့ဆန္ဒနဲ့ အဲဒီဆန္ဒတွေ အကောင်အထည်ဖော်ဖို့ ဦးဆောင်လှုပ်ရှား ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးလှုပ်ရှားဆောင်ရွက်မှုတွေကို အပြင်းအထန်နှိပ်ကွပ် ချေမှုန်းခဲ့ကြပြန်တယ်။ ဒီလိုနဲ့ ဒီပဲယင်းအရေးအခင်း ပေါ်ပေါက် ခဲ့ရတယ်။

ဒီပဲယင်းကြောင့် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က ဆုံးရှုံးမှုအချို့နဲ့ အရင်းအနှီးအချို့ပေးဆပ်ခဲ့ရပေမယ့် တဘက်မှာ နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ ပွင့်ကျသထက် ကျလာခဲ့ရတယ်။ အထူးသဖြင့် နိုင်ငံတကာရဲ့ ဆန့်ကျင် ရှုတ်ချမှုနဲ့ ပဋိပက္ခတွေလည်း ကြီးထွားလာခဲ့ရတယ်။ ဒီပဲယင်းနှိပ်ကွပ်မှုကြောင့် တဘက်မှာ သူတို့ စစ်အုပ်စုတွေအတွင်း မကျေလည်မှုတွေ ပဋိပက္ခတွေလည်း ကြီးထွားလာခဲ့ရတယ်။ ဒီပဲယင်းနှိပ်ကွပ်မှုကြောင့် တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အခိုက်အတန့်အားဖြင့် ရပ်တန့်ပစ်လိုက်နိုင်ပေမယ့် တဘက်မှာတော့ နအဖ စစ်ဗိုလ်ချုပ်တွေအဖို့ ပြည်တွင်းပြည်ပဖိအားနဲ့ နိုင်ငံရေးအကျပ်အတည်းကို မကြုံစဖူးကြုံတွေ့ခဲ့ရတယ်။

ဒီအကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားဖို့အတွက် သူတို့ဘက်က နိုင်ငံရေးဗျူဟာတရပ်ကို ချမှတ်ကျင့်သုံးလိုက်တယ်။ အဲဒီ ဗျူဟာကတော့ Road Map (၇) ချက်ပဲ။

တကယ်တော့ အဲဒီ Road Map (၇) ချက်ဟာ လောလောဆယ် သူတို့ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းထဲကနေ ဖောက်ထွက်ကျော်လွှားဖို့ သက်သက်တင်မဟုတ်ဘဲ ရပ်ဆိုင်းထားခဲ့ရလို့ အသက်ကင်းမဲ့နေပြီဖြစ်တဲ့ NC ကို ပြန်လည် အသက်သွင်းပြီး သူတို့ရဲ့ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ မူလရည်မှန်းချက်ကို ပြန်လည်အကောင်အထည် ဖော်ဖို့ပါပဲ။ တဘက်မှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်ဖို့ လိုလားနေတဲ့၊ ဖိအားတွေလည်း တိုးမြှင့်ပေးနေတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အဲဒီသူတို့ချမှတ်ထားတဲ့ Road Map (၇)ချက်နဲ့ ပြည်တွင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ချမှတ်ဆောင်ရွက်နေသယောင် လိမ်လည်လှည့်ဖြားဖို့ပါပဲ။

တကယ်တမ်းပြောရရင်တော့ ဒီမိုကရေစီသို့သွားရာ (၇) ဆင့်ဆိုပြီး သူတို့ကြွေးကြော်ချမှတ်ထားတဲ့ Road Map (၇) ချက်ဆိုတာကို ပြည်သူတွေကတော့ ဒီမိုကရေစီနဲ့ အလှမ်းဝေးသထက် ဝေးသွားစေမယ့် အဆင့် (၇) ခုလို့ပဲ နားလည်ထား ကြတယ်။ ဒါကြောင့် ဒီ Road Map (၇) ချက်ကို ပြည်သူတွေက ယုံလည်းမယုံဘူး၊ လက်လည်းမခံဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ကိုယ်စား NLD ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်။

နောက်ပိုင်းမှာ ပြည်တွင်းပြည်ပဖိအားတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ပိုမိုကြီးမားလာခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ရတယ်။ နောက်ဆုံးမှာတော့ သံဃာတော်တွေ ဦးဆောင်တဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တော့တာပါပဲ။

ဒီရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်သူလူထုတွေဘက်က ထိခိုက်ဆုံးရှုံးမှုတွေ အရင်းအနှီးတွေ အတိုင်းအတာတခုအထိ ပေးဆပ်ခဲ့ရပေမယ့် ဒီတော်လှန်ရေးကြီးကနေတဆင့် မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ သတ္တိကို ဥဒါန်းတွင်စေနိုင်ခဲ့သလို နအဖ စစ်ခေါင်းဆောင်တွေအဖို့ရာမှာလည်း အကြီးအကျယ် အထိနာခဲ့ရတယ်။ ဆောက်တည်ရာမရဖြစ်ခဲ့ရတယ်။ သူ့ရဲ့အာဏာတည်မြဲမှုအပေါ် အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရတယ်။ ဒါကြောင့် မူလက ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ကို ဖော်ဆောင်နေသယောင် အမျိုးသားညီလာခံဆိုတာကို အချိန်ဆွဲနိုင်သမျှ အချိန်ဆွဲကျင်းပပြီး သူ့ရဲ့ ပိုနေမြဲကျားနေမြဲအနေအထား (Status quo) ကို ဆက်ထိန်းထားဖို့ ကြံရွယ်ခဲ့ပေမယ့် စက်တင်ဘာသံဃာ့အရေးအခင်းကြီးက သူတို့ရဲ့အာဏာတည်မြဲရေးကို မရေမရာဖြစ်သွားစေခဲ့တာကြောင့် အဲဒီ အမျိုးသားညီလာခံကို တတ်သုတ်ရိုက်ကျင်းပပြီး သူ့အာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးကို အာမခံချက်ပေးနိုင်မယ့် Constitution ကို တဖက်သတ် ရေးဆွဲအတည်ပြုလိုက်တော့တာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဒီ Constitution ကို ဘယ်လိုဘယ်ပုံ တဖက်သတ်ရေးဆွဲခဲ့တယ်၊ ဘယ်လို ကောက်ကျစ် ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ အတုအယောင် ဆန္ဒခံယူပွဲကို ကျင်းပပြီး အဲဒီ Constitution ကို ဘယ်လို တဖက်သတ် အနိုင်ကျင့် အတည်ပြုပြဋ္ဌာန်းခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်လို့ အကျယ်ချဲ့မပြောလိုတော့ပါဘူး။

ဒါပေမယ့် ဒီ Constitution ဟာ ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ ဘယ်လိုပဲဆန့်ကျင်ဆန့်ကျင်၊ ပြည်သူတွေက လက်ခံခံ မခံခံ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုပြု မပြုပြု သူတို့ကတော့ သူတို့ရဲ့ ရေရှည်အာဏာ တည်တံ့ခိုင်မြဲရေးကို အာမခံချက်ပေးနိုင်မယ့် ဒီ Constitution ကို မဖြစ်မနေ အကောင်အထည်ဖော်မှာပဲ။ မဖြစ်မနေ အသက်သွင်းမှာပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ အဲဒီ Constitution ကို အသက်သွင်းတဲ့ပွဲ၊ အသက်ဝင်အောင် လုပ်မယ့်ပွဲပါပဲ။ ဒါကြောင့် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ မဖြစ်မနေ ဆန့်ကျင်ရမှာပဲ။

ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ဆန့်ကျင်တယ်ဆိုတာ သူတို့တဖက်သတ်ရေးဆွဲထားတဲ့ Constitution ကို ဆန့်ကျင်တာ၊ အသက်ဝိညာဉ် ကင်းမဲ့စေတာဖြစ်တယ်။ တနည်းပြောရရင် စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို ဆန့်ကျင်ချေဖျက်တာသာဖြစ်တယ်။ ကျနော်တို့တိုက်ပွဲဟာ ဒီတပွဲနဲ့ ပြတ်ချင်မှပြတ်မယ်။ တိုက်ပွဲပေါင်း မြောက်မြားစွာကို ဆက်ပြီး ဆင်နွှဲကောင်းဆင်နွှဲရနိုင်တယ်။ ရေရှည်တိုက်ပွဲဖြစ်နိုင်တယ်။ ဒါပေမယ့် ပြောလို့တော့မရဘူး။ တိုင်းရေးပြည်ရေး ပေါက်နဲ့ကျေး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ်ဆိုတဲ့ စကားတွေလည်းရှိတာပဲ။ မမျှော်လင့်တာတွေလည်း ဖြစ်လာနိုင်တာပဲ။

အပေါ်ယံကြည့်ရင် အခုအချိန်မှာ စစ်အာဏာရှင်တွေဘက်က နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဘက်တွေမှာ အားသာချက်တွေ ရှိနေတယ်လို့ ထင်ရပေမယ့် တကယ့်တကယ်တော့ သူတို့လုပ်ချင်တိုင်း လုပ်လို့မရနိုင်တဲ့ အကန့်အသတ်တွေနဲ့ သူတို့ဘက်မှာ ပျော့ကွက်ဟာကွက် အားနည်းချက်တွေရှိနေတာ အမှန်ပဲ။ အကျပ်အတည်းတွေ ရှိနေတာလည်း အမှန်ပဲ။ အာဏာရှင် စစ်ဗိုလ်ချုပ်တွေအကြား အကျိုးစီးပွားချင်း အားပြိုင်မှု၊ အာဏာပြိုင်မှု၊ တပ်တွင်းအောက်ခြေနဲ့ အထက်ဆင့်ကွာဟမှု အားပြိုင်မှု၊ သူတို့စစ်အုပ်စုနဲ့ ငြိမ်းအဖွဲ့တွေကြား အားပြိုင်မှု၊ ပြည်သူတွေရဲ့ ဆန့်ကျင်ခံရမှု၊ မုန်းတီးရွံရှာခံရမှု၊ နိုင်ငံတကာရဲ့ ဆန့်ကျင်ခံရမှု ဖိအားပေးခံရမှု စတာတွေဟာ သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သန်းတဲ့အခါ ဒီအကျပ်အတည်းတွေ ပိုပြီး ကြီးမားလာစရာအကြောင်းရှိတယ်။ ပိုပြီး ကျပ်တည်း ခက်ခဲလာစရာ အကြောင်း ရှိတယ်။ သူတို့ စစ်အာဏာရှင်တွေရဲ့အခက်ဟာ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ အချက်ပဲပေါ့။ ကျနော်တို့အတွက် ပြည်သူတွေအတွက် အဆိုးထဲက အကောင်းတွေ ဖြစ်လာနိုင်တယ်။

ဆောင်းပါးအစပိုင်းမှာ ပြောခဲ့သလို အခွင့်အလမ်းသာ ပေါ်ပစေ၊ သေချာရေရာမှုသာ ရှိပစေ၊ ပြည်သူလူထုဘက်ကတော့ အဆင်သင့်ပါပဲ။ အဲဒီတော့ လက်ရှိပြည်တွင်းပြည်ပအခြေအနေတွေအရ ပြည်သူတွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်၊ အဲဒီအခွင့်အလမ်းတွေကို အသုံးချပြီး ဘယ်လိုသေချာရေရာတဲ့ အောင်ပွဲမျိုး ရယူဖန်တီးနိုင်မလဲဆိုတာကို ဒီမိုကရေစီအင်အားစုတွေ အသေအချာ လေ့လာတွက်ချက်ပြီး ပြင်ဆင်ထားကြဖို့လိုလိမ့်မယ်။

ခွက်စောင်းခုတ်နိုင်ငံရေးနဲ့ ဂိုဏ်းဂဏဓလေ့

အောင်ကျော်ခင် / ၁၉ ဧပြီ ၂၀၁၀


ခွက်စောင်းခုတ်တယ်ဆိုတာဟာ ဘ၀တူအချင်းချင်း ရန်လုပ်တာဖြစ်တယ်လို့ ၁၉၇၈ ခုနှစ်ထုတ် မြန်မာစာအဖွဲ့ရဲ့ မြန်မာအဘိဓာန် အကျဉ်းချုပ်မှာ အဓိပ္ပာယ်ဖွင့်ထားတယ်။ စစ်ဗိုလ်အချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ ပါတီဝင်အချင်းချင်း ရန်လုပ်ပြီး အာဏာလုကြတာဟာ ခွက်စောင်းခုတ်နိုင်ငံရေးဖြစ်တယ်။ ရွေးကောက်ပွဲဥပဒေနဲ့ ၂၀၀၈ အခြေခံဥပဒေမှာ ခွက်စောင်းခုတ် နိုင်ငံရေးနဲ့ ဂိုဏ်းဂဏစိတ်ဓာတ်ကို အထင်အရှား တွေ့မြင်နိုင်တယ်။

ဂိုဏ်းဂဏစိတ်ဓာတ် အစွန်းရောက်သွားပုံကို ဗိုလ်သန်းရွှေရဲ့ မတ်လ (၂၇) ရက်နေ့ မိန့်ခွန်းမှာ တွေ့နိုင်တယ်။ “ဒို့တပ်မတော်ဟာ အင်အားတောင့်တင်းရမယ်၊ စွမ်းရည်ထက်မြက်ရမယ်၊ ခေတ်မီရမယ်၊ မျိုးချစ်စိတ်ဓာတ်ထက်သန်ရမယ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတာဟာ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ခံယူထားတဲ့ သဘောထားဖြစ်တယ်” လို့ ဗိုလ်သန်းရွှေ ပြောသွားတယ်။ ဗိုလ်သန်းရွှေအုပ်စုဟာ မျိုးချစ်စိတ်ဓာတ် အထက်သန်ဆုံး ဖြစ်နေတယ်။ သူတို့ရဲ့ ဆွေမျိုးသားချင်း ရောင်းရင်းမိတ်ဆွေတွေ ကြီးပွားချမ်းသားနေတာဟာ ဗိုလ်သန်းရွှေဂိုဏ်းရဲ့ အမျိုးချစ်စိတ်ကို သက်သေပြနေတယ်။

တိုင်းပြည်အင်အားရှိမှသာ တိုင်းပြည်ထဲက အဖွဲ့အစည်းတွေလည်း အင်အားရှိနိုင်မယ်ဆိုတာကို စဉ်းစားဉာဏ်ရှိသူတိုင်း သိနိုင်တယ်။ ဒါပေမယ့် ဂိုဏ်းဂဏစိတ် ပြင်းထန်နေတဲ့ ဗိုလ်သန်းရွှေဟာ အများမြင်သလို မမြင်နိုင်ဘူး။ ဒါကြောင့်မို့ လူဦးရေ (၄) သိန်းရှိသောစစ်တပ် အင်အားရှိမှသာ လူဦးရေ သန်း (၅၀) ရှိတဲ့ တိုင်းပြည်အင်အားရှိမယ်လို့ ပြောတာပဲ။ ဒီလိုစိတ်ဓာတ်နဲ့ တိုင်းပြည်ရဲ့ သဘာဝသယံဇာတကို နိုင်ငံခြားရောင်းပြီး ပျဉ်းမနားကြပ်ပြေးမှာ နေပြည်တော် တည်ဆောက်တာဖြစ်တယ်။

နိုင်ငံရေးမှာ စစ်ဗိုလ်ဝင်ရှုပ်လို့ တိုင်းပြည်ပျက်စီးတာကို ပြောရဲတဲ့ စစ်ဗိုလ်ဟောင်းဆိုလို့ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌလုပ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးတင်ဦးတယောက်ပဲ ရှိတယ်။ စစ်ဗိုလ်ဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေကို နားမလည်ဘူးလို့ ဦးတင်ဦးက ရိုးရိုးသားသားဝန်ခံတယ်။ စစ်ခေါင်းဆောင် ဗိုလ်နေ၀င်းက ဂေါက်သီး ကစားတာ ၀ါသနာပါတော့ စစ်ဗိုလ်တွေအားလုံး ဂေါက်သီးရောဂါစွဲကပ်ကုန်တယ်။ ဒီအထဲမှာ ဦးတင်ဦး မပါဘူး။ သူက ခြင်းခတ် ၀ါသနာပါတဲ့ စစ်ဗိုလ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံထဲ ဦးတင်ဦး ပါလာတော့ သူ့ကိုထောက်ခံသူတွေ ထပ်ထဲမှာ (၆၅) ရာခိုင်နှုန်းရှိတယ်လို့ ပြောတာကို ဗွီဒီယိုသတင်းမှာ မြင်ဖူးတယ်။ ဒါပေမယ့် လက်ရှိ စစ်မှုထမ်းဟာ အတိအလင်းထောက်ခံရဲတာ မဟုတ်ပါဘူး။ လျှို့ဝှက်မဲပေးစနစ်ကျင့်သုံးရင်တော့ ထောက်ခံနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်တပ်ရပ်ကွက်က ထောက်ခံတာဟာ သာဓကပါပဲ။ ဒါပေမယ့် အတိအလင်း အတိုက်အခံဘက်ပါသွားတဲ့ စစ်ဗိုလ်ဟောင်းကို အာဏာရစစ်ဗိုလ်က အငြိုးတကြီးနဲ့ ခွက်စောင်းခုတ်တတ်တာကို စစ်ဗိုလ်ဟောင်းတွေ သိကြတယ်။

ဦးတင်ဦးခေါ်လို့ အဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်အဖြစ် ၀င်ကူတဲ့ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကိစ္စဟာ လူသိများတယ်။ လွတ်ရက်စေ့တာတောင် လွှတ်မပေးဘူး။ ဦးဝင်းထိန်ကို ၁၉၈၉ ဇူလိုင်လမှာ စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး တလလောက် နှိပ်စက်ညှဉ်းပန်းတယ်။ ပြီးတော့ အင်းစိန်ထောင်မှာ (၃) နှစ်နီးပါး တိုက်ပိတ်ထားတယ်။ နောက်တော့ စစ်ခုံရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ်လိုက်တယ်။ (၆) နှစ်အကျဉ်းကျပြီး ၁၉၉၅ မှာ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး လွတ်လာတယ်။ သွေးတိုးရောဂါ၊ ကျောရိုးဆစ်ရောင်တဲ့ရောဂါ၊ ခေါင်းကိုက်ဝေဒနာ စတာတွေ ရလာတယ်။ ဦးဝင်းထိန်ကို ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူအဖြစ် Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက မှတ်တမ်းတင်ထားတယ်။ ဦးဝင်းထိန်ရဲ့ အဖြစ်ကိုကြည့်ပြီး အန်အယ်လ်ဒီလုပ်တဲ့ စစ်ဗိုလ်ဟောင်းတွေဟာ အာဏာရစစ်ဗိုလ် ငြိုငြင်မှာကို အလွန်ကြောက်ကြတယ်။

ဒါပေမယ့် လွတ်လာပြီးမကြာမီ ၁၉၉၆ မေလမှာ အဖမ်းခံရပြန်ပြီး ထောင် (၁၄) နှစ်ကျသွားတာဟာ နှစ်စေ့ပေမယ့် လွှတ်မပေးသေးဘူး။ ဦးဝင်းထိန်ဟာ စစ်တက္ကသိုလ်မှာ ထိပ်ဆုံးကအောင်တဲ့ စံပြစစ်သည်ပါ။ ဗိုလ်ချုပ်ကြီးတင်ဦးကို ဗိုလ်ချုပ်ကြီးနေ၀င်းက ခွက်စောင်းခုတ်ပြီး ထောင် (၇) နှစ်ချတော့ ဗိုလ်ကြီးဖြစ်နေတဲ့ ဦးဝင်းထိန်ပါ အဖျားခတ်ပြီး အလုပ်ပြုတ်သွားတယ်။ ၁၉၈၈ အရေးတော်ပုံကာလမှာ စစ်တပ်နဲ့ ဆက်သွယ်ဖို့အတွက် စစ်ဗိုလ်အကြောင်း နားလည်သူလိုတယ်ဆိုပြီး ဦးတင်ဦးက ခေါ်ပြန်လို့ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ဖြစ်သွားတယ်။ ဒေါ်စုဘက်ပါတဲ့ စစ်ဗိုလ်ဟောင်းတွေ မလှုပ်ရဲအောင် ဦးဝင်းထိန်ကို ခွက်စောင်းခုတ်ပြတာပဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ စစ်ဗိုလ်ဟောင်းတွေ အများအပြားပါဝင်ပေမယ့် စစ်တပ်ကို သူတို့ဘက်ပါအောင် ဘာဖြစ်လို့ မဆွဲဆောင်နိုင်တာလဲလို့ အပြင်လူ အရပ်သားက စဉ်းစားမိတယ်။ စစ်ဗိုလ်ဟောင်းကတောင် စစ်တပ်ကို သူတို့ဘက်ပါအောင် မဆွဲဆာင်နိုင်ရင် အရပ်သားအနေနဲ့ ပိုဝေးတော့မှာပေါ့။ မြန်မာစစ်တပ်မှာ တပည့်မွေး/ဆရာမွေးတဲ့စနစ် ရင့်သန်တယ်။ ဒါကြောင့် ဆရာကို ခွက်စောင်းခုတ်ရင် တပည့်ကိုပါခုတ်ရတယ်။ ကျူပင်ခုတ်ကျူငုတ်မကျန် ဆရာရောတပည့်ပါ ခွက်စောင်းခုတ်ပစ်တာဟာ တပ်တွင်းနိုင်ငံရေးပဲ။

သက်ကြီးရွယ်အိုဖြစ်နေတဲ့ ဗိုလ်နေ၀င်း အကျယ်ချုပ်ဘ၀မှာ သေသွားအောင် ဗိုလ်သန်းရွှေက စီစဉ်နိုင်ပေမယ့် ဗိုလ်နေ၀င်းတပည့် ဗိုလ်ခင်ညွန့်ကိုတော့ မရှင်းပစ်နိုင်ဘဲ ဗိုလ်ချုပ်ကြီးနဲ့ ၀န်ကြီးချုပ်ရာထူးအထိ တိုးပေးခဲ့ရတာ ဗိုလ်သန်းရွှေရဲ့ အားနည်းချက်လို ဖြစ်နေတယ်။ ဒါကြောင့် အခွင့်သာတာနဲ့ ဗိုလ်ခင်ညွန့်နဲ့အပေါင်းပါတွေကို ခွက်စောင်းခုတ်ပစ်တာပဲ။ ဗိုလ်ခင်ညွန့်ဂိုဏ်းဝင် အင်္ဂလန်သံအမတ်ဟောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် ၂၀၀၉ မှာ အင်းစိန်ထောင်မှာ သေသွားတယ်။ အဖွဲ့ချုပ်မှာ ပါဝင်တဲ့ စစ်ဗိုလ်ဟောင်းတွေဟာ ထောင်ကျမှာ သိပ်ကြောက်တယ်။ စစ်ဗိုလ်ဆိုတာ အခိုင်းအစေ အဆောင်အယောင်နဲ့ တသက်လုံးနေလာတော့ ထောင်ကျမခံနိုင်ဘူးပေါ့။

အခုတော့ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ဂိုဏ်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဂိုဏ်းဆိုပြီး ဂိုဏ်း (၂) ဂိုဏ်းပဲ ကြပ်ပြေးနေပြည်တော်မှာ ရှိတော့တယ်ဆိုပဲ။ မောင်အေးက စစ်သားဆန်ပြီး သန်းရွှေက နိုင်ငံရေးအလွဲသုံးစားလုပ်တဲ့ဘက်က အားသန်တယ်လို့ ပြောကြတယ်။ ကြံ့ဖွံ့တည်ထောင်သူဟာ သန်းရွှေပဲ။ ငါရရွှေမန်းကတော့ သစ္စာရှိကရင် အမျိုးသားအဖြစ် နာမည်ရထားသူဖြစ်တယ်။ မောင်အေးနဲ့သန်းရွှေဟာ အမြဲတမ်းစိတ်တူ သဘောတူ ဖြစ်နေတာမဟုတ်ဘူး။ သူတို့နှစ်ယောက် ဘယ်လိုခွက်စောင်းခုတ်ပြီး ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာ သိနိုင်ဖို့ သိပ်မဝေးတော့ဘူးထင်တယ်။

ဗိုလ်နေ၀င်းရဲ့ ခွက်စောင်းခုတ်ဂိုဏ်းဂဏလမ်းစဉ် ဗိုလ်သန်းရွှေက ဆက်လက်ကျင့်သုံးပြီး အာဏာရှင်စနစ် တည်ဆောက်နေတာကြောင့် တပ်ထဲမှာ ယိုယွင်ပျက်စီးပြီး တပ်ပြေးတွေ များပြားလာတယ်။ ၂၀၀၇ ဆန္ဒပြပွဲမှာ အရပ်သားကို ပစ်မသတ်ဖို့ မောင်အေးကလိုလားပြီး သန်းရွှေကတော့ ဘုန်းကြီးပါမကျန်ပစ်သတ်ဖို့ အမိန့်ပေးတယ်လို့ သတင်းထွက်ခဲ့တယ်။ အဲဒီတုန်းက သန်းရွှေရဲ့ မိသားစုဟာ နိုင်ငံခြားထွက်ပြေးပြီး စင်ကာပူနဲ့ ဒူဘိုင်းမှာ ပုန်းနေတယ်ဆိုတဲ့ သတင်းထွက်ခဲ့တယ်။ ဒါကိုကြည့်ရင် သန်းရွှေဂိုဏ်းက မဟုတ်တာအလုပ်ဆုံးဆိုတာ ထင်ရှားတယ်။ မတရားအလုပ်ဆုံးလူဟာ အကြောက်ဆုံးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလုပ်မှာကို သေမလောက်အောင်ကြောက်သူဟာ သန်းရွှေပဲ။

ဂိုဏ်းဂဏစိတ်ဓာတ်ပြင်းထန်သူဟာ ကျောသားရင်သားခွဲခြားပြီး ခွက်စောင်းခုတ်တော့တာပဲ။ တပ်ထဲမှာ ငါ့လူနဲ့သူ့လူ၊ စစ်ဗိုလ်နဲ့ ဗိုလ်ဟောင်း၊ စစ်သားနဲ့အရပ်သား စသဖြင့် အမြဲတမ်းခွဲခြားပြီး အခွင့်အရေးပေးတယ်။ ဒါကြောင့် စစ်တပ်အင်ဂျင်နီယာကျောင်း၊ စစ်တပ်ဆေးကျောင်း စတာတွေကို ဖွင့်ထားတာပဲ။ ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုတဲ့ လမ်းစဉ်ဖြစ်တယ်။ ဒီလိုဂိုဏ်းဂဏစိတ်ဓာတ်အပြည့်နဲ့ ခွက်စောင်းခုတ်နေတဲ့ သူခိုးဓားပြက ဒီမိုကရေစီ ထူထောင်တယ်ဆိုတာ ယုံတမ်းစကားပါ။

မလိမ့်တပတ်ဥပဒေနဲ့ ကြံ့ဖွတ်ကရေစီ

အောင်ကျော်ခင် / ၀၈ ဇွန် ၂၀၁၀


ကြံ့ဖွံ့သန်းရွှေအုပ်စုဟာ နေရာတကာ လွှမ်းမိုးချင်ပါတယ်။ ပါးစပ်က ဘုရားဘုရား လက်ကကားယားကားယားဆိုတာ သူတို့ပဲ။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိပေမယ့် သူတို့မတရားလုပ်တာကို ဒီမိုကရေစီအစစ်အမှန်လို့ ပြောနေပြန်ပြီ။ အနှစ် (၂၀) ကျော် ထင်သလိုအနိုင်ကျင့်ပြီး အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်မှာ ရွေးကောက်တင်မြှောက်တဲ့အစိုးရ ပေါ်ထွက်လာမယ်ဆိုတော့ တော်သေးတာပေါ့လို့ မြင်သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခြေခံဥပဒေ အခန်း (၁) မှာ ဖော်ပြတဲ့ နိုင်ငံတော် အခြေခံမူတွေဟာ တခုနဲ့တခု ဆန့်ကျင်ဘက်ဖြစ်နေတာကို နိုင်ငံခြားအစိုးရတွေ သတိမထားမိကြဘူးထင်တယ်။

တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးနဲ့ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ဦးဆောင်ရေးကို အစဉ်တစိုက်ဦးတည်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်လို့ အခြေခံမူမှာ ဖော်ပြထားတယ်။ စစ်တပ်ကြီးစိုးရေးနဲ့ လောကပါလတရား ထွန်းကားရေးဟာ ဆန့်ကျင်ဘက်အယူအဆ ဖြစ်နေတာကို လောဘဇောတိုက်နေတဲ့ စစ်အုပ်စုက သတိထားမိပုံမရဘူး။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားနဲ့ စစ်ဗိုလ်ကြီးစိုးရေးကို ရောမွှေလိုက်ရင် စစ်ဗိုလ်ကြီးစိုးရေးကို လက်ခံလာလိမ့်မယ်လို့ လွယ်လွယ်နဲ့ တွက်ထားပုံရတယ်။ ဒါကြောင့် နအဖအခြေခံဥပဒေ အခန်း (၁) ကို ကြည့်တာနဲ့ မလိမ့်တပတ်လုပ်ထားတာ ထင်ရှားနေတယ်။

ကိုယ်သုံးတဲ့ နိုင်ငံရေးစနစ်ကို စစ်မှန်ပြီး စည်းကမ်းပြည့်တဲ့ ဒီမိုကရေစီဆိုပြီး ၀ိသေသနတွေ တတ်ထားတာဟာ ၀ါဒဖြန့်တာပဲ။ ဒီမိုကရေစီ စစ်တယ်မစစ်ဘူးဆိုတာ အခြေခံဥပဒေက ပြမှာပါ။ အခုလို ကြော်ငြာနေစရာ မလိုပါဘူး။ စစ်ဗိုလ်ကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီလို့ ပြောရဲတာဟာ ဘာမဆို လုပ်ရဲတယ်ဆိုတာကို ပြတာပဲ။ ဆိုရှယ်လစ်ဆိုတဲ့ ဝေါဟာရကို ဗိုလ်နေ၀င်းက နာမည်ဖျက်ခဲ့သလို ဒီမိုကရေစီကို ဗိုလ်သန်းရွှေက နာမည်ဖျက်တာပါပဲ။ ကြံ့ဖွံ့သန်းရွှေတီထွင်တဲ့ ဒီမိုကရေစီဖြစ်လို့ ကြံ့ဖွတ်ကရေစီလို့ခေါ်မှ သဘာဝကျမယ်။ အင်္ဂလိပ်လိုတော့ Kleptocracy ပေါ့။ သူခိုးလက်ထဲ အာဏာအပ်တဲ့ နိုင်ငံရေးစနစ်ဖြစ်တယ်။

မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်ကို ပီပြင်စွာကျင့်သုံးနိုင်ခြင်း မရှိတဲ့အတွက် ၁၉၇၄ မှာ တပါတီဆိုရှယ်လစ်ဒီမိုကရေစီကို တည်ဆောက်ခဲ့ကြောင်း၊ ဒါပေမယ့် ၁၉၈၈ မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် ဆိုရှယ်လစ်အခြေခံဥပဒေလည်း ရပ်ဆိုင်းသွားရတယ်လို့ နိဒါန်းမှာ ရေးထားတယ်။ ၁၉၄၇ အခြေခံဥပဒေဟာ ခြောက်ပြစ်ကင်း မဟုတ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲပြီး လွတ်လပ်ရေးကို ရယူထားတဲ့ မူလဥပဒေဖြစ်တာမို့ ဒီဥပဒေကို ပြင်ဆင်သုံးစွဲတာဟာ ဒီမိုကရေစီနည်းဖြစ်ပြီး ဗုဒ္ဓဘာသာတရားနဲ့လည်း ကိုက်ညီတယ်။ အရင်က ပြဋ္ဌာန်းခဲ့တဲ့ တရားဥပဒေ ဓလေ့ထုံးစံနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ပြီး ထင်သလိုဥပဒေမပြုဖို့ ဗုဒ္ဓဘာသာကျမ်းတွေမှာပါတဲ့ ‘အပရဟာနိယ’ တရားက ညွှန်ကြားထားတယ်။ ဒီတရားကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့လို့ အနောက်တိုင်းသားတွေ တိုးတက်တာလို့လည်း ဆိုတယ်။

နအဖအခြေခံဥပဒေပါ လွှတ်တော် (၄) မျိုးစလုံးမှာ စစ်တပ်ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်းပါရှိနေတာဟာ နိုင်ငံရေးအာဏာရဲ့ အခြေခံဟာ ပြည်သူ့ဆန္ဒသာ ဖြစ်ရမယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၁) ကို ဆန့်ကျင်တယ်။ တစ္ဆေမှင်စာ၊ ဘီလူးသရဲနဲ့ နာနာဘ၀ကို ယုံကြည်သူတွေကသာ နအဖအစိုးရ ပြဋ္ဌာန်းတဲ့ ဒီမိုကရေစီကို ယုံကြည်လိမ့်မယ်လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပင်ညဲရိုးက ၂၀၀၈ မတ်လ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောသွားတယ်။ သိပ်မှန်တာပေါ့။ ကြပ်ပြေးသန်းရွှေဟာ ဘုရားတည်၊ ယတြာချေ၊ နတ်တင်တဲ့နေရာမှာ နံပါတ် (၁) ပဲ။ တန်းခိုးရှိတယ်လို့ ယုံကြည်ကြတဲ့ မြနန်းနွယ် (ခေါ်) သိုက်နန်းရှင် (ခေါ်) အမတော်ဆိုတဲ့ နတ်ရုပ်ကို ကြပ်ပြေးသန်းရွှေအမိန့်နဲ့ ညတိုင်း လက်ထိတ်ခတ်နေတာ ကြာပြီဆိုပဲ။

နိုင်ငံတော်အကြီးအကဲမှာ ရှိရမယ့် အရည်အချင်းကို ဖော်ပြရာမှာ ခင်ပွန်း (သို့မဟုတ်) ဇနီးက နိုင်ငံခြားသားဖြစ်ရင် လုပ်ပိုင်ခွင့် မရှိဘူး။ သားသမီး (သို့မဟုတ်) သားသမီးရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းက နိုင်ငံခြားသားဖြစ်ရင်လည်း လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖော်ပြတယ်။ ၁၉၈၉ ရွေးကောက်ပွဲဥပဒေမှာလည်း ဒီပုံစံအတိုင်း ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာလို့ မြင်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းပါဝင်ရေးဆွဲတဲ့ ၁၉၄၇ အခြေခံဥပဒေမှာလည်း ဒီလိုပဲ ပြဋ္ဌာန်းတယ်လို့ နအဖဗိုလ်ချုပ်တွေ ပြောလေ့ရှိတယ်။ ဒါပေမယ့် ၁၉၄၇ အခြေခံဥပဒေပုဒ်မ (၇၄) အပိုဒ် (၁) မှာ နိုင်ငံခြားသားအဖြစ် ခံယူသူဟာ ရွေးကောက်ပွဲဝင်ခွင့် မရှိဘူးလို့သာ ရေးထားတာပါ။ ခင်ပွန်း (သို့မဟုတ်) ဇနီး၊ သား (သို့မဟုတ်) ချွေးမက နိုင်ငံခြားသားဖြစ်နေရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ နအဖစစ်အစိုးရ ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို မပါနိုင်အောင် တမင်ရည်ရွယ်ပြီး ရေးထားသလို ဖြစ်နေတယ်။ ဒေါ်စုဟာ အင်္ဂလန်မှာ အမြဲတမ်း နေထိုင်ခွင့်ရဖူးတဲ့ မြန်မာနိုင်ငံသူသာဖြစ်ခဲ့တယ်။ ဒါပေမယ့် (၂) နှစ်အတွင်း အင်္ဂလန်ကို ပြန်မလာရင် အမြဲတမ်းနေထိုင်ခွင့် ပျက်ပြယ်တာမို့ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီအခွင့်အရေး ဆုံးရှုံးနေတာ ကြာပြီ။ အီတလီနိုင်ငံသူနဲ့ လက်ထပ်ထိမ်းမြားထားတဲ့ ရာဂျစ်ဂန္ဒီ အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာတာကသာ စစ်မှန်တဲ့ ဒီမိုကရေစီသဘောတရားကို ပြသတာလို့ မြင်ကြတယ်။

အခြေခံဥပဒေ ရေးဆွဲပုံရေးဆွဲနည်းဟာ အခြေခံဖွဲ့စည်းပုံဥပဒေလိုပဲ အရေးကြီးတယ်လို့ ဆိုရိုးရှိတယ်။ အခြေခံဥပဒေရေးဆွဲရာမှာ လူတန်းစားအသီးသီးနဲ့ တိုင်ပင်နှီးနှောတာမျိုးမလုပ်ဘဲ ဟန်ပြညီလာခံကျင်းပပြီး စစ်တပ်က တဖက်သတ်ရေးဆွဲတာကြောင့် ထွက်ပေါ်လာတဲ့ အခြေခံဥပဒေဟာလည်း စစ်တပ်ကို မတရားလုပ်ပိုင်ခွင့် ပေးထားတယ်။ ပြည်သူ့ဆန္ဒမဲနဲ့ အတည်ပြုရမယ့် အခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးပွဲမတိုင်မီ ရက်သတ္တ (၅) ပတ်ရောက်မှ ထုတ်ပြန်တယ်။ မြန်မာစာနဲ့သာ ရေးထားတာကြောင့် မြန်မာစာမတတ်တဲ့ တိုင်းရင်းသားတွေ မသိကြဘူး။ ရန်ကုန်ကဆိုင်တွေမှာ တစောင် (၁,၀၀၀) နဲ့ ရောင်းတာမို့ နိုင်ငံသားအများစုဟာ ဘာမှန်းမသိလိုက်ဘူး။ လေ့လာမိတဲ့ လူနည်းစုဟာ ဝေဖန်ဆွေးနွေးနိုင်ခွင့် မရှိဘူး။ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ် (၄၇)၊ နိုင်ငံခြားရောက် မြန်မာ၊ သံဃာစတာတွေ မဲဆန္ဒပေးခွင့်မရဘူး။ ဒါပေမယ့် နအဖအစိုးရကတော့ မဲပေးခွင့်ရှိသူ (၉၆) ရာခိုင်နှုန်း မဲဆန္ဒရတယ်လို့ ဆိုတယ်။

“အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ” ဆိုတာဟာ နအဖအုပ်စု မတရားလုပ်ထားတာတွေကို အရေးယူခွင့်နဲ့ တရားစွဲခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာပဲ။ နအဖအဖွဲ့ဝင်တဦးဦး (သို့မဟုတ်) အစိုးရအဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်ကို တရားစွဲခွင့်နဲ့ အရေးယူခွင့်မရှိဘူးလို့ ပုဒ်မ (၄၄၅) က ဆိုတယ်။ ဒါပေမယ့် ICTJ - Internationa Center for Transitional Justice က ၂၀၀၉ စက်တင်ဘာမှာ ထုတ်ဝေတဲ့ (၄၅) မျက်နှာစာတမ်းမှာတော့ နအဖလုပ်သမျှကို အခြေခံဥပဒေက မကာကွယ်နိုင်ဘူးလို့ဆိုတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာမျိုးဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အပြစ်ရှိတဲ့အတွက် အခြေခံဥပဒေက မကာကွယ်နိုင်ဘူးလို့ဆိုတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုးကို အရေးယူဖို့နဲ့ ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ၁၉၅၆ နဲ့ ၁၉၉၂ ဂျနီဗာသဘောတူချက်ကို ဗမာအစိုးရ အတည်ပြုပြီးဖြစ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ နအဖအခြေခံဥပဒေ ပဋိပက္ခဖြစ်နေတယ်။

တချို့ကလည်း နအဖရဲ့အစီအစဉ်မှာ ၀င်ရောပြီး တဖြည်းဖြည်းချင်း အခြေခံဥပဒေကို ပြင်ယူမယ်လို့ စိတ်ကူးတယ်။ နအဖအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်လို့ ဖော်ပြထားတယ်။ နောက်တော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမယ်လို့ဆိုတယ်။ ကြံ့ဖွံ့၊ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားကိုယ်စားလှယ်စုစုပေါင်းက (၇၅) ရာခိုင်နှုန်းသာ ရှိတာမို့ ဒါကို ကျော်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ (၂၅) ရာခိုင်နှုန်းဟာ စစ်တပ်ကိုယ်စားလှယ်ဖြစ်နေတာကြောင့် အထဲဝင်ပြီး အခြေခံဥပဒေကို ပြင်ယူမယ်ဆိုတာဟာ စိတ်ကူးယဉ်အိပ်မက်သဘောပဲဖြစ်နေတယ်။ တွေးကြည့်ရင် သိနိုင်ပါတယ် ပြေးကြည့်စရာ မလိုပါဘူး။ အစိုးရပုံစံပြောင်းသွားပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကတော့ မစနိုင်သေးပါဘူး။

ကောက်ရိုးနဲ့ လဲရင်တော့ အိုးကွဲပဲရလိမ့်မယ်

ဘွဲ့ဖြူ / ၂၁ ဧပြီ ၂၀၁၀


အန်အယ်လ်ဒီပါတီ ခေါင်းဆောင်များကတော့ သူတို့ဟာ ပြည်သူ့အရေးတော်ပုံကြီးထဲက မွေးဖွားပေါ်ပေါက်လာတဲ့ အရေးတော်ပုံပါတီတရပ်ရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဖြစ်ကြောင်း အခိုင်အမာ သက်သေပြလိုက်ကြပြီဖြစ်တယ်။ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းကြီးမှာ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်ကြီးများကို အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့ကြတဲ့ ဖခင်ကြီးများ (Founding fathers) ဆိုပြီး အမေရိကန်ပြည်သူတွေက ကမ္ဘာတည်သရွေ့ ကျေးဇူးတင်အမှတ်ရနေကြသလို ၂၀၁၀ ခုနှစ် မတ်လ (၂၉) ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဂုဏ်ပြောင်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကြောင့် အန်အယ်လ်ဒီခေါင်းဆောင်များကိုလည်း မြန်မာ့ဒီမိုကရေစီရေး ရုန်းကန်မှုအစဉ်ကြီးထဲက အလွန်အရေးပါတဲ့ အကွေ့တကွေ့မှာ စစ်အာဏာရှင်တွေရဲ့ ခြိမ်းခြောက်ဟိန်းဟောက်မှုကို မကြောက်မရွံ့ နောက်မတွန့်ဘဲ အညံ့မခံ မလံမလှဲခဲ့သူများအဖြစ် မြန်မာပြည်သူတွေက ကမ္ဘာတည်သရွေ့ ကျေးဇူးတင် အမှတ်ရနေကြတော့မှာဖြစ်တယ်။

နအဖရဲ့ စိန်ခေါ်သံကို အန်အယ်လ်ဒီက ရဲရဲဝံ့ဝံ့ ပြန် ‘ထူး’ လိုက်ပြီဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ နီးကပ်တဲ့ အနာဂတ်ကာလမှာ ရုန်းရင်းဆန်ခတ် ရုတ်ရုတ်သဲသဲ ဖြစ်ရပ်တွေကို တဖန်ပြန်လည်မြင်တွေ့လာကြရမှာကတော့ သေချာနေတယ်။ နအဖဟာ အန်အယ်လ်ဒီဆီက အခုလို တုံ့ပြန်မှုမျိုးလည်း ပေါ်ထွက်လာနိုင်တယ်ဆိုတာကို တွက်ထားပြီးဖြစ်မှာ သေချာနေတာမို့ သူ့မှာ ရှေ့လုပ်ငန်းစဉ်တွေ ရှိမှာအသေအချာပဲ။ တနည်းပြောရရင် နအဖဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တလျှောက်လုံး စိုးရိမ်တကြီး တဖွဖွ သတိပေးခဲ့တဲ့ ‘အလုံးစုံပျက်သုဉ်းရေးလမ်း’ ကို ရွေးချယ်လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားသူဖြစ်တာမို့ အခုလို အန်အယ်လ်ဒီက သူ့ကို ပြတ်ပြတ်သားသား တုံ့ပြန်လိုက်တဲ့အခါ ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ လမ်းစဉ်ကို ဒီဂရီအမြင့်ဆုံး ကိုင်စွဲလုပ်ဆောင်သွားတော့မှာ သေချာနေတယ်။

ဖိနှိပ်ချေမှုန်းတဲ့ နည်းလမ်းအသုံးပြုပြီး ပြည်သူတွေရဲ့ တရားဥပဒေနဲ့ လျော်ညီတဲ့ ဆန္ဒတွေကို နှိပ်ကွပ်တဲ့နေရာမှာ လက်လည်းယဉ်၊ အတွေ့အကြုံလည်း ရင့်နေပြီဖြစ်တဲ့ မြန်မာစစ်အာဏာရှင်တွေဟာ သူတို့ရဲ့ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေး လမ်းကြောင်းမှာ အဓိက ဆူးငြောင့်ခလုတ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို အပြီးသတ် ဖယ်ရှားရှင်းလင်းနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကြတော့မှာ ဖြစ်တယ်။

အခုအချိန်မှာ အဆုံးအဖြတ်ပေးမယ့် အခန်းကဏ္ဍကို ရောက်ရှိလာတာက မြန်မာပြည်သူတွေဖြစ်တယ်။ ဒီကနေ့ မြန်မာပြည်သူတွေ စဉ်းစားကြရမယ့် တခုတည်းသောအရာက ပြည်သူတရပ်လုံးရဲ့ အခွင့်အာဏာ (Mandate) ကို တရားဝင်ရရှိထားတဲ့ အန်အယ်လ်ဒီ မပါဝင်တဲ့၊ တရားမ၀င်တဲ့ ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲထည့်မလဲဆိုတဲ့ အရည်မရ အဖတ်မရ ကိစ္စမဟုတ်ဘူး (ဘယ်ပါတီကိုပဲ မဲထည့်ထည့် အဲဒီရွေးကောက်ပွဲမှာ အနိုင်ရမှာက နအဖဖြစ်တယ်ဆိုတာ ထင်ရှားပေါ်လွင်နေနှင့်ပြီးသားဖြစ်တာကြောင့်ဖြစ်တယ်)။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီဖြစ်တဲ့ အန်အယ်လ်ဒီ ပါတီကို ဘယ်လိုနည်းနဲ့ အကောင်းဆုံးဖြစ်အောင် ၀န်းရံကာကွယ် စောင့်ရှောက်ကြမလဲဆိုတဲ့ ကိစ္စဖြစ်တယ်။ လူတယောက်ဟာ သူ အရာဝတ္ထုတွေကို ပကတိအရှိအတိုင်း မြင်နိုင်အောင် စွမ်းဆောင်ပေးနေတဲ့ မိမိရဲ့မျက်လုံးကို ကာကွယ်စောင့်ရှောက်သလိုမျိုး မြန်မာပြည်သူတွေဟာလည်း မိမိတို့ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လမ်းညွှန်ဦးဆောင်မှုပေးခဲ့တဲ့ အန်အယ်လ်ဒီကို အခိုင်အမာ ၀န်းရံကာကွယ် စောင့်ရှောက်ကြရမှာဖြစ်တယ်။

အမေရိကန်နိုင်ငံရဲ့ ဒုတိယသမ္မတ သောမတ်ဂျက်ဖာဆင်က ဒီလိုပြောခဲ့ဖူးတယ်။ “အစိုးရမရှိတဲ့ သတင်းစာနဲ့ သတင်းစာမရှိတဲ့ အစိုးရ ဘာကိုရွေးမလဲဆိုရင် ကျနော်ကတော့ အစိုးရမရှိတဲ့ သတင်းစာကို ရွေးမယ်” တဲ့။ အခုလည်း အန်အယ်လ်ဒီဟာ နိုင်ငံရေးမရှိတဲ့ ပါတီနဲ့ ပါတီမရှိတဲ့ နိုင်ငံရေးဆိုတဲ့ ရွေးစရာနှစ်ခုမှာ ဒုတိယတခုကို ရွေးလိုက်တာဖြစ်တယ်။ နိုင်ငံရေးဆိုတာ အနှစ်သာရအရ ပြည်သူလူထုရဲ့ ထောက်ခံမှုပဲဖြစ်တယ်။ ဒါကြောင့် အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ဟာ သူ ရရှိထားတဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ သူ့အပေါ်ထားရှိတဲ့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို အဆုံးစွန် အလေးအနက်ထားကြောင်း ပြသလိုက်တာပဲဖြစ်တယ်။ “ကျနော်တို့ တပ်ဦးက ချီတက်မယ်။ ပြည်သူတွေ ကျနော်တို့နောက်က ဖ၀ါးခြေထပ် ထက်ကြပ်မကွာ လိုက်ခဲ့ကြပါ” လို့ တောင်းဆိုလိုက်တာဖြစ်တယ်။

တနည်းပြောရရင် ဒီနှစ်ထဲမှာလုပ်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတဲ့ ‘ဟာသ မဟာစင်တော်ကြီးပေါ်မှာ’ နအဖနဲ့ သူ့လူတသိုက် ‘အတည်ပေါက်’ ကပြအသုံးတော်ခံနေကြတဲ့အချိန်မှာ အန်အယ်လ်ဒီ ပါတီဆိုင်းဘုတ်နဲ့ ပါတီအလံတွေ အများပြည်သူမြင်ကွင်းကနေ တဒင်္ဂ ပျောက်ကွယ်ကောင်းပျောက်ကွယ်နေနိုင်တယ်။ ဒါပေမယ့် နအဖရဲ့ အဲဒီကမ္ဘာကျော် မျက်လှည့်ပွဲကြီးမှာ ပါဝင်ပူးပေါင်းမှုမလုပ်ခြင်းဖြင့် သူတို့ရင်ထဲမှာ အန်အယ်လ်ဒီ ရှိနေကြာင်း ရဲရဲဝံ့ဝံ့ ပြသတဲ့ ပြည်သူအရေအတွက် သိန်းသန်းချီရှိနေလိမ့်မယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီက သတင်းစကားပါးလိုက်တာဖြစ်တယ်။

အန်အယ်လ်ဒီ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မှာလဲလို့ မြန်မာ့နိုင်ငံရေးသမားဆိုသူအချို့က မေးလေ့ရှိကြတယ်။ အဲဒီလိုလူမျိုးတွေကို ဆန်းစစ်လေ့လာကြည့်လိုက်တဲ့အခါ သူတို့ဟာ သမိုင်းကို ဖန်တီးနိုင်တဲ့ လူထုရဲ့ စွမ်းပကားကို ဘယ်တုန်းကမှ မယုံကြည်သူတွေဖြစ်တာကို တွေ့ရတယ်။ ဒါပေမယ့် ရယ်စရာတခုကတော့ လူထုလှုပ်ရှားမှု ဒီရေမြင့်တက်လာပြီး (သူတို့အထင်) နိုင်တော့မယ့်ပုံပေါက်လာပြီဆိုရင် အဲဒီလှုပ်ရှားမှုရဲ့ ရှေ့တန်းတနေရာမှာ သူတို့ကို တွေ့ရလေ့ရှိပြန်တဲ့အချက်ပဲ။ သူတို့ဟာ များသောအားဖြင့် သူတို့ကိုယ်သူတို့ လူထုက လိုက်မမီလောက်အောင် နိုင်ငံရေးအသိရေချိန်မြင့်တဲ့ ပညာတတ်များအဖြစ် မြင်လေ့ရှိသူများဖြစ်တယ်။

သူတို့ဟာ နိုင်ငံရေးကျမ်းကြီးကျမ်းခိုင်များကို လေ့လာလိုက်စားလေ့ရှိကြသူများဖြစ်ပေမယ့် လူထုနိုင်ငံရေးကိုတော့ မျက်ကွယ်ပြုလေ့ရှိကြသူများဖြစ်တယ်။ ‘နိုင်ငံရေးသိပ္ပံ’ ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလေ့ရှိကြပေမယ့် နိုင်ငံရေးမှာ မသိကိန်း သီအိုရီရှိတယ်ဆိုတဲ့ အချက်ကိုတော့ သူတို့ မျက်စိလျှမ်းလေ့ရှိကြတယ်။ ဒါမှမဟုတ် သူတို့ရဲ့ လူတန်းစားသဘာဝအရ အဲဒီသီအိုရီကို လက်ခံဖို့ ငြင်းဆန်လေ့ရှိကြတယ်။ လူ့သမိုင်းဆိုတာ အကောင်းအဆိုး ဒွန်တွဲတည်ရှိနေတဲ့ လူသားတွေရဲ့ လှုပ်ရှားမှုအစဉ်ကြီးဖြစ်တာနဲ့အညီ အဲဒီလူသားရဲ့ ကံသုံးပါးအမူအရာလေးတခုက သမိုင်းတခုလုံးကို လှည့်ပြောင်းကွေ့ချိုးသွားစေနိုင်တယ်ဆိုတာကို အဲဒီလူတွေ မျက်စိမှောက်တတ်ကြတယ်။ ဒါမှမဟုတ် သူတို့လေ့လာထားတဲ့ သဘောတရားနဲ့ မကိုက်ညီလို့ဆိုပြီး အဖြစ်မှန်ကို လက်ခံဖို့ ငြင်းဆန်တတ်ကြတယ်။

ဒါကြောင့်ပဲ ရွေးကောက်ပွဲမ၀င်ရင် အန်အယ်လ်ဒီ ဘာလုပ်မှာလဲလို့ သူတို့က တွင်တွင်မေးနေကြတာဖြစ်တယ်။ သူတို့မသိတာက သူတို့ရဲ့ အဲဒီမေးခွန်းကို အန်အယ်လ်ဒီ ကိုယ်တိုင်ကရော အန်အယ်လ်ဒီရဲ့ လမ်းစဉ်ကို ထောက်ခံနေကြသူတွေကပါ ဖြေဆိုမှာမဟုတ်တဲ့အချက်ပဲ။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ နအဖကိုယ်စား မေးပေးရာရောက်နေတဲ့ မသိသားဆိုးရွားလှတဲ့ အဲဒီမေးခွန်းကို လူထုနိုင်ငံရေးကို ယုံကြည်သူ ဘယ်သူကမှ ဖြေဆိုမှာမဟုတ်ဘူး။

နောက်တချက်ကလည်း နိုင်ငံရေးသဘောတရားတခုအရ ရုပ်ပိုင်းဆိုင်ရာ အင်အားကြီးမားသူနဲ့ သေးငယ်သူအကြားဖြစ်နေတဲ့ ပဋိပက္ခတခုမှာ တိုက်ပွဲပုံသဏ္ဍာန်ကို ဆုံးဖြတ်သူဟာ ရုပ်အင်အားကြီးမားသူသာဖြစ်တယ်။ ရုပ်အင်အားသေးငယ်သူမှာ ရွေးချယ်ပိုင်ခွင့်မရှိဘဲ ရုပ်အင်အားကြီးမားသူ ရွေးချယ်တဲ့ တိုက်ပွဲပုံသဏ္ဌာန်ကိုပဲ လက်ခံရစမြဲဖြစ်တယ်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေဟာ အဲဒီအချက်ကို အခိုင်အမာ မီးမောင်းထိုးပြနေတဲ့ သက်သေတွေဖြစ်တယ်။ ရုပ်အင်အားသေးငယ်သူ ရွေးချယ်နိုင်တာတခုပဲရှိတယ်။ အဲဒါကတော့ မိမိရဲ့အခြေခံမူကို စွန့်လွှတ်ပြီး ရန်သူ့ရှေ့မှောက်မှာ ဒူးထောက်အရှုံးပေးမှာလား၊ မပေးဘူးလားဆိုတာပဲဖြစ်တယ်။

“ကျမတို့ရဲ့ ဦးခေါင်းကတော့ ပျော့ပျောင်းပါတယ် ... ဒါပေမယ့် ကျမတို့ရဲ့ ဒူးခေါင်းကတော့ မပျော့ပျောင်းဘူး” လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးတယ်။ ဒါဟာ မိမိကိုယ်ကို ရိုသေလေးစားသူမှန်သမျှအတွက် လမ်းညွှန်သဘောတရားတခုဖြစ်တယ်။ အခု အဲဒီလမ်းညွှန်မှုကို ပြတ်ပြတ်သားသား ခံယူကျင့်သုံးခြင်းဖြင့် အန်အယ်လ်ဒီ ခေါင်းဆောင်များက သူတို့ပါတီဟာ စစ်မှန်တဲ့ အရေးတော်ပုံပါတီတရပ်ဖြစ်ကြောင်း အခိုင်အမာ သက်သေပြလိုက်ပြီဖြစ်တယ်။

ဒီတော့ လက်ရှိအချိန်မှာ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုကြီးရဲ့ လက်ငင်းတာဝန်က ဘာလဲ။ မိမိတို့ရဲ့ တပ်ဦးမှာရှိနေတဲ့ အရေးတော်ပုံပါတီကြီးက ဆေးဖော်ကြောဖက်မလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ နအဖရဲ့ ရွေးကောက်ပွဲဆိုတဲ့ (ဘယ်သူ့မျက်စိကိုမှ မလှည့်နိုင်တဲ့) မျက်လှည့်ပွဲကို မိမိတို့ကလည်း ဆေးဖော်ကြောဖက် မလုပ်ကြဖို့ဘဲဖြစ်တယ်။ ဒီနေရာမှာ မိမိတို့ကိုယ်မိမိတို့ နိုင်ငံတနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် ထင်မြင်ယူဆနေကြသူ မီဒီယာလောကသားတွေအနေနဲ့လည်း အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ လိုက်လုပ်ပြီး နအဖရဲ့ မျက်လှည့်ပွဲမှာ ‘ဝေလေလေ’ ၀င်မလုပ်မိကြဖို့ အရေးကြီးတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆိုးဆုံး စာရင်းဝင် နိုင်ငံတခုက စာနယ်ဇင်းတွေဟာ ပြည်သူလူထုဘက်က ဘယ်လိုမှ ပြတ်ပြတ်သားသား မရပ်တည်နိုင်ဘူးဆိုတာကို နားလည်နိုင်တယ်။ ဒါပေမယ့် မိမိရဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ငဲ့ရင်းငဲ့ရင်း စစ်အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်မသွားဖို့ သိပ်ကိုအရေးကြီးတယ်။ လာမယ့် ရွေးကောက်ပွဲဟာ မြန်မာပြည်သူအားလုံး ပျော်ပျော်ပါးပါး တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြမယ့် ရွေးကောက်ပွဲမျိုးမဟုတ်ဘူးဆိုတာ ဒီလောက်တောင် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား မြင်သာနေတဲ့အချိန်မျိုးမှာ ပြည်တွင်းက မြန်မာ့မီဒီယာတွေ (အထူးသဖြင့် ပုဂ္ဂလိကစာနယ်ဇင်းတွေ) အနေနဲ့ ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေကို ဘာမှ တခုတ်တရ လိုက်ရှာ၊ လိုက်တွေ့ဆုံမေးမြန်းပြီး ထည့်ပေးစရာမလိုဘူး။ မတတ်သာလို့ ဖော်ပြရတဲ့ ပုံစံမျိုးထက်မပိုသင့်ဘူး။ အဲသလိုမှ မဟုတ်ဘဲ တကယ့်အစစ်အမှန် ရွေးကောက်ပွဲကြီးလို သဘောထားပြီး ပြည်သူတွေ မျက်စိနောက်လောက်အောင် လုပ်နေမယ်ဆိုရင်တော့ သမိုင်းရဲ့ဒဏ်ခတ်မှုကို ခံကြရမှာပဲဖြစ်တယ်။ မုသားပြောတာနဲ့စာရင် ဘာမှမပြောတာကမှ ပိုကောင်းသေးတယ်ဆိုတဲ့ အယူအဆကို ပြည်သူ့မီဒီယာဘက်တော်သားတွေ လက်ကိုင်ထားသင့်တယ်လို့ ယုံကြည်တယ်။

ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရဖူးသူတွေ အများအပြား ပါဝင်တဲ့ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းကတော့ ထောင်ထဲဝင်ရမယ့် အန္တရာယ်အပါအ၀င် အန္တရာယ်များစွာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တရားဓမ္မနဲ့ လျော်ညီတဲ့ လမ်းမှန်ကို ဦးဆောင်လျှောက်လှမ်းနေကြပြီဖြစ်တယ်။ ဒီအချိန်မှာ မီဒီယာတွေအပါအ၀င် မြန်မာပြည်သူတွေဟာလည်း ‘ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်’ ထုံး နှလုံးမူပြီး အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုနောက်ကို ရဲရဲဝံ့ဝံ့ လိုက်ပါလျှောက်လှမ်းကြရမှာပဲ ဖြစ်တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ ခြင်္သေ့ဆီဟာ ရဲရင့်ညီညွတ်သော ပြည်သူဆိုတဲ့ သိင်္ဂီရွှေခွက်မှာသာ တည်ရှိနိုင်တာဖြစ်တယ်။

အဲသလိုမှမဟုတ်ဘဲ ခေါင်းဆောင်တွေက ခေါင်းဆောင်ပီသစွာ တပ်ဦးက လျှောက်လှမ်းနေတာတောင်မှ မိမိတို့က အကြောက်တရား လွှမ်းမိုးတာခံပြီး ဖရိုဖရဲ တကွဲတပြား ဖြစ်နေကြဦးမယ်ဆိုရင်တော့ ဒီမိုကရေစီဟာ ဝေးနေဦးမှာပဲဖြစ်တယ်။ ဒူးခေါင်းပျော့သူများဟာ ခဲမူးစေ့ ဒီမိုကရေစီနဲ့ပဲ ထိုက်တန်မှာဖြစ်တယ်။ ကောက်ရိုးနဲ့ လဲရင်တော့ အိုးကွဲပဲရလိမ့်မယ်။ ။

နောင်အရှည်မှန်းလို့ အောင်သပြေကမ်းစို့

ဇင်လင်း / ၂၉ ဧပြီ ၂၀၁၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိတဲ့အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ကြောင်း ပြီးခဲ့တဲ့ မတ်လ (၂၉) ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ ပြည်တွင်းပြည်ပ တနံတလျားအထိ အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများက စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြန်ပြင်ဖို့ ကန့်ကွက်ပြောဆိုနေကြပေမယ့် စစ်အစိုးရက နားမကြားသလို နေပြခဲ့ပါတယ်။ တချိန်တည်းမှာ စစ်တပ်က လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ (၄) ပုံ (၁) ပုံ နေရာယူထားပေမယ့် လက်ရှိစနစ်လောက် ဆိုးမည်မထင် ဆိုသူတွေ၊ ဖွဲ့စည်းပုံ မရှိတာထက် ရှိတာက ပိုကောင်းနိုင်တယ်လို့ မစူးမစမ်း ပြောနေသူတွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် လူတချို့က “မတ်လ (၂၉) အန်အယ်လ်ဒီ သမိုင်းဝင် ဆုံးဖြတ်ချက်” ကို ဘ၀င်မကျနိုင် နားမလည်နိုင်ဖြစ်နေကြတာ အံ့သြစရာတော့မဟုတ်ပါ။

သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ ဒီနှစ်မှာ (၂၂) နှစ်ပြည့်ပါပြီ။ ဒီအရေးတော်ပုံကို မြန်မာ့မျက်မှောက်သမိုင်းရဲ့ အချိုးအကွေ့ကြီးတခုအဖြစ် မှတ်တမ်းတင်ကြပါတယ်။ ဘာကြောင့်လဲ။ အရေးတော်ပုံကြီးဟာ လူကို လူလို့မမြင်တဲ့ မဆလစစ်အာဏာရှင်စနစ်ကို ဖြိုလှဲနိုင်ခဲ့တယ်။ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ တန်းတူရေးဆိုတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အသိအမြင်တွေကို အရေးတော်ပုံက ရှင်သန်လာစေခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အန်တုနိုင်တဲ့ လူထုခေါင်းဆောင်တယောက်ကိုလည်း အရေးတော်ပုံက မွေးဖွားပေးခဲ့ပါတယ်။ တဆက်တည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေဟာလည်း အရေးတော်ပုံရဲ့ အောင်သီးအောင်ပွင့်တွေပါပဲ။ ဒီနေရာမှာ ပိုပြီးအရေးပါတဲ့အချက်က အရေးတော်ပုံရဲ့ သက်ရောက်မှုအရှိန်ကြောင့် မြန်မာ့နိုင်ငံရေး အတွေးအခေါ် အလှည့်အပြောင်း ထူးထူးခြားခြား ဖြစ်ခဲ့ခြင်းပါပဲ။ အဲဒီအလှည့်အပြောင်းက စစ်ဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ ‘ပုရိသ ပဓာန၀ါဒ’ လွှမ်းမိုးနေမှုကို တပ်လှန့်စိန်ခေါ်လိုက်တဲ့ အသံလည်းဖြစ်တယ်။ စိန်ခေါ်သူအဖြစ် အရေးတော်ပုံက မွေးထုတ်ပေးလိုက်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။

မြန်မာနိုင်ငံမှာ ‘ပုရိသ ပဓာန၀ါဒ’ ကြီးစိုးနေတာ အတော်ကြာပါပြီ။ လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ မိန်းမသားတွေကို နေရာမပေးတာ ကြာလှပါပြီ။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ပါမောက္ခချုပ်လို ရာထူးမျိုးမှာတောင် အမျိုးသမီးတွေကို နေရာပေးခဲ့ဖူးတာ မရှိပါဘူး။ ဒု-၀န်ကြီး၊ ၀န်ကြီးဆိုတဲ့ ရာထူးမျိုးကတော့ ပိုဝေးသေးတာပေါ့။ ဒီလိုဖြစ်ရတာ စစ်အာဏာရှင်တွေရဲ့ ပဒေသရာဇ်ဆန်တဲ့ အတွေးအခေါ်ကြောင့်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူက ‘ဒေါ်အောင်ဆန်းစုကြည်’ ကို လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းဟာ အရေးကြီးတဲ့ အတွေးအခေါ် အလှည့်အပြောင်းပါပဲ။

ဒီအလှည့်အပြောင်းကို လက်မခံနိုင်တဲ့ စစ်အာဏာရှင် ပုရိသကြီးတစုဟာ ယနေ့ထက်တိုင် ခုခံတိုက်ခိုက်နေတာ တွေ့နေရပါတယ်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံမှာ အမျိုးသမီးများကို ပဓာနကျတဲ့ ခေါင်းဆောင်မှုနေရာတွေ ရယူခွင့်မရှိအောင် ပြဋ္ဌာန်းဟန့်တားထားတာဟာ ‘ဒေါ်အောင်ဆန်းစုကြည်’ ကိုသာမက အမျိုးသမီးအားလုံးကိုပါ ခွဲခြားနှိမ့်ချလိုတာကြောင့် ဖြစ်ကြောင်း ထင်ရှားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်းများစွာ ငြင်းဆန်လက်မခံခဲ့တာဟာလည်း ဒီအတွေးအခေါ် အလှည့်အပြောင်းတိုက်ပွဲရဲ့ အဆက်ပါပဲ။ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံရဲ့ တောင်းဆိုချက်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political System Change) ဖြစ်ပါတယ်။ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ တန်းတူရေးဆိုတဲ့ ဒီမိုကရေစီပိုင်ခွင့်ကို တောင်းတာပါ။ ‘တန်းတူရေး’ လို့ ပြောတဲ့နေရာမှာ လူမျိုး၊ လူတန်းစား၊ နိုင်ငံရေးယုံကြည်ချက်နဲ့ ကိုးကွယ်တဲ့ ဘာသာတင်မက ‘လိင်’ ခွဲခြားဆက်ဆံမှု မပြုလုပ်ရေးလည်း ပါဝင်ပါတယ်။

ဒီမိုကရေစီကျင့်စဉ်ရဲ့ အနှစ်သာရဟာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေသများကို အခြေခံပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အမျိုးသမီးများကို အမျိုးသားများနဲ့ တန်းတူအခွင့်အရေးပေးရမယ်၊ တန်းတူအကာအကွယ်ပေးရမယ်၊ အမျိုးသမီးများကို နှိမ်ချခွဲခြားဆက်ဆံမှုများမှ အကာအကွယ်ပေးမယ့် လူထုလူတန်းစားဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ပေးရမယ်။ လူပုဂ္ဂိုလ် တဦးတယောက်ကဖြစ်စေ၊ ပါတီအသင်းအဖွဲ့တခုခုကဖြစ်စေ၊ စီးပွားရေး လုပ်ငန်းတခုခုကဖြစ်စေ၊ အမျိုးသမီးများကို ခွဲခြားနှိမ်ချ ဆက်ဆံမှုမပြုနိုင်အောင် အခြေခံဥပဒေက ထိထိရောက်ရောက် အကာအကွယ်ပေးရမှာဖြစ်တယ်။

အမျိုးသမီးများရဲ့ အတွေ့အကြုံ အသိအမြင် အတွေးအခေါ် အစွမ်းအစတွေကို တန်ဖိုးထား နေရာမပေးတဲ့ လူ့အဖွဲ့အစည်းကို ဒီနေ့ခေတ်မှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ် ကမ္ဘာက အသိအမှတ်ပြုမှာ မဟုတ်တော့ဘူး။ ဒီနေ့ ကမ္ဘာ့လူဦးရေထက်ဝက်ဟာ အမျိုးသမီးများဖြစ်တယ်။ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ ကုန်စည်ထုတ်လုပ်မှုကို စွမ်းဆောင်တဲ့ လူသားရင်းမြစ်ရဲ့ ထက်ဝက်ဟာလည်း အမျိုးသမီးများဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ထက်ဝက်ဟာလည်း အမျိုးသမီးတွေပဲဖြစ်တယ်။ ဒါကြောင့် နိုင်ငံတခုရဲ့ မူဝါဒချမှတ်သူများ၊ အရေးကြီး ဆုံးဖြတ်ချက် ချမှတ်သူများကို ရွေးချယ်ရာမှာ အမျိုးသမီးတွေကို ချန်ထားဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အရေးတော်ပုံက ‘ဒေါ်အောင်ဆန်း စုကြည်’ ကို လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းဟာ အရေးကြီးတဲ့ အတွေးအခေါ် အလှည့်အပြောင်းဖြစ်တယ်လို့ ပြောနိုင်တာဖြစ်တယ်။

အမျိုးသမီးတွေကို မူဝါဒချမှတ်ခွင့်မရရှိအောင် ပိတ်ပင်ဟန့်တားနေသူများဟာ ပဒေသရာဇ်အတွေးအခေါ်ဟောင်းလက်ခံသူ လက်ရှိစစ်အာဏာရှင်များသာဖြစ်တယ်။ တကယ်တော့ လက်ရှိဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်အုပ်စုက အတွေးအခေါ် အလှည့်အပြောင်း သမိုင်းဖြစ်စဉ်ကို ခုခံအန်တုနေတာဟာ အချည်းအနှီးအားထုတ်မှုသာဖြစ်တယ်။ ဘာကြောင့်လဲ။ “အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှုများ ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်” The Convention on the Elimination of All Forms of Discrimination against Women (CEDAW) ကို နိုင်ငံပေါင်း (၁၃၀) ရဲ့ ထောက်ခံမှုနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် (၃၄/၁၈၀) အရ ၁၉၇၉ ဒီဇင်ဘာ (၁၈) မှာ အတည်ပြုထားပြီးဖြစ်တယ်။ ဒီသဘောတူညီချက်ကို မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်လို့ လိုက်နာကျင့်သုံးရမယ့် တာဝန်ရှိတယ်။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ အမျိုးသမီးများကို အမျိုးသားများနဲ့တန်းတူ အခြေခံနိုင်ငံသားရပိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်တွေ ပေးရမှာဖြစ်တယ်။ နိုင်ငံ့အရေးအရာကိစ္စတွေကို စီမံခန့်ခွဲဆုံးဖြတ်ရာမှာလည်း အမျိုးသမီးတွေကို တန်းတူပါဝင်ခွင့်ပေးရမှာဖြစ်တယ်။

လက်ရှိ ပါလီမန်လွှတ်တော်များသမဂ္ဂ (အိုင်ပီယူ) ရဲ့ သုတေသနပြုချက်အရ နိုင်ငံတကာ ပါလီမန်လွှတ်တော်တွေမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၈,၀၁၇) ယောက်ရှိပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က (၃၆,၀၀၆) ဦး ရှိတာကြောင့် ပါလီမန်လွှတ်တော်များမှာ အမျိုးသမီးကိုယ်စားပြုမှု (၁၈.၂) ရာခိုင်နှုန်းရှိပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံ (၁၈၉) နိုင်ငံအနက် နိုင်ငံ (၃၀) မှာ အမျိုးသမီးခေါင်းဆောင်တွေ ဦးဆောင်နေတာလည်း တွေ့ရပါတယ်။ ဒါက ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သမိုင်းဖြစ်ပေါ်တိုးတက်မှု ညွှန်းကိန်းဖြစ်တယ်။ ဒီသမိုင်းပင်မရေစီးကို ခုခံဆန့်ကျင်နေခြင်းဟာ မိုက်မဲမှုသက်သက်ပါပဲ။

ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ မတ်လ (၂၉) ရက်နေ့ ဆုံးဖြတ်ချက်ကို ပြန်ကောက်ကြည့်ရအောင်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိတဲ့အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ဘူးလို့ အန်အယ်လ်ဒီက ကြေညာလိုက်တာဟာ ပါတီကို ဖျက်သိမ်းလိုက်ခြင်း အလျဉ်းမဟုတ်ဆိုတာ ဦးစွာသဘောပေါက်ဖို့လိုပါတယ်။ ဒါဟာ တိုက်ပွဲနည်းဗျူဟာ ပြောင်းလိုက်ခြင်းသာ ဖြစ်တယ်။ အန်အယ်လ်ဒီက လူထုနဲ့ပိုပြီး နီးနီးကပ်ကပ် လက်တွဲအလုပ်လုပ်နိုင်ဖို့ လုပ်ဟန်ပြောင်းလိုက်တဲ့သဘော ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အာဏာရှင်မဟုတ်တဲ့ ဒီမိုကရေစီအစိုးရများ ပေါ်ပေါက်ရေးအတွက် အကြမ်းမဖက်တဲ့နည်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို မျက်နှာမူ အားထုတ်ခဲ့တာတွေ့နိုင်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီဟာ ကမ္ဘာမှာ အမြော်အမြင်အမဲ့ဆုံး၊ အရက်စက် အကြမ်းကြုတ်ဆုံး၊ စစ်အာဏာရှင်စနစ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ထင်သလောက် ခရီးမပေါက်တာ အမှန်ပါပဲ။ အန်အယ်လ်ဒီကလည်း ၀န်ခံပြီးပါပြီ။ ဒါပေမယ့် စစ်အစိုးရရဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ရဲရဲရင့်ရင့် ငြင်းဆန်လိုက်တာဟာ အန်အယ်လ်ဒီအနေနဲ့ လူထုက လွှဲအပ်ထားတဲ့ အရေးတော်ပုံတိုက်ပွဲအလံကို ပိုမိုမြင့်မြင့်မားမား လွှင့်တင်လိုက်တာသာ ဖြစ်တယ်။ အာဏာရှင် ခြိမ်းခြောက်မှုကြောင့် အညံ့ခံ ဒူးထောက်သွားမှာမဟုတ်ဆိုတာ ပြသလိုက်တာဖြစ်တယ်။ အရေးတော်ပုံအလံ မလှဲသမျှ တိုက်ပွဲဆက်ရှိနေမယ်။ လူထုဆန္ဒကို အခြေခံထားတဲ့ အဖွဲ့ချုပ်မူဝါဒလည်း ဆက်လက်ရှင်သန်နေမှာဖြစ်တယ်။

အန်အယ်လ်ဒီဟာ လူထုတိုက်ပွဲထဲက ပေါ်ထွက်လာတဲ့ လူထုပါတီဖြစ်ပါတယ်။ စစ်အာဏာဘောင်ထဲမှာ မှတ်ပုံမတင်ရုံနဲ့ အန်အယ်လ်ဒီ ပျက်သုဉ်းသွားပြီလို့ သုံးသပ်နေသူတွေ သတိမူသင့်တဲ့အချက်က အန်အယ်လ်ဒီဟာ ဒီအရေးကြီး ဆုံးဖြတ်ချက်ကို မချမီ အောက်ခြေလူထုထဲမှာ သဘောထားကောက်ခံမှု လုပ်ခဲ့သေးတယ် ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီအချက်ကို အလေးအနက် ထားခဲ့ပုံရပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ဟာ ဒေါ်စုတဦးတည်းရဲ့ တင်ကြိုသဘောထားဖော်ပြမှုကြောင့် ဖြစ်လာရတယ်လို့ ဝေဖန်ရင် လုံးဝမှားပါတယ်။ နောက် သတိပြုသင့်တဲ့အချက်က ဒီဆုံးဖြတ်ချက်ဟာ ရေစီးအတိုင်း ရေသာခို မျှောလိုက်သွားတဲ့ သဘောမဟုတ်ဘူးဆိုတာပါပဲ။ ရေရှည်အမြင်နဲ့ ရေဆန်ကို ဆန်တက်လိုက်တာပါ။ ဆင်သေကောင်ကို စီးပြီး လိုက်ပါသွားတဲ့ ကျီးမိုက်မဟုတ်တာ သေချာပါတယ်။

၁၉၉၁ ခုနှစ် စာရေးသူ အင်းစိန်ထောင်အတွင်းရှိစဉ်က စစ်ဗိုလ်ဟောင်း အန်အယ်လ်ဒီအမတ်တဦးရဲ့ ဝေဖန်ချက်ကို အခုထိ မှတ်မိနေပါတယ်။ သူက ဒေါ်စုအနေနဲ့ ခေါင်းမာမနေဘဲ အင်္ဂလန်ပြန်သွားလိုက်ရင် သိပ်ကောင်းမှာပဲတဲ့။ ဒါဆိုရင် အန်အယ်လ်ဒီထဲက စစ်ဗိုလ်ဟောင်း ခေါင်းဆောင်များနဲ့ စစ်အစိုးရခေါင်းဆောင်များအကြား စေ့စပ်ညှိနှိုင်းလို့ရဖို့ အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။ သူက ဒေါ်စုကို အချောင်လမ်း လိုက်စေချင်တဲ့သဘောပါ။ ဒီအမြင်မျိုးက စိတ်ဓာတ်ကျနေသူတွေ၊ နိုင်ငံရေးအတွေးအခေါ် ချွတ်ခြုံကျနေသူတွေ၊ အချောင်သမားတွေမှာသာ ရှိတတ်တာဖြစ်တယ်။

ဒီနေ့ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကို ကမ္ဘာက အာရုံစိုက်လာတာဟာ အရေးတော်ပုံက မွေးထုတ်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို သန္နိဋ္ဌာန်ခိုင်မာ ရဲရင့်ထက်မြက်တဲ့ ခေါင်းဆောင်ကြောင့်ဖြစ်တယ်ဆိုတာ ငြင်းစရာ မလိုတဲ့ကိစ္စဖြစ်တယ်။ ဒေါ်စုသာ အင်္ဂလန်ပြန်သွားလိုက်ရင် အရေးတော်ပုံဟာ ခေါင်းဆောင်မှု အကျပ်အတည်း မလွဲမသွေ ကြုံရမှာဖြစ်တယ်။ ဒီလိုသာဖြစ်ခဲ့ရင် အမြတ်ထွက်မှာက စစ်အာဏာရှင်ပဲဖြစ်လိမ့်မယ်။ ဒီကနေ့ နှစ်ပေါင်း (၂၀) ကျော်ပေမယ့် အရေးတော်ပုံစိတ်ဓာတ် မှေးမှိန်မသွားသေးတာ အထင်အရှားပါပဲ။

အရေးတော်ပုံ မအောင်မြင်သေးတာနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီနဲ့ ဒေါ်စုကိုပဲ အပြစ်ဖို့ကြမယ်ဆိုရင် အလွန်အမြင်ကျဉ်းရာ ကျပါလိမ့်မယ်။ အလားတူ ဒေါ်စုကို ဝေဖန်သူနောက်တဦးက Living Color မဂ္ဂဇင်းနဲ့ The Voice ဂျာနယ်ထုတ်ဝေသူ ဒေါက်တာနေ၀င်းမောင် (ဆောင်းပါးဆရာ အောင်ထွဋ်) ဖြစ်ပါတယ်။ သူက “ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်” လို့ မဇ္ဈိမသတင်းနဲ့ အင်တာဗျူးမှာ ပြောသွားတယ်။ ဒါ့အပြင် သူက အန်အယ်လ်ဒီအနေနဲ့ စစ်အစိုးရအခြေခံဥပဒေကို ထောက်ခံဖို့၊ ရွေးကောက်ပွဲဝင်ပြိုင်ဖို့၊ ပြိုင်တဲ့အခါ လွှတ်တော်နှစ်ရပ်မှာ တဝက်သာ ဝင်ပြိုင်ဖို့ စသဖြင့်လည်း အကြံပြုထားတယ်။ ရေစီးအတိုင်း ရေသာခို မျှောလိုက်သွားရေး သဘောပါပဲ။

ဒါပေမယ့် ဒေါက်တာနေ၀င်းမောင် သတိလွတ်နေတဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုအရေးတော်ပုံက မွေးထုတ်လိုက်တဲ့ ကိုယ်ကျိုးစွန့်ခေါင်းဆောင်ဖြစ်ပြီး သူက လူထုအရေးတော်ပုံစည်းဝိုင်းအပြင်ကလူ ဖြစ်တဲ့အချက်ပါပဲ။ ဆိုလိုတာက ဒေါ်စုက ဒီနေ့မြန်မာ့နိုင်ငံရေး လက်တွေ့နယ်ပယ်ထဲမှာ သော့ချက်နေရာ ရောက်ရှိနေသူ၊ လူထုယုံကြည်ကိုးစားမှုကို ဦးထိပ်ရွက်ထားရသူဖြစ်တယ်။ သူကတော့ သူ့အကျိုးစီပွားကို ငဲ့ကွက်ပြီး စစ်အာဏာပိုင်များနဲ့ အလွမ်းသင့်အောင်နေရသူ၊ နိုင်ငံရေးလက်တွေ့နယ်ပယ်ထဲမှာ မရှိသူဖြစ်နေခြင်းပါပဲ။ ဒါကြောင့် ဒေါ်စုရဲ့ စဉ်းစားဆုံးဖြတ်ပုံကို နေ၀င်းမောင် ဉာဏ်မမီနိုင်လို့ဆိုပါရစေ။

အန်အယ်လ်ဒီလည်း အလားတူပါပဲ။ လူထုတိုက်ပွဲအရေးတော်ပုံထဲက ပေါက်ဖွားလာတဲ့ ပါတီဖြစ်တယ်။ ကိုယ်မယုံကြည်တဲ့ အာဏာရှင်အကြိုက် ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုလိုက်ရင် မူမရှိတဲ့ပါတီ၊ အချောင်လမ်းလိုက်တဲ့ ပါတီ၊ ၁၉၉၀ လူထု Mandate ကို စွန့်ပစ်တဲ့ပါတီဖြစ်သွားမယ်။ ဒါကြောင့် အန်အယ်လ်ဒီရဲ့ လက်ရှိဆုံးဖြတ်ချက်ဟာ နိုင်ငံရေးလက်တွေ့အပေါ် အခြေခံပြီး ရေရှည်တိုက်ပွဲအတွက် နည်းဗျူဟာအသစ် ပြင်ဆင်တာ ဖြစ်တယ်။ လူထုနဲ့ ပိုမိုထိတွေ့ ပေါင်းစပ်နိုင်ဖို့ အားထုတ်တာဖြစ်တယ်။ ပါတီဖျက်သိမ်းတာ လုံးဝမဟုတ်ကြောင်း မြင်ဖို့လိုတယ်။ ဒီနေရာမှာ ၂၀၀၃ ခုနှစ် (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းတပိုဒ်ကို လေ့လာကြည့်စေချင်တယ်။

“နိုင်ငံကို အကျိုးပြုမယ့် အဖွဲ့အစည်းတခုဆိုတာဟာ ပထမဦးဆုံးအားဖြင့် နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများအပေါ်မှာ ထားတဲ့ စေတနာဟာ မှန်ရမယ်။ ဇွဲ၊ လုံ့လ၊ ၀ိရိယရှိရမယ်။ ကိုယ်မှန်ကန်တယ်ထင်တဲ့ ကိစ္စတွေအပေါ်မှာ ရပ်တည်ပြီးတော့ သတ္တိရှိရှိနဲ့ လုပ်ရဲရမယ်။ ကိုယ်ကျိုးမရှာရဘူး။ ဒါ အခုကတည်းက ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေအားလုံးကို သတိပေးပါရစေ။ နေရာလိုချင်လို့၊ အခွင့်အရေးလိုချင်လို့ဆိုတဲ့ စိတ်ဓာတ်တွေ မထားပါနဲ့။ ကျမတို့အဖွဲ့အတွင်းမှာတောင်မှ နေရာလိုချင်တဲ့ ဟာလေးတွေ ကျမတို့ တွေ့နေရတယ်။ အခုကတည်းကနေပြီးတော့ ဒီစိတ်တွေ ဖျောက်ပါ။ ဒီစိတ်တွေ မွေးထားလို့ရှိရင် ပိုပြီးတော့ ကြီးထွားလာလို့ရှိရင် တနေ့မှာ ပြဿနာဖြစ်ပါလိမ့်မယ်။ နေရာလိုချင်လို့ အခွင့်အရေးလိုချင်လို့ နိုင်ငံရေးလုပ်တဲ့လူလောက် တိုင်းပြည်အတွက် အကျိုးယုတ်စေတဲ့သူမျိုး မရှိဘူးဆိုတာကို စွဲမှတ်ထားကြပါ။ ကျမတို့အဖွဲ့ချုပ်ထဲမှာ ဒီလိုလူတွေကို ဘယ်တော့မှ ကြာကြာထားမှာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် စေတနာမမှန်ဘူးဆိုတာ ပေါ်လာလို့ရှိရင် ဒီလိုပုဂ္ဂိုလ်တွေကို အဖွဲ့ချုပ်ထဲကနေ ဖယ်ထုတ်လိုက်ရမှာပဲ။ ကျမတို့အဖွဲ့ချုပ်ထဲမှာ ဒီလိုပုဂ္ဂိုလ်တွေ သိပ်များလာပြီဆိုရင် အဖွဲ့ချုပ်တခုလုံးကိုတောင် ဖျက်လိုက်ရမှာပဲ။ နိုင်ငံအကျိုးအတွက် ဒီအဖွဲ့ချုပ်ကို စွန့်ဖို့ရာ ကျမတို့ လုံးလုံးဝန်မလေးပါဘူး။ နိုင်ငံအကျိုးကို ဆက်ပြီးတော့ ထမ်းဆောင်သွားမှသာ ဒီအဖွဲ့ချုပ်ဟာ ရပ်တည်ပိုင်ခွင့်ရှိတာပါ။”

ဒေါ်အောင်ဆန်းစုကြည် နှိုးဆော်ထားသလို လက်ရှိနိုင်ငံရေးနယ်ပယ်မှာ ပါဝင်ပတ်သက်နေသူတို့အနေနဲ့ နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများအပေါ်မှာထားတဲ့ မိမိတို့စေတနာ မှန်မမှန် ဆန်းစစ်မိကြပါရဲ့လား။ အကျိုးမျှော်စိတ်၊ အခွင့်အရေးမျှော်စိတ်တွေ ပယ်သတ်နိုင်ခဲ့ကြပါရဲ့လား။ ‘နေရာလိုချင်လို့ အခွင့်အရေးလိုချင်လို့ နိုင်ငံရေးလုပ်တဲ့လူလောက် တိုင်းပြည်အတွက် အကျိုးယုတ်စေတဲ့သူမျိုး မရှိဘူးဆိုတာကို စွဲမှတ်ထားကြပါ’ ဆိုတဲ့ စကားဟာ အလွန်မှန်ပါတယ်။ အရေးတော်ပုံ တပ်သားများအကြားက အဓိက မသင့်မြတ်မှုတွေဟာ နေရာလုတာ အခွင့်အရေးလုတာက အစပျိုးတာပါပဲ။ ဒီနေ့ထက်ထိ အရေးတော်ပုံ ကြန့်ကြာနေရတာဟာ အထွေထွေညီညွတ်ရေး အားနည်းမှုလည်း တကြောင်းဖြစ်ပါတယ်။ နိုင်ငံ့အကျိုးထက် ကိုယ်ကျိုးရှေ့တန်းတင် စဉ်းစားရင် လုပ်ဖော်ကိုင်ဖက် အချင်းချင်းအကြား စိတ်ဝမ်းကွဲတတ်တာ သဘာဝပါပဲ။ ဒေါ်စုက သူ့မျှော်မှန်းချက်ကို အခုလို ဖော်ပြဖူးပါတယ်။

“ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ပါပဲ။ အကြောက်တရားကြီးစိုးမှု အနှောင်အဖွဲ့တွေကို ဖယ်ရှားနိုင်တဲ့ လူထုအဖြစ် ကျမ မြင်တွေ့လိုပါတယ်။ လွတ်လပ်တဲ့ လူသားတွေအဖြစ် မြန်မာပြည်သူတွေ ခေါင်းမော့ရင်ကော့နေနိုင်တာကို ကျမ မြင်တွေ့လိုပါတယ်။ ကျမတို့အားလုံးအတွက် ပိုပြီးသာယာချမ်းမြေ့တဲ့၊ ပိုပြီးလုံခြုံမှုရှိတဲ့ လူ့ဘောင်တခုကို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းတည်ဆောက်နေကြတာကို ကျမ မြင်တွေ့လိုပါတယ်။” (“လွတ်လပ်မှုကိုပဲ ကျမတို့ လိုချင်တယ်” Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃)

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ (၂၂) နှစ်ရှိပါပြီ။ အောင်ပွဲမရသေးတာမှန်ပေမယ့် အရေးတော်ပုံ ရှင်သန်နေဆဲရှိပါတယ်။ အထက်မှာဆိုခဲ့သလို အရေးတော်ပုံက စွမ်းအားတွေ အများအပြား ပေးခဲ့ပါတယ်။ ကြီးမားတဲ့ အတွေးအခေါ်အလှည့်အပြောင်းကို အရေးတော်ပုံက ဖန်တီးနိုင်ခဲ့တယ်။ စစ်အာဏာရှင်တွေကို ကြောက်ဒူးတုန်စေတဲ့ ဒီမိုကရေစီခေါင်းဆောင်ကိုလည်း မွေးဖွားပေးခဲ့တယ်။ ဒီမိုကရေစီခေါင်းဆောင်နဲ့အတူ လူထုကိုယ်စားပြု အရေးတော်ပုံပါတီ အန်အယ်လ်ဒီကိုလည်း ပေါ်ထွန်းစေခဲ့တယ်။ အန်အယ်လ်ဒီနဲ့အတူ လူငယ်မျိုးဆက်သစ်တွေလည်း မွေးထုတ်ပေးခဲ့တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်မှု၊ လူငယ်မျိုးဆက်သစ်ရဲ့ နိုးကြားတက်ကြွမှုတို့နဲ့အတူ အန်အယ်လ်ဒီဟာ သူ့တာဝန်ကျေပွန်သည်အထိ ဆက်လက်တိုက်ပွဲဝင်ဦးမှာ အသေအချာဖြစ်ပါတယ်။

လူတယောက်သက်တမ်းနဲ့ ချိန်ထိုးကြည့်ရင်တော့ နှစ်ပေါင်း (၂၀) ဆိုတဲ့ကာလဟာ ကြာပေတာပေါ့။ ဒါပေမယ့် နိုင်ငံတခု လွတ်မြောက်ရေးအတွက်ကျတော့ လုံလောက်တဲ့ ကာလလို့ မဆိုနိုင်ဘူး။ သမိုင်းအလှည့်အပြောင်းနဲ့ တဆက်တစပ်တည်းရှိနေတဲ့ နိုင်ငံရေးတိုက်ပွဲတိုင်းဟာ အချိန်ယူရတတ်ပါတယ်။ ဥပမာ - သမ္မတ ‘အေဗရာဟင် လင်ကွန်း’ လက်ထက် ၁၈၆၅ မှာ ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းတဲ့ ဥပဒေပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် နှစ်ပေါင်း (၁၀၀) ကျော် ကြာပြီး လူမည်း လူ့အခွင့်အရေးခေါင်းဆောင် ‘မာတင်လူသာကင်း’ ခေတ်အထိ လူမည်းအခွင့်အရေး ပြည့်ပြည့်၀၀ရဖို့ သွေးမြေကျခံ တိုက်နေခဲ့ကြရတုန်းပဲ။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးရဲ့ ဦးတည်ချက်က ‘သက်ဦးဆံပိုင်ဘုရင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီသမ္မတနိုင်ငံ ထူထောင်ရေး’ ဖြစ်တယ်။ ဒါပေမယ့် ၁၈၇၀ ပြင်သစ်-ပရပ်ရှားစစ်ပွဲမှာ တတိယ နပိုလျံဘုရင် စစ်ရှုံးပြီးမှ အခက်အခဲတွေကြားက ‘တတိယ ဒီမိုကရေစီသမ္မတနိုင်ငံ’ ထူထောင်နိုင်ခဲ့တယ်။ ကမ္ဘာစစ် (၂) ခုပြီးမှ ၁၉၄၆ မှာ ‘စတုတ္ထ ဒီမိုကရေစီသမ္မတနိုင်ငံ’၊ ၁၉၅၈ ပဉ္စမ ဖွဲ့စည်းပုံရေးဆွဲပြီးမှ ‘ပဉ္စမ ဒီမိုကရေစီသမ္မတနိုင်ငံ’ ထူထောင်နိုင်ခဲ့တာ ယနေ့ခေတ်အထိဖြစ်တယ်။ အဲဒီသမိုင်းတွေနဲ့ နှိုင်းချိန်ကြည့်ရင် မြန်မာနိုင်ငံ ရုန်းကန်အားထုတ်ရတဲ့ အချိန်ကာလခရီးတာကို ကြာလှတယ်လို့ ဆိုဖို့ခက်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political System Change) အတွက် အန်အယ်လ်ဒီ ရှေ့ဆက်ရမယ့် ခရီးမှာ လူထုက ဆက်လက်ဝန်းရံပေးဖို့ လိုပါတယ်။ အန်အယ်လ်ဒီဟာ လူထုပါတီဖြစ်လို့ မူလဒီမိုကရေစီရည်မှန်းချက် အောင်သည်အထိ မတွန့်မဆုတ် ဆက်လက်ဝန်းရံကြဖို့လိုပါတယ်။

ကဗျာတပုဒ်နဲ့ ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ ကဗျာရှင်က ဆရာ ဟံသာဝတီ ဦးဝင်းတင် ဖြစ်ပါတယ်။ ၁၉၉၅ စစ်ခွေးတိုက်မရောက်မီအချိန်လောက်က အင်းစိန်ထောင်တွင်းထုတ် ဒီလှိုင်းစာစောင်မှာ ပါခဲ့တယ် ထင်ပါတယ်။ အဓိပ္ပာယ်ရော ကာရန်ပါ လှပလို့ မှတ်ဉာဏ်မှာ ကျန်နေတဲ့ ကဗျာပါ။

“အောင်သပြေကမ်းစို့”


• ဒို့အမျိုးသားတွေ
ပေါင်းစည်းစုလို့
ကောင်းချီးပြုစို့
ဒီမိုကရေစီ။

• တိုင်းရင်းသားတွေ
ညီနောင်သင့်လို့
ပြည်ထောင်မြှင့်စို့
ခွင့်တူညီ။

• ဒို့ပြည်သူတွေ
နောင်အရှည်မှန်းလို့
အောင်သပြေကမ်းစို့
အန်အယ်လ်ဒီ။
(ဟံသာဝတီ ဦးဝင်းတင်)

ငရဲပန်းကို ရွှေပန်းထင်တဲ့ ဦးခင်မောင်ဆွေသို့ အိတ်ဖွင့်ပေးစာ

မောင်သြ / ၀၃ မေ ၂၀၁၀


ဦးဆွေလို့ပဲ ခေါ်ခွင့်ပြုပါခင်ဗျား …

၂၆-၄-၂၀၁၀ နေ့ထုတ် အလင်းတန်းဂျာနယ်မှာ ဦးဆွေရဲ့ အင်တာဗျူးနဲ့ ဦးအုန်းကြိုင်ရဲ့ အင်တာဗျူးနှစ်ခုကို ဖတ်ရပါတယ်။ ဦးအုန်းကြိုင်ရဲ့ အင်တာဗျူးကတော့ လိုရင်းတိုးရှင်းနဲ့ တိတိကျကျ ရေးထားတာမို့ အကျယ်မချဲ့တော့ဘူး။ အဲ … ဦးဆွေရဲ့ အင်တာဗျူးကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ မရေရာ မသေချာ၊ ဝေေ၀၀ါးဝါး မပြတ်မသား၊ ဘူးလုံးနားမထွင်းဖြစ်နေတာတွေ များနေတာမို့ ဒီပေးစာနဲ့ တုံ့ပြန်ရေးလိုက်ရတာပါ။

ကျနော်ကတော့ သာမန်အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးပါ။ တိုင်းအဆင့်၊ ဗဟိုဦးစီးအဆင့်ရှိသူ မဟုတ်သော်လည်း အန်အယ်လ်ဒီအပေါ် စိတ်ဝင်စားသူ၊ အန်အယ်လ်ဒီခေါင်းဆောင်များအပေါ် လေးစားယုံကြည်သူတဦး ဖြစ်ပါတယ်။ မြင့်မိုရ်တောင်ကြီးကို လှမ်းပြီး ဆီးစေ့နဲ့ ပေါက်တယ်လို့ မယူဆစေချင်ပါ။

ကျနော်ပြောချင်တာကတော့ ဦးဆွေတို့ အန်အယ်လ်ဒီက ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ နအဖစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြေညာစာအမှတ် ၁/၂၀၁၀၊ ၂/၂၀၁၀၊ ၃/၂၀၁၀၊ ၄/၂၀၁၀ စတဲ့) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ မတူညီမှု၊ ၀ိရောဓိဖြစ်မှုများအပေါ် ပြောချင်တာပါ။

ရှေးဦးစွာ ဦးဆွေတို့ အန်အယ်လ်ဒီက ထုတ်ပြန်လိုက်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကိစ္စ။ ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် ဖြတ်သန်းမှုတခုအပေါ်မှာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ နအဖစစ်အစိုးရဘက်ကရော၊ ပြည်တွင်းပြည်ပ အတိုက်အခံ ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းအားလုံးကပါ အလေးအနက်ထား စဉ်းစားစရာတခု ဖြစ်သလို အတိုက်အခံ အဖွဲ့အစည်းအားလုံးက ထောက်ခံခဲ့ကြတဲ့ ကြေညာစာတမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးလောကကြီးတခုလုံးကို တုန်လှုပ်ချောက်ချားသွားအောင် ကိုင်လှုပ်နိုင်စွမ်းရှိခဲ့ပါတယ်။ အဲဒီအထင်ကရ ကြီးကျယ်လှတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးကို ပြုစုရေးသားခဲ့သူ ဦးဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ကိုလည်းကောင်း၊ ၀ိုင်းဝန်းဖြည့်စွက်အကြံပေးခဲ့သူ ဦးစိန်လှဦးကိုလည်းကောင်း၊ အထူးကျေးဇူးတင်ရှိရုံတင်မက ပို၍ပင် လေးစားယုံကြည်မိပါတယ်။

ဦးဆွေရဲ့ အင်တာဗျူးထဲက “နိုင်ငံရေးတာဝန်တွေကို ကျနော်တို့ ဆက်ပြီးယူသွားမှာပါ” ဆိုတဲ့ စကားကို အရင်သုံးသပ်ကြည့်ရအောင်။ ဦးဆွေရဲ့ “မေလ (၆) ရက် ကျော်တဲ့အထိ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာခံတဲ့အတွက် ဘာကိုမှ ပြောဦးမှာမဟုတ်ပါဘူး” ဆိုတဲ့ စကားဟာ အချိန်အတိုင်းအတာတခုကို ရောက်ရင် သစ္စာမခံတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေပါတယ်။ စိတ်မကောင်းပါ။ ဒါဟာ ပရိယာယ်ပါတဲ့၊ စကားလုံးကုလားဖန်ထိုးပြီး အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တချိန်ကျရင် သစ္စာဖောက်မယ်၊ လမ်းခွဲမယ်ဆိုတဲ့ အယူအဆတခုကို ဖော်ထုတ်လိုက်တာပါပဲ။

နောက် ဦးဆွေက အခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြတ်သားကြရမှာပဲ။ ဘာကို ပြတ်သားရမှာလဲ။ အခြေခံဥပဒေကြီးကို မချစ်သော်လည်း အောင့်ကာနမ်းနေရမှာလား။ မကြိုက်သော်လည်း သည်းခံခေါင်းညိတ်လိုက်နေရမှာလား။ ဒါဟာေ၀၀ါးတွေဝေစေတဲ့ မပြတ်သားတဲ့ ဆင်ခြေတွေပဲ။ နောက် လွှတ်တော်ထဲမှာ ပြင်ဆင်လို့ရမှာ … တဲ့။ တော်တော် ဟာသပြက်လုံး ပြောတတ်တဲ့သူပါလား။

ပါတီမှတ်ပုံတင်/ရွေးကောက်ပွဲဝင်ကတည်းက အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတဲ့ ၀န်ခံကတိတွေနဲ့ လက်မှတ်ထိုးဝင်လာကြရတာ။ လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပဲရှိတယ်။ ပြင်ဆင်ဖြည့်စွက်ဖို့ တာဝန်မရှိဘူးဆိုပြီး ပါးစပ်ပိတ်ထားရမှာ။

နောက် အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင်တောင် (၇၅) ရာခိုင်နှုန်းကျော်မှတဲ့။ (၇၆) ရာခိုင်နှုန်းဖြစ်ဖို့ဆိုတာ အက္ခရာသင်္ချာနည်းနဲ့ပဲ တွက်တွက်၊ ဟူးရားဗေဒင်နက္ခတ်နည်းနဲ့ပဲ တွက်တွက် ဝေးသထက်ဝေးပါသေးတယ် ဦးဆွေ။ တပ်မတော်ရဲ့ ရာသက်ပန် စစ်အုပ်ချုပ်ရေး ဦးစားပေးအလေးထား ရေးဆွဲထားတဲ့ ဥပဒေ။ ဘယ်တော့မှ ပြင်ခွင့်ပေးမှာမဟုတ်၊ ပေးလိုက်တာနဲ့ သူတို့ဘ၀ပျက်မယ်၊ ဒါကို သိထားတဲ့အတွက် ပြင်မရအောင် အပိုင်ချုပ်ထားတာ။ လွှတ်တော်တွေမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်းယူထားပြီးတဲ့အပြင် စစ်တပ်ရဲ့ လက်ရုန်းတပ်သား အရံကိုယ်စားလှယ်တွေ၊ ကျွေးမွေးထောက်ပံ့ထားတဲ့ ဒူးမနာသား ကိုယ်စားလှယ်တွေက အနည်းဆုံး (၁၀) ကနေ (၂၀) ရာခိုင်နှုန်းအထိ ရှိနေဦးမယ်ဆိုတာ ဦးဆွေ သိထားဖို့ ကောင်းပါတယ်။

ဦးဆွေတို့ နှလုံးသားထဲက သွေးနဲ့ရေးခဲ့ရတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်တွေဖြစ်တဲ့ …

(က) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင် …
(ခ) အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင် …
(၈) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် … စတဲ့ တောင်းဆိုချက်တွေကို နအဖစစ်အစိုးရက ဘာမှလိုက်လျောခြင်းမရှိ၊ တွေ့ဆုံဆွေးနွေးခြင်းမရှိဘဲ တဖက်သတ် ရွေးကောက်ပွဲကျင်းပဖြစ်မှာကို ဘာကြောင့် ဒူးထောက်လက်မြှောက် အညံ့ခံ ခေါင်းလျှိုဝင်ပြီး မှတ်ပုံတင်ရန် သဘောထားရှိနေရတာလဲဆိုတာ ကျနော်စဉ်းစားလို့မရဘူး။ အင်း … တခုတော့ စဉ်းစားမိတယ်။ ကြောက်ရောဂါ … ကြောက်ရောဂါပဲထင်တယ်။

အန်အယ်လ်ဒီက အကျဉ်းကျခံနေရတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားပါတီဝင် ရဲဘော်ရဲဘက်တွေကို အန်အယ်လ်ဒီအဖွဲ့မှ ထုတ်ပယ်ပစ်ရမယ်ဆိုတဲ့အချက်က ကိုယ့်ခေါင်းဆောင်နဲ့ ကိုယ့်သေတူရှင်ဘက် ရဲဘော်တွေရဲ့ မျက်နှာကိုမှမထောက်ထားဘဲ ပါတီမှတ်ပုံတင်ဝံ့ရဲတဲ့ ဦးဆွေတို့ရဲ့စိတ်ဓာတ်၊ နိုင်ငံရေးအမြင်ကို နားမလည်နိုင်၊ အံ့သြမကုန်နိုင်ပါ။

၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးများ ပျက်ပြယ်သွားပြီဆိုတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၆) အပိုဒ် (၉၁) (က) နှင့် (ခ) အရ ဦးဆွေတို့ သဘောတူလက်ခံလိုက်ပြီလား။ ဒါတွေကို လက်ခံပြီး ပါတီအသစ်မှတ်ပုံတင်လိုက်ရင်တော့ ဦးဆွေတို့ဟာ ၉၀ ပြည့်နှစ်က (၈၂) ရာခိုင်နှုန်းကျော် ထောက်ခံမဲပေးထားတဲ့ ပြည်သူ့ဆန္ဒသဘောထားတွေကို မျက်ကွယ်ပြု သစ္စာဖောက်တာလို့ပဲ ပြောပါရစေ။

“လွှတ်တော်ထဲမှာ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ရနိုင်သလောက် ၀င်ထားဖို့လိုတယ်။ ဒါမှ ရှေ့နိုင်ငံရေးခရီးကို သွားလို့ရမယ်” လို့ ဦးဆွေက ပြောတယ်။ ကောင်းပြီ။ အခု ရွေးကောက်ပွဲဝင်ကြဖို့ မှတ်ပုံတင်ကြတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို ကြည့်ရင် အများအားဖြင့် နအဖစစ်အစိုးရနဲ့ ပလဲနံပသင့်နေကြတဲ့ အဖွဲ့အစည်းတွေပါမယ်။ နအဖက ကျွေးမွေးစောင့်ရှောက်ထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတွေပါမယ်။ အတိုက်အခံအဖွဲ့အစည်းပါတီဆိုတာ ခပ်ရှားရှားပဲ။ အဲဒီလို အင်အားစုတွေက လွှတ်တော်ထဲမှာ နေရာရထားကြရင်ပဲဖြစ်ဖြစ်၊ အတိုက်အခံအဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း နေရာရထားရင်ပဲဖြစ်ဖြစ်၊ တကယ်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အုတ်နံရံလှောင်အိမ်ထဲမှာ အပိတ်ခံနေရမယ့် သတ္တ၀ါလေးတွေ ဖြစ်နေမှာသေချာတယ်။

မျက်လုံးသူငယ် ယောင်လည်လည်နဲ့ စစ်ဗိုလ်ချုပ်ကြီးများရဲ့ မျက်လုံးစိမ်းစိမ်းအောက်မှာ ကျားရှေ့ချော်လဲတဲ့ သားသမင်လို အလွန်သနားစရာကောင်းတဲ့ ဘ၀မျိုးကို တွေ့ရတော့မှာပါ ဦးဆွေရေ။

ဦးဆွေက “နိုင်ငံရေးပါတီကြီးတခုအနေနဲ့က နိုင်ငံရေးလုပ်ငန်းတွေကို မလုပ်တော့ဘဲ လူမှုရေးလုပ်ငန်းတွေကိုပဲ လုပ်တော့မယ်ဆိုရင် ကျနော့်အနေနဲ့ လက်မခံပါဘူး။ အဖွဲ့ထဲမှာလည်း ကျနော် လက်မခံကြောင်း အတိအလင်း ရှင်းပြပြီးပါပြီ” တဲ့။

ဦးဆွေရေ … ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းနဲ့တဆင့် မှာကြားလိုက်တဲ့ အဖွဲ့ချုပ်ဆိုင်းဘုတ်နဲ့ အလံကို မဖြုတ်ပါနဲ့၊ လူမှုရေးကိစ္စတွေပဲ ဆက်လုပ်ပါလို့ ပြောလိုက်တာကိုတော့ လက်ခံလိမ့်မယ်ထင်ပါတယ်။ တကယ်တော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး စတဲ့ လူမှုရေးလုပ်ငန်းကိစ္စတွေဟာ နိုင်ငံရေးလုပ်ငန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ် ဦးဆွေ။

ယနေ့ အန်အယ်လ်ဒီအဖွဲ့ချုပ်ဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ထိခဲ့ရတဲ့ ကျေးရွာတွေက သောက်ရေအခက်အခဲကို ရေတွင်း/ရေကန်တူး ကူညီပေးတယ်။ ကျန်းမာရေးအရ HIV/AIDS ရောဂါရှိသူများကို ဆေးဝါးကုသမှုကအစ ကူညီစောင့်ရှောက်ပေးတယ်။ အကျဉ်းကျ နိုင်ငံရေးသမားများရဲ့ မိသားစုကိစ္စ၊ ပညာရေးကိစ္စများကိုလည်း တတ်နိုင်သလောက် လစဉ်ထောက်ပံ့ကူညီပေးတယ်။ သာရေး၊ နာရေးကိစ္စတွေမှာလည်း အချင်းချင်း ရိုင်းပင်းကူညီကြတယ်။ ဒါတွေဟာ လူမှုရေးကိစ္စဖြစ်သလို နိုင်ငံရေးကိစ္စလည်း ဖြစ်တယ်။

နောက်ဆုံး ဦးဆွေကို ပြောချင်တာကတော့ …

(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းကျပါတီဝင် ရဲဘော်တွေကို ပါတီက ထုတ်ပယ်ပြီး ပါတီမှတ်ပုံတင် ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားကြတဲ့ ဦးဆွေနဲ့ ရောင်းရင်းများ၊

(၂) မိမိလက်နဲ့ရေးထားတာကို ခြေနဲ့ဖျက်၊ ကိုယ်ဖော်တဲ့ဆေး ကိုယ်မသောက်ရဲ၊ ကိုယ်ထွေးပြီး တံတွေး ကိုယ်ပြန်မျိုချ၊ ကိုယ့်စာတမ်းကို ကိုယ်အလေးမထား၊ ရွေးကောက်ပွဲ နွားတင်းကုပ်ထဲ ခွေးတိုးပေါက်မှ ၀င်ကြမယ့် ဦးဆွေနဲ့ အပေါင်းအသင်းများ၊

(၃) ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အပယ်ဖျက်ခံ၊ ပြည်သူတွေရဲ့ သဘောထားဆန္ဒကို ဥပေက္ခာပြုပြီး ရွေးကောက်ပွဲကိုဝင်ဖို့ မှတ်ပုံတင်ကြမယ့် ဦးဆွေနဲ့ အသိုင်းအ၀ိုင်းများ၊

(၄) ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်ခြင်းမရှိဘဲ နအဖအလိုတော်ကျ လက်ကိုင်တုတ်များ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို မတရားမှန်းသိလျက် အညံ့ခံ ဒူးထောက်လက်မြှောက်ပြီး ရွေးကောက်ပွဲဝင်ကြမယ့် ဦးဆွေနဲ့ သူရဲဘောကြောင်သူများ ပြန်စဉ်းစားရင် အချိန်မီပါသေးတယ်။

ဒီလိုမှမဟုတ်ဘဲ စစ်အာဏာရှင်များနဲ့အတူ အသူတရာနက်တဲ့ ချောက်ထဲ ခုန်ဆင်းသွားကြမယ်ဆိုရင် တကယ်ပြောင်မြောက်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးကို ရေးဆွဲပြုစုခဲ့ကြတဲ့ ဦးဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးစိန်လှဦးနဲ့တကွ ခင်ဗျားတို့ အသိုင်းအ၀ိုင်းကို တောင်ပို့မှန်းသိနေပြီမို့ ရှေ့က ကျနော် လေးစားယုံကြည်ခဲ့တာတွေကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ဦးဆွေခင်ဗျား …

ကျနော်တို့ အန်အယ်လ်ဒီက ဆိုင်းဘုတ်ဖြုတ်၊ အလံချခံခဲ့ရင်တောင် ပြည်သူကြားမှာ အမှန်ရှာရင်း နိုင်ငံရေး အဓိက အစိတ်အပိုင်းတခုဖြစ်တဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ လူမှုရေးလုပ်ငန်းများကိုတော့ နိုင်ငံရေးအသိစိတ်နဲ့ ဆက်လက် ဆောင်ရွက်သွားကြမှာပါ။ ပြည်သူရှိရင် အန်အယ်လ်ဒီ ရှိနေမယ်။ အန်အယ်လ်ဒီ ရှိနေရင် ပြည်သူရှိနေမယ်။

လွှတ်တော်ထဲ ရောက်ကြမယ့် ဦးဆွေတို့လို လွှတ်တော်အမတ်များသာ ရုပ်သေးရုပ်အမတ်များ မဖြစ်ကြပါစေနဲ့လို့ မေတ္တာနဲ့ ဆုတောင်းလိုက်ပါတယ်ခင်ဗျား။ ။

အံကြိတ် လက်သီးဆုပ် မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့် မျက်တောင်မခတ်တမ်း

ဂါမဏိ / ၀၅ မေ ၂၀၁၀


(၁)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၉ ခု ဧပြီ (၂၉) ရက်မှာ ရွှေဂုံတိုင်ကြေညာချက်ကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်နိုင်ဖို့ အနိမ့်ဆုံး လိုအပ်ချက်တွေကို ပြတ်ပြတ်သားသား သတ်မှတ်ခဲ့ပါတယ်။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ နာဂစ်အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့၊ နိုင်ငံရေးပါတီအားလုံး လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရှိဖို့၊ ၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ တွေ့ဆုံဆွေးနွေးကြဖို့ဆိုတဲ့ ရပ်တည်ချက်တွေကို ကြေညာထားပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ခုနပြောတဲ့ အချက်တွေအပြင် နိုင်ငံတကာကြီးကြပ်မှုအောက်မှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရင် ဝင်ဖို့ စဉ်းစားမယ်လို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ခဲ့ပါတယ်။

နအဖစစ်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားတွေကို ဂရုမစိုက်ဘဲ မတ်လ (၈) ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတွေ ထုတ်ခဲ့ပါတယ်။ ဒီဥပဒေတွေထဲမှာ ၉၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီလို့ ဇွတ်အတင်း ထည့်ထားသလို ရက် (၆၀) အတွင်း မှတ်ပုံပြန်မတင်ရင် အဖွဲ့ချုပ်ဟာ ပါတီအဖြစ်က ပျက်ပြယ်မယ်လို့လည်း ထည့်သွင်းခြိမ်းခြောက်ထားပါတယ်။

အဖွဲ့ချုပ်ဟာ မတ်လ (၂၉) ရက်မှာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးထိုင်ပြီး မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ လက်ရှိ တရားဝင် ရပ်တည်ခွင့်ရ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးလို့ မေ (၃) ရက်မှာ ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

မှတ်ပုံပြန်တင်ဖို့ နအဖရဲ့သတ်မှတ်ရက်က မေ (၆) ရက်မှာ ပြည့်မှာဖြစ်ပါတယ်။

(၂)
၂၀၀၉ ခု မတ်လမှာ နအဖဟာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ်အဖြစ် အသွင်ပြောင်းပြီး နအဖ ဦးဆောင်မှုကို အကြွင်းမဲ့ ခံယူဖို့နဲ့ မိမိတို့နယ်မြေ မိမိတို့ တိုင်းရင်းသားပြည်သူတွေကို နအဖလက်အောက် ထိုးအပ်၊ မိမိတို့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့ အမိန့်ပေးလာပါတယ်။

ဒီလိုအသွင်ပြောင်းဖို့အတွက် ၂၀၀၉ မေလကုန်မှာ စာရင်းပေးပြီး စက်တင်ဘာလကုန်မှာ အပြီးပြောင်းလဲဖို့ နအဖက ရက်သတ်မှတ်ခဲ့ပါတယ်။ တပ်တွေကို အသွင်ပြောင်း၊ ခေါင်းဆောင်တွေက ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်၊ ဒီလိုမလုပ်ရင် မတရားသင်း ကြေညာပြီး တိုက်မယ်လို့ နအဖက ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။

ဒီမိုကရေစီသစ်တပ်မတော် (ကချင်ပြည်နယ်)၊ ကချင်ကာကွယ်ရေးတပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်တို့က အသာတကြည် ခေါင်းညိတ်ခဲ့ပါတယ်။ ခေါင်းညိတ်ပေမယ့် ဒီမိုကရေစီသစ်တပ်မတော် (ကချင်ပြည်နယ်) က ၂၀၁၀ လွှတ်တော်မှာ နအဖစစ်တပ်အတွက်ထားတဲ့ (၂၅) ရာခိုင်နှုန်းထဲမှာ အပစ်ရပ်တပ်တွေကိုပါ ထည့်သွင်းဖို့ မရဲတရဲ တောင်းဆို သွေးတိုးစမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းအရှေ့ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ (ဝါ) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလားအထူးဒေသ-၄)၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော်၊ ကယန်းပြည်သစ်ပါတီ၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ (ကိုးကန့်) တို့က နယ်ခြားစောင့်တပ်လုပ်ရေးကို ပယ်ချခဲ့ကြပါတယ်။ အဲဒီအခါ ၂၀၀၉ သြဂုတ်လမှာ နအဖဟာ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ကို စမ်းသပ်တိုက်ကွက်ဖော် ချေမှုန်းပစ်ခဲ့ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး တောင်းဆိုချက် (၉) ချက်ကို ၂၀၀၉ နိုဝင်ဘာ (၁၀) ရက်မှာ နအဖဆီ ပေးပို့ခဲ့ပေမယ့် နအဖက လုံးဝပယ်ချခဲ့ပါတယ်။ အထူးဒေသ-၄ မိုင်းလား ငြိမ်းချမ်းရေးအဖွဲ့က ဖေဖော်ဝါရီ (၂၈) ရက်မှာ အဆိုပြုချက် (၆) ချက်တင်ခဲ့တာကိုလည်း နအဖက ပယ်ချခဲ့ပါတယ်။

၂၀၁၀ မတ်လမှာ နအဖက အပစ်ရပ်အဖွဲ့တွေ နယ်ခြားစောင့်တပ်အဖြစ် ဧပြီလကုန် (၂၂) ရက် သို့မဟုတ် (၂၈) ရက်မှာ အပြီးပြောင်းဖို့ (၅) ကြိမ်မြောက် ရက်ချိန်းထပ်ပေးခဲ့ပြန်ပါတယ်။ ဒီရက်ချိန်းမရောက်ခင်မှာ ရှမ်းပြည်တပ်မတော်နဲ့ ကယန်းပြည်သစ်ပါတီတို့က အိမ်စောင့်တပ်အတွက် လူစာရင်းကို နအဖဆီ ပေးလိုက်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်တပ်မတော် တပ်မဟာ (၁) ကတော့ ရှမ်းပြည်တပ်မတော် လူစာရင်းပေးတဲ့အထဲ မပါဝင်ဘဲ နေပါတယ်။

ဧပြီ (၃) ရက်မှာ ဝ က ထိုင်းနယ်စပ်က (၁၇၁) စစ်ဒေသကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲထည့်ဖို့ တောင်းဆိုချက်ကို (တရုတ်နိုင်ငံ အကြံပေးတဲ့အတိုင်း) စွန့်လွှတ်တာ၊ တပ်ရင်းအဆင့်မှာ နအဖစစ်သား (၆) ယောက်ထည့်တာ အပါအဝင် အဆိုပြုချက်သစ် (၈) ချက်တင်တာကို နအဖက (၉) ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့က ဧပြီ (၁၈) ရက်မှာ၊ မွန်ပြည်သစ်ပါတီက ဧပြီ (၂၂) မှာ နယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ် အသွင်ပြောင်းရေးကို အပြီးအပြတ် ငြင်းပယ်ခဲ့ပါတယ်။ ကေအန်ယူက ခွဲထွက်ပြီး နအဖနဲ့ စေ့စပ်သွားခဲ့တဲ့ တပ်မဟာ (၇) မှူးဟောင်း ဗိုလ်ဌေးမောင်ရဲ့ ကေအန်ယူငြိမ်းချမ်းရေးကောင်စီကလည်း ဧပြီ (၂၁) ရက်မှာ နယ်ခြားစောင့်တပ် မလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား အကြောင်းပြန်လိုက်ပါတယ်။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ထဲမှာလည်း နယ်ခြားစောင့်တပ်လုပ်ဖို့ ငြင်းဆန်သူတွေ ပေါ်လာနေပါတယ်။

နအဖတပ်ထဲမှာလည်း နယ်ခြားစောင့်တပ်ထဲသွား တာဝန်မယူချင်တာတွေ ဖြစ်နေသလို တိုင်းအဆင့် ဗျူဟာအဆင့်က သန်းရွှေ-မောင်အေး ကျေနပ်အောင် နယ်ခြားစောင့်တပ်လုပ်မယ့် လူအင်အားစာရင်းတွေ လိမ်တင်တာလည်း ဖြစ်နေပါတယ်။ နယ်ခြားစောင့်တပ်ကို သွားခိုင်းဖို့ကလည်း ကလေးစစ်သားတွေ အများစု ဖြစ်နေပါတယ်။

နအဖက သာစည်၊ တောင်ကြီး၊ သီပေါ၊ လားရှိုး၊ ဗန်းမော်၊ မြစ်ကြီးနား၊ မော်လမြိုင်တို့ကို ဖြတ်ပြီး စစ်ကားတွေ၊ တင့်ကားတွေ၊ အမြောက်တွေ သယ်ယူပို့ဆောင်ပြခဲ့ပါတယ်။ အမ်အိုင်ဂျီ (၂၉) လေယာဉ်တွေ ဓာတ်ဆီအကုန်ခံ ပျံပြတာလည်း လုပ်ခဲ့ပါတယ်။ တပ်မဘယ်နှခု၊ တပ်ရင်းဘယ်နှရင်း ဘယ်နယ်စပ်ဒေသတွေကို ပို့ထားပြီဆိုတဲ့ သတင်းတွေလည်း လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် ဧပြီ (၂၂) ရက်၊ (၂၈) ရက်တွေ ကျော်သွားခဲ့ပါပြီ။ အပစ်ရပ်အဖွဲ့တွေက ကြံ့ကြံ့ခိုင် ရင်ဆိုင်ဆဲဖြစ်ပါတယ်။

(၃)
၁၉၆၂ ခု အောက်တိုဘာ (၁၄) ရက်မှာ အမေရိကန်သူလျှိုလေယာဉ်က အမေရိကန်နိုင်ငံနဲ့ မိုင် (၉၀) ဝေးတဲ့ ကျူးဘားနိုင်ငံမှာ ရုရှဒုံးပျံစခန်းတွေ ဆောက်နေတာကို ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။ ဒီဒုံးပျံတွေဟာ မိုင် (၂,၄၀၀) အဝေးကို ပစ်နိုင်ပြီး အဏုမြူထိပ်ဖူးတွေ တပ်ထားပါတယ်။

အောက်တိုဘာ (၁၆) ရက်မှာ သမ္မတကနေဒီ တက်ရောက်တဲ့ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးက နည်းလမ်း (၅) ခု စဉ်းစားခဲ့ပါတယ်။ ဒီအတိုင်း လွှတ်ထားဖို့၊ သံတမန်ဖိအား သုံးပြီး ဒုံးပျံတွေ ရုပ်သိမ်းစေဖို့၊ ဒုံးပျံစခန်းတွေကို လေကြောင်းက တိုက်ခိုက်ဖို့၊ ကျူးဘားနိုင်ငံကို တင်းပြည့်ကျပ်ပြည့် စစ်အင်အားသုံး ကျူးကျော်သိမ်းပိုက်ဖို့၊ ကျူးဘားနိုင်ငံကို ရေတပ်အင်အားသုံး ပိတ်ဆို့ထားဖို့ ဆိုတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကတော့ တင်းပြည့်ကျပ်ပြည့် ကျူးကျော်တိုက်ခိုက်ဖို့ နည်းလမ်းကို ရွေးချယ်အဆိုပြုခဲ့တယ်။

နောက်ပိုင်းမှာ ဗီယက်နမ်စစ် လက်သည်လို့ နာမည်ကြီးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး မက္ကနာမားရားကတော့ ဒီဒုံးပျံ အစင်း (၄၀) လောက်ဟာ ဘာမှမပြောပလောက်ဘူး၊ အရေးလုပ်စရာ မဟုတ်ဘူးလို့ သဘောထားပေးခဲ့ပါတယ်။ (အဲဒီတုန်းက အမေရိကန်မှာ ဒုံးပျံ အစင်း (၅,၀၀၀) လောက်ရှိနေပြီး ရုရှမှာတော့ (၃၀၀) ကျော်ပဲရှိလို့တဲ့။) စစ်ရေးအရ အရေးမထားလောက်ပေမယ့် နိုင်ငံရေးအရတော့ အမေရိကန် အကြီးအကျယ် သိက္ခာကျစရာ ဖြစ်မယ်လို့တော့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီက တညီတညွတ်တည်း သဘောတူကြပါတယ်။ ဒါနဲ့ နည်းလမ်း (၅) ခုမှာ ရေတပ်နဲ့ ပိတ်ဆို့ရေးကို ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာ (၂၂) ရက်မှာ ကျူးဘားမှာ ဒုံးပျံတွေ ရောက်နေတဲ့ကိစ္စကို အမေရိကန်က တကမ္ဘာလုံးကို အသိပေးလိုက်ပြီး ရေတပ်နဲ့ ပိတ်ဆို့မယ်လို့ ကြေညာလိုက်ပါတယ်။

အောက်တိုဘာ (၂၄) ရက်မှာ အမေရိကန်ရေတပ်က ကျူးဘားနိုင်ငံကို မိုင် (၈၀၀) အကွာကနေ စတင်ပိတ်ဆို့လိုက်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန်တပ်တွေကိုလည်း အဆင့် (၂) တပ်လှန့်အခြေအနေ လုပ်ထားလိုက်ပါတယ်။ ဒါဟာ ငြိမ်းချမ်းနေတဲ့ကာလမှာ အမြင့်ဆုံး တပ်လှန့်အခြေအနေဖြစ်ပါတယ်။ တပ်လှန့်ကြေးနန်းစာကိုလည်း ဝှက်စာမသွင်းဘဲ ဗြောင်ပို့ခဲ့တယ်။ ကျူးဘားကို သွားတဲ့ သင်္ဘောအားလုံးကို ရပ်ခိုင်းပြီး တက်ရှာတာ လုပ်တယ်။ မသွားစေချင်တဲ့ သင်္ဘောတွေကို ပြန်လှည့်ခိုင်းတယ်။ မရပ်တဲ့ သင်္ဘောတွေကို ပစ်ခတ်ရပ်တန့်ပစ်ဖို့ အမိန့်အပြတ်ပေးထားတယ်။ စစ်လက်နက်မပါတဲ့ သင်္ဘောတွေကိုတော့ ဖြတ်သွားခွင့်ပေးပါတယ်။

ရုရှကလည်း ပင်လယ်ပြင်မှာ ပင်လယ်ဓားပြအလုပ်မျိုးကို လက်မခံနိုင်ဘူး၊ လိုအပ်သလို အင်အားသုံး တုံ့ပြန်မယ်လို့ အကြောင်းပြန်ခဲ့တယ်။ ဒီအချိန်မှာ အဏုမြူဒုံးပျံတွေ တင်ထားတဲ့ ရုရှသင်္ဘောတွေဟာ ကျူးဘားကို ဦးတည်လာနေပါတယ်။

(၂၅) ရက်မှာတော့ အမေရိကန်က အဏုမြူဗုံးတွေကို ဗုံးကြဲလေယာဉ်တွေပေါ် စ,တင်ခဲ့ပါတယ်။

(၂၆) ရက်မှာ ရုရှဝန်ကြီးချုပ်က ဒုံးပျံတွေ ရုပ်သိမ်းပေးမယ်၊ အမေရိကန်ကလည်း ကျူးဘားကို မကျူးကျော်ဘူးဆိုတာ ကတိပေးရမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ (၂၇) ရက်မှာ တူရကီမှာရှိတဲ့ အမေရိကန်ဒုံးပျံတွေ ရုပ်ပေးဖို့လည်း ရုရှက တောင်းဆိုခဲ့ပါတယ်။ (၂၇) ရက်မှာပဲ ကျူးဘားမှာရှိတဲ့ ရုရှအဏုမြူဒုံးပျံတွေကို ပစ်ခတ်ဖို့ အသင့်အနေအထား လုပ်ခဲ့တယ်။ ကျူးဘားသမ္မတ ကက်စထရိုကလည်း အမေရိကန်လေယာဉ်တွေကို တွေ့သမျှ ပစ်ချဖို့ အမိန့်ပေးခဲ့တယ်။ ရုရှကနေ အမေရိကန်ကို စတိုက်ဖို့လည်း ရုရှဝန်ကြီးချုပ်ကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ အမေရိကန် သူလျှိုလေယာဉ်တစီးကိုလည်း ကျူးဘားက ပစ်ချခဲ့ပါတယ်။ တခြားစစ်လေယာဉ်တွေကိုလည်း ပစ်ပေမယ့် ထိခိုက်မှု မရှိခဲ့ပါဘူး။ အဏုမြူတော်ပီဒိုတွေ တပ်ဆင်ထားတဲ့ ရုရှရေငုပ်သင်္ဘောတွေကို တားဆီးဖို့ ရေမြှုပ်ဗုံးတွေကိုလည်း အမေရိကန်ရေတပ်က ချခဲ့ပါတယ်။

အောက်တိုဘာ (၂၈) ရက်မှာတော့ ရုရှစစ်သင်္ဘောတွေဟာ နောက်ပြန်လှည့်သွားပါတော့တယ်။ အဲဒီနေ့မှာပဲ ရုရှတွေက ဒုံးပျံတွေ ရုပ်သိမ်းပေးမယ်၊ အမေရိကန်က ကျူးဘားကို မကျူးကျော်ဖို့ အာမခံမယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရှေ့မှာ နှစ်ဘက်သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ရုရှနိုင်ငံနဲ့ ကပ်နေတဲ့ တူရကီနိုင်ငံမှာရှိတဲ့ အမေရိကန် အဏုမြူဒုံးပျံတွေကိုတော့ နောက် (၆) လအကြာမှာ အမေရိကန်က ရုပ်သိမ်းပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒင်းရပ်စ်က “ကျုပ်တို့ တယောက်ကိုတယောက် မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့်နေခဲ့ကြတာ ဟိုဘက်ကကောင်က မျက်တောင်ခတ်သွားတယ်” We've been eyeball to eyeball and the other fellow just blinked. လို့ သမိုင်းဝင်မှတ်ချက်စကား ပြောခဲ့ပါတော့တယ်။

အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါကို “ခင်ဗျားမြေးတွေ လက်ထက်ကျရင် အမေရိကန်နိုင်ငံဟာ ကွန်မြူနစ်စနစ်အောက် ရောက်နေလိမ့်မယ်” လို့ ခြိမ်းခြောက်ခဲ့ဖူးတဲ့ ရုရှဝန်ကြီးချုပ်ဟာ ၁၉၆၂ ခု ကျူးဘားအရေးအခင်းမှာ နိုင်ငံရေးအရ သိက္ခာကျ ရှုံးနိမ့်သွားခဲ့တာဟာ နောက်နှစ်ပေါင်း (၃၀) အကြာမှာ ဆိုဗီယက်ရုရှနိုင်ငံ ပြိုကွဲတဲ့အထိ ဦးတည်သွားခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီကြားထဲမှာ ၁၉၆၈ ခု ချက်ကိုစလိုဗေးကီးယားကို ကျူးကျော်တာ၊ ၁၉၇၉ ခု အာဖဂန်နစ္စတန်ကို ကျူးကျော်တာတွေတော့ ထလုပ်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ ကွဲသွားတာပါပဲ။

(၄)
နအဖနဲ့ အန်အယ်လ်ဒီ၊ နအဖနဲ့ အပစ်ရပ်အဖွဲ့တွေ တယောက်ကိုတယောက် မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့်နေကြပါတယ်။ စိတ်ဓာတ်ချင်းပြိုင်ရာမှာ ဘယ်သူက မျက်တောင် အရင်စ,ခတ်မလဲ။ ။