Showing posts with label မီဒီယာလုပ်ငန်း. Show all posts
Showing posts with label မီဒီယာလုပ်ငန်း. Show all posts

Wednesday, June 23, 2010

သတင်းသမားနဲ့ပါးကွက်အာဏာသား

အောင်ကျော်ခင် / ၁၁ မေ ၂၀၁၀


သတင်းမီဒီယာလွတ်လပ်မှုကိုကာကွယ်ဖို့ တာဝန်ရှိတဲ့ တခုတည်းသော ကုလသမဂ္ဂအဖွဲ့အစည်းဟာ ပဲရစ်မြို့တော်မှာ အခြေစိုက်တဲ့ UNESCO ယူနက်စကို (ခေါ်) ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ပဲ ဖြစ်တယ်။ တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံလွတ်လပ်မှု၊ လူ့အခွင့်အရေး စတာတွေကို မြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ ယူနက်စကို အခြေခံဥပဒေ အပိုဒ် (၁) မှာ ဖော်ပြထားတယ်။ စာနယ်ဇင်းလွတ်လပ်မှုကို မြှင့်တင်တဲ့အနေနဲ့ ၁၉၉၁ မှာ ကျင်းပတဲ့ (၂၆) ကြိမ်မြောက် ယူနက်စကို အထွေထွေညီလာခံမှာ ‘စာနယ်ဇင်းနေ့’ သတ်မှတ်ဖို့ သဘောတူကြပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက မေလ (၃) ရက်နေ့ကို ‘ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ရေးနေ့’ အဖြစ် ၁၉၉၃ မှာ ကြေညာတယ်။ ရည်ရွယ်ချက်က တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ သတင်းသမားတွေကို ဂုဏ်ပြုပြီး သတင်းမီဒီယာလွတ်လပ်မှု အခြေအနေကို သုံးသပ်ဖို့ဖြစ်တယ်။

သတင်းအချက်အလက် သိရှိပိုင်ခွင့် freedom of information နဲ့ ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းတာတွေ များလာပေမယ့် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းကို မီတာမဟုတ်ဘူးလို့ ယူနက်စကိုက ဆိုတယ်။ ဒီဥပဒေပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်က အစိုးရနဲ့ဆိုင်တဲ့ သတင်းတွေကို အများပြည်သူသိရှိနိုင်ဖို့ပါပဲ။ ဒီလိုဥပဒေရှိတယ်ဆိုရင်တောင် သတင်းဖြန့်ဝေဖို့ လွတ်လပ်တဲ့ သတင်းမီဒီယာရှိဖို့ လိုပါတယ်။ မြန်မာပြည်မှာ သတင်းအချက်အလက် သိပိုင်ခွင့်ရော၊ ဖြန့်ဝေခွင့်ရော ဆိတ်သုဉ်းနေပါတယ်။

သတင်းသမားကို အာဏာရအစိုးရရဲ့ ပါးကွက်အာဏာသားတွေက နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်တာကို ယူနက်စကိုလည်း ဘာမှ တတ်နိုင်ပုံ မရပါဘူး။ အစိုးရရဲ့ ပါးကွက်အာဏာသားတွေ သောင်းကျန်းလို့ သတင်းသမားတွေ အန္တရာယ်ကြုံရပုံကို မတ်လ (၁၇) ရက်နေ့ထုတ် (၂၈) မျက်နှာ ယူနက်စကိုအစီရင်ခံစာမှာ ဖော်ပြတယ်။ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ CPJ သတင်းသမားကာကွယ်ရေးကော်မတီ၊ IFJ အပြည်ပြည်ဆိုင်ရာသတင်းသမားဖက်ဒရေးရှင်း စတဲ့ တသီးပုဂ္ဂလအဖွဲ့တွေလောက်ပဲ ယူနက်စကိုလည်း ဆောင်ရွက်နိုင်တာ တွေ့ရတယ်။

သတင်းသမားကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ၂၀၀၆ ဆုံးဖြတ်ချက်ကိုလည်း ယူနက်စကိုရဲ့ မတ်လ (၁၇) ရက်နေ့ အစီရင်ခံစာမှာ ပြန်လည်ဖော်ပြထားတယ်။ တောင်းဆိုမှု၊ ပန်ကြားမှု၊ ရှုတ်ချမှုလောက်ပဲ လုပ်နိုင်တာမို့ စရိုက်ကြမ်းတဲ့ အစိုးရတွေက ဂရုမစိုက်ဘူး။ အသတ်ခံရတဲ့ သတင်းသမားဦးရေ ၂၀၀၆ မှာ (၆၉) ဦးရှိခဲ့ပြီး ၂၀၀၇ မှာ (၅၃) ဦး၊ ၂၀၀၈ မှာ (၄၈) ဦး၊ ၂၀၀၉ မှာ (၇၇) ဦး ရှိနေပြီလို့ ယူနက်စကို အစီရင်ခံစာမှာ ဖော်ပြတယ်။

၂၀၀၉ ခုနှစ်အတွင်း နိုင်ငံပေါင်း (၉၀) ကျော်မှာ သတင်းသမားတွေ တိုက်ခိုက်ခံရပုံကို စီပီဂျေ Committee to Protect Journalists သတင်းသမားကာကွယ်ရေးကော်မတီက စာမျက်နှာ (၃၆၀) အစီရင်ခံစာကို ဖေဖော်ဝါရီလလယ်က ထုတ်ပြန်တယ်။ သတင်းသမားကို တိုက်ခိုက်မှုများ Attacks on the Press in 2009 လို့ အမည်ပေးထားတယ်။ မြန်မာပြည်က သတင်းသမားတွေအကြောင်း (၈) မျက်နှာ ရေးထားတယ်။ မတရားလုပ်မှု၊ အနိုင်ကျင့်မှုကို ပြည်တွင်းပြည်ပမှာ သိရှိသွားအောင်လုပ်နိုင်ရင် ရပ်ဆိုင်းသွားတာမျိုး (ဒါမှမဟုတ်လည်း) လျော့နည်းသွားတာမျိုးရှိတဲ့အတွက် သတင်းပေးပို့တာဟာ တိုင်းပြည်အတွက် အကျိုးရှိတယ်လို့ ယူဆကြတယ်။

၁၉၉၂ ကစပြီး ပြုစုလာခဲ့တဲ့ စီပီဂျေစာရင်းအရ အလုပ်လုပ်ရင်း အသတ်ခံရတဲ့ သတင်းသမားပေါင်း (၈၀၀) ကျော်ရှိပါပြီ။ ဖိလစ်ပိုင်နိုင်ငံမှာ (၇၀) နဲ့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ (၂၀) ကျော်စီရှိပြီး ဘင်္ဂလားဒေ့ရှ်မှာ (၇၀) ကျော် အသတ်ခံရပါတယ်။ မြန်မာပြည်မှာ သတင်းယူနေတုန်း အသတ်ခံရသူဟာ ဂျပန်သတင်းထောက် ‘ကေဂျီ နာဂါးအိ’ ပါ။ မြန်မာ့သတင်းသမားတွေဖြစ်တဲ့ မအိမ့်ခိုင်ဦး၊ မလှလှဝင်းနဲ့ ကိုဝင်းမော်တို့ကို မြန်မာသတင်းသမဂ္ဂညီလာခံက ‘ကေဂျီ နာဂါးအိ’ ဆု ချီးမြှင့်ပြီး ဂုဏ်ပြုထားတယ်။

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ရှိတဲ့အထဲက မနှစ်က (၁၀၀) ကျော်ကိုသာ လွှတ်ပေးတယ်။ ဒီအထဲမှာ သတင်းသမား (၃) ဦးပါဝင်ကြောင်း စီပီဂျေအစီရင်ခံစာမှာ ဖော်ပြတယ်။ ရန်ကုန် ကုလသမဂ္ဂရုံးရှေ့မှာ လေဘေးဒုက္ခသည်တွေ ဆန္ဒပြတာကို သတင်းပေးပို့မှုနဲ့ ၂၀၀၈ မှာ ထောင် (၂) နှစ်ကျသွားတဲ့ Ecovision ဂျယ်နယ်သတင်းထောက် မအိမ့်ခိုင်ဦး၊ ဒီဆန္ဒပြပွဲမှာပဲ သတင်းယူလို့ ထောင် (၇) နှစ်ကျသွားတဲ့ Weekly Eleven သတင်းထောက် ကိုကျော်ကျော်သန်းနဲ့ ၂၀၀၈ မှာ ထောင် (၇) နှစ်ကျသွားတဲ့ Myanmar Nation သတင်းဂျာနယ်အယ်ဒီတာ ကိုသက်ဇင်တို့ သုံးဦး ၂၀၀၉ ခုနှစ်မှာ လွတ်မြောက်သွားတယ်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံကို သတင်းပေးမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ မလှလှဝင်း၊ ကိုဝင်းမော်နဲ့ ကိုငွေစိုးလင်းတို့အကြောင်းကို စီပီဂျေအစီရင်ခံစာမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။ နာဂစ်လေဘေးဒုက္ခသည်အကြောင်း ဗွီဒီယိုရိုက်ကူးသူ ဒီမိုကရက်တစ်မြန်မာ့အသံက ဓာတ်ပုံသတင်းထောက် ‘တီ’ နဲ့ ‘ဇီ’ အကြောင်းကိုသာ ဖော်ပြပါတယ်။ သူတို့နှစ်ဦးစလုံး သတင်းမှတ်တမ်းတွင် Rory Peck ဆု ချီးမြှင့်ခံရတယ်။ ဒါပေမယ့် သတင်းမှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးအပြီး (၆) လအကြာမှာ ဓာတ်ပုံဆရာ ‘တီ’ အဖမ်းခံလိုက်ရပါတယ်။ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဓာတ်ပုံဆရာ ‘ဇီ’ ကတော့ ထွက်ပြေးတမ်းရှောင်နေတယ်လို့သာ စီပီဂျေနှစ်လည်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အဖမ်းခံနေရတဲ့ မြန်မာသတင်းသမားတွေဖြစ်တဲ့ ဦးနေမင်း၊ ဦးနေဖုန်းလတ်၊ ဦးစိန်ဝင်းမောင်၊ ဦးဇာဂနာ၊ ဦးဇော်သက်ထွေး၊ ဦးအောင်ကျော်ဆန်း၊ ဦးသန့်ဇင်စိုးနဲ့ ဦးပိုင်စိုးဦး စတဲ့ သတင်းသမား (၈) ဦးရဲ့အမည်နဲ့ လုပ်ဆောင်ချက်တွေကိုလည်း စီပီဂျေ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

အလွတ်သတင်းသမား နေမင်းလို့ လူသိများတဲ့ ရှေ့နေဦးဝင်းရွှေဟာ အကျဉ်းကျသတင်းသမားတွေထဲမှာ ၀ါအရင့်ဆုံးဖြစ်ပုံရပါတယ်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံနဲ့ပတ်သက်ပြီး ဘီဘီစီကို သတင်းပေးပို့ရာမှာ အဓိကအခန်းက ပါဝင်ခဲ့သူဖြစ်တယ်။ ၁၉၈၉ မှာ အဖမ်းခံရပြီး ထောင်ဒဏ် (၁၄) နှစ် ကျသွားသူပဲဖြစ်တယ်။ အင်းစိန်ထောင်မှာ (၉) နှစ်နေပြီး ၁၉၉၈ မှာ လွတ်လာပါတယ်။ နိုင်ငံခြားရောက် အတိုက်အခံအဖွဲ့တွေကို သတင်းပေးပို့မှုနဲ့ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ အလွတ်သတင်းသမား နေမင်းအဖမ်းခံရပြန်တယ်။ ကျန်တဲ့သတင်းသမားတွေကတော့ သံဃာဦးဆောင်တဲ့ ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲအကြောင်း နိုင်ငံခြားကို သတင်းပေးပို့မှုနဲ့ အဖမ်းခံကြရတာဖြစ်ပါတယ်။

ဟာသဆရာ ဇာဂနာ (ခေါ်) မောင်သူရဟာ ၁၉၉၀ က ၁၉၉၄ အထိ အကျဉ်းကျခံခဲ့ရသူဖြစ်တယ်။ နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး စစ်အစိုးရတာဝန်ပျက်ကွက်ပုံကို ဘီဘီစီအပါအ၀င် နိုင်ငံခြားသတင်းဌာနတွေကို ပြောပြတဲ့အမှုနဲ့ ထောင်ဒဏ် (၅၉) နှစ် ချခံရသူဖြစ်တယ်။ နောက်တော့မှ ထောင်ဒဏ် (၃၅) နှစ်အထိ လျှော့ချလိုက်တယ်လို့ သိရတယ်။ ဆရာဇာဂနာကို နိုင်ငံခြားအဖွဲ့အစည်းအချို့က လူ့အခွင့်အရေးနဲ့ စာပေဆုတွေ ချီးမြှင့်ထားတယ်။ နိုင်ငံခြားကို သတင်းပေးပို့မှုမှာ ကြီးလေးတဲ့အပြစ်ဒဏ် ပေးနေတာကိုကြည့်ရင် သတင်းပျံ့နှံ့သွားမှာကို စစ်အစိုးရ အလွန်စိုးရိမ်ပူပန် ကြောက်လန့်နေတာ ထင်ရှားတယ်။

ဝါရှင်တန်မြို့တော်အခြေစိုက် Freedom House အဖွဲ့က ထုတ်ဝေနေကျ သတင်းမီဒီယာလွတ်လပ်မှု နှစ်လည်စစ်တမ်းကို ဧပြီလကုန်က ထုတ်ဝေလိုက်တယ်။ နိုင်ငံပေါင်း (၁၉၅) နိုင်ငံရဲ့ ၂၀၀၉ ခုနှစ် သတင်းမီဒီယာလွတ်လပ်မှုအခြေအနေကို ဖော်ပြတယ်။ ပုံနှိပ်မီဒီယာ အသံလွှင့် မီဒီယာနဲ့အင်တာနက် မီဒီယာတွေမှာ ဘယ်လောက်လွတ်လပ်မှု ရှိသလဲဆိုတာကို ဆန်းစစ်ထားတာပါပဲ။ လွတ်လပ်မှုရှိတဲ့နိုင်ငံ၊ လွတ်လပ်မှု အနည်းငယ်ရှိတဲ့နိုင်ငံနဲ့ လွတ်လပ်မှုမရှိတဲ့ နိုင်ငံဆိုပြီး သုံးမျိုးခွဲခြား သတ်မှတ်တယ်။

Freedom House နှစ်လည်စစ်တမ်းကောက်ယူတဲ့ (၁၉၅) နိုင်ငံထဲက အဆိုးဝါးဆုံး (၁၀) နိုင်ငံထဲမှာ အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ မြောက်ကိုရီးယားနဲ့အီရန်နိုင်ငံပါဝင်တယ်။ ဒီနိုင်ငံတွေမှာ လွတ်လပ်တဲ့ သတင်းမီဒီယာ ကင်းမဲ့နေတယ်လို့ဆိုတယ်။ မြန်မာပြည်အကြောင်း (၄) မျက်နှာ ရေးထားပြီး နိုင်ငံရေးနဲ့ လူမှုရေး လွတ်လပ်မှု ဆိတ်သုဉ်းတဲ့နိုင်ငံအဖြစ် ဖော်ပြတယ်။ အာဏာသိမ်းထားတာ မှန်ကန်ကြောင်း ပြနိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာကိုလည်း ဖော်ပြတယ်။

Freedom House သတင်းမီးဒီယာ စစ်တမ်းနဲ့အတူ တချိန်တည်းထုတ်ဝေတဲ့ TIME အပတ်စဉ်မဂ္ဂဇင်းကတော့ သြဇာအရှိန်အ၀ါရှိတဲ့ ပုဂ္ဂိုလ် (၁၀၀) အကြောင်းကို ဖော်ပြတယ်။ ဒီပုဂ္ဂိုလ်တွေ စွမ်းစွမ်းတမံဆောင်ရွက်နိုင်တာကြောင့် အကျိုးသက်ရောက်မှု ကြီးမားပုံကို စောင်ရေသန်းချီထုတ်ဝေနေတဲ့ TIME အပတ်စဉ်မဂ္ဂဇင်းက ဖော်ပြတာဖြစ်တယ်။ ဒီလို ထူးခြားတဲ့ ပုဂ္ဂိုလ် (၁၀၀) ထဲမှာ ‘နေဖုန်းလတ်’ ဆိုတဲ့ မြန်မာလူငယ်လည်း ပါဝင်တယ်။ ‘နေဖုန်းလတ်’ အကြောင်း နာမည်ကျော် ၀တ္ထုရေးဆရာ Salman Rushdie က ရေးထားတယ်။ သံဃာဦးဆောင်တဲ့ ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲကို ကမ္ဘာကသိအောင် နေဖုန်းလတ်က သတင်းဖြန့်နိုင်တာဟာ အိုမင်းရင့်ရော်နေတဲ့ အာဏာရှင်စနစ်ကို လူငယ့်အားမာန်နဲ့ ဖီဆန်လိုက်တာပဲဖြစ်ကြောင်း နေဖုန်းလတ်လိုလူမျိုး မြန်မာပြည်မှာ လိုအပ်နေကြောင်း Salman Rushdie က ရေးတယ်။

နေဘုန်းလတ်ကို ပထမ ထောင်အနှစ် (၂၀) ချပြီးတော့မှ ပြင်ဆင်ပြီး ထောင်ဒဏ် (၁၂) နှစ် ချမှတ်တာကိုကြည့်ရင် လွတ်လပ်စွာ သတင်းပေးပို့တာကို မြန်မာစစ်အစိုးရ အလွန်ကြောက်တာ ထင်ရှားတယ်။ သတင်းစာတစောင်ဟာ လှံစွပ်တထောင်ထက် ပိုပြီးကြောက်ဖို့ကောင်းတယ်လို့ ပြင်သစ်ဗိုလ်ချုပ်ကြီး နပိုလီယံ (၁၉) ရာစုက မှတ်ချက်ချထားတာကို မြန်မာဗိုလ်ချုပ်ကြီးတွေ အမြဲတမ်း သတိရနေပုံပါပဲ။

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးနေ့မှာ ထုတ်ဝေတဲ့ ပဲရစ်အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအသင်းက ထုတ်ဝေတဲ့ အစီရင်ခံစာမှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်ဖျက်ဆီးသူ (၄၀) ထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးတို့ ပါဝင်နေတယ်။ သူတို့နှစ်ဦးစလုံးဟာ လျှို့ဝှက်ကြံစည်လုပ်ကိုင်တတ်ကြတဲ့ ကမ္ဘာ့အပယ်ခံတွေပဲ။ လွတ်လပ်တဲ့ သတင်းမီဒီယာကို သူတို့အကြောက်ဆုံးပါပဲ။

လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်မရှိရင် ပြည်သူလူထုရဲ့ ကဏ္ဍဟာ ရွေးကောက်ပွဲမှာတင် နိဂုံးချုပ်သွားပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်ကြပေမယ့် တိုင်းပြည်မှာ လွတ်လပ်မှုမရှိတဲ့အတွက် ပြည်သူလူထုအခန်းကဏ္ဍဟာ ရွေးကောက်ပွဲမှာတင် နိဂုံးချုပ်သွားတယ်။ တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ကို စစ်အစိုးရက ထောင်သွင်းအကျဉ်းချပြီး နှစ်ရှည်လများနှိပ်စက်ညှဉ်းပန်းတာကို ပြည်သူတွေ ဘာမှမတတ်နိုင်ဘူး။

လောလောဆယ်မှာတော့ တားဆီးပိတ်ပင်လို့မရတဲ့ နိုင်ငံခြားအခြေစိုက် မြန်မာရေဒီယို (၄) ခုကို မြန်မာစစ်အစိုးရ အကြောက်ဆုံးပဲ။ “VOA,BBC ရန်တိုက်ပေးနေသည်။ RFA,DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံလူသတ်သမား နားမယောက်လေနဲ့ သတိထား” ဆိုတဲ့ ကြော်ငြာကို အစိုးရသတင်းစာတွေမှာ နေ့စဉ်နေ့တိုင်း ဖော်ပြနေတာဟာ ပိတ်ပင်တားမြစ်လို့မရတဲ့ ပြည်ပအသံလွှင့်သတင်းသမားကို ဗိုလ်ချုပ်အသိုင်းအ၀ိုင်း ဘယ်လောက်ကြောက်သလဲဆိုတာ သိနိုင်တယ်။ အမှန်ပြောတာကို မယုံနဲ့လို့ ပြောတာနဲ့ အတူတူမို့ ရေဒီယိုပရိသတ်တောင် တိုးလာသေးတယ်။

အောက်ပိုင်းမှာ မတရားလုပ်နေတာတွေကို တပြည်လုံးကြားအောင် အသံလွှင့်ပေးနိုင်လို့ ရပ်တန့်သွားတဲ့ သာဓကတွေ ရှိတယ်။ ပြည်ပရေဒီယိုတွေ ဒီလိုဖော်ထုတ်နိုင်တာဟာ ပြည်တွင်းရေဒီယိုပရိသတ် မကြောက်မရွံ့သတင်းပေးနေလို့ပဲ။ ဒီလူတွေဟာ နိုင်ငံသားသတင်းသမားပဲ။ နိုင်ငံသားသတင်းသမားတွေ များလာလေလေ အာဏာရှင်နဲ့ပါးကွက်အာဏာသားစနစ် ကျဆုံးဖို့ အလားအလာ များလေလေလို့ ပြောနိုင်တယ်။

ရွေးကောက်ပွဲနှင့် သတင်းမီဒီယာသမားတို့၏ တာဝန်

ဇင်လင်း / ၂၁ ဇွန် ၂၀၁၀


၂၀၁၀ အတွင်း ရွေးကောက်ပွဲ အသေအချာ ကျင်းပမည်ဟု နအဖအာဏာပိုင်တို့က ကြေညာထားသည်။ ယခုအထိ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၂) ခုရှိသည်။ ယင်းတို့အနက် (၃၃) ပါတီကို မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ၂၀၁၀ နှစ်တ၀က်ကျိုးပြီ ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့်ရက်က ယခုတိုင် ဘယ်ဆီနေမှန်းမသိ။ အခင်းအကျင်းအရ ‘စစ်အာဏာရှင်စနစ်’ မှ ‘အရပ်ဝတ် စစ်အာဏာပိုင်စနစ်’ သို့ ပြောင်းမည့် ရွေးကောက်ပွဲဖြစ်သော်လည်း ‘နအဖ’ က နိုင်ငံတကာအမြင်ကောင်းသည့် ရွေးကောက်ပွဲဖြစ်ရေးကို နည်းမျိုးစုံသုံး၍ ကြိုးပမ်းနေသည်။ သို့သော် နိုင်ငံတကာအမြင်တွင် အရေးအပါဆုံးဖြစ်သည့် သတင်းစာလွတ်လပ်ခွင့်က ယခုအထိ ပိတ်ပင်ထားဆဲရှိသည်။

စင်စစ် နိုင်ငံရေးပါတီများ ဖွဲ့ခွင့်ပြုသည်နှင့် တပြိုင်နက် လွတ်လပ်စွာ ပြောဆိုစည်းရုံးပိုင်ခွင့်နှင့် စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိပိုင်ခွင့်တို့မှာ နိုင်ငံရေးပါတီတိုင်း၏ မွေးရာပါအခွင့်အရေးအဖြစ် ခွင့်ပြုပြီးဖြစ်ရမည်။ ရွေးကောက်ပွဲမတိုင်မီ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာရေးသားပိုင်ခွင့် ရရှိရေးသည် အထူးအရေးကြီးသောကိစ္စဖြစ်သည်။ ရွေးကောက်ပွဲတခု ကျင်းပရာတွင် လွတ်လပ်၍ တရားမျှတမှုရှိ မရှိ၊ ပွင့်လင်းမြင်သာမှုရှိ မရှိ ဆိုသည့်အချက်ကို နိုင်ငံတကာလက်ခံနိုင်စေရန် သတင်းစာလွတ်လပ်ခွင့်သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ နိုင်ငံရေးပါတီများအားလည်း အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ သတင်းမီဒီယာကို လွတ်လပ်စွာ တန်းတူအသုံးပြုခွင့် ပေးရမည်လည်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ အပိုဒ် (၁၉) အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။ အများပြည်သူသို့ သတင်းအချက်အလက် ဖြန့်ဝေခွင့်နှင့် ကိုယ်တိုင်လည်း သတင်းအချက်အလက် လက်ခံရယူပိုင်ခွင့်တို့သည် လူတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ အဆိုပါ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့် မရရှိပါက ကျန်လူ့အခွင့်အရေးဆိုသည်တို့ကို ခံစားခွင့်ရရှိရန်မှာ ဖြစ်နိုင်စရာမရှိပေ။

ဆိုလိုသည်မှာ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်များ ဆုံးရှုံးသဖြင့် နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့နိုင်ငံရေးအယူအဆနှင့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထု သိရှိနားလည်အောင် ရှင်းလင်းပြောပြနိုင်ခွင့်လည်း ဆုံးရှုံးရသည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်မပေးသည့် သဘောပင်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများသည် ယခုအချိန်အထိ လွတ်လပ်စွာ ပြောဆိုစည်းရုံးပိုင်ခွင့်နှင့် စာအုပ်စာတမ်း ထုတ်ဝေဖြန့်ချိပိုင်ခွင့် မရရှိသေး။ ပါတီမူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ထုတ်ဝေလိုပါက “၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ” နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ထံသို့ ‘နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင်’ လျှောက်ထားကြရမည်ဖြစ်သည်။

ထို့နောက် ထုတ်ဝေခွင့်မှတ်ပုံတင် ရရှိပြီးသော နိုင်ငံရေးပါတီများသည် ၎င်းတို့ထုတ်ဝေလိုသော ပါတီ၏ မူဝါဒ၊ ဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များအတွက် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနသို့ ကြိုတင်တင်ပြ စိစစ်မှုခံယူခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဟုဆိုသည်။ သို့ရာတွင် နိုင်ငံရေးပါတီထုတ်ဝေစာများ ပုံနှိပ်ထုတ်ဝေရာတွင် လိုက်နာရမည့် စည်းကမ်းချက် (၁၁) ချက်ကို လိုက်နာရမည်ဖြစ်သည်။

ယင်းစည်းကမ်းချက်များတွင် မှတ်ပုံတင်သက်သေခံလက်မှတ် ထုတ်ပေးရန်အတွက် နိုင်ငံတော်သို့ သတ်မှတ်ထားသော မှတ်ပုံတင်ကြေး တသိန်းနှင့် အာမခံကြေး ငါးသိန်း စုစုပေါင်း (၆) သိန်း ကြိုတင်ပေးသွင်းရမည်။ ပုံနှိပ်ပြီး စာရွက်စာတမ်းများအား ထုတ်ဝေဖြန့်ချိသည်နှင့် တပြိုင်နက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ပုံနှိပ်မူ (၁၀) စောင် တင်ပြရမည်။ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ပေးပို့တင်ပြပြီးသော စာမူများကိုသာ ၀က်ဘ်ဆိုက်တင်ခွင့်ရှိသည်။ ထို့ပြင် တပ်မတော်အား ထိပါးပုတ်ခတ်သွေးခွဲခြင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဆင့်ဆင့်၊ နိုင်ငံတော်အစိုးရတို့အား ဆန့်ကျင်ခြင်း စသည်တို့ကို မပြုရဟု ဆိုထားသည်။ စည်းကမ်းဖောက်သည်ဟု ယူဆလျှင် အာမခံကြေး ငါးသိန်းကို ဒဏ်ကြေးအဖြစ် သိမ်းယူမည့် သဘောဖြစ်သည်။

ထို့ပြင် ၂၀၀၈ ဖွဲစည်းပုံ အပိုဒ် ၃၅၄ (က) တွင် “ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် အခွင့်အရေးများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်” ဆိုသည့် စာတကြောင်းမျှသာပါရှိသည်။ လိုသလို ဆွဲဆန့်နိုင်သည့် အာဏာရှင်စနစ်ကာကွယ်ရေး ဥပဒေဖြစ်ကြောင်း ထင်ရှားသည်။ နောက်ထပ် အဟန့်အတားတခု ရှိသေးသည်။ မှတ်ပုံတင်ခွင့်ရရှိပြီးသော ပါတီများအနေဖြင့် ခွင့်ပြုချက်ကျပြီး ရက်ပေါင်း (၉၀) အတွင်း ကော်မရှင်သို့ ပါတီဝင်အင်အားစာရင်း တင်ပြရန် မေလ (၂၉) ရက်နေ့က အမိန့်ထုတ်လိုက်ပြန်သည်။

ပြည်ထောင်စုတဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်လျှင် ပါတီဝင်ဦးရေ အနည်းဆုံး (၁,ဝဝဝ) သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုခု၌ စည်းရုံးမည့် ပါတီဖြစ်လျှင် အနည်းဆုံး ပါတီဝင်ဦးရေ (၅ဝဝ) စည်းရုံးမည်ဟု ဝန်ခံချက်များနှင့်အတူ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြရသည်။ သို့ဖြင့် ပါတီဖျက်သိမ်းမခံရစေရန် ရက် (၉ဝ) အတွင်း အဖွဲ့ဝင်အင်အား ပြည့်မီရေးအတွက် ဆွေမျိုးများ၊ မိတ်ဆွေများထံ ကွင်းဆင်းစည်းရုံးနေကြရသည်။

ဤအခင်းအကျင်းအရဆိုလျှင် ပါတီငယ်အများစုအဖို့ ပါတီဖျက်သိမ်းခြင်း မခံရအောင် အားထုတ်နေရသဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးဝါဒဖြန့်ချိခွင့်တွင် တပန်းရှုံးနေရကြောင်း မြင်သာသည်။ ထိုမျှမက ငွေကြေးအင်အား ကွာဟမှုကလည်း (USDP) ကို မယှဉ်နိုင်ဖြစ်နေပြန်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အာဏာရှင်တို့ကိုယ်တိုင် ဖွဲ့စည်းထားသည့် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)” က အဘက်ဘက်မှ အသာစီးယူထားကြောင်း ပိုမိုထင်ရှားစေသည်။ ပါတီမှတ်ပုံမတင်မီ တနှစ်လောက်ကတည်းက USDP က မဲဆွယ်စည်းရုံးဝါဒဖြန့်ချိနေခဲ့သည့် အထောက်အထားများ ရှိပေသည်။ သာမန်လူထုအကြား၌ USDP နှင့် တစညပါတီကို ကြားဖူးနေကြသော်လည်း အသစ်ဖွဲသည့် ပါတီများနှင့် ပါတီခေါင်းဆောင်များကို သိသူ အလွန့်အလွန်နည်းပေသည်။

ယင်းအခြေအနေကိုကြည့်လျှင် နအဖက ပါတီများကို မဲဆွယ်စည်းရုံးခွင့်မပြုသေးဘဲ အချိန်ဆွဲကန့်သတ်ထားပုံမှာ ရည်ရွယ်ချက်ရှိရှိလုပ်ထားကြောင်း မြင်သာပေသည်။ အဓိကရည်ရွယ်ချက်မှာ အတိုက်အခံဖြစ်လာဖွယ်ရာရှိသည့် ပါတီများကို လူထုနှင့် ကင်းကွာအောင် လူမသိအောင် လုပ်ထားခြင်းဖြစ်သည်။ သို့မှသာ လွှတ်တော်များအတွင်း စစ်တပ်ဦးဆောင်သည့် ကြံ့ဖွံ့အစိုးရထူထောင်ရေး အောင်မြင်မည်မဟုတ်ပါလား။ ဤအနေအထားကိုကြည့်လျှင် USDP နှင့် တစညပါတီမှလွဲ၍ ကျန်နိုင်ငံရေးပါတီအများစုသည် ရွေးကောက်ပွဲမတိုင်မီကတည်းက ခွဲခြားဆက်ဆံခံနေရပေပြီ။

နိုင်ငံတကာ စံချိန်စံညွှန်းများအရ ရွေးကောက်ပွဲကျင်းပပေးသည့် အာဏာပိုင်အဖွဲ့သည် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်ဖြစ်သည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။ ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှု ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့် ပေးရမည်ဖြစ်သည်။

သို့သော် လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ပြောင်းပြန်ဖြစ်နေသည်။ လူထုသိရှိလိုသည့် သတင်းအချက်အလက်တို့ကို နအဖ စစ်အာဏာပိုင်များက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားလျက် သူတို့ပေးလိုသည့် သတင်းမျိုးကိုသာ ဖြန့်ဝေပေးသည်။ ဤသတင်းကိုသာ လူထုသိသင့်သည်၊ ဤသတင်းကား လူထုမသိအပ် စသဖြင့် အာဏာရှင်တို့က ဆုံးဖြတ်လုပ်ကိုင်နေခြင်းမျိုးဖြစ်သည်။

ဒီမိုကရေစီကျင့်သုံးမည့် အုပ်ချုပ်ရေးစနစ်တခုဆီသို့ သွားမည်ဟု ကြွေးကြော်ပါက သတင်းအချက်အလက်များ လွတ်လွတ်လပ်လပ် ရရှိပိုင်ခွင့် အားကောင်းစေရန်၊ သတင်းစီးဆင်းမှု လွတ်လပ်အဆင်ပြေချောမွေ့စွာ စီးဆင်းစေရန် အားပေးရမည်။ တနည်းအားဖြင့် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်းများ တိုးတက်ဖြစ်ထွန်းမှုကို လမ်းဖွင့်ပေးရမည်ဖြစ်သည်။ သို့သော် ယနေ့ရွေးကောက်ပွဲလုပ်ရန် (၃) လ ၀န်းကျင်မျှသာ အချိန်ရှိတော့သော်လည်း မြန်မာစစ်အာဏာပိုင်တို့က သတင်းလွတ်လပ်ခွင့် မပေးသေးဘဲ ရှိနေသည်။

အထူးသဖြင့် ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်များ ပိတ်ပင်ထားဆဲရှိသည်။ သတင်းဂျာနယ်များသည်လည်း စာပေစိစစ်ရေး၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်သေး။ နိုင်ငံရေးပါတီများသတင်းကို အာဏာပိုင်နှင့် နီးစပ်သည့် ဂျာနယ်များကိုသာ ထည့်ခွင့်ပေး၍ မနီးစပ်သူများမှာမူ ဆင်ဆာလုပ်ခြင်းခံနေရသည်။ ပိုဆိုးသည်မှာ ရေဒီယို၊ တီဗွီ အပါအ၀င် နိုင်ငံပိုင်မီဒီယာအားလုံးကို စစ်အုပ်စုကသာ ထိန်းချုပ်၍ ၀ါဒဖြန့်ယန္တရားအဖြစ် အသုံးပြုနေပြီး အခြားနိုင်ငံရေးပါတီများကို အသုံးပြုခွင့်မပေးခြင်းဖြစ်သည်။

ရွေးကောက်ပွဲတခုတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိလျှင် အဓိကနစ်နာသူမှာ ပြည်သူလူထုဖြစ်သည်။ ယနေ့မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ရွေးကောက်ပွဲအခင်းအကျင်းကိုကြည့်လျှင် လူထုအဖို့ သတင်းအမှန်ရရှိရန် အလွန်ခက်ခဲကြောင်း တွေ့နေရသည်။ သတင်းနှင့် စာနယ်ဇင်းလောကသားတို့တွင်လည်း လူထုသိသင့်သည့် ရွေးကောက်ပွဲ ပညာပေးဗဟုသုတနှင့် နိုင်ငံရေးပါတီများအကြောင်းကို ရေးခွင့်မရချေ။ ယခုရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို အခြေပြုကျင်းပခြင်းဖြစ်ရာ ထိုဖွဲ့စည်းပုံဥပဒေ၏ အားနည်းချက် အားသာချက်များကို ဝေဖန်သုံးသပ်တင်ပြရမည်မှာ သတင်းစာသမားတို့အလုပ်ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်များကိုလည်း သတင်းသမားတို့က ပြည်သူသိရှိအောင် ရေးကြရမည်။ လိုအပ်ချက်တွေ့လျှင် ထောက်ပြရမည့် တာဝန်ရှိသည်။

အလားတူ နိုင်ငံရေးပါတီများ၏ မူဝါဒများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၏ သဘောထားအမြင်များ၊ နောက်ခံသမိုင်းများ စသည်တို့ကို ပြည်သူလူထုသိအောင် စုံစမ်းလေ့လာတင်ပြရန်မှာလည်း သတင်းမီဒီယာ၏ အလုပ်ပင်ဖြစ်သည်။ ထိုမျှမက ပြည်သူတဦးချင်း၏ ရွေးကောက်ပွဲအပေါ် အမြင်များကိုလည်း သတင်းမီဒီယာက မေးမြန်းတင်ပြနေသင့်သည်။ သို့သော်လည်း၊ လက်ရှိအာဏာပိုင်က စည်းမျဉ်းဥပဒေ ကန့်သတ်ချက်အမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်နေသဖြင့်၊ ပြည်သူကလည်း မပြောရဲ၊ သတင်းမီဒီယာကလည်း မဖော်ပြရဲ ဖြစ်နေသည်။ ထိုသို့ လူထုသိသင့်သည့် သတင်းများကို မီဒီယာအား ရေးခွင့်မပြုခြင်းကြောင့် ယခုရွေးကောက်ကို လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု နိုင်ငံတကာက မှတ်ချက်ပေးလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲတခု လွတ်လပ်၍ တရားမျှတမှုရှိ မရှိကို စောင့်ကြည့်ရမည့် တာဝန်ရှိအဖွဲ့အစည်းများအနက် သတင်းမီဒီယာလည်း အဓိကအခန်းမှ ပါဝင်နေ၍ဖြစ်သည်။

နိုင်ငံများသည် ရွေးကောက်ပွဲစံချိန်များကို မည်၍မည်မျှ လိုက်နာကြသနည်းဆိုသည်ကို သိရှိနိုင်ရန် သတင်းစာသမားများ အပါအ၀င် လေ့လာစောင့်ကြည့်သူများ ထားရန်လိုအပ်သည်။ ၁၉၉၀ ခုနှစ်က ‘ကိုပင်ဟေဂင်’ ၌ ကျင်းပသော (The Organization for Security and Co-operation in Europe) OSCE ညီလာခံတွင် ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ၏ အခန်းကဏ္ဍကို ထည့်သွင်းဖော်ပြခဲ့သည်။ နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းမှ ‘ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ’ ရှိနေခြင်းအားဖြင့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှုဆိုင်ရာ ယုံကြည်ကိုးစားနိုင်မှု အခြေအနေနှုန်းစံများကို ပိုမိုမြင့်မားစေမည်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုလုပ်ငန်းစဉ်သည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်းနှင့်လည်း တိုက်ရိုက်ဆက်စပ်နေသည်။ သတင်းမီဒီယာ အပါအ၀င် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ရှိခြင်းအားဖြင့် ဥပဒေချိုးဖောက်မှုများကို ထိန်းကျောင်းပေးနိုင်၍ ရွေးကောက်ပွဲရလဒ်အပေါ် လူထု၏ ယုံကြည်အလေးထားမှုကို ရရှိစေသည်။ ရွေးကောက်ပွဲတွင် လူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ပိုမိုအားပေးရာရောက်သည်။

စင်စစ် ရွေးကောက်ပွဲ ကျင်းပသူတို့အနေဖြင့် နိုင်ငံတကာ လေးစားအသိအမှတ်ပြုမှု ရယူလိုလျှင် ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပနေဆဲ၊ ကျင်းပပြီးနောက် အခြေအနေ (၃) ရပ်လုံးတွင် သတင်းစာလွတ်လပ်ခွင့် ပေးရပေမည်။ NLD ရွေးကောက်ပွဲ ဘာကြောင့်မ၀င်သနည်း ဆိုသည့် သတင်းကိုလည်း နိုင်ငံပိုင်မီဒီယာကတဆင့် လူထုအား အသိပေးရဲရမည်။ UNDP ပါတီ ဖွဲ့စည်းထူထောင်မှုသည် ဥပဒေနှင့် ဆန့်ကျင်မှုမရှိဟုဆိုလျှင် သတင်းမီဒီယာမှတဆင့် ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်ရမည်။ သတင်းစာဆရာတို့အား တွေ့ဆုံမေးမြန်းခွင့် ပေးရဲရမည်။ ရွေးကောက်ပွဲ အစပျိုးစဉ်ကတည်းက ယခုထိ သတင်းမီဒီယာလွတ်လပ်မှု မရှိခဲ့သဖြင့် ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားအားလုံးအပါအ၀င် ပြည်တွင်းလူထုနှင့် နိုင်ငံတကာကပါ အယုံအကြည်မရှိ ဖြစ်နေခြင်းဖြစ်သည်။ သတင်းအမှန်ကို ပိတ်ပင်ထားခြင်းသည် ကောလာဟလ အတင်းအဖျင်းများ လူထုအကြား ပျံ့နှံ့စေခြင်း၏ အရင်းခံအကြောင်းဖြစ်သည်။

ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်သည်။ ပြည်သူလူထုတွင် သတင်းအချက်အလက် မှန်မှန်ကန်ကန် သိခွင့်ရရှိခြင်းအားဖြင့် ပြည်သူတို့ ရသင့်သော အခြားအခွင့်အရေးနှင့် အခွင့်အလမ်းများကို အကာအကွယ်ပေးရာ၌လည်း အထောက်အကူဖြစ်စေသည်။ သို့သော် နအဖစစ်အာဏာပိုင်များ၏ ရည်ရွယ်ချက်မှာ စစ်အာဏာတည်မြဲရေးကို ကာကွယ်ရန်ဖြစ်သည်။ ပြည်သူ့အခွင့်အရေးကို အကာအကွယ်ပေးရန် မဟုတ်ပေ။ သို့ဖြစ်၍ နိုင်ငံတကာစံချိန်စံညွှန်းအရ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရေးကို ‘နအဖ’ က ဆန့်ကျင်သည်မှာ အံ့သြစရာမဟုတ်ချေ။ သို့ဆိုလျှင် Political Space ရှာဖွေရေးလုပ်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် သတင်းမီဒီယာမျက်နှာစာပေါ်၌ပင်လျှင် Space တခုရရှိရန် မလွယ်ဟု ဆိုရတော့မည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ USDP ပါတီကတော့ ခြွင်းချက်ဖြစ်လိမ့်မည်။ လက်ရှိနိုင်ငံပိုင်ရေဒီယို၊ FM ရေဒီယို၊ တီဗွီနှင့် သတင်းစာဂျာနယ်များကို စစ်အာဏာတည်မြဲရေး ၀ါဒဖြန့်ယန္တရားအဖြစ် အသုံးချလျက် ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ကို အပုပ်ချတိုက်ခိုက်နေပေသည်။ အမှန်မှာ ထိုမီဒီယာများကို ‘နအဖ’ တဦးတည်းပိုင် လုပ်ထား၍မရ။ ကျန်နိုင်ငံရေးပါတီများအားလည်း မျှတစွာ အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။ ထိုမျှမက လူမှုရေးအသင်းအဖွဲ့များ၊ NGO များကိုပင် အခါအားလျော်စွာ အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။

လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီများကို မဆိုထားနှင့်၊ သတင်းစာဆရာနှင့် သတင်းထောက်များကိုယ်တိုင်ပင်လျှင် သတင်းစာမျက်နှာများပေါ်တွင် လုံလောက်သည့် Space မရသေးဘဲရှိနေသည်။ ခြုံငုံသုံးသပ်လိုက်လျှင် နိုင်ငံသားများ၏ အခြေခံပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာပြောဆိုရေးသား သတင်းဖလှယ် သတင်းဖြန့်ချိခွင့်ကို ယခုထိ စစ်အာဏာပိုင်တို့က ခွင့်မပြု။ သတင်းစာသမားများအားလည်း ဆင်ဆာကင်းလွတ်ခွင့်မပေးသေး။ နေ့စဉ်သတင်းစာ ထုတ်ခွင့်မပြုသေး။ နိုင်ငံအုပ်ချုပ်သူများအား သတင်းစာခေါင်းကြီးမှ ဝေဖန်ခွင့်မပြုသေး။ နိုင်ငံရေးပါတီ နိုင်ငံရေးသမားများအားလည်း ဟောပြောစည်းရုံးခွင့်၊ ပါတီမူဝါဒများကို ရှင်းပြရန် သတင်းမီဒီယာအသုံးပြုခွင့် မပေးသေး။

ထိုထိုသော သတင်းလွတ်လပ်ခွင့် အပါအ၀င် နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို တင်းကျပ်စွာ ပိတ်ပင်ထားသော အခြေအနေအောက်၌ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအငွေ့အသက်ဟူ၍ ဘာတခုမျှ ရှာတွေ့ဖွယ်ရာမရှိပါ။ နိုင်ငံရေးပါတီများ၏ မွေးရာပါအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ စည်းရုံးဟောပြော စာအုပ်စာတန်းဖြန့်ချိခွင့်ကိုပင် နှောင်ကြိုးအထပ်ထပ် တုတ်နှောင်ထားသည်ကို ကြည့်ခြင်းအားဖြင့်လည်း Political Space ဖြစ်စေ၊ ဒီမိုကရေစီ တရွေးသားမျှဖြစ်စေ ရှာဖွေတွေ့ရှိရန် လမ်းမမြင်ပါ။

ထို့ကြောင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာလောကသားတို့၏ ယနေ့တာဝန်မှာ သတင်းစာလွတ်လပ်ခွင့် မရှိသော နအဖ၏ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတမှုမရှိသော ရွေးကောက်ပွဲအဖြစ် ၀ိုင်းဝန်းစောင့်ကြည့် ဖွင့်ချကြရေးဖြစ်သည်။ ထို့ပြင် ပြည်သူလူထုအား မတရားသော ရွေးကောက်ပွဲတွင် မဲဆန္ဒမပေးလိုက မပေးဘဲနေပိုင်ခွင့်ရှိကြောင်း အသိပေးရန်တာဝန်မှာလည်း သတင်းသမားတို့ တာဝန်ပင်ဖြစ်သည်ဟု သုံးသပ်မိပါသည်။

Tuesday, March 16, 2010

နှောင်ကြိုးနဲ့ မီဒီယာ၊ နှောင်ကြိုးမဲ့မီဒီယာ

'လွတ်လပ်ပြီး တရားမျတတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်ဖို့အတွက် လွတ်လပ်တဲ့မီဒီယာတွေရဲ့ အခန်း ကဏ္ဍဟာ ဘယ်လောက်အထိ အရေးပါသလဲ' ဂျာနယ်တစ်စောင်က မိန်းကလေး တစ်ယောက် လာမေးတာ ဖြစ်ပါတယ်။

'ရွေးကောက်ပွဲက အရေးပါ သလောက်ကို ပါပါတယ်'

နိုင်ငံရေးကြော်ငြာတွေ

ဟုတ်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ဖို့အတွက် မဲဆန္ဒရှင် ပြည်သူလူထုက သူတို့ ကြိုက်နှစ်သက်ရာ ပါတီနဲ့ လူပုဂ္ဂိုလ် များကို လွတ်လပ်စွာ၊ သန့်ရှင်းစွာ ဆန္ဒမဲပေး ရွေးချယ်ခွင့် ရှိဖို့လိုပါ တယ်။ အဲဒီလို ရွေးချယ် နိုင်စေဖို့အတွက် မီဒီယာများရဲ့ ကူညီပံ့ပိုးမှု မရှိ မဖြစ် လိုအပ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ၀င်ရောက်ယှဉ် ပြိုင်မယ့် နိုင်ငံရေး ပါတီ အသီးသီးက သူတို့ရဲ့ ပေါ်လစီမူဝါဒတွေကို ပြည်သူလူထု သိရှိအောင်၊ စာရွက်စာတမ်းတွေ ရိုက်နှိပ်ထုတ်ဝေပြီး အသိပေးကြပါတယ်။ သူတို့ပါတီ ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများ အ ကြောင်းကိုလည်း ဖော်ပြပေးကြပါတယ်။ အဲဒီလို ဖော်ပြ ကြော်ငြာကြရာမှာ ကြော်ငြာတို့ ထုံးစံအတိုင်း 'ကောင်းပေ့-ညွန့်ပေ့' ဆိုတာတွေ ချည်း ထည့်ရေးကြမြဲ ဖြစ်ပါတယ်။ ဘယ်ပါတီမျိုးကမှ ကျွန်တော်တို့ကတော့ စုပေါင်းစပ်ပေါင်း ခပ်ညံ့ညံ့ ပါတီ ဖြစ်ပါတယ်ခင်ဗျာလို့ အမှန်အတိုင်း ပြောကြရိုး မရှိပါဘူး။ အလားတူပဲ သူတို့ကိုယ်စားလှယ်လောင်းတွေ အကြောင်းလည်း မှန်တဲ့အတိုင်း ဘယ်တော့မှ မပြောပါဘူး။ တိုင်းချစ် ပြည်ချစ် မျိုးချစ် ပုဂ္ဂိုလ်ကြီးအဖြစ် ရွှန်းရွှန်းဝေအောင် အမွှမ်းတင်တာ မျိုးတွေပဲ ပြောကြရေးကြမှာပါ။

နှောင်ကြိုးနဲ့ မီဒီယာ

အဲဒီအခါမှာ ပါတီတွေကို ထောက်ခံအားပေးတဲ့။ ဒါမှမဟုတ် ပါတီတွေ က ထောက်ပံ့ ပေးကမ်းထားတဲ့ မီဒီ ယာတွေကလည်း မလွဲမသွေ ရှိမြဲ ဖြစ်လေတော့ အဲဒီမီဒီယာမျိုးတွေက သူတို့ တိမ်းညွှတ်ရာ ပါတီများနဲ့ ကိုယ်စားလှယ်များ ဘက်က ၀ါဒဖြန့် ရေးသား ပေးကြပါလိမ့်မယ်။ မဲဆန္ဒရှင်များ အတွက် စိတ်ထွေပြားစရာတွေ အများကြီး တွေ့ကြမှာဖြစ်တယ်။ စတုတ္ထ မဏ္ဍိုင်ပီသတဲ့ လွတ်လပ်ပြီး နှောင်ကြိုး လုံးဝကင်းစင်တဲ့ မီဒီယာ တွေက ကြော်ငြာမှိုင်း အမျိုးမျိုးတွေ ကြားမှာ စိတ်တွေထွေ ပြားနေကြတဲ့ မဲဆန္ဒရှင်များကို ပါတီမျိုးစုံရဲ့ မူဝါဒ ပေါင်းစုံကို ခွဲခြမ်း စိတ်ဖြာသုံးသပ်မှုတွေ ရေးသား ဖော်ပြပေးခြင်းအားဖြင့် ကူညီရပါတယ်။ နောက်ကွယ်ကနေ ပြီး ဟိုနိုင်ငံ၊ ဒီနိုင်ငံ၊ ဟိုအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းတွေက ပေးကမ်း ထောက်ပံ့ပေးပြီး နှောင်ကြိုးတွေနဲ့ ချည်နှောင်ထားတာမျိုးတွေ ရှိရင်လည်း ဖော်ထုတ် ဖွင့်ချပေးရပါတယ်။ ကိုယ်စားလှယ်လောင်း သောင်းခြောက်ထောင် ထဲမှာ ဖြူစင်ရိုးသား တဲ့ ပုဂ္ဂိုလ်များ ပါရှိနိုင်သလို လူကြီးလူကောင်း ယောင်ဆောင်ထားတဲ့ 'ငတက်ပြား'တွေလည်း ပါလာနိုင်တယ်။ ရှေးနိုင်ငံရေး ခေတ်ကလည်း နယ်မှာဓားပြတိုက်၊ လူသတ်သူများ မိန်းမကို မတော်တရော် ပြုကျင့်တဲ့ ပြူစောထီးဗိုလ် က အမတ်တက်ဖြစ်ရုံမက ပါလီမန်အတွင်းဝန်တို့ ဘာတို့အထိ တက်ဖြစ်သွားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

နှောင်ကြိုးမဲ့မီဒီယာ

တချို့ကျတော့ ခေတ်တစ်ခု ပြောင်းတိုင်း အရောင်တစ်ရောင်လိုက် ပြောင်းပြီး အခွင့်အရေးကောင်း မှန်သမျ ရအောင် ယူတတ်ကြတယ်။ မြန်မာပြည်မှာ ရှိရှိသမျ နိုင်ငံရေးပါတီ အကုန်လုံးမှာ မပါဖူးတဲ့ ပါတီမရှိဆိုသူ တွေတောင် ရှိခဲ့ဖူးတယ်။ အမတ်လောင်း ကိုယ်စားလှယ်လောင်းတွေ ရဲ့ဘ၀မှန်၊ အဖြစ်မှန်၊ အရောင်မှန် တွေကိုလည်း လွတ်လပ်တဲ့ မီဒီယာ တွေကမှ အမှန်အတိုင်း ရှာဖွေတင်ပြ ရေးသားကြမှာ ဖြစ်တယ်။ အစွဲနဲ့ နှောင်ကြိုးမကင်းတဲ့ မီဒီယာတွေကတော့ ဒါမျိုးတွေကို ဘယ်တော့မှ ရေးကြမှာ မဟုတ်ဘူး။ သူတို့က တော့ အပေါ်ယံ ရွှေမှုန်ကြဲ သတင်းမျိုးတွေသာ ရေးကြမှာဖြစ်တယ်။ အဲဒါကြောင့် စတုတ္ထမဏ္ဍိုင် ပီသပြီး အစွဲနဲ့ နှောင်ကြိုး လုံးဝကင်းရှင်းတဲ့ မီဒီယာတွေဟာ မရှိမဖြစ် လိုအပ်တယ်။ ဒီလို မီဒီယာမျိုးတွေကမှ လုံးဝ လွတ်လပ်ပြီး တရားမျတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာမခံချက် ပေးနိုင်တာ ဖြစ်တယ်။ မီဒီယာတွေက လည်း ရိုးသားသန့်ရှင်းပြီး အမှန်တရား မျက်နှာတစ်ခုတည်းကိုသာ ကြည့်တဲ့ လူငယ် သတင်းသမားတွေ များများစားစား ပေါ်ထွက်လာအောင် လေ့ကျင့် သင်ကြားပေးထား ဖို့လိုပါတယ်။ မီဒီယာတွေရဲ့ လော လောဆယ် အနေအထားကို ကြည့်ရတာကတော့ လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြုမယ့် နောင်တစ်ခေတ်အတွက် အဆင်သင့်ဖြစ်မှု အားနည်း နေသေးတယ်လို့ ထင်မြင်မိတယ်။

အခုအချိန်မှာ ရွေးကောက်ပွဲ ထက် ရွေးကောက်ပွဲလွန် နိုင်ငံရေး (Post election Politics) အကြောင်းက ပိုစိတ်ဝင်စားဖို့ ကောင်းပြီး ပိုပြီး သိမ်မွေ့တယ်လို့ယူဆပါ တယ်။ ရွေးကောက်ပွဲပြီး အစိုးရဟာ ဘယ်ပုံသဏ္ဍာန်မျိုး ဖြစ်လာမလဲ။ လွှတ်တော်ဟာ ဘယ်လောက် အရေးပါတဲ့ နေရာမှာ ရှိနေပြီး ဘယ်လောက် အထိ လုပ်ပိုင်ခွင့်တွေ ရှိမလဲ။ တိုင်းရင်းသား လူမျိုးစု ပြည်နယ်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ရှိကြမယ့် အဆင့်ဆင့်သော လွှတ်တော်တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲ ဆိုတာတွေက အင်မတန်လည်း 'ထိလွယ်ရှလွယ်' ဖြစ်ပါတယ်။


နတ်ဆေးတော်ကြီးတဲ့

ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတော့ အခုလက်ရှိစာနယ်ဇင်း တွေမှာ ရေးသားဖော်ပြနေကြတာ တွေကြည့်လိုက်တော့ ရေးသူအား လုံးက ရွေးကောက်ပွဲဆိုတာ မဟာ သြသဓ နတ်ဆေးတော်ကြီးဖြစ်လို့ ရောဂါအားလုံးကို ကုသပေးနိုင်လိမ့် မယ်။ အားလုံး မျော်လင့်တောင့်တ နေတဲ့ ရွှေပြည်တော်ကြီးရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ် တယ်ဆိုတာမျိုးတွေပဲ ရေးသားနေ ကြတာတွေ့ရတယ်။ ဒီရေးသားမှုမျိုး က လူတွေကို မျော်လင့်ချက်မှား (False hope) တွေပေးနေတာ ဖြစ်တယ်။ ရွေးကောက်ပွဲ ပြီးသွားလို့ မျော်လင့်ထားတဲ့အတိုင်း ချက်ချင်း ဖြစ်မလာရင် လူတွေက ရွေးကောက်ပွဲကို သာမက ဒီမိုကရေစီ လုပ်ငန်းစဉ် တစ်ခုလုံးကိုပါ စိတ်ပျက်လက်ပျက် ဖြစ်သွားစေနိုင်တဲ့ အန္တရာယ်ရှိပါ တယ်။ ရွေးကောက်ပွဲဆိုတာ မဟာ သြသဓနတ် ဆေးတော်ကြီး မဟုတ်ပါဘူး။ အရာရာကို ကုစားမပေး နိုင်ပါဘူး။ ဒီမိုကရေစီလုပ်ငန်းစဉ် တွေထဲက နည်းလမ်းတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ အကြောင်း မဲဆန္ဒရှင် ပြည်သူတွေသိအောင် အသိပေးတင် ပြထားဖို့လိုပါတယ်။

ထိလွယ်ရှလွယ်ကိစ္စတွေ
အခုအချိန်မှာ ရွေးကောက်ပွဲ ထက် ရွေးကောက်ပွဲလွန် နိုင်ငံရေး (Post election Politics) အကြောင်းက ပိုစိတ်ဝင်စားဖို့ ကောင်းပြီး ပိုပြီး သိမ်မွေ့တယ်လို့ယူဆပါ တယ်။ ရွေးကောက်ပွဲပြီး အစိုးရဟာ ဘယ်ပုံသဏ္ဍာန်မျိုး ဖြစ်လာမလဲ။ လွှတ်တော်ဟာ ဘယ်လောက်အရေး ပါတဲ့နေရာမှာ ရှိနေပြီး ဘယ်လောက် အထိ လုပ်ပိုင်ခွင့်တွေ ရှိမလဲ။ တိုင်းရင်းသား လူမျိုးစု ပြည်နယ်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ရှိကြမယ့် အဆင့်ဆင့်သော လွှတ်တော်တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲ ဆိုတာတွေက အင်မတန်လည်း 'ထိလွယ်ရှလွယ်' ဖြစ်ပါတယ်။
ဒီကိစ္စတွေကို ကြိုတင်စဉ်းစားပြီး ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ရင် ဖြေရှင်းဖို့ နည်းလမ်းတွေလည်း ကြံဆထားဖို့ လိုပါလိမ့်မယ်။

ကြုံခဲ့ဖူးပါတယ်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ တွေ မရှိခဲ့ဖူးတာ မဟုတ်ပါဘူး။ ဖဆပလခေတ်မှာ ရွေးကောက်ပွဲသုံးကြိမ် လုပ်ခဲ့ဖူးပါတယ်။ နိုင်ငံရေး ပြဿနာတွေ၊ လူမျိုးစုပြဿနာတွေ မဖြေရှင်းနိုင်ခဲ့တဲ့ အတွက် လွတ်လပ်ရေးလွန် ၁၄ နှစ်ကာလမှာ စစ်တပ်အာဏာ သိမ်းယူမှု နှစ်ကြိမ် ကြုံခဲ့ရပါတယ်။ နောက်တစ်ခါ ၁၉၇၄ ခုနှစ်မှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ခု ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမရှိဘဲ အုပ်ချုပ်နေ တာထက် အခြေခံဥပဒေနဲ့ အုပ်ချုပ်တာက ပိုကောင်းတာပေါ့ ဆိုပြီး အတည်ပြုခဲ့ပါတယ်။ အဲဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲတွေလည်း လေးနှစ်တစ်ကြိမ် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် မှာ စစ်တပ်က တတိယအကြိမ်ဝင် ရောက်ပြီး အာဏာထိန်းချုပ်ခဲ့ရ ပြန်ပါတယ်။ ဘယ်သူတွေမှားတယ်၊ ဘယ်သူတွေမှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။

အစွဲကင်းဖို့လို

ရွေးကောက်ပွဲဆိုတာ ၉၆ ပါး ရောဂါဝေဒနာမျိုးစုံကို 'ဥုံဖွ ပျောက်စေ'ဆိုပြီး ကုစားပေးနိုင်တဲ့ မဟာ သြသဓနတ်ဆေးတော်ကြီး မဟုတ် ဘူးဆိုတာကို သိစေချင်တာပါ။ နတ်ဆေးတော်ကြီးသဖွယ် မျော်လင့်ချက်မှားတွေ ပေးနေကြတာကို ဆင်ခြင်ကြစေချင်လို့ပါ။ နတ်ဆေးတော် ကြီးလို့ မှတ်ထင်နေကြပြီး နောက်ဆုံးကျမှ နတ်ဆေးတော်ကြီး မဟုတ်မှန်းသိကြရရင် အရာအားလုံးကို စိတ်ပျက်လက်ပျက် ဖြစ်ပြီး ဘာကိုမှ မယုံတော့ဘူး။ ဘာကိုမှ မလုပ်ချင်တော့ဘူးဆိုတဲ့ အဆိုးမြင်စိတ်တွေ လွှမ်းမိုးသွားနိုင်ပါတယ်။ စတုတ္ထ မဏ္ဍိုင်ပီသတဲ့၊ လွတ်လပ်တဲ့ မီဒီယာ သမားတွေက ပြည်သူလူထုကို မျော်လင့်ချက်မှားတွေ မပေးရပါဘူး။ အခြေအနေမှန်၊ အဖြစ်မှန်ကို အစွဲကင်းကင်းနဲ့အမှန်အတိုင်း တင်ပြပေးရပါတယ်။ ဒါမှ မဲဆန္ဒရှင် ပြည်သူလူထုက မှန်မှန်ကန်ကန် သုံးသပ်ဝေဖန်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင် ပီသတဲ့ မီဒီယာသမား စစ်စစ်က ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဇွတ်အတင်း ရိုက်သွင်းဝါဒ ဖြန့်တာမလုပ်ရပါဘူး။ ၀ါဒဖြန့်တယ် ဆိုတာက နိုင်ငံရေး ပါတီတွေရဲ့ အလုပ်သာဖြစ်ကြောင်း ပါ။

ဆရာလူထုစိန်ဝင်း
(Weekly Eleven)

Friday, February 19, 2010

တတိယမျက်လုံး

လူထုစိန်ဝင်း

(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ထုတ် The Star News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ မီဒီယာ သမားများ စောင့်ထိန်း အပ်သော ကျင့်ဝတ်များ၊ မီဒီယာများ အပေါ် ဌာန ဆိုင်ရာများက ထားသင့်သော သဘောထားများကို ဖော်ပြ ထားလို့ မျှဝေပေး လိုက်ပါတယ်။ )

ဂျာနယ်သစ် တစ်စောင် ထွက်လာမယ် ဆိုတာ ကြားရပြန်တော့ ဝမ်းသာရတယ်။ စာနယ်ဇင်း ဆိုတာ လူသားများ အတွက် တတိယ မျက်လုံး မဟုတ်လား။ အဲဒါကြောင့် စာမူ လာတောင်းတာကို ချက်ချင်းပဲ ရေးပေးပါမယ်လို့ ပြောလိုက်တယ်။ ပြောတဲ့ အတိုင်း အခု ရေးလိုက်ပါတယ်။

ကောင်းတာရေးမှ ကြည်ဖြူ

တိုင်းပြည် နိုင်ငံတစ်ခု တိုးတက်ဖို့ ဆိုတာ တိုင်းသူ ပြည်သားများ မျက်စိပွင့် နားပွင့် ဖြစ်နေဖို့ အထူး လိုအပ်ပါတယ်။ စာနယ်ဇင်း များက အဲဒီ တာဝန်ကို ထမ်းဆောင် ကြတာ ဖြစ်တယ်။ ဒါကြောင့် စာနယ်ဇင်းများကို တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ဆိုခဲ့ ကြတာပါ။ ဒါပေမယ့်လို့ နိုင်ငံတိုင်း လိုလိုမှာပဲ စာနယ်ဇင်းများ အပေါ် အမြင် မကြည်လင်မှုများ ရှိတတ်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် အကြောင်း သိပ်ပြောတဲ့ ဒီမိုကရေစီ နိုင်ငံဆိုတဲ့ နိုင်ငံကြီးများမှာလည်း စာနယ်ဇင်းများ အပေါ် ကြည်ကြည် ဖြူဖြူ ရှိတဲ့ သမ္မတတို့ ဝန်ကြီးတို့ ဆိုတာ တော်တော် ရှားပါတယ်။ သူတို့အကြောင်း အကောင်းရေးရင် မျက်နှာသာပေးပြီး သူတို့ကို ဝေဖန်ရင်တော့ မျက်စောင်း ထိုးကြတာပါပဲ။ သူတို့ရဲ့ နိုင်ငံရပ်ခြား ခရီးစဉ်များ မှာလည်း သူတို့ ကြည်ဖြူတဲ့ စာနယ်ဇင်း သမားများ ကိုသာ အတူလိုက်ခွင့် ပေးလေ့ ရှိကြပါတယ်။ ဒါ နိုင်ငံတိုင်း လိုလိုမှာပါ။

စာနယ်ဇင်းဆိုတာ အားလုံးအတွက်

စာနယ်ဇင်းများရဲ့ အဓိက တာဝန်က တိုင်းပြည် နိုင်ငံ အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်၊ အဖြစ်မှန်တွေကို အားလုံး သိအောင် စုံစမ်း ထောက်လှမ်းပြီး တင်ပြခြင်း ဖြစ်ပါတယ်။ ပြည်သူ အများ အတွက် သာမက အချို့ ဌာန ဆိုင်ရာများ အတွက်လည်း လွန်စွာ အကျိုး ရှိစေပါတယ်။ အစိုးရ လုပ်ငန်း ဌာနများ ဆိုတာက အကြောင်းအရာ တစ်ခု ဖြစ်ပွား ပေါ်ပေါက် လာပြီဆိုရင် အဆင့်ဆင့်သော ဝန်ထမ်းများက သူတို့ အပြစ် လွတ်အောင် အကြောင်းပြချက် အမျိုးမျိုး ရှာကြံပြီး အစီရင်ခံ တင်ပြလေ့ ရှိကြတာ သဘာဝပဲ ဖြစ်ပါတယ်။ အဲဒီလို လုပ်တဲ့ အတွက် အရင်ဆုံး နာမည် ပျက်ရတာက သူတို့ဌာန ဖြစ်တယ်။ နစ်နာရ တာကတော့ ပြည်သူလူထု ဖြစ်တယ်။ ဌာနဆိုင်ရာ အကြီးအကဲများဟာ ဌာနတွင်း အစီရင်ခံစာ တွေကိုချည်း အားကိုး နေတာထက်၊ စာနယ်ဇင်း တွေကို အလေးထား ဖတ်ရှုကြမယ် ဆိုရင် အခြေအနေမှန် အဖြစ်မှန်ကို သိရှိနိုင် တာကြောင့် မိမိတို့ဌာန အတွက်လည်း အကျိုး ရှိစေပါတယ်။

ယုံကြည်လေ ကြိုးစားလေ

ဌာနတွေအတွက် အကျိုးရှိခြင်းဟာ အစိုးရအတွက် အကျိုးရှိစေခြင်းပဲ ဖြစ်ပါတယ်။ ကောင်းတာတွေကို အားသွန် ခွန်စိုက် တိုးလုပ်ပြီး မကောင်း တာတွေကို ရှောင်ကြဉ် နိုင်ပါတယ်။ ဒီလို လုပ်နိုင်လေ၊ တိုင်းပြည် အကျိုးရှိလေ ဖြစ်တယ်။ ဒါကြောင့် စာနယ်ဇင်းတွေ ဖွံ့ဖြိုး တိုးတက်အောင် အားလုံးဝိုင်းပြီး အားပေး စောင့်ရှောက် ကြဖို့ လိုပါတယ်။ အစိုးရနဲ့ ပြည်သူလူထုက ယုံကြည် အားထားလေ၊ စာနယ်ဇင်းတွေက တာဝန် ကျေအောင် ကြိုးစားလေ ဖြစ်ပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြုရေး ဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ် တည့်မတ်သထက် တည့်မတ်အောင်၊ မှန်ကန် သထက် မှန်ကန်အောင် စာနယ်ဇင်းတွေက ကူညီ ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။ စာနယ်ဇင်း မဏ္ဍိုင် ကြံ့ခိုင်သထက် ကြံ့ခိုင်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ကလည်း အစိုးရနဲ့ ပြည်သူလူထုရဲ့ ယုံကြည် အားပေးမှု ဖြစ်ပါတယ်။ ကိုယ့်အပေါ် အကြွင်းမဲ့ ယုံကြည်ပြီး အားကိုး အားထား ပြုနေသူကို ဘယ် လူယဉ်ကျေးမှ မလေးမစား စော်ကားလေ့ မရှိပါဘူး။ “ယုံကြည်မှု” ဆိုတာ စာနယ်ဇင်းများရဲ့ အသက်ဝိညာဉ် ဖြစ်တယ် ဆိုတာ စာနယ်ဇင်း သမားတိုင်း နားလည် ထားကြပါတယ်။

စုန်းပြူးဆိုတာရှိမြဲ

တချို့ စာဖတ် ပရိတ်သတ်က “ယုံကြည်မှု” နဲ့ “လွတ်လပ်မှု” ကို အလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုး ရှာတတ်တဲ့ စာနယ်ဇင်း သမား မျိုးကို လက်ညှိုး ထိုးပြပြီး နှာခေါင်းရှုံ့ ချင်တတ်ကြပါတယ်။ “စုန်းပြူး” ဆိုတာ နေရာတိုင်းမှာ ရှိမြဲမို့ ဒီလို အပေါစား စာစောင်နဲ့ သိမ်ဖျင်းတဲ့ စာနယ်ဇင်း သမားများ ဘက်က ရှေ့နေ မလိုက်ပါဘူး။ ဒါပေမယ့်လို့ ဒီလိုစာစောင်နဲ့ စာနယ်ဇင်း သမားဟာ နိုင်ငံ တစ်နိုင်ငံ လူမျိုး တစ်မျိုးကို အန္တရာယ် ပြုနိုင် လောက်အောင် သြဇာတိက္ကမ ကြီးမားတဲ့ အဆင့်အတန်းမျိုးထိ ဘယ်တော့မှ မရောက်ပါဘူး လို့တော့ အာမခံ ရဲပါတယ်။ စာဖတ် ပရိတ်သတ် ပြည်သူလူထု အများစုက ဒီလို သိက္ခာမဲ့တွေကို ဘယ်တော့မှ လူရာ မသွင်းပါဘူး။ သူတို့ဟာ “တစ်မွန်းတည့်ခံ” တွေပါ။ နောက်ဆုံးကျတော့ စာဖတ် ပရိတ်သတ်ရဲ့ ဒဏ်ခတ်မှု ခံရပြီး သမိုင်းရဲ့ အမှိုက်ပုံကြီးထဲမှာ နိဂုံးချုပ် သွားခဲ့ရတာချည်း ဖြစ်ပါတယ်။

စိတ်ဓာတ်ယဉ်ကျေးဖို့

အများအားဖြင့်တော့ စာနယ်ဇင်းသမား မှန်သမျှဟာ လူသူလေးစား ခံရတဲ့ စာနယ်ဇင်း သမား ဖြစ်ချင်ကြတာ ချည်းပါ။ လူအများရဲ့ ယုံကြည် လေးစားမှု ရရှိဖို့အတွက် စာနယ်ဇင်း ကျင့်ဝတ် သိက္ခာတွေကို ခါးဝတ် ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်း လိုက်နာရမယ် ဆိုတာလည်း နားလည် ထားကြပါတယ်။ ကြိုးလည်း ကြိုးစားကြပါတယ်။ ဒါကို အသိအမှတ်ပြုပြီး အားပေးကြ စေချင်ပါတယ်။ လူထုရဲ့ လက်ခုပ်သံဟာ စာနယ်ဇင်း သမားများ အတွက် အားဆေးကြီး ဖြစ်ပါတယ်။ သိက္ခာရှိ စာနယ်ဇင်း သမားများ ရှိတဲ့ တိုင်းပြည်ဟာ မြန်မြန် တိုးတက်ပါတယ်။ အထူးသဖြင့် ‘စိတ်ဓာတ် ယဉ်ကျေးမှု’ တိုးတက် ဖွံ့ဖြိုးပါတယ်။ ဒုစရိုက် မှုများ ထူပြောတာ၊ အကျင့်ပျက် ခြစားမှုတွေ လွန်ကဲတာ၊ ဘယ်သူသေသေ ငတေမာ ပြီးရော စိတ်ဓာတ်တွေ လွှမ်းမိုးတာ စတဲ့ မကောင်းမှုတွေဟာ “စိတ်ယဉ်ကျေးမှု” နိမ့်ကျလို့ ဖြစ်ရတာပါ။

အထပ်ထပ် ရွတ်ဖတ်စေချင်

စာနယ်ဇင်းတွေက စိတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် စေဖို့ကို အဓိကထား ဆောင်ရွက် ပေးကြတာ ဖြစ်တယ်။ ဒါကြောင့် စာနယ်ဇင်းတွေ အသစ်အသစ် ပေါ်ထွက်လာတာကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုတာ ဖြစ်ပါတယ်။ သိက္ခာရှိ၊ တာဝန်သိ စာနယ်ဇင်းတွေ ဖြစ်အောင် လုပ်ဆောင် ကြဖို့လည်း တိုက်တွန်းပါတယ်။ အထူးသဖြင့် အသစ်အသစ် ဝင်ရောက်လာကြတဲ့ လူငယ်တွေကို လုပ်ငန်း တာဝန်တွေ မပေးခင်မှာ စာနယ်ဇင်း ကျင့်ဝတ်များကို ခေါင်းထဲ စွဲသွားအောင် အကြိမ်ကြိမ် အထပ်ထပ် ရွတ်ဖတ်စေသင့် ကြောင်းလည်း အကြံ ပေးလိုက်ချင် ကြောင်းပါ ခင်ဗျား။

လူထုစိန်ဝင်း