Showing posts with label ဗမာ - အမေရိကန် ဆက်ဆံရေး. Show all posts
Showing posts with label ဗမာ - အမေရိကန် ဆက်ဆံရေး. Show all posts

Wednesday, June 23, 2010

အမေရိကန်ပေါ်လစီသစ်နှင့် မြန်မာနိုင်ငံ

သတင်းထောက် ဟန်တင်အောင် / ၁၉ ဖေဖော်ဝါရီ ၂၀၀၉


မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ဖို့များသည်ဟု နိုင်ငံတကာသတင်းတွေက သုံးသပ်သည်။

သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားသည့်ဥပဒေကို ရုတ်သိမ်းမည် သို့မဟုတ် မည်သည့်ပေါ်လစီနှင့် အစားထိုးမည်ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။

မြန်မာအရေး မည်သို့ဖြေရှင်းရမလဲ ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနှင့်လည်း တိုင်ပင်ဆွေနွေးနေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားသည်။ သို့သော် စီးပွားရေးဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည်ဆိုသည်ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။

“မြန်မာနိုင်ငံအပေါ် ကျမတို့ချမှတ်ခဲ့တဲ့ စီးပွားရေးဒဏ်ခတ်မှုက စစ်အစိုးရကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ကြိုးစားတဲ့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေသုံးတဲ့ ပေါ်လစီလဲ စစ်အစိုးရအပေါ် သြဇာမညောင်းခဲ့ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုကို လျော့ပါးအောင်ကြိုးစားမှုမှန်သမျှ အမေရိကန်ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ်သတင်းစာကြီးက ထောက်ပြထားသည်။ လက်ရှိ အိုဘားမားအစိုးရ၏ ဒုသမ္မတ ဘိုင်ဒန်သည်ပင် မြန်မာကျောက်မျက်ဥပဒေ ဖြစ်ပေါ်ရေးအတွက် တချိန်ကတွန်းအားပေးခဲ့သူ ဖြစ်သည်။

သို့သော် ဘရပ်ဆဲအခြေစိုက် International Crisis Group ကဲ့သို့ သြဇာရှိသည့် လူမှုရေးကူညီမှုအဖွဲ့တွေကတော့ စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို မေးခွန်းထုတ်လာကြသည်။ လွန်ခဲ့သည့် အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့သည့် ICG အစီရင်ခံစာအရဆိုလျှင် မြန်မာနိုင်ငံတွင်း လူမှုရေးအကူအညီများ ရောက်သင့်သလို အထည်ချုပ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်းတွေအပေါ် တားမြစ်ချက်တွေ၊ ခရီးသွားလုပ်ငန်းအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းသင့်ပြီဟု ရေးထားသည်။

U.S Campaign for Burma အဖွဲ ညွှန်ကြားရေးမှူး Jeremy Woodrum မူ အိုဘားမားအစိုးရအနေနှင့် မြန်မာအစိုးရအပေါ် စီးပွားရေးဒဏ်ခတ်မှုကို မရုတ်သိမ်းသင့်ကြောင်း၊ ယင်းအစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရ ပြည်သူတွေအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများ ရပ်တန့်စေရန်အတွက် မြန်မာစစ်အစိုးရအား တကမ္ဘာလုံးက လက်နက်မရောင်းချရေး ပိတ်ဆို့မှုလုပ်သင့်ကြောင်း ပြောသည်။

စင်စစ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှုသည် ရာသက်ပန်မဟုတ်။

မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရဘက် အခြေအနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုတ်သိမ်းနိုင်သည်။

ထိုဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန် အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။ ထိုအချက်သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုပေါ်လစီကို ပြန်သုံးသပ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိ အတိအကျ မသိရပေ။

၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြသည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်း များဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း၊ စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်ညှဉ်းပန်း အုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။

ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။

သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် ဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။ ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီသစ်အဖြစ် ကမ္ဘာကလည်း မှတ်ယူခဲ့ကြသည်။

အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင်နိုင်ငံများ (Axis of Evil) ဆိုပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီးနောက်ပိုင်း မိစ္ဆာအုပ်စုဝင်နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။

အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှုတို့ကြောင့် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီ သည်လည်း မြန်မာ့အရေးအတွက် အနာနှင့် ဆေးတည့်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။

အမေရိကန်ဒီမိုကရေစီ အကူအညီဆိုတာ ဘာလဲ

ဦးအောင်ခင် / ၁၂ မေ ၂၀၀၉


မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ရေးလုပ်အောင် အမေရိကန်က ဒဏ်ခတ်အရေးယူနေတာ မထိရောက်တဲ့အတွက် အိုဘားမားအစိုးရက ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။ ဆီးနိတ်အထက်လွှတ်တော်ကလည်း ပြန်လည် ဆန်းစစ်နေပါတယ်။ ဒီမိုကရေစီ ပြန့်ပွားရေးဟာ အမေရိကန်နိုင်ငံခြားရေး လမ်းစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်လာတာ အနှစ် (၃၀) လောက်ရှိ ပါပြီ။ ဒီမိုကရေစီမြှင့်တင်ရေးအတွက် နှစ်စဉ် ဒေါ်လာ သန်းပေါင်း များစွာ အကုန်ခံနေပါတယ်။ ဒါပေမယ့် ကုန်သွယ်တာမျိုးမဟုတ်တဲ့ အတွက် ရည်ရွယ်ချက် ဘယ်လောက်အောင်မြင်တယ်ဆိုတာ ခန့်မှန်းရခက်ပါ တယ်။ ဒီမိုကရေစီနဲ့ ဈေးကွက်လွတ်လပ်မှုဟာ အပြန်အလှန်အကျိုးပြုနေတာမို့ လွတ်လပ်တဲ့ဈေးကွက်နဲ့ နိုင်ငံရေး လွတ်လပ်မှုရှိတဲ့ တိုင်းပြည်ဟာ အကောင်းဆုံးကုန်သွယ်ဘက် ဖြစ်တယ်ဆိုတဲ့ အယူအဆပါပဲ။

အလွန်အလုပ်ရှုပ်နေတဲ့ အိုဘားမားအစိုးရဟာ ဒီမိုကရေစီမြှင့်တင်ရေးကိစ္စကို မကိုင်နိုင်သေးတဲ့အတွက် အကြံဉာဏ်ပေးမှုတွေ တောင်ပုံရာပုံ ဖြစ်လာတာတွေ့ရတယ်။ သမိုင်းကိုကြည့်ရင် ဒီမိုကရေစီမြှင့်တင်ရေးလုပ်ရာမှာ အမေရိကန်အစိုးရတွေဟာ နည်း (၄) မျိုး သုံးပါတယ်။ ပထမနည်းလမ်းက သံတမန်လမ်းကြောင်းဖြစ်ပြီး အသုံးအများဆုံးပါပဲ။ ဒီမိုကရေစီမြှင့်တင်တဲ့ အစိုးရကို ချီးကျူးပြီး ဆန့်ကျင်တဲ့အစိုးရကို ဝေဖန်ရှုတ်ချပါတယ်။ ဒီမိုကရေစီဆန့်ကျင်မှုများလာရင် သံတမန်အဆင့် လျော့ချပါတယ်။ မြန်မာပြည်မှာ သံအမတ်မထားဘဲ သံမှူးပဲ ထားတာဟာ သံတမန်နည်းအရ အရေးယူတာပါ။

ဒုတိယနည်းက ဒီမိုကရေစီမြှင့်တင်ရင် ဆုပေးပြီး ဆန့်ကျင်ရင် ဒဏ်ပေးတဲ့နည်းပါပဲ။ ဒီမိုကရေစီအခြေအနေကောင်း ရင် ကူညီထောက်ပံ့ပြီး မကောင်းရင် ဒဏ်ခတ်အရေးယူပါတယ်။ မြန်မာအပါအ၀င် နိုင်ငံအချို့ကို အမေရိကန်က ဒဏ်ခတ်အရေးယူထားပါတယ်။ စီးပွားရေးဒဏ်ခတ်အရေးယူတာဟာ ဒီမိုကရေစီကို မြှင့်တင်ရာမရောက်ဘဲ ကုန်သွယ်ရေးကသာ မြှင့်တင်ရာရောက်တယ်လို့ ယုံကြည်သူလည်း ရှိပါတယ်။ ဒါပေမယ့် လူအခွင့်အရေး မလေးစားတဲ့တရုတ်ကို အမေရိကန်က ဒဏ်မခတ်ဘဲ ကူးသန်းရောင်းဝယ်နေပေမယ့် တရုတ်ပြည်မှာ ဒီမိုကရေစီ ရှင်သန်မယ့် အရိပ်လက္ခဏာ မမြင်ရသေးပါဘူး။

ဒီမိုကရေစီမြှင့်တင်တဲ့ တတိယနည်းကတော့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ကာ အာဏာရှင်အစိုးရကို ဖြုတ်ချပြီး ရွေးကောက်တင်မြှေက်တဲ့ အစိုးရစနစ်ကို တည်ထောင်တာဖြစ်ပါတယ်။ စွက်ဖက်ရတဲ့ အခြားအကြောင်းရင်းတွေ ရှိပေမယ့် လူကြားကောင်းအောင် ဒီမိုကရေစီအရေးအတွက် စွက်ဖက်တာလို့ ဆင်ခြေပေးလေ့ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ရှုံးနိမ့်သွားတဲ့ နာဇီဂျာမဏီနဲ့ ဖက်ဆစ်ဂျပန်မှာ အမေရိကန်ချပေးတဲ့ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ကျင့်သုံးနိုင်တာကို ထောက်ပြပြီး စစ်တိုက်ပြီး ဒီမိုကရေစီစနစ် အကောင်အထည်ဖော်လို့ရတယ်ဆိုတဲ့ အယူအဆ ပေါ်ထွက်လာတာပါ။ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာလည်း စစ်ဆင်ပြီး ဒီမိုကရေစီတည်ဆောက်တယ်လို့ ဆိုပေမယ့် မအောင်မြင်သေးပါဘူး။ ရည်ရွယ်ချက်နဲ့ လက်တွေ့ဖြစ်ပေါ်လာတဲ့ရလဒ် ခြားနားတတ်တာကို သက်သေပြနေပါတယ်။

ဒီမိုကရေစီမြှင့်တင်ရေးမှာ အသုံးအများဆုံးနည်းဟာ ဒီမိုကရေစီကို ပြုစုပျိုးထောင်နေကြတဲ့ အရပ်သားအသင်းအဖွဲ့ တွေကို အကူအညီပေးတဲ့နည်းပါပဲ။ ဒါကို စတုတ္ထနည်းလို့ ခေါ်နိုင်ပါတယ်။ ဒီနည်းကို အမေရိကန်နဲ့ အနောက်ဥရောပက အများဆုံး သုံးပါတယ်။ မြန်မာပြည် နယ်စပ်ဒေသမှာ အခြေစိုက်ကြတဲ့ ဒီမိုကရေစီရေးရာအဖွဲ့ အစည်းတွေဟာ အမေရိကန်နဲ့ ဥရောပရဲ့ ကူညီမှုကို ရကြတာများတယ်။ နိုင်ငံခြားဒီမိုကရေစီလှုပ်ရှားမှုကို အမေရိကန်အစိုးရ အကူအညီပေးပုံနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရအမှုထမ်းဟောင်း တောမတ်စ်-ခရုသာ့စ် Thomas Carothers က လွန်ခဲ့တဲ့ ဆယ်နှစ်က ကျမ်းတစောင်ပြုစုဖူးတယ်။ အခုတော့ သူ့စာအုပ်ဟာ ဒီမိုကရေစီ မြှင့်တင်ရေး လက်စွဲကျမ်းဖြစ်နေပါပြီ။

အမေရိကန်က ကူညီထောက်ပံ့တိုင်း ဒီမိုကရေစီစနစ် ပြုစုပျိုးထောင်နိုင်တာမဟုတ်ပေမယ့် ရေရှည်စီမံကိန်းအနေနဲ့ အမေရိကန်အစိုးရအဆက်ဆက် ကြိုးပမ်းမယ့်လုပ်ငန်းဖြစ်နေ ပါတယ်။ ဗမာစစ်အစိုးရကလည်း အမေရိကန်ရဲ့ ဒီမိုကရေစီမြှင့်တင် တဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို ဝေဖန်ရှုတ်ချလေ့ရှိပါတယ်။ မြန်မာ-အမေရိကန် ဆက်ဆံရေးသမိုင်း “အကြောင်းအကျိုးအကောင်း အဆိုး” ပကတိ ဖြစ်စဉ်များဆိုတဲ့ အမေရိကန်ဆန့်ကျင်ရေး စာအုပ်ကို ၂၀၀၇ ခုနှစ်က ထုတ်ဝေတယ်။ ဒါပေမယ့် နအဖထုံးစံ အတိုင်း စာရေးသူအမည်ကို မဖော်ရဲလို့ လေ့လာသူတဦးလို့သာ ဖော်ပြတယ်။ ဗမာစစ်အစိုးရဘက်က ထောက်ခံပြီး ရေးသားသူတွေ ဟာ ကိုယ့်နာမည်ကို မဖော်ပြရဲတာကြောင့် နာမည်ဝှက်နဲ့ ရေးကြတာများတယ်။ ဒါကိုကြည့်ရင် စစ်အစိုးရလုပ်ရပ်ကို မယုံကြည်ဘဲ ညာစားနေတာ ထင်ရှားတယ်။

ဒီမိုကရေစီမြှင့်တင်ရေးမှာ အရပ်သားအဖွဲ့အစည်း ရှင်သန်ဖို့ လိုအပ်တာကြောင့် ဒီအသင်းအဖွဲ့တွေကို အမေရိကန်က ကူညီထောက်ပံ့တယ်။ အနောက်တိုင်းဒီမိုကရေစီသဘော တရားဝင်လာရင် အစိုးရ အာဏာစက် ကျဆင်းလာမှာကို အာဏာရှင်ဓလေ့ကြီးမားတဲ့ ရုရှားအစိုးရက လက်မခံဘူး။ ဥဇဗက်ကစ္စတန်၊ ဘီလာရုစ်၊ တာဂျစ်ကစ္စတန်၊ ခါဇတ်စတန် စတဲ့နိုင်ငံတွေမှာလည်း ဒီမိုကရေစီမြှင့်တင်ရေးအတွက် အနောက်တိုင်းကူညီတာကို အစိုးရတွေက မလိုလားကြဘူး။

ဆိုဗီယက်အုပ်စုဝင်ဖြစ်ခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ ဒီမိုကရေစီမြှင့်တင်ဖို့ အမေရိကန်ကူညီတာကို တရုတ်ကွန်မြူနစ်ပါတီက အကြီးအကျယ် ဝေဖန်ရှုတ်ချခဲ့တယ်။ တရုတ်နဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ဒီမိုကရေစီ တော်လှန်ရေးတွေ ပေါ်မလာအောင် ၂၀၀၅ မှာ တရုတ်ကွန်မြူနစ်ပါတီက မဟာဗျူဟာချမှတ်တယ်လို့ သိရတယ်။ နိုင်ငံခြားအကူအညီယူတဲ့ အရပ်သားအသင်းအဖွဲ့တွေကိုလည်း ချုပ်ချယ်ကန့်သတ်လာတယ်။ အင်အားမရှိတဲ့ အရပ်သားအသင်းအဖွဲ့လေးတွေကို ဒီမိုကရေစီသင်တန်းပေးပြီး ကူညီထောက်ပံ့တာကို အာဏာရှင်အစိုးရတွေက ကြောက်လန့်ပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် သွေးထိုးပေးနေပါတယ်လို့ စွပ်စွဲတာမျိုးလည်း ရှိပါတယ်။ တိုင်းသူပြည်သားတွေ ဒီမိုကရေစီသဘောတရား နားလည်သွားမှာကိုကြောက်လန့်ပြီး စွပ်စွဲတာလည်း ဖြစ်နိုင်ပါ တယ်။ ဒါမှမဟုတ်လည်း တိုင်းသူပြည်သားကို ဖိနှိပ်ချင်လို့ အကြောင်းရှာပြီး တမင်တကာစွပ်စွဲတာလည်း ဖြစ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော်နဲ့ ယှဉ်ကြည့်ရင် ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံ တိုးပွားလာတာ တွေ့ရပါတယ်။ ဒီမိုကရေစီ နိုင်ငံပေါင်း (၄၀) ကျော်ကနေ (၁၀၀) ကျော်အထိ တိုးပွားလာပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတွေထဲမှာ (၆၀) ရာခိုင်နှုန်းဟာ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်နေပါပြီ။ ရေခံမြေခံကောင်းတဲ့ နိုင်ငံအားလုံးမှာ ဒီမိုကရေစီကျင့်သုံးနေပြီ ဖြစ်လို့ အခြေခံမကောင်းတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီအသွင်းကူးပြောင်းဖို့သာ ကျန်တော့တယ်။

ဒီမိုကရေစီမြှင့်တင်ရေးအတွက် သံတမန်နည်း၊ စီးပွားရေးဒဏ်ခတ်နည်း၊ စစ်ရေးအရ စွက်ဖက်နည်း၊ ဒီမိုကရေစီ လိုလားသူကို ကူညီတဲ့နည်း၊ နည်းလမ်းတွေကို သုံးတာတောင် တိုင်းပြည်ရဲ့ လူမှုစီးပွားရေးနဲ့ နိုင်ငံရေးအခြေခံကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲတဲ့။ ဒီမိုကရေစီပျိုးထောင်ရေးအတွက် လိုအပ်တဲ့ အခြေခံကို နိုင်ငံခြားက ဖန်တီးပေးနိုင်တာ မဟုတ်ပါဘူး။ ရှိပြီးသားအရပ်သား အသင်းအဖွဲ့တွေကိုသာ ပိုပြီး အားကောင်းအောင်၊ ကျွမ်းကျင် အောင် နိုင်ငံခြားက ကူညီနိုင်ပါတယ်။