Showing posts with label ပြည်ထောင်စုရေးရာ. Show all posts
Showing posts with label ပြည်ထောင်စုရေးရာ. Show all posts

Tuesday, March 16, 2010

မြန်မာပြည်နှင့်ခွဲထွက်ခွင့်ကိစ္စ

ဖက်ဒရေးရှင်းဟူသည် (federation) လက်တင်ဘာသာစကား(foedus)မှ ဆင်းသက်လာပြီး သဘော တူညီမှု ပဋိညာဉ်(သို့) သဘောတူညီမှု စာချုပ်ဟု အဓိပ္ပါယ်ရသည်။ တချို့ကတော့ ဖက်ဒရယ်ဟု ပြောလိုက် သည်နှင့် ခွဲထွက်ခွင့်နှင့် ယှဉ်တွဲပြေးမြင်မိကြသလို ခွဲထွက်ခွင့်မပါဘဲနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ၍ မရပါဟုဆိုကြသည်။ အမေရိကန် နိုင်ငံသား (David William) ကမူ ခွဲထွက်ခွင့်မပါဘဲနှင့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ဆောက်၍ရပါသည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ တဆက်တည်းမှာပင် “တူညီတဲ့ အကျိုးစီးပွားတွေကို ဘယ်လိုပေါင်းစပ်မလဲဆိုတာ ဖက်ဒရယ်ရဲ့ အနှစ်သာရဖြစ်ပြီး ခွဲထွက်ခွင့်မပါရှိပါက ဖက်ဒရယ်ဖွဲ့စည်းမှုမှာ အဓိပ္ပါယ်မဲ့ဖြစ်သည်ဆိုခြင်းမှာ မှားယွင်းပါသည်။ ဖက်ဒရေးရှင်းဟူသော သတ်မှတ်ချက် ဘောင်အတွင်းမှ ခွဲထွက် ခြင်းသည် တရားဝင်မှုမရှိပါ”ဟု ပြောခဲ့သည်။

ခွဲထွက်ခွင့်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အမြင့်ဆုံးလုပ်ပိုင်ခွင့်ဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပတ်သက် ပြီး လေ့လာသူအားလုံးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အစမှာ ဥရောပအင်ပါယာနိုင်ငံကြီးများ လက်ထက်ကစခဲ့သည် ဟု လက်ခံကြသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အရှိန်ကောင်းလာသောကာလ ပထမကမ္ဘာစစ်အပြီး အမေရိကန် သမ္မတ ၀ီ(လ်)ဆင် အဆိုပြုသော ကိုလိုနီနိုင်ငံများအား လွတ်လပ်ရေးမပေးမီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရန် တင်ပြခဲ့သည်။ ခွဲထွက်ခွင့်နှင့်ပတ်သက်ပြီး တချို့ကကောင်းသည့်ဘက်က ပြောကြသလို တချို့ကလည်း ဆိုးသည့်ဘက်ကပြောကြပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ကိုဖီအာနန်ကမူု ခွဲထွက်ခွင့်နှင့်ပတ်သက် ပြီး မထည့်ရင် ကမ္ဘာကြီးအတွက် အေးချမ်းတယ်ဟု ပြောခဲ့သည်။

လူမျိုးစုတချို့ကတော့ ပါးအနေဖြင့်မသုံးပါ။ ဒိုင်းအနေဖြင့် သုံးရန်အတွက်တော့ ခွဲထွက်ခွင့်ကို ထည့်သင့်သည်ဟု ဆိုကြသည်။ ခွဲထွက်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၏ ကွာခြားချက်မှာ ခွဲထွက်ခွင့်၌ သီးခြား လုံးဝလွတ်လပ်ခြင်းရဲ့ အစုအဝေးဖြစ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၌ အတူတကွ နေထိုင်ကြပြီး ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်မှုကောင်းတို့ဖြစ်သည်။

တကယ့်ဖက်ဒရယ်စစ်စစ်နှင့် အာဏာခွဲဝေအုပ်ချုပ်ကြပါက ခွဲထွက်ခွင့်ထည်ရန်မလိုဘဲ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရကြား တည်ဆောက်မည့် ယုံကြည်မှုကသာ အရေးကြီးပါသည်။ ဖက်ဒရယ်ကို အဓိကဖော်ဆောင်ရာ၌ အဓိကအရေးကြီးဆုံးမှာ အဖွဲ့ဝင်ပြည်နယ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရာတွင် မည်သည့်ပြည်နယ်တခုခုကမှ လွှမ်းမိုးမှုမရှိသည့် သဘောကိုဆောင်သည်။

တနည်းဆိုရသော် ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့် ပြည်နယ်များ၊ လူမျိုးများ၊ အုပ်စုများ စုစည်းရာတွင် အာဏာကို ခွဲဝေကျင့်သုံးသည့် သဘောတရားတရပ်လည်းဖြစ်သည်။ ဖက်ဒရယ်၏ အဓိက ကျသော အခြေခံမှုမှာ စေ့စပ်ညှိနှိုင်းမှုဖြစ်ပြီး အလွန်အရေးကြီးပါသည်။ စေ့စပ်ဆွေးနွေးပြီး တူညီမှုများကို တူညီသလို အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုသလို မတူညီမှုများကို တူညီမှုရအောင် လုပ်နိုင်ဖို့ လိုသည်။

စေ့စပ်ညှိနှိုင်းမှတဆင့် ဥပဒေ မပြဋ္ဌာန်းခင် ညီညွတ်မှုကို အရင်ပြဋ္ဌာန်းသင့်သည်။ ၄င်းစေ့စပ် ညှိနှိုင်းမှုအပေါ် အခြေပြု၍

(က)ရေးသားထားသော အခြေခံဥပဒေရှိခြင်း၊

(ခ)အခွင့်အာဏာများကို ဗဟိုဦးစီးထိန်းချုပ်မှုမရှိခြင်း၊

(ဂ)နယ်မြေဒေသအလိုက် အာဏာခွဲဝေအုပ်ချုပ်ခြင်း တည်းဟူသော အနိမ့်ဆုံးစံသတ်မှတ်ချက် (၃) ခုဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြပါသည်။

မည်သည့်အတွက်ကြောင့် ဖက်ဒရယ်ကျင့်သုံးကြသနည်းဟုဆိုလျှင်

(က) မတူကွဲပြားသော ယဉ်ကျေးမှုများကို ဖော်ထုတ်ရန်၊

(ခ)အခွင့်အရေးများ တန်းတူရန်၊

(ဂ)လူမျိုးကြီးဝါဒနှင့် ကြီးနိုင်ငယ်ညှင်းဝါဒကို ကာကွယ်နိုင်ရန်အတွက်နှင့်

(ဃ)ဒေသ၏ လိုအပ်ချက်ဖြစ်ပျက်မှုကိစ္စများကို ပြည်ထောင်စုအစိုးရထက် ဒေသဆိုင်ရာအစိုးရက ပိုမိုသိရှိပြီး လူထုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကျင့်သုံးကြသည်။

ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် အရေးကြီးသောအချက် (၃)ချက်ရှိပါသည်။

(က)လွတ်လပ်မှု၊

(ခ)ပူးပေါင်းဆောင်ရွက်မှု၊

(ဂ)ကောင်းမွန်သည့်အုပ်ချုပ်ရေးတို့ဖြစ်သည်။

မြန်မာပြည် လူမျိုးစုပြဿနာ၏ အတိတ်ရင်းမြစ်ကိုကြည့်လျှင် ပြည်နယ်များ ပြည်ထောင်စုမှ ခွဲထွက် ခွင့်ဆိုသည့် ခွဲထွက်ရေးပြဿနာကို အကြီးအကျယ်ဆုံး ပြဿနာအဖြစ်တွေ့ရသည်။ ခွဲထွက်ခွင့် ပြဿနာ အစကို လေ့လာကြည့်လျှင် ပထမပင်လုံညီလာခံမှ စတင်ခဲ့သည်ကို တွေ့ရှိရသည်။

ပထမပင်လုံညီလာခံကို ၁၉၄၆-ခု မတ်လ(၁)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့ထိ ကျင်းပခဲ့ပြီး ယင်းညီလာခံတွင် ဂဠုန်ဦးစောက “တောင်တန်းဒေသများသည် မြန်မာပြည်မနှင့် တပြိုင်တည်း လွတ်လပ် ရေးရယူကြပြီး လွတ်လပ်ရေးရပြီးပါက ခွဲထွက်လိုက် ခွဲထွက်ခွင့်ရှိစေရမည်”ဟု ဆွေးနွေးခဲ့သည်။

ဒုတိယပင်လုံ ညီလာခံတက်ရန်လာသော ကချင်ကိုယ်စားလှယ်အဖွဲ့ကလည်း ၁၉၄၇-ခု ဖေဖော် ၀ါရီ (၁) ရက်နေ့တွင် ကွတ်ခိုင်နယ်၊ နန့်ဖတ်ကာရွာတွင် ကြိုတင်ညှိနှိုင်း ဆွေးနွေးကြပြီး အချက်(၇)ချက်ကို တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ၄င်းအချက်များအပြင် အောက်ခြေခြွင်းချက် (၄)ချက်အနက် အပိုဒ်(ခ)တွင် ပြည်ထောင်စု ဖွဲ့စည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာ ခွဲထွက်ခွင့်ရှိရမည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

၁၉၄၇- ဖေဖော်ဝါရိ (၆)ရက်နေ့တွင် ပင်လုံတွင် ကျင်းပသော ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းလူထုကိုယ်စားလှယ်များ၊ ကချင်ခေါင်းဆောင်များပါဝင်သော အစည်းအဝေးမှ ဆုံးဖြတ်ချက်(၅)ချက် ချမှတ်ခဲ့ရာတွင် အမှတ်(၅)ဆုံးဖြတ်ချက်၌ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ထောင်စုမှ ကျွန်ုပ်တို့ သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရမည်ဟု တင်ပြခဲ့ကြသည်။ ထို့ပြင် ၁၉၄၇-ခု ဖေ ဖော်ဝါရီ (၇)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့သော ရှမ်း၊ ကချင်၊ ချင်းတို့၏ ပူးတွဲကော်မတီ၏ ဆုံးဖြတ် ချက်တွင် ယင်းအချက်များကို ချင်းကိုယ်စားလှယ်အဖွဲ့မှ ဖြည့်စွက်ထောက်ခံသဖြင့် အားလုံးသဘောတူ လက်ခံကြသည်။

ကချင်၊ ရှမ်း၊ ချင်းတိုင်းရင်းသားများ တောင်းဆိုခဲ့ကြသော ခွဲထွက်ခွင့်ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကန့်ကွက်မှုမရှိဘဲ ၄င်းကိုယ်တိုင် ဦးစီးရေးဆွဲခဲ့သော ၁၉၄၇-ခု မေလ ဖဆပလ ပဏာမပြင်ဆင် မှုညီလာခံတွင်း အတည်ပြုပြဋ္ဌာန်းကာ ဖွဲ့စည်းပုံအခြခံဥပဒေ အခန်း(၁၂)၌ ခွဲထွက်နိုင်သော အခွင့်အရေး ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ကျဆုံးပြီး ဦးချန်ထွန်း ဦးစီးရေးဆွဲကာ ၁၉၄၇-ခု စက်တင်ဘာလတွင် တိုင်းပြု ပြည်ပြုလွှတ်တော်၌ ပြဋ္ဌာန်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၀)တွင် ၄င်းခွဲထွက်နိုင်သော အခွင့် အရေးများကို အတိအလင်း ပြဋ္ဌာန်းပေးခဲ့သည်။ ခွဲထွက်ခွင့်ကို သီးခြားဥပဒေ ပြဋ္ဌာန်းပေးခဲ့သော်လည်း အခြေခံကျသော တန်းတူညီရေးကို ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိ၍ မြန်မာနိုင်ငံသမိုင်းတွင် အကျိုးထက် အပြစ် ကို ဖြစ်စေခဲ့သည်။

ထို ၄၇-ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ကျပ်တည်းသော ချုပ်ချယ် ခြင်းဖြင့် ခွဲထွက်နိုင်သော အခွင့်အရေး လိုက်လျောချက်နှင့်အတူ ပြည်နယ်များဖွဲ့စည်းရေး အခန်းများထည့် သွင်းရခြင်းမှာ အမှန်တကယ် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအရ လိုအပ်၍မဟုတ်ဘဲ နယ်စပ်ဒေသခေါင်းဆောင် များ၏ ယုံမှားသံသယ ပျောက်စေရေးအတွက်ဖြစ်သည်ဟု ထိုဥပဒေကို အဓိကရေးဆွဲသူ ဦးချန်ထွန်းမှ ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ဖက်ဒရယ်ကျင့်သုံးရာ၌ တနိုင်ငံနှင့်တနိုင်ငံ မတူညီပါ။ ဖက်ဒရယ်နိုင်ငံပေါင်း (၃၀) ကျော်ကို လေ့လာရာ၌ ခွဲထွက်ခွင့်ကို ဆိုဗီယက်ယူနီယံဟောင်းနှင့် မြန်မာနိုင်ငံဥပဒေများ၌သာ တွေ့ရ သည်။ ၄၇-ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ခွဲထွက်ခွင့်ပါသည်ဟု ဆိုနိုင်သော်လည်း ကျပ်တည်းသောချုပ်ချယ် ခြင်းဖြင့် ခွဲထွက်ခြင်းကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ကနေဒါနိုင်ငံ၏ ဖွဲ့စည်းပုံ၌မူ ခွဲထွက်ခြင်းကို လုံးဝခွင့်မပြု ကြောင်း အတိအလင်းဖော်ပြခဲ့သည်။ ဗဟိုချုပ်ကိုင်မှုအနည်းဆုံးဟု ကမ္ဘာပေါ်တွင် နာမည်ကြီးသော ဆွစ်ဇာလန် နိုင်ငံတွင်မူ (၁၈၁၅) ဖက်ဒရယ်အခြေခံဥပဒေအရ အာဏာအားလုံးနီးပါးကို ပြည်နယ်များတွင် ခွဲဝေထားပြီး ဗဟိုအင်အားချိနဲ့သော အစိုးရမျိုးကိုသာခွင့်ပြုခဲ့သည်။ ဗဟိုအစိုးရအားနည်းနေ၍ ပြည်သူလူထုအကြား အမျိုးသား စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခဲ့ပေ။ ၁၈၄၇-ပြည်တွင်းစစ်ပြီးမှ ပြည်သူအများစုက ဗဟိုအားကောင်းသော အစိုးရတရပ် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

အနာဂတ်မြန်မာပြည်အတွက်မူ စဉ်းစားစရာတွေရှိလာပါသည်။ ဒီမိုကရေစီရပြီးနောက် အမျိုးသား ရေး လှုပ်ရှားမှုများဖြစ်လာပြီး ကိုယ့်လူမျိုး ကိုယ်ဂရုစိုက်မှုများဖြစ်လာလျက် တိုင်းရင်းသား လူမျိုးစုများမှာ သူတို့ဘာသာသူတို့ အုပ်ချုပ်ကြပြီး ကိုယ့်လူမျိုးကောင်းစားရေးတခုတည်းကို ကြည့်ခဲ့ပါလျှင် တိုင်းပြည် ပြိုကွဲရေးသို့ ဦးတည်သွားနိုင်ပါသည်။ ထို့ပြင် လူဦးရေအနည်းအများကိုမကြည့်ဘဲ တိုင်းရင်းသားလူမျိုးစု ညီမျှမှုပေါ်တွင် အခြေခံရမည်ဟူသော တောင်းဆိုချက်သည် ဒီမိုကရေစီညီမျှမှု အခြေခံမူများကို ယုတ် လျော့သွားစေမည်သာမက ပြဿနာအချို့ကို ပိုမိုကြီးထွားလာစေနိုင်သည်။ ပုံစံအားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း)တွင် ပြည်ထောင်စုကို (၈) ပြည်ထောင်ဖြင့် ခွဲခြားထားခဲ့သည်။

တနိုင်ငံလုံး လူဦးရေ ရာခိုင်နှုန်းအရ ဗမာက (၆၀)ရာခိုင်နှုန်းရှိပြီး လူမျိုးစုများက (၄၀)ရာခိုင်နှုန်းရှိ လျက် အာဏာခွဲဝေမှု၌ ဗမာက (၈)ပုံ(၁)ပုံရပြီး လူမျိုးစုများက (၈)ပုံ(၇)ပုံယူသွားခဲ့ကြသည်။ ထိုသို့ လူမျိုး စု (လူနည်းစု)များက အာဏာအများကြီးယူသွားမှုမှာ လူများစုမြန်မာများ၏ လုပ်ပိုင်ခွင့်များကို ချိုးနှိမ်ပစ် လိုက်ခြင်းဖြစ်သည်။ ဤသို့ခွဲဝေမှုအပေါ် မညီမျှတရားဟု ထင်မြင်လာခဲ့သော် မြန်မာများအနေဖြ့င် လူမျိုးစု များအား မုန်းတီးလာလျက် ပဋိပက္ခများ ပြင်းပြင်ထန်ထန်ဖြစ်လာနိုင်ပါသည်။ ထို့အတူ လူမျိုးစုများဘက်မှ ကြည့်ပြန်လျှင်လည် ဒီမိုကရေစီနည်းကျသော မြန်မာပြည်တွင် ကျင့်သုံးနေသော အများစုအနိုင်ရရေး ရွေး ကောက်ပွဲများ၌ လူများစု ဗမာများသာ အမြဲအနိုင်ရနေခဲ့လျှင် လူများစုမဟုတ်သော လူမျိုးစုများအနေဖြင့် တရားမျှတမှု မရှိဟု ထင်မြင်လာပါလိမ့်မည်။ ရွေးကောက်ပွဲစနစ်ကိုလည်း အသေအချာ ဆန်းစစ်ရွေးချယ် အသုံးပြုသင့်သည်။ ထိုသို့မဟုတ်ပါက ဒီမိုကရေစီနည်းကျသော နိုင်ငံရေးပုံစံသည် လူမျိုးစုပြဿနာများကို အလွယ်တကူဖြစ်စေနိုင်ပြီး ရွေးကောက်ပွဲမှ တဆင့်ပြဿနာများ ဖြစ်ပေါ်လာနိုင်လျက် ဒီမိုကရေစီကြောင့် ကောင်းမွန်ခြင်းထက်စာလျှင် လူမျိုးစု အဓိကရုဏ်းများကို ပေါ်ပေါက်လာစေနိုင်သည်။

လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအစရှိသည့် မတူညီမျှများကို အခြေခံပြီး အားလုံးသဘောတူ လက်ခံ နိုင်မည့် ပြည်နယ်ဖွဲ့စည်းမှုသည် အကောင်းဆုံးဟုထင်ပါသည်။ ခွဲထွက်ခွင့်ကို အသေဆုပ်ကိုင်မထားဖို့ရန် လည်း ခွဲထွက်မှုကို အကြောင်းပြကာ အာဏာရှင်စနစ်လည်း ပေါ်ပေါက်ခဲ့ပြီ။ ယနေ့အထိ ခွဲထွက်ခွင့်ကို ဆုပ်ကိုင်လျက် ခွဲထွက်ခွင့်မပါလျှင် ဖက်ဒရယ်ပြည်ထောင်စုမစစ်၍ လက်မခံဟု ငြင်းဆန်နေခဲ့ပါလျှင် နှစ် ပေါင်း (၅၀)ကျော်ခဲ့ပြီးဖြစ်သော ပြည်တွင်းစစ်မီးကြီး ဆက်လက်လောင်ကျွမ်းလျက် နအဖစစ်အာဏာရှင် တို့ကလည်း လက်ခုပ်တီး၍ ကြိုဆိုနေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

ဇော်ထွန်း

သီရိလင်္ကာရောက် မြန်မာရဟန်းတော်များဘလော့မှ ကူးယူဖော်ပြထားသည်။

Friday, February 19, 2010

အရေခြုံ ပြည်ထောင်စု (သို့မဟုတ်) လက်ပြောင်း ကိုလိုနီကျွန် ဘ၀ပေ လော

Wednesday, 17 February 2010 12:57 သျှမ်းသံတော်ဆင့်

သူက ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုအတွင်း ပါဝင် ခဲ့သော ကျောင်းသား တစ်ဦး .... ထိုမှ သျှမ်းလက်နက် ကိုင်သူပုန် ခေါင်းဆောင်ဖြစ်ခဲ့သူ စ၀်ခွန်ကျော် (ခ) ကိုသံချောင်း။

သူနှင့် မီဒီယာသမားများ နယ်စပ်တစ်နေရာ၌ တွေ့ဆုံခွင့်ရခဲ့သည်။ အချိန်ကား ၂၀၀၃ ခုနှစ် အတွင်းက ဖြစ်သည်။

သူက သျှမ်းပြည်အတွင်း လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်း အတွေ့အကြုံများကို ဖေါက်သည်ချတော့သည်။

ထို အထဲတွင် သျှမ်းပြည်သူများ ကြုံတွေ့ခံစားနေရသည့် အဖြစ်အပျက်များ ပါဝင်သည်။

“သျှမ်းပြည်သူတွေ ခံစားရတဲ့ ဒုက္ခတွေက ကျနှော်တို့ ပြည်တွင်းထဲက လူတွေထက် အများကြီးဆိုးတယ် ဗမာစစ်တပ်က သျှမ်းဆိုရင် မိန်းမ ကလေး လူကြီး ဘုန်းကြီး မခွဲဘူး တွေ့သမျှအကုန် နှိပ်စက်တယ် သတ်တယ် ရွာ မီးရှို့ တယ်မုဒိန်းကျင့် တယ် ”

“သျှမ်းတွေဒီလိုခံစားနေရတော့ သူတို့ ကိုယ်ပိုင် တိုင်းပြည်ထူထောင်မယ်ဆိုရင် တရားပါတယ်ဗျာ ” လို့ နုလုံးသားထဲမှ လေးနက် ယုံကြည်စွာ ပြောသော စကားကို စာရေးသူ ယနေ့တိုင် မေ့မရ နိုင်ပဲရှိ နေသည်။

စာရေးသူကိုယ်တိုင် ပြည်နယ်သားတစ်ဦး ဖြစ်လေရာ ငယ်စဉ်က ဗမာစစ်တပ်၏ သောင်းကျန်းရမ်းကားမှု များကိုမျက်ဝါး ထင်ထင် မြင်တွေ့ဖူးသည်က တစ်ကြောင်း သူပြောသော စကားအရှိန်ကြောင့် တစ်ကြောင်း စိတ်ထဲတွင် တဒင်္ဂ ဒေါသူပုန် ထနေတော့သည်။

ငယ်စဉ်က အဖြစ်အပျက်တစ်ခုကို ပြေး၍ အမှတ်ရလာသည်။

ကချင်ပြည်နယ် မိုးလဲချောင်း တစ်လျှောက် သျှမ်းရွာများသို့ ဆန်စပါး အရောင်းအ၀ယ်ကိစ္စတစ်ခု နှင့် ခရီးထွက်ခဲ့စဉ် က ဖြစ်သည်။

မိုးတွင်းကာလ မိုးကလည်း တစိမ့်စိမ့် ရွာနေစဉ် ရွာသားများက မိုးလဲချောင်းဖြတ်ကူးရန် လှေသမ္ဗာန် ခတ်ကွင်းပြင်နေကြ သည်။

ထိုစဉ် ချောင်းဟိုမှာဘက်ကမ်း၌ ဒိုင်း... ဒိုင်း ဟု ကျယ်လှောင်သော သေနတ်ဖေါက်သံကို ကြားလိုက်ရသော အခါ ရွာသား တစ်စုမှာ ကြောက်လှန့် မှင်သက်ကုန်သည်။

မကြာမီ ဗမာစစ်တပ်မှ ကပ္ပတိန်တစ်ဦးက လှေကို ဒီဘက်ကို ယူခဲ့စမ်း .. မကြားဘူးလား .. သေသွားမယ်ဟုအော်ပြော လိုက်သဖြင့် ဗမာစစ်သားများအား အဆိုပါ လှေဖြင့်ရွာဘက်ကမ်းသို့ အရောက် ကြိုပေးခဲ့ရသည်။


ဗမာစစ်သားများ ရွာထဲရောက်သည်နှင့် ရွာသူကြီးအပါအ၀င် ရွာမှ လူရှိလူကုန် ဆင့်ခေါ်ကာ လူစုစေပြီး မင်းတို့ ဘာလူမျိုး တွေလဲ ဆိုကာ တစ်ယောက်ချင်းစီကို စစ်ဆေးမေးမြန်းလေတော့သည်။

ရွာသားများက သျှမ်းဟု ဖြေကြသည်။

ကချင်ပြည်နယ်တွင် ကချင်သူပုန်များ ထကြွနေသောကြောင့် ကချင်ဟုဖြေဆိုသူ ရှိခဲ့ပါလျှင် ဗမာစစ်ဗိုလ်က မည်သို့ပြုမူ မည်ကို ကြိုတင်မသိသော်လည်း ကောင်းမွန်စွာဆက်ဆံမည် မဟုတ်တာတော့ သေချာသည်။

ထိုအရာများက ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများ၏ ဘ၀ ပုံရိပ် အပိုင်းအစတချို့ ဖြစ်သည်။

ယနေ့ဆိုလျှင် ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင် ချင်း ရှမ်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များ ဗြိတိသျှ ကိုလိုနီ ကျွန်ဘ၀မှ လွတ်မြောက်ရန် ရှမ်းပြည် ပင်လုံမြို့၌ စာချုပ်ချုပ် ဆိုခဲ့သည်မှာ ၆၃ နှစ်တိုင်ခဲ့လေပြီ။

တနည်းအားဖြင့် တိုင်းရင်းသားများက အမျိုးသားတန်းတူရေးအပေါ် အခြေခံသော ပြည်ထောင်စု နိုင်ငံတော် သစ် ထူထောင်ရန် သဘောတူ လက်မှတ်ထိုးသည့် နေ့ဖြစ်သည်။

သို့သော် ၆၃ နှစ်ကြာလာသည့် တိုင် ပင်လုံစာချုပ်၏ အနှစ်သာရ အရ ထူထောင်မည့် ပြည်ထောင်စု စနစ် ကိုဗမာစစ် ခေါင်းဆောင်များက ကျောခိုင်းထားရုံ မျှမက ဖြောင့်ဖြောင့်ကြီးပင် ဆန့်ကျင် ပြနေသည်။

တစ်ဖက်တွင် အရေခြုံ ပြည်ထောင်စုစနစ်ကိုသာ အသက်သွင်းလျှက်ရှိသည်။

ယနေ့ ကျရောက်သည့် ပြည်ထောင်စုနေ့တွင် နိုင်ငံတစ်ဝှန်း၌ လက်ရှိ နိုင်ငံတော် အကြီးအကဲ ဆိုသူ နအဖ (နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိန့်ခွန်းတိုကိုသာ ရွတ်ဖတ်နိုင်ကြတော့ သည်။

၅ မိနစ်မျှသာ ကြာသည့် သူ၏ မိန့်ခွန်းတိုမှာ ပြည်ထောင်စုဖြစ်ပေါ်လာသည့် သမိုင်းကြောင်းနှင့် ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ အမည်ကိုပင်ထည့်သွင်းခြင်း မပြုတော့ပေ။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ မျှော်မှန်းခဲ့သော ပြည်ထောင်စု၏ အနှစ်သာရများကို ပြည်ဖုံးကားချလိုက်လေပြီ။

လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်သည်လည်း အတူမွေးဖွားခဲ့ခြင်းသည် ပြည်ထောင်စုမူကို အကောင်အထည်မဖေါ် နိုင်သောကြောင့် ဖြစ်သည်။

ထို့အတူ တိုင်းပြည်မှာလည်း ဖွတ်ကျောပြာစု ဘ၀ ဖြင့် ကုန်းကောက်စရာမရှိအောင်ဖြစ်နေပြီး တိုင်းရင်းသားတို့အခွင့် အရေးမှာ စစ်ဖိနပ်အောက် ပြားပြားမှောက်ခဲ့ရလေပြီ။

ထိုစဉ်က ဗမာတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်နှင့်ပတ်သက်၍ ဖွဲ့စည်းရမည့်နိုင်ငံတော် သစ်ကြီးသည် တစ်ပြည်ထောင်စနစ်ဖြင့်မဟုတ်ပဲ ပြည်ထောင်စုစနစ်ဖြင့်သာ ဖွဲ့စည်းရမည့် အကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။

“ပြည်ထောင်စု နိုင်ငံတော်ဆိုကတည်းက ကျွန်တော်တို့ အခုဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဟာ unitary constitution လူမျိုး တစ်မျိုးတည်း ဆိုတဲ့ နိုင်ငံမျိုးမဟုတ်ပဲနဲ့ လူမျိုးပေါင်းစုံ ပြည်ထောင်စုနိုင်ငံဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပါတယ်”

သူ၏ ထိုထက် လေးနက်သော ရှင်းလင်းချက်မှာ အမျိုးသားပြည်နယ်များ ပူးပေါင်း၍ ပြည်ထောင်စုကို ဖွဲ့စည်းရာ တွင် အခြေခံရမည့်မူမှာ တန်းတူရေး principle of equality ဖြစ်ကြောင်း တင်ပြခဲ့ရုံ မက တန်းတူရေးကို ပို၍ ခိုင်မာစေသော အချက်မှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွဲထွက်ခွင့်ကို ရေးဆွဲ ပြဋ္ဌာန်းခြင်းဖြစ်သည်။

ခွဲထွက်ခွင့်ဆိုသည်မှာ အမျိုးသားပြည်နယ်များသည် မိမိဆန္ဒအလျှောက် ပြည်ထောင်စုအတွင်း ပါဝင်လာ ခြင်း ဖြစ်ပြီး ပြည်ထောင်စုထဲ ပါဝင်ခြင်းဖြင့် အကျိုးမရှိဟု ယူဆသောအခါ မိမိ ဆန္ဒအလျှောက် လွတ်လပ်စွာ ခွဲထွက် နိုင်သည့် အဓိပ္ပါယ် ဖြစ်သည်။

ထို့ကြောင့် ဗမာစစ်ဝါဒီများက ခွဲထွက်ခွင့်ကို လက်ညိုးထိုး၍ တိုင်းရင်းသားများအပေါ် ဖိနှိပ်သတ်ဖြတ် ၀ါဒမှိုင်းတိုက်နေခြင်း သည် လုံးဝမှားယွင်းသော လုပ်ရပ် ဖြစ်ပေသည်။

မည်သည့် လူမျိုးမဆို ကိုယ့်လူမျိုး ဘာသာ သာသနာ စာပေ ယဉ်ကျေးမှုများကို မပျောက်မပျက် ထိန်းသိန်းကာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်သူချည်းသာ ဖြစ်မည်။

သို့အတွက်လည်း ဗြိတိသျှ ကိုလိုနီလက်အောက်မှ ဗမာ အပါအ၀င် တိုင်းရင်းသားများ အတူတကွ လွတ်လပ်ရေးရယူ ခဲ့ခြင်းဖြစ်သည်။

တကယ့်လက်တွေ့အခြေအနေတွင် တိုင်းရင်းသားတို့ဘ၀မှာ ဗြိတိသျှ ကိုလိုနီလက်အောက်မှ ဗမာစစ် ကိုလိုနီလက်အောက် သို့ ပြောင်းလဲ ကျရောက်နေသည်နှင့် မခြားတော့ဟု ဆိုလျှင် လွန်မည်မထင်ပေ။

အဘယ့်ကြောင့်ဆိုသော ယနေ့တိုင်းရင်းသားတို့ ကြုံတွေ့နေရသည့် အခြေအနေသည် ဗြိတိသျှ ကိုလိုနီစနစ်တွင်နေရ သည်ထက် ပိုဆိုးနေသောကြောင့် ဖြစ်သည်။

ထိုသို့ပြောခြင်းသည် ဗြိတိသျှကိုလိုနီစနစ်ကို အလွမ်းသည်နေခြင်းမဟုတ်ပါ။

ကျွန်ဖြစ်သည်ဆိုလျှင် မည်သူ့ကျွန်ဖြစ်စေ ဖိနိပ်ခံဘ၀တွင်သာရှိသောကြောင့် မကောင်းပါ။ ကိုယ့်အိမ်ကိုယ်မြေအတွင်း လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက် ပိုင်ခွင့် မရှိသော ဘ၀ မှာ ကျွန်ဖြစ်သည်နှင့် အတူတူပင် ဖြစ်ပါကြောင်းတင်ပြ လိုက်ရပါသည်။

ပြည်တွင်းစစ်သာ လောင်ကျွမ်းခဲ့သည့် ပြည်ထောင်စု

ဖေဖေါ်ဝါရီလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ပေါ်-မြေပြန့် တိုင်းရင်းသားများအကြား တန်းတူ အခွင့်အရေးရှိသည့် ပြည်ထောင်စုတခု တည်ဆောက်ရန် မျှော်မှန်းခဲ့သော ပင်လုံစာချုပ်သက်တမ်းသည် ယနေ့ဆိုလျှင် ၆၃ နှစ်ရှိပြီဖြစ်သည်။

သို့သော် လွတ်လပ်ရေး ခေါင်းဆောင်များ မျှော်မှန်းထားသည့် ပြည်ထောင်စုကြီးကို မတည်ဆောက်နိုင်သေးဘဲ ပြည်တွင်းစစ်မီးသာ လောင်ကျွမ်းခဲ့သည်မှာလည်း ယနေ့အထိ ဖြစ်သကဲ့သို့၊ လက်ရှိ အုပ်ချုပ်နေသည့် စစ်အစိုးရကလည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုပ်ကိုင်၍ ယခုနှစ်တွင် ရွေးကောက်ပွဲပြီးလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိတော့မည်ဟု တိုင်းရင်းသားများကို မက်လုံးပေးနေဆဲဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံဥပဒေပါ အချက်အလက်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ပါ သဘောတူညီချက်များနှင့် ကိုက်ညီမှုမရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် အန်အယ်ဒီက ပြောဆိုသည်။

ဇိုမီး အမျိုးသား ကွန်ဂရက် ZNC ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က “ပြည်ထောင်စုဆိုတာမျိုးဟာ တိုင်းရင်းသား အားလုံး ခွဲခြားမှု မရှိဘဲ တန်းတူညီတူ ခံစားခွင့်၊ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေပုဒ်မ တခုမှ မရှိဘူးဆိုတော့ ပြည်ထောင်စုလို့ မခေါ်နိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဒီမိုကရေစီနိုင်ငံများတွင်မူ နိုင်ငံရေးလုပ်လိုသည့် တပ်မတော်သားများသည် စစ်ဖက်တာဝန်များမှ နုတ်ထွက်လေ့ ရှိသော်လည်း မြန်မာစစ်တပ်ကိုမူ “ယူနီဖောင်း” ဖြင့်ပင် နိုင်ငံရေး၌ ပါဝင်နိုင်ရန် အခွင့်အရေး ပေးထားခြင်းသည် အဆိုးဆုံး ဖြစ်သည်ဟုလည်း သူက ဆိုသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေပါ အခန်း ၆ အရ “အမျိုသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ” တွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဆိုသည့် အချက်ကို ထောက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

ပြည်ပအခြေစိုက် တိုင်းရင်းသားလူမျိုးများကောင်စီ ENC တွဲဘက်အတွင်းရေးမှူး ဆလိုင်းရွှေခါးကလည်း တိုင်းရင်းသားများ လိုလားသော ပင်လုံစာချုပ် အပိုဒ် ၅ နှင့် ၇ ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အခြေခံ တန်းတူ အခွင့်အရေးများသည် ၂ဝဝ၈ အခြေခံ ဖွဲ့စည်းပုံနှင့် ကိုက်ညီမှု မရှိကြောင်း ပြောသည်။

အန်အယ်ဒီ ပြောခွင့်ရ ဦးအုန်းကြိုင်ကမူ ဖဆပလခေတ်၊ ပါလီမန်ခေတ်၊ မဆလခေတ်၊ နဝတခေတ်နှင့် နအဖ စစ်အစိုးရ ယနေ့ထိ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဆောင်ခြင်း မရှိကြောင်းနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီ နည်းမကျသည့် အချက်များ ပါဝင်နေသဖြင့် ပြန်ပြင်ရမည်ဖြစ်ကြောင်း ပြောသည်။

“ပင်လုံစာချုပ်မှာက အချက် ၉ ချက် ပါတယ်လို့ သိရတယ်။ အဓိက တိုင်းရင်းသားတွေအားလုံး တန်းတူညီမှု ရှိရမယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပြည်နယ်/တိုင်းတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ အကြမ်းအားဖြင့် သိပါတယ်” ဟု သူက ပြောသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များအကြား ပြည်ထောင်စုကြီး တည်ဆောက်ရန် သဘောတူခဲ့ကြပြီး ရှမ်းပြည်နယ် ပင်လုံမြို့တွင် သမိုင်းဝင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ပြည်ထောင်စုနေ့ သဝဏ်လွှာအတွင်း၌ လွတ်လပ်ရေး ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြု ဖော်ပြခြင်းမရှိဘဲ ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည့်အကြောင်းသာ အလေးပေး ထည့်သွင်းပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ စစ်တပ်ကြီးစိုးရေး လမ်းစဉ်လည်းဖြစ်ပြီး တိုင်းရင်းသား လူမျိုးများ၏ တန်းတူ အခွင့်အရေးကို ဖော်ဆောင်နိုင်စွမ်း မရှိသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအတိုင်း ရွေးကောက်ပွဲ ကျင်းပရုံဖြင့် ပြည်တွင်းစစ်မီး ရပ်စဲမည်ဟု မျှော်လင့်စရာ အကြောင်းမရှိပါ။

တိုင်းရင်းသားလူမျိုးများ အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကို လူတန်းစားတရပ်က သော်လည်းကောင်း၊ လူတစုကသော်လည်းကောင်း ချုပ်ကိုင်နေဦးမည်ဆိုပါက ပြည်ထောင်စု နိုင်ငံတော်ဟု အမည်ခံထားသည့် နိုင်ငံတော်ကြီးတွင် စစ်မီးလျှံများသာ တဟုန်းဟုန်း တောက်လောင်နေလိမ့်မည် ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တင်ပြလိုက်ရပါသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ပြည်ထောင်စုနေ့နဲ့ ပင်လုံစိတ်ဓာတ်

အောင်ဇံ (ပြည်ထောင်စုနေ့ အထူးဆောင်းပါး)
၁၀/ ဖေဖော်ဝါရီ ၂၀၁၀


ဖေဖော်ဝါရီလကို ရောက်လာပြန်ပါပြီ။ ဖေဖော်ဝါရီ (၁၂) ရက်ဆိုရင် မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့ရယ်လို့ နအဖစစ်အစိုးရက ကြီးမှူးကျင်းပဦးမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးများနဲ့ သူတို့ရဲ့သတင်းစာများကလည်း ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ဆိုတဲ့ ဝေါဟာရတွေကို မိုးလုံးညံအောင် ပြောကြ၊ ရေးကြဦးမှာ ဖြစ်ပါတယ်။ ဒီလိုပြောကြ၊ ရေးကြတဲ့နေရာမှာ အသိရှိရှိနဲ့ လက်တွေ့ကျင့်သုံးဖို့အတွက်တော့ ဟုတ်မယ်မထင်ပါဘူး။ အစဉ်အလာတရပ်အနေနဲ့ လုပ်ရိုးလုပ်စဉ်အရ လုပ်နေကျ ပြောနေကျအတိုင်း ဒီနေ့၊ ဒီရက်ကို ရောက်လာပြီဆိုရင် ဒီလိုဝေါဟာရတွေနဲ့ ပြောကြ၊ ရေးကြရမယ်ဆိုတဲ့ အပေါ်ယံအသိနဲ့ ပြောနေကြ၊ ရေးနေကြပုံရပါတယ်။ သို့တည်းမဟုတ် ဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ပျားရည်နဲ့ ၀မ်းချလိုတဲ့ သဘောနဲ့ ပြောနေ၊ ရေးနေကြခြင်းလည်း ဖြစ်နိုင်ပါတယ်။

အမှန်တကယ်တော့ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဆိုပြီး နအဖဗိုလ်ချုပ်ကြီးတွေ သုံးနှုန်းပြောဆိုနေကြတာတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ပေါ်ထွန်းလာခဲ့တဲ့ ပင်လုံစာချုပ်အခြေခံမူကို လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲ ဝေါဟာရအနေနဲ့ မည်ကာမတ္တ သုံးနှုန်းပြောဆိုနေကြတယ်ဆိုတာ သေချာပါတယ်။ အကယ်၍ ပင်လုံစိတ်ဓာတ် သို့မဟုတ် ပင်လုံမူဖြင့်သာ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် ထူထောင်နိုင်မယ်ဆိုရင် အခုလတ်တလော ကြုံတွေ့နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ဖြုတ်သိမ်းဖို့၊ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးပမ်းရာမှာ အဆင်မပြေ တင်းမာမှုတွေ ဖြစ်နေရတဲ့ ပြဿနာတွေ အပါအ၀င် လက်နက်ကိုင်ပဋိပက္ခတွေ အားလုံးချုပ်ငြိမ်းပြီး ပြည်တွင်းစစ်ကိုလည်း ရပ်စဲနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းသာယာတဲ့ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ နအဖဗိုလ်ချုပ်များ ကျင့်သုံးနေတဲ့ တိုင်းရင်းသားများနဲ့ ပတ်သက်တဲ့ ဗျူဟာကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို လက်နက်ဖြုတ်သိမ်း၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း၊ ဒါတွေကို မလိုက်နာဘူးဆိုရင် တိုက်ခိုက်ချေမှုန်းပစ်ရမယ်ဆိုတဲ့ ဗျူဟာပါပဲ။ ဒီလို တိုင်းရင်းသားတွေအပေါ်မှာ ကျင့်သုံးလုပ်ဆောင်ချက်တွေဟာ ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်နဲ့တော့ ဆီနဲ့ရေလို ကွာခြားနေပါတယ်။ တကယ်တော့ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံပြီး တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်မယ်ဆိုရင် လက်ရှိပြဿနာအပါအ၀င် တိုင်းရင်းသားပေါင်းစုံနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ နအဖဗိုလ်ချုပ်တွေကတော့ ပင်လုံစိတ်ဓာတ်ဆိုတဲ့ အသုံးအနှုန်းဝေါဟာရတွေကို ဝေါဟာရအနေနဲ့သာ သုံးပြီး ခံယူလိုက်နာကျင့်သုံးမယ့် အနေအထားတွေကို လုံးဝမတွေ့ရပါဘူး။ နအဖဗိုလ်ချုပ်တွေက မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ခေါ်ဆိုသုံးနှုန်းနေကြတဲ့တိုင်အောင် လက်ရှိအခြေအနေမှာ ပြည်ထောင်စုရဲ့အသွင်သဏ္ဌာန်ရော အနှစ်သာရပါ မရှိပါဘူး။ စစ်တပ်က စိုးမိုးခြယ်လှယ်အုပ်ချုပ်နေတဲ့ စစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတနိုင်ငံမျှသာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမယ့် မြန်မာနိုင်ငံအခြေအနေကရော ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်နဲ့ ဖော်ဆောင်မယ့် ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ ဘာများကွာခြားနိုင်ပါသလဲ။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်လာမယ့် မြန်မာနိုင်ငံဟာလည်း ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်တကွ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကို ဖော်ဆောင်ပေးထားသယောင် ရှိပေမယ့် ပြည်နယ်တွေ၊ တိုင်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ တပ်မတော်က အဆင့်ဆင့် စိုးမိုးခြယ်လှယ်အုပ်ချုပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ဖော်ဆောင်မယ့် မြန်မာနိုင်ငံဟာလည်း တပ်မတော်က စိုးမိုးခြယ်လှယ်အုပ်ချုပ်မယ့် နိုင်ငံတနိုင်ငံမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖော်ဆောင်မယ့် မြန်မာနိုင်ငံဟာ ကုလားကြီးနှင့် အရာကြီး (မာမူကြီး) မျှသာ ကွဲပြားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁၂) ရက် ပြည်ထောင်စုနေ့ရောက်တိုင်း ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ရယ်လို့ ယေဘုယျ ပြောကြ၊ ရေးကြပေမယ့် အဲဒီပြည်ထောင်စုနေ့ရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ ပင်လုံစာချုပ်၊ ပင်လုံသဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်နဲ့ ပတ်သက်လို့ လေးလေးနက်နက် ခွဲခွဲခြားခြားသိသူ အလွန်နည်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုသိမြင်ဖို့ဆိုရင် တိုင်းရင်းသားလူမျိုးများရဲ့ သမိုင်းနဲ့တကွ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းကို အကျဉ်းမျှ သိဖို့လိုပါတယ်။

မြန်မာနိုင်ငံဟာ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးများအပြင် အခြားလူမျိုးစုများလည်း အများအပြား နေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီတိုင်းရင်းသားလူမျိုးတွေဟာ ရှေးပဝေသဏီခေတ်ကတည်းက တချို့က ကိုယ့်ထီးကိုယ်နန်းတွေနဲ့ ထီးပြိုင်နန်းပြိုင် (ဗမာ၊ ရခိုင်၊ မွန်) နေထိုင်ခဲ့ကြပြီး တချို့မှာ စော်ဘွား၊ စော်ဖျား၊ စော်ကဲတွေနဲ့ (ရှမ်း၊ ကယား၊ ကရင်) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။ တချို့မှာမူ ဒူးဝါး၊ တောင်ပိုင်၊ တောင်အုပ်တွေနဲ့ (ကချင်၊ ချင်း) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။

မွန်-ဗမာ အနှစ် (၄၀) စစ်ပွဲအပြီးမှာ ဗမာဘုရင်တွေက မွန်ဘုရင်အုပ်ချုပ်တဲ့ ဒေသကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာတော့ ဗမာဘုရင် ဘိုးတော်ဘုရားဟာ ရခိုင်ပြည်ကို သိမ်းယူနိုင်ခဲ့ပါတယ်။ ကျန်တိုင်းရင်းသား ဒေသတွေကတော့ တခါတရံမှာ ဗမာဘုရင်ကို လက်ဆောင်ပဏ္ဏာ ဆက်သလို့ဖြစ်စေ တခါတရံမှာ ကိုယ်နည်းကိုယ့်ဟန်နဲ့ သီးခြားလွတ်လွတ်လပ်လပ် အုပ်ချုပ်လို့ဖြစ်စေ နေထိုင်လာခဲ့ကြပါတယ်။ ၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲနဲ့အတူ ရခိုင်နဲ့တနင်္သာရီဒေသကို ဗြိတိသျှအစိုးရက သိမ်းပိုက်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ပဲခူးတိုင်းနဲ့ အောက်ဗမာပြည်ကို သိမ်းယူပြီးတော့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးမှာတော့ ဗမာတပြည်လုံးကို အင်္ဂလိပ်အစိုးရက သိမ်းယူခဲ့ပါတယ်။

ဒီလို သိမ်းပိုက်အုပ်ချုပ်စဉ်ကာလမှာ ဒေသအသီးသီးကို အမျိုးမျိုး ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ရခိုင်ပြည်၊ ဗမာပြည်နဲ့ မွန်ဘုရင်များ အုပ်ချုပ်တဲ့ ဒေသကို ပေါင်းပြီးတော့ ဗမာမြေပြန့်ဒေသအဖြစ် အုပ်ချုပ်ခဲ့သလို ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို သီးခြားခွဲခြားပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့် အခြေအနေကို ရောက်လာတဲ့အခါ ဗြိတိသျှအစိုးရရဲ့ သဘောထားကတော့ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားလိုပါတယ်။ အကယ်၍ ဗမာပြည်နဲ့ တောင်တန်းဒေသကို တပေါင်းတစည်းတည်း လွတ်လပ်ရေးရချင်ရင် တောင်တန်းသားများရဲ့ သဘောထားအရ ပေါင်းစည်းနိုင်မှသာလျှင် ဖြစ်နိုင်မယ်ဆိုပြီး အကျပ်ကိုင်ခဲ့တယ်။

ဒီအခြေအနေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တောင်တန်းဒေသနဲ့ ဗမာပြည်ကို ပေါင်းစည်းရေးအတွက် လှုပ်ရှားကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုပေါင်းစည်းရေးအတွက် ကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကတော့ “ဗမာပြည်ကို လွတ်လပ်ရေးပေးပြီးတော့ ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားခဲ့မယ်ဆိုရင် ဒီလွတ်လပ်ရေးဟာ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေးမဟုတ်ဘူး” လို့ ခံယူသလို ဗမာလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီဘ၀နဲ့ မနေချင်သလို တောင်တန်းသားများကိုလည်း ဗြိတိသျှကိုလိုနီလက်အောက်မှာ မနေစေလိုပါဘူး။ ဗမာတွေ လွတ်လပ်ရေးရသလို တောင်တန်းသားများကိုလည်း လွတ်လပ်ရေး ရစေချင်ပါတယ်။

ဒါ့အပြင် ရှမ်းက တမျိုး၊ ကချင်က တဖုံ၊ ဗမာက တခြား အကွဲကွဲအပြားပြား ကြိုးပမ်းဆောင်ရွက်နေကြမယ့်အစား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် တိုင်းပြည်ဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပြီး ရလာတဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးသာတူညီမျှ ခံစားကြရမှာဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များကလည်း အကယ်၍ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးခဲ့ပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို ချန်ထားခဲ့မယ်ဆိုရင် တောင်တန်းသားများအနေနဲ့ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်နိုင်ဖို့ အလှမ်းဝေးသွား လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ဗမာပြည်နဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ပင်လုံစာချုပ်ရဲ့ အချီးနိဒါန်းမှာလည်း “ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု ကန့်ကွက်သူမရှိဘဲ သဘောတူညီခဲ့ကြလေသည်” ဆိုပြီး တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် စောစောကပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်စိတ်ဓာတ်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်များရဲ့ သဘောထားတွေဟာ ပင်လုံစိတ်ဓာတ်ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ်ဆိုတာဟာ လွတ်လပ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေးပဲဖြစ်ပါတယ်။

ဒီလိုခံယူချက် စိတ်ဓာတ်တွေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဗမာပြည်နဲ့ တောင်တန်းဒေသများပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးညှိနှိုင်းရာမှာ ရှမ်းခေါင်းဆောင်များအနေနဲ့ …

၁။ တန်းတူညီတူ ပြည်ထောင်စုမူနှင့် ပေါင်းစည်းရေး၊

၂။ ပြည်နယ်တွင်းကိစ္စတွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရှိရေး၊

၃။ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရေး၊

… စတဲ့ အချက်တွေကို ဆွေးနွေးတင်ပြခဲ့သလို ကချင်ခေါင်းဆောင်များအနေနဲ့ကလည်း …

၁။ ကချင်ပြည်နယ်ဖွဲ့စည်းရေး၊

၂။ ကချင်ပြည်နယ်ဖွဲ့စည်းရာတွင် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ ပါဝင်ဖွဲ့စည်းရေးတို့ကို တင်ပြခဲ့ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ဒီလိုတင်ပြလာတဲ့ အချက်တွေကို မူအရ လက်ခံသဘောတူခဲ့ပါတယ်။ ဒီလိုသဘောတူညီခဲ့တဲ့ အချက်တွေဟာ တနည်းအားဖြင့် ပင်လုံသဘောတူညီချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ လမ်းညွှန်မူ (၇) ချက်ကို တင်ပြရာမှာ …

နံပါတ် (၁) မှာ ‘နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟူ၍လည်းကောင်း’၊ နံပါတ် (၂) မှာ ‘တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရရှိစေရမည်’ ဟူ၍ ပါရှိသလို နံပါတ် (၅) မှာလည်း ‘ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ပြဋ္ဌာန်းထားရှိစေရမည်’ ဟူ၍ ညွှန်ကြားဖော်ပြ ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုပင်လုံစိတ်ဓာတ်တွေ၊ ပင်လုံသဘောတူညီချက်တွေ ရယူပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပင်လုံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပင်လုံစာချုပ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ပင်လုံစာချုပ်မှာ အပိုဒ် (၉) ပိုဒ် ပါတာကို တွေ့ရမှာဖြစ်ပါတယ်။ အပိုဒ် (၁) ကနေ (၄) အထိမှာ တောင်တန်းဒေသများအရေးနဲ့ ပတ်သက်လို့ ကိုယ်စားလှယ် သို့မဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်တဦးနဲ့ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦး ခန့်ထားရေး ဒီပုဂ္ဂိုလ်များရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားတာဖြစ်ပါတယ်။ အပိုဒ် (၅) ကတော့ ‘တောင်တန်းဒေသ သို့မဟုတ် နယ်စပ်ဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ရာနှုန်းပြည့်ရှိစေရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၆) ကတော့ ‘ကချင်ပြည်နယ်ဖွဲ့စည်းရေးနှင့် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေး’ ကို ဖော်ပြထားပါတယ်။ အပိုဒ် (၇) မှာကတော့ ‘တောင်တန်းသားများသည် ဒီမိုကရေစီနိုင်ငံများတွင် ရရှိသော အခြေခံအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၈) နှင့် (၉) မှာတော့ ‘ရှမ်းပြည်နှင့် ကချင်ဒေသ၊ ချင်းဒေသများအတွက် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး’ အတွက် ထပ်လောင်း ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေဟာ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်နဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေပဲဖြစ်ပါတယ်။

ဒီနေ့အချိန်အခါမှာ နအဖစစ်ခေါင်းဆောင်များအနေနဲ့ ဒီစိတ်ဓာတ်တွေ၊ ဒီမူတွေကို ဖျောက်ဖျက်ပြီး မြန်မာနိုင်ငံကို တပြည်ထောင် စနစ် သို့မဟုတ် စစ်အုပ်ချုပ်ရေးစနစ်နဲ့ ဆက်လက်အုပ်ချုပ်သွားဖို့ ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မိမိစိတ်ကြိုက် စီမံဖန်တီးထားတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ အမည်ခံအားဖြင့် ပြည်ထောင်စုအဖြစ် ဖော်ပြထားတဲ့အပြင် ပြည်နယ်များ၊ အထူးအုပ်ချုပ်ခွင့်ရ တိုင်း၊ အထူးအုပ်ချုပ်ခွင့်ရ ဒေသရယ်လို့ ဖော်ပြထားသည့်တိုင်အောင် ဗဟိုနှင့် ပြည်နယ်၊ တိုင်း ဒေသတွေ အားလုံး စစ်တပ်ကသာ ကြိုးကိုင်စီမံအုပ်ချုပ်ဖို့ ကြိုတင်စီမံဖန်တီးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ပြည်ထောင်စုအနှစ်သာရ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံမူတွေကို လုံးဝပစ်ပယ်ထားပြီး တိုင်းရင်းသားရပိုင်ခွင့်တွေကိုလည်း လျစ်လျူရှုထားတာဖြစ်တယ်။ တကယ်တော့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ စစ်တပ်က ရာသက်ပန်စိုးမိုးခြယ်လှယ်အုပ်ချုပ်နိုင်မယ့် စစ်အုပ်ချုပ်ရေးဥပဒေသာ ဖြစ်တယ်။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းရင်းသားနိုင်ငံရေးပါတီများရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ လုံးဝလက်မခံနိုင်တဲ့အပြင် လက်ရှိအခြေအနေမှာ နအဖရဲ့ အစီအမံဖြစ်တဲ့ လက်နက်ဖြုတ်သိမ်းရေး သို့မဟုတ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြတဲ့အတွက်ကြောင့် တင်းမာမှုတွေဖြစ်နေသလို စစ်ရေးပြင်ဆင်မှုတွေပါ ရှိနေပါတယ်။ ပြည်တွင်းစစ်ဟာလည်း ပိုမိုကျယ်ပြန့်လာမယ့် အနေအထားကိုတွေ့မြင်နေရပါတယ်။

တကယ်တော့ ပြည်တွင်းစစ် သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာပြီးတော့ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့တောင် ခေါ်မယ်ဆိုရင်ခေါ်လို့ ရပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေဖို့ တခုတည်းသော နည်းလမ်းကတော့ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံမူတွေကို အခြေခံပြီး စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ကို ဖွဲ့စည်းဖို့ပါပဲ။ ဒီလိုသာ ဖွဲ့စည်းနိုင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိပြီး တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးတဲ့ သွေးစည်းညီညွတ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒီလိုညီညွတ်တဲ့အားနဲ့ အဘက်ဘက်က ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်မယ်ဆိုရင် မကြာမနှေးဆိုသလို ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

တကယ်တော့ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်ဆိုတဲ့ ပြည်ထောင်စုမူဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့တဲ့မူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုအစမှာ ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာကို ချစ်ပါ၊ ဗမာစကားကို မြတ်နိုးပါ’ ဆိုတဲ့ အမျိုးသားရေးဝါဒကို ချမှတ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးအကြိုကာလကို ရောက်တဲ့အခါမှာတော့ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊ ပူးပေါင်းနေထိုင်ရေးဆိုတဲ့ ပြည်ထောင်စုမူကိုချမှတ်ပြီးတော့ အမျိုးသားသွေးစည်းညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးဆိုတဲ့ အမျိုးသားရေးဝါဒဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ နအဖခေါင်းဆောင်များဟာ ဒီမူတွေ ဒီသဘောတူညီချက်တွေကို လုံးဝဖျောက်ဖျက်ပြီးတော့ တသွေး တသံ တမိန့်နဲ့ ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေကို စိုးမိုးချယ်လှယ်အုပ်ချုပ်ဖို့ စီမံပြင်ဆင်နေတာ တွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့ စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးက လွတ်မြောက်ရေး၊ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကို ဖော်ဆောင်ရေးအတွက် နည်းမျိုးစုံနဲ့ ဘက်ပေါင်းစုံက တိုက်ပွဲဝင်ကြဖို့လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါတယ်။ ။

ယနေ့ တိုင်းရင်းသားပြည်သူတို့၏ သမိုင်းရေးတာဝန်

ဇင်လင်း (ပြည်ထောင်စုနေ့ အထူးဆောင်းပါး)
၁၁/ ဖေဖော်ဝါရီ ၂၀၁၀


ပြည်ထောင်စုလသို့ ရောက်ပြန်ပြီ။ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့၊ ရှမ်းပြည်နယ် ‘ပင်လုံညီလာခံ’ ၌ ပြည်ထောင်စုခေါင်းဆောင် တိုင်းရင်းသားကိုယ်စားလှယ်တော်များ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် သမိုင်းဝင် အခါသမယဖြစ်ပေသည်။ ‘ပြည်ထောင်စုသွေးစည်းညီညွတ်ရေးစိတ်ဓာတ်’ သို့မဟုတ် ‘ပင်လုံစိတ်ဓာတ်’ ကို အခြေခံ၍ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍအသီးသီး၌ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူခံစားခွင့်ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး သဘောတူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြသည်မှာ (၆၃) နှစ်မြောက်ပေပြီ။

‘ပင်လုံစိတ်ဓာတ်’ ကို အခြေခံ၍ တိုင်းရင်းသားခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရယူခဲ့ကြသည့် ရည်ရွယ်ချက်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူခပ်သိမ်းတို့အား လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာ စည်းဝေးခွင့်၊ တရားမဲ့ ဖမ်းဆီးချုပ်နှောင်မှုများမှ ကင်းလွတ်ခွင့်၊ တန်းတူအခွင့်အရေး ရပိုင်ခွင့်၊ တန်းတူအလုပ်လုပ်ပိုင်ခွင့်၊ တရားဥပဒေ၏ အကာအကွယ်ပေးမှုကို တပြေးညီ ရပိုင်ခွင့် အစရှိသည့် ဒီမိုကရေစီအခွင့်အရေးများကို တန်းတူညီမျှ ခံစားနိုင်ကြစေရန်ဖြစ်သည်။

သို့သော် မျက်မှောက်တိုင်းရင်းသားများ၏ အခြေအနေအရပ်ရပ်ကို လေ့လာလျှင် ဗြိတိသျှလက်အောက်မှာထက် ပိုမိုခါးသီးစွာ အဖိနှိပ်ခံနေရပေသည်။ ၂၀၀၅ ဖေဖော်ဝါရီလ (၅၈) နှစ်မြောက် ပြည်ထောင်စုနေ့ဝန်းကျင်တွင် ရှမ်းခေါင်းဆောင်များကို ‘ရှမ်းပြည်နယ် အတိုင်ပင်ခံအဖွဲ့’ ဖွဲ့စည်းရန် ကြိုးပမ်း၍ စစ်အစိုးရက ဖမ်းဆီးပြီး ထိုနှစ် နိုဝင်ဘာတွင် နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် စွဲချက်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ထောင်ဒဏ် (၉၃) နှစ် အပြစ်ပေးခံရသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦးသည် ကချင်ပြည်နယ် ပူတာအိုထောင်တွင် အကျဉ်းကျခံနေရပြီး ကျန်ရှမ်းခေါင်းဆောင်များသည်လည်း နိုင်ငံအစွန်အဖျားရှိ အကျဉ်းထောင်များတွင် အသီးသီး အကျဉ်းကျခံနေရသည်။ ခွန်ထွန်းဦးနှင့်အတူ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသည့် ရှမ်းခေါင်းဆောင်များမှာ ‘ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ’ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင် (၁၀၆) နှစ်၊ SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် (၈၅) နှစ်၊ ရှမ်းပြည်မျိုးဆက်သစ်ကျောင်းသားလူငယ်များအဖွဲ့မှ ဦးမြင့်သန်း (၇၉) နှစ်၊ ဦးညီညီမိုး (၇၉) နှစ်၊ စိုင်းမျိုးဝင်းထွန်း (၇၉) နှစ်၊ ဦးထွန်းညို (၇၉) နှစ်၊ စိုင်းလှအောင် (၇၉) နှစ်နှင့် စပ်သာဦး (၁၂) နှစ်တို့ဖြစ်သည်။

လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကျင်းပနေစဉ်က အလားတူ ‘တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့ (Supreme Council of United Hill Peoples) ရှိခဲ့ဖူးသည်။ တောင်တန်းသားများအရေးကို တောင်တန်းသားများ ကိုယ်တိုင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုအဖွဲ့တွင် ဥက္ကဋ္ဌ စ၀်ရွှေသိုက်၊ ဒုတိယဥက္ကဋ္ဌ ဆမားဒူးဝါးဆင်ဝါးနောင်တို့ ဦးဆောင်ပြီး စ၀်ဟုန်ဖ (ရှမ်း)၊ စ၀်စံထွန်း (ရှမ်း)၊ စ၀်ဘွန်ဝှပ် (ရှမ်း)၊ ဦးထွန်းမြင့် (ရှမ်း)၊ ဦးကြာပု (ရှမ်း)၊ ဒူးဝါးဇော်ရစ် (ကချင်)၊ ဦးဒိန်ရတန် (ကချင်)၊ ဒူးဝါးဇော်လွန်း (ကချင်)၊ ဒူးဝါးဇော်လ (ကချင်)၊ ပဒစ်လတောင် (ကချင်)၊ ဦးပွန်ဇမန်း (ချင်း)၊ ဦးထောင်ကျင်ထန်း (ချင်း)၊ ဦးကီယိုမန်း (ချင်း)၊ ဦးစိန်လျံ (ချင်း)၊ ဦးလွှာမှုန်း (ချင်း)၊ ဦးမန်းလင်း (ချင်း) အစရှိသည့် ကိုယ်စားလှယ် (၁၈) ဦး ပါဝင်သည်။ လက်ရှိစစ်အစိုးရက အလားတူ အဖွဲ့မျိုးဖွဲ့ရန် ကြိုးစားသည့် ရှမ်းခေါင်းဆောင်များအား ကြီးလေးပြင်းထန်သော ထောင်ဒဏ်များ ချမှတ်သည်ကိုထောက်လျှင် စစ်အုပ်စုသည် တိုင်းရင်းသားတို့အား တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရန် လုံးဝသဘောထားမရှိကြောင်း ထင်ရှားသည်။

ပင်လုံစာချုပ်တွင် ̏ တောင်တန်းဒေသများအတွက် အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိကြောင်း မူအားဖြင့် သဘောတူကြသည်˝ ဟုလည်းကောင်း၊ ̏ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် သတ်မှတ်ထားသည့် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များအတိုင်း ရရှိခံစားစေရန်˝ ဟုလည်းကောင်း ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ထိုးခဲ့သည့် ပင်လုံစာချုပ်၌ အထူးအရေးပါသော အချက်မှာ “တိုင်းရင်းသားတို့၏ နယ်စပ်ဒေသများအုပ်ချုပ်ရေးတွင် ခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို လျော့ပါးသွားစေရန် မည်သည့်နည်းနှင့်မဆို ဗဟိုအစိုးရက ပြုလုပ်ခြင်းမရှိစေရ” ဟု ပြဋ္ဌာန်းထားသည်။

ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ၁၉၄၇ ခုနှစ်က သဘောတူထားသည့် တိုင်းရင်းသားဒေသ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ ဆိုသည်မှာ ယနေ့အချိန်အထိ အကောင်အထည် မပေါ်သေး။ ထိုအနှစ်သာရသဘောတို့ကို စစ်အာဏာရှင်အဆက်ဆက်သည် အသိအမှတ်မပြုရုံမက သမိုင်းစာမျက်နှာထက်မှ ပျောက်ကွယ်သွားရန်အထိ နည်းမျိုးစုံ ကျင့်သုံးဖျက်ဆီးပစ်လျက်ရှိကြသည်။ စစ်အာဏာရှင်တို့အကြံမှာ နောင်လာနောက်သား မျိုးဆက်သစ်များထံသို့ ‘ပင်လုံစိတ်ဓာတ်’ သက်ဝင်မှုမရှိစေရန်ဖြစ်သည်။

သို့သော် ဤဆိုးညစ်သည့်အကြံမှာ အချည်းနှီးသာဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ပင်လုံအမွေ၊ ပင်လုံစိတ်ဓာတ်သည် မြန်မာ့သမိုင်းတွင် အထင်ကရ ပင်မကျောက်တိုင်ကြီး ဖြစ်သည့်အလျောက် မတော်မတရား အာဏာရယူထားသူများက မည်သို့ပင် ဖယ်ရှားလိုသော်လည်း ဖယ်ရှား၍မရ၊ ပို၍သာ မားမတ်ခိုင်မြဲလာသည်ကို တွေ့ရသည်။ ၁၉၈၈ လူထုအရေးတော်ပုံကို ပြန်ကြည့်လျှင် လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေး တည်းဟူသော ဒီမိုကရေစီရပိုင်ခွင့် တောင်းဆိုသံများနှင့်အတူ ‘ပင်လုံစိတ်ဓာတ်’ ပြန်လည်နိုးထလာသည်ကို တွေ့နိုင်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် လူထုဆန္ဒမဲ (၈၀) ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး၏ သဘောဆန္ဒများကို ခံယူသွားရန်˝ ဟူသည့် မူဝါဒတရပ် ချမှတ်ခဲ့သည်။ ထိုမူဝါဒနှင့်အညီ တိုင်းရင်းသားနိုင်ငံရေးပါတီ (၂၁) ခု ပေါင်းစုထားသော “ပြည်ထောင်စုတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်” (UNLD) နှင့် ညှိနှိုင်းကာ ၁၉၉၀ သြဂုတ်လ (၂၉) ရက်နေ့တွင် “ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။

ရည်ရွယ်ချက်မှာ ပြည်သူ့လွှတ်တော် အမြန်ခေါ်ယူပေးရေးဖြစ်သည်။ ပြည်သူ့လွှတ်တော်က တိုင်းရင်းသားလူမျိုးစုံ ကိုယ်စားလှယ်များ၊ ပါတီအဖွဲ့အစည်းဆိုင်ရာ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ပါဝင်သည့် “အမျိုးသားအတိုင်ပင်ခံညီလာခံ” ခေါ်ယူ၍ တိုင်းရင်းသားလူမျိုးအားလုံး သဘောတူလက်ခံနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး မူဝါဒများ ချမှတ်ရန်ဖြစ်သည်။ သို့သော် စစ်အာဏာအလွဲသုံးသူတို့က ကလိမ်ဉာဏ်အမျိုးမျိုးသုံးကာ ပိတ်ပင်ဟန့်တားခဲ့သည်။

ဤနေရာတွင် ၁၉၈၉ ပင်လုံခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို ကိုးကားလိုသည်။

“ဒီမိုကရေစီအစိုးရတရပ် တက်လာတဲ့အခါကျရင် ကျမတို့ ပင်လုံလိုညီလာခံကြီး ထပ်ပြီးတော့ ခေါ်ရမယ်လို့ ယုံကြည်ပါတယ်။ ဒီလို ပင်လုံညီလာခံကြီး ထပ်ခေါ်ပြီးတော့ ကျမတို့ ပြည်ထောင်စုသစ်ကို ဘယ်ပုံဘယ်နည်း ထူထောင်မယ်ဆိုတာ တိုင်းရင်းသားလူမျိုးစုတွေအားလုံးနဲ့ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီလိုကိစ္စများဟာ အများပြည်သူလူထုကနေပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှတဆင့် တင်မြှောက်လိုက်တဲ့ အစိုးရများကသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ အများပြည်သူက တင်မြှောက်မထားတဲ့ အဖွဲ့အစည်းမျိုးက ဒီလိုညီလာခံမျိုးကို ဘာမှ ထိထိရောက်ရောက် လုပ်နိုင်မှာမဟုတ်ပါဘူး”

ထို့ကြောင့် စစ်အုပ်စုက ကျင်းပခဲ့သည့် အမျိုးသားညီလာခံ၊ လူထုဆန္ဒခံယူပွဲနှင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ စသည်တို့သည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ တရားဝင်မှုမရှိပေ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူလူထု၏ဆန္ဒကို မျက်နှာလွှဲခဲပစ် ချန်ထားခဲ့ရန် ကြံစည်မှုမျှသာဖြစ်သည်။ ဤနည်းဖြင့် လူထု Mandate ကို ဖျက်ဆီးရန် ဆောင်ရွက်ခဲ့သည့် စစ်အာဏာရှင်တို့သည် မဝေးတော့သော ကာလတွင် သမိုင်း၏ ဒဏ်ခတ်ခြင်းကို ခံကြရပေလိမ့်မည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့မှ အဓိက အတိုက်အခံခေါင်းဆောင်များကို အကျဉ်းချ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘေးဖယ်လျက် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် လုပ်နေခြင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့ရာကျသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးလမ်းစဉ်မှလည်း သွေဖည်နေပေသည်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ၏ အကြံပြုတိုက်တွန်းချက်များကိုလည်း ဆန့်ကျင်သည့်သဘောဖြစ်သည်။ ပြည်တွင်းပြည်ပမှ တိုင်းရင်းသားပြည်သူလူထု၏ ဆန္ဒသဘောထားကိုလည်း လျစ်လျူပြုခြင်းဖြစ်သည်။

စစ်အုပ်စုသည် “ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး”၊ “တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး” စသည်ဖြင့် ကြွေးကြော်နေသော်လည်း လက်တွေ့လုပ်ရပ်များမှာ ဆန့်ကျင်ဘက်များသာဖြစ်နေသည်။ ၂၀၀၈ ဖေဖော်ဝါရီ (၁၄) ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရသည်။ အရင်းခံအားဖြင့် ̏အကျပ်ကိုင် လက်နက်ချခိုင်းခြင်း˝ ကို လုံးဝလက်မခံဘဲ ̏ တွေ့ဆုံဆွေးနွေး အဖြေရှာရေး˝ နည်းလမ်းဖြင့်သာ လက်ရှိနိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟူသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံရေးခံယူချက်ကို ယိုင်နဲ့စေရန်၊ ကရင်အမျိုးသားအချင်းချင်းအကြား ပိုမိုသွေးကွဲစေရန် အကြံပက်စက်မှုဟု ဆိုရမည်။

၂၀၀၉ သြဂုတ်လတွင် စစ်အစိုးရ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် လက်မခံခဲ့သည့် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ နယ်မြေကို နအဖတပ်များက ထိုးစစ်ဆင်သိမ်းယူလိုက်သည်။ ကိုးကန့်တပ်ဖွဲ့များ (MNDAA) နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ယခင် ဖုန်ကြားရှင်၏ ကိုးကန့်နယ်မြေတွင် စိတ်ကြွမူးယစ်ဆေးပြား (၁) သိန်း (၅) သောင်းကျော်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ နအဖ၏ လိုတမျိုး မလိုတမျိုး လုပ်တတ်သည့် ကောက်ကျစ်မှုကို တိုင်းရင်းသားတို့ သတိထားရန် ဖြစ်သည်။

ယခု ဇန်န၀ါရီလ (၂၇) ရက်နေ့က အထူးဒေသ (၄) အပစ်ရပ် မိုင်းလားအဖွဲ့ခေါ် “အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်” NDAA-ESS တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံရပြန်သည်။ နောက်ကွယ်တွင် စစ်အုပ်စုလက် ရှိနေသည်မှာ သေချာသလောက်ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံရန် အခြားတိုင်းရင်းသားအဖွဲ့များအား ဖိအားပြင်းပြင်း ပေးလိုက်သည့်သဘောလည်းဖြစ်သည်။ ဤအတောအတွင်း အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ယခုဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး ပြုလုပ်ရန် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ဆက်လက်ဖိအားပေးနေသည်။

လက်ငင်း စစ်အုပ်စုလုပ်ဟန်များအရ မြန်မာစစ်အင်ပါယာက တိုင်းရင်းသားနယ်မြေဒေသများအား အတင်းအကျပ် ကိုလိုနီလက်အောက်ခံပြုရန် စီစဉ်နေကြောင်း ထင်ရှားသည်။ ပင်လုံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် သီးခြားပြည်ထောင် (၄) ခုကို “တန်းတူရည်တူ ပြည်ထောင်စု” ပြုရန် အမြော်အမြင်ရှိရှိ သဘောတူခဲ့ကြပြီးနောက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ထိုသဘောကို ၁၉၄၇ မေလ (၂၄) တွင် “ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ” တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းသော အခြေခံမူများကို ကြည့်လျှင်သိနိုင်သည်။ ယင်းအခြေခံမူများအရ မြန်မာနိုင်ငံအတွင်းရှိ (ဗမာလူမျိုး အပါအ၀င်) တိုင်းရင်းသားလူမျိုးအားလုံးသည် ပင်လုံစိတ်ဓာတ်အရ ‘အဆင့်အတန်းတူ’ ဖြစ်သည်။

ထိုညီလာခံတွင် ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတွင် “တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေးအဆင့်အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်”

“ဒီမိုကရေစီသစ်အရလုပ်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုရင် တိုင်းသူပြည်သား လူများစုတွေ အာဏာပိုင်အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေ ထိပ်အထိ တိုင်းပြည်အုပ်ချုပ်ရေး၊ တိုင်းပြည်အစိုးရအာဏာကို ကိုင်ထားရမယ်။ သူတို့ ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကို မကြိုက်လို့ရှိရင် ပြန်ခေါ်နိုင်ရမယ်”

“လူမျိုးရေးအရ ကွဲပြားနေတဲ့ လူများစု လူနည်းစုကိစ္စတွေမှာတော့ လူများစု လူမျိုးတွေက လူနည်းစု လူမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီမှန်မယ်။ လူမျိုးအရ၊ ဘာသာအရ၊ လိင်အရ အခွင့်အရေးခွဲခြားမှု၊ နှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး ဒီလို နှိမ်နင်းတာမျိုးတွေ တွေ့ရင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်”

ယနေ့ ပြည်သူလူထု အဓိကတောင်းဆိုနေသည်မှာ (ကြိုးကိုင် ဒီမိုကရေစီ) မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံတွင် လမ်းညွှန်ခဲ့သည့် “လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေး” အနှစ်သာရပါသည့် ဒီမိုကရေစီကို တောင်းဆိုနေခြင်းဖြစ်သည်။ သမိုင်းအတွေ့အကြုံ၊ နိုင်ငံတကာသမိုင်းအတွေ့အကြုံများအရ စစ်တပ်ဦးဆောင် လွှတ်တော်အမျိုးအစားကို လူထုက လုံးဝလိုလားသည်မဟုတ်။ လူထုစိတ်ကြိုက် ရွေးချယ်ထားသည့် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်စစ်စစ် အမျိုးအစားကို လူထုက လိုလားတောင်းဆိုနေခြင်း ဖြစ်သည်။

နအဖစစ်အုပ်စု၏ လက်ရှိလှမ်းနေသော ခြေလှမ်းများမှာ စစ်တပ်လက်ဝေခံ လွှတ်တော်ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းမည့် “စစ်လွှမ်းမိုးရေးလွှတ်တော်” ဖြစ်နေသည်ကို ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ သိမြင်နေကြရပြီဖြစ်သည်။ စစ်တပ်လွှတ်တော်တွင် စစ်တပ်က (၂၅) ရာခိုင်နှုန်း သပိတ်ဝင်အိပ်ဝင် ယူထားပြီးနောက် ကျန်မဲဆန္ဒနယ်များတွင်လည်း စစ်ပြန်နှင့် စစ်တပ်အလိုတော်ရိများ နေရာရရေးအတွက် စစ်တပ်က သေနတ်အားကိုးဖြင့် မလွဲမသွေ ကလိန်ကျဦးမည်ဖြစ်သည်။ ထို့ကြောင့် ပါလီမန်တွင် စစ်တပ်က အနည်းဆုံး (၅၀) ရာခိုင်နှုန်းကျော် ယူထားမည်မလွဲပါ။ ထို့ပြင် စစ်ဗိုလ်သမ္မတ၊ စစ်ဗိုလ်ဝန်ကြီးချုပ်၊ အရေးကြီးဝန်ကြီးဌာနအားလုံး စစ်ဗိုလ်ဝန်ကြီးများ ကြိုးကိုင်မည့် အစိုးရဖြစ်လာမည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်လာမည့် (ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်) ကို ပေါင်းစည်းထားသော စစ်တပ်ကြိုးကိုင် ပြည်ထောင်စုလွှတ်တော်သည် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အဖြစ် အချုပ်အခြာအာဏာ (၃) ရပ်ကို ကိုင်တွယ်ကျင့်သုံးရမည်ဖြစ်သည်။ သို့သော် အမှန်တကယ် ကျင့်သုံးခွင့်မရှိပါ။ စစ်တပ်အရေးအရာ ကိစ္စအ၀၀နှင့် စပ်လျဉ်းသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို စစ်ဦးစီးချုပ်နှင့် စစ်တပ်ကိုယ်စားလှယ်များကသာ စီမံကိုင်တွယ်မည်ဖြစ်သည်။ လိုရင်းကိုပြောရလျှင် စစ်တပ်နှင့် စစ်ဦးစီးချုပ်က အာဏာသုံးရပ် အထက်တွင် ရှိလိမ့်မည်။ စစ်ဦးစီးချုပ်၏ ဆုံးဖြတ်ချက်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့က အတည်ပြုပေးရမည်ဖြစ်မည်။ ထို့ကြောင့် Military-Monopolized Rubber-Stamp Parliament သာ ပေါ်လာမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတကိုလည်း စစ်ဦးစီးချုပ်က အဆိုပြု လက်ခံသူကိုသာ ခန့်ထားလိမ့်မည်။ အစိုးရအဖွဲ့အတွင်း အရေးကြီး ၀န်ကြီးရာထူးများကိုလည်း စစ်တပ်ကိုယ်စားလှယ်များကိုသာ ပေးမည်။ ရှေ့နေချုပ်နှင့် တရားသူကြီးချုပ်ရာထူးများကိုလည်း စစ်တပ်စိတ်တိုင်းကျသူများကိုသာ ခန့်ပေလိမ့်ဦးမည်။ သဘောမှာ စစ်ဦးစီးချုပ်က သမ္မတနှင့် ကက်ဘိနက်အဖွဲ့၏ အထက်တွင် ရှိမည်။ အဖွဲ့ဝင် (၁၁) ဦး ပါသော “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ဆိုသည်ကလည်း စစ်ဦးစီးချုပ် အလိုကျသူများနှင့် ဖွဲ့စည်းထား၍ အချိန်မရွေး စစ်ဦးစီးချုပ်က အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။ အာဏာသိမ်းနိုင်သည်။ စစ်ဦးစီးချုပ်သည် အချုပ်အခြာအာဏာ (၃) ရပ်၊ သမ္မတနှင့် အစိုးရအဖွဲ့တို့၏ အထက်တွင် ရှိနေပေတော့မည်။

ဤ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲရောက်မှ ပြင်မည်ဟု စဉ်းစားခြင်းမှာ နုံအလွန်းရာ ကျပေလိမ့်မည်။ တခုခု ပြင်ဆင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ ပြင်ဆင်ချက်မူကြမ်း တင်ရမည်ဖြစ်သည်။ စစ်တပ်၏ချော့လုံး၊ ခြောက်လုံးများကြားတွင် လွှတ်တော်ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်းရရန် လွယ်မည်ထင်လျှင် မှားပါလိမ့်မည်။ ထိုမျှမက လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်နှင့် လူထု Referendum က (၅၀) ရာခိုင်နှုန်းကျော် ထောက်ခံမဲရမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေး၊ တန်းတူရေး၊ တရားမျှတရေးဆိုသည့် ဒီမိုကရေစီအခွင့်အရေးများကို အိပ်မက်ပင် မက်ခွင့်ရှိမည်မဟုတ်ပါ။

ထိုအချင်းအရာများကို မြင်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စသည်တို့ကို လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများအဖြစ် ဖော်ပြလျက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုနေခြင်းဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားကြောင်းလည်း ဖော်ပြထားသည်။ သို့သော် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေးကိစ္စ၊ တွေ့ဆုံဆွေးနွေးရေးကိစ္စသည် ပြည်သူလူထုအများစု၏ ဆန္ဒအမှန်ဖြစ်သည်။ NLD က ထိုအချက်များ မီးမောင်းထိုးပြရခြင်းမှာ ပြည်တွင်းစစ် နောက်တကျော့ ပြန်လည်မလာစေလို၍ ဖြစ်သည်။ စိတ်ကူးယဉ်ကာ မဖြစ်နိုင်သည်ကို ဈေးဆစ်နေခြင်းမျိုး အလျဉ်းမဟုတ်။ မြော်မြင်ချိန်ဆ၍ ပြောသောစကားဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထု၏ ထောက်ခံမှုရှိ၍ လူထုကိုယ်စားပြောသော စကားလည်းဖြစ်သည်။

စင်စစ် တိုင်းရင်းသားပြည်သူလူထုဆန္ဒကို ပစ်ပယ်သူများ၊ ‘ပင်လုံကတိ’ ကို ပစ်ပယ်သူများမှာ စစ်ခေါင်းဆောင်များနှင့် သူတို့နောက်လိုက် နိုင်ငံရေးအချောင်လမ်းရှာသူများသာဖြစ်သည်။ ပင်လုံစာချုပ်အရ တိုင်းရင်းသားအားလုံးအား ‘တန်းတူညီမျှ အခွင့်အရေး’ နှင့်တကွ ‘ကိုယ်ပိုင်အုပ်ချုပ်ရေး’ ကို အာမခံသည့် ‘ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေး’ ကို အမှန်တကယ် လိုလားသဘောတူလျှင် Military-Monopolized Rubber-Stamp Parliament (တနည်း) ဒီမိုကရေစီအရေခြုံ စစ်ကောင်စီကို တရားဝင်ဖြစ်အောင် အကွက်ဆင်ထားသည့် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအတုနှင့် ၂၀၁၀ ရွေးကောက်ပွဲအတုတို့ကို တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှုရှိရှိ ဆန့်ကျင်ကြရန်သာရှိသည်။

ထို့ကြောင့် ပင်လုံစိတ်ဓာတ်အရင်းခံဖြင့် ပြည်ထောင်စုစစ်စစ် ထွန်းပေါ်ရေးအတွက် စစ်အာဏာရှင်၏ အလိုတော်ရိများ ကြွေးကြော်နေသော “ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိ” ဟူသော ၀ါဒဖြန့်ချိချက်ကို ညီညီညွတ်ညွတ် ၀ိုင်းဝန်းဆန့်ကျင်ကြရန်မှာ ယနေ့တိုင်းရင်းသားပြည်သူခပ်သိမ်း၏ သမိုင်းရေးတာဝန် ဖြစ်သည်ဟု နှလုံးသွင်းကြပါကုန်။

ကိုးကား ။ ။

(၁) ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာန။
(၂) တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ (ဒုတိယတွဲ)၊ သမိုင်းဌာန (သုတေသန) ရန်ကုန်တက္ကသိုလ်။
(၃) အောင်သန်း၏ အောင်ဆန်း၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၄။