Showing posts with label တရားဥပဒေ စိုးမိုးရေး. Show all posts
Showing posts with label တရားဥပဒေ စိုးမိုးရေး. Show all posts

Wednesday, June 23, 2010

မတရားဥပဒေ ကျင့်သုံးတဲ့တိုင်းပြည်

အောင်ကျော်ခင် / ၂၄ နိုဝင်ဘာ ၂၀၀၉


နအဖခေတ်မြန်မာပြည်မှာ ဒီမိုကရေစီသမားကို ကြံ့ဖွံ့က၀ိုင်းရိုက်ပြီး အရိုက်ခံရသူကို အပြစ်ပေးတာဟာ ထုံးစံလိုဖြစ်နေတယ်။ အစိုးရကိုယ်တိုင် အကြမ်းဖက်သမားဖြစ်နေတော့ တရားသူကြီးကလည်း အကြမ်းဖက်သမားအမိန့်ကို နာခံရတဲ့သဘောပဲ။ မတရားစီရင်ချက်တွေကတော့ အများကြီးပဲ။ ၂၀၀၇ ခုနှစ်က ဟင်္သာတမြို့နယ်မှာ လူ့အခွင့်အရေးသင်တန်းပို့ချဖို့ ကြိုးစားသူ (၂) ဦးကို ကြံ့ဖွံ့တွေဝိုင်းရိုက်လို့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတင်လိုက်ရတယ်။ ဒါပေမယ့် သူတို့ (၂) ဦးစလုံး ထောင်
(၈) နှစ်စီ ကျသွားပြီး သူတို့ကိုကူညီတဲ့ ရွာသား (၅) ဦး ထောင် (၄) နှစ်စီ ကျသွားတယ်။ ၀ိုင်းရိုက်တဲ့ကြံ့ဖွံ့ကို အရေးမယူဘူး။ ရိုက်တဲ့လူက အပြစ်မရှိ အရိုက်ခံရသူသာ အပြစ်ရှိတယ်လေ။

ဘုရားကို မှန်မှန်ရှိခိုးရင်လည်း အဖမ်းခံရနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ရွှေတိဂုံစေတီမှာ အင်္ဂါနေ့တိုင်း ဘုရားရှိခိုးပြီး ဆုတောင်းနေတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် နော်အုန်းလှနဲ့ အပေါင်းပါအမျိုးသမီး
(၃) ဦးကို အောက်တိုဘာလ (၃) ရက်နေ့က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာထားတယ်။ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီးအပြန် သင်္ကန်းကျွန်းမြို့နယ် စံပြဈေးမှာ အဖမ်းခံရတာတဲ့။ ပုဒ်မ ၅၀၅(ခ) အရ ဖမ်းတယ်ဆိုပဲ။ “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုလည်းကောင်း ကြောက်ခြင်း ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်” ထိုသူကို ထောင်ဒဏ် (၂) နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ဥပဒေမှာ ဖော်ပြထားတယ်။

လက်ဖက်ရည်ဆိုင်မှာ စကားပြောသူကို ဖမ်းနိုင်တဲ့ဥပဒေပဲ။ တရားသူကြီးတွေရဲ့တာဝန်က ထောင်ဒဏ် (၂) နှစ် ပေးရမယ့်အမှုကို (၁၀) နှစ်ဖြစ်အောင် ကြံဖန်ပြီး အပြစ်ရှာဖို့ဖြစ်တယ်။ အရှင်သခင်ကျေနပ်အောင် ဒီမိုကရေစီသမားတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နေတာ တရားသူကြီးတွေရဲ့ တာဝန်လိုဖြစ်နေတယ်။ ဒီလိုမတရားတဲ့ စီရင်ချက်တွေကို လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ထုတ်နေပေမယ့် ဒီတရားသူကြီးတွေကို ဘယ်လိုအရေးယူမလဲဆိုတာကို အလေးအနက် စဉ်းစားဖို့လိုလာပြီ။ မတရားသူကြီးတွေကို ဖော်ထုတ်ဖို့လိုတယ်။ နအဖလုပ်ရပ်ကို မတရားဥပဒေနဲ့ ကာကွယ်နေတဲ့ မတရားသူကြီးတွေပဲ။

တရားစီရင်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၅/၂၀၀၀ ကို ၂၀၀၀ ပြည့်နှစ် ဇွန်လ (၂၇) ရက်ထုတ်ပြန်ချိန်ကစပြီး တရားသူကြီးတွေဟာ စစ်အစိုးရအလိုဆန္ဒအတိုင်း တရားစီရင်နေရတယ်။ နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေက လက်မှတ်ထိုးထုတ်ပြန်တဲ့ တရားစီရင်ရေးဥပဒေဖြစ်လို့ ကြပ်ပြေးကြီး အလိုကျအတိုင်း တရားစီရင်ရတယ်လို့ ဆိုနိုင်တယ်။ နအဖခေတ် မြန်မာ့ဥပဒေဟာ ကြပ်ပြေးကြီးရဲ့ အမိန့်ပါ။ တရားရုံးချုပ်နဲ့ လက်အောက်ခံ တရားရုံးများရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကြပ်ပြေးကြီးက သတ်မှတ်လိုက်တဲ့ တရားစီရင်ရေးဥပဒေပင်ဖြစ်တယ်။ နအဖခန့်အပ်တဲ့ မတရားရုံးချုပ်မှာ မတရားသူကြီးပဲရှိတယ်။ နအဖအစိုးရရဲ့ မတရားလုပ်မှုကို မတရားသူကြီးတွေက မှန်ကန်အောင် မလုပ်နိုင်ပါ။

အခြေခံဥပဒေရေးဆွဲပြီး အတည်ပြုလိုက်ပြီဆိုရင် တိုင်းပြည်အခြေအနေ ကောင်းသွားပြီဟု သာမန်အားဖြင့် ယူဆတယ်။
၁၉၄၇ အခြေခံဥပဒေကို ရေးဆွဲဖို့ပြင်ဆင်ရာမှာ တိုင်းရင်းသားစည်းလုံးရေးကို တစုံတခုသောအတိုင်းအတာအထိ ရယူနိုင်ခဲ့လို့ ပြည်တွင်းပြည်ပ ရိုသေလေးစားကြတယ်။ မလေးစားတဲ့ အုပ်စုတွေက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကြတယ်။ မဆလခေတ် ၁၉၇၄ မှာ အတည်ပြုတဲ့ ဆိုရှယ်လစ်အခြေခံဥပဒေဟာ အာဏာရှင်စနစ်ကို ဆိုရှယ်လစ်အရေခြုံတဲ့ ဥပဒေဖြစ်ပေမယ့် နိုင်ငံတကာအသိအမှတ်ပြုမှုကို ခံရတယ်။ မဆလအစိုးရကို နိုင်ငံခြားငွေကြေး အကူအညီဝိုင်းပေးကြတယ်။

၂၀၀၈ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီအရေခြုံပေးဖို့ ရည်ရွယ်တယ်။ တိုင်းရင်းသားစည်းလုံးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မကြိုးပမ်းဘဲ တဖက်သတ်ရေးဆွဲတဲ့ အခြေခံဥပဒေဟာ ရိုသေလေးစားမှု မရနိုင်ပါ။ အရေးပေါ်အခြေအနေကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အခြေခံဥပဒေမျိုး မြန်မာပြည်မှာသာ ရှိမယ်ထင်တယ်။ အများသဘောတူတဲ့ သဘောတရားအပေါ် အခြေပြုတဲ့ အခြေခံဥပဒေကသာ ပြည်တွင်းပြည်ပလေးစားမှုကို ရရှိနိုင်တယ်။

မတရားတဲ့ အခြေခံဥပဒေဆိုတာကို ကမ္ဘာကသိပေမယ့် ဥပဒေရှိတာကို တိုးတက်မှုအဖြစ် သတ်မှတ်တဲ့အစိုးရလည်းရှိတယ်။ တရားသူကြီးတွေဟာ စစ်ဗိုလ်အမိန့်နာခံပြီး အရပ်သားလောကမှာ လာဘ်စားတယ်။ ငွေရှိရင် ရဲနှင့်တရားသူကြီးကို ကြိုက်သလို ခိုင်းနိုင်တယ်။ ဖမ်းဝရမ်း Arrest Warrant ကို ရောင်းစားတဲ့ခေတ်ဖြစ်တယ်။ အတိုက်အခံကို အရေးယူအပြစ်ပေးတဲ့ ဥပဒေဖြစ်တယ်။ တရားရုံးကို အင်းစိန်ထောင်ဝန်းထဲမှာ ထားတာဟာ ဒီရည်ရွယ်ချက်ကို ပြသရာရောက်တယ်။ အကျင့်ပျက် တရားသူကြီတွေဟာ နအဖစစ်ဗိုလ်ရဲ့ အမိန့်အတိုင်း စီရင်ချက်ချနေတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူကို ထောင်ဒဏ်အနှစ် (၅၀) ကျော်ချမှတ်တဲ့ တရားဌာနဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ အမိန့်နာခံတဲ့ တရားစီရင်ရေးစနစ်ကို ကမ္ဘာက သိသွားတယ်။ မတရားစီရင်ချက် အများအပြားရှိတဲ့အနက် ထင်ရှားတဲ့အမှု
(၂) မှုကိုသာ တင်ပြပါတယ်။ ဗိုလ်ချုပ်နေ၀င်းနဲ့ဗိုလ်ချုပ်သန်းရွှေတို့ရဲ့ သမားတော်ကြီး ဗိုလ်ချုပ် ဒေါက်တာကျော်ဝင်းရဲ့သား ဆေးကျောင်းသားထွန်းကျော်ဝင်း မောင်းနှင်တဲ့ ကားကတိုက်တဲ့အတွက် စီးပွားရေးတက္ကသိုလ်ကျောင်းသား မောင်ရဲဝင်း သေဆုံးသွားတယ်။ ဒါပေမယ့် ထွန်းကျော်ဝင်းဟာ ခေတ္တသာအထိန်းသိမ်းခံရပြီး လွတ်မြောက်သွားတယ်။ ဆရာဝန်ဖြစ်လာတဲ့အခါ ဖခင်ဖြစ်သူဒေါက်တာကျော်ဝင်း သံအမတ်လုပ်တဲ့ အင်္ဂလန်ကိုလိုက်လာပြီး လီဘာပူးဆေးရုံမှာ အမှုထမ်းတယ်။

ဒါပေမယ့် ဗြိတိသျှဆေးကောင်စီစည်းမျဉ်းဥပဒေအရ ရာဇ၀တ်ပြစ်ဒဏ်ကျခံဖူးသူဟာ ဆရာဝန်လုပ်ပိုင်ခွင့်မရှိဘူး။ ကားတိုက်မှုနဲ့ ခေတ္တထောင်ကျတာကို ဖုံးကွယ်နိုင်ရင် အင်္ဂလန်မှာ အလုပ်ရနိုင်တယ်လို့ ထွန်းကျော်ဝင်းက ထင်တယ်။ အင်္ဂလိပ်တရားဥပဒေနဲ့ နအဖ၏ မတရားဥပဒေထိပ်တိုက်တွေ့မှာကို စဉ်းစားမိဟန်မတူဘူး။ ဒေါက်တာထွန်းကျော်ဝင်းအမှုကို ကင်ဘာလေမြို့ အခြေစိုက် မြန်မာအမျိုးသား မျက်စိအထူးကုဆရာဝန်တဦးက ဗြိတိသျှဆေးကောင်စီသို့ အကြောင်းကြားတဲ့အခါမှာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်လာရတယ်။ စစ်ဆေးခံရရင် ဆရာဝန်လိုင်စင်ရုပ်သိမ်းခံရပြီး နာမည်ပျက်မှာစိုးရိမ်တာနဲ့ ဒေါက်တာထွန်းကျော်ဝင်း အမေရိကန်သို့ ရွှေ့ပြောင်းသွားတယ်။ နှလုံးအထူးကုဆရာဝန် ဒေါက်တာထွန်းကျော်ဝင်းဟာ ဆေးပညာမှာတော်ပေမယ့် ဥပဒေအထက်က စစ်ဗိုလ်လူတန်းစား အခွင့်ထူးခံတဦးပဲဖြစ်တယ်။

နောက်တမှုက တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ဦးစောလှိုင် မောင်းနှင်တဲ့ကား ဆိုက်ကားတစီးကို တိုက်မိတယ်။ ဆိုက်ကားသမားနဲ့ ဆိုက်ကားစီး ခရီးသည် (၂) ဦး မပြောပလောက်တဲ့ ဒဏ်ရာရရှိသွားတယ်။ လျော်ကြေးပေးလို့ နှစ်ဦးနှစ်ဘက် ကျေနပ်ခဲ့ကြပေမယ့် ဦးစောလှိုင်ကို သက်ဆိုင်ရာအာဏာပိုင်က စွဲချက်တင်ပြီး တောင် (၅) နှစ်ချလိုက်တယ်။ ဦးစောလှိုင်ဟာ ရှေ့နေငှားခွင့်မရလိုက်ပါ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် လုံးဝဆန့်ကျင်တဲ့ လုပ်ရပ်ပဲ။ ဒီလိုအမှုတွေ မြန်မာပြည်မှာ အများကြီးရှိနေတာကို တရားရုံးချုပ်က ဒေါက်တာဘွဲ့ရ ဥပဒေပညာရှင်တွေ ဘာမှမတတ်နိုင်ပါ။ ဥပဒေဒေါက်တာဘွဲ့ယူပြီး နအဖစနစ်မှာ အမှုထမ်းနေတာဟာ မိမိကိုယ်မိမိ လိမ်လည်လှည့်ဖြားနေတာသာဖြစ်တယ်။

စစ်အာဏာရှင်တွေ မတရားလုပ်နေတာကို ဥပဒေကြောင်းအရ မှန်ကန်ကြောင်း တရားရေးဌာနက ဆုံးဖြတ်နေတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့နဲ့ ဆုံးဖြတ်ဖို့အတွက် အခြေခံဥပဒေခုံရုံးထားရှိကြောင်း ၂၀၀၈ အခြေခံဥပဒေပုဒ်မ (၃၂၁) မှာ ဖော်ပြထားတယ်။ သူများတိုင်းပြည်မှာ တရားမျှတအောင် အခြေခံဥပဒေဆိုင်ရာခုံရုံးကို ထားရတာဖြစ်တယ်။ ဒီမိုကရေစီကျင့်စဉ်ကို အာဏာရအစိုးရလိုက်နာအောင် အခြေခံဥပဒေခုံရုံးကို ထားတာပါ။ မြန်မာပြည်မှာတော့ အခြေခံဥပဒေရဲ့ခုံရုံးဟာ အစိုးရလက်အောက်ခံဌာနဖြစ်လို့ မတရားဥပဒေကျင့်သုံးနိုင်အောင် ဖွဲ့စည်းထားသလို ဖြစ်နေတယ်။

ဗမာစစ်အုပ်စုရဲ့ ဆွေမျိုးပေါက်ဖော်ကြီးကလည်း သူ့နည်းသူ့ဟန်နဲ့ မတရားလုပ်နေတာပဲ။ မတရားအလုပ်ခံရတာကို မကျေနပ်လို့ မြို့ကိုတက်ပြီး တိုင်ကြားဖို့ ကြိုးစားသူတွေကို တရုတ်ကြံ့ဖွံ့နဲ့လုံခြုံရေးဝန်ထမ်းတွေက ဖမ်းဆီးပြီး လျှို့ဝှက်စခန်းတွေမှာ ထိန်းသိမ်းထားတာ (၆) နှစ်လောက်ရှိနေပြီလို့ နိုဝင်ဘာလ (၁၁) ရက်နေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ (၅၃) မျက်နှာအစီရင်ခံစာမှာ ဖော်ပြထားတယ်။ အရှက်မရှိတဲ့ ဗမာတရားသူကြီးတွေက မတရားတဲ့ စီရင်ချက်ကို ဗြောင်ချမှတ်နေပေမယ့် တရုတ်ပြည်မှာတော့ ဒီလိုမတရားသူကြီးမျိုး ရှာရခက်ပုံရတယ်။ ဒါကြောင့် လူမသိအောင် လျှို့ဝှက်စခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပုံရတယ်။

နအဖစစ်အုပ်စုကို တရားစွဲခြင်း

ဂါမဏိ / ၀၃ ဇွန် ၂၀၁၀


နအဖစစ်အုပ်စုကို တရားစွဲ အရေးယူဖို့နဲ့ပတ်သက်ပြီး သဘောတရားအရ ကြည့်ရင်တော့ အဓိကနည်းလမ်း (၆) မျိုး ရှိနေပါတယ်။ အဲဒါတွေကတော့ …

(၁) နိုင်ငံတကာတရားရုံး ICJ ကနေ မလိုက်နာလို့မရတဲ့ စီရင်ချက်ချစေခြင်း၊
(၂) နိုင်ငံတကာတရားရုံး ICJ ကနေ သဘောထားအကြံပြုချက် ချစေခြင်း၊
(၃) နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေ စီရင်ချက်ချစေခြင်း၊
(၄) အရေးပေါ် သီးသန့်ခုံရုံးတည်ထောင်ပြီး မလိုက်နာလို့မရတဲ့ စီရင်ချက်ချစေခြင်း၊
(၅) ပြည်ပနိုင်ငံတခုရဲ့တရားရုံးတခုကနေ စီရင်ချက်ချစေခြင်း၊
(၆) မြန်မာနိုင်ငံတွင်း တရားရုံးတခုကနေ စီရင်ချက်ချစေခြင်းတို့ဖြစ်ပါတယ်။

ပထမနည်းလမ်း (၅) ခုက နိုင်ငံတကာတရားရေးလမ်းကြောင်းတွေဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတခု သို့မဟုတ် တခြားနိုင်ငံတနိုင်ငံကနေ အစချီရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးနည်းလမ်းကတော့ ကိုယ့်ပြည်တွင်း တရားရုံးတွေမှာပဲ ကိုယ့်အစိုးရကို နိုင်ငံတကာသဘောတူညီချက်ဖောက်ဖျက်မှု သို့မဟုတ် နိုင်ငံ့ဥပဒေချိုးဖောက်မှုနဲ့ တရားပြန်စွဲဖို့ဖြစ်ပြီး အလားအလာမရှိဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။

၁။ နိုင်ငံတကာတရားရုံး ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိကတရားရေးအဖွဲ့ဖြစ်ပြီး နိုင်ငံတွေအကြား တရားရေးဆိုင်ရာ အငြင်းအခုံတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ဖြေရှင်းဆုံးဖြတ်ပေးရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဌာနတွေက မေးမြန်းတင်ပြလာတဲ့ ဥပဒေရေးရာပြဿနာတွေအပေါ်မှာလည်း သဘောထားအကြံပြုချက် ပေးရပါတယ်။

နိုင်ငံတကာ့တရားရုံးမှာ တရားဆိုင်ရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ICJ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေကို လက်မှတ်ထိုးထားတဲ့ ကုလအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေပဲ တရားပြိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် တရားပြိုင်နှစ်နိုင်ငံစလုံးက တရားရုံးဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ သဘောတူဖို့လိုပါတယ်။ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာစာချုပ်ထဲမှာ ICJ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အခြေအနေရှိဖို့လိုပါတယ်။

တရားပြိုင်နှစ်ဘက်က ICJ မှာ စာနဲ့ရော နှုတ်နဲ့ရော လျှောက်လဲချက်ပေး စစ်ဆေးခံပြီးရင် တရားရုံးက စီရင်ချက်ချပါတယ်။ စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပါတယ် (အထက်ဆင့်ကို အယူခံစရာမရှိပါ)။ နှစ်ဘက်စလုံး မဖြစ်မနေ လိုက်နာကျင့်သုံးရပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ကတည်းက ICJ ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ကတိပြု လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက် တရားရုံးအဆုံးအဖြတ်ကို မလိုက်နာဘဲနေတာ အင်မတန်ရှားပါတယ်။ တရားပြိုင်နှစ်ဘက်မှာ တဘက်က တရားရုံးကို လာဖို့ပျက်ကွက်ရင်လည်း အမှုကို ဆက်စစ်နိုင်ပါတယ်။ တရားရုံးပြင်ပမှာ နှစ်ဘက်ညှိနှိုင်းပြီး ကြေအေးလို့လည်းရပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို မလိုက်နာရင်တော့ လုံခြုံရေးကောင်စီက တရားရုံးစီရင်ချက်အတိုင်းဖြစ်အောင် ကိုင်တွယ်အရေးယူခွင့်ရှိပါတယ်။

အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စ၊ လယ်ယာမြေသိမ်းယူမှုကိစ္စတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ သဘောတူစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ILO အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ တရားရုံးကတော့ မြန်မာပြည်မှာ အဓမ္မလုပ်အားပေးရပ်စဲဖို့၊ ကလေးစစ်သားရပ်စဲဖို့တွေ အမိန့်ပေးဆုံးဖြတ်ပါလိမ့်မယ်။

ဒါမှမဟုတ် တိုင်းရင်းသားနယ်မြေတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာမီးရှို့မှု၊ အဓမ္မအိုးအိမ်မဲ့စေမှုတွေနဲ့ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်ယုတ်မာမှုတွေကြောင့် နိုင်ငံတကာလူသားချင်းစာနာရေးဥပဒေ၊ စစ်ပွဲဆိုင်ရာ ဂျီနီဗာစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ဒီစာချုပ်တွေ လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ ICJ ဟာ လူပုဂ္ဂိုလ်တွေကို အရေးယူတာတော့မရှိဘဲ ဖောက်ဖျက်မှုတွေ ရပ်တန့်ဖို့ အမိန့်ချနိုင်ပါတယ်။ ဒါကိုလိုက်နာဖို့ လုံခြုံရေးကောင်စီက ကြပ်မတ်ရမှာဖြစ်ပါတယ် (ဒါပေမယ့် လုံခြုံရေးကောင်စီထဲမှာ တရုတ်က ဗီတိုသုံး ကန့်ကွက်ရင် ICJ စီရင်ချက် အလကားဖြစ်သွားနိုင်ပါတယ်၊ တဘက်ကကြည့်ရင်တော့ ICJ စီရင်ချက်ကို ဗီတိုသုံးတဲ့နိုင်ငံဟာ ကမ္ဘာမှာ အင်မတန်သိက္ခာကျသွားမှာလည်း ဖြစ်ပါတယ်)။

အဓိကအားနည်းချက်နောက်တခုကတော့ ICJ မှာ အမှုဆိုင်တာ အနည်းဆုံး (၂) နှစ်ကြာနိုင်တဲ့အတွက် တရားစွဲပေးတဲ့ နိုင်ငံက အဲသလောက် ဇွဲရှိရှိ စိတ်ဓာတ်ရှိရှိနဲ့ အချိန်ကုန် ငွေကုန်ခံလုပ်ပါ့မလား စဉ်းစားစရာပါပဲ။

၂။ ဒုတိယနည်းလမ်းဖြစ်တဲ့ ICJ ကနေ သဘောထားအကြံပြုချက် ချစေတာကိုတော့ ကုလသမဂ္ဂ ပင်မအဆောက်အအုံငါးခုနဲ့ (ILO အပါအဝင်) လက်အောက်ခံ အေဂျင်စီ (၁၆) ခုကပဲ တောင်းဆိုခွင့်ရှိပါတယ်။ အထွေထွေညီလာခံနဲ့ လုံခြုံရေး ကောင်စီတို့က “မည်သည့်ဥပဒေရေးရာပြဿနာကိုမဆို” အကြံဉာဏ်တောင်းခံနိုင်ပြီး အထူးပြု အေဂျင်စီတွေကတော့ မိမိလုပ်ငန်းအဝန်းအဝိုင်းနဲ့ဆိုင်တဲ့ ဥပဒေရေးရာပြဿနာကိုပဲ အကြံဉာဏ်တောင်းခံခွင့် ရှိပါတယ်။ အကြံဉာဏ်လို့ဆိုတဲ့အတိုင်း မလိုက်နာမဖြစ် binding မဟုတ်ပါဘူး။ လိုက်လုပ်ချင်လုပ် မလုပ်ချင်လည်း နေလို့ရပါတယ်။ ICJ ရဲ့ သဘောထား အကြံပြုချက်ဟာ ဥပဒေကြောင်းအရ အင်မတန်သြဇာကြီးတဲ့အတွက် မလိုက်နာတဲ့နိုင်ငံဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်နေကြောင်း ကမ္ဘာမှာ ပွင့်ကျသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေက အဲဒီနိုင်ငံအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကိစ္စမှာတော့ တရုတ်နဲ့ ထိုင်းက ဒဏ်ခတ်ပိတ်ဆို့မှု မလုပ်ရင် သိပ်အကျိုးမထူးနိုင်ပါ။

မြန်မာပြည်က အဓမ္မလုပ်အားပေးကိစ္စနဲ့ပတ်သက်ပြီး ILO က ICJ ဆီက သဘောထားအကြံပြုချက် တောင်းနိုင်သလို လူသားချင်းစာနာရေးကိစ္စ၊ လူမျိုးသန့်စင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ယူနက်စကို၊ WHO ၊ ILO ၊ FAO တို့က သဘောထားအကြံပြုချက် တောင်းနိုင်ပါတယ် (ယူနီဆက်ဖ်၊ လူ့အခွင့်အရေးကောင်စီ၊ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ၊ UNDP ၊ UNODC မူးယစ်ဆေးရုံး၊ ICRC တို့မပါ)။ ဒီလိုမတောင်းခံခင် ကိုယ့်အဖွဲ့အစည်းထဲမှာ အများသဘောတူဆုံးဖြတ်ချက် အရင်ချဖို့လိုပါတယ်။ ILO ကတော့ ဒီနည်းလမ်းကို တော်တော်လေး လေ့လာဆန်းစစ်ထားပါတယ်။

၃။ တတိယနည်းလမ်းဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ကုလသမဂ္ဂနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ ခုံရုံးဖြစ်ပါတယ်။ ဒီတရားရုံးက နိုင်ငံတွေကို အမှုစစ်တာမဟုတ်ဘဲ ၂၀၀၂ ခု ဇူလိုင် (၁) ရက်နေ့ နောက်ပိုင်းမှာဖြစ်တဲ့ ကျူးကျော်စစ်ပြုမှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်မှုနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်သူ လူပုဂ္ဂိုလ်တွေကို အမှုစစ်တာ ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြောအတိုင်းဆိုရင် ဘယ်အာဏာရှင်၊ ဘယ်စစ်အုပ်စု၊ ဘယ်စစ်တပ်မှ လူ့အခွင့်အရေးတွေကို အဟန့်အတားမရှိ ချိုးဖောက်နေတာမျိုး မဖြစ်နိုင်အောင် ICC ကို ထူထောင်ထားတာ ဖြစ်ပါတယ်။ ICC ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဖြစ်တဲ့ ရောမစာချုပ်မှာ ICC ကိုင်တွယ်နိုင်တဲ့ ပြစ်မှုတွေကို တိတိကျကျ ဖွင့်ဆိုထားပါတယ်။

ICC ရဲ့ အကြီးဆုံးပြဿနာက အမေရိကန်ပြည်ထောင်စုက လက်မှတ်မထိုးထားတာဘဲ ဖြစ်ပါတယ်။ နောက်ပြဿနာကြီးတခုကတော့ မြန်မာနိုင်ငံကလည်း လက်မှတ်မထိုးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားရုံးဟာ မြန်မာပြည်အပေါ် တရားစီရင်နိုင်ခွင့်မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ICC အဖွဲ့ဝင်နိုင်ငံတခုခုကဖြစ်စေ၊ ICC ရှေ့နေကြီးကဖြစ်စေ၊ ကုလလုံခြုံရေးကောင်စီကဖြစ်စေ၊ မြန်မာပြည်အရေးဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်နေတယ် သို့မဟုတ် ခြိမ်းခြောက်နေတယ်လို့ ဆုံးဖြတ်ပြီး ICC က ကိုင်တွယ်ဆုံးဖြတ်ဖို့ ‘ညွှန်း’ ပေးနိုင်ပါတယ်။ အဲသလိုဆိုရင်တော့ ICC ဟာ ရောမစာချုပ် လက်မှတ်မထိုးထားတဲ့ နိုင်ငံကိုလည်း တရားစစ်ဆေးစီရင်နိုင်ပါတယ်။ ဒါပေမယ့် ICC ဟာ ကုလသမဂ္ဂ လက်အောက်ခံ မဟုတ်တဲ့အတွက် လုံခြုံရေးကောင်စီကညွှန်းတိုင်း တရားစွဲအမှုစစ်ဖို့ တာဝန်ရှိတာတော့ မဟုတ်ပါဘူး။

လုံခြုံရေးကောင်စီဟာ နိုင်ငံတခုက တာဝန်ရှိသူတွေကို ICC ကိုတင် တရားစွဲဖို့အတွက် စုံစမ်းရေးကော်မရှင်တခု တည်ထောင်ပြီး အဲဒီလူတွေဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း အခိုင်အမာ သက်သေထူပြရပါတယ်။ အဲသလို သက်သေထူပြပြီးမှ ICC ကို လွှဲလို့ရပါတယ်။ ဒါကြောင့် စုံစမ်းရေးကော်မရှင်ဖွဲ့မဖွဲ့ လုံခြုံရေးကောင်စီတွင်းမှာ ဗီတိုနဲ့ မကန့်ကွက်ဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုပါတယ်။ (လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ပြီး အတွင်းရေးမှူးချုပ်က ကော်မရှင်ကို ဖွဲ့စည်းပေးရတာဖြစ်ပါတယ်။) ဆူဒန်ကိစ္စမှာ ကော်မရှင်သက်တမ်းကို (၃) လ သတ်မှတ်ခဲ့ပါတယ်။

ရောမစာချုပ်ကို လက်မှတ်ထိုးမထားတဲ့ ဆူဒန်နိုင်ငံရဲ့သမ္မတ ဘာရှီယာကို တရားစွဲတဲ့ကိစ္စမှာ လုံခြုံရေးကောင်စီရဲ့ စုံစမ်းရေးကော်မရှင်က ညွှန်းပေးလိုက်တာကို ICC က လက်ခံစစ်ဆေးပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ICC ရဲ့ ဆုံးဖြတ်ချက်ကို ဆူဒန်က ပြောင်ပြောင်တင်းတင်း အာခံနေတဲ့အတွက် ဆူဒန်သမ္မတ ဘာရှီယာကို ICC အနေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်တဲ့ အဆင့်ပဲရှိနေသေးပြီး ဘာရှီယာက စွဲချက်ကို လက်မခံဘဲ အတိအလင်း အာခံနေတာကတကြောင်း၊ သူသွားလည်တဲ့ တခြားနိုင်ငံတွေက ဖမ်းမပေးတာကတကြောင်းကြောင့် တရားရုံးတင် အမှုစစ်တဲ့အဆင့် မရောက်နိုင်သေးပါဘူး။ လုံခြုံရေးကောင်စီကလည်း ဘာရှီယာ တရားရုံးရောက်အောင် မကိုင်ပေးပါဘူး။

ICC ကို မညွှန်းခင် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုံခြုံရေးကောင်စီထဲ ဆုံးဖြတ်ရာမှာ တရုတ်ရဲ့ဗီတို ကြုံနိုင်သလို (ဆူဒန်ကိစ္စမှာ တရုတ်နဲ့ ရုရှက ကန့်ကွက်မဲ မပေးဘဲ ကြားနေမဲပေးလို့ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ခဲ့ပါတယ်) ICC က တရားစွဲဖို့ ဆုံးဖြတ်ပြီးနောက်မှာလည်း တကယ်တရားရုံးရောက်အောင် အကြပ်ကိုင်ရာမှာ တရုတ်ဗီတိုနဲ့ တွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန်ကိုယ်တိုင်က ICC အဖွဲ့ဝင်မဟုတ်၊ ICC ကို မထောက်ခံတဲ့အပြင် ဆူဒန်ကိစ္စ တစ်လစ်ကြီးဖြစ်နေတာ တွေ့ထားတဲ့အတွက် ICC မှာတင်ဖို့ သိပ်စိတ်ပါမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဆူဒန်လိုအမှုမျိုး နောက်ထပ်ညွှန်းဖို့ အလားအလာ နည်းနေပါတယ်။ ဒါ့အပြင် ICC မှာ အမှုတင်တာ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ဥပမာ - ကွန်ဂိုအမှုဆိုရင် ၂၀၀၄ မှာ စလက်ခံခဲ့ပေမယ့် အခုထိမပြတ်သေးပါ။

၎။ စတုတ္ထနည်းလမ်းဖြစ်တဲ့ အရေးပေါ်သီးသန့်ခုံရုံး ad-hoc tribunal သို့မဟုတ် အထူးတရားရုံး special court ဖွင့် စစ်ဆေးစီရင်တာကို ICC မပေါ်ခင်က ရဝမ်ဒါ၊ ယူဂိုဆလားဗီးယား (ဆားဘီးယား)၊ ချတ်ဒ်၊ ဆီယာရာလီယွန်း၊ လိုင်ဘေးရီးယား၊ အရှေ့တီမောနိုင်ငံတို့က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေအတွက် ကျင့်သုံးခဲ့ပါတယ်။ ICC တည်ထောင်ပြီးနောက်ပိုင်းတော့ အရေးပေါ်သီးသန့်ခုံရုံးဖွဲ့စစ်တာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ မပြတ်သေးတဲ့အမှုတွေကို ဆက်စစ်နေတာပဲရှိပါတယ်။

သီးသန့်ခုံရုံးဖွင့် စစ်ဆေးဆုံးဖြတ်တာကို ILO ကနေ အလုပ်သမားအခွင့်အရေးဘက်က လုပ်နိုင်သလို ကုလလုံခြုံရေးကောင်စီကနေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ဆန့်ကျင်ရေး ပြစ်မှုဘက်တွေကလည်း လုပ်နိုင်ပါတယ်။ ပြဿနာတခုက ဒီလိုသီးသန့်ခုံရုံးဖွင့်ဖို့ အချိန်အကြာကြီးယူရတာဖြစ်ပါတယ်။ စရိတ်စကလည်းကြီးတဲ့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင်ထောက်ပံ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ငွေအကုန်မခံနိုင်လို့၊ အကုန်မခံချင်လို့ အထူးခုံရုံးဖွင့်ဖို့ သဘောမတူတာလည်း ရှိလာနိုင်ပါတယ်။

ဒီခုံရုံးတွေဟာ လူပုဂ္ဂိုလ်တွေအပေါ် စီရင်ဆုံးဖြတ်နိုင်ပြီး စီရင်ချက်က မလိုက်နာမနေရ binding ဖြစ်ပါတယ်။ စကတည်းက လုံခြုံရေးကောင်စီသဘောတူညီချက်နဲ့ ထူထောင်တာဖြစ်လို့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီမှာ ဗီတိုနဲ့တိုးရင် ဒီလိုသီးသန့်ခုံရုံး ပေါ်မလာနိုင်ပါဘူး။ (ILO ခုံရုံးကတော့ လုံခြုံရေးကောင်စီကို ဖြတ်စရာမလိုပါ။)

၅။ ပဉ္စမနည်းလမ်းဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုခုက တရားရုံးမှာ တရားစွဲတာကို အဲဒီနိုင်ငံရဲ့ အမျိုးသားဥပဒေအရရော နိုင်ငံတကာဥပဒေအခြေခံမူတွေအရပါ လုပ်နိုင်ပါတယ်။ ဒါကို ပင်လယ်ဓားပြမှုတွေမှာ ကျင့်သုံးနေပြီဖြစ်သလို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း အသုံးများလာပြီဖြစ်ပါတယ်။ ချီလီအာဏာရှင်ဟောင်း ပီနိုရှေးကို ဒီနည်းနဲ့ ကိုင်ခဲ့ကြပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ သက်ဆိုင်ရာ အာဏာရှင်ဟာ အဲဒီပြည်ပနိုင်ငံကို ရောက်နေဖို့လိုပြီး အဲသလိုရောက်မနေဘဲ တရားစွဲရင် ဘာမှအကျိုးမထူးပါဘူး။ ဒါ့ပြင် အချုပ်အခြာအာဏာပြဿနာတွေ၊ တရားစွဲခံရတဲ့နိုင်ငံက တရားစွဲတဲ့နိုင်ငံကို လက်စားချေတာတွေလည်း ဖြစ်လာနိုင်လို့ နိုင်ငံတွေက သိပ်မလုပ်စေချင်ကြပါဘူး။ နအဖခေါင်းဆောင်ကို တရားစွဲဖို့ကတော့ အိန္ဒိယနိုင်ငံ လာလည်တုန်း အိန္ဒိယတရားရုံးမှာ တရားစွဲတာ၊ ကုလသမဂ္ဂ အစည်းအဝေးလာတက်တုန်း အမေရိကန်တရားရုံးမှာ တရားစွဲတာ လုပ်နိုင်စရာအကြောင်းရှိပါတယ်။ ဒါပေမယ့် တဘက်မှာ သံတမန်ကင်းလွတ်ခွင့်တွေ ပေးထားတဲ့ ထုံးစံကလည်းရှိနေတော့ လက်တွေ့တရားစွဲနိုင်ဖို့ မလွယ်လှပါဘူး။ အဓိကအားဖြင့် မိမိပြည်တွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ရအောင် လုပ်ထားတဲ့ အာဏာရှင်‘ဟောင်း’တွေကို အပြစ်ပေးဖို့တော့ ဒီနည်းလမ်းက အင်မတန် သင့်တော်လှပါတယ်။

၆။ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ပြည်တွင်းတရားရုံးမှာ တရားစွဲစစ်ဆေးဖို့ကတော့ ဒေသန္တရအာဏာပိုင်အဆင့်မှာ မစုစုနွေး အမှုနိုင်သွားတာ ရှိဖူးပေမယ့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖထိပ်သီးတွေကို တရားစွဲဖို့ ကြိုးပမ်းချက်တွေ ကြည့်ရင်တော့ ဖြစ်နိုင်ခြေ အင်မတန်နည်းနေပါတယ်။

ဒီကနေ့ မြန်မာပြည်က အာဏာရှင်တွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ကြရာမှာ တချို့က (အလုပ်သမားအခွင့်အရေး၊ အဓမ္မလုပ်အားပေး၊ ILO တို့နဲ့ ဆက်စပ်ပြီး) ICJ က သဘောထားအကြံပြုချက်ချတာကို လိုလားနေကြသလို တချို့ကတော့ (စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှု၊ လူမျိုးတုံးသုတ်သင်မှုတို့အပေါ်) လုံခြုံရေးကောင်စီက ICC ကို ညွှန်းဖို့ စုံစမ်းရေးကော်မရှင်ဖွဲ့တာကို လိုလားနေကြပါတယ် (ဆူဒန်ဥပမာအရ တရားစွဲတဲ့အဆင့်ပဲရနိုင်ပြီး အမှုစစ် စီရင်ချက်ချတဲ့ အဆင့် မဖြစ်နိုင်ပါ)။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေ အားကောင်းချက် အားနည်းချက်တွေကတော့ အထက်မှာဖော်ပြထားတဲ့ အတိုင်းပါပဲ။ နှစ်မျိုးစလုံးကတော့ အဓိကအားဖြင့် ပြည်တွင်း၊ တပ်တွင်းနဲ့ နိုင်ငံတကာမှာ နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းသွားစေနိုင်ပါတယ်။ ငပွကြီးတရုတ်ရှိနေသရွေ့ ဒီ့ထက်ပိုမမျှော်လင့်နိုင်ပါ။ စိတ်ကူးယဉ်အလွဲတွေ၊ မျှော်လင့်ချက်အမှားတွေ မရှိဖို့လိုပါတယ်။ ဒါပေမယ့် နအဖ ဂုဏ်သိက္ခာ အကြီးအကျယ်ကျသွားရင်တော့ ၁၉၈၇ ခုတုန်းက အဆင်းရဲဆုံးနိုင်ငံအဆင့် LDC ဖြစ်သွားခဲ့လို့ (ရှစ်လေးလုံးအထိ) ဂယက်ရိုက်ခဲ့သလိုမျိုး ထပ်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မြန်မာပြည်က နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသန့်စင်ရေး လူမျိုးဖြုတ်ရေးပြစ်မှုတွေ အဆုံးသတ်ပြီး စစ်အာဏာရှင်တွေကို တကယ်တမ်း အပြစ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အတ္ထာဟိ အတ္ထနော နာထော မိမိကိုယ်သာအားကိုးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့သာ ရှိပါတော့တယ်။ ။

ရည်ညွှန်း ။ ။ Sarah Vuylsteke ပြုစုတဲ့ “မြန်မာနိုင်ငံမှ အဓမ္မလုပ်အားပေးပြဿနာကို ကိုင်တွယ်ရန် တရားရေးနည်းလမ်းများ”

Tuesday, March 16, 2010

လူလိမ္မာတွေများနေရင်

လူထုစိန်ဝင်း

(၅.၁၁.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ဆရှာ လူထုစိန်ဝင်း၏ ဆောင်းပါးဖြစ်ပါတယ်။ မြန်မာ့ အရေးနဲ့ ဆက်စပ်ပြီး တွေးစရာတွေပါလို့ မျှဝေပေးလိုက်ပါတယ်။)


အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်တာ နှစ်ပေါင်း ၂၀ လောက်ရှိပြီဖြစ်တဲ့ တပည့်ဟောင်းတစ်ယောက် လာနှုတ်ဆက်ပါတယ်။ ခါတိုင်းလိုပဲ အလုံး ၁၀၀၀ ပါ Centrum အားဆေးဘူးကြီး တစ်ဘူးပါလာပါတယ်။ သူက တစ်နှစ် တစ်ခါ ပြန်လာနေကျပါ။


အားဆေးဘူးပြဿနာ
အားဆေးဘူးကိုမြင်တော့ မနှစ်က သူလေဆိပ်မှာ ပြဿနာဖြစ်ခဲ့တာကို အမှတ်ရပြီး ဒီတစ်ခေါက်လည်း ပြဿနာ တက်သေးလားလို့ မေးလိုက်ဖြစ်တယ်။ မနှစ်က ဒီအားဆေးဘူးတွေကြောင့် သူရှူးရှူးရှားရှား ဒေါသဖြစ်ခဲ့ရတာကို သူပြောပြလို့ သိရတယ်။ သူက မြန်မာပြည်က ဆရာသမားဟောင်းတွေ၊ အသိဟောင်း အကျွမ်းဟောင်း လူကြီးသူမတွေကို ကန်တော့ဖို့ အားဆေးဘူးကြီး ၂၀ လောက်ယူလာခဲ့ပါတယ်။ သူ့ဇနီးနဲ့သူ နှစ်ယောက်ခွဲ ယူလာခဲ့ကြတာဖြစ်တယ်။ လေဆိပ်ရောက်တော့ ဆေးဘူးတွေများလွန်းတာကြောင့် တပည့်ဖြစ်သူနဲ့ စကားအချေအတင်အကြာကြီးပြောကြရတယ်။ နောက်ဆုံးကျမှ နှစ်ဖက်စလုံး အလျော့အတင်း လုပ်ပြီး ပြေလည်သွား ခဲ့တယ်။

အချောင်ရချင်စိတ်

ဒီတစ်ခေါက်တော့ သူက အားဆေးတစ်ဘူးပဲယူခဲ့တယ်။ တခြား ဘာမှလည်း မယူခဲ့လို့ ဘာပြဿနာမှ မတက်ဘူး။ အေးအေး ဆေးဆေးပဲလို့ စိတ်လက်ပေါ့ပါးစွာနဲ့ ပြောပြတယ်။ မနှစ်ကတော့ လူတွေ အကျင့်ပျက်တယ်ဆိုတဲ့ အကြောင်း ပြောလို့ကို မပြီးတော့ဘူး။ ဒီနှစ်တော့ အေးအေးဆေးဆေးပဲတဲ့။ အေးမှာပေါ့ သူကလည်းဥပဒေစည်းကမ်းနဲ့ မညီတာဘာမှမယူလာဘဲကိုး။ လူ့လောကမှာ ပြဿနာ အရှုပ်အထွေးတွေ ဖြစ်ကြရတာ၊ အငြင်းအခုန်တွေဖြစ်ကြရတာ ဒီအချက်ကြောင့်ပါပဲ။ စည်းကမ်းဥပဒေကို လေးစားလိုက်နာမှု ပျက်ကွက်ကြလို့သာဖြစ်တယ်။ စည်းကမ်းတို့ ဥပဒေတို့ဆိုတာ လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာဖို့၊ တည်တံ့ ခိုင်မြဲဖို့အတွက် ပြုလုပ်ထားခဲ့ကြတာ ဖြစ်တယ်။ အားလုံးက လေးစား လိုက်နာကြမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာစရာအကြောင်း မရှိဘူး။ စောစောက တပည့်လေးကိစ္စပဲကြည့်။ ယူလာသူက လည်း ယူလာတဲ့ပစ္စည်းကို တရားဝင်ကြေညာလွှာမှာ ထည့်သွင်းရေးသားပြီး စည်းကမ်းအတိုင်း ထိုက်သင့်တဲ့ အခွန်ငွေ ဆောင်မယ်ဆိုရင် အချေအတင်ပြောနေစရာ ဘာလိုတော့မှာလဲ။ သူကိုယ်တိုင်ကလည်း အချောင်ရမယ်ဆို ယူချင်တဲ့စိတ်နဲ့ မကြေညာဘဲယူလာ ဒီတော့ ပြဿနာဖြစ်တော့တာပေါ့။

ဂုဏ်သိက္ခာဆိုတာ

တောင်းသူကလည်း အချောင်ရချင်စိတ်ရှိတာပဲ။ တကယ်တော့ ဥပဒေစည်းကမ်းအတိုင်း၊ အခွန်ဆောင်ခိုင်းသင့် တာဆောင်ခိုင်း၊ ဒဏ်တပ်သင့်တာတပ်ဆိုရင် ဘာမှပြဿနာဖြစ်စရာအကြောင်းမရှိဘူး။ လူတစ်ယောက်မှာ အရေးကြီးဆုံး က " ဂုဏ်သိက္ခာ " ပဲဖြစ်တယ်။ ရန်သူက ထမင်းကျွေး၊ ဆေးပေးရုံသာမက၊ သမီးနဲ့ထိမ်းမြားပြီး အိမ်ရှေ့ရာထူးအပ်နှင်း မယ် ဆိုတာတောင်၊ သူ့အောက်ကျို့ပြီး အညံ့ခံတဲ့အဖြစ် အရောက်မခံဘူး။ အသေသာခံမယ်ဆိုတဲ့ မင်းရဲကျော်စွာရဲ့ "ဂုဏ်သိက္ခာ" ကို တန်ဖိုးထားတဲ့ စိတ်ဓာတ်တွေ လုံးဝ ပျောက်ကွယ် သွားပြီလား။

ဘာကအခရာလဲ

"အူမတောင့်မှသီလစောင့်မယ်" ဆိုတဲ့စကားတစ်လုံးကပဲ ကျွန်တော်တို့ လူမျိုးတွေကို ဖျက်ဆီးနေတာလားလို့ တွေးမိတယ်။ "လျှာမြက်ပေါက်ပါစေ၊ မဟုတ်မမှန်တာမလုပ်ဘူး" ဆိုတဲ့ လူမျိုးတွေက လူမိုက်ဖြစ်နေကြပြီး မိုးခါးရေ သောက်တဲ့လူတွေကမှ လူတော်လူလိမ္မာတွေလို့ သတ်မှတ်နေကြလေတော့၊ ဒီလိုလူလိမ္မာတွေနဲ့ ဘယ်လိုလုပ်ပြီး တိုးတက်အောင် တည်ဆောက်နိုင်မှာလဲ။ တိုင်းပြည် နိုင်ငံတစ်ခုတိုးတက်ဖို့ "အခရာ" အကျဆုံးက ဈေးကွက်စီးပွားရေး တို့ ဒီမိုကရေစီတို့ ဆိုတာတွေ မဟုတ်ပါဘူး။ Rule of Law ဆိုတဲ့ တရားဥပဒေ စိုးမိုးရေးသာဖြစ်တယ်။ စီးပွားရေး ဘယ် လောက်တိုးတက်တိုးတက်၊ ဒီမိုကရေစီ ဘယ်လောက်ကောင်းကောင်း၊ တရားဥပဒေမဏ္ဍိုင်ကြီးက ခြစားနေရင် အဲဒီနိုင်ငံဟာ ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ပါဘူး။ လောလောဆယ် ကသောင်းကနင်းဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံကိုပဲ ကြည့်လေ။ မဲကို ငွေနဲ့ဝယ်လို့ရ၊ တရားရုံးကိုငွေနဲ့ဝယ်လို့ရ၊ ရာထူးကိုငွေနဲ့ဝယ်လို့ ဖြစ်နေလေတော့၊ ဒီမိုကရေစီသာ တွင်တွင် အော်နေတယ် ဘယ်မှာတည်ငြိမ်အေးချမ်းလို့လဲ။

အော်တိုကရေစီတဲ့

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အတည်ငြိမ်ဆုံးနဲ့ အချမ်းသာဆုံးနိုင်ငံတစ်ခုကိုတော့ တင်းပြည့် ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံလို့ မခေါ်ချင်ကြပါဘူး။ အာဏာရှင်ဆန်ဆန် "အုပ်ချုပ်တဲ့ အော်တိုကရေစီ" စနစ်လို့ ခေါ်လေ့ ရှိကြတယ်။ ပါတီတစ်ခုတည်းကသာ အုပ်စိုးနေတာကိုး။ ဒါပေမဲ့ လူမျိုးချင်းရောနှောနေရတဲ့ အဲဒီနိုင်ငံ စီးပွားရေးအရ ထိပ်တန်းရောက်သလို၊ တည်ငြိမ်အေးချမ်းမှုလည်း အရှိဆုံး နိုင်ငံဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရာဥပဒေမဏ္ဍိုင်ကိုခိုင်မာသထက် ခိုင်မာအောင် အမြဲတမ်း အားထုတ် နေတာကြောင့်ဖြစ်တယ်။ စည်းကမ်းဥပဒေနဲ့ ပတ်သက်ရင် အသေးအဖွဲလေးပဲဆိုပြီး လျစ်လျူရှူမထားဘူး။ လမ်းဘေးအမှိုက်ပစ်တာ၊ တံတွေးထွေးတာကအစ တိတိကျကျအရေးယူတာ။ လွန်လာပြီဆိုရင် ကြိမ်နဲ့တောင်ရိုက် အပြစ်ပေးတာ။ လူဆိုတာကတော့ ဘယ်နိုင်ငံသားဘယ်လူမျိုးဖြစ်ဖြစ်၊ အချောင်ရရင် လိုချင်တတ်တာ သဘာဝပဲ။ လူတွေကို လူဆိုးသူခိုးဖြစ်မသွားအောင် ထိန်းပေးတာက ဥပဒေစည်းကမ်းဖြစ်တယ်။ တရားဥပဒေမဏ္ဍိုင် ကြံ့ခိုင်ရင် ကြံ့ခိုင်သလောက် လူဆိုးသူခိုးလျော့နည်းပြီး တိုင်းပြည်တည်ငြိမ် အေးချမ်း ပါတယ်။

တရားစွဲခံရတာကို ဂုဏ်ယူတဲ့လူ

တစ်လောလေးက အစ္စရေးဝန်ကြီးချုပ်ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို ကောင်းကောင်းမှတ်သားထားပါတယ်။ ၀န်ကြီးချုပ်ကို အကျင့်ပျက်မှုနဲ့ ရုံးတင်စစ်ဆေးခံရတော့၊ သူကချက်ချင်းပဲရာထူးကနေ နှုတ်ထွက်ပါမယ်လို့ ကြေညာပါတယ်။ အဲဒီလိုကြေညာရာမှာ "ကိုယ့်တိုင်းပြည်ရဲ့ ၀န်ကြီးချုပ်ကို ရုံးတင်စစ်ဆေးနိုင်တဲ့ အစ္စရေး နိုင်ငံသားဖြစ်ရတာကို အများကြီး ဂုဏ်ယူမိပါတယ်" လို့ သူက ထည့်သွင်းပြောကြားသွားပါတယ်။ အစ္စရေးနိုင်ငံ ဆိုတာ နိုင်ငံအဖြစ်စတင်တည် ထောင်တဲ့နေ့ကစပြီး စစ်တွေတိုက်လာရတာ နှစ်ပေါင်း ၆၀ ကျော်တဲ့အထိ တိုက်နေရတုန်းပါပဲ။ ဘေးပတ်လည်မှာလည်း ရန်သူတွေ ၀ိုင်းဝိုင်းလည်နေပါတယ်။ ဒီလိုနိုင်ငံမျိုး ဘယ်လိုလုပ် တိုးတက်နိုင်ပါ့မလဲ။ ဒါပေမဲ့ အစ္စရေးကတော့ အဏုမြူ လက်နက်တောင် လုပ်နိုင်တဲ့အထိ ဘက်ပေါင်းစုံက တိုးတက်ခဲ့တယ်။ စစ်ရဲ့အကျိုးဆက်တွေကို မလွှဲမရှောင်သာ ခံစားနေ ရတာကလွဲရင်၊ စီးပွားရေးရော၊ နိုင်ငံရေးပါ တည်ငြိမ်နေပါတယ်။ ဒါဟာ တရားဥပဒေမဏ္ဍိုင် ကြံ့ခိုင်လို့ပဲဖြစ်တယ်။ တရားဥပဒေရဲ့ သြဇာရိပ်ကကင်းလွတ်ခွင့်ရတဲ့လူ၊ တရားဥပဒေရဲ့ အထက် ရောက်နေတဲ့လူ ဘယ်သူမှ မရှိဘူးဆိုတာ အခု ၀န်ကြီး ချုပ်ရဲ့အဖြစ်က သက်သေပြလိုက်တာပါပဲ။

ရွှေဥဒေါင်းပြောတဲ့တရုတ်အကြောင်း

ဟိုးရှေးတုန်းက ဆရာကြီးရွှေဥဒေါ်င်းပြောပြဖူးတဲ့ တရုတ်ပြည် အတွေ့အကြုံတစ်တစ်ခုကို ဖောက်သည်ချ ချင်ပါတယ်။ ဆရာကြီးဟာ ငြိမ်းချမ်းရေးညီလာခံတက်ဖို့ ဆရာကြိးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တရုတ်ပြည် သွားပါတယ်။ ညီလာခံပြီးတော့ ပီကင်းကရှန်ဟဲကို ရထားနဲ့သွားပြီးလည်ပတ်ရပါတယ်။ ပီကင်းဘူတာက ရထားထွက်ပြီး သုံလေးဘူတာလောက်ကျော်တော့မှ ဆရာကြီးရွှေဥဒေါ်င်းဟာ ပတ်စပို့နဲ့ ပိုက်ဆံအိတ်ပါတဲ့ဘူတာမှာ ကျန်ခဲ့တာ သတိထားမိတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်တော့ဘူး။ စာကားပြန် ကတော့မပူပါနဲ့။ မပျောက်နိုင်ပါဘူးလို့အာမခံပေမဲ့ ဘယ်မပူဘဲနေမှာလဲ။ ပတ်စပို့မရှိရင် ဘယ်လို ပြန်နိုင်တော့မှာလဲပေါ့။ ဒီလိုနဲ့ပဲ စိတ်လက်မကြည်မသာနဲ့ ရှန်ဟိုင်းကို ရောက်ပြီးတည်းမယ့် ဟိုတယ်ရောက်ခဲ့ တယ်။ နောက်နှစ်နာရီလောက်ကြာတော့ စကားပြန်အခန်းထဲဝင်လာပြီး မေ့ကျန်ခဲ့တဲ့အိတ်ကို ပေးပါတယ်တဲ့။ ဘာမှအပျောက်အရှလည်းမရှိပါဘူးတဲ့။ ရထားကနေပြီး ပီကင်းဘူတာကို လှမ်အကြောင်းလိုက်တော့ နောက်ထွက်ရထားနဲ့ ပို့ပေးလိုက်တာတဲ့လေ။ အဲဒီခေတ်က တရုတ်ပြည်ထောင်တွေထဲမှာ အရက်မူးပြီး ရန်ဖြစ်တာ၊ လူသတ်မိတာမျိုးနဲ့ ထောင်ကျတာ မျိုးပဲရှိသတဲ့။ အဲဒီအချိန်က တရုတ်ပြည်မှာ ဈေးကွက် စီးပွားရေးဆိုတာ မရှိဘူး။ တစ်ပါတီအာဏာရှင် စနစ်ကျင့်သုံးနေဆဲပါပဲ။ ဒါပေမဲ့သူခိုး ဓားပြမရှိ၊ ပြည့်တန်ဆာ မရှိ၊ အကျင့်ပျက် လာဘ်စားတာမရှိတဲ့လေ။ ကျွန်တော့်ဦးကြီး ရွှေဥဒေါ်င်းပြောပြဖူးတာပါ။

လူထု စိန်ဝင်း