Showing posts with label နိုင်ငံလေ့လာရေး. Show all posts
Showing posts with label နိုင်ငံလေ့လာရေး. Show all posts

Wednesday, June 23, 2010

ရောင်စုံထိုင်းနိုင်ငံရေး

သတင်းထောက် ဟန်တင်အောင် / ၂၁ ဧပြီ ၂၀၀၉


ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အနီဝတ်များ၏ ပြီးခဲ့သည့် သင်္ကြန်ကာလ ဘန်ကောက်မြို့လယ် အကြမ်းဖက် ဆန္ဒပြမှုကို ၀န်ကြီးချုပ် အာဘီဆစ်က စစ်တပ်ဖြင့် ရှင်းလိုက်နိုင် သည်။ သို့သော် နိုင်ငံရေးတိုက်ပွဲက အပြီးမသတ်။ မြေအောက် နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်သွားမည်ဟု တိမ်းရှောင်နေသူ အနီဝတ်ခေါင်းဆောင် တဦးဖြစ်သည့် ဂျာကရာပေါ့က စထရိတ်တိုင်းသတင်းစာသို့ မကြာခင်က ပြောသည်။

ထို့အတူ အာဘီဆစ်နှင့် ထိုင်းစစ်တပ်ကြား ယုံကြည်မှုမှာလည်း ပတ္တယားမြို့ အာဆီယံ ထိပ်သီးစည်းဝေးပွဲပြီးကတည်းက ကွာဟသွားသည်။ စစ်တပ်နှင့်ရဲ ထိပ်ပိုင်းခေါင်းဆောင်တွေကို အပြောင်းအလဲမလုပ်သေးဟု အာဘီဆစ်က ကတိပေးထား၏။ သို့သော် ဘန်ကောက်အရေးပေါ်အမိန့်ကို မရုပ်သိမ်းနိုင်သည်မှာ စစ်တပ်နှင့်ရဲကို အပြည့်အ၀ မယုံကြည်ခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းမီဒီယာအချို့က ယူဆသည်။

ပတ္တယား အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးလျော့ရဲမှု

ပတ္တယား အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးအတွက် အစီအစဉ်ကို ဒု-၀န်ကြီးချုပ် ဆူထက်က တာဝန်ယူခဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် စစ်တပ်နှင့်ရဲ (၅,၀၀၀) ၀န်းကျင်ချထား သည့်အတွက် ပတ္တယား အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးမှာ အနီဝတ်ဆန္ဒပြသူတွေကို ထိန်းထားနိုင်သည့် အနေအထားမှာရှိသည်။ ထို့ကြောင့် ပတ္တယားလုံခြုံရေးကို အပြည့်အ၀မယုံဖို့ ဆရာသမား ချွမ်လိပိုင်က သတိပေးသည့်တိုင် အာဘီဆစ်က ဆူထက် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မည်ဟု ယူဆခဲ့သည်။

ပတ္တယားမှာ ဆန္ဒပြသည့် အနီဝတ်တွေ ထိုင်းလုံခြုံရေးကို ဖောက်ထွက်ပြီး အာဆီယံစည်းဝေးခန်းမကို ၀င်စီးတော့မှ မိမိကိုယ် ပစ်မှတ်ထားပြီဟု အာဘီဆစ် ရိပ်စားမိကြောင်း ဆောင်းပါးရှင် ထနုန်ခမ်းထောင်က The Nation သတင်းစာမှာ ထောက်ပြသည်။

အာဆီယံခေါင်းဆောင်တွေကို လိုက်ပို့ပြီးမကြာခင် အာဘီဆစ် ဘန်ကောက်သို့ ရဟတ်ယာဉ်ဖြင့် သုတ်ခြေတင် ပြန်လာသည်။ တပ်ထဲမှ အာဏာသိမ်းလိုသူအုပ်စုနှင့် အနီဝတ်ဆန္ဒပြသူတွေ ဟန်ချက်ညီ စည်းဝါးကိုက်ပြီး အာဘီဆစ်ကို ပထုတ်မည့်အစီအစဉ်ကြောင့် အာဘီဆစ် အာဏာလက်လွှတ်ရမည့်ကိန်းဖြစ်ခဲ့သည်ဟု ထနုန်ခမ်းထောင်က ထောက်ပြသည်။ ထိုအတောအတွင်း စစ်တပ်က သေနတ်စပစ်တာနဲ့ ထိုင်းပြန်လာပြီး လူထုတော်လှန်ရေးကြီးကို ခေါင်းဆောင်မည်ဟု တပ်ဆင်ကလည်း ဗီဒီယိုမှတဆင့် ကြိမ်းထားသည်။

နယ်တပ်တွေ ဘန်ကောက်ခေါ်ပြီ

အာဘီဆစ်သည် အရေးပေါ်အမိန့်ထုတ်ပြန်ပြီးသည်နှင့် လုပ်ပိုင်ခွင့်ကို စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာနုပေါင်လက် မလွှဲတော့ဘဲ သူကိုယ်တိုင် စီမံကွပ်ကဲ အမိန့်ပေးတော့သည်။ စိတ်ချရသည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးအချို့ကို အာဘီဆစ်က ခေါ်ပြီး တိုင်ပင်သည်။ ဗိုလ်ချုပ်ကြီး အာနုပေါင်၏ စစ်တပ်ကို သုံးမည့်အစား လော့ဘူရီ၊ ကန်ချနဘူရီနှင့် နခွန်ရချာ့ဆီမာပြည်နယ်တွေမှ စိတ်ချရသည့်တပ်တွေကို ဘန်ကောက်ကို လျှို့ဝှက်လာဖို့ အာဘီဆစ်က အမိန့်ပေးလိုက် သည်။ ဗိုလ်ချုပ်ကြီး အာနုပေါင်ပင် မသိလိုက်ဟု ဆို၏။

ထနုန်ခမ်းထောင်၏ ထောက်ပြချက်အရဆိုလျှင် ထိုအချိန်က ဆန္ဒပြအနီဝတ်တွေက ဘန်ကောက်၏ အရေးကြီး လမ်းဆုံ (၁၅) နေရာကို နေရာယူထားသည်။ ထိုဆန္ဒပြအုပ်စုကို ပြည်ပရောက် တပ်ဆင်နှင့် ပြည်တွင်းမှာ အာဏာသိမ်းလိုသည့် အုပ်စုက ထိန်းထားသည်။ ဆန္ဒပြသူတွေကြောင့် မတည်မငြိမ်ဖြစ်ပြီဆိုလျှင် စစ်တပ်ဝင်ရမည်။ စစ်တပ်ဝင်လျှင် သွေးထွက်သံယိုဖြစ်မည်။ သွေးထွက်သံယိုဖြစ်လျှင် အာဏာသိမ်းဖို့ အခြေအနေပေးပြီဟု တွက်ခဲ့သော်လည်း နောက်ဆုံး တွက်ရေးနှင့် စက်သူဌေးမကိုက်ဖြစ်ခဲ့သည်။ ပြည်နယ်သုံးခုမှ ၀န်ကြီးချုပ် အာဘီဆစ်ခေါ်လိုက်သည့် တပ်တွေက ဘန်ကောက်အကြမ်းဖက်မှုတွေကို နိုင်နိုင်နင်းနင်း ထိန်းလိုက်နိုင်သည်။

မီးပုံကြားမှ ဘန်ကောက်

သင်္ကြန်ကာလ အကြိုနေ့နှင့် အကြတ်နေ့ ဘန်ကောက်မြို့မှာ လမ်းဆုံလမ်းခွ နေရာတိုင်းလိုလို မီးဟုန်းဟုန်း တောက်နေသည်။ အနီဝတ်ဆန္ဒပြသူများ မီးရှို့ထားသည့် ဘတ်စ်ကားများ ကားတာယာများ၊ လမ်းတားများကြောင့် စစ်မြေပြင်လို ဖြစ်နေသည်။ မီးလောင်နေသည်ကို ရပ်ကွက်ခံတွေက ငြိမ်းသတ်ဖို့လုပ်သည်ကို အနီဝတ်တွေက လက်မခံ။ ထိုကြောင့် နေရာအတော်များများ ရပ်ကွက်ခံတွေနှင့် အနီဝတ်တွေ တဖက်နှင့်တဖက် ခဲများ၊ တုတ်များနှင့် ပစ်ပေါက်နေကြသည်။ ဈေးဆိုင်တွေ ကုန်တိုက်တွေ ပိတ်ကုန်သည်။ စည်ကားလှသည့် ဘန်ကောက်မြို့ကြီးမှာ မီးခိုးလုံးတွေနှင့် ပြည့်နေသည်။

ယင်းသို့ ဘန်ကောက်နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ဧပြီလ (၈) ရက်နေ့မှာ လူထုတော်လှန်ရေးဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်သူမှာ အသက် (၄၂) နှစ်ရှိ အနီဝတ်ဆန္ဒပြခေါင်းဆောင် ဂျကရာပေါ့ဖြစ်သည်ဟု Asia Times အွန်လိုင်းမှာ ဆောင်းပါးရှင် ရှောင်ခရစ်စ်ပင်းက ထောက်ပြသည်။ ဂျကရာပေါ့သည် အမေရိကန်မှာ ပညာသင်ခဲ့သူဖြစ်ပြီး တပ်ဆင်လက်ထက်က အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြီးခဲ့သည့် အရေးအခင်းမှာ တပ်ဆင်ကို ဘုရင့်အတိုင်ပင်ခံကောင်စီဝင်အချို့အား ဝေဖန်တိုက်ခိုက်ရန် ဂျကရာပေါ့က ကြိုးကိုင်ခဲ့သည်ဟု ရှောင်ခရစ်စ်ပင်းက ဆက်လက် ဝေဖန်ထားသည်။

မည်သူမျှနိုင်သည့် ပွဲမဟုတ်

မည်သို့ပင်ဆိုစေ ဘန်ကောက်သင်္ကြန်အရေးအခင်းမှာ အနီဝတ်ဆန္ဒပြသူတွေ မနိုင်သကဲ့သို့ ၀န်ကြီးချုပ်အာဘီဆစ် လည်း မနိုင်ခဲ့ဟု ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်က ယူဆသည်။ ထိုင်းနိုင်ငံရေးမှာ အနီနှင့်အ၀ါ နှစ်ခြမ်း ကွဲသွားသည့် ကိစ္စမှာ ဆင်းရဲသားနှင့် လူချမ်းသာကြားပြဿနာ၊ ကျေးလက်နှင့် မြို့ပြကြားပြဿနာ သက်သက်မျှ မဟုတ်။ ထို့ထက် နက်နည်းသည်ဟု ဂျွန်နသန်ဟက်က သုံးသပ်သည်။

သို့သော် ထိုင်းနိုင်ငံရေးပြဿနာမှာ ဂျွန်နသန်ဟက်ပြောသကဲ့သို့ အနီအ၀ါသက်သက် အကွဲအပြဲကို ကြည့်ရုံဖြင့် အပြည့်အစုံ မမြင်နိုင်။ နောက်ကွယ်မှာ အာဏာလွန်ဆွဲနေသူတွေရှိနေသည်ဟု ဆောင်းပါးရှင် ဆူပါလက် ဂျနတ်ခွန်ဒီးက ဧပြီ (၂၁) ရက်ထုတ် The Nation သတင်းစာမှာ ထောက်ပြသည်။

ရောင်စုံနိုင်ငံရေး

အနီအ၀ါဇာတ်လမ်းအစကိုကြည့်လျှင် တပ်ဆင်နှင့် အပေါင်းအပါတွေ ဖြုတ်ချဖို့အတွက် ပီအေဒီအဖွဲ့သည် တချိန်က အ၀ါရောင်ဝတ်ပြီး လမ်းပေါ်စထွက်ခဲ့သည်။ တပ်ဆင်သည် ဘုရင့်အပေါ် သစ္စာမရှိဆိုသည့် အမြင်ကို ဘုရင့်အတိုင်ပင်ခံတွေ ယူဆလာအောင် ဆော်သြခဲ့သည်ဟု ဆူပါလက်က ပြောသည်။ မကြာခင် စစ်တပ်က ပီအေဒီဘက်လိုက်ပြီး ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းပြီး တပ်ဆင်ကို ဖြုတ်ခဲ့သည်။ အာဏာသိမ်းပြီးမကြာခင် တပ်ဆင်ထောက်ခံသူအချို့နှင့် နိုင်ငံရေးလှုပ်ရှားသူတွေ အနီဝတ်ပြီး စစ်အစိုးရကို ဆန္ဒပြခဲ့သည်။ ဘုရင့်အတိုင်ပင် ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ်အား အာဏာသိမ်းမှုကို ကြိုးကိုင်သူအဖြစ် တိုက်ခိုက်ပြောဆိုခဲ့သည်။

အ၀ါဝတ်အဖွဲ့၏ နိုင်ငံရေးဦးတည်ချက်ကို ပြန်ကြည့်လျှင် အနောက်တိုင်း ဒီမိုကရေစီစနစ်ကြောင့် ထိုင်းအစိုးရ အဆက်ဆက် အဂတိလိုက်စားမှုများလွန်းသည်။ ထို့ကြောင့် အနာဂတ်ပါလီမန် လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ (၃၀) ရာနှုန်းကိုသာ အရွေးကောက်ခံများကို ပေးပြီး ကျန် (၇၀) ရာနှုန်းကို ခေါင်းခေါက်ခန့်သည့် ကိုယ်စားလှယ် များနှင့်ဖွဲ့ရမည့် နိုင်ငံရေးသစ်ကို တောင်းဆို၏။ အနီဝတ်များကမူ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် အုပ်ချုပ် သည့် ဒီမိုကရေစီကို လိုလား၏။ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတွင် အနီဝတ်က အနိုင်ရပြီး ပီအေဒီနှင့် ဒီမိုကရက်ပါတီ အရေးနိမ့်၏။ ဤတွင် အ၀ါဝတ်တွေ လမ်းပေါ်ထွက်ပြီး တပ်ဆင်ကျောထောက်နောက်ခံပေးထားသည့် စမတ်အစိုးရနှင့် ဆွန်ချိုင်းအစိုးရကို ဖြုတ်ချခဲ့သည်။

မကြာခင် တချိန်က တပ်ဆင်ကို ထောက်ခံခဲ့သူ နိုင်ငံရေးသမား နေ၀င်းချစ်ချော့က သူကိုင်ထားသည့် အမတ် (၂၈) ဦးကို ဒီမိုကရက်ပါတီအာဏာရအောင် ခြံခုန်ပြီးနောက်ပိုင်း အာဘီဆစ် ၀န်ကြီးချုပ်ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် နေ၀င်းချစ်ချော့ကို အာဏာရ ဒီမိုကရက်ပါတီဘက် ဘယ်လိုပါလာကြောင်း အာဘီဆစ်ရှင်းမပြနိုင် သရွေ့ ၎င်း၏ အစိုးရကို ဒီမိုကရေစီအစိုးရဟု မပြောနိုင်ဟု ဆူပါလက်က ယူဆသည်။

ပတ္တယား အာဆီယံအစည်းအဝေးကို အနီဝတ်တွေ ဆန္ဒပြချိန်တွင် နေ၀င်းချစ်ချော့က သူ့ထောက်ခံသူ အပြာဝတ်တွေ ပွဲထုတ်ပြီးနောက် အခြေအနေ ပိုရှုပ်ထွေးသွားပြန်သည်။ ဆန္ဒပြအရေးအခင်း ထိန်းမနိုင်ဖြစ်ပြီး ၀န်ကြီးချုပ် အာဘီဆစ်က ကြားဖြတ်ရွေးကောက်ပွဲ အရေးပေါ်ခေါ်ရမည်ဆိုလျှင် ဒီမိုကရက်ပါတီမှာ အရေးအခင်းကြောင့် သေချာပေါက် အပြစ်တင်ခံရမှာဖြစ်သည့်အတွက် နေ၀င်းချစ်ချော့ထောင်ထားသည့် ဘွန်ကျိုင်ထိုင်းပါတီက အမြတ်ထွက်သွားနိုင်သည်ဟု ထောက်ပြသည်။

ပီအေဒီကလည်း လနှင့်ချီသည့် အ၀ါဆန္ဒပြပွဲကြောင့် အာဘီဆစ်အစိုးရဖွဲ့နိုင်သဖြင့် အာဘီဆစ်အစိုးရအပေါ် သြဇာလွှမ်းဖို့ ကြိုးစား၏။ နောက်ဆုံး ပီအေဒီခေါင်းဆောင် ဆွန်ထိ သေနတ်ပစ်ခံရပြီး မကြာခင် စစ်တပ်အကြီး အကဲ ရဲချုပ်နှင့် ဒု-၀န်ကြီးချုပ် ဆူထက်ကိုပါ ရာထူးကဖယ်ရှားပေးဖို့ အာဘီဆစ်အစိုးရကို တောင်းဆိုသည်။

စစ်တပ်ကလည်း ထိုင်းနိုင်ငံရေးဂိုဏ်းဂဏတွေကြား အရေးပါသည့် အခန်းကို ယူထားပြန်သည်။ လက်နက်ကိုင် ထားသည့်အဖွဲ့ ဖြစ်သည့်အတွက် အဖြေရှာပေးရေးထက် ပြဿနာဖန်တီးနိုင်သည်။ စစ်တပ်ကို နိုင်အောင်မကိုင်နိုင် လျှင် အာဘီဆစ်ကို စစ်တပ်က အာဏာသိမ်းနိုင်သည်ဟု ဆူပါလက်က ယူဆသည်။ သို့သော် စစ်တပ်က အာဘီဆစ်ကို အာဏာသိမ်းဖို့ကြိုးပမ်းလျှင် တိုင်းပြည်လည်း ငါးပါးမှောက်မည်၊ စစ်တပ်လည်း ကြမ္မာငင်မည်ဟု ဆောင်းပါးရှင် ဆူပွန်အန်ဂါရာက ထောက်ပြသည်။

အာဘီဆစ်ကိုကြည့်လျှင်လည်း အရေးအခင်းကိုင်တွယ်မှုကြောင့် နိုင်ငံတကာမှာ သိက္ခာတက်သွားသော်လည်း ပြည်တွင်းမှာ အရေးပေါ်အမိန့်ကို မရုပ်သိမ်းရဲ ဖြစ်နေသည်။

တိုက်ပွဲမှသည် အောင်ပွဲဆီသို့

ဝေလင်း / ၂၆ ဧပြီ ၂၀၁၀


၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘရပ်ဆဲလ်ညီလာခံရဲ့ စက်မှုဇုန်လုပ်သားများအရေး ထုတ်ပြန်ချက်မှာ တရုတ်ပြည် အလုပ်သမားတွေ တနာရီ ဆင့် (၂၀) တလ (၄၇.၃၂၀) ဒေါ်လာ၊ သီရိလင်္ကာမှာ တနာရီ (၄၀) ဆင့် တလ အမေရိကန် (၉၄.၆၄ ဒေါ်လာ)၊ ထိုင်းအလုပ်သမားတွေက ဆင့် (၇၈) ဆင့် တလ အမေရိကန် (၁၈၄.၅၄၈) ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်မှာ တနာရီ (၈) ဆင့် တလကို အမေရိကန် (၁၈.၉၂၈) ဒေါ်လာနှုန်းစီ လုပ်ခတွေ အသီးသီး ရနေကြတယ်လို့ ဆိုထားပါတယ်။

ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားက စက်မှုဇုန်လုပ်သားတွေ တလကို ဒေါ်လာ (၁၀၀- ၁၂၀) လောက်ရနေချိန်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာနိုင်ငံ စက်မှုဇုန်လုပ်သားတွေကတော့ တလကို အမေရိကန်ဒေါ်လာ (၂၀ - ၃၀) ၀န်းကျင်လောက်သာ ရနေကြပါတယ်။

၂၀၀၉ အောက်တိုဘာလ (၇) ရက်နေ့မှာ နိုင်ငံစုံ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတို့က တရုတ်၊ ဟောင်ကောင်နဲ့ အိန္ဒိယ အပါအ၀င် အာရှဒေသတွင်း အထည်ချုပ်လုပ်သားအားလုံးအတွက် အကျုံးဝင်မယ့် ဘုံအခြေခံ စံနမူနာ လစာငွေတရပ် ချမှတ်ရေးဆွဲခဲ့ကြရာမှာ သာမန်အလုပ်သမား မိသားတစု (လူကြီး ၂ ဦး၊ ကလေး ၂ ဦး အပါအ၀င်) အတွက် လစဉ် စားသောက်နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကိစ္စအားလုံး ဖြေရှင်းနိုင်ဖို့ဆိုရင် အမေရိကန်ဒေါ်လာ (၄၇.၅) ဒေါ်လာ လိုအပ်တယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ လှိုင်သာယာစက်မှုဇုန်က လုပ်သားတွေ ရကြတဲ့ လစာဟာ ဒီစံနှုန်းထားထက် ခေါက်ချိုးမက နည်းပါးလွန်းလှတဲ့လစာပါ။ ဒီလို ၀င်ငွေနည်းတာချင်းအတူတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် စက်မှုဇုန်လုပ်သားတွေမှာ အလုပ်သမားအခွင့်အရေးတိုက်ပွဲ သက်သက်သာမက တခြားပါတီ၊ အသင်းအဖွဲ့တွေနဲ့ပါ နိုင်ငံရေးအရ ပူးတွဲဆန္ဒပြ လှုပ်ရှားနိုင်ခွင့်ရှိနေတာကတော့ မြန်မာစက်မှုဇုန်လုပ်သားများထက် ပိုပြီးကံကောင်းနေတဲ့ အချက်တခုလို့ ဆိုရမလိုပါ။ စဉ်ဆက်မပြတ် တိုက်ခိုက်နေကြတဲ့ စက်မှုဇုန်ဆန္ဒပြမှုများစွာအနက် ၂၀၀၆ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ် စက်မှုဇုန်လုပ်သားတွေရဲ့ အောင်ပွဲရ သပိတ်ကြီးတခုအကြောင်း ဆက်စပ် နှိုင်းယှဉ်ကြည့် သင့်တာမို့ မိတ်ဆက်ပေးလိုက်ပါရစေ။

ချွေးထုတ်စက်ရုံတွေ အလိုမရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၀ ခုနှစ် ကတည်းကစပြီး ရယ်ဒီမိတ် အထည်ချုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာခဲ့တာပါ။ နိုင်ငံအနှံ့ လုပ်ငန်းပေါင်း (၄,၀၀၀) လောက် တည်ထောင်ထားသလို အလုပ်သမား (၂) သန်းခွဲလောက်က ဒီအထည်တွေကို ထုတ်လုပ်ပေးနေရတာပါ။ ထွက်ကုန်အများစုကို အနောက်ဥရောပ (EU) နိုင်ငံတွေနဲ့ အမေရိကန်ဘက် တင်ပို့နေပြီး စက်ရုံများက လုပ်သားအများစုဟာ ဆင်းရဲတဲ့ အမျိုးသမီးအလုပ်သမားတွေပါ။ (မှတ်ပုံတင်၊ မှတ်ပုံတင်မဲ့) စက်ရုံပေါင်း (၃,၄၈၀) ကနေ အလုပ်သမပေါင်း (၁.၈) သန်းကို အလုပ်ကိုင် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ (၁၀၀) ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်ခွင့်ပြုပေးထားတာမို့ ၂၀၀၈ ခုနှစ် စာရင်းဇယားတွေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၄၈၁၇.၀၅ ) သန်းမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍ (၁၂၀၃.၄၀) သန်း၊ ဆက်သွယ်ရေးကဏ္ဍ (၁၄၀၅.၉၆) သန်း၊ ချည်ထည်ထွက်ကုန် အထည်ချုပ်လုပ်ငန်း (၉၂၅.၀၃ ) သန်း စသည်ဖြင့် အထည်ချုပ်စက်မှုဇုန်တွေဟာ နိုင်ငံဝင်ငွေ အဓိကရှာဖွေပေးတဲ့ တတိယမြောက် လူသားရင်းမြစ် ကဏ္ဍတခုလည်း ဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းတွေကနေပြီး နှစ်စဉ် အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ (၇) ဘီလီယံဖိုး ရရှိနေတာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား တင်ပို့ကုန်အားလုံးရဲ့ (၇၀) ရာခိုင်နှုန်းလောက်ကို ဒီလုပ်သားတွေက ထုတ်လုပ်ပေးနေကြတာပါ။

၂၀၀၈ ခုနှစ် နိုင်ငံခြားပို့ကုန် စုစုပေါင်းတန်ဖိုးပေါင်းက (၁၅.၅၇) ဘီလီယံ အမေရိကန်ဒေါ်လာပါ။ အထည်ချုပ်ကဏ္ဍကနေ ၂၀၀၈ ခုနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ၊ ၂၀၁၀ မှာ (၁၃) ဘီလီယံဖိုး တိုးတက်ထုတ်လုပ်ဖို့လည်း ရည်ရွယ်ထားတာမို့ နောင်ဆိုရင် အမျိုးသားထုတ်ကုန် (၈၀) ရာခိုင်နှုန်းပမာဏကို တပြည်လုံးရှိ အလုပ်သမားဦးရေ စုစုပေါင်း (၄၀) ရာခိုင်နှုန်းလောက်သုံးပြီး တိုးချဲ့လုပ်ကိုင်သွားဖို့ရှိပါတယ်။ အလုပ်လက်မဲ့ဖောင်းပွမှုကို ထိန်းညှိထားနိုင်ပါတယ်လို့ အစိုးရ ကြေညာနေချိန်မှာ အလုပ်သမားတွေခမျာ လစာငွေကို (၂) လလောက် နောက်ကျခံစားနေရပြီး (၁) လမှာ အမေရိကန်ဒေါ်လာ (၂၀) ၀န်းကျင်လောက်ပဲ လစာငွေရကြတာကြောင့်လည်း ဒက္ကာမြို့လယ် လမ်းမပေါ်ကို မကြာခဏထွက်ပြီး အလုပ်သမားတွေ ဆန္ဒပြနေကြရတာပါ။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားတွေဟာ သူတို့လစာငွေ၊ အချိန်ပိုလုပ်ခတွေကို ပုံမှန်မရကြတဲ့အပြင် ရက်သတ္တပတ်မှာ နားရက်ဆိုတာကလည်း လုံးဝရှိကြပြန်တာမဟုတ်ပါဘူး။ သူတို့လစာငွေထဲက (၂) ရာခိုင်နှုန်းကို အလုပ်ရှင်တွေက ဖြတ်ယူတတ်ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် ဧပြီလအတွင်း ဒက္ကာမြို့အပြင်ဘက်က စက်ရုံတခုပြိုကျပြီး အလုပ်သမ (၆၃) ယောက် သေ၊ (၈၄) ယောက် ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလတုန်းကလည်း စက်ရုံမီးလောင်ပြီး လုပ်သား (၅၀) သေ၊ (၁၀၀) ကျော်ဒဏ်ရာရတဲ့ အဖြစ်မျိုးတွေလည်း ရှိခဲ့ပါသေးတယ်။ အလုပ်ရှင်တွေဘက်က စစ်တကောင်း၊ ဒက္ကာလို မြို့ကြီးတွေမှာတောင် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား အလုံအလောက် မရတာမို့ စက်စွမ်းအင် အပြည့်မလည်ပတ်နိုင်ဘဲ ထုတ်လုပ်မှု (၅၀) ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ တွက်ချက်နေသလို စီးပွားကပ်ပျက်ကြောင့်လည်း ထုတ်လုပ်မှုစရိတ်မှာ (၂၀) ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ ဆိုနေကြပြန်ပါတယ်။

ဒက္ကာမြို့အနီး စက်မှုမြို့တော် ဆာဗား သိုးမွှေးထည် စက်ရုံအုပ်စုမှာ၂၀၀၆ ခုနှစ် မေလ (၂၃) ရက်နေ့က အလုပ်သမားလုပ်ခတွေ အပါအ၀င် အပတ်စဉ် အလုပ်ပိတ် အားလပ်ခွင့် ခံစားခွင့်တွေ ရရှိဖို့ တောင်းဆိုထားခဲ့တဲ့ တောင်းဆိုချက် (၁၁) ရပ်ကို စက်ရုံပိုင်ရှင်တွေ ငြင်းပယ်ခဲ့ရုံမက အလုပ်သမားတွေကိုပါ စက်ရုံထဲပိတ်လှောင် ရေဖြတ်မီးဖြတ် ချုပ်နှောင်ထားခဲ့ရာကနေ မခံမရပ်ဖြစ်ကြပြီး သပိတ်မှောက်အလုပ်သမားတွေက စက်ရုံနဲ့တကွ ကားတွေ စက်ကိရိယာတွေကို မီးတင်ရှို့ခဲ့ကြသလို တိုင်းတပါး ရင်းနှီးမြှုပ်နှံသူတွေကိုလည်း မောင်းထုတ်ပစ်ခဲ့ကြပါတော့တယ်။ ဒီ ၂၀၀၆ ခုနှစ်လို သပိတ်မျိုးတွေက နှစ်တိုင်း ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားနေကျမို့ သိပ်မထူးဆန်းတော့ဘူးလို့ ဆိုရင်ဖြင့် ဒီလို သပိတ်မှောက်ခွင့်ရကြတဲ့ ဘင်္ဂလားဒေ့ရှ် စက်မှုဇုန်လုပ်သားတွေရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်ကို နည်းနည်းလေး ဆက်လေ့လာကြည့်ဖို့တော့ လိုလာပါလိမ့်မယ်။

တွဲဆက်လက်များ

၂၀၀၆ ခုနှစ် အရေးအခင်းအတွင်း ပျက်စီးခဲ့တဲ့ စက်ရုံပေါင်း (၂၅၀) ကျော်အနက် (၃၀) ဟာ ဆာဗား ပို့ကုန်အုပ်စု နိုင်ငံခြားသားပိုင် စက်ရုံတွေပဲ ဖြစ်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် အထည်ချုပ် ထုတ်လုပ်တင်ပို့သူများအစည်းအရုံး ဒု-ဥက္ကဋ္ဌ တဦးဖြစ်သူ ဆာဟာဒတ် ဟော့စိန် ချောင်ဒရီကတော့ ဆာဗားစက်မှုဇုန်က စက်ရုံ (၂၁) ရုံအပါအ၀င် စက်ရုံပေါင်း (၃၀၀) နီးပါး မီးရှို့ခံရပြီး (၃) ရက်တာကြာမြင့်ခဲ့တဲ့ စက်မှုဇုန်အလုပ်သမားအဓိကရုဏ်းမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄) ဘီလီယံဖိုး (တက်ကာ ငွေ သန်း ၇၀) နီးပါး ဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ အလုပ်သမား (၃) ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောပါတယ်။

အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ အလုပ်သမားသမဂ္ဂ အမျိုးသမီးခေါင်းဆောင် ရှရင်းအာတာကတော့ လုံးဝ အလုပ်နားရက် မရှိတာကြောင့် အခုလို အလုပ်သမားတွေ ဒေါသထွက်ပြီး အဓိကရုဏ်းဖြစ်ရတာပဲလို့ အပြစ်တင်ပါတယ်။ ပိုင်ရှင်တွေက အလုပ်သမားတွေကို လုပ်ခနဲ့ အိုဗာတိုင်ကြေး ပုံမှန်မပေးကြတဲ့အပြင် အလုပ်ရှင်က သူတို့လုပ်ခနဲ့ အိုဗာတိုင်ကြေးပေါ်ကနေပြီး (၂) ရာခိုင်နှုန်း ဖြတ်လေ့ရှိတယ်လို့ အလုပ်သမားတွေ ယုံကြည်နေကြကြောင်းကိုလည်း သူမက စွပ်စွဲထားပြန်ပါတယ်။

အစိုးရပြည်ထဲရေးဝန်ကြီး လာဖိုဇာမန်က ဒါဟာ အစိုးရအတွက် အဖျက်လုပ်ရပ်များဖြစ်သလို အိန္ဒိယနယ်ခြားစက်မှုဇုန်တွေက ကူးစက်လာတဲ့ ပြဿနာများလို့ ပြောပါတယ်။

အတိုက်အခံပါတီ ခေါင်းဆောင် ရှိတ်ဟာစီန၀ါဂျစ်ကတော့ လက်ရှိအစိုးရရဲ့ မအောင်မြင်ချက်တွေ အားလုံးကို အလုပ်သမားတွေအပေါ် အပြစ်ပုံချနေတယ်လို့ပြောပြီး အလုပ်သမားတွေအပေါ် လက်ရှိ (BNP) ပါတီ အစိုးရရဲ့ ဗိုလ်ကျကြီးစိုးမှု ပြန့်ပွားလာတာပဲလို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။

နိုင်ငံရေးသမားမဟုတ်တဲ့ ဘင်္ဂလား စီးပွားရေးရှေ့ဆောင်တွေကလည်း အလုပ်ရှင်ရော အစိုးရကပါ လုပ်သားတွေအပေါ် ဗိုလ်ကျအနိုင်ကျင့်နေတယ်လို့ စွပ်စွဲပြီး ဘင်္ဂလား စီးပွားရေးအသင်း ဥက္ကဋ္ဌ ကွာစီခိုလီကွစ်ဇာမန်ကတော့ ဒီပြဿနာဟာ ရေရှည်မဖြေရှင်းနိုင်မယ့် ပြဿနာတရပ်ပဲလို့ အခိုင်အမာထပ်ပြီး ထောက်ပြပါတယ်။

ဘင်္ဂလား အလုပ်သမားအရေး လေ့လာရေးသိပ္ပံ (BILS) ကတော့ ၁၉၉၇-၂၀၀၁ မှာ အထည်ချုပ်လုပ်ငန်းရှင်တွေဘက်က ပြဿနာကိုတားဆီးဖို့ သဘောတူညီချက် (၄) ချက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပေမယ့်လည်း အစိုးရ သတ်မှတ်ကြေညာ ပေးထားတဲ့ အနိမ့်ဆုံးလစာ (၂၅) ဒေါ်လာနှုန်းကို ၂၀၀၁ ခုနှစ်တုန်းကတည်းက အာမမခံခဲ့သလို စက်ရုံလုပ်ငန်းကြီးများအတွက် လမ်းညွှန်ချက် (၂၄) ရပ်အပြင် အခြားအလုပ်သမားဥပဒေ ဘယ်တခုကိုမှ စက်မှုဇုန်လုပ်ငန်းရှင်တွေ မလိုက်နာကြဘူးလို့ ဆိုပါတယ်။

တဆက်တည်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့ အလုပ်သမားသပိတ်တွေ တခုနဲ့တခု ဆက်နွှယ်ပတ်သက်နေတာကိုလည်း တွေ့ရနိုင်ပါသေးတယ်။ အတိုက်အခံ ရှိတ်ဟာစီနာဝါဂျစ်ရဲ့ ညွန့်ပေါင်း (၁၄) ပါတီက ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဇွန် (၁၃-၁၄) ရက်အထိ (၃၆ ) နာရ်ီကြာ သပိတ်မှောက်ဖို့နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်ဖို့ တိုက်ပွဲဝင် တောင်းဆိုလိုက်ပြီးတဲ့နောက် လူတွေ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ ၂၀၀၆ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ ဒက္ကာ သပိတ်မှောက် အရေးခင်းမှာ ပုလိပ်တွေရဲ့ အတိုက်ခံခေါင်းဆောင်တွေနဲ့ အလုပ်သမားများအပေါ် ပြုမူချက်တွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါတွေအားလုံးဟာ ဘင်္ဂလားဒေ့ရှ်က အလုပ်သမားသပိတ်တွေနဲ့ တခြားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းတွေ ဆက်စပ်မှုရှိရှိ အပြန်အလှန် ထောက်ခံအားပေး တိုက်ပွဲဝင်နေကြပုံတွေပါ။

အနောက်ရပ်က ချွေးမုန်တိုင်း

၂၀၀၆ ခုနှစ် ဇွန်လထဲမှာ အခြေအနေတွေ ဆက်ဆိုးဝါးနေပြီး သပိတ်တိုက်ပွဲတွေဟာ ဒက္ကာ ပြုပြင်ထုတ်လုပ်ဇုန်ကနေ ဆာဗား၊ အရှူလီရာ၊ ဂါဇီပါလ် နယ်မြေအထိ ပျံ့နှံ့သွားပါတော့တယ်။ ၂၀၀၆ မေ (၂၃) ရက်နေ့ မှာတော့ ဖြစ်ပွားမှုအရှိန် မြင့်တက်ခဲ့ပြီး စက်ရုံလုံခြုံရေး၊ ပုလိပ်တွေ၊ ပြည်သူ့စစ်များအပြင် ဘင်္ဂလားနယ်ခြားစောင့် ရိုင်ဖယ်တပ်အင်အား (၃,၀၀၀) ကို ခေါ်ယူဖြေရှင်းခဲ့ရပါတော့တယ်။ အစိုးရက စက်ရုံတွေကို အတင်းဝင်ရောက်စီးနင်းပြီး အလုပ်သမားတွေကို မောင်းထုတ်၊ စက်မှုဇုန်ကို သံဆူးကြိုးကာရံ ထိန်းချုပ်ခဲ့သလို အရေးပေါ် ဆူပူမှုနှိမ်နင်းရေးတပ်ဖွဲ့တွေပါ ၀င်ရောက်ဖြေရှင်းပေးရတဲ့ နိုင်ငံတော်လုံခြုံရေးထိခိုက်မှုအဆင့်ထိ အခြေဆိုက်ရောက်သွားခဲ့ပါတော့တယ်။

နောက်ဆုံး အစိုးရဘက်က ဖမ်းဆီးထားတဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂ၀င်တွေ ပြန်လွှတ်ပေးဖို့ အခြေခံလုပ်ခလစာ စီစဉ်သတ်မှတ်ပေးဖို့ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အလုပ်သမားတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးခဲ့ရပါတော့တယ်။ စက်မှုဇုန်လုပ်သား တောင်းဆိုချက်အများစုကို အစိုးရနဲ့ အလုပ်ရှင်တွေဘက်က လိုက်လျောပေးခဲ့လို့လည်း စနေ၊ တနင်္ဂနွေ အားလပ်ခွင့်ရက်၊ မီးဖွားခွင့်ရက်၊ လုပ်သားမှတ်ပုံတင်၊ ပြင်ပထွက်ခွင့် လက်မှတ် စတဲ့ အခွင့်အရေးများအပြင် အဓိကကျတဲ့ လုပ်ခလစာငွေကလည်း အရင် အလုပ်သမားသပိတ်မတိုင်မီ တက်ကာငွေ (၉၄၀) အမေရိကန် (၁၄.၀၃) ဒေါ်လာကနေ အခု တက်ကာငွေ (၃,၀၀၀) အမေရိကန် (၄၄.၇၉) ဒေါ်လာထိတိုးပြီး သတ်မှတ်ပေးခဲ့တာမို့ ၂၀၀၆ မေလ အလုပ်သမားသပိတ် လုံးဝအောင်မြင်ခဲ့တယ်လို့ ပြောရမှာပါ။ (New Age, 29 June 2006)

အခုလိုအောင်မြင်မှုဟာ ၂၀၀၆ ခုနှစ် တနှစ်တည်း ပွဲပြီးမီးသေ အရှိန်တန့်မသွားခဲ့ပါဘူး။ ၂၀၀၈-၂၀၀၉ ခုနှစ်တွေမှာ နောက်ထပ် စက်မှုဇုန်အလုပ်သမားဆန္ဒပြပွဲတွေ တခုပြီးတခု ဆက်တိုက်ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၆ မေ၊ ဇွန် အလုပ်သမား တိုက်ပွဲတွေအပြင် ၂၀၀၈ ခုနှစ် ဧပြီ ပထမအပတ်အတွင်း ဒက္ကာစက်မှုဇုန် စက်ရုံ (၄) ရုံက အထည်ချုပ်လုပ်သားတွေ လစာငွေ (၂) ဒေါ်လာကနေ (၃) ဒေါ်လာအထိ ထပ်တိုးပေးဖို့ ဆန္ဒပြခဲ့ရာ ပုလိပ်တွေ ရိုက်နှက်ဖြိုခွင်းခဲ့လို့ လူ (၅၀) ဒဏ်ရာရရှိခဲ့ကြသလို ၂၀၀၈ ခုနှစ် ဧပြီ ဒုတိယပတ် (၁၅) ရက်နေ့မှာလည်း လုပ်သားပေါင်း (၁) သောင်းခွဲလောက်ဟာ ကုန်ဈေးနှုန်းမြင့်တက်လာလို့ နဂိုသဘောတူထားပြီးဖြစ်တဲ့ လစာငွေ (၁) လကို အမေရိကန် (၂၅) ဒေါ်လာနှုန်းရရှိရေး စက်ရုံရှေ့ထိုင်ပြီး ဆန္ဒပြခဲ့ကြ ပြန်ပါတယ်။ ဒက္ကာစက်မှုဇုန်မှာ ဆန္ဒပြမှုတွေဟာ လှိုင်းတံပိုး၊ မုန်တိုင်းတွေလိုပဲ နှစ်စဉ်မပြတ် ပြင်းပြင်းထန်ထန် မရပ်မနား ဆက်လက်တိုက်ခတ်နေခဲ့ပါတယ်။

၁၉၆၀ လွန်ကာလ စက်မှုဇုန်သစ်တွေနဲ့အတူ စတင်သန္ဓေတည်လာခဲ့တဲ့ အလုပ်ရှင် အလုပ်သမားကြား မပြေလည်မှု ပြဿနာတွေဟာ ဘင်္ဂလားဒေ့ရှ် စက်မှုန်ဇုန်လုပ်ငန်းရှင်တွေအဖို့တော့ မွေးရာပါ ရောဂါဆိုးကြီးတရပ်လိုပါပဲ။ အလုပ်သမား အခွင့်အရေးတခု ချိုးဖောက်ခံရတိုင်းမှာ ဆန္ဒပြဖို့ရာ ပြဿနာအသစ်တွေ ထပ်တလဲလဲ ပေါ်ပေါက်လာစမြဲ မဟုတ်ပါလား။

ရည်ညွှန်း
1/ High commission for the people’s republic of Bangladesh/London
Trade and Invesment promotion report 2008
2/ Thousands of Banglardeshi textile workers burn factories as wage protest spread -------
-----AFX News May 23 2006

3/ Banglardesh ; Industrial Chaos Worsens PoliticaL Instability -------by Dr. Anand Kumar
4/Journal of International Women's Studies Vol . 11 # 1 November 2009 289
5/Banglardesh tixitiles unravelled by price war. protests -------- ( A F P July 1 2009)
6/The ready-made garments industry in Banglardesh;
7/A means to reducing gender-based social exclusion of women? ---Nidhi Khosla 1
8/International Institute for Labour Studies Geneva ---------Kamala Sankaran
9/Garment worker's revolt in Banglardesh ----------- Libcom.org

Friday, February 19, 2010

သင်ခန်းစာယူစရာထိုင်းနိုင်ငံရေးအကျပ်အတည်း

ဒီနှစ် သြဂုတ်လထဲက အရှိန်မြှင့်လာတဲ့ ထိုင်းနိုင်ငံရေးအကျပ်အတည်းဟာ နိုင်ငံတကာ လေဆိပ်နှစ်ခုကို အစိုးရကိုဆန့်ကျင်နေတဲ့ People Alliance for Democracy , PAD အဖွဲ့က သိမ်းပိုက်လိုက်တဲ့အချိန်မှာ အထွတ်အထိပ်ကို ရောက်သွားပါပြီ။ အခုအချိန်အထိ ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ မသိနိုင်သေးပေမယ့် ထိုင်းဒီမိုကရေစီစနစ်အပေါ် မေးခွန်း ထုတ်စရာတွေ အများကြီး ပေါ်လာတာကတော့ အမှန်ပါပဲ။

PAD အဖွဲ့က အရင်ဝန်ကြီးချုပ်ဆမတ်ခ်ကို သက်ဆင်ရုပ်သေးရုပ်ဖြစ်လို့ ရာထူးကထွက်ပေးဖို့ တောင်းဆိုတာကို ဒီနှစ်သြဂုတ်လမှာစလုပ်ခဲ့တယ်။ စက်တင်ဘာလဆန်းပိုင်းမှာ ထိုင်းတရားရုံးက ဆမတ်ခ်က ရုပ်သံအစီအစဉ်တစ်ခုမှာငွေကြေးရယူပြီး သရုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး အပြစ်ရှိ တယ်လို့ ဆုံးဖြတ်ပြီး ရာထူးမှ ထွက်ခိုင်းခဲ့တယ်။ သူ့နေရာမှာ သက်ဆင်ရဲ့ ယောက်ဖဖြစ်တဲ့ ဆွမ်ချိုင်း က ၀န်ကြီးချုပ်ဖြစ်လာတယ်။ ဒီတော့ သူ့ကိုလည်း PAD အဖွဲ့ကဆက်ပြီးဆန့်ကျင်တယ်။ ဆမတ်ခ်လက်ထက်မှာ အစိုးရအိမ်တော်ကိုသိမ်းပြီး အစိုးရပြုတ်ကျအောင် ဖိအားပေးခဲ့တဲ့ PAD အဖွဲ့ဟာ အခုနောက်ဆုံး နိုင်ငံတကာလေဆိပ်နှစ်ခုကို သိမ်းပိုက်ပြီး အဆုံးအဖြတ်နောက်ဆုံးတိုက်ပွဲဆင်မယ်ဆိုပြီး လုပ်ခဲ့တယ်။

PAD အဖွဲ့အနေနဲ့ အစိုးရကိုမကြိုက်တဲ့ သဘောထားကို လွတ်လပ်စွာထုတ်ဖော်ပြသတာဟာ ဒီမိုကရေစီအခွင့်အရေးဖြစ်ပါတယ်။ သို့သော် ဒီအခွင့်အရေးကို စနစ်တကျ သုံးသလားလို့ မေးရင်တော့ မသုံးဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရုံးနဲ့ လေဆိပ်များကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြသူအရေးအတွက်ဟာ သုံးသောင်းနီးပါးလောက်ရှိပါတယ်။ ဒီလူတွေဟာ တုတ်၊ ဓားတွေနဲ့ ခြောက်လုံး ပြူး၊ တစ်လုံးထိုးလို လက်နက်ငယ်တွေကို ပြောင်ကိုင်ဆောင်ထားပြီး ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တွေဖွဲ့ထားတယ်။ ၀င်ထွက်လမ်းတွေကိုပိတ်ပြီး စစ်ဆေးရေး စခန်းတွေဖွင့်တယ်။ အစိုးရကို ထောက်ခံ သူတွေနဲ့ လမ်းပေါ်တိုက်ပွဲတွေဆင်နွဲတယ်။ အစိုးရယန္တရားရပ်ဆိုင်းသွားအောင်လုပ်တာ၊ နောက်ဆုံး နိုင်ငံတကာခရီးသွားတွေကိုပါ ဒုက္ခရောက်အောင်၊ ထိုင်းခရီးသွားလုပ်ငန်းကြီးတစ်ခုလုံး ရပ်တန့်သွာေးအာင် လေဆိပ်ကိုသိမ်းပိုက်တာဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြသတာနဲ့ တစ်ခြားစီဖြစ်ပါတယ်။ အာရှလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကတော့ ဒါဟာဒီမိုကရေစီအခွင့်အရေးတွေကို အလွဲသုံးစားလုပ်နေတာဖြစ်တယ်။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ၁၉၉၂ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုနဲ့ အဲဒီလှုပ်ရှားမှုရဲ့ အကျိုးဆက် အဖြစ်ပေါ်ပေါက်လာတဲ့ ၁၉၉၇ အခြေခံဥပဒေက ပေးထားတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ပြန်ပြီးရုပ်သိမ်းချင်တဲ့ အင်မတန်မှ သြဇာကြီးမားတဲ့ အုပ်စုတွေ ပါဝင်နေတယ်လို့ပြောတယ်။ ဒါ့အပြင် ဒီလိုဖြစ်နေတာကို တားဆီးနိုင်ဖို့အတွက် နိုင်ငံတကာမိသားစုက ကြိုးစားဖို့လိုတယ်လို့လဲတိုက်တွန်းခဲ့တယ်။

တကယ်တော့ အခုအာဏာရထားတဲ့ People Power Party ဟာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာရွေး ကောက်ပွဲမှာ အမတ်အများစုအနိုင်ရပြီး အစိုးရဖွဲ့ထားတဲ့ပါတီဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် သက်ဆင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအရှိန်ရလာပြီးနောက် စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီး သက်ဆင်ကို ဖယ်ရှားခဲ့ပါတယ်။ နောက်တော့ ၉၇ အခြေခံဥပဒေကို ၂၀၀၇ ဥပဒေနဲ့အစားထိုးပြီး ရွေးကောက်ပွဲအသစ်လုပ်တယ်။ သက်ဆင်နဲ့ သူ့ရဲ့ ထိုင်းရတ်သ်ထိုင်းပါတီခေါင်းဆောင်အချို့ကို နိုင်ငံ ရေးလုပ်ခွင့်ပိတ်ပင်ခဲ့ပြီး ထိုင်းရတ်သ်ထိုင်းပါတီကိုလဲ ဖျက်သိမ်းခဲ့တယ်။ ဒါပေမယ့် သက်ဆင်ပါတီ ၀င်ဟောင်းတွေနဲ့ဖွဲ့ထားတဲ့ People Power Party ပဲ ပြန်အနိုင်ရတော့ ထပ်ပြီးဖယ်ရှားဖို့အတွက် PAD အဖွဲ့က ဆက်ပြီးလုပ်ဆောင်လာတာကစပြီး အခုလို အကျပ်အတည်းတွေဆက်ဖြစ်လာတာပါ။ သက်ဆင်ကို ဆန့်ကျင်သူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ အနိုင်ယူဖို့မကြိုးစားဘဲ အခုလို ဥပဒေပြင်ပနည်းလမ်းတွေနဲ့အကျပ်ကိုင်လုပ်ဆောင်တာဟာ ထိုင်းဒီမိုကရေစီစနစ်အတွက် အင်မတန် အန္တရာယ်ကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၁၉၉၇ ခုအခြေခံဥပဒေမပေါ်မီအထိ ထိုင်းနိုင်ငံရေးဟာ ဘုရင်မိသား စု၊ စစ်တပ်နဲ့ ဘန်ကောက်အခြေစိုက် စီးပွားရေး၊ နိုင်ငံရေးသမားတစ်စုက ချုပ်ကိုင်ထားတာပါ။ အခုလို ထိုင်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဆက်တိုက်ဖြစ်လာတာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်ကတော့ အောက်ပါအချက်များကြောင့်ဖြစ်တယ်လို့အခုလို ကောက်ချက်ချထားပါ တယ်-

တစ်။ ဒီလုပ်ရပ်တွေဟာ ထိုင်းနိုင်ငံကို စစ်ဗျူရိုကရေစီအစိုးရအဆက်ဆက်နဲ့ အုပ်ချုပ်အောင် တွန်းပို့ခဲ့တဲ့ လက်ယာစွန်းဝါဒီတွေရဲ့လှုပ်ရှားမှုဖြစ်တယ်။ ဒီလှုပ်ရှားမှုတွေကြောင့် ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ် တုံး ကရရှိခဲ့တဲ့ ဒီမိုကရေစီအခွင့်အရေးတွေပြန်ဆုံးရှုံးသွားနိုင်တယ်။

နှစ်။ ကိုယ်ကိုကိုယ်ခုခံကာကွယ်မှုနဲ့ နိုင်ငံအကျိုးစီးပွားကို ကာကွယ်မှုဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေဟာ ထိုင်းလူ့အဖွဲ့အစည်းတွင်းမှာ မတည်ငြိမ်မှုတွေနဲ့ မလုံခြုံမှုတွေဖြစ်စေတယ်။ ဖောက်ပြန်တဲ့လူ့မလိုင်အသိုင်းအ၀န်းဟာ ဒီအခြေအနေတွေကိုသုံးပြီး ထိုင်းနိုင်ငံ ကို ၁၉၈၀ ပြည့်လွန်နှစ်များဆီက တစ်ဝတ်တပျက် ရွေးချယ်ခံ အစိုးရများနဲ့အုပ်ချုပ်တဲ့ အခြေအနေကို ပြန်ရောက်အောင်လုပ်နေတယ်။

သုံး။ လူနည်းစုက အများပြည်သူဆိုင်ရာအဆောက်အအုံတွေကို သိမ်းပိုက်ပြီး အစိုးရပြုတ်ကျ အောင်လုပ်နေတာဟာ ထိုင်းပြည်သူအများစုက နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာ ပြောရေး ဆိုပိုင်ခွင့် ဆုံးရှုံးအောင်လုပ်နေတာဖြစ်တယ်။

ထိုင်းနိုင်ငံရေးကို အကဲခတ်သူများကတော့ အခုလို ဥပဒေကိုချိုးဖောက်ပြီး အများပြည်သူ ဆိုင်ရာအဆောက်အအုံတွေကို သိမ်းပိုက်ထားသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ကိုင်တွယ်ဖို့ပျက်ကွက်နေတာဟာ ဘုရင့်မိသားစုရဲ့ ကြားဝင်မှုကြောင့်ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ထိုင်းဘုရင့်မိသားစုနဲ့ ဘုရင့်အကြံပေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ပရမ်တို့က သက်ဆင်အနေနဲ့ ထိုင်းနိုင်ငံရေးဗဟိုချက်ကို ဘန်ကောက်ကနေ ကျေးလက်ဒေသတွေကို ရွှေ့တာ၊ ကျေးလက်မဲဆန္ဒရှင်တွေကို တိုက်ရိုက်ချဉ်းကပ်ခဲ့တာတွေအပေါ် မကြိုက်ဘူးဆိုတာ လူတိုင်းသိနေတဲ့ လျှိ့ဝှက်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုဖြစ်ရပ်ကို Royalist နဲ့ Populist တွေကြားအားပြိုင်မှု အဖြစ် ကောက်ယူကြပါတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံရေးသဘောကွဲလွဲမှုတွေကို ဒီမိုကရေစီနည်းကျမဖြေရှင်းဘူး၊ ရွေးကောက်ပွဲနဲ့ ပြည်သူ့အဆုံးအဖြတ်ကို မယူဘူးဆိုရင်တော့ ထိုင်းနိုင်ငံဟာ ၁၉၉၂ ဒီမိုကရေစီ လှုပ်ရှားမှုက ရရှိခဲ့တဲ့ အောင်မြင်မှုများကို ပြန်လည်ဆုံးရှုံးရမယ့်အခြေအနေမှာရှိတယ်လို့သာဆိုချင်ပါတယ်။

Posted by ပိတောက်မြေ

မရေရာတဲ့ပါကစ္စတန်ရှေ့ရေး

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီကြေကွဲဖွယ်ရာအဖြစ်ကြောင့်လည်း လာမယ့် ဇန်န၀ါရီလဆန်းမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေရဲ့အနာဂတ် မရေမရာဖြစ်နေရပါပြီ။ ဒါဆိုရင် ပါကစ္စတန် နိုင်ငံမှာ အရပ်သားအစိုးရ ပြန်ပေါ်ပေါက်ရေးဆိုတဲ့ အခြေအနေကလည်း ဘယ်သောင်ဘယ်ကမ်း ဆိုက်မယ် မသိနိုင်ဖြစ်နေဦးမှာပါ။

တကယ်တော့ ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနဲ့ အတူတူလွတ်လပ်ရေးရခဲ့တာပါ။ အိန္ဒိယ နိုင်ငံကို အုပ်ချုပ်နေတဲ့ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးစနစ်၊ ကိုလိုနီစစ်တပ် ၊ ပါလီမန်ဒီမိုကရေစီပုံစံ အားလုံးကို အမွေခွဲယူခဲ့တာပါ။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ ကွဲကြ၊ ပြဲကြ၊ ဆော်ကြ၊ နှက်ကြတာတွေ ရှိနေပေမယ့် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင်ကျင့်သုံးနိုင်ခဲ့တယ်။ အိန္ဒိယ ဒီမိုကရေစီစနစ်မှာ စွမ်းဆောင်ရည်မပြည့်မှုတွေ၊ အချိုးမကျမှုတွေရှိနေပေမယ့် နိုင်ငံရေးပါတီများကရော၊ စစ်တပ်ကပါ ဒီမိုကရေစီကို စွဲစွဲမြဲမြဲ ကျင့်သုံးနေဆဲဖြစ်တယ်။ ဒါပေမယ့် ပါကစ္စတန်မှာတော့ အိန္ဒိယနိုင်ငံနဲ့ ပြောင်းပြန်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဘာ့ကြောင့်လဲ။

ပါကစ္စတန်နိုင်ငံက ၁၉၄၇ မှာ လွတ်လပ်ရေးရတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီး အနှစ် ခြောက်ဆယ်မှာ အရပ်သားအစိုးရအုပ်ချုပ်တာက ၂၅ နှစ်၊ စစ်တပ်က အုပ်ချုပ်တာက ၃၅ နှစ် ရှိခဲ့ပါတယ်။ နောက်ပြီး အရပ်သားအစိုးရအုပ်ချုပ်တဲ့ကာလတွေမှာလည်း ပြဿနာပေါင်းစုံနဲ့ ရှုပ်ထွေးပွေလီနေခဲ့တာ ကို တွေ့ရပါတယ်။

လွတ်လပ်ရေးရပြီး ဆယ်နှစ်မှာ ပါကစ္စတန်နိုင်ငံရေးမှာ ဘယ်ပါတီကမှ ကြီးစိုးနိုင်ခြင်း မရှိခဲ့ဘူး။ ဆယ်နှစ်အတွင်းမှာ အစိုးရ ၇ ဖွဲ့ပြောင်းခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ကျတော့ အလီဘူတိုရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ ppp ဟာ ပါကစ္စတန်နိုင်ငံရေးလောကမှာ အဓိကဇာတ်ဆောင် အဖြစ်နဲ့ ပေါ်လာပါတယ်။ လက်ဝဲယိမ်းဘူတိုဟာ လူလတ်တန်းစားတွေ၊ အခြေခံလူတန်းစားတွေရဲ့ ထောက်ခံမှုနဲ့ ငါးနှစ်ကျော် ပြိုင်ဖက်မရှိ အုပ်ချုပ်နိုင်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ဆိုရှယ်လစ်ပုံစံ စီးပွားရေးစနစ်က မြေရှင်တွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ ကုန်သည်ကြီးတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်တာရယ်၊ ဘူတိုကိုယ်တိုင်ကလည်း တစ်ပါတီအာဏာရှင်စနစ်လို ဦးတည်လုပ်လာတာတွေရယ်ကြောင့် ၁၉၇၇ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီး ဖြုတ်ချတာ ခံလိုက်ရပါတယ်။

၁၉၈၈ မှာ ဗိုလ်ချုပ်ကြီးဇီယာအူလ်ဟတ်ခ် လေယာဉ်ပျက်သေဆုံးတော့ အရပ်သားအစိုးရ ပြန်တက်လာပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ppp ပါတီကို အလီဘူတိုရဲ့ သမီး ဘန်နာဇီယာဘူတိုက ခေါင်းဆောင်ပြီး အစိုးရဖွဲ့ခဲ့ပါတယ်။ ဒါပေမယ့် အရင်လို တစ်ကောင်တည်းပြေးတဲ့ မြင်းမဟုတ် တော့ဘဲ ပြိုင်ဘက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ စက်မှုလုပ်ငန်းရှင် န၀ပ်ရှာရစ်ဖ်ရဲ့ မူဆလင် အဖွဲ့ချုပ်ပါ။ န၀ပ်ရှာရစ်ဖ်ရဲ့ ပါတီကို စက်မှုလုပ်ငန်းရှင်၊ မြေရှင်တွေနဲ့ ဘာသာရေးအဖွဲ့တွေက ထောက်ခံပါတယ်။

နောက်ပြီး ဒီပါတီနှစ်ခုက အခြေခံတဲ့ လူတန်းစားမတူသလို အခြေခံဒေသလည်းမတူပါဘူး၊ ဘန်နာဇီယာဘူတိုက ဆင်းပြည်နယ်ကို အခြေခံပါတယ်။ န၀ပ်ရှာရစ်ဖ်က ပန်ဂျပ်ပြည်နယ်ကို အခြေခံပါတယ်။ ပါကစ္စတန် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍအားလုံးမှာ ဒီပြည်နယ် နှစ်ခုက ပြည်နယ်သားတွေပဲ ချုပ်ကိုင်ထားတာဆိုတော့ ဒီပါတီနှစ်ခုရဲ့ ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်ခဲ့ပါတယ်။ ဥပဒေတွင်းကရော၊ ဥပဒေပြင်ပကပါ နည်းလမ်းမျိုးစုံနဲ့ ယှဉ်ပြိုင်ကြ၊ ထိုးနှက်တိုက်ခိုက်ကြတာပါ။

ဒါ့ကြောင့်လည်း ၁၉၈၈ ကနေ ၁၉၉၉ ဆယ်နှစ်အတွင်းမှာ ၁၉၈၈ - ၁၉၉၀ ဘူတိုအစိုးရ၊ ၁၉၉၀ - ၁၉၉၃ န၀ပ်ရှာရစ်ဖ်၊ ၁၉၉၃ - ၁၉၉၆ ဘူတို၊ ၁၉၉၆ - ၁၉၉၉ န၀ပ်ရှာရစ်ဖ်ဆိုပြီး အပြန်အလှန်အာဏာရခဲ့တာကို တွေ့ရမှာပါ။ ဒီနေရာမှာ ထူးခြားတာက သူတို့အစိုးရအပြောင်း အလဲတွေက သက်တမ်းစေ့လို့ ရွေးကောက်ပွဲနဲ့ အဆုံးအဖြတ်ယူလုပ်ခဲ့တာမဟုတ်ပါ။ ၁၉၉၀၊ ၁၉၉၆ ခုနှစ်တွေမှာ ဘန်နဇီယာဘူတို အစိုးရကို အဂတိလိုက်စားမှု၊ နိုင်ငံရေးအကြမ်းဖက်မှုတွေနဲ့ သမ္မတက ရာထူးက ဖယ်ရှားပစ်ပြီး ရွေးကောက်ပွဲအသစ်ပြန်လုပ်ခဲ့တာဖြစ်သလို ၁၉၉၃ ခုနှစ်မှာလည်း န၀ပ်ရှာရစ်ဖ်ကို သူပိုင်စက်မှုလုပ်ငန်း တွေအတွက် အစိုးရအာဏာကို အလွဲသုံးစား လုပ်တယ်ဆိုပြီး သမ္မတက ဖယ်ရှားပစ်ခဲ့တာပါ။ ၁၉၉၉ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်က န၀ပ်ရှာရစ်ဖ်ကို အဂတိလိုက်စားမှု၊ အကျင့်ပျက်မှုတွေနဲ့ပဲ စွတ်စွဲပြီး ဖြုတ်ချခဲ့တယ်။

ပါကစ္စတန်နိုင်ငံရေးမှာ အခုလို စစ်တပ်က မကြာခဏအာဏာသိမ်းနေခဲ့တာရဲ့အကြောင်း အရင်းကို ပြန်စစ်ကြည့်ရင် နိုင်ငံရေးသမားတွေကနေ စစ်တပ်ကို အသုံးချဖို့ကြိုးစားတာက အကြောင်းရင်းခံ တစ်ချက်လို့ဆိုနိုင်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ သမ္မတမီရာဇာနဲ့ နိုင်ငံရေး ပါတီတွေအကြား အစိုးရဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အငြင်းပွားကြတော့ သမ္မတက ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အယွတ်ခန်ရဲ့ အကူအညီနဲ့ မာရှယ်လောကြေညာပြီး လွှတ်တော်ကို ဖျက်သိမ်းခဲ့ကာ အယွတ်ခန်ကို စစ်အုပ်ချုပ်ရေးမှူးခန့်ခဲ့ပါတယ်။ နောက်တော့ သမ္မတကိုယ်တိုင် ရာထူးကအထုတ်ခံခဲ့ရပါတယ်။

၁၉၈၈ - ၉၉ အကြား ဘူတိုနဲ့ န၀ပ်ရှာရစ်ဖ်ကြား အားပြိုင်တုံးကလည်း ၀န်ကြီးချုပ်တွေကို သမ္မတ ဖယ်ရှားဖို့လုပ်တိုင်း စစ်တပ်က သမ္မတလုပ်ရပ်ကို ထောက်ခံဖို့ ပြိုင်ဖက်ပါတီက အမြဲ တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။ ဘူတိုကို ဖယ်ရှားချိန်မှာ န၀ပ်ရှာရစ်ဖ်က စစ်တပ်ဝင်ပါတာကို ကြိုဆိုခဲ့သလို န၀ပ်ရှာရစ်ဖ်ကို ဖြုတ်ချတော့လည်း ဘူတိုက အလားတူထောက်ခံခဲ့ပြီး သူတို့အကွဲ အပြဲကြားမှာ စစ်တပ်ကို ဆွဲထည့်ပြီးးစည်းရုံးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ခါ ပါတီတွေအာဏာလုပွဲမှာ နေရာရလာတာကတော့ အစ္စလာမ်စစ်သွေးကြွတွေ ပါဘဲ။ အာဖဂန်မှာရှိတဲ့ ဆိုဗီယက်တပ်တွေကို တိုက်ခိုက်ဖို့အတွက် မူဂျာဟစ်ဒင်တွေကို ပါကစ္စတန်မှာ လေ့ကျင့်ပေးဖို့ဆိုတဲ့အစီအစဉ်ကို အမေရိကန်က စခဲ့တာပါ။ အဲဒီအကျိုးဆက်အဖြစ် ပါကစ္စတန်မှာ စစ်သွေးကြွတွေ အားကောင်းလာခဲ့တာပါ။ နောင်မှာတော့ PPP လို ဘာသာရေးနဲ့ လူမှုရေးကို စည်းခြားထားချင်တဲ့ ပါတီကတောင် မူဆလင်အဖွဲ့ချုပ်နဲ့အပြိုင် အစ္စလာမ်အစွန်း ရောက်ဝါဒီတွေကို အပြိုင်အဆိုင်စည်းရုံးလာခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ပါကစ္စတန်နိုင်ငံထဲမှာ တာလီဘန် အခြေခံစခန်းတွေထားတာ၊ အစ္စလာမ် ကျမ်းစာသင်ကျောင်းတွေက မူဂျာဟစ်ဒင်တွေ အတွက် လူသစ်စုတဲ့နေရာ ဖြစ်လာတာတွေကို လျစ်လျူရှုထားခဲ့သလို ကက်ရှ်မီးယားက အစ္စလမ် ၀ါဒီပြောက်ကျားတွေကိုလည်း အပြိုင်အဆိုင်အားပေးခဲ့ကြတာကို တွေ့နိုင်ပါတယ်။ အခု အဲဒီ စစ်သွေးကြွတွေကပဲ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်မှုတိုက်ခိုက်မှုတွေ ပြန်လုပ်လာနေသလို နိုင်ငံရေးမှာလည်း အစ္စလမ်ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုက အဓိကအခန်းကို ရောက်နေပါပြီ။ ပါကစ္စတန်ဒီမိုကရေစီအတွက် ရင်လေးစရာပါ။

အဲဒီတော့ ပါကစ္စတန်နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးကို ပြန်ကြည့်လိုက်ရင် နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီမိုကရေစီနည်းကျ လွှတ်တော်အတွင်းမှာ ယှဉ်ပြိုင်တာမဟုတ်ဘဲ ဒီမိုကရေစီမကျတဲ့ နည်းလမ်းတွေနဲ့ အာဏာရရင် ပြီးရောလုပ်ခဲ့တာကြောင့် ပါကစ္စတန်နိုင်ငံရေးမှာ နိုင်ငံရေး အင်အားစုမဟုတ်တဲ့ စစ်တပ်နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက အဓိကနေရာကို ရောက်လာရတာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

ဒါ့အပြင် အဓိကနိုင်ငံရေးပါတီကြီးနှစ်ခုကလည်း ပြည်သူတွေကို ဒေသစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ တွေနဲ့ မဲပေးအောင် လုပ်လာကြောင့် နိုင်ငံရဲ့ Democratic Institution တွေ အားနည်းလာစေတာ ကိုလည်း တွေ့ရပြန်ပါတယ်။ ဒီပို့စ်ရေးနေတုံးပဲ ဘန်နဇီယာဘူတိုရဲ့ သား ၁၉ နှစ်အရွယ် Bilawal ကို PPP ဥက္ကဌ အဖြစ်ရွေးလိုက်တာ ကြားလိုက်ရပါတယ်။ ဒါကိုထောက်ခြင်းအားဖြင့် PPP ပါတီအနေနဲ့ ပါတီတွင်းမှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်သစ်တွေမွေးထုတ်ရမယ့်အစား ဘူတို မျိုးဆက်တွေကိုပဲ အရိပ်ခိုပြီး ရှေ့ခရီးဆက်မယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီအတိုင်းဆိုရင်တော့ ပါကစ္စတန်နိုင်ငံရေးဟာ ဘူတို၊ န၀ပ်ရှာရစ်၊ စစ်တပ်နဲ့ စစ်သွေးကြွတွေကြားမှာပဲ သံသရာလည် နေဦးမယ်ဆိုတာ သေချာနေပါပြီ။ ပါကစ္စတန်လိုအဖြစ်မျိုးဟာ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများမှာ ဖြစ်နေခဲ့၊ ဖြစ်နေဆဲမို့ ကျွန်တော်တို့အတွက်လည်း လေ့လာသင့်တဲ့သင်ခန်းစာ ဖြစ်ကြောင်းဝေမျှ လိုက်ရပါတယ်။