Showing posts with label နျူးကလီးယား. Show all posts
Showing posts with label နျူးကလီးယား. Show all posts

Wednesday, June 23, 2010

ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး

ဦးအောင်ခင် / ၀၈ ဖေဖော်ဝါရီ ၂၀၁၀


၂၀၀၆ မှာ အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲခဲ့တဲ့ မြောက်ကိုရီးယားက ကင်ဂျုံအီးအစိုးရနဲ့ ကြပ်ပြေးနအဖဟာ အသွင်တူကြတယ်။ အာဏာရှင်အစိုးရဖြစ်လို့ အတိုက်အခံမှန်သမျှကို အပြတ်ရှင်းပစ်တယ်။ ဆင်းရဲမွဲတေတဲ့ တိုင်းသူပြည်သားကို ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်တာကို မရရအောင် အတင်းလုပ်တဲ့နေရာမှာလည်း အသွင်တူကြတယ်။ ငတ်သေတဲ့ မြောက်ကိုရီးယားနိုင်ငံသား (၃) သန်းလောက်ရှိနေပြီ။ လူဦးရေ (၂၂) သန်းမှာ (၆) သန်းဟာ နိုင်ငံခြားထောက်ပံ့တဲ့ ရိက္ခာကို မှီခိုနေရတယ်ဆိုပဲ။ ဆန်ပေါတဲ့ မြန်မာပြည်မှာ ငတ်သေတဲ့ သတင်းတော့ မကြားရသေးဘူး။ နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်မှာခိုလှုံတဲ့ ကိုရီးယားတွေ အများကြီး ရှိပေမယ့် မြန်မာပြည်မှ ထွက်ပြေးသူက ပိုများတယ်။ လျှပ်စစ်ဓာတ်အားမရလို့ စက်ရုံတွေ မလည်ပတ်နိုင်သလို ဆေးရုံတွေမှာ ဆေးမရှိလို့ မကုပေးနိုင်တာလည်းတူတယ်။

မြန်မာပြည်သားတွေ ဆင်းရဲမွဲတေနေပေမယ့် နအဖစစ်အုပ်စုဟာ ပျဉ်းမနားကြပ်ပြေးမှာ မြို့တော်တည်ဆောက်ပြီး ရာသက်ပန် စည်းစိမ်ခံဖို့ နည်းမျိုးစုံကြိုးပမ်းနေတယ်။ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပါကစ္စတန်ဟာ တရုတ်ရဲ့ အမှုသည်နိုင်ငံတွေပဲ။ အမှုသည် (၃) ဦးထဲမှာ (၂) ဦးဟာ အဏုမြူလက်နက်ပိုက်ရှင် ဖြစ်သွားပါပြီ။ စစ်အာဏာရှင်ကြီးစိုးတဲ့ ပါကစ္စတန်ဟာ အဏုမြူလက်နက်ရှိလို့ ကမ္ဘာမှာ သိက္ခာတက်လာပြီး အင်အားကြီးနိုင်ငံတွေက လေးစားလာတာလို့ ကင်ဂျုံအီးအုပ်စုက ယူဆပုံရတယ်။ အပယ်ခံဖြစ်နေတဲ့ မြန်မာစစ်အုပ်စုကလည်း မြောက်ကိုရီးယားနဲ့ ပါကစ္စတန်ကို အားကျနိုင်တယ်။ စီးပွားပျက်နေတဲ့ မြောက်ကိုရီးယားဟာ အဏုမြူအတတ်ပညာကို ဈေးပေါပေါနဲ့ ရောင်းစားနိုင်တယ်။ ဒုံးပျံအတတ်ပညာ ရောင်းစားရာမှာ နာမည်ကြီးတဲ့ မြောက်ကိုရီးယားဟာ ရှိသမျှလက်နက်ပစ္စည်းကို ရောင်းစားဖို့ ၀န်လေးမှာမဟုတ်ပါ။ ရုရှ၊ တရုတ်နဲ့ ပုံစံတူတဲ့ မြောက်ကိုရီးယားလက်နက်ကို မြန်မာစစ်တပ်က သုံးနေတာကြာပါပြီ။

နောက်ပြီးတော့ (၁၀) မီဂါဝပ်ရှိတဲ့ အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြပ်ပြေးအုပ်စုက ကြိုးပမ်းနေတယ်။ ဒီကိစ္စမှာ ရုရှအကူအညီသာမကဘဲ မြောက်ကိုရီးယားအကူအညီကိုလည်း ရယူနေတယ်လို့ သတင်းထွက်နေတာ ကြာပြီ။ (၁၀) မီဂါဝပ် ဓာတ်ပေါင်းဖိုဟာ အဏုမြူလက်နက် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ plutonium ကို ထုတ်လုပ်နိုင်တာမို့ ရေရှည်မှာ အဏုမြူလက်နက် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဒီအတောအတွင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ အရာရှိ (၁၆) ဦး ပါဝင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားစစ်ဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၀၈ နိုဝင်ဘာ (၂၂) ရက်က (၂၉) ရက်အထိ ပြုံယမ်းမှာ လေ့လာခဲ့တယ်။

အဲဒီနောက်ပိုင်းမှာ တူးထားတဲ့ လှိုဏ်ခေါင်းဓာတ်ပုံတွေ၊ ဂြိုဟ်တုက ရိုက်ထားတဲ့ မြေပုံတွေ ထွက်လာလို့ ကြပ်ပြေးအုပ်စုမှာ အဏုမြူပစ္စည်းရှိတယ်လို့ သင်္ကာမကင်းဖြစ်လာကြတယ်။ ကင်ဂျုံအီးအုပ်စုကို ဆရာတင်မလို့ ဟန်ပြင်နေတုန်း မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း၊ အဏုမြူပစ္စည်းတွေ အရောင်းအ၀ယ်မလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးကို လုံခြုံရေးကောင်စီက ညွှန်ကြားတဲ့ ဆုံးဖြတ်ချက် အမှတ် (၁၈၇၄) ကို ၂၀၀၉ မှာ ချမှတ်လိုက်တော့ ကြပ်ပြေးအုပ်စု အခက်တွေ့သွားတာပေါ့။ ဒါကြောင့် လက်နက်ပစ္စည်းတင်ထားတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီး မြန်မာပြည်ဘက် ဦးတည်သွားပြီးကာမှ အမေရိကန်ဖျက်သင်္ဘောက စောင့်ကြည့်နေလို့ မြောက်ကိုရီးယားကို ပြန်သွားရတယ်။

အခုတော့ မီဒီယာတွေမှာဖော်ပြတဲ့ ကြပ်ပြေးအဏုမြူသတင်းတွေဟာ မခိုင်လုံဘူးလို့ ၀ါရှင်တန်အခြေစိုက် သိပ္ပံနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံမှုလေ့လာရေးဌာန (ISIS-Institute of Science and International Security) ဇန်န၀ါရီ (၂၈) ရက်ထုတ် စာတမ်းမှာ ကျွမ်းကျင်သူ (၄) ဦးက ရေးသားဖော်ပြတယ်။ ဒါပေမယ့် ကြပ်ပြေးအုပ်စု ၀ယ်ယူနေတဲ့ အဆင့်မြင့် အတတ်ပညာသုံး ပစ္စည်းတွေကိုကြည့်ရင် သင်္ကာမကင်းဖြစ်တာ မဆန်းဘူးလို့ ဆိုတယ်။ အဏုမြူဓာတ်ပေါင်းဖို မတည်ဆောက်ရသေးဘူးလို့ ဗီယင်နာမြို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအားအေဂျင်စီ (IAEA) ညီလာခံတက်တဲ့ ကြပ်ပြေးကိုယ်စားလှယ် ဦးတင်ဝင်းက ၂၀၀၉ စက်တင်ဘာက ပြောသွားတယ်။ အမေရိကန်ဆီးနိတ် လွှတ်တော်အမတ် Jim Webb ၂၀၀၉ သြဂုတ်လ မြန်မာပြည်သွားတုန်းကလည်း အဏုမြူလက်နက်ထုတ်လုပ်ဖို့ မရည်ရွယ်ကြောင်း မြန်မာစစ်အစိုးရက ပြောတယ်တဲ့။

ဒါပေမယ့် ကြပ်ပြေးအုပ်စုဟာ မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူနေတဲ့အတွက် ဒီအထဲမှာ အဏုမြူစွမ်းအား ထုတ်လုပ်မှုနဲ့ပတ်သက်နေတဲ့ပစ္စည်းများ ပါနေသလားဆိုပြီး သံသယဖြစ်ကြတယ်။ လုံခြုံရေးကောင်စီက မဆက်ဆံဖို့ ပိတ်ပင် ထားတဲ့ မြောက်ကိုရီးယား နမ်ချုံဂိုဏ်းကုမ္ပဏီ (Namchongang) နဲ့ ကြပ်ပြေးတွေ အဆက်အသွယ်ရှိနေတာဟာလည်း မသင်္ကာစရာပါပဲ။ ဆီးရီးယားရဲ့ အဏုမြူဓာတ်ပေါင်းဖို လျှို့ဝှက်တည်ဆောက်ရာမှာ နမ်ချုံဂိုဏ်းကုမ္ပဏီဟာ အဓိကအခန်းက ပါဝင်ခဲ့တာမို့ နေရာတကာမှာ လျှို့ဝှက်တတ်တဲ့ ကြပ်ပြေးအုပ်စုကို မသင်္ကာကြတာပါပဲ။

အဏုမြူလက်နက်ဆောင်ထားဖို့ မရည်ရွယ်ဘူးလို့ ပြောတဲ့ ကြပ်ပြေးအုပ်စုဟာ ခေတ်မီအဆင့်မြင့် သိပ္ပနဲ့ အင်ဂျင်နီယာဆိုင်ရာ ပစ္စည်းတွေကို ၀ယ်ယူစုဆောင်းနေတာ တွေ့ရတယ်တဲ့။ ဒါပေမယ့် ကြပ်ပြေးအစိုးရဟာ တဦးတည်း အဏုမြူစီမံကိန်းကို အကောင်အထည် မဖော်နိုင်ပါဘူး။ လိုအပ်တဲ့ အဏုမြူအတတ်ပညာ၊ ပစ္စည်းကိရိယာနဲ့ အခြေခံအဆောက်အအုံအားလုံး နိုင်ငံခြားကို မှီခိုနေရပါတယ်။ ဒါကြောင့် အဆင့်မြင့်ပစ္စည်းတွေ ၀ယ်ယူတာဟာ မြောက်ကိုရီးယားအတွက်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။ ဥပမာ ဂျပန်အစိုးရခွင့်ပြုချက်ရယူဖို့ လိုအပ်တဲ့ Magnetometer ကို ခွင့်ပြုချက်မယူဘဲ မြန်မာပြည်ကို တင်ပို့ဖို့ ကြိုးစားတဲ့ ဂျပန် (၂) ဦးနဲ့ မြောက်ကိုရီးယား (၁) ဦး ၂၀၀၉ ဇွန်လ ဂျပန်မှာ အဖမ်းခံရတယ်။ ဒီစက်ပစ္စည်းဟာ ရှေးဟောင်းသုတေသနလုပ်ငန်းနဲ့ ဘူမိရူပလုပ်ငန်းတွေမှာ အသုံးပြုနိုင်သလို ဒုံးလက်နက် ပစ်ခတ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ကြောင်း သိရတယ်။ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံသားကို ဆိုင်းငံ့ထောင်ဒဏ် (၂) နှစ်နဲ့ ဒေါ်လာ (၆၇,၀၀၀) ဒဏ်ရိုက်တယ်။ အဏုမြူလက်နက်နဲ့ပတ်သက်တဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေ တင်ပို့ဖို့ ကြိုးပမ်းတာပဲလို့ တရားသူကြီးက စီရင်ချက်ချတယ်။

ဒီလိုအရပ်ဘက်ရော စစ်ဘက်ပါသုံးလို့ရတဲ့ အဆင့်မြင့်စက်ပစ္စည်းတွေကို မြန်မာအစိုးရ သိပ္ပံနဲ့ အတတ်ပညာဝန်ကြီးဌာနရဲ့ လက်အောက်ခံဌာနတခုက ဂျာမဏီနဲ့ ဆွစ်ဇာလန်မှာ ၀ယ်ယူနေတယ်။ ဒီဌာနကို ခေါင်းဆောင်သူဟာ နအဖအဏုမြူ စွမ်းအင်ဌာနရဲ့ အကြီးအကဲ ဒေါက်တာ ကိုကိုဦးဆိုသူဖြစ်တယ်။ ဒီဌာန (၂) ခုစလုံး ကြပ်ပြေးကို ပြောင်းသွားပြီ။ မြန်မာပြည်လို အဆင့်နိမ့်လွန်းတဲ့ နိုင်ငံတခုက အဆင့်မြင့်အတတ်ပညာသုံး အဖိုးတန်ပစ္စည်းတွေကို ဈေးကြီးပေးပြီး ၀ယ်ယူနေတာ ဘာသဘောလဲလို့ မေးစရာရှိလာတယ်။ ဒါကြောင့် ကင်ဂျုံအီးတို့လိုချင်တဲ့ အဆင့်မြင့်အတတ်ပညာ ပစ္စည်းတွေကို ကြပ်ပြေးအုပ်စုက ဥရောပမှာ ၀ယ်ယူနေတာလည်း ဖြစ်နိုင်တယ်လို့ သင်္ကာမကင်းဖြစ်လာကြတာပါပဲ။

ISIS လေ့လာရေးဌာနက ၀ါရင့်သုတေသီ (၄) ဦးရဲ့ အစီရင်ခံစာမှာ အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်တဲ့အဆင့်ကို ရောက်နေပြီဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ဆိုတယ်။ ၀ယ်ယူထားတဲ့ ပစ္စည်းတွေဟာ အမျိုးမျိုးသုံးလို့ရတဲ့အတွက် အဏုမြူစီမံကိန်းအတွက်လား လျှို့ဝှက်ဒုံးလက်နက်စနစ်အတွက်လားဆိုတာ ကံသေကံမ မပြောနိုင်သေးဘူးလို့ ဆိုတယ်။ ကြပ်ပြေးသန်းရွှေက အဏုမြူဂျုံအီးကို ကူညီနေတာလား ဒါမှမဟုတ်လည်း ဂျုံအီးက သန်းရွှေကို ကူညီနေတာလား ဆိုတာကိုလည်း မသိနိုင်ဘူးလို့ဆိုတယ်။

ဒါကြောင့်မို့ တရုတ်ရော ရုရှပါ ထောက်ခံသဘောတူထားတဲ့ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၈၇၄) ကို ကျပ်ကျပ်တင်းတင်း အကောင်အထည်ဖော်တဲ့နည်းနဲ့သာ ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီးတို့ရဲ့ ဆက်ဆံရေးကို စောင့်ကြည့်ဖို့လိုအပ်ကြောင်း ၀ါရှင်တန်အခြေစိုက် ISIS လေ့လာရေးဌာနက အဏုမြူရေးရာ ၀ါရင့်သုတေသီ (၄) ဦးရဲ့ အစီရင်ခံစာမှာ နိဂုံးကမ္ပတ် အဆုံးသတ်ထားပါတယ်။

မြန်မာက နျူကလီးယားဗုံး ထုတ်လုပ်ရန် ကြံရွယ်နေဟု ကျွမ်းကျင်သူ ပြောကြား

အောင်ဆန်းမန်း (ဘာသာပြန်ဆောင်းပါး) / ၀၇ ဇွန် ၂၀၁၀


ဒီဗွီဘီ ရဲ့ (၅) နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများက မြန်မာနိုင်ငံရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖော်ထုတ်နိုင်လိုက်ပါပြီ။ စုံစမ်းထောက်လှမ်းတွေ့ရှိမှုများအတွက် အရေးပါသူတဦးကတော့ ဒုံးလက်နက်နှင့် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်းအစိတ်ပိုင်း နမူနာများကို ထုတ်လုပ်ရာမှာ တာဝန်ယူခဲ့သော၊ ဒုံးလက်နက်ကျွမ်းကျင်သူ မြန်မာစစ်အင်ဂျင်နီယာ ဗိုလ်မှူးစိုင်းသိန်းဝင်းပဲ ဖြစ်ပါတယ်။

ဒီဗွီဘီရဲ့ မြန်မာစစ်ရေး စီမံကိန်းများကို ထောက်လှမ်းစုံစမ်းနေမှုများကို သိရှိပြီးနောက်မှာ၊ ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ ဒီဗွီဘီကို ဆက်သွယ်လာပြီး အထောက်ထားစာရွက်စာတမ်းများ၊ ရောင်စုံဓာတ်ပုံများကို ပေးအပ်ခဲ့ပါတယ်။ ထိုအချက်အလက်များသည် မြန်မာစစ်တပ်ရဲ့ ဒုံးလက်နက် စီမံကိန်းများအတွက် ရုရှမှလေ့ကျင့်သင်ကြားပေးနေသော အထောက်ထားများသာမက၊ မြောက်ကိုရီးယား၏ ပါဝင်ဆက်နွှယ်မှုတို့ကိုပါ ဖော်ထုတ်ပေးနိုင်လိုက်ပါတယ်။

ထိုအချက်အလက် အထောက်ထားများအား ဒီဗွီဘီနှင့်အတူ ပူးပေါင်း၍ လပေါင်းများစွာ လေ့လာခဲ့သူကတော့ IAEA မှာ ဒါရိုက်တာအဖြစ်ထမ်းဆောင်ခဲ့သူ ဒေါက်တာ ရောဘတ်ကယ်လီပဲဖြစ်ပါတယ်။ ဒေါက်တာကယ်လီသည် ဤအထူးဆောင်းပါးတွင် မြန်မာစစ်အစိုးရ၏ နျူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော နည်းပညာနှင့် ယူနေရီယမ်ရှာဖွေထုတ်လုပ်နေမှုများအကြောင်း ရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှ အရေးပါသော သူတဦးဟာ အလွန်လျှို့ဝှက်လှသော နျူဆိုင်ရာ စီမံချက်များအကြောင်း ထုတ်ဖော်ဖို့ ပြည်တွင်းမှ ထွက်ခွာလာခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်အား ဒီဗွီဘီမှ အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့ပြီး၊ အချက်လက်များအား ကမ္ဘာကို ထုတ်ဖော်ဖွင့်ချလိုက်ပါပြီ။ ထိုအရေးပါသောပုဂ္ဂိုလ်မှာ မကြာသေးခင်အထိ ပြည်တွင်းမှာ ဗိုလ်မှူးရာထူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သော စိုင်းသိန်းဝင်းဖြစ်ပါတယ်။ သူဟာ မြန်မာစစ်အင်ဂျင်နီယာတဦးဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ဒုံးပျံနှင့် နျူကလီးယား စီမံကိန်းများအတွက် လိုအပ်သော စက်ပစ္စည်းအစိတ်ပိုင်းများထုတ်လုပ်ရာ အထူးစက်ရုံများတည်ဆောက်ခြင်း၊ ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ခေတ်မီစက်ကိရိယာများ ထားရှိရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့်တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။

ဗိုလ်မှူးစိုင်းဟာ သူနှင့်အတူ အဆိုပါစက်ရုံများတွင် တည်ဆောက်ထားသော စက်ပစ္စည်းများ၏ ရောင်စုံဓာတ်ပုံများ၊ စာရွက်စာတမ်း အထောက်အထားများအား ယူဆောင်လာခဲ့ပါတယ်။ ဒီဗွီဘီသည် ထိုအထောက်အထားများအား ကျွမ်းကျင်သူများကို ပြသကာ အသေးစိတ်စစ်ဆေးပြီး ကမ္ဘာအား ထုတ်ပြန်ကြေညာရန် စီစဉ်ခဲ့ပါတယ်။ အချို့သောကျွမ်းကျင်သူများဟာ လေ့လာတွေ့ရှိချက်များအပေါ်မှာ အတော်လေး ချိန်ချိန်ဆဆ ရှိကြပြီး အမျိုးမျိုးကောက်ချက်ချမှုများရှိကြသလို၊ အချို့ကတော့ ထိုအထောက်ထားများတွင်ပါဝင်သော ပစ္စည်းကိရိယာများဟာ နျူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုဖို့ဖြစ်တယ်ဆိုတဲ့ ကျွန်ုပ်တို့၏ ကောက်ချက်အား အပြည့်အ၀ သဘောတူချင်မှ တူပါလိမ့်မယ်။ မည်သို့ပင်ဆိုစေ ထိုကွဲပြားသော အမြင်များအား ကြိုဆိုပါတယ်။ တချိန်တည်းမှာ ထိုကွဲပြားသော အမြင်များအပေါ် အခြေခံထားသော ထပ်လောင်း စစ်ဆေးတွေ့ရှိချက်ဟာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်နေတယ်ဆိုသော ကျွန်ုပ်တို့၏ အမြင်အား ပိုမိုခိုင်မာအောင် အားဖြည့်ပေးပါလိမ့်မယ်။ ဒီဗွီဘီမှာ လျှို့ဝှက်စက်ရုံများ၏ ဓာတ်ပုံများ ရာချီရှိနေသလို၊ မရေမတွက်နိုင်အောင် များပြားလှသော အခြားအချက်လက်ရင်းမြစ်နှင့် အထောက်ထားများလည်း ရှိနေပါတယ်။ သို့ပေမယ့် ဗိုလ်မှူးစိုင်း ပေးအပ်လာတဲ့ အထောက်ထားများနှင့် ဆက်စပ်သော နောက်ကြောင်း အချက်လက်များကိုပဲ ဦးစားပေးဖော်ပြသွားပါမယ်။

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ အီရန်နိုင်ငံ၏ လျှို့ဝှက်နျူစီမံကိန်းများအကြောင်း အထောက်အထားများဟာ laptop documents များအနေဖြင့် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုအထောက်အထားများ၏ မူလရင်းမြစ်အား ရှင်းလင်းစွာ မသိရပေမယ့် ထိုကိစ္စသည် နိုင်ငံတကာတွင် အီရန်နိုင်ငံ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အကြီးကျယ် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ တဖက်တွင် ယခု ဗိုလ်မှူးစိုင်း ယူဆောင်လာသော အထောက်အထားနှင့် ဓာတ်ပုံများအရ အသုံးပြုထားသော စက်ပစ္စည်းများ မူလရင်းမြစ် ဘယ်ကလာသည်ဆိုမှာ ပေါ်လွင်သည့်အပြင်၊ အထောက်ထားများ ထွက်ပေါ်ရာ လမ်းကြောင်းကလည်း လုံးဝရှင်းလင်းလှပါတယ်။ ထိုအထောက်အထား အချက်လက်များအပေါ် နျူမပြန့်ပွားရေးလုပ်ဆောင်နေကြသော အဖွဲ့စည်များဟာ မည်သို့ရှုမြင်ကြမည်လဲဆိုသည်မှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ ဒီဗွီဘီမှ ရိုက်ကူးထုတ်လွှင့်သော မြန်မာစစ်အစိုးရ၏ အစုအပြုံလိုက်သေစေနိုင်သော လက်နက်များ ထုတ်လုပ်ရေး စီမံကိန်းမှတ်တမ်း ရုပ်ရှင်အား ကြည့်ရှုခဲ့ရပါတယ်။ ထိုမှတ်တမ်း ရုပ်ရှင်ပါ စက်ရုံများထဲမှာ စက်ရုံ (၂) ခုမှာ သူတာဝန်ထမ်းဆောင်နေခဲ့ပြီး၊ ကမ္ဘာကသိသင့်သော အချက်လက်များ ပိုမိုလိုအပ်နေတယ်ဆိုတာကို ခံစားလာမိပါတယ်။ ဒီလိုနဲ့ သူဘာတွေတွေ့မြင်ခဲ့တယ်၊ ဘာတွေလုပ်ဖို့ ခိုင်းစေခဲ့ခြင်းခံခဲ့ရတယ်ဆိုတာကို ဖွင့်ချဖို့ ထိုင်းနိုင်ငံဘက်ကို ထွက်ခွာလာခဲ့ပါတယ်။ သူပြောပြတာတွေဟာ အခြား သူ့အရင်လူများ ပြောကြားထားခဲ့သမျှကို ဖြည့်စွက်ပေးရာ ရောက်တဲ့အပြင်၊ စစ်အစိုးရ ဘာတွေ ဆောက်လုပ်စီမံနေတယ်ဆိုတာကို ပြသထားတဲ့ဓာတ်ပုံများနှင့် ပိုမိုခိုင်မာအောင် အားဖြည့်ထားပါတယ်။ ထို့အပြင် သူတက်ရောက်ခဲ့ဖူးသော အထူးသရုပ်ပြ သင်တန်းများအကြောင်းလည်း ပြောပြနိုင်သလို၊ နျူစီမံကိန်းနှင့်ပတ်သက်၍ သူတွေ့ဆုံခဲ့ဖူးသော သက်ဆိုင်သူများ၏ အမည်နာမများအားလည်း ပြောပြနိုင်ခဲ့ပါတယ်။

စိုင်းသိန်းဝင်းဟာ အစ္စရေးနိုင်ငံရဲ့ လျှို့ဝှက် နျူလက်နက် ထုတ်လုပ်မှု စီမံကိန်းများအကြောင်း ဖွင့်ဟပြောဆိုခဲ့သူ Negev သဲကန္တာရတွင်ရှိသော Dimona နျူစက်ရုံတွင် တာဝန်ထမ်းခဲ့သူ အစ္စရေး နည်းပညာရှင် Mordecai Vanunu အား ပြန်ပြောင်း အမှတ်ရစေပါတယ်။ Vanunu ဟာ ထိုအချိန်က အစ္စရေး၏ လျှို့ဝှက် နျူစီမံကိန်းစက်ရုံများနှင့် ထုတ်လုပ်မှုများအား ဓာတ်ပုံများစွာရိုက်ကာ လန်ဒန်မြို့ အခြေစိုက် ဆန်းဒေးတိုင်းမ် သတင်းစာကြီးမှတဆင့် ၁၉၈၆ နှစ်တွင် ကမ္ဘာအား ဖွင့်ချခဲ့ပါတယ်။ အစ္စရေးကတော့ နျူလက်နက်များ ရှိသည်ကို မဆိုထားနှင့် ထိုဓာတ်ပုံများတွင်ပါရှိသော စက်ရုံများ ရှိသည်ကိုပင် ၀န်မခံခဲ့ပါ။ ဒါပေမယ့် Vanunu ကတော့ အစ္စရေးအစိုးရ၏ ပြန်ပေးဆွဲမှုကိုခံလိုက်ရပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခြင်းကို ခံလိုက်ရပါတယ်။ ဗိုလ်မှူးစိုင်းဟာလည်း အလားတူ သတင်းအချက်လက်များကို ပေးအပ်ခဲ့သူဖြစ်ပါတယ်။



ဗိုလ်မှူးစိုင်းဝင်းသိန်းဟာ ဘယ်လို စီမံကိန်းမှာပါဝင်ခဲ့ရသလဲ

သူဟာ ဒုံးပျံနှင့် နျူစီမံကိန်းများအတွက် နမူနာစက်ပစ္စည်းအစိတ်ပိုင်းများ ထုတ်လုပ်ရာမှာ ပါဝင်ခဲ့ရပါတယ်။ သူဟာ အတွေ့အကြုံရှိသော စက်မှုအင်ဂျင်နီယာတဦးဖြစ်ပြီး စက်မှုပိုင်းဆိုင်ရာများကို အသေးစိတ် တိကျစွာပြောနိုင်ပါတယ်။ သူဟာ ဒုံးပျံ နည်းပညာသင်ခဲ့သူ အင်ဂျင်နီယာတဦးဖြစ်သည်နှင့်အညီ သူပြုလုပ်ခဲ့သည်ဆိုသော ဒုံးပျံလောင်စာပန့်တွင် အသုံးပြုသော ပန်ကာဒလက်အကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။ သူပြောပြတဲ့ နျူစီမံကိန်းအကြောင်းဟာ သူပြတဲ့ ရောင်စုံဓာတ်ပုံများနှင့် မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်ရှိ နျူတပ်ရင်းအား (၂) ခေါက်သွားရောက်ခဲ့တဲ့ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နျူတပ်ရင်းဟာ နျူလက်နက် ထုတ်လုပ်တပ်ဆင်ရေး အဆောက်အအုံများ ဆောက်လုပ်ရန် တာဝန်ပေးခြင်းခံထားရတဲ့အဖွဲ့ဖြစ်ပါတယ်။ အဆိုပါအဖွဲ့သည် နျူဓာတ်ပေါင်းဖိုဆောက်လုပ်ခြင်း၊ နျူသန့်စင်စက်ရုံများ ဆောက်လုပ်ခြင်းတို့ လုပ်ဆောင်ပါတယ်။



ဒီဗွီဘီ၏ အတိုင်ပင်ခံ အဖွဲ့များကတော့ လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ နျူစီမံကိန်းအတွက် လိုအပ်သော အဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်းမရှိသေးဟု ယူဆကြပါတယ်။ နျူလက်နက် ထုတ်လုပ်ရာတွင် လိုအပ်သော လက်နက်ကုန်ကြမ်းပစ္စည်း ထောက်ပံ့ရေး စက်ရုံများအား တည်ဆောက်ရာတွင် ကျွမ်းကျင်မှု မလုံလောက်သေးပါ။ သို့သော် ဗိုလ်မှူးစိုင်းနှင့် အခြားသတင်းရင်းမြစ်များမှ အချက်အလက်များအရဆိုလျှင် စစ်အစိုးရသည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းထားပြီး ထို့အတွက် များစွာသော အရင်းမြစ်များကို တိုးချဲ့သုံးစွဲနေတာ ရှင်းလင်းလှပါတယ်။

ဥရောပလုပ် စက်ပစ္စည်းများနှင့် စက်ရုံများ

ဂျာမနီနှင့် အဆက်သွယ်ရှိသော စင်ကာပူအခြေစိုက် company (၂) ခုသည် မြန်မာနိုင်ငံ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း (DTVE) တွင် သုံးရန်ဟုဆိုကာ စက်ပစ္စည်းများစွားအား ရောင်းချခဲ့ပါသည်။ ထိုသင်တန်းကျောင်းသည် သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အနျူမြူစွမ်းအင်ဌာန (DAE) နှင့် ဆက်စပ်နေပါသည်။ ထို ဆက်စပ်လျက်ရှိသော ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်သော အချက်လက်များ များစွာသိရှိထားပြီးဖြစ်ပါသည်။ ထိုသင်တန်းကျောင်းသည် အစိုးရ၏ နျူ၊ ဓာတု၊ ဇီဝလက်နက်ထုတ်လုပ်ရေး၊ အထူးသဖြင့် ဒုံးလက်နက် စီမံကိန်းအတွက် လိုအပ်သည်များကို အမည်ခံဝယ်ပေးနေခြင်း ဖြစ်နိုင်ပါသည်။

ဂျာမန်အစိုးရသည် စက်ပစ္စည်းများ ရောင်းချရန်ခွင့်ပြုချိန်မှာ ထိုသင်တန်းကျောင်းနှင့် ပတ်သက်၍ တိကျရေရာသော အချက်အလက်ရှိမထားခဲ့ပါ။ ကံကောင်းသည်မှာ ထိုရောင်းချလိုက်သော စက်ပစ္စည်းများသည် အလွန်ဈေးကြီးပြီး စွမ်းအားမြင့်ပေသော်လည်း၊ ဒုံးပျံနှင့် နျူဆိုင်ရာ ကိစ္စများတွင် အသုံးချနိုင်ရန်မူ အလွန် အသေးစိတ် တိကျမှုကို ပေးနိုင်သော အပိုဆောင်းပစ္စည်းအပြည့်အစုံလိုအပ်ပြီး၊ ထို အပိုပစ္စည်းများသည် ယခုရောင်းမှုများတွင် မပါဝင်ပါ။ ထိုလျှို့ဝှက်စက်ရုံများသည် ယခုအထိတော့ အခြား သုတေသနဌာနများအတွက် လိုအပ်သော နမူနာအစိတ်ပိုင်းများ၊ ပုံစံပြ မော်ဒယ်များကိုသာ အများစု ထုတ်လုပ်နေပါသည်။ ထိုစက်ရုံများသည် ထုတ်လုပ်ရေးစီမံချက်အရ နောက်ဆက်တွဲ ဆင့်ပွား အစိတ်ပိုင်းများကို မထုတ်လုပ်သေးသလို၊ သူတို့ကိုယ်တိုင် သုတေသနပြုထုတ်လုပ်ခြင်းမျိုးလည်း မလုပ်သေးပါ။

ရောင်းချလိုက်သော ကုမ္ပဏီကတော့ ထိုစက်ပစ္စည်းများသည် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများတွင် သုံးရန်သာဟု ယူဆထားသော်လည်း ဂျာမန်အစိုးရကတော့ သံသယရှိသဖြင့် ထိုစက်ပစ္စည်းများ တပ်ဆင်အသုံးပြုနေသော အထူးစက်ရုံများအား သွားရောက်စစ်ဆေးရန် သံတမန်တဦးနှင့် ကျွမ်းကျင်သူတဦးအား စေလွှတ်ခဲ့ပါသည်။ အဆိုပါ ဂျာမန် ကျွမ်းကျင်သူသည် ထိုစက်ရုံ၏ အနီးတ၀ိုက်တွင် တက္ကသိုလ်များ၊ ကျောင်းသားများ မရှိနေခြင်း၊ ကျောင်းတွင် အမျိုးသမီးကျောင်းသူမရှိခြင်းတို့ကို ထောက်ရှုကာ ထိုစက်ပစ္စည်းများအား သင်ကြားရေးတွင် သုံးနေသည်ဆိုသည့်အချက်အား သံသယဖြစ်သည်ဟု ဆိုပါသည်။ ထိုကျောင်းသားများသည် စစ်ယူနီဖောင်း ၀တ်ဆင်ထားခြင်းမရှိသည်ကိုလည်း သတိပြုမိခဲ့သည်။ ထို ဥရောပ အရာရှိများလာစဉ်က အရပ်သားဝတ်စုံဝတ်ထားကြသူများသည် အခြားအချိန်များတွင် ယူနီဖောင်းများဝတ်ထားကြသည်ကို ဒီဗွီဘီမှ စစ်ဆေးထားသော ဓာတ်ပုံအထောက်အထားများအရသော်လည်းကောင်း၊ ကျောင်းသားအချို့အား စစ်ဆေးမေးမြန်းချက်အရသော်လည်းကောင်း သိရှိရပေသည်။

ဗိုလ်မှူးစိုင်းသည် ထိုဂျာမန်များ လာစဉ်ကရိုက်ကူးထားသော ပုံများနှင့် စက်ပစ္စည်းများ တပ်ဆင်စဉ်က ပုံများ စသည့် အလွန် မှတ်မိလွယ်သော ပုံများအား ပြသခဲ့ပါတယ်။ ဤအချက်သည် ထိုအချိန်က ဗိုလ်မှူးစိုင်းသည် ထိုစက်ရုံတွင် ရှိနေခဲ့သည်ဆိုသော အချက်အား ခိုင်မာစေပါသည်။ ဂျာမန်အစိုးရ၏ နိုးကြားမှုရှိခြင်း၊ ထိုစက်ရုံများအား သွားရောက်စစ်ဆေးနိုင်ခြင်းတို့မှာလည်း အလွန်ကံကောင်းသည်ဟု ဆိုရမည်ပင်။ စစ်အစိုးရကတော့ အမှန်ကိုပြောချင်မှ ပြောမှာဖြစ်ပေမယ့် ထိုသွားရောက်စစ်ဆေးခြင်းသည် အမှန်တရားကို စစ်ကြောရာတွင် အလွန်အရေးပါလှပါတယ်။



နျူတပ်ရင်းက တည်ဆောက်နေတဲ့ စက်ပစ္စည်းများအကြောင်း

သပိတ်ကျင်း နျူတပ်ရင်းက တောင်းဆိုတဲ့ စက်ပစ္စည်းအစိတ်ပိုင်းများရဲ့ ဓာတ်ပုံအများပြားကို ဗိုလ်မှူးစိုင်းက ဒီဗွီဘီအား ပြခဲ့ပါတယ်။ ထိုပုံများအနက်မှာ အထင်ရှားဆုံးပုံတပုံကတော့ သပိတ်ကျင်း အခြေစိုက် အမှတ် (၁) သိပ္ပံနှင့်နည်းပညာတပ်ရင်းမှ လျှို့ဝှက်မန်မိုဖြင့် ပြင်ဦးလွင်ရှိ အထူးစက်ရုံ (၁) သို့ တောင်းဆိုထားသော စက်အစိတ်ပိုင်းပုံဖြစ်ပါတယ်။ ထိုအရာသည် အထူးပစ္စည်းထုတ်လုပ်ရေး သုတေသနဌာနက တောင်းဆိုသော bomb reactor ဖြစ်ပြီး လိုချင်သော ပုံစံအား ပုံကြမ်းရေးထားသည့် ဓာတ်ပုံများလည်း ပါဝင်ပါသည်။ နျူလက်နက် ထုတ်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသော bomb reactor သည် ယူရေနီယမ် ဒြပ်ပေါင်းအား နျူကလီးယား လောင်စာ (သို့မဟုတ်) နျူကလီးယားဗုံးလုပ်ရာတွင် လိုအပ်သော ယူရေနီယမ် သတ္တုအဖြစ် ပြောင်းလဲရာတွင် သုံးသော အထူးကိရိယာဖြစ်ပါတယ်။ ဓာတ်ပုံများနှင့် ပုံကြမ်းများက ဖော်ပြထားသော bomb reactor သည် ထိုသို့ပြုလုပ်ရာတွင် သုံးသော ကိရိယာအစိတ်ပိုင်းများဖြစ်ပြီး၊ ထိုအထဲမှ တခုသည် မြင့်မားသောအပူချိန်တွင်အသုံးပြုနိုင်သော အရာမျိုးဖြစ်သည်။ ထိုကိရိယာသည် သုတ်ဆေးများအား အပူပေးကာ ခွာထားပြီး လက်ရှိအသုံးပြုနေပါတယ်။ ဒီဇိုင်းကတော့ နိုင်ငံခြား တိုင်းပြည်တခုခုမှမဟုတ်လျှင် မြန်မာဒီဇိုင်းဖြစ်နိုင်ပါတယ်။ နျူတပ်ရင်းရဲ့ bomb reactor လိုအပ်မှုဟာ မြန်မာနိုင်ငံဟာ ယူရေနီယမ် သတ္တုပြုလုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ခိုင်မာလှတဲ့ သက်သေဖြစ်ပါတယ်။ ယူရေနီယမ်သတ္တုကို ပလူတိုနီယံ ထုတ်လုပ်တဲ့ reactor မှာ သုံးသည်ဖြစ်စေ၊ နျူကိရိယာတခုခုမှာ သုံးသည်ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် ဒါဟာ လက်နက်များ ပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူနည်းပညာကို ရရှိနိုင်ရန် အားထုတ်နေတဲ့ အချက်ပဲဖြစ်ပါတယ်။



ဗိုလ်မှူးစိုင်းရဲ့ ပုံတွေထဲမှာ ယူရေနီယမ် သန့်စင်ရာမှာအသုံးပြုတဲ့ uranium hexafluoride gas စတဲ့ ယူရေနီယမ် ဒြပ်ပေါင်းများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုအင်ဂျင်နီယာဆိုင်ရာ စက်ပစ္စည်းများလည်း ပါဝင်နေပါတယ်။ ယူရေနီယမ် isotope များကို ဗုံးပြုလုပ်ရာမှာသုံးတဲ့ ပစ္စည်းများအဖြစ် ခွဲခြမ်းနိုင်သော အဆင့်မြင့် လေဆာ ကိရိယာများမှာသုံးသော နော်ဇယ်ခေါင်းများလည်း သူပြတဲ့အထဲမှာ ပါဝင်ပါတယ်။ ထို့အပြင် Glove box လို့ခေါ်တဲ့ ဓာတ်သတ္တိကြွပစ္စည်းများ ရောမွှေရာတွင် သုံးသောကိရိယာနှင့် ယူရေနီယမ် ဒြပ်ပေါင်းများပြုလုပ်ရာတွင် သုံးသော လုံခွက် (furnaces) များလည်း ပုံတွေထဲမှာ ပါဝင်တယ်။ ဒီပစ္စည်းများဟာ အခြား နေရာတွင်လည်း အသုံးပြုနိုင်တယ်ဆိုပေမယ့် နျူတပ်ရင်းမှာ လုပ်ဆောင်နေသည့်အရာများနှင့် ဆက်စပ်ကောက်ချက်ချရလျှင် နျူလက်နက်စီမံကိန်းမှလွဲ၍ အခြားဖြစ်နိုင်စရာမရှိပေ။



စစ်အစိုးရဟာ ပလူတိုနီယမ်ကို နျူဗုံးပြုလုပ်နိုင်ဖို့ nuclear reactor တခု တည်ဆောက်နေတဲ့အကြောင်း ဗိုလ်မှူးစိုင်းကို ပြောပြပါတယ်တဲ့။ ဒီအချက်နဲ့ အံဝင်စေတာကတော့ control rod လို့ခေါ်တဲ့ reactor ရဲ့အစိတ်ပိုင်းတခုအကြောင်း သရုပ်ပြပွဲတခုကို သူကိုယ်တိုင်တွေ့ခဲ့ရတာပါပဲ။ သူ့ကိုပြောပြတာကတော့ အခု အစိုးရဟာ ယူရေနီယမ်ကို သန့်စင်ပြီး ဗုံးလုပ်ဖို့ စီမံကိန်းချထားတယ်။ ယူရေနီယမ် သန့်စင်တဲ့ နည်းလမ်းတွေမှာ အစိတ်ပိုင်းတခုဖြစ်တဲ့ ကာဗွန်မိုနော့ဆိုက် လေဆာအကြောင်း သရုပ်ပြတာလည်း သူကြည့်ရှုခဲ့ရဖူးတယ်။ သူ သပိတ်ကျင်းမှာတွေ့ခဲ့၊ ကြားဖူးခဲ့တဲ့ သူအပေါင်းရဲ့ နာမည်တွေကိုပြောပြတော့ ထိုအထဲမှာ နာမည်အချို့ဟာ မြန်မာ အနုမြူစွမ်းအင်ဌာန (DAE) မှာ လုပ်ကိုင်နေကြသူများ ဖြစ်နေကြပါတယ်။ ထိုအထဲမှ အများစုဟာ IAEA ထောက်ပံ့မှုနဲ့ပြုလုပ်တဲ့ ထရိန်နင်များ တက်ရောက်ခဲ့ဖူးကြသူများ ဖြစ်ကြပါတယ်။ ဗိုလ်မှူးစိုင်း ကိုယ်တိုင်ဟာလည်း ကာဗွန်မိုနော့ဆိုက် လေဆာအတွက် နော်ဇယ်ပြုလုပ်ရာမှာ တာဝန်ယူခဲ့ရဖူးတယ်။ သူဟာ ဓာတုဗေဒ အင်ဂျင်နီယာပညာအကြောင်း သိပ်မသိတဲ့အတွက် ပုံတွင်ပါရှိသော ထိုဌာနမှ အသုံးပြုနေသော ကိရိယာများအကြောင်း ကျွန်ုပ်တို့ အကဲဖြတ်သိရှိနိုင်သလောက် သူမသိပေမယ့် အချုပ်အားဖြင့် သူ့ပြောပြချက်များဟာ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ သူမြင်တွေ့ခဲ့သော သရုပ်ပြမှု၊ သင်ကြားရှင်းလင်းမှုများဟာ အကြမ်းဖျင်းသိပ်ကျလွန်းတာလည်း ထင်ရှားလှပါတယ်။ အကယ်၍ ထိုအဆင့်သည် မြန်မာတို့ အကောင်းဆုံးလုပ်နိုင်တဲ့ အဆင့်ဆိုလျှင် သူတို့မျှော်မှန်းချက်ရောက်ဖို့ အတော်ပင်လိုသေးသည်ဟု ပြောရမည်။

ဗိုလ်မှူးစိုင်းသိန်းဝင်း ပြောပြချက်များအပေါ် သုံးသပ်ချက်

သူဟာ အဆင့်မြင့် ခေတ်မီစက်ပစ္စည်းများအကြောင်း ကောင်းကောင်းသိသူ အတွေ့အကြုံရှိသူ စက်မှုအင်ဂျင်နီယာတယောက် ဖြစ်ပါတယ်။ ထိုစက်ပစ္စည်းများဟာ နျူစီမံကိန်းနှင့် ဒုံးပျံများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော အလွန်တိကျသော စက်အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါတယ်။ သူဟာ နျူကျွမ်းကျင်သူတယောက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကို ဘာအတွက် ဘယ်လိုဟာတွေ ထုတ်လုပ်ပေးပါဟုပြောကာ လုပ်ခိုင်းသည့် အရာများကလွဲ၍ ကျန်သောအရာများအကြောင်း သူသိပ်မပြောနိုင်ပါ။ ဒါပေမယ့် သူတင်ပြလာတဲ့ပုံများတွင် ပါသည့်အရာများကတော့ နျူလက်နက်ထုတ်လုပ်ရာတွင် ပလူတိုနီယမ်ဒြပ်ပေါင်းများကို လက်နက်ထုတ်လုပ်နိုင်သည့် အရာများသို့ ပြောင်းလဲသည့်နေရာများ၌ သုံးနိုင်သည့်အရာများ ဖြစ်နေတာတော့ အသေအချာပါ။ ထို ဓာတ်ပုံများနှင့် သူ့ပြောဆိုချက်များဟာ အတုယောင်ဖြစ်သည်ပဲ ဆိုပါဦး၊ ထိုအရာများဟာ သူထောက်ပြတဲ့ အသုံးပြုမှုများနှင့် အံဝင်ခွင်ကျဖြစ်နေတာ တွေ့ရပါတယ်။

သူဟာ စစ်အင်ဂျင်နီယာဘွဲ့ရပြီး ရုရှနိုင်ငံ၊ မော်စကိုရှိ နာမည်ကျော် Bauman Institute တွင် Missile နည်းပညာ ဆက်လက်သင်ကြားခဲ့ပါတယ်။ ထိုအထောက်အထားအားလုံး သူပြနိုင်ပါတယ်။ သူ့ရဲ့သူငယ်ချင်းများဟာလည်း Moscow Institute of Engineering Physics နဲ့ Mendeleev Institute of Chemical Technology (MIFI) စတဲ့ကျောင်းတွေမှာ နျူကလီးယားနှင့် ဓာတုအင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြားခဲ့ကြပါတယ်။ MIFI ဟာ ဆိုဗီယက် နျူကလီးယား လက်နက် ဒီဇိုင်းနာများကို လေ့ကျင့်မွေးထုတ်ပေးရာ အဓိက ကျောင်းကြီးဖြစ်ပါတယ်။ ထိုကျောင်းမှ ဓာတုနည်းပညာများ သင်ကြားလာသူများဟာ ဗိုလ်မှူးစိုင်းသိသလောက် အဓိကကျတဲ့ စက်ကိရိယာများ တည်ဆောက်တပ်ဆင်ရာတွင် အဓိက အရေးပါမည့်သူများ ဖြစ်နိုင်ခြေရှိပါတယ်။

မြန်မာပြည်ရဲ့ နျူကလီးယား reactor နဲ့ ပတ်သက်လို့

ဒါနဲ့ပတ်သက်လို့တော့ ခန့်မှန်းပြောဆိုချက် အမျိုးမျိုးရှိပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ (၁၀) မီဂါဝပ်အားရှိ သုတေသနသုံး reactor တလုံးဆောက်ဖို့ ရုရှနဲ့ မြန်မာ သဘောတူခဲ့တာကတော့ ရှင်းလင်းစွာသိကြပါတယ်။ ဒီသဘောတူကြီချက်ကို ဖုံးကွယ်မထားဘဲ ၂၀၀၈ ခုနှစ်လောက်မှာမှ ရုရှက တည်ဆောက်ရန် ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ အဲဒီ reactor ဟာ အခုထိ မတည်ဆောက်ရသေးသလို IAEA ရဲ့ အထူးသဘောတူညီချက်များအား မြန်မာဘက်မှ လက်မှတ်မထိုးမချင်း ရုရှမှ တည်ဆောက်ပေးမည့် အရိပ်အယောင်လည်း မရှိပါ။ ထို သဘောတူညီချက်အား မြန်မာဘက်မှ လက်မှတ်ထိုးမည့်ပုံလည်းမရှိပါ။ အဘယ့်ကြောင့် ဆိုသော လက်မှတ်ထိုးသဘောတူလိုက်သည်နှင့် သူတို့ ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေသော စီမံကိန်းများအား IAEA မှ ၀င်ရောက်စစ်ဆေးခွင့် ရရှိသွားမှာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထို (၁၀) မီဂါဝပ် reactor ဆိုသည်မှာ နျူလက်နက် မပြန့်ပွားရေးအတွက် စိုးရိမ်စရာမရှိလောက်အောင် သေးငယ်တဲ့ အတိုင်းအတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများမှာ ပုံမှန်လိုပဲ ရှိနေကြပါတယ်။ ထို reactor များကို နျူဆိုင်ရာ ပညာရပ်များ သင်ကြားရေးအတွက် အသုံးပြုနိုင်ပြီး လက်နက်ထုတ်လုပ်နိုင်သည်အထိ လိုအပ်တဲ့ ပလူတိုနီယမ် ပမာဏကို အလွယ်တကူနှင့် ချက်ချင်းထုတ်လုပ်နိုင်ရန်အတွက် အသုံးမပြုနိုင်ပါ။ IAEA မှာ ဘယ်လို reactors မျိုးဟာ ပလူတိုနီယမ်ထုပ်လုပ်ဖို့ သင့်တော်တယ်လို့ သတ်မှတ်ရန် စံနှုန်းထားများရှိပါတယ်။ အဆိုပါ (၁၀) မီဂါဝပ် reactor ဟာ ထိုစံနှုန်းများအောက်မှာ ရှိပါတယ်။ ထိုအရွယ်အစားသည် နျူဆိုင်ရာ သင်ကြားရေးနှင့် ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရာတွင်သာ အသုံးဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ အဆိုပါ reactor များကို ဒေသတွင်း ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရေးအတွက်သာ အဓိကသုံးကြပါတယ်။ အထက်ပါအချက်များကြောင့် မြန်မာဟာ ရုရှထံမှ 10 MW reactor ၀ယ်ယူထားသည်ဆိုသည့် သတင်းမမှန်သကဲ့သို့ ဗုံးစီမံကိန်းအတွက် သူတို့ဘာသာ သူတို့အလားတူ စက်ရုံမျိုး တည်ဆောက်နေတယ်ဆိုတဲ့ သတင်းဟာလည်း အဓိပ္ပာယ်ကင်းမဲ့ပါသည်။

ဖြစ်နိုင်တာကတော့ အစ္စရေးက ဖျက်ဆီးလိုက်တဲ့ ဆီးရီးယားရဲ့ reactor လို ပိုပြီးကြီးတဲ့ဟာမျိုး တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အမြင်က ဖြစ်နိုင်ခြေရှိပြီး ပိုစိတ်ဝင်စားဖွယ်ကောင်းပါတယ်။ အဲဒီ reactor ဟာ မြောက်ကိုရီးယားက ယွန်ဗြောင်း (Yongbyon) ဒေသမှာ တည်ဆောက်ထားတဲ့ 25 MW အားရှိ ပလူတိုနီယမ်ထုတ်နိုင်တဲ့ အဆင့်ရှိတဲ့ ဟာမျိုး ဖြစ်ဖွယ်ရှိပါတယ်။ မြောက်ကိုရီးယားဟာ ဆီးရီးယားလို ဖောက်သည် နိုင်ငံမျိုးတွေကို နျူနည်းပညာနဲ့ပတ်သက်ပြီး အကူအညီပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ နျူစီမံကိန်းတွေအကြောင်း စဉ်းစားရာမှာ စိုးရိမ်ဖွယ်ရာအချက်အဖြစ် ထည့်သွင်းရပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ တာလတ်ပစ် ဒုံးပျံများ တည်ဆောက်ရာမှာ အကူအညီပေးမယ်ဆိုတဲ့ စစ်ရေးဆိုင်ရာ သဘောတူညီချက် ရှိပေမယ့် နျူလက်နက် စီမံကိန်းနဲ့ပတ်သက်ရင်တော့ မြောက်ကိုရီးယား ဘယ်လောက် ပါဝင်ပတ်သက်နေသလဲဆိုတာ ခန့်မှန်းပြောဆိုရတဲ့အဆင့်ပဲ ရှိနေသေးတယ်။

မြန်မာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေသလား

မြန်မာအနေနဲ့ အရေးကြီးဆုံးသောအချက်မှာ IAEA နှင့် သဘောတူညီချက်အား လိုက်နာခြင်းပင်ဖြစ်ပါတယ်။ ၁၉၉၅ မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းနှင့် သဘောတူညီချက်များကို လိုက်နာသောအားဖြင့် နျူလက်နက်များရရှိအောင် မကြိုးပမ်းပါဟူသော သဘောတူညီချက်အား လက်မှတ်ထိုးထားခဲ့ပါတယ်။ ထိုသဘောတူညီချက်အား ဖြည့်စွက်ချက်ဖြစ်သည့် Small amount quantities protocol တွင် မြန်မာနိုင်ငံ၌ နျူဆိုင်ရာ အဆောက်အအုံပစ္စည်း လုံးဝမရှိပါဟု ကြေညာခဲ့ပါတယ်။ IAEA မှ လက်ခံခဲ့သော ထိုကြေညာချက်အရ မြန်မာပြည်တွင် နျူဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ လုံးဝမရှိခဲ့ပါ။ မြန်မာနိုင်ငံဟာ လူမှုရေးရာ အထောက်အပံ့အနေဖြင့် IAEA မှ ပေးအပ်သော Scientific grant money ရရှိထားသော နိုင်ငံဖြစ်သောကြောင့် အခါအားလျော်စွာ IAEA မှ သွားရောက်ခြင်းများရှိပါတယ်။ ထို grant money မှ အချို့အား မြန်မာနျူသိပ္ပံပညာရှင်များအား နျူပစ္စည်းများ ထုတ်လုပ်နိုင်ရန် လေ့ကျင့်ပေးမှုများတွင် သုံးသော်လည်း ထိုငွေသည် grant money ၏ အနည်းစုသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ အာမခံပြောကြားချက်များအရ ၎င်းတို့ထံတွင် နျူထုတ်လုပ်နိုင်သည့် အဆောက်အအုံပစ္စည်းကိရိယာ မရှိ၊ နျူကုန်ကြမ်းအနည်းငယ်သာရှိပြီး လက်ရှိအခြေအနေမှ ပြောင်းလဲဖို့ အစီအစဉ်မရှိသေးပါဟူ၍ဖြစ်သည်။ ဗိုလ်မှူးစိုင်း၏ အထောက်အထားများအရဆိုလျှင် ယူရေနီယမ်များ တူးဖော်နေခြင်း၊ တူးဖော်ရရှိသည်များကို reactors နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူဗုံးပြုလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင်စက်ရုံများကို တည်ဆောက်ရန်ကြိုးစားနေခြင်း စသည်တို့ကို တွေ့ရှိရပါတယ်။ ထိုလုပ်ဆောင်ချက်များဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်၍ ဆောက်လုပ်ပါသည်ဟုလည်း လုံလောက်သော ဆင်ခြေပေးရန်မဖြစ်နိုင်ပါ။ ထိုလုပ်ဆောင်ချက်များဟာ မြန်မာနိုင်ငံ၏ လက်ရှိနည်းပညာအားဖြင့် အလှမ်းဝေးသောအရာများဖြစ်ပါတယ်။ အခြေအနေများ ပြောင်းလဲသွားပြီဆိုလျှင် IAEA ကို အကြောင်းကြားရမှာက မြန်မာနိုင်ငံ၏ တာဝန်သာဖြစ်ပါတယ်။ သေချာတာကတော့ သူတို့သာ လျှို့ဝှက်စွာနဲ့ ဗုံးထုတ်လုပ်နိုင်ရန်ကြိုးစားနေလျှင်၊ သဘောတူညီချက်ကို ဖောက်ဖျက်နေသည်ဆိုလျှင် IAEA ကို မိမိဆန္ဒအလျောက် အကြောင်းကြားမည် မဟုတ်ပါ။

မြန်မာဟာ စင်ကာပူရှိပွဲစားများမှတဆင့် လက်နက်များထုတ်လုပ်ရာတွင် သုံးနိုင်သော အဆင့်မြင့် ဂျာမန်လုပ် စက်ပစ္စည်းများကို ၀ယ်ယူခဲ့ခြင်း။ ထိုစက်များဟာ အရွယ်အစားအားဖြင့် အရည်အသွေးအားဖြင့် ၀ယ်ယူစဉ်က ခေါင်းစဉ်အဖြစ်သုံးခဲ့သော သင်ကြားရေးနှင့် လားလားမျှ မအပ်စပ်သော အရာများကို လုပ်ဆောင်နိုင်စွမ်းရှိခြင်း။ ထိုစက်များကို အမည်ခံကာ ၀ယ်ယူခဲ့သော သင်ကြားရေးဌာနသည် မြန်မာ အနုမြူစွမ်းအင်ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့် ဆက်စပ်နေခြင်း။ အဆိုပါ အရာများအား ထောက်ရှု၍ ထိုဌာနများ၊ စီမံကိန်းများနှင့် သက်ဆိုင်သူအပေါင်းတို့အား လက်နက်ထုတ်လုပ်နိုင်သော ပစ္စည်းများ မ၀ယ်ယူနိုင်အောင် ပိတ်ဆို့တားဆီးခြင်းများ ပြုလုပ်သင့်ပေသည်။

မြန်မာရဲ့ နျူကလီးယားစီမံကိန်းအခြေအနေ ဘယ်လိုလဲ

ကျွန်ုပ်တို့ဟာ ဗိုလ်မှူးစိုင်းယူလာသော နျူစီမံကိန်း အထောက်ထားများ၊ ဓာတ်ပုံများအား အသေအချာ လေ့လာခဲ့ကြပါတယ်။ သူတို့တွေ တွင်ဖောက်ထားတဲ့ စက်ပစ္စည်းအစိတ်ပိုင်းများရဲ့ အရည်အသွေးဟာ ညံ့ဖျင်းပါတယ်။ ဒီအစိတ်အပိုင်းတွေထုတ်ဖို့ သုံးတဲ့ ဆွဲထားတဲ့ ပုံများဟာလည်း အတော်လေးဆိုးပါတယ်။ တကယ်သာ နျူလက်နက်ထုတ်ဖို့ စီမံနေတယ်ဆိုရင် အလွန်ရှုပ်ထွေးတိကျလှတဲ့ စက်များလိုအပ်မှာဖြစ်တဲ့အတွက် အဲဒီရှုထောင့်ကကြည့်ရင်တော့ မြန်မာပြည်ဟာ အဆင်သင့် မဖြစ်သေးပါဘူး။ ဖြစ်နိုင်ခြေကတော့ ဗိုလ်မှူးစိုင်းရဲ့ အချက်အလက်တွေထဲမှာ မပြည့်စုံတာတွေ ရှိကောင်းရှိနိုင်တယ်၊ ဒါမှမဟုတ်လည်း မြန်မာပြည်ဟာ အခုမှ ပွဲစရုံပဲရှိသေးတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတွေ့မိသလောက် စက်ပစ္စည်းနဲ့ လိုအပ်သော ပစ္စည်းများအခြေအနေအရ သူတို့ အောင်မြင်အောင်လုပ်နိုင်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။
ဒါပေမယ့် သူတို့မျှော်မှန်းချက်က အရေးအပါဆုံးပါ။ သူတို့ဟာ ယူရေနီယမ်တွေ တူးဖော်နေတယ်၊ တူးဖော်ရတာတွေကို ဓာတုဗေဒ နည်းတွေနဲ့ အဆင့်မြှင့် သန့်စင်နေတယ်။ သူတို့ဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ နျူကလီးယား reactor ၊ ဗုံးလုပ်နိုင်ဖို့ ယူရေနီယမ် သန့်စင်ရေး စက်ရုံတွေ ဆောက်နေတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ IAEA နဲ့ သဘောတူညီချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

အကယ်၍ သူတို့ရဲ့ တရားမ၀င်စီမံကိန်းတွေ မအောင်မြင်သေးရင်တောင် အခုသူတို့လုပ်နေတာတွေဟာ နျူလက်နက် မပြန့်ပွားရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကြားမှာ ပွဲဆူသွားစေနိုင်ပါတယ်။ IAEA ဟာ မြန်မာအစိုးရကို မေးမြန်းသင့်ပါတယ်။ သည် စွပ်စွဲချက်တွေသာ အမှန်ဖြစ်လာရင် နောက်ဆက်တွဲ မေးခွန်းတွေ၊ လေ့လာစုံစမ်းမှုတွေ လုပ်ရပါမယ်။ ဒါပေမယ့် သည်ကြိုးပမ်းချက်တွေဟာ မြန်မာပြည်က နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ်မထိုးလျှင် လုပ်ဆောင်နိုင်ဖို့မလွယ်ပါ။ IAEA မှာ မြန်မာနိုင်ငံကို စစ်ဆေးရန် အခွင့်အာဏာရှိမည်မဟုတ်ပါ။

မြန်မာဟာ မြောက်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်အရ တာလတ်ပစ် စကဒ်ဒုံးကျည်များကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ဖို့ကြိုးစားနေပါတယ်။ ထိုစကဒ် ဒုံးကျည်များဟာ မြန်မာလုပ် နျူထိပ်ခေါင်းများ သယ်ဆောင်ဖို့တော့ ဖြစ်နိုင်မယ်မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကနဦး နျူထိပ်ဖူးများဟာ စကဒ်ဒုံးကျည်တွင် တပ်ဆင်ရန် အလွန်မှလေးလံသောကြောင့်ဖြစ်တယ်။ ဒါပေမယ့် ထို စကဒ်ဒုံးကျည်များတွင် တပ်ဆင်ဖို့ရာထက် အိမ်နီးချင်း နိုင်ငံများအား ခြိမ်းခြောက်နိုင်ဖို့က အဓိကဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ကို အုပ်စိုးနေသူများဟာ နိုင်ငံရေးအတွေးအခေါ်ထက် လေဘများသာရှိကြတဲ့သူတစုဖြစ်ပါတယ်။ စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ ရင်းမြစ်များဖြစ်တဲ့ ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း၊ အခြား ဓာတ်သတ္တုများနှင့် ပြည်သူတို့ လုပ်အားစတာတွေကို လူတစုကောင်းစားရေးအတွက်ပဲ ဦးစားပေး လုပ်နေသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပေးလမ်းပြ ဆရာ မြောက်ကိုရီးယားလိုပဲ မြန်မာစစ်အစိုးရရဲ့ နျူရည်မှန်းချက်ဟာ နိုင်ငံရပ်ခြားမှ ကျူးကျော် နှောင့်ယှက်မှုများကို နျူပိုင်ဆိုင်ခြင်းဟူသည့် ဒိုင်းဖြင့် အကာကွယ်ယူကာ သူတို့အတွက် လုံခြုံနေရေးပင်ဖြစ်ပါတယ်။

Kelley, 63, a former Los Alamos weapons scientist, was an IAEA director from 1992 to 1993, and again from 2001 to 2005. Based in Vienna, Austria, he conducted weapons inspections in Libya, Iraq, and South Africa, and compliance inspections in Egypt, Turkey, South Korea, Taiwan, Syria, Tanzania, Pakistan, India, and Congo, among others.

မှတ်ချက်။ ။ ၂၀၁၀ခု ဇွန် (၃) ရက်နေ့ ရက်စွဲဖြင့် ဒီဗွီဘီတွင် ဖော်ပြထားသည့် IAEA ဒါရိုက်တာဟောင်း Robert Kelly ရေးသားသော Expert says Burma ‘planning nuclear bomb’ မူရင်းဆောင်းပါးကို အောင်ဆန်းမန်း ဘာသာပြန်ဆိုတင်ပြသည်။

နျူကလီးယား ကကြီး ခခွေး

ဂါမဏိ / ၀၇ ဇွန် ၂၀၁၀


အခုအခါ ဖက်ဆစ် စစ်ဝါဒီတွေဖြစ်တဲ့ နအဖစစ်အုပ်စုဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားနေတာကို ပြည်တွင်းပြည်ပမှာ သိနေကြပါပြီ။ ဒါကြောင့် အောက်ခြေတပ်မတော်သားတွေအပါအဝင် မြန်မာပြည်သူတွေအနေနဲ့ နျူကလီးယားနည်းပညာကို တစုံတရာ သိနားလည်လာဖို့ လိုအပ်နေပါတယ်။ အခုဆောင်းပါးက အဲဒီကွက်လပ်ကို ဖြည့်ဖို့ ရည်ရွယ်ပါတယ်။

၁။ သတ္တုတူးဖော်ခြင်း

အရပ်ဘက်နျူကလီးယားဖြစ်စေ၊ စစ်ဘက်နျူကလီးယားဖြစ်စေ အခြေခံကုန်ကြမ်းက ယူရေနီယမ် ဖြစ်ပါတယ်။ ဒီ ယူရေနီယမ် သတ္တုကို မြေကြီးထဲက တူးယူရပါတယ်။ ကမ္ဘာမှာ ယူရေနီယမ် အဓိကထွက်တဲ့ နိုင်ငံတွေက သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ နမီးဘီးယား၊ နိုင်ဂျာ၊ ရုရှား၊ ဥဇဘက်ကစ္စတန်တို့ဖြစ်ပြီး မြန်မာပြည်မှာတော့ ပင်းပက်၊ သပိတ်ကျဉ်း၊ ပုံတောင်ပုံညာ၊ ဖားကန့်၊ တနိုင်း၊ မိုးမိတ်တို့မှာ ထွက်ပါတယ်။

ယူရေနီယမ် အနုမြူတချို့ကို ဆက်တိုက်ခွဲစိတ်တဲ့အခါ စွမ်းအင် ထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို နျူကလီးယား ခွဲစိတ်မှု nuclear fission လို့ ခေါ်ပါတယ်။ နျူကလီးယားဓာတ်အားပေးစက်ရုံ (ဓာတ်ပေါင်းဖို) မှာ ခွဲစိတ်မှုက ဖြည်းဖြည်းလေးဖြစ်ပျက်နေပြီး နျူကလီးယားလက်နက်မှာတော့ တဟုန်ထိုးမြန်မြန်ဆန်ဆန် ဖြစ်ပျက်ပါတယ်။ နှစ်မျိုးစလုံးမှာတော့ ဒီခွဲစိတ်မှုကို သေသေချာချာဂရုတစိုက် ထိန်းချုပ်ဖို့လိုပါတယ်။

နျူကလီးယားခွဲစိတ်မှုအတွက် ယူရေနီယမ် (၂၃၅) လို့ခေါ်တဲ့ ယူရေနီယမ်အိုင်ဆိုတုပ်ကိုသုံးရင် အကောင်းဆုံးဖြစ်ပါတယ်။ (အိုင်ဆိုတုပ် ဆိုတာ ပရိုတွန် အရေအတွက်တူပြီး နျူထရွန် အရေအတွက်မတူတဲ့ မျိုးတူဒြပ်စင် ဖြစ်ပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ ယူရေနီယမ်က ယူရေနီယမ် (၂၃၈) ဖြစ်ပါတယ်။) ယူရေနီယမ် (၂၃၅) အစား ပလူတိုနီယမ် (၂၃၉) ကို သုံးရင်လည်း ထိရောက်မှုကောင်းပါတယ်။ ယူရေနီယမ် ၂၃၅ (ယူ-၂၃၅) ဟာ ဆက်တိုက် ဆင့်ကဲ ဆင့်ကဲ ခွဲစိတ်မှုဖြစ်တတ်ပြီး စွမ်းအင်အဖြစ် အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။

ယူရေနီယမ် (၂၃၅) အနုမြူ ကွဲထွက်တဲ့အခါ နျူထရွန် (၂) လုံး (၃) လုံး လွှတ်ထုတ်ပါတယ်။ ဘေးမှာ တခြားယူ-၂၃၅ အနုမြူတွေရှိနေရင် အဲဒီနျူထရွန်တွေက ဝင်တိုက်ပြီး အတိုက်ခံရတဲ့ အနုမြူတွေကို ကွဲထွက်စေပါတယ်။ ဒါကြောင့် နျူထရွန်တွေ ပိုများများ ထပ်ထွက်လာပါတယ်။ အခုလိုမျိုး သူ့ဖာသာသူ ကွင်းဆက်ဓာတ်ပြုနိုင်ဖို့ ယူ-၂၃၅ အနုမြူ အလုံအလောက်ရှိနေရင် နျူကလီးယားတုံ့ပြန်မှု ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ အနုမြူ အရေအတွက်ကို “အခြေပြောင်းဒြပ်ထု” critical mass လို့ခေါ်ပါတယ်။

ဒါပေမယ့် သဘာဝအတိုင်းတွေ့ရတဲ့ အနုမြူဒြပ်စင်မှာ အနုမြူ အလုံး (၁,၀၀၀) မှာ ယူ-၂၃၅ က (၇) လုံးပဲပါပြီး ကျန်တဲ့ အနုမြူ (၉၉၃) လုံးက ယူ-၂၃၈ ဖြစ်နေပါတယ်။

၂။ ဓာတ်ပြောင်းခြင်း

ယူရေနီယမ်သတ္တုရိုင်းကို တူးယူပြီးရင် စက်နဲ့ အမှုန့်ကြိတ်ပစ်ရပါတယ်။ ဒီအမှုန့်တွေကို ဓာတုဗေဒနည်းနဲ့ သန့်စင်ပစ်ပြီး “အဝါရောင်ကိတ်မုန့်” yellow cake လို့ခေါ်တဲ့ ယူရေနီယမ်အခဲ ပြန်လုပ်ရပါတယ်။ ဒီအဝါရောင်ကိတ်မုန့်မှာ ယူရေနီယမ် (၆၀-၇၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဒီယိုသတ္တိကြွအန္တရာယ်ရှိနေပါပြီ။

ဒီနေရာမှာ နျူကလီးယားပညာရှင်တွေရဲ့ အဓိကအလုပ်က ရထားတဲ့ယူရေနီယမ်ထုထဲမှာ ယူ-၂၃၅ အနုမြူ ပမာဏတိုးလာအောင် လုပ်ဖို့ဖြစ်ပါတယ်။ ဒါကို ယူရေနီယမ်သန့်စင်မှု enrichment လို့ခေါ်ပါတယ်။ သန့်စင်ဖို့အတွက် အဝါရောင်ကိတ်မုန့်ကို နိုက်ထရစ်အက်ဆစ်နဲ့ ဖျော်ပြီး ဓာတုဗေဒနည်းနဲ့ ပြုပြင်ရပါတယ်။ ဒီ့နောက်မှာ အပူပေးပြီး ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ် ဓာတ်ငွေ့ဖြစ်လာစေပါတယ်။

ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ဟာ ထိတဲ့ပစ္စည်းတွေကို လောင်တတ် စားတတ်တဲ့အတွက် အင်မတန် သတိထားကိုင်တွယ်ရပါတယ်။ ဒီဓာတ်ငွေ့ထုတ်လုပ်တဲ့စက်ရုံက ပိုက်လိုင်းတွေ မော်တာစက်တွေကို ခံနိုင်ရည်ရှိတဲ့ အလျူမီနီယမ်-နီကယ်သတ္တုစပ်တွေနဲ့ အထူးတည်ဆောက်ရပါတယ်။ ဒါ့အပြင် ဒီဓာတ်ငွေ့ကို ဆီအမျိုးမျိုး၊ အမဲဆီ၊ အင်ဂျင်ဝိုင် စတာတွေနဲ့ မထိတွေ့အောင်လည်း ထားရပါတယ်။ နို့မဟုတ်ရင် မတော်တဆ ဓာတုတုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။

၃။ သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုမှာသုံးမယ့် ယူရေနီယမ်ကို ယူ-၂၃၅ (၂-၃) ရာခိုင်နှုန်းပါအောင် သန့်စင်ယူရပါတယ်။ လက်နက်အတွက်ဆိုရင်တော့ ယူ-၂၃၅ (၉၀) ရာခိုင်နှုန်းပါတဲ့အထိ သန့်စင်ပစ်ဖို့လိုပါတယ်။

အများဆုံးသုံးတဲ့ သန့်စင်နည်းကတော့ gas centrifuge ဓာတ်ငွေ့ ဗဟိုခွာအားနည်းဖြစ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ကို ပြွန်လုံးရှည်ထဲထည့်ပြီး အရှိန်မြင့်လှည့်ပေးတဲ့အခါ ပိုလေးတဲ့ ယူ-၂၃၈ အိုင်ဆိုတုပ်က ဘေးမှာလာစုပါတယ်။ ဒီ ယူ-၂၃၈ ကို ပြွန်အောက်ဘက်ကနေ ထုတ်ယူပြီး အလယ်မှာစုနေတဲ့ ယူ-၂၃၅ များတဲ့ ဓာတ်ငွေ့ကို သီးသန့်ထုတ်ယူပါတယ်။ ဒီ ယူ-၂၃၅ ဓာတ်ငွေ့ကို နောက်ထပ်ဗဟိုခွာအားစက်ထဲပို့ပြီး ထပ်'ကျင်' ရပါတယ်။ ဒီလို ထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင်ထားရပါတယ်။ ရေဒီယိုသတ္တိကြွမှု နည်းနည်းရှိတဲ့ လက်ကျန် ယူ-၂၃၈ တွေကိုတော့ အားပျော့ယူရေနီယမ် depleted uranium လို့ခေါ်ပြီး သံချပ်ကာဖောက် အမြောက်ဆန်တွေ၊ ကျည်ဆန်တွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

နောက်ထပ်သန့်စင်နည်းကတော့ စိမ့်ထွက်နည်း diffusion လို့ခေါ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာ ဖလိုရိုက်ဒ်ဓာတ်ငွေ့ကို အမှေးပါးတခုကို ဖြတ်သန်းခိုင်းတဲ့အခါ ပိုပေါ့တဲ့ ယူ-၂၃၅ က အမှေးပါးဇကာကို ပိုမြန်မြန်ဖြတ် နိုင်တဲ့အတွက် ခွဲထုတ်ယူလို့ရပါတယ်။ ဗဟိုခွာအားနည်းလိုပဲ ဒီနည်းမှာလည်း အမှေးပါးဖြတ်တာကို ထပ်တလဲလဲ လုပ်ရပါတယ်။

၎။ ဓာတ်ပေါင်းဖို

ရလာတဲ့ ယူ-၂၃၅ ကို နျူကလီးယားဓာတ်ပေါင်းဖိုမှာဖြစ်စေ၊ နျူကလီးယားလက်နက်မှာဖြစ်စေ သုံးနိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာ နျူကလီးယားခွဲစိတ်ခြင်းက ထွက်လာတဲ့အပူဓာတ်ကို ထိန်းချုပ်ပြီး ရေနွေးငွေ့ထွက်အောင်လုပ်၊ တာဘိုင်တွေကိုလည်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ပါတယ်။
သာမန်နျူကလီးယားဓာတ်ပေါင်းဖိုမှာ (၂-၃) ရာခိုင်နှုန်းသန့်စင်ပြီး ယူရေနီယမ်ကို လောင်စာအခဲလေးတွေပုံစံနဲ့ သုံးပါတယ်။ ဒီအခဲလေးတွေက ကျပ်လုံးလောက်ရှိပြီး တလက်မရှည်ပါတယ်။ ဒါလေးတွေကို အချောင်းရှည်တွေဖြစ်အောင် စုထပ်ပြီး အပူကာနံရံထူတဲ့ အလုံပိတ်အခန်းထဲ ထည့်ထားပါတယ်။ ဓာတ်ပေါင်းဖို တော်တော်များများမှာ လောင်စာချောင်းအထုပ်တွေကို အေးအောင်လို့ ရေအောက်မှာမြှုပ်ထားပါတယ်။ တချို့ဓာတ်ပေါင်းဖိုတွေမှာတော့ အေးအောင် ကာဘွန်ဒိုင်အောက်ဆိုက် သို့မဟုတ် သတ္တုအရည် သုံးပါတယ်။

ခွဲစိတ်တုံ့ပြန်မှုနဲ့ အပူထွက်နိုင်ဖို့အတွက် ယူရေနီယမ်လောင်စာအနှစ်သားဟာ 'အခြေပြောင်း' အနေအထားမှာ ရှိရပါမယ်။ ဆိုလိုတာက ယူရေနီယမ်ဟာ ကိုယ့်ဖာသာကိုယ် ကွင်းဆက်တုံ့ပြန်မှု ဖြစ်နိုင်မယ့် အလုံအလောက် သန့်စင်မှု ရှိရပါမယ်။

နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ထိန်းချုပ်တံတွေကို ဓာတ်ပေါင်းဖိုအခန်းထဲ မြှုပ် သွင်းထားပါတယ်။ ဒီထိန်းချုပ်တံတွေကို နျူထရွန်တွေစုပ်ယူနိုင်တဲ့ ဓာတ်ပစ္စည်း၊ ဥပမာ ကက်ဒ်မီယမ်နဲ့ လုပ်ထားပါတယ်။ နျူထရွန်တွေကို စုပ်ယူလိုက်လို့ နျူထရွန်အရေအတွက်နည်းသွားရင် ကွင်းဆက်တုံ့ပြန်မှု နည်းသွားတဲ့အတွက် ခွဲစိတ်မှုဖြစ်စဉ် နှေးကွေးသွားပါတယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ နျူကလီးယားဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ (၁၇) ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပါတယ်။ ဒါတင်မက နျူကလီးယားဓာတ်ပေါင်းဖိုသုံးပြီးသွားတဲ့ သင်္ဘောနဲ့ ရေငုပ်သင်္ဘော တွေလည်း ရှိနေပါတယ်။

၅။ ယူရေနီယမ် နျူကလီးယားဗုံး

နျူကလီးယားဗုံးထုတ်လုပ်တဲ့အခါ ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်စေပြီး အပူဓာတ်အများကြီး ဒလကြမ်းထုတ်လွှတ်မယ့် မဟာ့မဟာအခြေပြောင်းဒြပ်ထု ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ရပါတယ်။ အလွယ်ဆုံးပုံစံတခုက 'သေနတ်' ပုံစံလို့ ခေါ်တဲ့ဟာဖြစ်ပါတယ်။ ဒီပုံစံမှာ အခြေပြောင်းရောက်ခါနီး ယူရေနီယမ်ဒြပ်ထု အလုံးငယ်တခုကို ယူရေနီယမ်ဒြပ်ထု အလုံးကြီးတခုဆီ ပြေးဆောင့်ခိုင်းတဲ့အခါ အလုံးနှစ်ခုပေါင်းပြီး မဟာ့မဟာအခြေပြောင်းအဆင့် ရောက်သွားတဲ့အတွက် နျူကလီးယားပေါက်ကွဲမှု ဖြစ်သွားပါတယ်။ ဒီလိုဖြစ်ဖို့အချိန်က တစက္ကန့်တောင်မရှိပါဘူး။

အလွန်အမင်းသန့်စင်ထားတဲ့ (၉၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့) ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ကို ယူရေနီယမ်အောက် ဆိုက်အဖြစ် အရင်ဓာတ်ပြောင်းပြီးနောက် ယူရေနီယမ်သတ္တုတုံးတွေအဖြစ် ပုံသွင်းလိုက်ရင် ယူရေနီယမ်အနုမြူဗုံးအတွက် လိုအပ်တဲ့လောင်စာ ရပါတယ်။ ဒီလုပ်ငန်းကို အတော်လေးလွယ်ကူတဲ့ ဓာတုဗေဒနည်း၊ အတော်လေး လွယ်ကူတဲ့ အင်ဂျင်နီယာနည်းတွေနဲ့ လုပ်နိုင်ပါတယ်။

အင်အားအကောင်းဆုံး အခြေခံနျူကလီးယားခွဲစိတ်လက်နက် သို့မဟုတ် အနုမြူဗုံးဟာ ပေါက်ကွဲအား ကီလိုတန် (၅၀) ရှိပါတယ်။ ဒီပေါက်ကွဲအားကို နျူကလီးယားပေါင်းစည်းမှု nuclear fusion သတ္တိ အသုံးချပြီး တိုးမြှင့်ပေးနိုင်ပါတယ်။ ပေါင်းစည်းမှုဆိုတာက ဟိုက်ဒြိုဂျင်အနုမြူအိုက်ဆိုတုပ်ရဲ့ နျူးကလီးယပ်စ်တွေကို ပေါင်းစည်းပေးပြီး ဟီလီယမ်နျူးကလီးယပ်စ် ဖြစ်အောင် လုပ်တာဖြစ်တယ်။ ဒီလိုဖြစ်ဖို့ ဟိုက်ဒြိုဂျင်နျူးကလီးယပ်စ်တွေကို အင်မတန် မြင့်မားတဲ့ အပူချိန်နဲ့ဖိအား ပေးရတယ်။ ဒီလို အပူချိန်နဲ့ဖိအား အများကြီးရဖို့ အနုမြူဗုံးကနေ ယူရပါတယ်။

နျူကလီးယားပေါင်းစည်းမှုကနေ ခွဲစိတ်တုံ့ပြန်မှုထဲကို ပိုအားပြင်းတဲ့ နျူထရွန်တွေ သွင်းပေးတဲ့အတွက် ပေါက်ကွဲအား ပိုကြီးသွားစေပါတယ်။ အဲသလို ခွဲစိတ်-ပေါင်းစည်းကိရိယာတွေကို ဟိုက်ဒြိုဂျင်ဗုံး သို့မဟုတ် သာမို နျူကလီးယားလက်နက်လို့ ခေါ်ကြပါတယ်။

၆။ တကျော့ပြန်သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုကထွက်တဲ့ အညစ်အကြေးတွေကနေ ဓာတုဗေဒနည်းနဲ့ အသုံးဝင်တဲ့လောင်စာ ခွဲထုတ် ရီဆိုင်ကယ်လုပ် ပြန်အသုံးချတာကို တကျော့ပြန်သန့်စင်မှု reprocessing လို့ခေါ်ပါတယ်။ သုံးပြီးသား လောင်စာချောင်းတွေကို အပြင်ကသတ္တုအခွံခွာပြီးတော့ အပူပေးထားတဲ့ နိုက်ထရစ်အက်ဆစ်ထဲမှာ ဖျော်ပစ်လိုက်ရင် ဓာတ်ပေါင်းဖိုမှာ ပြန်သုံးနိုင်တဲ့ ယူရေနီယမ်က (၉၆) ရာခိုင်နှုန်း၊ အလွန်အမင်းရေဒီယိုဓာတ်ကြွအညစ်အကြေးက (၃) ရာခိုင်နှုန်း၊ ပလူတိုနီယမ်က (၁) ရာခိုင်နှုန်း ရပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုအားလုံးက ပလူတိုနီယမ်ထွက်ပါတယ်။ ဒါပေမယ့် စစ်ရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေက ပိုပြီး ထိထိရောက်ရောက်ထုတ်လုပ်နိုင်ပါတယ်။

ပလူတိုနီယမ်ထုတ်လုပ်ဖို့အတွက် နျူကလီးယားဓာတ်ပေါင်းဖိုတခုနဲ့ တကျော့ပြန်သန့်စင်စက်ကို သာမန် အဆောက်အဦတခုတည်းမှာပဲ လူမသိသူမသိ တပ်ဆင်ထားလို့ရပါတယ်။ ဒါကြောင့် လျှို့ဝှက်လက်နက်လုပ်ငန်း လုပ်ချင်တဲ့ နိုင်ငံတွေအတွက် အခုလို တကျော့ပြန်သန့်စင်နည်းနဲ့ ပလူတိုနီယမ်ထုတ်ရတာက တွက်ခြေကိုက်ပြီး ဖုံးကွယ်နိုင်မှုလည်းရှိလို့ သဘောကျကြပါတယ်။

၇။ ပလူတိုနီယမ် နျူကလီးယားဗုံး

နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ ပလူတိုနီယမ်နဲ့ လုပ်တာက ယူရေနီယမ်နဲ့လုပ်တာထက် အားသာချက်တွေ အတော်များများရှိပါတယ်။ သာလွန်ချက်တခုက ပလူတိုနီယမ်က ပမာဏနည်းနည်းနဲ့ ပိုအားပြင်းတဲ့ဗုံး လုပ်လို့ ရတာဖြစ်ပါတယ်။ ကီလိုတန် (၂၀) ပေါက်ကွဲအားရှိတဲ့ဗုံး လုပ်ဖို့ ပလူတိုနီယမ် (၄) ကီလိုပဲလိုပါတယ်။ တနှစ်ကို ပလူတိုနီယမ် (၁၂) ကီလို ထုတ်လုပ်နိုင်ဖို့အတွက် တကျော့ပြန်သန့်စင်ရေးစက်ရုံ ခတ်သေးသေးရှိရင်ရပါတယ်။

ပလူတိုနီယမ်ဗုံးတခုမှာ ပလူတိုနီယမ်အလုံးတလုံးကို ဘယ်ရီလီယမ်အခွံနဲ့ ဖုံးထားပါတယ်။ ဒီအခွံက နျူထရွန်တွေကို ခွဲစိတ်ဖြစ်စဉ်ထဲ ပြန်ရိုက်ခတ်စေဖို့ဖြစ်ပါတယ်။ ဒါကြောင့် အခြေပြောင်းဒြပ်ထု ဖြစ်လာပြီး ကိုယ့်ဖာသာ ဆက်တိုက် ခွဲစိတ်တုံ့ပြန်မှုဖြစ်ဖို့ ပလူတိုနီယမ်ပမာဏ နည်းနည်းပဲလိုတာဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့တဖွဲ့ ဒါမှမဟုတ် ဆိုးသွမ်းနိုင်ငံတခုဟာ နျူကလီးယားဗုံးလုပ်ဖို့အတွက် ယူရေနီယမ်ကို သန့်စင် ပြီးလုပ်တာထက် ကမ္ဘာအနှံ့က အရပ်ဘက်သုံးနျူကလီးယားဓာတ်ပေါင်းဖိုတွေကနေ ပလူတိုနီယမ် ရယူလုပ်တာက ပိုလွယ်နိုင်ပါတယ်။

ပလူတိုနီယမ်ဗုံး အကြမ်းစားတခုကို အကြမ်းဖက်သမားတွေ လုပ်နိုင်ဖို့ဆိုတာ အရင်တခါ ဂျပန်မှာ အဆိပ်ငွေ့နဲ့ အကြမ်းဖက်သွားတဲ့ ဥုံ ဂိုဏ်း အဆင့်လောက်ကတတ်တဲ့ ကျွမ်းကျင်မှုအရည်အချင်းနဲ့ တည်ဆောက်နိုင်တယ်လို့ ပါရဂူ တွေကဆိုပါတယ်။ အဲသလို နျူကလီးယားဗုံးဟာ ပေါက်ကွဲအား တီအင်တီယမ်းတန်ချိန် (၁၀၀) နဲ့ ညီမျှပါလိမ့်မယ်။

၈။ ဓာတ်ရောင်ခြည်သင့်ရောဂါ

ရေဒီယိုသတ္တိကြွပစ္စည်းတွေဖြစ်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်တွေကို ကိုင်တွယ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ တပ်မတော်သားတွေဟာ နျူကလီးယားဓာတ်ရောင်ခြည်သင့်မှု အန္တရာယ် ကျရောက်နေပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါ လက္ခဏာတွေကတော့ ဓာတ်ရောင်ခြည်ပမာဏပေါ်မူတည်ပြီး ပြင်းထန်မှုရှိပါတယ်။ အများဆုံး (၆) နာရီကြာမှ စပေါ်တာရှိသလို များရင်တော့ ချက်ချင်းလက္ခဏာပြပါတယ်။

ဖြစ်တတ်တာတွေက ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အဖျားတက်ခြင်း၊ အရေပြား ရောင်ရမ်းပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အကြောဆွဲခြင်း၊ အားနည်းခြင်း၊ ခြေတုန် လက်တုန်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျ သွေးလန့်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ အင်္ဂါမစုံ ကလေးမွေးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ရောဂါပိုးအမျိုးမျိုးဝင်ခြင်း၊ သွေးကင်ဆာနဲ့ တခြားကင်ဆာများဖြစ်ခြင်း၊ သေဆုံးခြင်း တို့ဖြစ်တတ်ပါတယ်။

အရင်က ရုရှနိုင်ငံမှာ ချာနိုဘိုင်း နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ကြောင့် လူ (၃၁) ယောက် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။ အခုလည်း မြန်မာနိုင်ငံမှာ အရည်အချင်းညံ့ဖျင်းပြီး ဖြစ်ကတတ်ဆန်းနဲ့ လဘော်သရေကျလှတဲ့ နအဖစစ်တပ်ရဲ့ လျှို့ဝှက်နျူကလီးယားစီမံကိန်းကြောင့် အရပ်သားပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ တပ်မတော်သားတွေ ဓာတ်ရောင်ခြည်သင့်ရောဂါရပြီး ဆေးရုံတက်ရတဲ့သတင်းတွေ ကြားနေရပါပြီ။

ဓာတ်ရောင်ခြည်သင့်မှုကနေ ကာကွယ်ဖို့ဆိုရင် အချိန်ကြာထိတွေ့မှု မပြုဖို့၊ အနီးကပ် မကိုင်တွယ်ဘဲ ညှပ်ရှည်ရှည်တွေသုံး ကိုင်တွယ်ဖို့၊ ခဲသုတ်ထားတဲ့ဝတ်ရုံတွေ ဝတ်ဖို့လိုပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါအတွက် ဆေးမရှိပါ။ သက်သာရုံပဲ တတ်နိုင်ပါတယ်။

ရည်ညွှန်း။ BBC မှ The Nuclear Fuel Cycle ဆောင်းပါး

နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား

ရဲဘော်ဖိုးသံချောင်း / ၁၅ ဇွန် ၂၀၁၀


နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲကို အီးလေးဆွဲနေပါတယ်။ ကြိုက်တဲ့အချိန်မှာ သူတို့ထင်သလို လုပ်နိုင်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ထီမထင်ဂိုက်ဖမ်းနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ဒီလိုကြိတ်ကြံ၊ လိပ်ဉာဏ်တွေ ထုတ်နေကြတုန်းမှာပဲ နျူကလီးယားဗုံးက သူတို့အနားမှာ ထပေါက်ပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းမှာ နအဖဗိုလ်ချုပ်တွေ ခံစစ်အနေအထားကနေ မပြောင်းနိုင်တဲ့အပြင် ပိုလို့တောင် နစ်လာနေတဲ့သဘောပါ။ မြွေပူရာကင်းမှောင့်တာလေလား။ ကောက်ကောက်ကျစ်ကျစ် လုပ်တယ်ဆိုတာမှာ အမြဲ အဆင်မချောတာဟာ ဆန်းတော့ မဆန်းဘူးလို့သာ ဆိုရတော့မှာပါ။

နိုင်ငံတကာအလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဖြစ်နိုင်လို့ ငပွကြီးလုပ်မယ်စဉ်းစားတဲ့ ဗိုလ်ချုပ်တွေဟာ မာဖီးယား သာသာအတွေးအခေါ်နဲ့ နျူကလီးယားဗုံးကိုပိုင်ဖို့ လုပ်တယ်ဆိုရင်တော့ နွေလယ်မှာ အရူးအိပ်မက် မက်သလိုဖြစ်ရုံမက တန်ပြန်ဆိုးကျိုးတွေ ထွေးရောဥပဒ်ပါ ဖြစ်ပေါ်လာပါလိမ့်မယ်။ ယိုးဒယားကို ရန်လို၊ တရုတ်နဲ့ကုလားကို ပုဆိုးခြုံထဲက လက်သီးပြ၊ အမေရိကန်နဲ့ ဥရောပကို မေးငေါ့လုပ်နေတဲ့ နိုင်ငံခြားရေးဝါဒအောက်က ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည် ပြည်သူတွေပါ နျူကလီးယားလက်နက်ရဲ့ ခြိမ်းခြောက်မှု ရောက်မှန်းမသိ ရောက်လာရပါတော့မယ်။

ဒီလိုအခါမှာ နအဖအတွက် ရှေ့နေလိုက်၊ ကြားကနေ ဗိုက်ထိုးပေးပြီး ဓားထိုးခံနေတဲ့ ဗောင်းတော်ညိတ် ဂျာနယ်တခုမှာ ကိုယ့်ကိုယ်ကိုယ် လက်နက်ချပါလို့ ဂုဏ်ယူစွာကိုယ်တိုင်ကြေညာထားတဲ့ လက်နက်ချတယောက်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်းပေးရေးဟာ ချောချောမွေ့မွေ့မှ ဖြစ်ပါ့မလားလို့ ဆင်ဝန်ကတော်လို ကြောင့်ကြပြနေတာ တွေ့လိုက်ရပါတယ်။ သူဟာ ဒီရွေးကောက်ပွဲမှာ နအဖပဲ နိုင်မယ်ဆိုတာကိုသိလို့ ပူပန်တာလား၊ မသိချင်ဟန်ဆောင်ပြီး ပူရုပ်ဆင်ပြတာလား ဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်မှသိမှာပါ။ နိုင်ငံ့အာဏာကို အကြိမ်ကြိမ်သိမ်းဖူးတဲ့ စစ်အုပ်စုနဲ့စစ်တပ်ဟာ အာဏာလွှဲပြောင်းရေးမှာ အဖုအထစ်ဖြစ်နေရင် လုယူမှာသာဖြစ်တယ်၊ သူတို့အတွက် ဘာမှမချောမွေ့စရာမရှိဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကလည်း သူတို့ကို ရှောရှောရှူရှူ အာဏာသိမ်းခွင့်ပေးထားတယ်ဆိုတာကို အဲဒီကပ်ပါး ကလောင်ရှင် မေ့နေဟန် တူပါတယ်။ အခုမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးကိုမေးလာရင် အညံ့စားဟာသတခုကို ထုတ်လာတယ်လို့ ပြောရမယ့်အခြေအနေဖြစ်ပါတယ်။ ဗေဒင်မေးနေရင် ဆန်တပြည် ငွေတမတ် အလဟဿ ဆုံးသွားတာသာ ရှိမှာပါ။

သူ့လိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပူပင်နေကြတာတွေအထဲမှာ ရွေးကောက်ပွဲဟာ လုပ်မှလုပ်ဖြစ်ပါ့မလားလို့ ပူပင်တာမျိုးလည်း ပါဝင်ပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ နအဖကို ကမ္ဘာ့အလယ်မှာ လူရာသွင်းပေးပြီး ချူစားချင်တဲ့ အမေရိကန်က ဆီနိတ္တာ ဂျင်မ်ဝက်ဘ်လိုလူတွေပါ။ ဂျင်မ်ဝက်ဘ်ဟာ နအဖရဲ့ ရွေးကောက်ပွဲကို ဘယ်လိုကြံဖန် ချီးကျူးရပါ့မလဲလို့ စဉ်းစားပြီး ပြင်ဆင်လာခဲ့ပါမှ နအဖက ဆေးဖော်ကြောဖက်မလုပ်တာနဲ့ ကြုံတွေ့ရပါတယ်။ ဒီအခါမှာ ဒါကိုအရှက်ပြေဖုံးကွယ်ဖို့အတွက် နအဖဗိုလ်ချုပ်တွေ နျူကလီးယားနဲ့ ကစားနေတာကို အခုမှသိလေဟန်နဲ့ တောပြောတောင်ပြော ပြောပြီး မြန်မာပြည်တံခါးဝ ရောက်ကာမှ ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။ သူတို့လိုလူတွေအတွက်တော့ နအဖက တရားမဝင်တဲ့နည်းနဲ့ (၁ဝ) လ (၁ဝ) ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ လေလည်ပေးလိုက်ပါတယ်။

အာဏာလက်ကိုင်ထားသူနဲ့ အာဏာမဲ့သူတို့ ပြိုင်ကြတယ်ဆိုရင် အာဏာရထားသူတွေက အချိန်ဆွဲတာ၊ အချိန်ကစားတာတွေ ပိုပြီးလုပ်နိုင်ပါတယ်။ နအဖသက်တမ်းမှာ ဒီလိုလုပ်ခဲ့တာတွေ တွေ့ခဲ့ဖူးလှပါပြီ။ ဒီတခါ ရွေးကောက်ပွဲမှာကျတော့ နအဖအဖို့ ဒီနည်းပရိယာယ်ဟာ ပိုလို့တောင်အသုံးတည့်နေတာ တွေ့ရပါတယ်။ အခုဆိုရင် တစညအဖွဲ့တောင် အတော်လေသံ ပျော့သွားတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နအဖဟာ သူတို့ထင်ထားတာထက် ပိုကောက်လိမ့်မယ်ဆိုတာ ထင်ရှားသထက် ထင်ရှားလာတာနဲ့အမျှ ပါတီဝင်သန်းနဲ့ချီ ရှိပါတယ်လို့ ကြွားနေတဲ့ တစညဟာ အပျောက်ပေးရမယ့်ငွေအတွက် အတော်လေး စဉ်းစားနေတဲ့ သဘောကို တွေ့နေရပါတယ်။ ဖဆပလအဆက် နု-ဆွေ-ငြိမ်း သမီးတွေဆိုရင်လည်း အသံသိပ်မထွက်နိုင်တော့ပါဘူး။ သူတို့အနေနဲ့ စည်းစိမ်အပြုတ်ခံပြီး ကြံ့ဖွံ့ကိုရင်ဆိုင်ဖို့ဆိုတာကို နှစ်ခါမကပြန်စဉ်းစားနေရပါပြီ။ ဒီနေ့အခါမှာ သူတို့နည်းတူပဲ “ပြည်ပက အထောက်အပံ့မှတပါး အခြားအားကိုးစရာမရှိပြီ” ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရူးနေသူတွေမနည်းဘူးလို့ ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထမ်းပိုးနဲ့လှည်းတုတ်အကြားမှာ ဒုက္ခတွေ့နေကြတယ်လို့ဆိုရင် မမှားပါဘူး။

ဒီလိုအချိန်မှာ နအဖဟာ လက်နက်ကိုင်တပ်နောက်ခံမရှိတဲ့ တိုင်းရင်းသားပါတီတွေကိုတော့ မှတ်ပုံတင်ခွင့်တွေ ဖောခြင်း သောခြင်း ထုတ်ပေးနေတာ တွေ့ရပါတယ်။ သူတို့ဘာလို့ ဒီလိုပေးတယ်ဆိုတာကတော့ ရှင်းပါတယ်။ နံပါတ်တစ်က နအဖစစ် အစိုးရဟာ တိုင်းရင်းသားတွေကို အခွင့်အရေးပေးကြောင်း၊ နေရာပေးလိုကြောင်း အသားယူချင်လို့ဖြစ်ပါတယ်။ တိုင်းရင်းသား ပြဿနာနဲ့ပတ်သက်လို့ နာမည်ပျက်လှတဲ့အနေအထားကို တစုံတရာဖာထေးလို့ ရလိုရငြား စဉ်းစားပြီးလုပ်တာ ဖြစ်ပါတယ်။ နံပါတ်နှစ်က တချို့တိုင်းရင်းသားပါတီတွေကို မှတ်ပုံတင်ခွင့်မပြုဘဲထားတာကို ဖုံးကွယ်နေအောင်လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ အခုခွင့်ပြုလိုက်တဲ့ အဖွဲ့စည်းတွေဟာ ဘယ်လိုနည်းနဲ့မှ ဗဟိုအာဏာကို မမှန်းနိုင်တာ၊ သူတို့စစ်အုပ်စုရဲ့ အာဏာချုပ်ကိုင်မှုကို အန္တရာယ်မပေးနိုင်တာ သေချာနေလို့ပဲ ဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီအဖွဲ့အစည်းတွေဟာ ပြည်နယ် အာဏာကိုတောင်မှ မှန်းနိုင်လှတာမဟုတ်ပါဘူး။ သူတို့ဒေသတွေမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မှာကလည်း သေချာနေသလောက်ပါ။ အဲဒီကြံ့ဖွံ့တွေရဲ့နောက်မှာက ပြည်နယ်တွေမှာ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုပေးမှာပါ။ ဒီတော့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေ ကံကောင်းမှဖားလောင်းက ဖားဖြစ်မယ့်ကိစ္စ၊ နအဖအတွက် ဝါဒဖြန့်လို့ ကောင်းမယ့်ကိစ္စကို နအဖစစ်ဗိုလ်တွေက လိုလိုလားလားခွင့်ပြုနေတာဟာ ဘာမှမဆန်းပါဘူး။

တကယ်က ဒီရွေးကောက်ပွဲက တင်မြှောက်မှာက တိုင်းပြည်ကိုအုပ်ချုပ်စီမံတဲ့ လွှတ်တော်တခုမဟုတ်ပါဘူး။ တိုင်းပြည်ကို တကယ်တမ်းအုပ်ချုပ်မှာက “စစ်ရေးအမြင်ရှိတဲ့” သမ္မတနဲ့ လွှတ်တော်အတွင်းရှိ စစ်တပ်ကိုယ်စားလှယ်အစုက ရွေးတင်လိုက်တဲ့ ဒုသမ္မတတို့သာဖြစ်ပြီး ဒီလွှတ်တော်ဆိုတာက အဲဒီသမ္မတ နှစ်ယောက် ပြောတာတွေကို အတည်ပြုပေးတဲ့ အလုပ်ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ပိုတိကျအောင်ပြောရရင် သမ္မတကပဲ အုပ်ချုပ်မှာဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေရဲ့ အခန်း (၅) မှာ ဒီသမ္မတဆိုသူကို လွှတ်တော်မဖြတ်သန်းဘဲ လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားပါသေးတယ်။ စဉ်းစားကြည့်ပါ။ ဗိုလ်သန်းရွှေလို သမ္မတက လွှတ်တော်ကို အတည်ပြုခိုင်းတယ်ဆိုရင် ဘယ်သူကဆန့်ကျင်ရဲ၊ ငြင်းရဲမှာတဲ့လဲ။ တကယ်ကျတော့ ဒီလိုလွှတ်တော်မျိုးမှာ ကိုယ်စားလှယ် လုပ်ရတယ်ဆိုတာဟာ တိုက်ကြက်အတွက် အနာခံလေ့ကျင့်ပေးရတဲ့ ခွပ်လက်ခံကြက် ဘဝလောက်တောင်မဟုတ်ဘဲ ကျွန်ဝယ်ရာ အဆစ်ပါသလိုသာဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ကျွန်တွေရလေ့ရှိတဲ့ လှုပ်ရှားခွင့် စပေ့စ်တွေမျိုးသာ ရပါလိမ့်မယ်။ တကယ်တော့ လူတချို့ဟာ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခွင့်ရတဲ့ စပေ့စ်မျိုးနဲ့သာ ထိုက်တန်တာပါ။