Showing posts with label နိုင်ငံများ၏ နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံများ၏ နိုင်ငံရေး. Show all posts

Friday, June 18, 2010

တိုက်ပွဲမှသည် အောင်ပွဲဆီသို့

ဝေလင်း / ၂၆ ဧပြီ ၂၀၁၀


၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘရပ်ဆဲလ်ညီလာခံရဲ့ စက်မှုဇုန်လုပ်သားများအရေး ထုတ်ပြန်ချက်မှာ တရုတ်ပြည် အလုပ်သမားတွေ တနာရီ ဆင့် (၂၀) တလ (၄၇.၃၂၀) ဒေါ်လာ၊ သီရိလင်္ကာမှာ တနာရီ (၄၀) ဆင့် တလ အမေရိကန် (၉၄.၆၄ ဒေါ်လာ)၊ ထိုင်းအလုပ်သမားတွေက ဆင့် (၇၈) ဆင့် တလ အမေရိကန် (၁၈၄.၅၄၈) ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်မှာ တနာရီ (၈) ဆင့် တလကို အမေရိကန် (၁၈.၉၂၈) ဒေါ်လာနှုန်းစီ လုပ်ခတွေ အသီးသီး ရနေကြတယ်လို့ ဆိုထားပါတယ်။

ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားက စက်မှုဇုန်လုပ်သားတွေ တလကို ဒေါ်လာ (၁၀၀- ၁၂၀) လောက်ရနေချိန်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာနိုင်ငံ စက်မှုဇုန်လုပ်သားတွေကတော့ တလကို အမေရိကန်ဒေါ်လာ (၂၀ - ၃၀) ၀န်းကျင်လောက်သာ ရနေကြပါတယ်။

၂၀၀၉ အောက်တိုဘာလ (၇) ရက်နေ့မှာ နိုင်ငံစုံ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတို့က တရုတ်၊ ဟောင်ကောင်နဲ့ အိန္ဒိယ အပါအ၀င် အာရှဒေသတွင်း အထည်ချုပ်လုပ်သားအားလုံးအတွက် အကျုံးဝင်မယ့် ဘုံအခြေခံ စံနမူနာ လစာငွေတရပ် ချမှတ်ရေးဆွဲခဲ့ကြရာမှာ သာမန်အလုပ်သမား မိသားတစု (လူကြီး ၂ ဦး၊ ကလေး ၂ ဦး အပါအ၀င်) အတွက် လစဉ် စားသောက်နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကိစ္စအားလုံး ဖြေရှင်းနိုင်ဖို့ဆိုရင် အမေရိကန်ဒေါ်လာ (၄၇.၅) ဒေါ်လာ လိုအပ်တယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ လှိုင်သာယာစက်မှုဇုန်က လုပ်သားတွေ ရကြတဲ့ လစာဟာ ဒီစံနှုန်းထားထက် ခေါက်ချိုးမက နည်းပါးလွန်းလှတဲ့လစာပါ။ ဒီလို ၀င်ငွေနည်းတာချင်းအတူတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် စက်မှုဇုန်လုပ်သားတွေမှာ အလုပ်သမားအခွင့်အရေးတိုက်ပွဲ သက်သက်သာမက တခြားပါတီ၊ အသင်းအဖွဲ့တွေနဲ့ပါ နိုင်ငံရေးအရ ပူးတွဲဆန္ဒပြ လှုပ်ရှားနိုင်ခွင့်ရှိနေတာကတော့ မြန်မာစက်မှုဇုန်လုပ်သားများထက် ပိုပြီးကံကောင်းနေတဲ့ အချက်တခုလို့ ဆိုရမလိုပါ။ စဉ်ဆက်မပြတ် တိုက်ခိုက်နေကြတဲ့ စက်မှုဇုန်ဆန္ဒပြမှုများစွာအနက် ၂၀၀၆ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ် စက်မှုဇုန်လုပ်သားတွေရဲ့ အောင်ပွဲရ သပိတ်ကြီးတခုအကြောင်း ဆက်စပ် နှိုင်းယှဉ်ကြည့် သင့်တာမို့ မိတ်ဆက်ပေးလိုက်ပါရစေ။

ချွေးထုတ်စက်ရုံတွေ အလိုမရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၀ ခုနှစ် ကတည်းကစပြီး ရယ်ဒီမိတ် အထည်ချုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာခဲ့တာပါ။ နိုင်ငံအနှံ့ လုပ်ငန်းပေါင်း (၄,၀၀၀) လောက် တည်ထောင်ထားသလို အလုပ်သမား (၂) သန်းခွဲလောက်က ဒီအထည်တွေကို ထုတ်လုပ်ပေးနေရတာပါ။ ထွက်ကုန်အများစုကို အနောက်ဥရောပ (EU) နိုင်ငံတွေနဲ့ အမေရိကန်ဘက် တင်ပို့နေပြီး စက်ရုံများက လုပ်သားအများစုဟာ ဆင်းရဲတဲ့ အမျိုးသမီးအလုပ်သမားတွေပါ။ (မှတ်ပုံတင်၊ မှတ်ပုံတင်မဲ့) စက်ရုံပေါင်း (၃,၄၈၀) ကနေ အလုပ်သမပေါင်း (၁.၈) သန်းကို အလုပ်ကိုင် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ (၁၀၀) ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်ခွင့်ပြုပေးထားတာမို့ ၂၀၀၈ ခုနှစ် စာရင်းဇယားတွေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၄၈၁၇.၀၅ ) သန်းမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍ (၁၂၀၃.၄၀) သန်း၊ ဆက်သွယ်ရေးကဏ္ဍ (၁၄၀၅.၉၆) သန်း၊ ချည်ထည်ထွက်ကုန် အထည်ချုပ်လုပ်ငန်း (၉၂၅.၀၃ ) သန်း စသည်ဖြင့် အထည်ချုပ်စက်မှုဇုန်တွေဟာ နိုင်ငံဝင်ငွေ အဓိကရှာဖွေပေးတဲ့ တတိယမြောက် လူသားရင်းမြစ် ကဏ္ဍတခုလည်း ဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းတွေကနေပြီး နှစ်စဉ် အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ (၇) ဘီလီယံဖိုး ရရှိနေတာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား တင်ပို့ကုန်အားလုံးရဲ့ (၇၀) ရာခိုင်နှုန်းလောက်ကို ဒီလုပ်သားတွေက ထုတ်လုပ်ပေးနေကြတာပါ။

၂၀၀၈ ခုနှစ် နိုင်ငံခြားပို့ကုန် စုစုပေါင်းတန်ဖိုးပေါင်းက (၁၅.၅၇) ဘီလီယံ အမေရိကန်ဒေါ်လာပါ။ အထည်ချုပ်ကဏ္ဍကနေ ၂၀၀၈ ခုနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ၊ ၂၀၁၀ မှာ (၁၃) ဘီလီယံဖိုး တိုးတက်ထုတ်လုပ်ဖို့လည်း ရည်ရွယ်ထားတာမို့ နောင်ဆိုရင် အမျိုးသားထုတ်ကုန် (၈၀) ရာခိုင်နှုန်းပမာဏကို တပြည်လုံးရှိ အလုပ်သမားဦးရေ စုစုပေါင်း (၄၀) ရာခိုင်နှုန်းလောက်သုံးပြီး တိုးချဲ့လုပ်ကိုင်သွားဖို့ရှိပါတယ်။ အလုပ်လက်မဲ့ဖောင်းပွမှုကို ထိန်းညှိထားနိုင်ပါတယ်လို့ အစိုးရ ကြေညာနေချိန်မှာ အလုပ်သမားတွေခမျာ လစာငွေကို (၂) လလောက် နောက်ကျခံစားနေရပြီး (၁) လမှာ အမေရိကန်ဒေါ်လာ (၂၀) ၀န်းကျင်လောက်ပဲ လစာငွေရကြတာကြောင့်လည်း ဒက္ကာမြို့လယ် လမ်းမပေါ်ကို မကြာခဏထွက်ပြီး အလုပ်သမားတွေ ဆန္ဒပြနေကြရတာပါ။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားတွေဟာ သူတို့လစာငွေ၊ အချိန်ပိုလုပ်ခတွေကို ပုံမှန်မရကြတဲ့အပြင် ရက်သတ္တပတ်မှာ နားရက်ဆိုတာကလည်း လုံးဝရှိကြပြန်တာမဟုတ်ပါဘူး။ သူတို့လစာငွေထဲက (၂) ရာခိုင်နှုန်းကို အလုပ်ရှင်တွေက ဖြတ်ယူတတ်ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် ဧပြီလအတွင်း ဒက္ကာမြို့အပြင်ဘက်က စက်ရုံတခုပြိုကျပြီး အလုပ်သမ (၆၃) ယောက် သေ၊ (၈၄) ယောက် ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလတုန်းကလည်း စက်ရုံမီးလောင်ပြီး လုပ်သား (၅၀) သေ၊ (၁၀၀) ကျော်ဒဏ်ရာရတဲ့ အဖြစ်မျိုးတွေလည်း ရှိခဲ့ပါသေးတယ်။ အလုပ်ရှင်တွေဘက်က စစ်တကောင်း၊ ဒက္ကာလို မြို့ကြီးတွေမှာတောင် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား အလုံအလောက် မရတာမို့ စက်စွမ်းအင် အပြည့်မလည်ပတ်နိုင်ဘဲ ထုတ်လုပ်မှု (၅၀) ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ တွက်ချက်နေသလို စီးပွားကပ်ပျက်ကြောင့်လည်း ထုတ်လုပ်မှုစရိတ်မှာ (၂၀) ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ ဆိုနေကြပြန်ပါတယ်။

ဒက္ကာမြို့အနီး စက်မှုမြို့တော် ဆာဗား သိုးမွှေးထည် စက်ရုံအုပ်စုမှာ၂၀၀၆ ခုနှစ် မေလ (၂၃) ရက်နေ့က အလုပ်သမားလုပ်ခတွေ အပါအ၀င် အပတ်စဉ် အလုပ်ပိတ် အားလပ်ခွင့် ခံစားခွင့်တွေ ရရှိဖို့ တောင်းဆိုထားခဲ့တဲ့ တောင်းဆိုချက် (၁၁) ရပ်ကို စက်ရုံပိုင်ရှင်တွေ ငြင်းပယ်ခဲ့ရုံမက အလုပ်သမားတွေကိုပါ စက်ရုံထဲပိတ်လှောင် ရေဖြတ်မီးဖြတ် ချုပ်နှောင်ထားခဲ့ရာကနေ မခံမရပ်ဖြစ်ကြပြီး သပိတ်မှောက်အလုပ်သမားတွေက စက်ရုံနဲ့တကွ ကားတွေ စက်ကိရိယာတွေကို မီးတင်ရှို့ခဲ့ကြသလို တိုင်းတပါး ရင်းနှီးမြှုပ်နှံသူတွေကိုလည်း မောင်းထုတ်ပစ်ခဲ့ကြပါတော့တယ်။ ဒီ ၂၀၀၆ ခုနှစ်လို သပိတ်မျိုးတွေက နှစ်တိုင်း ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားနေကျမို့ သိပ်မထူးဆန်းတော့ဘူးလို့ ဆိုရင်ဖြင့် ဒီလို သပိတ်မှောက်ခွင့်ရကြတဲ့ ဘင်္ဂလားဒေ့ရှ် စက်မှုဇုန်လုပ်သားတွေရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်ကို နည်းနည်းလေး ဆက်လေ့လာကြည့်ဖို့တော့ လိုလာပါလိမ့်မယ်။

တွဲဆက်လက်များ

၂၀၀၆ ခုနှစ် အရေးအခင်းအတွင်း ပျက်စီးခဲ့တဲ့ စက်ရုံပေါင်း (၂၅၀) ကျော်အနက် (၃၀) ဟာ ဆာဗား ပို့ကုန်အုပ်စု နိုင်ငံခြားသားပိုင် စက်ရုံတွေပဲ ဖြစ်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် အထည်ချုပ် ထုတ်လုပ်တင်ပို့သူများအစည်းအရုံး ဒု-ဥက္ကဋ္ဌ တဦးဖြစ်သူ ဆာဟာဒတ် ဟော့စိန် ချောင်ဒရီကတော့ ဆာဗားစက်မှုဇုန်က စက်ရုံ (၂၁) ရုံအပါအ၀င် စက်ရုံပေါင်း (၃၀၀) နီးပါး မီးရှို့ခံရပြီး (၃) ရက်တာကြာမြင့်ခဲ့တဲ့ စက်မှုဇုန်အလုပ်သမားအဓိကရုဏ်းမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄) ဘီလီယံဖိုး (တက်ကာ ငွေ သန်း ၇၀) နီးပါး ဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ အလုပ်သမား (၃) ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောပါတယ်။

အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ အလုပ်သမားသမဂ္ဂ အမျိုးသမီးခေါင်းဆောင် ရှရင်းအာတာကတော့ လုံးဝ အလုပ်နားရက် မရှိတာကြောင့် အခုလို အလုပ်သမားတွေ ဒေါသထွက်ပြီး အဓိကရုဏ်းဖြစ်ရတာပဲလို့ အပြစ်တင်ပါတယ်။ ပိုင်ရှင်တွေက အလုပ်သမားတွေကို လုပ်ခနဲ့ အိုဗာတိုင်ကြေး ပုံမှန်မပေးကြတဲ့အပြင် အလုပ်ရှင်က သူတို့လုပ်ခနဲ့ အိုဗာတိုင်ကြေးပေါ်ကနေပြီး (၂) ရာခိုင်နှုန်း ဖြတ်လေ့ရှိတယ်လို့ အလုပ်သမားတွေ ယုံကြည်နေကြကြောင်းကိုလည်း သူမက စွပ်စွဲထားပြန်ပါတယ်။

အစိုးရပြည်ထဲရေးဝန်ကြီး လာဖိုဇာမန်က ဒါဟာ အစိုးရအတွက် အဖျက်လုပ်ရပ်များဖြစ်သလို အိန္ဒိယနယ်ခြားစက်မှုဇုန်တွေက ကူးစက်လာတဲ့ ပြဿနာများလို့ ပြောပါတယ်။

အတိုက်အခံပါတီ ခေါင်းဆောင် ရှိတ်ဟာစီန၀ါဂျစ်ကတော့ လက်ရှိအစိုးရရဲ့ မအောင်မြင်ချက်တွေ အားလုံးကို အလုပ်သမားတွေအပေါ် အပြစ်ပုံချနေတယ်လို့ပြောပြီး အလုပ်သမားတွေအပေါ် လက်ရှိ (BNP) ပါတီ အစိုးရရဲ့ ဗိုလ်ကျကြီးစိုးမှု ပြန့်ပွားလာတာပဲလို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။

နိုင်ငံရေးသမားမဟုတ်တဲ့ ဘင်္ဂလား စီးပွားရေးရှေ့ဆောင်တွေကလည်း အလုပ်ရှင်ရော အစိုးရကပါ လုပ်သားတွေအပေါ် ဗိုလ်ကျအနိုင်ကျင့်နေတယ်လို့ စွပ်စွဲပြီး ဘင်္ဂလား စီးပွားရေးအသင်း ဥက္ကဋ္ဌ ကွာစီခိုလီကွစ်ဇာမန်ကတော့ ဒီပြဿနာဟာ ရေရှည်မဖြေရှင်းနိုင်မယ့် ပြဿနာတရပ်ပဲလို့ အခိုင်အမာထပ်ပြီး ထောက်ပြပါတယ်။

ဘင်္ဂလား အလုပ်သမားအရေး လေ့လာရေးသိပ္ပံ (BILS) ကတော့ ၁၉၉၇-၂၀၀၁ မှာ အထည်ချုပ်လုပ်ငန်းရှင်တွေဘက်က ပြဿနာကိုတားဆီးဖို့ သဘောတူညီချက် (၄) ချက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပေမယ့်လည်း အစိုးရ သတ်မှတ်ကြေညာ ပေးထားတဲ့ အနိမ့်ဆုံးလစာ (၂၅) ဒေါ်လာနှုန်းကို ၂၀၀၁ ခုနှစ်တုန်းကတည်းက အာမမခံခဲ့သလို စက်ရုံလုပ်ငန်းကြီးများအတွက် လမ်းညွှန်ချက် (၂၄) ရပ်အပြင် အခြားအလုပ်သမားဥပဒေ ဘယ်တခုကိုမှ စက်မှုဇုန်လုပ်ငန်းရှင်တွေ မလိုက်နာကြဘူးလို့ ဆိုပါတယ်။

တဆက်တည်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့ အလုပ်သမားသပိတ်တွေ တခုနဲ့တခု ဆက်နွှယ်ပတ်သက်နေတာကိုလည်း တွေ့ရနိုင်ပါသေးတယ်။ အတိုက်အခံ ရှိတ်ဟာစီနာဝါဂျစ်ရဲ့ ညွန့်ပေါင်း (၁၄) ပါတီက ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဇွန် (၁၃-၁၄) ရက်အထိ (၃၆ ) နာရ်ီကြာ သပိတ်မှောက်ဖို့နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်ဖို့ တိုက်ပွဲဝင် တောင်းဆိုလိုက်ပြီးတဲ့နောက် လူတွေ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ ၂၀၀၆ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ ဒက္ကာ သပိတ်မှောက် အရေးခင်းမှာ ပုလိပ်တွေရဲ့ အတိုက်ခံခေါင်းဆောင်တွေနဲ့ အလုပ်သမားများအပေါ် ပြုမူချက်တွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါတွေအားလုံးဟာ ဘင်္ဂလားဒေ့ရှ်က အလုပ်သမားသပိတ်တွေနဲ့ တခြားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းတွေ ဆက်စပ်မှုရှိရှိ အပြန်အလှန် ထောက်ခံအားပေး တိုက်ပွဲဝင်နေကြပုံတွေပါ။

အနောက်ရပ်က ချွေးမုန်တိုင်း

၂၀၀၆ ခုနှစ် ဇွန်လထဲမှာ အခြေအနေတွေ ဆက်ဆိုးဝါးနေပြီး သပိတ်တိုက်ပွဲတွေဟာ ဒက္ကာ ပြုပြင်ထုတ်လုပ်ဇုန်ကနေ ဆာဗား၊ အရှူလီရာ၊ ဂါဇီပါလ် နယ်မြေအထိ ပျံ့နှံ့သွားပါတော့တယ်။ ၂၀၀၆ မေ (၂၃) ရက်နေ့ မှာတော့ ဖြစ်ပွားမှုအရှိန် မြင့်တက်ခဲ့ပြီး စက်ရုံလုံခြုံရေး၊ ပုလိပ်တွေ၊ ပြည်သူ့စစ်များအပြင် ဘင်္ဂလားနယ်ခြားစောင့် ရိုင်ဖယ်တပ်အင်အား (၃,၀၀၀) ကို ခေါ်ယူဖြေရှင်းခဲ့ရပါတော့တယ်။ အစိုးရက စက်ရုံတွေကို အတင်းဝင်ရောက်စီးနင်းပြီး အလုပ်သမားတွေကို မောင်းထုတ်၊ စက်မှုဇုန်ကို သံဆူးကြိုးကာရံ ထိန်းချုပ်ခဲ့သလို အရေးပေါ် ဆူပူမှုနှိမ်နင်းရေးတပ်ဖွဲ့တွေပါ ၀င်ရောက်ဖြေရှင်းပေးရတဲ့ နိုင်ငံတော်လုံခြုံရေးထိခိုက်မှုအဆင့်ထိ အခြေဆိုက်ရောက်သွားခဲ့ပါတော့တယ်။

နောက်ဆုံး အစိုးရဘက်က ဖမ်းဆီးထားတဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂ၀င်တွေ ပြန်လွှတ်ပေးဖို့ အခြေခံလုပ်ခလစာ စီစဉ်သတ်မှတ်ပေးဖို့ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အလုပ်သမားတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးခဲ့ရပါတော့တယ်။ စက်မှုဇုန်လုပ်သား တောင်းဆိုချက်အများစုကို အစိုးရနဲ့ အလုပ်ရှင်တွေဘက်က လိုက်လျောပေးခဲ့လို့လည်း စနေ၊ တနင်္ဂနွေ အားလပ်ခွင့်ရက်၊ မီးဖွားခွင့်ရက်၊ လုပ်သားမှတ်ပုံတင်၊ ပြင်ပထွက်ခွင့် လက်မှတ် စတဲ့ အခွင့်အရေးများအပြင် အဓိကကျတဲ့ လုပ်ခလစာငွေကလည်း အရင် အလုပ်သမားသပိတ်မတိုင်မီ တက်ကာငွေ (၉၄၀) အမေရိကန် (၁၄.၀၃) ဒေါ်လာကနေ အခု တက်ကာငွေ (၃,၀၀၀) အမေရိကန် (၄၄.၇၉) ဒေါ်လာထိတိုးပြီး သတ်မှတ်ပေးခဲ့တာမို့ ၂၀၀၆ မေလ အလုပ်သမားသပိတ် လုံးဝအောင်မြင်ခဲ့တယ်လို့ ပြောရမှာပါ။ (New Age, 29 June 2006)

အခုလိုအောင်မြင်မှုဟာ ၂၀၀၆ ခုနှစ် တနှစ်တည်း ပွဲပြီးမီးသေ အရှိန်တန့်မသွားခဲ့ပါဘူး။ ၂၀၀၈-၂၀၀၉ ခုနှစ်တွေမှာ နောက်ထပ် စက်မှုဇုန်အလုပ်သမားဆန္ဒပြပွဲတွေ တခုပြီးတခု ဆက်တိုက်ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၆ မေ၊ ဇွန် အလုပ်သမား တိုက်ပွဲတွေအပြင် ၂၀၀၈ ခုနှစ် ဧပြီ ပထမအပတ်အတွင်း ဒက္ကာစက်မှုဇုန် စက်ရုံ (၄) ရုံက အထည်ချုပ်လုပ်သားတွေ လစာငွေ (၂) ဒေါ်လာကနေ (၃) ဒေါ်လာအထိ ထပ်တိုးပေးဖို့ ဆန္ဒပြခဲ့ရာ ပုလိပ်တွေ ရိုက်နှက်ဖြိုခွင်းခဲ့လို့ လူ (၅၀) ဒဏ်ရာရရှိခဲ့ကြသလို ၂၀၀၈ ခုနှစ် ဧပြီ ဒုတိယပတ် (၁၅) ရက်နေ့မှာလည်း လုပ်သားပေါင်း (၁) သောင်းခွဲလောက်ဟာ ကုန်ဈေးနှုန်းမြင့်တက်လာလို့ နဂိုသဘောတူထားပြီးဖြစ်တဲ့ လစာငွေ (၁) လကို အမေရိကန် (၂၅) ဒေါ်လာနှုန်းရရှိရေး စက်ရုံရှေ့ထိုင်ပြီး ဆန္ဒပြခဲ့ကြ ပြန်ပါတယ်။ ဒက္ကာစက်မှုဇုန်မှာ ဆန္ဒပြမှုတွေဟာ လှိုင်းတံပိုး၊ မုန်တိုင်းတွေလိုပဲ နှစ်စဉ်မပြတ် ပြင်းပြင်းထန်ထန် မရပ်မနား ဆက်လက်တိုက်ခတ်နေခဲ့ပါတယ်။

၁၉၆၀ လွန်ကာလ စက်မှုဇုန်သစ်တွေနဲ့အတူ စတင်သန္ဓေတည်လာခဲ့တဲ့ အလုပ်ရှင် အလုပ်သမားကြား မပြေလည်မှု ပြဿနာတွေဟာ ဘင်္ဂလားဒေ့ရှ် စက်မှုန်ဇုန်လုပ်ငန်းရှင်တွေအဖို့တော့ မွေးရာပါ ရောဂါဆိုးကြီးတရပ်လိုပါပဲ။ အလုပ်သမား အခွင့်အရေးတခု ချိုးဖောက်ခံရတိုင်းမှာ ဆန္ဒပြဖို့ရာ ပြဿနာအသစ်တွေ ထပ်တလဲလဲ ပေါ်ပေါက်လာစမြဲ မဟုတ်ပါလား။

ရည်ညွှန်း
1/ High commission for the people’s republic of Bangladesh/London
Trade and Invesment promotion report 2008
2/ Thousands of Banglardeshi textile workers burn factories as wage protest spread -------
-----AFX News May 23 2006

3/ Banglardesh ; Industrial Chaos Worsens PoliticaL Instability -------by Dr. Anand Kumar
4/Journal of International Women's Studies Vol . 11 # 1 November 2009 289
5/Banglardesh tixitiles unravelled by price war. protests -------- ( A F P July 1 2009)
6/The ready-made garments industry in Banglardesh;
7/A means to reducing gender-based social exclusion of women? ---Nidhi Khosla 1
8/International Institute for Labour Studies Geneva ---------Kamala Sankaran
9/Garment worker's revolt in Banglardesh ----------- Libcom.org

Wednesday, March 17, 2010

ထိုင်းနိုင်ငံရေးအကျပ်အတည်း

၂၀၀၆ ဧပြီ - တော်ဝင်သစ္စာခံပြည်သူ့ဒီမိုကရက်မဟာမိတ် PAD ပါတီက ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြမှုများရှိနေချိန်တွင် ၀န်ကြီးချုပ်သက်ဆင်ရှင် နာဝပ်က ကြားဖြတ်ရွေးကောက်ပွဲခေါ်ယူခဲ့သည်။ ရွေးကောက်ပွဲကို အခြားပါတီများက သပိတ်မှောက်ခဲ့ကြသည်။

၂၀၀၆ မေ - ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာတရားရုံးက သက်ဆင်၏ ပါတီအနိုင်ရ ခဲ့သော ရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့သည်။

၂၀၀၆ စက်တင်ဘာ - စစ်ဘက်က သက်ဆင်ကို ဖယ်ရှားပြီး အာဏာသိမ်း ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းခဲ့သည်။

၂၀၀၇ မေ - သက်ဆင်၏ ထိုင်းရတ်ထိုင်းပါတီကို ရွေးကောက်ပွဲဆိုင်ရာခြစား မှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဖျက်သိမ်းလိုက်သည်။ ပါတီအမှုဆောင် ၁၁၁ ဦးကိုလည်း နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်ပင်ခဲ့သည်။

၂၀၀၇ သြဂုတ် - စစ်ဘက်က ခန့်အပ်သည့်အစိုးရက ရေးဆွဲသော ၁၈ ကြိမ် မြောက်ထိုင်းဖွဲ့စည်းပုံဥပဒေကို လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည်။

၂၀၀၇ ဒီဇင်ဘာ - ထိုင်းရတ်ထိုင်းပါတီကို ဆက်ခံဖွဲ့စည်းခဲ့သော PPP ပါတီက ရွေးကောက်ပွဲအနိုင်ရခဲ့သည်။

၂၀၀၈ သြဂုတ် - PPP ပါတီက သက်ဆင်အာဏာပြန်လည်ရရှိနိုင်ရန်အတွက် လမ်းဖွင့်ပေးမည်ဟုယူဆရသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကြိုးပမ်း လာသောကြောင့် PAD ပါတီကဆန္ဒြ့ပမှုများဆောင်ရွက်ခဲ့သည်။ ဆန္ဒပြသူတို့ က အစိုးရအိမ်တော်ကို ၀င်ရောက်နေရာယူခဲ့သည်။

၂၀၀၈ အောက်တိုဘာ - သက်ဆင်ကို ခြစားမှုဖြင့် မျက်ကွယ်ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။ စစ်ဘက်ခေါင်းဆောင်များက အစိုးရကို ရာထူးမှ ဆင်းပေး ရန် တောင်းဆိုခဲ့ကြသည်။

၂၀၀၈ နိုဝင်ဘာ - ဘန်ကောက်၏ အဓိကလေဆိပ်နှစ်ခုကို စီးနင်းထားခဲ့ပြီး သက်ဆင်၏ ရုပ်သေးအစိုးရအဖွဲ့ကို နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။

၂၀၀၈ ဒီဇင်ဘာ - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အာဏာရပါတီကို ဖျက်သိမ်းခဲ့သည်။PAD ပါတီကလေဆိပ်ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးခဲ့ သည်။ဒီမိုကရက်ပါတီခေါင်းဆောင်အဘ်ဟီးဆစ်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

၂၀၀၉ ဧပြီ - သက်ဆင်ထောက်ခံသော ရှပ်နီဝတ်များက ဆန္ဒပြမှုကြောင့် ပတ္တယားတွင် ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့ရ သည်။ ဘန်ကောက်တွင် မတည်ငြိမ်မှုများကို ထိန်းသိမ်းရန်အတွက် အဘ်ဟီးဆစ်က တပ်ဖွဲ့များချထားစေခဲ့သည်။

၂၀၁၀ ဖေဖော်ဝါရီ - သက်ဆင်ဝန်ကြီးချုပ်ဖြစ်စဉ်က မူဝါဒများကို လက်တစ် လုံးခြားလုပ်ကာရယူခြင်းကြောင့် ၄င်း၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းသင့် ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ချက်ချခဲ့သည်။

၂၀၁၀ မတ် - ရွေးကောက်ပွဲသစ်ကျင်းပရန် အဟ်ဘီးဆစ်ကို ဖိအားပေးသည့် အနေဖြင့် ဘန်ကောက်တွင် ရှပ်နီဝတ်တို့က ဆန္ဒပြခဲ့ကြသည်။

Tuesday, March 16, 2010

မရေရာတဲ့ပါကစ္စတန်ရှေ့ရေး

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီကြေကွဲဖွယ်ရာအဖြစ်ကြောင့်လည်း လာမယ့် ဇန်န၀ါရီလဆန်းမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေရဲ့အနာဂတ် မရေမရာဖြစ်နေရပါပြီ။ ဒါဆိုရင် ပါကစ္စတန် နိုင်ငံမှာ အရပ်သားအစိုးရ ပြန်ပေါ်ပေါက်ရေးဆိုတဲ့ အခြေအနေကလည်း ဘယ်သောင်ဘယ်ကမ်း ဆိုက်မယ် မသိနိုင်ဖြစ်နေဦးမှာပါ။

တကယ်တော့ ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနဲ့ အတူတူလွတ်လပ်ရေးရခဲ့တာပါ။ အိန္ဒိယ နိုင်ငံကို အုပ်ချုပ်နေတဲ့ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးစနစ်၊ ကိုလိုနီစစ်တပ် ၊ ပါလီမန်ဒီမိုကရေစီပုံစံ အားလုံးကို အမွေခွဲယူခဲ့တာပါ။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ ကွဲကြ၊ ပြဲကြ၊ ဆော်ကြ၊ နှက်ကြတာတွေ ရှိနေပေမယ့် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင်ကျင့်သုံးနိုင်ခဲ့တယ်။ အိန္ဒိယ ဒီမိုကရေစီစနစ်မှာ စွမ်းဆောင်ရည်မပြည့်မှုတွေ၊ အချိုးမကျမှုတွေရှိနေပေမယ့် နိုင်ငံရေးပါတီများကရော၊ စစ်တပ်ကပါ ဒီမိုကရေစီကို စွဲစွဲမြဲမြဲ ကျင့်သုံးနေဆဲဖြစ်တယ်။ ဒါပေမယ့် ပါကစ္စတန်မှာတော့ အိန္ဒိယနိုင်ငံနဲ့ ပြောင်းပြန်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဘာ့ကြောင့်လဲ။

ပါကစ္စတန်နိုင်ငံက ၁၉၄၇ မှာ လွတ်လပ်ရေးရတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီး အနှစ် ခြောက်ဆယ်မှာ အရပ်သားအစိုးရအုပ်ချုပ်တာက ၂၅ နှစ်၊ စစ်တပ်က အုပ်ချုပ်တာက ၃၅ နှစ် ရှိခဲ့ပါတယ်။ နောက်ပြီး အရပ်သားအစိုးရအုပ်ချုပ်တဲ့ကာလတွေမှာလည်း ပြဿနာပေါင်းစုံနဲ့ ရှုပ်ထွေးပွေလီနေခဲ့တာ ကို တွေ့ရပါတယ်။

လွတ်လပ်ရေးရပြီး ဆယ်နှစ်မှာ ပါကစ္စတန်နိုင်ငံရေးမှာ ဘယ်ပါတီကမှ ကြီးစိုးနိုင်ခြင်း မရှိခဲ့ဘူး။ ဆယ်နှစ်အတွင်းမှာ အစိုးရ ၇ ဖွဲ့ပြောင်းခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ကျတော့ အလီဘူတိုရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ ppp ဟာ ပါကစ္စတန်နိုင်ငံရေးလောကမှာ အဓိကဇာတ်ဆောင် အဖြစ်နဲ့ ပေါ်လာပါတယ်။ လက်ဝဲယိမ်းဘူတိုဟာ လူလတ်တန်းစားတွေ၊ အခြေခံလူတန်းစားတွေရဲ့ ထောက်ခံမှုနဲ့ ငါးနှစ်ကျော် ပြိုင်ဖက်မရှိ အုပ်ချုပ်နိုင်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ဆိုရှယ်လစ်ပုံစံ စီးပွားရေးစနစ်က မြေရှင်တွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ ကုန်သည်ကြီးတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်တာရယ်၊ ဘူတိုကိုယ်တိုင်ကလည်း တစ်ပါတီအာဏာရှင်စနစ်လို ဦးတည်လုပ်လာတာတွေရယ်ကြောင့် ၁၉၇၇ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီး ဖြုတ်ချတာ ခံလိုက်ရပါတယ်။

၁၉၈၈ မှာ ဗိုလ်ချုပ်ကြီးဇီယာအူလ်ဟတ်ခ် လေယာဉ်ပျက်သေဆုံးတော့ အရပ်သားအစိုးရ ပြန်တက်လာပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ppp ပါတီကို အလီဘူတိုရဲ့ သမီး ဘန်နာဇီယာဘူတိုက ခေါင်းဆောင်ပြီး အစိုးရဖွဲ့ခဲ့ပါတယ်။ ဒါပေမယ့် အရင်လို တစ်ကောင်တည်းပြေးတဲ့ မြင်းမဟုတ် တော့ဘဲ ပြိုင်ဘက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ စက်မှုလုပ်ငန်းရှင် န၀ပ်ရှာရစ်ဖ်ရဲ့ မူဆလင် အဖွဲ့ချုပ်ပါ။ န၀ပ်ရှာရစ်ဖ်ရဲ့ ပါတီကို စက်မှုလုပ်ငန်းရှင်၊ မြေရှင်တွေနဲ့ ဘာသာရေးအဖွဲ့တွေက ထောက်ခံပါတယ်။

နောက်ပြီး ဒီပါတီနှစ်ခုက အခြေခံတဲ့ လူတန်းစားမတူသလို အခြေခံဒေသလည်းမတူပါဘူး၊ ဘန်နာဇီယာဘူတိုက ဆင်းပြည်နယ်ကို အခြေခံပါတယ်။ န၀ပ်ရှာရစ်ဖ်က ပန်ဂျပ်ပြည်နယ်ကို အခြေခံပါတယ်။ ပါကစ္စတန် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍအားလုံးမှာ ဒီပြည်နယ် နှစ်ခုက ပြည်နယ်သားတွေပဲ ချုပ်ကိုင်ထားတာဆိုတော့ ဒီပါတီနှစ်ခုရဲ့ ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်ခဲ့ပါတယ်။ ဥပဒေတွင်းကရော၊ ဥပဒေပြင်ပကပါ နည်းလမ်းမျိုးစုံနဲ့ ယှဉ်ပြိုင်ကြ၊ ထိုးနှက်တိုက်ခိုက်ကြတာပါ။

ဒါ့ကြောင့်လည်း ၁၉၈၈ ကနေ ၁၉၉၉ ဆယ်နှစ်အတွင်းမှာ ၁၉၈၈ - ၁၉၉၀ ဘူတိုအစိုးရ၊ ၁၉၉၀ - ၁၉၉၃ န၀ပ်ရှာရစ်ဖ်၊ ၁၉၉၃ - ၁၉၉၆ ဘူတို၊ ၁၉၉၆ - ၁၉၉၉ န၀ပ်ရှာရစ်ဖ်ဆိုပြီး အပြန်အလှန်အာဏာရခဲ့တာကို တွေ့ရမှာပါ။ ဒီနေရာမှာ ထူးခြားတာက သူတို့အစိုးရအပြောင်း အလဲတွေက သက်တမ်းစေ့လို့ ရွေးကောက်ပွဲနဲ့ အဆုံးအဖြတ်ယူလုပ်ခဲ့တာမဟုတ်ပါ။ ၁၉၉၀၊ ၁၉၉၆ ခုနှစ်တွေမှာ ဘန်နဇီယာဘူတို အစိုးရကို အဂတိလိုက်စားမှု၊ နိုင်ငံရေးအကြမ်းဖက်မှုတွေနဲ့ သမ္မတက ရာထူးက ဖယ်ရှားပစ်ပြီး ရွေးကောက်ပွဲအသစ်ပြန်လုပ်ခဲ့တာဖြစ်သလို ၁၉၉၃ ခုနှစ်မှာလည်း န၀ပ်ရှာရစ်ဖ်ကို သူပိုင်စက်မှုလုပ်ငန်း တွေအတွက် အစိုးရအာဏာကို အလွဲသုံးစား လုပ်တယ်ဆိုပြီး သမ္မတက ဖယ်ရှားပစ်ခဲ့တာပါ။ ၁၉၉၉ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်က န၀ပ်ရှာရစ်ဖ်ကို အဂတိလိုက်စားမှု၊ အကျင့်ပျက်မှုတွေနဲ့ပဲ စွတ်စွဲပြီး ဖြုတ်ချခဲ့တယ်။

ပါကစ္စတန်နိုင်ငံရေးမှာ အခုလို စစ်တပ်က မကြာခဏအာဏာသိမ်းနေခဲ့တာရဲ့အကြောင်း အရင်းကို ပြန်စစ်ကြည့်ရင် နိုင်ငံရေးသမားတွေကနေ စစ်တပ်ကို အသုံးချဖို့ကြိုးစားတာက အကြောင်းရင်းခံ တစ်ချက်လို့ဆိုနိုင်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ သမ္မတမီရာဇာနဲ့ နိုင်ငံရေး ပါတီတွေအကြား အစိုးရဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အငြင်းပွားကြတော့ သမ္မတက ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အယွတ်ခန်ရဲ့ အကူအညီနဲ့ မာရှယ်လောကြေညာပြီး လွှတ်တော်ကို ဖျက်သိမ်းခဲ့ကာ အယွတ်ခန်ကို စစ်အုပ်ချုပ်ရေးမှူးခန့်ခဲ့ပါတယ်။ နောက်တော့ သမ္မတကိုယ်တိုင် ရာထူးကအထုတ်ခံခဲ့ရပါတယ်။

၁၉၈၈ - ၉၉ အကြား ဘူတိုနဲ့ န၀ပ်ရှာရစ်ဖ်ကြား အားပြိုင်တုံးကလည်း ၀န်ကြီးချုပ်တွေကို သမ္မတ ဖယ်ရှားဖို့လုပ်တိုင်း စစ်တပ်က သမ္မတလုပ်ရပ်ကို ထောက်ခံဖို့ ပြိုင်ဖက်ပါတီက အမြဲ တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။ ဘူတိုကို ဖယ်ရှားချိန်မှာ န၀ပ်ရှာရစ်ဖ်က စစ်တပ်ဝင်ပါတာကို ကြိုဆိုခဲ့သလို န၀ပ်ရှာရစ်ဖ်ကို ဖြုတ်ချတော့လည်း ဘူတိုက အလားတူထောက်ခံခဲ့ပြီး သူတို့အကွဲ အပြဲကြားမှာ စစ်တပ်ကို ဆွဲထည့်ပြီးးစည်းရုံးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ခါ ပါတီတွေအာဏာလုပွဲမှာ နေရာရလာတာကတော့ အစ္စလာမ်စစ်သွေးကြွတွေ ပါဘဲ။ အာဖဂန်မှာရှိတဲ့ ဆိုဗီယက်တပ်တွေကို တိုက်ခိုက်ဖို့အတွက် မူဂျာဟစ်ဒင်တွေကို ပါကစ္စတန်မှာ လေ့ကျင့်ပေးဖို့ဆိုတဲ့အစီအစဉ်ကို အမေရိကန်က စခဲ့တာပါ။ အဲဒီအကျိုးဆက်အဖြစ် ပါကစ္စတန်မှာ စစ်သွေးကြွတွေ အားကောင်းလာခဲ့တာပါ။ နောင်မှာတော့ PPP လို ဘာသာရေးနဲ့ လူမှုရေးကို စည်းခြားထားချင်တဲ့ ပါတီကတောင် မူဆလင်အဖွဲ့ချုပ်နဲ့အပြိုင် အစ္စလာမ်အစွန်း ရောက်ဝါဒီတွေကို အပြိုင်အဆိုင်စည်းရုံးလာခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ပါကစ္စတန်နိုင်ငံထဲမှာ တာလီဘန် အခြေခံစခန်းတွေထားတာ၊ အစ္စလာမ် ကျမ်းစာသင်ကျောင်းတွေက မူဂျာဟစ်ဒင်တွေ အတွက် လူသစ်စုတဲ့နေရာ ဖြစ်လာတာတွေကို လျစ်လျူရှုထားခဲ့သလို ကက်ရှ်မီးယားက အစ္စလမ် ၀ါဒီပြောက်ကျားတွေကိုလည်း အပြိုင်အဆိုင်အားပေးခဲ့ကြတာကို တွေ့နိုင်ပါတယ်။ အခု အဲဒီ စစ်သွေးကြွတွေကပဲ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်မှုတိုက်ခိုက်မှုတွေ ပြန်လုပ်လာနေသလို နိုင်ငံရေးမှာလည်း အစ္စလမ်ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုက အဓိကအခန်းကို ရောက်နေပါပြီ။ ပါကစ္စတန်ဒီမိုကရေစီအတွက် ရင်လေးစရာပါ။

အဲဒီတော့ ပါကစ္စတန်နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးကို ပြန်ကြည့်လိုက်ရင် နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီမိုကရေစီနည်းကျ လွှတ်တော်အတွင်းမှာ ယှဉ်ပြိုင်တာမဟုတ်ဘဲ ဒီမိုကရေစီမကျတဲ့ နည်းလမ်းတွေနဲ့ အာဏာရရင် ပြီးရောလုပ်ခဲ့တာကြောင့် ပါကစ္စတန်နိုင်ငံရေးမှာ နိုင်ငံရေး အင်အားစုမဟုတ်တဲ့ စစ်တပ်နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက အဓိကနေရာကို ရောက်လာရတာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

ဒါ့အပြင် အဓိကနိုင်ငံရေးပါတီကြီးနှစ်ခုကလည်း ပြည်သူတွေကို ဒေသစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ တွေနဲ့ မဲပေးအောင် လုပ်လာကြောင့် နိုင်ငံရဲ့ Democratic Institution တွေ အားနည်းလာစေတာ ကိုလည်း တွေ့ရပြန်ပါတယ်။ ဒီပို့စ်ရေးနေတုံးပဲ ဘန်နဇီယာဘူတိုရဲ့ သား ၁၉ နှစ်အရွယ် Bilawal ကို PPP ဥက္ကဌ အဖြစ်ရွေးလိုက်တာ ကြားလိုက်ရပါတယ်။ ဒါကိုထောက်ခြင်းအားဖြင့် PPP ပါတီအနေနဲ့ ပါတီတွင်းမှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်သစ်တွေမွေးထုတ်ရမယ့်အစား ဘူတို မျိုးဆက်တွေကိုပဲ အရိပ်ခိုပြီး ရှေ့ခရီးဆက်မယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီအတိုင်းဆိုရင်တော့ ပါကစ္စတန်နိုင်ငံရေးဟာ ဘူတို၊ န၀ပ်ရှာရစ်၊ စစ်တပ်နဲ့ စစ်သွေးကြွတွေကြားမှာပဲ သံသရာလည် နေဦးမယ်ဆိုတာ သေချာနေပါပြီ။ ပါကစ္စတန်လိုအဖြစ်မျိုးဟာ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများမှာ ဖြစ်နေခဲ့၊ ဖြစ်နေဆဲမို့ ကျွန်တော်တို့အတွက်လည်း လေ့လာသင့်တဲ့သင်ခန်းစာ ဖြစ်ကြောင်းဝေမျှ လိုက်ရပါတယ်။

Posted by ပိတောက်မြေ at 10:47:00 PM