Showing posts with label ဒီမိုကရေစီ. Show all posts
Showing posts with label ဒီမိုကရေစီ. Show all posts

Friday, February 19, 2010

ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်မှု

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေလုပ်တာနဲ့ ပတ်သက်ပြီး တစ်ချို့က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှ လူလတ်တန်းစားတွေ ပေါ်လာ မယ်။ လူတွေအသိအမြင် ပိုကျယ်ပြန့်လာမယ်။ ဒါမှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ဖို့တွန်းအားတွေ ပိုကောင်းလာမယ်။ နောက်ပြီး ဒီမိုကရေစီ ကျင့်စဉ်တွေကို ပီပီပြင်ပြင် ကျင့်သုံးနိုင်မယ်၊ ဒါ့ကြောင့် စီးပွားရေး ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားဖို့အတွက် အထောက်အကူမဖြစ်ဘူး။ ပိတ်ဆို့ထားတဲ့အတွက် စစ်တပ်က စီးပွားရေး အခွင့်အလမ်း အားလုံးကို ချုပ်ကိုင်ဖို့ အတွက် အခွင့်ကောင်းပိုရသွားတယ်လို့ ပြောကြတယ်။

တစ်ချို့ကတော့ ဒီမိုကရေစီမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ဘူး၊ ဒီမိုကရေစီ အရင်ရအောင် လုပ်ပြီးမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်လို့ဆိုတယ်။ ဒီအယူအဆရှိသူတွေကတော့ စီးပွားရေးပိတ်ဆို့မှုကြောင့် သာမာန်ပြည်သူတွေကြားမှာ ထိခိုက်မှုဖြစ်ရတာတွေ ဟာ အနာဂတ်ကောင်းစားရေးအတွက် ပေးဆပ်ရတာဖြစ်တယ်လို့ ယူဆတယ်။ မြန်မာနိုင်ငံက အထည်အလိပ်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတဲ့အခါမှာ အထည်ချုပ်စက်ရုံက အမျိုးသမီး အလုပ်သမားတွေ လိင်ကုန်ကူးမှုရဲ့ သားကောင်ဖြစ်သွားတယ်ဆိုတဲ့ စွတ်စွဲချက်အပေါ် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖြေရှင်းတဲ့အခါ အထက်ပါအယူအဆကို အခြေခံပြီးပြောသွားတာ တွေ့ရတယ်။ ဒီတော့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်မှု ဘယ်ဟာက အရင်လာရမလဲ။

၁၉၅၉ ခုနှစ်မှာ နိုင်ငံရေးသိပ္ပံပညာရှင် Seymour Martin Lipset က Some Social Requisites of Democracy ဆိုတဲ့ အက်ဆေးတစ်စောင်ရေးခဲ့တယ်။ အဲဒီနောက်မှာတော့ ပညာရှင်အများအပြားက ဒီမိုကရေစီ ထွန်းကားဖို့အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ လိုတယ်ဆိုတာကို ကိန်းဂဏန်းတွေနဲ့ အထောက်အထားပြတဲ့ စာတမ်းတွေအများကြီး ရေးခဲ့တယ်။

တကယ်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကောင်းတဲ့ နိုင်ငံများမှာ ဒီမိုကရေစီ ထွန်းကားတယ် ဆိုတာကို ကိန်းဂဏန်းများက ညွှန်ပြနေ တယ်။ ကုလသမဂ္ဂက ထုတ်ပြန်တဲ့လူသား ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း Human Development Index အကောင်းဆုံး ၂၅ နိုင်ငံမှာ ဒီမိုကရေစီ အပြည့်အ၀မရှိတာဆိုလို့ စင်္ကာပူတစ်နိုင်ငံပဲပါတယ်။ ထိပ်တန်းနိုင်ငံ ၄၀ အထိ ဆင်းကြည့်ရင် နောက်ထပ် ရေနံသူဌေး နိုင်ငံတွေဖြစ်တဲ့ ကူဝိတ်၊ ဘာရိန်းနဲ့ ဘရူးနိုင်းပဲ တွေ့ရမှာဖြစ်တယ်။ Freedom House က နိုင်ငံတွေရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာတဲ့အခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး နိုင်ငံငါးဆယ်ထဲမှာ ၄၄ နိုင်ငံက လစ်ဘရယ် ဒီမိုကရေစီစနစ်ကို အပြည့်အ၀ကျင့်သုံးနေတဲ့ နိုင်ငံတွေဖြစ်တယ်ဆိုတာ တွေ့ရတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နိုင်ငံတွေဘက်ကို ပြန်ကြည့်ရအောင်။ လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း အောက်ဆုံးနိုင်ငံ ၆၀ မှာ ၂၃ နိုင်ငံမှာပဲ ရွေးချယ်တင်မြှောက်တဲ့ နိုင်ငံရေးစနစ်ရှိတာကို တွေ့ရတယ်။ ဒါတောင်မှာ အဲဒီနိုင်ငံတွေမှာ ပါတီတစ်ခုတည်းက ချုပ်ကိုင်ထားတာ၊ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတာတွေကြောင့် ဒီမိုကရေစီ အပြည့်အ၀ရှိတယ်လို့ပြောလို့ မရတဲ့ အခြေအနေမှာ ရှိပါတယ်။

၂၀၀၃ ခုနှစ်မှာ Carlos Boix နဲ့ Susan C. Stokes တို့က ၁၈၅၀ ကနေ ၁၉၉၀ အတွင်း အစိုးရ အပြောင်းအလဲဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆီကို ဦးတည်ခဲ့တဲ့ ဖြစ်စဉ်တွေကို လေ့လာခဲ့တယ်။ အဲဒီ လေ့လာချက်အရ တစ်ဦးချင်းဝင်ငွေ တိုးလာတာနဲ့အမျှ နိုင်ငံရေးပြောင်းလဲဖြစ်ဖို့ အခြေအနေတွေ ပိုကောင်းလာတယ်ဆိုတာကို တွေ့ရတယ်။ ဒီထက်ပိုပြီး အရေးကြီးတဲ့အချက်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီမိုကရေစီစနစ်ခိုင်မြဲဖို့၊ ဒီမိုကရေစီကို ခိုင်ခိုင်မာမာနဲ့ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ဖို့အတွက်လည်း အထောက်အကူပြုတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်အရ တစ်ဦးချင်း ၀င်ငွေအနည်းဆုံးနိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၈ နှစ်ပဲရှိသတဲ့။ အဲဒီအောက်ဆုံး အုပ်စုထက် ၀င်ငွေပိုမြင့်တဲ့ အုပ်စုမှာတော့ ပျမ်းမျှသက်တမ်း ၁၈ နှစ် ဖြစ် လာတယ်တဲ့။ တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၉၃၀၀ အထက်ရောက်သွားတဲ့ နိုင်ငံတွေမှာတော့ ဒီမိုကရေစီ စနစ်တည်ဆောက်ပြီးရင် ပြန်ပြိုကွဲသွားတာ မရှိတော့ဘူးလို့ဆိုတယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ အိန္ဒိယနိုင်ငံကတော့ တစ်ဦးချင်းဝင်ငွေ နိမ့်ပေမယ့် ဒီမိုကရေစီ စနစ်ကို စွဲစွဲမြဲမြဲ ကျင့်သုံး နိုင်တယ်လို့လဲ လေ့လာသူများက ထောက်ပြထားပါတယ်။

နောက်တစ်ခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် လူတွေရဲ့ အလေထားမှုတန်းဖိုးတွေ ပြောင်းသွားတယ်။ ဒါကလည်း ဒီမိုကရေစီစနစ် ဖြစ်ပေါ်အောင်နဲ့ တည်တံ့အောင် တွန်းအားပေးတဲ့အချက် ဖြစ်တယ်လို့ ဆိုကြတယ်။ စိတ်ပညာရှင် Abraham Maslow က လူတွေရဲ့ လိုအပ်ချက်အဆင့်ဆင့် ပြောင်းလဲလာမှုနဲ့ ပတ်သက်ပြီး သီအိုရီ တစ်ခုဖော်ထုတ်ခဲ့တယ်။ သူက လူတွေက ပထမဆုံးအနေနဲ့ လုံခြုံမှုကို ဦးစားပေးတယ်။ ဥပမာ ဘ၀လုံခြုံမှု၊ စားဝတ်နေရေး ဖူလုံမှု စသည့်ဖြင့်ပေါ့။ အဲဒါတွေ ပြည့်စုံရင် နောက်တစ်ဆင့် လိုအပ်ချက်တွေကို တောင်းဆိုတယ်။ အဲဒါပြည့်ရင် နောက်တစ်ဆင့် ရအောင်လုပ်တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ လူ့အခွင့်အရေး၊ တစ်ဦးချင်း တန်ဖိုးကို အလေးထားမှု၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ဆိုတာတွေကို ရောက်သွားတယ်လို့ဆိုတယ်။ ဒီအယူအဆကို အခြေခံပြီး မစ်ချီဂန်တက္ကသိုလ် က ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းမှာ လေ့လာမှုတစ်ခုလုပ်ခဲ့တယ်။ အဲဒီလေ့လာမှုအရ အနောက်နိုင်ငံ လူ့အဖွဲ့အစည်းတွေ အတွင်းမှာတောင် စီးပွားရေးအခြေအနေ ကောင်းနေတဲ့အခါ လူတွေက ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး ဆိုတာတွေကို ပိုစိတ်ဝင်စားပြီး စီးပွားရေး ကျဆင်းနေချိန်မှာတော့ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ ဘ၀လုံခြုံရေးကိုပဲ ပိုပြီး ဦးစားပေးတယ်။ နိုင်ငံရေး၊ နိုင်ငံတကာ ရေးတွေကို စိတ်ဝင်စားမှုမရှိသလောက်ဘဲဆိုတာကို တွေ့ရတယ်။

အဲဒီအချက်ကို အခြေခံပြီး နောက်ထပ်နိုင်ငံပေါင်း ၈၁ နိုင်ငံကို ၁၉၈၁ ကနေ ၂၀၀၁ ခုနှစ်အထိ လေ့လာမှုတွေ ထပ်လုပ်ပါတယ်။ အဲဒီမှာလည်း ဆိုဗီယက်အုပ်စုဝင် နိုင်ငံဟောင်းတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံက လူတွေက အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် အခြေခံ လိုအပ်ချက်တွေကိုပဲ အလေးထားတယ်။ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများက လူတွေကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ အကူအညီပေးရေးဆိုတာကို စိတ်ဝင်စားတယ်။ လက်တင် အမေရိကနဲ့ အာရှက အာဂျင်တီးနား၊ ဘရာဇီး၊ တိုင်ဝမ်၊ ကိုရီးယားတို့လို ဖွံ့ဖြိုးတိုးတက်မှု အရှိန်ရနေတဲ့ နိုင်ငံများကတော့ အလယ်အလတ်မှာ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အာရှက ဖွံ့ဖြိုးမှုအရှိန်ရနေတဲ့ နိုင်ငံများဟာ အာရှတန်ဖိုးများဖြစ်တဲ့ အာဏာပိုင်များကို အလေးထားမှု၊ တစ်ဦးချင်းထက် အဖွဲ့အစည်းကို ဦးစားပေးမှုတွေ ရှိနေသည့်တိုင် တစ်ဦးချင်း တန်ဖိုးတွေကို အလေးထားတဲ့ဘက်၊ သဘောထားကွဲလွဲမှုများကို ပိုမိုလက်ခံတဲ့ဘက်ကို ဦးတည်ပြောင်းလဲနေတယ်လို့ ကောက်ချက်ချ ထားပါတယ်။ အဲဒီလိုဖြစ်လာတာကြောင့် အဲဒီနိုင်ငံတွေမှာ အာဏာပိုင်များရဲ့ လုပ်ရပ်များအပေါ် ဝေဖန်မှုများ၊ ဆန္ဒဖော်ထုတ်ပြသမှုများ ပိုများလာတယ်။ အာဏာပိုင်တွေဘက်ကလည်း ဒီလိုလှုပ်ရှားမှုများကို ပိုပြီး သည်းခံ လာတယ်လို့ဆိုပါတယ်။

ဒီလေ့လာချက်ကို ဦးစီးလုပ်ခဲ့တဲ့ လူမှုသိပ္ပံပညာရှင့် Inglehart နဲ့ Welzel ကနောက်ဆုံးမှာ ပြည်သူတွေရဲ့ ၀င်ငွေ၊ ပညာရေး၊ သတင်းအချက်အလက်ရရှိနိုင်မှု၊ အလုပ်အကိုင်အဆင့်အတန်းများ မြင့်မားမှုကနေ လူတွေဟာ စီးပွားရေးအရ၊ အတွေးအခေါ်အရ ပိုမိုလွတ်လပ်လာတယ်။ လူမှုစီးပွားရေးအရ ပိုမိုလွတ်လပ်လာတာနဲ့အမျှ စွမ်းဆောင်ရည်မြင့်လာတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုပိုလာတယ်။ အဲဒီကနေတဆင့် လွတ်လပ်စွာစည်းရုံးလှုပ်ရှားမှု၊ အသင်းအပင်း ဖွဲ့စည်းမှုတွေဖြစ်လာတယ်။ ဒီလိုပဲ အစိုးရအဖွဲ့အစည်း တွင်းမှာလဲ ၀န်ထမ်းတွေ အရည်အသွေးမြင့်လာပြီး အဂတိလိုက်စားမှုတွေ နည်းလာတယ်။ ပြည်သူ့ရေးရာများကို ပိုဂရုပြုလာမယ်။ အပြောင်းအလဲများကို ပိုပြီး လက်ခံလာတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ လွတ်လပ်မှုများကနေ နိုင်ငံရေးလွတ်လပ်မှုကို ဦးတည်သွားတယ်ဆိုတာ အမှန်တရားပါပဲလို့ လေ့လာသူ နှစ်ဦးက သူတို့စာတမ်းမှာ ကောက်ချက်ချထားပါတယ်။

ဒီတော့ မြန်မာ့အရေးမှာ နအဖကို အပြောင်းအလဲ လုပ်ချင်အောင် ဖိအားပေးတဲ့ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဖို့လိုတယ်ဆိုတာလဲ မှန်ပါတယ်။ တစ်ဖက်ကလည်း ဒီမိုကရေစီေ ပြာင်းလဲမှုတွေအတွက် တွန်းအားဖြစ်စေမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိဖို့လဲ လိုတယ်ဆိုတာ လက်ခံရမှာ ဖြစ်ပါတယ်။ ဒီနှစ်ဘက်ကို မျှတချိန်ဆပြီးလုပ်ဖို့ လိုတယ်လို့ အယူအဆရှိသူများက အခုအချိန်မှာ ရွေးချယ်ဒဏ်ခတ်မှု Smart Sanction လုပ်ဖို့ လိုတယ်လို့ ပြောနေတာပဲ ဖြစ်ကြောင်း ပါဗျာ။ မြင်မြင် သမျှ ပိတ်ဆို့ကြလို့ ပြောနေသူများ စဉ်းစားနိုင်ဖို့ ဝေမျှလိုက်တာပါ။

Posted by ပိတောက်မြေ