Showing posts with label ဗမာပြည် နိုင်ငံရေး သမိုင်း. Show all posts
Showing posts with label ဗမာပြည် နိုင်ငံရေး သမိုင်း. Show all posts

Wednesday, June 23, 2010

အာဏာရှင်စနစ် ဘယ်လိုနိဂုံးချုပ်မလဲ

ဦးအောင်ခင် / ၁၁ သြဂုတ် ၂၀၀၉


မြန်မာပြည်မှာ ၁၉၈၈ ပြည်သူ့အရေးတော်ပုံဖြစ်ပွားတာ အနှစ် (၂၀) ကျော်လာပြီ။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတုန်း ပါပဲ။ ဗမာစစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်းတွေကို ပညာရှင်တွေ ဆန်းစစ်ကြတယ်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းမှာ မြန်မာ့ရေးရာ လေ့လာသူတွေ များလာတယ်။ စစ်အာဏာရှင်ကို အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက မကြိုက်ပေမယ့် လက်ရှိအစိုးရအနေနဲ့ ဆက်ဆံနေကြရတယ်။ အချိန်ကြာကြာ ဆက်ဆံတဲ့အခါ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသလိုဖြစ်သွားတယ်။ စစ်အင်အားကလည်း တိုးပွားလာတော့ စစ်အာဏာရှင်ဟာ ဆင်းပေးဖို့ စိတ်မကူးဘူး။

ဒါကြောင့် အာဏာရှင်စနစ် နိဂုံးချုပ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားလာကြတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နှလုံးရည်တိုက်ပွဲဝင်နေတာ အနှစ် (၂၀) ရှိပြီ။ တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး လက်ရုံးရည်တိုက်ပွဲဝင်နေတာ အနှစ် (၅၀) ကျော်ပြီ။ နှလုံးရည်တိုက်ပွဲရော၊ လက်ရုံးရည်တိုက်ပွဲရော ပန်းတိုင်ရောက်ဖို့ အများကြီးလိုသေးတယ်။

အီရတ်အာဏာရှင်အစိုးရကို အမေရိကန်တပ်က ၂၀၀၃ ခုမှာ ၀င်တိုက်ပြီး ဖြုတ်ချလိုက်တဲ့အတွက် စစ်တိုက်ပြီး ဖြုတ်ချတဲ့ နည်းကို လက်ခံသူတွေရှိလာတယ်။ အတိုက်အခံ အားကောင်းလာအောင် ကူညီအားပေးတဲ့အတွက် အာဏာရှင်စနစ် နိဂုံးချုပ်သွားတာမျိုးလည်းရှိတယ်။ ပြည်တွင်းလက်နက်ကိုင်လှုပ်ရှားမှုကို နိုင်ငံခြားက စစ်ကူပေးပြီး အစိုးရကို ဖြုတ်တာမျိုး လည်းရှိတယ်။ လိုအပ်တဲ့ စီးပွားရေးအခြေခံတွေ မရနိုင်အောင် ပိတ်ပင်နိုင်တဲ့တွက် အာဏာရှင်တွေ ဆင်းပေးရတာမျိုးလည်း ရှိတယ်။

တောင်အမေရိကတိုက်က အတိုက်အခံအဖွဲ့အစည်းတွေဟာ နိုင်ငံရေးအင်အားရော၊ စစ်အင်အားရောရှိတာကြောင့် နိုင်ငံခြားက စစ်ကူယူတဲ့ အစဉ်အလာရှိတယ်။ မြန်မာပြည်မှာတော့ အတိုက်အခံအဖွဲ့အစည်းမှာ စစ်အင်အားမရှိဘူး။ တိုင်းရင်းသားမှာသာ ရှိတယ်။ ဒါပေမယ့် အစိုးရစစ်တပ်အင်အားဟာ တိုင်းရင်းသားလက်နက်ကိုင်အင်အားထက် ဆယ်ဆလောက်ပိုများတာရယ်၊ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲထားတာရယ်ကြောင့် ဗမာစစ်အစိုးရကို ပြည်တွင်းလက်နက်ကိုင်တွေက ဖြုတ်ချဖို့ဆိုတာ အလားအလာမရှိသလောက်ဘဲ။

အမေရိကန်နိုင်ငံရေးပညာရှင်အချို့ရဲ့ လေ့လာချက်တွေမှာ နိုင်ငံတွင်းက စစ်အင်အားအခြေအနေ ပြောင်းလဲသွားလို့ အာဏာရှင်စနစ် နိဂုံးချုပ်သွားပုံတွေကို ဖော်ပြတယ်။ အရှေ့ဥရောပ ဆိုဗီယက်တပ်တွေ ရုပ်သိမ်းလိုက်လို့ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်တာကို ဥပမာပေးကြတယ်။ ဆိုဗီယက်သြဇာခံနိုင်ငံတွေမှာ ဆိုဗီယက်လမ်းစဉ်ပြောင်းတာဟာ အမေရိကန် အကူအညီပေးတာထက်ပိုပြီး ထိရောက်တယ်လို့ Samual Huntington က တတိယလှိုင်း The Third Wave စာအုပ်မှာ ရေးဖူးတယ်။ ဆိုဗီယက်မှာ စီးပွားရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရတာဟာ အာဖဂန်စစ်ပွဲမှာ အခြေခံတယ်လို့ Huntington က သုံးသပ်တယ်။ စရိတ်အကုန်အကျများလွန်းတဲ့ အာဖဂန်စစ်ပွဲကနေ ဆိုဗီယက်တပ်တွေ ဆုတ်ပေးလိုက်ရတဲ့ အကျိုးဆက်ဟာ ပြည်တွင်းမှာ ရိုက်ခတ်သွားတာပါပဲ။

လောလောဆယ်တော့ မြန်မာပြည်ထဲ ၀င်ရောက်တိုက်ခိုက်ပြီး စစ်ဘီလူးကို ဖြုတ်ချမယ့်သူ မရှိသေးဘူး။ ဗမာစစ်တပ် အရှက်တကွဲအကျိုးနည်းပြီး သိမ်ငယ်သွားအောင် တိုက်ခိုက်နိုင်တာ တရုတ်တဦးတည်းရှိတယ်။ ဒါပေမယ့် မော်စီတုန်း လက်ထက်ကလို တရုတ်တပ်တွေ မြန်မာပြည်ထဲဝင်တိုက်တာမျိုး လက်ရှိတရုတ်အစိုးရက လုပ်မှာမဟုတ်ဘူး။ တရုတ်ပြည် အေးချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာပြည်က အထောက်အကူ ပြုတာကိုပဲ တရုတ်ကွန်မြူနစ်က လိုလားတယ်။

လွန်ခဲ့တဲ့ မေလကုန်က အမေရိကန်ကာကွယ်ရေးဝန်ကြီး Robert Gates စင်ကာပူညီလာခံမှာ ပြောသွားတဲ့ မိန့်ခွန်းကိုကြည့်ရင် အိုဘားမားအစိုးရသစ်ဟာ စစ်ရေးအရ စွက်ဖက်ဖို့ စိတ်မကူးတာ ထင်ရှားတယ်။ ဒေသခံအစိုးရတွေနဲ့ ထိထိရောက်ရောက် လက်တွဲလုပ်ကိုင်နိုင်ဖို့အတွက် အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ဇူလိုင်လက အမေရိကန် လက်မှတ်ထိုးလိုက်တယ်။

နှစ်ပေါင်းများစွာ အာဏာအလွဲသုံးစားလုပ်ပြီး ဖောက်ပြန်ပျက်စီးနေတဲ့ ဗမာစစ်တပ်ဟာ တိုက်ရည်ခိုက်ရည် ရှိမှာမဟုတ်ဘူးလို့ ခန့်မှန်းကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်ကို မနိုင်ဘူးထင်လို့ အပစ်အခတ် ရပ်စဲထားတာကို ထောက်ပြကြတယ်။ အပစ်အခတ် ရပ်စဲမှု နိဂုံးချုပ်ပြီဆိုရင်တော့ မုဒိမ်းတပ်မတော်ရဲ့ အစွမ်းအစကို မြင်ရပါလိမ့်မယ်။ နှစ်ပေါင်းများစွာအာဏာရူးပြီး ကိုယ်ကျိုးရှာလာတဲ့ ဗမာစစ်မှုထမ်းဟာ စစ်သည်တော် မစစ်တော့ဘူးလို့ သုံးသပ်သူလည်း ရှိပါတယ်။ နိုင်ငံရေးလုပ်ပြီး ဖောက်ပြန်တဲ့ စစ်တပ်ဟာ အင်အားကောင်းတဲ့ရန်သူကို ရင်ဆိုင်တဲ့အခါမှာ အကွဲအပြဲဖြစ်ပြီး အာဏာလက်လွှတ်လိုက်ရတဲ့ သာဓကတွေရှိတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၈၆ က အာဏာရှင်မားကို့စ် ပြုတ်ကျသွားတာကို ပြည်သူ့ဆန္ဒပြပွဲကြောင့်လို့ သတ်မှတ်ပြီး ပြည်သူ့အာဏာ တော်လှန်ရေးလို့ ကင်ပွန်းတပ်ကြတယ်။ မားကို့စ်အစိုးရရဲ့ ဖောက်ပြန်မှုတွေကြောင့် ဖိလစ်ပိုင်စစ်တပ်မှာပါ စိတ်ဓာတ်ကျပြီး ဗိုလ်ချုပ်ကြီး Fidal Ramos ဒီမိုကရေစီဘက်သားဖြစ်လာတာကို မေ့ထားလို့မဖြစ်ဘူး။ အာဏာရှင်မားကို့စ် လက်ထက်မှာ စစ်တပ်က နိုင်ငံရေးမလုပ်ပေမယ့် အာဏာရှင်နဲ့ ရောထွေးယှက်တင်ဖြစ်ပြီး ဖောက်ပြန်နေတာကြောင့် ပြည်တွင်းပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ စစ်ဗိုလ်လူတန်းစားထဲမှာ အမိန့်နာခံသူတွေ နည်းလာတယ်။

ဗမာစစ်တပ်မှာ ဒီမိုကရေစီလိုလားတဲ့ အုပ်စုပေါ်လာပြီး အတိုက်အခံ (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပူးပေါင်းမယ်ဆိုရင်တော့ စစ်အစိုးရ မျက်ဖြူဆိုက်နိုင်တယ်လို့ ထင်ကြေးပေးကြတယ်။ ဒါပေမယ့် ဗမာစစ်ဗိုလ်လူတန်းစားမှာ တပ်ထဲရှိတုန်း အမိန့်နာခံပြီး အပြင်ရောက်မှ ဆန့်ကျင်တဲ့ အစဉ်အလာရှိတယ်။ လွတ်လပ်ရေးရစမှာ ကွန်မြူနစ်ခေါင်းဆောင်တဲ့ တပ်ရင်းအချို့က အရပ်သားအစိုးရကို တော်လှန်တာတော့ရှိတယ်။

မတရားတဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်တော့လို့ ပြည်သူနဲ့လက်တွဲပြီး ဒီမိုကရေစီပြုပြင်ရေးလုပ်ချင်တဲ့ မျိုးဆက်သစ် စစ်ဗိုလ်လူတန်းစား ပေါ်ထွက်လာမှသာ မြန်မာပြည်မှာ အခြေခံအပြောင်းအလဲဖြစ်ဖို့ အလားအလာရှိတယ်လို့ သုံးသပ်တာ မျိုးလည်း ရှိတယ်။ ဒါပေမယ့် စစ်တပ်ထဲ အကွဲအပြဲဖြစ်မှာ စိုးရိမ်သူတွေရှိတယ်။ စည်းလုံးညီညွတ်စွာ ကြပ်ပြေးသန်းရွှေ မိသားစုကို အလေးပြုတာပဲ မြင်ချင်သူတွေရှိတယ်။ အကြောင်းပြချက်က ဆိုမာလီနိုင်ငံ (Somalia) မှာလို လက်နက်ကိုင်ကြီးစိုးတဲ့ တပ်မင်းတွေ ပေါ်လာမှာစိုးရိမ်လို့တဲ့။ စစ်မရောက်မီ မြားကုန်တယ်ဆိုတာ ဒါမျိုးပေါ့။

ဗိုလ်ခင်ညွန့်ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးအုပ်စုကို ဒီမိုကရေစီလိုလားသူတွေအဖြစ် သတ်မှတ်တာမျိုးလည်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရတုန်း စာနာထောက်ထားတဲ့ ထောက်လှမ်းရေးတွေရှိတယ်။ ဒေါ်စုနဲ့ ယုံကြည်မှု တည်ဆောက်ပြီး သမိုင်းစာမျက်နှာသစ် ဖွင့်တယ်ဆိုတဲ့ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးတွေ ထောင်ထဲရောက်ကုန်တာကို ကြည့်ပြီး ဒေါ်စုနဲ့ ဆွေးနွေးချင်တဲ့ ဗိုလ်ခင်ညွန့်အုပ်စုနဲ့ မဆွေးနွေးချင်တဲ့ သန်းရွှေ-မောင်အေးအုပ်စု ပြိုင်ဆိုင်ရင်း ဗိုလ်ခင်ညွန့် အုပ်စု ပြုတ်သွားတာဆိုတဲ့ အယူအဆ အားကောင်းလာတယ်။

သတင်းစာဆရာ Bertil Lintner ကတော့ ဒီအမြင်ကို လက်မခံဘူး။ ခင်ညွန့်ထောက်လှမ်းရေးတွေ စီးပွားရေး၊ နိုင်ငံရေး အင်အားကောင်းလာပြီး တပ်ထဲမှာ အခွင့်ထူးခံ ဖြစ်လာတဲ့အတွက် ဗိုလ်သန်းရွှေက ရှင်းပစ်တာလို့ ဆိုတယ်။ ဗိုလ်နေ၀င်းက ထောက်လှမ်းရေးတင်ဦးကို ရှင်းပစ်တဲ့ပုံစံပဲလို့ဆိုတယ်။ ၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ခင်ညွန့်ထောက်လှမ်းရေး သောင်းကျန်းတာတွေကိုကြည့်ပြီး ဒီလိုလူမိုက်တွေက ဒီမိုကရေစီပြုပြင်ရေးလုပ်တယ်ဆိုတာကို မယုံမကြည် ဖြစ်နေတာပါပဲ။ သင်္ကန်းဝတ်လိုက်တဲ့ မုဒိမ်းသမား ဂျပိုးသူခိုးကို ၀ိုင်းရှိခိုးတဲ့ဓလေ့ မြန်မာပြည်မှာ ရှိနေတာကိုလည်း မေ့ထားလို့မဖြစ်ဘူး။

အာရှနိုင်ငံတွေမှာ ဒီမိုကရေစီရေးအတွက် အနစ်နာခံလုပ်ကိုင်သွားကြတဲ့ မျိုးဆက်တွေရှိတယ်။ ဒါကြောင့် မြန်မာပြည်မှာ မျှော်လင့်ချက်ထားနိုင်တာ ၈၈ မျိုးဆက်ပဲလို့ Bertil Lintner သုံးသပ်တယ်။ ၈၈ မျိုးဆက်အများအပြား စာနယ်ဇင်းလောကမှာ တိုင်းပြည်တာဝန် ထမ်းဆောင်နေကြတယ်။ မြန်မာ့အနာဂတ်မှာ အင်အားစုတစုအနေနဲ့ ပါဝင်မယ့်လူတွေဟာ ၈၈ မျိုးဆက်ဖြစ် တယ်။ သက်ကြီးရွယ်အို အန်အယ်လ်ဒီခေါင်းဆောင်တွေမဟုတ်ဘူး။ ၈၈ မျိုးဆက်ထဲက ခေါင်းဆောင်အချို့ကို ထိန်းသိမ်းလိုက်ရုံနဲ့ ဒီမိုကရေစီလှုပ်ရှားမှု ကွယ်ပျောက်သွားမှာမဟုတ်ဘူး။ စစ်အစိုးရဟာ နိုင်ငံရေးပါတီကို ဖျက်ဆီးနိုင်ပေမယ့် မျိုးဆက်တဆက်ကို ဖျက်ဆီးဖို့ အလွန်ခက်ခဲတယ်လို့ Bertil Lintner သုံးသပ်တယ်။

မျိုးဆက်တဆက်ကို အနှစ် (အစိတ်) လို့ သတ်မှတ်တာမို့ အာဏာရှင်စနစ် နိဂုံးချုပ်ဖို့ မျိုးဆက် ဘယ်နှဆက်ကြာမယ်မသိဘူး။ အာဏာရှင်စနစ်ကို ဇာတ်သိမ်းစေတဲ့ ပြင်သစ်တော်လှန်ရေး ၁၇၈၉ မှာ စခဲ့ပေမယ့် နောက်အနှစ် (၈၀) ကျော်ကြာတော့မှ ပြည်သူ့ကိုယ်စားလှယ်တွေချည်း အစိုးရဖွဲ့နိုင်တာကိုကြည့်ရင် အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ အချိန်ကြာတတ်တာကို တွေ့နိုင်တယ်။ လွတ်လပ်ရေးအတွက် အနစ်နာခံရတဲ့ အတိုင်းအတာဟာ တနိုင်ငံနဲ့တနိုင်ငံ မတူကြဘူး။ ဒါပေမယ့် လွတ်လပ်ရေးရအောင် ကြိုးပမ်းနေသမျှ အာဏာရှင်စနစ် နိဂုံးချုပ်မယ့် အခွင့်အလမ်း အမြဲတမ်းရှိနေတယ်လို့ပဲ ပြောပါရစေ။

ဂမ်ဘာရီနှင့်စခဲ့သည့် ၂၀၀၉ ပွဲဦးထွက် နိုင်ငံရေး

သတင်းထောက် ဟန်တင်အောင် / ၀၄ ဖေဖော်ဝါရီ ၂၀၀၉


(၄) ရက်ကြာ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း လျှပ်တပြက် တွေ့ခွင့်ရသည်မှလွဲပြီး မယ်မယ်ရရ ထောက်ပြစရာမရှိဘဲ နိဂုံးချုပ်သွားသည်။

စစ်အစိုးရကို ကြံဖန်ကျေးဇူးတင်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် တွေ့ခွင့်ပေးသည့်အချက်ဖြစ်သည်။ သို့သော် ဂမ်ဘာရီနှင့်မတွေ့မီ (၁၅) မိနစ်သာ တွေ့ခွင့်ပေးခြင်းသည် တိုင်းပြည်အရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် မတိုင်ပင်နိုင်ရန် ညစ်ပတ်သည့် စိတ်ဓာတ်မျိုးဖြင့် တွေ့ခွင့်ပေးခြင်းဖြစ်သည့်အတွက် စစ်အစိုးရအား ကျေးဇူးမတင်ထိုက်ဟု ဆိုရပါမည်။

ဂမ်ဘာရီ၏ ၂၀၀၉ နှစ်ဆန်းပိုင်း ခရီးစဉ်ကို အနှစ်ချုပ်ကြည့်လျှင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းက ဂမ်ဘာရီအား အလေးထားတင်ပြခဲ့သည်။ သို့သော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကမူ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးဒဏ်ခတ်မှု၊ စစ်ခေါင်း ဆောင်များကို ဗီဇာဒဏ်ခတ်မှုတို့ ရုပ်သိမ်းမှသာ မြန်မာ့နိုင်ငံရေး တည်ငြိမ်မည်ဟု ဂမ်ဘာရီအား အကျပ်ကိုင် သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ စကားအရဆိုလျှင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု မရုပ်သိမ်းသရွေ့ မြန်မာ့နိုင်ငံရေး မတည်မငြိမ် ဖြစ်နေမည်ဆိုသည့်သဘော ပြောလိုက်ခြင်းဖြစ်သည်။ တနည်းပြောရလျှင် အစိုးရဘက်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးမူကို လက်ကိုင်ထားပြီး အန်အယ်လ်ဒီဘက်က နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးမူကို လက်ကိုင်ထားသည်။ ထိုအစွန်းနှစ်ဘက်မှာ တခုနှင့်တခု ဆက်စပ်မှု မရှိသည့်အတွက် ဂမ်ဘာရီ အလျှော့အတင်းလုပ်ဖို့မလွယ်။

ဤတွင် စစ်အစိုးရအပေါ် ဘာကြောင့် အမေရိကန်က စီးပွားရေး ဒဏ်ခတ်ရသလဲ ပြန်ကြည့်ရန်လိုသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီက အနိုင်ရပါလျက် စစ်အစိုးရက အာဏာမလွှဲသည့်အတွက် အမေရိကန်အစိုးရက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ကြီးက ဒဏ်ခတ်ပိတ်ဆို့ ထားခြင်းမဟုတ်။ ထို့ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့အရေးစေ့စပ်ဖို့ တာဝန်ပေးထားသည့် ဂမ်ဘာရီကို အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်အောင် စစ်အစိုးရ တစာစာ ပြောနေခြင်းသည် မယောင်ရာ ဆီလူးသည့်ကိန်း ဖြစ်နေသည်။

အမေရိကန်အစိုးရဘက်ကမူ စီးပွားရေးပိတ်ဆို့မှုကို ရာသက်ပန်လုပ်ဖို့ ရည်ရွယ်ချက်မရှိ။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် အခြေအနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုပ်သိမ်းနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန်အတွက် ဒီမိုကရေစီအင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူချက်ပါ အချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ မြန်မာနိုင်ငံကို ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အမေရိကန်အစိုးရပြောသည့်အတိုင်း စစ်အစိုးရဘက်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလျှင် အမေရိကန်ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းဖို့ လမ်းပွင့်သွားသည့် သဘောဖြစ်သည်။ သို့သော် အန်အယ်ဒီဘက်က ဂမ်ဘာရီကို တင်ပြသည့် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကို စစ်အစိုးရဘက်က လိုက်လျောမည့်ပုံ မရှိသည့်အတွက် မြန်မာ့နိုင်ငံရေးမှာ တဘက်ပိတ်လမ်းသဖွယ် ဖြစ်နေသည်။ ထွက်ပေါက်မရှိ။

သေချာသည့်အချက်မှာ မြန်မာ့နိုင်ငံရေး ထွက်ပေါက်မရှိဖြစ်နေချိန်တွင် စစ်အစိုးရက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းအောင်လုပ်ပြီး နိုင်ငံရေး စီးပွားရေး အမြတ်ထုတ်ရန် ကြံစည်နေခြင်းဖြစ်သည်။

အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလျှင် မူးယစ်ဆေးကိစ္စ၊ ငွေမဲကိစ္စတို့ကြောင့် အမေရိကန် ဒဏ်ခတ်ထားသည့် ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြန်ခေါင်းထောင်လျှင် နအဖခေါင်းဆောင်တွေ ကြီးပွားတော့မည်။ စစ်တပ်နှင့် နိုင်ငံခြား ဖက်စပ်လုပ်ငန်းများ ပြန်ခေါင်းထောင်မည်။ အမေရိကန်က စီးပွားရေး ဖွင့်မပေးလည်း ၂၀၁၀ ရွေးကောက်ပွဲကို မနိုင် နိုင်အောင်လုပ်ပြီး ရုပ်သေးအရပ်သားအစိုးရဖွဲ့ပြီး စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် လုပ်ပြီး ဒိထက်ချမ်းသာအောင် လုပ်နိုင်သည်။ ဘယ်ဘက်ကမျှ ရှုံးဖို့လမ်းမရှိ။

အန်အယ်လ်ဒီဘက်ကကြည့်တော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ဘန်ကီမွန်းမြန်မာနိုင်ငံ မလာထိုက်ဟု ဂမ်ဘာရီကို ထောက်ပြသည်။ ဂမ်ဘာရီ၏ (၄) ရက်ကြာ ခရီးစဉ်သည် ဘန်ကီမွန်း မြန်မာနိုင်ငံ လာဖို့ သင့်မသင့် ဂမ်ဘာရီက ချိန်ဆသည့် ခရီးဟုဆိုလျှင် စစ်အစိုးရ၏ သဘောထားကြောင့် ဘန်ကီမွန်း မလာဖြစ်ဖို့ များနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းမှာ ထိုဥပဒေကို အန်အယ်လ်ဒီက ပြန်သုံးသပ်စေလိုသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ရန် မဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီကို ၂၀၀၈ ခု မတ်လ၌ တိတိလင်းလင်း ပြောခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အန်အယ်လ်ဒီဘက်က မျှော်လင့်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေးမှာ အကောင်အထည်ပေါ်နိုင်ရန် အကြောင်းမရှိတော့ပေ။

ချုပ်ရလျင် ဂမ်ဘာရီနှင့် ပွဲဦးထွက်ခဲ့သည့်၂၀၀၉ နှစ်ဆန်းပိုင်း မြန်မာ့နိုင်ငံရေးမှာ ဘေထိဆိုသည်နှင့် တပ်လန်သွားခဲ့ပေပြီ။

ကြပ်ပြေးသန်းရွှေရဲ့ ကြံ့ဖွံ့ကရေစီ

အောင်ကျော်ခင် / ၂၆ သြဂုတ် ၂၀၀၉


ပြည်သူအုပ်ချုပ်တာကို ဒီမိုကရေစီလို့ခေါ်ရင် ကြံ့ခိုင်ရေးနဲ့တိုးတက်ဖွံ့ဖြိုးအသင်း အုပ်ချုပ်တာကို ကြံ့ဖွံ့ကရေစီလို့ ခေါ်ရလိမ့်မယ်။ ယနေ့မြန်မာပြည်မှာ နေရတကာ ကြံ့ဖွံ့မပါရင် မပြီးပါ။ လေဘေးဒုက္ခသည်တွေကို ကူညီချင်လို့ နိုင်ငံခြားရောက် မြန်မာအချို့ ပြည်တော်ပြန်ပြီး အလှူလုပ်တော့ ကြံ့ဖွံ့ကတဆင့် လှူကြရတယ်။ ကြံ့ဖွံ့မပါရင် အလှူတောင်မလုပ်နိုင်ဘူ။ နာမည်ရမယ့်ကိစ္စမှာ ကြံ့ဖွံ့က အသားယူပြီး လူမိုက်အလုပ်ကိုတော့ လက်အောက်ခံ ‘စွမ်းအားရှင်’ ဆိုတာကို လုပ်ခိုင်းတယ်ဆိုပဲ။

ဗိုလ်နေ၀င်းက မဆလတပါတီအာဏာရှင်စနစ် တည်ထောင်သလို ဗိုလ်သန်းရွှေက ကြပ်ပြေးနေပြည်တော်ကနေ ကြံ့ဖွံ့အုပ်ချုပ်ရေးစနစ်ကို တည်ထောင်နေပုံရတယ်။ အာဏာရူးရာက ဘုရင်ရူးရူးပြီး စိတ်ဖောက်ပြန်ပုံမှာလည်း ဒီစစ်ဗိုလ်နှစ်ဦး အသွင်တူကြတယ်။ ယတြာချေဗေဒင်မေး ဘရားတည် စတာတွေကိုလည်း နှစ်ယောက်စလုံး အားကိုးကြတယ်။

ပြည်သူလူထုကို ရန်သူလို သဘောထားတဲ့ပုဂ္ဂိုလ်ကို စိတ်ဖောက်ပြန်သူ Psychopath လို့ ခေတ်ဆရာဝန်တွေက အဓိပ္ပာယ်ဖွင့်တယ်။ စိတ်ဖောက်ပြန်သူဟာ အများလက်ခံတဲ့ ကောင်းမွန်တဲ့ အကျင့်သီလကို ချိုးဖောက်ပြီး အမှန်တရားကို လက်မခံနိုင်ဘူး။ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ ဓလေ့ထုံးစံနဲ့ တရားဥပဒေကိုလည်း ဂရုမစိုက်ဘူး။ စိတ်အနှောင့်အယှက် ဖြစ်လာရင် အလွန်ကြမ်းတမ်းရက်စက်တယ်။

(၁၆) ရာစုမှာ အင်းဝကို အုပ်စိုးတဲ့ ရှမ်းဘုရင် သိုဟန်ဘွားကို ဘုန်းကြီးသတ်ပြီး ဘုရားဖျက်သူအဖြစ် သမိုင်းမှတ်တမ်း တင်ကြတယ်။ ရှမ်းဘုရင်က ဗမာဘုန်းကြီးကိုသတ်သလို (၁၈) ရာစု ဗမာမင်းအလောင်းဘုရား ပဲခူးကိုတိုက်တုန်းက ဆန့်ကျင်တဲ့ မွန်ဘုန်းကြီးတွေကို သတ်တာပဲ။ အာဏာရူးဟာ သူ့အာဏာထိပါးလာမှာကို စိုးရိမ်ပြီး ဘုန်းကြီးကို သတ်တာ ဖြစ်တယ်။

ဘုရားတည်ပြီး ဘုန်းကြီးသတ်တဲ့နေရာမှာ ဗိုလ်နေ၀င်းနဲ့ ကြပ်ပြေးသန်းရွှေ အသွင်တူတယ်။ ဒီလိုလူမျိုးတွေဟာ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံမှာ သင်ခန်းစာ ယူနိုင်စွမ်းမရှိကြဘူး။ မဆလခေတ်အတွေ့အကြုံသာရှိတဲ့ ကြပ်ပြေးသန်းရွှေဟာ မဆလအာဏာရှင်စနစ်ပုံစံကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်။ စိတ်ဖောက်ပြန်နေတဲ့ Psychopath တွေဟာ ပြုပြင်ပြောင်းလဲဖို့ နားမလည်နိုင်ဘူး။ သင်ခန်းစာလည်း မယူနိုင်ကြတဲ့အတွက် သူတို့အရင်က လုပ်ခဲ့တာတွေကိုပဲ ထပ်ခါတလဲလုပ်တတ်တယ်လို့လည်း ဆိုတယ်။ ဒီအချက်ကို ကြပ်ပြေးသန်းရွှေက သက်သေပြနေတယ်။

ကြံ့ဖွံ့နဲ့နာမည်တူ အသင်းမျိုးကို လွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်ဖြစ်တဲ့ ၁၉၅၈ ခုနှစ် ဗိုလ်နေ၀င်း အိမ်စောင့်အစိုးရ လက်ထက်မှာလည်း ဖွဲ့စည်းခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ စစ်တပ်ကို ပြည်သူလူထုက သိပ်ပြီးမုန်းတီးသေးတာမဟုတ်လို့ ‘ကြံ့ခိုင်ရေးအသင်း’ လို့သာ ခေါ်ကြတယ်။

ရှေ့နှစ်ကျင်းပမယ်လို့ မျှော်လင့်ရတဲ့ အထွေထွေရွေးကောက်ပွဲမှာ ကန့်ကွက်ဆန္ဒပြသူကို နှိမ်နင်းဖို့အတွက် ကြံ့ဖွံ့အဖွဲ့ဝင်တွေကို စစ်တပ်နဲ့ရဲက လေ့ကျင့်ပေးနေတယ်လို့ သတင်းထွက်နေတယ်။ မနှစ်က ကျင်းပတဲ့ အခြေခံဥပဒေအတည်ပြုရေး လူထုဆန္ဒ ခံယူပွဲမှာ ကန့်ကွက်သူမရှိဘဲ အားလုံးထောက်ခံမဲပေးအောင် ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက စီစဉ်နိုင်ခဲ့တယ်။ အခုတော့ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့အဖွဲ့ဝင်တွေ အနိုင်ရအောင် စီစဉ်နေပြီလို့ ကြားနေရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ဒီပဲယင်းမှာ ၂၀၀၃ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်တာဟာ ကြံ့ဖွံ့အဖွဲ့ လက်ချက်ဖြစ်တယ် ဆိုတာလောက်ပဲ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းက သိတယ်။ တကယ်တော့ ၁၉၉၆ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး တို့ လိုက်ပါလာတဲ့ ကားတန်းကို ၀ိုင်းရိုက်ကတည်းက ကြံ့ဖွံ့အဖွဲ့ဟာ အကြမ်းဖက်ခဲ့တာဖြစ်ပေမယ့် အခုမှ နိုင်ငံခြားစာနယ်ဇင်း အချို့က ကြံ့ဖွံ့အဖွဲ့ကို အန္တရာယ်အဖြစ် ရေးသားလာကြတာဖြစ်တယ်။

၁၉၉၆ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ၀န်ကြီးချုပ်ဦးနု ကွယ်လွန်တဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ကြံ့ဖွံ့တွေက ဒေါ်စုတို့အဖွဲ့ကို ခရမ်းချဉ်သီးနဲ့ ၀ိုင်းပေါက်ဖို့ စီစဉ်တယ်။ ဒါကို ကြိုတင်သိရလို့ အပေါက်ခံရရင်တောင် လက်တုံ့မပြန်ဘဲ ဘာကြောင့် ပေါက်ရတာလဲ ဆိုတာလောက်ပဲ မေးကြဖို့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေက ပြင်ဆင်ထားကြတယ်။ အကယ်၍ ကြိုတင်ပြင်ဆင်မှုမလုပ်နိုင်ဘဲ အန်အယ်လ်ဒီ အဖွဲ့ဝင်လူငယ်တွေက စိတ်လိုက်မာန်ပါ လက်တုံ့ပြန်မိရင် အန်အယ်လ်ဒီ အဖွဲ့ချုပ်ဟာ ကြံ့ဖွံ့ဆင်တဲ့ အကွက်ထဲဝင်သွားပြီး အန်အယ်လ်ဒီအဖွဲ့ဝင်နဲ့ ကြံ့ဖွံ့တွေ အပြန်အလှန် အကြမ်းဖက်ကြတဲ့အဖြစ်ကို ရောက်သွားမယ်။

စစ်အာဏာရှင်စနစ်ကို အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းတဲ့အခါမှာ ကြံ့ဖွံ့အသင်းဟာ အဓိကအခန်းက ပါဝင်လာမယ့် အကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနဲ့ တိုးတက်ဖွံ့ဖြိုးရေးကွန်ချာအဖွဲ့ Network for Democracy and Development (NDD) က ၂၀၀၆ ခုနှစ်က စာမျက်နှာ (၉၀) အစီရင်ခံစာထုတ်ဝေခဲ့တယ်။ ကြံ့ဖွံ့အသင်းဝင် (၂၀) ကျော်ကို တွေ့ဆုံမေးမြန်းပြီး ရေးထားတဲ့ သုတေသနစာတမ်းပဲ။ ပညာရေး၊ စီးပွားရေးလောက၊ အမှုထမ်းလောကနဲ့ အတိုက်အခံအဖွဲ့အစည်းတွေမှာ ကြံ့ဖွံ့အဖွဲ့ဝင် တိုးပွားလာအောင် ဆောင်ရွက်နေပုံကို ဖော်ပြတယ်။

ကြံ့ဖွံ့အဖွဲ့ထဲဝင်လိုက်ရင် အခွင့်အရေးရပြီး နှောင့်ယှက်မခံရဘူးလို့ ခပ်ပေါ့ပေါ့ပဲ သဘောထားကြတာ များတယ်တဲ့။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ကြံ့ဖွံ့အဖွဲ့က အရပ်သားအရေခြုံပေးလိုက်တာကိုတော့ သတိထားမိကြသူ နည်းနေသေးတယ်။ ကြံ့ဖွံ့နာယကအဖွဲ့ရဲ့ ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေပါ။ စစ်အစိုးရအဖွဲ့ဝင်အားလုံး နာယကတွေ ဖြစ်တယ်။ ဒါကြောင့် ကြံ့ဖွံ့အဖွဲ့ရဲ့ အပြုအမူဟာ စစ်အစိုးရရဲ့ အပြုအမူလို့ ယူဆနိုင်တယ်။ ကြံ့ဖွံ့အဖွဲ့ဝင်ပေါင်း သန်း (၂၀) ကျော်ရှိတယ်လို့ ဆိုတာမို့ မြန်မာ့လူဦးရေ တ၀က်လောက်ဟာ ကြံ့ဖွံ့အဖွဲ့ဝင်တွေလို ဖြစ်နေတယ်။

ဒါပေမယ့် ကျောင်းသားကျောင်းသူတွေနဲ့ အစိုးရအမှုထမ်းတွေဟာ ကြံ့ဖွံ့အဖွဲ့ကို မ၀င်မနေရ ပါဝင်နေရလို့ အဖွဲ့ဝင်ဦးရေ ဖောင်းကြွနေတာဖြစ်ပုံရတယ်။ ကြံ့ဖွံ့အဖွဲ့ဝင် များပြားလာချိန်မှာ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီဝင်ဦးရေ ကျဆင်းအောင် စစ်အစိုးရက လုပ်ထားတယ်။ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ ထောင်သွင်းအကျဉ်းချမှု စတဲ့နည်းတွေ သုံးပြီး အန်အယ်လ်ဒီအဖွဲ့ချုပ် လုံးပါးပါးသွားအောင် ကြိုးပမ်းနေတယ်။ ကြံ့ဖွံ့အဖွဲ့ဝင်ဖို့ ငြင်းဆန်တဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေကိုလည်း နည်းမျိုးစုံနဲ့ ဒုက္ခပေးတတ်တယ်။

ကိုယ့်ဘက်ကနိုင်ဖို့ အလားအလာမရှိရင် ၀င်ရောတာ အကောင်းဆုံးပဲဆိုပြီး ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်သွားသူတွေ ရှိပေမယ့် မ၀င်ဘဲ တောင့်ခံနေသူတွေလည်း ရှိတယ်။ တချို့ကြတော့လည်း နှောင့်ယှက်တာ မခံရအောင် ကြံ့ဖွံ့အဖွဲ့ထဲ ၀င်လိုက်ပေမယ့် ကြံ့ဖွံ့ဖြစ် ကြောင်း လူသိမခံလိုကြဘူး။ ၁၉၈၈ အုံကြွမှုမှာ မဆလပါတီဝင်တွေ ဒုက္ခရောက်လို့ ပါတီကတ်ပြားဆုတ်ဖြဲပစ်ရတဲ့အဖြစ်ကို သတိရနေကြပုံရတယ်။

အပေါ်ယံကြည့်ရင်တော့ ရပ်ကွက်က အရပ်သားအသင်းကို လူမှုရေးလုပ်ငန်းလုပ်ပေးတဲ့အဖွဲ့လို့ ကြံ့ဖွံ့အဖွဲ့ကို ထင်မြင်စရာ ရှိပါတယ်။ ဒါပေမယ့် တရပ်ကွက်လုံး စစ်အစိုးရကို ထောက်ခံလာအောင် စည်းရုံးလှုံ့ဆော်ပေးသူဟာ ကြံ့ဖွံ့အဖွဲ့ဝင်ပါ။ စစ်အစိုးရ ထောက်ခံပွဲနဲ့ အန်အယ်လ်ဒီ ရှုတ်ချပွဲ ကျင်းပနိုင်သူဟာ ကြံ့ဖွံ့ပါ။ ပြည်သူလူထုကို အကူအညီပေးဟန်ဆောင်ပြီး အနိုင်ကျင့်နေတာ ကြံ့ဖွံ့အဖွဲ့ပါ။

နိုင်ငံခြားကယ်ဆယ်ရေးအေဂျင်စီတွေနဲ့ ကြံ့ဖွံ့အဖွဲ့ လက်တွဲနိုင်ဖို့ စစ်အစိုးရက ကြိုးပမ်းတယ်။ ကြံ့ဖွံ့နဲ့ တွဲမလုပ်ချင်လို့ မြန်မာပြည်ကထွက်ခွာတဲ့ နိုင်ငံခြားလူမှုရေးအေဂျင်စီတွေရှိတယ်။ တနည်းဆိုရင်တော့ ပြင်ပက အဖွဲ့အစည်းတွေ မြန်မာပြည်သူလူထုနဲ့ ဆက်ဆံချင်ရင် ကြံ့ဖွံ့ကတဆင့်သာ ဆက်သွယ်ခွင့်ရှိသလို ဖြစ်နေပါတယ်။ လာဘ်ပေးလာဘ်ယူမှာလည်း ကြံ့ဖွံ့အဖွဲ့ဟာ အများဆုံးပဲ။ အစိုးရငွေ၊ အလှူငွေ၊ ရန်ပုံငွေ စတာတွေကို အလွဲသုံးစားလုပ်တာဟာ ထုံးစံလိုဖြစ်နေပြီ။

ကြံ့ဖွံ့အဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် ပထမဆုံးအသိအမှတ်ပြုတာ တရုတ်ကွန်မြူနစ်ပါ။ ၂၀၀၀ ပြည့်နှစ်မှာ ကြံ့ဖွံ့အသင်း ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဝင်းမြင့်ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်တယ်။ နောက် (၄) နှစ်လောက်ကြာတော့ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ဘေဂျင်းမြို့တော်မှာကျင်းပတဲ့ (၃၅) နိုင်ငံက (၈၄) ပါတီညီလာခံကို ကြံ့ဖွံ့အသင်းတက်တာ တွေ့ရတယ်။ တိုကျိုနဲ့အိန္ဒိယမှာ ကျင်းပတဲ့ အစီအစဉ်တွေမှာလည်း ကြံ့ဖွံ့ပါဝင်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်ဟာ ကြံ့ဖွံ့အဖွဲ့ရဲ့ ပြိုင်ဘက်လိုဖြစ်နေတယ်။ ဒေါ်စုနဲ့ အန်အယ်လ်ဒီ မလှုပ်ရှားနိုင်တဲ့ဘ၀ ရောက်သွားရင် ကြံ့ဖွံ့ပါတီအာဏာရပြီး အခြားပါတီတွေဟာ ကြံ့ဖွံ့ကိုပံ့ပိုးတဲ့အဆင့်မှာသာ ရပ်တည်နိုင်တော့မှာ ဖြစ်တယ်။ ဒီလိုဆိုရင် ဗမာ့နိုင်ငံရေးစနစ်ဟာ ကြံ့ဖွံ့က ကြံ့ဖွံ့အတွက် တည်ထောင်ထားတဲ့ ကြံ့ဖွံ့ကရေစီစနစ် ဖြစ်ဖို့သာ ရှိပါတော့တယ်။

အတွေးအခေါ် ပြောင်းလဲရေး

အောင်ကျော်ခင် / ၂၃ စက်တင်ဘာ ၂၀၀၉


စစ်မှန်တဲ့တော်လှန်ရေးဟာ အတွေးအခေါ် ပြောင်းလဲရေးဖြစ်တယ်လို့ ပြောကြတယ်။ သိပ်ဟုတ်တာပေါ့။ ဗိုလ်ချုပ်လူထွက်တွေက ဒီမိုကရေစီတည်ဆောက်ချင်တယ်ဆိုပြီး သူများကို အမိန့်ပေးခိုင်းစေနေတာဟာ အတွေးအခေါ် ပြောင်းလဲတာမဟုတ်ပါ။ စစ်တိုက်ရင် စစ်ခေါင်းဆောင်က နောက်ဆုံးမှာနေတယ်။ စစ်ဗိုလ်စစ်သားတွေက ရှေ့ဆုံးက တိုက်ရတယ်။ နိုင်ငံရေးမှာ ဒါမျိုးလာလုပ်ရင် ဒီလိုခေါင်းဆောင်နောက်ကို ဘယ်သူမှ လိုက်မှာမဟုတ်ဘူး။ နိုင်ငံရေးတိုက်ပွဲမှာ ခေါင်းဆောင်ဟာ ရှေ့ဆုံးကနေရတယ်။ ခေါင်းဆောင်အဖမ်းခံရရင် နောက်တယောက်က သူ့နေရာကို ယူရတယ်။ ဒါနိုင်ငံရေး ဓလေ့ပဲ။

ဒါကြောင့် ဒီမိုကရေစီလိုချင်ရင် အတွေးအခေါ်ပြောင်းလဲဖို့ အလွန်အရေးကြီးတယ်။ အရပ်သားက စစ်ဗိုလ်လိုကျင့်ကြံနေရင် ဒီမိုကရေစီအနားတောင် ကပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပရုံနဲ့ မြန်မာပြည်သားတွေ အတွေးအခေါ် ပြောင်းလဲမှာမဟုတ်ဘူး။ အတွေးအခေါ် မပြောင်းလဲရင် ရွေးကောက်ပွဲအာဏာရှင်စနစ်ပဲရမယ်၊ ဒီမိုကရေစီကို ရမှာမဟုတ်ဘူး။ လူဆိုတာ အကျင့်ဓလေ့အတိုင်းလုပ်တဲ့ သတ္တ၀ါဖြစ်တယ်ဆိုတဲ့ စကားရှိတယ်။ အတွေးအခေါ်မပြောင်းရင် အကျင့်ဟောင်းကို မစွန့်နိုင်ပါ။

မြန်မာပြည်အလယ်ပိုင်းဒေသကို ဗုဒ္ဓ၀ါဒရောက်လာတာ အနှစ်တထောင်ကျော်ပြီဖြစ် ပေမယ့် ရုပ်ဝတ္ထုကိုးကွယ်တဲ့ ဗမာ့ဓလေ့ဟာ ကွယ်ပျောက်သွားတာမဟုတ်ဘူး။ အဲနားမစ်ဇင် (animism) ခေါ် ရုပ်ဝတ္ထုကိုးကွယ်တဲ့ဓလေ့ဟာ ဗုဒ္ဓ၀ါဒနဲ့ ရောစပ်တဲ့အခါမှာ ပိုပြီးတော့ အားကောင်းသလိုဖြစ်သွားတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒရဲ့ အနှစ်သာရဖြစ်တဲ့ ‘ကိုယ်ထူကိုယ်ထသဘာဝ’ ကို ဗမာအများစုက နားမလည်တော့ဘူး။ ကိုယ်တိုင်ကျင့်ကြံရတာဟာ ခက်ခဲပင်ပန်းပြီး သူများကို ကိုးကွယ်ရတာက လွယ်တာကိုး။ တရားအားထုတ်တာက ပင်ပန်းခက်ခဲပြီး ဆွမ်းကပ်ရတာက လွယ်ကူတဲ့သဘောပါပဲ။

ဗမာဘုရင်ဟာ အာဏာရှင်ပဲ။ တိုင်းသူပြည်သားရဲ့ ယုံကြည်ကိုးကွယ်မှုကိုတောင် ဗမာဘုရင်က ဆုံးဖြတ်တယ်။ ဒါကြောင့် ဗမာစစ်အစိုးရဟာ ထင်သလို ရေးချင်တာရေးပြီး ပြည်သူ့ဆန္ဒဖြစ်တယ်လို့ ပြောနေတာပဲ။ ပြည်သူကို သတ်ဖြတ်ပြီး ဘုရားတည်လိုက်ရင် ပြည်သူရှိခိုးတာကို ခံရမယ်ဆိုတာ ဗမာစစ်ဗိုလ်နားလည်တယ်။ ဒါကြောင့်မို့ ဗိုလ်နေ၀င်း၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေတို့က ဘုရားတည်ကြတာ။ ခိုင်မာအောင် ဘိလပ်မြေများများ၊ အုပ်နီခဲများများထည့်ပေါ့။ ဘုရားဖြစ်မယ့် အုပ်နီခဲဆိုတဲ့ ဗမာစကားရှိတယ်။ ဗုဒ္ဓ၀ါဒအနှစ်သာရကို ဗမာတွေနားမလည်တော့ အုပ်နီခဲတွေ ဘုရားဖြစ်ကုန်တာပေါ့။

နတ်ပေါင်းများစွာ ကိုးကွယ်တဲ့ ဗမာ့ဓလေ့အစား နတ် (၃၇) မျိုးကိုသာကိုးကွယ်ဖို့ သတ်မှတ်သူဟာ အနော်ရထာမင်းဖြစ်တယ်။ သီကြားမင်းခေါင်းဆောင်တဲ့ (၃၇) မင်းနတ်အုပ်စုဟာ ဗုဒ္ဓဘာသာထက် နိမ့်ကျတယ်လို့ အနော်ရထာမင်းက သတ်မှတ်တယ်။ ဒါကြောင့် အနော်ရထာခေတ်ကစပြီး နတ်ကိုးကွယ်မှုနဲ့ ဗုဒ္ဓဘာသာ ရောထွေးယှက်တင်ဖြစ်လာတယ်။ ဘုရားရှိခိုးပြီး နတ်ပူဇော်တာဟာ ဗမာဗုဒ္ဓဘာသာဓလေ့ဖြစ်လာတယ်။ ဗုဒ္ဓ၀ါဒရှိနေပေမယ့် ကောင်းကောင်းနားမလည်တော့ ဗမာ့အတွေးအခေါ် ပြောင်းမသွားဘူး။

ကြာလာတဲ့အခါမှာ နတ်တွေရဲ့ တန်ခိုးအာဏာအဆင့်အတန်းကို လူတွေမေ့ကုန်ကြတဲ့အတွက် ဗမာမင်းက သတ်မှတ်ပေးရပြန်တယ်။ (၃၇) မင်းနတ်အုပ်စုရဲ့ တန်ခိုးအာဏာအနိမ့်အမြင့် အထက်အောက် သတ်မှတ်ပေးတဲ့ ဘုရင့်အမိန့်ကို ၁၈၂၀ ခုနှစ်မှာ ဘကြီးတော်မင်းက ထုတ်ပြန်ခဲ့တယ်။ နတ်ကိုမင်းလို့ခေါ်ပြီး နတ်ကွန်းကို နတ်နန်းလို့ခေါ်တာဟာ နတ်ကိုမင်းမြှောက်တာပဲ။ ဘုရင်ကို အန္တရာယ်ပေးနိုင်တယ်လို့ ယုံကြည်တဲ့ နတ်တွေကို နတ်နန်းဆောက်ပေးပြီး ပူဇော်ပသပါတယ်။ တနည်းဆိုရင်တော့ ဘုရင့်အာဏာတည်မြဲရေးအတွက် နတ်ကိုးကွယ်မှုကို ဘုရင်ကိုယ်တိုင် အားပေးတာပဲ။ စစ်ဗိုလ်ထဲမှာလည်း ရာထူးကြီးလေ နတ်ကိုးကွယ်လေဖြစ်နေတယ်။

ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ဗမာလူမျိုးဟာ နက္ခတ်ဗေဒင်၊ ပယောဂ၊ မှော်အတတ်၊ ထိုးကွင်းမင်ကြောင်နဲ့ အတိတ်နိမိတ်ကို ယုံကြည်ကြတာများတယ်။ အတိတ်နိမိတ်ဆိုးပေါ်လာပြီး မကြာမီ ရှင်ဘုရင်သေဆုံးရပုံကို ဗမာရာဇ၀င်ကျမ်းတွေမှာ တွေ့နိုင်ပါတယ်။ ဂျပန်ခေတ်က နိုင်ငံတော်အကြီးအကဲအမည်ခံတဲ့ ဒေါက်တာဘမော်ရဲ့ ခြံဝန်းထဲကို လိပ်တကောင်ဝင်လာပြီး မကြာမီ ဒေါက်တာဘမောင်ဟာ ဂျပန်နဲ့အတူ ထွက်ပြေးရပုံကို မှတ်တမ်းတင်ထားတာရှိတယ်။ ‘လိပ်’ ဟာ အင်္ဂလိပ်ကို ကိုယ်စားပြုတဲ့ အတိတ်နိမိတ်မို့ အင်္ဂလိပ်ဝင်လာလို့ ဒေါက်တာဘမော် ထွက်ပြေးရတာကို နိမိတ်ကောက်ထားတာပါပဲ။ ဒေါက်တာဘမော်ဟာ အင်္ဂလန်မှာ ရှေ့နေစာမေးပွဲအောင်ပြီး ပြင်သစ်မှာ ပါရဂူဒေါက်တာဘွဲ့ရယူထားတဲ့ ခေတ်ပညာတတ်ဖြစ်ပေမယ့် အင်္ဂလိပ်စစ်ရှုံးအောင် ၀ိုင်းတိုက်ပေးကြဖို့ နတ်ပေါင်းစုံကို ပူဇော်ပသတယ်။ ပညာတတ်တိုင်း အတွေးအခေါ် ပြောင်းလဲသွားတာမဟုတ်ပါဘူး။

အယူသီးတဲ့ဗမာတွေဟာ ပုဏ္ဏားနဲ့ဗေဒင်ဆရာမပါရင် ဘာမှမလုပ်နိုင်ဘူးလို့ (၁၉) ရာစုနှောင်းပိုင်းထုတ် အစိုးရပြန်တမ်းမှာ ဖော်ပြထားတယ်။ အရေးကြီးတဲ့ကိစ္စဆိုရင် ရက်ကောင်းရက်မြတ် ရွေးရတာကလည်း အလုပ်ကြီးတခုလိုဖြစ်နေတယ်။ ဇန်န၀ါရီလ (၄) ရက်နေ့ မနက် (၄) နာရီ၊ မိနစ် (၂၀) မှာ ဗမာ့လွတ်လပ်ရေး ကြေညာတာကလည်း ဗေဒင်ဆရာ့ လက်ချက်ပါပဲ။ အိန္ဒိယမှာတော့ ဗေဒင်ဆရာက ည (၁၂) နာရီမှာ လွတ်လပ်ရေးယူခိုင်းတယ်။ မနက် (၄) နာရီမှာ လွတ်လပ်ရေးရတာမို့ အခမ်းအနား တက်သူတွေအားလုံး အစောကြီးထကြရတယ်။ ဒါကိုမကျေနပ်တဲ့ အင်္ဂလိပ်အရာရှိတဦးက ကြိုက်သလို လုပ်ကြပေါ့ကွာ။ ငါတို့ ဒီတခါပဲ အိပ်ရေးပျက်တာ၊ မင်းတို့ကတော့ အမြဲတမ်းအိပ်ရေးပျက်မှာပါလို့ ကိုယ်ရေးမှတ်တမ်းမှာ ဖော်ပြထားတယ်။ ခေါင်းဆောင်ပိုင်းကစပြီး ဗေဒင်ဆရာပြောတဲ့အတိုင်း ယုံကြည်နေရင် ဆင်ခြင်တုံတရားနဲ့အညီ ဆုံးဖြတ်နိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

ဝန်ကြီးချုပ်ဦးနု စီးလာတဲ့မော်တော်ကား ခွေးတကောင်တိုက်မိတာကို နိမိတ်မကောင်းဘူးလို့ ယူဆပြီး ခရီးဆက်မသွားတော့တာကိုလည်း ကြားဖူးတယ်။ ဆရာဝန်အပါအ၀င် ခေတ်ပညာတတ်တွေထဲမှာ ကလေးနေမကောင်းတာကို ဗေဒင်မေးပြီး ယတြာချေသူတွေရှိတယ်။ စစ်ဗိုလ်တွေကလည်း အကြားအမြင်ရသူနဲ့ ဗေဒင်ဆရာကို အားကိုးကြတယ်။ ဘုရားကိုးဆူဆိုတဲ့ ဂြိုဟ်ပူဇော်ပွဲကို ကျင်းပနေကြတုန်းပါပဲ။ ရည်ရွယ်ချက်က မကောင်းတာတွေ ပျောက်ကွယ်ဖို့တဲ့။

ဒီလိုအယူသီးပြီး အစွဲအလမ်းကြီးတဲ့ဗမာတွေမှာ အာဏာရှင်ဓလေ့ကိုလိုလားတဲ့ အတွေးအခေါ်ရှိတယ်လို့ ကွယ်လွန်သူ သမိုင်းဆရာ ဒေါက်တာမောင်မောင်ကြီးက ယူဆတယ်။ အကြွင်းမဲ့အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ ဗမာတွေဟာ (၂၀) ရာစုရောက်လာတော့လည်း အာဏာရှင်စနစ်ကို တောင့်တနေတုန်းပဲလို့ ဆရာမောင်မောင်ကြီးက ဆိုတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက အင်္ဂလိပ်ကို ပြိုင်ဆိုင်နိုင်တဲ့ နာဇီဂျာမဏီ၊ ဖက်ဆစ်အီတလီနဲ့ ဖက်ဆစ်ဂျပန်ကို ဗမာခေါင်းဆောင်တွေ သဘောကျကြပြီး ဒေါက်တာဘမော်က သူ့ကိုယ်သူ အာဏာရှင်လို့ ကြေညာခဲ့တယ်။ ဂျပန်ခေတ်က ကျင်းပတဲ့ လွတ်လပ်ရေးအခမ်းအနားမှာ ဒေါက်တာဘမော်ကို ရှင်ဘုရင်အဖြစ် ရည်ညွှန်းပြီး သခင်ကိုယ်တော်မှိုင်းက ကျမ်းကျိန်ပွဲမှာ ပြောဆိုသွားတယ်တဲ့။

ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်ကလည်း အင်္ဂလိပ်ကို တန်ပြန်နိုင်တဲ့ အာဏာရှင်စနစ်ကို အားကျဖူးတယ်။ “ခေါင်းဆောင်မှု မှန်ကန်ရင် အားလုံးကောင်းမွန်ပြီး၊ ခေါင်းဆောင်မကောင်းရင် အားလုံးကမောက်ကမဖြစ်ကုန်တယ်လို့ ဗမာတွေက ယုံကြည်ကြောင်း၊ ဒါကြောင့် ခေါင်းဆောင်ဆိုတာ ပြရုပ်သာမဟုတ်ဘဲ တကယ်စွမ်းဆောင်နိုင်ရမှာဖြစ်ကြောင်း၊ အစိုးရတခု၊ ပါတီတခုနဲ့ ခေါင်းဆောင်တဦးသာ ရှိသင့်ပြီး နိုင်ငံတော်အာဏာကို လူတိုင်းနာခံရမယ်လို့ ၁၉၄၂ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ပြည်မှာ ရေးခဲ့တယ်။

ဖက်ဆစ်အာဏာရှင်ကို အကူအညီတောင်းဖို့အသွား ဂျပန်မှာရေးတဲ့ လွတ်လပ်ရေးစီမံကိန်း စာတမ်းဖြစ်တဲ့အတွက် အဲဒီအချိန်မှာ ရေပန်းစားနေတဲ့ အာဏာရှင်စနစ်ကို အမွှန်းတင်တာပဲ ဖြစ်ဖို့များပါတယ်။ ဂျပန်စစ်ရှုံးလို့ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားတဲ့နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ မိန့်ခွန်းတွေမှာ ဒီမိုကရေစီစနစ်ကိုသာ ထောက်ခံပြောဆိုတာ တွေ့ရပါတယ်။ ‘ဒေးဗစ်စတိုင်းဘတ်’ ဆိုတဲ့ အမေရိကန်ပညာရှင်ကလည်း ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း ဂျပန်ပြည်မှာရေးခဲ့တဲ့ စာတမ်းလေးကို ထောက်ပြပြီး ဗိုလ်ချုပ်အောင်ဆန်းကို အာဏာရှစ်စနစ်လိုလားသူအဖြစ် မဆင်မခြင် စွပ်စွဲခဲ့ဖူးတယ်။

ဗမာတွေမှာ အာဏာရှင်ဆန်တဲ့ အကျင့်ဓလေ့ရှိနေတာမို့ ကွဲလွဲတဲ့သဘောထားကို လက်မခံနိုင်တာလို့ ဆရာမောင်မောင်ကြီးက ယူဆတယ်။ ဒီမိုကရေစီဆိုတာ ‘ရပိုင်ခွင့်တွေ’ မဟုတ်ဘဲ လေ့ကျင့်ယူရမယ့် အကျင့်ဓလေ့သာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း B.R.Pearn က ပြောဖူးပါတယ်။ မိမိရထားတဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ထင်သလိုအလွဲသုံးစား လုပ်တာဟာ အာဏာရှင်ဆန်တဲ့ ဗမာစရိုက်ဖြစ်တယ်တဲ့။ အထက်အောက် ဆက်ဆံရေးပုံဆံဟောင်း အပိုးကျိုးနေတာကလည်း အာဏာအလွဲသုံးစားလုပ်တဲ့ စရိုက်ဆိုးကို အားပေးသလိုဖြစ်နေပါတယ်။ အင်္ဂလန်မှာတော့ မတရားလုပ်တဲ့ အစိုးရအမှုထမ်းကို ခံချတဲ့အစဉ်အလာကြီးမားတာမို့ အာဏာအလွဲသုံးစားလုပ်မှု နည်းပါးတယ်။

ဗမာပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ရာထူးနဲ့သြဇာအာဏာရှိပြီဆိုတာနဲ့ မာနကြီးမောက်မာပြီး နိုင်ထက်စီးနင်း လုပ်တော့တာပါပဲ။ ရာထူးပြုတ်သွားတော့မှ မနေတတ်မထိုင်တတ် ရှက်သလိုလို ကြောက်သလိုလိုနဲ့ ဟိတ်ဟန်မထုတ် ရိုးရိုးကုပ်ကုပ် ပြန်ဖြစ်သွားပါတော့တယ်။ အာဏာကို အထင်ကြီးလွန်းတာကြောင့် အာဏာရှိသူရှေ့ရောက်ရင် ဗမာတွေဟာ ကြောက်လန့်ပြီး ခခယယလုပ်တော့တာပဲလို့ အင်္ဂလိပ်ကိုလိုအနီအရာရှိတဦးက မှတ်ချက်ချဖူးတယ်။ အာဏာရှိသူကို ကြောက်ပြီး အာဏာမရှိသူကို အထင်သေးတာဟာ ဗမာ့အကျင့်ဓလေ့လိုဖြစ်နေတယ်။ ဒါကြောင့် အတွေးအခေါ်ပြောင်းလဲဖို့ အရေးကြီးတယ်။

မြန်မာ့နိုင်ငံရေးဓလေ့

ဦးအောင်ခင် / ၂၆ ဧပြီ ၂၀၁၀


အစိုးရစနစ်ကို လေ့လာရာမှာ လူများစုအုပ်ချုပ်ရေး၊ လူတစုအုပ်ချုပ်ရေး၊ အကြွင်းမဲ့အာဏာရှင်စနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ် စသဖြင့် အမျိုးမျိုးခွဲခြားသတ်မှတ်ပြီး ကောင်းကျိုးဆိုးပြစ်ကို ဆန်းစစ်လေ့ရှိတယ်။ အခုခေတ်မှာ အကြွင်းမဲ့အာဏာရှင်စနစ်နဲ့ ဘုရင်စနစ်ကို လက်မခံကြတော့ဘူး။ အစဉ်အလာအရ ဘုရင်စနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာလည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကသာ အာဏာရှိပြီး ဘုရင်ဟာ အမည်ခံသာဖြစ်လာတယ်။ လူတစုအုပ်ချုပ်ရေးစနစ်နဲ့ အာဏာရှင်စနစ်ကို မကောင်းတဲ့အစိုးရစနစ်အဖြစ် သတ်မှတ်ထားကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအပါအ၀င် တိုင်းပြည်အချို့မှာ မကောင်းတဲ့အစိုးရစနစ်တွေ သက်ဆိုးရှည်နေတဲ့အတွက် နိုင်ငံရေးသိပ္ပံလေ့လာရာမှာ အုပ်ချုပ်ရေးစနစ် ပုံစံကိုသာမကဘဲ ဒီလိုအစိုးရစနစ်မျိုးကို လက်ခံထားတဲ့ လူ့အဖွဲ့အစည်းကိုလည်း ဆန်းစစ်ဖို့ လိုတယ်လို့ ယူဆလာကြတယ်။

ဒီမိုကရေစီအမည်ခံပြီး ရှင်ဘုရင်လို အာဏာရှင်စနစ်ကျင့်သုံးတာကို လက်ခံထားတဲ့ နိုင်ငံတွေရှိတယ်။ အစိုးရတခုရဲ့ အာဏာရှိမှု အတိုင်းအတာဟာ ဒီအစိုးရကို တိုင်းသူပြည်သားက ဘယ်လောက်လက်ခံထားသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ တနည်းဆိုရင် တိုင်းပြည် (သို့မဟုတ်) လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံဟာ ကျင့်သုံးတဲ့အစိုးရစနစ်မှာ ရောင်ပြန်ဟပ်နေတဲ့သဘောပဲ။ တိုင်းပြည်ရဲ့ နိုင်ငံရေးဓလေ့ဟာ နေ့ချင်းညချင်း ပေါ်ထွက်လာတာမဟုတ်ဘူး။ သမိုင်းက မွေးထုတ်တာပါ။ ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံနဲ့ စိတ်နေစိတ်ထားဟာ သမိုင်းကြောင်းကို ပြောင်းလဲစေနိုင်တဲ့ အကျိုးအာနိသင်ရှိတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်။

နှစ်ပေါင်း (၁,၀၀၀) လောက် အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်အောက်မှာ နေခဲ့ရပြီး ဗြိတိသျှကိုလိုနီဘ၀မှာ နှစ်ပေါင်း (၁၀၀) လောက်နေခဲ့ရတဲ့ မြန်မာပြည်ဟာ ဘုရင်စနစ်ရဲ့ လောင်းရိပ်က ပိုပြိးကြီးမားနက်ရှိုင်းတယ်လို့ ကွယ်လွန်သူ သမိုင်းပါမောက္ခတွေ ဖြစ်တဲ့ ဒေါက်တာမောင်မောင်ကြီးနဲ့ ဒေါက်တာကျော်သက်တို့က သုံးသပ်ကြတယ်။ ဗြိတိသျှအုပ်ချုပ်ရေးက ထွက်ပေါ်လာတဲ့ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေး စတဲ့ လစ်ဘရယ် (Liberal) သဘောတရားတွေကို လွတ်လပ်ရေးရပြီး ဒီမိုကရေစီ အစိုးရစနစ် တည်ထောင်တဲ့အထိ မြန်မာပြည်သားအများစုက ကောင်းကောင်းနားလည်သေးတာမဟုတ်ဘူးလို့ ပါမောက္ခ ဦးမောင်မောင်ကြီးက ဆိုတယ်။

တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်ကို လေ့လာတဲ့အခါ Political Culture လို့ အနောက်တိုင်းပညာရှင်တွေခေါ်တဲ့ နိုင်ငံရေးဓလေ့ကို ဆန်းစစ်ဖို့လိုတယ်။ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ နိုင်ငံရေးယုံကြည်ချက် အယူအဆအတွေးအခေါ်နဲ့ ရိုးရာဓလေ့ဟာ ဒီကနေ့အထိ တနည်းမဟုတ်တနည်းနဲ့ ဆက်လက်ရှင်သန်နေတုန်းပါပဲ။ ကွယ်ပျောက်ဖို့ အလွန်ခဲယဉ်းတယ်။ သေဆုံးသွားတဲ့မျိုးဆက်တွေ ထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာတွေဟာ အသက်ရှင်နေသူတွေရဲ့ စိတ်သဘာဝကို အိပ်မက်ဆိုးကြီးလို ဖိစီးနေတယ်လို့ Karl Marx ကThe 18th Brumaire of Louis Bonaparte (ဘရူးမဲရား- လူးဝီဘိုးနာပတ်) ဆိုတဲ့ စာတမ်းမှာ ရေးထားတယ်။ အာဏာရှင် ဆန့်ကျင်တဲ့ ပြင်သစ်တော်လှန်ရေးထဲက အာဏာရှင်စနစ် ပေါ်လာပုံကို ရေးတာပါပဲ။ ပြင်သစ်တော်လှန်ရေးပြက္ခဒိန်မှာ ၁၇၉၉ နိုဝင်ဘာလ (၉) ရက်နေ့ကို ဘရူးမဲရား (၁၈) ရက်နေ့လို့ ခေါ်တယ်။ အဲဒီနေ့မှာ နပိုလီယံက စစ်အာဏာသိမ်းတဲ့အတွက် ပြည်သူ့တော်လှန်ရေးဟာ အာဏာရှင်ဘုရင်စနစ်အဖြစ် အသွင်ပြောင်းသွားပုံကို ဖော်ပြတာပါပဲ။

လွတ်လပ်ရေးရချိန်ကစပြီး ၁၉၅၈ ခုနှစ်အထိ (၁၀) နှစ်ကျင့်သုံးခဲ့တဲ့ ပါလီမန်ဒီမိုကရေစီ စနစ်ဟာ ဒီမိုကရေစီမစစ်မှန်ဘူးလို့ အဲဒီခေတ်အတိုက်အခံတွေက မကြာခဏ ဝေဖန်ကြတယ်။ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်ပေမယ့် အာဏာရှင်ဆန်ဆန် အတိုက်အခံတွေကို ထင်သလို ဖမ်းဆီးထောင်ချမှု၊ ပြည်သူလူထု ပါဝင်တဲ့ အခန်းကဏ္ဍ နည်းပါးမှု စတဲ့အားနည်းချက်တွေကြောင့် ဒီမိုကရေစီမစစ်ဘူးလို့ ဝေဖန်ခဲ့ကြတာပါပဲ။ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို ဗိုလ်ချုပ်နေ၀င်းက သစ္စာဖောက်ပြီး ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းလိုက်တယ်။ အဲဒီအချိန်ကစပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ပြန်လည်ရှင်သန်အောင် စစ်အစိုးရ အဆက်ဆက်က အပတ်တကုတ် ကြိုးပမ်းနေတယ်။ ဗမာဘုရင်စနစ်ကို နေပြည်တော်ဆောက်တဲ့ ဗိုလ်သန်းရွှေအုပ်စုက အားကျနေတယ်။

ဒါကြောင့် အကြွင်းမဲ့အာဏာရှင် ဗမာဘုရင်စနစ်အကြောင်း ပထမဆုံး အကျဉ်းချုံးတင်ပြပါရစေ။ ရှေးဗမာတွေ နားလည်တဲ့ တခုတည်းသော အစိုးရစနစ်ဆိုတာ ဘုရင်စနစ်ပါ။ တိုင်းပြည်မှာ ဘုရင်ဟာ အာဏာအရှိဆုံး၊ ဘုန်းတန်ခိုးအရှိဆုံး၊ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတယ်။ မဟာသမ္မတ မင်းမျိုးက ဆင်းသက်သလိုလို ယုံထင်၊ ကြောင်ထင် ဖြစ်အောင် လုပ်ထားတာကြောင့် မင်းမျိုးမင်းနွယ်ကသာ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရှိတဲ့ သဘောမျိုးပါပဲ။ တိရစ္ဆာန်ကိုတောင် နန်းတွင်းမှာ မွေးထားရင် မြင့်မြတ်တယ်လို့ ယူဆကြတယ်။

မြန်မာ့သမိုင်းဆိုတာ ရှင်ဘုရင်တွေရဲ့ မှတ်တမ်းပါ။ မှန်နန်းရာဇ၀င်ဟာ ဘုရင့်အမိန့်အရ ရေးတဲ့စာတမ်းပါ။ ဒါကိုအားကျပြီး ဗိုလ်နေ၀င်းကလည်း န၀တအစိုးရလက်ထက်မှာ ‘သမိုင်းမှန်’ ပြုစုရေးဆိုပြီး သမိုင်းဆရာတစုကို စာအုပ်ရေးခိုင်းပါသေးတယ်။ စာပေ အနုပညာဆိုတာ ဘုရင့်နန်းတော်အသိုင်းအ၀ိုင်းမှာသာ ရှင်သန်ကြီးထွားနိုင်တာကြောင့် ရှေးဗမာတွေရဲ့ဘ၀ဟာ ကျဉ်းမြောင်းလှပါတယ်။ ဘုရင့်အသိုင်းအ၀ိုင်းဟာ အမြဲတမ်းမာန်မာန ထောင်လွှားပြီး ဘ၀င်မြင့်နေတာမို့ အပြင်လောကနဲ့ အဆက်အဆံ သိပ်မလုပ်ကြပါဘူး။ ဒါကြောင့် အသိဉာဏ်ဗဟုသုတနည်းပါးပြီး ကမ္ဘာ့အကြောင်းလည်း မသိတာများပါတယ်။ အပြင်လောကနဲ့ အဆက်အသွယ်နည်းလေ တိုင်းသူပြည်သားကို အယုံသွင်းရလွယ်လေပါပဲ။

တိုင်းသူပြည်သားကို အခိုင်းအစေ၊ ကျေးတော်မျိုး၊ ကျွန်တော်မျိုးလို့ သတ်မှတ်ပြီး ဘုရင်ကိုတော့ သက်ဦးဆံပိုင် အရှင်သခင်အဖြစ် သတ်မှတ်တယ်။ မင်းမျိုးမင်းနွယ်ဆိုတာ သာမန်လူသားမဟုတ်ဘဲ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာ ဖြစ်တယ်လို့ နှစ်ပေါင်းများစွာ ၀ါဒဖြန့်ခဲ့တာကြောင့် မင်းမျိုးမင်းနွယ်ရဲ့ သွေးမြေမကျကောင်းဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် အချင်းချင်းအာဏာလုလို့ သတ်ကြဖြတ်ကြ အကြမ်းဖက်ကြတဲ့အခါမှာ ဓားနဲ့မခုတ်ဘဲ လည်မျိုကို တုတ်နဲ့ ရိုက်သတ်တာမျိုး မကြာခဏ လုပ်တတ်တယ်။ တိုင်းသူပြည်သားအချင်းချင်း သဘောတူချက်ရယူပြီး အစိုးရဖွဲ့တာကို လူမှုပဋိညာဉ်လို့ ခေါ်တယ်။ အင်္ဂလိပ်လို Social Contract လို့ လူသိများတယ်။

ဒီမိုကရေစီအစိုးရစနစ်ဟာ ဒီသဘောတရားမှာ အခြေခံတယ်။ အများပြည်သူသဘောတူတဲ့ လူမှုပဋိညာဉ်ကြောင့် အစိုးရနစ် ပေါ်ပေါက်ရပုံကို မြန်မာ့ရိုးရာနိုင်ငံရေး အတွေးအခေါ်မှာလည်း တွေ့နိုင်တယ်။ မြန်မာ့ရိုးရာလို့သာပြောရတယ် အိန္ဒိယက လာတာပါ။ ယဉ်ကျေးမှုဆိုတာ အမြဲတမ်းပြောင်းလဲနေတာမို့ ကိုယ်ပိုင်မရှိပါဘူး။ အကုန်ရောနှောနေတယ်။ မဟာသမ္မတမင်း (သို့မဟုတ်) အစိုးရပေါ်လာပုံနဲ့ ပတ်သက်ပြီး အိန္ဒိယပြည် မဇ္ဈိမဒေသက နိုင်ငံရေးအတွေးအခေါ်ကို မြန်မာမင်းအဆက်ဆက်က လက်ခံခဲ့တာ တွေ့ရတယ်။

မင်းကျင့်တရား (၁၀) ပါးဆိုတာ ရှိပေမယ့် လိုက်နာတဲ့မင်း အင်မတန်ရှားပါတယ်။ လက်တွေ့မှာ ဘုရင်က စိတ်ကြိုက်လုပ်ရတာ များတယ်။ အုပ်ချုပ်မင်းလုပ်သူတွေ လိုက်နာရမယ့် ၀တ္တရားရှိပေမယ့် မလိုက်နာလို့လည်း ဘာမှမဖြစ်ပါဘူး။ ဒါကြောင့်မို့ ‘တရားဥပဒေနဲ့အညီ’ (သို့မဟုတ်) ‘ဓမ္မဓိဋ္ဌာန်ကျကျ’ စတဲ့အယူအဆတွေကို ဗမာမင်းလက်ထက်မှာ ကျင့်သုံးခဲ့တာမဟုတ်ဘဲ အင်္ဂလိပ်အုပ်ချုပ်မှ သုံးလာတာလို့ ပါမောက္ခ ဆရာမောင်မောင်ကြီးက ဆိုတယ်။

အာဏာကို အကန့်အသတ်လုပ်တာမျိုး ဗမာမင်းက လက်မခံနိုင်ဘူး။ အောက်မြန်မာပြည် အင်္ဂလိပ်လက်ထဲ ကျသွားတာကို လက်မှတ်ထိုးအသိအမှတ်ပြုဖို့ မင်းတုန်းမင်းက ငြင်းဆန်ခဲ့တယ်။ လက်ရှိ စစ်အစိုးရကလည်း နိုင်ငံခြားအကူအညီ လိုချင်ပေမယ့် စည်းကမ်းသတ်မှတ်လာရင် လက်မခံနိုင်ဘူးလို့ ကြွေးကြော်တာဟာ ရှေးဗမာမင်းရဲ့ လုပ်ကိုင်ပုံနဲ့ အတော်တူတယ်။ အာဏာကို ကန့်သတ်လာရင် ဗမာမင်းက လက်မခံနိုင်တာမို့ နောက်ဆုံးမှာ မရှုနိုင် မရှိုက်နိုင်ဖြစ်တော့မှ အဖြစ်မှန်ကို သဘောပေါက်ကြတာ များတယ်။ အဲဒီအခါမှာ အချိန်လွန်ပြီး ရောဂါကျွမ်းနေပြီ။ နေရာတကာမှာ အာဏာရှင်ဘုရင်က ကြီးစိုးနေတာမို့ မကျေနပ်ရင် ပုန်ကုန်ရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့ပါ။

ဗမာမင်းဟာ အာဏာရူးပဲ။ မင်းကျင့်တရား (၁၀) ပါးထဲက ‘အ၀ိရောဓန’ တရားကို ကုန်းဘောင်ခေတ်စာပေမှာ အထူးဖော်ပြတယ်။ အဓိပ္ပာယ်က အုပ်ချုပ်မင်းလုပ်သူဟာ ရဟန်းရှင်နဲ့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မလုပ်ရဘူးလို့ ဆိုတာပဲ။ ပြည်သူ့ဆန္ဒဆန့်ကျင်တဲ့ အစိုးရကို ပြည်သူလူထုကပဲ ဖျက်ဆီးပစ်လိမ့်မယ်လို့ ယောအတွင်းဝန် ဦးဖိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်းက ဆိုတယ်။ ဒီကျမ်းဟာ သီပေါမင်းကို ဆုံးမဖို့ရေးတဲ့ ကျမ်းဖြစ်တယ်။ ဘုရင်ရူးသန်းရွှေ ပျဉ်းမနားကြပ်ပြေး ရောက်သွားတာလဲ ပြည်သူ့ရန်ကြောက်လို့ပဲ။ ပုဂ္ဂိုလ်ကိုးကွယ်မှုကို အခြေခံပြီး ဘုရင်စနစ်တည်ဆောက်တာကို ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေတို့က သက်သေပြနေတယ်။ အခုအထိတော့ မြန်မာ့နိုင်ငံရေးဓလေ့ဟာ ပုဂ္ဂိုလ်ကိုးကွယ်မှုအဆင့်ပဲ ရှိနေသေးတယ်။

Friday, February 19, 2010

နိုင်ငံရေးနှင့် နိုင်ငံရေးပါတီ

တက္ကသိုလ်မြတ်သူ

(၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ထုတ်၊ Northern Star ဂျာနယ်က ဆရာ တက္ကသိုလ်မြတ်သူရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီ ခေတ်ကာလတုန်းက အစိုးရနဲ့ အတိုက်အခံကြား ဆက်ဆံရေး၊ ဖဆပလရဲ့ အကွဲအပြဲများကို တစ်စေ့တစ်စောင်း သိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။)

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် လွတ်လပ်ရေး ကြိုးပမ်းမှု၏ မြန်မာ့ရှေ့ဆောင် အမျိုးသား မဏ္ဍိုင်ကြီး ဖြစ်သော ဖဆပလ သည် ၁၉၅၈ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်မြဲ(ဆွေငြိမ်း) နှင့် သန့်ရှင်း(နုတင်) ဟူ၍ နှစ်ခြမ်းကွဲ ပြိုလဲသွားခဲ့သည်။ လွတ်လပ်ရေး ရကာနီးနှင့် ရပြီးစ ကာလများ ကတည်းက ဖဆပလ အဖွဲ့ချုပ်မှ ပြည်သူ့ ရဲဘော် (အဖြူပတ်)၊ ဆိုရှယ်နီ၊ ဗကသ၊ ဗမက စသည့် အဖွဲ့များ ပဲ့ထွက်ခဲ့ပြီး ဖြစ်သည်။ ဖဆပလကြီး တည်မြဲနှင့် သန့်ရှင်း ကွဲပြဲမှုမှာ သာမန် ပဲ့ထွက်သွားခြင်း မဟုတ်ဘဲ ထမင်းစား ကြွေပန်းကန် အလယ်မှ ထက်ခြမ်း ကွဲသကဲ့သို့ ပြန်ဆက်၍ မရအောင် ကွဲထွက်သွားခြင်း ဖြစ်သည်။

ဖဆပလကြီး နှစ်ခြမ်းကွဲချိန် အဖွဲ့ချုပ် ရန်ပုံငွေ ငါးသိန်း ရှိနေသည်။ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့၏ အရေးပါသော နေရာများမှာ နုတင် (သန့်ရှင်း) တို့ လက်တွင် ရှိသည်။ ဥက္ကဋ္ဌ နေရာ ဦးနု၊ အထွေထွေ အတွင်းရေးမှူး နေရာ သခင် ကျော်ဒွန်း၊ ဘဏ္ဍာရေးမှူး နေရာ ဦးတင် (မြန်မာ့အလင်း) တို့က လက်ရှိဖြစ်သည်။

ဖဆပလ ဦးစီး အဖွဲ့အစည်း ခေါ်ယူ ကျင်းပပြီး အဖွဲ့ချုပ်ကြီးကို သန့်ရှင်းတို့လက်ထဲ အပြီး လွှဲအပ် ပေးလိုက်မည်လော၊ တည်မြဲ တို့လက် အပြီးအပ်မည်လော ဟူသော ပြဿနာ ပေါ်လာသည်။ ဦးနုကမူ ဖဆပလကြီးကို တည်မြဲတို့လက် ပေးလိုက်ရန် မိမိလူ (သန့်ရှင်း) များကို မိမိတိုက်တွန်း ပေးပါမည်ဟု လောကွတ်စကား ပြောသေး၏။ သန့်ရှင်းဘက်မှ သခင်တင်၊ သခင် ကျော်ဒွန်း တို့ကမူ အဖွဲ့ချုပ်ကို တည်မြဲလက် ထိုးမအပ် နိုင်ပေ။ ဦးနုသည် နောက်အမည်သစ်ဖြင့် ဖွဲ့မည့် ပြည်ထောင်စု အဖွဲ့ချုပ် (ပထစ) ကို ရည်ရွယ်ပြီး ဖဆပလ အမည် စွန့်လွှတ်လိုပုံ ရသည်။ သခင်တင်၊ သခင်ကျော်ဒွန်း တို့ကမူ ဖဆပလ အဖွဲ့ချုပ် ဟူသည် ဗိုလ်ချုပ်အောင်ဆန်း အရှိန်ဖြင့် လူကြိုက်များကာ ထောက်ခံမဲ အများဆုံး ရရှိခဲ့သည့် လူသိများ ထင်ရှား ကျော်ကြားသော အဖွဲ့ကြီး ဖြစ်၍ လက်မလွှတ် လိုကြပေ။

ဖဆပလကြီး နုတင် (သန့်ရှင်း)၊ ဆွေငြိမ်း (တည်မြဲ) နှစ်ခြမ်းကွဲ ကြပြီးနောက် သန့်ရှင်းတို့က ဖဆပလ အဖွဲ့ချုပ်သို့ နေ့စဉ် မှန်မှန်လာပြီး ရုံးတက်ကြသည်။ ဤသို့ဖြင့် တည်မြဲတို့ ရုံးနေရာမရှိ ဖြစ်လာရသည်။ တည်မြဲတို့က ဦးဗဆွေ ချုပ်ကိုင် ထားသော အလုပ်သမား အစည်းအရုံး (TUCB) ၏ ဌာနချုပ် ရုံးအောက်တွင် တည်မြဲ ဌာနချုပ် ရုံးစိုက်သည်။ ထိုမှတစ်ဖန် ကြည့်မြင်တိုင်လမ်းနှင့် ရှမ်းလမ်း အကြား အင်းနစ်လမ်းခေါ် ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း)ရှိ ဦးဗဆွေ၏ နေအိမ်သို့ ဌာနချုပ်ရုံး ပြောင်းရွှေ့သည်။ သတင်းထောက်များသည် ဗဟန်း ရေခဲဆိုင် မှတ်တိုင်အနီးရှိ မူလ ဖဆပလ ဌာနချုပ် (ယခု ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ ပန်းချီပန်းပုကျောင်း)မှ သန့်ရှင်း ဌာနချုပ် ပြေးလိုက်၊ ကြည့်မြင်တိုင် ဟုမ်းလမ်းရှိ ဦးဗဆွေ အိမ်မှ တည်မြဲ ဌာနချုပ် ပြေးလိုက်နှင့် သတင်း ယူကြရလေသည်။

ဦးနုသည် ဒေးကာနက်ဂျီ၏ စာအုပ်ကို လူပေါ်လူဇော် လုပ်နည်း အမည်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီး ယင်းစာအုပ် ကိုပင် မိတ္တဗလဋီကာ ဟု အမည်ပြောင်းကာ ကျောင်းသုံး ပြဋ္ဌာန်းခဲ့သည်။ လူပေါ်လူဇော် လုပ်နည်းတွင် ကျွမ်းကျင်လေသည်။ ဖဆပလ မကွဲအောင် မိမိလူ (သခင်တင်၊ သခင်ကျော်ဒွန်း စသူ) များ မကျေမနပ် ဖြစ်ရသည် အထိ ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့အား အသာစီး ပေးပြခဲ့သည်။ နှစ်ခြမ်းကွဲ ကြပြီးသည့် နောက်မှာပင် ဖဆပလ အဖွဲ့ချုပ်ကြီးကို ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ တည်မြဲလက် ပေးအပ်ရန် မိမိလူများကို တိုက်တွန်း ကြည့်ပါမည်ဟု လောကွတ်စကား ဆိုခဲ့သည်။ ၁၉၅၈ ခုနှစ်၊ မေလ ၁ ရက် မေဒေး (အလုပ်သမားနေ့) အခမ်းအနားကို ဦးဗဆွေတို့ သြဇာခံ TUCB မှ ကြီးမှူး ကျင်းပရာသို့ ဦးနုသည် အာဃာတ မရှိလေဟန် ပြုံးပြုံးရွှင်ရွှင်နှင့် တက်ရောက် ပြခဲ့လေသည်။

(၆၈) ကြိမ်မြောက် ကမ္ဘာ့ အလုပ်သမားနေ့ (မေဒေး)ကို ရန်ကုန်မြို့ ပြည်လမ်း ဗိုလ်ရှုခံ မဏ္ဍပ် (လွတ်လပ်ရေးနေ့ ချီတက်ပွဲ များတွင် နိုင်ငံတော် သမ္မတက ထိုအဆောက်အအုံ စင်မြင့်ပေါ်မှ ရပ်ပြီး အလေးပြုခံ သဖြင့် ဗိုလ်ရှုခံ မဏ္ဍပ်ဟု တွင်သည်။ နောက်ပိုင်း၌ ထိုအဆောက်အုံကို ဖျက်ကာ ပြည်သူ့လွှတ်တော် အဆောက်အအုံသစ်ကို ဆောက်လုပ်ခဲ့သည်)တွင် ကျင်းပသည်။ သာမန်အားဖြင့် TUCB အလုပ်သမား အစည်းအရုံး၏ပွဲ၊ ဦးဗဆွေ၏ ပွဲဖြစ်သည်။ ဦးနုက သဘောထား ကြီးပြပြီး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဤပွဲတွင် ဦးနုကို အလယ်မှ ထားပြီး ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့က ဦးနု၏ လက်ယာဘက်နှင့် လက်ဝဲဘက် တို့တွင် ထိုင်ကြသည်။

မေဒေးနေ့သို့ အလုပ်သမား စစ်ကြောင်းများ ချီတက် လာကြရာတွင် စစ်ကြောင်းတိုင်းက “ဥက္ကဋ္ဌကြီး ဦးဗဆွေ ကျန်းမာပါစေ” ဟု ကြွေးကြော် အလေးပြုကြသည်။ “ဦးနု ကျန်းမာပါစေ” ဟူသော ကြွေးကြော်သံကို ရုံးအလိုက် အဖွဲ့နှစ်ခုကသာ ကြွေးကြော် သွားသည်။ သစ်တောရေးရာ ဌာနဝန်ထမ်းများ စစ်ကြောင်းကမူ “ခေါင်းဆောင်ကြီးများ ညီညွတ်ကြ၊ ညီညွတ်ကြ” ဟု တောက်လျှောက် ကြွေးကြော် သွားကြသည်။ ဦးနုသည် အခမ်းအနားအပြီး ဦးဗဆွေနှင့် ဦးကျော်ငြိမ်း တို့ကို ပြုံးရွှင်စွာ လက်ဆွဲ နှုတ်ဆက်ပြီး ထပြန်သည်။

တစ်ဦးနှင့် တစ်ဦး မျက်နှာ မကြည့်ချင်လောက်အောင် မုန်းကြ၊ အာဃာတ ကြီးမား ကြစေကာမူ ထိုခေတ် နိုင်ငံရေးသမား တို့သည် တစ်ဦးနှင့် တစ်ဦး ပြုံးပြုံးရွှင်ရွှင် ဆက်ဆံ နိုင်ကြသည်။ ခင်မင် ရင်းနှီးစွာ လက်ဆွဲ နှုတ်ဆက် နိုင်ကြသည်။ ထို ဖဆပလခေတ် ပါလီမန် လွှတ်တော် အစည်းအဝေးများတွင် အာဏာရ နိုင်ငံရေးသမား များနှင့် အတိုက်အခံ နိုင်ငံရေးသမား တို့သည် သူဖြူလျှင် ကိုယ်က မည်း(မဲ)မည် ဆိုသော သဘောဖြင့် တစ်ဖက်နှင့် တစ်ဖက် ဆန့်ကျင် ကန့်ကွက် ပြောဆို ကြသည်။ ခပ်ကြမ်းကြမ်း ရှိကြ ထိုးနှက်ဝေဖန် ကြသည်။ လွှတ်တော် ပြင်ပ၌လည်း တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးစွာ တစ်ဦးခါး တစ်ဦးက ဖက်ပြီး အတူလျှောက်သွား နိုင်ကြသည်။

ဘုတလင် အမတ် ဦးသိန်းဖေမြင့် (ပမညတ)သည် ဖဆပလ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနှင့် တက္ကသိုလ်၌ ကျောင်းနေဖက်၊ ကျောင်းသား အရေး နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အရင်းအချာများ ဖြစ်သည်။ ဦးသိန်းဖေမြင့်က သူ့ သူငယ်ချင်း အကြောင်း “ကျော်ငြိမ်း” အမည်ဖြင့် စာတစ်အုပ် ပင် ရေးသား ထုတ်ဝေ ခဲ့ဖူးသည်။

ထိုစဉ်က ပါလီမန် သတင်းထောက်တို့ မမေ့နိုင် ကြသော မြင်ကွင်း တစ်ခုကား လွှတ်တော် အစည်းအဝေး ထဲတွင် ဖဆပလ ဝန်ကြီး ဦးကျော်ငြိမ်း (လက်ယာဝါဒီ) နှင့် အတိုက်အခံ ပမညတ အမတ် ဦးသိန်းဖေမြင့် (လက်ဝဲဝါဒီ)တို့ အချေအတင်၊ အကြောက်အကန် ဆွေးနွေးကြသည်။ ဒေါသသံများ ပါလာသည် အထိ အတိုက်အခံ ပြောကြသည်။

နေ့ခင်း ပါလီမန် အစည်းအဝေး ရပ်နားပြီး ထမင်းစားချိန်၌ ဦးသိန်းဖေမြင့် နှင့် ပမညတ အမတ် လေးငါးယောက် ပါလီမန် အဆောက်အအုံ အပြင်ဘက် စင်္ကြန်တွင် ရပ်၍ စကားစမြည် ပြောနေကြသည်။ ထိုအချိန်တွင် ဝန်ကြီး ဦးကျော်ငြိမ်းနှင့် ဖဆပလ ဝန်ကြီးများ ပါလီမန်တွင်းမှ ထွက်လာကာ ထမင်းစားဆောင် (Canteen)ဘက် သွားနေကြသည်။ ထိုစဉ်က အမတ် များသည် ထမင်းစားဆောင်တွင် ကိုယ့် ပိုက်ဆံနှင့်ကိုယ် ဝယ်စားရသည်။

ဦးသိန်းဖေမြင့်က ဦးကျော်ငြိမ်းကို မြင်သည်နှင့် -

“ဟေ့ - သူငယ်ချင်း ကျော်ငြိမ်း”

ဦးကျော်ငြိမ်းက မျက်နှာထား တင်းတင်းဖြင့် လှည့်ကြည့်ကာ “ဘာလဲကွ”ဟု ခပ်မာမာ ပြန်မေးသည်။

ဦးသိန်းဖေမြင့်က “မင်းက ဝန်ကြီးကွ၊ လခ ကောင်းကောင်းရတယ်။ တို့က နိုင်ငံရေးသမား၊ မွဲတယ်။ ဒီတော့ မင်း ငါတို့ကို အခု ထမင်း ကျွေးရမယ်” ဟု ပြောသည်။

ဦးကျော်ငြိမ်းက “ ဘာလို့ ကျွေးရမှာလဲ၊ မင်း ခုနက လွှတ်တော်ထဲမှာ ငါ့ကို ပက်ပက်စက်စက် ချခဲ့တာပဲ” ဟု စကားနာ ထိုးသည်။

ဦးသိန်းဖေမြင့်က ခပ်ပြုံးပြုံး မျက်နှာပေးဖြင့် “ဟ . . . ဟိုဟာက လွှတ်တော် အစည်းအဝေး လေကွာ။ မင်းက ဝန်ကြီး၊ ငါက အတိုက်အခံ၊ နိုင်ငံရေး မူအရ တို့ဘက်က ပြောစရာ ရှိတာ ပြောမှာပေါ့ကွ။ အခုဟာက လွှတ်တော် အပြင်ဘက်မှာ လေကွာ။ ဒါက သူငယ်ချင်းချင်း ပြောတာ၊ ကျွေးတာကွ” ဟု ပြောလိုက်မှ ဦးကျော်ငြိမ်းက ပြုံးပြုံးရယ်ရယ်နှင့် သိန်းဖေမြင့်တို့ ပမညတ အမတ် တစ်စုကို ထမင်းစားဆောင် (Canteen) ခေါ်သွားပြီး နေ့ခင်းစာ ကျွေးရင်း တဝါးဝါး တဟားဟား ရယ်မောပွဲကျ နေကြလေသည်။

လက်နက်ကိုင် ပြည်တွင်း စစ်ခင်းကြသော တောတွင်း နိုင်ငံရေး သမားများကမူ တစ်ဦးနှင့်တစ်ဦး တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ဆက်ဆံ လာကြသည်။ ယနေ့ ခေတ်၌ကား ပို၍ ဆိုးလေသည်။ ရန်လိုခြင်း၊ အငြိုးအတေးကြီးခြင်း၊ မူချင်း မတူလျှင် လူချင်း မခေါ်ဘူး ဟူသော ပုံစံများကို တွေ့နေရသည်။ နိုင်ငံရေး (အများအကျိုး ပရဟိတ) နှင့် ကိုယ်ရေးကိုယ်တာ (အတ္တဟိတ) တို့ မခွဲခြား နိုင်တော့သည် အထိ ဖြစ်နေကြ ပေသည်။

တက္ကသိုလ်မြတ်သူ

Posted by ပိတောက်မြေ

ဒီမိုကရေစီ၏ အလှတစ်ပါး

ကျော်ဝင်း

အကွဲအပြဲဇာတ်လမ်း

(၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလထုတ် The Waves မဂ္ဂဇင်းမှာဖော်ပြထားတဲ့ ဆရာကျော်ဝင်းရဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကို မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များနဲ့ တွေးဆ ဖော်ပြထားတဲ့ ဆောင်းပါးကောင်းလေး ဖြစ်ပါတယ်။ )

မိတ်ဆွေကြီး ကိုနေမျိုး (တကောင်းစာပေ)၏ ကျေးဇူးကြောင့်၊ ပြန်ဖတ်ချင် နေသော စာအုပ်တစ်အုပ်ကို ချိန်ခါသင့် ဖတ်ခွင့် ရလိုက်သည်။ တကယ့်ဝါရင့် သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း၏ နာမည်ကျော် ‘အကွဲအပြဲဇာတ်လမ်း’။ မူရင်း အင်္ဂလိပ် ဘာသာဖြင့် ၁၉၅၉ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ ဂါဒီးယန်း သတင်းစာတွင် ပါစဉ်က ‘The Split Story’။

ဤစာအုပ်ကို ကျွန်တော် ပထမဆုံး ဖတ်ဖူးသည်မှာ၊ ၁၉၈၉ ခုနှစ်။ ၁၉၉၀ ရွေးကောက်ပွဲ အကြိုလေ။ ဟော- အခု ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလတွင် ကျွန်တော့်ဆီသို့ ဒုတိယအကြိမ် ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာသည်။ ရွေးကောက်ပွဲ နီးတိုင်း အကွဲအပြဲ ဇာတ်လမ်းနှင့် လာတိုးနေရ သည်မှာ၊ တိုက်ဆိုင်မှုပေပဲလား မသိ။ မည်သို့ပင် ရှိစေ၊ အတိတ်မှ သင်ခန်းစာ ယူနိုင်လျှင်၊ အနာဂတ်အတွက် လမ်းပြမြေပုံ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ ဤအမြင်၊ ဤအထင်နှင့်ပင်၊ တတ်နိုင်သမျှ စိတ်ကိုဖွင့်၍ ဖတ်ရသည်။

ပထမအကြိမ် ကရော၊ ဒုတိယအကြိမ် ဖတ်စဉ်ကပါ ‘ထင်း’ ခနဲ သတိပြုလိုက် မိသည်မှာ၊ ရှင်းလင်းတိကျ သွက်လက်သော သတင်းစာ ဟန် အရေးအသား။ ဤအရေးအသားကို လက်ကုန် နှိုက်နိုင်သော ဘာသာပြန် (ဘာသာပြန်သူတော့ မသိ)။ အကြောင်းအရာကား ဆိုဖွယ်ရာ မရှိ။ မြန်မာ့နိုင်ငံရေး၏ ဇာတ်ထွတ်ပိုင်း တစ်နည်း မြန်မာ့ ဒီမိုကရေစီ နိုင်ငံရေးဘဝ၏ ဆည်းဆာချိန်။ အမျိုးသား လွတ်လပ်ရေးကို ထုဆစ်ပေးခဲ့သော ဖဆပလ အဖွဲ့ချုပ်ကြီး၏ အပြီးသတ် အကွဲအပြဲ။ ဤသည်၏ အကျိုးဆက်၊ ရာဇဝင် တွင်ရစ်မည့် စာနှစ်စောင်နှင့် နောက်ဆုံး နိဂုံးချုပ်လိုက်သည်။

ကံကောင်းခြင်း လက်ဆောင်

သီအိုရီ သဘောအရ၊ မီဒီယာမှာ ဘက်မလိုက်သင့်ဟု ဆိုသော်လည်း လူ့သဘာဝက ခက်ပါသည်။ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်သည် မဟုတ်သည့်တိုင်၊ မီဒီယာ သမား၏ အတ္တနောမတိတို့ ပါတတ်သည်၊ ပါနိုင်သည်။ ဂါဒီးယန်း ဦးစိန်ဝင်းမှာ ဝါရင့်သမ္ဘာရင့် မီဒီယာ ဘိုးအေကြီး ဖြစ်သည်နှင့်အညီ၊ အကွဲအပြဲ ဇာတ်လမ်းကို တည့်တည့်မတ်မတ် ပုံဖော်ဖို့ ကြိုးစားထားသည့် ကြားမှပင်၊ ဦးနု၏ နိုင်ငံရေး အလှည့်အပတ် တွေကို ဖွင့်ချရာ တွင်မူ၊ လက်သွက်လှသည်။ သို့နှင့်အမျှ တစ်ဖက်အုပ်စု ဆွေငြိမ်းဘက်၊ တစ်စုံတစ်ရာ ယိမ်းသွား တိမ်းသွားလေသလား စဉ်းစားမိသည်။

ဤအကွဲအပြဲ ဖြစ်ရပ်ကိုပင် မှတ်တမ်း တင်ဖူးသော ဝါရင့်သတင်းစာ ဆရာကြီး နောက်တစ်ဦး ဗမာ့ခေတ်ဦး ဦးအုန်းခင် (မိုးကြိုး)ကမူ၊ နုတင်ဘက်မှ ဗြောင်ထွက်ရပ်သည်။ နောက်ပိုင်း၊ သူ့ဆောင်းပါးတွေကို စုထုတ်သော စာအုပ် အမည် ကိုယ်တိုင်က သူ့ရပ်တည်ချက်ကို လှစ်ပြလိုက်သလို ရှိသည်။ ‘ကျော်ငြိမ်း- ငါ့ညီ မင်းငယ်ပါသေးတယ်… ဟဲဟဲ’ ဟူ၏။ အကွဲအပြဲ၏ နောက်ခံ အကြောင်းရင်းကို ဖော်ပြရာတွင်မူ၊ ဦးစိန်ဝင်းရော ဦးအုံးခင်ပါ တူညီကြသည်။ ၁၉၅၄ ခုနှစ် ဦးနု ပြည်ပ ခရီးသွားနေစဉ် ဦးကျော်ငြိမ်း ပါဝင်သော ကက်ဘိနက်က၊ ဆန်တန်ချိန် တစ်သိန်းခွဲ ရောင်းချရာမှ အကြောင်းပြု စတင်လာသော ပုဂ္ဂိုလ်ရေး ပဋိပက္ခများ….။ အကွဲအပြဲ ဇာတ်လမ်းတိုင်းမှာ ပုဂ္ဂိုလ်ရေး သက်သက်မျှ သာလော…။

ကွန်လွန်သူ ပမညတ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဝိဓူရ သခင်ချစ်မောင် ကမူ၊ အရင်းရှင် လူတန်းစားအတွင်း အလွှာ ကွဲလာမှုက အရင်းခံ အကြောင်းအရင်း ဟု ဆိုသည်။ နုတင်က ပြည်တွင်းစစ် ပြဿနာအပေါ် တစ်စုံတရာ ပျော့ပျောင်း သော တိုင်းရင်းသား ဓနရှင်၊ ဆွေငြိမ်းက အပြုတ်တိုက်ရေး အားသန်သော လက်ဝေခံ ဓနရှင်…. စသဖြင့် သူ့ အိုင်ဒီအိုလိုဂျီ နောက်ခံအရ ဖွင့်ဆို ခွဲခြားပြသည်။ ဤ ခွဲခြားနည်းနှင့်ပင် သူက နုတင်ကို ထောက်ခံခဲ့သည်။ ပို၍ လက်ဝဲကျသူ များကမူ၊ သူ့ဆုံးဖြတ်ချက်ကို၊ ‘ခွေးကတက်က အလုပ်အကျွေး ပြုခြင်း’ ဟု ဝေဖန်ကြပြန်သည်။ မည်သို့ပင် ဆိုစေ…၊ ဤသို့သော ပဒေသာစုံ အမြင်များကို ဖတ်ခွင့် လေ့လာခွင့် ရသည်ကိုက စာဖတ်သူအတွက် ကံကောင်းခြင်း လက်ဆောင်ဟု သဘောရပါသည်။

ရင့်ကျက်မှုနှင့် အမြော်အမြင်

သတင်းစာဆရာ ဦးစိန်ဝင်းက ဖဆပလ အကွဲအပြဲကို၊ အဆင့်လေးဆင့် ခွဲခြား ရှင်းပြသည်မှာ သမိုင်းတန်ဖိုး ရှိလိမ့်မည် ထင်သည်။ ပထမ အကွဲအပြဲ- ဖဆပလနှင့် ကွန်မြူနစ်။ ဒုတိယ အကွဲအပြဲ - ရဲဘော်ဖြူနှင့် ရဲဘော်ဝါ။ တတိယ အကွဲအပြဲ- ဆိုရှယ်လစ် ပါတီမှ ဆိုရှယ်နီ (အလုပ်သမား လယ်သမားပါတီ) ခွဲထွက်ခြင်း။ နုတင်- ဆွေငြိမ်း (တစ်နည်း) သန့်ရှင်း - တည်မြဲ အကွဲအပြဲကား၊ နောက်ဆုံးနှင့် အပြီးသတ် အကွဲအပြဲဟု ဆိုပါသည်။

ပထမ အကွဲအပြဲ နှစ်ခုတွင်၊ လက်နက်ကိုင် ပဋိပက္ခအထိ ကျွံသွားခဲ့သော်လည်း၊ နောက်နှစ်ခုတွင်မူ ဤမျှ အခြေအနေ မဆိုးတော့ပါ။ ဒီမိုကရေစီ ဘောင်အတွင်း၊ ငြင်းကြ၊ ခုံကြ၊ ယှဉ်ပြိုင်ကြသည် ကိုသာ တွေ့ရပါသည်။ နောက်ဆုံး အကွဲမှာ ဆိုလျှင်၊ အခင်အမင် မပျက် လမ်းခွဲကြဖို့ပင် နှစ်ဖက်သဘော တူညီခဲ့ကြ ပါသေးသည်။ ဤသို့ စဉ်းစားမိလိုက်သော အခါ ဒီမိုကရေစီ နိုင်ငံရေးဘ၀၏ ရင့်ကျက်မှုက အတော်လေး စကားပြော လေမည်လား တွေးမိသည်။ ကွဲကြ၊ ပြဲကြရာမှ ချဲကြ သည့်အဆင့် ရောက်ကုန်သည်မှာ မရင့်ကျက်မှု၏ လက္ခဏာ ဖြစ်မည် ထင်သည်။ နောက်တစ်ခု အရေးကြီးသည်မှာ ခေါင်းဆောင်တို့၏ အမြော်အမြင်။ ဤကိစ္စနှင့် ပတ်သက်ပြီး ကြားဖူး မှတ်ဖူးသော အကြောင်း တစ်ခုကို ပြောလိုပါသည်။

၁၉၄၆ ခုနှစ်၊ ဖဆပလမှ ကွန်မြူနစ် ပါတီကို ထုတ်ပယ်ပြီးခါစ လောက်က ဖြစ်သည်။ ပြည်သူ့ရဲဘော် အဖွဲ့မှ ကွန်မြူနစ် လိုလားသော တပ်နီများ ခွဲထွက်သွားရာ၊ အောက်ခြေ ရဲဘော်ချင်း ပဋိပက္ခတွေ ရှိလာသည်။ အချို့ နေရာများတွင် လက်နက်ကိုင် အချင်းများရသည် များပင် ရှိသည်။ ဤတွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ညီညွတ်ရေး တရားဟောခဲ့ ရသည်။ တစ်နေ့ ပြည်သူ့ရဲဘော် ခေါင်းဆောင် ဗိုလ်ထွန်းလင်း ဗိုလ်ချုပ်အိမ် လာပြီး အောက်ခြေတပ်နီများ အကြောင်း လာတိုင်ရာ ဗိုလ်ချုပ်က ‘မီးလောင်ရာ လေမပင့်နဲ့’ ဟု ငေါက်သည်။ ဤအခိုက်မှာပင် သခင်သန်းထွန်း ရောက်လာတော့ ဗိုလ်ချုပ်က ချက်ချင်း ခါးတောင်းကျိုက်ကာ ယခုလို ရယ်ရယ်မောမော ပြောလေသည်ဟူ၏။ ‘ကိုင်း- ကိုသန်းထွန်းရေ ခင်ဗျားနဲ့ ကျုပ်နဲ့ နပန်းလုံးဖို့ပဲ ကျန်တော့တယ် . . .’။

ပဒေသာစုံအလှ

တစ်နေ့က ကန်တော်ကြီး စာအုပ်ဈေးပွဲတော်သို့ ရောက်သွားရာ မိတ်ဆွေ လူငယ် မီဒီယာ သမားလေး တစ်ယောက်နှင့် တွေ့၍ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသည်။ (လက်ဖက်ရည်ဆိုင်ကို အတော် ရှာယူရတယ်။ ဘီယာဆိုင်တွေ ကတော့ ပေါမှပေါ . . . ဤကားစကားချပ်) ရောက်တတ်ရာရာ ပြောကြရင်းက ‘အကွဲအပြဲ ဇာတ်လမ်း’ အကြောင်း ရောက်သွား သည်။ ဤတွင် ထိုလူငယ်လေး၏ တွေးတွေးဆဆ စကားကြောင့် ကျွန်တော့်မှာ ချက်ချင်း ဘာစကားမှ မဆိုနိုင်။ ‘ငေါင်’ သွားသည်။ သူ့စကား . . .။ ‘အင်း . . ဒီမိုကရေစီလည်း ကွဲတတ်တာပဲနော် . . .’။

သူပြောတာ ဟုတ်လောက်သည်။ ဒီမိုကရေစီ မှာလည်း ကွဲကြသည်သာ ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကြောင့် ကွဲရ လေသလော . . .။ ဤသို့ဆိုလျှင် အော်တိုကရေစီ တွင်ရော၊ မကွဲကြ၊ မပြဲကြတော့ ဘူးလား . . .။ ကွဲကြ၊ ပြဲကြ သည်သာ ဖြစ်သည်။ ကွဲရုံ၊ ပြဲရုံမျှမက၊ ဖြုတ်၊ ထုတ်၊ သတ် အထိပင် ရောက်သွား တတ်သေးသည်။ သို့သော် သူတို့ အကွဲ အပြဲက လူမသိ။ လူသိမခံ။ ဘာကြောင့် ဘယ်လို ဘာတွေဖြစ်သည် မသိ။ မျက်နှာဟောင်းတွေ ပျောက်သွား တတ်သလို မျက်နှာသစ် တွေလည်း ပေါ်လာတတ်သည်။ မျက်နှာပေါ်တွင်တော့ သံမဏိ မျက်နှာဖုံး။ မတုန်လှုပ် - ကျောက်ရုပ်။ အ၀တ်လဲခန်း ရောက်မှ မျက်နှာ အစစ်ကို မြင်ရတော့သည်။

အမှန်စင်စစ် ဒီမိုကရေစီ သဘောမှာ မတူ ခြားနားသော အမြင်မျိုးစုံကို တစ်သွေးတည်း တစ်ရောင်တည်း ခြယ်ဖို့ မဟုတ်။ ပြောရလျှင် တစ်ရောင်တည်း ခြယ်လိုသည်မှာ အော်တိုကရေစီ တိမ်းညွတ်ချက်သာ ဖြစ်သည်။ လူ့သဘာဝနှင့် ဘယ်လိုမှ စရွေးမကိုက်နိုင်။ အသွေးစုံ အရောင်စုံကို တစ်ပြိုင်နက်တည်း ဖူးပွင့်စေသည် ကသာ လူ့သဘာဝ ဟာဒယနှင့် တွေ့လိမ့်မည်။ ဆရာကြီး ဒဂုန်တာရာ စကားနှင့် ဆိုရလျှင် ဒီမိုကရေစီကား ‘မတည့်အတူနေ၀ါဒ’ ပင်။ မတည့်သော်လည်း အတူ နေနိုင်ရမည်။ နေတတ်ရမည်။ နေခွင့်ရှိရမည်။ လွတ်လွတ်လပ်လပ် ငြင်းခုံကြသည်ပင် ပြဿနာမရှိ။ စကားနောက် တရားပါချင်ပါ ‘ဓား’ မပါဖို့ပဲ လိုသည်။ ပဒေသာစုံမှု သည်ပင် ဒီမိုကရေစီ၏ အလှတစ်ပါး မဟုတ်ပါသလော။

ကျော်ဝင်း

မိုဟာမက်နဲ့ ရိကုန်း ဘယ်လမ်းကို ရွေးမှာတုန်း

အောင်ဇံ
၁၈/ ဖေဖော်ဝါရီ ၂၀၁၀

၂၀၁၀ မှာ ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ကြေညာထားတဲ့ နအဖအနေနဲ့ အခုအချိန်အထိ ရွေးကောက်ပွဲ ဥပဒေအပါအ၀င် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဘာအခင်းအကျင်း တစုံတရာကိုမှ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပေမယ့် မြန်မာပြည် နိုင်ငံရေးလောကမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသံတွေတော့ တစထက်တစ ကျယ်လောင်လာနေတယ်။ တချိန်တည်းမှာ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးရမယ့် လမ်းဆုံလမ်းခွကိုလည်း ရောက်လို့လာနေပါပြီ။ အဲဒါကတော့ နအဖအနေနဲ့ ရွှေဂုံတိုင်ကြေညာချက်ကို လိုက်လျောမယ်၊ မလိုက်လျောဘူး။ အကယ်၍ မလိုက်လျောဘူးဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်မ၀င်ဘူးဆိုတာ အဆုံးအဖြတ်ပေးရမယ့် လမ်းဆုံလမ်းခွပါပဲ။

ဒီအခြေအနေမှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဟိုဖားဒီဖား နိုင်ငံရေးဖော်လံဖားများ၊ နိုင်ငံရေးစားဖားများ၊ နိုင်ငံရေးသမားပျက်များ ပြောကြရေးကြတဲ့ အသံတွေကိုလည်း အမျိုးမျိုး ကြားနေရပါတယ်။ ဒီအသံတွေ အမျိုးမျိုးကြားထဲမှာ နိုင်ငံရေးသမားပျက်များရဲ့ အသံတွေကို ပိုမိုကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။

ဒီနေရာမှာ နိုင်ငံရေးသမားပျက်ဆိုသူများနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေးလူကြီးသူမများရဲ့ ဆိုရိုးစကားတခုရှိပါတယ်။ သုံးလင်ပြောင်းတဲ့ မိန်းမများကို မိန်းမပျက်များအဖြစ် ပြောလေ့ဆိုထ ရှိကြပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း ခေတ်အဆက်ဆက် နိုင်ငံရေးပါတီများကို ထည်လဲပြောင်းပြီး အသွင်ပြောင်းခဲ့ကြတဲ့ နိုင်ငံရေးသမားများကို နိုင်ငံရေးအသိုင်းအ၀ိုင်းက နိုင်ငံရေးသမားပျက်လို့ ခေါ်ဆိုသမုတ်လေ့ရှိပါတယ်။

အဲဒီနိုင်ငံရေးသမားပျက်တွေဟာ အတွေ့အကြုံကလည်းများ၊ မလိမ့်တပတ် ဉာဏ်နီဉာဏ်နက် ပရိယာယ်တွေကလည်း ကြွယ်ကြွယ်ဆိုတော့ သူတို့ရဲ့ရေးသား ပြောဆိုချက်တွေဟာ အတိုင်းအတာတခုအထိ လူငယ်တွေရဲ့စိတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ရွေးကောက်ပွဲနိုင်ငံရေး၊ ရွေးကောက်ပွဲသည်သာ တခုတည်းသော နိုင်ငံရေးလမ်းကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာကောင်းတယ်၊ တွေ့ဆုံဆွေးနွေးရေးဆိုတာ အဆင်တန်ဆာပဲဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေတာဟာ မိုက်မဲရာကျတယ် … စတာတွေအပြင် ဟိုစာအုပ် ဒီစာအုပ်က စကားလုံး အသစ်အဆန်းတွေကိုယူပြီး ကျမ်းကိုးကျမ်းကားလိုလိုနဲ့ သုံးနှုန်းရေးသားပြီး နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တနည်းအားဖြင့် နအဖရဲ့ ရာသက်ပန် စိုးမိုးခြယ်လှယ်မယ့် စစ်အုပ်ချုပ်ရေးကို ရှေ့နေလိုက်သူကလိုက်၊ သိဒ္ဓိတင်သူကတင်၊ အမွှမ်းတင်ခြယ်မှုန်းသူက ခြယ်မှုန်းပြီး ရေးသားပြောဆို နေကြတာဟာ သာမန်ပြည်သူတွေအဖို့ နိုင်ငံရေးပိဋိကတ်အိုးကွဲတွေ မဟုတ်ကြတဲ့အပြင် နအဖခေတ်ရဲ့ အလွန်ကြီးမားတဲ့ ကုန်ဈေးနှုန်းရဲ့ဖိစီးမှုကို အလူးအလဲ ခံနေကြရတာမို့ အများစုက စိတ်မ၀င်စားကြပေမယ့် တချို့လူတွေမှာတော့ မျက်စိလည် နားရှုပ်ထွေးစရာ ဖြစ်ကြရပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့စိတ်ကို အဆိပ်အတောက် ဖြစ်စေတာတော့ အမှန်ပါပဲ။

ဒါပေမယ့် နိုင်ငံရေးဖော်လံဖားများ၊ နိုင်ငံရေးစားဖားများနဲ့ နိုင်ငံရေးသမားပျက်များက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုပဲ အမွှမ်းတင်တင် ဘယ်လိုပဲ ရှေ့နေလိုက်လိုက် အဓိက အရေးကြီးတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်သာလျှင် မြန်မာပြည်သူများအတွက် အဓိကကျပါတယ်။ ဒီနေ့အချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကို ၀င်မယ် မ၀င်ဘူးရယ်လို့ ယတိပြတ် မဆုံးဖြတ်ရသေးပါဘူး။ ဒီလိုဆုံးဖြတ်ဖို့ အချိန်စောလွန်းသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဉာဏ်ဝင်းကတဆင့် ပြောကြားခဲ့တာကိုလည်း ကြားသိရပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွှေဂုံတိုင်ကြေညာချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါတယ်။ ဒီကြေညာချက်အပေါ်မှာ တစုံတရာ လိုက်လျောမှုမရှိဘူး၊ တွေ့ဆုံဆွေးနွေးမှုလည်း မလုပ်ဘူးဆိုရင် ရွေးကောက်ပွဲကို စဉ်းစားမှာမဟုတ်ဘူး။ ဒီရွှေဂုံတိုင်ကြေညာချက်ပါ အချက်အလက်တွေဟာလည်း ပါတီရဲ့ မူလဘူတ မူဝါဒများ ဖြစ်ကြတယ်။ ဒါကြောင့် ဒီမူဝါဒတွေကို မလိုအပ်ဘဲနဲ့ စွန့်လွှတ်မှာမဟုတ်ဘူး” ဆိုတာကို ထပ်ခါတလဲလဲ ပြောနေတာတွေကိုလည်း ကြားရပါတယ်။

ဒါဟာ ပါတီဝင်အများစုနဲ့ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် ပြည်သူလူထုကြီးတရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟပ်ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အဖွဲ့ဝင်တွေက ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ပါတီမရှိရင် ဘယ်လိုနိုင်ငံရေးဆက်လုပ်မလဲ၊ ရွှေဂုံတိုင်ကြေညာချက်ဆိုတာဟာလည်း အလျော့အတင်းလုပ်လို့ ရတယ်ဆိုတဲ့ ပြောသံဆိုသံတွေကိုလည်း ကြားနေရပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ပါတီမရှိရင် ဘယ်လိုနိုင်ငံရေးလုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးလိုပါတယ်။

တပါတီအာဏာရှင်စနစ်အောက်မှာ ကျောင်းသားတွေနဲ့ ရဟန်းရှင်လူပြည်သူတွေဟာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေးတိုက်ပွဲတွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လှုပ်ရှားဆောင်ရွက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဥပမာ - ကျွန်းဆွယ်တိုက်ပွဲ၊ အလုပ်သမားတိုက်ပွဲ၊ ကျောင်းသားတိုက်ပွဲများနဲ့ နောက်ဆုံးမှာ ၈၈ ပြည်သူ့အရေးတော်ပုံအထိ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီလိုတိုက်ပွဲဝင်ကြရာမှာ ဘယ်ပါတီရဲ့ ဦးဆောင်မှုမှမရှိသလို ဒီတိုက်ပွဲဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း တပါတီအာဏာရှင်စနစ်က ကျင်းပပေးခဲ့တဲ့ မည်သည့်ရွေးကောက်ပွဲကိုမှလည်း မ၀င်ခဲ့ကြပါဘူး။

အလားတူ ဒီဘက်ခေတ်မှာလည်း ၀ါရင့်နိုင်ငံရေးသမားကြီးများအပါအ၀င် တိုင်းရင်းသားပါတီအချို့နဲ့ အခြားနိုင်ငံရေးအင်အားစုအသီးသီးဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံထားရပေမယ့် ယနေ့ဗမာပြည် နိုင်ငံရေးလောကမှာ ဆက်လက်ရှင်သန်လှုပ်ရှားနေဆဲပါပဲ။ ဒါတွေကို သုံးသပ်ခြင်းအားဖြင့် နိုင်ငံရေးပါတီ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရွေးကောက်ပွဲကို ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ နိုင်ငံရေးကို လုပ်လိုတဲ့ဆန္ဒသာ ပဓာနကျပါတယ်။

ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ရင်လည်း နိုင်ငံရေးလုပ်ချင်တဲ့ ဆန္ဒသာရှိမယ်ဆိုရင် တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်၊ ဒီမိုကရေစီရေးအတွက် နိုင်ငံရေးကို ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေဟာ နအဖခိုင်းသမျှ လုပ်တာထက် မိမိပါတီရဲ့မူဝါဒပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်ပြီး ဒီမူဝါဒတွေကို အကောင်အထည်ပေါ်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုပါတယ်။ ပါတီရဲ့မူဝါဒဆိုတာဟာ ပြုလွယ်၊ ပြင်လွယ်၊ ပြောင်းလွယ်ဖြစ်ရမယ်ဆိုပေမယ့် မလိုအပ်ဘဲနဲ့ မူတွေကို စွန့်တာမျိုး မဖြစ်သင့်ပါဘူး။ အကယ်၍ နအဖနဲ့ တွေ့ဆုံဆွေးနွေးလို့ ညှိနှိုင်းရရှိလာတဲ့အပေါ်မှာ မူဝါဒတချို့ကို ပြင်သင့်ရင် ပြင်ရပြောင်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲနဲ့ အခြေအနေမဲ့၊ မူမဲ့ ပြောင်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။

အခုတလော အချို့က ရွှေဂုံတိုင်ကြေညာချက်က ဘယ်လိုပဲဆိုဆို၊ ဘယ်လိုပဲရှိရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားသာ အဓိကဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကသာ ပြင်မယ်ဆိုရင် ရွှေဂုံတိုင်ကြေညာချက်ကို ပြင်လို့ရပါတယ်လို့ ပြောသံတွေလည်း ကြားနေရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့အားလုံး ပစ်ပယ်လို့မရတဲ့ ပါတီရဲ့ အဓိကခေါင်းဆောင်တယောက်ဖြစ်ပေမယ့် ပါတီမှာ အများက ဆုံးဖြတ်ထားတဲ့ မူဝါဒတွေကို မိမိတဦးတည်းသဘောနဲ့ ပြောင်းဖို့ဆိုတာ မဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်သင့်ပါဘူး။ အကယ်၍ လူတချို့က မလိုအပ်ဘဲ မူဝါဒတွေကို ပြောင်းဖို့ကြိုးစားခဲ့ရင်လည်း ဒီကြိုးပမ်းအားထုတ်မှုအပေါ်မှာ သူကိုယ်တိုင် ထောက်ခံလိမ့်မယ်လို့ မထင်ပါဘူး။

ဒီနေရာမှာ အနှစ်နှစ်ဆယ်ကျော် ဖြတ်သန်းခဲ့တဲ့ န၀တ၊ နအဖခေတ်ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို သင်ခန်းစာအနေနဲ့ ယူသင့်ပါတယ်။ ၈၈ ပြည်သူ့အရေးတော်ပုံကြီး ရက်ရက်စက်စက် ဖြိုခွဲခံရပြီးနောက်ပိုင်းမှာ န၀တ၊ နအဖအာဏာပိုင်တွေက နိုင်ငံရေးပါတီတွေ ထောင်ကြပါ၊ ရွေးကောက်ပွဲကို ကျင်းပပေးပါမယ်ဆိုတဲ့ မြူဆွယ်မှုတွေနဲ့ နိုင်ငံရေးသမားတွေကို ဆွဲဆောင်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ အောင်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ရမယ့်အစား နိုင်ငံရေးသမားတွေက အပြေးအလွှား နိုင်ငံရေးပါတီတွေ ထောင်ခဲ့ကြပါတယ်။ ဒီအချိန်ကာလဟာ ကျဆုံးသွားတဲ့ တိုက်ပွဲဝင်ပြည်သူတွေရဲ့ သွေးတွေတောင် မခြောက်သေးပါဘူး။ ဒီကြားထဲက ရွေးကောက်ပွဲဝင်ဖို့ ပြင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဥပဒေမှာ အာဏာလွှဲပြောင်းဖို့ တိတိကျကျ ဖော်ပြထားတာ မပါရှိတာကို သိကြပေမယ့် ရွေးကောက်ပွဲကို ၀င်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲဝင်ပြီးလို့ အနိုင်ရပြန်တော့လည်း အာဏာလွှဲပြောင်းဖို့ဆိုတာကို န၀တက တခွန်းတပါဒမှမပြောဘဲ ၁/၉၀ ကို လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးပါတီတွေဟာ ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ်၊ ကိုယ်အတွေးစိတ်ကူးနဲ့ကိုယ် ၁/၉၀ အပေါ်မှာ မျှော်လင့်ချက် ထားခဲ့ကြပါတယ်။ န၀တကတော့ ဒီ ၁/၉၀ ကိုလည်းပဲ စက္ကူစုတ်လို သဘောထားပြီး အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ ဒီလို န၀တက အမျိုးသားညီလာခံ ကျင်းပပြန်တော့လည်း န၀တရဲ့ခိုင်းစေချက်နဲ့အညီ နိုင်ငံရေးပါတီတွေက အမျိုးသားညီလာခံကို တက်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံမှာ မိမိတို့မျှော်လင့်သလို ဖြစ်မလာတော့မှ ဒီညီလာခံကို စွန့်ခွာထွက်ခဲ့ကြပါတယ်။

အခုလည်းပဲ နအဖက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆင်ခြေဆင်လက်ပေးပြီးတော့ ရွေးကောက်ပွဲကို ၀င်ကြဦးမှာလား။ အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ မူတွေကိုစွန့်ပြီး ရွေးကောက်ပွဲကို ၀င်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးဟာ နအဖရဲ့ စစ်အုပ်ချုပ်ရေးနွံထဲက ဘယ်တော့များ ရုန်းထွက်နိုင်မလဲဆိုတာကို မခန့်မှန်းတတ် လောက်အောင်၊ မတွေးဝံ့လောက်အောင်ပါပဲ။

ဒီနေရာမှာ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေဟာ မိုဟာမက်နဲ့ တောင်ကြီးဆိုတဲ့ အာရပ်ပုံပြင်တပုဒ်ထဲက မိုဟာမက်လို ဖြစ်နေပါတယ်။ မိုဟာမက်ဟာ တောင်ကြီး သူ့ဆီကိုလာဖို့ ဂါထာမန္တာန်တွေနဲ့ မန်းမှုတ်ခဲ့ပေမယ့် တောင်ကြီးက သူ့ဆီကို မလာပါဘူး။ တောင်ကြီးက သူ့ဆီကိုမလာတော့ တောင်ကြီးဆီကို မိုဟာမက်က သွားခဲ့ရပါတယ်။ နိုင်ငံရေးသမားတွေဟာလည်း အမျိုးမျိုးသော ကြေညာချက်တွေနဲ့ တောင်းဆိုခဲ့ကြပေမယ့် န၀တ/ နအဖက မလိုက်လျောတဲ့အခါ န၀တ/နအဖ ခိုင်းသမျှ အကြိမ်ကြိမ် လုပ်ခဲ့ကြပါတယ်။

န၀တ/နအဖ ခိုင်းသမျှ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ပြည်သူတွေ မျှော်မှန်းတဲ့အရာဆိုလို့ ဘာတခုများ ရခဲ့ပါသလဲ။ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ဖို့ လမ်းကြောင်းအစကိုများ ရောက်နိုင်ဖို့ ပိုးစုန်းကြူးလို အလင်းရောင်ကလေးများ မြင်ရပါသလား။ ခုထိ ဘာတခုမှ ရခဲ့တာကိုတော့ မတွေ့ရပါဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲကရော ပြည်သူ့အကျိုးအတွက်၊ ဒီမိုကရေစီရေးအတွက် ဘာမှ မျှော်လင့်စရာမရှိဘူးဆိုရင် ကိုယ့်ရဲ့ပါတီမူဝါဒပေါ်မှာ စွဲစွဲမြဲမြဲရပ်ပြီး ဒီမိုကရေစီရေးတိုက်ပွဲကို ဦးစီးဦးဆောင်ပြုရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ထင်ပါတယ်။

ဒီနေရာမှာ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲဆိုတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ပုံပြင်လေးတပုဒ်နဲ့ပဲ လက်ဆောင်ပါးလိုက်ပါရစေ။ တခါက တရုတ်ပြည်မှာ ရိကုန်းဆိုတဲ့ လယ်သမားကြီးတယောက်ရှိပါတယ်။ သူ့မှာ သားနှစ်ယောက်လည်း ရှိပါတယ်။ ရိကုန်းဟာ သားနှစ်ယောက်နဲ့အတူ ရွာနဲ့ မနီးမဝေးမှာရှိတဲ့ သူပိုင်လယ်ထဲကို နေ့စဉ်အလုပ်သွားလုပ်ရပါတယ်။ ဒီလို လယ်ထဲကို အလုပ်ဆင်းရာမှာ ရွာနဲ့ လယ်တောရဲ့အကြားမှာ အလွန်ကြီးမားတဲ့ တောင်ကြီးတတောင် ရှိပါတယ်။ လယ်သွားလုပ်ရာမှာ ဒီတောင်ကြီးကို အသွားတခေါက် အပြန်တခေါက် ကျော်ဖြတ်ရပါတယ်။ ဒီတောင်ကို ကျော်ဖြတ်ရတာဟာ လယ်လုပ်ရတာထက် ပင်ပန်းပါတယ်။

တနေ့မှာ ရိကုန်းက ဒီတောင်ကို ဖြိုဖို့စဉ်းစားပြီးတော့ သားနှစ်ယောက်နဲ့အတူ ပေါက်တူး၊ ပေါက်ချွန်း၊ ပေါက်ပြားတွေနဲ့ ဒီတောင်ကြီးကို စတင်ဖြိုပါတယ်။ ဒီအချိန်မှာ ရွာအနီးအနားက လူတွေက “ရိကုန်း နင် ရူးနေပြီလား၊ ဒီလောက်ကြီးတဲ့ တောင်ကြီး ဘယ်တော့ပြိုမှာလဲ” ရယ်လို့ မေးပါတယ်။ ရိကုန်းကလည်း “ငါ မရူးဘူး။ ဒီတောင်ကြီးဟာ ခင်ဗျားတို့ ပြောသလို ကြီးတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီ့ထက် ထပ်မကြီးနိုင်တော့ပါဘူး။ ငါသေသွားရင် ငါ့သားတွေရှိတယ်၊ ငါ့သားတွေ သေသွားရင် ငါ့မြေးငါ့မြစ်တွေ ရှိတယ်။ ဒီတောင်ကြီး ဘယ်လောက်ပဲကြီးကြီး တနေ့မှာ ပြိုကိုပြိုရမယ်” ဆိုပြီး ဇွဲနပဲနဲ့ တောင်ကြီးကို ဖြိုနေလိုက်တာ တနေ့သောအခါမှာ မိုးနတ်မင်းကြီးက မနေနိုင်လို့ တောင်ကြီးကို ဖယ်ပေးရပါတယ်။ ဒီပုံပြင်လေးနဲ့ပဲ အဆုံးသတ်ပါရစေ။ ။

၂၀၁၀ မဟာဗျူဟာ

မောင်မောင်လှကြိုင် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၈ မိနစ် ဆောင်းပါး

နအဖ က အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းပြမြေပုံကို အသေဆုပ်ကိုင်ထားလျက်ပါ။ ဒီ လမ်းပြမြေပုံရဲ့ “အုဋ်မြစ်” ဖြစ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို နည်းမျိုးစုံနဲ့ လုပ်ခဲ့ပါတယ်။ အနှောင့်အယှက် ကင်းတဲ့အခါ အချိန်ဆွဲပြီး ကျင်းပခဲ့တယ်။ အရေးပေါ် လိုအပ်တဲ့အခါ ကောက်ကာငင်ကာ ဝုန်းကနဲထ မြန်မြန်ထက်ထက် လုပ်ခဲ့ပါတယ်။ ၁၉၉၃ ခု ဇန်နဝါရီလ ၉ ရက်နေ့ကနေ စတင်ကျင်းပခဲ့တဲ့ နအဖရဲ့ အတုအယောင် အမျိုးသားညီလာခံဟာ ၂ဝဝ၇ ခု စက်တင်ဘာ ၃ ရက်နေ့မှာ အဆုံးသတ် ခဲ့ပါတယ်။ ကမ္ဘာ့ အရှည်ကြာဆုံး ကျင်းပခဲ့တဲ့ ညီလာခံ ဖြစ်ခဲ့ပါတယ်။

ဒီလမ်းပြမြေပုံရဲ့ “အသက်” ဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂ဝဝ၈ ခု မေလ ၁ဝ ရက်နေ့မှာ ကျင်းပမယ်လို့ ၂ဝဝ၈ ခု ဖေဖော်ဝါရီလမှာ နအဖက ကြေညာခဲ့ပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပရေး ဥပဒေနဲ့ ကော်မရှင် ဖွဲ့စည်းပြီးကြောင်း ၂ဝဝ၈ ခု ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကိုတော့ ၂ဝဝ၈ ခု ဧပြီလ ၉ ရက်နေ့မှာ အများလေ့လာဖို့ ထုတ်ဝေရောင်းချပေးခဲ့ပါတယ်။

ဆန္ဒခံယူပွဲကိုတော့ ကြေညာထားတဲ့အတိုင်း မေလ ၁ဝ ရက်နေ့မှာ လုပ်ဖြစ်အောင် လုပ်ခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဒေသအတွင်း အဆိုးဆုံးလို့ သတ်မှတ်ခံရတဲ့ နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများ မျက်နှာမှမထောက် ဇွတ်အတင်း ကျင်းပခဲ့ပါတယ်။ မလွှဲသာလွန်းလို့ ‘လူစိတ်မရှိဆုံးလို့ အပြောခံ လွတ်ရုံလေး’ နာဂစ်ဘေးဒဏ်သင့် ဒေသတချို့မှာ မေလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁၄ဝဝဝဝ လောက် သေဆုံးကာ လူ ၂ သန်းခွဲကျော် အတိဒုက္ခရောက်ခဲ့ရပြီး၊ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံအထက် နစ်နာဆုံးရှုံးခဲ့တယ်လို့ မှတ်တမ်းတင်များက ဆိုပါတယ်။

ဆန္ဒခံယူပွဲအတွက်လည်း မသမာမှုတွေ ဗြောင်ကျကျ များများသုံးခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေ၊ ဖြားယောင်းမှုတွေ၊ ထောက်ခံမဲများကို ကြိုတင်လှည့်ဖြား ကောက်ယူမှုတွေ၊ လျှို့ဝှက်မဲပေးစနစ်သာဆိုတယ် ထည့်ရမယ့် မဲပြားပေါ်မှာ မဲဆန္ဒရှင်ရဲ့ အမည်နဲ့ အဘအမည် ရေးခိုင်းမှုတွေ စတာတွေနဲ့ ပြည်သူတွေရဲ့ အသည်းကြားက မဲတပြားကို မတရားမှုမျိုးစုံနဲ့ ‘အေးဓားပြ’ တိုက်ယူခဲ့ကြပါတယ်။ မတရားဆန္ဒခံယူပွဲပြီးတော့ ပြည်သူ့ဆန္ဒ ၉၂.၄ ရာခိုင်နှုန်းနဲ့ တရားဝင် အတည်ဖြစ်ခဲ့ကြောင်း ကမ္ဘာကို အတိအလင်း ကြေညာခဲ့တယ်။

ဆန္ဒခံယူပွဲရလဒ်ဟာ မသမာမှုများစွာဖြင့် ရယူထားတာကြောင့် ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အတုအယောင်ဖြစ်ပြီး တရားဝင် အသိအမှတ်မပြုကြောင်း ကမ္ဘာ့နိုင်ငံအများအပြားက ထုတ်ဖော် ပြောခဲ့ကြပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲပြောပြော နအဖကတော့ “ဘယ်သူသေသေ ငတေမာဖို့” လမ်းစဉ်က တဖဝါးမှ မခွာပါ။ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့လည်း ထုတ်ဖော် ကြေညာ ခဲ့ပါတယ်။ တိကျတဲ့ အချိန် သတ်မှတ်မှုကိုတော့ ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲတုန်းကလိုပဲ လအနည်းငယ် အလိုမှာ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် လိုအပ်တာတွေ ကြေညာမယ့် ပုံပါ။ ၂ဝ၁ဝ ဆိုတာ ဒီဇင်ဘာလ အထိကိုး။

လာမယ့် ရွေးကောက်ပွဲကို အတားအဆီးဖြစ်မယ့် လှုပ်ရှားမှုတွေ ပြုစွမ်းနိုင်သူတွေကို မလှုပ်ရှားနိုင်အောင် မတရားသဖြင့် ဖမ်းဆီးထောင်ချထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကိုတော့ နေအိမ်အကျယ်ချုပ်အဖြစ် ဆက်လက်ချုပ်ပိုင်ခွင့် ရှိသေးလို့ နောက်ထပ် နေအိမ်အကျယ်ချုပ်သက်တမ်း တနှစ်ထပ်တိုးကာ ချုပ်နှောင်ထားဆဲပါ။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ် အကျယ်ချုပ် သက်တမ်းအနေနဲ့ ထပ်မံတိုးပိုင်ခွင့် မရှိတော့လို့ မစ္စတာ ဂျွန်ယက်ထောကို အကြောင်းပြုကာ မတရားအမှုဆင်ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ နအဖ ခေါင်းဆောင်ရဲ့ သက်ညှာ ထောက်ထားမှုကြောင့်ဟုဆိုကာ နေအိမ်မှာ အကျယ်ချုပ်အဖြစ် ၁၈ လ ကျခံစေခဲ့ပါတယ်။ ဖြစ်စဉ်ကို ခြုံကြည့်လိုက်ရင် လာမယ့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်အထိ ခေါင်းဆောင်ကြီး ၂ ဦးကို ဆက်လက်ထိန်းသိမ်းထားလိုက်တာပဲ ဖြစ်ပါတယ်။

လူထုအတွင်း စိမ့်ဝင်လှုပ်ရှားနိုင်စွမ်းရှိတဲ့ ရဟန်းသံဃာတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ စစ်မှန်တဲ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားသူတွေကိုလည်း ရာဇဝတ်မှု ပုဒ်မတွေတပ်ကာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အန္တရာယ်ရှင်းအောင် စီစဉ်ထားတာပါ။

နအဖက သူတို့အပေါ် အနောက်နိုင်ငံကြီးတွေက ဒဏ်ခတ်အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့မှု၊ ပစ်မှတ် ပိတ်ဆို့မှုတွေကို အမြန်ဆုံး ရုတ်သိမ်းပေးဖို့ အထူးလိုလားနေပါတယ်။ ဒီပိတ်ဆို့မှုတွေဟာ သာမန် မြန်မာနိုင်ငံသား အများစုထက် နအဖမိသားစုတွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေကို ပိုမို ထိခိုက်နစ်နာ နေစေတာကြောင့် ဖြစ်ပါတယ်။ အခွင့်ရတိုင်းလည်း အနောက်နိုင်ငံအစိုးရတွေကို စီးပွားရေး ပိတ်ဆို့ အရေးယူမှု ရုတ်သိမ်းပေးဖို့ နအဖက ပြောဆိုနေပါတယ်။ အမြင့်ဆုံးအနေနဲ့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂ ညီလာခံကြီးမှာ နအဖ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ တရားဝင် တောင်းဆိုခဲ့ပါတယ်။

အဓိက စီးပွားရေး ပိတ်ဆို့မှုပြုလုပ်တဲ့ နိုင်ငံတွေကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ဖြစ်ကြပါတယ်။ အိုဘားမား အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံပေါ်ထားရှိတဲ့ အမေရိကန် ပေါ်လစီသစ်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စံချိန်မီ ဒီမိုကရေစီစနစ် အမြန်ထွန်းကားရေး ပြုပြင်ပြောင်းလဲ ဖို့အတွက် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို လက်ရှိအတိုင်း ဆက်လက်ထားရှိပြီး အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာတဲ့ တိုးတက်မှုတွေ ရရှိတဲ့အထိ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မစ္စ ကလင်တန်က ၂ဝဝ၉ ခု စက်တင်ဘာ ၂၃ ရက်နေ့မှာ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ အဆင့်မြင့် ထိတွေ့ဆွေးနွေးရေး ပေါ်လစီသစ်အရ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကွတ်ကဲန်ဘယ်လယ်နဲ့ အဖွဲ့ကို နအဖ ဝန်ကြီးချုပ်နဲ့အဖွဲ့က နေပြည်တော်မှာ ၂ဝဝ၉ ခု နိုဝင်ဘာ ၃ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်စုကိုလည်း မကြာခင် လွှတ်ပေးဖို့ အစီအစဉ်ရှိပြီး ဒေါ်စုအနေနဲ့ သူ့ပါတီကို စည်းရုံး နိုင်ပါလိမ့်မယ်လို့ မြန်မာ့နိုင်ငံခြားရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က အေပီသတင်းကို ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဒေါ်စုနဲ့ တွေ့ခွင့်တောင်းခဲ့တာကို ခွင့်မပြုခဲ့တဲ့ နအဖ က မစ္စတာ ကွတ် ကဲန်ဘယ်လယ်တို့ကို ဒေါ်စုနဲ့ တွေ့ခွင့်ပေးခဲ့ပါတယ်။ ဂျွန်ယက်တောကို လာခေါ်သွားတဲ့ အမေရိကန် ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ်ကိုလည်း ဒေါ်စုနဲ့ တွေ့ခွင့် ပေးခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေးဆိုတဲ့ ‘မက်လုံး’ ကြောင့် လိုက်လျောတာ ဖြစ်မှာပါ။

ဒေါ်စုက ၂ဝဝ၉ ခု စက်တင်ဘာ ၂၅ ရက်နေ့စွဲဖြင့် နအဖ ခေါင်းဆောင်ထံ စာပေးပို့ခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားရေးကို ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဒီ့အတွက် အမေရိကန်၊ အီးယူ၊ သြစတြေးလျ သံအမတ်ကြီးတွေနဲ့လည်းကောင်း၊ မိမိရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့၎င်း တွေ့ဆုံဆွေးနွေးလိုကြောင်း စာမှာ ဖော်ပြတောင်းဆိုထားပါတယ်။ နအဖကလည်း ခွင့်ပြုခဲ့ပါတယ်။ ၂ဝဝ၉ ခု နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း ဒေါ်စုက နအဖ ခေါင်းဆောင်ဆီ တိုက်ရိုက်ဆွေးနွေးခွင့်ပြုဖို့ မေတ္တာရပ်ခံစာ ထပ်မံ ပေးပို့ခဲ့ပါတယ်။

ဒေါ်စုကို အန်အယ်ဒီ ဗဟိုကော်မီတီဝင်ကြီးတွေကို ဂါရဝပြုခွင့်နဲ့ အန်အယ်ဒီ ဗဟိုကော်မတီ ပြန်လည် ဖွဲ့စည်းခွင့်လည်း ပေးခဲ့ပါတယ်။

ဒီအခြေအနေတွေ ဖြစ်ပေါ်လာတော့ နအဖ သဘောထား ပျော့ပျောင်းလာတယ်၊ အမှန်တကယ်ပဲ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ‘တာစူ’ လာတယ်လို့ ကောက်ချက်ချရင်တော့ မှားပါလိမ့်မယ်။ သူတို့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ရေးအတွက် အားထုတ်ကြိုးပမ်းတာပါ။ သူတို့ရဲ့ ၇ ချက်ပါ လမ်းပြမြေပုံ စီမံကိန်းကို မထိပါးမခြင်း ဒေါ်စုနဲ့ အန်အယ်ဒီကို လူမြင်ကောင်းအောင် လှုပ်ရှားခွင့် ပေးထားမှာပါ။ ထိပါး လာရင်တော့ ချက်ချင်း ချုပ်ချယ်ပစ်မှာ မြေကြီးလက်ခတ်မလွဲပါ။

နအဖ ဟာ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ပေးမှာ မဟုတ်သလို ၂ဝ၁ဝ ခု ရွေးကောက်ပွဲကို သူတို့ဖြစ်စေချင်တဲ့အတိုင်း အောင်မြင်ထမြောက်အောင် လုပ်သွားမှာပါ။ ဒါကို နအဖ ခေါင်းဆောင်ရဲ့ ပြောကြားချက်တွေက သက်သေထူနေပါတယ်။ ၈၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ တကြိမ်၊ ၂ဝ၁ဝ ခု ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ တကြိမ် ၂ဝ၁ဝ ရွေးကောက်ပွဲကျင်းပဖို့ အသင့်ပြင်ဆင်နေပြီဖြစ်ကြောင်း အတိအလင်း ပြောဆိုဖော်ပြထားပါတယ်။

ပြည်တွင်းကလာတဲ့ သတင်းတွေအရ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေ လျာထားတာ၊ နအဖရဲ့ ဒေါက်တိုင်တွေ လျှို့ဝှက်စည်းရုံးနေတာ၊ မဲဆန္ဒရှင်စာရင်းအတွက် မှတ်ပုံတင်တွေ ပြုလုပ်ပေးပြီး သန်းခေါင်စာရင်းတွေ ကောက်ခံနေတာ၊ အငြိမ်းစားတွေ စာရင်းကောက်ယူပြုစုနေတာ၊ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို စည်းရုံးသိမ်းသွင်းနေတာ စတာတွေဟာလည်း ၂ဝ၁ဝ ခု ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း စင်းလုံးချော အထမြောက် အောင်မြင်ရေးအတွက်ပါပဲ။

ဒါကြောင့် ရေရာသေချာနေတာကတော့ ၂ဝဝ၈ ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် လွှတ်တော်နဲ့ အစိုးရသစ်ဟာ မြန်မာတိုင်းရင်းသား တရပ်လုံးကို သားစဉ်မျိုးဆက် နွံနစ်နေအောင် ဖန်တီးမှာပါပဲ ဖြစ်ပါတယ်။

နအဖရဲ့ တဖက်သတ် အောင်ပွဲခံမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ မဖြစ်ပေါ်လာရေးအတွက် ရေရာသေချာ စေမှာကတော့ ၂ဝ၁ဝ မဟာဗျူဟာကို လက်တွေ့ကျကျ ထိထိမိမိ အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဗျူဟာကတော့ “စု-လွှတ်-တွေ့” ဖြစ်ပါတယ်။ ဒီဗျူဟာကို ထိရောက်စွာ အထောက်အကူ ပေးနိုင်မှာကတော့ နည်းဗျူဟာတခုဖြစ်တဲ့ ‘နအဖ အရှိုက်ကို ထိစေမယ့် လက်နက်ကောင်း’ ဖြစ်ပါတယ်။

ဘယ်ပါတီလဲ၊ နိုင်ငံရေးငှက်ဖျားလား

မောင်သာနု

( ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ ထစ်ကနဲရှိ ကွဲတတ်ကြသော မြန်မာ့ နိုင်ငံရေး အကြောင်း သင်ခန်းစာ ယူနိုင်ဖို့ မျှဝေပေး လိုက်ပါတယ်။ )

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများသည် သူ့ကျွန်ဘဝ၌ အစပျိုးခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန် အတွက် အဓိက ရည်မှန်းခဲ့ကြသည်။ ပထမဆုံး နိုင်ငံရေးပါတီ အဖြစ် မဟုတ်ဘဲ ဘာသာရေး အသင်းအဖွဲ့များ အဖြစ် ထူးထောင်ခဲ့ ကြသည်။ ဗုဒ္ဓဘာသာ ကလျာဏ ယုဝ အသင်း (ဝိုင်အမ်ဘီအေ) သည် မြန်မာ့နိုင်ငံရေး ပါတီများ၏ ရေသောက်မြစ်ဟု ဆိုက မှားမည် မထင်ပါ။

ဝိုင်အမ်ဘီအေ အသင်းများ၏ ၁၉၂၀ ပြည့်နှစ် ပြည်မြို့ ညီလာခံမှ မြန်မာ အသင်းများ၏ အသင်းချုပ်ကြီး (ဂျီစီဘီအေ) General Council of Burmese Association ဟု ပြောင်းလဲခဲ့သည်။ ဂျီစီဘီအေ ဘဝသို့ ပြောင်းလာ သည်မှစ၍ အသင်းကြီးသည် နိုင်ငံရေး လှုပ်ရှားမှုကို အပြည့်အဝ လုပ်ဆောင်ခဲ့သည်။ မြန်မာ တစ်မျိုးသားလုံး စည်းရုံးခဲ့သည်ဟု ဆိုနိုင်သည်။

မြန်မာလူမျိုး တိုင်းရင်းသားများသည် ယေဘုယျအားဖြင့် အပြင်ပန်း ကြည့်ပါက စည်းလုံးမှု ရှိသည့် အသွင်ကို ဆောင်သည်။ အဘယ်ကြောင့်နည်း။ မြန်မာပြည်သား အများစုသည် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာ၏ အန္တိမ ရည်မှန်းချက်သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ဖြစ်သည်။ ပရမတ္တ သစ္စာပင် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ တွင် တူညီသော ရည်မှန်းချက် ရှိပြီးဖြစ်သည်။

ဤသည်မှာ မြန်မာလူထုအပေါ် ယေဘုယျရှုမြင်ခြင်း ဖြစ်သည်။ သို့ရာတွင် ဤရည်မှန်းချက်သို့ သွားနေကြသည့် မြန်မာ လူမျိုးများသည် ဦးတည်ချက် တစ်ခုတည်းသို့ သွားနေစဉ်ပင်လျှင် မသင့်မြတ်ကြ စိတ်ဝမ်းကွဲကြသည်။ ရွာတစ်ရွာတွင် အိမ်ခြေ ၁၀၀ ရှိပါက ဟိုဘက် ၃၀ ဒီဘက် ၇၀ ဖြင့် ကျောင်းကွဲကြသည်။ တစ်ရွာလျှင် ကိုးကွယ်သည့် ကျောင်း နှစ်ကျောင်း တချို့ဆိုလျှင် သုံးကျောင်း ဖြစ်နေသည်။ နိဗ္ဗာန် မဂ်ဖိုလ်သို့ ပို့ပေးမည့် ရွာဦးကျောင်းမှ ဆရာတော် များပင်လျှင် ကွဲကုန်ကြတော့သည်။ ဤသို့ဆိုလျှင် နိုင်ငံရေးတည်း ဟူသော သမုတိသစ္စာအရာ၌ကား ကွဲပြဲကြသည်မှာ မဆန်းတော့ပြီ။ ပညာရှင်များက မြန်မာတွေ နိုင်ငံရေးအသိ မကြွယ်ကြသေးဟု ဝေကြသည်။ သို့ရာတွင် နိုင်ငံရေး၌ ကွဲကြ၊ ပြဲကြသည်မှာ အောက်ခြေလူထု မဟုတ်ပါ၊ ထိပ်ပိုင်းမှ ခေါင်းဆောင်များ ကွဲပြီးမှ အောက်က လိုက်ပြီး ကွဲခဲ့ကြရခြင်း ဖြစ်သည်။ နိုင်ငံရေးကို မသိသော လူထုက မကွဲ၊ နိုင်ငံရေးကို သိမြင်ကြသော ခေါင်းဆောင်များ ကွဲကြခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေးကို မျိုးစေ့ချ၊ အပင် ပေါက်စေခဲ့သော ဂျီစီဘီအေ အသင်းချုပ်ကြီးသည် လေးပါတီ ကွဲခဲ့သည်။ ပထမဆုံးကွဲခြင်းမှာ ၁၉၂၂ ခုနှစ် မြန်မာနိုင်ငံအား အင်္ဂလိပ်က ဒိုင်အာခီ အုပ်ချုပ်ရေး ပေးမည်၊ ဒိုင်အာခီ ရွေးကောက်ပွဲသို့ ဝင်ပြိုင်၊ မပြိုင် သဘော ကွဲလွဲခဲ့ကြသည်။ ဂျီစီဘီအေ ဥက္ကဌ ဦးလှိုင်၊ သာယာဝတီ ဦးပုနှင့် ငွေထိန်း ဦးထွန်းအောင်ကျော်တို့ အဖွဲ့က ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်သည်။ ဒုတိယ ဥက္ကဌ ဦးဘဘေနှင့် အဖွဲ့သား ၂၁ ဦးတို့က ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုသည်။ ထို့ကြောင့် ဂျီစီဘီအေ အသင်း ချုပ်ကြီး နှစ်ခြမ်း ကွဲခဲ့ရသည်။၂၁ ဦးအဖွဲ့နှင့် ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့၏ လှိုင်-ပု-ကျော် ဂျီစီဘီအေဟု ကွဲသွားခဲ့သည်။

ဤတွင် ရပ်မနေသေးပါ။ ၁၉၂၅ ခုနှစ် လှိုင်ပုကျော် ဂျီစီဘီအေ အသင်းကြီး ညီလာခံ၌ ဥက္ကဌ၏ ငွေကြေး သုံးစွဲမှုကို မကျေနပ်၍ ထပ်မံကွဲပြန်ရာ လှိုင်ပုကျော်မှာ ဦးစိုးသိမ်းကို ဥက္ကဌ အဖြစ် တင်မြှောက်ကာ ထပ်မံ ခွဲထွက်ပြန်သည်။ ဂျီစီဘီအေ သုံးဖွဲ့ ဖြစ်ခဲ့ရသည်။

နောက်ထပ် တစ်ဖန် ၁၉၂၉ ခုနှစ် အရောက်တွင် ဦးစိုးသိမ်းက ဂျီစီဘီအေက မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ပါက အခွန် မပေးရန်နှင့် နိုင်ငံ့ဝန်ထမ်း အဖွဲ့ဖွဲ့ရန် ဆုံးဖြတ်ခဲ့သဖြင့် အစိုးရကို ပုန်ကန်သည်ဟု ယူဆသဖြင့် သဘောမတူ သူများက ခွဲထွက်ခဲ့ ကြပြန်သည်။ ခွဲထွက်အဖွဲ့က ဂျာမနီပြန် ဦးစုကို ဥက္ကဌတင်ကာ သီးခြား ဂျီစီဘီအေ ဖွဲ့ခဲ့သဖြင့် ဂျီစီဘီအေ အသင်းချုပ်ကြီးသည် လေးဖွဲ့ကွဲ သွားခဲ့တော့သည်။

ထူးခြားမှုတစ်ခုမှာ ၂၁ ဦး ဂျီစီဘီအေတို့သည် ဒိုင်အာခီ အုပ်ချုပ်ရေး၌ ရွေးကောက်ပွဲဝင်ခဲ့ကြရာ ပထမအကြိမ်၌ နေရှင်နယ်လစ် ပါတီ ဟု အမည်ခံ၍ ရွေးကောက်ပွဲ ဝင်ခဲ့ကြပြီ။ ဒုတိယ အကြိမ်တွင် ပြည်သူ ပြည်သား ပါတီ ဟု အမည် စာတင်ကာ ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။ သို့သော် ဂျီစီဘီအေ အသင်းချုပ်ကြီးသည် ၂၁ ဦးဂျီစီဘီအေ၊ လှိုင်ပုကျော် ဂျီစီဘီအေ၊ ဦးစိုးသိမ်း ဂျီစီဘီအေနှင့် ဦးစု ဂျီစီဘီအေဟူ၍ လေးဖွဲ့ ကွဲနေခဲ့ရာ မြန်မာ့ အရေးကို နယ်ချဲ့နှင့် အရေးဆိုရာတွင် ထိရောက်မှု မရှိတော့ပါ။

၁၉၂၀ ပြည့်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသား သပိတ် ပေါ်လာခဲ့သည်။ ဒီဇင်ဘာလ သပိတ်ပြီး၍ တချို့ကျောင်း ပြန်တက်ခဲ့ကြပြီး တချို့ကမ္ဘာ့ဖြစ်ရပ်များ၊ အထူးသဖြင့် ရုရှား၌ အလုပ်သမားများ တော်လှန်ရေး အောင်မြင်မှု၊ ဂျာမနီ အလုပ်သမားများ ပုန်ကန်မှု စသည့် လက်ဝဲ စာပေများကို လေ့လာကြကာ မြန်မာနိုင်ငံကို မျိုးချစ် စိတ်ဓါတ် ရှင်သန် လာအောင် လုပ်ဆောင်ခဲ့ကြသည်။

ထိုအချိန်၌ ဝံသာနုဂျီစီဘီအေ လူကြီးများလည်း အမျိုးမျိုကွဲ၍ အင်အား နည်းသွားပေပြီ။ မြန်မာ့ နိုင်ငံရေး မရေမရာ ဖြစ်နေသည်။ ၁၉၃၀ ပြည့် ပတ်ဝန်းကျင်၌ ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် မြန်မာ လယ်သမားတို့ ဒုက္ခရောက်ခဲ့သည်။ အလုပ်သမားများလည်း လစာ မှန်မှန်မရကြ။ ထို့ကြောင့် ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန် ဆိပ်ကမ်း ကုန်တင် ကုန်ချ အလုပ်သမားများ သပိတ်မှောက်ကြသည်။ စတီဗီဒိုဆိပ်ကမ်း အလုပ်သမားများမှာ ကျူလီယာ ကုလားများ ဖြစ်သည်။ ကုလားများ သပိတ်မှောက်၍ မြန်မာ အလုပ်သမား ၂၀၀၀ ဆိပ်ကမ်း၌ အလုပ် ဝင်လုပ်ကြသည်။

ဤနေရာ၌ မှတ်သားစရာ တစ်ခုတွေ့ရသည်။ ကျွန်တော်သည် အလုပ်သမား အစည်းအရုံး သမိုင်းပြုစုရန် အတွက် ကြည့်မြင်တိုင်ရှိ သခင်လှကျွေ ထံသို့သွား၍ မေးမြန်းခဲ့သည်။ သခင်လှကျွေမှာ ထိုစဉ်က စတီဗီဒို အလုပ်သမား ခေါင်းဆောင် ဖြစ်သည်။ သူက ဆိပ်ကမ်း၌ မြန်မာ အလုပ်သမား များများ ရအောင် ထိုစဉ်က နာမည်ကြီး လမ်းမတော် ဖိုးတုတ်က အများကြီး ကူညီခဲ့သည်ဟု ဆိုသည်။ ကုလားများက အစိုးရနှင့် ညှိ၍ မူလလစာ တိုးတောင်း သပိတ် မှောက်နေသည်ကို တစ်လကို ၁၂ ကျပ်ဖြင့် အလုပ်လုပ်၍ သပိတ်လှန် လိုက်သည်။ ထိုအခါ ၎င်းတို့နေရာ၌ အလုပ်လုပ် နေကြသည့် မြန်မာများကို ပြဿနာ ရှာခဲ့ရာမှ ကုလား - ဗမာ အဓိကရုဏ်း စခဲ့သည်။ လမ်းမတော် ဖိုးတုတ်နှင့် တပည့်များက ဤအရေး၌ တက်ကြွစွာ ပါဝင်ခဲ့သည်ဟု သခင် လှကျွေက ပြောပြခဲ့သည်။

၁၉၃၁ ခုနှစ်တွင် တရုတ်-ဗမာ အဓိကရုဏ်း ဖြစ်ပြန်သည်။ ထို့ကြောင့် မြန်မာ လူမျိုးတို့ နေရာတကာ အနှိမ်ခံ နေကြရသဖြင့် မျိုးချစ်လူငယ်များ စိတ်၌ မကျေမနပ် ဖြစ်လာကြသည်။ တက္ကသိုလ် ကျောင်းသား ကိုဘသောင်း၊ ကိုလှဘော်တို့ ဦးစီးကာ မြန်မာတို့သည် ကျွန်သပေါက် ဖြစ်နေရသည်၊ ငါတို့သည် သခင်စိတ် မွေးရမည်ဟု ဆိုကာ သခင်မျိုးဟေ့ တို့ဗမာဟု ကြွေးကြော် ခဲ့ကြသည်။ ကုလား-ဗမာ အဓိကရုဏ်းကို အကြောင်းပြု၍ တို့ဗမာ သခင် လူငယ်များ ဗိုလ်တထောင် ဘောလုံးကွင်း၌ စစ်ရေးပြခဲ့ကြသည်။ ထို့အပြင် ကုလား -ဗမာ အဓိကရုဏ်းကြောင့် မျိုးချစ်စိတ် ပြင်းပြခဲ့ကြသည့် လူငယ်များသည် ဗမာလူထုကို တပ်လှန့် နိုးဆော် လိုက်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ စာတမ်း၌ “ ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာ စကားသည် တို့စကား၊ ဗမာပြည်ကို ချစ်ပါ၊ ဗမာစာကို ချီးမြှင့်ပါ၊ ဗမာ စကားကို လေးစားပါ ’’ ဟု အဆုံးသတ် ထားသည်။ တာဝန်ခံ သခင် ဘသောင်း အမှတ် ၃၃ ရေတာရှည် လမ်းဟောင်းဟု ဖော်ပြထားသည်။

တို့ဗမာအစည်းအရုံးကို စတင်ဖွဲ့စည်းကာ သခင်ဘသောင်းမှာ အတွင်းရေးမှူးဟုသာ အမည်ခံခဲ့သည်။ အမှန်တကယ် အသင်းအဖြစ် စနစ်တကျ ဖွဲ့သောအခါ သခင် ဘသောင်းသည် သာမန် အမှုဆောင်သာ လုပ်ခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ ဆရာကြီးအား တို့ဗမာ အစည်းအရုံး ကွဲရခြင်း၊ ဆရာကြီး အစည်းအရုံး၌ ဥက္ကဌ မလုပ်ခြင်းတို့ကို ၁၉၇၂ ခုနှစ်က မေးမြန်းခဲ့သည်။ ထိုစဉ်က ဆရာကြီးသည် ကျွန်တော်တို့ကို သင်တန်း ပို့ချသည့် ဆရာတစ်ဦး ဖြစ်ခဲ့သည်။ ဆရာကြီးက “ဒါတွေ မမေးကြပါနဲ့ တော့ကွာ၊ လူများ အကြောင်းကို မကောင်း ပြောသလို ဖြစ်ပါလိမ့်မယ်၊ ကိုယ့်ကိုယ်ပဲ ချီးမွမ်းတာ မဖြစ်စေချင်ဘူး’’ ဟု ဆရာကြီးက ပြောပြ ခဲ့ဘူးသည်ကို အမှတ်ရမိ နေပါသည်။

တို့ဗမာအစည်းအရုံးသည် ဝံဿနု ဂျီစီဘီအေတို့ အားနည်းချိန်၌ မြန်မာ လွတ်လပ်ရေး အတွက် ဦးဆောင် ခဲ့ကြသည်။ ရေနံမြေသပိတ် ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် စသည့် အမျိုးသားရေး လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကြသည်။ သို့သော် တက်ကြွသော၊ မျိုးချစ်စိတ်ရှိသော တို့ဗမာ အစည်းအရုံးသည် နှစ်ခြမ်း ကွဲခဲ့ပါသည်။ ပုဂ္ဂိုလ်ရေးလား၊ ဝါဒရေးလား ရောထွေးနေသည်။ သခင် ကိုယ်တော်မှိုင်း ဦးဆောင်သည့် မှိုင်းသခင်နှင့် သခင် ထွန်းအုပ်၊ သခင်ဗစိန် တို့ ဦးဆောင်သည့် သခင်ဟု၍ ကွဲသွားခဲ့သည်။

၁၉၃၈ ခုနှစ်၊ မတ်လ၊ ၂၂-၂၄ ပြည်မြို့မှာ ကျင်းပသည့် မျက်နှာဆုံညီ ညီလာခံ၌ ပြဿနာစခဲ့သည်။ တို့ဗမာ အစည်းအရုံးကို ညီလာခံမတိုင်မီ အမှုဆောင် ကိုယ်စားလှယ်များ ချည်းသာပါသည့် ခန်းတွင်းညီလာခံကို အရင် ကျင်းပသည်။ ထိုညီလာခံမှ အမှုဆောင်အဖွဲ့ကို လျာထား သတ်မှတ်ကာ ညီလာခံကြီး၌ အတည်ပြုသည်။ ခန်းတွင်းညီလာခံ၌ အစည်းအရုံး ဥက္ကဌကို သခင် ထွန်းအုပ်ကို လျာထားသည်။ သို့ရာတွင် ညီလာခံ မတိုင်မီ သခင်ထွန်းအုပ် အဖမ်းခံရသဖြင့် နောက်ထပ် ဥက္ကဌ နေရာကို လျာထားရာ ဥက္ကဌ သခင် လေးမောင်နှင့် အမှုဆောင်အချို့က သခင် သိန်းမောင်ကို ဥက္ကဌ တင်လိုသည်။ သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့က သခင်ညီကို ဥက္ကဌ ပေးလိုသည်။ နှစ်ဖက်လုံး ဆွေးနွေးကြပြီး မဲပေးခဲ့ကြရာ မဲတူနေသည်။ နောက်ဆုံ ဥက္ကဌ သခင် လေးမောင်က မဲတစ်မဲ ထပ်ပေးရာ သခင် သိန်းမောင် ဖြစ်သွားသည်။ ပြဿနာက ဤတွင်မပြီးသေး၊ ညီလာခံ ပြီးသည်နှင့် သခင်သိန်းမောင်က သခင်ဗစိန်နှင့် အပေါင်းအပါ သခင်များကို အစည်းအရုံးမှ ထုတ်ပယ်ကြောင်း ကြေညာသည်။ အမှုဆောင် ဆုံးဖြတ်ချက်မရှိဘဲ သူ့တစ်ဦးတည်း ဆုံးဖြတ်သည်။ သခင် ကိုယ်တော်မှိုင်းက စေ့စပ် ဆုံးဖြတ်သော်လည်း မရဘဲ တို့ဗမာ အစည်းအရုံး နှစ်ခြမ်း ကွဲသွားခဲ့သည်။

၁၉၃၈ ခုနှစ်၊ နိုဝင်ဘာ ၂၀-၂၂ ရွှေတိဂုံ မော်လမြိုင် ဇရပ်၌ ပြုလုပ်သည့် တို့ဗမာ အစည်းအရုံး အစည်းအဝေးက ဥက္ကဌ သခင် ထိပ်တင်ကြီး အထွေထွေ အတွင်းရေးမှူး သခင် အောင်ဆန်း၊ ဝါဒဖြန့်ချိရေး သခင်နုတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

အလားတူ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် သာယာဝတီ သုံးဆယ်မြို့၌ ပြုလုပ်သည့် တို့ဗမာ အစည်း အရုံး ညီလာခံက ဥက္ကဌ သခင်ထွန်းအုပ်၊ အထွေထွေ အတွင်းရေးမှူး သခင်ဗစိန် ၊ ငွေထိန်း သခင်ဗဂွမ်းတို့ဖြင့် အဖွဲ့တစ်ခု ဖွဲ့ခဲ့သည်။ တို့အချိန်မှ စ၍ တို့ဗမာ အစည်းအရုံးချုပ် နှစ်ခြမ်းကွဲသွားခဲ့ တော့သည်။

ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားခါနီးတွင် “ အင်္ဂလိပ် အခက် ဗမာအချက်” ဟုဆိုကာ တို့ဗမာအစည်းအရုံးဝင်တို့ လှုပ်ရှားခဲ့ ကြသည်။ အင်္ဂလိပ်ကို လက်နက်ကိုင် တော်လှန် မောင်းထုတ်ရန် ဖြစ်သည်။ သခင်ကိုယ်တော်မှိုင်း၊ သခင်တို့က ဒေါက်တာ ဘမော်၏ ဆင်းရဲသား ဝံဿနုအဖွဲ့နှင့် ပေါင်းကာ ဗမာ ထွက်ရပ်ဂိုဏ်း ဖွဲ့ခဲ့သည်။ ဒေါက်တာ ဘမော် ဥက္ကဌ သခင် အောင်ဆန်းက အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။

သခင်ဗစိန်အုပ်စု သခင်တို့က ရန်ကုန်မြို့ရှိ ဂျပန် ထောက်လှန်းရေး သွားစိုက် ဆရာ ကိုဘိုဆူးမှ တစ်ဆင့် ဂျပန်ရေတပ်က ဖျာပုံမြစ်ဝသို့ လက်နက်ချပေးရန် ဆွေးနွေးသည်။ သို့ရာတွင် ဂျပန်တို့က ဗျူဟာ ပြောင်းကာ ဗမာပြည်ကို ဂျပန် ကြည်းတပ်က ဗိုလ်မှူးကြီး ဆူးဇူကီး ဦးဆောင်၍ ဝင်တိုက်မည်။ ဤအတွက် သူပုန်ထရန် လူငယ်များ ဂျပန်သို့ စစ်ပညာ သင်လွှတ်ဟု ဆိုလာသည်။ တို့ကြောင့် ရဲဘော် သုံးကျိပ် ပေါ်လာခဲ့သည်။ တို့ဗမာ အစည်းအရုံး နှစ်ခုလုံးမှ လူငယ်များ ပေးပို့ခဲ့ကြသည်။ ကိုယ့်အဆက် အသွယ်နှင့်ကိုယ် ပို့ခဲ့ကြသည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်များမှ ၈ ဦးပါသည်။ သခင်ရှုမောင်(ဗိုလ်နေဝင်း)၊ ဗိုလ်စကြာ၊ ဗိုလ်မှူး မြင့်ဆွေ၊ သခင်ထွန်းအုပ် စသူတို့ပါသည်။ ကျန် ၂၂ ဦးမှာ သခင်အောင်ဆန်း ဦးဆောင်သည့် မှိုင်းသခင်အဖွဲ့မှ ဖြစ်သည်။

ဂျပန်၌ စစ်ပညာသင်ကြာစဉ် (ဗိုလ်တေဇ) ဗိုလ်ချုပ်အောင်ဆန်းက အစည်းအရုံး နှစ်ခုလုံးမှ ပါလာကြ၍ နောင်ကိုလည်း ပိုမိုချစ်ခင် ရင်းနှီးစွာ လုပ်ကိုင် နိုင်ရန်ဟု ဆိုကာ ဗိုလ်နေဝင်းကို သူ၏ လက်ထောက် အဖြစ် တာဝန်ပေးခဲ့သည်ဟု ဆိုသည်။

လွတ်လပ်ရေး တိုက်ပွဲသည် ဒုတိယကမ္ဘာ့စစ် ကာလအတွင်း အထွတ်အထိပ် ရောက်ခဲ့သည်။ သခင်အောင်ဆန်း ဦးစီး၍ ဖွဲ့ထားခဲ့သော တို့ဗမာ သခင်များ၏ ကွန်မြူနစ် ပါတီမှလည်း မြေအောက် လုပ်ငန်းများကို ဦးဆောင် လုပ်သည်။ ဖတပလ - ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြန် သည်။ နောင်တွင် ဖက်ဆစ် ဆန့်ကျင်ရေးဟု ပြောင်းကာ (ဖဆပလ) အဖွဲ့ဟု ဖြစ်ခဲ့သည်။

တို့ဗမာသခင်များသည် ဂျပန်တို့ ဗမာပြည်ကို သိမ်းသည့် အချိန်တွင် ရဲဘော် သုံးကျိပ်အဖြစ် စစ်ရေး၌ ပါဝင် သကဲ့သို့ သခင်ထွန်းအုပ်က အုပ်ချုပ်ရေးကို တာဝန်ယူ၍ မြန်မာပြည် အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ အင်္ဂလိပ် ပြေး၍ ဂျပန် အုပ်ချုပ်စဉ် ကာလ တစ်လျှောက် မြန်မာ နိုင်ငံရေး၌ အကွဲ လက္ခဏာ မပျောက်ပါ။ ဂျပန်ပြေး၍ ဗြိတိသျှ ပြန်ဝင်လာချိန်၌ ဗိုလ်ချုပ် အောင်ဆန်းသည် ဖဆပလ ခေါင်းဆောင် အဖြစ် အစိုးရအဖွဲ့၌ ပါခဲ့သည်။ ထိုအချိန်၌ ဝံသာနုအဖွဲ့ကလည်း အာဏာ လိုချင်သည်။ ဂဠုန်အဖွဲ့ ကလည်း အာဏာ လိုချင်သည်။ ဖဆပလ အဖွဲ့ တောင်း၍ နေရာ ဝင်ယူ နေသည်ကို သိပ်ပြီး မလိုလားခဲ့ကြပါ။ ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံ ရသည် အထိ ဖြစ်ခဲ့ရသည်။ နယ်ချဲ့၏ လှည့်ကွက်ဟု ဆိုသော်လည်း လူတွင်ပါ၍ နွားကျားကိုက် ခံရခြင်းသာ ဖြစ်သည်။ ကျားကို ချည်း အပြစ်မဆိုသာပါ။

လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်၌ ရောင်စုံပါတီများ ပေါ်သည်။ ပေါ်သမျှပါတီ ညီညွတ်မှုမရှိသလောက် ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ တောမခိုမီ သခင် သန်းထွန်းနှင့် သခင်စိုး ကွဲ၍ အဖြူ အနီပါတီ များဖြစ် သွားသည်။ နောက်ဆုံး ပျက်သည် အထိပင်။

ဖဆပလ ကလည်း တည်မြဲ သန့်ရှင်း ကွဲသည်။ သခင်များထဲမှ လက်ဝဲယိမ်းသူများက ပမညတဟု တစ်ပါတီ ဖြစ်သည်။ အလုပ်သမား လယ်သမား ပါတီများလည်း ရှိသေးသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီ ရေစီးကြောင်းသည် ဂျီစီဘီအေအသင်းချုပ်ကြီး၊ ထိုမှ တို့ဗမာ အစည်းအရုံး၊ ထိုမှ ဖဆပလ ဟုဤ သို့ ဆင်းသက် လာခဲ့ခြင်းဖြစ်ရာ လမ်းကြောင်း တစ်လျှောက် ကွဲကြသည်ချည်း ဖြစ်သည်။

သန့်ရှင်း ဖဆပလ အစိုးရတက်လာ ပြီးနောက် ပြည်တွင်း ညီညွတ်ရေး ပျက်ပြားသည်ဟု ဆိုကာ ဗိုလ်နေဝင်းက ၁၉၆၂ ခု မတ်လ ၂ ရက်နေ့တွင် ဦးနု အစိုးရကို ဖြုတ်ချခဲ့သည်။ ဗိုလ်နေဝင်းသည် လမ်းစဉ် ပါတီကို ထူထောင်၍ တစ်ပါတီ စနစ်ဖြင့် မြန်မာနိုင်ငံကို ဆိုရှယ်လစ် စနစ် ထူထောင်သည်။ လမ်းစဉ်ပါတီကို ခိုင်မာအောင် လုပ်သည်။ ရွေးချယ် တင်မြှောက်ပုံကို တို့ဗမာ အစည်းအရုံးပုံစံနှင့် တူသလိုရှိသည်။ ပါတီညီလာခံ မတိုင်မီ ဗဟို ကော်မတီများ အစည်းအဝေးမှ နောက်ထပ် ပါတီဗဟို ကော်မတီနှင့် ဥက္ကဌ အတွင်းရေးမှူးကို လျာထားသည်။ လျှို့ဝှက် မဲစနစ်နှင့် ဖြစ်သည်။ လမ်းစဉ်ပါတီ၏ မူလဖွဲ့စည်းပုံကို လေးနှစ် တစ်ကြိမ် ဗဟိုကော်မတီ ရွေးချယ်ရာ၌ ၄၅ ရာခိုင်နှုန်းကို သွေးသစ်လောင်း၍ လူသစ်များ ပါရမည်ဟု ချမှတ်ခဲ့သည်။ ထို့ကြောင့် ဖြုတ်ရမည့် လူဟောင်း ၄၅ ရာခိုင်နှုန်းကို ဗဟိုကော်မတီများ အချင်းချင်း မဲပေး၍ ရွေးချယ် ဖြုတ်ကြရသည်။

သို့ရာတွင် ပါတီတွင်း မဲဆွယ် စည်းရုံးခြင်း မပြုရ၊ ဟိုလူကို မဲပေး၊ ဒီလူကို မပေးရ စသည့် အုပ်စု ဖွဲ့ခြင်း မလုပ်ရဟုလည်း တားမြစ်ထားခဲ့သည်။ လက်တွေ့ မဲပေးသော အချိန်တွင် တချို့ ခေါင်းဆောင်များက စည်းရုံးရေး လျှို့ဝှက်ပြုလုပ်ကာ မကြိုက်သူများကို လျှို့ဝှက်မဲဖြင့် ဖြုတ်ခဲ့ကြသည်။

ဤပြဿနာမှာ လမ်းစဉ်ပါတီ၏ ဒုတိယ အကြိမ် ညီလာခံ၌ ဖြစ်ပေါ်ခဲ့သည်။ အလွန် ညီညွတ် ပါသည် ဆိုသော၊ စနစ်ကျ ပါသည် ဆိုသော လမ်းစဉ်ပါတီ အတွင်း၌ပင်လျှင် အုပ်စုကွဲများ စုန်းပြူများပါလာသေးသည်။ ထို့ကြောင့် ၄၅ % သွေးသစ်လောင်း ဥပဒေကို ဦးနေဝင်းက ပထမအကြိမ် အရေးပေါ် ပါတီ ညီလာခံခေါ်၍ ကမ္ဘာ့အေး ကုန်းမြေညီလာခံ၌ ပယ်ဖျက်ခဲ့သည်။ ပါတီ သန့်စင်ရေးဟု အမည်တပ်ကာ ရှင်းပစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ လမ်းစဉ် ပါတီသည် မိမိလက်ဝယ်ရှိ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို မိမိ ဘာသာဖျက်ခဲ့၍ ဗဟိုဦးစီး ဆန်သည့် အခြေ အနေ ရောက်ခဲ့ရသည် ဆိုက မှားမည်မထင်ပါ။

၁၉၈၈ ခုနှစ်သည် မြန်မာ့နိုင်ငံရေး၌ နိုင်ငံရေး ပိုးအထကြွဆုံး အချိန်ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ ၂၆ နှစ်တိုင်တိုင် တစ်ပါတီ စနစ်ကို မကြိုက်ကြတော့၍ လူထုအုံကြွမှု ဖြစ်လာခဲ့ရသည်။ လမ်းစဉ်ပါတီနှင့် ဆိုရှယ်လစ် အစိုးရပျက်သုဉ်း ခဲ့ရသည်။

ပါတီစုံလား တစ်ပါတီလားဟု ပါတီမပျက်မီ ပြည်လုံးကျွတ်ဆန္ဒယူရန် ဦးနေဝင်းက လမ်းထွင်ပေးခဲ့သော်လည်း တပည့်များက လမ်းမလျှောက် တတ်၍ တရွတ်တိုက် လဲခဲ့ရသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အစိုးရက ပါတီ စုံဒီမိုကရေစီအတွက် ရွေးကောက်ပွဲ ပြုလုပ်၍ ပါတီများဖွဲ့ရန် ကြေညာခဲ့သည်။ မြန်မာနိုင်ငံ သမိုင်း၌ အများဆုံးသော အများဆုံးသော ပါတီ အရေအတွက် ထွက်ပေါ်ခဲ့သည်။ ပါတီပေါင်း ၂၀၀ ကျော်သည်။ လူအမျိုးမျိုး နိုင်ငံရေး သမားဟောင်း အမျိုးမျိုး အဖြူ၊ အနီ၊ အဝါ၊ အပြာ အားလုံးစုံသည်။ ဘယ်ပါတီမှ ခိုင်မာသော လမ်းစဉ်မရှိကြ၊ အာဏာရဖို့သာ အဓိကဖြစ်သည်။ ကြုံ၍ ရှင်းပြခြင်း ပါသည်။ ကျွန်တော်၏ မိတ်ဆွေ ရှေ့နေ တစ်ဦးလည်း ပါတီဥက္ကဌ ဖြစ်သွားသည်။ သူသည် ရှေ့နေပီပီ အပြောကောင်း၊ အဟောင်းကောင်း၍ ပုဇွန်တောင် ကြက်တန်းနှင့် မြေနီကုန်းကြက်တန်းမှ ကုလားများ အထောက်အပံ့ဖြစ် ပါတီမှတ်ပုံတင်လိုက်သည်။ ပါတီ ဥက္ကဌကြီး ဆိုပြီး မြောက်ကြွဖြစ်နေခဲ့သည်ကို မြင်ယောင်မိပါသည်။

အလားတူ ခါတော်မီ ပါတီများပေါ်လာခြင်းသည် မြန်မာလူ့ဘောင်၌ မွန်းကျပ်နေသည့် သဘောကို ဖေါ်ပြ ခဲ့သည်။ တစ်နည်း နိုင်ငံရေး ငှက်ဖျားတက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးမှ နိုင်ငံရေး ငှက်ဖျား ပြန်ကျခဲ့သည်။

မြန်မာနိုင်ငံ၌ နာမည်ကြီး ငှက်ဖျားနှစ်မျိုးရှိသည်။ ဖာစီပါရန်နှင့် ဗိုင်ဗာ့စ်ဟူ၍ ခေါ်သည်။ ဗိုင်ဗာ့စ် ငှက်ဖျားပိုးများ အသည်းထဲက ထွက်၍ မျိုးပွားချိန် ချမ်းတုန်၍ အဖျားတက်သည်။ တစ်နာရီ၊ နှစ်နာရီတတ်ပြီး ပိုးများ ပြန်ငုပ် သွားသည်။ အဖျားလည်း ကျသွားသည်။ သိပ်ဒုက္ခမပေး သွေးအားနည်းရုံသာ ဖြစ်သည်။ ဖာစီပါရန်က ဤသို့ မဟုတ် တတ်ပြီးဆိုလျှင် ကြမ်းသည်၊ ငယ်ထိပ်၊ဦးနှောက်ထဲသို့ ပိုးဝင်သည်အထိ ပြင်းထန်သည်။ ဆေးမမှီဝဲ ပါက ဦးနှောက်ပျက်၍ အပူရှိန် တတ်ပြီး သေဆုံးသည်။ ဆေးဝါး ကုသ၍ မသေပါကလည်း လူက ကြောင်တောင် တောင်ဖြစ်သည်။ ပုံမမှန်ဖြစ်တတ်သည်။

ယခုမြန်မာ့နိုင်ငံရေး ငှက်ဖျားမှာ ဖာစီပါရန် နိုင်ငံရေး ငှက်ဖျားပိုးဝင်သူများသည်။ နိုင်ငံရေးငှက်ဖျား ဦးနှောက်ကို ရောက်၍ သေဆုံးခဲ့ကြပြီ၊ ဗိုင်ဗာ့စ် နိုင်ငံရေး ငှက်ဖျားက တတ်လိုက်ကျလိုက် ကျန်နေသည်။ သို့သော် တက်အားတောင့်တင်းစွာ လုပ်လိုပါက ငှက်ဖျားပိုးကို အလျင်ကုသရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရေးပါတီတွင် ဤမျှ လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သို့သော် ဘယ်ပါတီကောင်း၍ ဘယ်သူနောက်ကို လူထုက လိုက်ရ မလဲဆိုသည်ကို သိဖို့လိုပါသည်။

ပါတီတစ်ခုသည် နိုင်ငံရေးလမ်းစဉ် ရည်မှန်းချက် တိကျခိုင်မာ၍ တိုင်းပြည်နှင့် လူမျိုးကို ကြီးပွားချမ်းသာအောင် လုပ်ပေးနိုင်ရပါမည်။ ပါတီခေါင်းဆောင်တိုင်းက တိုင်းပြည်နှင့် လူမျိုးအတွက်ဟု ပြောကြသည်ချည်းသာ ဖြစ်သည်။ လက်တွေ့လုပ်သော အခါ ကိုယ်ကျိုးက ပိုများလာကြသည်။ မြန်မာ့နိုင်ငံရေး ပါတီများကို အကဲခတ် နိုင်ရန် အထက်တွင် နိုင်ငံရေးပါတီ သမိုင်းအကြောင်းအကျဉ်းကို ကျွန်တော်အစီရင်ခံခဲ့ခြင်း ဖြစ်ပါသည်။

မကြာသေးမီကာလ၌ ရွေးကောက်ပွဲ ကျင်းပတော့မည်။ ပါတီထူထောင်ခွင့် ပေးခဲ့လျှင် နိုင်ငံရေး ငှက်ဖျားများ ထလာကြဦးမည်။ ဖာစီပါရန် နိုင်ငံရေး ငှက်ဖျားများ မဖြစ်ကြဖို့ လိုသည်။ ကျွန်တော်တို့ ဘယ်သူ့ ဆရာ တင်ရမည် ဆိုသည်ကို ဆုံးဖြတ် နိုင်အောင် တိကျသော ရည်မှန်းချက်ဖြင့် ကိုယ်ကျိုး မဖက်သော နိုင်ငံရေး ပါတီများ ဖြစ်ပါစေဟု ဆုတောင်းပါသည်။ ပါတီတိုင်းက ဒီမိုကရေစီဟု ပြော၍ စည်းရုံးကြမည်။ ကွန်မြူနစ်များက ကွန်မြူနစ် ဒီမိုကရေစီဟု ပြော၍ စည်းရုံး လာမည်လား မပြောတတ်ပါ။ မည်သို့ပင် ဖြစ်စေ နိုင်ငံသားတိုင်းသည် ပါတီနှင့် မကင်း ပါတီ လုပ်ငန်းကို၊ လုပ်ခွင့်ရှိပါသည်။ သို့ရာတွင် ကိုယ်ကျိုးရှာ ပါတီမဖြစ်ဖို့က အဓိက ဖြစ်ပါကြောင်း ။

မောင်သာနု

မှန်တာပြောသစ္စာ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးဖိအား

မောင်ဝံသ

(မြန်မာနိုင်ငံကို လွတ်လပ်ရေးရဖို့ ကြိုးစားချိန်မှာ ဖဆပလ အဖွဲ့ကြီးက လုံးဝ လွတ်လပ်ရေး ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပမေယ့် အဲဒီအချိန်က လုံးဝ လွတ်လပ်ရေး အစား ဓနသဟာယ အဖွဲ့ဝင် နိုင်ငံအဖြစ်နဲ့ နေသင့်တယ် ဆိုတဲ့ အယူအဆကို နိုင်ငံရေး သမားကြီးများက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဗြိတိသျှ ဓနသဟာယ (British Commonwealth ) ဆိုတာ ကတော့ လွတ်လပ်ရေး ရယူပေမယ့် ဗြိတိန် ဘုရင်မကို symbol of the free association of its independent member nations and, as such, Head of the Commonwealth" အဖြစ် လက်ခံပြီး ဓနသဟာယ အဖွဲ့အကြီးအကဲ အဖြစ် သတ်မှတ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအထဲမှာ သြစတေးလျ၊ ကနေဒါ၊ ကာရီဘီယံနဲ့ အာဖရိက ဒေသ နိုင်ငံအချို့မှာ ၀န်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရ ဖြစ်ပေမယ့် ဗြိတိသျှ ဘုရင်မက သူ့ကိုယ်စား ဘုရင်ခံ တစ်ဦးကို ခန့်ထားတဲ့ နိုင်ငံတွေ ပါသလို၊ အိန္ဒိယလို သမ္မတ နိုင်ငံအဖြစ် ထူထောင်ပြီး ဓနသဟာယ အဖွဲ့ဝင် နိုင်ငံ အဖြစ်နဲ့ နေတဲ့ နိုင်ငံလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဗိုလ်ချုပ် အောင်ဆန်း အနေနဲ့ လုံးဝ လွတ်လပ်ရေး ယူဖို့ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောင်ပိုင်းမှာ ဓနသဟာယ အဖွဲ့ဝင်အဖြစ် နေသင့် တယ်လို့ ဗိုလ်ချုပ်က ယူဆခဲ့တယ်လို့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ထုတ် သစ္စာ သတင်းဂျာနယ်မှာ မောင်ဝံသက ရေးထားပါတယ်။ မကြားဘူးတဲ့ အယူအဆ ဖြစ်လို့ အားလုံး ဆွေးနွေး နိုင်အောင် မျှဝေပေး လိုက်ပါတယ်။ )

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် ဆိုရင် မြန်မာ့ လွတ်လပ်ရေး သက်တမ်း ၆၂ နှစ် ရှိပါပြီ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို လွတ်လပ်ရေး ဗိသုကာကြီးလို့ ခေါ်ဆို ကြတာဟာ မည်ကာမတ္တ မဟုတ်ပါဘူး။ ထိုက်ထိုက် တန်တန် ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ' ဗိုလ်ချုပ်အောင်ဆန်း ဉာဏ်အသုံးရဆုံး ကာလ ' ခေါင်းစဉ်နဲ့ ကျွန်တော် ရေးခဲ့ရာမှာ ၁၉၄၅ မှ ၁၉၄၇ အကြား လွတ်လပ်ရေး လက်တစ်ကမ်း အချိန် ဗိုလ်ချုပ်ရဲ့ နိုင်ငံရေး ဆောင်ရွက် မှုတွေကို ဘက်ပေါင်းစုံက ဝိုင်းဝန်း ထိုးနှက် တိုက်ခိုက်ခဲ့ကြတဲ့ အကြောင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။

အထက်ဖော်ပြခဲ့တဲ့ ကာလ အပိုင်းအခြား အတွင်း ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေး မှတ်တိုင်ကြီး ၅တိုင်ကို စိုက်ထူ ခဲ့တယ်ဗျ။

၁။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ (ဖဆပလ) ကို ပြည်သူလူထု တစ်ခဲနက် ထောက်ခံမှု ရရှိတဲ့ နိုင်ငံရေး တပ်ဦးကြီး အဖြစ်သို့ ရောက်အောင် ဦးဆောင်နိုင်ခဲ့ခြင်း။

၂။ အင်္ဂလိပ် ဘုရင်ခံက ဖိတ်ကြားပြီး အာဏာ အပ်နှင်းခံရတဲ့ အထိ လူထုတိုက်ပွဲ များကို ဦးဆောင် နိုင်ခဲ့ခြင်း။

၃။ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဆို၍ လွတ်လပ်ရေး အတွက် ပြင်ဆင်နိုင်ခဲ့ခြင်း။

၎။ သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း။

၅။ ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲ အတည်ပြုနိုင်ခဲ့ခြင်း။

လုံးဝလွတ်လပ်ရေးဘယ်လဲ

ပြီးခဲ့တဲ့ အပတ်က တင်ပြခဲ့တဲ့အထဲ ပါတဲ့ ကျွန်တော် ဖတ်လိုက်ရတဲ့ စာတမ်း လေးစောင်ထဲက 'လုံးဝ လွတ်လပ်ရေး မရသေးဟု ဦးအောင်ဆန်း ဝန်ခံပြီ' ခေါင်းစဉ်နဲ့ ရေးခဲ့တဲ့ အရေးတော်ပုံ သတင်းစာ (၂၊ ၂၊ ၁၉၄၇) ခေါင်းကြီး ဆောင်းပါးကို ကျွန်တော် လေ့လာ ကြည့်ပါတယ်။

အရေးတော်ပုံ သတင်းစာဟာ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ခေါင်းဆောင်တဲ့ တို့ဗမာ အစည်းအရုံးရဲ့ အာဘော်သတင်းစာ ဖြစ်ပါတယ်။ သခင်ဗစိန်ဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ ဘိလပ်ကို ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် ပါသွားပြီး အောင်ဆန်း အက်တလီ စာချုပ်မှာ ပါဝင် လက်မှတ် မထိုးဘဲ ဦးစောနဲ့အတူ ကန့်ကွက်ခဲ့သူ ဖြစ်ပါတယ်။

အရေးတော်ပုံ သတင်းစာက ဗိုလ်ချုပ်တို့ မြန်မာပြည် ပြန်မလာမီ ၂၉ ဇန်နဝါရီ ၁၉၄၇ မှာ လန်ဒန်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတဲ့ ဗိုလ်ချုပ်ရဲ့ စကားကို လိုရာဆွဲ ကောက်ယူပြီး ပြည်သူ လူထုရဲ့ ရန်တိုက်ပေးတာပါ။

ဗိုလ်ချုပ်အောင်ဆန်းက (၁) ရှင်းရှင်းနဲ့ ဗမာများကို ဖွင့်ပြောရမှာက စာချုပ်ထဲမှာ လွတ်လပ်ရေး မပါသေး၊ လွတ်လပ်ရေး မရရှိခဲ့သေး သို့သော် လွတ်လပ်ရေး အခြေခံလမ်းစဉ်ကိုတော့ ရခဲ့ပြီ။ (၂) အင်္ဂလိပ် အင်ပိုင်ယာထဲမှ ခွဲမလား၊ တွဲမလား ပြဿနာကို တိုင်းပြည်ပြု လွှတ်တော်ကသာ ဆုံးဖြတ်လိမ့်မယ် ကျုပ်ကိုယ်တိုင် မှာတော့ ပြောဖို့ရာ ဘာထင်မြင်ချက်မှ မရှိဘူး။ (၃) ဗမာများက အင်ပိုင်ယာထဲ နေသင့် မနေသင့်ကို အင်္ဂလိပ် ကောင်းရင် ကောင်းသလို ညှာတာစွာ ဆုံးဖြတ် ကြမှာပဲလို့ ပြောခဲ့တယ်။

အဲဒီလောက်ကို အခြေတည်ပြီး သခင်ဗစိန်တို့ရဲ့ အရေးတော်ပုံ သတင်းစာက "ဤ ဦးအောင်ဆန်း၏ စကားအရ ဗမာများ မျှော်လင့် နေကြသော လုံးဝ လွတ်လပ်ရေး မရခဲ့သေးကြောင်းမှာ ကောင်းကောင်းကြီး ထင်ရှား လှသည့်ပြင် အင်္ဂလိပ် အင်ပိုင်ယာထဲမှ ခွဲဖို့ တွဲဖို့ အတည်တကျ ဘာဝါဒမှ ဦးအောင်ဆန်းမှာ မရှိသေးကြောင်း ထင်ရှား နေလေပြီ။ ဦးအောင်ဆန်း လက်မှတ် ထိုးခဲ့သော စာချုပ်သည် ဆိုး၏။ ယခု ကမ္ဘာ့သတင်းစာ ဆရာများအား ပြောကြားလိုက်သော စကားများသည် သာ၍ ဆိုးနေလေပြီ " လို့ ခေါင်းကြီးပိုင်းက ရေးပြီး လူထုအမြင် ရှုပ်ထွေးအောင် ခလောက် ဆန်လိုက်တာပါ။

အာမခံချက်အပြည့်

တကယ်က အောင်ဆန်း အက်တလီ စာချုပ်ဟာ လွတ်လပ်ရေး အတွက် အာမခံချက် အပြည့်အဝ ရခဲ့တဲ့ စာချုပ်ပါပဲ။ ဗိုလ်ချုပ် အောင်ဆန်းက ၄ ဖေဖော်ဝါရီ ၁၉၄၇ ည ၇း၃၀ နာရီမှာ တိုင်းပြည်သို့ တိုက်ရိုက် အသံလွှင့် ရှင်းပြခဲ့တယ်။

"ဘိလပ် ပါလီမန်မှာ တင်တဲ့ ကိစ္စကို ဘာ စက္ကူဖြူ၊ ညာ စက္ကူဖြူ အစရှိသည် အားဖြင့် ခေါ်လေ့ခေါ်ထ ရှိတဲ့ အတိုင်း ခေါ်တာပဲ။ စက္ကူဖြူဆိုရုံနဲ့ စက္ကူဖြူချင်း မတူဘူးဆိုတာ သိကြရမယ်။ ကျုပ်တို့ မလိုချင်တာက ၁၉၄၅ ခု၊ စက္ကူဖြူ၊ ခု ကျုပ်တို့ ရတာကို ထည့်ပေး ရေးပြီးတဲ့ စက္ကူဖြူက ၁၉၄၇ ခု၊ စက္ကူဖြူ၊ ဒီစက္ကူဖြူဟာ အရင်စက္ကူနဲ့ အတော် ကွာခြားတယ်ဆိုတာ ရဲရဲကြီး ပြောရဲတယ်။ စက္ကူဖြူဆိုပြီး အဖျားဆွတ် ပြောတဲ့လူတွေဟာ အမှန်စင်စစ် တိုင်းပြည်ကို ကလေးများလို စော်ကားပြီး လှည့်စားနေတာပဲ ××××

အခုလည်းပဲ တိုင်းပြုပြည်ပြု လွှတ်တော်ကို ရအောင် လုပ်ခဲ့တယ်။ ကြားဖြတ် အစိုးရကိုလည်း အာဏာ ရအောင် လုပ်ခဲ့တယ်။ တောင်တန်းနယ်များကို ကျုပ်တို့လို တန်းတူ အခွင့်အရေး ပေးမယ်ဆိုတဲ့ မူကိုလည်း ရခဲ့တယ် ×××

ကျုပ်ရဲ့ ခေါင်းဆောင်မှုကို ယုံယုံကြည်ကြည်နဲ့ လိုက်ကြပါ။ 'တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေ့မယ်' ရတဲ့ နေရာမှာလည်း အရမ်းမဲ့ အင်အား မကုန်စေရဘဲ အေးအေး ဆေးဆေး ဖြစ်နိုင်သမျှ ဖြစ်စေရမယ်။ ကျုပ်ဟာ ကျုပ် ကတိကို မပျက်ခဲ့ဘူး ဆိုတာ သိတယ် မဟုတ်လား"

ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီအချိန်က သခင်ဗစိန်၊ ဂဠုန်ဦးစော၊ ဒေါက်တာ ဗမော်တို့လို ခေတ်ဟောင်း နိုင်ငံရေး သမားကြီးတွေနဲ့ သခင်စိုး၊ သခင်သန်းထွန်းတို့လို ခေတ်ပြိုင် နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ညှပ်ပူးညှပ်ပိတ် ထိုးနှက် တိုက်ခိုက်မှုကို ရင်ဆိုင်နေခဲ့ရတယ်။ သည်ကြားထဲကပဲ လွတ်လပ်ရေး ပန်းတိုင်ကို မမှိတ်မသုံ လျှောက် လှမ်းသွားခဲ့တာပါ။

အက်တလီရဲ့မှတ်ချက်

သည်နေရာမှာ ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိမှာ ရေးသားခဲ့တဲ့ စာပိုဒ်အချို့နဲ့ ယှဉ်ကြည့်သင့် ပါတယ်။ သည်အကြောင်းကို ၂၇ ဇွန်၊ ၂၀၀၇ နေ့ထုတ် ဝိကလီးအလဲဗင်း ဂျာနယ်မှာ ကျွန်တော် ရေးခဲ့ဖူးတယ်။ ကောက်နှုတ် ဖော်ပြရရင်-

"မြန်မာနိုင်ငံသည် ဂျပန်တို့၏ ကျူးကျော် သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ကာလရှည်ကြာ ခက်ခက်ခဲခဲ ပြန်လည် တွန်းလှန်ပြီးမှ အောင်မြင်မှု ရရှိခဲ့သည်။ မြန်မာအချို့သည် ဂျပန်က လွတ်လပ်ရေး တကယ်ပေးလိမ့်မည်ဟု ယုံကြည်၍ ဂျပန်နှင့် ပူးပေါင်းခဲ့ပြီး ဒေါက်တာ ဗမော် ရုပ်သေး အစိုးရကို ထောက်ခံခဲ့ကြသည်။ သို့သော် သူတို့သည် မကြာမီ အမြင်မှန်ရခဲ့ကြပြီး အောင်ဆန်း၏ ဦးဆောင်မှု အောက်ရှိ လူငယ်များက တော်လှန်ရေး ဆင်နွှဲကြသည်။ ဗြိတိသျှ တပ်များနှင့် သူတို့ အဆက် အသွယ် ရခဲ့ကြသည်။ လော့ဒ် မောင့်ဘက်တန်၏ အမြောက်အမြင် ကြီးမားသော မူဝါဒ၏ ကျေးဇူးဖြင့် သူတို့ ပူးပေါင်း ဆောင်ရွက်ကြပြီး ကျူးကျော် သူများအား မောင်းထုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံကို ပြန်ရပြီးနောက် အိန္ဒိယရှိ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် လက်အောက်ခံ (မြန်မာ) ပြည်ပြေး အစိုးရကို ပြန်လည် အသက်သွင်း ခဲ့ကြ၏။ ဆာဒေါ်မန်စမစ် ထံ၌ နိုင်ငံရေးသမား လက်ဟောင်းကြီး အချို့ ရှိနေသည်။ စစ်ကြီး မတိုင်မီက မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးသော တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင် အုပ်ချုပ်ရေးမျိုးကို အချိန် မတိုင်မီ ပြန်လည် ဖော်ထုတ်ခဲ့ခြင်းမှာ ကျွန်ုပ်တို့၏ အမှားဖြစ်သည်။

ကင်းကွာနေကြသူများ

နိုင်ငံရေး လက်ဟောင်းကြီးများသည် မြန်မာနိုင်ငံ၌ ကြီးထွား လာနေသော အမျိုးသားရေး လှုပ်ရှားမှုကြီးနှင့် ကင်းကွာ နေကြ ချိန် တော်လှန်ရေး သမား လူငယ်များက စိတ်မရှည် နိုင်တော့ချေ။

နောက်ဆုံးတွင် ကျွန်ုပ်သည် မြန်မာများက ကောင်းစွာ နှစ်သက် လက်ခံသော မြန်မာနိုင်ငံ အကြောင်းလည်း ကောင်းကောင်း သိသူ ဆာဟူးဘတ်ရန့်စ်ကို ဘုရင်ခံ ခန့်လိုက်သည်။ ထို့နောက် မြန်မာနိုင်ငံမှ နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့ လန်ဒန်သို့လာပြီး မြန်မာ့နောင်ရေး ဆွေးနွေးကြရန် ဖိတ်ခေါ်လိုက်သည်။ သူတို့နှင့် ကျွန်ုပ်တို့ အချိန်ကြာမြင့်စွာ ဆွေးနွေးဖလှယ် ခဲ့ကြသည်။ သူတို့ထဲက အချို့သည် စစ်ကြီး မတိုင်မီက ခရစ်ပ်စ် (Chipps) နှင့် သိကျွမ်း ခဲ့ကြပြီး ဖြစ်၍ များစွာ အဆင်ပြေခဲ့သည်။ သို့သော် ကျွန်ုပ်တို့က မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လက်ခံရန် အသင့်ရှိ သည်ဟု ပြောဆိုခြင်းကို ပထမတွင် သူတို့ မယုံကြည် နိုင်ကြဘဲ သံသယ ရှိနေခဲ့ကြသည်။

လုံးဝလွတ်လပ်ရေး ကတိကျွံ

ဖြစ်ချင်တော့ သူတို့သည် လုံးဝ လွတ်လပ်ရေး ရယူပြီး သမ္မတနိုင်ငံ ထူထောင်မည်ဟု သူတို့၏ နောက်လိုက်များထံ ကတိ ကျွံထား ခဲ့ကြလေပြီ။ သူတို့သည် ကျွန်မြူနစ် ပါတီကိုလည်း ရင်ဆိုင်နေကြရ၏။ ဆွေးနွေးပွဲများ ဆက်ပြုလုပ်နေရင်း သူတို့ ထဲက အချို့ (အထူးသဖြင့် သူတို့၏ခေါင်းဆောင် ခေါင်းမာသူတစ်ဦး ဖြစ်သော အောင်ဆန်း) သည် ဓနသဟာယထဲတွင် ဆက်နေသင့်သည်ဟု သဘောပေါက်စ ပြုလာသည်။ သမ္မတနိုင်ငံ ထူထောင်သော်လည်း အိန္ဒိယကဲ့သို့ပင် ဓနသဟာယ ထဲတွင် ဆက်နေနိုင်သည့် လမ်းကြောင်းကို သဘောကျ ကြသည်။

ကိုယ်စားလှယ် အဖွဲ့ဝင်များသည် အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံ နုနယ်သူများ ဖြစ်ကြ၏။ လူနည်းစု ပါတီ တစ်ခု၏ ကိုယ်စားလှယ် ဖြစ်သူ ဦးစောကမူ သူတို့နှင့် မတူချေ။ သူ့ကို စစ်ကြီး မတိုင်မီက ကျွန်ုပ် တွေ့ခဲ့ဖူးသည်။ စစ်ကြီးအတွင်း သူ အင်္ဂလန်သို့ လာရောက်သည်။ သို့သော် ဦးစောသည်ဂျာမန်များနှင့်လစ္စဘွန်းတွင် အဆက်အသွယ် လုပ်ရန် ကြိုးစား ခဲ့ကြောင်း ပေါ်ပေါက်လာ၍ အကျယ်ချုပ်ဖြင့် ထားရှိခဲ့ရသည်။ သူသည် ပြုံးပြုံးလေးနှင့် ဆိုးမည့်သူဟု ကျွန်ုပ် ထင်မြင် ယူဆခဲ့သည်။

ကျွန်ုပ်နှင့် ဇနီးက အောင်ဆန်းတို့ တစ်ဖွဲ့လုံးကို နေ့လယ်စာဖြင့် ဧည့်ခံခဲ့ရာ ကျွန်ုပ်၏ ဇနီးသည် လူသတ်သမား ဖြစ်မည့် သူနှင့် သူ၏ သားကောင် ဖြစ်မည့် သူများအား ဧည့်ခံ ကျွေးမွေးနေခြင်း ပါတကားဟု စိုးစဉ်းမျှ တွေးမိမည် မဟုတ်ချေ။

သူတို့ မြန်မာပြည် ပြန်သွားကြပြီး များမကြာမီ အောင်ဆန်းနှင့် သူ့လုပ်ဖော် ကိုင်ဖက် ဝန်ကြီးများသည် ဦးစော၏ သတ်ဖြတ်ခြင်း ခံကြရသည်။ ဘုရင်ခံ၏ လက်မြန် ခြေမြန် အရေးယူ မှုကြောင့် ဦးစော၏ အကြံ မအောင်မြင်ခဲ့ချေ။ သခင်နု သည် ဝန်ကြီးချုပ် ဖြစ်လာပြီး ဦးစောသည် တရားဥပဒေ ရှေ့မှောက်သို့ ရောက်သွားခဲ့၏။ သို့သော် မြန်မာနိုင်ငံ ထိုးနှက်ခံခဲ့ရ သည်မှာကား ပြင်းထန်လှသည်။

သို့သော် မြန်မာတို့က လုံးဝ လွတ်လပ်ရေး ယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ အခြေခံမူများ နှင့်အညီ ကျွန်ုပ်တို့ အနေဖြင့် သူတို့၏ တောင်းဆိုချက်ကို ခွင့်ပြုရန်မှ တစ်ပါး အခြား မရှိချေ။

ထိုအချိန်ကစ၍ မြန်မာအစိုးရသည် ကွန်မြူနစ်များနှင့် အခြား အဖွဲ့များ၏ သူပုန်ထမှုများနှင့် ရင်ဆိုင်ခဲ့ကြ ရပါတော့သည်။ ("As It Happened" By Clement Richard Attlee, 1883-1967, Odhams Press Limited London)

နိုင်ငံရေးဖိအားများကြောင့်

မစ္စတာ အက်တလီရဲ့ စာထဲမှာ ပါရှိတဲ့ ဓနုသဟာယထဲမှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံ ဆက်နေဖို့ မနေဖို့ အဆုံး အဖြတ် ပြုခဲ့ကြတဲ့ ကိစ္စဟာ အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ မစ္စတာ အက်တလီ ရေးပေးတဲ့ အတိုင်းပဲ ဓနသဟာယထဲမှာ မြန်မာနိုင်ငံ ဆက်နေ သင့်တယ် ဆိုတာ သဘော ပေါက်ခဲ့တယ်လို့ အခြား အထောက်အထား များ အရလည်း သိရတယ်။ သို့ပေမယ့် အက်တလီ သုံးသပ်တဲ့ အတိုင်း "သူတို့သည် လုံးဝ လွတ်လပ်ရေး ရယူပြီး သမ္မတ နိုင်ငံ ထူထောင်မည်ဟု သူတို့၏ နောက်လိုက်များထံ ကတိကျွံ ထားခဲ့ကြလေပြီ"

ဗိုလ်ချုပ်ကို "ကိုယ်တပ်ကိုယ် ပြန်နင်းတဲ့ အောင်ဆန်း" လို့တောင် စွပ်စွဲ ရေးသား နေကြချိန်မှာ လုံးဝ လွတ်လပ်ရေးကိုပဲ ဗိုလ်ချုပ် ပါဝင် ခေါင်းညိတ် ခဲ့ရခြင်းဟာ ပြည်သူ တစ်ရပ်လုံးရဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့် ဆိုတာထက် လက်ဝဲ လက်ယာ နိုင်ငံရေး ဖိအား တွေကြောင့် ဖြစ်လိမ့်မယ်လို့ ထင်မြင်မိ ကြောင်းပါဗျာ။

မောင်ဝံသ

ဦးကျော်ငြိမ်း၊ ဂိုရှယ်စစ်တမ်းနှင့် သောင်းကျန်းမှု စစ်မီးတောက်ဖောက်ခွဲခဲ့သူ ဗမာပြည်ကွန်မြူနစ်ပါတီ

အောင်စွမ်း

( ဗကပနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို ခပ်စိတ်စိတ်လေး ရေးတာလာတဲ့ ဆရာအောင်စွမ်းက ဗကပ တောခိုအောင် လုပ်ခဲ့တဲ့ တရားခံဟာ ဦးကျော်ငြိမ်း ဖြစ်တယ်။ ပြည်တွင်းစစ်ဟာ ဦးကျော်ငြိမ်းကြောင့် ဖြစ်ခဲ့ရတယ် ဆိုပြီး တင်ပြ လာပါတယ်။ ဘိုဘိုကျော်ငြိမ်းရဲ့ သူ့ဖခင်အကြောင်း ရေးသားချက်များနဲ့ ယှဉ်ဖတ်သင့်တဲ ဆောင်းပါး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ထုတ်၊ Northern Star ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ )

ဖွားဖက်တော်ပြည်တွင်းစစ်

မြန်မာပြည်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် လွတ်လပ်ရေး ရခဲ့သည်။ လွတ်လပ်ရေး ရရှိပြီး (၈၃)ရက်အကြာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ တောခို သွားခဲ့သည်။ ပြည်တွင်းစစ် မီးတောက်လောင် ခဲ့သည်။ သို့ဖြစ်၍ ပြည်တွင်းစစ်သည် လွတ်လပ်ရေး၏ ဖွားဖက်တော်သဖွယ် ဖြစ်ခဲ့သည်။ သို့သော် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သည် ဗြိတိသျှ နယ်ချဲ့သမားတွေ လက်နက် ထုတ်ပေးခဲ့သည့် ဂဠုန်ဦးစော ခေါင်းဆောင်သည့် အာဏာရူးများ၊ နယ်ချဲ့ အလိုတော်ရိများ၊ လက်ယာ ဂိုဏ်သားများက တစ်ဖက်နှစ် ဗမာပြည် ကွန်မြူနစ် ပါတီ၊ ဆိုရှယ်လစ် ပါတီ၊ ပြည်သူ့ ရဲဘော် အပါအဝင် တိုးတက်သည့် အင်အားစုများက တစ်ဖက် အပြန်အလှန် အကြီးအကျယ် တိုက်ခိုက် ခဲ့ကြသည့် ပြည်တွင်းစစ် မဟုတ်ခဲ့ပေ။ ဖဆပလ ဆိုရှယ်လစ်များက တစ်ဖက်နှင့် ဗမာပြည် ကွန်မြူနစ် ပါတီက တစ်ဖက် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြသည့် စစ်မီးသာ ဖြစ်ပါသည်။ ဤစစ်မီးသည် စစ်ကိုမလိုလားသည့် ပြည်သူလူထုကိုပင် ခြွင်းချက်ထားလေ့ မရှိပါ။ ပြည်သူလူထုကိုလည်း သွေးချောင်းစီးအောင် သတ်ဖြတ်၊ သေကျေ၊ ဒုက္ခပင်လယ် ဝေစေခဲ့ပါသည်။ အစွမ်းကုန် လောင်မြိုက် ဖျက်ဆီး ဝါးမြိုပစ်ခဲ့သည်။

သို့ဖြစ်ရာ “တရားခံ ဘယ်သူလဲဟေ့” ဟု မေးရတော့မည် ဖြစ်ပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီလော၊ အာဏာရ ဖဆပလ အစိုးရလော၊ စိစစ်စောကြော ရတော့မည် ဖြစ်ပါသည်။

ဖဆပလ အစိုးရ၏ တင်ပြချက်

ထိုစဉ်က အာဏာရ ဖဆပလ အစိုးရက သက်သေ သက္ကာယ အဖြစ် လက်ဆုပ်လက်ကိုင် ဖော်ထုတ် တင်ပြခဲ့သည့် တင်ပြချက် တစ်ရပ် ရှိခဲ့ပါသည်။ ယင်းတင်ပြချက်မှာ “ဂိုရှယ်စစ်တမ်း” ဖြစ်ပါသည်။ “ဂိုရှယ်စစ်တမ်း” တွင် “လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ အာဏာ သိမ်းယူဖို့၊ ပြည်တွင်းစစ် ပြုရေး လမ်းစဉ်ကို ဆုပ်ကိုင်ပြီး ပြည်တွင်းစစ် လမ်းကြောင်း အတိုင်း လျှောက်လှမ်းဖို့” ဆိုသည့် အကောက်အယူများ ပါရှိသည်။ ဖဆပလ အစိုးရက ယင်းအတိုင်း ကောက်ချက် ဆွဲပြလေ့ ရှိသည်။ အားလုံးကလည်း ထိုသို့ပင် မှတ်ယူခဲ့ကြသည်။ တကယ်တော့ ၄င်းတို့ လက်ညှိုး ထိုးပြလေ့ ရှိသည့် “ဂိုရှယ် စစ်တမ်း” ဆိုသည်မှာ အမှန်တကယ် မရှိခဲ့ပေ။ ကာယကံရှင် ကိုယ်တိုင်ကလည်း ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။ ခြေရာ ကောက်ကြည့်သည့် အခါ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ ပြတိုက်တစ်ခုတွင် “မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ သုတေသန အချက်အလက် ဖိုင်တွဲများ” သိမ်းဆည်းထားခြင်း ရှိပါသည်။ ယင်းဖိုင်များထဲတွင် “ဗမာပြည် ကွန်မြူနစ် ဝါဒနှင့် ပတ်သက်သော စာရွက်စာတမ်းများ (၁၉၄၅-၁၉၇၇)” ဆိုသည့် ဖိုင်တွဲ တစ်တွဲလည်း ရှိနေပါသည်။ ယင်းဖိုင်တွဲ စာမျက်နှာ (၈၃)တွင် “ဗမာပြည် မျက်မှောက် နိုင်ငံရေး အခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များ” ရေးသူဘတင်၊ ၁၉၄၈ ခုနှစ် မတ်လဆိုသည့် စာတမ်း တစ်စောင်လည်း သိမ်းဆည်းပါရှိ နေပါသည်။ ဖဆပလ အစိုးရက လက်ညှိုးထိုးပြသည့် “ဂိုရှယ် စစ်တမ်း” ဆိုသည်မှာ အဆိုပါ စစ်တမ်းပင် ဖြစ်ပါသည်။ ခေတ် အဆက်ဆက် ယင်းစာတမ်းကိုပင် ရည်ညွှန်း ကိုးကား ပြောဆိုလေ့ ရှိပါသည်။

ဗကပ ဗဟိုကော်မတီဝင်ဟောင်း နှစ်ဦးဟ ပြောကြားချက်

ဤနေရာတွင် စကားစပ်၍ တင်ပြရလျှင် ဗကပ ဗဟို ကော်မတီဝင်ဟောင်းများ ဖြစ်သည့် ဆရာရာဂျန်တို့၊ လေထီး ဦးအုန်းမောင်တို့ကို သွားရောက် တွေ့ဆုံမေးမြန်း ခဲ့ဖူးပါသည်။ ယင်း ဆရာကြီးများက “ဂိုရှယ်စစ်တမ်း” ဆိုသည်ကို တွေ့လည်း မတွေ့ဖူး၊ ကြားလည်း မကြားဖူးကြောင်း ငြင်းဆိုကြ သည်ကိုလည်း ပြန်လည် သတိရ မိခဲ့ပါသည်။ တကယ်တမ်း တွင် “ဂိုရှယ်စစ်တမ်း” ဟုဆိုသော အဆိုပါ စာတမ်းကို မြင်တွေ့ ဖတ်ရှုခဲ့ရသူမှာ နှစ်ဦးသာ ရှိခဲ့ပါသည်။ ယင်းပုဂ္ဂိုလ်နှစ်ဦးမှာ ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် အတိုက်အခံ နိုင်ငံရေးသမား ဦးသိန်းဖေမြင့်တို့ ဖြစ်ပါသည်။

ဦးနု၏ မှတ်တမ်းတင် ရေးသားချက်

ဝန်ကြီးချုပ်ဟောင်း ဦးနုက ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်သည့် “တာတေ စနေသား” စာအုပ်တွင် အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါသည်-

သခင်သန်းထွန်းနှင့် ဂိုရှယ်တို့ အိန္ဒိယက ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ထိုစဉ်က ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်း လာတွေ့သည်။ သူနှင့်အတူ စာတမ်းတစ်စောင် ပါရှိလာသည်။

“ကျွန်တော်တို့ လူတစ်ယောက် ပေါ်လစ်ဗြူရိုထဲမှာ သွင်းထားပါသည်။ သူ့ဆီက ဒီစာတမ်းရတာ”

“အော်”

“ဒီလူက ဘယ်သူလဲ ဆိုတာ အထိတော့ မမေးပါနှင့်တော့။ ဝန်ကြီးချုပ်ကို ကျွန်တော် တောင်းပန်ပါတယ်”

ဦးကျော်ငြိမ်းသည် သခင်နုကို သူ့လက်ထဲက စာတမ်းကို လှမ်းပေးလိုက်သည်။ သခင်နု ဖတ်ကြည့်သည့်အခါ “မြန်မာ နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်” ဆိုသည့် ခေါင်းစဉ်ကို တွေ့ရပါသည်။

“ဒီကိစ္စကို ကျွန်တော်တို့ ပြတ်ပြတ်သားသား လုပ်မှ ဖြစ်လိမ့်မယ်။ ဝန်ကြီးချုပ် ချီတုံချတုံ လုပ်နေလို့ မဖြစ်ဘူး။ ဒီ ကွန်မြူနစ် တွေ သူပုန်ထမှာ ဧကန်ပဲ”

“မင်းဘယ်လို ပြတ်ပြတ်သားသား လုပ်ဖို့ စိတ်ကူးထားသလဲ ကျော်ငြိမ်း”

“ကွန်မြူနစ် ခေါင်းဆောင်တွေ အခုလို ရန်ကုန်မှာ စုနေတုန်း သူတို့ကို ဗြုန်းကနဲ ဖမ်းပြီး ထောင်ထဲ ထည့်ထားချင်တယ်” လို့ ပြောကြားလိုက်သည်။

ဦးသိန်းဖေမြင့်၏ မှတ်တမ်းတင် ရေးသားချက်

အလားတူပင် အတိုက်အခံ နိုင်ငံရေး သမားဟောင်း ဦးသိန်းဖေမြင့် ကလည်း ၎င်း၏ ပင်ကိုရေး “ကျော်ငြိမ်း” အတ္ထုပ္ပတိ စာအုပ်တွင် အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါသည် -

“ကျော်ငြိမ်းမှာ ပြည်ထဲရေးဝန်ကြီး ဖြစ်သဖြင့် ယခု ကျွန်တော့်ထံ ယူလာသော ဆောင်းပါး သာမက ဂိုရှယ်က ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီတွင် လျှို့ဝှက်စွာ ဝေထားသော စာတမ်းကြီး တစ်စောင်ကိုလည်း ရထားသည်ဟု သိရသည်။ ပါတီက ကျွန်တော့်အား ထိုစာတမ်းကို ပေးသည် မဟုတ်ချေ။ ပါတီမှ ထွက်လာပြီးနောက် အတန်ကြာမှ ကျော်ငြိမ်း ယူလာ၍ ဖတ်ရသည်” ဟု ဖော်ပြထားပါသည်။

သို့ဖြစ်ရာ ဂိုရှယ်စစ်တမ်းကို ကြည့်မြင် ဖတ်ရှုဖူးသူမှာ ဦးနုနှင့် ဦးသိန်းဖေမြင့်တို့ နှစ်ဦးသာ ဖြစ်ကြောင်း ထင်ရှားပါသည်။ အချိန်ကာလ အားဖြင့် ၁၉၄၈ ခုနှစ် မတ်လဆန်းလောက် ဖြစ်ပါလိမ့်မည်။ ဖတ်ရှုခဲ့ရသူ နှစ်ဦးလုံး၏ ဖော်ပြချက်အရ “ဂိုရှယ် စစ်တမ်း” ကိုပေးသူက တစ်ဦးတည်းသာ ဖြစ်နေပါသည်။ ထိုပုဂ္ဂိုလ်မှာ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း ဖြစ်ပါသည်။

ဖြစ်နိုင်ချေ ရှိ / မရှိ

ဤတွင် ဦးကျော်ငြိမ်း ပြောကြားသကဲ့သို့ ဟုတ်/မဟုတ် ချိန်ထိုးသုံးသပ်ဖို့ လိုအပ်ပါသည်။ ယင်းကာလက ဗမာပြည် ကွန်မြူနစ် ပါတီတွင် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ပေါ်လစ်ဗျူရို သုံးဦးသာ ရှိပါသည်။ အထွေထွေ အတွင်းရေးမှူး သခင် သန်းထွန်း၊ ရဲဘော်ဘတင် (ခ) ဂိုရှယ်နှင့် သခင်ဗသိန်းတင်တို့ ဖြစ်ပါသည်။

ပထမ ပုဂ္ဂိုလ်ဖြစ်သည့် သခင်သန်းထွန်းသည် ပါတီ၏ နံပါတ်တစ် ခေါင်းဆောင် ဖြစ်ပါသည်။ ပါတီကို သဘောတရား ရေးအရ ဦးဆောင်နေသူ ဖြစ်ရကား လုံးဝ မဖြစ်နိုင်ပါ။ ဒုတိယ ပုဂ္ဂိုလ်ဖြစ်သည့် ရဲဘော်ဘတင် (ခ) ဂိုရှယ်မှာ စွပ်စွဲခံရသူ ဖြစ်ပါသည်။ ကာယကံရှင် ဖြစ်နေပါသည်။ ဂိုရှယ်သည် ပဲခူးရိုးမ၊ ဖြုတ်ထုတ်သတ် ကာလ၊ သေမင်းနှုတ်ခမ်း ၀င်ရောက် နေချိန်မှာပင် နိုင်ငံတကာ အင်တာနေရှင်နယ် သီချင်းဆိုကာ လည်စင်းပေးခဲ့သည့် ကွန်ဆာဗေးတစ် ကွန်မြူနစ် တစ်ယောက် ဖြစ်ပါသည်။ လုံးဝ၊ လုံးဝ မဖြစ်နိုင်ပါ။ တတိယ ပုဂ္ဂိုလ်ဖြစ်သည့် သခင်ဗသိန်းတင်သည် ပါတီ၏ အရန် ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။ တစ်သက်ပန်လုံး ကွန်မြူနစ်ဝါဒနှင့် ဖက်တွယ် ပျော်မွေ့သွားသူ ဖြစ်ပါသည်။ ၎င်းလည်း လုံးဝ၊ လုံးဝ၊ လုံးဝ မဖြစ်နိုင်ပါ။

ယင်း ပေါ်လစ်ဗျူရို အဖွဲ့ဝင် (၃)ဦးလုံးသည် ကွန်မြူနစ် ထိပ်သီးရင့်မာ ကြီးများ ဖြစ်ပါသည်။ ဦးကျော်ငြိမ်းနှင့် ပတ်သက် ဆက်နွယ်ရန် အကြောင်းမရှိ။ အလဲအထပ်ပြုရန် အကြောင်းမရှိ၊ သတင်းပေး သတင်းယူရန် နီးစပ်မှုမရှိ၊ မျက်စပစ်မည့် သူများ မဟုတ်သလို ရေလာမြောင်းပေး ပြုလုပ်မည့်သူများလည်း မဟုတ်ကြ။ သို့ဖြစ်ရာ ဦးကျော်ငြိမ်းသည် ၀န်ကြီးချုပ်၏ ယုံကြည်ကိုးစားမှု ရယူရန်အတွက် “ပေါ်လစ်ဗျူရိုဝင်” ဆိုသည့် စကားလုံးသုံးပြီး အယုံသွင်းခဲ့ခြင်း ဖြစ်ပါသည်။ ဦးနှောက်ထက် နှလုံးသားက ပိုကြီးနေသော ဦးနုကလည်း စဉ်းစားခဲ့မိပုံ မပေါ်။ ကျောင်းသား သမဂ္ဂမှ စ၍ ပေါင်းသင်း လာခဲ့သော ပြည်ထဲရေး ၀န်ကြီး၏ ပြောစကားအပေါ် ယုံစားမိခဲ့ခြင်း ဖြစ်ပါသည်။

ဂိုရှယ်အယူအဆ

ယင်းကာလက ဂိုရှယ် အယူအဆမှာ “သပိတ်စုံ သူပုန်ထရေး” လမ်းစဉ် ဖြစ်ပါသည်။ ဂိုရှယ် စစ်တမ်းပါ အချက်များနှင့် လုံးဝ ဆန့်ကျင် ကွဲလွဲပါသည်။ ဂိုရှယ်သည် သခင်သန်းထွန်းနှင့် သခင်ဗသိန်းတင် တို့၏ “ကျေးလက် အခြေခံ မြို့ဝိုင်းရေး” လမ်းစဉ်ကိုပင် တစ်လျှောက်လုံး ဆန့်ကျင်ခဲ့သူ ဖြစ်ပါသည်။ ကျောက်ကြီးပေါက်နှင့် စွယ်တော်မြိုင် တို့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေး လေးကြိမ်စလုံးတွင် မိမိ အယူအဆကို ခိုင်ခိုင်မာမာ ကိုင်စွဲ ခုခံခဲ့သူ ဖြစ်ပါသည်။ ဒီတော့ “ဂိုရှယ် စစ်တမ်း” ဆိုသည်မှာ ဗမာပြည် ကွန်မြူနစ် ပါတီကို တရားဝင် ရပ်တည်ခွင့် မပေးလိုသည့် အတွက် တစ်စုံ တစ်ဦးက လုပ်ကြံလီဆယ် ရေးသားထားသည့် စစ်တမ်းသာ ဖြစ်ကြောင်း ကောက်ချက် ချရတော့မည် ဖြစ်ပါသည်။ ကာယကံရှင် ဂိုရှယ် ကိုယ်တိုင်ကလည်း ငြင်းဆို ထားပါသည်။ ယင်း စစ်တမ်း မရှိခဲ့ကြောင်း ဗကပ ဗဟို ကော်မတီဝင်ဟောင်း နှစ်ဦးကလည်း ပြောဆိုခဲ့ဖူးပါသည်။ စစ်တမ်းကို တွေ့မြင်ခဲ့ရသူ နှစ်ဦးကို တင်ပြခဲ့သူ မှာလည်း တစ်ဦးတည်းသော ဖြစ်နေပါသည်။ ယင်း တစ်ဦးတည်းသော ပုဂ္ဂိုလ်ထံမှစပြီး ယင်းထံမှာပင် လမ်းဆုံးနေပါသည်။ ရောက်လွယ်အောင် ပြောရလျှင် ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်းထံမှ စပြီး ဦးကျော်ငြိမ်းဆီမှာ လမ်းဆုံးနေသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

ပူးတွဲတရားခံ

ဦးကျော်ငြိမ်း၏ ပင်ကိုယ်စိတ် အရင်းခံမှာ အစိုးရိမ် လွန်ခြင်း ဖြစ်ပါသည်။ တစ်ပါတည်းမှာပင် လက်ဦးမှု ရယူလိုစိတ် ကလည်း ရှေ့ဆောင်နေပါသည်။ ယင်းသဘော အခုအခံဖြင့် ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် အရာရာ တိုင်းသည် ဦးကျော်ငြိမ်း မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ အခံဘက်က မနေလိုသော သခင်သန်းထွန်း ခေါင်းဆောင်သည့် ဗမာပြည် ကွန်မြူနစ် ပါတီမှ ထိပ်တန်း ခေါင်းဆောင်များသည် သပိတ် မစုံသေးခင်မှာပင် တောပုန်း လိုက်ရတော့သည်။ ဗဟိုတွင် အငြင်းအဆုံ ပြုဆဲမှာပင်၊ ဆုံးဖြတ်ချက်တစ်ရပ် ပီပီပြင်ပြင် မချမှတ်ရသေးခင်မှာပင် တောထဲ ရောက်သွား ရတော့သည်။ ပြည်တွင်းစစ် သန္ဓေသားသည် အသေမွေးမလာ။ အူဝဲသံဖြင့် မွေးလာသဖြင့် မီးတောက်သွားခြင်း ဖြစ်သည်။ ဦးကျော်ငြိမ်းအဖို့ မပြေးသော်လည်း ကန်ရာ ရှိသွားသည်။ မီးလောင်ရာ လေပင့် ဖြစ်သွားသည်။

* ဗမာပြည် ကွန်မြူနစ် ပါတီသည် ပြည်တွင်းစစ်၏ တစ်တရားခံဟု ဆိုလျှင် ဦးကျော်ငြိမ်း၏ ပြုမူ ဆောင်ရွက်ချက် များကြောင့် ၄င်းသည်လည်း ပူးတွဲတရားခံ ဖြစ်ထိုက်ပါသည်။
* ဗမာပြည် ကွန်မြူနစ်ပါတီသည် တိုင်းပြည်ကို မီးလောင်တိုက် သွင်းခဲ့သူ ဖြစ်လျှင် ဦးကျော်ငြိမ်းသည် ဓာတ်ဆီ လောင်းခဲ့သူ ဖြစ်ပေလိမ့်မည်။
* ဗမာပြည် ကွန်မြူနစ်ပါတီသည် လက်နက်ကိုင် ဆူပူသောင်းကျန်းမှု လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသွားသူ ဖြစ်လျှင် လမ်းခင်းပေးသူမှာ ဦးကျော်ငြိမ်းဟု မှတ်ယူရပေလိမ့်မည်။

အောင်စွမ်း