Showing posts with label အတ္ထုပ္ပတ္တိ. Show all posts
Showing posts with label အတ္ထုပ္ပတ္တိ. Show all posts

Wednesday, June 23, 2010

ဦးကျော်ငြိမ်း (သို့မဟုတ်) နိုင်ငံရေးသမား တဦး၏ အလင်း အမှောင်ဘဝများ




….“မင်းတို့မှာ အတွေးအခေါ်လွတ်လပ်မှု မရှိဘူး။
မော်စကို၊ ပီကင်း၊ ပုံစံချပေးတဲ့အတိုင်း တွေးခေါ်တယ် ပြောတယ်။
ဒါကြောင့် မင်းတို့ ကွန်မြူနစ်တွေ ငါမုန်းတယ်….
မင်းတို့မှာ မျိုးချစ်စိတ် မရှိဘူး…..”

(ကျော်ငြိမ်း)

….“ တို့ ကွန်မြူနစ်တွေ မျိုးချစ်စိတ် ရှိမရှိ။ မင်းအသိထိုက်ဆုံးပေါ့။
မသိဘူးဆိုရင်တော့…. လွတ်လပ်ရေးတိုက်ပွဲမှာ
မင်းမပါခဲ့ဘူးလို့ ဆိုရာရောက်သွားမှာပဲ….”

(သိန်းဖေမြင့်)

(က)

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် လူငယ်ကျောင်းသားတို့၏ ပါဝင်မှုအခန်းကဏ္ဍသည် ကြီးမား၏။ ဤသို့ဆိုလိုက်လျှင် …. ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုလှဖေ၊ ကိုဗဆွေ၊ ကိုသန်းထွန်း …. စသည့် အမည်များက ထင်ရှားစွာနှင့် ပေါ်လာသည်။ ထိုအထဲ၌ သူတို့နှစ်ဦး၏ အမည်များကိုလည်း ချန်လှပ်ထား၍မရ….။ စာရင်းတို့၌ ထည့်သွင်းကြရမည်ပင်…။ သူတို့နှစ်ဦးဟူသည်က ….. (ဦး)သိန်းဖေမြင့်နှင့် (ဦး)ကျော်ငြိမ်းတို့ဖြစ်၏။

(ဦး) သိန်းဖေမြင့်က …. (ဦး) ကျော်ငြိမ်းအကြောင်းကို … “ကျော်ငြိမ်း” ဟူ၍ ရေး၏။
(ဦး) ကျော်ငြိမ်းကို နိုင်ငံရေးဇာတ်ခုံပေါ်တွင် ထား၍ (ဦး) သိန်းဖေမြင့်က ကလောင်နှင့် မီးမောင်းထိုးပြခြင်းဖြစ်၏။ “ကရောင်း” ရိုက်ချက်အမျိုးမျိုးအကြား၌ မီးမောင်းသည်လည်း ရွှေ့ပြောင်းရ၏။ အနီးအဝေးရွှေ့၏။ အလင်းအမှောင်ကွဲ၏။

နှစ်အပိုင်းအခြားအရဆိုပါမူ …. ၁၉၃၃ မှ ၁၉၆ဝ ခုနှစ်အတွင်း (ဦး)ကျော်ငြိမ်းနှင့် မြန်မာ့နိုင်ငံရေးခရီး …. (သို့မဟုတ်) “တွဲရေး ခွဲရေး” မှသည် “သန့်ရှင်း၊ တည်မြဲ” သို့ဟု ဆိုရမည်။
“ကျော်ငြိမ်း” ကို (ဦး) သိန်းဖေမြင့် ရေးသည့်အချိန်က ….
၁၉၆၁ ခုနှစ် ….. ၂ ဦး။

ထိုစဉ်က ….. တည်မြဲခေါင်းဆောင်ကြီး (ဦး) ကျော်ငြိမ်းသည် မြန်မာ့နိုင်ငံရေးတွင် အာဏာစက်ဝန်း၏အပြင်၌ ရောက်နေသည့်အချိန်….။

အာဏာစက်ဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အားယူပြင်ဆင်နေသည့်ကာလ…..။
(ခ)
kyaw
စာအုပ်အမည် ကျော်ငြိမ်း
စာရေးသူအမည် သိန်းဖေမြင့်
ထုတ်ဝေသူ မောင်စိုးဝင် (ရွှေပြည်တန်စာအုပ်တိုက်)
အုပ်ရေ ၅၀၀၀
တန်ဖိုး ၂ ကျပ်

ဦးသိန်းဖေမြင့်နှင့် ဦးကျော်ငြိမ်းတို့ ၂ ဦး ဦးကျော်ငြိမ်း၏ နေအိမ်ဧည့်ခန်းအတွင်း ထိုင်ရင်း နိုင်ငံရေး နောက်ကြောင်း၊ ပြန်ပြောကြသည့် “ဟန်” နှင့် ကျော်ငြိမ်းကို စ၍ဖွင့်သည်။
၁၉၃၂-၃၃….။

ထိုစဉ်က …. မန္တလေးဥပစာကောလိပ်တွင် ဦးကျော်ငြိမ်းနှင့် ဦးသိန်းဖေမြင့်တို့ ၂ ဦးသည် I.S.C နှင့် I.A အထက်တန်းများတွင် ပညာသင်ကြား၍ နေခဲ့၏။

မန္တလေး ဥပစာ ကောလိပ်က ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ ဥပစာကောလိပ်ဖြစ်သည်။ ထိုနှစ်က …. ရန်ကုန်တက္ကသိုလ် ကောင်စီသည် မန္တလေးဥပစာကောလိပ်ကို နောင်နှစ်တွင် ဖြုတ်ပစ်ရန် ဆုံးဖြတ်လိုက်၏။

ထိုဆုံးဖြတ်ချက်ကို မန္တလေး ဥပစာကောလိပ်ကျောင်းသား (ကို) သိန်းဖေနှင့် (ကို) ကျော်ငြိမ်းတို့ မကျေနပ်ကြ….။ ကန့်ကွက်ရန် လှုံ့ဆော်၏။ ကျောင်းသားထုအတွင်း ….. မန္တလေးမြို့သူမြို့သားများအတွင်း….။ ထိုမှ …. သူတို့ ၂ ဦးသည် မန္တလေးဥပစာကောလိပ်၏ ကျောင်းသားခေါင်းဆောင်များ ဖြစ်လာခဲ့ကြ၏။

ထိုခေတ် မြန်မာ့နိုင်ငံရေးက …. မြန်မာနိုင်ငံကို အိန္ဒိယပြည်မှ ခွဲရေးနှင့် တွဲထားရေး …. ဟူသည့် အယူအဆ ငြင်းခုန်နေကြသည့်ကာလ….။ တွဲရေးခွဲရေးအတွက် လူထုဆန္ဒခံယူမည်။ သူတို့ ၂ ဦးလုံးကမူ ခွဲရေးသမား ကျောင်းသားခေါင်းဆောင်များဖြစ်၏။
(ဂ)
၁၉၃၃-၃၄ တွင် သူတို့ ၂ ဦးစလုံး … ရန်ကုန်တက္ကသိုလ်သို့ ရောက်၏။ မန္တလေး ဥပစာမှ I.S.C အောင်ခဲ့သည့် (ဦး) ကျော်ငြိမ်းသည် ရန်ကုန်တက္ကသိုလ်တွင် B.S.C ဆက်၍မတတ်ဘဲ …. အင်္ဂလိပ်စာဂုဏ်ထူးတန်း တက်၏။

ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူတို့သည် …. နတ်မောက်မှ ကိုအောင်ဆန်း၊ မြစ်ဝကျွန်းပေါ်မှ ကိုနု၊ ထားဝယ်မှ ကိုဗဆွေ၊ ဆရာဖြစ်သင်ကောလိပ်မှ ကိုသန်းထွန်း…. စသည့် …. စသည့် လူငယ်ကျောင်းသားများနှင့် ရင်းနှီးခွင့် ရခဲ့ကြ၏။။ ထိုမှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ စင်မြင့်တွင်အတူ လက်တွဲခဲ့ကြပြီး ….. မြန်မာ့လွတ်လပ်ရေးခရီး၏ ခြေလှမ်းသစ်ကို စတင်ကာလှမ်းခဲ့ကြ၏။

ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ ….. စသည့် ကျောင်းသားခေါင်းဆောင်များက သမဂ္ဂစင်မြင့်မှသည် တို့ဗမာအစည်းအရုံးသို့ကူး၍ “သခင်” ဝန်းကျင်ကို ချဲ့ကြ၏။ အစားဆင်းရဲခံ၊ အနေဆင်းရဲခံ၍ သခင်နိုင်ငံတော်သစ်ကို တို့ဗမာအစည်းအရုံးအတွင်းမှ တည်ဆောက်ကြ၏။ ကိုကျော်ငြိမ်းက …. သမဂ္ဂမှ ထွက်ပြီးနောက် …. တက္ကသိုလ်တွင်ပင် နည်းပြဆရာ ဝင်လုပ်၏။ ပြီးလျှင်… “အကောက်တော်ဌာန” ၌ ရာပြတ်အလုပ် ဝင်လုပ်ပြန်သည်။ ဤအကြောင်းကို …. ဆရာသိန်းဖေမြင့်က … ကျော်ငြိမ်းတွင်…
“ကျော်ငြိမ်းကား …. တို့ဗမာအစည်းအရုံးထဲမရောက်၊ လူထုလူတန်းစားတိုက်ပွဲများနှင့် ခပ်ဝေးဝေးဖြစ်နေလေသည်။ တဖက်မှာ ကျောင်းမှာ နည်းပြဆရာလုပ်ရခြင်း၊ အကောက်တော် ဌာနတွင် ရာပြတ်အရာရှိလုပ်ရခြင်း စသည်တို့ကြောင့် နိုင်ငံရေးတိုက်ပွဲများတွင် ရှေ့တန်းမှ ဗြောင်မပါနိုင်ချေ။ နောက်ကွယ်မှသာ ရဲဘော်ရဲဘက်များနှင့် ဥမကွဲ သိုက်မပျက် ရှိနေနိုင်၏။ အဓိကအားဖြင့် လျှို့ဝှက်နိုင်ငံရေးကိုသာ လုပ်နိုင်လေသည်။ ဤသို့သော … လူနေမှုဘဝနှင့် နိုင်ငံရေးဘဝသည် ကျော်ငြိမ်း၏ သဘောတရားနှင့် ဝါဒရေးရာ အတွေးအခေါ်များကို ပြုပြင်ပဲ့ကိုင်လျက်ရှိရာ၊ မာ့က်စ်ဝါဒနှင့် ကင်းကွာစေပြီး ပြင်းထန်သော အမျိုးသားရေး ဝါဒသြဇာအောက်သို့ ပို့ဆောင်ပေးလေသည်။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၁၈-၁၉ မှ)
(ဃ)
ဦးသိန်းဖေမြင့်က “ကျော်ငြိမ်း” တွင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ ဦးကျော်ငြိမ်းကို မီးမောင်းထိုး၍ပြထားသည့် နိုင်ငံရေးဇာတ်ကွက်အချို့ ဆွဲထုတ်၍ဖော်ပြလိုသည်။

ဂျပန်ခေတ်တွင် ဦးကျော်ငြိမ်းသည် ဂျပန်၏ ရုပ်သေးအစိုးရ အဖွဲ့အတွင်း၌ ပထမတွင် “ အစိုးရအဖွဲ့အတွင်းဝန်” လုပ်၏။ နောင်တွင်မူ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ၏။ နိုင်ငံခြားရေးဝန်ကြီးက ဦးနုဖြစ်သည်။

တဖက်တွင်လည်း ဖက်ဆစ်တော်လှန်ရေးအတွက် “ပြည်သူ့အရေးတော်ပုံပါတီ” ကို ဦးဗဆွေ၊ သခင်ချစ် (နောင်တွင် …. ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပဲခူးရိုးမ၌ ကျဆုံး)၊ သခင်မြတို့နှင့် အတူဖွဲ့စည်းထား၏။ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့က ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ညီညွှတ်သော တပ်ပေါင်းစုတရပ် တည်ဆောက်ရန် ကြိုးပမ်းရင်းနှင့်ပင်…၊

ပကတိဘာဝအခြေအနေအရ ဖက်ဆစ်တော်လှန်ရေးကြီးက ရင့်မှည့်၍ လာသည်။ ဤတွင် …. ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ဗမာ့မျိုးချစ်တပ်မတော်တို့ ပူးပေါင်း၍ “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး” (ဖတပလ) ကို ဖွဲ့စည်း၏။ တပ်ပေါင်းစုနှင့် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရန်ဖြစ်သည်။

(ဖတပလ) က ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်တော်လှန်ရန်အတွက် စစ်တိုင်းများခွဲ၏။ စစ်တိုင်းများအလိုက် တာဝန်ယူကြမည့် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များ တာဝန်ပေး၏။ ဦးကျော်ငြိမ်းက စစ်တိုင်း ၆ တွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် တာဝန်ယူရ၏။ စစ်တိုင်း ၆ ၏ စစ်ရေးခေါင်းဆောင်က ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်ဝင်) ဖြစ်သည်။ တိုင်း ၆ ၏ တာဝန်ကျရာနယ်မြေက… ပျဉ်းမနား၊ မိတ္ထီလာ၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည် ဒေသများဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပင် ရန်ကုန်မြို့၌ “အနီးကပ်ဆုံးရန်သူအား ရှာတိုက်ကြ” ဟူ၍၊ တပ်ထွက်မိန့်ခွန်းပေးပြီး သူကိုယ်တိုင်လည်း တာဝန်ကျရာ မြေထဲ၊ အောင်လံသို့ စစ်ထွက်၏။ ဦးကျော်ငြိမ်းကမူ ဖက်ဆစ်တော်လှန်ရေးကြီးအတွင်း၌ သူတာဝန်ကျရာ စစ်တိုင်း၊ တိုင်း ၆ သို့ မသွား….။ ရန်ကုန်တွင်ပင် နေခဲ့၏။

တာဝန်ကျရာအရပ်သို့ ဦးကျော်ငြိမ်း၊ မသွားဖြစ်သည့်အကြောင်းကို ….. ကျော်ငြိမ်းတွင်…
“ကျော်ငြိမ်းသည် ပျဉ်းမနား ဗိုလ်ရဲထွဋ်ထံသို့ လိုက်သွားရန် တာဝန်ကျသော်လည်း မလိုက်ဖြစ်တော့ချေ။ ကျော်ငြိမ်း တောခိုလျှင် သခင်မြနှင့် သခင်နုတို့အား ဂျပန်က လုံးဝယုံတော့မည်မဟုတ်ဟု ယူဆလေသည်။ သို့သော် … မတ်လ ၂၇ ရက်နေ့မတိုင်မီ စစ်ကိုင်း၊ မန္တလေးဘက်တွင် ဗိုလ်ဗထူး ဦးစီးသော တပ်မတော်သားများက ဂျပန်အား ထချလေရာ ဗိုလ်ချုပ်အောင်ဆန်းတို့က ဟန်ဆောင်ပြီး မည်မျှပင် အဆက်ဖြတ်ဖြတ် ဂျပန်က ဗမာ့တပ်မတော်အား မယုံတော့ချေ။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၅၉)

(င)
ဖက်ဆစ်တော်လှန်ရေး ပြီးသည့်နောက် …. ဆင်းမလားမှ စစ်ပြေးကိုလိုနီ အုပ်ချုပ်ရေးအဖွဲ့သည် ရန်ကုန်သို့ ပြန်လည်၍ ရောက်ရှိခဲ့သည်။ (ဖဆပလ) က အင်အားအတောင့်တင်းဆုံး၊ အတိုက်အခံ အဖွဲ့အစည်းကြီးအဖြစ်နှင့် လွတ်လပ်ရေးခရီး ချီတက်လျက်ရှိသည်။ ဖဆပလအတွင်း … အားပြိုင်မှုများကလည်း ကြီးမား၏။

ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့၏ အားပြိုင်မှုများ ဖြစ်သည်။ (ဖဆပလ) အထွေထွေအတွင်းရေးမှူး နေရာမှ သခင်သန်းထွန်း ထွက်သွားပြီးသည့်နောက်တွင် (ဖဆပလ) ၏ အထွေထွေအတွင်းရေးမှူး နေရာအတွက် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့မှ အပြိုင်အဆိုင် ရရှိရေးအတွက် ကြိုးစားကြ၏။ ကွန်မြူနစ်ပါတီမှ (ဦး) သိန်းဖေမြင့်ကို ထိုနေရာသို့ ရရန် ကြံစည်ကြသကဲ့သို့ ပြည်သူ့အရေးတော်ပုံပါတီမှလည်း (ဦး) ကျော်ငြိမ်းကို တင်ရန် လုံ့လပြု၏။ (ဖဆပလ) ၏ နိုင်ငံလုံးဆိုင်ရာ ဦးစီးအစည်းအဝေး၌ မဲခွဲရာ (ဦး) ကျော်ငြိမ်းက မဲအသာနှင့် အထွေထွေအတွင်းရေးမှူးနေရာ ရရှိ၏။

နေရာအတွက် ယှဉ်ပြိုင်ကြသည်သာမက ….. အယူအဆရေးရာများတွင်လည်း မတူကွဲပြားမှုများနှင့်….။
၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ အထွေထွေအလုပ်သမားသပိတ်ကြီး ဖြစ်လာ၏။ ပြီးလျှင် … သပိတ်သည် အစိုးရအမှုထမ်းများ၊ ပုလိပ်များဆီသို့ပင် ကူးစက်၏။ ဤသို့သော အခြေအနေအပေါ် …. ပြည်သူ့အရေးတော်ပုံနှင့် ကွန်မြူနစ်တို့အကြား၊ အယူအဆရေးအရ၊ အမြင်ချင်းက မတူကြ….
“ကျော်ငြိမ်းသည် အစိုးရအမှုထမ်းများကို ဆိုင်းထားစေလိုသည်။ တဖက်က လက်နက်စုဆောင်း ပြင်ဆင်ထားပြီးမှ အထွေထွေသပိတ်ကြီးကို ပုလိပ်သပိတ်အထိ မြှင့်တင်ဆင်နွှဲလိုသည်ဟူ၍ အကြောင်းပြသည်။ ကျနော်နှင့်တကွ ကွန်မြူနစ်များက လက်နက်စုဆောင်းပြီးအောင် စောင့်နေဖို့မလို၊ အထွေထွေ သပိတ်ကြီးကို နက်ရှိုင်းစေရမည်။ ပုလိပ်သပိတ်အထိသာမက .. စစ်တပ်သပိတ်အထိ မြှင့်တင်သွားရမည်ဟု တောင်းဆိုကြသည်” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈ဝ မှ)
သိန်းဖေမြင့်က … ထိုစဉ်ကာလ (ဖဆပလ) အတွင်း ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ ပဋိပက္ခအား …..

“စက်တင်ဘာ အရေးတော်ပုံမတိုင်မီနှင့် အရေးတော်ပုံအတွင်းတွင်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်ပဋိပက္ခသည် သဘောတရားရေးနှင့် နိုင်ငံရေး နယ်ပယ်ထဲမှာသာ နေသည်။ စက်တင်ဘာ အရေးတော်ပုံသည် (ပဆပလ) မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီး၊ အာဏာယူခြင်းနှင့် အဆုံးသတ်သွားသောအခါ အာဏာပဋိပက္ခ ဖြစ်လာလေသည်။
ထိုအချိန်အခါတွင် ပုဂ္ဂိုလ်ရေးတွေ လွှမ်းမိုးလာသည်။ ကွန်မြူနစ်ပါတီသည် (ဖဆပလ) ကြားဖြတ်အစိုးရအား ထောက်ခံနေရာမှ ဆန့်ကျင်သော လမ်းစဉ်သို့ ကူးပြောင်းသောအခါတွင်…၊ ရာထူးမရသော သခင်သန်းထွန်း၏ ပယောဂဖြစ်သည်ဟု ကျော်ငြိမ်းတို့ ဆိုရှယ်လစ်များက စွပ်စွဲကြသည့် နည်းအတူ ကြားဖြတ်အစိုးရဖွဲ့စေပြီး (ဖဆပလ) အား သစ္စာဖောက်လမ်းစဉ်ကို လိုက်စေခြင်းမှာ ဦးဘဖေနှင့် ကျော်ငြိမ်းကြောင့်ဖြစ်သည်ဟု စွပ်စွဲကြပြန်လေသည်။

ကွန်မြူနစ်ပါတီသည် ဝန်ကြီး ၂ နေရာ ရအောင်လုပ်ပြီး ကြားဖြတ်အစိုးရ အာဏာကို လက်ဝါးကြီးအုပ်ရန် ကြံစည်ခြင်းဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုပင် သစ္စာဖောက်အဖြစ်ဖြင့် ထိပါးတိုက်ခိုက်လျက်ရှိပြီး ဖဆပလအစိုးရအား ဖြိုချရန် ကြိုးစားနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အခုကတည်းက ထိုရန်ကို ဖျက်ဆီးပစ်ရန်လိုကြောင်း ကျော်ငြိမ်းသည် ဖဆပလတွင်းမှာ အတိအလင်း ပြောဆိုလာလေသည်။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈၃-၈၄ မှ)
ပြီးလျှင် …. (ဦး) ကျော်ငြိမ်းအား ဆရာသိန်းဖေမြင့်က … ဤသို့တည့်တည့်ပင် ဝေဖန်၏။

“ကျော်ငြိမ်းတွင် နိုင်ငံရေးလုပ်နည်းနှင့် ပတ်သက်ပြီး အယူအဆတခု ဝင်လာပြီဖြစ်၏။ မိမိနှင့်ပြိုင်ဘက် တဖက်သော အင်အားစုတွင် အန္တရာယ်မြင်လျှင် မလိုလားအပ်သော ကိုယ်ဝန်သားငယ်ကို မမြင်သလို မြင်ရမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်သားငယ်ကို နေ့စေ့လစေ့ ကြီးရင့်ခွင့်မပေးဘဲ ဖျက်ချရမည်ဖြစ်ကြောင်း၊ သားလျှောကျစေရမည်ဖြစ်ကြောင်း နည်းကောင်းလမ်းကောင်းအဖြစ်ဖြင့် မြင်နေလေသည်” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈၄ မှ)

(စ)
လွတ်လပ်ရေး ရရှိပြီးသည့်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရ (ဖဆပလ) ၏ အခန်းကဏ္ဍသည် ကြီးမား၏။ ထိုအထဲမှ …. (ဖဆပလ) အတွင်း၌ ဦးဆောင်မှုအခန်းကဏ္ဍတွင် တည်ရှိနေခဲ့ကြသည့် နိုင်ငံရေး ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍက ပို၍ အရေးပါသည်ဟု ဆိုရမည်။ သူတို့၏ တွေးမှု၊ မြင်မှု၊ လုပ်ဆောင်မှုများက လွတ်လပ်ရေးအလွန် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြဋ္ဌာန်း၏။ မြန်မာနိုင်ငံ၏ လူမှုဘဝ၊ နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝ …. ဘဝအထွေထွေကို ထုဆစ်နိုင်ကြသည့်သူများဟု ဆိုရမည်။ ထိုအထဲ၌ …. ဦးကျော်ငြိမ်းသည်လည်း ပါ၏။ ထိုစဉ်က (ဖဆပလ) ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်ငြိမ်း၊ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း….။

အရေးတော်ပုံမီးလျှံကြားက သူရဲကောင်း

မောင်သြ / ၁၆ ဇွန် ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုဆောင်းပါး။

ဒီကနေ့ ကမ္ဘာပေါ်က ထင်ရှားကျော်ဇောတဲ့ အမျိုးသမီးခေါင်းဆောင်တွေထဲမှာ မြန်မာနိုင်ငံက လူထုခေါင်းဆောင်လည်းဖြစ်၊ ဒီမိုကရေစီတိုက်ပွဲခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့ မရနိုင်သလို ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကလည်း သူမကို လေးစားယုံကြည် ထောက်ခံလျက်ရှိတာ တွေ့နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်နေ၀င်းရဲ့ (၂၆) နှစ်ကျော်ကြာ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်ကနေ မြန်မာနိုင်ငံ လွတ်မြောက်စေဖို့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုတိုက်ပွဲ အရေးတော်ပုံကြီးအတွင်းမှာ မမျှော်လင့်ဘဲ ပါဝင်ပတ်သက်လာခဲ့သူတဦး ဖြစ်ပါတယ်။ အရေးတော်ပုံကြီးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ တိုင်းရင်းသားအားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ပြီး အခြေခံလူ့အခွင့်အရေးများ အပြည့်အ၀ ခံစားနိုင်ဖို့နဲ့ ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီလိုကြိုးစားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ သတ္တိရှိမှု၊ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်မှု၊ မေတ္တာတရားကြီးမားမှု၊ အကြမ်းမဖက်ဘဲ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာလိုမှု … စတဲ့ အမြော်အမြင်ကြီးမားမှုတွေကြောင့် ၁၉၉၁ ခုနှစ်မှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဆုဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြီးကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒီနောက်မှာလည်း ဆက်တိုက်ဆက်တိုက်ဆိုသလို ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆုတံဆိပ်/ဒေါက်တာဘွဲ့များ အပါအ၀င် ဆုပေါင်း (၉၀) ကျော် ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးသူရဲကောင်းအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ပြုမှတ်တမ်းတင် သမိုင်းမော်ကွန်း ကမ္ပည်းရေးထိုးပေးလိုက်တာပဲဖြစ်ပါတယ်။ အဲဒီလို တိုင်းရင်းသားလူမျိုးပေါင်းစုံ အပါအ၀င် မြန်မာပြည်သူတရပ်လုံး၊ ကမ္ဘာ့ပြည်သူအားလုံးနဲ့ နိုင်ငံတကာခေါင်းဆောင်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစား ထောက်ခံအားပေးလာတဲ့အခါ စစ်အာဏာရှင်ကြီးများဟာ အလိုလို ကမ္ဘာ့အလယ်မှာကော မြန်မာ့အလယ်မှာပါ မျက်နှာငယ်သေးသိမ်၊ ဂုဏ်ရောင်မှိန်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ပါတော့တယ်။ စစ်ခေါင်းဆောင်တွေဟာ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်သာဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကို ရှိန်လာတယ်၊ ရွံ့လာတယ်၊ မနာလို ၀န်တို ဣဿာမစ္ဆရိယစိတ် ကြီးလာတယ်၊ နောက်ဆုံး အာဃာတပါ ကြီးလာတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာသမားဆိုတော့ အာဃာတကြီးသူတွေရဲ့ အကျဉ်းစံဘ၀မှာ နေရတာတောင်မှ သူ့ဂုဏ်ရောင်ဟာ ကမ္ဘာအနှံ့ လင်းပတောက်ပြောင်နေပါတယ်။

လာမယ့် ၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ကိုယ်ကျိုး၊ ကိုယ့်ဆွေမျိုးသားချင်းအကျိုးကို မကြည့်ဘဲ ဘ၀တလျှောက်လုံး စွန့်လွှတ်အနစ်နာခံကာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ အထီးကျန်စွာ ကြံ့ကြံ့ခံ ရပ်တည်ရင်ဆိုင်လာခဲ့တာလည်း နှစ်ပေါင်း (၁၄) နှစ်ကျော်ရှိခဲ့ပါပြီ။ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒူးမထောက် လက်မမြှောက်ခဲ့။ သူ့ယုံကြည်ချက်ကို ခွပ်ဒေါင်းအလံတော်အောက်မှာ လှေခွက်ချည်းကျန် အလံမလှဲ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်အခိုင်အမာနဲ့ သစ္စာရှိစွာ ရပ်တည်ပြနိုင်ခဲ့တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အကြိမ်ကြိမ် ကြေညာချက်ထုတ်ပြီး တောင်းဆိုခဲ့သလို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အီးယူ-ဥရောပအဖွဲ့ချုပ်၊ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့နဲ့ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေကြတာဟာ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အကျပ်တည်း အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ထင်ရှားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဲဒီလို ထဲထဲဝင်ဝင် အလေးထားပြောဆိုနေကြခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာဂုဏ်၊ နိုင်ငံရေးသိက္ခာဂုဏ်၊ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမှု သတ္တိဂုဏ်တို့ကို ယုံကြည်လေးစားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာလည်းဖြစ်၊ တပ်မတော်ဖခင်ကြီးလည်းဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အားလျော်စွာ ဗိုလ်ချုပ်ရဲ့ သွေး၊ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ် အပြည့်ရှိသူဖြစ်ပါတယ်။

တပ်မတော်သားတဦးရဲ့ သွေးရင်းသားရင်း သမီးပီပီ မြန်မာ့တပ်မတော်အပေါ်မှာ အဆိုးမြင်တိုက်ခိုက်မှုတွေ မပြုလုပ်ဘဲ လူတစုရဲ့ အုပ်ချုပ်မှုစစ်ယန္တရားစနစ်ကိုသာ ဝေဖန်ထောက်ပြတာမျိုး ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖစစ်အစိုးရအပေါ်မှာ အာဃာတမထားဘဲ သဘောထားကြီးစွာ ပြုမူပြောဆိုခဲ့တာကို တွေ့ရပါတယ်။ ဥပမာ ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အကြမ်းဖက်လုပ်ကြံခံရမှုမှာ အသက်ဘေးကနေ သီသီကလေး လွတ်မြောက်လာပြီးနောက် အင်းစိန်အကျဉ်းထောင်ကို အပို့ခံထားခဲ့ရပါတယ်။ အဲဒီတုန်းက အရိုက်ခံရတဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေက အဖမ်းခံ၊ ထောင်ကျခံခဲ့ရပြီး ရိုက်တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကိုတော့ အရေးယူမှုမရှိတာကို တွေ့ရပါတယ်။ ဒါဟာ အင်မတန်မှ ကြီးလေးတဲ့ ရာဇ၀တ်မှုကြီးတခုကို နအဖစစ်အစိုးရက မျက်ကွယ်ပြုပြီး မတရားလုပ်လိုက်တာပါပဲ။

ဒါကို ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီအစ္စမေးလ်နဲ့ တွေ့ဆုံစဉ်မှာ “ဖြစ်ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။ ပြည်သူလူထုအကျိုးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအကျိုးအတွက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမဘက်က အဆင်သင့်ရှိပါတယ်” လို့ ပြောကြားခဲ့တဲ့အပြင် ၂၀၀၆ ခုနှစ်က ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူး မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံစဉ်မှာလည်း “တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် အားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း” ပြောကြားခဲ့တာကိုကြည့်ရင် စစ်အာဏာရှင်များအပေါ် အာဃာတမထားဘဲ နိုင်ငံနဲ့လူမျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားဖြူစင်မှုကို တွေ့မြင်နိုင်ပါတယ်။

ဒါ့အပြင် ၂၀၀၇ ခုနှစ် နိုဝင်ဘာလက မစ္စတာ ဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားစာတမ်းမှာ “ဒီမိုကရေစီနည်းကျ သွေးစည်းခိုင်မာရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး မရှိမဖြစ် လိုအပ်နေသည့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် အကျယ်ပြန့်နိုင်သမျှ အကျယ်ပြန့်ဆုံးသော နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားစုများ၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၏ အကျိုးစီးပွားနှင့် သဘောထားအမြင်များကို အခိုင်အမာ အလေးအနက် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန်အတွက်လည်း ကျမတွင် တာဝန်ရှိပါသည်” ဟု ပြောကြားသွားခဲ့တာကို ကြည့်ရင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအပေါ်မှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ရပ်တည်ချက်အမှန်ဟာ တိုင်းရင်းသားအားလုံးနဲ့ အေးအတူ ပူအမျှ တသွေးတည်း တသားတည်း နေထိုင်လိုခြင်းသာဖြစ်တယ်ဆိုတာကို အထင်းသား တွေ့မြင်နိုင်ပါတယ်။ အဲဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားသွေးချင်းအားလုံးက ချစ်ခင်လေးစား ယုံကြည်မြတ်နိုး တန်ဖိုးထားခဲ့ကြတာကို တွေ့ရပါတယ်။

၁၉၉၈ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ထံ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တင်ပြခဲ့တဲ့ အကြောင်းအရာတခုမှာ “ဒီမိုကရေစီရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပါတယ်။ မြန်မာပြည်သူများက မိမိတို့ နှစ်သက်တဲ့ အစိုးရကို ရဲဝံ့စွာ ရွေးချယ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေမယ့် ရွေးကောက်ပွဲကို သွားခဲ့ရတဲ့ လမ်းကြောင်းကတော့ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာ မျှော်လင့်နိုင်တဲ့ အခြေအနေ မဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမျိုးမျိုးချုပ်ချယ်ခြင်းခံရပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကျမတို့ကို ရွေးကောက်ပွဲမပြုလုပ်မီ တနှစ်ခန့်က ဖမ်းဆီးခဲ့ပါတယ်။ နှောင့်ယှက်မှု အများအပြားလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူပြည်သားတွေက ကျမတို့ကို တခဲနက်မဲပေးခဲ့ကြတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ ပြည်သူတို့ရဲ့ ၉၀ ခုနှစ်က ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ဆန္ဒကို လေးစားလက်ခံဖို့ လက်ရှိမြန်မာနိုင်ငံအစိုးရကို တောင်းဆိုထားပါတယ်။ နိုင်ငံတကာမိသားစုများကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို အမြန်ထူထောင်နိုင်ဖို့၊ မြန်မာပြည်သူပြည်သားတွေကို ကူညီဖို့ လိုပါတယ်” လို့ တင်ပြသွားတာဟာ ယနေ့လက်ရှိ တွေ့ကြုံခံစားနေရတဲ့ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး … စတဲ့ အကျပ်အတည်း ဒုက္ခအပေါင်းနဲ့ အကြောက်တရားနဲ့ အုပ်ချုပ်ခံနေရလို့ စိတ်ဓာတ်ချွတ်ခြုံကျနေရတဲ့ ပြည်သူတွေ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုကရော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းအားလုံးကပါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ကြားက အမေရိကန်နိုင်ငံသား မစ္စတာယက်တောကို အကြောင်းပြုပြီး ၁၈-၅-၂၀၀၉ နေ့မှာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ (၂၂) အရ အင်းစိန်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ထပ်မံတရားစွဲဆိုကာ ပြစ်ဒဏ်(၃)နှစ် ထပ်ချခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကမ္ဘာ့နိုင်ငံတွေက အဖွဲ့အစည်းတွေကို မျက်ကွယ်ပြု အထင်အရှား ဆန့်ကျင်လိုက်ခြင်းနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိကြောင်း ပြသလိုက်တဲ့သဘော သက်ရောက်စေပါတယ်။

နအဖစစ်အစိုးရဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုပဲ မလိုမုန်းထား၊ အကြောက်တရားများနဲ့ အာဃာတကြီးနေစေကာမူ မန်လည်ဆရာတော်ကြီး ရေးသားခဲ့တဲ့ …

ပြစ်မရှိ ပြစ်ရှာ

လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်နဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

ဆိုတဲ့ “ပတ္တမြားရွှေဂူ” ကဗျာလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရောင်ကတော့ ထာဝရ ထွန်းလင်းတောက်ပနေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသမိုင်းလမ်းကြောင်းဟာ ဖဲမွေ့ရာ ရွှေကော်ဇောနဲ့ ပန်းခင်းလမ်းလို ချောမွေ့သာယာဖြောင့်ဖြူးခြင်း မရှိခဲ့ပါဘူး။ ဆူးခင်းလမ်းမှာ မုန်တိုင်းကြမ်းကို အဖော်ပြုပြီး သွားနေရတာက များပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ဆူးခင်းလမ်းကိုလည်း မတွန့်၊ မုန်တိုင်းကြမ်းကိုလည်း မရွံ့၊ မိမိအသက်ကိုပင် စွန့်စားဝံ့သူဖြစ်တယ်ဆိုတာ သူရဲ့ တိုင်းနဲ့ပြည်နယ် စည်းရုံးရေးခရီးစဉ်တွေမှာ တွေ့ခဲ့ရပါတယ်။

ဧရာဝတီတိုင်းခရီးစဉ်၊ ဓနုဖြူမြို့မှာ စစ်ဗိုလ်တဦးရဲ့ သေနတ်ပြောင်းဝက ကျည်ဆန်ကို မကြောက်မရွံ့ အာခံနိုင်ခဲ့သလို ၂၀၀၃ ခုနှစ် ဒီပဲယင်းခရီးစဉ်မှာ တုတ်ဓားကိုင်ဆောင် လုပ်ကြံတိုက်ခိုက်ကြတဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင် လက်မရွံ့လူသတ်သမားတွေရဲ့ ဘေးရန်ကိုလည်း ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တယ်။ တရုတ်ပညာရှင်ကြီး တိန်တီးရဲ့“မိမိကိုယ်ကို အနစ်နာခံလျက် ပြည်သူပြည်သားတို့၏ ကောင်းကျိုးကို ဆောင်နိုင်သူသည် ကောင်းမြတ်သော ခေါင်းဆောင်ဖြစ်၏” လို့ ဆိုထားတဲ့ နီတိအရ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ခေါင်းဆောင်ကောင်းပီသတဲ့၊ လူကြီးလူကောင်းပီသတဲ့ အမျိုးသမီးတဦးဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ်။

မိမိအသက်ကိုပင် လုပ်ကြံရန်ရှာခဲ့တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင် လူမိုက်တွေကိုရော၊ အသွားစေခိုင်းသူ အာဏာရှင်တွေအပေါ်မှာပါ သည်းခံခွင့်လွှတ် သဘောထားကြီးပုံတွေဟာ သူမရဲ့မေတ္တာစိတ် ဖြူစင်မြင့်မြတ်ခြင်းကို ဖော်ပြတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်သဘောထား ဖြူစင်သလောက် တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုဆိုတဲ့ လောကပါလတရားကိုလည်း အစဉ်လေးစားမြတ်နိုးသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အန်အယ်လ်ဒီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို သဘောတူလက်ခံခဲ့တယ်။ မဆန့်ကျင်ခဲ့ဘူး။ ပြီးတော့ ၂၉-၃-၂၀၁၀ နေ့က တပြည်လုံးရှိ အန်အယ်လ်ဒီဗဟိုဦးစီးကော်မတီအားလုံးရဲ့ တခဲနက် အများသဘောတူ ဆုံးဖြတ်ချက်ကိုလည်း သဘောတူလက်ခံခဲ့ပါတယ်။ ပြည်တွင်းက ဒီမိုကရေစီအင်အားစုများ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများကလည်း ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် သစ္စာမဖောက်ဘဲ ၀ိုင်းရံထောက်ခံခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာပြည်တွင်းမှာသာမက ကမ္ဘာအနှံ့တိုင်အောင် ပဲ့တင်ရိုက်ခတ်မြည်ဟိန်းသွားပါတော့တယ်။

ဒီမိုကရေစီကျင့်စဉ် စံနှုန်းများနဲ့ မညီညွတ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေမူကြမ်းကို လက်မခံနိုင်ကြောင်းနဲ့ တရားမျှတမှုမရှိဘဲ တဖက်သတ်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ပါတီမှတ်ပုံတင်ရမယ်ဆိုတာကို သူမ လုံးဝလက်မခံဘူး။ ဘယ်တော့မှ မှတ်ပုံတင်မှာမဟုတ်ဘူး။ ဒီဆုံးဖြတ်ချက်အပေါ်မှာ သစ္စာရှိတဲ့ အမာခံ အဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း တစိတ်တည်း ၀န်းရံလက်တွဲလျက်ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ စိတ်ဓာတ်၊ ဇွဲ၊ ဉာဏ်ပညာရှိပုံကို ဟံသာဝတီသတင်းစာဆရာကြီးလည်းဖြစ်၊ အန်အယ်လ်ဒီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်က ကဗျာလေးနဲ့ ဂုဏ်ပြုထားတာ တွေ့ရပါတယ်။

၁၉၈၉ အာဏာဖီဆန်ရေးမှာ
“တာဝန်အရ” လုပ်ဟန်
ဒေါ်စု ညွှန်းခဲ့တယ်။

ခုလည်း “တာဝန်အရ စိတ်ဓာတ်” နဲ့ လုပ်ကြ။
စံနှုန်းကောင်းနဲ့ စည်းကမ်း၊ တာဝန်၊ စိတ်ဓာတ်၊
ဒေါ်စု ကိုင်စွဲတယ်။

“ရဲ … ဇွဲ … ဉာဏ် … စည်း …တာ၊
မကြောက်တရား တေးကဗျာ …
မီးလျှံထဲက ကြာ”

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတချို့ထဲက “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားသရွေ့ မြန်မာ့နိုင်ငံရေးမှာ တိုးတက်မှု ရှိလာနိုင်မှာမဟုတ်ဘူး။ နိုင်ငံရေးတိုးတက်မှုမရှိရင် နိုင်ငံလည်း တိုးတက်မှာမဟုတ်ဘူး။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ထပ်ရွေးကောက်ပွဲအသစ် ထပ်လုပ်မှာကို လက်ခံနိုင်ဖွယ်မရှိဘူး” ဆိုတဲ့ အမှန်တရားတွေဟာလည်း ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအင်အားစုတွေ အလေးအနက်ထား စဉ်းစားဖို့အတွက် တပ်လှန့်နှိုးဆော်နေသလိုပါပဲ။

ကျနော်တို့အားလုံးရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မွေးနေ့မှသည် နှစ် (၁၂၀) တိုင် ကျန်းကျန်းမာမာနဲ့ တိုင်းပြည်နဲ့လူထုအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်ပါစေသတည်း။ ။

Friday, February 19, 2010

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့


လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ရှားပါးဓာတ်ပုံများ

၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇ခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။


ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်း ဟု ခေါ်တွင်လေသည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း အမည် ဖြင့်ထင်ရှားသည်။

ဗိုလ်ချုပ်၏ မွေးချင်းများမှာ-

* 1. မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
* 2. မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
* 3. မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
* 4. မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
* 5. မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
* 6. ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
* 7. ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
* 8. ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။

ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။ အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။ အများအားဖြင့် က္ကုနြေ္ဒကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။


လူငယ်‌ဘဝ


သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်း တို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသောအိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲ‌ခွေးကြီး လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။

၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။ သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ ကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။

ဒုတိယကမ္ဘာစစ်‌ကာလ


၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။ ထိုနောက် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံအားဆက်သွယ်ထားသည့် လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း သည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၄င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်း နှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်


‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။

ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။

လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။

မိသားစု


၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ သခင်သန်းထွန်း ကွန်မြူနစ် ခေါင်းဆောင်နှင့် အကြောင်းပါခဲ့လေသည်။ အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။ ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ။

ဘ၀နိဂုံး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။
ဗိုလ်ချုပ်၏ စကားများ

* ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။

(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)

* လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။


(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)

* ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။


(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)

* ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။


* စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။


(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)

* ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။


(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)

ငါးမူးတန်းမှ ရုပ်ရှင်ကြည့် ခဲ့ သောဗိုလ်ချုပ်အောင်ဆန်း

မြန်မာ့ဒီမိုကရေစီတိုက်ပွဲဝင် ခေါင်းဆောင်များ၊ ရဲဘော်များ နဲ့ သူငယ်ချင်းလုပ်ဖော် ကိုင်ဖက်များ ဖတ်ဖို့ တက္ကသိုလ်နေ၀င်းရေးတဲ့  "အမှတ်တရဗိုလ်ချုပ်အောင်ဆန်း" ကို ဝေမျှလိုက်ပါတယ်။

ဗိုလ်ချုပ်ရဲ့ နှိမ့် ချတတ်တဲ့ စိတ် ။ အဆောင်အယောင် ပကာသန မမက် မော တဲ့ စိတ်။ အဲဒါလေး ဝေမျှချင်လို့ ပါ..။။

ဇော်ဝင်း (ဖေဖဝါရီလ ၁၈ရက် ၂၀၁၀ )


-----------------------8888------------------------------------------8888--------------------------8888---------------------------------------8888--------------------------------8888----------------------------------------8888----------------------------------------------
ထို့ နေ့ ကား ၁၉၄၆ ခု စက်တင်ဘာလ ၂၆ ရက်နေ့ ပင်တည်း။
ထို အချိန်က မြန်မာနိုင်ငံသည် လွပ်လပ်ရေးမရသေး။
ဗြိတိလျှဘုရင်ခံ အုပ်ချုပ်ဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ (၀န်ကြီးအဖွဲ့ ) ကို ဘုရင်ခံ အမှု ဆောင် ကောင်စီ ဟုခေါ်သည်။ သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ် က ဒုတိယ သဘာပတိ အမည် ဖြင့် ဝန်ကြီးအဖွဲ့ကို ဦးစီး ကွပ်ကဲရသည်။ သို့ ရာတွင် ဘုရင်ခံ သည် အမည် ခံ"သဘာပတိ" သာဖြစ်ပြီး နိုင်ငံခြားရေး၊ကာကွယ်ရေး၊ ၀န်ကြီးဌာနများကို ဗိုလ်ချုပ်အောင်ဆန်းကပင် ကွပ်ကဲရသည်။တစ်နည်းအားဖြင့်  ဗိုလ်ချုပ်အောင်ဆန်း သည် ၀န်ကြီး ချုပ်အာဏာ ကို ရရှိထားပြီးဖြစ်သည်။ တရားဝင် လွတ်လပ်ရေး မရသေး၍ သာ ၀န်ကြီးအဖွဲ့  ကို ဘုရင်ခံ၏ အမှု ဆောင် ကောင်စီ ဟုခေါ်ခဲ့ ခြင်းဖြစ်သည်။

ထိုနေ့ က အလုံလမ်း ဘုရင် ခံအိမ်တော် မှ တာဝါလိန်းလမ်း (ယခု နတ်မောက်လမ်းသွယ်) (ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်နား) နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျွန်တော့ အား ခေါ်၍ နှစ်ယောက်ချင်းညွှန်ကြားချက်ပေးပါသည်။

" ဟေ့ ကောင် ဒီနေ့ ကစပြီး ငါဟာ အစိုးရအဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဖြစ်လာပြီ ၊ မင်းကလည်း ငါ့ ရဲ့ ပီအေ အဖြစ် တစ်ရက် နှစ်ရက် အတွင်း ပြန်တမ်းထွက် လာ လိမ့် မယ်၊ အစိုးရအဖွဲ့ အနေ နဲ့  ငါတို့ မှာ အဆောင် အယောင် အခွင့် အရေးတွေ ရလာလိမ့် မယ်၊ ငါ အခု ပြောနေတာကို မင်းမြဲမြဲ မှတ်ထားစမ်း၊ အာဏာ ရလာတယ်ဆိုရင်ပဲ ငါတို့ ကို ချဉ်း ကပ် အကူ အညီ တောင်းတာတွေ လည်းလာလိမ့် မယ် ၊ ဒီတော့ ငါ့ရဲ့ ဆွေ မျိုးတွေ ငါ့ မိန်းမ ဘက်က ဆွေမျိုးတွေ ၊ပြီးတော့ မင်းနဲ့ ပါတ်သတ် တဲ့  အပေါင်းအသင်းတွေ အားလုံး ဘယ်သူ့ ကိုမှ မတရား အခွင့် အရေး မပေးရဘူး၊ သူတို့ အကူအညီ တောင် တာကို လုပ်မပေးရဘူး၊ မင်းတို့ ငါ တို့ ကလည်း ဘယ်သူ့ ဆီကမှ အကူအညီ မယူရဘူး၊ အဲဒါ အိမ်မှာ အားလုံးကိုပြောထားလိုက် ၊ငါအခုပြောတဲ့ အတိုင်းမလိုက်နာရင် မင်းနဲ့ ငါနဲ့  အသိပဲ"...........
........ဤသို့ လျှင်ဗိုလ်ချုပ်သည် ကျွန်တော့ အား တိကျ ပြတ်သားစွာ အမိန့် ပေးခဲ့ ပါသည်။

ကျနော်သည် ဗိုလ်ချုပ် အမိန့် ပေးသည့် အတိုင်း လိုက်နာ ရပါသည်။

သူ၏ဇနီး ဒေါ်ခင်ကြည်ကိုလည်း ...............

"မမကြည် အိမ်မှာ ချက်ဖို့  ဆန်မရှိရင် ကျနော်တို့ ၇ဲဘော်တွေ ကြံဖန် ရှာပေးပါ့ မယ်၊ ဆန်အိတ် တွေ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့်  စီးပွားရေးသမားတွေကိုတော့ လုံးဝ လက်မခံပါနဲ့ ၊ဗိုလ်ချုပ်က ဒီအတိုင်းကျွန်တော့ ကို ပြောထားလို့ ပါ" .... ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ ပါသည်။

ထို့ နောက်မကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့ နှင့်  ဆွေမျိုးနီးစပ် တော်သူ အချို့  ရန်ကုန် ရောက်လာပါသည်။ အမှန်တော့ သူတို့ သည် အင်္ဂလိပ် ခေတ်က " အောင်ဆန်း ဟာ ထောင် နှုတ်ခမ်းလျှောက်နေတဲ့ ကောင်ပဲ" ဟုပြောတတ်ကြသည်။ ယခု အစိုးရ အာဏာ ရလာမှ အခွင့် အရေး ရလိုရငြား လာကြခြင်း ဖြစ်သည်။ ကျွန်တော်ကလည်း ဗိုလ်ချုပ် အမိန့် ပေးထားသည့် အတိုင်း ပြတ်ပြတ်သားသား ပြောလိုက်တော့ မှ လက်လျှော့  ပြီးပြန်သွား ကြတော့ သည်။

ဗိုလ်ချုပ်အောင်ဆန်း သည် အင်္ဂလိပ်စာ ၀ါသနာပါပြီး အထူး ကျွမ်းကျင်အောင် လေ့ လာထားသကဲ့ သို့  ကျွန်တော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ် လိုပြောတတ်သည်။
၂၆ ၉ ၄၆ နေ့ က ဘုရင့် ခံအိမ်တော်မှ အပြန် ကျွန်တော့ အား ညွှန်ကြားချက်ပေးပြီးနောက်
"Rembember that I pratise what i preach!" ဟု အင်္ဂလိပ် လို အဆုံးသတ် ခဲ့ ပါသည်။

အဓိပ္ပါယ် ကတော့  " ငါ ငါဟာ့ တပည့် တွေ နဲ့  ရဲဘော်တွေကိုသွန်သင်သလို ငါကိုယ်တိုင်လည်း လိုက်နာတယ် ဆိုတာမှတ်ထားပါ" ဟူ၍ပင်ဖြစ်ပါသည်။

ယင်းသို့  ၂၆ -၉ -၄၆ နေ့ က ဗိုလ်ချုပ် အင်္ဂလိပ်လို ပြောခဲ့ သည်ကို နောက် တစ်လနီးပါးကြာမှ ပြန်လည် သတိရစေသည့် အကြောင်းကားဤသို့ ပါတည်း။

ထိုအချိန်၌ဗိုလ်ချုပ်အောင်ဆန်း သည်အတွင်းဝန်ရုံး တွင်အစိုးရ အဖွဲ့ အကြီးအကဲအဖြစ် နေ့ စဉ် ရုံးထိုင် နေပြီဖြစ်သည်။ ကျှန်တော်ကလည်း သူ့ ရုံးခန်းကပ်လျက် သီးသန့်  အခန်းငယ်လေးတစ်ခုတွင် ထိုင်ရပါသည်။ ဗိုလ်ချုပ်က အလိုရှိ၍ လျှပ်စစ်ခေါင်းလောင်း နှိပ်လိုက်လျှင် ကျွန်တော်သည် ဘေးပေါက်မှ သူထိုင်ရာ စားပွဲဆီသို့ သွက်လက်စွာဝင်သွားရပါသည်။

တစ်နေ့ မွန်းလွဲ သုံးနာ၇ီ ခန့် တွင် ဗိုလ်ချုပ်က လှမ်းခေါ်သဖြင့် ကပျာကယာ ပြေးဝင်သွားရာ " ဟေ့ ဒီနေ့  ညဘက် ငါတို့  ချိန်းထားတဲ့  အစည်းအဝေး ရှိသေးသလား တခြားဘာကိစ္စတွေရှိသလဲ?" ဟုဗိုလ်ချုပ်ကမေးသဖြင့် ကျွန်တော်လည်း အသင့် ပါလာသော ဒိုင်ယာရီ မှတ်တမ်းစာအုပ် ကို ကြည့် ပြီး ပြန်ဖြေလိုက်ရပါသည်။

"အစည်းအဝေးမရှိဘူး ဗိုလ်ချုပ်၊ တခြား ဘာကိစ္စမှလည်း မရှိဘူး၊ ဒီနေ့ ည အားပါတယ်"

"ဟုတ်လား၊ ဒါဖြင့် ဟန်ကျတာပဲ၊ ဒီနေ့ ည ငါရုပ်ရှင် ကြည့် ချင်တယ်ကွာ"

"ဘယ်ရုံက ဇာတ်ကားကြည့် ချင်တာလဲ ဗိုလ်ချုပ်"
"ပလေဒီယံရုံ မှာ ပြနေတဲ့ အင်္ဂလိပ်ဟာသကားကြည့် ချင်တယ်၊ အပျင်းပြေပေါ့ ကွာ" ဒါဆိုလွယ်ပါတယ်၊ အဲဒီ ရုံက မန်နေဂျာနဲ့ ကျွန်တော် သိတယ်၊ အခုကြိုတင်ပြီး ဖုန်းဆက်ထားလိုက်မယ်

ပြောပြောဆိုဆို ကျွန်တော်သည် စားပွဲပေါ်ရှိ တယ်လီဖုန်း စကားပြောခွက် ကိုကောက်ကိုင်လိုက်စဉ် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ် ဟန့့် တားပါသည်။

"ဟေ့ ကောင်တယ်လီဖုန်းကို ပြန်ချလိုက်စမ်း"

ကျွန်တော်လည်း တယ်လီဖုန်းကို ကပျာကယာ ပြန်ချလိုက် တော့ မှ ဗိုလ်ချုပ်က ဆက်ပြောပါသည်။

"ဘာလဲ မင်းက ရုံမန်နေဂျာ ကို တယ်လီဖုန်း ဆက်ပြီး မေတ္တာလက်မှတ်တောင်းမလို့  မဟုတ်လား၊ မတောင်းရဘူး၊ ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့ လက်မှတ်ဝယ်ကြည့်ရမယ်၊ မေတ္တာလက်မှတ် တောင်းတယ်ဆိုတာ အခွင့် အရေးယူတာတစ်မျိုးပဲ
၊မင်းတို့ ငါတို့ အနေနဲ့  မေတ္တာလက်မှတ်တောင်းရင် မန်နေဂျာက လက်မှတ်နှစ်စောင် မဟုတ်ဖူး ဆယ်စောင် ဆိုလည်း ပေးမှာပဲ၊ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး၊ ရုပ်ရှင်ရုံပိုင်ရှင်တို့ ၊မန်နေဂျာတို့ ဆိုတာ စီးပွားရေးသမားတွေကွ၊ အာဏာရှိတဲ့ လူဆိုရင် မျက်နှာလို မျက်နှာရ လုပ်တတ်တယ် သူတို့ က အခွင့် အရေးတစ်ခု ပေးပြီးရင် ဆယ်ခုပြန်တောင်းလိမ့် မယ်၊ ဒါမျိုးတွေ ငါမကြိုက်ဘူး၊ မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ"

ဗိုလ်ချုပ်က မေးသဖြင့် ကျွန်တော်လည်း အကျီင်္ အိတ်ထဲသို့  နှိုက်ကြည့်ရာ ငွေစက္ကူ ကျပ်တန် သုံးရွက် ထွက်လာပါသည်။

"ဘယ်လောက်လဲကွ၊ သုံးကျပ်မဟုတ်လား ၊ဒါဆိုရင် ဖြစ်တယ် မင်းမမကြည်နဲ့ ကလေးတွေက လိုက်မှာမဟုတ်ဘူး၊ဒီတော့  မင်းနဲ့ ငါ နှစ်ယောက်ပဲ ညနေ ခြောက်နာရီ ခွဲပွဲ မှာငါးမူးတန်း က လက်မှတ် ၀ယ်ကြည့်ကြမယ်၊ ငါးမူးတန်း လက်မှတ်နှစ်စောင် ဆိုတော့ တစ်ကျပ် ပဲကုန်မှာမို့  မင်းမှာ နှစ်ကျပ် တောင်ကျန်အုန်းမယ်၊ အဲဒီ အတိုင်း သာ စီစဉ်ပေတော့ "

ဗိုလ်ချုပ်က အဆုံးအဖြတ်ပေးလိုက်သဖြင့် ကျွန်တော်လည်း ဘာမှ ပြန်မပြောသာတော့ ပါ၊

(ထိုခေတ်က ရှေ့ ဆုံးတန်းသည် တစ်မတ်တန်း နောက် ငါးမူးတန်း ဖြစ်သည် ဗိုလ်ချုပ်သည် ယခင် တို့ ဗမာ အစည်းအရုံးတွင် နေရစဉ်က မူ တစ်မတ်တန်း မှ ကြည့်သည် ဆို၏။ ယခု မူ ၀န်ကြီးဖြစ်နေ၍ ငါးမူးတန်းမှ ကြည့်ခြင်းဖြစ်ပေသည်၊)

ထို နေ့ ညနေက ပလေဒီယံရုံသို ကျွန်တော်တို့ ရောက်သွား သောအခါ အနည်းငယ်နောက်ကျနေသဖြင့်  ငါးမူးတန်း ၏ရှေ့ဆုံး တန်းမှသာ လက်မှတ်ရပါသည်။ငါးမူးတန်း ၏ရှေ့ ဆုံးတန်း ဆိုသည်မှာ တစ်မတ်တန်း ၏နောက်ဆုံးတန်း နှင့် ဘာမျှ မခြားတော့ ။ သို့  သော ဗိုလ်ချုပ်က ဘာမှ မပြော၊ထိုင်ကြည့်ရရင် ပြီးတာပဲဟု ဆိုကာ ခပ်တည်တည် ပင် ၀င် ထိုင် ကြည့်လိုက်ပါသည်။

ထိုခေတ်က ရုပ်ရှင် ပြချိန်မှာ နေ့ လယ် ၁၂ နာရီ ခွဲ၊ မွန်းလွဲ ၃ နာရီ ခွဲ ၊ညနေ ၆ နာရီ ခွဲ နှင့် ည ကိုးနာရီ ခွဲ စုစုပေါင်း လေးပွဲပြသည်။

အချိန် တန်၍ ရှပ်ရှင်ရုံအတွင်း မှောင်သွားပြီး စတင် ပြပါလေပြီ။ မှောင်သည်ဆိုသော်လည်း ခေတ္တ္တမျှအကြာတွင် မျက်စိ ကျင့် သား ရ၍ ရုံအတွင်း မြင်သင့် သလောက် မြင်ရပါသည်။ ဤတွင် ကျွန်တော် တို့ ရှေ့ တစ်မတ်တန်း မှ ပရိသတ် သည် ငါးမူးတန်း ရှေ့ ဆုံးတန်း မှ ဗိုလ်ချုပ်အောင်ဆန်း ကိုသတိပြု မိကြတော့ သည်။ နေ့ စဉ် လိုလို သူ၏ ဓာတ်ပုံ သတင်းစာ ထဲမှာ ပါနေသဖြင့် မှတ်မိနေကြဟန်တူသည်။ ထို့ ကြောင့် တစ်မတ်တန်း နောက်ဆုံးမှ လူများ ရုပ်ရှင် ပိတ်ကားကို မကြည့်ဘဲ ဗိုလ်ချုပ်အောင်ဆန်း ကိုသာ နောက်ပြန်လှည့် ကြည့် နေ ကြသည်။ ဗိုလ်ချုပ် က မူ ဘာက မှ သတိပြုမိပုံ မရဘဲ ရုပ်ရှင် ပိတ်ကားကိုသာ အာရုံစိုက် ကြည့် နေ့ သည်။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိ ခက်နေတော့ သည်။

မိနစ် အနည်းငယ် ကြာသော အခါ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်း မှ ရုပ်ရှင် ကြည့်နေသည်ဟူသော သတင်းမှာ ရုံမန်နေဂျာ ရုံးခန်း သို့ ရောက်သွားတော့ သည်။

မန်နေဂျာမှာ ဦးမြဟန် ဆိုသူ(ယခု ကွယ်လွန်) မှာ ကျွန်တော် နှင့် ခင်မင် သဖြင့်  ချက်ချင်း အောက်ထပ်သို့ ပြေးဆင်းလာပြီး ရုံးဝန်ထမ်း တစ်ဦးအား ကျွန်တော့် ကို အပြင်သို့  ခေတ္တထွက်လာ ခဲ့ ရန် ခေါ်ခိုင်း ပြီး အပြစ်တင်ပါတော့ သည်။

"ဘယ်လိုလုပ်လိုက်တာလည်းသူငယ်ချင်း ၊ဗိုလ်ချုပ် ရုပ်ရှင် ကြည့် မယ်ဆိုရင် စောစောက ငါ့ ဆီ ကြိုတင် ဖုန်းဆက်ရောပေါ့ ၊ ဘာကြောင့် မဆက်တာလဲ ?"

"အေးငါလည်း မင်းစီ ဆက်မလို့ ပါပဲ ဗိုလ်ချုပ်က မဆက်ရဘူးလို့ ငါ့ ကို ဟောက်တယ် ၊မေတ္တာလက်မှတ် တောင်းပြီး ရုပ်ရှင် ကြည့်တာဟာ အခွင့် အရေးတစ်မျိုးယူတာပဲတဲ့ ၊နောင်တစ်ချိန် ကျရင် မင်းတို့ လို စီးပွားရေးသမား တွေက မတရား အခွင့် အရေး တွေ တောင်းလာလိမ့် မယ်တဲ့ ၊ ဒါကြောင့် ငါ့ မှာရှိတဲ့ ပိုက်ဆံသုံးကျပ်ထဲက တစ်ကျပ်ပဲ ကုန်အောင် ငါးမူးတန်းက ၀င်ကြည့် ကြတာပါကွ"

ဖယောင်းလိုလူ၊ သံမဏိလိုလူ

(လူထုဦးလှ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် ဆောင်းပါး)

လူထုစိန်ဝင်း

( လူထုဦးလှနဲ့ ပတ်သက်ပြီး ၂၀၁၀ပြည့်နှစ် ဇန်နဝါရီလ ၂၀ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြ ထားတဲ့ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးဖြစ်ပါတယ်။ မူနဲ့လူကို ခွဲခြားရပ်တည်တဲ့ သတင်းစာဆရာကြီးတစ်ဦးကို နမူနာယူနိုင်ဖို့ မျှဝေပေး လိုက်ပါတယ်။ )

လူ့လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတယ်။ တချို့က လူနဲ့မူနဲ့ တစ်ထပ်တည်း ကျပြီး တချို့က လူတခြား၊ မူတခြား လုံးဝကွဲပြား ခြားနားတယ်။ သိသာထင်ရှားသူ နှစ်ဦးကို နှိုင်းယှဉ် ပြရမယ်ဆိုရင် သခင်စိုးနဲ့ သခင်ဗဟိန်းကို ပြရလိမ့်မယ်။ သခင်စိုးက လူပုံကြမ်းတမ်း သလို စိတ်ဓာတ်ပိုင်း၊ မူပိုင်းဆိုင်ရာ မှာလည်း အင်မတန် ကြမ်းတမ်းသူ ဖြစ်တယ်။ သခင်ဗဟိန်း ကျတော့ လူက လူချောလူရည်သန့် ၊ အနုအလှ လေးတွေကို ချစ်တတ်သလို အနေအထိုင်၊ အပြောအဆိုလည်း သိမ်မွေ့ ယဉ်ကျေးတယ်။ ဒါပေမဲ့ ယုံကြည်ချက်အပိုင်း၊ မူအပိုင်းမှာတော့ အင်မတန် ခိုင်မာ ပြတ်သားတယ်။

ဗိုလ်ချုပ်စိတ်မကောင်းဖြစ်ရတဲ့ကိစ္စ

ဘယ်လောက်ထိ ခိုင်မာပြတ်သားသလဲဆိုရင် ကွယ်လွန်ခါနီး ဆေးရုံပေါ်ရောက်နေတဲ့ အချိန်မှာ ကွန်မြူနစ်ပါတီကို ဖဆပလထဲက ထုတ်ပယ်ပစ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူမမာ လာမေးချင်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုတောင် သူဆီ ခေါ်မလာနဲ့၊ မတွေ့ချင်ဘူးလို့ ပြတ်ပြတ် သားသားပြောခဲ့တာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရှာတယ်။ ဦးနုကျတော့ နာမည်နဲ့ လိုက်အောင်လူနုပြီး လူ တစ်ဖက်သားကို ဘယ်တော့မှ နင်ဘဲငဆပြောလေ့မရှိဘူး။ စိတ်အင်မတန် နူးညံ့တယ်။ လူတိုင်း ကျေနပ်အောင် အမြဲ ကြိုးစားတယ်။ အဲဒီတော့ လူတိုင်းကို ကျေနပ်အောင် လိုက်လုပ်ရင် နောက်ဆုံးကျ ဘယ်သူမှ ကျေနပ်ကြမှာ မဟုတ်ဘူးဆိုတဲ့ သိုးဆောင်းစကား ဆိုရိုးရှိတဲ့အတိုင်း ဘယ်သူ့ ကျေနပ်မှုကိုမှ မရခဲ့ရှာဘူး။

လောကဓံရဲ့ ကြည်စားမှု

ဦးလေးလှက သခင်ဗဟိန်းလို လူစားမျိုး။ နာမည်နဲ့လိုက်အောင် လူက လူချောလူလှ ဖြစ်သလို၊ စိတ်လည်း အင်မတန် လှတယ်။ အင်မတန်မှလည်း နူးညံ့သိမ်မွေ့တယ်။ ဆရာဒဂုန်တာရာ ပြောတဲ့ စကားအတိုင်း သူ့ဘက် ကတော့ 'မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ' ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါပေမဲ့ သူကမုန်းသူမရှိ၊ ရန်သူမရှိသဘောထားပေမယ့် သူ့ကိုရန်သူလို သဘောထားသူတွေ ရှိလေတော့ နာမည်ကျော် ပုဒ်မ ၅ နဲ့ အကျဉ်းထောင်ထဲမှာ လေးနှစ်နီးပါး သွားနေ ခဲ့ရပါတယ်။ ဒီနေရာမှာ လောကဓံတရားရဲ့ ပြက်ရယ်ပြုမှုလို့ ပြောရမလား၊ အကြည်စားသန်မှုလို့ ဆိုရမလား မသိတဲ့ အချက်ကတော့ ဦးလေးလှကို ထောင်ထဲ ပို့ခဲ့တဲ့ ဖဆပလ အဖွဲ့ကြီးကို စတင် တည်ထောင် သူတွေထဲမှာ သူဟာတစ်ယောက် အပါအ၀င် ဖြစ်ခဲ့ရုံတင်မက၊ ဂျပန်အပြေး အင်္ဂလိပ်တပ်တွေ ၀င်ဝင်ချင်း၊ ဖဆပလ အဖွဲ့ကြီးရဲ့ ဆိုင်းဘုတ်ကို မန္တလေးမှာ ပါမောက္ခ ဦးကျော်ရင် နဲ့အတူ အရင်ဆုံး တင်ခဲ့သူ ဖြစ်တယ်ဆိုတာပါပဲ။ ရန်ကုန်မှာတောင် အဲဒီအချိန်က ဖဆပလအဖွဲ့ ပြန်မဖွဲ့နိုင်သေးပါဘူး။

ဦးနုရဲ့ တောင်းပန်စကား

သူ့ကိုထောင်ထဲ ထည့်ခဲ့ပေမယ့် ဦးလေးလှက ဘယ်သူ့အပေါ်မှ အာဃာတ မထားခဲ့ပါဘူး။ မေတ္တာလည်း မပျက်ခဲ့ ပါဘူး။ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုက 'နှစ် ၉၀ပြည့် လူထုဦးလှ' စာအုပ်မှာ အမှတ်တရ ဆောင်းပါး တစ်ပုဒ် ရေးသားပေးပို့ခဲ့ ပါတယ်။ အဲဒီမှာ . . .''ကိုလှရေ။ ကိုလှ ဒုက္ခရောက်အောင် ကျွန်တော် လုပ်ခဲ့တဲ့ အပြစ်ဟာ မသေးပါဘူး။ အင်မတန် ကြီးမားပါတယ်။ ကျွန်တော် ၀မ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ် အစရှိတဲ့ စကားတွေကို ပြောရုံမျှနဲ့ ကျေအေးနိုင်လောက်တဲ့ အပြစ်မဟုတ်ပါဘူး။ ကိုလှဟာ ကျွန်တော့် ထက်ကြီးရင် ကျွန်တော်က ကိုလှကိုထိုင်ပြီး ရှိခိုး တောင်းပန်ရမယ့် အပြစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော် အနူးအညွတ် တောင်းပန်ပါရစေ။ အပြစ်တွေရှိသမျ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးပါ . . .''လို့ ရေးခဲ့ပါတယ်။ အဲဒီစကားတွေကို မန္တလေး ဘူတာကြီးမှာ ရထား ထွက်အံ့ဆဲဆဲ ဦးလှကို ရုတ်တရက် တွေ့လိုက်ရတုန်း ဦးနုကသွား ပြောခဲ့တာပါတဲ့။ ဒီစကားတွေကို ပြောချင်တာကြာပြီ ဖြစ်ပေမယ့် မပြောဖြစ်ခဲ့လို့ ခုလိုကြုံကြိုက်တုန်း ကတိုက်ကရိုက် သွားပြောခဲ့ရတာလို့လည်း ဦးနုက ရေးပြ ထားပါတယ်။

သဘောထားကြီးတဲ့သူ

ဦးလေးလှက ဘယ်သူ့ အပေါ်မှာမှ မုန်းစိတ်၊ အာဃာတစိတ်လုံး ၀မရှိခဲ့ပါဘူး။ နိုင်ငံရေး လုပ်တယ်ဆိုတာ နိဗ္မာန် ရောက်ကြောင်း တရားအားထုတ်တာ မဟုတ်ဘူး။ သဘော ထားကွဲကြ၊ စကားများကြ၊ အပြန်အလှန် ဝေဖန် တိုက်ခိုက်ကြ ဆိုတာတွေ ဖြစ်မြဲထုံးစံပဲလို့ ဦးလေးလှက ကောင်းကောင်းကြီး သဘောပေါက် နားလည်ထားပြီးသား ဖြစ်ပါတယ်။ ဦးလေး သဘောထားကြီးတာ နိုင်ငံရေးလုပ် ဖော်ကိုင်ဖက်တွေအပေါ်မှာမှ မဟုတ်ပါဘူး။ ထောင်ကျတဲ့ အကြိမ်တွေ မရေတွက် နိုင်လောက်အောင် များနေပြီ ဖြစ်တဲ့ သူမျိုးအပေါ်မှာလည်း သဘောထားကြီး ရုံမက မေတ္တာစေတနာ ထားနိုင်သူ ဖြစ်ပါတယ်။ မိတ်ဟောင်းဆွေဟောင်းတွေ၊ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမား အိုကြီးတွေ၊ စာရေးဆရာအို ကြီးတွေ အပေါ်စေတနာ ထားပုံတွေက လည်းပြောလို့ ကုန်နိုင်ဖွယ် မရှိပါဘူး။ ဦးလေးရှိတဲ့ မန္တလေးဆိုတာမပြောနဲ့တော့ ရန်ကုန်တိုက်ခွဲမှာ လာကြတာ တွေကိုက မနည်းပါဘူး။ လူငယ်ပီပီ တစ်ခါတလေ ကိုယ်က စေတနာ တွန့်တိုမိပေမယ့် ဦးလေးကတော့ ဘယ်တော့မှ မတွန့်တိုပါဘူး။ ''အသင့်အတင့် တော့ ကြည့်ပေးလိုက်ပါကွယ်'' ဆိုတဲ့ လက်သုံးစကားကိုသာ ပြောမြဲဖြစ်ပါတယ်။

နှလုံးကြီးသူ

ဦးလေးလှဟာ အပြောအဆို၊ အနေအထိုင်၊ အစားအသောက် နေရာတကာ ယဉ်ကျေးသူ၊ နှလုံးကြီးသူ ဖြစ်ပါတယ်။ ဖဆပလ ခေတ်မှာလည်း ၀န်ကြီးချုပ်ဦးနု မန္တလေးရောက်တိုင်း ဦးလေးကို ခေါ်တွေ့ပြီး စကားစမြည် ပြောလေ့ရှိပါတယ်။ ၁၉၆၂ခုနှစ် အာဏာသိမ်းပြီးနောက် ပိုင်းမှာလည်း အဲဒီအချိန်က တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်နေ၀င်း မန္တလေးရောက်တာနဲ့ ဦးလေးလှကို ခေါ်တွေ့ပြီး စကားစမြည် ပြောတာပါပဲ။ တစ်ခါတလေ ဦးလေးလှ ရန်ကုန် ရောက်လာရင်လည်း ရောက်ပြီး မကြာခင် အိမ်တော်ကအခေါ် ရောက်လာမြဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးမှာတော့ ဦးလေးလှဟာ အင်မတန်မှကို ပျော့ပျောင်း နူးညံ့ပါတယ်။ ဒါပေမဲ့ လူထုသတင်းစာရဲ့ မူဝါဒနဲ့ ပတ်သက်တာ ဆိုရင်တော့ နည်းနည်းမှ အလျော့မပေးပါဘူး။ စာဖတ်ပရိသတ်ရဲ့ မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပါတယ်။ ဒါကြောင့်လည်း စာဖတ်ပရိသတ် အပေါင်းက လူထုဦးလှကို ချစ်ကြတာ ဖြစ်ပါတယ်။ မန္တလေးသား စစ်စစ်မဟုတ်ပေမယ့် မန္တလေး တစ်မြို့လုံး ကလေး၊ လူကြီးမရွေး ထေကြီး၊ ၀ါကြီး ဆရာတော်ကြီး များကအစ ချစ်ကြပြီး အားကိုးအားထား ပြုကြတဲ့ ပုဂ္ဂိုလ်ဆိုလို့ ဦးလေးလှ တစ်ယောက်သာ ရှိလိမ့်မယ် ထင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြို့နဲ့ ပတ်သက်သမျ ဝေယျာဝစ္စတိုင်းမှာ ဦးလေးလှ မပါတဲ့ ကိစ္စမရှိလို့ပဲ ဖြစ်ပါတယ်။ ဗထူးကွင်း အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးလုပ်ခဲ့သလို တက္ကသိုလ်ဆီးနိတ် အဖွဲ့ဝင် လူကြီးလည်း လုပ်ခဲ့ပါတယ်။ အရပ်ထဲက ကြက်တောင်ရိုက်အသင်း လူကြီးဖြစ်သလို၊ မန္တလေးတောင်ခြေ ဂေါက်ကွင်းလူကြီးလည်း ဖြစ်ခဲ့ပါ တယ်။ ဒါ့အပြင် လူကြီးတွေအတွက် စာအုပ်တွေမျိုးစုံ ရေးခဲ့သလို ကလေးတွေအတွက် ပုံပြင်စာအုပ်တွေချည်း ၄၆ အုပ်တောင် ရေးခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် ဦးလေးလှဟာ ဦးနုတို့ ဗိုလ်ချုပ်နေ၀င်းတို့ရဲ့ မိတ်ဆွေဖြစ်ခဲ့သလို ကလေးတွေရဲ့ မိတ်ဆွေလည်း ဖြစ်တယ်လို့ ပြောရင်း နိဂုံးချုပ် လိုက်ပါတယ်။

လူထုစိန်ဝင်း