Showing posts with label ဘာသာရေးနှင့် နိုင်ငံရေး. Show all posts
Showing posts with label ဘာသာရေးနှင့် နိုင်ငံရေး. Show all posts

Wednesday, June 23, 2010

ဘာသာရေးအလွဲသုံးစားလုပ်မှု

ဦးအောင်ခင် / ၁၀ မတ် ၂၀၁၀


“သာသနာ့ဘေးရန်ကို အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲညီညီ ဖယ်ရှားတားဆီးမှသာ သာသနာတော် ထွန်းတောက်မည်ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မိန့်ကြားတော်မှု” တယ်ဆိုတဲ့ ခေါင်းစီးတပ်ထားတဲ့သတင်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (၃) ဘွဲ့ရ ဦးကုမာရရဲ့ ဟောကြားချက်ကို ဖော်ပြထားတယ်။ သြ၀ါဒရဲ့ တ၀က်လောက်က ကျေးဇူးတင်စကားဖြစ်တယ်။ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက၊ သာသနာရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန စတာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အရင်ဆုံးဖော်ပြတယ်။

နောက်တော့မှ ၁၉၈၀ ပြည့်နှစ်မတိုင်မီက ထေရ၀ါဒဗုဒ္ဓသာသနာမှာ အယူဝါဒကွဲပြားတဲ့ ဂိုဏ်းဂဏတွေ ပေါ်ပေါက်ခဲ့ကြောင်း၊ အဲဒီအယူဝါဒတွေကို နိုင်ငံတော်သံဃာ့ဝိနည်းအဖွဲ့က မှန် (ဓမ္မ)၊ မမှန် (အဓမ္မ) စိစစ်သုံးသပ်ဆုံးဖြတ်ပြီး မမှန် (အဓမ္မ) လို့ သတ်မှတ်တဲ့ အယူအဆတွေကို သံဃာ (ဓမ္မစက်) နဲ့ အစိုးရ (အာဏာစက်) တွဲဖက်ပြီး ပိတ်ပင်ဖယ်ရှားတားမြစ်တာ အလွန်အောင်မြင်ကြောင်း ဟောကြားတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းအမိန့်နဲ့ ၁၉၈၀ မှာ သာသနာသန့်ရှင်းရေးလုပ်တာကို ဦးကုမာရက ထည့်မပြောဘူး။ အတိအကျ မပြောပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မညီညွတ်တာတွေ လုပ်နေတဲ့ သံဃာတွေကို စစ်အစိုးရနဲ့ သံဃာက ပြည်သူနဲ့လက်တွဲပြီး ဖယ်ရှားသွားရမယ်လို့ ဦးကုမာရက နိဂုံးချုပ်လိုက်တယ်။ ပြည်သူ့အကျိုးဆောင်တဲ့ သံဃာတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ သံဃာတွေကို ဖယ်ရှားဖို့ လမ်းခင်းနေတဲ့ပုံပဲ။

မတ်လ (၁၇) ရက်နေ့မှာ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ” ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတော့လည်း အခန်း (၃) ပုဒ်မ-၁၅ (င) မှာ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်တဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့် ငြင်းပယ်နိုင်တယ် (ဒါမှမဟုတ်လို့) မှတ်ပုံတင်ထားပြီးရင်လည်း မှတ်ပုံတင်ကို ပယ်ဖျက်နိုင်တယ်လို့ ဖော်ပြထားတယ်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားခြင်းဆိုတဲ့ လျှောက်လွှာပုံစံ (င) မှာလည်း ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုသော အဖွဲ့အစည်း မဟုတ်ပါဆိုပြီး ၀န်ခံထားပါတယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမပြုပါဘူးဆိုတဲ့ နိုင်ငံရေးပါတီက အာဏာရသွားလို့ အာဏာရအစိုးရအနေနဲ့ ဘာသာရေးကို အလွဲသုံးစားလုပ်ရင် ဘာဖြစ်သွားမယ်ဆိုတဲ့အထိ မှတ်ပုံတင်နည်းဥပဒေက ကြိုတင်မြင်တာမဟုတ်ပါဘူး။

အာဏာရမြန်မာအစိုးရတိုင်း ဗုဒ္ဓဘာသာကို စိတ်ကြိုက်အလွဲသုံးစားလုပ်လာတာ ကြာပါပြီး။ ပထမဆုံးသော မြန်မာဝန်ကြီးချုပ် ဦးနုကို နိုင်ငံရေးအတွက် ဘာသာရေးကို အလွဲသုံးစားလုပ်တယ်လို့ ဝေဖန်ကြတယ်။ ဦးနုကို ဖြုတ်ချတဲ့ စစ်ဗိုလ်တွေအားလုံး ဦးနုတပည့်ဖြစ်နေတာကိုတော့ မပြောကြတော့ဘူးလား။ သံဃာ့နာယကဆိုတာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးပြုဖို့ ဖွဲ့ထားတဲ့အဖွဲ့အစည်းဖြစ်တယ်။ တနည်းဆိုရင်တော့ သံဃာလောကကို ၀င်ရောက်စွက်ဖက်ဖို့ တမင်လုပ်ထားတဲ့ အစိုးရလက်ကိုင်တုတ်ကြီးဖြစ်တယ်။

၁၉၈၀ မှာ စတင်ဖွဲ့စည်းတဲ့ သံဃာ့မဟာနာယကအဖွဲ့ဟာ အစိုးရအသိအမှတ်ပြုတဲ့ သံဃာဂိုဏ်းတွေကို ကြီးကြပ်ရတဲ့အပြင် သံဃာမှတ်ပုံတင်ရေး၊ သံဃာ့ပညာရေး၊ ကျောင်းထိုင်ဆရာတော် လေ့ကျင့်ရေး စတဲ့ စီမံကိန်းတွေကို တာဝန်ယူရတယ်။ အစိုးရအမှုထမ်း အပြောင်းအရွှေ့လုပ်သလို ဗဟိုနာယကအဖွဲ့ဝင် သံဃာတွေကို ပုံမှန်ပြောင်းရွှေ့နေတာကြောင့် ဘယ်ဆရာတော်မှ ကြာကြာနေရာမရဘဲ သာသနာရေးဝန်ကြီးဌာနက ခြယ်လှယ်တာကို ခံနေကြရတယ်။ သံဃာငယ်တွေ နိုင်ငံရေးမလုပ်နိုင်အောင် ထိန်းထားနိုင်တဲ့ ၀ါရင့်သံဃာကို စစ်အစိုးရက ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပြီး အဖိုးတန်ပစ္စည်း လှူဒါန်းတယ်။

အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေမှာ သာသနာရေးဝန်ကြီးဌာန မရှိဘူး။ သာသနာရေးဆိုတာ ဘုန်းကြီးနဲ့သာဆိုင်ပြီး အစိုးရနဲ့ မဆိုင်ဘူးလို့ ယူဆတဲ့အတွက် သာသနာရေးဝန်ကြီးဆိုတာမျိုး မရှိတာဘဲ။ မြန်မာပြည်မှာတော့ သာသနာရေးဝန်ကြီးက လူသတ်ကောင်စစ်ဗိုလ်ဖြစ်ပြီး ဒီလူသတ်ကောင်က ပေးတဲ့ဘွဲ့ထူး ဂုဏ်ထူးတွေကိုပဲ သံဃာတွေက လက်ခံနေကြတယ်။ သံဃာထဲမှာလည်း ဘာသာရေးကို အလွဲသုံးစားလုပ်သူတွေ ရှိတာပဲ။ ဘာသာရေးလုပ်ငန်းနဲ့ စီးပွားရှာသူ၊ ဘာသာရေးလုပ်ငန်းနဲ့ သြဇာအာဏာရှိအောင် လုပ်ဆောင်သူတွေဟာ ဘာသာရေးကို အလွဲသုံးစားလုပ်တာပဲ။

ဘုရင့်အာဏာအားကိုးပြီး သံဃာ့လောကကို လွှမ်းမိုးဖို့ ကြံစည်တဲ့ သံဃာတွေ မြန်မာ့သမိုင်းမှာရှိသည်။ ဘုရင်ကလည်း ဘာသာရေးမှာ စွက်ဖက်လေ့ရှိတယ်။ ဘုရား၊ တရား၊ သံဃာကို ရိုသေလေးစားတဲ့ မင်းတုန်းမင်းဟာ သံဃာ့အရေးကိစ္စမှာ ၀င်ရောက်စွက်ဖက်လေ့ရှိပြီး သံဃာကလည်း ရှင်ဘုရင်လှူဒါန်းတာကို စားသောက်နေရတော့ စွက်ဖက်ခွင့် ပေးထားတယ်။ ဘုရင်စွက်ဖက်တာကို လက်မခံဘဲ ဝေဖန်တဲ့ သုဓမ္မာ ရဟန်းဆိုလို့ အဲဒီခေတ်က ဗန်းမော်ဆရာတော် ဦးပဏ္ဍိတ တပါးပဲ ရှိတယ်။ ဘုရင်က ကျွေးမွေးလှူဒါန်းတာကို ငြိမ်စားနေပြီး ဘုရင်လုပ်သမျှခံနေတဲ့ သုဓမ္မာသံဃာတွေကို ဗန်းမော်ဆရာတော်က ဝေဖန်ရှုတ်ချတယ်။ ဒီသတင်းကို မင်းတုန်းမင်း ကြားသွားတော့ စိတ်ဆိုးပေမယ့် ဗန်းမော်ဆရာတော်ကို ပြောရမှာကလည်း မ၀ံ့မရဲဖြစ်နေတာကြောင့် ဆရာတော်အနေနဲ့ ဝေဖန်ရင် သတိထားဝေဖန်ဖို့ ယဉ်ကျေးစွာ ရာဇသံပေးတယ်။ မိန်းမအများအပြား ယူထားတဲ့ ဘုရင်က ဘုန်းကြီးကို ဆုံးမလို့ ဗန်းမော်ဆရာတော်က ဒေါသထွက်ပြီး တောင် (၂) လုံးကြားမှာ တရားကျင့်နေတဲ့ လူကို ပေါင် (၂) လုံးကြားက လူက အကြံဉာဏ်ပေးစရာ မလိုဘူးလို့ ပြောချလိုက်တယ်။ သံဃာကိစ္စမှာ ဘုရင်စွက်ဖက်စရာ မလိုဘူးလို့ ဗန်းမော်ဆရာတော်က ယူဆတယ်။

မင်းတုန်းမင်းက ဘုရား၊ တရား၊ သံဃာကို အင်မတန်ရိုသေကိုင်းရှိုင်းသူဖြစ်တဲ့အတွက် သံဃာ့ကိစ္စမှာ ကောင်းစေချင်တဲ့ ရည်ရွယ်ချက် ရှိမှာဖြစ်ပေမယ့် သံဃာ့ကိစ္စမှာ လူက စွက်ဖက်တာကို ဗန်းမော်ဆရာတော်က လက်မခံနိုင်တာပါ။ နောက်ဆုံးတော့ မင်းတုန်းမင်းက ဗန်းမော်ဆရာတော်ကို တောင်းပန်တယ်။ နအဖအုပ်စုကတော့ သူတို့မကြိုက်တဲ့လူတွေကို မစ္ဆေရစိတ်အပြည့်နဲ့ နှိမ်နင်းရာမှာ သံဃာကို အသုံးပြုတယ်။ နောက်ပြီး ဘာသာရေးအလွဲသုံးစားမလုပ်ဖို့ သူခိုးက လူလူဟစ်လိုက်သေးတယ်။ မင်းတုန်းမင်းရဲ့ ဘာသာရေးကောင်စီဟာ သုဓမ္မာဂိုဏ်းပါပဲ။ အခုခေတ်မှာ နအဖသာသနာဖြစ်နေသလို ရှေးခေတ်က မင်းတုန်းသာသနာဖြစ်နေတာကို ဒွာရနဲ့ ရွှေကျင်ဂိုဏ်းက လက်မခံလို့ ပဉ္စမသံဂါယနာ တင်ပွဲမှာ မပါဝင်ခဲ့ဘူး။ မင်းတုန်း သီပေါ သုဓမ္မာရဲ့ ဓမ္မစက်နဲ့အာဏာစက်ကို လက်မခံနိုင်တဲ့ သံဃာဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ အောက်မြန်မာပြည်မှာ တရားအားထုတ် ကြရတယ်။

ဗုဒ္ဓသြ၀ါဒကို အနီးစပ်ဆုံးလိုက်နာတဲ့နေရာမှာ ငှက်တွင်းဂိုဏ်းဟာ နာမည်ကြီးတယ်။ ဒါပေမယ့် ဘာသာရေးအလွဲသုံးစားလုပ်တဲ့ မြန်မာမင်းအောက်မှာ ဗုဒ္ဓတရားတော်အတိုင်း ကျင့်ကြံဖို့ ခက်ခဲတာကြောင့် ငှက်တွင်းဆရာတော်ဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ အောက်မြန်မာပြည်မှာ သတင်းသုံးရင်း သက်တော် (၈၀) သထုံမှာ ပျံလွန်သွားတယ်။ အဲဒီအချိန်မှာ ငှက်တွင်းဂိုဏ်းဝင် သံဃာအပါး (၅၀၀) လောက်ရှိနေပြီ။ ဘုရင့်သုဓမ္မာဂိုဏ်းကို ငှက်တွင်းဂိုဏ်းက စိန်ခေါ်ထားတဲ့အချက် (၅) ချက်ရှိတယ်။ ပထမအချက်က ဘုရားရုပ်ထုကို ဆွမ်းမကပ်ဖို့နဲ့ မီးမပူဇော်ဖို့ ဖြစ်တယ်။ လူကိုသာ ထမင်းကျွေးဖို့ လိုအပ်ပြီး ရုပ်ထုကို ကျွေးစရာမလိုဟု ငှက်တွင်းဂိုဏ်းက ယူဆတယ်။ ရုပ်ထုအစား ဗုဒ္ဓတရားတော်ကို နှလုံးသွင်းရမယ်။ ဒုတိယအချက်က ဗုဒ္ဓဘာသာဆိုရင် အနည်းဆုံး ငါးပါးသီလမြဲရမှာမို့ ငါးပါးသီလကို ဘုန်းကြီးက ပေးစရာမလိုပါ။ ငါးပါးသီလမရှိရင် ဗုဒ္ဓဘာသာမဟုတ်ပါ။ တတိယအချက်က တရားအားထုတ်တတ်သူကိုသာ ရဟန်းဝတ်ခွင့်ပေးရပါလိမ့်မယ်။ စတုတ္ထအချက်က သံဃာတဦးချင်းကို မလှူဘဲ သံဃိကပစ္စည်းအဖြစ် လှူဒါန်းဖို့ဖြစ်တယ်။ ပဉ္စမအချက်က တနေရာမှာ (၂) နှစ်ထက်ပိုပြီး မနေရဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။

လွတ်လပ်ရေးရချိန်မှာ ငှက်တွင်းကျောင်း (၂၀၀) လောက်နဲ့ သံဃာ (၁,၄၀၀) ကျော်ရှိပြီး ကိုးကွယ်တဲ့ ဒကာဒကာမ (၁) သိန်း လောက်ရှိတယ်လို့ ခန့်မှန်းတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဘုန်းကြီးအချင်းချင်း ထိန်းသိမ်းတာမျိုး အရေးယူတာမျိုးပဲရှိတယ်။ ဘာသာရေးမှာ အာဏာပြတာဟာ အာဏာရူးမြန်မာပြည်ပဲရှိတယ်။ တကယ်တော့ သံဃာတော်တွေကို စော်ကားမော်ကားလုပ်ပြီး အနိုင်ကျင့်ဖို့ စစ်ဗိုလ်တွေကို လက်ထပ်သင်ပေးခဲ့သူဟာ ဗိုလ်နေ၀င်းပါ။ သံဃာတွေရဲ့ နိုင်ငံရေးအစဉ်အလာနဲ့ ဒီမိုကရေစီကျတဲ့ ဗုဒ္ဓဘာသာဓလေ့ဟာ အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်လို့ ဗိုလ်နေ၀င်းက မြင်တယ်။ ဗိုလ်နေ၀င်းက သံဃာတွေ သူ့အမိန့်နာခံအောင် သံဃာ့အဖွဲ့ဥပဒေကို ရေးဆွဲဖို့ ၁၉၆၅ ခုနှစ်မှာ ကြိုးစားတဲ့အခါ နာမည်ကြီး ဘုန်းကြီးကျောင်းတွေက မပါဘူး။ သံဃာတော်တပါးချင်းအနေနဲ့ ဗိုလ်နေ၀င်းရဲ့ မှော်ဘီသံဃာ့ညီလာခံက ချမှတ်တာတွေ တရားမ၀င်ကြောင်း ကြေညာတဲ့အတွက် ဗိုလ်နေ၀င်း အကြံမအောင်ဘဲ ဖြစ်သွားတယ်။ အဲဒီအခါမှာ သံဃာတွေကို နိုင်ငံရေးလုပ်မှု၊ ဘာသာရေးအလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးပါတယ်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားတဲ့ ဦးသန့်ဈာပနအရေးအခင်းမှာလည်း သံဃာတွေ အသတ်ခံရပြန်ပြီး အပါး (၆၀၀) ကျော် အဖမ်းခံလိုက်ရတယ်။ မဆလပါတီနဲ့ စစ်တပ်ကို ဝေဖန်ရှုတ်ချတဲ့ သံဃာတွေကို ထောက်လှမ်းရေးက စောင့်ကြည့်ပြီး အခွင့်သာတာနဲ့ နာမည်ပျက်အောင် လုပ်တော့တာပါပဲ။ ၁၉၇၆ ခုနှစ်က ဆရာတော် ဦးလာဘကို လူသတ်မှု၊ လူသားစားမှုနဲ့ လုပ်ကြံစွပ်စွဲလိုက်တာဟာ သံဃာတွေကို နှိမ်နင်းမယ့် ရှေ့ပြေးလက္ခဏာ ပါပဲ။ သံဃာ့လောကမှာ မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေလို့ စစ်တပ်က ၀င်ထိန်းရပါတယ်ဆိုတဲ့ ပုံစံမျိုးရောက်သွားအောင် ထောက်လှမ်းရေးက အကွက်ဆင်တာပဲ။ ပြည်သူလူထုလည်း လန့်ဖြန့်သွားအောင် သံဃာလောကလည်း သိက္ခာကျသွားအောင် ထောက်လှမ်းရေးက အကွက်ဆင်လိုက်တာပါပဲ။ သိက္ခာတက်နေတဲ့ သံဃာကို နှိမ်ရခက်တာကြောင့် မနှိမ်ခင်မှာ သိက္ခာကျအောင် လုပ်တာပါ။

၁၉၇၈ ခုနှစ်မှာလည်း ကိုယ်ရင်တွေ ရဟန်းတွေကို ဖမ်းဆီး လူဝတ်လဲခိုင်းပြီး ထောင်ချပါတယ်။ တချို့သံဃာတွေကို အဲဒီအချိန်ကတည်းက စစ်တပ်ပေါ်တာအဖြစ် အသုံးပြုနေတာပဲ။ ဘုန်းကြီးကျောင်းတွေကို ပိတ်ပစ်ပြီး ကျောင်းပိုင်ပစ္စည်းကို စစ်တပ်ကသိမ်းတယ်။ အဲဒီနှစ်မှာပဲ ၀ါရင့်ဆရာတော်ကြီး ဦးနာယကဟာ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းခံရပြီး ပျံလွန်တော်မူသွားတယ်။ ဗိုလ်နေ၀င်း မဆလခေတ်တလျှောက်လုံး စစ်တပ်ကိုသာ တောက်လျှောက် အမွန်းတင်လာခဲ့ပြီး သံဃာကိုတော့ အလုပ်မလုပ်တဲ့ တိုင်းပြည်တာဝန်မထမ်းဆောင်တဲ့ အရာမရောက်တဲ့ လူတန်းစားသဖွယ် သဘောထားခဲ့တယ်။ ဗိုလ်နေ၀င်းနဲ့ နောက်လိုက်စစ်ဝါဒီတွေ စိတ်ထဲမှာတော့ သံဃာဟာ စစ်ဗိုလ်လောက် အရေးမကြီးဘူး။ ဒါကြောင့် သံဃာအားလုံး စစ်ဗိုလ်အမိန့်နာခံရမယ်လို့ အခုထက်ထိ ယူဆနေတာဖြစ်တယ်။

၁၉၈၈ ပြည်သူ့အရေးတော်ပုံ ချေမှုန်းခံရပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရကို ထောက်ခံအားပေးတဲ့ အစိုးရအကျိုးပြုဗုဒ္ဓဘာသာနဲ့ ပြည်သူ့ဘ၀သာယာရေးဦးစားပေးတဲ့ ပြည်သူ့အကျိုးပြုဗုဒ္ဓဘာသာဆိုပြီး ဘာသာရေးလှုပ်ရှားမှု နှစ်ရပ်ပေါ်ပေါက်လာပုံကို အမေရိကန်နိုင်ငံ Arizona ပြည်နယ်တက္ကသိုလ် ဘာသာရေးဌာနက အမျိုးသမီးပါမောက္ခ Juliane Schober က သုတေသန စာတမ်း ရေးထားတာရှိတယ်။ ငွေကုန်ကြေးကျခံပြီး ဘာသာရေးအခမ်းအနားတွေကျင်းပပြီး စစ်အစိုးရလုပ်တာ မှန်ကန်ကြောင်း၊ တရားဝင်ကြောင်း ဆီလျော်ကြောင်း ဦးကုမာရလို ပြောတာမျိုးဟာ အစိုးရအကျိုးပြုဗုဒ္ဓဘာသာဖြစ်တယ်။ လူသားချင်းစာနာမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ တရားအားထုတ်မှု၊ မိမိကိုယ်မိမိအားကိုးမှု စတာတွေကို အဓိကထားတာဟာ ပြည်သူ့အကျိုးပြု ဗုဒ္ဓဘာသာဖြစ်တယ်။ ငှက်တွင်းဂိုဏ်းနဲ့ ဦးတည်ချက်ချင်းတူနေတယ်။

ပြည်သူ့အကျိုးပြုဗုဒ္ဓဘာသာဟာ ကိုယ်ကျင့်တရား၊ သီလ၊ သမာဓိကို အခြေခံပြီး ပြည်သူကို နှိပ်စက်တဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ အဲဒါကို ထေရ၀ါဒမစစ်ဘူးလို့ အကြောင်းပြပြီး ဓမ္မစက်၊ အာဏာစက်တွေသုံး၊ ဘာသာရေးအလွဲသုံးစား လုပ်တယ်ဆိုပြီး နှိမ်နင်းဦးမလား မသိဘူး။

ဘာသာရေးမှာ အစိုးရစွက်ဖက်ခွင့်မရှိ

ဦးအောင်ခင် / ၂၄ မေ ၂၀၁၀


ကိုးကွယ်ယုံကြည်မှု (သို့မဟုတ်) ဘာသာရေးဟာ လူ့ဘ၀မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာ ကြာလှပါပြီ။ ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားလို့ တိုက်ခိုက်သတ်ဖြတ်နေကြတာ ဒီကနေ့အထိ အဆုံးမသတ်နိုင်သေးပါဘူး။ ဥရောပသမိုင်းမှာ ဘာသာရေးကြောင့် ဖြစ်ပွားတဲ့ စစ်ပွဲတွေ အများကြီးရှိတယ်။ မွတ်စလင်နဲ့ ခရစ်ယာန်ဖြစ်ပွားတဲ့ ခရူးဆိတ် (Crusades) စစ်ပွဲကို လူသိများတယ်။ ခရစ်ယာန်အချင်းချင်း တိုက်ခိုက်တဲ့ ဘာသာရေးစစ်ပွဲတွေလည်း ရှိတယ်။ ဒီအထဲမှာ အနှစ် (၃၀) စစ်ပွဲဟာ နာမည်ကြီးတယ်။ အိန္ဒိယမှာလည်း အကြမ်းဖက်တဲ့ ဘာသာရေးပဋိပက္ခတွေ ဒီကနေ့အထိ ရှိနေတုန်းပဲ။ လူများစု ကိုးကွယ်တဲ့ဘာသာက လူနည်းစုကို ကိုးကွယ်တဲ့ဘာသာကို လွှမ်းမိုးလေ့ရှိတာကြောင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို အာရုံစိုက်လာကြတယ်။

မြောက်အမေရိကတိုက်မှာ (၁၇) ရာစုအစောပိုင်းက လာရောက်အခြေစိုက်ကြတဲ့ အင်္ဂလိပ်နဲ့ ဥရောပတိုက်သားတွေဟာ ဘာသာရေးလွတ်လပ်မှုကို လိုချင်တဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ခရစ်ယာန် ဘာသာယုံကြည်ကိုးကွယ်မှုအမျိုးမျိုး ရှင်သန်လာတယ်။ ဘာသာရေးနဲ့ အစိုးရဟာ တသီးတခြားစီ ဖြစ်ရမယ်ဆိုတဲ့ မူဝါဒကို အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် ဓမ္မဆရာ Billy Graham ရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် နိုင်ငံလုံးဆိုင်ရာ ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်ဖို့ ကွန်ဂရက်လွှတ်တော်က ၁၉၅၂ ဧပြီလ (၁၇) ရက်နေ့မှာ ဥပဒေပြုလိုက်တယ်။ သမ္မတလုပ်သူက သတ်မှတ်လိုက်တဲ့ နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့မှာ တပြည်လုံး ဘုရားရှိခိုးကြဖို့ ဖြစ်တယ်။ အမေရိကန်အခြေခံဥပဒေ ရေးဆွဲသူတွေလည်း ကွန်ဂရက်မှာ ဘုရားရှိခိုးဆုတောင်းခဲ့တယ်လို့ဆိုတယ်။

ဒါကြောင့် ၁၉၅၂ ခုနှစ်ကစပြီး အမေရိကန်သမ္မတအားလုံးဟာ နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ကို နှစ်စဉ်သတ်မှတ်ပေးတယ်။ ၁၉၈၈ ကစပြီး မေလမှာ ပထမဆုံးဖြစ်တဲ့ ကြာသပတေးနေ့ကို ဘုရားရှိခိုးဆုတောင်းနေ့အဖြစ် သတ်မှတ်ကြောင်း အိမ်ဖြူတော်က ကြေညာရတယ်။ ဒီလိုနှစ်စဉ် ကြေညာတာဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ Wisconsin ပြည်နယ် ဖက်ဒရယ်တရားသူကြီးက ဧပြီလ (၁၅) ရက်နေ့က စီရင်ချက်ချမှတ်တယ်။ ဘာသာရေးဟာ အစိုးရနဲ့ မဆိုင်ကြောင်း ပြသလိုက်တာပါပဲ။ ဘာသာရေးမှ ကင်းလွတ်ရေးဖောင်ဒေးရှင်း Freedom from Religion Foundation (FFRF) က ဘုရားရှိခိုးဆုတောင်းနေ့သတ်မှတ်တာဟာ အခြေခံဥပဒေနဲ့ မညီကြောင်း လျှောက်ထားပြီး အမေရိကန်သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးကို ၂၀၀၈ အောက်တိုဘာလမှာ တရားစွဲတယ်။

သမ္မတ Bush နဲ့ ပြန်ကြားရေးဝန်ကြီး Dana Perino ကို တရားစွဲတာဖြစ်ပေမယ့် တရားရုံးက စီရင်ချက်ချချိန်မှာ သမ္မတ Obama နဲ့ ပြန်ကြားရေးဝန်ကြီး Robert Gibbs တို့လက်ထက်ရောက်နေတာကြောင့် သူတို့က တရားရှုံးသလို ဖြစ်သွားတယ်။ ဒါကို မကျေနပ်တဲ့အတွက် Obama က အယူခံဝင်ထားတယ်။ အယူခံဝင်ချိန်မှာ ကြေညာခွင့် ရှိတယ်လို့ ဆိုတာကြောင့် မေလ (၆) ရက်နေ့ကို နိုင်ငံတော် ဘုရားရှိခိုးဆုတောင်းနေ့အဖြစ် အိမ်ဖြူတော်က ကြေညာတယ်။ ဒါပေမယ့် သမ္မတ Bush လို အိမ်ဖြူတော်မှာ တခမ်းတနား ဆုတောင်းစည်းဝေးကျင်းပတာမျိုး မလုပ်တော့ဘူး။

နှစ်ပေါင်း (၆၀) နီးပါးရှိလာတဲ့ သမ္မတရဲ့ လုပ်ဆောင်ချက်တခုကို အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ စီရင်ချက်ချသူဟာ Wisconsin ပြည်နယ်က အမျိုးသမီး Federal တရားသူကြီး Barbara Crabb ဖြစ်ပါတယ်။ သူ့ရဲ့ စီရင်ထုံးဟာ (၆၆) မျက်နှာရှိတယ်။ ဒီစီရင်ထုံးကို နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်ရေးအဖွဲ့က မကျေမနပ်ဖြစ်ပြီး ပျက်ပြယ်အောင် ကြိုးပမ်းနေတယ်။ သမ္မတ Obama ဟာ ဘာသာရေးဆိုင်ရာအငြင်းပွားမှုကို ရင်ဆိုင်ခဲ့ရဖူးတယ်။ Obama ဟာ ငယ်စဉ်က ဘာသာရေးနဲ့ မပတ်သက်ခဲ့ဘဲ ကြီးမှခရစ်ယာန်ဘာသာဝင်ဖြစ်လာသူလို့ ပြောကြတယ်။ Obama မိသားစုဟာ ၀ါရှင်တန်ကို ပြောင်းလာကတည်းက ဘုရားရှိခိုးကျောင်းကို မှန်မှန်သွားနိုင်တာမဟုတ်ဘူးလို့လည်း ဆိုတယ်။

နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်တာဟာ အစဉ်အလာတခုအနေနဲ့ လုပ်တာပါလို့ သမ္မတ Obama ဘက်က အကြောင်းပြတာကို တရားသူကြီး Barbara Crabb က လက်မခံပါဘူး။ ၁၉၅၂ မှာ ဥပဒေပြဋ္ဌာန်းပြီး နှစ်စဉ်ဆောင်ရွက်တဲ့ ကိစ္စဟာ ရိုးရာအစဉ်အလာမဟုတ်ဘူးလို့ ဆိုပါတယ်။ ယခင် သမ္မတတွေဖြစ်တဲ့ Thomas Jefferson, James Madison, Andrew Jacson တို့ဟာ ဆုတောင်းနေ့ သတ်မှတ်တာကို လက်မခံကြဘူးလို့လည်း စီရင်ထုံးမှာ ကိုးကားထားတယ်။ နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်တာကို ပယ်ဖျက်တာနဲ့ ဘုရားရှိခိုးဆုတောင်းမှုကို တန်ဖိုးထားတာနဲ့ တခြားစီဖြစ်နေတာကိုလည်း စီရင်ထုံးမှာ ရှင်းပြထားတယ်။ တပြည်လုံး ဘုရားရှိခိုးဆုတောင်းရမယ့်နေ့ရယ်လို့ သမ္မတက သတ်မှတ်ပေးတာဟာ အထင်မှားအမြင်မှား ဖြစ်စေပါတယ်။

ခရစ်ယာန်ရဲ့ လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံတော်ဘုရားရှိခိုးနေ့ဟာ သဘောထား ကွဲလွဲမှုကိုသာ ကြီးမားစေတယ်လို့ ဆိုပါတယ်။ ဂျူးဘာသာဝင်တစုက ဒီကိစ္စဟာ တရားမျှတမှု မရှိကြောင်း ၂၀၀၈ က စောဒကတက်တယ်။ ဘုရားရှိခိုးဆုတောင်းတာကို အစိုးရက ထောက်ခံအားပေးတယ်ဆိုရင် ခရစ်ယာန်တင်မကဘဲ မွတ်စလင်နဲ့ ဂျူးအတွက်လည်း လုပ်ဆောင်ပေးရပါလိမ့်မယ်။ ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်ရေးဥပဒေဟာ လူမှုရေးအရ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲ ဆုတောင်းရေးသက်သက် ဥပဒေဖြစ်တယ်လို့ တရားသူကြီး Crabbs က ဆိုပါတယ်။ နိုင်ငံသားတစုရဲ့ ယုံကြည်ကိုးကွယ်မှုကို အစိုးရက ထောက်ခံအားပေးပိုင်ခွင့် မရှိဘူးလို့ ဆုံးဖြတ်ထားတဲ့ တရားရုံးချုပ် တရားသူကြီး Sandra Day O’Conner ရဲ့ စီရင်ထုံးကိုလည်း ကိုးကားထားတာတွေ့ရတယ်။

အမေရိကန်အစိုးရဟာ ဘာသာရေးကိစ္စမှာ ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူးဆိုတာကို တရားစီရင်ထုံးတွေက သက်သေပြလိုက်တာ ဖြစ်တယ်လို့ ဘာသာရေးမှ ကင်းလွတ်ရေးဖောင်ဒေးရှင်း FFRF ရဲ့ ရှေ့နေက ဆိုတယ်။ ဘာသာရေးကိစ္စမှာ အစိုးရဟာ ကြားနေသင့်တယ်ဆိုတဲ့ FFRF ရဲ့ အယူအဆကို တရားရုံးက အနိုင်ပေးလိုက်တာဖြစ်တယ်။ အမေရိကန်အခြေခံဥပဒေ ရေးဆွဲသူတွေဟာ ညီလာခံမှာ ဘုရားရှိခိုးဆုတောင်းတယ်ဆိုတဲ့ မှားယွင်းတဲ့ သမိုင်းအချက်အလက်ပေါ်မှာ အခြေခံပြီး ၁၉၅၂ မှာ ကွန်ဂရက်လွှတ်တော်က “ဘုရားရှိခိုးဆုတောင်းနေ့” သတ်မှတ်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ဖြစ်တယ်။ FFRF အနိုင်ရသွားတာဟာ မရှိခဲ့တဲ့ သမိုင်းအစဉ်အလာကို ပယ်ဖျက်ခြင်းသာဖြစ်တယ်လို့ ဆိုတယ်။

၁၇၇၄ ခုနှစ် စက်တင်ဘာလမှာ ပထမဆုံးအကြိမ် ကွန်ဂရက်လွှတ်တော်ကျင်းပတဲ့အခါ ကိုယ်စားလှယ် Thomas Cushing
က ဘုရားရှိခိုးဆုတောင်းပြီး ညီလာခံကိုဖွင့်ဖို့ အဆိုပြုတယ်။ အဲဒီအခါမှာ နောင်အခါ တရားသူကြီးချုပ်တွေ ဖြစ်လာမယ့် ကိုယ်စားလှယ်နှစ်ဦး (John Jay & John Rutledge) က ကန့်ကွက်တယ်။ ကွန်ဂရက်လွှတ်တော်မှာ ဘာသာရေးခံယူချက် အမျိုးမျိုးရှိနေတဲ့အတွက် ဒီလိုဆုတောင်းခိုင်းတာမျိုးမလုပ်သင့်ဘူးလို့ ဆိုတယ်။ ဘုရားရှိခိုးဆုတာင်းပွဲ မလုပ်ဖြစ်တာကို စက်တင်ဘာ (၁၆) ရက် ၁၇၇၄ မှာ John Adams က Abigail Adams ရေးတဲ့စာမှာ ဖော်ပြထားကြောင်း တရားသူကြီး Barbara Crabb ရဲ့ စီရင်ထုံးအဖွင့်မှာ ရေးထားတာမို့ ၁၉၅၂ ဘုရားရှိခိုးဆုတောင်းဥပဒေဟာ မှားတဲ့ သမိုင်းအချက်အလက်မှာ အခြေခံတာကို သိသာထင်ရှားတယ်။

အမေရိကန်နိုင်ငံ တည်ထောင်တာ သိပ်မကြာသေးတော့ အစိုးရနဲ့ ဘာသာရေး ကင်းရှင်းအောင် လုပ်ရတာ လွယ်သလို ဖြစ်နေတယ်။ ဥရောပမှာတော့ ရောမအင်ပါယာခေတ်ကတည်းက ဘာသာရေးနဲ့ အစိုးရ ရောထွေးယှက်တင်ဖြစ်လာတယ်။ ရာစုနှစ်ပေါင်းအတော်ကြာမှ ဘုရားကျောင်းအလုပ်နဲ့ အစိုးရအလုပ်ကို ခွဲခြားသိမြင်လာကြတယ်။ Catholic ဘုရားကျောင်းရဲ့ သြဇာအာဏာကို တွန်းလှန်တဲ့ Protestant ၀ါဒ ခေတ်စားတဲ့ဒေသမှာ ဒီမိုကရေစီ ပထမဆုံးထွန်းကားတာ တွေ့ရတယ်။ Protestant ခရစ်ယာန်တွေများလေလေ ဒီမိုကရေစီ အားကောင်းလေလေဆိုတာကို တွေ့ရတဲ့အတွက် ဘာသာရေးပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီထွန်းကားမှုဟာ ဆက်စပ်နေတာ ထင်ရှားတယ်။ Catholic ဘုရားကျောင်းဟာ နောက်ပိုင်းမှ ပြည်သူ့လွတ်မြောက်ရေးကို အားပေးလာတာ။ အရင်ကတော့ အာဏာရှင်နဲ့ ဝေစားမျှစားပေါ့။

မြန်မာပြည်မှာလည်း မင်းနဲ့သံဃာ လျာနဲ့သွားလိုဖြစ်လာတာ ပုဂံခေတ်ကတည်းကပဲ။ အစိုးရနဲ့ သံဃာ အပေးအယူလုပ်တာတွေ အများကြီးရှိတယ်။ (၁၆) ရာစု အင်းဝမင်း သိုဟန်ဘွားက ဘုရားဌာပနာဖောက်ပြီး ဘုန်းကြီးတွေကို သတ်လို့ ဗမာတွေ ပုန်ကန်တာမျိုး ရှိခဲ့ဖူးပေမယ့် များသောအားဖြင့်ကတော့ ဘုရင်ဟာ ဘုန်းကြီးကို မရိုမသေ မလေးမစား မလုပ်တဲ့အတွက် သံဃာဟာ အထိုက်အလျောက် ပြောရေးဆိုခွင့်ရှိတယ်။ ဘုန်းကြီးက ကြားဝင်ပေးလို့ အသိမ်းခံရတဲ့ လယ်မြေ ပြန်ရတာမျိုး ရှိသလို သေဒဏ်ကျခံပြီးမှ လွတ်မြောက်သွားသူတွေလည်းရှိတယ်။ ဘုန်းကြီးက ပြစ်မှုကျူးလွန်ရင် ကျူးလွန်တဲ့ ဘုန်းကြီးကို ၀ါရင့်သံဃာအဖွဲ့က အရင်ဆုံးစစ်ဆေးတယ်။ အပြစ်ရှိကြောင်း တွေ့ရှိရတဲ့အခါမှာ သင်္ကန်းချွတ်ပြီး အစိုးရအာဏာပိုင်လက်ကို လွှဲပေးလိုက်တယ်။

ဘုရားတည်၊ ကျောင်းဆောက်၊ ရေကန်တူး၊ တူးမြောင်းဖောက်၊ မြို့သစ်တည်ဆောက် စတဲ့ ကိစ္စတွေကို ဘာသာရေးအမြင်နဲ့ လုပ်တာဖြစ်တယ်။ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ဗမာမင်းက ယူဆတဲ့အတွက် သံဃာတွေကို ဖိနှိပ်တာမျိုး မလုပ်ကြပါဘူး။ ဒါပေမယ့် ‘ရာဇတောဝါ’ မင်းဆိုးမင်းညစ် အန္တရာယ်ကာကွယ်ပေးဖို့ ပရိတ်ကြီးပါဠိတော်မှာ သမ္မာဒေ၀- နတ်ကောင်းနတ်မြတ်ကို ဆုတောင်းတာကိုကြည့်ရင် မင်းဆိုးမင်းညစ်ကို သံဃာက လက်မခံတာ ထင်ရှားတယ်။

၂၀၀၈ နအဖအခြေခံဥပဒေ ပုဒ်မ (၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄) ဟာ ဘာသာရေးနဲ့ဆိုင်တယ်။ ဗုဒ္ဓဘာသာကို ဂုဏ်ထူးဝိသေသနနဲ့ ပြည့်စုံတဲ့ ဘာသာအဖြစ် အစိုးရက အသိအမှတ်ပြုပြီး ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ နတ်ကိုးကွယ်မှု အစိုးရက အသိအမှတ်ပြုတယ်လို့ ဆိုတယ်။ အခြားဘာသာတွေကိုတော့ ဂုဏ်ထူးဝိသေသနနဲ့ ပြည့်စုံတယ်လို့ ဖော်ပြမထားပါဘူး။ အခြေခံဥပဒေရေးပုံဟာ ဘက်လိုက်နေမှန်း သိသာတယ်။ အသိအမှတ်ပြုတဲ့ဘာသာတွေကို အစိုးရက တတ်နိုင်သမျှ ကူညီစောင့်ရှောက်မယ်လို့လည်း ရေးထားတာမို့ ဘာသာတိုင်းမှာ အစိုးရ စွက်ဖက်ခွင့်ရှိသလို ဖြစ်နေတယ်။ နိုင်ငံရေးကိစ္စအတွက် ဘာသာသာသနာကို အလွဲသုံးစားမလုပ်ရဘူးလို့လည်း ပုဒ်မ (၃၆၄) က ဆိုတယ်။

မေလ (၈) ရက်နေ့က ကြပ်ပြေးသန်းရွှေရဲ့ တပည့်တွေဖြစ်တဲ့ မောင်အေး၊ သိန်းစိန်၊ တင်အေး၊ မြင့်လှိုင်၊ ဉာဏ်ထွန်း၊ မြတ်ဟိန်း စတဲ့ နအဖစစ်ဗိုလ်တွေက သံဃာတွေကို ဘွဲ့တံဆိပ်ချီးမြှင့်တဲ့ သတင်း နအဖသတင်းစာတွေမှာ ဓာတ်ပုံနဲ့တကွ အကြီးအကျယ်ဖော်ပြတယ်။ မြန်မာပြည်မှာ သံဃာသုံးသိန်းလောက်ရှိမယ်လို့ ခန့်မှန်းတာကြောင့် အသတ်ခံရသူက အများစု၊ မြှောက်စားခံရသူက အနည်းစုဖြစ်နိုင်တယ်။ ဗမာဘုရင်လက်ထက်ကစပြီး ဒီကနေ့အထိ ဗမာအစိုးရမင်းတွေဟာ နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အသုံးပြုကြတယ်။ ဗုဒ္ဓဘာသာကို တကယ်ယုံကြည်သူဆိုရင် တရားအားထုတ်ပြီး အေးအေးဆေးဆေးနေမှာပေါ့၊ ဘုန်းကြီးကို သတ်လိုက်ဖြတ်လိုက် မြှောက်စားလိုက် လုပ်မှာမဟုတ်ပါဘူး။

ကိုယ်ထူကိုယ်ထ ဒီမိုကရေစီကျတဲ့ ဗုဒ္ဓ၀ါဒဟာ ဗမာမင်းနဲ့တွေ့တော့မှ ပုံပျက်ပန်းပျက် ဖြစ်ကုန်တယ်။ ကိုယ်လုပ်မှကိုယ်ရတဲ့ ဗုဒ္ဓ၀ါဒအနှစ်သာရကို ပြည်သူတွေနားလည်ရင် အာဏာရှင်စနစ်ကို လက်ခံမှာမဟုတ်ဘူး။ သံဃာဦးဆောင်ပြီး ဗမာဗုဒ္ဓဘာသာ ပြုပြင်ရေးလုပ်ရင် အောင်မြင်ဖွယ်ရှိပါတယ်။ အခြေခံယုံကြည်ချက်ခိုင်မာမှ ဒီမိုကရေစီတည်ဆောက်နိုင်တာကို ဥရောပနဲ့ အမေရိကန်သမိုင်းက သက်သေပြနေပါတယ်။