Showing posts with label နိုင်ငံတကာ ဆက်ဆံရေး (မြန်မာနှင့်). Show all posts
Showing posts with label နိုင်ငံတကာ ဆက်ဆံရေး (မြန်မာနှင့်). Show all posts

Wednesday, June 23, 2010

သူခိုးကလူလူဟစ်နေတာ ဘာကြောင့်လဲ

ဦးအောင်ခင် / ၀၉ ဇွန် ၂၀၀၉


တိုင်းသူပြည်သားကို သေနတ်နဲ့ပစ်ရုံတင်မကဘဲ ကြံ့ဖွံ့နဲ့စွမ်းအားရှင် လို လူမိုက်အဖွဲ့တွေမွေးပြီး အကြမ်းဖက်နေတဲ့ ဗမာစစ်အစိုးရက တရားဥပဒေစကားပြောတာဟာ “သူခိုးကလူလူဟစ်” နေတာနဲ့ အတူတူပဲ။ အသက် (၇၀) ကျော် နေတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေး အငြိမ်းစားမယူတာ စစ်စည်းကမ်းကို လေးစားတာလား။ စစ်မှုထမ်းဥပဒေ စည်းကမ်းချိုးဖောက်သူက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ တည်ဆောက်မယ်လို့ ဆိုတာဟာ “ခွေးပါးစပ်က နတ်စကား” ထွက်တာပဲ။ ခွေးကိုတော့ အားနာပါရဲ့။

နိုင်ငံတော်ဘေးအန္တရာယ်ကာကွယ်ရေး ဥပဒေပုဒ်မ (၁၀) (က)နဲ့ (ခ) အရ ဒေါ်စုကို အကျယ်ချုပ် ချပိုင်ခွင့်ရှိကြောင်း ရဲမှူးချုပ် မြင့်သိန်းက မေလ (၂၆) ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ အကျယ်ချုပ် (၅) နှစ်ပြည့်ခါနီးမှာ ဥပဒေချိုးဖောက် ၀င်ရောက်တဲ့ အမေရိကန်နိုင်ငံသားကို (၂) ရက်နေထိုင်ခွင့်ပြုလို့ ဒေါ်စုကို တရားစွဲရတာဆိုပဲ။ ဒေါ်စုအမှုကို စစ်ဆေး ကြားနာရာမှာ နိုင်ငံခြားသံတမန်-နိုင်ငံခြားနဲ့ ပြည်တွင်းသတင်းသမား (၉၁) ဦးကို ကြည့်ရှုခွင့် ပေးတာကိုကြည့်ရင် ပိုင်ပြီလို့ တွက်ထားပုံရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချတိုင်း လွှတ်ပေးဖို့ တကမ္ဘာလုံးက ပြောတယ်။ ဒေါ်စုရဲ့ နိုင်ငံရေး သက်တမ်းမှာ အကျယ်ချုပ်ကျနေတဲ့အချိန်က အများစုပါ။ နေအိမ်မှာ ကြိုက်သလောက်ချုပ်ထားရင် အမှုစစ်စရာ မလိုတော့ဘူးလို့ ယူဆပြီး ချုပ်ထားတာပဲ။ ဒေါ်စုကိုလွှတ်လိုက်ရင် လူထုအုံကြွမှုကြီးဖြစ်လာမှာကို ကြပ်ပြေးစစ်ဗိုလ်တွေ သေမလောက် အောင် ကြောက်ကြတယ်။

အခုတော့ စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေလည်းပြီးပြီ။ ရှေ့နှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး သူခိုးကို အစိုးရဖြစ် အောင် လုပ်တော့မယ်။ အာဆီယံလူ့အခွင့်အရေးဆွေးနွေးပွဲကိုလည်း ကြပ်ပြေးတွင် ဇွန်လဆန်းပိုင်းမှာ ကျင်းပထား တယ်ဆိုတော့ ဒေါ်စုကို တရားဥပဒေအရ ထိန်းသိမ်းကြောင်း ပြဖို့လိုလာပြီလို့ စစ်အုပ်စုဘက်က ယူဆတာလည်းဖြစ် နိုင်တယ်။ ဘယ်လိုဖြစ်ဖြစ် ဒေါ်စုကိစ္စမှာ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းက ဒေါသထွက်တာအမှန်ပဲ။

ဒါပေမယ့် ကြပ်ပြေးစစ်ဗိုလ်တွေဟာ ဘယ်သူ့ကိုမှ အရေးစိုက်ပုံမရဘူး။ တရုတ်နဲ့ အာဆီယံအရိပ်အာဝါသကို ခိုလှုံလိုက်ကတည်းက ကြပ်ပြေးစစ်ဗိုလ်တွေဟာ ရှေ့မျက်နှာနောက်ထားပြီး သူတို့ကိုယ်သူတို့ ခုခံပြောဆိုလာကြတယ်။ အနှစ် (၂၀) လုံးလုံး ဝေဖန်ရှုတ်ချ အရေးယူခံနေရတဲ့ကြားက အသိအမှတ်ပြုခံလာရတာကို သဘောပေါက်လို့ ကြပ်ပြေးဗိုလ်ချုပ်တွေဟာ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းမှာ ဇက်ရဲလက်ရဲ ဖြစ်လာတာပဲ။

ဒေါ်စုကို လွှတ်ပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုထားတာကို သတိရဖို့နဲ့ အာဆီယံအဖွဲ့ဝင်အနေနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့ ဗမာစစ်အစိုးရမှာ တာဝန်ရှိကြောင်း အာဆီယံဥက္ကဋ္ဌက မေလ (၁၉) ရက်နေ့ ကြေညာချက်ထုတ်တယ်။ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့ပြဿနာကို မြန်မာပြည်သားတွေက ဖြေရှင်းဖို့ တရုတ်အစိုးရကလည်း ပြောတယ်။ ဒါပေမယ့် ပန်ကြားမှု၊ တိုက်တွန်းမှု၊ တောင်းဆိုမှု စတာတွေကို ကြပ်ပြေးဗိုလ်ချုပ်က လက်ခံတာမဟုတ်ဘူး။ လက်မခံလည်း ဘယ်သူကမှ ထိထိရောက်ရောက် အရေးယူနိုင်တာမဟုတ်တော့ အချိန်တန်ရင် ကြပ်ပြေးဗိုလ်ချုပ်ဟာ အစည်းအဝေး တက်မှာပါပဲ။

ဗမာစစ်သူခိုးကို အရောဝင်လိုက်တဲ့အတွက် လူပုံအလယ်မှာ မဟားတရားပြောနေတာပဲ။ “ခွေးကလေးအရောဝင် ပါးလျက်နားလျက်” ဆိုတဲ့ ဗမာစကားပုံလိုဖြစ်နေတယ်။ အရင်တုန်းက အာရှဥရောပ ASEM အစည်းအဝေးမှာ ဗမာစစ်အစိုးရကို တက်ခွင့်မပေးဘူး။ ဗမာစစ်အစိုးရကို နိုင်ငံရေးသူခိုး၊ နိုင်ငံရေးခါးပိုက်နှိုက်၊ နိုင်ငံရေးဓားပြလို့ သတ်မှတ်ထားတယ်။ အခုတော့ အာရှဥရောပအစည်းအဝေးဟာ ဗမာစစ်အစိုးရအဖို့ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ မေလ (၂၅) နဲ့ (၂၆) ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ အာရှဥရောပ ASEM နိုင်ငံခြားရေးဝန်ကြီးများရဲ့ (၉) ကြိမ်မြောက်အစည်းအဝေးကို ဗမာတက်တယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ မေလ (၂၇) ရက်နဲ့ (၂၈) ရက်က ကျင်းပတဲ့ အာဆီယံ-အီးယူ ၀န်ကြီးအဆင့် ဆွေးနွေးပွဲမှာ ဒု-နိုင်ငံခြားရေးဝန်ကြီး မောင်မြင့်က ဒေါ်စုလွှတ်ရေးမလွှတ်ရေးကိစ္စဟာ စစ်အစိုးရနဲ့မဆိုင်ဘဲ တရားရုံးနဲ့သာဆိုင်ကြောင်း၊ မြန်မာပြည်က တရားရုံးတွေဟာ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိကြောင်း ပြောတယ်။ မဟုတ်မှန်း၊ ဗြောင်လိမ်နေမှန်းသိရက်နဲ့ နားထောင်ကြရတယ်။

မေလကုန် စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေးညီလာခံကို ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့် တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးအပြစ်ပေးဖို့ ကြိုးပမ်းနေတဲ့ စစ်အစိုးရအပြုအမူကို ကာကွယ်ပြောဆိုတယ်။ အံ့သြစရာက လန်ဒန်မှာအခြေစိုက်ပြီး အမေရိကန်နဲ့စင်ကာပူမှာ ရုံးခွဲတွေဖွင့်ထားတဲ့ IISS-International Institute of Strategic Studies ခေါ် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာနကပါ ဗမာစစ်အစိုးရကို အသိအမှတ်ပြုလာ တာပါပဲ။

မဟာဗျူဟာလေ့လာရေးဌာနဟာ ဂုဏ်သိက္ခာရှိတဲ့ တသီးပုဂ္ဂလအဖွဲ့အစည်းဖြစ်ပြီး သက်တမ်း အနှစ် (၅၀) ရှိနေပါပြီ။ မေလကုန်က စင်ကာပူမှာ ကျင်းပတဲ့ လုံခြုံရေးထိပ်သီးဆွေးနွေးပွဲကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Dr. Robert Gates က မေလ (၃၀) ရက်နေ့မှာ မိန့်ခွန်းပြောပြီး ဒုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က (၃၁) ရက်နေ့မှာ မိန့်ခွန်းပြောတယ်။ Dr. Robert Gates က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ စစ်အစိုးရနဲ့ အတိုက်အခံ ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောတယ်။

မေလ (၃၁) ရက်မှာ ပုန်ကန်မှုအောင်နိုင်ရေး အစည်းအဝေးကျင်းပပြီး သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်နဲ့ မြန်မာ ၀န်ကြီးတွေက သူတို့နိုင်ငံက ပုန်ကန်မှုအခြေအနေနဲ့ အစိုးရအောင်ပွဲခံပုံကို ရှင်းပြကြတယ်။ အဲဒီမှာ ဗိုလ်ချုပ်အေးမြင့်က မြန်မာပြည်က လက်နက်ကိုင်လှုပ်ရှားမှုအကြောင်း ပြောရင်း ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေအတိုင်း ရုံးတင်စစ်ဆေးတာ မှန်ကန်ကြောင်း ပြောတယ်။

စဉ်းစားစရာဖြစ်ရတာက ပုန်ကန်မှုကို အောင်နိုင်ကြောင်း တင်ပြတဲ့ညီလာခံ Session on Winning Counter-Insurgency Campaings မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူရတဲ့အကြောင်းကို ပြောတာပါပဲ။ သူပြောပြီးလို့ အမေးအဖြေလုပ်ခန်းရောက်တော့လည်း မေးမြန်းသူမရှိပါဘူး။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ ကမ္ဘာ့ဥပဒေသဘောတရားကို ကျင့်သုံးပြီး ဒေါ်စုကို တရားစွဲရတာဖြစ်တယ်လို့လည်း ပြောလိုက်သေးတယ်။ စစ်သူခိုးက လူလူဟစ်တယ်ဆိုတာ ဒါမျိုးပဲ။ ကြပ်ပြေးဗိုလ်ချုပ်အားလုံး ဥပဒေအထက်မှာနေချင်လို့ ကြပ်ပြေးမှာ ရုံးစိုက်နေတာမဟုတ်ပါလား။

တောင်ကိုရီးယားနိုင်ငံမှာ ဇွန်လဆန်းက ကျင်းပတဲ့ အာဆီယံ၊ တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ၀န်ကြီးချုပ် သိန်းစိန်တက်တယ်။ ဒါကိုအခွင့်ကောင်းယူပြီး ဒီမိုကရေစီမြှင့်တင်ရေးကို မနှေးအမြန်လုပ်ဖို့ သိန်းစိန်ကို တောင်ကိုရီးယားသမ္မတက တိုက်တွန်းလိုက်တယ်။ ဒါမျိုးကတော့ ဗမာစစ်ခွေးအဖို့ ရိုးနေပြီ။ ပြောချင်သလောက် ပြောပါစေ ငတေမာရင် ပြီးတာပဲလေ။

(၁၃) ကြိမ်မြောက် အာဆီယံ လူ့အခွင့်အရေးအစည်းအဝေးကို ကြပ်ပြေးနေပြည်တော်မှာ ဇွန်လ (၃) ရက်က (၆) ရက် အထိ ကျင်းပလိုက်သေးတယ်။ ဗမာစစ်အစိုးရရဲ့ သဘောထားကို ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပင်ညဲရိုးက အသိဆုံးပါ။ ၁၉၉၀ ကစပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေ မြန်မာပြည်ကို (၃၇) ကြိမ်သွားရောက်ပြီး လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးပမ်းခဲ့ပေမယ့် အရာမရောက်ဘူးလို့ ပင်ညဲရိုးက မေလ (၂၈) ရက်နေ့ထုတ် နယူးရောက်တိုင်းစ် သတင်းစာမှာ ဆောင်းပါးရေးထားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက မကျေမနပ်ဖြစ်ပြီး ၀ိုင်းဝန်းဟစ်အော်နေကြ ပေမယ့် တိုင်းရင်းသားလူမျိုးစုတွေကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်ခံနေရတာကိုတော့ အခုလို ကန့်ကွက်ဝေဖန်တာမျိုး မရှိသေးတာကို ပင်ညဲရိုး စိတ်မကောင်းဖြစ်နေပုံရတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လူ့အခွင့်ရေးကောင်စီမှာ မြန်မာ့ရေးရာဆုံးဖြတ်ချက်ပေါင်း (၃၅) ခု ချမှတ်နိုင်ပေမယ့် အာဏာအရှိဆုံး လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် တခုမှ မချနိုင်သေးတာကိုလည်း ပင်ညဲရိုး စိတ်မကောင်းဖြစ်နေပုံရတယ်။ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေ တောင်လိုပုံ နေပေမယ့် လက်တွေ့အရေးယူမယ့်သူ မရှိသရွေ့ ဗမာစစ်သူခိုးက အမြဲတမ်းလူလူဟစ်နေမှာပဲ။

လှိုဏ်ခေါင်းသန်းရွှေနဲ့ ကြွက်တွင်းဂျုံအီး

အောင်ကျော်ခင် / ၁၃ ဇူလိုင် ၂၀၀၉


လူ့ဆက်ဆံရေးမှာ သမဏေန သမဏော ဂေါဏေန ဂေါဏော ဆိုတာရှိတယ်။ ရဟန်းဟာ ရဟန်းအချင်းချင်း ပေါင်းဖက်မိသလို နွားဟာလည်း နွားအချင်းချင်း ပေါင်းဖက်တယ်လို့ ဆိုတာပဲ။ လေကြောင်းက တိုက်ခိုက်မှာကို တွေးကြောက်လို့ နေပြည်တော်မှာ လှိုဏ်ခေါင်းတွေတူးနေတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ လေယာဉ်မစီးရဲလို့ ပြုံယမ်းက မော်စကိုကို ရထားနဲ့သွားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးဟာ အသွင်တူကြတယ်။ ကင်ဂျုံအီးကလည်း ကြွက်လိုပဲ မြေကြီးထဲ တွင်းတူးနေရမှ စိတ်ချမ်းသာတယ်။

လောလောဆယ်တော့ လှိုဏ်ခေါင်းတူးချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဟာ ကြွက်တွင်းထဲမှာနေတဲ့ ကင်ဂျုံအီးကို ဆရာတင်နေရတယ် လေ။ ဥမင်လှိုဏ်ခေါင်းလေ့လာရေးအဖွဲ့ မြောက်ကိုရီးယားကို လွန်ခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းကသွားတယ်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ခေါင်းဆောင်တယ်။ နိုဝင်ဘာ (၂၁) ရက်က ထွက်သွားလိုက်တာ ဒီဇင်ဘာ (၂) ရက်နေ့မှ ပြန်ရောက်လို့ (၁၂) ရက်ခရီးဖြစ်တယ်။ ဒီအဆင့်မြင့်လေ့လာရေးအဖွဲ့ရဲ့ စာပိုဒ် (၈၁) ပိုဒ်ပါ (၃၇) မျက်နှာအစီရင်ခံစာ ပြည်ပစာနယ်ဇင်းလောကကို ရောက်လာတယ်။

ကမ္ဘာ့အပယ်ခံ နှစ်ဦးပူးပေါင်းပြီး ကြပ်ပြေးနေပြည်တော်မှာ လူမသိအောင် လှိုဏ်ခေါင်းတူးတဲ့ လျှို့ဝှက်အစီရင်ခံစာ ပြည်ပရောက်လာတာကိုကြည့်ရင် လှိုဏ်ခေါင်းတူးတာတောင် မလုံခြုံမှန်းသိသာတယ်။ အပယ်ခံအစိုးရအချင်းချင်း ဆက်သွယ်နိုင်အောင် တရုတ်က ကြားပွဲစားလုပ်ပေးတယ်။

သူရရွှေမန်းခေါင်းဆောင်တဲ့ လှိုဏ်ခေါင်းလေ့လာရေးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူတွေကတော့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးမြင့်လှိုင်၊ ဗိုလ်ချုပ်လှဌေးဝင်း၊ ဗိုလ်ချုပ်ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဌေး၊ ဗိုလ်ချုပ်မြ၀င်း၊ ဗိုလ်မှူးချုပ်လှမြင့်၊ ဗိုလ်မှူးချုပ်ကျော်ညွန့်၊ ဗိုလ်မှူးချုပ်ဉာဏ်ထွန်း၊ ဗိုလ်မှူးကြီးတင်အောင်စန်း၊ ဗိုလ်မှူးကြီး ထင်ကျော်သူ၊ ဒု-ဗိုလ်မှူးကြီး မြင့်မော်နဲ့ ဗိုလ်ကြီး (၅) ဦးတို့ဖြစ်ကြတယ်။

နေပြည်တော်လေဆိပ်က အထူးလေယာဉ် ATR 72 နဲ့ ထွက်ခွာတယ်ဆိုပေမယ့် ဒီလေယာဉ်ဟာ ယူနန်နယ် ခုမင်မြို့အထိသာ သွားနိုင်ပုံရတယ်။ ခုမင်ကနေ China Southern Airline CZ 6160 စီးပြီး ဘေဂျင်းကို သွားရတယ်။ အဲဒီမှာတညအိပ်ပြီး နိုဝင်ဘာ (၂၂) ရက် နေ့လယ်မှာ ပြုံယမ်းကို ရောက်သွားတယ်။ (၃) ရက် လေ့လာရေးလုပ်ပြီးတဲ့အခါ နိုဝင်ဘာ (၂၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ သူရရွှေမန်းနဲ့ Kim Gyok Sik တို့က MoU ခေါ် သဘောတူညီချက်ကို လက်မှတ်ထိုးကြတယ်။

ဗမာအဖွဲ့ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အထူးစိတ်ဝင်စားကြတာ တွေ့ရတယ်။ လေယာဉ်ထိန်းချုပ်ရေး Control Room မြေအောက်မှာထားတဲ့စနစ်ကို လေ့လာကြတယ်။ နိုဝင်ဘာ (၂၅) ရက်နေ့မှာ ဥမင်လှိုဏ်ခေါင်းထဲမှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံ Aircraft Hanger ကို လေ့လာတယ်။ ဆိုဗီယက်လုပ် MIG 21 နဲ့ MIG 19 လေယာဉ်တွေထားတာကို ဗမာအဖွဲ့ အားကျတယ်။ ဥမင်လှိုဏ်ထဲ လေယာဉ်တွေထားတာဟာ ငွေကုန်ကြေးကျများပေမယ့် လုံခြုံစိတ်ချရတယ်လို့ ဗမာအဖွဲ့က ယူဆတယ်။

ဗမာအဖွဲ့ အထူးစိတ်ဝင်စားတာဟာ လေကြောင်းရန်ကာကွယ်ရေးဖြစ်တယ်။ ကြပ်ပြေးနေပြည်တော်ဟာ လေကြောင်းက တိုက်ခိုက်တာကို ခံရနိုင်တယ်လို့ စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်နေပုံရပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား လေယာဉ်ပစ် တပ်ဖွဲ့က Anti-Aircraft Unit ရေဒါစနစ်တခုလုံး မြေအောက်မှာ မြှုပ်နှံထားပုံကို လေ့လာကြတယ်။ ရေဒါကျင်းကို အခြမ်းနှစ်ခြမ်းပါအဖုံးနဲ့ အုပ်ထားတယ်။ အဖုံးအပေါ်က သဘာဝပေါက်ပင်တွေစိုက်ပြီး ပုံဖျက်ထားတယ်။ လိုအပ်တဲ့အခါမှ ရေဒါကို စက်နဲ့ မြေပေါ်တင်ပေးပြီး အသုံးပြုတာကို ဗမာအဖွဲ့က သိပ်အားကျတဲ့ပုံပဲ။

မြောက်ကိုရီးယားက အရှေ့ပိုင်းပင်လယ်ထဲကို မကြာမီက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အမျိုးအစားကိုလည်း ဗမာအဖွဲ့က စိတ်ဝင်စားတယ်။ မြေပြင်ပစ် SCUD-D ဒုံးကျည်ဟာ ကီလိုမီတာ (၇၀၀) ပြေးပြီး SCUD-F က ကီလိုမီတာ (၃,၀၀၀) ပြေးတာမို့ ရှိသင့်တဲ့ မဟာဗျူဟာဒုံးလက်နက်တဲ့။

“DPRK ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကြီး၏ ဆေးရည်စိမ်ရုပ်ကလာပ်ထားရှိရာ အဆောင်ကို လေ့လာခဲ့ရာ အဆောက်အဦပုံစံနှင့် လျှပ်စစ်မီးတပ်ဆင်မှုများ၊ လေပေးစနစ်များ လွန်စွာကောင်းမွန်သည်ကို တွေ့ရပါတယ်” လို့ အစီရင်ခံစာမှာ ရေးတာကိုကြည့်ရင် လှိုဏ်ခေါင်းသန်းရွှေကိုလည်း ဆေးစိမ်ပြီး ခေါင်းဆောင်ကြီး ကင်အီဆွန်းလို လုပ်ဖို့ရည်ရွယ်သလားမသိဘူး။ ကင်ဂျုံအီးရဲ့ သားအငယ်ဆုံးကို ကိုရီးယားစစ်ဗိုလ်တွေ ဆလံပေးသလို လှိုဏ်ခေါင်းသန်းရွှေရဲ့မြေးကို ဗမာစစ်ဗိုလ်တွေ အလေးပြုနေရပြီ။

လေယာဉ်-စစ်သင်္ဘောနဲ့ ထိန်းချုပ်ရေးဌာနတွေ ထားရှိမယ့် ဥမင်လှိုဏ်ခေါင်းတွေ ဆောက်လုပ်ရာမှာ ဗမာနဲ့မြောက်ကိုရီးယား စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူကြတယ်။ စစ်ဘက်ရေးရာလုံခြုံရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေး၊ ကိုရီးယားဘာသာစကား သင်ကြားရေး၊ အထူးတပ်ဖွဲ့လေ့ကျင့်ရေး စတာတွေကို ဦးစားပေးဖို့ ဗမာကိုယ်စားလှယ်အဖွဲ့က ကြပ်ပြေးက စစ်ဌာနချုပ်ကို တင်ပြထားတယ်။

ပြုံယမ်းအနီးက အထူးတပ်ဖွဲ့ကို ဗမာအဖွဲ့သွားရောက်လေ့လာပြီး သဘောကျသွားတာ ဖြစ်ပုံရတယ်။ ဓား-တူ-ခရင်း-ပုဆိန်-ရဲဒင်း-ပေါက်ချွန်း စတာတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး တိုက်ခိုက်တဲ့နည်းဖြစ်တယ်။ သေနတ်ကိုမသုံးဘဲ အကြမ်းဖက် တိုက်ခိုက်တဲ့ အထူးတပ်ဖွဲ့ဖြစ်တာကြောင့် ဗမာအဖွဲ့က အတုယူပြီး တည်ထောင်ချင်တာဖြစ်ပုံရတယ်။ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက် ရာမှာ ဒီလိုအထူးတပ်ဖွဲ့မျိုးဟာ အလွန်အသုံးဝင်လိမ့်မယ်လို့ ဗမာအဖွဲ့က ယူဆဟန် တူတယ်။

သူရရွှေမန်းအဖွဲ့ရဲ့ လေ့လာမှုတွေထဲမှာ အံ့သြစရာအကောင်းဆုံးကတော့ မြေအောက်ရထားတည်ဆောက်ရေးဖြစ်တယ်။ နိုဝင်ဘာလ (၂၈) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၀း၃၀) နာရီက (၁၁း၂၀) နာရီအထိ ပြုံယမ်းမြို့တော်မှာ မြေအောက်ရထား တည်ဆောက်တာကို သွားရောက်လေ့လာတယ်။ လေ့လာချိန် မိနစ် (၅၀) ပဲရှိတယ်။ သုံးသပ်တင်ပြထားပုံဟာ လှိုဏ်ခေါင်းထဲ လသာနေပုံကိုပြတယ်။

ဗမာစစ်အစိုးရမှာရှိတဲ့ စက်ယန္တရားအမျိုးအစားနဲ့ လူ့စွမ်းအားအခြေအနေနဲ့ဆိုရင် မြေအောက်ရထားတည်ဆောက်ဖို့ အခက်အခဲ ရှိနိုင်တယ်တဲ့။ ခက်ခဲမယ်လို့ မပြောဘဲ ‘အခက်အခဲရှိနိုင်တယ်’ လို့ ပြောတာကိုကြည့်ရင် ဗမာစစ်ဗိုလ်ရဲ့ ဘ၀င်မြင့်ရောဂါကို ခန့်မှန်းနိုင်တယ်။ ပထမအဆင့်အနေနဲ့ ဗမာအစိုးရလုပ်ရမှာက ပြည်ပကျွမ်းကျင်နည်းပညာရှင်တွေကို မြန်မာပြည်ခေါ်ယူပြီး ဗမာစစ်ဗိုလ်စစ်သားတွေကို မြေအောက်ရထားဆောက်နည်း သင်တန်းပေးခိုင်းဖို့ ဖြစ်တယ်တဲ့။ ဒီလို ဗိုလ်ငကြောင်တွေ အုပ်စိုးနေတာကြောင့် မြန်မာပြည်အခြေအနေဟာ ကြာလေဆိုးလေဖြစ်နေတာပဲ။

မြေအောက်ရထားစနစ်ကြောင့် ရရှိတဲ့ အကျိုးကျေးဇူးကိုလည်း ဖော်ပြထားတယ်။ စစ်ဖြစ်တဲ့အခါ ပြည်သူလူထုဟာ မြေအောက် ရထားဘူတာတွေမှာ ခိုလှုံနိုင်လို့ အသက်ချမ်းသာမယ်တဲ့။ မြေအောက်ရထားစနစ်ကြောင့် ပြည်သူ့စစ်နဲ့ ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေးကို ထိရောက်စွာအသုံးပြုနိုင်မယ်လို့လည်း ဖော်ပြထားတယ်။ ကြံ့ဖွံ့တွေက မြေအောက်ရထားကိုသုံးပြီး ပြည်သူ့စစ်ဆင်နွှဲမှာလား၊ မြေအောက်ရထားစနစ်တခုလုံးကို စစ်တပ်ကအပိုင်စီးပြီး လှိုဏ်ခေါင်းစစ်ဆင်ရေးလုပ်မှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမတွေ့ရဘူး။
ဗမာစစ်အစိုးရရဲ့ ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေးဟာ ကြပ်ပြေးနေပြည်တော်နဲ့အတူ ပေါ်ထွက်လာတဲ့ စစ်ဆင်ရေးအသစ် ဖြစ်နေတာမို့ အပြင်လူတွေ နားလည်ဖို့ခက်ခဲပြီး လှိုဏ်ခေါင်းသန်းရွှေ တဦးတည်း နားလည်ဟန်တူတယ်။

ဗမာစစ်အစိုးရနဲ့ ဖူးခက်အာဆီယံအစည်းအဝေး

ဦးအောင်ခင် / ၂၇ ဇူလိုင် ၂၀၀၉


လွန်ခဲ့တဲ့ ဇူလိုင်လ (၂၀) ရက်နေ့က (၂၃) ရက်အထိ ထိုင်းနိုင်ငံ ဖူးခက်မှာ နှစ်စဉ်ပုံမှန် ကျင်းပနေကျ (၄၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ (၁၆) ကြိမ်မြောက် ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပတယ်။ သက်ဆိုင်ရာ အမှုထမ်းတွေကတော့ ဇူလိုင် (၁၇) ရက်ကတည်းက လာရောက်ပြင်ဆင်ကြရတယ်။ အစည်းအဝေးပေါင်း (၁၉) ခု ရှိတယ်ဆိုပဲ။ အာဆီယံအစည်းအဝေးတွေ ကျင်းပတိုင်း မြန်မာ့ကိစ္စ ဘယ်လိုကိုယ်တွယ်မလဲဆိုတာကို ‘သတင်းလောက’ က စိတ်ဝင်စားတယ်။ လာမယ့် အောက်တိုဘာ ဖူးခက်မှာ အာဆီယံထိပ်သီးညီလာခံ ကျင်းပတော့လည်း ဒီလိုဖြစ်ဦးမှာပဲ။

အစည်းအဝေးတွေလုပ်ပြီး ကြေညာချက်ထုတ်တာဟာ အာဆီယံထုံးစံပဲ။ အနှစ်သာရကတော့ ပြောင်းမသွားဘူး။ အစိုးရ အချင်းချင်း ပဋိပက္ခမဖြစ်ဖို့ ဖွဲ့စည်းခဲ့တဲ့ အာဆီယံရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောနိုင်တယ်။ အဖွဲ့သက်တမ်းအနှစ် (၄၀) ကျော်မှာ အဖွဲ့ဝင် (၁၀) နိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတွေ တိုးလာပြီး အစိုးရအချင်းချင်း ဆက်ဆံရာမှာ လိုက်နာရမယ့် စည်းကမ်းနည်းလမ်းကို သတ်မှတ်နိုင်ခဲ့တယ်။ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှု ကင်းရှင်းတာကို အာဆီယံရဲ့ အောင်မြင်မှုအဖြစ် သတ်မှတ်ကြတယ်။

ဇူလိုင် (၂၀) ရက်နေ့က ထုတ်ပြန်တဲ့ (၁၂) မျက်နှာ ပူးတွဲကြေညာချက်မှာ ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့က အာဆီယံ ခေါင်းဆောင်တွေ ကြေညာခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့နဲ့ ပါတီစုံပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပဖို့ ဗမာစစ်အစိုးရကို ထပ်မံတိုက်တွန်းကြောင်း ဖော်ပြတယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ပူးတွဲလုပ်ကိုင်မယ်လို့ ဗမာအစိုးရက အာမခံတာကိုလည်း ကြိုဆိုကြောင်း ဖော်ပြတယ်။

ပြည်ပက ဖိအားပေးမှုနဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ဒီမိုကရေစီပြုပြင်ရေးလုပ်ရာမှာ အခက်အခဲတွေ့နေတယ်လို့ ဗမာစစ်အစိုးရ အကြောင်းပြတာကိုလည်း အာဆီယံပူးတွဲကြေညာချက်မှာ ဖော်ပြထားတယ်။ ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်လို့ရမှန်း ဗမာစစ်အစိုးရက သိနေပြီ။ အာဆီယံအနေနဲ့ နာဂစ်လေဘေးမှာ ပါဝင်နိုင်တာပဲ ပြစရာရှိတယ်။ ဒါကြောင့် နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ အာဆီယံပါဝင်တဲ့အခန်းနဲ့ လေဘေးဒုက္ခသည်ဘ၀ကို ဖော်ပြထားတဲ့ စာအုပ် (၂) အုပ် ဖူးခက်မှာ ထုတ်ပြန်တယ်။

အာဆီယံလူ့အခွင့်အရေးအဖွဲ့ကို ‘အာဆီယံအစိုးရများလူ့အခွင့်အရေးကော်မရှင်’ လို့ အမည်ပေးပြီး အခြေခံစည်းကမ်းချက် (၇) မျက်နှာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အတည်ပြုတယ်။ လာမယ့် အောက်တိုဘာလ ဖူးခက်မှာပဲ ကျင်းပမယ့် (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံနိုင်ငံအားလုံး လူ့အခွင့်အရေးကော်မရှင်ကို ကိုယ်စားလှယ် စေလွှတ်ရပါလိမ့်မယ်။ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုကို ကာကွယ်ဖို့ဖြစ်ကြောင်း ဖော်ပြထားတယ်။

ဒါပေမယ့် အာဆီယံလူ့အခွင့်အရေးကော်မရှင် လိုက်နာရမယ့် မူဝါဒတွေထဲမှာ အဖွဲ့ဝင်အစိုးရရဲ့ အချုပ်အခြာအာဏာနဲ့ လုပ်ပိုင်ခွင့်ကို ရိုသေလေးစားရေး၊ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ရေး စတာတွေ ပါဝင်နေတာမို့ အဖွဲ့ဝင်အစိုးရတွေ ရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို အရေးယူနိုင်မှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စဟာ သက်ဆိုင်ရာ အစိုးရအသီးသီးရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးကို တဖြည်းဖြည်းမြှင့်တင်ဖို့ ရည်ရွယ်တယ်တဲ့။

ဖူးခက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ထူးခြားချက်က ဇူလိုင်လ (၂၂) ရက်နေ့မှာ Treaty of Amity and Cooperation (TAC) အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန် လက်မှတ်ထိုးလိုက်တာပါပဲ။ အာဆီယံအဖွဲ့နဲ့ ထိထိရောက်ရောက် လက်တွဲလုပ်ကိုင်နိုင်ဖို့ ဒီစာချုပ်ကို လက်မှတ်ထိုးဖို့ လိုပါတယ်။ အမေရိကန်ပါဆိုရင် ဒေသအပြင်က နိုင်ငံပေါင်း (၁၅) နိုင်ငံ လက်မှတ်ထိုးထားပါပြီ။ ဒီအထဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား ပါဝင်တယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးထားတာဟာ ဗမာအစိုးရပါဝင်တဲ့ အခန်းကဏ္ဍကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုသလို ဖြစ်သွားတယ်လို့ သုံးသပ်တာမျိုးတွေလည်း ရှိတယ်။

TAC (ခေါ်) အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် အပိုဒ် (၂) မှာ လက်မှတ်ထိုးသူတွေဟာ ပြည်တွင်းရေးမှာ မစွက်ဖက်ရ၊ အင်အားမသုံးရလို့ တားမြစ်ထားတယ်။ TAC စာချုပ်ဝင် နိုင်ငံရဲ့ နယ်နိမိတ် (သို့မဟုတ်) အချုပ်အခြာအာဏာနဲ့ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေမယ့် အပြုအမူမျိုးကို ရှောင်ကြဉ်ရမယ်လို့ အပိုဒ် (၁၀) က ဆိုထားတာမို့ အမေရိကန်နဲ့ စီးပွားရေးဒဏ်ခတ်အရေးယူမှုကို ဆန့်ကျင်သလိုဖြစ်နေတယ်။ ဒါပေမယ့် ဘယ်လိုအပြုအမူမျိုးဟာ အန္တရာယ် ဖြစ်စေတယ် ဆိုတာကိုတော့ အာဆီယံ TAC စာချုပ်မှာ ရှင်းပြထားတာ မတွေ့ရဘူး။

ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်လို့ အမည်ပေးထားတဲ့အတိုင်း အခန်း (၃) ခန်းမှာ ပုဒ် (၄) က ပုဒ်မ (၁၂) အထိ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဖော်ပြထားတယ်။ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံပညာ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးစတဲ့ ကိစ္စရပ်တွေမှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေဟာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဆိုတယ်။ ဆက်ဆံရေးမြှင့်တင် ရာမှာ အဖွဲ့အနေနဲ့ ဆက်ဆံရာမှာရော (၂) နိုင်ငံတည်း ဆက်ဆံရာမှာရော ခွဲခြားမှုမရှိဘဲ တန်းတူဆက်ဆံရမယ်လို့ ဆိုတယ်။

၁၉၉၈ ဇူလိုင်လ (၂၅) ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြင်ဆင်လိုက်တဲ့ အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ဒုတိယပြင်ဆင်ချက်အရဆိုရင် ဗမာစစ်အစိုးရအပါအ၀င် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံစလုံးက ထောက်ခံသဘောတူတဲ့ အတွက် အမေရိကန်ဟာ စာချုပ်ဝင်နိုင်ငံဖြစ်လာတာပါပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူမှသာလျှင် ဒေသအပြင် ဘက်က နိုင်ငံတွေဟာ အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ထိုးနိုင်တယ်လို့ မနီလာပြင်ဆင်ချက်က ဆိုတယ်။ ပြဿနာဖြေရှင်းတဲ့ စည်းကမ်းနည်းလမ်းကို ၂၀၀၁ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။

အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန်လက်မှတ်ရေးထိုးလိုက်တဲ့အတွက် အမေရိကန်အစိုးရရဲ့ မြန်မာ့ရေးရာသဘောထား ပြောင်းလဲလာဖွယ်ရှိတယ်။ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေပြဋ္ဌာန်းပြီး ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားတာဖြစ်လို့ အိုဘားမားအစိုးရတဦးတည်းက ဒဏ်ခတ်မှုကို ရုပ်သိမ်းလို့ မရပါဘူး။ ကွန်ဂရက်လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုတယ်။ ဒဏ်ခတ်မှုကို မရုပ်သိမ်းဘဲ အာဆီယံ-အမေရိကန် ပူးတွဲမှုတိုးမြှင့်ရေးအစီအစဉ်မှာ ဗမာလည်း အကျိုးခံစားနိုင်ဖွယ်ရှိလာပါတယ်။

အာဆီယံ-အမေရိကန် ပူးတွဲလုပ်ကိုင်မှုမြှင့်တင်ရေးအစီအစဉ်တွေကို ၂၀၀၆ ခုက ၂၀၁၁ အထိ (၅) နှစ် စီမံကိန်းချပြီး အကောင်အထည်ဖော်နေတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်ပယ်သုံးခုမှာ စီမံကိန်းပေါင်း နှစ်ရာနီးပါးကို အကောင်အထည်ဖော်နေတာပါပဲ။ မြန်မာပြည်မှာ လောလောဆယ်လုပ်နေတဲ့ အမေရိကန်ပညာရေး အကူအညီမျိုးမှာလည်း တိုးချဲ့လာနိုင်ပါတယ်။

ဇူလိုင်လ (၂၃) ရက်နေ့က နောက်ဆုံးကျင်းပတဲ့ ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံ (၂၇) နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်တယ်။ အာဆီယံ (၁၀) နိုင်ငံနဲ့ ဆွေးနွေးဘက် (၁၀) နိုင်ငံနဲ့ ဒေသဆိုင်ရာ (၇) နိုင်ငံ ဖြစ်တယ်။ ဒီအထဲမှာ မြောက်ကိုရီးယားပါတယ်။ အာရှဒေသလုံခြုံရေးကို အဓိကထားဆွေးနွေးတဲ့ ပုံမှန်အစည်းအဝေးပါပဲ။ ၁၉၉၄ မှာ စတင်ကျင်းပတာမို့ သက်တမ်း (၁၅) နှစ်ရှိပါပြီ။ ဒါပေမယ့် အစည်းအဝေးတက်သူအချင်းချင်း ယုံကြည်မှုရှိအောင် ကြိုးပမ်းတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ ပဋိပက္ခမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။

မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်ပြဿနာဟာ ဆက်ပြီးဒုက္ခပေးနေဦးမှာပါပဲ။ ဗမာအစိုးရအဖို့ လှိုင်ခေါင်းထဲက ထွက်နိုင်မယ့် အခွင့်အလမ်းပေါ်လာတယ်လို့ ပြောနိုင်တယ်။ မြောက်ကိုရီးယား နောက်လိုက်ရင်တော့ ကြပ်ပြေးလှိုဏ်ခေါင်းထဲက ထွက်နိုင်မှာမဟုတ်ဘူး။

လောလောဆယ်တော့ ARF အစည်းအဝေးတွေအကြားမှာ ဖြစ်ပေါ်တဲ့ ဒေသဆိုင်ရာလုံခြုံရေးကိစ္စကို ထိန်းထားနိုင်အောင် ARF ဥက္ကဋ္ဌက ညှိနှိုင်းကွပ်ကဲရပါတယ်။ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌဟာ ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲရဲ့ အလည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရတယ်။ ARF ၀န်ကြီးအဆင့် ဆွေးနွေးပွဲအပြီးထုတ်ပြန်တဲ့ ဥက္ကဋ္ဌရဲ့ ကြေညာချက်ဟာ ARF ရဲ့ တရားဝင် သဘောထားဖြစ်တယ်။ ဥက္ကဋ္ဌရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်။

ဒါကြောင့်မို့ ဗမာစစ်အစိုးရကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လုပ်ခွင့်မပေးတာ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဟာ (၂၇) နိုင်ငံ ARF ဆွေးနွေးပွဲရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့အတွက် ဗမာကို ဥက္ကဋ္ဌခန့်တာနဲ့ ARF အစည်းအဝေးကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေ တက်ကြမှာမဟုတ်ဘူး။ ဗမာအစိုးရကြောင့် ARF ပုံမှန်ဆွေးနွေးပွဲ အလိုအလျောက် ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ဗမာအစိုးရဟာ အလှည့်ကျဥက္ကဋ္ဌ လုပ်ခွင့်မရတဲ့ တဦးတည်းသော အာဆီယံအဖွဲ့ဝင်ဖြစ်နေပါတယ်။

ဒီမိုကရေစီနဲ့ စစ်ဝါဒီတွေ့ဆုံပွဲ

ဦးအောင်ခင် / ၀၉ နိုဝင်ဘာ ၂၀၀၉


အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ကြပ်ပြေးနေပြည်တော်မှာ ၀န်ကြီးချုပ်သိန်းစိန်နဲ့ တွေ့ဆုံတဲ့သတင်းနဲ့အတူ ဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေ၊ သူရရွှေမန်းနဲ့ တင်အောင်မြင့်ဦးတို့အဖွဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က လေဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုနေတဲ့သတင်း မြန်မာ့အလင်းမှာ ဖော်ပြပါတယ်။ ကြပ်ပြေးမှာရှိရက်သားနဲ့ အမေရိကန်ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့ကို မတွေ့ရင် နိုင်ငံတကာက ၀ိုင်းဆဲမှာကြောက်လို့ တမင်ရှောင်နေတာလို့ မြင်ကြတယ်။ အာဏာရှင်ကြပ်ပြေးသန်းရွှေနဲ့ တွေ့ခွင့်မရတဲ့ခရီးစဉ်ကို အကျိုးမရှိဘူးလို့ သုံးသပ်ကြသူတွေရှိပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ဒီမိုကရေစီအစိုးရနဲ့ မြန်မာစစ်အာဏာရှင်အစိုးရတို့ တွေ့ဆုံတာမို့ ယဉ်ကျေးမှုချင်း ဆွေးနွေးပွဲ dialogue of civilizations လို့လည်း ခေါ်နိုင်တယ်။ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စမ်းသပ်ကျင့်သုံးနေတာ (၂၃၃) နှစ်ရှိသွားပြီ။ ခြောက်ပြစ်စနစ်မဟုတ်တော့ အားနည်းချက်တွေ၊ အားသာချက်တွေ ရှိနေတုန်းပဲ။ မြန်မာစစ်အာဏာရှင်ကလည်း အနိုင်ကျင့်ပြီး အုပ်ချုပ်လာတာ (၄၇) နှစ်ရှိပြီ။ လက်နက်ကိုင်တော်လှန်ရေးလုပ်ပြီး အမေရိကန်နိုင်ငံကို တည်ထောင်တာဖြစ်လို့ အကြမ်းဖက်တာ အမေရိကန်ဓလေ့လို့ ဝေဖန်တာမျိုးတွေရှိတယ်။ ဒါပေမယ့် လက်နက်မရှိသူကို မပစ်ရဘူး၊ နောက်ကျောကို သေနတ်နဲ့ မပစ်ရဘူးဆိုတဲ့ ဓလေ့ထုံးစံတွေကို အမေရိကန်က ရိုသေလေးစားတဲ့ အစဉ်အလာရှိတယ်။ မြန်မာစစ်ဗိုလ်တွေလို သေနတ်ကိုင်အနိုင်ကျင့်ပြီး ခိုးဝှက်နေတာမဟုတ်ဘူး။

‘အရပ်သားဝါဒ’ Civilianism ကို မြေတောင်မြှောက်ပေးတာ အကောင်းဆုံးလို့ အမေရိကန်က ယူဆပါတယ်။ အရပ်သားဝါဒဟာ ‘စစ်ဝါဒ’ Militarism ရဲ့ ဆန့်ကျင်ဘက်ပါ။ စစ်ဝါဒဆိုတာ ကိုယ်ကျိုးရှာ စစ်ဗိုလ်တစုရဲ့ အယူအဆကို လူ့အဖွဲ့အစည်းတခုလုံးက လက်ခံထားရတဲ့ သဘောပဲလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ စစ်ဝါဒဟာ အခုခေတ်မစားတော့ပေမယ့် စစ်တပ်ကြီးစိုးဖို့ ကြိုးပမ်းနေသူတွေကတော့ ဒီသဘောတရားကိုအသုံးပြုပြီး ဆင်ခြေပေးနေတုန်းပါပဲ။ အာဏာရလူနည်းစု အမြဲတမ်းအပေါ်စီး ရနေအောင် အတင်းအဓမ္မနည်းကိုအသုံးပြုပြီး ဒီနည်းလမ်းကိုသုံးရမယ်လို့ အာဏာရလူနည်းစုက ယုံကြည်ထားတာဟာ စစ်ဝါဒပါပဲ။ စစ်ဝါဒီတွေကို ယဉ်ကျေးသိမ်မွေ့အောင်၊ လူဆန်လာအောင်လုပ်ဖို့ အမေရိကန်က တာဝန်ယူလိုက်သလိုဖြစ်နေတယ်။

စစ်ဝါဒီဦးဆောင်တဲ့ လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်ရေးအင်အားစုကို စစ်တပ်အတွက် အဓိကသုံးတဲ့အတွက် တိုင်းပြည်မှာ ဘာမှဖြစ်ထွန်းမှာမဟုတ်ပါဘူး။ အရင်းရှင်နဲ့ ဆိုရှယ်လစ်စနစ် ကျင့်သုံးရာနိုင်ငံတွေမှာတော့ ထုတ်လုပ်ရေးအင်အားစုကို လူ့အဖွဲ့အစည်းအတွက် အသုံးပြုတယ်။ စစ်ဝါဒီကြီးစိုးတဲ့ မြန်မာပြည်မှာ “အာဏာရှိလေ အကျင့်ပျက်လေ” power corrupts, and absolute power corrupts absolutely လို့ လော့ဒ်အက်တန် (Lord Acton) ပြောသလိုဖြစ်နေတယ်။

လက်ရှိမြန်မာစစ်တပ်ဟာ ဘုရင်စနစ်ကို အရေခြုံထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။ ဘုရင်ကြီးနေ၀င်းသေတော့ ဘုရင်ကြီး သန်းရွှေတက်လာတယ်။ နေ၀င်း/သန်းရွှေခိုင်းသမျှ လိုက်လုပ်နေရတဲ့ စစ်တပ်ပါပဲ။ ဗဟိုချုပ်ကိုင်မှုဟာ မြန်မာစစ်အစိုးရ ကျင့်သုံးတဲ့စနစ်ပဲ။ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်တဲ့ အစဉ်အလာကြောင့် စစ်အေးခေတ်ကာလ စစ်အင်အားကြီးမားလာခဲ့တဲ့ အမေရိကန်ဟာ စစ်တပ်နိုင်ငံတော်ဘ၀ကို မရောက်နိုင်တာလို့ Princeton တက္ကသိုလ်ပါမောက္ခ Aaron L.Friedberg က သုံးသပ်တယ်။

အာဏာရှိရင် ဓနဥစ္စာရနိုင်ပြီး ဥစ္စာဓနရှိရုံနဲ့ အာဏာမရှိနိုင်ဘူးလို့ စစ်ဝါဒီက ယုံကြည်တယ်။ အာဏာရှိအောင်လုပ်ရာမှာ စစ်တပ်ကို အသုံးချတဲ့အတွက် စစ်အစိုးရနဲ့ စစ်တပ်နိုင်ငံတော် ပေါ်လာတာပါပဲ။ မြန်မာစစ်တပ်ကလည်း အာဏာကိုသုံးပြီး ခိုးကြ၀ှက်ကြလို့ ချမ်းသာလာကြတာပါပဲ။ ဒီလိုသူခိုးတွေက အမေရိကန်နဲ့ ဆွေးနွေးပြီး အာဏာလွှဲပေးမှာလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

မြန်မာစစ်ဗိုလ်တွေဟာ အာဏာကိုသာယုံကြည်တယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစားစနစ်ကွယ်ပျောက်ဖို့ ရည်ရွယ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စွန့်ပစ်လိုက်တဲ့ အာဏာရဗိုလ်ချုပ်တွေ အကြီးအကျယ်ချမ်းသာနေကြတယ်။ ဒါကြောင့် စစ်ဗိုလ်ချမ်းသာလေလေ အရပ်သားဆင်းရဲလေလေ ဖြစ်လာတယ်။ ဗိုလ်ချုပ်တွေက ဂေါက်သီးကစားတာကို နှစ်သက်တယ်။ နအဖပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ ကမ္ဘာမှာ အနည်းဆုံးဖြစ်ပေမယ့် ဂေါက်ကွင်းတွေကတော့ တိုးပွားနေတယ်။ ဗိုလ်ချုပ်သားသမီးတွေ စီးပွားရေးလုပ်တယ်ဆိုတာ သူတို့နာမည်ကို ငှားစားနေတာပါပဲ။ မြန်မာ့စီးပွားရေးကို စစ်ဗိုလ်အရင်းရှင်စနစ်လို့လည်း ခေါ်နိုင်တယ်။

အခွင့်ထူးခံ သူဌေးစစ်ဗိုလ်တွေဟာ အမေရိကန်နဲ့ဆွေးနွေးပြီး အာဏာစွန့်လွှတ်ပါ့မလားဆိုတာဟာ စဉ်းစားစရာဖြစ်နေတယ်။ သူတို့စိတ်ဝင်စားတာက ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းရေးဖြစ်တယ်။ ကျန်တာကို စိတ်ဝင်စားပုံမရဘူး။ ဒီအတောအတွင်း ကြပ်ပြေးအသိုင်းအ၀ိုင်း ၀မ်းသာအောင် ဥရောပအဖွဲ့က လုပ်ပြလိုက်သေးတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ Uzbekistan ကို ဒဏ်ခတ်အရေးယူထားတာတွေ ရုပ်သိမ်းဖို့ အောက်တိုဘာ (၂၇) ရက်နေ့မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေက ဆုံးဖြတ်လိုက်တယ်။ စီးပွားရေးအကျိုးအမြတ်ကြောင့် ပြန်လည်ဆန်းသစ်တဲ့ မင်းဆိုးမင်းညစ်နဲ့ ဆက်ဆံဖို့ ဆုံးဖြတ်ကြတာပါပဲ။

အပြောင်းအလဲတွေလုပ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ အိုဘားမားအစိုးရဟာ ဘုရှ်အစိုးရဟောင်းနဲ့မတူ တမူထူးခြားကြောင်း ပြချင်တာတခုတည်းနဲ့ မြန်မာစစ်သူခိုးနဲ့ ဆက်ဆံရင် နာမည်ပျက်ဖို့သာရှိတယ်လို့ သုံးသပ်သူလည်း ရှိပါတယ်။ ဥပမာ စစ်အစိုးရ၊ ဒီမိုကရေစီအုပ်စုနဲ့ တိုင်းရင်းသားဆိုတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရေးကို အမေရိကန်က ကြိုးစားမယ်လို့ ဆိုတယ်။ အဲဒီလိုဆိုရင် တိုင်းရင်းသားဘက်က ‘၀’ ခေါင်းဆောင်တွေပါလာရင် အမေရိကန်လက်ခံနိုင်ပါ့မလား။ ၀ခေါင်းဆောင်တွေကို မူးယစ်ဆေးမှောင်ခိုအဖြစ် အမေရိကန်မှာ စွဲချက်တင်ထားတာ ရှိသေးတယ်လေ။ မြန်မာစစ်ခွေးနဲ့ ထိတွေ့ရင် အပုပ်နံ့ရှူရမှာကိုလည်း ထည့်တွက်ထားဖို့လိုတယ်။

အမေရိကန်အစိုးရသစ်တွေ အစိုးရတာဝန် စတင်ထမ်းဆောင်တဲ့ ပထမလပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့အမှားတွေကို Kurt Campbell နဲ့ James Steinberg တို့က ၂၀၀၈ ဒီဇင်ဘာက စာအုပ်ထုတ်ခဲ့ပါတယ်။ Foreign policy troubles at the outset of presidential power ဆိုတဲ့ စာအုပ်ပါပဲ။ အခုတော့ Kurt Campbell က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ James Steinberg က ဒု-နိုင်ငံခြားရေးဝန်ကြီးဖြစ်လာကြတဲ့အတွက် သူတို့ပူးတွဲရေးသားတဲ့စာအုပ်ဟာ အရေးကြီးလာတာဖြစ်တယ်။ ပညာရှင်ဘ၀မှာ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို နိုင်ငံရေးသမားဘ၀မှာ လက်တွေ့အသုံးချရမယ့် သဘောရှိတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို မူလအစကတည်းက မှန်ကန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဆန်းစစ်ထားတဲ့ စာအုပ်ပါပဲ။ Somalia ကိုအထင်သေးပြီး ၀င်ရောက်စွက်ဖက်လိုက်လို့ သမ္မတ Bill Clinton ပထမနှစ်မှာ ဗျာများသွားရပုံကို သုံးသပ်တင်ပြထားပါတယ်။ အစိုးရဟောင်းရဲ့ လမ်းစဉ်မှန်သမျှကို စွန့်ပစ်ချင်စိတ်များနေတာရယ်၊ ရွေးကောက်ပွဲမှာ ကတိပေးခဲ့တာနဲ့ လက်တွေ့ဘ၀မှာ ကွာဟနေတာတွေကိုလည်း သတိထားဖို့ လိုပါတယ်တဲ့။ အမေရိကန်အစိုးရသစ်တွေ လေ့လာသင့်တဲ့ နိုင်ငံခြားရေးဆိုင်ရာ သင်ခန်းစာတွေ စာအုပ်ပြုစုထားတဲ့ လက်ထောက်နဲ့ဒု နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့ကိစ္စကို ကိုင်တွယ်နေတာဖြစ်လို့ အလားအလာရှိနိုင်မယ်လို့သာ မျှော်လင့်မိပါတယ်။

မြန်မာပြည်နှင့် ကြားခံနိုင်ငံသဘာဝ

အောင်ကျော်ခင် / ၂၂ ဇန်န၀ါရီ ၂၀၁၀


ကမ္ဘာ့မြေပုံပေါ်မှာ (၁၉) ရာစုအစောပိုင်းက တည်ရှိခဲ့တဲ့ နိုင်ငံတွေထဲမှာ (၅၀) ရာခိုင်နှုန်းဟာ ယနေ့အထိ ဆက်လက် ရှင်သန်နေတာ တွေ့ရတယ်လို့ သုတေသီတွေကဆိုတယ်။ ကျန် (၅၀) ရာခိုင်နှုန်းမှာ ကွယ်ပျောက်သွားတာရှိသလို အသွင်ပြောင်းသွားတာလည်းရှိတယ်။ နိုင်ငံတော် ပျောက်ကွယ်သွားပေမယ့် တိုင်းသူပြည်သားကတော့ အနည်းနဲ့အများ ကျန်ရှိနေတယ်။ အုပ်ချုပ်ပုံစနစ် ပြောင်းလဲသွားတဲ့သဘောပဲ။ နိုင်ငံဟာ မိမိကံကြမ္မာကို မိမိဘာသာမဖန်တီးနိုင်တော့ဘဲ သူတပါးလက်အောက်ခံသဘောမျိုး ဖြစ်သွားရင် အဲဒီနိုင်ငံကို ပျောက်ကွယ်သွားပြီ (သို့မဟုတ်) သေဆုံးသွားပြီလို့ ယူဆတဲ့သဘောဖြစ်တယ်။

မြန်မာ့သမိုင်းမှာ (၂) ကြိမ်တိုင်တိုင် မြန်မာနိုင်ငံ ကွယ်ပျောက်သွားဖူးတယ်။ (၁၃) ရာစုမှာ တရုတ်နဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်လာပြီး တရုတ်တပ်တွေ မြန်မာပြည်ထဲ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံပြည့်ရှင် ‘နရသီဟပတေ့မင်း’ ထွက်ပြေးရပြီး ပုဂံနေပြည်တော် မွန်ဂိုတရုတ်တို့လက်အောက် ကျရောက်သွားတာကို လူသိများတယ်။ (၁၃) ရာစုနှောင်းပိုင်းမှာ ပုဂံနေပြည်တော်ကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်လို့ သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်ဟာ မြန်ချွန်ပြည်နယ်ကို တိုက်ရိုက်မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ မြန်မာမင်းတွေကတဆင့်သာ အုပ်ချုပ်ခဲ့တယ်။

(၁၈) ရာစုအလယ်ပိုင်းမှာ ကုန်းဘောင်မင်းဆက်က မြန်မာနိုင်ငံတော်ကို တည်ထောင်ပြန်တော့လည်း အနှစ်တရာကျော်သာခံပြီး (၁၉) ရာစုနှောင်းပိုင်းမှာ အင်္ဂလိပ်ကိုလိုနီဘ၀ရောက်သွားလို့ ပျက်စီးပျောက်ကွယ်သွားတယ်။ အင်အားကြီး ဥရောပနိုင်ငံတွေ ဖြစ်တဲ့ အင်္ဂလိပ်နဲ့ပြင်သစ်တို့ အာရှတောင်ပိုင်းမှာ အားပြိုင်ကြရာမှာ ကြားခံဒေသဖြစ်တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံခြားဆက်ဆံရေး မကျွမ်းကျင်တဲ့အတွက် အင်္ဂလိပ်သိမ်းပိုက်တာကို ခံလိုက်ရတယ်လို့ သုံးသပ်ကြတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ အကြားက နိုင်ငံလေးတွေဟာ မလိမ္မာရင် ရေရှည်မှာပျောက်ကွယ်ဖို့ အလားအလာများတာကို ဆိုလိုတာပါပဲ။

ကြားခံနိုင်ငံ (Buffer State) ဆိုတာဟာ ပြိုင်ဆိုင်နေတဲ့ အင်အားကြီးနိုင်ငံ (၂) ခုအကြားမှာ တည်ရှိနေတဲ့ အင်အားနည်းတဲ့ နိုင်ငံပဲဖြစ်တယ်။ တရုတ်နဲ့ရုရှကြားက မွန်ဂိုလီးယား၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်အကြားက နီပေါ၊ ဘူတန်၊ စစ်ကမ်၊ မြန်မာ စတာတွေလည်း ကြားခံနိုင်ငံတွေဖြစ်တယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်ပိုင် မြန်မာ၊ မလေးရှားနဲ့ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားအကြားမှာ ထိုင်းနိုင်ငံဟာ ကြားခံအဖြစ် စခန်းသွားခဲ့ရတယ်။

အိန္ဒိယကို ဗြိတိသျှအစိုးရ အုပ်ချုပ်မင်းလုပ်ခဲ့စဉ်က တိဗက်ကို အိန္ဒိယနဲ့တရုတ်အကြားက လွတ်လပ်တဲ့ ကြားခံနယ်မြေအဖြစ် အင်္ဂလိပ်က သတ်မှတ်ထားတယ်။ အကြောင်းကတော့ တိဗက်ကို သိမ်းပိုက်ပြီး ကိုလိုနီလုပ်ဖို့ကိစ္စဟာ စီးပွားရေးအရ တွက်ခြေမကိုက်လို့ဘဲ။ တိဗက်မှာ တရုတ်သြဇာရှိထားကြောင်း အင်္ဂလိပ်က အသိအမှတ်ပြုထားပေမယ့် အိန္ဒိယမှာရှိတဲ့ အင်္ဂလိပ်ကို မနိုင်နိုင်တဲ့အတွက် တရုတ်ဟာ တိဗက်ကို မသိမ်းပိုက် နိုင်ဘူး။ ၁၉၄၇ မှာ အိန္ဒိယက အင်္ဂလိပ်ထွက်ခွာပြီး အင်အားကောင်းတဲ့ တရုတ်ကွန်မြူနစ် ၁၉၄၉ မှာ အာဏာရလာတာဟာ တိဗက်ရဲ့ လွတ်လပ်တဲ့ ကြားခံနိုင်ငံဘ၀ကို နိဂုံးချုပ်အောင် ဖန်တီးလိုက်တဲ့ အချက်နှစ်ချက်ပဲ။

နိုင်ငံတော်တွေ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းကို နယူးယောက်မြို့ ကိုလံဘီရာတက္ကသိုလ် အမျိုးသမီးပါမောက္ခ တာနီရှာဖေဇယ် (Tanisha Fazal) က ၂၀၀၇ မှာ စာအုပ်ထုတ်ဝေခဲ့တယ်။ ပထ၀ီအနေအထားနဲ့ နိုင်ငံခြားဆက်ဆံရေး အခြေအနေက နိုင်ငံတွေရဲ့ ကံကြမ္မာကို ဖန်တီးပုံ (၂၇၁) မျက်နှာ ရေးထားတဲ့စာအုပ်ဖြစ်တယ်။ ပြိုင်ဆိုင်နေတဲ့ အင်အားကြီး နိုင်ငံတွေအကြားမှာ တည်ရှိနေတဲ့ ကြားခံနိုင်ငံ (Buffer State) ဟာ ပျက်စီးပျောက်ကွယ်ဖို့ အလားအလာ အများဆုံး ဖြစ်နေတာကို သမိုင်းအထောက်အထားတွေ ဝေေ၀ဆာဆာနဲ့ တင်ပြထားတဲ့ စာအုပ်ဖြစ်တယ်။

လူဦးရေ သန်း (၅၀) ရှိတဲ့ မြန်မာနိုင်ငံဟာ လူဦးရေ သန်း (၁) ထောင်ကျော်စီရှိတဲ့ အိန္ဒိယနဲ့ တရုတ်အကြားက ကြားခံနိုင်ငံ (Buffer State) ဖြစ်နေတယ်။ အခုအထိတော့ အိန္ဒိယနဲ့တရုတ်ဟာ တိုင်းပြည်တိုးတက်ရေးကိုသာ အာရုံစိုက်နေလို့ ပြိုင်ဆိုင်ရေးကို ဦးစားမပေးနိုင်သေးဘူး။ လောလောဆယ်အနေချောင်ပေမယ့် တရုတ်/အိန္ဒိယပြိုင်ဆိုင်မှု ပြင်းထန်လာရင် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ကြားခံနိုင်ငံလေးဟာ ရေရှည်လွတ်လပ်ဖို့ အခက်အခဲရှိတယ်။

ဒါကြောင့် ဘက်မလိုက်တဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို ကျင့်သုံးပြီး ကြားခံနိုင်ငံတွေ ရပ်တည်လေ့ရှိတယ်။ ဒါပေမယ့် တရုတ်ဘက် ကိုချည်းလိုက်နေပြီး ကြားနေရေးလမ်းစဉ် ကျင့်သုံးတယ်လို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ အိန္ဒိယ-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုကြောင့် တရုတ်အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် ဘေဂျင်းက လက်ခံမှာမဟုတ်ပါဘူး။ လောလောဆယ် မှာတော့ တရုတ်နဲ့အိန္ဒိယဟာ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ကိုသာ ဦးစားပေးနေတဲ့အတွက် မြန်မာစစ်အစိုးရဟာလည်း တရုတ်ရဲ့အကျိုးစီးပွားကို မထိခိုက်အောင် အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် သဘောရှိတယ်။

ကြားခံနိုင်ငံတွေထဲမှာ လုံးဝပျောက်ကွယ်သွားတာမျိုးရှိသလို ပြန်လည်ရှင်သန်လာတာမျိုးလည်း ရှိပါတယ်။ ကြားခံနိုင်ငံ (၂၁) နိုင်ငံကို ကိုလံဘီယာတက္ကသိုလ်ပါမောက္ခ တာနီရှာဖေဇယ် လေ့လာတဲ့အခါမှာ (၅) နိုင်ငံဟာ လုံးဝပျောက်ကွယ်သွားပြီး (၁၆) နိုင်ငံကတော့ ပြန်လည်ရှင်သန်လာတာ တွေ့ရတယ်တဲ့။ အဲဒီအထဲမှာ မြန်မာ၊ ကိုရီးယား၊ ပိုလန်၊ ကူဝိတ်နဲ့ ယူဂိုစလားဗားယား နိုင်ငံတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ယူဂိုစလားဗီးယား ဖက်ဒရေးရှင်းဟာ ၁၉၉၂ ခုနှစ်မှာ ကွယ်ပျောက်သွားပေမယ့် ပါဝင်သူတွေဟာ သီးခြားနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ကြတယ်။ ဖက်ဒရေးရှင်းကသာ ပြန်လည်ရှင်သန်စရာ အလားအလာ မရှိတော့တာပါ။

ဒုတိယကမ္ဘာစစ်ပြီးဆုံးလို့ နောက်စစ်မဖြစ်ရအောင် ကမ္ဘာ့ကုလသမဂ္ဂတည်ထောင်တဲ့အခါမှာ ကျူးကျော်တိုက်ခိုက်မှုကို လက်မခံနိုင်ကြောင်း ပဋိညာဉ်စာချုပ်မှာ ရေးထားတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေသဘောမျိုးဖြစ်လာတယ်။ ဒါကြောင့် ကျူးကျော်တိုက်ခိုက်တာမျိုးမလုပ်ဘဲ ကိုယ်လိုချင်တာကိုရအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားလာကြပါတယ်။ တိုင်းပြည်ကို မသိမ်းပိုက်ဘဲ ကိုယ်လိုချင်တဲ့အစိုးရ တက်လာအောင် အပြင်ကဆောင်ရွက်တဲ့နည်းဖြစ်တယ်။ ၁၈၁၆ က ၁၉၄၅ အထိ အစိုးရနဲ့ခေါင်းဆောင်ပိုင်း ပြောင်းလဲအောင် အပြင်က လုပ်ပေးနိုင်တဲ့ အကြိမ်ပေါင်း (၂၁) ကြိမ်ရှိပြီး ၁၉၄၅ နဲ့ ၁၉၉၈ အကြားမှာ (၁၄) ကြိမ်ရှိတယ်လို့ တာနီရှာဖေဇယ်က စာရင်းလုပ်ထားတယ်။

ကြားခံနိုင်ငံဟာ ၀င်ရောက်သိမ်းပိုက်ခံရမယ့် အန္တရာယ်ကိုရော၊ စွက်ဖက်ခံရမယ့်အန္တရာယ်ကိုရော အမြဲတမ်းရင်ဆိုင်နေရတယ်။ ဒါပေမယ့် ၁၉၄၅ နောက်ပိုင်းမှာတော့ ၀င်ရောက်စွက်ဖက်တာ ပိုများလာတယ်။ မြန်မာပြည်လို လောင်စာစွမ်းအင် တင်ပို့ရောင်းချတဲ့ ကြားခံနိုင်ငံမျိုးဟာ အိမ်နီးချင်းတွေနဲ့ မဟာမိတ်ဖြစ်သွားပေမယ့် ပြည်တွင်းရေးစွက်ဖက်မှု ပိုပြီးနက်ရှိုင်း လာတာကို ကြုံတွေ့ရနိုင်တယ်။ ကြားခံနိုင်ငံ (Buffer State) ရှင်သန်ရေးမှာ ဘက်မလိုက်တဲ့ ကြားနေရေးလမ်းစဉ် ကျင့်သုံးဖို့ လိုအပ်သလို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုဖို့လည်း လိုအပ်တယ်။ အပြည်ပြည်ဆိုင်ရာရဲ့ အသိအမှတ်ပြုမှု အတိုင်းအတာကို လိုက်ပြီးတော့လည်း ကြားခံနိုင်ငံဟာ ရှင်သန်နိုင်ပါတယ်။

ကြားခံနိုင်ငံဟာ အစိုးရအရည်အချင်းရှိဖို့ အလွန်အရေးကြီးတယ်။ အရည်အချင်းမရှိတဲ့ အစိုးရလက်ထက်မှာ ရပ်တည်နိုင်စွမ်း လျော့နည်းလာတယ်။ မြန်မာပြည်လွတ်လပ်ရေးဟာ အနှစ် (၆၀) ကျော်သွားပေမယ့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှု မရှိတဲ့အတွက် အားနည်းတဲ့နိုင်ငံဘ၀က မတက်နိုင်သေးဘူး။ မြန်မာ့သမိုင်းမှာ မင်းဆက်တွေ၊ နိုင်ငံတော်တွေ၊ ခေတ်တွေ ကွယ်ပျောက်သွားတာကိုကြည့်ရင် မြန်မာနိုင်ငံတော်ဆိုတာ အမြဲတမ်း တည်ရှိနိုင်တဲ့အရာမဟုတ်ကြောင်း သိနိုင်ပါတယ်။