Showing posts with label တရုတ်လေ့လာရေး. Show all posts
Showing posts with label တရုတ်လေ့လာရေး. Show all posts

Wednesday, June 23, 2010

မုသားနိုင်ငံတော်နဲ့ ပြည်သူ့အရေးတော်ပုံ

ဦးအောင်ခင် / ၁၃ ဇွန် ၂၀၀၈


တရုတ်-မြန်မာ ဆရာတပည့်ဆိုသလို ကွန်မြူနစ်ပါတီနဲ့ ဗမာစစ်တပ်ဟာ လိမ်ညာဝါဒဖြန့်တဲ့ နေရာမှာနဲ့ သတင်းထိန်ချန်ကွယ်ဝှက်တဲ့နေရာမှာ အတော်တူပါတယ်။ တိဘက်ပြည်က ဖိနှိပ်မှုတွေကို တရုတ်ပြည်တွင်းမှာ မသိရပါဘူး။ ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်သတင်းကို ဗမာစစ်အစိုးရက ဖုံးဖိဖို့ကြိုးစားနေတုန်း တရုတ်မြေငလျင်သတင်းကို လွတ်လပ်စွာ သတင်း ပို့ခွင့်ရတာမို့ ဗမာစစ်အစိုးရ ၀ိုင်းဆဲတာခံရပြီး တရုတ်ကွန်မြူနစ်ကို ၀ိုင်းဝန်းချီးကျူးကြပါတယ်။

ဒါပေမယ့် မြေငလျင်ကြောင့် အစိုးရ အဆောက်အဦတွေမပြိုဘဲ ကျောင်းတွေသာ ပြိုကျပျက်စီး တာကို မကျေနပ်လို့ ဆန္ဒပြတဲ့ ကျောင်းသားမိဘတွေကို ရဲက နှိမ်နင်းတားမြစ်တာကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပေးတဲ့ လွတ်လပ်မှုဟာ ယာယီဝါဒဖြန့်မှုသာ ဖြစ်နေတာ ထင်ရှားတယ်။

ဒီမိုကရေစီအရေးတော်ပုံနဲ့ လူအများအပြား အသတ်ခံရတာတွေကို ပြည်သူတွေမေ့ပျောက် သွားအောင် ကြိုးစားတဲ့နေရာမှာ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်ဟာ လုပ်နည်းကိုင်နည်းချင်း တူနေတာ တွေ့ရပါတယ်။ တရုတ်ပြည်မှာလည်း ၀ါဒဖြန့်တာကို ဦးစားပေးတဲ့အတွက် လက်တွေ့ဘ၀နဲ့ တခြားစီ ဖြစ်နေတတ်ပါတယ်။ ရိက္ခာရှားပါးနေတဲ့သတင်းကို ထိန်ချန်ကွယ်ဝှက်လို့ သန်းနဲ့ချီသေဆုံးတဲ့ သာဓကတွေ တရုတ်ပြည်မှာ ရှိတယ်။ အခုလည်း ဆန်ရှားမယ့်ကိစ္စကို ဗမာစစ်အစိုးရက ကွယ်ဝှက်ပြီး လိမ်ညာဝါဒဖြန့်နေတာကြောင့် ပြည်သူအများအပြား ငတ်သေ နိုင်တယ်။ ရောဂါနဲ့ ရိက္ခာရှားပါးမှုကို လွတ်လပ်စွာသတင်းဖြန့်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံမှာသာ ပြဿနာကို ဖြေရှင်းနိုင်တယ်။

လိမ်ညာဝါဒဖြန့်တာကို အင်တိုက်အားတိုက် လုပ်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီအကြောင်း
“မုသားနိုင်ငံတော်” The Empire of Lies ဆိုတဲ့အမည်နဲ့ အမေရိကန်မှာ မကြာမီက စာအုပ်
ထုတ်ဝေတယ်။ ပြင်သစ်စာရေးဆရာ ဂိုင်းဆားမန် (Guy Sorman) ရေးတဲ့ ကိုယ်တွေ့ မှတ်တမ်းကို ဘာသာပြန်ပြီး အင်္ဂလိပ်လို ထုတ်ဝေတာပါပဲ။ ပြည်တွင်းပြည်ပက ဒီမိုကရေစီသမားနဲ့ သတင်း ဆရာတွေကို တွေ့ဆုံမေးမြန်းရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး မြန်မာ့အခြေအနေနဲ့ အတော်
တူတယ်။

တရုတ်ပြည် ထကြွနိုးကြားလာရင် တကမ္ဘာလုံး တုန်လှုပ်သွားလိမ့်မယ်လို့ ပြင်သစ်အာဏာရှင် နပိုလီယံက ပြောဖူးပါတယ်။ ဒါပေမယ့် ၀ါဒဖြန့်မှုကို အဓိကထားပြီး ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ တရုတ်ပြည်ကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက မှုစရာ မလိုဘူးလို့ ဂိုင်းဆားမန်က သုံးသပ်တယ်။ ၀ါဒဖြန့်လမ်းစဉ်ကျင့်သုံးတဲ့ တရုတ်ပြည်မှာ အမှန် တရားကို သိနိုင်ဖို့ ခက်ခဲတယ်တဲ့။

ဥပမာဆေးကုလို့မရတဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုးဖြစ်နေတာကို ၁၉၉၄ မှာ ဆရာဝန်အချို့ သိပေမယ့် တရုတ်အစိုးရက ထိပ်တန်းလျှို့ဝှက်လုပ်ထားပါတယ်။ မတတ်နိုင်တော့မှ ၂၀၀၀ ပြည့်နှစ်မှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေတာကို ၀န်ခံပါတယ်။ နောက်တော့မှ အစိုးရရဲ့ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေးစီမံကိန်း အကြီးအကျယ်အောင်မြင်နေကြောင်း လုပ်ကြံ
ဝါဒဖြန့်ပါတော့တယ်။ ဗမာစစ်အစိုးရကလည်း ဒီအတိုင်းပါပဲ။

တရုတ်ကွန်မြူနစ်အာဏာရှင်စနစ်မှာ မကျေနပ်မှုကို ဖြေရှင်းနိုင်စွမ်းမရှိတဲ့အတွက် ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပွားပါတယ်။ ၂၀၀၄ မှာ ဆန္ဒပြပွဲပေါင်း (၇) သောင်းကျော်ရှိပြီး ဆန္ဒပြသူ (၄) သန်း နီးပါးရှိတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က လူထုဆန္ဒပြပွဲ (၁) သောင်းလောက်သာ ရှိတာမို့ မကျေနပ်သူ (၇) ဆ တိုးလာတယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့မကျေနပ်မှုကို တရားဥပဒေအရ လုံလောက်စွာ မဖြေရှင်းနိုင်သမျှကာလပတ်လုံး ကန့်ကွက်ဆန္ဒပြပွဲတွေ ရှိနေမှာပါပဲ။ လူမိုက်ငှားပြီး ကန့်ကွက်ဆန္ဒပြပွဲကို နှိမ်နင်းတာမျိုးလည်း ရှိပါတယ်။

ဒါပေမယ့် အကွဲကွဲအပြားပြားဖြစ်နေတာမို့ ဆန္ဒပြပွဲကနေ တော်လှန်ရေးကြီး ဖြစ်ပေါ်လာပြီး ကွန်မြူနစ်ပါတီကို ဖြုတ်ချနိုင်မယ့် အလားအလာ မရှိသေးပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီသဘော တရား မပြန့်ပွားရအောင် တရုတ်ကွန်မြူနစ်ပါတီက စီစဉ်ထားပါတယ်။ တရုတ်ဒီမိုကရေစီ စက္ကူဖြူ စာတမ်းကို ၂၀၀၅ အောက်တိုဘာလမှာ ထုတ်ပြန်ပါတယ်။ အနှစ်သာရကတော့ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှုကို မှတ်တမ်း တင်တဲ့ စာတမ်းမို့ ပြည်သူတွေ သိန်းချီသေဆုံးရတဲ့ အမှားမျိုးကို ကွယ်ဝှက်ထားပါတယ်။ ဒီမို ကရေစီစနစ်မျိုးစုံထဲမှာ တရုတ်ဒီမိုကရေစီဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒီမိုကရေစီကိစ္စမှာ သူများကို အတုယူစရာ မလိုပါဘူးတဲ့။

ဒီပုံစံအတိုင်း ဗမာစစ်အစိုးရကလည်း စစ်ဗိုလ်ဦးဆောင်မှုအောက်မှာ အားလုံး ပူးပေါင်းဆောင်ရွက် တာကို ဒီမိုကရေစီ အစစ်အမှန်ဖြစ်တယ်လို့ အခြေခံဥပဒေရေးပြီး ၀ါဒဖြန့်နေပါတယ်။ ပြည်သူ လူထုကို နှစ်ပေါင်းများစွာ ပစ်သတ်နေတဲ့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှ အားလုံးကောင်းပါသည် ဆိုပြီး ၀ါဒဖြန့်တဲ့အလုပ်ဟာ တရုတ်ကွန်မြူနစ်ရဲ့ ၀ါဒဖြန့်လမ်းစဉ်နဲ့ အတူတူပါပဲ။ တရုတ်ကွန်မြူနစ် ပါတီ လုပ်သမျှ မှန်တယ်လို့ ပြောသလို ဗမာစစ်တပ်လုပ်သမျှ မှန်တယ်လို့ ၀ါဒဖြန့်တာပါပဲ။

လူလတ်တန်းစား အရင်းရှင်လေးတွေ များလာရင် လွတ်လပ်မှုကို လိုချင်ကြမှာမို့ ဒီမိုကရေစီ တောင်းဆိုမှုတွေ ရှိလာနိုင်တယ်လို့ ဆိုကြပေမယ့် တရုတ်ပြည်က လူလတ်တန်းစားဟာ ဒီမိုကရေစီကို အထောက်အကူ မပြုဘူးလို့ ဘောဂဗေဒပညာရှင် မော်ယူရှီက ဆိုပါတယ်။ လုပ်ငန်းကျွမ်းကျင်ပြီး ကြိုးစားလို့ ကြီးပွားချမ်းသာလာတာမဟုတ်ဘဲ ပါတီနဲ့နီးစပ်လို့ ငွေရှိလာတဲ့ ခေတ်ပျက်သူဌေးတွေဟာ ဒီမိုကရေစီကို အထောက်အကူမပြုပါဘူး။ တရုတ်ပြည်မှာ အရင်းရှင် အစစ်အမှန် အနည်းငယ်သာရှိပြီး ခေတ်ပျက်သူဌေးက များတယ်။ အလွယ်ဆုံး သူဌေးဖြစ်နည်း ကတော့ ဘဏ်ကငွေချေးပြီး ပြန်မဆပ်တဲ့ နည်းပါပဲ။ အဆက်အသွယ်ကောင်းတဲ့ ဂွမ်စိ (Guanxi) ကသာ ဘဏ်မှာ ငွေချေးနိုင်ပါတယ်။ အဲဒီအခါမှာ ချေးငွေ (၅) ရာခိုင်နှုန်း ဘဏ်အမှုထမ်းကိုပေးရပြီး ပါတီကေဒါကို (၁၅) ရာခိုင်နှုန်းပေးရလို့ ငွေချေးသူဟာ (၈၀) ရာခိုင်နှုန်းသာ ရရှိတယ်။ ဒါပေမယ့် ပါတီနဲ့ ပြေလည်နေသမျှ ပြန်ဆပ်စရာ မလိုတော့ အမြတ်ချည်းပေါ့။ ခေတ်ပျက်သူဌေးကို အချိန် မရွေး ပါတီက ဖျက်ဆီးပစ်နိုင်တာမို့ လူလတ်တန်းစား အရင်းရှင် ပေါက်စလို့ မခေါ်နိုင်ပါဘူး။ မြန်မာပြည်က ခေတ်ပျက်သူဌေးကလည်း စစ်ဗိုလ်ကပ်ဖားနဲ့ ဘိန်းမှောင်ခို ဘ၀ကလာတာမို့ ဒီမိုကရေစီကို အထောက်အကူ မပြုပါဘူး။

အကြွေးမဆပ်နိုင်တဲ့လုပ်ငန်းကို ငွေထုတ်ချေးထားတဲ့ ဘဏ်တွေ ချွတ်ခြုံကျရင်တော့ ကွန်မြူနစ် ပါတီ ဒုက္ခရောက်သွားနိုင်တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ၀င်ငွေက ချေးငွေထက် အဆမတန် များပြားနေတာမို့ ပြဿနာမဖြစ်နိုင်သေးပါဘူး။ ပါတီရဲ့ ညွှန်ကြားချက်အတိုင်း ငွေ ထုတ်ချေးလို့ ပြဿနာဖြစ်တဲ့ ဘဏ်အချို့ကို ဗဟိုဘဏ်ကြီးက ၀င်ကယ်ထားပါတယ်။ ပြည်သူ လူထုအနေနဲ့ ဒီဘဏ်တွေမှာပဲ ငွေစုကြရပါတယ်။ ဒီစုငွေတွေကို ပြန်ထုတ်လို့ မရဘူးဆိုရင် ပြည်သူ့အုံကြွမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်တဲ့။ တရုတ်တွေဟာ လွတ်လပ်မှုကို အဆုံးခံနိုင်ပေမယ့် ငွေကိုတော့ အဆုံးခံမှာ မဟုတ်ဘူးလို့ မော်ယူရှီက ဆိုပါတယ်။ ဒီအဖြစ်မျိုး မရောက်အောင် တရုတ်ကွန်မြူနစ်ပါတီက ကြိုးစားနေပုံရပါတယ်။

အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု ကင်းရှင်းအောင် မိမိကိုယ်မိမိ ထိန်းချုပ်ရမယ်လို့ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ဆိုပေမယ့် လုပ်ပိုင်ခွင့်မျိုးစုံရတဲ့ ပါတီဝင်ဟာ အလွဲ သုံးစား လုပ်ချင်စိတ် ပိုများပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်ရရှိရေး စတာတွေကို လက်ကိုင်ထားတဲ့ အရာထမ်းအဖို့ လာဘ်မစားဖို့ မလွယ်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှုပေါင်း (၁၆၀,၀၀၀) ကျော် ရှိတဲ့အနက် (၆,၀၀၀) ကျော်သာ အပြစ်ဒဏ်ခံရပါ တယ်။ ပါတီဝင် (၅၀,၀၀၀) ကို စစ်ဆေးပြီး (၉၀၀) ကိုသာ အပြစ်ပေးပါတယ်။ ပါတီဝင် သန်း (၆၀) ကျော်မှာ (၉၀၀) သာ လာဘ်စားတယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ တရုတ်ကေဒါနဲ့ ဗမာစစ် ဗိုလ်ဟာ အတူတူပါပဲ။

လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်နေတဲ့ ပါတီဝင်တွေကပဲ လာဘ်စားနေတာကို နိုင်ငံခြား ကုမ္ပဏီတွေက သိပါတယ်။ တရုတ်ပြည်မှာ စီးပွားရေးလုပ်ရင် ပါတီဝင်ကို လာဘ်မထိုးလို့ မဖြစ်ပါဘူး။ အနောက်တိုင်း ကုမ္ပဏီတွေကလည်း လာဘ်ပေးလာဘ်ယူမှုဟာ တရုတ်ဓလေ့ ထုံးစံလိုဖြစ်နေပြီလို့ ဆိုကြပါတယ်။ လုပ်ရိုးလုပ်စဉ် ဗျူရိုကရေစီ ယန္တရားအတိုင်း လိုက်လုပ်နေရင် အလွန်ကြန့်ကြာတာမို့ နောက်ဖေးပေါက်က ၀င်ပြီး လာဘ်ထိုးရတာလို့ ဆင်ခြေပေးကြပါတယ်။

ကွန်မြူနစ်ပါတီတွင်းမှာ ပြုပြင်ရေးလုပ်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ဆိုတာဟာ စိတ်ကူးယဉ် အဆင့်က တက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပါတီဟာ ကိုယ့်သေတွင်း ကိုယ်တူးမှာ မဟုတ် ပါဘူး။ အခွင့်ထူးခံစားနေရတဲ့ ပါတီကေဒါနဲ့ စစ်ဗိုလ်တွေဟာ သူတို့အကျိုးစီးပွားကို ထိခိုက်မယ့် ပြောင်းလဲမှုမျိုးကို လက်ခံမှာ မဟုတ်ပါဘူး။ ဒီလိုတိုင်းပြည်မျိုးမှာ အဂတိလိုက်စားတဲ့ ဓလေ့ ရှင်သန်ကြီးထွားတယ်လို့ ဂိုင်းဆားမန်က သုံးသပ်ပါတယ်။ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်
ပါတီဟာ အခွင့်ထူးခံ လူနည်းစုကိုဖန်တီးပြီး အမြဲတမ်း အာဏာရအောင် ကြိုးစားနေပါတယ်။ ဒါကြောင့် အဖိနှိပ်ခံလူများစုကို အားကောင်းလာအောင် လုပ်နိုင်မှသာ “မုသားနိုင်ငံတော်” နိဂုံးချုပ်ပြီး ဒီမိုကရေစီ ထွန်းကားနိုင်မယ်လို့ “ဂိုင်းဆားမန်” နိဂုံးချုပ်ထားပါတယ်။

တရုတ်စီးပွားရေးအင်ပါယာ

အောင်ကျော်ခင် / ၂၆ အောက်တိုဘာ ၂၀၀၉


တရုတ်-အာဆီယံကုန်သွယ်ရေး တိုးတက်နေတယ်ဆိုတဲ့သတင်းကို အမြဲတမ်းကြားနေရတယ်။ ၂၀၀၆ မှာ ဒေါ်လာသန်းပေါင်း (၁၆၁,၀၀၀) ရှိတယ်လို့ (IMF) အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ဆိုတယ်။ ဂရုစိုက်လေ့လာရင် အရှေ့တောင်အာရှတရုတ်တွေနဲ့ တရုတ်ပြည်အကြား ကုန်သွယ်မှုတိုးပွားလာတာ တွေ့ရတယ်။ တရုတ်ဟာ စင်ကာပူမှာသာ နိုင်ငံရေးနဲ့ စီးပွားရေးအင်အား တောင့်တင်းတာပါ။ ကျန်ဒေသတွေမှာတော့ ဒေသခံအာဏာပိုင်ကို လာဘ်ထိုးပြီး စီးပွားရေးလုပ်ရတယ်။ ဒါပေမယ့် တရုတ်ရဲ့ ဓနဥစ္စာကို ဘယ်သူကမှ အာမခံတာမဟုတ်ဘူး။ ဒါကြောင့် ဒေသခံအာဏာပိုင် အနိုင်ကျင့်တာကို အချိန်မရွေးခံကြရတယ်။ ကိုးကန့်ကို ဗမာစစ်တပ်က၀င်တိုက်ပြီး တရုတ်ပိုင်ပစ္စည်းကို လုယက်တာ နောက်ဆုံးသာဓကပဲ။ ကိုးကန့်တရုတ်တွေ ချမ်းသာနေတာကိုသိလို့ အကြောင်းရှာပြီး ဗမာစစ်တပ်က ၀င်လုတာလည်း ဖြစ်နိုင်တယ်။

အရှေ့တောင်အာရှမှာ တရုတ်အနွယ်ဝင် (၂၅) သန်းလောက် ရှိတယ်လို့ ခန့်မှန်းတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ၀န်းကျင်က ရောက်လာတဲ့ တရုတ်တွေဟာ တရုတ်စကားမပြောတော့ပါဘူး။ အာဆီယံ (၁၀) နိုင်ငံမှာ စင်ကာပူကလွဲပြီး ကျန်နိုင်ငံတွေမှာ တရုတ်ဆန့်ကျင်ရေးလုပ်တာတွေရှိတယ်။ ရှေးတုန်းကလည်း တရုတ်ဟာ အနှိမ်ခံဘ၀က ရပ်တည်ခဲ့ရတယ်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံ ဂျကားတားမြို့မှာ (၁၈) ရာစုနှစ်က စီးပွားရေးလုပ်တဲ့ တရုတ်တွေကို Dutch East India Company က ကျေးကျွန်သဘောမျိုးနဲ့ ဆက်ဆံတယ်။ ဒါကို မကျေနပ်လို့ ပုန်ကန်တဲ့အခါမှာ တရုတ် (၁) သောင်းလောက် အသတ်ခံလိုက်ရတယ်။

၁၉၆၅ မှာ အင်ဒိုနီးရှားကွန်မြူနစ်ပါတီက အာဏာသိမ်းဖို့ ကြံစည်တယ်ဆိုပြီး ဆူဟာတိုခေါင်းဆောင်တဲ့ စစ်တပ်က သတ်ဖြတ်တုန်းကလည်း တရုတ်တွေသိန်းချီပြီး သေဆုံးခဲ့ရတယ်။ မတရားသတ်ဖြတ်လုယက်နေတာကို ချမ်းသာတဲ့ တရုတ်တွေက မဟန့်တားနိုင်ဘူး။ တရုတ်တွေရဲ့ လုံခြုံရေးကို အင်ဒိုနီးရှားစစ်တပ်က လျစ်လျူရှုထားတယ်။ ဒါတွေနဲ့ ယှဉ်လိုက်ရင် ၁၉၆၇ ရန်ကုန်မှာဖြစ်ပွားတဲ့ တရုတ်-မြန်မာအရေးအခင်းနဲ့ မကြာမီကဖြစ်ပွားတဲ့ ကိုးကန့်ကိစ္စဟာ အသေးအမွှားလို ဖြစ်နေတယ်။

တရုတ်က ဒေသခံတွေထက် ပိုပြီးချမ်းသာနေတာကလည်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဆွပေးသလိုဖြစ်နေတယ်။ ဒါကြောင့် ပြဿနာပေါ်ပြီဆိုရင် မကျေနပ်တဲ့လူထုဟာ အစိုးရဆန့်ကျင်ရေးမလုပ်ဘဲ တရုတ်ဆန့်ကျင်ရေးလုပ်လာအောင် အစိုးရကိုယ်တိုင်က လမ်းခင်းပေးလိုက်တာမျိုးတွေရှိတယ်။ ဒါကြောင့် နိုင်ငံခြားရောက်တရုတ်တွေရဲ့ သမိုင်းကြောင်းမှာ မတရားလုယက်သတ်ဖြတ်ခံရမှုနဲ့ နိုင်ငံပိုင်သိမ်းခံရမှုတွေကို မကြာခဏတွေ့ရတယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀) အတွင်းမှာ စင်ကာပူနိုင်ငံကလွဲပြီး အရှေ့တောင်အာရှနိုင်ငံ အားလုံးလိုလိုမှာ တရုတ်ကို တမင်နှိမ်တာမျိုးရှိခဲ့တယ်။

၁၉၇၆ မှာ မော်ဇီဒုန်းသေဆုံးလို့ နိုင်ငံခြားကွန်မြူနစ်ကို ထောက်ခံအားပေးတာတွေ ရပ်ဆိုင်းလိုက်တော့မှာပဲ အရှေ့တောင်အာရှမှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု ရပ်ဆိုင်းသွားတယ်။ မိမိတို့နေထိုင်ရာ တိုင်းပြည်ကို သစ္စာရှိကြဖို့ တရုတ်ကွန်မြူနစ်က သြ၀ါဒပေးတယ်။ ဒါပေမယ့် ဒန်ရှောင်ပင် အာဏာရလို့ ဈေးကွက်စနစ်ကျင့်သုံးတဲ့အခါမှာ နိုင်ငံခြားရောက် တရုတ်တွေကို ပြည်ချစ်ပုဂ္ဂိုလ်လို့ ကင်ပွန်းတပ်ပြီး အမိနိုင်ငံ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံကြဖို့ စည်းရုံးလှုံ့ဆော်ပြန်တယ်။ နိုင်ငံခြားရောက်တရုတ်တွေ ရင်းနှီးမြှုပ်နှံလို့သာ တရုတ်ကွန်မြူနစ်ရဲ့ အရင်းရှင်ဈေးကွက်စနစ် အောင်မြင်တာလို့ ပြောကြတယ်။

အရင်ကတော့ တရုတ်ကွန်မြူနစ်ရဲ့ တို့မီးရှို့မီးလုပ်မှုကြောင့် နိုင်ငံခြားရောက်တရုတ်တွေ သိန်းချီပြီး သေဆုံးခဲ့ရတယ်။ အခုတခါ တရုတ်ကွန်မြူနစ်ရဲ့ ဈေးကွက်စနစ် အောင်မြင်အောင် နိုင်ငံခြားရောက် တရုတ်က ကူညီနေတယ်။ ဥပမာ တရုတ်-အင်ဒိုနီးရှားကုန်သွယ်ရေးမှာ အဓိကပါဝင်နေတာ အင်ဒိုနီးရှားတရုတ်ဖြစ်တယ်။ အင်ဒိုနီးရှားမှာ တရုတ် (၆) သန်းလောက်ရှိတယ်။ တိုင်းပြည်လူဦးရေရဲ့ (၂) ရာခိုင်နှုန်းသာရှိတယ်။ ဒါပေမယ့် လူဦးရေ (၂) ရာခိုင်နှုန်းက တိုင်းပြည်ရဲ့ဓနဥစ္စာ (၅၀) ရာခိုင်နှုန်းက (၇၅) ရာခိုင်နှုန်းအထိ ချုပ်ကိုင်ထားတယ်လို့ ခန့်မှန်းတယ်။

တရုတ်အများစုဟာ အင်ဒိုနီးရှားလူမျိုးလိုပဲ ဆင်းရဲတဲ့လုပ်ငန်းရှင်လေးတွေဖြစ်ပေမယ့် အချမ်းသာဆုံးပုဂ္ဂိုလ် (၂၀) မှာ (၁၅) ဦးက တရုတ်ဖြစ်နေတယ်။ နိုင်ငံရေး အဆက်အသွယ်ကောင်းလို့ ချမ်းသာကြတာပါပဲ။ ချမ်းသာပေမယ့် အင်ဒိုနီးရှားတရုတ်ကို နိုင်ငံရေးလောက၊ ပညာရေးလောကနဲ့ အစိုးရအမှုထမ်းလောကထဲ မ၀င်နိုင်အောင် အတားအဆီးတွေ လုပ်ထားတယ်။ အင်ဒိုနီးရှားအစိုးရဟာ ၁၉၉၀ ရောက်မှ တရုတ်ပြည်နဲ့ ပုံမှန်သံတမန်ဆက်သွယ်ရေး ပြန်လုပ်တာပါ။ အင်ဒိုနီးရှားတရုတ်တွေရဲ့ ရှေ့ရေးကို အဓိကထားပြီး တရုတ်အစိုးရဘက်က စေ့စပ်ဆွေးနွေးကြောင်း သိရတယ်။ ဒါတောင် အာဏာရှင်ဆူဟာတိုကို ကန့်ကွက်ဆန္ဒပြဖြုတ်ချတဲ့ ၁၉၉၈ ဆူပူအုံကြွမှုဟာ အင်ဒိုနီးရှားတရုတ်တွေဘက် လှည့်လာလို့ တရုတ် (၁,၀၀၀) လောက် သေဆုံးဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ ၁၉၉၈ လူသတ်ပွဲကို တရုတ်ပြည်မှာ ကန့်ကွက်ရှုတ်ချတာတွေရှိပေမယ့် တရုတ်အစိုးရက နှုတ်ဆိတ်နေတယ်။

ဒီမိုကရေစီကျင့်သုံးတဲ့ အင်ဒိုနီးရှားမှာ ဥပဒေရေးရာပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့အတွက် အင်ဒိုနီးရှားတရုတ်ဟာ တိုင်းရင်းအင်ဒိုနီးရှားနဲ့ တန်းတူရည်တူဖြစ်လာပါပြီ။ တရုတ်-အင်ဒိုနီးရှား ကုန်သွယ်ရေးဆိုတာ အင်ဒိုနီးရှားတရုတ်နဲ့ ပြည်ကြီးတရုတ်တို့ရဲ့ ကုန်သွယ်ရေးပါပဲ။ (၂) နိုင်ငံကုန်သွယ်ရေးမှာ (၉၀) ရာခိုင်နှုန်းဟာ အင်ဒိုနီးရှားတရုတ်ရဲ့ အစုရှယ်ယာပါတယ်။ (၂) နိုင်ငံကုန်သွယ်ရေးဟာ ၁၉၉၀ မှာ သုညသာရှိခဲ့ပေမယ့် (၁၅) နှစ်ကြာတဲ့အခါ ၂၀၀၆ မှာ ဒေါ်လာသန်း (၁၉,၀၀၀) ဖိုး ရှိလာတယ်။ တရုတ်ပြည်ထွက်ကုန်ပစ္စည်းတွေကို အင်ဒိုနီးရှားတရုတ်ဆိုင်ရှင်တွေက မှာယူတင်သွင်းပြီး ရောင်းချတာဖြစ်တယ်။

တရုတ်ပြည်ကို ကုန်တင်ပို့တဲ့လုပ်ငန်းနဲ့ အင်ဒိုနီးရှားက တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ ဒေသခံတရုတ်က ကြီးစိုးနေတယ်။ မြန်မာပြည်လိုပဲ အင်ဒိုနီးရှားမှာလည်း သဘာဝသယံဇာတကို တရုတ်ပြည်ကို တင်ပို့နေတယ်။ ဆူဟာတို အာဏာရှင်ခေတ်မှာ ၀ိုင်းပယ်ခံရတဲ့ ဒေသခံတရုတ်ကုမ္ပဏီကြီးတွေဟာ တိုင်းရင်းအင်ဒိုနီးရှားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ပြီး လုပ်ငန်းကန်ထရိုက်ရယူနိုင်တဲ့ အခြေအနေရောက်လာတယ်။ အခြေခံအဆောက်အအုံနဲ့ လောင်စာစွမ်းအင်လုပ်ငန်းမှာပဲ အစိုးရနဲ့နီးစပ်တဲ့ အင်ဒိုနီးရှားကုမ္ပဏီတွေ ကြီးစိုးတယ်။

ဒါပေမယ့် အင်ဒိုနီးရှားမှာ ရင်းနှီးမြှုပ်နှံမယ့် တရုတ်ကုမ္ပဏီတွေဟာ ဒေသခံတရုတ်နဲ့တိုင်ပင်ပြီး လုပ်ကြတဲ့အတွက် ကြားလူအဖြစ် အသုံးဝင်နေတာတွေ့ရတယ်။ ဒီလိုဒေသခံတရုတ်သာ မရှိဘူးဆိုရင် အင်ဒိုနီးရှားက တရုတ်ရင်းနှီးမှုဟာ အခုလောက် များမှာမဟုတ်ဘူးလို့ ယူဆကြတယ်။ ဒါကြောင့်လည်း ဒေသခံတရုတ်ဖြစ်တဲ့ Mari Elka Pungestu ကို အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး ခန့်ထားတာဖြစ်ပုံရတယ်။ တရုတ်ပြည်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရာမှာ ဒေသခံတရုတ်အရေးပါပုံကို အင်ဒိုနီးရှားအစိုးရက သဘောပေါက်တဲ့အတွက် တရုတ်ဆန့်ကျင်ရေးမူတွေကို ရုပ်သိမ်းလာပါတယ်။ တရုတ်စီးပွားရေး တိုးတက်မှုရဲ့ အသီးအပွင့်ကို စားသုံးချင်ရင် ဒေသခံတရုတ်ကတဆင့်သာ စားသုံးနိုင်တာကို သိလာပုံရပါတယ်။

ဒါကြောင့်လည်း ၀န်ကြီးချုပ် ၀မ်ဂျာဘောင်းက နိုင်ငံခြားရောက်တရုတ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အားသွန်ခွန်စိုက် ကာကွယ်မယ်လို့ ၂၀၀၅ က အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်။ တနည်းဆိုရင်တော့ နိုင်ငံခြားမှာ စီးပွားရှာနေတဲ့ တရုတ်ဘက်က ရပ်တည်တာဟာ တရုတ်အစိုးရလမ်းစဉ်ဖြစ်လာတာပါပဲ။ တချို့ကလည်း ဗြိတိသျှဓနသဟာယအဖွဲ့လို တရုတ်ဓနသဟာယအဖွဲ့မျိုး ပေါ်ပေါက်လာနိုင်ဖွယ် ရှိသလားလို့ ဆန်းစစ်ကြတယ်။

ဒါပေမယ့် နိုင်ငံခြားတရုတ်ရဲ့ စီးပွားရေးအင်အားကို နိုင်ငံရေးအင်အားအဖြစ် အသွင်ပြောင်းနိုင်တယ်လို့ ယတိပြတ်ပြောထားတဲ့ လေ့လာချက်မျိုးတော့ မရှိသေးဘူး။ ချမ်းသာတဲ့ နိုင်ငံခြားရောက် တရုတ်တွေရဲ့ ကွန်ချာအဆက်အသွယ်ကို တရုတ်စီးပွားရေးအင်ပါယာသဘောမျိုး တင်စားပြီး ရေးသားတာမျိုးသာရှိတယ်။ ဒါပေမယ့် နိုင်ငံခြားရောက် တရုတ်တွေဟာ သူတို့နေထိုင်ရာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဖြစ်စဉ်ကို လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတဲ့သဘောကို အရိပ်အမြွက်ဖော်ပြတယ်။

အရှေ့တောင်အာရှမှာ စီးပွားရေးကျပ်တည်းလာရင် ချမ်းသာတဲ့ တရုတ်တွေကို ဒေသခံတိုင်းရင်းသားတွေက ရန်လုပ်လာမယ့် အလားအလာရှိနေတုန်းပဲ။ တရုတ်အကျိုးစီးပွားကို ထိခိုက်လာရင် တရုတ်အစိုးရဟာ အရင်လိုငြိမ်နေလို့မရတော့ဘဲ အရေးယူဆောင်ရွက်ရမယ့် အခြေအနေကို ရောက်လာပါလိမ့်မယ်။

Friday, February 19, 2010

တရုတ်ပြည် ဒုသမ္မတနှင့် တရုတ် ခေါင်းဆောင်မှုအကြောင်း

ဘိုဘိုကျော်ငြိမ်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၀ မိနစ် ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံသည် လူ့သမိုင်းတွင် အရေးပါသော နိုင်ငံကြီး ၂ နိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယတို့နှင့် မိုင်ပေါင်းများစွာ နယ်နိမိတ်ဆက်စပ်လျက်ရှိသည်။ ထိုကြောင့် ထို ၂ နိုင်ငံနှင့် ဆက်ဆံရေးသည် မြန်မာနိုင်ငံ အတွက် အရေးကြီးပါသည်။ ယနေ့ခေတ်တွင် တရုတ်ပြည်ကြီးသည် တရိုန်ထိုး တိုးတက်လျက် ရှိပါသည်။ ထို့ပြင် နအဖ စစ်အစိုးရကိုလည်း ကျားကန်ပေးထားပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံကို ဦးဆောင်လျက် ရှိသော တရုတ်ခေါင်းဆောင်များအကြောင်း သိထားသင့်ပေသည်။ လေ့လာကျွမ်းကျင်သင့်သည်။ ခေတ်ပညာတတ် လူငယ်များ တရုတ်အရေး ကျွမ်းကျင်သူများ ဖြစ်စေရန်နှင့် တရုတ်အရေးကို စိတ်ဝင်စား စေချင်သည့် စေတနာနှင့် ဒီဆောင်းပါးကို ရေးရခြင်းပါ။

တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဟုတ်ပါ။ ကွန်မြူနစ် ပါတီက အုပ်စိုးသော နိုင်ငံဖြစ်၍ သတင်း လွတ်လပ်ခွင့် မရှိပါ။ အုပ်ချုပ်သူများက သိခွင့်ပေးသလောက်သာ အပြင်ကမ္ဘာကြီးအနေနှင့် သိခွင့် ရကြပါသည်။ ထို့ကြောင့် တရုတ်ခေါင်းဆောင်များအတွင်း ပကတိဖြစ်ရပ်များကို အလုံးစုံ သိခွင့်မရှိကြပါ။ သို့သော် မော်စီတုန်းလက်ထက် ထက်စာလျှင် လွန်စွာပင် တိုးတက်ပြီဟု ပြောနိုင်ပါသည်။

ဂျပန်၊ ကိုးရီးယား၊ မြန်မာနှင့် ကမ္ဘားဒီယား စသည့် ၄ နိုင်ငံသို့ ခရီးထွက်လာသော တရုတ်ဒုသမ္မတ ရှီကျင်းဖျင်သည် တရုတ်ခေါင်းဆောင်များတွင် ဗဟို (Central) နေရာ တာဝန်ယူရန် ရာထားသည့် ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ တရုတ်ပြည်ကြီး၏ ခေါင်းဆောင်ရွေးချယ်မှုစနစ်အရ (အပ)ပရောဂ များကင်းခဲ့သော် - ၂ဝ၁၂ တွင်ကျင်းပမည့် ပါတီညီလာတွင် ဗဟိုခေါင်းဆောင်-တနည်းအားဖြင့် သမ္မတဖြစ်လာ မည့်သူဖြစ်ပါသည်။ အောက်တိုဘာ၂ဝဝ၇ ခုနှစ်တွင်ကျင်းခဲ့သော (၁၇)ကြိမ်မြောက်ပါတီညီလာခံက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် (၂၁)ရာစုနှစ် ကွန်မြုနစ်စံနစ်၏ အိမ်ရှေ့မင်းသားဖြစ်ပေသည်။ ထိုကြောင့်လက်ရှိ သမ္မတ ဟူကျင်တောင် လက်အောက်တွင် အလုပ်သင်သဘော (၅)နှစ် သက်တမ်း ဒုသမ္မတရာထူးကို တာဝန်ယူထားရသည်။ ပြီးခဲ့သည့် ခရီးစဉ် မှာ တရုတ်နိုင်ငံနှင့်ဆက်ဆံရမည့် အာရှနိုင်ငံများကိုကွင်းဆင်းလေ့လာ၍ ထိုနိုင်ငံ့ ခေါင်းဆောင်များနှင့် အကျွမ်းတဝင်ဖြစ်အောင်ဆက်ဆံခြင်းပင်ဖြစ်သည်။

ဤနေရာတွင် အမေရိကန်စနစ်နှင့် တရုတ်စနစ် ကွာခြားမှုကို ကြားဖြတ်တင်ပြပါရစေ။ ကျနော်တို့ နိုင်ငံအတွက် အတုယူစရာများ ရှိလို့ပါ။ အမေရိကန်စနစ်အောက်မှာ ခေါင်းဆောင်တဦးကို စနစ်တကျ ပိုးမွေးသလို (မွေး) ယူသည်ဆိုသည်မှာ မရှိပါ။ အမေရိကန်စနစ်မှာ အုပ်ချုပ်ရေး (Executive) ၊ တရားဥပဒေတည်ဆောက်ရေး (Legislative) ၊ တရားရေး (judicial) ဟူ၍ ခွဲခြားထားပြီး ဤမဏ္ဍိုင် ၃ ခုကို တခုနှင့်တခု ချိတ်ဆက်ကာ ထိန်းပေးထားပါသည်။ Check & Balance ဟု ခေါ်ကြပါသည်။ အမေရိကန် သမ္မတ လက်ထဲတွင် အုပ်ချုပ်ရေး အာဏာကို အပ်ထားပြီး၊ သမ္မတသည် စစ်တပ်၏ အကြီးအကဲ Commander in Chief လည်း ဖြစ်ပါသည်။

အမေရိကန်စနစ်သည် လူတဦးချင်းဝါဒ Individualism ကို အားပေးသည်။ အမေရိကန်စံနစ်၏ အားသာချက်မှာ လူထုက ခေါင်းဆောင်ကို ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲ အတွက် campaign ဟုခေါ်သော သမ္မတလောင်းအဖြစ်ရွေးကောက်ခံရဖို့အတွက် တနှစ်ခန့် ကြိုးစားရပါသည်။ မိမိ၏ ပါတီခေါင်းဆောင် ကိုယ်စားလှယ်ဖြစ်မှ၊ တခါ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကင် ပါတီခေါင်းဆောင်နှစ်ဦး ယှဉ်ပြိုင်ရသည်။ Third Party ဟုခေါ်သော တခြား တတိယကိုယ်စားလှယ်များရှိသော်လည်း ပါတီကြီး ၂ ခု၏ ကိုယ်စားလှယ်များသာ သမ္မတ ဖြစ်လာကြပါသည်။

တနှစ်ကျော် Campaign သည် သမ္မတဖြစ်ရန် အကြိုတိုက်ပွဲဖြစ်၍ လူတဦး၏ အရည်အချင်းကို (စစ်ထုတ်) ခြင်းဟု ယူဆနိုင်သည်။ သို့သော် နိုင်ငံရေးတိုက်ပွဲသည် အုပ်ချုပ်မှုနှင့်မဆိုင်။ ဥပမာ သမ္မတ George W Bush သည် အတွေ့အကြုံ မရှိရုံမက မိမိလိုချင်ရာကို ခေါင်းမာစွာ မစဉ်းစား၊ မဆင်ခြင်အီရတ်ကို မတရား စစ်ဝင် တိုက်ခဲ့ပါသည်။ စီးပွားရေးတွင်လည်း လောဘီရစ်(lobbyists) များကိုဆွဲခန့်ခဲ့သည့်အတွက် မထိန်းနိုင် မသိမ်းနိုင် စီးပွားရေးကပ်စိုက်ခဲ့ရသည်။ လူညံ့တဦး သမ္မတဖြစ်လာပါက စံနစ်က အတွေ့အကြုံ ရှိမှုကို ဦးစားမပေးသောကြောင့် တိုင်းပြည်နာ နိုင်ပါသည်။

အမေရိကန်စနစ်က (လူ) ကို (လူထု) က ရွေးသည်။ (လူ) ၏ အရည်အချင်းကို (ယုံ)သည်။ အလုပ်က (သင်) လိမ့်မည်ဟု လက်ခံသည်။

တရုတ်ကပြောင်းပြန်

တရုတ်စံနစ်တွင် အဓိကသည် တရုတ်ကွန်မြူနစ်ပါတီ ဖြစ်သည်။

ပါတီတည်မြဲရေးသည် ပထမဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်ကို ပြည်သူက ရွေးခွင့်မရှိ၊ ပါတီက ရွေးသည်။ ပါတီအောက်တွင်မှ အစိုးရ (အုပ်ချုပ်ရေး) အမျိုးသားကွန်ကရက် (ဥပဒေပြုရေး) နှင့် စစ်တပ် ရှိသည်။ ထူးဆန်းသည်မှာ စစ်တပ်သည် အစိုးရအောက်တွင် မရှိပါ။ ကာကွယ်ရေးဝန်ကြီးသည် စာရေးကြီး သာသာပဲ ဖြစ်သည်။ တရုတ်ပြည် စစ်ကော်မရှင်က စစ်တပ်ကိစ္စအားလုံးအတွက် တာဝန်ရှိသည်။

ထို့ကြောင့် တရုတ်ပြည်တွင် အဓိက ၃ နေရာရှိသည်။

(၁) ပါတီခေါင်းဆောင်

(၂) အစိုးရခေါင်းဆောင်

(၃) စစ်ကော်မရှင်ခေါင်းဆောင်

မှတ်ချက်။ ။ ဤစံနစ်ကိုနောင်မှ အသေးစိတ်တင်ပြပါမည်။

ယနေ့သမ္မတ ဟူကျင်တောင်တို့ကို 4th Generation Leadership ဟု ခေါ်ပါသည်။ ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေးအတွက် တိန့်ရှောက်ဖိန်က အာဏာတည်ဆောက်ရေးနှင့် အာဏာလွှဲပြောင်းရေးကို စံနစ်တကျ တည်ဆောက်သွားပါသည်။

အဓိကကျသော တည်ဆောက်မှု (၂) ခုမှာ တဦးတယောက်ထဲ အာဏာတည်ဆောက်ရေးထက် Collective Leadership ဟုခေါ်သော စုပေါင်းခေါင်းဆောင် မှုကို တည်ဆောက်ရမည်။ ဤစုပေါင်းခေါင်းဆောင်မှု၏ အလယ်တွင် အဓိကကျသော central ဗဟိုပုဂ္ဂိုလ် ရှိရမည်။

ထို့ပြင် စုပေါင်းခေါင်းဆောင် တဆက်ပြီးလျှင် နောက်တဆက်ကို (အာဏာ) လွှဲပေးရမည်။ ဒါမှ တရုတ် ကွန်မြူနစ်ပါတီ၏ တိုင်းပြည်ထူထောင်ရေး တည်ငြိမ်၍ ဆက်တိုက်တိုးတက်မှု ရှိမည်။ stability ရှိ၍ Continuity ရှိမည်ဟု ဆိုလိုသည်ပါ။

ထို့ကြောင့် အဓိကပုဂ္ဂိုလ် Central အဖြစ် အရွေးခံရသူသည် …

(၁) ပါတီအထွေထွေ အတွင်းရေးမှူး (ပါတီရာထူး)

(၂) သမ္မတ (အုပ်ချုပ်ရေး)

(၃) စစ်ကော်မရှင် ဥက္ကဋ္ဌ (စစ်တပ်)

ဤ ၃ နေရာလုံးကို ဆက်ခံရန် ပါတီက ရွေးကောက်ပါလိမ့်မည်။ သို့သော် သက်တမ်း ၂ ကြိမ်သာ ခံစားခွင့်ရှိသည်။ သက်တမ်း ၂ ကြိမ်ပြီးလျှင် နောက်တဆက် Next Generation ခေါင်းဆောင်များကို လွှဲပေးရပါမည်။

Generation ခေတ်တဆက် တဆက်ခေါင်းဆောင်ဆိုတာ ဘာလဲ။

မော်စီတုန်းလက်ထက်က အာဏာလက်လွှဲရန် အစီအစဉ် process မရှိခဲ့ပါ။ မော်စီတုန်းသည် ဘုရားတဆူ တမျှ အာဏာရှိသည့် အာဏာရှင်ဖြစ်သည်။ ထို့ကြောင့် ပထမ လူလျောက်ချီ Li Shaoqi ၊ နောက် လင်ပြောင် Lin Biao ယဉ်ကျေးမှု တော်လှန်ရေး အထွတ်ထိဋ်ရောက်စဉ်က (၄)ဦးဂိုဏ်းမှ ဝန်ဟုန်ဝန် (Wang Hongwen) တို့ကို ရည်မှန်းခဲ့သည်။ နောက်ဆုံးသေခါနီးတွင်ဟွာဂူဖုံး (Hua Guofeng)။ သို့သော် တိန့်ရှောက်ဖိန်က (Deng Xiaoping) နောက်ဆုံး အာဏာယူနိုင်ခဲ့သည်။

ဤသည်မှာ အာဏာရှင်လက်အောက်တွင် အာဏာရှင်များသည် အာဏာကို လက်မလွှတ်ရဲဘဲ အာဏာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သေကြသည် ချည်းဖြစ်၍ ထို့ကြောင့် တိန့်ရှောက်ဖိန်က သူ မသေခင်မှာ ရာထူးများကို လက်လွှဲပေးပြီး အာဏာကူးပြောင်းမှုကို စံနစ်တကျဖြစ်စေရန် ဆောင်ရွက်ရာက ယခုလို Generation Leadership ဟု ခေါ်သည့် စုပေါင်းခေါင်းဆောင်မှု ပေါ်ပေါက်လာခဲ့သည်။

ထို့ကြောင့် …

1st Generation ပထမခေတ်/အဆက် - မော်စီတုန်း

2nd Generation ဒုတိယခေတ်/အဆက် - တိန့်ရှောက်ဖိန်

3rd Generation တတိယခေတ်/အဆက် - ကျန်ဇီမင်း

4th Generation စတ္ထုတခေတ်/အဆက် - ဟူကျင်တောင်

5th Generation ပဉ္စမခေတ်/အဆက်- ရှီကျင်းဖျင် (ရွေးချယ်ရန် ရာထားခံရသူ)

ပါတီလူကြီးများ (Party Elders)

တရုတ်ပြည်ကြီး၏ စုပေါင်းခေါင်းဆောင်မှုစံနစ်အောက်တွင် အာဏာရှိသည့်လက်တဆုပ်စာ လူတစုက ဗဟိုလူ central person ကို ဝန်းရံပေးကြသည်။ ထိုလူများသည် ၁ဝ နှစ် အုပ်ချုပ်၊ ၁ဝ နှစ်ပြည့်သည့်အခါ ရာထူးမှ နုတ်ထွက်ပေး၊ နောက်တအုပ်တက်ပေါ့။

လူတစုပြီး တစု ပြောင်းလဲ အုပ်ချုပ်သွားကြမည်။ သို့သော် ကွန်မြူနစ်ပါတီ က အာဏာတည်မြဲလျက်ရှိရန် တိန့်ရှောက်ဖိန် က စီစဉ်ခဲ့သည်ပါ။ သို့သော် ပါတီလူကြီးများ (Party Elders) က Reform ဟုခေါ်သော ပြန်လည်ပြင်စင်ရေး လမ်းစဉ်ကို လိုက်နာသူ သစ္စာရှိ သူများကိုသာရွေးရန် စီစဉ်ခဲ့ပြန်သည်။်

ဤနေရာတွင် အရေးကြီးသည့်ဖြစ်စဉ် process လုပ်ငန်းစဉ် တခု ရှိသည်။ အာဏာနှင့် ရာထူးကို လက်လွှတ်ပေးရသည့် လူကြီးများသည် ပျောက်မသွားကြပါ။ ကွန်မြူနစ်ပါတီ အတွင်း ဆက်လက် ရပ်တည်လျက် ရှိသည့်အပြင် Elders ဟုခေါ်သည့် ပါတီလူကြီးများ ဖြစ်လာကြပြီး ပါတီ၏ လမ်းစဉ်၊ ပါတီခေါင်းဆောင်သစ်၊ များကို ရွေးရာတွင် အရေးပါသည်။

တဖက်က (အကောင်းဘက်က) ကြည့်လျှင် တသက်လုံး နိုင်ငံရေးလုပ်လာကြသည့် ဝါရင့် နိုင်ငံရေး သမားကြီးများက ထိမ်းကျောင်းပေးနေသဖြင့် တိုင်းပြည်အတွက် အကျိုးရှိသည်ဟု ဆိုနိုင်သည်။ သို့သော် တခြားတဖက်က ကြည့်လျှင် ထိုလူကြီးများသည် အရေအတွက်မည်မျှနှင့် မည်သူများဖြစ်သည်ကို တရုတ်ပြည်အကြောင်း လေ့လာ ကျွမ်းကျင်သူများပင် မသိကြပါ။ အကြောင်းအရင်းက တရုတ်ပြည်သည် အာဏာရှင် စနစ်ကို ကျင့်သုံးဆဲဖြစ်သောကြောင့် လူအသိမခံ၊ ဗြောင်မကြေညာရဲဘဲ အာဏာရှိသူများကသာ ကြိတ်လုပ်ကြခြင်းဖြစ်သည်။

ဤ လူကြီးစနစ်သည် တိန့်ရှောက်ဖိန်လက်ထက်တွင် ပေါ်လာသည်။ တိန့်ရှောက်ဖိန်သည် ကွန်မြူနစ်ပါတီ စကတည်းက ပါခဲ့သည့်အပြင် တော်လှန်ရေးတွင် တောက်လျှောက် တာဝန်ယူခဲ့ရပြီးသဘာရင့်ရာဇဝင် ရှိသည့် ခေါင်းဆောင်ဖြစ်ခဲ့သဖြင့် ကွန်မြူနစ်ပါတီအပြင် စစ်တပ်အတွင်းမှာပါ သြဇာရှိသည်။ တိန်ရှောက်ဖိန်နောက် ကျန်ဇီမင်း၊ ယခု ဟူကျင်တောင် လက်ထက်ကျတော့ ကျန်ဇီမင်းသည် တိန်လျှောင်ဖိန်ကဲ့သို့ ရာဇဝင်မရှိပါ။ ကျန်ဇီမင်းက တိန်ရှောက်ဖိန်လိုတခြားရာထူးများကို ဖယ်ပေး သော်လည်း၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးကို ဆက်ကိုင်ရန် ကြိုးစားခဲ့သည်။ မရမှ နောက်ဆုံး လွှဲပေးခဲ့ရသည်။ ထို့ကြောင့် ကျန်ဇီမင်းနှင့် ဟူကျင်တောင်သည် မသင့်တင့် (သို့) အပြိုင်ဟု ပညာရှင်များက သတ်မှတ်ကြသည်။

(မှတ်ချက်။ ကျန်ဇီမင်းနှင့် ဟူကျင်တောင်နှစ်ယောက်စလုံးကို တိန်ရှောက်ဖိန်ကရွေးခဲ့ခြင်းဖြစ်သည်)

၂ဝ၁၂ ခုနှစ်နောက်ပိုင်း ဟူကျင်တောင်က 5th Generation များကို အာဏာလွှဲပြီးရင် Elders များထဲတွင် ပြိုင်ဘက်များ ဖြစ်လာမည်။ မည်သူကမှ မည်သူလူကြီးEldersဖြစ်ရမည်၊ မည်သို့ရွေးချယ်မည်ကို မသိရသေးသည့် အတွက် ရှေ့မှာ ပြဿနာ ဖြစ်နိုင်သည်။

ကျန်ဇီမင်းကို Elders များက ရွေးသည်ကို ကျန်ဇီမင်းပင် မသိခဲ့ပါ။ တိန့်ရှောက်ဖိန်သည် ပထမ ဟူရောင်ဘန်း (Hua YaoBang) နှင့် ကျောက်ကျိယန် Zhao Ziyang တို့ကို သူ့နောက် ဆက်ခံရန် ရွေးခဲ့သည်။ ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် ကျောင်းသားများ အရေးတော်ပုံကြီးတွင် ကျောက်ကျိယန်သည် ကျောင်းသားများ ဘက်လိုက်သည်ဆိုပြီး အဖမ်းခံရသည်။ ထိုစဉ်က Li Peng လီပင်း က ဝန်ကြီးချုပ် (တရုတ် စိန်လွင်ပေါ့) ။ လီပင်း က တိန့်ရှောက်ဖိန်နှင့် လူကြီးများကို တင်ပြပြီး ဖမ်းမိန့်ရမှသာ ဖမ်းဆီး နိုင်ခဲ့သည်။ ထို့ကြောင့် ဆက်ခံရန် လူရွေးသည့်အခါ ၁၉၈၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် လူကြီးအဖွဲ့ ဖြစ်သည့် တိန့်ရှောက်ဖိန် Deng Xiaoping ၊ Chen Yun ၊ Li Xiannian ၊ Peng Zhen ၊ Deng Yingchao ၊ Yan ShangKun ၊ Wang Zhen ၊ Bo Yibo တို့သည် တိန့်ရှောက်ဖိန် နေအိမ်တွင် ၅ နာရီကြာ တွေ့ဆုံခဲ့ကြသည်။

ဤလူကြီးများကပဲ တရုတ်ကျောင်းသားများကို နှိမ်နင်းရန် အမိန့် (ပစ်မိန့်) ကို ပေးရာတွင်အရေးပါခဲ့သည်။ ကျနော်တို့ မြန်မာနိုင်ငံတွင် ဗိုလ်ချုပ် စောမောင်ကို ဖယ်ရှားရန် ၎င်းတို့၏အဖေကြီး ဦးနေဝင်းက အမိန့် ပေးခဲ့ကြောင်း သတင်းရှိသလိုပေါ့။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းပြီး စစ်ဦးစီးချုပ်သည် ဗိုလ်ချုပ်စောမောင်ဖြစ်သော်လည်း စစ်တပ်ကို အမှန်တကယ် ကိုင်ထားသည်မှာ ဦးနေဝင်းပင်။

(မှတ်ချက်) နဝတ ခေတ်တွင် ဦးနေဝင်းသည် မည်သည့်ရာထူးမှ မယူသည့်အပြင် နေ့တဓူဝ အုပ်ချုပ်မှုနှင့် ဝေးသွားသည်။ တိန့်ရှောက်ဖိန်၏ အဓိက ရည်စူးချက်မှာ ကွန်မြူနစ်ပါတီ တည်မြဲရေး ထို့ကြောင့် ပါတီဝင် ဖြစ်ရုံမက ချုပ်ကိုင်စရာ ပါတီရှိသည်။ မဆလက ၈၈၈၈ အရေးအခင်းနှင့် ပြည်သူများက လက်မခံ တော့သည့် အတွက် ဇတ်သိမ်းခဲ့ရပြီ။ ဦးနေဝင်း၏ ကျောရိုးကစစ်တပ်၊ တိန့်ရှောက်ဖိန်၏ ကျောရိုးသည် ကွန်မြူနစ်ပါတီဖြစ် သည်ကို သတိပြုစေချင်သည်။တီအန်မင် ကျောင်းသားအရေးတော်ကြီး ဖြိုးခွင်အပြီး ကျောက်ကျိယန်(Zhao Ziyang) ပြုတ်ကျပြီးသော်လည်း သူ့ကို ထောက်ခံသည့် ပါတီဝင်ဟောင်းများက ပါတီစည်းဝေးပွဲ မှတ်တမ်းများကို ဖြည်းဖြည်းချင်း ခိုးထုတ်ကြပြီး ၂ဝဝ၁ ခုနှစ်တွင် တီအန်မင် စာတမ်းများ Tiananmen Papers ဆိုသည့် စာမျက်နှာ ၅ဝဝ ကျော် စာအုပ်တအုပ်ကို အမေရိကားတွင် ထုတ်ဝေခဲ့သည်။ အင်မတန် ဖတ်၍ကောင်းသည့် စာအုပ်ပါ။ စာမျက်နှာက ၃ဝ၈ တွင် လူကြီးများက ကျန်ဇီမင်းကို ခန့်ခြင်း The Elders Appoint Jiang Zemin ဆိုသည့် အခန်းတွင် အစည်းအဝေး မှတ်တမ်းများက တဆင့် မည်သို့ စဉ်းစားရွေးချယ်ခဲ့ကြသည်ကို အသေးစိတ် ဖော်ပြထားပါသည်။

ထိုသို့သော စာအုပ်မျိုးများ ပေါ်လာသဖြင့် တရုတ်လူကြီးများအကြောင်း သိခဲ့ရသော်လည်း ယခု လူကြီးများသည် မည်သူများလဲ၊ မည်သို့ရွေးသလဲ၊ မည်ရွေ့မည်မျှ အာဏာရှိသလဲဆိုသည်ကို အတိအကျ သိသူ မရှိသလောက်ပါ။ ဘီဘီစီ သတင်းထောက် အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး မကြာသေးခင်ကမှ တရုတ်ပြည်ကြီးတွင်(၃)နှစ်ကျော်အယ်ဂျာဇီးယား Al Jazeera သတင်းထောက် အဖြစ် ဆောင်ရွက်ခဲ့သူ တိုနီချန်းဆိုသူက ဆွေးနွေးတင်ပြခဲ့သည်။

တရုတ်စံနစ်တွင် ခေါင်းဆောင်ကို ပြည်သူတွေက ရွေးချယ်ခွင့်ရှိသည်မဟုတ်။ ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေ က ရွေးချယ်ကြခြင်းဖြစ်သည်။ သို့သော် ကွန်မြူနစ်ပါတီသည် တပါတီ အာဏာရှင် စံနစ်ဖြစ်ရုံမက အုပ်ချုပ်ရေး စီးပွားရေး အားလုံးကို ချုပ်ကိုင်ထားသည့်အတွက် ခေါင်းဆောင်များကို ပိုးမွေးသကဲ့သို့မွေးနိုင် ပေသည်။ မော်စီ တုံးနှင့် ယဉ်ကျေးမှုတော်လှန်ရေးခေတ်က တော်လှန်ရေးကို သစ္စာရှိမည့်သူများကို ရွေးသည်။ တိန့်ရှောက်ဖိန် နောက်ပိုင်းခေတ်ကြတော့ Reformဟုခေါ်သော စီးပွားရေး ပြန်လည်ပြင်ဆင်မှုကို သစ္စာရှိသူများကို ရွေးစေသည်။ မီးများမီးနိုင် ရေများရေနိုင် စံနစ်ပင် ဖြစ်သည်။ ကွန်မြူနစ် ပါတီအတွင်းတွင်လည်း ပြောင်းလဲလျက်ရှိပါသည်။

တရုတ်ခေါင်းဆောင်များအတွက် ခေါင်းအကြီးဆုံးပြဿနာများမှာ ဆင်းရဲချမ်းသာပြဿနာ မြို့နဲ့ နယ်များအကြား ကွာခြားမှု တိုးတက်သောအရှေ့ဖက်ခြမ်း နှင့် ပြည်တွင်းပိုင်း ကွာခြားမှု နှင့် Internal Migration ဟုခေါ်သော နယ်များမှအရှေ့ခြမ်းမြို့ကြီးများသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတို့ဖြစ်ကြ၍ အကြီးဆုံးပြဿနာမှာ လဘ်စားမှုဖြစ်ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။

ဆက်လက်၍ 5th generation ဖြစ်ရာထားခြင်းခံရသော ခေါင်းဆောင်များ 6th generation ခေါင်းဆောင်များ အဖြစ်ရွေးချယ်နိုင်ရန် တန်းစီထားပြီးသော ခေါင်းဆောင်များအကြောင်းနှင့် ပါတီတွင်း အင်အားအဖွဲ့စု Factions and groups များအကြောင်းကို ဆက်လက်တင်ပြဆွေးနွေးသွားပါမည်။



ရည်ညွှန်း References

The Tiananmen Papers

Mao Last Revolution

China fifth generation leaders come of age by Cheng Li

China’s Leadership, fifth generation by Cheng Li and John L. Thorton.