Friday, February 19, 2010

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ

Liberalism is trust of the people tempered by prudence. Conservatism is distrust of the people tempered by fear.

William E. Gladstone, 1866

လစ်ဘရယ်ဝါဒဆိုတာ ဆင်ခြင်တုံတရား အသားကျနေသူတွေရဲ့ ယုံကြည်မှုဖြစ်တယ်။ ကွန်ဆာဗေး တစ်ဝါဒဆိုတာ ကြောက်ရွံ့ခြင်း အသားကျနေသူတွေရဲ့ မယုံကြည်မှုဖြစ်တယ်။

ဝီလျံဂလက်စတုန်း

When I was a boy I was told that anybody could become President; I'm beginning to believe it.
Clarence Darrow
ကျွန်တော် ငယ်ငယ်တုန်းက ကြားဖူးတယ်။ လူတိုင်းဟာ သမ္မတ ဖြစ်နိုင်တယ်တဲ့။ အခု ကျွန်တော်အဲဒါကို ယုံကြည်စပြုလာပြီ။
ကလဲရင့်ဒါရိုး

George Washington is the only president who didn't blame the previous administration for his troubles.

Author Unknown

မိမိရင်ဆိုင်ရတဲ့ ဒုက္ခတွေအတွက် မိမိအရင် အစိုးရကို အပြစ်မတင်တဲ့ တစ်ဦးတည်းသော သမ္မတကတော့ ဂျော့ဝါရှင်တန်ပါပဲ။

အမည်မသိ

Truth is not determined by majority vote.

Doug Gwyn

အမှန်တရားဆိုတာ အများစုမဲနဲ့ ဆုံးဖြတ်လို့မရ။

ဒေါက်ဂွင်း

The Democrats are the party that says government will make you smarter, taller, richer, and remove the crabgrass on your lawn. The Republicans are the party that says government doesn't work and then they get elected and prove it.

P.J.O'Rourke

သူတို့ပါတီ အစိုးရဖြစ်လာရင် ခင်ဗျားတို့ကို ပို၍ကောင်းမွန်အောင်၊ ပို၍ မြင့်မားအောင်၊ ပို၍ ချမ်းသာအောင် လုပ်ပေးမယ်။ ခင်ဗျားခြံထဲက မြက်တွေကို ရှင်းပေးမယ်လို့ပြောတာ ဒီမိုကရက်တွေ။ အစိုးရက ဘာမှမလုပ်ဘူးလို့ပြောပြီး ရွေးကောက်တင်မြှောက်ခံရတဲ့အခါ အဲဒီအတိုင်း သက်သေပြသူတွေက ရီပက်ဘလေကန်တွေ။

ပီဂျေအိုရော့ကဲ

A conservative is a man who believe that nothing should be done for the first time.

Alfred Wiggam

ကွန်ဆာဗေးတစ်ဆိုတာ ပထမဦးဆုံး ဘာမှ လုပ်စရာမလိုဘူးလို့ ယုံကြည်သူကို ခေါ်တယ်။

အဲဖရက်ဝစ်ဂမ်း

Why pay money to have your family tree traced; go into politics and your opponents will do it for you.

Author Unknown

ခင်ဗျားရဲ့ ဆွေစဉ်မျိုးဆက်ဇယားခြေရာကောက်ဖို့ ဘာကြောင့် ပိုက်ဆံအကုန်ခံမလဲ။ နိုင်ငံရေးထဲသာ ၀င်လိုက်ပါ။ ခင်ဗျားရဲ့ ပြိုင်ဘက်တွေက အဲဒီအလုပ်ကို လုပ်ပေးကြလိမ့်မယ်။

အမည်မသိ

Some men change their party for the sake of their principles; others their principles for the sake of their party.

Winston Churchill

တချို့လူတွေက သူတို့ယုံကြည်တဲ့ အခြေခံမူတွေအလို့ငှာ ပါတီပြောင်းတယ်။ တချို့လူတွေက သူတို့ပါတီအကျိုး အလို့ငှာ သူတို့ရဲ့ အခြေခံမူတွေကို ပြောင်းပစ်တယ်။

ဝင်စတန်ချာချီ

If God had been a Liberal there wouldn't have been Ten Commandments, there would have been Ten Suggestions.

Malcolm Bradbury, After Dinner Game, 1982

အကယ်၍ ဂေါ့ဒ်ဟာ လစ်ဘရယ်တစ်ယောက်ဖြစ်ခဲ့ရင် ပညတ်တော်ဆယ်ပါးရယ်လို့ ရှိခဲ့မှာမဟုတ်။ အကြံပြုချက်ဆယ်ခုသာ ရှိခဲ့ပေလိမ့်မည်။

မာလ္ကြမ္ဘရက္ဘာရီ

A conservative is one who admires radicals centuries after they're dead.

Leo Rosten

ကွန်ဆာဗေးတစ်ဆိုတာ ရာဒီကဲလ် (တော်လှန်ပြောင်းလဲရေးသမား) တွေကို သူတို့သေပြီး ရာစုနှစ်များစွာ ကြာပြီးတော့မှ ချီးကျူးဂုဏ်ပြုတတ်သူတွေကို ခေါ်တယ်။

လီယိုရော့စတင်း

(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

နိုင်ငံရေးနှင့် နိုင်ငံရေးပါတီ

တက္ကသိုလ်မြတ်သူ

(၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ထုတ်၊ Northern Star ဂျာနယ်က ဆရာ တက္ကသိုလ်မြတ်သူရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီ ခေတ်ကာလတုန်းက အစိုးရနဲ့ အတိုက်အခံကြား ဆက်ဆံရေး၊ ဖဆပလရဲ့ အကွဲအပြဲများကို တစ်စေ့တစ်စောင်း သိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။)

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် လွတ်လပ်ရေး ကြိုးပမ်းမှု၏ မြန်မာ့ရှေ့ဆောင် အမျိုးသား မဏ္ဍိုင်ကြီး ဖြစ်သော ဖဆပလ သည် ၁၉၅၈ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်မြဲ(ဆွေငြိမ်း) နှင့် သန့်ရှင်း(နုတင်) ဟူ၍ နှစ်ခြမ်းကွဲ ပြိုလဲသွားခဲ့သည်။ လွတ်လပ်ရေး ရကာနီးနှင့် ရပြီးစ ကာလများ ကတည်းက ဖဆပလ အဖွဲ့ချုပ်မှ ပြည်သူ့ ရဲဘော် (အဖြူပတ်)၊ ဆိုရှယ်နီ၊ ဗကသ၊ ဗမက စသည့် အဖွဲ့များ ပဲ့ထွက်ခဲ့ပြီး ဖြစ်သည်။ ဖဆပလကြီး တည်မြဲနှင့် သန့်ရှင်း ကွဲပြဲမှုမှာ သာမန် ပဲ့ထွက်သွားခြင်း မဟုတ်ဘဲ ထမင်းစား ကြွေပန်းကန် အလယ်မှ ထက်ခြမ်း ကွဲသကဲ့သို့ ပြန်ဆက်၍ မရအောင် ကွဲထွက်သွားခြင်း ဖြစ်သည်။

ဖဆပလကြီး နှစ်ခြမ်းကွဲချိန် အဖွဲ့ချုပ် ရန်ပုံငွေ ငါးသိန်း ရှိနေသည်။ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့၏ အရေးပါသော နေရာများမှာ နုတင် (သန့်ရှင်း) တို့ လက်တွင် ရှိသည်။ ဥက္ကဋ္ဌ နေရာ ဦးနု၊ အထွေထွေ အတွင်းရေးမှူး နေရာ သခင် ကျော်ဒွန်း၊ ဘဏ္ဍာရေးမှူး နေရာ ဦးတင် (မြန်မာ့အလင်း) တို့က လက်ရှိဖြစ်သည်။

ဖဆပလ ဦးစီး အဖွဲ့အစည်း ခေါ်ယူ ကျင်းပပြီး အဖွဲ့ချုပ်ကြီးကို သန့်ရှင်းတို့လက်ထဲ အပြီး လွှဲအပ် ပေးလိုက်မည်လော၊ တည်မြဲ တို့လက် အပြီးအပ်မည်လော ဟူသော ပြဿနာ ပေါ်လာသည်။ ဦးနုကမူ ဖဆပလကြီးကို တည်မြဲတို့လက် ပေးလိုက်ရန် မိမိလူ (သန့်ရှင်း) များကို မိမိတိုက်တွန်း ပေးပါမည်ဟု လောကွတ်စကား ပြောသေး၏။ သန့်ရှင်းဘက်မှ သခင်တင်၊ သခင် ကျော်ဒွန်း တို့ကမူ အဖွဲ့ချုပ်ကို တည်မြဲလက် ထိုးမအပ် နိုင်ပေ။ ဦးနုသည် နောက်အမည်သစ်ဖြင့် ဖွဲ့မည့် ပြည်ထောင်စု အဖွဲ့ချုပ် (ပထစ) ကို ရည်ရွယ်ပြီး ဖဆပလ အမည် စွန့်လွှတ်လိုပုံ ရသည်။ သခင်တင်၊ သခင်ကျော်ဒွန်း တို့ကမူ ဖဆပလ အဖွဲ့ချုပ် ဟူသည် ဗိုလ်ချုပ်အောင်ဆန်း အရှိန်ဖြင့် လူကြိုက်များကာ ထောက်ခံမဲ အများဆုံး ရရှိခဲ့သည့် လူသိများ ထင်ရှား ကျော်ကြားသော အဖွဲ့ကြီး ဖြစ်၍ လက်မလွှတ် လိုကြပေ။

ဖဆပလကြီး နုတင် (သန့်ရှင်း)၊ ဆွေငြိမ်း (တည်မြဲ) နှစ်ခြမ်းကွဲ ကြပြီးနောက် သန့်ရှင်းတို့က ဖဆပလ အဖွဲ့ချုပ်သို့ နေ့စဉ် မှန်မှန်လာပြီး ရုံးတက်ကြသည်။ ဤသို့ဖြင့် တည်မြဲတို့ ရုံးနေရာမရှိ ဖြစ်လာရသည်။ တည်မြဲတို့က ဦးဗဆွေ ချုပ်ကိုင် ထားသော အလုပ်သမား အစည်းအရုံး (TUCB) ၏ ဌာနချုပ် ရုံးအောက်တွင် တည်မြဲ ဌာနချုပ် ရုံးစိုက်သည်။ ထိုမှတစ်ဖန် ကြည့်မြင်တိုင်လမ်းနှင့် ရှမ်းလမ်း အကြား အင်းနစ်လမ်းခေါ် ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း)ရှိ ဦးဗဆွေ၏ နေအိမ်သို့ ဌာနချုပ်ရုံး ပြောင်းရွှေ့သည်။ သတင်းထောက်များသည် ဗဟန်း ရေခဲဆိုင် မှတ်တိုင်အနီးရှိ မူလ ဖဆပလ ဌာနချုပ် (ယခု ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ ပန်းချီပန်းပုကျောင်း)မှ သန့်ရှင်း ဌာနချုပ် ပြေးလိုက်၊ ကြည့်မြင်တိုင် ဟုမ်းလမ်းရှိ ဦးဗဆွေ အိမ်မှ တည်မြဲ ဌာနချုပ် ပြေးလိုက်နှင့် သတင်း ယူကြရလေသည်။

ဦးနုသည် ဒေးကာနက်ဂျီ၏ စာအုပ်ကို လူပေါ်လူဇော် လုပ်နည်း အမည်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီး ယင်းစာအုပ် ကိုပင် မိတ္တဗလဋီကာ ဟု အမည်ပြောင်းကာ ကျောင်းသုံး ပြဋ္ဌာန်းခဲ့သည်။ လူပေါ်လူဇော် လုပ်နည်းတွင် ကျွမ်းကျင်လေသည်။ ဖဆပလ မကွဲအောင် မိမိလူ (သခင်တင်၊ သခင်ကျော်ဒွန်း စသူ) များ မကျေမနပ် ဖြစ်ရသည် အထိ ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့အား အသာစီး ပေးပြခဲ့သည်။ နှစ်ခြမ်းကွဲ ကြပြီးသည့် နောက်မှာပင် ဖဆပလ အဖွဲ့ချုပ်ကြီးကို ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ တည်မြဲလက် ပေးအပ်ရန် မိမိလူများကို တိုက်တွန်း ကြည့်ပါမည်ဟု လောကွတ်စကား ဆိုခဲ့သည်။ ၁၉၅၈ ခုနှစ်၊ မေလ ၁ ရက် မေဒေး (အလုပ်သမားနေ့) အခမ်းအနားကို ဦးဗဆွေတို့ သြဇာခံ TUCB မှ ကြီးမှူး ကျင်းပရာသို့ ဦးနုသည် အာဃာတ မရှိလေဟန် ပြုံးပြုံးရွှင်ရွှင်နှင့် တက်ရောက် ပြခဲ့လေသည်။

(၆၈) ကြိမ်မြောက် ကမ္ဘာ့ အလုပ်သမားနေ့ (မေဒေး)ကို ရန်ကုန်မြို့ ပြည်လမ်း ဗိုလ်ရှုခံ မဏ္ဍပ် (လွတ်လပ်ရေးနေ့ ချီတက်ပွဲ များတွင် နိုင်ငံတော် သမ္မတက ထိုအဆောက်အအုံ စင်မြင့်ပေါ်မှ ရပ်ပြီး အလေးပြုခံ သဖြင့် ဗိုလ်ရှုခံ မဏ္ဍပ်ဟု တွင်သည်။ နောက်ပိုင်း၌ ထိုအဆောက်အုံကို ဖျက်ကာ ပြည်သူ့လွှတ်တော် အဆောက်အအုံသစ်ကို ဆောက်လုပ်ခဲ့သည်)တွင် ကျင်းပသည်။ သာမန်အားဖြင့် TUCB အလုပ်သမား အစည်းအရုံး၏ပွဲ၊ ဦးဗဆွေ၏ ပွဲဖြစ်သည်။ ဦးနုက သဘောထား ကြီးပြပြီး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဤပွဲတွင် ဦးနုကို အလယ်မှ ထားပြီး ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့က ဦးနု၏ လက်ယာဘက်နှင့် လက်ဝဲဘက် တို့တွင် ထိုင်ကြသည်။

မေဒေးနေ့သို့ အလုပ်သမား စစ်ကြောင်းများ ချီတက် လာကြရာတွင် စစ်ကြောင်းတိုင်းက “ဥက္ကဋ္ဌကြီး ဦးဗဆွေ ကျန်းမာပါစေ” ဟု ကြွေးကြော် အလေးပြုကြသည်။ “ဦးနု ကျန်းမာပါစေ” ဟူသော ကြွေးကြော်သံကို ရုံးအလိုက် အဖွဲ့နှစ်ခုကသာ ကြွေးကြော် သွားသည်။ သစ်တောရေးရာ ဌာနဝန်ထမ်းများ စစ်ကြောင်းကမူ “ခေါင်းဆောင်ကြီးများ ညီညွတ်ကြ၊ ညီညွတ်ကြ” ဟု တောက်လျှောက် ကြွေးကြော် သွားကြသည်။ ဦးနုသည် အခမ်းအနားအပြီး ဦးဗဆွေနှင့် ဦးကျော်ငြိမ်း တို့ကို ပြုံးရွှင်စွာ လက်ဆွဲ နှုတ်ဆက်ပြီး ထပြန်သည်။

တစ်ဦးနှင့် တစ်ဦး မျက်နှာ မကြည့်ချင်လောက်အောင် မုန်းကြ၊ အာဃာတ ကြီးမား ကြစေကာမူ ထိုခေတ် နိုင်ငံရေးသမား တို့သည် တစ်ဦးနှင့် တစ်ဦး ပြုံးပြုံးရွှင်ရွှင် ဆက်ဆံ နိုင်ကြသည်။ ခင်မင် ရင်းနှီးစွာ လက်ဆွဲ နှုတ်ဆက် နိုင်ကြသည်။ ထို ဖဆပလခေတ် ပါလီမန် လွှတ်တော် အစည်းအဝေးများတွင် အာဏာရ နိုင်ငံရေးသမား များနှင့် အတိုက်အခံ နိုင်ငံရေးသမား တို့သည် သူဖြူလျှင် ကိုယ်က မည်း(မဲ)မည် ဆိုသော သဘောဖြင့် တစ်ဖက်နှင့် တစ်ဖက် ဆန့်ကျင် ကန့်ကွက် ပြောဆို ကြသည်။ ခပ်ကြမ်းကြမ်း ရှိကြ ထိုးနှက်ဝေဖန် ကြသည်။ လွှတ်တော် ပြင်ပ၌လည်း တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးစွာ တစ်ဦးခါး တစ်ဦးက ဖက်ပြီး အတူလျှောက်သွား နိုင်ကြသည်။

ဘုတလင် အမတ် ဦးသိန်းဖေမြင့် (ပမညတ)သည် ဖဆပလ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနှင့် တက္ကသိုလ်၌ ကျောင်းနေဖက်၊ ကျောင်းသား အရေး နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အရင်းအချာများ ဖြစ်သည်။ ဦးသိန်းဖေမြင့်က သူ့ သူငယ်ချင်း အကြောင်း “ကျော်ငြိမ်း” အမည်ဖြင့် စာတစ်အုပ် ပင် ရေးသား ထုတ်ဝေ ခဲ့ဖူးသည်။

ထိုစဉ်က ပါလီမန် သတင်းထောက်တို့ မမေ့နိုင် ကြသော မြင်ကွင်း တစ်ခုကား လွှတ်တော် အစည်းအဝေး ထဲတွင် ဖဆပလ ဝန်ကြီး ဦးကျော်ငြိမ်း (လက်ယာဝါဒီ) နှင့် အတိုက်အခံ ပမညတ အမတ် ဦးသိန်းဖေမြင့် (လက်ဝဲဝါဒီ)တို့ အချေအတင်၊ အကြောက်အကန် ဆွေးနွေးကြသည်။ ဒေါသသံများ ပါလာသည် အထိ အတိုက်အခံ ပြောကြသည်။

နေ့ခင်း ပါလီမန် အစည်းအဝေး ရပ်နားပြီး ထမင်းစားချိန်၌ ဦးသိန်းဖေမြင့် နှင့် ပမညတ အမတ် လေးငါးယောက် ပါလီမန် အဆောက်အအုံ အပြင်ဘက် စင်္ကြန်တွင် ရပ်၍ စကားစမြည် ပြောနေကြသည်။ ထိုအချိန်တွင် ဝန်ကြီး ဦးကျော်ငြိမ်းနှင့် ဖဆပလ ဝန်ကြီးများ ပါလီမန်တွင်းမှ ထွက်လာကာ ထမင်းစားဆောင် (Canteen)ဘက် သွားနေကြသည်။ ထိုစဉ်က အမတ် များသည် ထမင်းစားဆောင်တွင် ကိုယ့် ပိုက်ဆံနှင့်ကိုယ် ဝယ်စားရသည်။

ဦးသိန်းဖေမြင့်က ဦးကျော်ငြိမ်းကို မြင်သည်နှင့် -

“ဟေ့ - သူငယ်ချင်း ကျော်ငြိမ်း”

ဦးကျော်ငြိမ်းက မျက်နှာထား တင်းတင်းဖြင့် လှည့်ကြည့်ကာ “ဘာလဲကွ”ဟု ခပ်မာမာ ပြန်မေးသည်။

ဦးသိန်းဖေမြင့်က “မင်းက ဝန်ကြီးကွ၊ လခ ကောင်းကောင်းရတယ်။ တို့က နိုင်ငံရေးသမား၊ မွဲတယ်။ ဒီတော့ မင်း ငါတို့ကို အခု ထမင်း ကျွေးရမယ်” ဟု ပြောသည်။

ဦးကျော်ငြိမ်းက “ ဘာလို့ ကျွေးရမှာလဲ၊ မင်း ခုနက လွှတ်တော်ထဲမှာ ငါ့ကို ပက်ပက်စက်စက် ချခဲ့တာပဲ” ဟု စကားနာ ထိုးသည်။

ဦးသိန်းဖေမြင့်က ခပ်ပြုံးပြုံး မျက်နှာပေးဖြင့် “ဟ . . . ဟိုဟာက လွှတ်တော် အစည်းအဝေး လေကွာ။ မင်းက ဝန်ကြီး၊ ငါက အတိုက်အခံ၊ နိုင်ငံရေး မူအရ တို့ဘက်က ပြောစရာ ရှိတာ ပြောမှာပေါ့ကွ။ အခုဟာက လွှတ်တော် အပြင်ဘက်မှာ လေကွာ။ ဒါက သူငယ်ချင်းချင်း ပြောတာ၊ ကျွေးတာကွ” ဟု ပြောလိုက်မှ ဦးကျော်ငြိမ်းက ပြုံးပြုံးရယ်ရယ်နှင့် သိန်းဖေမြင့်တို့ ပမညတ အမတ် တစ်စုကို ထမင်းစားဆောင် (Canteen) ခေါ်သွားပြီး နေ့ခင်းစာ ကျွေးရင်း တဝါးဝါး တဟားဟား ရယ်မောပွဲကျ နေကြလေသည်။

လက်နက်ကိုင် ပြည်တွင်း စစ်ခင်းကြသော တောတွင်း နိုင်ငံရေး သမားများကမူ တစ်ဦးနှင့်တစ်ဦး တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ဆက်ဆံ လာကြသည်။ ယနေ့ ခေတ်၌ကား ပို၍ ဆိုးလေသည်။ ရန်လိုခြင်း၊ အငြိုးအတေးကြီးခြင်း၊ မူချင်း မတူလျှင် လူချင်း မခေါ်ဘူး ဟူသော ပုံစံများကို တွေ့နေရသည်။ နိုင်ငံရေး (အများအကျိုး ပရဟိတ) နှင့် ကိုယ်ရေးကိုယ်တာ (အတ္တဟိတ) တို့ မခွဲခြား နိုင်တော့သည် အထိ ဖြစ်နေကြ ပေသည်။

တက္ကသိုလ်မြတ်သူ

Posted by ပိတောက်မြေ