Tuesday, March 16, 2010

၂ဝ၁ဝ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်နိုင်ပါ့မလား

Monday, 15 March 2010 04:16 ကေလတ်

ဗြိတိသျှက မြန်မာပြည်အတွက် ‘ဒိုင်အာခီ’ ဆိုတဲ့ အုပ်ချုပ်ရေး စနစ်တမျိုး ၁၉၂၂ ခုနှစ်မှာ စတင် အကောင် အထည် ဖော်ခဲ့ချိန်ကစပြီး ရေတွက်မယ်ဆိုရင် ရှေ့နှစ်မှာ လုပ်ဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ရဲ့ (၁၅) ခုမြောက် ရွေးကောက်ပွဲ ဖြစ်လာမှာပါ။ အဲ့ဒီတော့ လာမယ့် ရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဆန္ဒတွေကို တကယ် ထင်ဟပ်ခဲ့ပါသလား ဆိုတာ မေးစရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အမျိုးမျိုးသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေ ရှိခဲ့ပါတယ်။ ပထမဆုံး ဖွဲ့စည်းပုံက ၁၉၃၇ ခုနှစ်၊ ဧပြီလမှာ စတင် အသက်ဝင်ခဲ့ပြီး နောက်ဆုံး ဖွဲ့စည်းပုံကတော့ လက်ရှိစစ်အစိုးရရဲ့ အဆိုအရ ၂ဝဝ၈ ခုနှစ်၊ မေလဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင် အများစုရဲ့ တခဲနက် ဆန္ဒမဲနဲ့ အတည်ပြုခဲ့တယ် ဆိုတဲ့ ဖွဲ့စည်းပုံပဲ ဖြစ်ပါတယ်။ အဲ့ဒီ အမျိုးမျိုးသော ရွေးကောက်ပွဲတွေနဲ့ အခြေခံ ဥပဒေတွေဟာ အထွေထွေသော လူမှုစီးပွားနောက်ခံသမိုင်းတွေနဲ့ နိုင်ငံရေးလားရာတွေကို ရောင်ပြန်ဟပ် ဖော်ညွှန်းနေကြပါတယ်။

ဗြိတိသျှအစိုးရလက်အောက် ပထမဆုံး ဖွဲ့စည်းပုံဥပဒေဟာ ဗမာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီး ၁၉၃၅ ခုနှစ် မြန်မာပြည် အက်ဥပဒေအနေနဲ့ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဥပဒေမတိုင်ခင်က ‘ဒိုင်အာခီ’ အုပ်ချုပ်ရေးစနစ် အောက်မှာ ဥပဒေပြု ကောင်စီ ရွေးကောက်ပွဲတွေကို ဗမာပြည်မမှာ ကျင်းပခဲ့တာရှိပါတယ်။ ဗမာ့မျိုးချစ် နိုင်ငံရေးသမားတွေက အဲ့ဒီရွေးကောက်ပွဲတွေမှာ ဗမာလူမျိုးတွေ မဲပေးခွင့်ရတာ အရမ်း နည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သပိတ်မှောက်ခဲ့ကြပါတယ်။

ကိုလိုနီအုပ်ချုပ်ရေးရဲ့ စံနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်အရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေဟာ အတော်လေး ကိုယ်စားပြုမှုရှိတာ တွေ့ရပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ဥပဒေပြုလွှတ်တော်ကို တာဝန်ခံရတဲ့ ဝန်ကြီးအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ အထွေထွေအုပ်ချုပ်ရေးတရပ် ထွက်ပေါ်လာပါတယ်။

ဥပဒေပြုလွှတ်တော်မှာ အထက်လွှတ်တော်နဲ့၊ ပြည်သူ့လွှတ်တော် နှစ်ရပ် ပါရှိပါတယ်။ အထက် လွှတ်တော်ရဲ့ ကိုယ်စားလှယ်ထက်ဝက်ကို ပြည်သူ့လွှတ်တော်က တဝက်၊ အစိုးရက ခန့်ထားတဲ့ ကိုယ်စားလှယ်တွေက တဝက်နဲ့ အချိုးကျ ဖွဲ့စည်းပါတယ်။ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၃၂ ဦးရှိတဲ့အနက် ၉၂ ဦးကို ဒေသဆိုင်ရာ မဲဆန္ဒနယ်တွေက ရွေးကောက်တင်မြှောက်ပြီး ကျန်တဲ့ ကိုယ်စားလှယ် နေရာတွေကို လူမျိုးရေးနဲ့ တခြားအခွင့်ထူးခံတွေအတွက် ဖယ်ထားပါတယ်။

အဲ့ဒီ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲတွေကို ၁၉၃၆ ခုနှစ်မှာ ကျင်းပပြီး နိုင်ငံရေး အဖွဲ့အစည်း အတော်များများ ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။ ဝင်ပြိုင်ကြတဲ့အထဲမှာ မျိုးချစ်နိုင်ငံရေးအဖွဲ့တခု ဖြစ်တဲ့ ‘ဒို့ဗမာအစည်းအရုံး’ ကလည်း ‘ကိုယ့်မင်းကိုယ့်ချင်း’ ပါတီ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ ဒေါက်တာဘမော်က အဲ့ဒီ အခြေခံဥပဒေအရ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ကိုလိုနီခေတ်မှာ အတော်လေး ဒီမိုကရေစီ ပြည့်ဝတဲ့ စနစ်တခု ဖြစ်ခဲ့ပေမယ့် ဗမာမျိုးချစ်များကတော့ ဗြိတိသျှ အုပ်ချုပ်ရေး ယန္တယားကို သက်ဆိုးရှည်စေတဲ့ စနစ်ဖြစ်တယ် ဆိုပြီး ပယ်ချခဲ့ကြပါတယ်။ အဲ့ဒီ စနစ်က အဓိက ပြည်မ ဒေသ အတွက်ပဲ သက်ရောက်ခဲ့ပြီး တိုင်းရင်းသား အများစု နေထိုင်ကြတဲ့ တောင်တန်းဒေသတွေကို ချန်လှပ်ထားပါတယ်။

တနိုင်ငံလုံး အကျုံးဝင် လွှမ်းခြုံတဲ့ ရွေးကောက်ပွဲတရပ်ကိုတော့ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ၁၉၄၇ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ) က အပြတ်အသတ် နိုင်ခဲ့ပါတယ်။ မဲဆန္ဒနယ် ၂ဝ၂ ခုအနက် ၁၉၆ ခုမှာ အနိုင်ရရှိခဲ့တာပါ။

တိုင်းပြုပြည်ပြုလွှတ်တော်က မြန်မာပြည် လုံးဝ လွတ်လပ်ရေးရဖို့ အာမခံတဲ့ အခြေခံဥပဒေတရပ်ကို ရေးဆွဲ ပြဌာန်းခဲ့ပါတယ်။

လေ့လာဝေဖန်သူတွေကတော့ အခြေခံဥပဒေဟာ တနှစ်အတွင်းမှာ ပြီးအောင် အမြန်ရေးဆွဲခဲ့ရတဲ့အတွက် အားနည်းချက်တွေ ပါခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း အခြေခံ ဥပဒေဟာ ပင်လုံညီလာခံတုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဘောတူထားခဲ့သလို ဖက်ဒရယ် ပြည်ထောင်စု ပုံစံမျိုး မဟုတ်ဘဲ တပြည်ထောင်စနစ် ပုံစံမျိုး ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ ၁၉၄၇ အခြေခံ ဥပဒေရဲ့ အဓိက အကြံပေးပုဂ္ဂိုလ် ရှေ့နေချုပ်နဲ့ ဗဟိုတရားရုံးချုပ် တရားသူကြီးဟောင်းတဦး ဖြစ်တဲ့ ဦးချန်ထွန်း က “ဒီအခြေခံ ဥပဒေဟာ ပုံသဏ္ဌာန်အားဖြင့် ပြည်ထောင်စု ဖြစ်ပေမယ့် လက်တွေ့မှာတော့ တပြည်ထောင်စနစ် ဖြစ်နေပါတယ်” လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။

ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေတဲ့ ၁၉၅ဝ ပြည့်လွန်နှစ်များမှာ ရွေးကောက်ပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ နှစ်ကြိမ်စလုံးမှာ ဖဆပလ အဖွဲ့ချုပ်က အနိုင်ရပါတယ်။ ၁၉၅၁ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂၅ဝ အနက် ၁၄၇ နေရာ အနိုင်ရပြီး၊ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂၂၁ နေရာအနက် ၁၇၃ နေရာ အနိုင်ရခဲ့ပါတယ်။

၁၉၆ဝ ပြည့်နှစ် ဗိုလ်ချုပ်နေဝင်း ရဲ့ အိမ်စောင့်အစိုးရလက်ထက် ရွေးကောက်ပွဲမှာ ဖဆပလ တခြမ်းပဲ့ ဖြစ်တဲ့ ဦးနုရဲ့ ပြည်ထောင်စု (ပထစ) ပါတီက အနိုင်ရပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ၅၄ ရာခိုင်နှုန်း မဲပေးခဲ့ကြတဲ့အတွက် မြန်မာပြည်ရဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲတခုအဖြစ် ယူဆကြပါတယ်။

၁၉၄၈ ကနေ ၁၉၅၈ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနု ကပဲ ဝန်ကြီးချုပ်ဆက်ဖြစ်ပါတယ်။ သူက ၁၉၄၇ အခြေခံဥပဒေကို ပြန်ပြင်ပါ့မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ကတိပေးထားခဲ့ပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးဟာ ဗိုလ်ချုပ်နေဝင်းရဲ့ အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားပါတယ်။

ဗိုလ်နေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့ပါတယ်။ အခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲပြီး လွှတ်တော်မရှိတဲ့အတွက် ၁၉၇၄ ခုနှစ်မှာ ပြည်သူ့ ဆန္ဒခံယူပွဲကနေ အတည်ပြုခဲ့ပါတယ်။

အရင်ဗြိတိသျှလက်ထက်က အခြေခံဥပဒေမှာ ဗမာပြည်မအဖြစ် သတ်မှတ်ခဲ့တဲ့ နယ်တွေဟာ အခြေခံဥပဒေသစ် အရ တိုင်း ၇ ခု ဖြစ်လာပြီး အဓိက လူမျိုးစုကြီး ၇ ခု ရှိတဲ့ ဒေသတွေက ပြည်နယ် ၇ ခု ဖြစ်လာပါတယ်။ အခြေခံဥပဒေသစ်အရ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွေ ရှိပါတယ်။ ၁၉၈၈ ခုနှစ်မှာ အခြေခံဥပဒေ ရပ်ဆိုင်းမသွားခင်အထိ ပြည်သူလူထုဟာ လေးကြိမ်မဲပေးခဲ့ကြရပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲတွေဟာ ရွေးကောက်ပွဲလို့တောင် မခေါ်နိုင်ဘဲ တခုတည်းသော ပါတီဖြစ်တဲ့ မဆလပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အတည်ပြုပေးရုံသက်သက် ရွေးချယ်ပွဲတွေသာ ဖြစ်ခဲ့ပါတယ်။

တချို့နိုင်ငံရေးသမားတွေဟာ စစ်မှန်တဲ့ ဆိုရှယ်လစ်နိုင်ငံတော် ထူထောင်မယ်ဆိုတဲ့ ဦးနေဝင်းရဲ့ ကတိကို ယုံကြည်ပြီး အာဏာသိမ်းတာကို ထောက်ခံခဲ့ကြတာပါ။ အဲ့ဒီအချိန်မှာ ပြည်သူလူထုက နိုင်ငံရေးသမားတွေရဲ့ အာဏာလွန်ဆွဲပွဲတွေ၊ ဖောက်ပြန်မှုတွေအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်လည်း ဖြစ်ပါတယ်။

အချိန်အတော်ကြာတော့မှ ဦးနေဝင်းရဲ့ မဆလပါတီဟာ တပါတီအာဏာရှင်စနစ် နဲ့ အတုအယောင် ပြည်ထောင်စုကိုသာ ဖော်ထုတ်ပေးပြီး ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေအတွက် ဘာကိုယ်စားပြုမှုမှ မရှိဘူးဆိုတာ သူတို့ သဘော ပေါက်လာကြပါတယ်။

၁၉၉ဝ မှာလည်း ရွေးကောက်ပွဲကြီးတခု လုပ်ခဲ့ပါတယ်။ ဒါဟာ နောက်ဆုံး ရွေးကောက်ပွဲ ဖြစ်ပြီး ၁၉၈၈ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ ကတိကဝတ်အရ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကို မနှစ်သက်ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်ကိုသာ လိုလားကြောင်း ပြသတဲ့အနေနဲ့ မဲပေးခွင့်ရသူ သန်း ၂ဝ ကျော် အနက် ၆ဝ ရာခိုင်နှုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးခဲ့ကြပါတယ်။ အဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၈၅ ခု အနက် ၃၉၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်ကိုတော့ စစ်အစိုးရက မျက်ကွယ်ပြုထားပါတယ်။

အခြေခံဥပေဒသစ်တရပ် ရေးဆွဲဖို့ အမျိုးသားညီလာခံတရပ်ကို စစ်အစိုးရက စီစဉ်ပြုလုပ်ပြီး ထွက်ပေါ်လာတဲ့ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ်မှာ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီအခြေခံဥပဒေအရဆိုရင် မြန်မာပြည်ဟာ တိုင်းဒေသကြီး ၇ ခု နဲ့ ပြည်နယ် ၇ ခု ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်ပါတယ်။ ဒါပေမယ့် အနှစ်သာရအားဖြင့် ဒီမိုကရေစီနိုင်ငံ မဟုတ်သလို ပြည်ထောင်စုလည်း မဟုတ်ပါဘူး။ စစ်တပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ကသာ နိုင်ငံတော် အာဏာကို နည်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားတဲ့ စနစ် တရပ်သာ ဖြစ်ပါတယ်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲမှာ အတည်ပြုခဲ့ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းမှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ ဆန္ဒခံယူပွဲ ဖြစ်ပါတယ်။ ဒီဆန္ဒခံယူပွဲဟာ မျက်နှာပြောင်တိုက် လိမ်ညာမှုဖြစ်ပေမယ့် စစ်အစိုးရက သူတို့ရဲ့ အခြေခံဥပဒေဟာ မဲပေးသူပေါင်း ၉ဝ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှု ရခဲ့တယ်လို့ ကြေညာပါတယ်။ တကယ်တမ်းကျတော့ ဒီအခြေခံဥပဒေကို နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေသာမက အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေကလည်း မထောက်ခံကြပါဘူး။

မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေနဲ့ အခြေခံဥပဒေတွေ အားလုံးဟာ ပြည်သူ လူထုရဲ့ မျှော်မှန်းချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပါဝင် ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေတောင်မှ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကျေနပ်မှုကို အပြည့်အဝ မရရှိခဲ့ပါဘူး။

နောက်ပိုင်း အခြေခံဥပဒေတွေနဲ့ ရွေးကောက်ပွဲတွေလည်း ဒီလိုပဲ ဖြစ်ပါတယ်။ အဲ့ဒီခေတ်က နိုင်ငံရေး ခေါင်းဆောင်တွေဟာ အခြေခံဥပဒေရဲ့ အားနည်းချက်တွေကို အချိန်မီ ဖယ်ရှားပြုပြင်ဖို့ ပျက်ကွက်ခဲ့ပြီး အာဏာနိုင်ငံရေးမှာ နစ်မြှုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၇ဝ နဲ့ ၁၉၈ဝ နှစ်များမှာတော့ စစ်တပ်က နိုင်ငံရေးသမားတွေကို အနိုင်ကျင့်ပြီး ‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ အရောင်ပြကာ အာဏာသိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့် ‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ ဟာလည်း တိုင်းရင်းသား လူမျိုးစုများ အပါအဝင် ပြည်သူ လူထုရဲ့ မျှော်မှန်းချက်တွေကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။

၁၉၇၄ အခြေခံဥပဒေနဲ့ အဲ့ဒီနောက်ပိုင်းရွေးကောက်ပွဲတွေဟာ ပြည်သူလူထုကို လုံးဝ ကိုယ်စားမပြုခဲ့ပါဘူး။ ၁၉၉ဝ ရွေးကောက်ပွဲဟာ အတော်အသင့် လွတ်လပ်ပြီး တရားမျှတပေမယ့် ထွက်ပေါ်လာတဲ့ ရလဒ်ကို စစ်အစိုးရက အကြောင်းပြချက် ခိုင်ခိုင်မာမာ မပေးဘဲ လျစ်လျူရှုခဲ့ပါတယ်။

စစ်စိုးမိုးမှုအောက်က အခု ၂ဝဝ၈ အခြေခံဥပဒေဟာ ဘယ်လောက် ကြာကြာ ခံမလဲ၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွေ ကလည်း ကိုယ်စားပြုမှု ဘယ်လောက် ရှိမလဲ ဆိုတာတွေရယ်ကိုတော့ စောင့်ကြည့် လေ့လာရပါဦးမယ်။ ဒါပေမယ့် ဗမာပြည်ရဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းကြောင်းအရတော့ ပြည်သူ လူထုနဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ ထောက်ခံမှုမရှိရင် ဘယ်အခြေခံဥပဒေမှ ကြာကြာမခံဘူး ဆိုတာကို တွေ့နိုင်ပါတယ်။ ။

http://www.irrawaddy.org/bur/election/index.php?option=com_content&view=article&id=219:2010-03-15-04-20-45&catid=87:analysis&Itemid=300

ခေတ်မီရေးအတွေးအမြင်

Thursday, October 30, 2008

(မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူများကြားမှာ အယူအဆအမျိုးမျိုးကွဲပြားနေပေမယ့် အမိမြန်မာနိုင်ငံကို ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေချင်တဲ့ ဆန္ဒကတော့ အတူတူပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံခေတ်မီရေးနဲ့ ပတ်သက်ပြီး ဆရာမောင်ဝံသ ထုတ်ဝေတဲ့ ၂၀၀၈ ခုနှစ်အောက်တိုဘာလထုတ် အတွေးအမြင်စာစောင်ရဲ့ အာဘော်ကို မျှဝေပေးလိုက်ပါတယ်။)

အတွေးအမြင် စာစောင်သည် `တင်ထုတ်´ စာစောင်အဖြစ် စာစဉ်အမှတ် (၁၈၀) အထိ ထုတ်ဝေခဲ့ရာမှ ဧပြီ ၂၀၀၇ ထုတ် စာစဉ်အမှတ် (၁၈၁)က စ၍ လစဉ်ထုတ် ပုံမှန်မဂ္ဂဇင်း ဖြစ်လာခဲ့သည်။ အောက်တိုဘာ ၁၉၈၄ ကစတင် ထုတ်ဝေခဲ့သော အတွေးအမြင်၏ သက်တမ်းသည် ယခုလတွင် ၂၄နှစ်ပြည့်လေပြီ။

သက်တမ်းအထိုက်အလျောက် ရလာသည်နှင့်အမျှ အတွေးအမြင် စာဖတ်ပရိတ်သတ်ကိုလည်း ကျွန်ုပ်တို့ ခိုင်မာစွာ စုစည်းနိုင်ခဲ့ပေသည်။ ဤသက်တမ်းအတွင်း အတွေးအမြင်နှင့် စာဖတ်ပရိသတ်သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆက်ဆံရေးမျိုးဖြင့် အပြန်အလှန် အထောက် အကူ ပြုခဲ့ပေသည်။ တွေးစရာပါသော စာပေအမျိုးအစားကိုမှ ဖတ်ရှုလိုသော လေးနက် စာဖတ်ပရိသတ်အတွက် အတွေးအမြင်က တာဝန်ကျေနိုင်သမျှ ကျေအောင်ဖြည့်ဆည်းပေးသကဲ့သို့ အတွေးအမြင်စာစောင် လှိုင်းတံပိုးတွေကြားမှာ ဆက်လက်အသက်ရှည်အောင် စာဖတ်ပရိတ်သတ်များက ပုံမှန်အားပေး၍ ထူမတ်ပေးခဲ့ပေသည်။ စာဖတ်ပရိသတ်၏ ကြီးမားလှသော ကျေးဇူတရားကို အတွေးအမြင်က မည်သည့်အခါမှ မမေ့ဘဲ တစ်လထက်တစ်လပို၍ ကောင်းသထက်ကောင်းအောင် ကြိုးစားဖြည့်ဆည်းသွားပါမည်ဟု ကတိပြုပါသည်။

ယခုလအဖို့မူ ၂၄နှစ်ပြည့်မြောက် အတွေးအမြင်၏ အထူးဆောင်းပါးအဖြစ် ဖော်ပြထားသော ``သုခမိန် စကား´´ဆောင်းပါးပါ အရေးကြီးသော အချက်အချို့ကို မီးမောင်းထိုးပြလိုပေသည်။ မူလစာရေးသူ စင်ကာပူပညာရှင်က တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်ကို ယှဉ်၍ သုံးသပ်ပြပုံမှာ မှတ်သားဖွယ်ပင်။ သုံးသပ်ချက်မှာ ဤသို့ဖြစ်သည်။

၁၉၅၀ ပြည့်လွန်တွင် ဖိလစ်ပိုင်သည် ကမ္ဘာတစ်လွှားတွင် စီးပွားရေး အလားအလာ အကောင်းဆုံးနိုင်ငံဖြစ်၏ ဖိလစ်ပိုင်တွင် ပညာတတ် အထက်တန်းလွှာရှိသည်။ အမေရိကန်၏ အားပေးထောက်ခံမှုလည်း ရနေသည်။ တောင်ကိုရီးယားသည် ဖိလစ်ပိုင်နှင့် ဆန့်ကျင်ဖက် ဖြစ်၏။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲဒဏ်ကို အလူးအလှိမ့်ခံခဲ့ရပြီး စီးပွားရေး ချွတ်ခြုံကျ နေသည်။ ထို့ကြောင့် ၁၉၆၀ ပြည့်နှစ်တွင် ဖိလစ်ပိုင်၏ GDP သည် အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံရှိပြီး တောင်ကိုရီးယား၏ GDP မှာ ၁.၅ ဘီလီယံသာရှိ၏။ ၂၀၀၇ ခုနှစ်တွင်မူ ဖိလစ်ပိုင်၏ GDP က ၁၄၄.၁ ဘီလီယံဖြစ်ပြီး တောင်ကိုရီးယား၏ GDP သည် ၉၆၉.၈ ဘီလီယံ ဖြစ်လာသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ``နိုင်ငံရေးပါး မ၀သောစကား´´ကို သုံးနှုန်းပြီး အဖြေပေးရပါမည်။ ဖိလစ်ပိုင် လူ့အဖွဲ့အစည်းက ပဒေသရာဇ်ခေတ် အတွေးအမြင်များကို မဖျောက်ဖျက်ဘဲဆက်ပြီး ကျင့်သုံးသောကြောင့် ဖြစ်ပါသည်။ ပဒေသရာဇ်အကျင့်က လက်တင်အမေရိကန် နိုင်ငံများကိုလည်း ဒုက္ခပေးလျက်ရှိသည်။ တောင်ကိုရီးယားက ဖိလစ်ပိုင်နှင့်မတူပါ။ ပဒေသရာဇ်အတွေးအမြင် အတော်များများကို ပယ်ဖျက်နိုင်ခဲ့ပါသည်။

ပဒေသရာဇ်ခေတ်အတွေးအမြင်ဟူသည် အလွန်ကျယ်ပြန့်သည်။ လိုရင်းဆိုရလျှင်တော့ အမြင်ကျဉ်းသည်။ ခေတ် နောက်ပြန်ဆွဲသည်။ ခေတ်မီရေးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ယနေ့ခေတ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံ ခေတ်မီရေးသည် အောက်ကျ နောက်ကျဖြစ်နေသော နိုင်ငံတိုင်းအတွက် အရေးအကြီးဆုံးဖြစ်သည်။

ခေတ်မီရေးဟူသည် ယေဘူယျအားဖြင့် ပထမကမ္ဘာ၏ လူနေမှုအဆင့်ကို မမီသေးသော ပထမကမ္ဘာပြင်ပနိုင်ငံများက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ယင်းတို့၏ လက်ရှိအနေအထားထက် တိုးတက်ဖွံ့ဖြိုးလာစေရန် ရည်သန်ခြင်းကို ခေတ်မီရေးကြိုးပမ်းသည်ဟု ခေါ်ဆိုသည်။ (ပထမကမ္ဘာဆိုသည်မှာ အနောက်ဥရောပ၊ မြောက်အမေရိကနှင့် ယခင် ဓနသဟာယ နိုင်ငံများကို ရည်ညွှန်းသည်။) ခေတ်မီရေး၏ သော့ချက်များအဖြစ် နိုင်ငံရေးတွင် လစ်ဘရယ်ဒီမိုကရေစီ၊ စီးပွားရေးတွင် တံခါးဖွင့် ဈေးကွက်စီးပွားရေးကို တောင်းဆိုကြသည်။ တရုတ်ပြည်သည် ခေတ်မီရေးလှုပ်ရှားမှုကို ၁၉၇၅ ခုနှစ်ကတည်းက အစပျိုးခဲ့သည်။ ထိုစဉ်က ``ကဏ္ဍလေးခု ခေတ်မီရေး´´ဟူသော ကြွေးကြော်သံကို တိန့်ရှောင်ဖိန်ဦးဆောင်၍ ထုတ်လွှင်ခဲ့ သည်။ ယင်းတို့မှာ (၁) လယ်ယာ၊ (၂) စက်မှု၊ (၃) ကာကွယ်ရေးနှင့် (၄) သိပံ္ပနှင့်နည်းပညာတို့ဖြစ်သည်။ ယင်းခေတ်မီရေး လှုပ်ရှားမှုကြောင့် ၁၉၇၈ ခုနှစ်တွင် တရုတ်ပြည်တံခါးဖွင့်မူဝါဒ ပေါ်ပေါက်လာပြီး နှစ် ၃၀အကြာတွင် ကမ္ဘာ့အဆင့်မီ နိုင်ငံ တစ်နိုင်ငံဖြစ်လာသည်။ ဂျပန်နိုင်ငံသည် မေဂျီဧကရာဇ် (၁၈၆၈-၁၉၁၂) လက်ထက်တွင် ဂျပန်နိုင်ငံကို ခေတ်မီရေးနှင့် အနောက်ပုံစံသွင်းရေး (modernization and westernization) လုပ်ဆောင်ခဲ့ရာ ခေတ်မီရုံမျှမက စစ်အင်အားရှင်နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့သည်။ တတိယကမ္ဘာနိုင်ငံများဟု ခေါ်ဆိုသော ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ခေတ်မီရေးနှင့် အနောက်ပုံစံ သွင်းရေးကို မကွဲမပြားကြသဖြင့် ခေတ်မီရေးလှုပ်ရှားမှုများကို ဟန့်တားမှုများရှိခဲ့ကြသည်။

ဖြစ်သင့်သည်မှာ အနောက်ပုံစံသွင်းခြင်းကို အမျိုးသားရေးသတိဖြင့် စောင့်ကြည့်ပြီး ခေတ်မီရေးကို ရဲရဲကြီးဆက်လုပ် ကြဖို့သာဖြစ်သည်။

Posted by ပိတောက်မြေ